← Chapters

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀) ကမ္ဘာငယ်တစ်ခုသယ်ဆောင်ထားသူ

လုယန် ပြန်သတိရလာသည်။ မြေပေါ်တွင်လှဲလျက်သားရှိနေကြောင်း သိလိုက်ရသည်။ ယွမ်မုန်မုန်က စိုးရိမ်သည့်မျက်နှာဖြင့် ကြည့်နေသည်။

"ကျုပ်သတိလစ်သွားတာ ဘယ်လောက်ကြာပြီလဲ"

သူ့ခေါင်းထဲ သိပ်မကြည်သေး။ အားအင်ကုန်ခမ်း၍ သတိလစ်သွားသည်ကိုသာ မှတ်မိသည်။

"အသက်ဆယ်ရှူစာလောက်ပါ"

ယွမ်မုန်မုန်သည် အပူပင်ကင်းသည့်ဘဝဖြင့် နေထိုင်ခဲ့သူဖြစ်၍ အချိန်ကို ဘယ်တုန်းကမှ သိပ်အရေးမစိုက်ခဲ့။

"လုယန်၊ ဒီဆေးကိုသောက်လိုက်ပါ"

မျှော်စင်သခင် အမြန်လျှောက်လာပြီး ထိပ်တန်းအားဖြည့်ဆေးတစ်လုံး ထုတ်ပေးသည်။

ဆေးလုံးပါးစပ်ထဲရောက်သည်နှင့် ဦးနှောက်များကြည်လင်လာသည်။ မျိုချလိုက်ပြီးနောက် တစ်ကိုယ်လုံးအေးမြန်လန်းဆန်းသွားသည်။

ယွမ်မုန်မုန်က သူ့ကိုတွဲထူပေးသည်။ တင်ပျဉ်ခွေအနေအထားဖြင့် ကျင့်စဉ်စွမ်းအားလည်ပတ်ပြီး အသက်ရှူနှုန်းတည်ငြိမ်အောင် ထိန်းလိုက်သည်။ သိပ်မကြာမီ ခန္ဓာကိုယ် လှုပ်ရှားနိုင်လာသည်။

သူ့ဝိညာဉ်စွမ်းအားက စုစည်းခြင်းအဆင့်နှင့်တန်းတူရှိသဖြင့် ချက်ချင်းအားပြန်ပြည့်သည်။

ဓားဝိညာဉ်ဖြစ်သည့်မိန်ထိုက်လည်း သိပ်မကြာမီအားပြန်ပြည့်သည်။

"အကိုလုကိုတော့ ကျုပ်တကယ်လေးစားတယ်ဗျာ"

မိန်ထိုက်က အနားသို့လျှောက်လာသည်။ ခုနကတိုက်ပွဲတွင် သူ့ဝှက်ဖဲအားလုံးသုံးခဲ့သည်။ သို့သော် လုယန်ကို မနိုင်ခဲ့။ အရှုံးကိုလည်း သူလက်ခံသည်။

ထိုစိတ်ဓာတ်သည် ဓားသမားတို့၏စိတ်ဓာတ်ဖြစ်သည်။ ပွင့်လင်းရိုးရှင်းသည်။ နိုင်လျှင်နိုင်သည်။ ရှုံးလျှင်ရှုံးသည်။ ဝန်ခံရမည်ကိုမရှက်။

"အဲလိုလည်းမဟုတ်ပါဘူး။ ငါကံကောင်းသွားလို့ပါ"

နောက်ဆုံးတိုက်ကွက်ဖြစ်သည့် ဓားတစ်သောင်းဌာနေပြန်တိုက်ကွက်သည် သူပထမဆုံးအကြိမ်စမ်းသုံးခြင်းသာဖြစ်သည်။ အောင်မြင်နိုင်ခြေကျရှုံးနိုင်ခြေ ငါးဆယ်ရာနှုန်းစီသာရှိသည်။

တိုက်ပွဲကြည့်သည့် ဓားကျင့်ကြံသူအတော်များများလည်း အတွေးအမြင်တစ်ချို့ရကြသည်။ အချိန်မဆိုင်းဘဲ နေရာတွင်ချက်ချင်းထိုင်လျက် ကျင့်စဉ်ဝင်ကြသည်။

ထိုအတွေ့အကြုံမျိုးက အဖိုးတန်သည်။ ထို့ကြောင့် ဓားရတနာတိုက်သို့ ဆက်သွားမည့်မူလအစီအစဉ်ကို ခဏရွှေ့ဆိုင်းလိုက်သည်။ ဓားမျှော်စင်အကြီးအကဲက ကျင့်စဉ်ဝင်နေသည့် ဓားကျင့်ကြံသူများ ပြင်ပအနှောက်အယှက်ကင်းစေရန် မှော်စက်ဝန်းတစ်ခု တည်ဆောက်ပေးသည်။

လုယန်တစ်ယောက်သာ အအားလပ်ဆုံးလူဖြစ်နေသည်။

"ဒါနဲ့...မိန်ထိုက်ရဲ့ အလင်းဓားကျတော့ ကိုယ်ယောင်ဖျောက်နိုင်တယ်။ ချင်ဖုန်းဓားမှာရော ဘာထူးခြားစွမ်းရည်မှမရှိဘူးလား"

ချင်ဖုန်းဓားကို သူသေချာစစ်ဆေးကြည့်သည်။ အလင်းဓားသည် မသေမျိုးတစ်ဝက်အဆင့်ရတနာသာဖြစ်သည်။ သို့သော် သူ့ချင်ဖုန်းဓားက မသေမျိုးရတနာအစစ်ဖြစ်သည်။ ဝူယော်ကိုင်ခဲ့သည့်ဓားဖြစ်သည်။

အရည်အသွေးအဆင့်မြင့်ရုံမဟုတ်ဘဲ ထူးခြားသည့်အသုံးတစ်ခုခုရှိသင့်သည်။

"ရှိတာပေါ့။ ဓားထဲမှာ နေရာအတော်ကျယ်တယ်လေ။ တစ်ခြားဓားတွေမှာ ဒီလိုနေရာလွတ်မျိုးမရှိဘူး"

ချင်ဖုန်းဓားဝိညာဉ်က ပြောသည်။

"ဘာကိုပြောတာလဲ နတ်မယ်...ချင်ဖုန်းဓားထဲမှာ တစ်ခြားလေဟာနယ်တစ်ခုရှိသေးတယ်လို့ ပြောတာလား"

"အေးလေ။ ငါအခုဘယ်မှာနေနေတယ်ထင်လို့လဲ"

နတ်မယ်သည် အဆင့်မြင့်မှော်စွမ်းအားများ တတ်ကျွမ်းသူဖြစ်၍ ပညာတစ်မျိုးမျိုးသုံးပြီး ချင်ဖုန်းဓားတွင် ကပ်တွယ်နေသည်ဟု ထင်ခဲ့သည်။ ယခုမှ ဓားအတွင်းလေဟာနယ်တွင် နေထိုင်မှန်း သိရသည်။

"နေဦး၊ ငါနင့်ကိုဆွဲခေါ်မယ်"

နတ်မယ်ကပြောသည်။ လုယန်က ဉာဏ်နည်းနည်းထိုင်းသည်ဟု သူတွေးသည်။ ဘယ်လိုဝင်ရမှန်းသိမည်မဟုတ်။ သူတိုက်ရိုက်ဆွဲခေါ်ခြင်းက ပိုကောင်းလိမ့်မည်။

လုယန် နေရာမှချက်ချင်းပျောက်သွားသည်။ ချင်းဖုန်းဓားက မြေပြင်ကိုဘုတ်ခနဲပြုတ်ကျသည်။

"ဒါက ချင်ဖုန်းဓားရဲ့ အတွင်းလေဟာနယ်လား"

လုယန် ဘေးပတ်လည်ကို တအံ့တဩကြည့်နေသည်။

"ပိုပြီးတိကျအောင်ပြောရရင် ချင်ဖုန်းဓားထဲက ကမ္ဘာငယ်လေးပါ"

ဝေါဟာရအတိအကျကို နတ်မယ်ပြောပြသည်။

ချင်ဖုန်းဓား၏ ကမ္ဘာငယ်ထဲတွင် ဝိညာဉ်စွမ်းအားများ ပေါ်ကြွယ်သည်။ တောင်တန်းများမြစ်များ ရှိသည်။ ပတ်ဝန်းကျင်က မပျက်မစီး လောကနှင့်ကင်းကွာ၍ တည်ရှိနေသည်။ လျှို့ဝှက်သည့် ငြိမ်းအေးရာကမ္ဘာတစ်ခုဖြစ်သည်။

လုယန် ဝါးဖောင်ဖြင့် မြစ်ရေစီးအတိုင်း မျောနေသည်။ တောင်တန်းများမြင်ကွင်းက တစ်မျိုးပြီးတစ်မျိုးပြောင်းသွားသည်။

ထိုဝါးဖောင်ကို နတ်မယ်အပျင်းပြေလုပ်ထားခြင်းဖြစ်သည်။ ဝါးပင်အတော်များများ ခုတ်ဖြတ်ခဲ့ရသည်။

"ဘယ်လိုလဲ"

နတ်မယ်က ပြုံး၍မေးသည်။ သူကြွားလုံးထုတ်လိုသည်က ကမ္ဘာငယ်အကြောင်းလား သူကိုယ်တိုင်လုပ်ထားသည့် ဝါးဖောင်ကိုလား မကွဲပြား။

"ဝူယော်ဆိုတဲ့လူက အစွမ်းအစနည်းနည်းတော့ရှိတယ်။ ချင်ဖုန်းဓားရဲ့အတွင်းပိုင်းကို ကောင်းကောင်းပြင်ဆင်ထားတယ်"

"ဒါဆို ဒီကမ္ဘာငယ်က အရင်ကတည်းကရှိခဲ့တာလား"

လုယန် အံ့အားသင့်သွားသည်။ ချင်ဖုန်းဓားကို သူလျှော့တွက်ခဲ့မိသည်။

"ဒါပေါ့။ ဒါပေမယ့်အရင်က ချိတ်ပိတ်ထားတာ။ သတ်မှတ်ထားတဲ့ ကျင့်စဉ်အဆင့်တစ်ခုရောက်မှ တံဆိပ်ကပွင့်တာ"

လုယန် နည်းနည်းဖြေသာသွားသည်။ ချိတ်ပိတ်ထားသဖြင့် ထိုဓား၏တန်ဖိုးကို သူမသိခဲ့ခြင်းဖြစ်သည်။

"တံဆိပ်က ဘယ်တုန်းကပွင့်တာလဲ"

"နင်နတ်ဝိညာဉ်အဆင့်တုန်းကလေ"

လုယန် နတ်မယ်ကို ဘုကြည့်ကြည့်သည်။

သူ့အကြည့်ကြောင့် အနေခက်လာသဖြင့် နတ်မယ်ဖျစ်ညှစ်၍ပြုံးသည်။

"ဒီကမ္ဘာငယ်အကြောင်း နင်သိပေမယ့် ဝင်ကြည့်ဖို့ စိတ်မဝင်စားဘူးထင်ခဲ့လို့ပါ။ ရှုခင်းလှတာကလွဲရင် တစ်ခြားဘာမှလည်း သိပ်စိတ်ဝင်စားစရာမရှိဘူးလေ။

လုယန် ထိုစကားကိုလက်ခံလိုက်သည်။ သွားလေရာတွင် ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုသယ်သွားဖို့ တကယ်မလိုအပ်။

အရင်ဘဝကသာ ထိုကိုယ်ပိုင်ကမ္ဘာငယ်မျိုး ပိုင်ဆိုင်ခဲ့လျှင် ပန်းပွင့်တိုင်း မြက်ပင်တိုင်း အဖိုးတန်ဆေးများဖြစ်လာပေလိမ့်မည်။ တစ်ခုထုတ်ရောင်းရုံဖြင့် ငွေအမြောက်အများရမည်။

သို့မဟုတ် ထိုကမ္ဘာငယ်လေးတွင် လယ်ယာစိုက်ပျိုးရေးလုပ်နိုင်သည်။ ဝိညာဉ်စွမ်းအင်အားကောင်းသဖြင့် ဘယ်မျိုးစေ့မဆို သန္ဓေပြောင်း၍ ဝိညာဉ်ပင်ဖြစ်လာလိမ့်မည်။ အပြင်လောကသို့ ထုတ်ပြလိုက်လျှင် လူတိုင်းအံ့အားသင့်သွားပေလိမ့်မည်။

သို့သော် အတိတ်ဘဝက ထိုကမ္ဘာငယ်မျိုးမရှိ။ ကျင့်ကြံသူလောကသို့ ဝိညာဉ်လာပြောင်းပြီးမှသာ ရခဲ့ခြင်းဖြစ်သည်။ သိပ်လည်းအသုံးမတည့်။

ဓားကမ္ဘာထဲတွင် ခဏလှည့်ပတ်ကြည့်ပြီးနောက် လုယန်ထွက်ခဲ့သည်။

နေ့တစ်ပိုင်းကုန်လွန်သွားသည်။ ဓားသများ ကျင့်ကြံမှုပြီးဆုံး၍ တစ်ယောက်ပြီးတစ်ယောက်ထွက်လာသည်။ အတွေ့အကြုံများဖလှယ်ကြသည်။ အသိဉာဏ်များစွာ ပွင့်လင်းလာသည်။

ဓားပွဲတော်သည် တကယ်လာရောက်ထိုက်သည့် ပွဲတော်ဖြစ်သည်။ တစ်ကြိမ်အမြင်ပွင့်သည်နှင့် နှစ်ပေါင်းများစွာ အချိန်ကုန်သက်သာသည်။ လုယန်နှင့်မိန်ထိုက်တို့တိုက်ပွဲက သူတို့၏အနာဂတ်ဓားလမ်းစဉ်ကို ပြသပေးခဲ့သည်။

ဓားကျင့်ကြံသူများ လုယန်နှင့်မိန်ထိုက်ဆီ ချဉ်းကပ်၍ ကျေးဇူးတင်စကားဆိုကြသည်။ ရွှဲ့ရှီလုန်နှင့် ချိုခွန်းလည်းပါသည်။

ဓားကျင့်ကြံသူအားလုံး ကျင့်ကြံမှုပြီးဆုံးချိန်တွင် ပွဲတော်၏တတိယအဆင့်စတင်ကြောင်း ကြေညာသည်။

"ငါတို့ဆီမှာ အရင်ကဘိုးဘေးတွေရဲ့ ဝိညာဉ်ဓားတွေသိုလှောင်ထားတဲ့ ဓားရတနာတိုက်တစ်ခုရှိတာ မင်းတို့ကြားဖူးကြမှာပါ။ ရတနာတိုက်ထဲဝင်လို့ ကံရေစက်ပါပြီး ဓားတစ်လက်က မင်းတို့ကို သခင်အဖြစ်အသိအမှတ်ပြုရင် တားဆီးပိတ်ပင်တာမျိုး ငါတို့မလုပ်ဘူး။

မင်းတို့သက်တမ်းကုန်လို့ သေသွားတဲ့အချိန်ကျရင်တော့ ဒီဝိညာဉ်ဓားကို ငါတို့ပြန်သိမ်းမှာပေါ့။ ကံရေစက်မရှိတာကိုလည်း အတင်းလုပ်ယူဖို့မကြိုးစားနဲ့။ မင်းတို့ထဲကတစ်ချို့ဟာ ဝိညာဉ်ဓားတွေကို အတင်းဆွဲထုတ်နိုင်တဲ့ စွမ်းရည်မျိုးရှိတာ ငါသိတယ်။

ဝိညာဉ်ဓားတွေရဲ့ ဒေါသကိုသွားဆွလို့ မတော်တဆတစ်ခုခုဖြစ်ရင် ငါတို့တာဝန်ယူမှာမဟုတ်ဘူး"

မျှော်စင်သခင်၏ ဖြောင့်မတ်မှန်ကန်မှုကို ဓားကျင့်ကြံသူများ ချီးကျူးကြသည်။ တစ်ခြားဓားဂိုဏ်းများတွင်လည်း ဝိညာဉ်ဓားများရှိပါသည်။ သို့သော် အပြင်လူများကို အသုံးပြုခွင့်ပေးခြင်းထက် ဓားဝိညာဉ်ပျက်စီးသည်အထိသာ သိမ်းဆည်းထားလိမ့်မည်။

"ကန့်ကွက်စရာမရှိတော့ရင် ငါ့နောက်ကလိုက်ခဲ့ပါ"

မျှော်စင်သခင်က အားလုံးကို ဓားမျှော်စင်ထဲသို့ ခေါ်သွားသည်။

ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားနေသည်။ ဝိညာဉ်ဓားများ၏ အသိအမှတ်ပြုခံရဖို့ဆိုသည်မှာ ကံနှင့်သာသက်ဆိုင်သည်။ ကျင့်စဉ်အဆင့် သို့မဟုတ် ပါရမီနှင့် လုံးဝမသက်ဆိုင်။ သာမန်ကျင့်ကြံသူတစ်ယောက်ကို အဆင့်မြင့်ဓားတစ်လက်က အသိအမှတ်ပြုလျှင် ထိုလူသည် ထူးခြားသည့်ဓားကျင့်ကြံသူဖြစ်လာမည်။

ဓားရတနာတိုက်က လှိုဏ်ခေါင်းကြီးတစ်ခုဖြစ်သည်။ တစ်ယောက်ယောက်က ဓားမျှော်စင်အောက်တွင် အပေါက်ဖောက်ထားသကဲ့သို့ရှိသည်။

ဘာအဆင်တန်ဆာမှမပါ။ အတော်ရိုးရှင်းသည်။ လှိုဏ်ဂူထိပ်တွင်တပ်ထားသည့် ညပုလဲများက ရတနာတိုက်ကို အလင်းပေးနေသည်။

ဝိညာဉ်ဓားမျိုးစုံ လှိုဏ်ဂူထဲတွင် ဖြစ်သလိုထိုးစိုက်ထားသည်။ တစ်ချို့ကမြေပေါ်၊ တစ်ချို့ကနံရံပေါ်တွင်ရှိသည်။ မျှော်စင်သခင်က အလေးမထား၍မဟုတ်။ ဝိညာဉ်ဓားများကိုယ်တိုင်က ထိုသို့နေရသည်ကို ပိုသဘောကျခြင်းဖြစ်သည်။

"ဒီတစ်ခေါက် ဝိညာဉ်ဓားတွေ ဓားသခင်ဘယ်နှစ်ယောက် ရှာတွေ့မယ်မသိဘူး"

အကြီးအကဲတစ်ယောက်ကပြောသည်။

မျှော်စင်သခင်က

"တစ်ယောက်မှမတွေ့တာမျိုးလည်း ဖြစ််နိုင်ပါတယ်"

"ဘာလို့လဲ"

ဓားရတနာတိုက်ထဲဝင်သွားသည့် မိန်ထိုက်ကိုကြည့်ရင်း မျှော်စင်သခင် ပြန်ဖြေသည်။

"မိန်ထိုက်ကဘာလဲကို မမေ့နဲ့လေ။ သူက ဓားအဓိပဓိပါ။ ဝိညာဉ်ဓားအားလုံးအတွက် သူကအကိုကြီးလိုပဲ။ ဓားရတနာတိုက်ဟာ သူ့အတွက် မောင်းမဆောင်လိုနေရာမျိုးပဲ"

*******************************

အခန်း (၉၁၁) အကြံပေးပါဦး

ဓားမျှော်စင်အဓိပဓိ၏ ဓားဝိညာဉ်မိန်ထိုက်သည် ဓားရတနာတိုက်မှ ဝိညာဉ်ဓားအားလုံးထက် အဆင့်မြင့်သည်။ ထိုဝိညာဉ်များက သူ့ညီငယ်ညီမငယ်များသာဖြစ်သည်။

သို့သော် ဝိညာဉ်ဓားများကြားတွင် ဝါစဉ်ဟူ၍မရှိ။ ဝါစဉ်ဆိုသည်မှာ လူသားများခွဲခြားသည့်စနစ်ဖြစ်သည်။ ဓားများကြားတွင် အားကြီးသူ အားနည်းသူသာရှိသည်။ အားနည်းသူက အားကြီးသူကို အညံ့ခံရသည်။

ထိုသတ်မှတ်ချက်အရဆိုလျှင် မိန်ထိုက်သည် ဓားရတနာတိုက်မှ ဝိညာဉ်ဓားအားလုံး၏ အကိုကြီးဖြစ်သည်။ သူဆန္ဒရှိလျှင် ဝိညာဉ်ဓားအားလုံး ရတနာတိုက်မှထွက်ပြီး သူ့နောက်သို့လိုက်ကြလိမ့်မည်။

မိန်ထိုက်လည်း အင်ပါယာနှင့်တူသည့် သူ့အဆင့်အတန်းသူသိသည်။ သူဝင်သွားလျှင် တစ်ခြားလူများ အခွင့်အရေးရမည်မဟုတ်။

ထို့ကြောင့် လူတန်း၏နောက်ဆုံးတွင် နေရာယူသည်။ တစ်ခြားလူများကို အခွင့်အရေးပေးသည်။ လုယန်ကိုလည်း သူတားသည်။

"အကိုလု၊ ကျုပ်နဲ့အတူ နောက်ဆုံးမှဝင်ပါလား။ ကျုပ်ထုတ်ပြောလို့မရပေမယ့် အကိုဝိညာဉ်ဓားတစ်ခုကိုသဘောကျရင် အဲဒီ့ဓားက အကို့ကိုသခင်အဖြစ်လက်ခံလာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်း ကျုပ်မှာရှိပါတယ်"

လုယန် သူ့ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သည်။ မိန်ထိုက်စေတနာကို တန်ဖိုးထားသည့်အနေဖြင့် သူမငြင်းတော့။

"ကောင်းပြီလေ။ ဒါဆို ညီလေးမိန်ထိုက်ကို ကြိုပြီးတော့ ကျေးဇူးတင်ပါတယ်"

မိန်ထိုက်ပြုံးလိုက်သည်။ လုယန်ရှေ့တွင် သူနည်းနည်းကြွားလုံးထုတ်ချင်သည်။

လုယန်မျက်နှာကြောင့် ယွမ်မုန်မုန်လည်း ဓားရတနာတိုက်သို့ ဝင်ခွင့်ရသည်။ သူနှင့်ကံစပ်သည့် ဝိညာဉ်ဓားတွေ့လျှင်လည်း မျှောင်စင်သခင်က ယူခွင့်ပေးသည်။

"ဒီဓားလေးက အတော်ကောင်းတာပဲ"

ထောင့်တစ်နေရာတွင် ယွမ်မုန်မုန်ဆောင့်ကြောင့်ထိုင်သည်။ လက်ကိုင်းရိုးတွင် ကျောက်မျက်ရတနာများ ရုပ်ပုံများဖြင့် တန်ဆာဆင်ထားသည့် ဓားငယ်လေးတစ်လက်ကို စိတ်ဝင်တစားကြည့်နေသည်။

ဓားရိုးသာပေါ်နေသည်။ ဓားက မြေထဲသို့နစ်ဝင်နေသည်။

ဓားကိုသူပုတ်ကြည့်သည်။ ဘာတုံ့ပြန်မှုမှပေါ်မလာ။ ထိုဓားနှင့် ကံရေစက်မပါသည့်သဘောဖြစ်သည်။

"ထွက်ခဲ့စမ်း။ နင့်ဓားသွားဘယ်လိုပုံစံလဲဆိုတာ ငါကြည့်ချင်တယ်"

ယွမ်မုန်မုန် ဓားကို နောက်တစ်ကြိမ်ပုတ်လိုက်သည်။

ဓားငယ်က အလိုမကျဖြစ်သွားပြီး သိစိတ်အာရုံမှ ဆက်သွယ်လာသည်။

"သွားစမ်း သောက်ကောင်မလေး။ ဆက်ပြီးနှောက်ယှက်နေရင် ငါမင်းကိုသင်ခန်းစာပေးပစ်မယ်"

ထိုသို့တစ်ခါမှ အဆဲမခံခဲ့ရဖူးသဖြင့် ယွမ်မုန်မုန် နည်းနည်းဒေါသထွက်သွားသည်။ ဓားရိုးကိုကိုင်၍ မြေကြီးထဲမှ အသာအယာဆွဲထုတ်လိုက်သည်။

ဓားငယ်က ဒေါသကြောင့် အဆက်မပြတ်တုန်ခါနေသည်။ ယွမ်မုန်မုန်လက်မှရုနန်းထွက်ပြီး သင်ခန်းစာပေးဖို့ ကြိုးစားသည်။

"ငြိမ်ငြိမ်နေစမ်းပါ"

ယွမ်မုန်မုန် ဓားသွားကို လက်ဖြင့်တောက်လိုက်သည်။ ဓားအော်သံများဆူညံ့စွာထွက်ပေါ်လာသည်။

ယွမ်မုန်မုန်အနိုင်ကျင့်နေသည်ကို မြင်ရသဖြင့် ဘေးပတ်လည်မှဝိညာဉ်ဓားများ မြေကြီးထဲမှထွက်လာရန် ပြင်ကြသည်။

အခြေအနေကို ရိပ်မိသဖြင့် ယွမ်မုန်မုန်က ထိုဓားများကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ဘယ်ဓားမှ လှုပ်မလာရဲတော့။

လက်ထဲမှဝိညာဉ်ဓားကလည်း ရုပ်ခန္ဓာအားသက်သက်ဖြင့် သူ့ကိုဆွဲယူလိုက်သည့် ယွမ်မုန်မုန်၏စွမ်းရည်ကို နားလည်သွားသည်။ ဒေါသများပျောက်ကွယ်၍ ထိတ်လန့်တုန်လှုပ်လာပြီး ငြိမ်ကျသွားသည်။

ဓားမျက်နှာပြင်တွင် ဘာမှမပါ။ ဗလာသက်သက်ဖြစ်နေသည်။ ဆွဲဆောင်မှုသိပ်မရှိသဖြင့် ယွမ်မုန်မုန် စိတ်မဝင်စားတော့။ ထို့ကြောင့် မြေကြီးထဲသို့ ပြန်ထိုးထည့်လိုက်သည်။

"ရှောင်ကျိအတွက် လက်ဆောင်ပေးရမလားလို့ တွေးခဲ့တာ။ ဒါပေမယ့် နင်ကကြည့်မကောင်းဘူး"

ယွမ်မုန်မုန်က အရည်အသွေးကိုကြည့်၍ ရွေးနေခြင်းမဟုတ်။ ပုံပန်းသဏ္ဌာန်ကိုသာ ကြည့်ခြင်းဖြစ်သည်။

"ဓားအကို၊ ဒီနေ့ကစပြီး ကျုပ်တို့ပူးပေါင်းကြမယ်လေ။ ကျုပ်တို့အတူရှေ့ဆက်ရင် ဓားပညာရဲ့ထိပ်ဆုံးအဆင့်ကို သေချာပေါက်ရောက်မှာပါ"

တစ်ချို့က ဝိညာဉ်ဓားတစ်လက်ကို မက်လုံးပေး၍ စည်းရုံးသည်။

"ငါ့နောက်ကိုလိုက်ရင် မင်းကို ဓားဝိညာဉ်အဖြစ် ပြောင်းလဲပေးမယ်လို့ ငါအာမခံတယ်"

"ကြည့်ပါ။ ငါတို့အရောင်အသွေးချင်းလည်း အတော်တူတယ်။ သဘာဝချင်းလိုက်ဖက်တယ်။ ထွက်ခဲ့ပါ"

အသံတိတ် မြေပေါ်တွင်ထိုင်၍ ဝိညာဉ်ဓားများနှင့် စိတ်ခံစားချက်ဖလှယ်ဖို့ ကြိုးစားနေသူများလည်းရှိသည်။

သို့သော် ဘယ်လိုနည်းလမ်းသုံးသည်ဖြစ်စေ ဝိညာဉ်ဓားအားလုံး လုံးဝမလှုပ်။ ဓားကျင့်ကြံသူများကို လုံးဝအရေးမစိုက်ကြ။

"မင်းလည်း ဓားတစ်လက်လောက် စိတ်ချင်းဖလှယ်ကြည့်ပါလား"

ချိုခွန်းက ရတနာတိုက်တံခါးဝတွင် ဆောင့်ကြောင့်ထိုင်နေသည့် ကောင်းကင်ခွေးနက်ကိုပြောသည်။

ခွေးနက်ပြန်မဖြေမီ သူ့ပါးစပ်ထဲမှ သွားရေများပေကျံနေသည့်ဓားကို ချိုခွန်းသတိထားမိသွားသည်။

"ရပါပြီလေ။ ရှင်းပြမနေပါနဲ့တော့။ ငါနားလည်သွားပြီ"

ချိုခွန်းက ခွေးနက်ကို ကရုဏာသက်ဟန်ဖြင့် တစ်ချက်ကြည့်သည်။

"ဒီအတိုင်းသာဆို ဘယ်ဝိညာဉ်ဓားမှ ဒီခွေးနက်ကိုရွေးကြမှာမဟုတ်ဘူး"

ချိုခွန်း ဓားရတနာတိုက်ထဲသို့ဝင်သည်။ ဝိညာဉ်အာရုံဖြန့်၍ ဝိညာဉ်ဓားများနှင့် ဆက်သွယ်ကြည့်သည်။

သို့သော် ဝိညာဉ်ဓားအားလုံးက မိန်ထိုက်နောက်သို့လိုက်ဖို့သာ ရည်ရွယ်ထားကြသည်။ ချိုခွန်းကို အရေးမစိုက်ကြ။

ချိုခွန်း ရတနာတိုက်ထဲ တစ်ပတ်လှည့်ကြည့်သည်။ နောက်ဆုံးတွင် ရိုးသားသည့်သူ့စိတ်ဓာတ်ကြောင့် ဓားတစ်လက်လှုပ်ရှားလာပသည်။ မြေကြီးထဲမှ ထိုးထွက်လာသည်။

ထိုဓားကိုလက်ထဲတွင်ကိုင်၍ ချိုခွန်း အတော်ပျော်နေသည်။ ဓားပုံစံက အလယ်တည့်တည့်မှခွဲ၍ အဖြူအနက်အရောင်နှစ်မျိုးဖြစ်သည်။ သူ့ဓားပညာနှင့်လိုက်ဖက်သည့် ယင်ယန်တာအို၏ လက္ခဏာဖြစ်သည်။

မိန်ထိုက်နှင့်လုယန်တို့ ဓားရတနာတိုက်ထဲသို့ အတူဝင်ကြသည်။

ဓားမျှော်စင်အဓိပဓိကျဆုံးပြီးနောက် နှစ်တစ်သောင်းကြာအောင် ထိုဓားတိုက်ထဲတွင် မိန်ထိုက်နေခဲ့သည်။ ထိုနေရာနှင့် သူရင်းနှီးပြီးသားဖြစ်သည်။ ဝိညာဉ်ဓားတိုင်းနှင့်သိကျွမ်းသည်။

သူရပ်နေရုံဖြင့် ဝိညာဉ်ဓားအတော်များများ မငြိမ်မသက်ဖြစ်လာသည်။ သူ့ရင်ခွင်ထဲ ပြေးဝင်၍ 'အကိုကြီး'ဟု ခေါ်ချင်နေကြသည်။

တစ်ခြားကျင့်ကြံသူများကလည်း ထိုအဖြစ်ကိုရိပ်မိသဖြင့် အံ့ဩသွားသည်။ ဝိညာဉ်ဓားများဦးတည်နေသည့် ရတနာတိုက်တံခါးပေါက်ဆီ လှမ်းကြည့်ကြသည်။

"မိန်ထိုက်ကို ဒီဓားတွေက အသိအမှတ်ပြုနေတာလား"

အားလုံးအံ့အားသင့်နေသည်။ တကယ်လည်းထူးဆန်းလွန်းသည်။ အရင်ကဓားပွဲတော်များတွင် ထိုအဖြစ်မျိုးရှိခဲ့သည်ဟု မကြားဖူး။

"အကိုလုယန်၊ အကိုနဲ့လိုက်ဖက်တဲ့ဓားကို ဘယ်လိုရွေးရလဲသိလား"

မိန်ထိုက်ကမေးသည်။

"ပြောပြပါဦး"

"ကိုယ်နဲ့သဟဇာတဖြစ်တဲ့ ဓားမျိုးကိုရွေးရတာပါ။ အကိုက လက်ရှိဓားနဲ့အပြင် နောက်ထပ်ဓားတစ်လက် လိုချင်တာမဟုတ်လား"

လုယန် ခေါင်းငြိမ့်သည်။

"အဲလိုဆိုရင် အကိုနဲ့သဟာဇာတဖြစ်ရုံနဲ့မရဘူး။ အကို့ရဲ့လက်ရှိဓားနဲ့ပါ အဆင်ပြေတဲ့ဓားမျိုးကို ရွေးရမယ်။ မဟုတ်ရင် ဓားနှစ်လက်က အချင်းချင်းဆန့်ကျင်ကြလိမ့်မယ်။ အကို့ရဲ့လက်ရှိဓားကိုမြှောက်ပြီး အကိုစွမ်းအင်ရော ဓားစွမ်းအင်ကိုရော ထုတ်လွှတ်ပါ။

အကိုနဲ့ကိုက်ညီတဲ့ဓားရှိရင် လှုပ်ရှားလာပါလိမ့်မယ်။ တုံ့ပြန်မှုအပြင်းထန်ဆုံးဓားက အကိုနဲ့အလိုက်ဖက်ဆုံးဓားပဲ"

လုယန် ထိုအပိုင်းတွင် သိပ်နားမလည်သဖြင့် ညွှန်ကြားချက်အတိုင်းသာ လုပ်ရသည်။

ဓားရတနာတိုက်ဝင်ပေါက်တွင်ရပ်၍ ချင်ဖုန်းဓားကိုမြှောက်လိုက်သည်။ ဝိညာဉ်ပြောင်းအဆင့်စွမ်းအင်ရောင် ထွက်လာသည်။ ချင်ဖုန်းဓားအနည်းငယ်တုန်ခါသွားပြီး ရေလှိုင်းနှင့်တူသည် ဓားချီများ ထွက်ပေါ်လာသည်။

"ချင်ဖုန်းဓားနဲ့လည်း သဟဇာတဖြစ်ရမယ်တဲ့လား"

မိန်ထိုက်စကားကို နတ်မယ်လည်း သေချာအာရုံစိုက်၍ နားထောင်ခဲ့သည်။

"အခုငါက ဓားဝိညာဉ်ဆိုတော့ ရှောင်ယန်ရွေးမယ့်ဓားက ငါနဲ့လည်း သဟဇာတဖြစ်ရမယ်ဆိုတဲ့ သဘောပေါ့"

ထိုသို့တွေး၍ နတ်မယ်ကလည်း မသေမျိုးစွမ်းအင်ရောင်တစ်စကို လျှို့ဝှက်ထုတ်လွှတ်လိုက်သည်။

ဝိညာဉ်ဓားများသာ အာရုံခံနိုင်ပြီး ကျင့်ကြံသူများ အာရုံမခံနိုင်သည့် စွမ်းအင်ရောင်ဖြစ်သည်။

ဝိညာဉ်ဓားများက လုယန်၏ဓားဝိညာဉ်မြစ်ကို အာရုံခံမိသည်။ မသေမျိုးဓားကိုလည်း အာရုံခံမိသည်။ မသေမျိုးဓားဝိညာဉ်၏ စွမ်းအင်ရောင်ကိုလည်း အာရုံခံမိသည်။

ထိုကဲ့သို့ အဆင့်မြင့်ဆုံးအနေအထားကို သူတို့အားလုံးလိုချင်ကြသည်။

ဓားရတနာတိုက်ထဲမှ ဝိညာဉ်ဓားများ တစ်ခုပြီးတစ်ခု ပြင်းထန်စွာတုန်ခါလာသည်။ အလွန်တရာ စိတ်လှုပ်ရှားလာသည်။ ဓားရတနာတိုက်တစ်ခုလုံး မြေငလျင်လှုပ်သလို ဖြစ်လာသည်။

မိန်ထိုက် အကြီးအကျယ်အံ့အားသင့်သွားသည်။ ပြဿနာတစ်ခုခုကြုံ၍ ဓားရတနာတိုက် တုန်ခါလာသည်ဟု သူထင်လိုက်သည်။

ဝိညာဉ်ဓားများကို တည်ငြိမ်အောင်ထိန်းဖို့ သူအတင်းကြိုးစားသည်။ သို့သော်ယခု ဝိညာဉ်ဓားများက သူ့အမိန့်ကို လုံးဝအရေးမစိုက်ကြတော့။

ဓားမျှော်စင်အကြီးအကဲများလည်း ထိုမြင်ကွင်းကိုကြည့်၍ မင်သက်မိနေသည်။ အဖြစ်အပျက်ကို နားမလည်ကြ။ ဓားမျှော်စင်အဓိပဓိသည်ပင် ထိုသို့ဖြစ်အောင် စွမ်း‌ဆောင်နိုင်မည်မထင်။

မြေကြီးထဲ နံရံများထဲမှ ဝိညာဉ်ဓားပေါင်းများစွာ ရုန်းထွက်လာကြသည်။ မူလအနေအထားကိုစွန့်ပယ်၍ အစီအစဉ်တကျ တန်းစီကြသည်။ ချိုခွန်းလက်ထဲမှ ယင်ယန်ဓားပင် ရုန်းထွက်သွားပြီး လေထဲမှ ဝိညာဉ်ဓားတန်းထဲသို့ဝင်သည်။

ဝိညာဉ်ဓားများ အတန်းလိုက်ရပ်နေသည်။ တပ်မှူးတစ်ယောက်၏ စစ်ဆေးမှုခံယူဖို့အသင့်ပြင်ထားသည့် တပ်ဖွဲ့တစ်ခုနှင့်တူသည်။ လုယန်အကြည့်ရောက်လာတိုင်း သူတို့ကိုရွေးချယ်တော့မည်ထင်၍ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

လုယန် မိန်ထိုက်ကိုလှည့်ကြည့်၍ နည်းနည်းရှက်နေဟန်ဖြင့်ပြောသည်။

"ဒါမျိုးကို ငါအခုမှကြုံဖူးတာဆိုတော့ သိပ်နားမလည်ဘူး။ ဘယ်ဓားက ငါနဲ့အသင့်တော်ဆုံးလဲ မသိတော့ဘူး။ အကြံနည်းနည်းပေးပါဦး ညီလေးမိန်ထိုက်"

******************************

အခန်း (၉၁၂) မသေမျိုးမျိုးဆက်

မိန်ထိုက်တစ်ကိုယ်လုံး တုန်ခါသွားသည်။ ဘာစကားမှမပြောနိုင်။

နတ်မယ်သည် လုပ်ရာကိုင်ရာတွင် သတိထားသည်။ သူ့အကြောင်း တစ်ခြားလူများသိ၍မဖြစ်ကြောင်း နားလည်သည်။ မိန်ထိုက်နှင့်တစ်ခြားလူများ မရိပ်မိအောင် သေချာထိန်းချုပ်၍ မသေမျိုးစွမ်းအင်ရောင်ကို ထုတ်လွှတ်ခဲ့သည်။

သို့သော် သူတစ်ခုမေ့သွားသည်။ မိန်ထိုက်သည် ဝိညာဉ်ဓားတို့၏ အပြောင်းအလဲကို အာရုံခံနိုင်သည်။

ယခု ဝိညာဉ်ဓားများက ပျော်ရွှင်မြူးထူးနေသည်။ ဓားဝိညာဉ်မြစ်ပိုင်ရှင်၊ မသေမျိုးဓားနှင့် မသေမျိုးဓားဝိညာည်ပိုင်ရှင် လုယန်ကို အညံ့ခံချင်ကြသည်။

လုယန်နောက်သို့လိုက်လျှင် သူတို့လည်း မသေမျိုးဓားများဖြစ်လာနိုင်သည်။ မသေမျိုးဆင့် ဓားဝိညာဉ်များအဖြစ် မွေးဖွားလာနိုင်သည်။

ဝိညာဉ်ဓားတိုင်းအတွက် တစ်သက်တစ်ခါရတောင့်ရခဲ အခွင့်အရေးဖြစ်သည်။

မိန်ထိုက် လုယန်ကို မယုံကြည်နိုင်မျက်လုံးများဖြင့် ကြည့်နေသည်။ လုယန်က မသေမျိုးအဆင့်ဓားဝိညာဉ်ကို တကယ်ပိုင်ဆိုင်ထားလေသသလော...

သူဘယ်လိုရခဲ့သည်မသိ။ သမိုင်းတစ်လျှောက် ထိုအဆင့်ဓားဝိညာဉ်မျိုး ရှိဖူးသလော။

လူအသွင်ပြောင်းထား၍သာမဟုတ်လျှင် သူသည်ပင် လုယန်၏ဓားဖြစ်ချင်သည့်စိတ်မျိုး ပေါ်နေသည်။

မျှော်စင်သခင်က ဝိညာဉ်ဓားတို့၏အတွေးကို မိန်ထိုက်လို ရှင်းလင်းစွာမသိနိုင်။

"မယုံနိုင်စရာပါလား။ လုယန်က ဘာလို့ဒီလောက် သဘောကျတဲ့သူများနေတာပါလိမ့်"

လုံးဝတွေးမရကြ။ ထိုအဖြစ်သည် ဓားဝိညာဉ်မြစ်ပိုင်ဆိုင်ရုံဖြင့် ရနိုင်သည့်အနေအထားမျိုးမဟုတ်။

တာအိုရှင်ဝစီိပိတ် ဤနေရာသို့ ရောက်ခဲ့စဉ်ကပင် ဝိညာဉ်ဓားတစ်ချို့သာ သူ့ကိုအသိအမှတ်ပြုခဲ့သည်။

ထိုစဉ်ကပင် အတော်ဂယက်ထသွားခဲ့သည်။ သို့သော် လက်ရှိလုယန်၏အဖြစ်နှင့် လုံးဝယှဉ်၍မရ။

တစ်ခြားဓားကျင့်ကြံသူများလည်း ကျောက်ရုပ်လိုငေးငိုင်၍ လုယန်ကိုကြည့်နေကြသည်။ ရတနာတိုက်တံခါး၏ နောက်ခံအလင်းကြောင့် လုယန်အသွင်က နတ်ဘုရားတစ်ပါးလိုဖြစ်နေသည်။

သူတို့အကောင်းဆုံးကြိုးစားခဲ့သည့်တိုင် သူတို့ကိုအသိအမှတ်ပြုသည့်ဝိညာဉ်ဓား တစ်လက်မှမရှိခဲ့။ လုယန်က ရပ်နေရုံဖြင့် ဓားအားလုံးကို ဆွဲဆောင်နိုင်သည်။

ရွှဲ့ရှီလုန် မနေနိုင်တော့ဘဲ စကားတစ်ခွန်းထွက်လာသည်။

"ဓားရွေးတာက ကံနဲ့ပဲဆိုင်တာ မဟုတ်ဘူးလား"

ရတနာတိုက်ထဲမှ ဝိညာဉ်ဓားတိုင်းနှင့် ဆက်စပ်နေသည့် ကံကြမ္မာမျိုး လုယန်တွင်ရှိနေခြင်းတော့ မဖြစ်နိုင်လောက်။

ဓားရွေးပွဲသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သော်လည်း မိန်ထိုက်နှင့် ဝိညာဉ်ဓားတို့၏ တုံ့ပြန်မှုကိုကြည့်၍ လုယန်လည်း တစ်ခုခုမူမမှန်ကြောင်းရိပ်မိသည်။

လက်ရှိအခြေအနေသည် သူနှင့်မဆိုင်။ ဓားဝိညာဉ်အဖြစ်ဟန်ဆောင်နေသည့် နတ်မယ်ကြောင့်သာဖြစ်ရမည်။

နတ်မယ်က ဝမ်းသာအားရပြောသည်။

"ရှောင်ယန်၊ ဓားတွေအားလုံးကို မြန်မြန်သိမ်းလိုက်တော့။ အကျဉ်းထောင်တောင်ထိပ်က အကျဉ်းသားဝိညာဉ်တွေအတွက် နေရာတစ်ခုရပြီ။

နင့်ကျောက်စိမ်းတံဆိပ်ထဲ ဓားတွေအားလုံးထည့်ဖို့ နေရာမဆံ့မှာကို စိတ်မပူနဲ့။ ချင်ဖုန်းဓားထဲမှာ ကမ္ဘာငယ်လေးရှိသေးတာပဲ။ နေရာမလုံလောက်စရာ အကြောင်းမရှိပါဘူး"

ဝိညာဉ်ဓားများကို သယ်ယူဖို့အထိပင် နတ်မယ်သေချာစဉ်းစားထားပြီးဖြစ်သည်။

သူပျော်နေသည်မှာလည်း မဆန်းလှ။ ရှောင်ယန်သည် မဟာပဲဝါနိုင်ငံ၏ ပင်မဒေါက်တိုင် ဝန်ကြီးချုပ်ဖြစ်သည်။ ရှောင်ယန်သိမ်းယူလိုက်သည့် ဝိညာဉ်ဓားများသည် ပဲဝါနိုင်ငံတော်၏ ပိုင်ဆိုင်မှုများဖြစ်လာမည်သာဖြစ်သည်။

ပဲဝါနိုင်ငံအရေးနှင့် ပတ်သက်လာလျှင် သူအမြဲတမ်းစေ့စေ့စပ်စပ်တွေးသည်။

လုယန် "..."

ခင်ဗျားတကယ် အတွေးစေ့စပ်ပါတယ်နတ်မယ်။ ဒါပေမယ့် ဓားမျှော်စင်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာရော ခင်ဗျားစဉ်းစားခဲ့ရဲ့လား...

လုယန် ဘယ်ဓားရွေးရမှန်းမသိဖြစ်နေစဉ် မိန်ထိုက်က ရုတ်တရက် တအံ့တဩရေရွတ်လိုက်သည်။

"ဟိုဓားလည်း လှုပ်ရှားလာတယ်ပေါ့"

လုယန် အတွေးပြတ်သွားသည်။ မိန်ထိုက်ကြည့်ရာဆီ လိုက်ကြည့်သည်။ မြေပြင်မှ မထွက်သေးသည့် ဓားတစ်ချောင်းကျန်နေသည်ကို မြင်ရသည်။

သို့သော် ထိုဓားက အဆက်မပြတ်တုန်ခါနေသည်။ သူလည်း လုယန်ကို တုံ့ပြန်သည့်သဘောဖြစ်သည်။

"ဒီဓားက အတော်စွမ်းအားကြီးလို့လား"

လုယန် မေးလိုက်သည်။

မိန်ထိုက်က အလေးအနက်မျက်နှာဖြင့်

"ရတာနာတိုက်ထဲက ဝိညာဉ်ဓားအားလုံးကို ကျုပ်ထိန်းချုပ်နိုင်တယ်။ အဲဒီ့တစ်ခုက လွဲလို့ပေါ့။ ဒီဓားက ဓားမျှော်စင်က ဓားမဟုတ်ဘူး။ ဆရာ...အဲ..ပထမဓားမျှော်စင်သခင် အမှတ်မထင်တွေ့ခဲ့တဲ့ ဓားပါ။ သူ့အဆင့်က ကျုပ်ရဲ့အလင်းဓားထက်မနိမ့်ဘူး။ မသေမျိုးဓားလို့ သတ်မှတ်လို့ရတယ်။

ပထမဓားမျှော်စင်သခင်က ပြိုင်ဘက်ကင်းဓားစွမ်းအားရှိပေမယ့် ဒီဓားက သခင်အဖြစ်လုံးဝအသိအမှတ်မပြုခဲ့ဘူး။ ဒါကြောင့် ဒီရတနာတိုက်ထဲမှာပဲ ထားခဲ့ရတယ်။ တစ်နေ့နေ့ကျရင် သူနဲ့ကံရေစက်ပါတဲ့လူ ရှိလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒီဓားကြောင့်လည်း ဓားရတနာတိုက်ဆိုတာ ဖြစ်လာတာပါ"

အဆက်မပြတ်တုန်ခါ၍ မြေကြီးထဲမှရုန်းထွက်ရန် ကြိုးစားနေသည့် အမည်မသိမသေမျိုးဓားကို မိန်ထိုက်စောင့်ကြည့်နေသည်။

"ဒါပေမယ့် နှစ်တစ်သောင်းကြာသာ ကြာသွားတယ်။ ဒီဓားက ဒီနေရာကနေမရွေဘူး။ ဘယ်ဓားကျင့်ကြံသူခေါ်ခေါ် မတုံ့ပြန်ဘူး။ အကိုလုယန်ပေါ်မလာခင်အထိပေါ့"

ထိုဓားလည်း မသေမျိုးဓားဖြစ်ကြောင်း သိရသဖြင့် လုယန် အတော်အံ့ဩသွားသည်။

"အဲ၊ ဒီဓားကို ငါမြင်ဖူးသလိုပဲ"

လက်ကိုင်ရိုးသာပေါ်နေသည့်ဓားကို နတ်မယ်စိုက်ကြည့်နေသည်။ သူ့မှတ်ဉာဏ်များ တဖြေးဖြေးပြန်ပေါ်လာသည်။

"မှတ်မိပြီ။ ဒါက လျိုနင်ရွှမ်းရဲ့ မွေခံဓားမဟုတ်လား"

လျိုနင်ရွှမ်းဆိုသည့်နာမည်ကို လုယန်ကြားဖူးသည်။ သူချက်ချင်းမှတ်မိလာသည်။

လျိုနင်ရွှမ်း။ ‌ရှေးဟောင်းခေတ်တွင် ပြိုင်ဘက်ကင်းဓားပါရမီရှင်ဟု သတ်မှတ်ခံရသူ။ ဗျတ်စောင်းနှင့် ဓားပညာ နှစ်ခုလုံးကျွမ်းကျင်သူ။ လူနှင့်ဓားတစ်သားတည်းပညာကို ဖန်တီးခဲ့သူ။ နတ်မယ်နှင့် တိုက်ခိုက်ရာမှ အမြင့်ဆုံးစွမ်းအားအဆင့်သို့ရောက်၍ ဓားနှင့်ပေါင်းစပ်သွားပြီး ပြန်မထွက်နိုင်တော့သူ။

ယခုခေတ်တွင် လူအားလုံးက စွမ်းအားအကြီးဆုံးဓားသမားအကြောင်းပြောတိုင်း ဓားမျှော်စင်အဓိပဓိနှင့် လျိုနင်ရှန်းကို ရည်ညွှန်းကိုးကား၍ ပြောကြသည်။

ဖန်တီးခြင်းလျှို့ဝှက်မြေမှ လုယန်ရခဲ့သည့် ခုနစ်စဉ်ကြယ်ဓားများသည် တစ်ချိန်က လျိုနင်ရွှမ်းသုံးခဲ့သည့် ဓားများဖြစ်သည်။

ထိုအကြောင်းတွေးရင်း လုယန်၏စိတ်များ လေးလံလာသည်။

နတ်မယ်ကို အကျိုးအကြောင်း ပိုမေးရန်ပြင်နေစဉ် မွေခံဓားထဲမှ ကြောက်မက်ဖွယ်စွမ်းအင်ရောင်တစ်ခု လေထဲသို့ထိုးထွက်လာသည်။ တန်းစီနေသည့် ဝိညာဉ်ဓားများ ဖရိုဖရဲဖြစ်သွားသည်။

မွေခံဓားထဲမှ အရိပ်တစ်ခုထွက်လာသည်။ လျိုနင်ရှမ်းပင်ဖြစ်သည်။

ရှေးဟောင်းဝတ်စုံဝတ်ထားသည့် လျိုနင်ရှမ်းက ဓားဝိညာဉ်အသွင်ဖြင့် အားလုံးရှေ့တွင် ပေါ်လာသည်။ ဒေါသရိပ်လွှမ်းနေသည့်မျက်လုံးဖြင့် ဘေးပတ်လည်ကို ဝေ့ကြည့်သည်။ နောက်ဆုံးတွင် သူ့အကြည့်က လုယန်ဆီရောက်လာသည်။

"ခုနက ယင်ထန်မသေမျိုးရဲ့ စွမ်းအင်ရောင်ကိုလွှတ်ခဲ့တာ မင်းမဟုတ်လား"

"...ယင်ထန်မသေမျိုး"

ရောက်ရောက်ချင်း ထိုသို့မေးမည်ဟု လုယန်ထင်မထားခဲ့။

လျိုနင်ရွှမ်းက လှောင်ပြုံးပြုံးသည်။ သူ့အကြည့်က ပို၍အေးစက်လာသည်။

"ငါ့ကိုလှည့်စားချင်သေးတာလား။ အရင်က ငါ့ကို လူနဲ့ဓားပေါင်းစပ်ပြီး ဒီလိုမသေမရှင်ဘဝရောက်အောင် ဖိအားပေးခဲ့တာ ယင်ထန်မသေမျိုးပဲ။ သူ့စွမ်းအင်ရောင်ကို ငါမမှတ်မိဘဲ ဘယ်နေပါ့မလဲ"

လုယန် နားလည်သွားသည်။ လျိုနင်ရွှမ်း၏ မှတ်ဉာဏ်များလည်း ပြုပြင်ပြောင်းလဲခံထားရသည်။ နောက်ကွယ်မှ လူသတ်သမား၏ လက်ချက်ဖြစ်သည်။

အောင်းလင်းနှင့် ကျန်းလျန်ယိတို့လည်း မှတ်ဉာဏ်ပြောင်းလဲခံခဲ့ရသည်။ သို့သော် သူတို့က နတ်မယ်နှင့် အလွန်တရာရင်းနှီးသည်။ လုံးဝမမှတ်မိသည့်တိုင် နတ်မယ်ကိုမြင်သည်နှင့် ထိုရင်းနှီးမှုကို ခံစားရသည်။

လျိုနင်ရွှမ်းလည်း ထိုသို့ပင်ဖြစ်သည်။ နတ်မယ်နှင့် ကြီးမားသည့်ရန်ကြွေးရှိခဲ့သည်။ ထို့ကြောင့် သူမမေ့နိုင်။

သို့သော် နောက်ကွယ်မှလုပ်ကြံသူ၏ လက်ချက်ကြောင့် နတ်မယ်၏စွမ်းအင်ရောင်ကို ယင်ထန်မသေမျိုးနှင့် သူအမှတ်မှားနေသည်။

"ကောင်လေး။ ငါ့အထင်မမှားရင် မင်းက ယင်ထန်ရဲ့မျိုးဆက်ပဲဖြစ်ရမယ်"

လျိုနင်ရှန်းအထင်မှားနေသည်ကို လုယန်နားလည်သည်။

သို့်သော် ဘေးမှကြည့်နေသူများက နားမလည်ကြ။

လုယန်ကို ယင်ထန်၏မျိုးဆက်ဟု လျိုနင်ရွှမ်းကိုယ်တိုင်ကပြောသည်ဆိုလျှင် ထိုစကားသည် မှားနိုင်စရာမရှိ။

"လုယန်ဒီလောက်စွမ်းအားကြီးနေတာ မဆန်းတော့ပါဘူး။ ယင်ထန်မသေမျိုးရဲ့ ပညာအမွေကို ရထားလို့ပဲဖြစ်ရမယ်"

"ဒါဆို မသေမျိုးရဲ့တပည့်ပေါ့။ တကယ်ကြောက်စရာကောင်းတာပဲ"

ဓားမျှော်စင်မှလူများ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေကြသည်။ လုယန်ဘာကြောင့်စွမ်းအားကြီးနေသည်ကို နားလည်လာသယောင်ရှိသည်။

"ဂိုဏ်းသခင်လုနဲ့ လက်ရည်တူယှဉ်နိုင်ခဲ့တာ မဆန်းတော့ဘူး။ လက်စသတ်တော့ နှစ်ယောက်လုံးက မသေမျိုးတပည့်တွေဖြစ်နေတာကိုး"

"ဟား၊ ကောင်လေး၊ မင်းက ဓားဝိညာဉ်ကနေ လူအသွင်ပြောင်းထားတာလား"

လျိုနင်ရွှမ်းက လုယန်ဘေးမှ မိန်ထိုက်ကို သတိထားမိသွားသည်။ သူ့လူသတ်ရိပ်များ မြင့်တက်လာသည်။

သူသည် နတ်မယ်ကြောင့် လူနှင့်ဓား တစ်သားတည်းဘဝရောက်ခဲ့သူဖြစ်သည်။ မွေခံဓားလည်း ကျိုးပျက်သွားသည်။ ထို့နောက် သူအတော်ကြာအောင် အိပ်မောကျခဲ့သည်။ ထိုအတောအတွင်း မွေခံဓားသည် ဓားသွန်းသူများ ဓားကျွမ်းကျင်သူများ အမျိုးမျိုးလက်ပြောင်းခဲ့သည်။

ထိုဓား၏ထူးခြားသည့်သဘာဝကို ရိပ်စားမိကြသဖြင့် တဖြေးဖြေးပြန်ပြုပြင်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူ့ဝိညာဉ် ပြန်ရှင်သန်လာသည်။

သူပြန်နိုးထလာချိန်တွင် မဟာယုခေတ်သို့ ရောက်နေပြီဖြစ်သည်။

ဓားဝိညာဉ်အဖြစ်သို့ရောက်နေသဖြင့် ယနေ့ထိ သူရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် မိန်ထိုက်လို ဓားဝိညာဉ်ဗီဇဖြင့် မွေးဖွားလာသူမဟုတ်။ လူသားဘဝမှ ဓားဝိညာဉ်အဖြစ် ပြောင်းလဲလာသူဖြစ်သည်။

ဓားဝိညာဉ်အစစ်များသည် လူသားအသွင်ပြောင်းလဲနိုင်သည်။ သို့သော် အသွင်ပြောင်းဓားဝိညာဉ်တို့သည် လူသားအသွင်မပြောင်းလဲနိုင်ကြ။ သူသည် မွေခံဓား၏ ဝိညာဉ်ဘဝဖြင့်သာ အမြဲနေရတော့မည်။

ထို့ကြောင့်လည်း ဓားဝိညာဉ်အစစ်များကို သူပို၍မုန်းသည်။

All Chapters