အခန်း (၁၄၇)
Vol. 15 Ch. 147
အခန်း(147)
ပုရွက်ဆိတ်စားကောင်၏ စွမ်းအားအကြီးဆုံး လက္ခဏာသွင်ပြင်မှာ လျှာဖြစ်၏။ ဤအခိုက်အတန့်တွင် ၎င်း၏လျှာမှာ ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် စူးစူးဝါးဝါးအော်သံတစ်ခု ထွက်လာပြီးနောက် ကျင်းယန်နှင့် ယင်ရိလျိုဆီ ဦးတည်၍ ရုတ်တရက်ပစ်လွှတ်လိုက်သည်။
ယင်ရိလျို မတုံ့ပြန်နိုင်ခင်ပင် ကျင်းယန်က ဓားမြောင်တစ်ခုကို ကိုင်ကာ သန္ဓေပြောင်းပုရွက်ဆိတ်စားကောင်၏ အမြီးကို ဓားဖြင့်တိကျစွာ စိုက်လိုက်လေ၏။
ထိုသတ္တဝါက ရှုံးနိမ့်မှုကို သတိထားမိသွားပုံရသဖြင့် အနည်းငယ်တွန့်လိမ်လိုက်ကာ ဒဏ်ရာရနေသော အမြီးကိုတရွတ်တိုက်ဆွဲပြီး အဝေးကို မြန်ဆန်စွာ ပြေးသွားခဲ့သည်။
သန္ဓေပြောင်း ပုရွက်ဆိတ်စားကောင်က မယုံနိုင်လောက်အောင် လျှင်မြန်ပြီး အဖွဲ့ဝင်အားလုံးမှာ တစ်စုံတစ်ခုက မြက်ကြားထဲ ဖြတ်၍ရွေ့လျားသွားသည်ကိုသာ မြင်နိုင်ခဲ့သည်။
ခဏလေးအတွင်း တရှဲရှဲအသံများ ထွက်ပေါ်နေပြီးနောက် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
ယင်ရိလျို မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးကို စိတ်မချမ်းမြေ့စွာနှင့် ကြည့်လိုက်သည်။
ကျန်းယွီချန်၏ဘေးတွင် ချင်းဖန်အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူနှစ်ယောက်က နီရဲနေသောမျက်လုံးများနှင့် အနောက်ကလိုက်ချင်နေခဲ့၏။ သို့သော်ငြား ကျန်းယွီချန်က သူတို့ကို ပြန်ဆွဲထားပြီးပြောလိုက်သည်။
“မင်းတို့ကောင်တွေ သေချင်နေတာလား.. အဲဒီနေရာမှာ ဘာရှိလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”
ဝူစစ်ယွင်က သေသွားခဲ့ပြီဖြစ်၏။
တစ်ကိုယ်ကောင်းဆန်၍ အေးစက်စွာဖြင့် ပြောရလျှင် အဖွဲ့ထဲတွင် လူ ဆယ့်တစ်ယောက်သာ ကျန်တော့သည်။ သူ နောက်ထပ်လူများကို သွားပြီးသေခိုင်းမည်မဟုတ်ချေ။
အမျိုးသားနှစ်ယောက်က မြေပြင်ပေါ်တွင် လဲနေသော သူတို့၏အသင်းဖော်ကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူတို့၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီးနောက် သူတို့ နှေးကွေးစွာပြောခဲ့၏။
“သွားကြစို့”
အမျိုးသားထဲမှတစ်ယောက်က နီရဲနေသော မျက်လုံးများဖြင့် ကျင်းယန်၏ဘေးတွင် ရပ်ပြီးနောက် ခါးကိုကိုင်းညွတ်ပြီး ပြောခဲ့သည်။
“ကျေးဇူးတင်ပါတယ် ကျင်းယန်ကော… ဒီကနေထွက်နိုင်ခဲ့ပြီး ကောအနေနဲ့ ချင်းဖန် အခြေစိုက်စခန်းကို လာဖြစ်ရင် ဝမ်တာ့ချန်းလို့ပြောပြီး ကျွန်တော့်ကိုသာ ရှာလိုက်ပါ..”
သန္ဓေပြောင်း ပုရွက်ဆိတ်စားကောင်က အနောက်ဘက်မှ တိုက်ခိုက်ရန် ကြိုးစားသည့်အချိန်တုန်းက ကျင်းယန်က သူ့ကိုကယ်တင်ခဲ့၏။
ကျင်းယန် အသာအယာခေါင်းငြိမ့်ပြီး ယင်ရိလျိုကို ရှေ့သို့ဆက်လက်ဦးဆောင်သွားကာ ဤမြေအောက်မှ လောကထဲတွင် သန္ဓေပြောင်းအပင်များ၏ ကြီးထွားမှုမှာ မများလွန်းကြောင်းကို မှတ်သားနေခဲ့သည်။
သန္ဓေပြောင်းတိရစ္ဆာန် အများစုမှာ ဧရာမသစ်ပင်၏အမြစ်ကြီးက အာဟာရများအနေနှင့် ယူဆောင်ခြင်းခံခဲ့ရ၏။
လွန်ခဲ့သည့်နှစ်ရက်က ကျန်းယွီချန် ရှာတွေ့ခဲ့သော ရေဆိုးမြောင်း၏ဝင်ပေါက်က နံရံ၏အဆုံးသတ်တွင် ဖြစ်လေသည်။
အကာအကွယ်၏ အပြင်ဘက်ဆုံးအပိုင်းကို ဆန့်ထွက်နေသော အပင်၏အမြစ်များက အင်အားသုံး ချိုးဖောက်ထားသောကြောင့် အတွင်းဘက်တွင် မိလ္လာအညစ်အကြေးနှင့် ပြည့်နှက်နေစေပြီး မျက်နှာပြင်ပေါ်မှ သန္ဓေပြောင်းအပင်များနှင့် ရောနှောနေခဲ့၏။
အညစ်အကြေးများ၏ အနံ့ဆိုးပြင်းပြင်းက လေထဲတွင် စိမ့်ဝင်ပျံ့နှံ့နေခဲ့သည်။
သူတို့ ရေဆိုးမြောင်း၏ဝင်ပေါက်ဆီသို့ ပို၍နီးနီးရောက်လေလေ သန္ဓေပြောင်းအပင်များ၏ ပို၍စိမ်းလန်းစိုပြည်စွာ ကြီးထွားနေလေလေဖြစ်ပြီး အညစ်အကြေးများကို အာဟာရအနေဖြင့် အသုံးပြုနေလေ၏။
ရေဆိုးမြောင်းဝင်ပေါက်၏ အလည်တွင် ထိပ်ဆုံးတွင် တစ်ပွင့်သာပွင့်နေသော ပန်းပွင့်အစုလိုက်တစ်ခုသာ ရှိလေသည်။ ထိုပန်းက အလွန်ကြီးမားသော်ငြား ပန်းပွင့်အဖူးက အလွန် ကြီးမားပြီး အရောင်တောက်ပလေ၏။
ပွင့်ချပ်တစ်ခုချင်းစီမှာ လူသား၏မျက်နှာတစ်ခုလောက် ကြီးမားသောကြောင့် အတော်လေး မျက်စိဖမ်းစားစရာ ဖြစ်နေစေသည်။
ယင်ရိလျိုမှာ လေထဲမှ မိလ္လာနံ့ကိုသာမက ဤပန်းပွင့်များဆီမှ လာသော စိတ်အနှောင့်အယှက်ပေးပြီး ခေါင်းကိုက်စဖွယ် မွှေးရနံ့ကိုလည်း ရနေခဲ့၏။
မွှေးရနံ့က ထိုပန်းများဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ရမည်ပင်။
သူမက ကျင်းယန်၏အင်္ကျီလက်ကို ဆောင့်ဆွဲပြီး ထိုအရပ်မျက်နှာကို သတိထားသော အမူအရာနှင့် ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျန်းယွီချန်က သူ၏ဘေးမှ အသင်းဖော်ကို မေးလိုက်၏။
“မင်းရဲ့အိတ်ထဲမှာ အသားကျန်နေသေးလား?”
ယမန်နေ့က သူတို့က အနည်းငယ်သေးငယ်သော သန္ဓေပြောင်းသားရဲတစ်ကောင်ကို အမဲလိုက်ရခဲ့သည်။
လိုရမည်ရအတွက် အဖွဲ့အတွက် အစားအစာအရင်းအမြစ်အဖြစ် အသုံးပြုပြူးနောက် သူတို့က နောက်ရက်စူးစမ်းလေ့လာမှုအတွက် အပိုင်းအစအနည်းငယ်ကို သိမ်းထားခဲ့ကြ၏။
ကျင်းယန်၏ဘေးမှ အသင်းဖော်က ခေါင်းကုတ်ပြီး အနည်းငယ် ရှက်နေပုံရကာ ပြောခဲ့သည်။
“တောင်းပန်ပါတယ်.. ကုန်သွားပြီ.. ကျွန်တော်တို့ အဲဒါကို ပန်းမွေ့ယာဆီ ပစ်လိုက်ပြီးပြီ”
ကမ္ဘာပျက်ကပ်ကာလတွင် အစားအစာများက လျှင်မြန်စွာ ပုပ်သိုးလေ၏။ အထူးသဖြင့် အသားစိမ်းများက တစ်ညတည်းနှင့် အလွန်အမင်း အနံ့နံလာပြီး လောက်များနှင့် ပြည့်နှက်လာတတ်သည်။ ထို့ကြောင့် သူက အပြာရောင်ပန်းမွေ့ယာထဲ လွှင့်ပစ်ခဲ့လေ၏။
“အဆင်ပြေလောက်မှာပါ.. ကျွန်တော်တို့ မြေအောက်ထဲရောက်နေတာ အရမ်းကြာပြီဆိုပေမဲ့ အသားစားသစ်ပင်၊ အသားစားပန်းတွေနဲ့ ပက်ပင်းမကြုံရသေးဘူးလေ”
အမျိုးသားတစ်ယောက်က ထိုသို့ပြောလိုက်ပြီး ရေဆိုးမြောင်းဝင်ပေါက်ဆီ ဦးတည်၍ လမ်းကိုဦးဆောင်ခဲ့သည်။
ထိုပန်းကို သိပ်ပြီးအာရုံမစိုက်ချေ။
သူတို့၏ရှေ့မှ လျှောက်နေသော ကျန်းယွီချန်က သူ့ကိုမတားခဲ့ချေ။
တစ်ဖက်လူက ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုခဲ့သည်။
“မင်းတို့ကောင်တွေက အရမ်းသတိထားလွန်းနေတာပဲ.. ဒီအကြောင်းကိုစိုးရိမ်လိုက် ဟိုအကြောင်းကိုစိုးရိမ်လိုက်နဲ့”
ယင်ရိလျို မျက်မှောင်ကြုတ်၍ ရေဆိုးမြောင်းဝင်ပေါက်သို့ ရောက်သွားသည့် အမျိုးသားကို စောင့်ကြည့်နေခဲ့၏။
သူက လုံးဝမကြောက်ရွံ့ ပုံရပြီး ပန်းပွင့်ချပ်များကိုပင် ထိတွေ့ပြီးတယုတယပွတ်သပ်ရန် လက်ချောင်းကိုဆန့်ထုတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် ညှို့ယူခံလိုက်ရသော အကြည့်နှင့် မွှေးရနံ့ကို ရှူသွင်းလိုက်သည်။
“ဟေ့ကောင်တွေ လာကြ.. ဘာမှ မဖြစ်ဘူး.. ဒီပန်းတွေက.. အရမ်းလှပြီး အရမ်းမွှေးတာပဲ…”
အမျိုးသားက ပန်းများကို တိုး၍တိုး၍ စွဲလမ်းလာပြီး သူ၏မျက်နှာကို ပွင့်ချပ်၏ဗဟိုထဲသို့ မြှုပ်လိုက်သည်ကို ယင်ရိလျို တွေ့မြင်နေခဲ့၏။
သူမ ပို၍ကြည့်လေလေ တစ်စုံတစ်ခုက လွဲချော်နေသည်ဟု ပို၍ခံစားရလေလေ ဖြစ်နေခဲ့သည်။
သူမက သူမ၏ဘေးမှ ကျင်းယန်ကို တီးတိုးပြောခဲ့သည်။
“ကျွန်မ ခံစားချက်မကောင်းဘူး”
သူမ ပြောလိုက်ပြီးသည်နှင့် သူမ၏ အနားတစ်ဝိုက်မှလူများကလည်း နှစ်သက်သဘောကျသွားပုံရပြီး မမျှော်လင့်ထားစွာဖြင့် ရေဆိုးမြောင်းဝင်ပေါက်ဆီ ဦးတည်၍ ရွေ့လျားသွားကြ၏။
ကျင်းယန်က အခုလေးတင် ခြေတစ်လှမ်း လှမ်းလိုက်သော ကျန်းယွီချန်ကို လှမ်းဆွဲပြီး သူ၏ဇက်ပိုးကို ပြင်းထန်သော ရိုက်ချက်တစ်ခု ပေးလိုက်လေသည်။
ကျန်းယွီချန်က သူ၏လည်ပင်းသို့ အရိုက်ခံလိုက်ရကာ အရှေ့ကိုင်းသွားစေပြီး ပြင်းထန်သော ဝေဒနာကြောင့် လည်ပင်းကို အားဖြင့်ဆုပ်ကိုင်လိုက်မိ၏။
တစ်ချိန်တည်းတွင် ယင်ရိလျိုက အမွှေးပွယုန်လေးတစ်ကောင်အဖြစ် အသွင်ပြောင်းပြီး ရှေ့ဆီမှ လမ်းလျှောက်သွားနေသော အမျိုးသားတစ်ယောက်၏ ကျောပေါ် ခုန်တက်လိုက်သည်။
ထို့နောက် သူမ၏ချွန်ထက်သော လက်သည်းများက သူ၏အသားကို တခဏချင်း ထိုးဖောက်သွားခဲ့၏။
နာကျင်မှုက ရူးသွပ်သော အမူအရာတစ်ခုနှင့် ဗလာဖြစ်စွာ စိုက်ကြည့်နေသော အမျိုးသားကို အသိပြန်ဝင်လာစေခဲ့သည်။
သူက ဒဏ်ရာကိုခံစားကြည့်ရန် လက်ဆန့်လိုက်သော်ငြား ထိုနေရာတွင် မည်သည့်အရာမှ မရှိချေ။
အကြောင်းမှာ အဖြူရောင်အမွှေးပွပွသတ္တဝါက ဟုန်ရှင်းရှင်း အမည်ရသော အမျိုးသမီး၏ပုခုံးပေါ် သို့ ခုန်တက်သွား၍ဖြစ်ပေ၏။
ထိုအမျိုးသမီးသည်လည်း ညှို့ယူဖမ်းစားမှု တချို့၏အောက်သို့ ကျရောက်နေပုံရပြီး အရှေ့သို့ဦးတည်၍ ဆက်လက် ရွေ့လျားနေခဲ့သည်။
“ဟစ်စ်စ်… ဘာဖြစ်သွားတာလဲ?”
သူမတွင် အနည်းငယ် မိန်းမောသော အကြည့်တစ်ခုရှိနေဆဲဖြစ်ပြီး လည်ပင်းကို လက်ဆန့်ထိလိုက်လျှင် လက်ချောင်းပေါ်၌ စိုစွတ်နေသောသွေးကို တွေ့လိုက်ရ၏။
သူမ၏ပုခုံးက အလေးချိန်ကြောင့် လေးသွားသည်ကိုသာ ခံစားနိုင်ခဲ့လေသည်။ သူမ၏ ခေါင်းကိုလှည့်လိုက်လျှင် သူမ၏နှာခေါင်းက သင်းပျံ့ပြီး နူးညံ့သောအမွှေးထဲ နစ်မြုပ်သွားသောကြောင့် ထိတ်လန့်တကြား အော်လိုက်မိ၏။
သို့သော်ငြား သူမ နောက်ထပ် စကားမပြောနိုင်မှီ သူမ၏ရှေ့ရှိ နေရာက သွေးနီရောင်ပြောင်းသွားခဲ့လေသည်။
သူမ မီတာအနည်းငယ်သာ ဝေးကွာသော နေရာကို မျက်လုံးများပြူးကျယ်စွာဖြင့် စိုက်ကြည့်နေမိ၏။
ဟုန်ရှင်းရှင်းတစ်ယောက် လေးလံသောနှလုံးသားနှင့်အတူ ရေဆိုးမြောင်းဝင်ပေါက်ရှိ ပန်းအဖူးဆီကို အရင်ဆုံးရောက်သွားခဲ့သည့် အမျိုးသားကို ကြည့်လိုက်သည်။
သူ့၏နောက်မှ နီးကပ်စွာလိုက်လာသော တစ်ယောက်မှာလညား ချက်ချင်းပင် သန္ဓေပြောင်းပန်းပွင့်၏ အငမ်းမရဝါးမျိုခြင်း ခံလိုက်ရသဖြင့် ထိတ်လန့်စက်ဆုပ်ဖွယ် သွေးသံရဲရဲမြင်ကွင်းကို ဖြစ်ပေါ်လာစေ၏။
သူမ၏နောက်မှ လူများမှာတော့ သူတို့အားလုံးက ကျင်းယန်၏ ရိုက်နှက်ခြင်းခံလိုက်ရပြီး သူတို့ထဲမှ တစ်ယောက်ကမူ ညှို့ယူမှုမှ လွတ်မြောက်ရန် ခပ်ပြင်းပြင်း နှစ်ချက် အနှပ်ခံလိုက်ရလေသည်။
လွန်ခဲ့သော တစ်မိနစ်က ငြိမ်းချမ်းနေခဲ့သည့်နေရာက ယခုချိန်တွင်တော့ သွေးသံရဲရဲနှင့် သွေးထွက်သံယို အိပ်မက်ဆိုးမြင်ကွင်းတစ်ခု အဖြစ် အသွင်ပြောင်းသွားခဲ့လေပြီ။
သူတို့ မတိုင်ခင်က လှပသည့်အိပ်မက်သဖွယ်ဖြစ်နေခဲ့သော ပန်းမွေ့ယာကို ကြည့်လိုက်မိကြ၏။
သူတို့၏သားကောင်ကို ဖမ်းမိခဲ့သည့် သန္ဓေပြောင်းပန်းပွင့်များက ဆင့်ကဲပြောင်းလဲသူများ၏ သက်မဲ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ မြိုချပြီး သွေးများကို မြေပြင်ပေါ် စီးဆင်းသွားစေသည်။
ပွင့်ချပ်များ ဖုံးအုပ်ထားသော ပန်းပွင့်၏အနောက်ဘက်ပိုင်းသည်က ယခုချိန်တွင် အပြင်လူများဘက်သို့ ပေါ်လာခဲ့ပြီဖြစ်၏။
ဤအိတ်များက အလွန်ကြီးမား ခွေခေါက်နေသော အစာအိမ်တစ်ခုနှင့် ဆင်တူကာ မယုံနိုင်လောက်အောင် ချောမွေ့ပြီး မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့သော အကွက်များကို ပုံသဏ္ဍာန်ပေါ်လျက်ရှိသည်။
ထိုနေရာ၌ လောလောလတ်လတ် ဖမ်းထားသော ဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်ကို သိုလှောင်ထားလေသည်။
“ဒါ…. ဒါ.. ”
ဟုန်ရှင်းရှင်းသည် မထိန်းနိုင်ဘဲ နောက်တစ်လှမ်းဆုတ်လိုက်သော်ငြား မြက်ထူနေသော မြေပြင်က သူမကိုခလုတ်တိုက်၍ ချော်လဲသွားစေ၏။
ယခုချိန်တွင် တော့ သူမနှင့် အလွန်နီးကပ်နေသည့် မြင်မကောင်းဖွယ် မြင်ကွင်းကို စိုက်ကြည့်နေလျက် နှုတ်ခမ်းများက တုန်ရီနေခဲ့လေသည်။