အခန်း (၉၀၁-၉၀၃)
Vol. 61 Ch. 901-903
အခန်း (၉၀၁) ချင်ဖုန်းဓား၏ဝိညာဉ်
လွန်ခဲ့သည့်သုံးနှစ်ကနှင့်စာလျှင် မိန်ထိုက်အသွင်က ပိုရင့်ကျက်လာသည်။ သို့သော် အကြီးမားအဆုံးအပြောင်းအလဲက သူ့မျက်လုံးများဖြစ်သည်။ ဓားနှစ်စင်းလို စူးရှတောက်ပနေသည်။
"အကိုလုက တစ်ခါမှမကြုံဖူးတဲ့ ပြိုင်ဘက်ကင်းကောင်းကင်ဆင်းရဲကိုရော ဝိညာဉ်ပြောင်းအဆင့် နံပတ်တစ်ကောင်းကင်ဆင်းရဲဖြစ်တဲ့ ချန်ကောင်းကင်ဆင်းရဲကိုပါ ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတဲ့သတင်း ကျုပ်ကြားပါတယ်"
မိန်ထိုက်တူကိုချ၍ လက်နှစ်ဘက်ဆုပ်အရိုသေပြုသည်။ လုယန်ကိုတွေ့ရသဖြင့် သူဝမ်းသာနေသည်။
ဓားမျှော်စင်မှလူများသည် သူတို့ဓားပါရမီကို မကြာခဏကြွားလုံးထုတ်ကြသော်လည်း အမြင့်ဆုံးဓားပါရမီရှင်သည် လုယန်ဖြစ်ကြောင်း သူသိသည်။ သူက လုယန်ထက် နည်းနည်းနိမ့်သည်။
သူအဆင့်တက်ချိန်ရောက်၍ ပြိုင်ဘက်ကင်းကောင်းကင်ဆင်းရဲနှင့် ချန်ကောင်းကင်ဆင်းရဲကိုသာ ရင်ဆိုင်ရလျှင် လုံးဝဖြတ်ကျော်နိုင်မည်မဟုတ်။
"သူက..."
ဘေးတွင် အသံတိတ်ရပ်နေသည့် ယွမ်မုန်မုန်ဘက်သို့ မိန်ထိုက်အကြည့်ရောက်သွားသည်။
"သူက ယွမ်မျိုးရိုးပါ။ လမ်းမှာခင်မင်လာတဲ့ မိတ်ဆွေပါ။ အခုသူငါနဲ့အတူ ခရီးထွက်နေတာ"
လုယန်က ရှင်းပြသည်။
"ဪ..မိန်းကလေးယွမ်လား"
မိန်ထိုက် ယဉ်ကျေးစွာ ဦးညွှတ်အရိုအသေပြုသည်။ ကျင့်စဉ်အဆင့်နိမ့်သော်လည်း သူအထင်မသေး။
အပြင်လောကမှလူများသည် အတော်သဘောကောင်းသည်ဟု ယွမ်မုန်မုန်တွေးနေသည်။ သူ့အဘွားပြောသလောက် ကောက်ကျစ်ယုတ်မာပြီး ကြောက်စရာကောင်းသူများမဟုတ်။
အပြင်လောကသို့ထွက်လျှင် ယွမ်ကျိနှင့်မတွေ့မချင်း ခပ်လျှိုလျှိုနေဖို့ ကျင့်စဉ်အဆင့်နှိမ့်ချထားဖို့ စွမ်းအားအစစ်ထုတ်မပြဖို့ သူ့အဖွားက အကြံပေးခဲ့သည်။
"မင်းက ဒီမှာဓားတွေလုပ်နေတာလား"
မိန်ထိုက်ချထားသည့်တူကို လုယန်သတိထားမိသည်။
"ဒါက ပထမမျှော်စင်သခင်ချမှတ်ခဲ့တဲ့ စည်းကမ်းပါ။ ဓားကျင့်ကြံသူတွေဟာ ဓားသွန်းလုပ်ငန်းလုပ်ရင် ဓားပညာနားလည်နိုင်စွမ်း တိုးတက်လာမယ်လို့ သူယုံကြည်ခဲ့တယ်လေ။
ဒီတော့ ဓားမျှော်စင်တပည့်တိုင်း ဓားသွန်းပညာကို လေ့လာရတယ်"
ပထမဓားမျှော်စင်သခင်သည် ဓားမျှော်စင်အဓိပဓိဖြစ်သည်။ မသေမျိုးတစ်ဝက်အဆင့်ထိရောက်ပြီးနောက် မသေမျိုးကောင်းကင်ဆင်းရဲဖြတ်ရာတွင် ကျရှုံးခဲ့သူဖြစ်သည်။
ပုံမှန်ဆိုလျှင် ဓားမျှော်စင်အဓိပဓိကို မိန်းထိုက်က 'ဆရာ'ဟုခေါ်လေ့ရှိသည်။ သို့သော် သူသည် ထိုအဓိပဓိ၏ ဓားဝိညာဉ်ဖြစ်ကြောင်း ဘယ်သူမှမသိကြ။ လုံးဝလျှို့ဝှက်ထားသည်။ ထို့ကြောင့် လုယန်ရှေ့တွင် ဓားမျှော်စင်အဓိပဓိ 'ဆရာ'ဟု မခေါ်။
သို့သော် နတ်မယ်အသိပေးထားသဖြင့် မိန်ထိုက်၏သရုပ်မှန်ကို လုယန်သိပြီးဖြစ်သည်။
"အဲလိုကိုး"
လုယန် သူ့ဘာသာရေရွတ်သည်။
"အကိုလုက ဓားဝယ်ဖို့ ဒိကိုလာတာလား။ ဒီမှာသွန်းလုပ်တဲ့ဓားတွေကို အကိုလုမျက်စိမကျလောက်ပါဘူး"
"အဲလိုလည်းမဟုတ်ပါဘူး..."
မိန်ထိုက်ရှေ့တွင် ထိုဓားများ အရည်အသွေးညံ့လွန်းသည်ဟုပြောရမှာ သူအားနာသည်။
"ဒါဆို ဝိညာဉ်ဓားကံစမ်းပွဲမှာ အကိုလုကံစမ်းကြည့်လိုလည်းရပါတယ်။ အကိုလုနဲ့ ညှိနှိုင်းလို့ရတဲ့ဓားရှိရင် အကိုလုနောက်ကို လိုက်လာမှာပါ"
"ဓားပွဲတော်မှာ ဒီလိုပွဲမျိုးလည်း ပါတယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။ သူသည် ဓားကျင့်ကြံသူဖြစ်သည်။ ဓားပွဲတော်သည် ဓားကျင့်ကြံသူအားလုံးအတွက် အရေးကြီးဆုံး ပွဲတော်တစ်ခုဖြစ်သည်။ သို့သော် သိပ်အရေးမစိုက်ခဲ့။
နှစ်တစ်ရာတွင် တစ်ခါကျင်းပလေ့ရှိသည့် ဓားမျှော်စင်အဓိပဓိသတ်မှတ်ခဲ့သည့် ရိုးရာပွဲတစ်ခုဟုသာ သိထားသည်။
"ကျုပ်တို့ဓားမျှော်စင်က ဓားတွေမကြာခဏသွန်းတယ်။ အရင်က မျှော်စင်သခင်တွေ အကြီးအကဲတွေထဲမှာ ဝိညာဉ်ဓားတွေသွန်းလုပ်ရတာ သဘောကျတဲ့လူတစ်ချို့ရှိတယ်။ အဲဒီ့ဓားတွေမှာ သိစိတ်ဝိညာဉ်ရှိတယ်။
မျှော်စင်သခင်နဲ့ အကြီးအကဲတွေ သက်တမ်းကုန်တဲ့အခါ ဒီဓားတွေက ပိုင်ရှင်မဲ့ဖြစ်သွားတယ်။ သူတို့နဲ့ကံမစပ်တဲ့ ဓားကျင့်ကြံသူတွေလက်ထဲ အတင်းထည့်ရင် ဓားဝိညာဉ်တွေက ဆန့်ကျင်လာဖို့ပဲရှိတယ်။
ဒါပေယ့် သူတို့ကို အမြဲတမ်းချိတ်ပိတ်ထားရင်လည်း နောက်ဆုံးမှာ ဖုန်တက်ပြီး ဝိညာဉ်တွေ ပျောက်ပျက်သွားမှာပဲ။ ကျုပ်တို့ဓားမျှော်စင်က ဝိညာဉ်ဓားတွေကို အဲလိုမဖြစ်စေချင်ဘူး။ ဒါကြောင့် ဓားရတနာတိုက်တစ်ခုဖွင့်ထားတယ်။
ကျင့်ကြံသူတစ်ယောက်ယောက်က ဝိညာဉ်ဓားတစ်လက်နှင့် သဘောထားချင်းတိုက်ဆိုင်တယ်ဆိုရင် အဲဒီ့ဓားကို ယူခွင့်ပေးတယ်။
ဒါပေမယ့် သူ့တစ်ကိုယ်တော်သုံးဖို့အတွက်ပဲ။ တစ်ခြားလူကို လက်လွှဲခွင့် ရောင်းချခွင့်မရှိဘူး။ ဓားပိုင်ရှင်သေသွားရင် ဝိညာဉ်ဓားက ကျုပ်တို့ဓားမျှော်စင်ကို ပြန်လာရတယ်"
"မင်းတို့ဂိုဏ်းက တကယ်သဘောထားကြီးတာပဲ"
လုယန် စိတ်ရင်းနှင့် ပြောခြင်းဖြစ်သည်။ ဝိညာဉ်ဓားများ ဘယ်လောက် တန်ဖိုးကြီးကြောင်း သူသိသည်။ ထိုဓားများကို အပြင်လူများအား သုံးခွင့်ပေးသည့်စိတ်ဓာတ်က လေးစားစရာကောင်းသည်။
ဓားမျှော်စင်သည် ဓားကျင့်ကြံသူတို့အတွက် တော်ဝင်မြေအစစ်ဖြစ်သည်။
"ဝိညာဉ်ဓားတွေကို ပျက်စီးပျောက်ကွယ်မသွားစေချင်တဲ့ ဆန္ဒပဲရှိပါတယ်"
ဓားဝိညာဉ် မိန်ထိုက် ထိုကိစ္စကို လေးလေးနက်နက်တွေးသည်။
"ဓားမျှော်စင်နဲ့ တာအိုလမ်းစဉ်ဂိုဏ်း ပူးပေါင်းလိုက်ရင် မကောင်းဘူးလား"
နတ်မယ်က သိစိတ်နယ်မြေမှ အကြံပြုသည်။
"ပူးပေါင်းဖို့လား"
"ကြည့်လေ။ ဓားမျှော်စင်က ဓားဝိညာဉ်တွေကို မပျက်စီးစေချင်ဘူး။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကလဲ အဲဒါတွေကိုကာကွယ်နိုင်စွမ်းရှိတယ်"
"အကြီးအကဲကျိုးရှင်းက အဲလောက်စွမ်းနိုင်ပါ့မလား"
"အဲဒီ့ကလေးကို ပြောချင်တာမဟုတ်ပါဘူး။ ဓားဝိညာဉ်ကို ထိန်းထားဖို့ဆို သခင်တစ်ယောက်ရှာရင်ရာ ဒါမှမဟုတ် ဓားတွေရဲ့ ဝိညာဉ်ကို အဆင့်မြှင့်ရတယ်။
ငါတို့ဂိုဏ်းရဲ့ မြစ်ဝိညာဉ်လိုမျိုးပေါ့"
နတ်မယ်ပြောနေသည့်ရည်ရွယ်ချက် အကြမ်းဖျင်းနားလည်လာသဖြင့် လုယန် မျက်ခုံးလှုပ်သွားသည်။
"နတ်မယ်၊ ခင်ဗျားက အကျဉ်းထောင်တောင်ထိပ်က အကျဉ်းသားတွေကို ဓားဝိညာဉ်အဖြစ်သန့်စင်ပြီး ဓားမျှော်စင်ကဓားတွေနဲ့ ပေါင်းစပ်ချင်တဲ့သဘောလား"
"ဟုတ်တဲ့ အဲဒါဆို အဆင်ပြေသွားမယ်မဟုတ်လား"
"လုံးဝမဖြစ်ဘူး"
လုယန် အပြတ်ငြင်းသည်။ ထိုလုပ်ရပ်သည် တော်ဝင်ဂိုဏ်းတစ်ခု၏ လုပ်ရပ်မျိုးမဟုတ်။ ထိုမျှများပြားသည့် ဝိညာဉ်များကို သန့်စင်လျှင် နာကျည်းဒေါသလေပြင်းများ သရဲညည်းသံများ အကျဉ်းထောင်တောင်ထိပ်တွင် ဆူညံနေလိမ့်မည်။
အပြင်လူများက တာအိုလမ်းစဉ်ဂိုဏ်းကို နတ်ဆိုးဂိုဏ်းဟု မြင်လာနိုင်သည်။
"အဲလိုလုပ်ရင် ဒီကဝိညာဉ်ဓားတွေကို ဘယ်လိုယူရမှာလဲ။ ဒီဓားတွေအားလုံးကိုခိုးပြီး တာအိုလမ်းစဉ်ဂိုဏ်းကို ယူသွားရမှာလား။ ကျုပ်တို့က မသေမျိုးလမ်းမှန်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်ပါ။ ဒီလိုလုပ်လို့မဖြစ်ဘူး"
"အင်း...ဒါလည်းဟုတ်တယ်။ စိတ်မကောင်းစရာပဲ။ မဟာဓားဝိညာဉ်သန့်စင်ပွဲတစ်ခု စီစဉ်ပြီး နင့်ချင်ဖုန်းဓားထဲကို ကွမ်းရှန်ဟိုင်ရဲ့ဝိညာဉ်ထည့်ပေးဖို့ ငါစဉ်းစားထားတာ။ ဓားဝိညာဉ်ရှိလာရင် နင့်ဓားက ထိပ်တန်းမသေမျိုးလက်နက်ဖြစ်လာမှာ။ ယင်ထန်တောင် ဒါမျိုးဖန်တီးနိုင်မှာမဟုတ်ဘူး။
အဲ...နေဦး။ နင့်မသေမျိုးဓားမှာ ဝိညာဉ်ရှိဖို့ဆိုရင် ကွမ်းရှန်ဟိုင်ကို သန့်စင်နေစရာမလိုဘူး"
ချင်ဖုန်းဓားကို အဆင့်မြှင့်ဖို့ နတ်မယ် စိတ်ကူးကောင်းတစ်ခုရလာသည်။
"ခင်ဗျားပြောတာ ဘာအဓိပ္ပါယ်လဲ"
နတ်မယ် ထူးထူးဆန်းဆန်းပြုံးလိုက်သည်။
"ရှောင်ယန်၊ နင့်ချင်ဖုန်းဓားကို ထုတ်လိုက်ပါ"
လုယန် ချင်ဖုန်းဓားကို ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်လိုက်သည်။ နတ်မယ်ဘာလုပ်ချင်သည်ကိုတော့ သူနားမလည်သေး။
နတ်မယ်က သိစိတ်နယ်မြေမှ ပျံထွက်လာပြီး လုယန်လက်မောင်းမှတစ်ဆင့် ချင်ဖုန်းဓားထဲသို့ ဝှစ်ခနဲ ဒိုက်ပင်ထိုးချသွားသည်။
"အခု နင့်ချင်ဖုန်းဓားက ဓားဝိညာဉ်ရှိတဲ့ ထိပ်တန်းမသေမျိုးလက်နက်ဖြစ်သွားပြီပဲ မဟုတ်လား"
သိစိတ်နယ်မြေတွင် အမြဲနေခဲ့ရသဖြင့် နေရာပြောင်းရသည်ကလည်း သိပ်မဆိုးလှဟု နတ်မယ်တွေးသည်။
ထို့နောက် အလေးအနက်သတိပေးသည်။
"နင့်ဓားကို ကျောက်စိမ်းတံဆိပ်ထဲတော့ ပြန်မထည့်နဲ့"
"...ကောင်းပြီလေ"
လုယန် ချင်ဖုန်းဓားကို နှစ်ချက်ဝှေ့ယမ်းလိုက်သည်။ နတ်မယ်စကားအရဆိုလျှင် ဤဓားသည့်ယခု လောကတွင် စွမ်းအားအကြီးဆုံးလက်နက်ဖြစ်သည်။
သို့သော် လုယန်ထိုသို့မခံစားရ။ အရင်နဲ့ဘာမှမကွာဟုသာ ယူဆသည်။
"အကိုလုယန်၊ အကို့ဓားကို ဘာလို့ရုတ်တရက်ကြီးဆွဲထုတ်လိုက်တာလဲ"
မိန်ထိုက် တွေးရခက်နေသည်။ ခုနက လုယန်ပုံစံသည် ဝိညာဉ်တစ်ခု ဝင်ပူးကပ်လာသယောင်ထင်ရသည်။ တစ်ယောက်ယောက်ကို ခုတ်ပိုင်းတော့မည့်ဟန်ဖြင့် ချင်ဖုန်းဓားကို ဝှေ့ယမ်းနေသည်။
"ဘာရယ်မဟုတ်ပါဘူး။ ဓားကို လေကောင်းလေသန့် နည်းနည်းရှူခွင့်ပေးလိုက်တာပါ"
"ဪ"
လုယန်စကားကို မိန်ထိုက်နားမလည်။ သို့သော် ဓားကျင့်ကြံသူတို့သည် ဓားကို မြတ်နိုးစွဲလမ်းကြသည်။ ထို့ကြောင့် နည်းနည်းအူကြောင်ကြောင် အလေ့အထများရှိကြသည်မှာ မဆန်းလှ။
"ဒါနဲ့နတ်မယ်။ ယွမ်မုန်မုန်ဆိုတဲ့ကောင်မလေးက တစ်ခုခုမူမမှန်တာများရှိလား"
ယွမ်မုန်မုန် နည်းနည်းထူးဆန်းသည်ဟု လုယန်ခံစားရသည်။ ဘာမူမမှန်သည်ကိုတော့ မပြောတတ်။
နတ်မယ်က နှာခေါင်းတစ်ချက်ရှုံ့၍ မကျေမနပ်ပြောသည်။
"နင်ပဲ သူ့ကိုဟော့ပေါတွေကျွေး၊ မုန်တွေကျွေးနေခဲ့တာမဟုတ်လား။ ဘာတွေမူမမှန်တာရှိနိုင်မှာလဲ"
လုယန်သည် သူ့အပေါ် တစ်ခါမှ ထိုသို့မဆက်ဆံခဲ့ဖူး...
************************************
အခန်း (၉၀၂) ဓားဝိညာဉ်နှင့်ပိုင်ရှင်
"အကိုလု၊ အကို့ကိုတွေ့ချင်ကြတဲ့ ဓားမျှော်စင်ဂိုဏ်းက အကိုအမတစ်ချို့ရှိတယ်။ အခုသွားတွေ့ကြမလား"
"ကောင်းတာပေါ့။ သွားကြမယ်လေ"
လုယန် ပြုံး၍ပြန်ပြောသည်။ ချင်ဖုန်းဓားကို ခါးတွင်လွယ်လွယ်ချိတ်ထားလိုက်သည်။
အရင်ကက လုယန် ချင်ဖုန်းဓားကို အတတ်နိုင်ဆုံး အပြင်ထုတ်လေ့မရှိ။ ဤဓားသည် ဝူယော်ဖန်တီးခဲ့သည့် မသေမျိုးဓားဖြစ်သည်။ မဟာယုကျင့်ကြံသူများ ဓားကိုသတိထားမိပြီး ပြဿနာလာရှာမည်ကို စိုးရိမ်သည်။
နိယာမသခင် တာအိုလမ်းစည်ဂိုဏ်းကို တိုက်ခိုက်ခြင်းသည်။ ဤဓားကိုမှတ်မိသွားရာမှ အစပြုခဲ့သည်။ ဝူယောက်၏ အမွေအနှစ်များ ဂိုဏ်းထဲတွင် ဝှက်ထားသည်ဟု သူယူဆခဲ့သည်။
သို့သော်ယခု လုယန် စိုးရိမ်စရာမရှိတော့။ ချင်ဖုန်းဓားအကြောင်း သိသူအားလုံး အကျဉ်းထောင်တောင်ထိပ်သို့ ရောက်နေပြီဖြစ်သည်။ အပြင်လောကတွင် ထိုဓား၏ဇစ်မြစ်ကိုသိသူ တစ်ယောက်မှမရှိတော့။
ယွမ်မုန်မုန်က ချင်ဖုန်းဓားကိုစိုက်ကြည့်ပြီး အတွေးနက်နေသယောင်ရှိသည်။ ထူးဆန်းသည့် သူ့အမူအရာကို လုယန်သတိထားမိသည်။
"မိန်းကလေးယွမ်၊ တစ်ခုခုတွေးမိလို့လား"
"ရှင့်ကိုပြောထားတဲ့ ကျွန်မရဲ့အမကြီးဆိုတာကို မှတ်မိသေးလား"
"စွမ်းအားကြီးတယ်ဆိုတဲ့အမလား"
"ဟုတ်တယ်။ သူက ဓားတွေကို အတော်သဘောကျတယ်။ ခဏတောင် လျှို့ဝှက်လေ့ကျင့်ခဲ့သေးတယ်။ ဓားပညာကျမ်းတွေတော့ သူလေ့လာခဲ့တာအများကြီးပဲ။ ဒါပေမယ့် ဘာမှထူးထူးခြားခြားမအောင်မြင်ဘူး။
အခြေခံအဆင့်ကိုတောင် မကျော်နိုင်ဘူး။ နောက်ဆုံးတော့ ဓားပညာကို သူလက်လျှော့လိုက်တယ်"
လုယန်ပြုံးလိုက်သည်။
"ဓားပညာဆိုတာ အဲလိုပါပဲ။ ကြိုးစားရုံနဲ့ မအောင်မြင်နိုင်ဘူး။ ပါရမီနဲ့ နားလည်နိုင်စွမ်းဆိုတာလည်း လိုသေးတယ်။ ဓားပညာနဲ့ပတ်သက်ပြီး မင်းအမရဲ့ပါရမီက သာမန်ပဲရှိတဲ့သဘောပဲ။
ဒါပေမယ့် မင်းအမက ဓားပညာကို စိတ်ဝင်စားတယ်ဆိုတော့ သူ့ကို ငါနည်းနည်းလမ်းညွှန်ပေးလို့ရပါတယ်။ ငါ့ကိုယ်ငါ ချီးကျူးတာတော့မဟုတ်ဘူး။ ဓားလမ်းစဉ်မှာ ငါကနည်းနည်းတော့ ပါရမီပါတယ်။
ကျင့်ကြံမှုလောက လူငယ်မျိုးဆက်ထဲမှာ ငါ့ထက်ဓားပညာသာတဲ့လူ သိပ်များများမရှိလောက်ဘူး"
လုယန်စကားကြောင့် မိန်ထိုက်က ရယ်သည်။
"အကိုလုက ကိုယ့်ကိုယ်ကို နှိမ့်ချနေပြန်ပြီ။ လူငယ်မျိုးဆက်တွေထဲမှာ အကိုထက်ဓားပါရမီသာတဲ့လူ မရှိသလောက်ပါပဲ။ ရှေးဟောင်းခေတ်ကလာတဲ့ ဂိုဏ်းသခင်လုတစ်ယောက်ပဲ အကို့ကို ယှဉ်နိုင်လောက်တယ်။
ဒါပေမယ် တကယ်တမ်းပြောရရင် သူက ကျုပ်တို့လူငယ်မျိုးဆက်ထဲကမဟုတ်ဘူးလေ"
"သိပ်ကောင်းတာပေါ့"
ယွမ်မုန်မုန် သူ့အမကိုယ်စား ပျော်သွားသည်။ သူ့အမသည်လူငယ်မျိုးဆက်ဖြစ်သည်။ သို့ဆိုလျှင် သူ့အမ၏ပါရမီသည် လုယန်ကို မမီနိုင်လောက်။ လုယန်သင်ပြပေးလျှင် သူ့အမအတွက် အကျိုးရှိလိမ့်မည်။
ရှောင်ကျိသည် အိမ်ပြန်လာတိုင်း လက်ဆောင်များစွာယူလာသည်။ ယခု ရှောင်ကျိအတွက်ဆရာတစ်ယောက် ရှာပေးနိုင်ပြီဖြစ်၍ ကျေးဇူးပြန်ဆပ်သည့်သဘော သက်ရောက်သည်။
ဓားမျှော်စင်သည် အထပ်ဆယ့်ရှစ်ထပ်ရှိသည်။ ပထမရှစ်ထပ်ကို လူတိုင်းတက်ခွင့်ရှိသည်။ ဓားပွဲတော်တွင် ပါဝင်ကြမည့် ဓားကျင့်ကြံသူများ ဤနေရာတွင်ခဏနေဖို့ အခန်းတစ်ခန်း ရွေးချယ်နိုင်သည်။
ကျင့်စဉ်အထောက်အပံ့များကို ဓားမျှော်စင်က ပေးထားသည်။
ကိုးထပ်မှ ဆယ့်နှစ်ထပ်အထိကို ဓားမျှော်စင်အတွင်းတပည့်များ တပည့်စစ်များ ကျင့်ကြံသည့်နေရာအဖြစ် သတ်မှတ်ထားသည်။ ဓားမျှော်စင်၏ ဗဟိုချက်ဖြစ်သည်။ အပြင်လူများ ထိုအထပ်များသို့ တက်ခွင့်ရခဲသည်။ မိန်ထိုက်က လုယန်နှင့်ယွမ်မုန်မုန်ကို ထိုဆယ့်နှစ်ထပ်ဆီသို့ ခေါ်သွားသည်။
"ဟိုနှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့ကျတော့ ဘာကြောင့်အပေါ်တက်ခွင့်ရတာလဲ"
ရှစ်ထပ်မြောက်တွင် ဓားပညာအမြင်ဖလှယ်နေကြသည့် ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။ မိန်ထိုက်က ဓားမျှော်စင်ဝတ်စုံဝတ်ထားသည်။ အတွင်းတပည့်ဖြစ်ကြောင်း သိသာသည်။ သို့သော် လုယန်နှင့် ယွမ်မုန်မုန်က အပြင်လူများဖြစ်သည်။
"သူက လုယန်မဟုတ်လား။ သူ့ပုံတူပန်းချီကို ငါမြင်ဖူးတယ်။ သေချာတယ်၊ အဲဒါသူပဲ"
"အရှေ့ပင်လယ်ကို သူရောက်တုန်းက အရာအားလုံးကို ဓားအဖြစ်ပြောင်းနိုင်တဲ့အဆင့်ထိ နားလည်တတ်ကျွမ်းနေပြီလို့ကြားတယ်။ ဓားတစ်သောင်းအသွင်ပြောင်းပညာနဲ့ လူတွေကိုတောင် ဓားအဖြစ်ပြောင်းလဲနိုင်တယ်တဲ့"
"အဲဒီတုန်းက နတ်ဝိညာဉ်အဆင့်ပဲရှိသေးတာမဟုတ်လား။ ဒီအဆင့်နဲ့ ဒီပညာမျိုးသုံးနိုင်တယ်ဆော့ တကယ်အံ့ဩစရာပဲ"
ဓားပွဲတော်တွင် ပါဝင်ကြသူအားလုံးသည် ကိုယ်နည်းကိုယ့်ဟန်ဖြင့် ဓားရေးကျွမ်းကျင်ကြသူများဖြစ်သည်။ မာနလည်း နည်းနည်းကြိးကြသည်။ သို့သော် လုယန်၏ဓားပါရမီကိုတော့ သူတို့လုံးဝမယှဉ်နိုင်ကြ။
ယှဉ်ပြိုင်ဖို့ပင် မဝံ့ရဲကြ။
ထောင်တစ်နေရာတွင်ထိုင်နေသည့် အမည်မသိဓားသမားတစ်ယောက်မျက်နှာတွင် တွန့်ပြုံးရိပ်ပေါ်လာသည်။
"လုယန်တဲ့လား...ဟား၊ သူက ငါ့ဓားစမ်းသပ်ဖို့ ထိုက်တန်တဲ့လူလားဆိုတာ ကြည့်ရသေးတာပေါ့"
နောက်ထပ်ထောင့်တစ်နေရာတွင် နောက်ထပ်အမည်မသိဓားသမားတစ်ယောက်ကလည်း လုယန်ကို လှေခါးတက်မှပျောက်သွားသည်အထိ စိုက်ကြည့်သည်။
"သူကအဲလောက်လည်း အထင်ကြီးစရာမရှိပါဘူး"
ပထမဓားသမားက သူ့စကားကိုကြားသဖြင့် မကျေမနပ်ဖြစ်သွားသည်။
"ဟေ့၊ မင်းစကားကို ကြည့်ပြောစမ်းကွ။ လုယန်က ငါရွေးထားတဲ့ ပြိုင်ဘက်ပဲ။ မင်းစကားက ငါ့ဓားစွမ်းကို သာမန်ပဲလို့ပြောနေတာလား"
ဒုတိယဓားသမားက လှောင်ပြုံးပြုံးသည်။
"ပြောတော့ဘာဖြစ်လဲကွာ"
ဓားသမားနှစ်ယောက် အချင်းချင်း စိုက်ကြည့်ကြသည်။ သူတို့ညာလက်များက ဓားလက်ကိုင်ရိုးကို မသိမသာဆုပ်ကိုင်ထားသည်။ တစ်ခုခုအဆင်မချောသည်နှင့် ဓားဆွဲထုတ်၍ခုတ်ရန် အသင့်ပြင်ကြသည်။
ထိုအချိန်တွင် ဓားမျှော်စင် အပြင်ဂိတ်တပည့်တစ်ယောက်က အကြီးအကဲတစ်ယောက်နှင့်အတူ ရှစ်ထပ်သို့ ရောက်လာပြီး ထိုဓားသမားနှစ်ယောက်ကို လက်ညှိုးထိုးပြသည်။
"အကြီးအကဲ၊ အဲဒီ့နှစ်ယောက်ပဲ။ သူတို့က ဂိတ်တံခါးစာရင်းသွင်းတဲ့နေရာမှာ နာမည်တောင်မပြောဘဲ ကျုပ်တို့ဓားမျှော်စင်ထဲကို ခိုးဝင်သွားတာ"
အကြီးအကဲက ထိုနှစ်ယောက်ကို ငုံ့ကြည့်သည်။
"မင်းတို့က စာရင်းမသွင်းဘဲနဲ့ ဝင်လာတယ်ပေါ့။ ငါမင်းတို့ကို အပြင်ထုတ်ပေးရမလား။ ဒါမှမဟုတ် ကိုယ့်ဘာသာထွက်သွားမလား"
ဓားသမားတစ်ယောက်က လှောင်ပြုံးပြုံး၍ အကြီးအကဲကို ထီမထင်ဟန်ဖြင့်ကြည့်သည်။
"ကျုပ်ကို အတင်းဆွဲထုတ်ချင်တယ်ပေါ့။ ဓားမျှော်စင်က ဧည့်သည်တွေကို အဲလိုပဲဆက်ဆံတာလား။ ကျုပ်ဘယ်သူလဲဆိုတာသိလား"
အကြီးအကဲက နောက်ထပ်ဘာစကားမှမပြောဘဲ ပြတင်းပေါက်ဖွင့်၍ ထိုနှစ်ယောက်ကို အပြင်သို့လွှင့်ပစ်လိုက်သည်။
"ရူးများနေလားကွာ။ ဂိတ်တံခါးမှာတုန်းက နာမည်မပြောဘဲ အခုမှပြောချင်တယ်ပေါ့။ နောက်ကျသွားပြီကွ"
.....
"အမရှောင်မိ၊ အကိုယွဲ့၊ ကျုပ်ခေါ်လာတာဘယ်သူလဲ ကြည့်ပါဦး"
မိန်ထိုင်က လူနှစ်ယောက်ကို ဆယ်နှစ်ထပ်မြောက်မှ ကျောက်သားခန်းမတစ်ခုသို့ ခေါ်လာသည်။ ထိုအခန်း လူခြောက်ယောက်စုဝေးနေကြသည်။
မိန်ထိုက်အပြင် ဓားမျှော်စင်၏ တစ်ခြားပါရမီရှင် တပည့်ခြောက်ယောက်ဖြစ်သည်။
"နှုတ်ဆက်ပါတယ်မိတ်ဆွေတို့။ ကျုပ်က လုယန်ပါ"
လုယန်က ချင်းဖုန်းဓားကိုအောက်သို့စိုက်ကိုင်၍ လက်နှစ်ဘက်ဆုပ်အရိုအသေပြုသည်။
"လုယန်၊ ငါတို့မင်းနာမည်ဂုဏ်သတင်းကို လေးစားနေတာကြာပါပြီ"
ဓားမျှော်စင်တပည့်ခြောက်ယောက်က မတ်တပ်ရပ်ပြီး ပြန်နှုတ်ဆက်သည်။ လုယန်ကိုတွေ့ရသဖြင့် သူတို့ပျော်သည်။ သူတို့လေးစားသည်ဟူသည့်စကားသည် အပေါ်ယံပြောခြင်းမဟုတ်။
"ဒါက မိန်းကလေးယွမ်ပါ။ အခုကျုပ်နဲ့ အဖော်လိုက်နေတာ"
"မင်္ဂလာပါ မိန်းကလေးယွမ်"
"အားလုံးပဲ မင်္ဂလာပါရှင်"
ယွမ်မုန်မုန် အလိုက်တသိ ဘေးတွင်ရပ်နေသည်။ နောက်ထပ်ဘာမှမပြော။ အပြင်လောကအကြောင်း သိပ်မသိ။ စကားများများပြောလျှင် အမှားပါနိုင်သည်။
"လာပါ လာပါ၊ အကိုလုယန်ကို ကျုပ်မိတ်ဆက်ပေးမယ်။ သူက အမမီလီတဲ့။ အားလုံးကတော့ အမရှောင်မီလို့ပဲ ခေါ်ကြတယ်"
ရှောင်မီ၏ စွမ်းအင်ရောင်က တက်လိုက်ကျလိုက်လှုပ်ရှားနေသည်ကို လုယန်သတိထားမိသည်။ လေဟာနယ်သန့်စင်အဆင့်၏ လက္ခဏာဖြစ်သည်။
"ဒါက အကိုယွဲ့ချွန်ပါ။ မျှော်စင်သခင်ရဲ့ ဘယ်လက်ရုံးတပည့်ပါ"
ယွမ်ချန်က နှာဘူးရုပ်ကျသည်။ မိန်းမတစ်ယောက်ကို ရင်ခွင်ထဲပွေ့ဖက်ထားသည်။
"ဒါက အကိုလီထန်းပါ။ မျှော်စင်သခင်ရဲ့ ညာလက်ရုံးတပည့်ပါ"
လီထန်းက စကားသိပ်မပြော။ မျက်နှာတည်ကြည်သည်။ ဓားတစ်ချောင်းပိုက်ထားသည်။ ဆံပင်ရှည်များကို ကျစ်ဆံမြီးထိုးထားသည်။ လုယန်ကို ဘာစကားမှပြန်မပြောဘဲ ခေါင်းတစ်ချက်သာငြိမ့်ပြသည်။ ဓားသမားတစ်ယောက်၏ ဟန်ပန်မျိုးအပြည့်ရှိသည်။
ထိုစဉ် အသံတိတ်နေသည့် ယွမ်မုန်မုန်က ဝင်မေးသည်။
"ဘယ်လက်ရုံးညာလက်ရုံးတပည့်ဆိုတာ ဘာကိုပြောချင်တာလဲ"
"အစက မျှော်စင်သခင်က အတော်ဆုံးတပည့်တစ်ယောက်ကိုပဲ တပည့်လက်ခံဖို့ ဆုံးဖြတ်ထားတာ။ ဒါပေမယ့် ဒီအကိုနှစ်ယောက်လုံးက တော်နေတော့ ရွေးရခက်သွားတယ်။ ဒါကြောင့် နှစ်ယောက်လုံးလက်ခံလိုက်တယ်။
မျှော်စင်သခင်ကလည်း ပြောတယ်။ ဂိတ်တံခါးတိုင်းမှာ တံခါးရွက်နှစ်ခုရှိတယ်။ ဒါကြောင့် တပည့်နှစ်ယောက်လက်ခံတာလည်း မဆန်းပါဘူးတဲ့။
...အကိုထန်က ရှက်တတ်တယ်။ စကားသိပ်မပြောဘူး။ သူ့ကို တစ်မျိုးမမြင်ပါနဲ့ အကိုလုယန်"
မိန်ထိုက်က အားလုံးကို မိတ်ဆက်ပေးသော်လည်း ယွမ်ချွန်လက်ထဲမှ မိန်းကလေးကို မိတ်ဆက်မပေး။ ထို့ကြောင့် လုယန်စိတ်ဝင်စားသွားသည်။
"ဒါဆို သူကရောဘယ်သူလဲ"
"ဪ..ကျုပ်သူ့ကို မိတ်ဆက်ပေးဖို့မေ့သွားတယ်။ သူက အကိုယွဲ့ချွန် ကျင့်ကြံထားတဲ့ ဓားဝိညာဉ်ပါ။ တကယ်အံ့ဩစရာ ဝိညာဉ်မျိုးပါ။ အကိုယွဲ့ချွန်က သူ့ဓားဝိညာဉ်နဲ့ ဆက်ဆံရေးတိုးတက်အောင် ကြိုးစားနေတာ။
ကျုပ်တို့ဓားမျှော်စင်ဂိုဏ်းရဲ့ လက်ရှိမျိုးဆက်တပည့်တွေကြားမှာ ဓားဝိညာဉ်ပိုင်ဆိုင်ထားတာ သူတစ်ယောက်ပဲရှိပါတယ်"
*****************************
အခန်း (၉၀၃) ဓားပွဲတော်
ဓားဝိညာဉ်အစစ်ကို လုယန်ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူ့ချင်ဖုန်းဓားထဲမှ ဓားဝိညာဉ်နှင့်မတူ။
ယွဲ့ချွန်၏ ဓားဝိညာဉ်က တကယ်အဆင့်မြင့်သည်။ သူသည်ပင် ဓားဝိညာဉ်မှန်း မရိပ်မိခဲ့။
ယွဲ့ချွန် ပြုံးနေသည်။ သူ့မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားရိပ်က ဖုံးဖိမရပေါ်လွင်နေသည်။
"ငါစကျင့်ကြံတုန်းက ကံကောင်းထောက်မပြီး ဝိညာဉ်အပြည့်နိုးထနေတဲ့ ဓားတစ်လက်တွေ့တယ်။ အဲဒီဓားကို ငါစိတ်နှစ်ကိုယ်နှစ်လေ့ကျင့်ပေးရင်းနဲ့ အားလန်ကို မွေးထုတ်နိုင်ခဲ့တာပဲ"
သူ့ဓားနာမည်က လန်ယန်ဖြစ်သည်။ ဓားဝိညာဉ်က သူ့ကိုယ်သူ အားလန်ဟု နာမည်ပေးသည်။
အားလန်နှင့် သံယောက်ဇာဉ်ခိုင်မာစေရန် နေ့ဘက်တွင် အမြဲမပြတ်ပွေ့ဖက်ထားပြီး ညဘက်တွင် ဓားအားဖြည့်ကျင့်စဉ်များဖြင့် အားလန်အခြေအနေကို တိုးတက်အောင်လုပ်သည်။
လူပေါင်းများစွာ သူ့ကိုအားကျကြသည်။
"သူတစ်ယောက်ပဲ ဓားဝိညာဉ်ရှိတယ်ထင်နေလားမသိဘူး။ ရှောင်ယန်၊ ငါလူလုံးထွက်ပြလိုက်မယ်။ ဒါမှသူတို့ ပါးစပ်အဟောင်းသားဖြစ်သွားကြမှာ"
လုယန်အကြောခံနေရသည်ကို နတ်မယ်သည်းမခံနိုင်။
မဟာပဲဝါနိုင်ငံသည် ကျယ်ပြန့်သည်။ လူနေကျဲပါးသည်။ နိုင်ငံ့ဒေါက်တိုင်၊ အနာဂတ်အင်ပါယာလောင်းဖြစ်သည့် ရှောင်ယန်ကို ဝိညာဉ်မဲ့ဓားတစ်လက်ကိုင်ရသည့်အခြေအနေမျိုး သူအဖြစ်မခံနိုင်။
အင်ပါယာအရှင်မဟူသည့်ရာထူးကို နတ်မယ်အတော်သဘောကျသည်။ တစ်ချိန်တည်းမှာပင် လုယန်၏ ဒုတိယနတ်ဝိညာဉ်နှင့် ဓားဝိညာဉ်အဖြစ်လည်း ဆောင်ရွက်ပေးသည်။ သမိုင်းတွင် ဝန်ကြီးများအပေါ် ထိုမျှဂရုစိုက်သည့် အင်ပါယာမျိုး နောက်တစ်ယောက်ရှိမည်မထင်။
"မလုပ်နဲ့၊ မလုပ်နဲ့၊ မလုပ်ပါနဲ့ နတ်မယ်။ ခင်ဗျားဝိညာဉ်ခန္ဓာကို ဓားထဲမှာပဲ ဆက်အားဖြည့်နေပါ"
လုယန် အမြန်တားရသည်။ နတ်မယ်ထွက်လာလျှင် ပြဿနာတက်လိမ့်မည်။ သူ့ဓားဝိညာဉ်နှင့် ဘယ်လိုဆက်သွယ်မိခဲ့သလဲဟု တစ်ယောက်ယောက်က မေးလာလျှင် အလိမ်ပေါ်လာလိမ့်မည်။
ရှောင်မီတို့လူစုက လုယန်နှင့်အတူ ဓားပညာအကြောင်း စိတ်အားထက်သန်စွာဆွေးနွေးကြသည်။ စိတ်ချင်းတူသည့် အဖော်တစ်ယောက်ရသလို ခံစားမိကြသည်။
လုယန်၏ ထူးခြားသည့် ဓားပညာအတွေးအမြင်များကို နားထောင်ပြီးနောက် ဉာဏ်အလင်းတစ်ချို့ရသွားသည်။
မျက်တောင်တစ်ခတ်အတွင်း တစ်နေ့တာအချိန်က ကုန်လွန်သွားသည်။
"ဓားပွဲတော်က စတော့မယ်။ သွားကြစို့"
ရှောင်မီက အဖွဲ့ကိုဦးဆောင်၍ အောက်ထပ်သို့ဆင်းသည်။
ဓားပွဲတော်နေရာကို ဓားမျှော်စင်ဘေးတွင် ကပ်လျက်ပြင်ဆင်ထားသည်။ ဓားရတနာတိုက်နှင့်နီးသည့် နေရာတွင် လွယ်လွယ်ပြင်ဆင်ထားခြင်းဖြစ်သည်။
မိန်ထိုက်ရှင်းပြချက်အရ ဓားပွဲတော်ကို အရင်ကလိုပင်သုံးဆင့်စီစဉ်ထားသည်။ မျှော်စင်သခင် မိန့်ခွန်းပြောမည်။ ဓားမေးပြိုင်ပွဲလုပ်မည်။ ဓားမေးပြိုင်ပွဲတွင် ဝင်ပြိုင်မည့်သူများကို ကျင့်စဉ်အဆင့်အရ မဆုံးဖြတ်။ ဓားပညာနားလည်မှုအရသာဆုံးဖြတ်မည်။
တတိယအဆင့်က ဓားရတနာတိုက်သို့သွား၍ ဝိညာဉ်ဓားများ ကံစမ်းကြမည်။
ဓားပွဲတော်သို့လာသည့် ဓားကျင့်ကြံသူများသည် အဓိကအားဖြင့် ဒုတိယအဆင့်ဖြစ်သည့် ဓားမေးပြိုင်ပွဲအတွက် လာကြခြင်းဖြစ်သည်။ ကိုယ့်ဓားပညာနားလည်မှုကို လောက၏ဓားသမားအားလုံးရှေ့တွင် သက်သေပြ၍ ဂုဏ်ဆောင်နိုင်မည့်အခွင့်အရေးဖြစ်သည်။
တစ်ချိန်က တာအိုရှင်ဝစီပိတ်သည် ဓားမေးပြိုင်ပွဲတွင် ပထမရခဲ့ဖူးသည်။ မျှော်စင်သခင်ကို အနိုင်ယူသည်။ စွမ်းအားအကြီးဆုံး ဓားကျင့်ကြံသူဟူသည့် ဘွဲ့နာမည်ကို ရခဲ့သည်။
"ငါ့ဓားချက်ကိုကြည့်"
"ခွန်လွန်ဓားစွမ်းအား"
"မိုးမြေဓားချက်"
"ဒေါင်းပျံဓားချက်"
ပွဲတော်မစမီ ရထားသည့်အချိန်ခဏကို အခွင့်ကောင်းယူ၍ ဓားကျင်ကြံသူအတော်များများက ပွဲတ်ောကျင်းပသည့်နေရာတွင် လက်ရည်စမ်းနေကြသည်။
တစ်ချို့က လေဟာနယ်ကို ထိုးခွဲနိုင်သည့် တောက်ပစူးရှသည့် ဓားချက်များပြကြသည်။ တစ်ချို့က ဒေါင်းပျံသလို သွက်လက်မြန်ဆန်သည့် ဓားပညာမျိုးပြကြသည်။ ဓားချက်တစ်ချက်တွင် အရိပ်တုများစွာပါသည်။ ဓားချက်အစစ်ကို ခန့်မှန်းဖို့မလွယ်။
တစ်ချို့က ရေဘဝဲလက်တံကဲ့သို့ ဓားရှစ်ချောင်းကို အဆက်မပြတ်လှည့်ပတ်၍ ပြိုင်ဘက်ကို ပိတ်ဆို့သည်။
အရင်က ဓားကျင့်ကြံသူများကို ဟိုနေရာဒီနေရာသာ ခွဲမြင်ဖူးသဖြင့် လုယန်သိပ်အရေးမစိုက်မိခဲ့။ ယခု ဓားသမားအားလုံး ဤနေရာတွင် စုဝေးနေသည့်မြင်ကွင်းက တကယ်အားရစရာကောင်းသည်။ ဓားစွမ်းအင်ရောင်များစွာ လွင့်ပျံနေသည်။
တာအိုရှင်ဝစီပိတ်လိုလူမှလွဲလျှင် ဓားသမားအများစုက ပုံမှန်အားဖြင့် မျက်နှာထားတည်ကြည်၍ တစ်သီးတစ်သန့်နေတတ်ကြသည်။ သူတို့ဓားအပေါ်သာ စိတ်နှစ်ထားသည်။ တစ်ခြားလူများနှင့် သိပ်အရောဝင်လေ့မရှိ။
ယခု ဓားမျှော်စင်သို့ရောက်သည်နှင့် စိတ်တူကိုယ်တူ ဓားသမားများ အစုငယ်များခွဲ၍ စကားလက်ဆုံပြောနေကြသည်။ အများစုက တစ်ယောက်နှင့်တစ်ယောက် မသိကြသော်လည်း ခဏစကားပြောပြီးသည်နှင့် ခင်မင်သွားကြသည်။
ထိုအချက်ကလည်း ဓားသမားများ ဓားပွဲတ်ောကို စိတ်ဝင်စားကြသည့် အကြောင်းရင်းဖြစ်သည်။
ဓားသမားတိုင်းတွင် ထူးခြားသည့် ဓားစွမ်းအင်ရောင်ရှိသည်။ ထိုစွမ်းအင်ရောင်များ အတုစုစည်းလာသည်နှင့် အားစိုက်လှုပ်ရှားစရာမလိုဘဲ ကောင်းကင်တိမ်တိုက်များကို အလိုလိုဖျောက်ဖျက်နိုင်စွမ်းရှိသည်။ မှော်စွမ်းအားလုံးဝသုံးစရာမလို။
ထို့ကြောင့်ယခု ကောင်းကင်နေရောင်က တောက်ပကြည်လင်နေသည်။
လုယန် ပူပြင်းသည့်နေမင်းကို မော့ကြည့်၍ တွေးနေသည်။ ဘာကြောင့် တိမ်တစ်စုလောက် သူ့ခေါင်းပေါ်မကျန်ခဲ့သည်မသိ။ သူ့အတိတ်ဘဝက စစ်ရေးလေ့ကျင့်ပေးသည့် နည်းပြဆရာသည်ပင် လေ့ကျင့်သည့်အချိန်တွင် အရိပ်ရသည့်နေရာကိုသာ ရွေးချယ်သည်။
အခြေအနေသာပေးလျှင် ဓားတစ်သောင်းပညာကိုသုံး၍ အရိပ်ဖန်တီးမိမည်သာဖြစ်သည်။
ဓားမျှော်စင်သခင်က စင်မြင့်ထက်မှ မိန့်ခွန်းပြောနေသည်။ သူဘာပြောနေသည်ကို လုယန်ကောင်းကောင်းမကြားရ။ မိန်ထိုက် သိစိတ်အာရုံမှတစ်ဆင့် သတိထားသင့်သည့် ဓားကျင့်ကြံသူတစ်ချို့ကို ဆက်တိုက်မိတ်ဆက်ပေးနေသောကြောင့်ဖြစ်သည်။
"ဟိုအရပ်မြင့်မြင် ကိုယ်ဟန်သွယ်သွယ် အစိမ်းရောင်ဝတ်စုံနဲ့လူက နတ်ဆိုးနယ်မြေကလာတဲ့ တွမ်ချန်ချင်းပဲ။ သူက သိစိတ်ဖွံ့ဖြိုးလာတဲ့ ဝါးတစ်ပင်ပါ။ သူ့ဝါးပင်တစ်ပိုင်းကို ဓားပုံစံထွင်းပြီး လက်နက်အဖြစ်သုံးတယ်"
ဝိညာဉ်သစ်ပင်များ သိစိတ်ဖွံ့ဖြိုးရဖို့ အလွန်ခက်ခဲသည်။ သို့သော် ဖွံ့ဖြိုးလာပြီဆိုလျှင်လည်း ကောင်းကင်ပါရမီမျိုးကို ပိုင်ဆိုင်ကြသည်။ သိစိတ်ဖွဲ့ဖြိုးခဲ့သည့် ဝိညာဉ်ပင်များကြားတွင် အမြင့်ဆုံးအောင်မြင်မှုရခဲ့သူက အချိန်မသေမျိုးဖြစ်သည်။
ယခု လီဟော်ရန်အဖြစ် ပြန်ဝင်စားနေသည်။
"ဟိုယောက်ျားမိန်းမခွဲမရတဲ့လူက ကပ်ဆိုးမျိုးနွယ်က ချိုခွန်း။ သူ့ကို ကူးဖြတ်ခြင်းအဆင့် ကပ်ဆိုးမျိုးနွယ်ဘိုးဘေးက အရမ်းတန်ဖိုးထားတယ်လို့ ပြောကြတယ်။ ကပ်ဆိုးမျိုးနွယ် အနာဂတ်ခေါင်းဆောင်အဖြစ် သူ့ကိုသတ်မှတ်ပြီးပြီတဲ့"
လုယန် ချိုခွန်းကို သေချာလှမ်းကြည့်သည်။ နတ်ဆိုးနယ်မြေမှ ဖန်တီးခြင်းရှေးဟောင်းလျှို့ဝယ်မြေထဲတွင် ကပ်ဆိုးမျိုးနွယ် ပါရမီရှင်များနှင့် ကြုံဖူးသည်။ သို့သော် ထိုအချိန်က တိုက်ခိုက်ရင်း အလုပ်များနေသဖြင့် ဘယ်သူဘယ်မျိုးနွယ်ကဆိုသည်ကို သေချာအကဲခတ်ခွင့်မရခဲ့။
ချိုခွန်းကို ထိုစဉ်က သူမတွေ့ခဲ့။ ထို့ကြောင့် ချိုခွန်းသည့် သူ့ထက် အသက်ပိုကြီးပြီး ကျင့်စဉ်အဆင့်လည်း သူ့ထက်ပိုမြင့်လောက်သည်။ ဘယ်လောက်မြင့်သည်ကိုတော့ သေချာမသိ။
ကပ်ဆိုးမျိုးနွယ်သည် လိင်အတည်တကျမရှိ။ အဖိုအမ လိုသလိုပြောင်းလဲနိုင်သည်။ ကျားမခွဲခြားမရသည့် ရုပ်သွင်မျိုးရှိကြသည်။ ထို့ကြောင့်လည်း လူအများက သူတို့ကို လေးစားသည့်အနေဖြင့် ခပ်ခွာခွာနေသည်။
ချိုခွန်းက လုယန်၏အကြည့်ကို အာရုံခံမိဟန်ဖြင့် ဖျတ်ခနဲလှည့်ကြည့်လာသည်။ လုယန် ချက်ချင်း ရှေ့သို့ခေါင်းပြန်လှည့်လိုက်သည်။
"ဘာဖြစ်တာလဲ ချိုခွန်း"
သူ့ဘေးမှ ခွေးနက်ကြီးတစ်ကောင်ကမေးသည်။ ထိုခွေးသည် ကောင်းကင်ခွေးမျိုးနွယ်မှ ပါရမီရှင်တစ်ယောက်ဖြစ်သည်။ ဓားတစ်လက်ကို ပါးစပ်ထဲတွင် ကိုက်ထားသည်။
ငယ်စဉ်က ဓားပညာကို မူလအသွင်ဖြင့် လေ့ကျင့်ခဲ့သည်။ ယခု လူအသွင်ပြောင်းနိုင်စွမ်းရှိလာသော်လည်း မူလအသွင်ဖြင့် ဓားကိုင်ရသည်ကိုသာ သူပို၍သဘောကျသည်။
"တစ်ယောက်ယောက်က ငါ့ကိုကြည့်နေသလို ခံစားရလို့ပါ။ ငါစိတ်ထင်တာလည်း ဖြစ်ချင်ဖြစ်မယ်"
"မင်းကို အထီးလားအမလား ခန့်မှန်းနေတာဖြစ်မှာပေါ့ကွာ"
ခွေးနက်က ထူးဆန်းသည့်အသံဖြင့် ရယ်၍ပြောသည်။ နတ်ဆိုးနယ်မြေမှ နတ်ဆိုးများသည် မကြာခဏဆိုသလို ချိုခွန်း၏လိင်ကို ခန့်မှန်းတတ်ကြသည်။
ချိုခွန်းက ခွေးနက်ကို ဒေါသဖြင့်စိုက်ကြည့်သည်။
"ပါးစပ်ပိတ်ထားစမ်းပါ။ သွားရေယိုနေတဲ့ကောင်ရဲ့"
ပါးစပ်ထဲတွင် ဓားကိုက်ထားရသည့် ပြဿနာက ထိုအချက်ဖြစ်သည်။ သွားရေအဆက်မပြတ်ယိုသည်။
"ဟိုတစ်ယောက်က အရှေ့ပင်လယ်က လိပ်နက်မျိုးနွယ် ရွှမ်ရွှမ်တဲ့။ လိပ်နက်မျိုးနွယ်တွေဟာ ခံစစ်အားကောင်းလို့ နာမည်ကျော်တယ်။ ဒါပေမယ့် ရွှမ်ရွှမ်က ဓားနဲ့တိုက်ခိုက်တာကိုပဲ ပိုသဘောကျတယ်။
သူနဲ့ရွှယ်တူမျိုးနွယ်ဝင်တွေရဲ့ လိပ်ခွံဟာ သူ့ဓားချက်ကို မခံနိုင်ဘူးလို့ပြောကြတယ်"
ရွှမ်းရွှမ်က အသားမည်းမည်း လူကောင်ထွားထွားပုံစံဖြစ်သည်။ လက်ကိုင်တွင် လိပ်ငယ်တစ်ကောင်ပုံရေးထွင်းထားသည့် ဓားပြားကြီးတစ်လက်ကိုင်ထားသည်။
နဂါးအိုမွေးနေ့စားသောက်ပွဲတွင် ကူးဖြတ်ခြင်းအဆင့် လိပ်နက်မျိုးနွယ်ခေါင်းဆောင်ကို လုယန်မြင်ဖူးသည်။ သို့သော် လူငယ်မျိုးနွယ်ဝင်များကို တွေ့ခွင့်မရခဲ့။
မျှော်စင်သခင်၏မိန့်ခွန်းက မဆုံးသေးသဖြင့် ယွမ်မုန်မုန် စက္ကူထီးတစ်ခုကိုဖွင့်ပြီး မုန်နှစ်ခုအသာထုတ်၍ အသံတိတ်စတင်စားသောက်သည်။