← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း(148)

“ဘာဖြစ်သွားတာလဲ? တစ်ခုခုက ငါ့ကို လာဖို့ ခေါ်နေသလိုမျိုး ခံစားလိုက်ရတယ်!”

“ဟုတ်တယ်.. ပန်းက အရမ်းမွှေးပြီး လှတယ်လို့ အခုလေးတင် ခံစားလိုက်ရတယ်.. ငါတကယ့်ကြီးကို ပန်းကိုသွားထိဖို့ အနားကပ်သွားချင်မိခဲ့တာ”

သူတို့၏အသံများက ကြောက်လန့်မှုမှ လုံးလုံးလျားလျား ပြန်မကောင်းသေးသည့်နှယ် တုန်ရီနေကြလေသည်။

ဟုန်ရှင်းရှင်း၏ ခြေထောက်များက တုန်ရီနေဆဲဖြစ်ပြီး လည်ပင်းမှဒဏ်ရာကို စိတ်လှုပ်ရှားစွာ ထိလိုက်ရင်း သူမ၏အကြည့်များက ကျင်းယန်၏လက်မောင်းထဲမှ ယုန်လေးပေါ်သို့ ရောက်ရှိနေခဲ့၏။

ဤဒဏ်ရာအသေးလေးမှာ သူတို့၏ အသက်များနှင့်ယှဥ်လျှင် မပြောပလောက်ပေ။

ယင်ရိလျိုက ယုန်နှင့်တူသော သန္ဓေပြောင်းတစ်ယောက်ဖြစ်ကြောင်းကို သူမ အမြဲသိခဲ့ပြီး ကလေးမလေး၏ နားရွက်များကို အစကတည်းက မြင်နိုင်ခဲ့လေသည်။ သို့သော်ငြားလည်း ယင်ရိလျို၏ ယုန်အသွင်အစစ်ကို မြင်ရချိန်တွင်တော့ ဤသတ္တဝါက အလွန်သေးငယ်နေသည့်အတွက် သူမကို အံ့သြသွားစေခဲ့လေ၏။

ဤကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် လောကကြီးထဲတွင် တိရစ္ဆာန်များအားလုံးက အလွန်အရွယ်ကြီးမားလာကြ‌ပြီး သာမာန်အရွယ်အစားသာရှိသည့် ယုန်က အရွယ်အစား အလွန်သေးငယ်သကဲ့သို့ ထင်ရသည်။

သူမ၏အသင်းဖော်များက ကူညီထူမပေးလျက် မေးလာခဲ့လေ၏။

“မင်းအဆင်ပြေလား”

ဟုန်ရှင်းရှင်း ခေါင်းကိုခါရမ်းပြီး ပြန်ဖြေခဲ့သည်။

“ကျွန်မအဆင်ပြေပါတယ်.. နည်းနည်းလေး တုန်သွားရုံပဲ.. ဒီမှာ ဘာတွေဖြစ်နေတာလဲ? ကျွန်မတို့အားလုံး ဘာလို့…?”

သူမ စကားကိုအဆုံးမသတ်ခဲ့သော်ငြား တခြားသူများ နားလည်ကြလေ၏။ သူတို့အားလုံးမှာ ညှို့ငင်မှုအောက်တွင် ဖြားယောင်းခံလိုက်ရသည့်နှယ် ထိုထူးဆန်းသော အသားစားပန်းပွင့် ပွင့်ချပ်များဆီသို့ အကျိုးအကြောင်း ရှင်းမပြနိုင်လောက်အောင် ဆွဲခေါ်ခံလိုက်ရသည်။

တချို့အသင်းဖော်များက အသက်ရောက်မခံရဘဲ ကျန်နေခြင်းကြောင့်သာ မဟုတ်လျှင် တစ်သင်းလုံးက သန္ဓေပြောင်းပန်းပွင့်များထံတွင် အစားခြင်းခံရပေလိမ့်မည်။

ကျင်းယန် ပြောလာခဲ့သည်။

“ပန်းပွင့်တွေရဲ့ အနံ့ထဲမှာ အာရုံမှောက်မှားစေတဲ့ သက်ရောက်မှုရှိတယ်.၊ မဟုတ်ရင်လည်း လူတွေကို စိတ်လှုပ်ရှားစေပြီး သူတို့ကို အလိုမပါဘဲ ဆွဲယူပြီး သူတို့ရဲ့ထောက်ချောက်ထဲကို ကျရောက်စေလတာဖြစ်လိမ့်မယ်”

သူပြောလိုက်သည့်အချိန်ကို ရောက်မှသာ လေထဲတွင် လွင့်ပျံ့နေသော ပျို့အန်ချင်စဖွယ် ပန်းရနံ့ကို လူတိုင်းသတိထားမိပြီး လက်မောင်းကို မြှောက်၍ နှာခေါင်းနှင့် ပါးစပ်များကို ဖုံးလိုက်ကြသည်။

ကျင်းယန် ထပ်ပြောလိုက်၏။

“မင်းတို့ရဲ့နှာခေါင်းတွေကို အုပ်စရာမလိုတော့ဘူး.. ငါတို့ ဒါကို တစ်ခါ ချိုးဖောက်နိုင်ပြီးတာနဲ့ ထပ်ပြီး မသက်ရောက်လောက်ဘူး”

ကျန်းယွီချန် အနည်းငယ် ကိုးယိုးကားယားနိုင်စွာ ပြုံး၍ လက်မောင်းကို ချလိုက်ပြီး ကျင်းယန်ကို တည့်တိုးမေးလိုက်သည်။

“ဒီတော့ အခု ငါတို့ ဘာလုပ်သင့်လဲ?”

ကျင်းယန်နှင့် သူ၏ “သမီး”က သာမာန်ပုဂ္ဂိုလ်များ မဟုတ်ကြကြောင်းကို သူ အဖြေရှာတွေ့ခဲ့ပြီဖြစ်၏။

တခြားသူများက အာရုံမှောက်မှားမှုများထံတွင် အညံ့ခံလိုက်ရသည်အချိန်တွင် သူတို့က မသက်ရောက်ခံရဘဲ ကျန်နေဆဲဖြစ်သဖြင့် အထူးစွမ်းအင်များရှိကြောင်းကို ညွှန်ပြနေခဲ့သည်။

ဤအခြေအနေတွင် သူတို့၏ ထင်မြင်ချက်များကို နားထောင်ခြင်းသည်က အမျှော်အမြင်ရှိခြင်းသာဖြစ်ပေ၏။

ကျင်းယန်အနေဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ အထူးပဋိပစ္စည်းများကြောင့် သူသည် အဆိပ်အများစုကို ခုခံနိုင်စွမ်းရှိသည်ဟု သံသယရှိမိသည်။

ယင်ရိလျိုအတွက်တော့ သူမက တမူးထူးခြားသော အခြေအနေဖြစ်နေသောကြောင့် ထပ်ဆောင်းအထူးစွမ်းရည်များက အံ့အားသင့်စရာမဟုတ်တော့ချေ။

သူက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်၍ ပြောခဲ့၏။

“ ခိုင်ခံ့တဲ့သစ်ကိုင်းတချို့လောက် ရှာရမယ်၊ ပြီးရင် သန္ဓေပြောင်းပန်းပင်ရဲ့ ပန်းအဖူးတွေကို ဖြတ်ပစ်ဖို့ ဓားသွားတွေကို သစ်ကိုင်းမှာ တွဲချည်လိုက်..

ဒီပန်းတွေက မလှုပ်ရှားနိုင်ဘူး.. အပြင်ဘက်က အပင်ကြီးတွေလိုမျိုးလည်း အဝေးကိုတိုက်ခိုက်နိုင်စွမ်း မရှိကြဘူး.. ကျွန်တော်တို့ အကွာအဝေးခြားထားသရွေ့ အန္တရာယ်ရှိမှာ မဟုတ်ဘူး”

တခြားအသင်းဝင်များကလည်း တိတ်တဆိတ်ခေါင်းငြိမ့်ပြီး သစ်ကိုင်းများကို စတင်ရှာဖွေကြက် အပင်များ၏ အကိုင်းများကို ဓားဖြင့် ဖြတ်တောက်ကြလေသည်။

သူတို့၏အသင်းနှစ်သင်း၌ ကျင်းယန်နှင့် ယင်ရိလျို အပါအဝင် လူကိုးယောက်သာ ကျန်တော့၏။

တစ်ပြိုင်နက်တည်း အသင်းဖော်သုံးယောက်ကို ဆုံးရှုံးခဲ့ရသောကြောင့် ကျန်ရှိနေသည့် အသင်းဖော်များအပေါ်ရှိ စိတ်ပိုင်းဆိုင်ရာလက္ခဏာများမှာ သူတို့ စိတ်တက်ကြွမှုကို ထိန်းသိမ်းရန် ကြိုးစားနေလျှင်ပင် သူကြွက်သားများက တင်းမာနေခဲ့ကြသည်။

ယင်ရိလျိုက လျှောက်ပတ်ခုန်နေကာ သစ်ကိုင်းအပြုံလိုက်ကို သယ်ဆောင်ပြီး ကျင်းယန်၏ခြေထောက်နားသို့ ခုန်လာပြီး ထိုနေရာတွင် သစ်ကိုင်းများကို ချလိုက်၏။

ကျင်းယန် သူမ၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ကလေးတစ်ယောက်ကို ချီးကျူးပေးသည့်နှယ် နူးညံ့စွာပြောလိုက်သည်။

“မင်းက တကယ်ကို အံ့သြစရာကောင်းတာပဲ”

သူက ရှည်လျားသော သစ်ကိုင်းကျိုးများကို အတူတကွ လိမ်လိုက်ပြီး ထိပ်ဖျားတွင် သူ၏ ဓားကိုချည်ရန်အတွက် အကြမ်းခံသော မြက်ပင်များကို အသုံးပြုလိုက်၏။

ထို့နောက်တွင် သူက ဂရုတစိုက် ချိန်လိုက်ပြီး လျှင်မြန် တိကျစွာဖြင့် သူ့၏ရှေ့မှ ပန်းပင်၏ပင်စည်ကို ရုတ်ခြည်းထိုးဖြတ်လိုက်သည်။

တခြားသူများလည်း ထို့အတိုင်း လိုက်လုပ်ကြသော်ငြား သူတို့အများစု မဖြတ်နိုင်ပါချေ။ သို့မဟုတ် ကောင်းကောင်းမချိန်နိုင်ကြချေ။

သူတို့၏ဓားများသည် စောင်းစွေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့၏။

သန္ဓေပြောင်းပန်းပွင့်များက ဘေးအန္တရာယ်ကို အာရုံခံမိသောကြောင့် စတင်၍ အရိုင်းဆန်စွာရိုက်နှက်ကြသည်။ မြေကြီးထဲတွင် ကျောက်ချထားခဲ့သည့် ပင်စည်များပင် အနည်းငယ် ပြေလျော့သွားခဲ့ပြီး အဖွဲ့ဆီသို့ ဦးတည်၍ ဆတ်ခနဲပစ်ဝင်လာတော့မည့် ပုံပေါ်နေ၏။

ဟုန်ရှင်းရှင်းက ပန်းအဖူးများ၏ ဗဟိုမှ ပါးစပ်ကြီးများကို ကြည့်မိလျှင် ကြောက်ရွံ့မှုကြောင့် မျက်ရည်ကျလုနီးပါးပင်။

ကျင်းယန်နှင့် ကျန်းယွီချန်တို့က ဤနေရာမှ ပန်းအဖူးများအားလုံးကို ဖြတ်ချလိုက်ကျသည်။

ပန်းအဖူးများ ပြုတ်ကျသွားလျှင် ပွင့်ချပ်များက ချက်ချင်းပင် မြင်သာစွာ ညှိုးနွမ်းသွားပြီး ပင်စည်မှ အိတ်ငယ်များကိုလည်း ထပ်မံ၍ ထိန်းမထားနိုင်တော့ချေ။ ၎င်းတို့က မြေပြင်ပေါ်ကို ဘန်းခနဲ အသံဖြင့် ပြုတ်ကျသွားခဲ့ကြလေ၏။

ပန်းအိတ်များထဲမှ ဆင့်ကဲပြောင်းလဲသူများက ချော်၍ လျောထွက်လာကြလေသည်။ သူတို့၏အဝတ်အစားများမှာ အများစုက အကောင်းပတိဖြစ်နေသော်ငြား သူတို့၏ပေါ်ထွက်နေသော လက်များနှင့် မျက်နှာများသည်က အဝါရောင် ပျက်စီးယိုယွင်းမှုမြင့်မားသော အကျွဲအချွဲရည်များ ပြင်းထန်စွာ တိုက်စားခြင်းခံထားရ၏။

ကြည့်နေသူများက စိတ်ဆင်းရဲစွာဖြင့် မျက်စိလွှဲလိုက်ကြသည်။

“ငါတို့ အဲဒီနေရာက ဖြတ်သွားသင့်လား?”

အဖွဲ့ထဲမှ တစ်ယောက် တိတ်တဆိတ်မေးလိုက်လေ၏။

သူတို့က အမှန်တကယ် ကြောက်လန့်နေခဲ့ကြရလေသည်။ သူတို့ ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် အသားစား သန္ဓေပြောင်းပန်းပွင့်များက သူတို့၏ကျောရိုးတစ်လျှောက်ကို အေးစိမ့်သွားစေခဲ့၏။

ပန်းဖူးများက ဖြတ်တောက်ပစ်ခြင်းကို ခံလိုက်ရသော်ငြား ထိုကြားထဲမှ တစ်စုံတစ်ခု ခုန်ထွက်လာမည်ကို သူတို့ကြောက်ရွံ့နေဆဲပင် ဖြစ်သည်။

ကျင်းယန် အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်၏။

“အခုလောက်ဆိုရင် ဘေးကင်းလောက်ပါပြီ”

ထိုသို့ပြောပြီးနောက် သူက ယင်ရိလျိုကိုသယ်ဆောင်၍ ရေဆိုးမြောင်း၏ ဝင်ပေါက်ဆီ ဦးတည်၍ ယုံကြည်ချက်ရှိဖြင့် ခြေလှမ်းကျဲကျဲလျှောက်လိုက်သည်။

ကျန်းယွီချန်တစ်ယောက် သူ၏ရင်ဘက်တွင် ပိုက်ထားသောလက်ကို ချလိုက်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။

“စိတ်ပူဖို့မလိုတော့ဘူး.. ဆက်သွားကြရအောင်”

စစ်ထုတ်သည့် ပိုက်ကွန်ကို ဖြတ်သန်းပြီးနောက် သူတို့ာ ရေဆိုးမြောင်း၏အပေါ်ပိုင်း အဆင့်ကို အမှန်တကယ်ပင် ဝင်ရောက်နိုင်ခဲ့ကြ၏။ မြေအောက်လမ်းကြောင်း၏ ရှုပ်ထွေးလှသော ဖွဲ့စည်းပုံများက သူတို့ကို မျက်ခုံးတွန့်ချိုးသွားစေသည်။

သူတို့အနေဖြင့် ယခုအချိန်တွင် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းသုံးခုဖြင့် ရင်ဆိုင်နေရပြီဖြစ်၏။

“ခေါင်းဆောင် ကျွန်တော်တို့ ဘယ်လမ်းကို သွားသင့်လဲ?”

သူ့၏နောက်မှ အမျိုးသားတစ်ယောက်က မေးခဲ့လျှင် သူ့ဘေးမှ ဆင့်ကဲပြောင်းလဲသူက ပုခုံးတွန့်၍အကြုံပြုခဲ့သည်။

“ဘာလို့ ဖိနပ်တစ်ဖက်ကို ပစ်လိုက်ပြီး ကျတဲ့လမ်းကို မသွားရမှာလဲ?”

“ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ? မင်းရဲ့ပါးစပ်ကို ပိတ်ထားလိုက်တော့”

ကျန်းယွီချန်က ဆူငေါက်လိုက်လျှင် သူ့နောက်မှ သူများက သူတို့၏ရွှတ်နောက်နောက် စကားဝိုင်းကို ချက်ချင်းရပ်လိုက်ကြ၏။

သူက အေးစက်သော အမူအရာရှိနေသည့် ကျင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး မဝံ့တရဲ မေးခဲ့သည်။

“မင်းဘယ်လိုထင်လို့လဲ?”

ကျင်းယန် ခေါင်းယမ်းလိုက်၏။ သူသည်က နတ်ဘုရားတစ်ပါး မဟုတ်သောကြောင့် မည်သည့်လမ်းကို သွားသင့်လဲဆိုသည်ကို မသိပါချေ။ သို့သော်လည်း သူပြောခဲ့လေသည်။

“ရေဆိုးမြောင်းက မြို့တွင်းရေဆိုးရေညစ်တွေရဲ့ ဆုံမှတ်ဖြစ်တဲ့အတွက် ထွက်ပေါက်တွေ အများကြီးရှိမယ်ထင်တယ်.. ဒီလမ်းသုံးခုလုံးက ထွက်ပေါက်တစ်ခုစီကို ရောက်နိုင်တယ်၊

နီးတာနဲ့ ဝေးတာပဲကွာလောက်မယ်.. လမ်းတစ်လမ်းက အပိတ်ဆိုရင် ကျွန်တော်တို့ ပြန်လှည့်လာလို့ရတယ်”

သူ့၏နောက်မှ လူများသည် သူ၏အကြောင်းပြချက်က ဆီလျော်ကြောင်းတွေ့လိုက်ရပြီး သူတို့၏ပဟေဠိဖြစ်နေသော အမူအရာများက ပြေလျော့သွားကြ၏။

ကျင်းယန် သူ၏လည်ပင်းဘေးမှ အမွှေးပွယုန်လေးကို ငုံ့ကြည့်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်းဘယ်လိုထင်လဲ”

ယင်ရိလျို မျက်တောင်ခတ်လိုက်မိပြီးနောက် အရှေ့မှ လှိုဏ်ခေါင်းကို ညွှန်ပြလိုက်၏။

အစပိုင်းတွင် သူမသည် စဥ်းစားခြင်းမရှိဘဲ ညွှန်ပြလိုက်ခြင်းဖြစ်သော်ငြား သူမ အံ့အားသင့်သွားစေသည်မှာ ကျင်းယန်က အရှေ့မှလှိုဏ်ခေါင်းဆီသို့ အမှန်တကယ် လျှောက်သွားခြင်းဖြစ်သည်။

ယင်ရိလျို ကျင်းယန်၏ပုခုံးပေါ်မှ အဝတ်စကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ခန္ဓာကိုယ်လေးက အနည်းငယ် စိတ်မအေး‌သောကြောင့် တောင့်တင်းနေခဲ့၏။

ဘေးဘက်မှအမျိုးသားက သူမ၏စိတ်မအေးမှုကို အာရုံခံနိုင်ပုံရပြီး ယုန်လေး၏အမွေးပွပွ ခန္ဓာကိုယ်ကို ညင်သာစွာပွတ်သပ်ခဲ့သည်။

“အဆင်ပြေပါတယ်.. ထီထိုးနေတယ်လို့ပဲ ယူဆလိုက်ကြရအောင်”

ရွှံ့ရေများကို လျှောက်ဖြတ်သွားလျှင် ရေထဲမှ သူတို့၏ခြေသံများကိုသာ ကြားနိုင်ပြီး တခါတရံ တစ်ယောက်ယောက်က နူးညံ့သောမှိုတစ်ပွင့်ကို တက်နင်းမိသောကြောင့် ထိတ်လန့်သွားသည့် ပင့်သက်ရှိုက်သံ ထုတ်ကြလေ၏။

အရှေ့မှ လှိုဏ်ခေါင်းက အဆုံးမရှိသည့်ပုံရသည်။ သူတို့ အချိန်ကြာမြင့်စွာ လမ်းလျှောက်နေခဲ့ပြီး အလင်းရောင် အရိပ်အယောင်ပင် မရှိသေးချေ။

တစ်ခုတည်းသော အလင်းရောင်ပေးမှုက ဘေးနှစ်ဖက်ရှိ ဓာတုဓာတ်ပြုမှုကြောင့် အပြာရောင်အလင်းများ ထုတ်လွှတ်နေသော သန္ဓေပြောင်းမှိုများဆီမှ ဖြစ်လေ၏။

ရုတ်တရက် အနောက်ဘက်မှတစ်ယောက်က နာကျင်မှုဖြင့် အော်လိုက်လေသည်။ သူ၏ဘေးမှအသင်းဖော်က စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ပြောခဲ့၏။

“မင်း မှိုပေါ်ကို တက်နင်းမိရင်လည်း ဒီလိုကြီးမအော်ပါနဲ့ဟ.. မင်းက လူတိုင်းကို ခြောက်နေတာပဲ”

“မဟုတ်ဘူး မှိုမဟုတ်ဘူး.. တစ်ခုခုက ငါ့ကိုကိုက်နေတယ်လို့ ခံစားရတယ်”

သူ၏ခြေကျင်းဝတ်ကို လှုပ်ခါရန် ကြိုးစားနေလျက် အသံကတုန်ရီနေခဲ့သည်။

“တကယ်လား?”

သူ့အသင်းဖော်နှင့် ကျင်းယန်၏အမူအရာ ပြောင်းလဲသွား၏။

သူတို့ကြည့်လိုက်လျှင် မည်းမှောင်ပြီး လက်တစ်ဖက်အရွယ်အစားရှိ အလုံအပတ်တစ်ခုက သူ၏ဘောင်းဘီပေါ်တွင် ခိုင်မြဲစွာတွယ်ကပ်နေပြီး သူမည်မျှပင် ကြိုးစားပါစေ ခါမချနိုင်ခဲ့ချေ။

သူ၏အသင်းဖော်ထဲမှ တစ်ယောက်က ထိုအရာကို ပြင်းထန်စွာကန်လိုက်လျှင် အမှောင်ထုထဲ၌ထို အနက်ရောင်အရာသည် ရွှံရေထဲသို့ ခပ်အုပ်အုပ်အသံဖြင့် အကန်ချခံလိုက်ရသည်။

ကန်လိုက်သူမှာလည်း တုန်ယင်သွာခဲ့း၏။

“အဲဒါဘာကြီးလဲ? ပျော့စိစိနဲ့ ရွံ့စရာကြီး!”

*

All Chapters