← Chapters

အခန်း (၉၀၇-၉၀၉)

Vol. 61 Ch. 907-909

အခန်း (၉၀၇-၉၀၉)

Vol. 61 Ch. 907-909

အခန်း (၉၀၇) ဓားကိုခန္ဓာကိုယ်အဖြစ်သုံး

"အခုမှပဲပြီးတော့တယ်"

ဘာကြောင့်မှန်းမသိ။ ရွှဲ့ရှီလုန်နှင့် တိုက်ခိုက်ပြီးနောက် အတော်မေားပန်းသွားသည်။ လူသုံးယောက်ကို တိုက်ခိုက်ခဲ့ရသလို ခံစားရသည်။

အစက တိုက်ပွဲကိုမြန်မြန်အဆုံးသတ်၍ ဒုတိယသုတ်မှ တစ်ခြားလူများ၏တိုက်ပွဲကို ကြည့်ချင်ခဲ့သည်။

သို့သော်ယခု သူထိုင်၍အနားယူဖို့သာ တွေးမိသည်။

"ဒါနဲ့နတ်မယ်၊ ပရိတ်သတ်ထဲကနေ နှင်းအင်ပါယာသွေးဆက်လို့ အော်သံကို ကြားလိုက်တယ်။ အဲဒါက ဘာလဲ"

နတ်မယ် ခေါင်းခါသည်။

"ငါလည်းမကြားဖူးဘူး။ သိပ်စွမ်းအားကြီးတဲ့လူတော့ မဟုတ်လောက်ဘူး။ သူ့မျိုးဆက်ကို နင်အနိုင်ယူနိုင်ခဲ့တာပဲမဟုတ်လား"

ရွှဲ့ရှီလုန်သည် တကယ်ရင်ဆိုင်ရခက်သည်ဟု လုယန်တွေးနေသည်။ အဆင့်တူချင်းတွင် ခွဲဓားသုံးချက်ဆက်တိုက်သုံးရသည့် ပြိုင်ဘက်မျိုး ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

မဟုတ်သေး။ ခွဲဓားသုံးချက်သာ ခံနိုင်ရည်ရှိသည့်ပြိုင်ဘက်မျိုးဟုပြောလျှင် ပိုမှန်မည်။

မည်သို့ဆိုစေ သူ့ပုံမှန်ပြိုင်ဘက်များက နိယာမသခင်၊ ယင်ထန်၊ ချီလင်တို့လိုလူများဖြစ်သည်။ ထိုလူများက သူ့ဓားချက်သုံးချက်ခုခံဖို့ ပြဿနာသိပ်မရှိနိုင်။

ခုနကအော်လိုက်သည့် မြောက်ပိုင်းနယ်မြေမှ ဓားကျင့်ကြံသူကို နှင်းအင်ပါယာအကြောင်းမေးဖို့လည်း လုယန်အားနာသည်။

ထိုဓားကျင့်ကြံသူ၏ လေသံအရ နှင်းအင်ပါယာသွေးဆက်သည် အတော်ကြောက်စရာကောင်းပုံရသည်။ မြောက်ပိုင်းနယ်မြေမှကျင့်ကြံသူများ လေးစားကြည်ညိုကြရသည့် အဆင့်အတန်းမျိုးဖြစ်မည်။

ရွှဲ့ရှီလုန်ကို ခုနကမှ အနိုင်ယူထားသည်။ နှင်းအင်ပါယာအကြောင်း သူ့ကိုသွားမေးလျှင် အနာပေါ်ဆားသိပ်သလို ဖြစ်လိမ့်မည်။ ထိုမျှ ရူးကြောင်ကြောင်အလုပ်မျိုးကို နတ်မယ်ပင် လုပ်မည်မဟုတ်။

"ဟေ့၊ မြောက်ပိုင်းနယ်မြေက ဓားကျင့်ကြံသူကို နင်သွားမေးလိုက်ပါလား။ ဒါဆို နှင်းအင်ပါယာသွေးဆက်အကြောင်း နင်သိလာမှာပဲလေ"

နတ်မယ်က ကောက်ကာငင်ကာ အကြံကောင်း ထပေးသည်။

လုယန် "..."

"အောင်ပွဲအတွက် ဂုဏ်ယူပါတယ်"

ယွမ်မုန်မုန်က အနားသို့လျှောက်လာပြီး အပြုံးဖြင့်ပြောသည်။

"အသေးအဖွဲလေးပါ"

ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်ရှေ့တွင် လုယန် နည်းနည်းဟန်လုပ်ဖို့လိုသည်။ ပင်ပန်းနွမ်းနယ်သည့်ပုံစံမျိုး ပေါ်နေ၍မဖြစ်။

လူအုပ်ကြီးက လုယန်ကို လေးစားသည့်အကြည့်ဖြင့် ကြည့်နေကြသည်။

ခွဲဓားသုံးချက်သည် သာမန်ဓားကွက်မျာသာဖြစ်သည်။ သို့သော် လုယန်ထုတ်သုံးချိန်တွင် သူတို့မြင်ဖူးထားသည့် ပုံမှန်ဓားချက်များထက် များစွာပိုပြင်းထန်နေသလိုရှိသည်။

ထိုဓားချက်မျိုးကို ခုခံနိုင်သူရှားလိမ့်မည်။

အခြေခံဓားကွက်ဖြင့် ထိုစွမ်းအားအဆင့်ရောက်နေသည်။ လုယန် ဘယ်လောက်များလေ့ကျင့်ထားသည်မသိ။

ဓားပါရမီထူးခြားသလို ဇွဲလုံ့လကလည်း တစ်ခြားလူများထက်သာလွန်သည်။ ထိုကဲ့သို့လူမျိုးကို သူတို့ဘယ်လိုယှဉ်နိုင်မည်နည်း။

"အကိုလုယန်လည်း တိုက်ပွဲပြီးသွားပြီလား"

မိန်ထိုက်လည်း သူ့တိုက်ပွဲပြီးသွားသဖြင့် လုယန်ဆီ ရောက်လာသည်။

"မြောက်ပိုင်းနယ်မြေက ရွှဲ့ရှီလုန်နဲ့ အခုနကပဲ တိုက်ပွဲပြီးတယ်။ မင်း‌ရောဘယ်လိုလဲ"

"ကျုပ်က နတ်ဆိုးနယ်မြေက ခွေးနက်ကြီးနဲ့ တိုက်ခိုက်ရတာလေ"

ထိုတိုက်ပွဲအကြောင်း ပြန်တွေးရင်း မိန်ထိုက်အတော် အော့နှလုံးနာနေသည်။

"ဒီခွေးနက်က ပါးစပ်ထဲမှာ ဓားကိုက်ထားတော့ သွားရည်တများများကျနေတာ။ ကျုပ်ကိုယ်‌ပေါ်ကိုတောင် စင်ကျတယ်"

ခွေးနက်၏ တိုက်ခိုက်စွမ်းအားက သာမန်သာဖြစ်သည်။ သို့သော် ခံစားရသည့် စိတ်ဖိစီးမှုက အတော်ကြီးမားသည်။ နတ်ဆိုးနယ်မြေမှ ကျင့်ကြံသူများအားလုံး ခွေးနက်နှင့် ဘယ်သူမှမတိုက်ခိုက်ချင်ကြ။

မိန်ထိုက်က ကံဆိုးသူဖြစ်သွားသည်။

ဒုတိယပွဲစဉ်အဆုံးသတ်ပြီးနောက် တတိယပွဲစဉ် စတုတ္ထပွဲစဉ်စသဖြင့် ဆက်ကျင်းပသည်။ ပွဲစဉ်သုံးဆယ့်နှစ်ခုလုံး ချောမွေ့စွာ ပြီးဆုံးသွားသည်။ နောက်တစ်ဆင့်ပွဲစဉ်အတွက် ပြန်၍မဲနှိုက်ကြရသည်။

လုယန်က ယောက်ျားလေးအယောင်ဆောင်ထားသည့် မိန်းကလေးကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည်။ မိန်းကလေးများလည်း ထိပ်တန်းဓားကျင့်ကြံသူဖြစ်လာနိုင်ကြောင်း သက်သေပြချင်နေသူဖြစ်သည်။

"ခွဲဓား"

ထို့နောက် ဖခင်နာမကျန်းဖြစ်၍ အိပ်ယာထဲလဲနေသဖြင့် ဖခင်အစား ပြိုင်ပွဲဝင်လာသည့် မိန်းက‌လေးတစ်ယောက်နှင့် ရင်ဆိုင်ရသည်။

"ခွဲဓား"

ထို့နောက် အနိုင်တိုက်ခိုက်နိုင်သူကို ခင်ပွန်းအဖြစ်သတ်မှတ်မည်ဟု စိတ်ပိုင်းဖြတ်၍ ပြိုင်ပွဲဝင်လာသည့် မိန်းကလေးတစ်ယောက်နှင့် ရင်ဆိုင်ရသည်။

"မိန်ထိုက်၊ ပြိုင်ဘက်ချင်းလဲရအောင်"

"အော်..ဟုတ်"

"ရှောင်ယန်၊ ရှောင်ယန်၊ ခဏနေရင် ငါတက်ပြိုင်မယ်"

လုယန်၏ ဓားဝိညာဉ်က ပြောသည်။

ယွဲ့ချွန်နှင့် သူ့မိန်းမအားလန်တို့ တိုက်ခိုက်ပုံများကို နတ်မယ်ကြည့်နေခဲ့သည်။ နှစ်ယောက်ပေါင်းတိုက်ခိုက်စွမ်းအားဖြင့် ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီးနောက် လုယန်နှင့်တွေ့သည်။ လုယန်က သူတို့ကို အနိုင်ယူလိုက်သည်။

လူနှင့်ဓားဝိညာဉ် ပူးတွဲတိုက်ခိုက်ပုံကို နတ်မယ် အတော်သဘောကျသည်။ ထို့ကြောင့် သူကိုယ်တိုင်စမ်းကြည့်လိုခြင်းဖြစ်သည်။

"ဘယ်လို... ခင်ဗျားဝင်ပြိုင်မလို့လား"

လုယန်တွေးနေသည်။ ဓားမျှော်စင်အဓိပဓိနှင့် ဗျတ်စောင်းဓားအရှင် အသက်ပြန်ဝင်လာလျှင်ပင် နတ်မယ်ကို ယှဉ်နိုင်မည်မထင်။

"ဪ၊ ငါမျက်နှာကိုမပြပါဘူး"

နတ်မယ်က တခစ်ခစ်ရယ်၍ပြောသည်။ အများရှေ့တွင် လူလုံးထွက်ပြ၍မဖြစ်မှန်း သူသိသည်။

"တိုက်ခိုက်တဲ့အချိန်ရောက်ရင် ချင်ဖုန်းဓားကို နင်မြဲမြဲကိုင်ထားရုံပါပဲ"

နတ်မယ် ဘယ်လိုတိုက်ခိုက်မည်ကို လုယန်တွေးမရ။ သို့သော် နတ်မယ်တောင်းဆိုချက်အတိုင်း လက်ခံရုံသာရှိသည်။

"လုယန်၊ မင်းနဲ့ငါ ယှဉ်ပြိုင်ရမယ်လို့ ထင်မထားခဲ့ဘူး"

ဤတစ်ကြိမ် လုယန်၏ပြိုင်ဘက်က ကပ်ဆိုးမျိုးနွယ်မှ ချိုခွန်းဖြစ်သည်။

ချိုခွန်း၏ တိုက်ပွဲများကို လုယန်ကြည့်ခဲ့သည်။ ထိုလူတိုက်ခိုက်ပုံက ထူးခြားသည်။ ယင်ယန်ပေါင်းစပ်မှုကို အလေးထားသည်။ အပျော့နှင့်အမာ ပေါင်းစပ်တိုက်ကွက်မျိုးဖြစ်သည်။ ဓားကွက်အပြောင်းအလဲများ အလွန်တရာချောမွေ့သည်။ ပြိုင်ဘက်ကို တုံ့ပြန်ခွင့်လုံးဝမပေး။

"ကျုပ်လည်း ကပ်ဆိုးမျိုးနွယ်မှာ ခင်ဗျားလို ဓားပါရမီရှင်မျိုးရှိမယ်လို့ မထင်ခဲ့မိဘူး။ နတ်ဆိုးနယ်မြေကိုရောက်တုန်းက ခင်ဗျားနဲ့လက်ရည်စမ်းခွင့်မရခဲ့တာ တကယ်ဆိုးတာပဲ"

ယင်ယန်ပေါင်းစပ်ခြင်းသည် ကိုးဆမသေမျိုး၏ အရိယဖလနှင့် နည်းနည်းဆင်တူသည်။ ကိုးဆမသေမျိုး၏ ယင်ယန်စွမ်းအားကို တိုက်ရိုက်ရင်ဆိုင်ရသည်ထက် ပိုရိုးရှင်းသည့် ချိုခွန်း၏တိုက်ကွက်များကို ကြိုလေ့လာထားခြင်းက ပိုကောင်းသည်ဟု လုယန်တွေးမိသည်။

တိုက်ပွဲစသည်နှင့် ချင်ဖုန်းဓားက လုယန်ကို ချိုခွန်းဆီ ချက်ချင်းဆွဲခေါ်သွားသည်။ ချိုခွန်းရော လုယန်ပါ အကြီးအကျယ်အံ့အားသင့်သွားသည်။

နတ်မယ်ထိုသို့တိုက်ခိုက်မည်ဟု လုယန်ထင်မထား။ ချိုခွန်းကလည်း လုယန်ထိုသို့တိုက်ခိုက်လာမည်ထင်မထား။

ချိုခွန်းသည် ခန့်မှန်းရခက်သည့် လျှပ်တစ်ပြက်တိုက်ကွက်များကြောင့် နာမည်ကျော်သူဖြစ်သည်။ ယခုတစ်ကြိမ်တွင် လုယန်က သူ့ထက်အရင် လက်ဦးမှုယူလိုက်သဖြင့် အံ့ဩနေသည်။

"တကယ်ခက်ခဲတဲ့ ပြိုင်ဘက်ပဲ။ စစချင်းမှာတင် ငါ့အတွေးလမ်းကြောင်းကို ဖျက်ဆီးနိုင်တယ်ပေါ့။ အင်း..ဒီလိုပြိုင်ဘက်မျိုးမှပဲ ပိုပြီးလက်ရည်ယှဉ်လို့ကောင်းတာ။...လုယန်၊ တိုက်ခိုက်ကြတာပေါ့ကွာ"

"ရှောင်ယန်၊ တက်ကြမယ်ဟေ့"

ချင်ဖုန်းဓားဝိညာဉ်က လုယန်သာကြားနိုင်သည့်အသံဖြင့် အော်ဟစ်လိုက်သည်။ မြင်းရိုင်းတစ်ကောင်လို တဟုန်ထိုးပြေးတက်သွားသည်။ လုယန်သာ ဓားကိုတင်းတင်းဆုပ်ကိုင်မထားလျှင် ရှေ့သို့ဟပ်ထိုးလဲကျသွားနိုင်သည်။

မျှော်စင်သခင်က လုယန်ကို အလေးအနက်မျက်နှာဖြင့်ကြည့်ရင်း ဘေးနှစ်ဘက်တွင်ထိုင်နေသည့် အကြီးအကဲများကို ပြောသည်။

"လူငယ်ပါရမီရှင်တွေဟာ တကယ်ကြောက်စရာကောင်းတာပဲ။ မင်းတို့သတိထားမိကြလား။ ချင်ဖုန်းဓားကပဲ အမြဲတမ်းအရင်လှုပ်ရှားတာ။ ပြီးမှ လုယန်က နောက်မှလိုက်တာ။ ဒါဘယ်လိုသဘောလဲသိလား။

လုယန်ဟာ လူနှင့်ဓားတစ်သားတည်းဖြစ်တဲ့ အဆင့်ကိုရောက်နေပြီ။ သူ့အတွေးက ဓားဆီကိုအရင်ရောက်တယ်။ ပြီးမှ ခန္ဓာကိုယ်ကလိုက်တယ်။ ဓားကသခင်၊ လူကအစေခံဆိုတာ အဲဒါကိုပြောတာ။ တကယ်အံ့ဩစရာပဲ"

အကြီးအကဲတစ်ယောက်က မေးသည်။

"လုယန်ကိစ္စကို ခဏထားပါဦး။ မိန်ထိုက်က ဟိုမိန်းလေးကိုနိုင်ပြီးရင် မိန်းကလေးက မိန်ထိုက်ရဲ့ဇနီးဖြစ်ပါတယ်ဆိုပြီး ကြေညာတော့မှာ။ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ"

နောက်အကြီးအကဲတစ်ယောက်က စိုးရိမ်ပူပန်ဟန်ဖြင့်

"ဒါတော့ မဖြစ်နိုင်ဘူးလေ။ အဓိပဓိအရှင်ကို သိက္ခာကျစေမယ့်လုပ်ရပ်မျိုး မိန်ထိုက်ကို လုပ်ခွင့်ပေးလို့ဘယ်ဖြစ်မလဲ"

စင်မြင့်ပေါ်တွင် နတ်မယ်က လူနှင့်ဓားတစ်သားတည်းပညာ၏ အဆင့်သစ်တစ်ခုကို နားလည်လာသည်။ ချင်ဖုန်းဓားကိုထိန်းချုပ်၍ လုယန်ကို လွှဲယမ်းပြီး ချိုခွန်းဆီရိုက်လိုက်သည်။

"ယား"

မတတ်သာတော့သဖြင့် လုယန်လည်း ခန္ဓာကိုယ်ကို ဓားချီစွမ်းအားဖြည့်၍ ချိုခွန်းကို ကန်လိုက်ရသည်။

ချိုခွန်းသည် ဓားကွက်မျိုးစုံကျွမ်းကျင်သည်ဟု နာမည်ကြီးသည်။ သို့သော် လုယန်ယခုလို ခြေကန်ချက်ဖြင့် တိုက်ခိုက်မည်ဟု မျှော်လင့်မထားမိ။ လုယန်တစ်ကြိမ်တိုက်ခိုက်တိုင်း သူတစ်ကြိမ်အံ့ဩနေရသည်။

"လူနဲ့ဓား တစ်သားတည်းပညာဆိုတာ ဒါမျိုးလား။ ခန္ဓာကိုယ်က ဓားဖြစ်လာပြီး ဓားက ခန္ဓာကိုယ်ဖြစ်လာတယ်ပေါ့"

"ထပ်ဆင့်ဓားချီခြေကန်ချက်"

ခေါင်းထဲပေါ်လာသည့် တွေ့ကရာနာမည်တစ်ခု လုယန်အော်ဟစ်လိုက်သည်။ သူ့ခြေကန်ချက်များကလည်း ထူးခြားသည်။ ဇယ်ဆက်သလိုမြန်ဆန်သည်။ ဓားချီစွမ်းအားပါသည် ခြေကန်ချက်များက ချိုခွန်း၏ ရင်ဘတ်ကိုထိသည်။ တိုက်ခိုက်မှုက ပြင်းထန်မြန်ဆန်လွန်းလွန်းသဖြင့် ချိုခွန်း တုံ့ပြန်ချိန်မရဘဲ စင်ပေါ်မှ လွင့်ကျသွားသည်။

**********************************

အခန်း (၉၀၈) ဓားနယ်မြေသန္ဓေ

"ဒါက ဘယ်လိုဓားပညာမျိုးလဲ"

လုယန်တိုက်ခိုက်ပုံကို မလွတ်တမ်းကြည့်နေသည့် ဓားကျင့်ကြံသူအုပ်စု အကြီးအကျယ်အံ့အားသင့်သွားပြီး သူ့ကိုဝိုင်းမေးကြသည်။

ဓားကိုအမိန့်ပေးသည့် ကျင့်ကြံသူများကို သူတို့ခဏခဏတွေ့ဖူးသည်။ ဓားကလူကို အမိန့်ပေးသည်ကိုတော့ အခုမှမြင်ဖူးကြသည်။

နတ်မယ်၏နှိပ်စက်မှုကြောင့် လုယန်၏ဓားစွမ်းအင်ပုံရိပ် ပျောက်ကွယ်သွားသည်။ မူလခန္ဓာက ချောင်းနှစ်ချက်ဆိုးလိုက်ရသည်။

"ဒီဓားပညာကို ကျုပ်အခုမှ တီထွင်လိုက်တာပါ။ နာမည်ကို ကောင်းကောင်းမစဉ်းစားရသေးဘူး"

သူ့စကားကြောင့် ပရိတ်သတ်အံ့ဩမှုက ပို၍ပင် အရှိန်မြင့်သွားသည်။

"အသစ်တီထွင်ထားတယ်ဆိုပေမယ့် တကယ်စွမ်းအားကြီးတာပဲ"

"သူသုံးသွားတဲ့ဓားပညာက နည်းနည်းအကြမ်းဆန်ပြီး ပြုပြင်ဖို့လိုသေးတယ်လို့ ငါတွေးနေတာ။ လက်စသပ်တော့ အသစ်တီထွင်ထားတာကိုး"

"လုယန်၊ ဒီဓားပညာအတွက် နာမည်တစ်ခုပေးပါဦး"

လုယန် အငိုက်မိသွားသည်။ ရုတ်တရက်ကြီး ဘာကြောင့်သူ့ကို နာမည်ပေးခိုင်းနေသည်မသိ။ သူဘယ်လိုနာမည်ပေးရမည်နည်း။

"ဒါဆိုလည်း ပဲ(စစ်နတ်ဘုရား)အင်ပါယာဓားပညာလို့ ခေါ်ကြတာပေါ့"

မည်သို့ဆိုစေ ထိုဓားပညာသည် သူတီထွင်ထားခြင်းမဟုတ်။ နတ်မယ်သုံးသည့် ဓားပညာဖြစ်သည်။ ထို့ကြောင့် နတ်မယ်နာမည်သာ ပါသင့်သည်။

သူသည် အရာရာတိုင်းကို တစ်ခြားရှုထောင့်မှ ကြည့်တတ်သည်။ နတ်မယ်နာမည်ပေးလျှင်လည်း ထိုနာမည်သာပေးလိမ့်မည်။

"စစ်နတ်ဘုရားအင်ပါယာဓားပညာတဲ့လား။ တကယ်ကောင်းတဲ့နာမည်ပဲ"

"အဲ..စစ်နတ်ဘုရား မဟုတ်ပါဘူး။ တို့ဟူးလုပ်တဲ့ 'ပဲ'ကို ပြောတာပါ"

လုယန် ရှင်းပြသည်။

လူအုပ်ကြီး နည်းနည်းအံ့ဩသွားသည်။ လုယန်သည် ဓားပညာထူးချွန်သော်လည်း နာမည်ပေးစွမ်းရည်တော့ နည်းနည်းညံ့သလိုရှိသည်။

"ရှောင်ယန်၊ နင်နာမည်ပေးတာ သိပ်မဟုတ်သေးဘူး။ ထာဝရဓားပညာလို့ခေါ်လိုက်ရင် ပိုကောင်းမသွားဘူးလား"

နတ်မယ်က အလိုမကျဟန်ဖြင့် ခေါင်းခါသည်။ နောက်ဆိုလျှင် နာမည်ပေးသည့်အလုပ်ကို သူတာဝန်ယူမှာသာဖြစ်မည်။ ရှောင်ယန်ကို အားကိုး၍မရ။

အင်ပါယာနှင့် ဝန်ကြီးများကြား စာပေစွမ်းရည်ကွာဟချက်က ထိုအသေးစိတ်အချက်များတွင် သိသာနေသည်။

လုယန် "..."

ခင်ဗျားနာမည်ပေးစွမ်းရည်က ဘယ်လိုလုပ်ပြီး ဒီလောက်တိုးတက်လာတာလဲ...

သို့သော် နာမည်ကို အတည်ပြုပြီးဖြစ်၍ ပြန်ပြောင်းလဲ၍မရတော့။

လုယန်နှင့်ချိုခွန်းတို့ပြိုင်ပွဲက အကြိုဗိုလ်လုပွဲဖြစ်သည်။ ချိုခွန်းကို အနိုင်ရပြီးဖြစ်၍ လူအများမျှော်လင့်တောင့်တနေသည့် နောက်ဆုံးဗိုလ်လုပွဲသို့ရောက်လာသည်။

"အကိုလုယန်၊ ထင်ထားတဲ့အတိုင်း အခု ကျုပ်တို့နှစ်ယောက်ပဲ ကျန်တော့တယ်"

မိန်ထိုက်က စင်မြင့်ပေါ်တွင် အလင်းဓားကိုကိုင်၍ ဓားသခင်တစ်ယောက်ဟန်ပန်ဖြင့် ရပ်နေသည်။ မိန်းကလေးဓားသမားနှင့်တိုက်ပွဲတွင် ပင်ပန်းခဲ့သည့်အဖြစ်ကို မပေါ်အောင်ဖုံးကွယ်ထားသည်။

အလင်းဓားသည် မိန်ထိုက်၏သရုပ်မှန်လည်းဖြစ်သလို ဓားမျှော်စင်အဓိပဓိကိုယ်တိုင် သွန်းလုပ်ခဲ့သည့် မသေမျိုးရတနာလည်းဖြစ်သည်။ မသေမျိုးအဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာလိုသဖြင့် မသေမျိုးဓားဟုခေါ်ခြင်းသည် လွန်မည်မထင်။

အရည်အသွေးအရကြည့်လျှင် လုယန်၏ချင်ဖုန်းဓားသာ ထိုဓားထက်သာလွန်သည်။ ခုနစ်ကြယ်ဓားစုသည် အလင်းဓားကိုမယှဉ်နိုင်။

"ငါလည်း အဲလိုပဲထင်ထားတာပါ"

လုယန် ပြုံးလိုက်သည်။ မိန်ထိုက် နောက်ဆုံးအဆင့်ထိ ရောက်လာသည်ကို သူလုံးဝမအံ့ဩမိ။

ဓားမျှော်စင်အဓိပဓိသည် သမိုင်းတလျှောက် ဓားကျင့်ကြံသူများထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။ သူနှင့်အတူ တိုက်ပွဲအလီလီနွှဲ၍ နိုးကြားလာသည့် ဓားဝိညာဉ်သည်လည်း မယုံနိုင်လောက်‌အောင် စွမ်းအားကြီးပေလိမ့်မည်။

မိန်ထိုက်နှင့်လုယန် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေသည်။ လုယန်၏မျက်လုံးများက သူ့ကိုထွင်းဖောက်မြင်နေသယောင် မိန်ထိုက်ခံစားရသည်။

အောက်ဘက်မှ ဓားကျင့်ကြံသူများနှင့် မျှော်စင်အကြီးအကဲများကလည်း အာရုံစိုက်၍ကြည့်နေသည်။ ထိုနှစ်ယောက် ဘယ်သူပိုသာသည်ကို သိချင်နေကြသည်။

နှစ်ယောက်လုံး မသေမျိုးဓားကိုယ်စီ ဆွဲထုတ်သည်။ တောက်ပသည့် ဓားဦးထိပ်များဖြင့် တစ်ယောက်ကို တစ်ယောက်ချိန်ရွယ်ကြသည်။ သူတို့အပြုံးများ တဖြေးဖြေးပျောက်ကွယ်သွားသည်။

အောက်ဘက်မှ ဓားကျင့်ကြံသူများ အသက်ရှူဖို့ပင် မေ့နေကြသည်။ သေချာစိုက်ကြည့်နေသည်။ သို့သော် သူတို့မြင်ကွင်းများ ဝေဝါးသွားသည်။ သံမဏိချင်းထိခတ်သံတစ်ချက်ပေါ်လာပြီး ပါရမီရှင်နှစ်ယောက်လုံး မူလနေရာမှပျောက်သွားသည်။ စင်မြင့်အလယ်တွင် ပြန်ပေါ်လာသည်။

ဘယ်သူအရှင်စလှုပ်ရှားသည်ကို သေချာမမြင်လိုက်ရ။ နှစ်ယောက်လုံး ကြိုတင်ညှိနှိုင်းထားခြင်းမရှိဘဲ တစ်ပြိုင်တည်းလှုပ်ရှားခြင်းလည်း ဖြစ်နိုင်သည်။

"ခွဲဓား"

အကဲစမ်းတိုက်ကွက်မျိုးမသုံး။ ခွဲဓားပညာကို လုယန်ချက်ချင်းထုတ်သုံးသည်။

အရင်ပြိုင်ပွဲများတွင် ခွဲဓားပညာကို အနိုင်ပိုင်းတိုက်ကွက်အဖြစ် နောက်ဆုံးမှသာ သူသုံးလေ့ရှိသည်။ သို့သော် မိန်ထိုက်သည် သာမန်ပြိုင်ဖက်မျိုးမဟုတ်။

"လှိုင်းဖြန့်ဓားချက်"

မိန်ထိုက်နောက်တွင် ဓားချီလှိုင်းများပေါ်လာပြီး ဆူနာမီလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။ ရေငွေ့နှင့်ပင်လယ်လေပြေက ပြိုင်ပွဲစင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ အလင်းဓားက လေထုကိုဖြတ်သန်းသွားသည်။ ဓားရိပ်များစွာ ကျန်နေခဲ့သည်။

အလင်းဓား၏အမြန်နှုန်းကို ထိပ်ဆုံးထိ မြှင့်ထားသည်။ မြန်လွန်းသဖြင့် ဓားရိပ်များက ဓားအစစ်လိုဖြစ်လာသည်။

"ဒါက ဓားမျှော်စင်အဓိပဓိဖန်တီးခဲ့တဲ့ ဓားပညာပဲ"

ချိုခွန်းက အလေးအနက်လေသံဖြင့်ပြောသည်။ လှိုင်းဖြန့်ဓားပညာ ပျောက်ဆုံးသွားပြီဟု အများကပြောကြသည်။ ဓားမျှော်စင်မှာပင် ထိုဓားပညာကျင့်စဉ် အပြည့်အစုံမရှိတော့ဟုဆိုသည်။

ယခု မိန်ထိုက်၏ ဓားချက်များက ဟာကွက်မရှိ။ မပြည့်စုံသည့် ဓားပညာမျိုးနှင့်မတူ။

ပြည့်စုံသည့် လှိုင်းဖြန့်ဓားပညာဖြစ်သည်။

"မိန်ထိုက်ဟာ ဓားမျှော်စင်အဓိပဓိရဲ့ ပညာအမွေကို ရထားတယ်လို့ပြောကြတာ အမှန်ဖြစ်မယ်ထင်တယ်"

ဓားမျှော်စင်အဓိပဓိ ကျဆုံးပြီးနောက် နှစ်တစ်သောင်းအတွင်း ဓားမျှော်စင်မှ ဓားပါရမီရှင်များစွာ ပေါ်ထွက်ခဲ့သည်။ သို့သော် ဘယ်သူမှ မျှော်စင်အဓိပဓိ၏ စမ်းသပ်ချက်များကို မဖြတ်ကျော်နိုင်ခဲ့။ မိန်ထိုက်ပေါ်လာမှ မျှော်စင်အဓိပဓိ၏ ပညာအမွေကို လက်ခံနိုင်သည်ဟူသည့် ကောလဟာလများရှိသည်။

သို့သော် ကောလဟာလသဖြစ်သည်။ ဓားမျှော်စင်အဓိပဓိ၏ဓားပညာကို ဘယ်တုန်းကမှ မိန်ထိုက် ထုတ်မပြခဲ့။

ယခု လုယန်နှင့်တိုက်ပွဲကျမှ ထိုအချက်ကို အတည်ပြုနိုင်ခြင်းဖြစ်သည်။

"ခွဲဓား"

"ဖျက်ဓား"

"ထိုးဖောက်ဓား"

လုယန်က အခြေခံဓားကွက်များသာ ထုတ်သုံးရသည်။ သူလည်း ခမ်းနားသည့်ဓားကွက်များ ထုတ်ပြချင်ပါသည်။ သို့သော် ဘယ်သူမှ သူ့ကိုသင်မပေးခဲ့။

အခြေခံဓားကွက်များဖြစ်သော်လည်း မိန်ထိုက် လျှော့မတွက်ရဲ။ လုယန်လက်ထဲတွင် ထိုဓားကွက်များက ထူးခြားသည့်အသွင်ပြောင်းသွားသည်။ သူ့စိတ်စေရာအတိုင်း ဓားကွက်များကပြောင်းလဲလာသည်။

ထိုဓားကွက်များ လုံးဝအသွင်ပြောင်းသွားသည်ကို လုယန်ကိုတိုင်ပင်မသိ‌လောက်ဟု မိန်ထိုက်ထင်မိသည်။ ကိုယ်တိုင်ဓားကွက်ဖန်တီးသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ချင်ဖုန်းဓားက လေထုကိုဖြတ်သန်း၍ ဓားချီလှိုင်းလုံးများကို ထိုးခွဲသည်။ ဓားရောင်က စူးရှတောက်ပပြီး မီးတောင်ပေါက်ကွဲသလို ထိုးထွက်လာသည်။

မိန်ထိုက် လက်ကောက်ဝတ်ကို ဖျတ်ခနဲလှည့်၍ ဓားကွက်ပြောင်းလိုက်သည်။ ဂဠုန်ကသလို၊ ဖီးနစ်ပျံသလို၊ နဂါးလူးလွန်သလို ထင်ရသည်။ စင်မြင့်တစ်ခုလုံး ရှေးဟောင်သားရဲအရိပ်များ ပြည့်နက်သွားသယောင်ရှိသည်။

"ဒါက အရိပ်လက်သီးကို အခြေခံပြီးတီထွင်ထားတဲ့ ဓားမျှော်စင်အဓိပဓိရဲ့ နတ်ဆိုးဓားပညာပဲ"

ချိုခွန်းမျက်နှာ လေးနက်တည်ကြည်နေသည်။ စင်အောက်ဘက်မှပင် ထိုဓားပညာ၏ ကြောက်စရာကောင်းသည့်သဘာဝကို သူခံစားမိသည်။

နတ်ဆိုးဓားပညာကို နတ်ဆိုးနယ်မြေအကြီးအကဲများနှင့် တိုက်ခိုက်ရင်း ဓားမျှော်စင်အဓိပဓိက ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုဓားချက်အောက်တွင် နတ်ဆိုးအကြီးအကဲဘယ်နှယောက် ကျဆုံးခဲ့သည်မသိ။

မိန်ထိုက် အလင်းဓားကို အထက်သို့ပစ်လွှတ်လိုက်သည်။ ဓားက ချက်ချင်းပျောက်သွားသည်။ သာမန်မျက်လုံးဖြင့်လည်း မမြင်ရ။ ဝိညာဉ်အာရုံဖြင့်လည်း ထောက်လှမ်း၍မရ။

သို့သော် ပြိုင်ဘက်ဖြစ်သည့်လုယန်က ထိုဓားပျောက်ကွယ်သွားသော်လည်း စင်ပေါ်တွင်ရှိနေသေးကြောင်း မိန်ထိုက်၏ထိန်းချုပ်မှုအောက်တွင် ရှိနေသေးကြောင်း နားလည်သည်။

"ဒါ..ဒါက အလင်းဓားပဲ။ မျက်လုံးနဲ့မမြင်ရဘူး။ ဘယ်လိုတိုက်ခိုက်မယ်ဆိုတာ ခန့်မှန်းလို့မရဘူး"

ဓားကျင့်ကြံသူအားလုံး အံ့အားသင့်သွားကြသည်။ သူတို့အားလုံး အလင်းဓားအကြောင်းကိုသာ ကြားဖူးသည်။ တစ်ခါမှမမြင်ဖူးကြ။

မိန်ထိုက်က ဓားစွမ်းအားအစစ်ကိုထုတ်ပြမှသာ အလင်းဓားမှန်း သိလာကြသည်။

ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသဖြင့် လုယန်ခန္ဓာကိုယ်ကို လှည့်ရှောင်လိုက်သည်။ ပျောက်ကွယ်နေသည့် အလင်းဓား၏တိုက်ခိုက်မှုကို လွတ်သည်ဆိုရုံသာ ရှောင်နိုင်ခဲ့သည်။

သို့သော် သူ့ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများစွာ ပေါ်လာသည်။ သေနိုင်အောက်အောင် မမြင်းထန်သော်လည်း ဤအတိုင်းဆက်သွားလျှင် သူသေချာပေါက် ရှုံးလိမ့်မည်။

အလင်းဓားကိူ မမြင်ရ။ အာရုံခံ၍လည်းမရ။ လုယန်က ဓားချီသိပ်သည်းမှုကို အာရုံခံ၍သာ ရှောင်နေရသည်။ သို့သော် ထိုနည်းလမ်းသည် ရေရှည်အဆင်မပြေနိုင်။

ထို့ပြင် ယခု ဓားချီမှအသွင်ပြောင်းလာသည့် နတ်ဆိုးအရိပ်မျိုးစုံနှင့်လည်း သူရင်ဆိုင်နေရသည်။ အတော်အခက်တွေ့သည်။

"ငါလည်း တကယ်အတည်တိုက်ခိုက်ဖို့ အချိန်ကျလာပြီပဲ"

"ဓားတစ်သောင်းအသွင်ပြောင်းစွမ်းအား"

လုယန် ချင်ဖုန်းဓားကို စင်မြင့်ပေါ်သို့စိုက်လိုက်သည်။ သူ့ခြေထောက်အောက်မှ ချင်ဖုန်းဓားရိပ်များစွာ ထိုးထွက်လာသည်။ အထက်လေဟာနယ် မည်းမှောင်သွားပြီး နောက်ထပ်ဓားရိပ်တစ်သောင်းကလည်း ဇောက်ထိုးအနေအထားဖြင့် လေထဲတွင်အသင့်ရှိနေသည်။

"ဒါက...ဓားနယ်မြေဖန်တီးတဲ့ပညာလား"

မျှော်စင်အကြီးအကဲများ မျက်လုံးပြူးသွားပြီး မယုံနိုင်အောင်ဖြစ်နေကြသည်။ လုယန် ဓားတစ်သောင်းပညာတတ်ထားမှန်း သူတို့သိသည်။ သို့သော် ထိုထက်အဆင့်မြင့်သည့် ဓားနယ်မြေဖန်တီးသည့်ပညာကို တတ်နေမည်ဟု ထင်မထားကြ။

"မဟုတ်ဘူး။ ဒါက ဓားနယ်မြေပုံရိပ်အဆင့်ပဲ ရှိသေးတာ"

မျှော်စင်သခင်က တည်ငြိမ်စွာ မှတ်ချက်ပြုသည်။

ဓားနယ်မြေပုံရိပ်သည်ပင် အတ်ောလေးစားလောက်သည်။ သင်ပြလမ်းညွှန်သူမရှိလျှင် ဝိညာဉ်ပြောင်းအဆင့်ဖြင့် ထို့ပညာကိုတတ်ဖို့မလွယ်။

တာအိုရှင်ဝစီပိတ်က သိပ်သင်မပေးဘဲ လုယန်က ဓားပညာရပ်များကို သူ့ဘာသာ နားလည်တတ်ကျွမ်းလာခြင်းဖြစ်မည်ဟုပင် မျှော်စင်သခင်ယူဆသည်။

ယခုမြင်နေရသည့် ဓားနယ်မြေပုံရိပ်လည်း ထိုသို့ပင်ဖြစ်လိမ့်မည်။

"ဝစီပိတ်က ဒီကလေးကို သင်ရမှာပျင်းလို့လား။ ဒါမှမဟုတ် သူသင်ရင် လမ်းလွဲမှာစိုးပြီး လုယန်ကိုယ့်ဘာသာနားလည်လာတာ ပိုကောင်းမယ်လို့ ယူဆခဲ့လို့များလား"

မျှော်စင်သခင်တွေးနေသည်။

လုယန်၏ ဓားပါရမီက အံ့ဩစရာကောင်းလွန်းသည်။ ခေတ်အဆက်ဆက်တွင် နံပတ်တစ်ပါရမီမျိုးဟုခေါ်လျှင် လွန်မည်မထင်။

*********************************

အခန်း (၉၀၉) ဓားပွဲတော်၏နံပတ်တစ်

သူထုတ်သုံးလိုက်သည့်ပညာက ဓားနယ်မြေပုံရိပ်ပညာဖြစ်ကြောင်း လုယန်ကိုယ်တိုင်ပင်မသိ။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ် ထိုသို့လုပ်သည်ကိုသာ မြင်ဖူးသည်။ သူလည်းလုပ်နိုင်လိမ့်မည်ဟု ယူဆသဖြင့် စမ်းကြည့်ခြင်းဖြစ်သည်။

တကယ်လည်း အဆင်ချောသွားသည်။

ယခု သူသည် မြေပြင်နှင့်ကောင်းကင်နှစ်ခုလုံးကို ဓားနယ်မြေများအဖြစ် ချက်ချင်းဖန်တီးနိုင်သည်။

ချန်ဖုန်းဓားများ မြေပြင်မှ ထိုးထွက်လာသည်။ ဘေးပတ်လည်ဝန်းကျင်ကို ဓားချီဖြန့်လိုက်သည်။ သူ့အာရုံများ ပို၍ထက်မြက်လာသည်။ အလင်းဓား၏တည်နေရာကို သူဝိုးတဝါး ခံစားမိလာသည်။

စင်အောက်ဘက်မှကျင့်ကြံသူများ မဆိုထားနှင့် မျှော်စင်အကြီးအကဲများပင် လုယန်၏ဓားစွမ်းရည်ကို အံ့ဩရသည်။

ကောင်းကင်ခွေးနက်လည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ တံတွေးရည်စိုရွှဲနေသည့် ပါးစပ်ထဲမှဓား မြေပေါ်ပြုတ်ကျသွားသည်ကိုပင် သူသတိမထားမိ။

ချိုခွန်းလည်း နေရာတွင် ငုတ်တုပ်မေ့နေသည်။ သူ့ကျင့်စဉ်စွမ်းအားသည် ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ဖြစ်သည်။ သို့သော် ဓားနယ်မြေတည်ဆောက်ဖို့ဝေးစွ။ ဓားနယ်မြေပုံရိပ်ပင် မတည်ဆောက်နိုင်သေး။

လုယန်က သူ့ထက်သာနေသည်။ ဓားနယ်မြေပုံရိပ်ကို အရင်ထုတ်ပြနိုင်သည်။

"လုယန်၊ ငါမင်းကို မီအောင်လိုက်မယ်"

ကွာဟချက်ကြီးမားသော်လည်း စိတ်ဓာတ်မကျ။ သူ့မျက်လုံးများက ပို၍ပင်လေးနက်ပြတ်သားလာသည်။

ကျင့်ကြံသူတစ်ယောက်သည် ဘယ်တော့မှ လက်မလျှော့ရ။ အဆက်မပြတ်တိုးတက်ဖို့ ကြိုးစားနေရမည်.

"တွေ့ပြီ"

လုယန် ညာလက်ကို ဖျတ်ခနဲမြှောက်လိုက်သည်။ ချွင်ခနဲမြည်သံပေါ်လာသည်။ တစ်ခုခုလွင့်ထွက်သွားသည့် အသံမျိုးဖြစ်သည်။

မိန်ထိုက် အလင်းဓားကိုဖမ်းလိုက်သည်။ ဓားနယ်မြေပုံရိပ်ပညာ နားလည်တတ်ကျွမ်းနေသည့် လုယန်ကိုကြည့်၍ သူလည်း အံ့အားသင့်နေသည်။

ဓားမျှော်စင်အဓိပဓိ မသေမျိုးကောင်းကင်လျှပ်စီးဖြတ်သန်းချိန်တွင် သူအတူလိုက်ပါခဲ့သည်။ အပြင်းအထန်ဒဏ်ရာရခဲ့သည်။ သ့မှတ်ဉာဏ်အများစု ပျောက်ဆုံးသွားသည်။ နှစ်နှစ်ဆယ်ကြာပြီးမှ သူပြန်နိုးထနိုင်ခဲ့သည်။ အားလုံးကို အသစ်ပြန်စရသည်။

ထိုသို့သာမကြုံခဲ့လျှင် သူလည်း ဓားနယ်မြေပုံရိပ်ကို ထုတ်ပြနိုင်လောက်သည်။

အလင်းဓားက မမြင်ရသေး။ သို့သော် လုယန်က မိန်ထိုက်၏ လက်ကောက်ဝတ်လှုပ်ရှားပုံကိုကြည့်၍ ထုတ်သုံးသည့် ဓားပညာကို ခန့်မှန်းနိုင်သည်။ ကျွမ်းကျင်သည့်ဓားသခင်တစ်‌ယောက်အတွင် ကိုယ်ပျောက်နေသည့် အလင်းဓားသည် မြင်နေရသည်နှင့် ဘာမှသိပ်မကွာခြားလှ။

ထိုအချက်ကြောင့် လုယန်အံ့ဩရသည်။ ဓားဦးတည်ရာကို သူခန့်မှန်းနိုင်မှန်း မိန်ထိုက်သိနေသည်။ သို့သော် ဘာကြောင့် အလင်းဓားကို ဆက်၍ဖုံးကွယ်နေသည်မသိ။

သူ့စိတ်အာရုံကိုခွဲဖြန့်ထားသည်။ အလင်းဓားအများစုကို ဓားချီနတ်ဆိုးများနှင့် တိုက်ခိုက်ရန်စေလွှတ်သည်။ သူကိုယ်တိုင်က မိန်ထိုက်ကို ရင်ဆိုင်သည်။

မိန်ထိုက်က လှိုင်းဖြန့်ဓားပညာကို နောက်တစ်ကြိမ်ထပ်သုံးသည်။ ဓားချီလှိုင်းလုံးများ လုယန်ဆီ ပြေးဝင်သွားသည်။ အရှုံးမပေးသည့် ကျောက်ဆောင်တစ်ခုပမာ လုယန်ကို ကြိတ်ချေရန် ကြိုးစားသည်။

ဘက်ပေါင်းစုံမှ တိုက်ခိုက်လာသော်လည်း ရွှဲ့ရှီလုန်ထံမှ ဓားသိုင်းကိုယ်ဟန်ပညာကို နည်းနည်းသင်ယူထားပြီးဖြစ်၍ လုယန်တွင် မလှုပ်မယှက်ရပ်လျက် ခုခံနေသည်။

စင်အောက်မှကြည့်နေသည့် ရွှဲ့ရှီလုန် မျက်လုံးပြူးသွားသည်။ ခုနကမှ ဓားသိုင်းကိုယ်ဟန်ပညာတစ်ချို့ သူထုတ်သုံးခဲ့သည်။ ယခုလုယန်က သူ့လိုလိုက်လုပ်နေသည်။

မိန်ထိုက်အသွင်က ဓားချီပင်လယ်ထဲတွင် ပုန်းကွယ်၍ လုယန်ကို တိုက်ခိုက်သည်။ သို့သော် သူ့အလစ်တိုက်ခိုက်မှုများ အရာမရောက်သဖြင့် ကိုယ်တိုင်တိုက်ခိုက်ဖို့ ထွက်လာရသည်။

နောက်ထပ် ဆယ်ကွက်ကျော်မကျော်မီ လုယန်၏ ပါးပြင်တစ်ဖက် ရှိန်းခနဲပူသွားသည်။

သူအထင်မှားခြင်းလော။

ထိုသို့လည်း မဖြစ်နိုင်။

"ခုနကဘာဖြစ်သွားတာလဲ။ လုယန်က အလင်းဓားကို ကာကွယ်လိုက်တာမဟုတ်လား။ သူဘာလို့ ဓားချက်ထိသွားတာလဲ"

"နောက်ထပ် ကိုယ်ပျောက်အလင်းဓားတစ်လက်ရှိနေတာများလား"

"ဓားမျှော်စင်အဓိပဓိဟာ ဓားတစ်လက်ပဲကိုင်တဲ့လူလို့ ပြောကြတယ်မဟုတ်လား"

အောက်ဘက်မှ ဓားကျင့်ကြံသူများ အကျိတ်အနယ်ဆွေးနွေးနေသည်။ လုယန်ဘယ်လို ဓားချက်ထိသွားသည်ကို နားမလည်ကြ။

လုယန် နောက်သို့နည်းနည်းဆုတ်လိုက်သည်။ အကြောင်းရင်းကို ချက်ချင်းနားလည်လာသည်။

"ဪ...သဘောပေါက်ပြီ။ အလင်းဓားက ကိုယ်ယောင်ဖျောက်နိုင်ရုံတင်မဟုတ်ဘဲ ဓားသွားအရှည်ကိုလည်း ပြောင်းလဲနိုင်တယ်ပေါ့"

ဓား၏တည်နေရာကို သူခန့်မှန်းနိုင်သည်။ သို့သော် ဓားအရှည်ကိုကို သူထည့်မတွက်မိခဲ့။

"အကိုလုက တကယ်ဉာဏ်ထက်တာပဲ"

မိန်ထိုက် တအံ့တဩရေရွတ်သည်။ အလင်းဓား၏နောက်ထပ် စွမ်းရည်တစ်ခုကို လုယန် ချက်ချင်းရိပ်စားမိမည်ဟု ထင်မထား။

ဓားအတိုအရှည်အပြောင်းအလဲကို မခန့်မှန်းနိုင်လျှင် မိန်ထိုက်ကို အနီးကပ်တိုက်ခိုက်၍ မဖြစ်ကြောင်း လုယန်သဘောပေါက်သည်။ သူ့ဘက်မှသာ အရေးနိမ့်လိမ့်မည်။

ထို့ကြောင့် အဝေးမှခွာ၍ ဓားချီနှင့်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

လုယန် ထိုသို့လုပ်မည်ကို မိန်ထိုက်ကလည်း ကြိုတွက်ထားသည်။ အလင်းဓား သူ့လက်ထဲတွင်ရှိနေလျှင် အနီးကပ်တိုက်ပွဲ၌ အဆင့်တူချင်း ဘယ်သူမှသူ့ကိုယှဉ်နိုင်မည်မဟုတ်။

အလင်းဓားအော်သံထွက်လာသည်။ ဓားချီက ကောင်းကင်သို့ထိုးထွက်သည်။ လောက၏အလယ်အူတိုင်နှင့်ပမာတူသည်။ နေလကြယ်တာရာများက ထိုအလင်းတန်းကို လှည့်ပတ်နေသယောင်ရှိသည်။

တောက်ပသည့် ဓားချီနှစ်ခုရင်ဆိုင်တွေ့သည်။ ကြောက်စရာစွမ်းအားပေါက်ကွဲမှုတစ်ခု ဖြစ်လာသည်။

ဓားချီများ ပျက်စီးသွားသည်။ ကျိုးပျက်သွားသည့် ဓားချီများက သူတို့ခန္ဓာကိုယ်ကို ဖြတ်သွားသည်။ သို့သော် ဘယ်သူမှအရေးမစိုက်ကြ။ နောက်ထပ်ဆက်တိုက်ခိုက်သည်။ ဓားချက်များက အရာအားလုံးကို ချိုးဖျက်နိုင်လောက်အောင် ပြင်းထန်သည်။ လွှမ်းမိုးနိုင်စွမ်းကြီးမားသည်။

အောက်ဘက်မှ ဓားကျင့်ကြံသူများ အလေးအနက်တွေးနေကြသည်။ စင်ပေါ်မှ ဓားသမားနှစ်ယောက်ကို ဓားပါရမီအမြင့်ဆုံးလူသားများအဖြစ် သတ်မှတ်ကြသည်။ ထိုစွမ်းအားမျိုးရှိမှသာ ဆူးညှောင့်အန္တရာယ်မှန်သမျှ ဖြတ်တောက်နိုင်မည်။ ရှေ့သို့ ရဲရဲဝံ့ဝံ့တက်လမ်းနိုင်မည်။ ကျင့်စဉ်တစ်ဆင့်ပြီးတစ်ဆင့် တက်နိုင်မည်။

ထိုအချက်သည် ဓားစွမ်းအင်၏ အဓိပ္ပါယ်စစ်ဖြစ်သည်။

ဘယ်သူမှ နောက်မဆုတ်ကြ ဓားချီတိုင်းက တစ်ဘက်လူကို လွှမ်းမိုးရန်ကြိုးစားသည်။ ထိပ်တိုက်ရင်ဆိုင်တိုင်း နှစ်ဘက်လုံးကြေမွပျက်စီးသည်။

ဓားစွမ်းအားကလည်း တူညီသည်။ အနိုင်အရှုံး မဆုံးဖြတ်နိုင်သေး။

"လူနှင့်ဓားတစ်သားတည်းပေါင်းစည်း"

မိန်ထိုက် ကျယ်လောင်စွာအော်ဟစ်၍ အလင်းဓားနှင့် ပေါင်းစပ်လိုက်သည်။ သူ့မူလပုံစံသို့ ပြန်ရောက်သွားသည်။ ဓားချီစွမ်အား နောက်ထပ်တိုးမြင့်လာသည်။

"ဒါဆိုရင်တော့..."

လုယန် တစ်ခုခုတွေးမိဟန်ဖြင့် ကြိုတင်ပြင်ဆင်သည်။

ဓားချီနတ်ဆိုးရိပ်များနှင့် တိုက်ခိုက်နေသည့် ဓားနယ်မြေပုံရိပ်ကို ပြန်ရုတ်သိမ်း၍ သူ့ဆီဆင့်ခေါ်လိုက်သည်။

အထက်နှင့်အောက်ဘက်မှ ချင်ဖုန်းဓားများ တုန်ခါပျံဝင်လာသည်။ ဓားအလင်းအဖြစ်ပြောင်း၍ လုယန်၏ ဓားချီနှင့်ပူးပေါင်းသည်။

ပြင်းထန်နေပြီးသားဓားချီက ပို၍ပြင်းထန််လာသည်။

"ဒါက...ဓားတစ်သောင်းဌာနေပြန်ပညာလား"

မျှော်စင်သခင် လုယန်သုံးသည့်ပညာကို မှတ်မိအောင်အတော်ကြိုးစားလိုက်ရသည်။ တကယ်ဆိုလျှင် သူ့အတွေ့အကြုံအရ တစ်ချက်ကြည့်ရုံဖြင့် သိသင့်သည်။

သို့သော် လုယန်၏ဓားပညာက အတော်ထူးဆန်းနေသည်။ ပုံမှန်လမ်းကြောင်းအတိုင်း သင်ယူထားခြင်းဟုတ်ဟန်မတူ။ သူ့အထင်မမှားလျှင် လုယန်သည် ဓားတစ်သောင်းဌာနေပြန်ပညာကို လုံးဝသင်ဖူးပုံမရ။

တစ်ချိန်က နှလုံးမဲ့ဂိုဏ်းနှင့်တိုက်ခိုက်ချိန်တွင် ဝစီပိတ်ထိုပညာသုံးသည်ကို သူမြင်ဖူးသည်။ ထိုမှတ်ဉာဏ်နှင့် သူ့ကိုယ်ပိုင်ဓားပညာအသိအကြောင့်သာ လုယန်သုံးသည့်ပညာကို ခန့်မှန်းနိုင်ခြင်းဖြစ်သည်။

တကယ်မှန်သည်။ လုယန်သုံးသည့်ဓားကွက်က မူလဓားတစ်သောင်းဌာနေပြန်ပညာနှင့် အတော်လေးကွာခြားနေသည်။

လုယန်လည်း မတတ်သာ။ ဓားချီကို ကျားအဖြစ်၊ ဖီးနစ်အဖြစ်၊ နဂါးအဖြစ် သို့မဟုတ် မသေမျိုးသတ်မှော်စက်ဝန်းအဖြစ် အသုံးချ၍မရ။

ထို့ကြောင့် ဓားပညာအသစ်ကိုသာ စမ်းကြည့်ရသည်။

သူတို့နှစ်ယောက်၏ဓားချီများ ပြန့်ထွက်လာသည်။ ဘယ်သူ့ဓားချီပိုအားကောင်းသည်ကို အောက်ဘက်မှပရိတ်သတ်က မပြောနိုင်ကြ။ တံတွေးကိုကျိတ်မျို၍ စင်ပေါ်သို့ မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။

သိပ်မကြာမီ အဖြေပေါ်လာသည်။

"ဘုန်း"

ကောင်းကင်အစွန်းနှစ်ခု တိုက်မိသကဲ့သို့ ဓားချီနှစ်ခု ရင်ဆိုင်တွေ့သည်။ ခမ်းနားသည့် ဓားစွမ်းအင်များ ကျယ်လောင်စွာမြည်ဟိန်း၍ ပေါက်ကွဲသည်။

ဓားချီစွမ်းအားရိုက်ခတ်မှုကြောင့် နှစ်ယောက်လုံးလွင့်ထွက်သွားသည်။

မိန်ထိုက်က ကြိုးပြတ်သည့်စွန်ပမာ ပြိုင်ပွဲစင်အပြင်ဘက်သို့ ထိုးကျသွားသည်။

လုယန်လည်း နောက်သို့ခြေလှမ်းဆက်တိုက်ဆုတ်ရင်း အာားလှိုင်းရိုက်ခတ်မှုကို ထိန်းနေရသည်။ ညာလက်ကိုအားစိုက်၍ ကျယ်လောင်စွာအော်ဟစ်ပြီး ချင်ဖုန်းဓားကိုမြေပြင်သို့ထိုးစိုက်လိုက်သည်။ နောက်ဆုံးတွင် စင်ပေါ်မှမကျအောင် ထိန်းထားနိုင်ခဲ့သည်။

မျှော်စင်သခင် ပြိုင်ပွဲစင်အထက်သို့ ပျံသန်းလာသည်။ လူအုပ်ကြီးဆီ တည်ငြိမ်စွာမျက်လုံးဝေ့ကြည့်သည်။ နောက်ဆုံးတွင် သူ့အကြည့်က လုယန်ဆီရောက်လာသည်။ အသိအမှတ်ပြုသည့်လေသံဖြင့် သူကြေညာသည်။

"လုယန်ရဲ့ဓားနှလုံးမျိုး မိုးမြေကြားမှာ တစ်ခါမှမပေါ်ခဲ့ဖူးဘူး။ သူ့ရဲ့ဓားစွမ်းအင်ဟာ ကြည်လင်သန့်ရှင်းပြီး တိမ်တိုက်ထဲကို ထိုးဖောက်နိုင်တယ်။ ဓားမေးမြန်းပွဲမှာ လုယန် ပထမရပါတယ်"

အောက်ဘက်မှ ဓားကျင့်ကြံသူများ အော်ဟစ်အားပေးကြသည်။ 'နံပတ်တစ်လုယန်'ဆိုသည် အော်ဟစ်သံများ ဓားမျှော်စင်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။

လုယန် ငေးငိုင်နေသည်။ ခန္ဓာကိုယ် ယိမ်းထိုးနေသည်။ ဤတိုက်ပွဲကြောင့် သူ့စွမ်းအင်အားလုံး ကုန်ခမ်းသွားသည်။

"ခင်ဗျားတို့...ကျုပ်ကိုနံပတ်တစ်လို့ အော်နေကြမယ့်အစား တစ်ယောက်ယောက်လာကူကြပါလား"

ထို့နောက် ဘုတ်ခနဲ လဲကျသွားသည်။

All Chapters