အခန်း (၉၀၄-၉၀၆)
Vol. 61 Ch. 904-906
အခန်း (၉၀၄) ဓားနှလုံး
မျှော်စင်သခင် ဆက်ပြောသည်။
"ဓားကိုင်ရုံနဲ့ ဓားကျင့်ကြံသူဖြစ်မလာဘူး။ အဲလိုသာဆိုရင် လူတိုင်း ဓားကျင့်ကြံသူဖြစ်ကုန်မှာပေါ့"
လုယန် အသံတိတ်ခေါင်းငြိမ့်သည်။ မျှော်စင်သခင်၏စကား မှန်သည်။ ကျင့်ကြံသူတိုင်းက ဓားမသေမျိုးဖြစ်ဖို့ စိတ်ကူးယဉ်ကြသည်။ ဓားကိုလက်နက်အဖြစ်စမ်းသုံးကြည့်မှ သူတို့နှင့်မသင့်တော်မှန်း နားလည်လာပြီး လက်လျှော့လိုက်ကြသည်။
"ဒါဆို ဓားကျင့်ကြံသူဆိုတာ ဓားပါရမီရှိတဲ့လူလား။ အဲလိုလည်း မဟုတ်သေးဘူး။ ဓားကျင့်ကြံသူအစစ်ဟာ သာမန်လူတွေထက်ထူးခြားတဲ့ ဓားပါရမီရှိရသလို ကိုယ့်ဓားအပေါ် အလေးထားတဲ့ ဓားနှလုံးကိုလည်း မွေးမြူနိုင်ရတယ်"
"ဓားနှလုံးဆိုတာလည်း ရှိသေးတာလား"
လုယန်စဉ်းစားသည်။ သူ့ဆရာရော အမယွမ်ကပါ ထိုအကြောင်း တစ်ခါမှမပြောဖူး။
ဓားကျင့်ကြံသူစုဝေးပွဲများသို့ မကြာခဏတက်ဖို့လိုသည်ဟု လုယန်တွေးမိသည်။ သူ့ဆရာက တစ်နှစ်တစ်ခါပင် တွေ့ရခဲသည်။ အခြေတည်အဆင့်ရောက်ပြီးနောက် အမယွမ်ကသူ့ကို ဘာဓားပညာမှ မသင်တော့။ နတ်မယ်ဆို ပိုဝေးသေးသည်။ ဓားပညာအကြောင်း ဘာဆိုဘာမှမသိ။
"ဓားမေးမြန်းပွဲကို နှစ်ပိုင်းခွဲထားတယ်။ ဓားနှလုံးမေးမြန်းပွဲနဲ့ ဓားစွမ်းအင်မေးမြန်းပွဲပါ။ ဓားနှလုံးမေးမြန်ပွဲဆိုတာ လူတွေရဲ့ ဓားနှလုံးသားကို စမ်းသပ်တာပဲ"
ထိုစကားကြောင့် လုယန်နည်းနည်း စိတ်မသက်မသာဖြစ်လာသည်။ ဓားစွမ်းအင်ပြိုင်ပွဲဆိုလျှင် သူဘယ်သူ့ကိုမှမကြောက်။ သို့သော် ဓားနှလုံးဆိုသည့်အကြောင်းကို သူဘာမှမလေ့လာရသေး။ ဘယ်လိုလုပ်ရမည်မသိ။
ကျင့်ကြံသူအားလုံး၏ ခြေထောက်အောက်တွင် မှော်စက်ဝန်းတစ်ခုပေါ်လာပြီး အလင်းတန်းတစ်ခုထိုးတက်၍ လူတိုင်းကိုလွှမ်းခြုံသွားသည်။
"ဒါဟာ ဓားမေးမြန်းမှော်စက်ဝန်းပဲ။ ဒီမှော်စက်ဝန်းထဲကို ဓားနှင့်ပတ်သက်တဲ့ အလိမ်အညာတွေ မဝင်နိုင်ဘူး"
ထိုစက်ဝန်းသည် ဓားမျှော်စင်၏ အဓိကပညာရပ်များထဲမှ တစ်ခုဖြစ်သည်။ ဓားမျှော်စင်အဓီပဓိ ဓားကျင့်ကြံရင်း အလိုလိုနားလည်လာသည့် မှော်စက်ဝန်းပညာဖြစ်သည်။ ဓားနှလုံးကို နားလည်နိုင်ရန်အတွက် များစွာအကျိုးရှိသည်။
ထိုမှော်စက်ဝန်းသည် စိတ်နှလုံးဉာဏ်အလင်းကျင့်စဉ်နှင့် နည်းနည်းတူသည်ဟု လုယန်ခံစားရသည်။ တစ်ချို့အပိုင်းများတွင် ထိုမှော်စက်ဝန်းနည်းလမ်းက ပို၍ပင်နက်နဲသေးသည်။
ဓားမေးမြန်းမှော်စက်ဝန်းသည် အမှန်တရားနှင့်မုသားကို ခွဲခြားနိုင်သည်။ သို့သော် တိုက်ရိုက်မေးမြန်းခြင်းတော့ မပြုနိုင်။ ဓားမျှော်စင်တွင် အကြီးအကဲဆယ့်နစ်ယောက်နှင့် မျှော်စင်သခင်တစ်ယောက်ရှိသည်။ ဓားကျင့်ကြံသူများကို စမ်းသပ်ရန် သူတို့ကိုယ်တိုင် ကွင်းထဲသို့ဆင်းလာသည်။
သူတို့ထဲတွင် လူကြည့်အများဆုံးက ဓားမျှော်စင်သခင်ဖြစ်သည်။ သူရွေးချယ်သည့် ဓားကျင့်ကြံသူများသည် သူ့အလေးအထားမှုကိုရသည့် သဘောဖြစ်သည်။
ဓားမျှော်စင်သခင်က အရင်ဆုံး ဝါးစိမ်းဂိုဏ်းမှ တွမ်ချန်ချင်းဆီ လျှောက်သွားသည်။
"တွမ်ချန်ချင်း၊ မင်းက ခံစားချက်ဓားပညာကို ကျင့်ကြံတာလား၊ ခံစားချက်မဲ့ဓားပညာကို ကျင့်ကြံတာလား"
"ခံစားချက်မဲ့ဓားပညာပါ"
"မင်းရဲ့ဓားကျိုးသွားရင် ဝမ်းနည်းမှာလား"
တွမ်ချန်ချင်းက အတက်အကျမရှိသည့်လေသံဖြင့်
"ဓားကျိုးရင် အသစ်တစ်ချောင်းဖန်တီးမှာပေါ့။ ကျုပ်ကဘာလို့ဝမ်းနည်းရမှာလဲ"
"ဒါဆို ဓားပညာကို မင်းမြတ်နိုးလား"
"မြတ်နိုးတာပေါ့"
မျက်စိစူးလောက်သည့် အနီရောင်အလင်းတန်းတစ်ခု တွမ်ချန်ချင်းခြေထောက်အောက်ရှိ မှော်စက်ဝန်းထဲမှ ထွက်လာသည်။ သူလိမ်နေကြောင်း အချက်ပြခြင်းဖြစ်သည်။
မျှော်စင်သခင် လေသံတင်းသွားသည်။ မျက်လုံးများက စူးရှတောက်ပလာသည်။
"မင်းအမှန်အတိုင်းပြောပါ"
မျှော်ာစင်သခင်၏ ဖိအားဒဏ်ကို မခံနိုင်သဖြင့် တွမ်ချန်ချင်း အမှန်အတိုင်းပြောရသည်။
"ကျုပ်ဓားကျင့်ကြံသူဖြစ်ချင်တာက ဓားသမားတွေဟာ တိုက်ခိုက်စွမ်းအားကြီးမားလို့ပါ
မျှော်စင်သခင် သက်ပြင်းချသည်။
"မင်းရဲ့ဓားက မင်းခန္ဓာကိုယ်အစိတ်အပိုင်းကနေ သန့်စင်ထားတာ။ ဒီတော့ မင်းကိုင်တွယ်ထိန်းချုပ်လို့ရတာပေါ့။ ဒါပေမယ့် ဓားပညာအပေါ် မင်းက စိတ်ခံစားချက်မရှိဘူး။ ဒါက မင်းရဲ့ကျင့်စဉ်ခရီးမှာ အတားအဆီးဖြစ်လာလိမ့်မယ်"
ထို့နောက် မျှော်စင်သခင်က ယွဲ့ချန်းထံ လျှောက်သွားသည်။ ဘယ်လက်ရုံးတပည့်ဖြစ်သည်။ ယွဲ့ချန်းက လန်ယန်ဓားကို ဆွဲထုတ်သည်။ ဓားဝိညာဉ်အားလန်က သူ့လက်မောင်းကို တွယ်ဖက်ထားသည်။
မမေးဘဲနှင့် သိသာသည်။ ယွဲ့ချန်းသည် ခံစားချက်ဓားပညာကို ကျင့်ကြံသူဖြစ်သည်။
"ယွဲ့ချန်း၊ မင်းရဲ့ဓားနဲ့ သေအတူရှင်မကွာ ဆက်နွယ်မှုမျိုးရှိလား"
ယွဲ့ချန်းက အားလန်ကိုတစ်ျခက်ကြည့် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေသည်။
"ဟုတ်ကဲ့"
"ဒါဆို မင်းနဲ့မင်းရဲ့ဓားက ဘယ်လိုပတ်သက်မှုမျိုးလဲ"
ယွဲ့ချန်းက ချက်ချင်းပြန်ဖြေသည်။
"ကျုပ် အားလန်ကို လက်ထပ်မှာပါ"
မျှော်စင်သခင် သူ့နဖူးသူလက်ဖြင့်အုပ်လိုက်သည်။ ယွဲ့ချန်းကိုမေးသည်က ဝတ္တရားအရသာဖြစ်သည်။ သူ့တပည့်အကြောင်း သူဘယ်မသိဘဲနေမည်နည်း။
မဟာရှားဥပဒေကသာ ဓားဝိညာဉ်များကို လက်ထပ်နိုင်သည့်ဖြစ်တည်မှုအဖြစ် အသိအမှတ်ပြုထားခဲ့လျှင် ထိုနှစ်ယောက် အစောကြီးကတည်း လက်ထပ်ပြီးဖြစ်မည်။
"မိန်ထိုက်၊ မင်းရဲ့ဓားနဲ့ သေအတူရှင်မကွာ ဆက်နွယ်မှုမျိုးရှိလား"
မျှော်စင်သခင်က ကြည်လင်ရွှင်ပြသည့်ဟန်ပန်ဖြင့် မေးသည်။ ဝါစဉ်အရ ဓားမျှော်စင်အဓိပဓိသာ အသက်ပြန်ရှင်မလာလျှင် ဘယ်မျှော်စင်သခင်အလောင်းကို ပြန်တူးဖော်သည်ဖြစ်စေ မိန်ထိုက်၏ အဆင့်အတန်းကို ဘယ်သူမှမမီနိုင်။
"ရှိပါတယ်"
မိန်းထိုက်က အလင်းဓားကို ကိုင်ထားသည်။ ဓားမျှော်စင်အဓိပဓိ၏ ဓားဖြစ်သလို မိန်ထိုက်၏ သရုပ်မှန်လည်းဖြစ်သည်။ အလင်းဓားတစ်ခုခုဖြစ်လျှင် သူလည်း အသက်ရှင်မည်မဟုတ်။
"မင်းနဲ့မင်းရဲ့ဓားက ဘယ်လိုပတ်သက်မှုမျိုးလဲ"
"ကျုပ်တို့က တစ်သားတည်းပါ"
ထိုစကားကြားသည်နှင့် လူအုပ်ထဲလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဓားမှော်စက်ဝန်းကလည်း ဘာမှတုံ့ပြန်မှုမရှိ။ မိန်ထိုက် အမှန်အတိုင်းပြောနေသည့်သဘောဖြစ်သည်။ မိန်ထိုက်၏ခံယူချက်ကြောင့် တစ်ခြားဓားကျင့်ကြံသူများ သိမ်ငယ်သလိုခံစားရသည်။
သူတို့ဓားများကို စိတ်ရင်းဖြစ်ချစ်ကြသော်လည်း မိန်ထိုက်ကိုတော့ မမီနိုင်။
"မျှော်စင်သခင်ကို ဂါရဝပြုပါတယ်"
မျှော်စင်သခင်က သူ့ဆီလျှောက်လာသဖြင့် လုယန်ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ဓားမျှော်စင်သခင်နာမည်က ကွမ်းယိဖြစ်သည်။
"မင်းက လုယန်လား။ ဒါငါတို့ချင်း ပထမဆုံးဆုံဖူးတာပဲထင်တယ်"
ဓားမျှော်စင်သခင်က လုယန်ကိုပြုံး၍ကြည့်နေသည်။
တာအိုရှင်ဝစီပိတ်နှင့် ရန်ညှိုးရန်စရှိသသော်လည်း ထိုကိစ္စသည် လူငယ်မျိုးဆက်များနှင့် ဘာမှမပတ်သက်။
မျှော်စင်သခင်သည် ပါရမီရှိသည့် လူငယ်ဓားကျင့်ကြံသူများကို သဘောကျသည်။
ရေပန်းစားနေသည့် လုယန်နာမည်ကို မျှော်စင်သခင်က ထုတ်ပြောလိုက်သဖြင့် လူအားလုံး အာရုံစိုက်လာကြသည်။
"သူက တကယ်လုယန်ပဲ"
"လုယန်ရဲ့ဓားနှလုံးက ဘယ်လိုများရှိမလဲ"
"သူ့ဓားနှလုံး ဘယ်လောက်ကောင်းကောင်း မိန်ထိုက်ထက်တော့ ပိုမသာနိုင်လောက်ပါဘူး"
မျှော်စင်သခင်က မေးသည်။
"မင်းဆရာက ခံစားချက်မဲ့ဓားပညာကို လေ့ကျင့်တယ်။ မင်းကရော ဘယ်လမ်းစဉ်လိုက်သလဲ လုယန်။ ခံစာချက်ဓားပညာလား ခံစားချက်မဲ့ဓားပညာလား"
လုယန် ခဏတွေဝေသွားသည်။ ဓားပညာနှစ်မျိုးရှိကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
"ခံစားချက်ဓားပညာနဲ့ ခံစားချက်မဲ့ဓားပညာ ဘာကွာတာလဲ"
"မင်းဆရာကမင်းကို ဒါတောင်ပြောမထားဘူးလား"
မျှော်စင်သခင်က တာအိုရှင်ဝစီပိတ်ကို နည်းနည်းအလိုမကျဖြစ်မိသည်။ ဆရာ့တာဝန်မကျေဟု ယူဆသည်။
"ဓားကျင့်ကြံသူဆိုတာ သူတို့ဓားတွေကို ချစ်ကျတယ်။ ချစ်ပုံချစ်နည်းအမျိုးအစားပဲကွာတယ်။ ခံစားချက်ဓားပညာဆိုတာ ဓားကိုလူတစ်ယောက်လို ဆက်ဆံတာကို ဆိုလိုတာပါ။
လူတစ်ယောက်ကိုချစ်သလို ဓားကိုချစ်တယ်။ ခံစားချက်မဲ့ဓားပညာကျတော့ ဓားကို အရာဝတ္ထုလိုပဲ သဘောထားပြီး မြတ်နိုးတာပဲရှိတယ်။ လူသိအများဆုံး ဥပမာကိုပြရရင် မင်းဆရာလိုမျိုးပေါ့"
မျှော်စင်သခင်က ရှင်းပြသည်။
လုယန် ခဏစဉ်းစားသည်။ ချင်ဖုန်းဓားသည် အမယွမ်ပေးသည့်လက်ဆောင်ဖြစ်သည်။ ထိုလက်ဆောင်ကို သူအရမ်းသဘောကျသည်။ အရာဝတ္ထုလိုသာ သဘောထားသည်။ ထူးခြားသည့်ခံစားချက်မျိုးမရှိ။
"ဒါဆို ကျုပ်ကျင့်ကြံတာက ခံစားချက်မဲ့ဓားပညာဖြစ်မယ်ထင်တယ်"
သူ့စကားကြောင့် မျှော်စင်သခင် နည်းနည်းအလိုမကျဖြစ်သွားသည်။ သူထင်ထားသလိုပင် ပါရမီရှင်လုယန်ကို သူ့ဆရာက ခံစားချက်မဲ့ဓားလမ်းစဉ်ကိုသာ သင်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုခဏမှာပင် အနီရောင်အလင်းတန်းတစ်ခု လုယန်ခြေထောက်အောက်ဘက် မှော်စက်ဝန်းထဲမှ ထွက်ပေါ်လာသည်။
"ဪ မင်းလိမ်နေတာမဟုတ်လား"
မျှော်စင်သခင်မျက်နှာ အပျော်ရိပ်သန်းလာသည်။ သို့ဆိုလျှင် လုယန်သည် ခံစားချက်ဓားပညာကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။
"လိမ်တယ်...ဟုတ်လား"
လုယန်လည်း အံ့အားသင့်သွားသည်။ မျှော်စင်ခင်ပြောသည့် သတ်မှတ်ချက်အရဆိုလျှင် သူကျင့်ကြံသည့်ပညာသည် အမှန်တကယ်ပင် ခံစားချက်မဲ့ဓားပညာဖြစ်သည်။
မျှော်စင်သခင်က နူးညံ့သည့်လေသံဖြင့် မေးသည်။
"မင်းဓားကို မင်းသဘောကျလား"
လုယန် ခေါင်းငြိမ့်သည်။
"မင်းဓားကို လူတစ်ယောက်လို သဘောထားသလား"
လုယန် ခေါင်းခါရန်ပြင်သည်။ သို့သော် လွဲနေသည့်အဖြစ်ကို သူချက်ချင်းနားလည်လာသည်။ ချင်ဖုန်းဓားထဲတွင် လူတစ်ယောက်ရှိနေသည်။
ထို့ကြောင့် သူဆက်၍ ခေါင်းငြိမ့်ရသည်။
ဓားမျှော်စင်က လက်ခုပ်တီး၍ မှတ်ချက်ပြုသည်။
"အဲဒါပဲလေ။ မင်းဓားကို မင်းသဘောကျတယ်။ လူတစ်ယောက်လိုလည်း သဘောထားတယ်။ ဒါဟာ ခံစားချက်ဓားပညာပဲပေါ့"
"မင်းဓားပျက်စီးသွားမယ် ဒါမှမဟုတ် ပျောက်ဆုံးသွားမယ်ဆိုရင် မင်းဝမ်းနည်းမှာလား။ ရင်ကျိုးမှာလား။ ငိုမှာလား"
မျှော်စင်သခင်ပြောသည့်စကားကို လုယန်သေချာစဉ်းစားကြည့်သည်။ နတ်မယ်ပျောက်ကွယ်သွားလျှင် သူအတော်ဝမ်းနည်းမိပေလိမ့်မည်။ ငိုချင်းလည်းငိုမိမည်။
ထို့ကြောင့် သူခေါင်းထပ်ငြိမ့်ရသည်။
"ဒါပဲလေ၊ မင်းကျင့်ကြံနေတာ ခံစားချက်ဓားပညာဖြစ်ရုံမကဘူး။ မင်းစိတ်ခံစားချက်ကို ဓားထဲမှာနှစ်မြှုပ်ထားတဲ့အဆင့်ကို ရောက်နေပြီ"
နတ်မယ်က ချင်ဖုန်းဓားထဲမှ နားထောင်ရင်း တခစ်ခစ်ရယ်နေသည်။ ဘာကြောင့်မှန်းတော့မသိ။ လုယန်၏အဖြေကြားရသည်ကို သူအတော်ပျော်နေသည်။
"မင်းဓားနဲ့ သေအတူရှင်မကွာ စိတ်မျိုးထားနိုင်လား"
ခံစားချက်ဓားပညာလမ်းစဉ်တင် ကိုယ့်ဓားအပေါ် အစွန်းရောက်ခံစားချက်မျိုးထားနိုင်သည့်် ဓားသမားဟူ၍ လက်တစ်ဆုပ်စာသာရှိသည်။
ဓားရှိလျှင် လူရှိမည်။ ဓားကျိုးလျှင် လူလည်းသေမည်။ ယွဲ့ချွန် နှင့် မိန်ထိုက်တို့သည် ထိုသို့အစွန်းရောက် ခံစားချက်ထားနိုင်သူများဖြစ်သည်။
လုယန် အတော်တွေးရခက်သွားသည်။ ဘယ်လိုပြန်ဖြေရမှန်းမသိတော။
"သေအတူရှင်မကွာတော့မဟုတ်ဘူး။ ကျုပ်သေရင်တောင် ကျုပ်ဓားကမသေနိုင်ပါဘူး"
ထူးခြားသည့်ထာဝရအရိယဖလ ပိုင်ဆိုင်ထားသည့်နတ်မယ်သည် သူကိုယ်တိုင်က သေချင်လျှင်ပင် သေဖို့ခက်လိမ့်မည်။
ဓားမျှော်စင်အကြီးအကဲ လုယန်အဖြေကို အတော်လေးစားသွားသည်။
"ကောင်းတဲ့အဖြေ။ မင်းရဲ့ဓားကို အသက်နဲ့လဲပြီးကာကွယ်မယ်။ ဓားပျက်စီးမှာထက် လူပဲအသေခံမယ်ပေါ့"
ဘေးပတ်လည်မှလူများလည်း လုယန်ကို လေးစားသွားသည်။ ဓားကျင့်ကြံသူများသာ သူ့စကား၏အဓိပ္ပါယ်ကို နားလည်နိုင်သည်။ ထိုစိတ်ထားမျိုးသည် ဓားရှိလျှင် လူရှိမည်ဟူသည့် စိတ်ဓာတ်ထက်ပင် သာလွန်သွားသည်။
"ဒီလိုစိတ်ထားမျိုးရှိနေမှတော့ ဒီနေ့ခေတ်ဓားကျင့်ကြံသူတွေ လုယန်ကို ဘယ်လိုယှဉ်လို့ရနိုင်မှာလဲကွာ"
"သူက ဓားပါရမီထူးခြားပေမယ့် ဓားအပေါ်မှာ ဘာခံစားချက်မှ မရှိဘူးထင်ခဲ့တာ။ ငါတကယ်မှားသွားတာပဲ"
"နတ်ဝိညာဉ်အဆင့်မှာ ဓားတစ်သောင်းပညာနဲ့ လူတစ်သောင်းဖန်တီးနိုင်တာ မဆန်းတော့ပါဘူး။ ဓားပါရမီထူးရုံတင်မကဘူး။ သူ့ဓားအပေါ်မှာထားတဲ့ ခံစားချက်ကလည်း တကယ်လေးနက်နေတာပဲ"
ဓားမျှော်စင်သခင်က နောက်ဆုံးမေးခွန်းကိုမေးသည်။
"မင်းနဲ့မင်းဓားကြားမှာ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ"
လုယန် အမှန်အတိုင်းပြောဖို့ နည်းနည်းရှက်နေသည်။ သို့သော် သူလိမ်ပြောလျှင်လည်း ဓားမှော်စက်ဝန်းက ရိပ်မိမည်။ ထို့ကြောင့်အမှန်အတိုင်းသာ ဖြေရသည်။
"ဓားက ကျုပ်သခင်ပါ။ ကျုပ်က သူ့အစေခံပါ"
လူအုပ်ကြီးထံမှ နောက်အာမေဋိတ်သံများ ထွက်လာပြန်သည်။ မိန်ထိုက်စကားကြားစဉ်ကထက်ပင် အသံပိုကျယ်နေသည်။ လုယန်ကို မယုံနိုင်သည့်မျက်လုံးများဖြင့် ဝိုင်းကြည့်ကြသည်။
"ဓားကိုသခင်အဖြစ် သတ်မှတ်တာဟာ လူနဲ့ဓားတစ်သားတည်းပညာရဲ့ ဂန္တဝင်အဆင့်ပဲ။ ခန္ဓာကိုယ်က ဓားလှုပ်ရှားမှုနောက်ကိုလိုက်တယ်တဲ့"
"သမိုင်းမှာ ဒီလိုအဆင့်မျိုး ရောက်ဖူးတဲ့လူ ရှိလို့လား"
ဓားကျင့်ကြံသူများသည် မာနကြီးသူများဖြစ်သည်။ သူတို့ဓားကို ဘယ်လောက်ချစ်သည်ဖြစ်စေ သူတို့နှင့်တစ်တန်းတည်းသာထားသည်။ သူ့တို့အထက်တွင်တော့ ဘယ်တော့မှမထား။
ယခု လုယန်အဖြေက ဓားပညာအတွက် ဓားကိုဦးညွှတ်သည်သဘောရှိသည်။ ဘယ်လိုဓားနှလုံးမျိုးမှန်းမသိ။
မျှော်စင်သခင် လုယန်ကိုကြည့်လေလေ ပိုသဘောကျလေဖြစ်လာသည်။
ဓားကသခင်၊ လူကအစေခံ။ ထိုမျှနက်ရှိုင်းသည့် ဓားနှလုံးအဆင့်မျိုးကို မူလဓားမျှော်စင်အဓိပဓိပင် မရောက်ခဲ့။
******************************
အခန်း (၉၀၅) ဓားမေးမြန်းပွဲ
လုယန်အပေါ် မိန်ထိုက်၏လေးစားမှုများ ပို၍တိုးပွားလာသည်။ သူ့ကိုယ်ပိုင်ဓားနှလုံးမျိုးသည်ပင် လောကတွင် အတော်ရှားသည်။ သို့သော် လုယန်၏ ဓားနှလုံးစိတ်ဓာတ်က သူ့ထက်ပင်ပိုသာနေသည်။
ဗျတ်စောင်းဓားအရှင်အပါအဝင် ရှေးဟောင်းခေတ်မှစ၍ သမိုင်းတစ်လျှောက်လုံး၌ လုယန်ဓားသမားမျိုး တစ်ယောက်မှ ရှိမည်မထင်။
ချီလင်မသေမျိုးတစ်ယောက်တော့ သိပ်မသေချာလှ။ သူလည်း ဓားကိုင်သည်ဟု ပြောကြသည်။ သို့သော် ဓားကို လက်နက်အဖြစ်သုံးရုံလား ဓားကျင့်ကြံသူအစစ်လား ဘယ်သူမှမသိကြ။
ချီလင်မသေမျိုးသာ ဓားကျင့်ကြံသူအစစ်ဖြစ်လျှင် သူနှင့်လုယန် ဘယ်သူ့ဓားနှလုံးက ပိုသာမည်မသိနိုင်။
မသေမျိုးတစ်ယောက်ဖြစ်လာသည်ထိ ကျင့်ကြံခဲ့သူမှန်လျှင် ဓားပညာနှင့် ဓားနှလုံးအကြောင်း အမြင့်ဆုံးအဆင့်ထိ နားလည်နိုင်စွမ်းမျိုးရှိလိမ့်မည်။
"ဒီဓားနှလုံးက ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်းဆိုတာ သေချာပါတယ်"
တစ်ယောက်က တီတိုးရေရွတ်သည်။ တစ်ခြားလူများကလည်း သူ့လိုပင် သုံးသပ်ကြသည်။
"လုယန်ရဲ့ ဓားနှလုံးဟာ သမိုင်းတစ်လျှောက်မှာ ပြိုင်ဘက်ကင်းပါပဲ"
"ဓားကိုသခင် လူကအစေခံတဲ့။ သူ့ဓားနှလုံးကို ဘယ်သူယှဉ်နိုင်မှာလဲ"
မျှောင်စင်သခင်ပင် လုယန်ကို လေးစားသည့်အကြည့်ဖြင့် ကြည့်မိသည်။ စိတ်ဓာတ်တစ်ခုတည်းကပင် ဒဏ္ဍာရီတွင်လောက်သည်။ အနာဂတ်ဓားကျင့်ကြံသူများအတွက် စံနမူနာယူစရာဖြစ်သည်။
တစ်ယောက်တစ်ခွန်း ပြောသည့်စကားများ မတူကြသော်လည်း အခြေခံသဘောတရားက အတူတူသာဖြစ်သည်။ လုယန်ရှက်လာသဖြင့် ခေါင်းငုံ့ထားလိုက်သည်။
လူတိုင်းကသူ့ကို နတ်မယ်၏အစေအပါးအဖြစ် ကြေညာနေသလို ခံစားရသည်။
ဓားပွဲတော်သို့ လာမိသည်ကို သူနောင်တရလာသည်။ တကယ်တော့ အပြင်ထွက်ဖို့ သူအကြောင်းပြချက်ရှာစရာမလိုလှ။ တာအိုဂိုဏ်းတွင်နေရသည်က အတော်အဆင်ပြေပါသည်။
ဓားပညာအကြောင်း ယွမ်မုန်မုန်သိပ်နားမလည်သော်လည်း လူတိုင်း၏အမူအရာကိုကြည့်၍ လုယန်၏ ဓားနှလုံးသည် တကယ်စွမ်းအားကြီးကြောင်း သူရိပ်မိသည်။ ထို့ကြောင့် နည်းနည်းဂုဏ်ယူမိသလို ခံစားရသည်။
'အခု ရှောင်ကျိအတွက် တကယ့်ဆရာကောင်းတစ်ယောက် ရှာတွေ့ပြီပဲ'
သူတွေးသည်။
'အဖွားက အပြင်လောကမှာ ငါတစ်ခုခုဖြစ်မှာ အမြဲတမ်းစိုးရိမ်ခဲ့တာ။ ဒါပေမယ် ငါ့ကံကြမ္မာမျိုးနဲ့ ဘာအမှားအယွင်းမျိုး ဖြစ်နိုင်မှာလဲ'
လုယန်၏ ပြိုင်ဘက်ကင်း ဓားနှလုံးစိတ်ထားနှင့်ယှဉ်လျှင် တစ်ခြားဓားကျင့်ကြံသူများ၏ တုံ့ပြန်ဖြေဆိုမှုများက အရောင်မှိန်နေသလိုရှိသည်။ လုယန်ကို လုံးဝမယှဉ်နိုင်။
"တွေ့လား ရှောင်ယန်၊ ငါကူညီလို့ နင့်ဓားနှလုံးက ဒီလောက်စွမ်းအားကြီးနေတာ"
ချင်ဖုန်းဓားဝိညာဉ်၏ အရှက်မရှိ ကိုယ့်ကိုယ်ကို အမွှမ်းတင်သည်စကားကို လုယန်လျစ်လျူရှုထားလိုက်သည်။
"ကဲ ဓားမေးမြန်းပွဲ ပြီးသွားပါပြီ။ ငါမပြောလည်း ဘယ်သူ့ဓားနှလုံးက လေးစားစရာအကောင်းဆုံးလဲ သိနေကြလောက်ပါပြီ"
မျှော်စင်သခင်က ပြုံး၍ပြောသည်။ သူ့အကြည့်က လုယန်ဆီရောက်လာသည်။ တာအိုရှင်ဝစီပိတ်ကို မနိုင်၍သာနေရသည်။ မဟုတ်လျှင် ထိုကောင်လေးကို သူ့တပည့်အဖြစ် ချက်ချင်းကြေညာလိုက်ချင်သည်။
သို့သော် သူပြန်တွေးကြည်သည်။ ယွမ်ကျိသည် ဤလူငယ်ကို အတော်အလေးထားသည်ဟု ပြောကြသည်။ တာအိုရှင်ဝစီပိတ်ကို နိုင်လျှင်ပင် ယွမ်ကျိကို သူယှဉ်နိုင်မည်မဟုတ်။
မည်သို့ဆိုစေ လုယန်အတွက် တာအိုလမ်းစဉ်ဂိုဏ်းတွင်နေခြင်းက ပိုကောင်းပါသည်။
"ကဲအခု၊ ဓားစွမ်းအင်မေးမြန်းပွဲစပါမယ်"
ဓားပွဲတော်ကို နှစ်တစ်ရာကြာတိုင်း တစ်ကြိမ်ကျင်းပသည်။ တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုလျှင် ကျင့်စဉ်သက်တမ်းအများဆုံးလူကသာ အနိုင်ရလိမ့်မည်။ ထိုတိုက်ပွဲမျိုးက အဓိပ္ပါယ်သိပ်မရှိ။
ထို့ကြောင့် ဓားမျှော်စင်က အားလုံး၏ကျင့်စဉ်အဆင့်ကို တန်းတူညှိ၍ ဓားစွမ်းအင်ရောင်သက်သက်သာ ယှဉ်ပြိုင်ခွင့်ပြုသည်။
ကြီးမားသည့် စွမ်းအင်ဖိအားတစ်ခု ကျဆင်းလာသည်။ ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လူတိုင်း၏ ကျင့်စဉ်အဆင့်ကို ရွှေသန္ဓေအဆင့်ထိ ဖိနှိပ်သည်။
ထို့နောက် မြေပြင်တုန်ခါလာသည်။ စင်မြင့်ဆယ့်ရှစ်ခု မြေကြီးထဲမှ ကြွတက်လာပြီး ဓားမျှော်စင်ကို ဝန်းရံထားသည်။
"ဒီစင်မြင့်ဆယ့်ရှစ်ခုကို ပထမဓားမျှော်စင်သခင် ဖန်တီးခဲ့တာပါ။ စင်မြင့်ပေါ်ကို ဓားချီတစ်စလွှတ်လိုက်ရုံပါပဲ။ ဓားချီက ဓားကျင့်ကြံသူပုံရိပ်အဖြစ် ပြောင်းသွားလိမ့်မယ်။ အဲဒီ့ပုံရိပ်ကို ထိန်းချုပ်ပြီး မင်းတို့တိုက်ခိုက်လို့ရတယ်"
(**ဓားစွမ်းအင်ဖြင့် ကိုယ်ပွားရိပ်ဖန်တီး၍ စင်ပေါ်တွင်ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြစ်သည်)
"ဒဏ္ဍာရီထဲက ဓားစွမ်းအင်ပြိုင်ပွဲစင်ဆိုတာ အဲဒါလား"
တစ်ချို့ကျင့်ကြံသူများက ချောမွတ်တောက်ပြောင်နေသည့် စင်မြင့်ဆယ့်ရှစ်ခုကိုကြည့်၍ တအံ့တဩရေရွတ်ကြသည်။
ထိုအရာသည် ဓားမျှော်စင်အဓိပဓိချန်ထားခဲ့သည့် ရတနာဖြစ်သည်။ ထိုစင်မြင့်များပေါ်တွင် အချိန်ယူလေ့ကျင့်လျှင် ဓားစွမ်းအင်ကို ပိုထက်မြက်အောင် ပိုအားကြီးအောင် ဖန်တီးနိုင်သည်။
ထိုအရာမျိုးကို ပထမဆုံးအကြိမ် လုယန်ကြုံဖူးခြင်းဖြစ်သည်။ သူ့ဘေးပတ်လည်မှ ပြောဆိုနေသည့်စကားများအရ ဓားစွမ်းအင်ပြိုင်ပွဲစင်၏ အရေးပါမှုကို အကြမ်းဖျင်းနားလည်လာသည်။
လုယန်က ဒုတိယအုပ်စုတွင် မဲကျသည်။ ထို့ကြောင့် ပထမအုပ်စုပွဲပြီးမှ သူ့အလှည့်ရောက်မည်။
အဓိကပြိုင်ဘက်များအဖြစ် မိန်ထိုက်မိတ်ဆက်ပေးခဲ့သူများကို သူမှတ်မိသည်။ ပထမအုပ်စုတွင် လိပ်နက်မျိုးနွယ်မှ ရွှမ်ရွှမ် ပါဝင်သည်။
ရွှမ်ရွှမ်က အနက်ရောင်ဓားပြားကြီးတစ်လက် ကိုင်ထားသည်။ ဓားလက်ကိုင်တွင် လိပ်ခုံးရုပ်တစ်ခု ရေးဆွဲထားသည်။ ခန္ဓာကိုယ်ထွားကျိုင်းသဖြင့် ခြေလှမ်းလိုက်တိုင်း မြေပြင်တုန်ခါနေသည်။
ရွှမ်ရွှမ်၏ ပြိုင်ဘက်ကိုလည်း လုယန် ခုနကမြင်ခဲ့သည်။ လက်တံရှစ်ခုဖြင့် ဓားရှစ်လက်ကိုင်ထားသည့် ရေဘဝဲတစ်ကောင်ဖြစ်သည်။
"ဝူအာ၊ မင်းနဲ့ငါ ဒီမှာဆုံရမယ်လို့ ထင်မထားဘူး"
ရွှမ်ရွှမ်က ဖြူဖွေးသည့်သွားတန်းများပေါ်အောင် ပြုံးသည်။
သူရော ရေဘဝဲပါ အရှေ့ပင်လယ်မှ ဓားကျင့်ကြံသူများဖြစ်သည်။
"ရွှမ်ရွှမ်၊ ငါ့ဓားပညာက မင်းလောက်မကောင်းဘူးလို့ အားလုံးကပြောကြတယ်။ အရင်ကတော့ အခွင့်မသာခဲ့ဘူး။ ဒီန့မှပဲ ဒီကောလဟာလကို ဖျက်ဆီးခွင့်ရတယ်"
"ဘာကောလဟာလလဲ။ သူတို့ပြောတာ အမှန်ပဲလေ။ မင်းက ငါကိုဘယ်လိုယှဉ်နိုင်မှာလဲ"
ဝူအာက စတင်တိုက်ခိုက်သည်။ ရေဘဝဲလက်တံများက ဓားရှစ်လက်ကိုကိုင်၍ လျင်မြန်စွာလှည့်ပတ်သည်။ အရှိန်မြန်လွန်းသဖြင့် ဘာမှထိုးဖောက်မဝင်နိုင်အောင် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ဆီ ဘယ်သူမှရောက်နိုင်မည်မဟုတ်။
ရွှမ်ရွှမ်က ကျယ်လောင်စွာအော်ဟစ်၍ စွမ်းအားကုန်ထုတ်သုံးပြီး ဝူအာကို အနက်ရောင်ဓားပြားဖြင့်ခုတ်သည်။
"ချွင်"
ထိုဓားချက်သည် တစ်ခြားဓားကျင့်ကြံသူများကို ဒုက္ခပေးကောင်းပေးနိုင်လိမ့်မည်။ သို့သော် ဝူအာဆီသို့ရောက်ချိန်တွင် မြန်ဆန်စွာလည်ပတ်နေသည့် ဓားရှစ်လက်စက်ဝန်းကြောင့် ပြန်ကန်ထွက်လာသည်။
"အစွမ်းနည်းနည်းတော့ရှိသားပဲ"
ရွှမ်ရွှမ် စိတ်ဝင်စးလာသည်။ ဓားကျင့်ကြံသူတို့သည် တိုက်ခိုက်စွမ်းအားကြောင့် နာမည်ကျော်သည်။ ဝူအာက ထိုသို့မဟုတ်။ ခံစစ်ကို အသားပေးသည်။
"စက်ဝိုင်းလှည့်ရုံပဲမဟုတ်လား။ ဒါမျိုးတော့ လူတိုင်းလုပ်တတ်ပါတယ်"
ရွှမ်ရွှမ် မူလပုံစံဖြစ်သည့် လိပ်နက်အသွင်သို့ပြောင်းသည်။ ကြမ်းပြင်ပေါ် ပက်လက်လှန်လိုက်သည်။ လိပ်ကျောကုန်းက အောက်ဘက်သို့ရောက်သွားသည်။
သူ့ဦးခေါင်းက လိပ်ခွံထဲ ပြန်ဝင်သည်။ ဓားရိုကို ပါးစပ်ဖြင့်ကိုက်သည်။ ကြမ်းပြင်ကို အမြီးဖြင့် ထိုးလိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ပတ်လည်သွားသည်။
ကြမ်းပြင်ကို အမြီးဖြင့်ဆက်တိုက်ထိုးသည်။ လည်ပတ်သည့်အရှိန်က မြန်သထက်မြန်လာသည်။ နောက်ဆုံးတွင် မြန်ဆန်လွန်းသဖြင့် အမြီးနှင့်ခေါင်း ခွဲခြားမရတော့။
ထို့နောက် အမြီးကိုအသုံးချ၍ အရှိန်ကိုမြှင့်၊ ဦးတည်လမ်းကြောင်းပြောင်းပြီး ဝူအာကို တိုက်ချသည်။
ဝူအာလည်း ဒေါသထွက်လာသည်။ သူ့ဓားရှစ်လက်စက်ဝန်းကို ဘယ်သူမှ မထိုးဖောက်နိုင်ခဲ့။ ယခုတစ်ကြိမ် ပထမဆုံးတိုက်ချခံရခြင်းဖြစ်သည်။
ပင်လယ်မျိုးနွယ်နှစ်ယောက် စင်မြင့်ပေါ်တွင် စက်ဝန်းလှည့်၍ တစ်ယောက်နှင့်တစ်ယောက် တိုက်ချသည်။ လွင့်သွားလျှင်လည်း ပြန်အားယူပြီး နောက်တစ်ကြိမ်တိုက်ခိုက်သည်။
လုယန် ထိုတိုက်ပွဲကို သဘောကျသွားသည်။ စက်ဝိုင်းလှည့်တိုက်ခိုက်နည်းမျိုးကို ဤနေရာတွင် မြင်ရမည်ဟု ထင်မထားခဲ့။
(**အခြေတည်အဆင့်တွင် နတ်ဆိုးနယ်မြေနယ်စပ်တောအုပ်ထဲ၌ လုယန်၊ အရိုးရိုင်းနှင့် မုန်ကျင်းကျိုးတို့ သုံးယောက်ပေါင်းပြီး ချာလပတ်ရမ်းစက်ဝန်းလှည့်၍ တိုက်ခိုက်နည်းကို ဆိုလိုပါသည်)
သို့သော် ဤပင်လယ်မျိုးနွယ်နှစ်ယောက်က တစ်ခြားလူနှင့် ပူးပေါင်းဖို့မလို။ ကိုယ့်ဘာသာချာလပတ်ရမ်းနိုင်သည်။။ ပို၍အဆင်ပြေသည်။
ထိုတိုက်ပွဲသည် အချိန်တိုအတွင်း အနိုင်အရှုံးပေါ်မည်မဟုတ်သဖြင့် လုယန် ဓားမျှော်စက်ကို လှည့်ပတ်၍ တစ်ခြားပြိုင်ပွဲစင်များကို သွားကြည့်သည်။
"ရှောင်ဖုန်း၊ မင်းဘယ်လိုလုပ် ဒီနေရာရောက်နေတာလဲ'
ဓားသမားတစ်ယောက်က ပြိုင်ဘက်ကိုကြည့်၍ တအံ့တဩမေးသည်။
ရှောင်ဖုန်းဆိုသည့် ဓားသမားက မပွင့်တပွင့်ပြောသည်။
"အကိုလင်း၊ ကျုပ်တို့ တစ်နေ့ကျရင် ပြန်တွေ့ဦးမှာပါလို့ ပြောခဲ့သားပဲ။ နာမည်နဲ့နောက်ခံပြောင်းလိုက်ရုံနဲ့ ကျုပ်အကို့ကို မရှာနိုင်ဘူးထင်နေလား။ နှစ်တစ်ရာတစ်ခါကျင်းပတဲ့ ဒီဓားပွဲတော်ကို အကိုသေချာပေါက်လာမှာပဲလေ"
"သွေးကြွေးဆိုတာ သွေးနေ့ပဲဆပ်ရတယ်။ ဒီနေ့ငါတို့ ဒီစင်ပေါ်မှာ သေတဲ့အထိတိုက်ကြတာပေါ့"
....
"အကိုကြီး၊ ဒီစင်ပေါ်မှာ ကျုပ်တို့ဆုံရမယ်လို့ မထင်ခဲ့ဘူး။ ကျုပ်တို့သဘောတူထားကို မှတ်မိပါတယ်နော်။ နိုင်တဲ့လူပဲ ဂိုဏ်းတူညီမလေးကို ဖွင့်ပြောခွင့်ရှိမယ်"
"ညီလေး၊ ငါတို့ညီမလည်း ဘယ်သူ့ကိုကြိုက်ကြိုက် အဲဒါသူ့ကိစ္စပါ။ ငါတို့တိုက်ပွဲနဲ့ သူ့အိမ်ထောင်ရေးကို ဆုံးဖြတ်လို့မရဘူး"
"စကားပြောနေလို့ အကျိုးမရှိဘူး။ တိုက်ခိုက်ကြတာပေါ့"
....
"အကို၊ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကျုပ်ဝိညာဉ်မြစ်ကိုယူပြီး ကျုပ်ကိုချောက်ကမ်းပေါ်က တွန်းချခဲ့တယ်။ ကျုပ်ဒီနေ့ထိ အသက်ရှင်နေမယ်လို့ ထင်မထားဘူးမဟုတ်လား"
"မင်းအသက်ရှင်နေလည်း ဘာအရေးလဲကွ။ မင်းက ဝိညာဉ်မြစ်တောင်မရှိတဲ့ အလကားကောင်ပါ။ ငါ့ကိုဘယ်လိုအနိုင်ယူနိုင်မှာလဲ'
"ဟားဟားဟား ဖျက်ဆီးပြီးမှ ပြန်တည်ဆောက်တယ်ဆိုတဲ့စကားကို အကိုဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူး"
လုယန် "..."
မဲဆွဲပြီုးပြိုင်ဘက်ရွေးတဲ့အချိန်မှာ မင်းတို့ဓားမျှော်စင်က မသမာနည်းတွေတော့ သုံးမထားဘူးမဟုတ်လား....
**********************************
အခန်း (၉၀၆) ခက်ခဲသည့်ပြိုင်ဘက်
မျှော်စင်သခင်လည်း ထိုမြင်ကွင်းကိုကြည့်၍ အတွေးနစ်နေသည်။
ဓားကျင့်ကြံသူတိုင်း၏နောက်ခံကို သူတို့ဘယ်လိုစုံစမ်းနိုင်မည်နည်း။ ဓားမျှော်စင်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ မစ်ရှင်ခန်းမလို သတင်းကွန်ယက်မျိုးမရှိ။ စေ့စေ့စပ်စပ် စုံစမ်းဖို့ပင် မဖြစ်နိုင်။
ထို့ပြင် လက်ရှိဖြစ်နေသည့် အခြေအနေမျိုးလည်း ဓားပွဲတော်တွင် တစ်ခါမှမကြုံဖူးခဲ့။
"မျှော်စင်သခင်၊ အခြေအနေသိပ်မကောင်ဘူးထင်တယ်။ ကျုပ်တို့ တစ်ခုခုကြိုတင်ပြင်ဆင်ထားကြမလား"
အကြီးအကဲတစ်ယောက်က သိစိတ်အသံလှိုင်းမှတစ်ဆင့် မျှော်စင်သခင်ကိုမေးသည်။
မျှော်စင်သခင် ခေါင်းငြိမ့်သည်။ ယခုနှစ်ဓားပွဲတော်အဖြစ်အပျက်များက သူတို့ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
"ဟုတ်တယ်။ အခြေအနေမကောင်းဘူး။ အစိုးရရုံးတော်ကို ကြိုတင်အကြောင်းကြားထားကြမယ်။ ဒါမှ သူတို့ဘက်က လူအင်အားပိုလွှတ်နိုင်မှာ။ ဒတစ်ခုခုဖြစ်ရင် အခြေအနေကို ထိန်းချုပ်လို့ရတာပေါ့"
ဓားမျှော်စင်သည် မသေမျိုးငါးဂိုဏ်းလို ဥပဒေပြုဩဇာအာဏာမျိုးမရှိ။
ပထမအုပ်စုပြိုင်ပွဲသည် ပြိုင်ပွဲဝင်ခြင်း ရန်ငြှိုးရှိကြသည့်အဖြစ်မှလွဲ၍ တစ်ခြားဘာမှသိပ်မထူးခြားလှ။
ရွှမ်ရွှမ်က ဝူအာတို့၏ ထိပ်တန်းတိုက်ပွဲတစ်ခုသာ လူအတော်များများကို ဆွဲတောင်နိုင်သည်။ ပင်လယ်မျိုးနွယ်နှစ်ယောက် အပြင်းအထန်တိုက်ခိုက်ကြသည်။ အရင်ဆုံး ဝူအာက လျှို့ဝှက်သွေးဆက်ကို အသက်သွင်းသည်။ သူ့ဦးခေါင်းထက်တွင် သူ့ဘိုးဘေး၏ပုံရိပ် ပေါ်လာသည်။ ခွန်အားသစ်များတိုးလာသဖြင့် တိုက်ပွဲကို အသာစီးရသည်။
သိပ်မကြာမီ ရွှမ်ရွှမ်ကလည်း သူ့လျှို့ဝှက်သွေးဆက်ကို အသက်သွင်းသည်။ ဘိုးပေးပုံရိပ်ပေါ်လာသည်။ တိုက်ပွဲအခြေအနေပြောင်း၍ အသာစီးပြန်ရသည်။
နောက်မှလှုပ်ရှားသည့် ရွှမ်ရွှမ်က အလေးသာပြီး အောင်ပွဲခံသွားသည်။
ထိုသို့ဖြင့် ပထမအုပ်စုပွဲစဉ်များ အဆုံးသတ်သွားသည်။
အားလုံးက ဓားစွမ်းအင်ဖြင့်ဖန်တီးထားသည့် ပုံရိပ်များဖြင့်သာ တိုက်ခိုက်ခြင်းဖြစ်၍ ပြိုင်ဘက်ကို သတ်လိုက်လျှင်ပင် ဓားစွမ်းအင်ဆုံးရှုံးရုံသာရှိသည်။ အသက်အန္တရာယ်တော့မရှိ။
ပြိုင်ပွဲပြီးဆုံးပြီးနောက်ပိုင်း လက်စားချေမှုများရှိလာလျှင်တော့ ထိန်းချုပ်ရခက်မည်။
ပထမအုပ်စုနှင့်စာလျှင် ဒုတိယအုပ်စုပြိုင်ပွဲများက ပို၍ကြည့်ကောင်းသည်။ မိန်ထိုက်၊ လုယန်နှင့် မျှော်လင့်ချက်အပြည့်ဖြင့်လာသည့် တက်သစ်စဓားကျင့်ကြံသူများ ပါဝင်သည်။ တစ်ချို့က သူတို့အကြောင်း သတင်းသာကြားဖူးသည်။ လက်တွေ့လှုပ်ရှားသည်ကို ယခုမှမြင်ရခြင်းဖြစ်သည်။
သို့သော် သူတို့ထဲတွင် အဆွဲဆောင်နိုင်ဆုံးလူသည် ဓားဝိညာဉ်အားလန်နှင့်အတူ စင်ပေါ်တက်လာသည့် ယွဲ့ချန်ဖြစ်သည်။
ဓားဝိညာဉ်သည် ဓား၏အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် စည်းမျဉ်းချိုးဖောက်ရာမရောက်။
လုယန်က သူ့မသေမျိုးဓားဝိညာဉ် ထာဝရနတ်မယ်ကို စင်ပေါ်တက်ခွင့်မပေး။ နတ်မယ်ဝင်ပြိုင်လျှင် ပြိုင်ပွဲဝင်များမဆိုထားနှင့်။ ဓားမျှော်စင်အဖွဲ့သားအားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် နတ်မယ်ကို ယှဉ်နိုင်မည်မဟုတ်။
သိက္ခာရှိရှိ မျှမျှတတသာ လုယန်ယှဉ်ပြိုင်လိုသည်။ ပြင်ပစွမ်းအားများကို အားမကိုးချင်။
လုယန်၏ ပြိုင်ဘက်က ထူးဆန်းသည့် ဝတ်စုံနှင့်လူတစ်ယောက်ဖြစ်သည်။ မျက်နှာက ဖြူဖတ်ဖြူရော်ရှိသည်။ လေတစ်ချက်တိုက်သည်နှင့် ပြိုလဲတော့မည်ပုံမျိုးဖြစ်သည်။
နှင်းပွင့်သဏ္ဌာန်များ ပုံဖော်ထားသည့် ရေခဲဓားတစ်လက်ကို ကိုင်ထားသည်။
ထိုလူအကြောင်း မိန်ထိုက်က ကြိုတင်ပြောပြထားသည်။ မြောက်ပိုင်းအေးခဲနယ်မြေတွင် နာမည်နည်းနည်းကျော်ကြားသည့် ရွှဲ့ရှီလုန်ဖြစ်သည်။ ထူးခြားသည့်ဓားစွမ်းရည်များ ပိုင်ဆိုင်ထားသော်လည်း လုယန်ကိုတော့ ယှဉ်နိုင်မည်မဟုတ်။
"ဒီရွှဲ့ရှီလုန် ကံဆိုးတာပဲ။ ပထမဆုံးပွဲမှာ လုယန်နဲ့တွေ့တယ်"
"မတတ်နိုင်ဘူးလေ။ ဒါက သူ့ကံပဲ"
"လုယန်ကို သူဘယ်လောက်ကြာကြာ ရင်ဆိုင်နိုင်မလဲ ကြည့်ရမှာပေါ့။ သူနည်းနည်းတောင့်ခံနိုင်ရင် လုယန်ရဲ့ဝှက်ဖဲတွေ ထွက်လာမှာပဲ။ ငါတို့အတွက် အကျိုးရှိတာပေါ့"
အောက်ဘက်မှ တီးတိုးဆွေးနွေးသံများကို ကြားသဖြင့် ရွှဲ့ရှီလုန်မျက်လုံးတွင် ပြတ်သားသည့်အမူအရာများပေါ်လာသည်။ လုယန်ဓားပါရမီမြင့်လည်း သူအရေးမစိုက်။ ကွာဟချက်ကို ကြိုးစားအားထုတ်မှုဖြင့် အမီလိုက်နိုင်သည်။
သူဓားပညာလေ့ကျင့်ခဲ့သည့် ဆယ်နှစ်ကျော်အတွင်း သူ့သွေးချွေးမျက်ရည်များစွာ ကျခဲ့ရသည်။
ဓားပွဲတော်သို့လာသည့် လမ်းခရီးတွင် အင်အားကြီးရန်သူများစွာ သူရင်ဆိုင်ခဲ့ရသည်။ အတော်များများက သူအနိုင်မရနိုင်ဟုပြောခဲ့ကြသည်။ သို့သော် ထိုရန်သူအားလုံးကို သူတို့စကားမှားကြောင်း သက်သေပြနိုင်ခဲ့သည်။
စင်မြင့်ပေါ်တွင် မိနစ်ပိုင်းအတွင်း သူတို့နှစ်ယောက် တိုက်ကွက်ဆယ်ကွက်ကျော် တိုက်ခိုက်ကြသည်။ ရွှဲ့ရှီလုန်သည် မြောက်ပိုင်းဓားပါရမီရှင်ဟူသည့် နာမည်နှင့် တကယ်လိုက်ဖက်သည်။ ဆယ်နှစ်ကျော်လေ့ကျင့်ခဲ့သည့် သူ့ဓားစွမ်းအင်ရောင်တွင် အလွန်တရာအေးစက်ပြတ်သားသည့် အငွေ့အသက်တစ်မျိုးပါဝင်နေသည်။
ထိုဓားစွမ်းအင်ရိပ်မျိုးကို ပထမဆုံးကြုံဖူးခြင်းဖြစ်၍ လုယန်အတော်အံ့ဩနေသည်။
အခြေအနေကိုခတ်ပြီးနောက် သူပေါ့ဆ၍မဖြစ်ကြောင်း နားလည်လာသည်။ သူ့ဓားကွက်များကို ပြောင်းလိုက်သည်။
ရွှဲ့ရှီလုန် ဆပွားတိုးလာသည့်ဖိအားကို ချက်ချင်းခံစားလိုက်ရသည်။ လုယန်ကိုင်ထားသည်က ဓားမဟုတ်ဘဲ တောင်ကိုဖြိုခွဲနိုင်သည့် တင်းပုတ်ကြီးတစ်ခုဟုပင် ထင်ရသည်။ တစ်ချက်ရင်ဆိုင်တိုင်း အားလှိုင်းက သူ့လက်ကောက်ဝတ်ဆီ စီးဝင်လာပြီး ထုံကျင်သွားသည်။
...လုယန်က အခုမှသူ့စွမ်းအားအစစ်ကို ထုတ်သုံးတာလား...အခုနကတိုက်ခိုက်ခဲ့တာတွေက သွေးပူအောင်အကဲစမ်းတိုက်ခိုက်ရုံပဲလားလား...
ရွှဲ့ရှီလုန်နဖူးတွင် ချွေးစေးများထွက်လာသည်။ နှစ်ယောက်လုံး ဓားစွမ်းအင်ရိပ်ကိုယ်ပွားသုံး၍ တိုက်ခိုက်နေခြင်းဖြစ်သည်။ ကျင့်စဉ်အဆင့်နှင့်မသက်ဆိုင်။ လုယန်၏ဓားစွမ်းအင်က သူ့ထက်များစွာ သာနေသည့်သဘောဖြစ်သည်။
လုယန်၏ဓားချက်များက ပြင်းထန်မြန်ဆန်သည်။ ရွှဲ့ရှီလုန်တိုက်ကွက်များကို ကြိုမြင်နေသကဲ့သို့ လုယန်၏ဓားချက်တိုင်းက သူ့အားနည်းချက်နေရာများကို တည့်တည့်ထိသည်။ ရှုရှောင်တုန် အတင်းကြိုးစားကာကွယ်နေရသည်။ တန်ပြန်မတိုက်ခိုက်နိုင်တော့။
ကြည့်နေသည့် ကျင့်ကြံသူများလည်း သိပ်မကြာမီ ရွှဲ့ရှီလုန် ရှုံးတော့မည်ဖြစ်ကြောင်း နားလည်သည်။ ရွှဲ့ရှီလုန်နေရာတွင် သူတို့ရင်ဆိုင်ရလျှင်လည်း နိုင်လောက်မည်မထင်။
"အညံ့ခံလိုက်ပါလား"
လုယန် စေတနာဖြင့် အကြံပေးသည်။ တိုက်ပွဲကို မြန်မြန်အဆုံးသတ်၍ တစ်ခြားပြိုင်ပွဲများကို သူကြည့်ချင်သည်။
"မခံဘူး"
ရွှဲ့ရှီလုန်က ဇွဲမလျှော့။ အရေးနိမ့်နေသော်လည်း သူ့မျက်လုံးများက ပြတ်သားသည်။ စွမ်းအားခြင်းကွာဟသော်လည်း သူအလျှော့မပေး။
လုယန် ခဏအံ့အားသင့်သွားသည်။ ထို့နောက် သူစကားပြောမှားသွားကြောင်း နားလည်လိုက်သည်။ ဓားကျင့်ကြံသူတို့သည် နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ကြရသည်။ အရှုံးပေးလျှင် ကိုယ့်ကိုယ်ကို သိက္ခာချရာရောက်သည်။
"ငါစကားမှားသွားတာ တောင်းပန်တဲ့အနေနဲ့ စွမ်းအားပြည့်သုံးပြီး မင်းကိုအနိုင်ယူပါ့မယ်"
လုယန် အလေးအနက်ပြောသည်။
တဖြေးဖြေးပိုပြင်းထန်မြန်ဆန်လာသည့် တိုက်ကွက်များကြောင့် ရွှဲ့ရှီလုန် ချွေးဒီးဒီးကျနေသည်။ အားပြတ်လုမတတ်ဖြစ်နေသည်။
ဘာကြောင့်သူနှင့်လုယန်ကြားတွင် ပါရမီချင်းထိုမျှကွာဟနေသည်မသိ။ ဤနေရာတွင် သူတကယ်ရှုံးရတော့မည်လော...
ရွှဲ့ရှီလုန်မျက်နှာက ခဏတာငေးကြောင်သွားသည်။ သူ့ငယ်ဘဝမှတ်ဉာဏ်များထဲ နစ်မျောသွားသည်။
ထူးထဲစွာကျနေသည့် နှင်းများအလယ်၌ သံဓားကျိုးတစ်ချောင်းကိုင်၍ သစ်သားတိုင်လုံးတစ်ခုပေါ်တွင် သူရပ်နေသည်။ မြောက်လေက တဟူးဟူးတိုက်ခတ်နေသည်။ နှင်းပွင့်နှင်းချပ်များက သူ့မျက်နှာကို ကြမ်းတမ်းစွာ ရိုက်ခတ်သည်။
"ဆရာ၊ ကျုပ်ဆက်ပြီးတောင့်မခံနိုင်တော့ဘူး"
ရွှဲ့ရှီလုန် အံတင်းတင်းကြိတ်ရင်း ပြောသည်။ နှင်းပွင့်များကို မျိုချမိမည်စိုး၍ ပါးစပ်ကို ကျယ်ကျယ်မဟရဲ။
သူ့ဆရာက ကြိမ်တုတ်တစ်ချောင်းကိုင်၍ ရောက်လာသည်။ ရွှဲ့ရှီလုန်၏ တုန်ရင်နေသည့်ကိုယ်ဟန်ကို မသိကျိုးကျွံပြု၍
"ဆက်ပြီးတောင့်ခံထားပါ။ ဒီပတ်ဝန်းကျင်နဲ့ မင်းအသားကျအောင်လုပ်ရမယ်။ ဒီနှင်းမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိရမယ်။ ဒီလိုလေ့ကျင့်ရတဲ့ အကျိုးကျေးဇူးကို နောင်တစ်ချိန်ကျမှ မင်းနားလည်လာလိမ့်မယ်"
"ဆရာက ဒီနေ့ဖြစ်ရပ်ကို ဟိုအရင်ကတည်းက ကြိုမြင်ခဲ့တာလား"
ရွှဲ့ရှီလုန် သူ့ဘာသာရေရွတ်သည်။ လုယန်၏ တိုက်ခိုက်မှုများက မြောက်ပိုင်းအေးခဲနယ်မြေမှ နှင်းမုန်တိုင်းနှင့်တူသည်။
သူ့ဓားကွက်များကို ဖြေးဖြေးချင်းထိန်းချုပ်သည်။ ခံစစ်အနေအထားကို တဖြေးဖြေးချုံ့သည်။ လှုပ်ရှားမှုများကိုချိန်ညှိ၍ နည်းနည်းထူးဆန်းသည့် ကိုယ်ဟန်ဖြင့်ရပ်လိုက်သည်။ ဓားသိုင်းကိုယ်ဟန်ပညာဖြစ်သည်။
သူ့ဆရာသင်ကြားခဲ့သည့်စကားများ တဖြေးဖြေးပြန်သတိရလာသည်။ တစ်ချိန်က အဆက်အစပ်မရှိဟုထင်ရသည့် ဓားပညာများကအားလုံးစုပေါင်း၍ ပုံစံသစ်တစ်မျိုး ဖြစ်လာသည်။
"ဓားသိုင်းကိုယ်ဟန်"
ထိုဓားသိုင်းကိုယ်ဟန်သည် ကြမ်းတမ်းသည့် နှင်းမုန်တိုင်းကို ခံနိုင်ရည်ရှိသည်။ သူ့ဆရာပင် ထိုပညာကိုမတတ်ခဲ့။
"ခွဲဓား"
လုယန်နှုတ်မှ တီးတိုးရေရွတ်လိုက်သည်။ ဓားချီက လပြည့်ဝန်းအသွင်ပြောင်း၍ ရွှဲ့ရှီလုန်၏ ဓားသိုင်းကိုယ်ဟန်ကို ခွဲဖြတ်သွားသည်။
ရွှဲ့ရှီလုန် ပြိုင်ပွဲစင်အစွန်သို့လွင့်ထွက်၍ သတိလစ်သွားသည်။
"ညီလေးရွှဲ့ သတိလစ်သွားပြီ၊ အခြေအနေမကောင်းတော့ဘူး"
အောက်ဘက်မှ ဓားကျင့်ကြံသူတစ်ယောက်က စိုးရိမ်တကြီးပြောသည်။
"မိတ်ဆွေ ရွှဲ့ရှီလုန် သတိလစ်ရင် ဘာဖြစ်မှာမို့လဲ"
တစ်ယောက်ကမေးသည်။
ထိုလူက သက်ပြင်းချ၍
"ရွှဲ့ရှီလုန်က ကျုပ်ရဲ့ဆရာတူညီလေးပါ။ ကျုပ်ဆရာကောက်ယူမွေးစားခဲ့တဲ့ မိဘမဲ့တစ်ယောက်ပေါ့။ ငယ်ကတည်းက ဓားပါရမီထူးခြားတယ်။ ဆရာကသူ့ကို မှန်ကန်တဲ့ပညာအမွေခံပဲလို့ ယူဆတယ်။
တပည့်ကောင်းတစ်ယောက်ရပြီလို့ တွေးနေချိန်မှာပဲ မထင်မှတ်တာတစ်ခုဖြစ်ခဲ့တယ်လေ။ ရွှဲ့ရှီလုန် မူးမေ့လဲကျပြီး သတိလစ်သွားတယ်။ နောက်ထပ်သိစိတ်တစ်ခုက သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးလာတယ်။
အဲဒီ့အခြေအနေမျိုးရောက်ရင် ညီလေးရွှဲ့က စွမ်းအားကြီးပြီး ကြမ်းတမ်းရက်စက်တယ်။ အဲဒါကြောင့်လည်း ကျုပ်ဆရာရဲ့ခြေထောက်ကို သူရိုက်ချိုးခဲ့တာပေါ့။ နောက်ပိုင်း သူသတိရလာတော့ ဘာမှမမှတ်မိဘူး။
ကျုပ်ရော ကျုပ်ဆရာရော အဲဒီ့ကိစ္စ သူ့ကိုလုံးဝပြောမပြခဲ့ဘူး။ သူ့ကိုရှာမတွေ့ခင်က ကြီးမားတဲ့စိတ်လှုပ်ရှားမှုတစ်ခုကြုံခဲ့လို့ စရိုက်ကွဲရောဂါမျိုးဖြစ်လာတာလို့ ဆရာကခန့်မှန်းခဲ့တယ်"
မှန်သည်။ ရွှဲ့ရှီလုန် သတိရလာချိန်တွင် ထူးထူးဆန်းဆန်း ချက်ချင်းထရပ်လာသည်။ သူ့ဟန်ပန်အမူအရာ လုံးဝပြောင်းလဲသွားသည်။
"ဒီသုံးစားမရတဲ့ကောင်က ဘာလို့မေ့လဲသွားရပြန်တာလဲ။ ဒီကိစ္စကို ငါပဲဖြေရှင်းရတော့မယ်ထင်တယ်"
'ရွှဲ့ရှီလုန်'က လုယန်ကို အေးစက်စက်ပြုံး၍ကြည့်သည်။
"ခွဲဓား"
လုယန် ဓားတစ်ချက်ခုတ်သည်။ စရိုက်ကွဲရွှဲ့ရှီလုန်လည်း သတိလစ်သွားသည်။
ရွှဲ့ရှီလုန်၏ စိတ်အာရုံထဲတွင် အဖြူအမည်းစရိုက်ကွဲလူနှစ်ယောက်ရှိနေသည်။
"ဒါဆို ဆရာ့ခြေထောက်ကိုချိုးခဲ့တာ ငါပေါ့"
အဖြူရောင်ရွှဲ့ရှီလုန် ဝမ်းနည်းပက်လက်အော်ငိုသည်။
"မဟုတ်သေးဘူး။ အဲဒါမင်းပဲ။ ဆရာ့ကို ဒုက္ခပေးတာမင်းပဲ"
အနက်ရောင်ရွှဲ့ရှီလုန်လုန်က နှာခေါင်းရှုံ့လျက်
"ပေးတော့ဘာဖြစ်လဲ။ အဲဒါ မင်းကိုယ်ထဲက သွေးဆက်စွမ်းအားက ထိန်းမရအောင် ပြင်းထန်လွန်းလို့ ဖြစ်တာလေ။ ဒါကြောင့် ငါ့စရိုက်က မင်းနဲ့ကွဲထွက်လာတာပေါ့။ ငါသာမရှိရင် ဆရာရှာမတွေ့ခင်တောင် မင်းအေးခဲပြီးသေသွားမှာပဲ"
အဖြူရောင်ရွှဲ့ရှီလုန်က ငိုကြွေးနေသည်။ အနက်ရောင်ရွှဲ့ရှီလုန်က စိတ်ပျက်သည့်အမူအရာမျိုးပေါ်နေသည်။
"ငိုနေတာလား။ ငိုနေလို့ဘာအကျိုးရှိမှာလဲ။ ရန်သူကို နိုင်မှာလား"
"ဒါဆို ငါတို့ဘာလုပ်ရမှာလဲကွ"
အဖြူရောင်ရွှဲ့ရှီလုန် ငိုနေရင်းမှ အော်ဟစ်လိုက်သည်။
အနက်ရောင်ရွှဲ့ရှီလုန်က မပွင့်တပွင့်ပြုံးသည်။
"ခုနက ဓားသိုင်းကိုယ်ဟန်ပညာကို မင်းနားလည်ပြီး အဆင့်သစ်တစ်ခု တက်သွားပြီလေ။ နည်းနည်းကူညီလိုက်တာနဲ့ မင်းရဲ့သွေးဆက်စွမ်းအားကို ထိန်းချုပ်လို့ ရပါပြီ"
"နည်းနည်းကူညီတယ်ဆိုတာ ဘာလဲ"
အဖြူရောင်ရွှဲ့ရှီလုန် အံ့အားသင့်သွားသည်။
အနက်ရောင်ရွှဲ့ရှီလုန်က ဘာမှထပ်ရှင်းမပြဘဲ ရှေ့တိုးလာပြီး သူ့ကိုဖက်လိုက်သည်။ အနက်ရောင်ရွှဲ့ရှီလုန်ပုံရိပ်က တဖြေးဖြေးစိမ့်ဝင်ပျောက်ကွယ်သွားသည်။
"ငါတို့ပူးပေါင်းဖို့လိုတယ်။ ငါမရှိတော့တဲ့အချိန်ကျရင် မင်းလည်း အခက်တွေ့တိုင်းငိုတတ်တဲ့ ကလေးတစ်ယောက်မဟုတ်တော့ဖို့ ငါမျှော်လင့်ပါတယ်"
"ရှောင်အန်း"
အဖြူရောင်ရွှဲ့ရှီလုန် အော်ဟစ်လိုက်သည်။ အနက်ရောင်ရွှဲ့ရှီလုန်ကို ဖမ်းဆုပ်ရန်ကြိုးစားသည်။ သို့သော် အနက်ရောင်အလင်းများကိုသာ ဖမ်းဆုပ်မိသည်။
လက်တွေ့အပြင်လောကတွင် လဲကျနေသည့်ရွှဲ့ရှီလုန် တဖြေးဖြေးထရပ်လာသည်။ သူ့အကြည့်တွင် ဝမ်းနည်းရိပ်နှင့် ခိုင်မာပြတ်သားသည့်အရိပ်တို့ ရောယှက်နေသည်။ သူ့ဓားကိုမြှောက်၍ လုယန်ကို ထိုးချိန်လိုက်သည်။
သူ့ထံမှ လူနှစ်ယောက်သံပြိုင်ပြောသည့် စကားသံမျိုးပေါ်လာသည်။
"လုယန်၊ ငါမင်းကို နိုင်အောင်တိုက်မယ်"
"ဒီစွမ်းအင်ရောင်။...သူ...သူက နှင်းအင်ပါယာရဲ့ ဒဏ္ဍာရီသွေးဆက်ကို ပိုင်ဆိုင်ထားတာပဲ"
အောက်ဘက်မှကြည့်နေသည့် မြောက်ပိုင်းနယ်မြေ ဓားကျင့်ကြံသူတစ်ယောက်က တအံ့တဩရေရွတ်သည်။
"မင်းမပြီးနိုင်သေးဘူးလားကွာ။...ခွဲဓား"
လုယန် ဒေါသထွက်လာပြီး နောက်တစ်ကြိမ် ထပ်ခုတ်သည်။
ရွှဲ့ရှီလုန် ပြိုင်ပွဲစင်ပေါ်မှ ပြုတ်ကျသွားသည်။