အခန်း (၉၁၃-၉၁၅)
Vol. 61 Ch. 913-915
အခန်း (၉၁၃) ဓားမျှော်စင်အဓိပဓိ
"သူဘာပြောတာလဲ။ မိန်ထိုက်က လူအသွင်ပြေားထားတဲ့ ဓားဝိညာဉ်တဲ့လား"
ဓားကျင့်ကြံသူများ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဟန်ဖြင့် မိန်ထိုက်ကိုကြည့်နေကြသည်။ လုယန်သည် ယင်ထန်မသေမျိုး၏ မျိုးဆက်ဖြစ်သည်။ မိန်ထိုက်က အသွင်ပြောင်းဓားဝိညာဉ်ဖြစ်သည်။ သူတို့နှစ်ယောက်ကလုံး၏ နောက်ခံက ထူးခြားလွန်းနေသည်။
အစက မဟာကပ်သို့ရောက်လျှင် သူတို့အားလုံး ထွန်းလင်းတောက်ပချိန်ရောက်ပြီဟု ဓားကျင့်ကြံသူများ ယူဆထားခဲ့သည်။
သို့သော်ယခု နောက်ခံအဆင့်အတန်းအရ သူတို့ဘယ်လောက်နိမ့်ကျနေကြောင်း နားလည်လာသည်။
ထူးခြားနောက်ခံမရှိခြင်းသည် ကြီးမားသည့်ပြဿနာတော့မဟုတ်။ သမိုင်းတွင် ဇွဲကောင်းကောင်းဖြင့်ကျင့်ကြံ၍ ထူးခြားနောက်ခံရှိသည့်ရန်သူများကို အနိုင်ယူခဲ့သည့် ဒဏ္ဍာရီများစွာရှိခဲ့သည်။
သို့သော်ယခုပြဿနာက သူတို့ကြိုးစားအားထုတ်လျှင်ပင် လုယန်နှင့်မိန်ထိုက်ကို နိုင်ခြေမရှိ။
သို့ဆိုလျှင် ဤမကာကပ်တွင် ဘာအတွက်တိုက်ခိုက်ရတော့မည်နည်း။
ဓားမျှော်စင်အကြီးအကဲများလည်း မျက်နှာအမူအရာပြောင်းသွားသည်။ ရှေးဟောာင်းအမည်မသိဓားဝိညာဉ်က မိန်ထိုက်၏သရုပ်မှန်ကို တိုက်ရိုက်ဖော်ထုတ်လိုက်သည်။ ကျိန်စာလားကောင်းချီးလား မခွဲတတ်ကြတော့။
ယွမ်မုန်မုန်က လုယန်နားသို့ မသိမသာကပ်လာသည်။ လျိုနင်ရွှမ်းအမူအရာ သိပ်မူမမှန်ကြောင်း သူရိပ်မိသည်။ လျိုနင်ရွှမ်းထံမှ ထွက်ပေါ်နေသည့် ခပ်မှိန်မှိန်စွမ်းအင်ရောင်ကို သိပ်သဘောမကျ။
ယွမ်မုန်မုန်သာ အပြင်လောကအတွေ့အကြုံရှိခဲ့ရင် ထိုအရာကို လူသတ်ရိပ်ဟုခေါ်ကြောင်း နားလည်ပေလိမ့်မည်။
လျိုနင်ရွှမ်းက မိန်ထိုက်ကို အေးစက်စက်စိုက်ကြည့်၍ ခပ်လေးလေးလေသံဖြင့်ပြောသည်။
"လူအသွင်ပြောင်းနိုင်တဲ့ ဗီဇဓားဝိညာဉ်ဘဝက ကောင်းလိုက်တာ။ ငါကကျတော့ ဓားထဲမှာပဲ နေရတယ်"
လုယန် မျက်နှာပျက်သွားပြီး မိန်ထိုက်ရှေ့မှ ကာရပ်လိုက်သည်။
"ခင်ဗျားဘာလုပ်မလို့လဲ"
လုယန်အမူအရာကြောင့် လျိုနင်ရွှမ်း လှောင်ပြုံးပြုံးသည်။
"ကောင်လေး၊ ယင်ထန်မသေမျိုးရဲ့အမွေခံဆိုရုံနဲ့ ငါမင်းကိုကြောက်မယ်ထင်နေလား။ ငါခန့်မှန်းကြည့်မယ်။
မင်းက ယင်ထန်ရဲ့ပုံရိပ်တုတွေကိုမြင်ပြီး အမွေရထားတာမဟုတ်လား။ ယင်ထန်မသေမျိုးအစစ်ကို လုံးဝမမြင်ဖူးဘူးမဟုတ်လား"
လုယန်အမူအရာကိုကြည့်၍ သူ့ခန့်မှန်းချက်မှန်ကန်ကြောင်း လျိုနင်ရွှမ်း ယုံကြည်သွားသည်။
"ယင်ထန်မသေမျိုး ပေါ်မလာတာအတော်ကြာပြီ။ သူသေသွားလို့ပဲဖြစ်မှာပေါ့"
ယင်ထန်မသေမျိုးသည် ကြွားလုံးထုတ်ရသည်ကို နှစ်သက်သူဖြစ်သည်။ နှစ်တစ်သိန်းကျော်ကြာအောင် မလှုပ်ရှားပဲ နေနိုင်မည်မဟုတ်။ ပြဿနာတစ်ခုခုရှိ၍သာဖြစ်ရမည်။
ယင်ထန်နှင့်သူ့ကြားတွင် ကြီးမားသည့်ရန်ကြွေးရှိသည်။ ယင်ထန်သက်ရှိထင်ရှားရှိနေမည်စိုး၍သာ လုယန်ကို မသတ်ခြင်းဖြစ်သည်။
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က မွေခံဓားကို ဓားမျှော်စင်အဓိပဓိက ရခဲ့သည်။ မျှော်စင်သခင်က သူ့အကြောင်းရိပ်မိမည်စိုးသဖြင့် ဆက်၍အိပ်နေခဲ့သည်။
ယခု နိုးလာချိန်တွင် သူ့ကမ္ဘာ့ရန်သူ၏မျိုးဆက်ကို အရင်ဆုံးတွေ့ရသည်။ ထိုမျိုးဆက်ဘေးတွင် လူအသွင်ပြောင်းထားသည့် ဓားဝိညာဉ်အစစ်ကို တွေ့ရသည်။ သူ့ဒေါသကို ထိုနှစ်ယောက်အပေါ် မဖွင့်ထုတ်ဘဲ မနေနနိုင်တော့။
လျိုနင်ရွှမ်း မွေခံဓားကို ထိန်းချုပ်၍ ဓားချီတစ်ခု ထုတ်လွှတ်လိုက်သည်။ ခမ်းနားထည်ဝါသည်။ ဓားရတနာတိုက်ခေါ်မိုးမှ ညပုလဲထက်ပင် ပိုတောက်ပသည်။ ဓားချီစွမ်းအားကြောင့် ရတနာတိုက်တစ်ခုလုံး တုန်ခါလာသည်။ ရတနာတိုက်အထက်မှ ဓားမျှော်စင်ပင် ဘယ်ညာယိမ်းလွှဲလာသည်။ ထိုဓားချီစွမ်းအားကို ခံနိုင်ရည်မရှိ။
ဓားချီက မိန်ထိုက်ဆီ ဦးတည်ပြေးဝင်လာသည်။ တစ်ခါတည်းအသေသတ်သည့် တိုက်ကွက်ဖြစ်သည်။
ထိုမြင်ကွင်းကိုကြည့်၍ ဓားကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ်သွားသည်။ ထိုတိုက်ကွက်ကို ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ပင် ခုခံနိုင်မည်မဟုတ်။
"မိန်ထိုက်ကို မြန်မြန်ကာကွယ်ကြ"
မျှော်စင်သခင် ချက်ချင်းအော်ဟစ်သတိပေးလိုက်သည်။ အကြီးအကဲဆယ့်နှစ်ယောက် မိန်ထိုက်ရှေ့သို့ ချက်ချင်းရောက်လာသည်။ သူတို့ဓားမှ မှော်အဆောင်များ အထပ်လိုက်ထိုးထွက်လာသည်။
ထိုရွှေရောင်မှော်အကာအကွယ်များတွင် အဆုံးမဲ့စည်းမျည်းစွမ်းအားပါဝင်သည်။ နောက်ဆုံးတွင် စူးရှတောက်ပသည့် အကာအကွယ်စက်ဝန်းကြီးတစ်ခု ဖြစ်လာသည်။
"ဘုန်း"
ဓားချီက မှော်စက်ဝန်းပေါ် ရိုက်ခတ်သည်။ မှော်စက်ဝန်း ပြင်းထန်စွာတုန်ခါသွားသည်။ အသက်သုံးရှူစာခန့် ထိန်းထားပြီးနောက် ဓားချီရော မှော်စက်ဝန်းပါ ကြေမွသွားသည်။
"အားးး"
ဓားချီရိုက်ခတ်မှုကြောင့် မျှော်စင်သခင်နှင့် အကြီးအကဲများ လွင့်ထွက်သွားသည်။ နံရိုးဘယ်နှချောင်းကျိုးသွားသည်မသိ။ သူတို့ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
လျိုနင်ရွှမ်း လှောင်ပြုံးပြုံးသည်။
"မင်းတို့အဆင့်က အဲလောက်ပဲလား။ ငါမလှုပ်ရှားတာ နှစ်သောင်းချီကြာခဲ့လို့ စွမ်းအားလျော့နေတာ မင်းတို့ကံကောင်းတယ်မှတ်ပါ။ မဟုတ်လို့ကတော့ ဒီဓားချက်နဲ့တင်း မင်းတို့အားလုံးကို သေသွားမှာ။
အခုနောက်ထပ် မင်းတို့ဘယ်လိုကာကွယ်ဦးမလဲ ကြည့်ရသေးတာပေါ့"
လျိုနင်ရွှမ်း ဓားချီကို နောက်တစ်ကြိမ်စုစည်းသည်။ စွမ်းအားက အရင်တစ်ကြိမ်ထက် ပိုပြင်းထန်သည်။
မျှော်စင်ခင်တို့လူစု မျက်နှာဖြူရောက်သွားသည်။ ပထမဓားချက်အတွက် သူတို့စွမ်းအားကုန်သုံး၍ ကာကွယ်ခဲ့ပြီးဖြစ်သည်။ ယခုဓားချက်ကို ဘယ်လိုကာကွယ်ပေးနိုင်တော့မည်နည်း။
ထိုခဏမှာပင် ဓားရတနာတိုက်အထက်မှ အတော်ပဆုံးညပုလဲ ပေါက်ကွဲထွက်သွားသည်။ ကိုးရောင်ခြယ်နတ်အလင်းထဲမှ လူရိပ်တစ်ခုထွက်လာသည်။
"မိန်ထိုက်ကို ဘယ်သူဒုက္ခပေးရဲသလဲ"
လူတိုင်းက ထိုလူရိပ်ကို မျက်တောင်မခတ်တမ်းကြည့်နေကြသည်။ ဘယ်စွမ်အားရှင်ပေါ်လာသည်ကို သိချင်နေကြသည်။
ထိုလူရိပ်ကိုမြင်သည်နှင့် မိန်ထိုက်မျက်လုံးများ အရောင်လက်လာပြီး အော်ခေါ်လိုက်သည်။
"ဆရာ"
ဆရာ...
ထိုအခေါ်အဝေါ်ကြောင့် မျှော်စင်သခင် ချက်ချင်းရိပ်မိလိုက်သည်။
"ဓားမျှော်စင်ရဲ့ မထိုက်တန်တဲ့ တပည့်ယဲ့ကု အဓိပဓိအရှင်ကို ဂါရဝပြုပါတယ်"
ထိပ်တန်းညပုလဲ ကွဲကြေသွားသည်။ ကိုးရောင်ခြယ်အလင်းများ ပျောက်သွားသည်။ ပေါ်လာသည့်ပုံရိပ်က လှပ်သည့်မိန်းမတစ်ယောက်ဖြစ်သည်။ အသားအရေနူးညံ့သည်။ နန်းဆောင်ထဲမှ သခင်မလေးတစ်ယောက်နှင့်တူသည်။
ဓားမျှော်စင်အဓိပဓိသည် မိန်းမတစ်ယောက်ဖြစ်ကြောင်း သိသူအတော်နည်းသည်။
"ဓားမျှော်စင်အဓိပဓိလား"
လျိုနင်ရွှမ်း မျက်လုံးမှေးစင်းသွားသော်လည်း ဣန္ဒြေလုံးဝမပျက်။ ထိုလူသည် ဓားမျှော်စင်အဓိပဓိ၏ မူလခန္ဓာမဟုတ်။
ဓားမျှော်စင်အဓိပဓိက လျိုနင်ရွှမ်းကို အရေးမစိုက်ဘဲ မြေပြင်သို့ဆင်းလာပြီး မိန်ထိုက်၏ဦးခေါင်းကို ညင်သာစွာပွတ်လိုက်သည်။
"မင်းက လူသားဘဝကိုတောင် ပြောင်းလာပြီပေါ့"
"ဆရာ"
မိန်ထိုက်က ဓားမျှော်စင်အဓိပဓိကို တင်းကြပ်စွာဖက်ထားပြီး ငိုကြွေးနေသည်။ ဤတစ်သက် သူ့ဆရာကို ပြန်တွေ့ရမည်ဟု လုံးဝထင်မထားခဲ့။
"ကဲပါ ကဲပါ။ မငိုနဲ့တော့။ အခု ငါအဆင်ပြေနေတာပဲမဟုတ်လား"
ဓားမျှော်စင်အဓိပဓိက ကရုဏာသံဖြင့် နှစ်သိမ့်သည်။
ထို့နောက် လေထဲတွင်ရှိနေသည့် လျိုနင်ရွှမ်းကို ဖျတ်ခနဲလှည့်ကြည့်သည်။
"မင်းကိုအနိုင်ကျင့်တာ သူလား။ မင်းအမ သူ့ကိုဘယ်လိုပညာပေးမလဲဆိုတာ စောင့်ကြည့်လိုက်ပါ"
အလင်းဓားကိုယူ၍ ဓားမျှော်စင်အဓိပဓိ လျိုနင်ရွှမ်းကိုရင်ဆိုင်ရန် ပျံတက်သွားသည်။ လေထုက ချက်ချင်းသိပ်သည်းလာသည်။
လျိုနင်ရွှမ်းကလည်း ဓားမျှော်စင်အဓိပဓိကိုမကြောက်။ ခပ်လှောင်လှောင်ရယ်မောလျက်
"ကိုယ့်ကိုယ်ကို အဆင်ပြေတယ်လို့ မင်းပြောရဲသေးတယ်ပေါ့။ အခုမင်းက ညပုလဲထဲမှာပုန်းနေတဲ့ သိစိတ်အကြွင်းအကျန်လေးတစ်ခုပါပဲ။ ဓားမျှော်စင် ကပ်ဆိုးကြုံတဲ့အချိန်ကျရင် မင်းပေါ်လာမယ်ဆိုတာ ငါကြိုတွေးပြီးသားပါ။
ဒီဝိညာဉ်လောက်နဲ့ မင်းရဲ့မူလစွမ်းအားကို ဘယ်လောက်ထိများ ထုတ်သုံးနိုင်မှာလဲ"
ပုံမှန်အားဖြင့် မသေမျိုးကောင်းကင်လျှပ်စီးတွင် ကျဆုံးသူသည် အသက်မရှင်နိုင်။ သို့သော် ဓားမျှော်စင်အဓိပဓိက မဖြစ်နိုင်သည့်အခြေအနေကို ဖြစ်နိုင်အောင်လုပ်ခဲ့သည်။ သိစိတ်ဝိညာဉ်တစ်ခု ချန်ထားခဲ့သည်။
"ဒီဓားဟာ မွေခံဓားဖြစ်မယ်လို့ ငါခန့်မှန်းမိပါတယ်။ ဒါပေမယ့် သက်သေမရှိခဲ့ဘူး။ တော်ဝင်ကျောင်းတော်မှာတောင် ဒီဓားနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့အချက်အလက်မရှိဘူး။ ဒီတော့ လောကကြီးက နင်းပျောက်ကွယ်သွားပြီလို့ ထင်ခဲ့ကြတယ်။
လက်စသတ်တော့နင်က မွေခံဓားထဲမှာ အခုချိန်ထိ တွယ်ကပ်နေခဲ့တာကိုး"
ဓားမျှော်စင်အဓိပဓိက မျက်မှောင်ကျုံ့၍ လျိုနင်ရွှမ်းကို ဓားဖြင့်ထိုးချိန်လိုက်သည်။
"နင်က ငါ့မိန်ထိုက်ကိုများ အန္တရာယ်ပေးရဲတယ်ပေါ့။ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်"
နတ်မယ်လည်း ဓားမျှော်စင်အဓိပဓိ၏ အခြေအနေကို စောင့်ကြည့်နေသည်။
"တကယ်လေးစားစရာပဲ။ ကောင်းကင်းဆင်းရဲကြားကနေ သိစိတ်ဝိညာဉ်တစ်စ ခွဲချန်ခဲ့နိုင်တယ်။ သူက ဝိညာဉ်အရိယဖလသန္ဓေ ပိုင်ဆိုင်ခဲ့တာများလား"
ထာဝရအရိယဖလမှလွဲလျှင် ထိုကဲ့သို့လုပ်နိုင်စွမ်းရှိသည်မှာ ဝိညာဉ်အရိယဖလသန္ဓေသာရှိသည်။
"နတ်မယ်၊ လျိုနင်ရွှမ်းရဲ့ ကျင့်စဉ်အဆင့်ကဘာလဲ"
လုယန် တီးတိုးမေးလိုက်သည်။
"ကူးဖြတ်ခြင်းအဆင့်ပါ"
"ကူးဖြတ်ခြင်းအဆင့်ပဲလား"
လျိုနင်ရွှမ်းကို မသေမျိုးတစ်ဝက်အဆင့်ဖြစ်မည်ဟု သူထင်ခဲ့သည်။
ထို့နောက် ရုတ်တရက် သူ့ကိုယ်သူ ပြန်သုံးသပ်မိသည်။ ကူးဖြတ်ခြင်းအဆင့်ကို ဘာကြောင့်ပေါ့ပေါ့လေး သူတွေးနေမိသည်မသိ။
"အရင်က သူနဲ့ငါနှစ်ယောက်လုံး ဖျက်ဆီးခြင်းအရိယဖလသန္ဓေ တည်ဆောက်ချင်ခဲ့ကြတာ။ သူငါ့ကို မဆင်မခြင်စိန်ခေါ်လို့သာ တိုက်ခိုက်ရင်းနဲ့ လူနဲ့ဓားခွာမရတော့ဘဲဖြစ်သွားတာလေ"
နတ်မယ်က ခပ်ငေါ့ငေါ့လေသံဖြင့်ပြောသည်။
"သူဓားဝိညာဉ်ဖြစ်လာတာ စိတ်မကောင်းစရာပဲ။ ဓားဝိညာဉ်တွေဟာ အရိယဖလသန္ဓေ မတည်ဆောက်နိုင်ဘူး။...အဲ ငါ့လိုလူက လွဲလို့ပေါ့လေ။
သူသာ ဓားဝိညာဉ်မဖြစ်ခဲ့ရင် ဖျက်ဆီးခြင်းအရိယဖလသန္ဓေကို တည်ဆောက်နိုင်ခဲ့လောက်တယ်"
လျိုနင်ရွှမ်းကို နတ်မယ်ထိုမျှအထင်ကြီးလေးစားမည်ဟု လုယန်မထင်ခဲ့။ သို့သော် အစွမ်းအစနည်းနည်းမရှိလျှင်လည်း နတ်မယ်ကို လျိုနင်ရွှမ်း စိန်ခေါ်ရဲခဲ့မည်မဟုတ်။
*****************************
အခန်း (၉၁၄) မင်းဘယ်သူလဲ
ဓားရတနာတိုက်ထဲတွင် ဓားချီများ ပြင်းထန်စွာလှုပ်ရှားနေသည်။ ဓားမျှော်စင်အဓိပဓိက ဓားပေါင်းသောင်းချီကို ထိန်းချုပ်တိုက်ခိုက်သည်။ လျိုနင်ရွှမ်းက သူ့ဓားနှင့်တစ်သားတည်းပေါင်း၍ တားဆီးမရသည့် စွမ်းအားမျိုးဖြင့် တိုက်ခိုက်သည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သည့် ဝိညာဉ်ဓားများ ရိုက်ခတ်၍ ကြောက်စရာအသံလှိုင်းတစ်ခု ပေါ်လာသည်။ တိုက်ပွဲကြည့်နေသူများ၏ အသက်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
"ပြေးကြဟေ့"
ချိုခွန်း အော်ဟစ်လိုက်သည်။ ယင်ယန်ဓားကို အရေးမစိုက်တော့ဘဲ ချက်ချင်းလှည့်ပြေးသည်။
ဓားရတနာတိုက်ထဲတွင် ဆက်နေလျှင် အချိန်မရွေးသေသွားနိုင်သည်။
တစ်ခြားလူများလည်း အခြေအနေကို ရိပ်စားမိသဖြင့် စုပြုံထွက်ပြေးကြသည်။
ယခု ဓားရတနာတိုက်သည် အဆင့်မြင့်ဓားစွမ်းအားရှင်နှစ်ယောက်၏ တိုက်ပွဲကွင်းဖြစ်လာသည်။ သာမန်သေမျိုးများအတွက် ခြေချစရာနေရာမရှိ။ မျှော်စင်သခင်တို့လူစုပင် တိုက်ပွဲထဲသို့မဝင်ရဲဘဲ ဘေးမှသာကြည့်နေရသည်။
စွမ်းအားရှင်နှစ်ယောက်လုံး ရုပ်ခန္ဓာအပြည့်အစုံမဟုတ်။ လျိုနင်ရွှမ်းက အသွင်ပြောင်း ဓားဝိညာဉ်ဖြစ်သည်။ လူပင်မဟုတ်တော့။ ဟိုအရင်ကတည်းက သေဆုံးခဲ့သည့် ဓားမျှော်စင်အဓိပဓိဆိုလျှင် ပြောစရာပင်မလို။ သူ့မူလခန္ဓာ မရှိတော့။ အရိယဖလသန္ဓေဖြင့်ဖန်တီးထားသည့် သိစိတ်ဝိညာဉ်မျှသာဖြစ်သည်။
သို့သော် အားနည်းသည့်အနေထားမှာပင် သူတို့နှစ်ယောက်တိုက်ပွဲကို စုစည်းခြင်းကျင့်ကြံသူများ ဝင်မစွက်ရဲကြ။ ကူးဖြတ်ခြင်းအဆင့်များပင် ဝင်မစွက်မီ ကိုယ့်အစွမ်းအစကို ချိန်ဆကြရပေလိမ့်မည်။
လျိုနင်ရွှမ်းသည် နတ်မယ်၏ပြိုင်ဘက်ဖြစ်ဖို့ တကယ်အရည်အချင်းမီသည်။ ဖျက်ဆီးခြင်းအရိယဖလပိုင်ဆိုင်ထိုက်သည့် စွမ်းရည်ရှိသည်။ ရှေးဟောင်းခေတ် ပထမဆုံးဓားကျင့်ကြံသူ ပီသသည်။
ဓားမျှော်စင်အဓိပဓိ၏ ကျင့်စဉ်အဆင့်က ပို၍ပင်မြင့်သေးသည်။ မသေမျိုးကောင်းကင်ဆင်းရဲဖြတ်ခဲ့သည်ဆိုလျှင် အရိယဖလသန္ဓေကို နောက်ဆုံးအဆင့်ထိ နားလည်ခဲ့၍သာဖြစ်သည်။ အောင်းလင်း၊ ကျန်းလျန်ယိတို့နှင့် အဆင့်တူရှိသည်။
သူ့အထက်တွင် မသေမျိုးအဆင့်သာရှိတော့သည်။ ပုံမှန်မဟုတ်သည့် တာအိုရှင်ယွမ်ကျိမှလွဲလျှင် သူသည် မဟာရှားတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။
သူတို့နှစ်ယောက်တိုက်ပွဲသည်လည်း ဓားပွဲတော်၏အစိတ်အပိုင်းဟု ဆိုနိုင်သည်။
ကြုံဖူးခဲ့သမျှတွင် အကြီးမားဆုံး ဓားရေးပြိုင်ပွဲဖြစ်သည်။
"လှိုင်းဖြန့်ဓားချက်"
ဓားချီများ ပြင်းထန်စွာလှုပ်ရှား၍ ရတနာတိုက်တစ်ခုလုံး ဓားချီပင်လယ်အဖြစ် ပြောင်းသွားသည်။ အရှေ့ပင်လယ်မှရေများ နေရာပြောင်းလာသလိုထင်ရသည်။ ကြီးမားသည့် အလေးချိန်နှင့်ဖိအားကို သယ်ဆောင်လာသည်။
ထို့ပြင် မရေမတွက်နိုင်သည့် အရှေ့ပင်လယ် ဓားချီသားရဲပုံရိပ်များ ဓားချီပင်လယ်တွင်လှုပ်ရှား၍ လျိုနင်ရွှမ်းကို အတင်းကိုက်ခဲကြသည်။
အလင်းဓားက မြင်ကွင်းမှ ပျောက်သွားသည်။ ချီပင်လယ်၏ အကြမ်းတမ်းဆုံးသားရဲဖြစ်လာသည်။ လျိုနင်ရွှမ်း၏ မွေခံဓားကို ဖျက်ဆီးရန်ကြိုးစားသည်။
"အသံမဲ့အဖျက်ဓားစွမ်းအား"
မွေခံဓားက မင်သွေးရောင်ကဲ့သို့ မည်းနက်နေသည်။ အဆုံးစွန် အဖျက်စွမ်းအားကို သယ်ဆောင်လာသည်။ ကပ်ဆိုးအားလုံးတို့၏ ရင်းမြစ်သဖွယ်ထင်ရသည်။
သူကျွမ်းကျင်ခဲ့သည့် ဖျက်ဆီးခြင်းပညာ၏ အမြင့်ဆုံးစွမ်းအားဖြစ်သည်။ အလွန်တတရာ ကြောက်စရာကောင်းသည်။ တစ်ချိန်က ထိုဓားချက်ဖြင့် သူ့နှင့်အဆင့်တူ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ရှိသည့် ရွှမ်ဝူကို သတ်ဖြတ်ခဲ့ဖူးသည်။
ခံစစ်ကိုအသားပေးသည့် ရွှမ်ဝူကို ထိုဓားချက်ဖြင့် စက္ကူတစ်ရွက်လို ထိုးဖောက်ပစ်ခဲ့သည်။
လိပ်နက်ရွှမ်ရွှမ်စိတ်ထဲ၌ သူ့လိပ်နက်ဘိုးဘေး သက်ရှိထင်ရှားရှိသေးလျှင်ပင် ထိုဓားချက်ကို ကြောက်လန့်တကြား ရှောင်တိမ်းလိမ့်မည်ဟု ထင်မိသည်။
ပင်လယ်မျိုးနွယ်ဓားချီသားရဲရိပ်များ ထိုဓားချက်ကြောင့် ပျောက်ကွယ်သွားသည်။ ဓားချီအဖြစ် ပြန့်ကျဲသွားသည်။ ထိုဓားချီများကို မွေခံဓား၏ အဖျက်စွမ်းအားက ဝါးမျိုရှင်းလင်းသည်။
"ချွင်"
ဓားချီအားလုံးကိုဝါးမျိုပြီးနောက် မွေခံဓားက တစ်ခုတည်းကျန်နေသည့်အလင်းဓားကို ရင်ဆိုင်သည်။
မသေမျိုးဓားနှစ်လက် ထိတွေ့မှုကြောင့်ဓားရတနာတိုက်တစ်ခုလုံး ပြိုကျမတတ်တုန်ခါသွားသည်။ ဓားမျှော်စင်အဆောက်အဦး၏ အောက်ခြေတစ်လက်မမကျန် ရိုက်ခတ်သည်။ လူအားလုံးကို ကြိတ်ချေမတတ်ဖြစ်သွားသည်။
ပြိုင်ဘက်ကင်းဓားသမားနှစ်ယောက် ဖြစ်လာမည့်အကျိုးဆက်ကို ထည့်မတွက်ဘဲ တစ်ယောက်ကိုတစ်ယောက် အနိုင်ပိုင်းရန် အစွမ်းကုန်ကြိုးစားကြသည်။
ကျယ်ပြန့်သည့် ဓားနယ်မြေနှစ်ခု ပွင့်လာသည်။ သို့သော် အများထင်ထားသလို ခမ်းနားထည်ဝါမှုတော့မရှိ။
ဓားမျှော်စင်အဓိပဓိ၏ ဓားနယ်မြေက သရဲအရိပ်များပြည့်နေသည်။ သူသတ်ဖြတ်ခဲ့သည့် ရန်သူများဖြစ်သည်။ ဝိညာဉ်အရိယဖလသန္ဓေစွမ်းအားဖြင့် သူ့ဓားနယ်မြေတွင် ပြန်အသက်သွင်းထားသည်။
လျိုနင်ရွှမ်း၏ ဓားနယ်မြေက လောကအဆုံးသတ်နှင့်ပမာတူသည်။ နီညိုရောင်သန်းနေသည်။ နေလကြယ်တာရာတို့၏ အလင်းရောင်ကင်းမဲ့သည်။ ထိုနယ်မြေသို့ ဝင်မိသည့်သက်ရှိအားလုံး မရဏကျိန်စာသင့်သကဲ့သို့ ထူးဆန်းစွာသေဆုံးသွားလိမ့််မည်။
ဓားပါရမီထူးခြားသည့် လုယန်ပင် ထိုဓားနယ်မြေနှစ်ခု၏ သဘောတရားကို နားမလည်။ တစ်ခြားလူများအတွက်ဆိုလျှင် ပြောစရာပင်မလိုတော့။
ဓားနယ်မြေများ တစ်ဖြေးဖြေးကျယ်ပြန့်လာသည်။ နေရာလွတ်မကျန်အောင် ဖျက်ဆီးသည်။ လေဟာနယ်တွင်လည်း အက်ကြောင်းများ အဆက်မပြတ်ဖြစ်ပေါ်နေသည်။
"ဘုန်း ဘုန်း ဝုန်း"
အထက်ဓားမျှော်စင်လည်း ဓားနယ်မြေနှစ်ခု၏ ရိုက်ခတ်မှုကို ဆက်၍တောင့်မခံနိုင်တော့သဖြင့် ပြိုကျပျက်စီးသွားသည်။ ဓားရတနာတိုက်လည်း ချက်ချင်းပေါက်ကွဲထွက်သွားသည်။
သို့သော် တိုက်ခိုက်နေသူနှစ်ယောက်ကို လုံးဝထိခိုက်ခြင်းမရှိ။
နှစ်ယောက်လုံး အသက်ကို ပင်ပန်းကြီးစွာ ရှူရှိုက်၍ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်။ သူတို့သည် သက်ဆိုင်ရာခေတ်ကာလတွင် စွမ်းအားအကြီးဆုံး ဓားသမားများဖြစ်သည်။ ပွဲဦးထွက်ကတည်းက အင်အားကြီးရန်သူများစွာ အနိုင်ယူခဲ့သည်။
သို့သော် ဓားပညာတွင် လက်ရည်တူပြိုင်ဘက်မျိုး တစ်ခါမှမတွေ့ခဲ့ဖူး။
"နတ်မယ်။ ဘယ်သူနိုင်လောက်သလဲ"
လုယန် စိုးရိမ်မကင်းဖြစ်နေသည်။
ဓားပညာအကြောင်း သိပ်မသိသော်လည်း အားသာချက်အားနည်းချက်များကို နတ်မယ်ခွဲခြားမြင်နိုင်သည်။
"အင်း...သူတို့တိုက်ခိုက်ပုံအရဆို တစ်ရက်နှစ်ရက်နဲ့တော့ တိုက်ပွဲပြီးမယ်မထင်ဘူး။ ဒါပေမယ့် ဓားမျှော်စင်ကောင်မလေးက စွမ်းအားအခြေခံ နည်းလွန်းတယ်။ သိပ်ကြာကြာမခံလောက်ဘူး"
"ဘယ်လို"
မိန်ထိုက်ကိုယ်စား ဓားမျှော်စင်အဓိပဓိအတွက် လုယန်စိုးရိမ်ပူပန်လာသည်။
လျိုနင်ရွှမ်းကလည်း ထိုအချက်ကို သတိထားမိသည်။ ဓားဝိညာဉ်ဖြစ်လာပြီး လူအသွင်ပြန်မပြောင်းနိုင်သော်လည်း အခြေခံစွမ်းအားတွင် သူ့ဘက်မှအားသာသည်။ ဓားမျှော်စင်အဓိပဓိက ငြိမ်းသေတော့မည့် ဖယောင်းတိုင်မီးလိုဖြစ်နေသည်။
နတ်မယ်က ထပ်ပြောသည်။
"ဒါပေမယ့် တတိယလူဝင်လာရင်တော့ လျိုနင်ရွှမ်းးကို ချက်ချင်းနိုင်လောက်ပါတယ်"
"တတိယလူ..."
လုယန် တွေးရခက်သွားသည်။ တတိယလူ ဘယ်ကရောက်လာမည်နည်း။
ထိုစဉ် လေထဲသို့ လူတစ်ယောက် ပျံတက်သွားပြီး ဓားမျှော်စင်အဓိပဓိဘေးတွင် ရပ်လိုက်သည်။
"တာအိုမိတ်ဆွေ။ ကျွန်မရှင့်ကို ကူညီပါ့မယ်"
"ယွမ်မုန်မုန်..."
"ရှောင်ယွမ်
လုယန် အံ့အားသင့်သွားသည်။ သူကျွေးသည့်အစားအသောက်များကို အခမဲ့စားပြီး သူနှင့်အတူ လိုက်လာသည့်ယွမ်မုန်မုန်က မထင်မှတ်ဘဲ ဓားမျှော်စင်အဓိပဓိကို ကူ၍တိုက်ခိုက်မည်ဟု ပြောနေသည်။
မျှော်စင်သခင်တို့လူစုလည်း လုယန်၏အဖော်က ထိုမျှစွမ်းအားကြီးမည်ဟု ထင်မထားခဲ့။
"သူရဲ့ရွှေသန္ဓေအဆင့်စွမ်းအားဆိုတာ တမင်ထိန်းချုပ်ထားတာလား"
လုယန် နားလည်လာသည်။ ယွမ်မုန်မုန် သိပ်မရိုးသားဟု လုယန်ခံစားရသည်။
"နေပါဦး နတ်မယ်။ ဒီကိစ္စ ခင်ဗျားဘာလို့ ကျုပ်ကိုကြိုမပြောခဲ့တာလဲ"
ယွမ်မုန်မုန်၏ ကျင့်စဉ်စွမ်းအားအမှန်ကို သူထိုးဖောက်မမြင်နိုင်သော်လည်း နတ်မယ်မမြင်နိုင်စရာ အကြောင်းမရှိ။
လမ်းတလျှောက်တွင် သူတို့နှစ်ယောက် ပြောခဲ့ကြသည့်စကားများကို လုယန်ချက်ချင်းပြန်စဉ်းစားသည်။ အကြီးအကဲယွမ်မုန်မုန်ကို တစ်ခုခုထိပါးစေမည့်စကားမျိုး ပြောခဲ့ခြင်းရှိမရှိ ပြန်သုံးသပ်သည်။
ပြဿနာဖြစ်စရာဟူ၍ ယွမ်မုန်မုန်၏ အမဆိုသူသာရှိမည်ထင်သည်။ ထိုအမကို ဓားပညာသင်ပေးမည်ဟု သူပြောခဲ့သည်။
ဘာကြောင့်မှန်းတော့မသိ လုယန် စိတ်လေးလာသည်။ မကောင်းသည့်ကိစ္စ တစ်ခုခုဖြစ်တော့မည်ဟု ထင်နေသည်။
"နင်က သူနဲ့ပျော်နေတာ ငါမြင်လို့လေ။ ဒီတော့ သူ့စွမ်းအားအစစ်ကို ငါပြောပြလိုက်ရင် နင့်အပျော်တွေပျောက်ပြီး အနေကျဉ်းကြပ်သွားမှာစိုးလို့ပါ"
နတ်မယ်က မျက်စောင်းထိုး၍ တစ်ဘက်သို့မျက်နှာလွှဲသွားသည်။ လုယန်ကို သူစကားမပြောချင်။
"မင်းကဘယ်သူလဲ"
ယွမ်မုန်မုန်ပေါ်လာသဖြင့် လျိုနင်ရွှမ်လည်း လန့်သွားသည်။ သူ့နှင့်ဓားမျှော်စင်အဓိပဓိသည် လက်ရည်တူအနေအထားတွင်ရှိသည်။ တစ်ခုခုအပြောင်းအလဲဖြစ်သည်နှင့် တိုက်ပွဲရလာဒ်ပြောင်းသွားနိုင်သည်။
ယွမ်မုန်မုန် သူ့နာမည်သူမိတ်ဆက်ရန်ပြင်သည်။ သို့သော် သူပြန်စဉ်းစားသည်။ သူနှင့်နာမည်တူ မသေမျိုးယွမ်မုန်မုန်ဟူသည့်လူတစ်ယောက် ရှိနေပြီးဖြစ်သည်။ သူကိုယ်တိုင်က မသေမျိုးမဟုတ်သေး။
ထို့ကြောင့် နာမည်ရင်းကို ထုတ်ပြောလိုက်လျှင် သိက္ခာကျစရာဖြစ်လာနိုင်သည်။
"ကျွန်မနာမည် ယွမ်ကျိပါ"
အံ့ဩတုန်လှုပ်မှုကြောင့် လုယန် ဒူးထောက်ကျမတတ်ဖြစ်သွားသည်။
နတ်မယ်လက်ချက်ကြောင့် ကပ်ဆိုးတစ်ခု သူ့ဆီ ရောက်လာတော့မည်...
*********************************
အခန်း (၉၁၅) ချုပ်တည်းခြင်း
"ဪ တာအိုရှင်ယွမ်ကျိလား"
လျိုနင်ရွှမ်း ယွမ်မုန်မုန်ကို သတိမပြတ်စောင့်ကြည့်နေသည်။ သူတို့တိုက်ပွဲထဲ ဝင်ပါရဲသူသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိ၍သာဖြစ်မည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရှင်ယွမ်ကျိ။ ဓားမျှော်စင်က ဒီကျေးဇူးကို သေချာပေါက်ပြန်ဆပ်ပါ့မယ်"
ဓားမျှော်စင်အဓိပဓိက ကြေညာသည်။
လျိုနင်ရွှမ်းနှင့် ဓားမျှော်စင်အဓိပဓိတို့နှစ်ယောက်လုံး ရှေးခေတ်မှလူများဖြစ်သည်။ ယွမ်ကျိနာမည်ကို မကြားဖူးကြ။
သို့သော် သူတို့နှစ်ယောက်မှလွဲလျှင် ယခုရှိနေသူအားလုံး ထိုနာမည်ကိုကြားဖူးကြသည်။
ဓားမျှော်စင်အကြီးအကဲများ ယွမ်မုန်မုန်ကို ကြောင်တက်တက်ကြည့်နေကြသည်။
သူတို့သည် ယွမ်ကျိနာမည်ကိုသာ ကြားဖူးသည်မဟုတ်။ လူကိုလည်း မြင်ဖူးထားသည်။ ဤမိန်းကလေးသည် ယွမ်ကျိမဟုတ်မှန်း သူတို့သေချာသိသည်။
သို့သော် မျှော်စင်သခင်က သူတို့နှင့်အမြင်မတူ။
"မဟုတ်ဘူး။ သူက ယွမ်ကျိအစစ်ဖြစ်လောက်တယ်"
"ဘာလို့လဲ"
"စဉ်းစားကြည့်လေ။ သူ့ကိုယ်သူ ယွမ်ကျိလို့ပြောတယ်။ လုယန်နဲ့လည်း အတော်ရင်းနှီးနေတယ်။ နောက်ပြီး ယွမ်ကျိက အမြဲတမ်းခပ်လျှိုလျှိုနေပြီး လူအများအာရုံစိုက်ခံရတာကို မကြိုက်ဘူး။ ဒီတော့ အများရှေ့ထွက်တဲ့အခါ ရုပ်ဖျက်ထားတာ မဆန်းပါဘူး"
"ဟုတ်သားပဲ"
အားလုံး လက်ခံကြသည်။ မည်သို့ဆိုစေ မျှော်စင်သခင်၏ အတွေးအခေါ်သည် သူတို့အားလုံးထက် ခြေတစ်လှမ်းအမြဲသာသည်။
ဓားပွဲတော်သို့လာကြသည့် ဓားကျင့်ကြံသူများသည် ယွမ်ကျိ၏ နာမည်ကိုသာကြားဖူးပြီး မျက်နှာကိုမမြင်ဖူးကြ။
"ယွမ်ကျိ...ဟုတ်တယ်...ငါမှတ်မိပြီ။ သူက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အကြီးဆုံးဂိုဏ်းတပည့်မဟုတ်လား။ သူ့စွမ်းအားကို လူအများရှေ့မှာ ပေါ်ပေါ်ထင်ထင်ထုတ်မပြဖူးဘူး။ ဒီတော့ သူဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ခန့်မှန်းဖို့ခက်တယ်"
"သူ့အတွက် ပြဿနာမရှိနိုင်ပါဘူး။ ငါတို့ဂိုဏ်းချုပ်ကပြောတယ်။ ယွမ်ကျိဟာ အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်ရှိတယ်။ မသေမျိုးတစ်ဝက်အဆင့်တောင် ရောက်နေနိုင်တယ်တဲ့။ အရမ်းစွမ်းအားကြီးတယ်"
အဆင့်မြင့်နောက်ခံရှိသည့် ဓားကျင့်ကြံသူများသည် လျှို့ဝှက်သတင်းများကို ပိုသိကြသည်။
လုယန်သာ မျက်နှာပျက်နေသည်။
မိန်းကလေးယွမ်...ကျုပ်ခင်ဗျားကို ကောင်းကောင်းကျွေးမွေးဧည့်ခံခဲ့ပါတယ်...ကျုပ်ကို ဒီလိုထောင်ချောက်ဆင်တာတော့ မရက်စက်လွန်းဘူးလား....
"မိုးမြေဓားချက်"
လျိုနင်ရွှမ်း မာန်သွင်းအော်ဟစ်လိုက်သည်။ လက်ဦးမှုယူ၍ ယွမ်မုန်မုန်ကို သတ်ဖြတ်ပြီး တိုက်ပွဲမျှခြေကို ပြန်ထိန်းရန်ကြိုးစားသည်။
မွေခံဓားမှထွက်လာသည့် အဖျက်စွမ်းအားကို ယွမ်မုန်မုန်ခံစားလိုက်ရသည်။ သို့သော် ရှောင်တိမ်းဖို့ အချိန်မမီတော့။ မိုးမြေဓားချက်ထိ၍ လွင့်ထွက်သွားပြီး ဓားရတနာတိုက်၏နံရံထဲသို့ ဖောက်ဝင်သွားသည်။
"မင်းမှာ အစွမ်းအစနည်းနည်းတော့ ရှိမယ်ထင်ခဲ့တာ။ လက်စသပ်တော့ အဆင့်တက်စ ကောင်မလေးတစ်ယောက်ပဲ"
လျိုနင်ရွှမ်း အော်ဟစ်ရယ်မောနေသည်။ ဘာမဟုတ်ဘဲ သူစိုးရိမ်ပူပန်ခဲ့ရသည်။ ကူးဖြတ်ခြင်းအခြေခံအဆင့်လောက်ဖြင့် သူတို့တိုက်ပွဲကို လာဝင်စွက်၍မရနိုင်။
"မိတ်ဆွေယွမ်ကျိ"
ဓားမျှော်စင်အဓိပဓိ ထိတ်လန့်သွားသည်။ တိုက်ပွဲမစမီပင် သူ့ကိုလာကူသူက ရှုံးနိမ့်သွားသည်။
သို့သော် လုယန်က ယွမ်မုန်မုန်၏ ကျင့်စဉ်စွမ်းအားကို အံ့ဩနေသည်။ ယွမ်မုန်မုန်နှင့် အမယွမ်သည် ညီအမများဖြစ်သည်။ သို့ဆိုလျှင် အသက်ချင်းသိပ်မကွာလောက်။
တိုင်ပုဖန်သည် ယွမ်ကျိနှင့် သက်တူရွယ်တူဖြစ်သည်။ သို့သော် တိုင်ပုဖန်က စုစည်းခြင်းအလတ်တန်းဆင့်သာရှိပြီး ယွမ်မုန်မုန်က ကူးဖြတ်ခြင်းအဆင့်ရောက်နေသည်။
အံ့ဖွယ်ပါရမီရှင်မျိုးဟု ခေါ်နိုင်လောက်သည်။
"သေမတတ်ကို လန့်သွားတာပဲ"
ယွမ်မုန်မုန် နံရံအပြိုအပျက်ကြားမှ လေးဘက်ထောက်ထွက်လာသည်။ ထိတ်လန့်စိတ်မပြေသေး။ သူသည် တစ်ခြားလူများနှင့် တိုက်ခိုက်လေ့သိပ်မရှိ။ ယခုလို အသေသတ်တိုက်ပွဲမျိုး ကြုံဖူးဖို့ဆို ပို၍ပင်ဝေးသေးသည်။
ကူးဖြတ်ခြင်းအဆင့်ထိရောက်ခဲ့သည့် သူ့ခရီးလမ်းက ဘာအဖုအထစ်မှ မရှိခဲ့။ လျိုနင်ရွှမ်း၏ လျှပ်တပြက်အငိုက်ဖမ်းတိုက်ခိုက်မှုမျိုးကိုလည်း သူတစ်ခါမှမကြုံဖူး။
"မတိုက်ခင် သတိလေးဘာလေးတောင် မပေးဘူး။ သေတော့မယ်လို့တောင် ထင်သွားတယ်"
ယွမ်မုန်မုန်က ပြောသည်။ ထိတ်လန့်စိတ်မပြေသေးသော်လည်း ဓားချက်ကိုတော့ သူမမှုပါ။
လျိုနင်ရွှမ်း မျက်မှောင်ကျုံ့သွားသည်။ သူ့ဓားချက်သည် လိပ်နက်မျိုးနွယ် ကူးဖြတ်ခြင်းအခြေခံအဆင့်တစ်ယောက်ကို ထိုးဖြတ်နိုင်လောက်အောင် ပြင်းထန်သည်။ ထိုမိန်းကလေး ဘာကြောင့်အထိအခိုက် လုံးဝမရှိသည်မသိ။
ထိုမိန်းကလေး၏ ကျင့်စဉ်အဆင့်ကို သူအကဲဖြတ်လွဲသွားကြောင်း နားလည်လာသည်။
တစ်ခုခုတော့ မူမမှန်။
"ထပ်တိုက်ပါ။ ရှင်ကျွန်မကို နောက်တစ်ကြိမ် ထပ်မထိစေရဘူး"
ယွမ်မုန်မုန်က ရယ်မော၍ပြောသည်။
"အသံတိတ်အဖျက်ဓား"
လျိုနင်ရွှမ်း ဓားကိုဒေါသတကြီးဝှေ့ယမ်းလိုက်သည်။ ပထမတစ်ကြိမ်ထက် ပိုမြန်ဆန်သည်။ ယွမ်မုန်မုန်ကြိုတင်ပြင်ဆင်ထားသော်လည်း အချိန်မီမရှောင်နိုင်လိုက်။
ဓားအမြန်နှုန်းက ကူးဖြတ်ခြင်းအခြေခံအဆင့်စွမ်းအားထက် သာလွန်နေသည်။
"ဘုန်း"
ယွမ်မုန်မုန် လွင့်ထွက်သွားပြန်သည်။ သို့သော် အကောင်းပကတိ ပြန်ထလာသည်။
လျိုနင်ရွှမ်း မျက်လုံးပြူးသွားသည်။
"ငါမယုံဘူးကွ"
လျိုနင်ရွှမ် ပိုအားကောင်းသည့် ဓားချီတစ်ခုဖြင့် နောက်တစ်ကြိမ်တိုက်ခိုက်ရန်ပြင်သည်။
"နင်က ငါ့ကို မရှိတော့ဘူးထင်နေတာလား"
ဓားမျှော်စင်အဓိပဓိ အော်ဟစ်လိုက်သည်။ ယွမ်မုန်မုန်၏ ထူးခြားချက်ကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲမှ မျှော်လင့်ချက်များ မြင့်တက်လာသည်။
ထိုမိန်းကလေးသည် သူထင်ထားသလောက် အားနည်းပုံမရ။
"ဝိညာဉ်ဓားနယ်မြေ"
"အဖျက်ဓားနယ်မြေ"
ဓားနယ်မြေကြီးနှစ်ခု မိုးမြေကြားတွင် နောက်တစ်ကြိမ်ထပ်ပေါ်လာသည်။ ယွမ်မုန်မုန်က နတ်ဆိုးတစ်ကောင်အရိပ်ကိုစီး၍ လျိုနင်ရွှမ်းကို တိုက်ခိုက်ရန် ပျံသန်းလာသည်။
လျိုနင်ရွှမ်း လှောင်ပြုံးပြုံးသည်။
"အရူးပဲ။ အဖျက်ဓားနယ်မြေထဲကို ဝင်လာတာနဲ့ ဘယ်သတ္တဝါမဆို တစ်စစီဖြစ်သွားမှာကွ"
မှန်သည်။ ယွမ်မုန်မုန်စီးလာသည့် နတ်ဆိုးရိပ်က အဖျက်ဓားနယ်မြေထဲ ခြေချသည်နှင့် ချက်ချင်းပျက်စီးသွားသည်။
သို့သော် ယွမ်မုန်မုန်က ဘာမှမဖြစ်လေသကဲ့သို့ ရှေ့ဆက်ပျံသန်းလာသည်။
"မဖြစ်နိုင်ဘူး"
ယွမ်မုန်မုန် လက်ဝါးတစ်ချက် ငြင်သာစွာ တွန်းထုတ်လိုက်သည်။
"တိမ်ဆင်းလက်ဝါး"
အဖြူရောက်တိမ်တိုက်များ သူ့နောက်ဘက်တွင်ပေါ်လာပြီး ပင်လယ်လှိုင်းများကဲ့သို့ လိမ့်ထွက်သွားသည်။ လှိုင်းရိုက်သံများက ဂီတသံလို နူးညံ့ညင်သာသည်။
တိမ်ဖြူများက လက်ဝါးရိပ်အသွင်ပြောင်းသွားပြီး မွေခံဓား၏အရိုးကို ရိုက်ခတ်သည်။ မွေခံဓားက လေထဲတွင် ဒလိမ့်ခေါက်ကွေး ချာလပတ်ရမ်းလျက် လွင့်ထွက်သွားသည်။
အဖျက်ဓားနယ်မြေက ဘာကြောင့်ယွမ်မုန်မုန်အပေါ် မသက်ရောက်သည်ကို ဘယ်သူမှနားမလည်ကြ။ ဓားမျှော်စင်အဓိပဓိပင် ထိုဓားနယ်မြေထဲသို့ လူကိုယ်တိုင်မဝင်ရဲ။ ဓားနယ်မြေချင်သား တိုက်ခိုက်နေသည်။
လုယန်တစ်ယောက်သာ နားလည်သလိုလိုရှိသည်။
"သူ့မှာ မသေမျိုးအရိယဖလသန္ဓေ ရှိနေတာများလား"
ယွမ်မုန်မုန်၏ ကျင့်စဉ်အဆင့်သည် ကူးဖြတ်ခြင်းအခြေခံအဆင့်သာဖြစ်သည်။ သို့သော် အခြေခံအဆင့်တွင် အရိယဖလသန္ဓေ မတည်ဆောက်နိုင်ဟုတော့ မဆိုလို။
သူသည် ကူးဖြတ်ခြင်းအဆင့်မဟုတ်။ မသေမျိုးတစ်ဝက်ဖြစ်သည်။
"တိုက်ခိုက်မှုတွေ မသက်ရောက်ဘူး။ အဖျက်ဓားနယ်မြေကလည်း ထိခိုက်အောင်မလုပ်နိုင်ဘူးဆိုတော့ သူ့အရိယဖလက ဝါဇရခန္ဓာ ဒါမှမဟုတ် မသေမျိုးသဘာဝရှိတဲ့ အရိယဖလသန္ဓေမျိုးပဲ ဖြစ်ရမယ်မဟုတ်လား"
လုယန်သုံးသပ်ချက်ကြောင့် နတ်မယ်မျက်နှာ ပြုံးရွှင်လာသည်။
"နင်ခန့်မှန်းတာမှန်တယ်။ အဲဒါ မသေမျိုးအရိယဖလသန္ဓေပဲ"
မပြောင်းလဲနိုင်၊ မပျက်စီးနိုင်၊ အမြဲတည်တံ့သည့် မသေမျိုးသဘာဝသည် အဆုံးသတ်ဖျက်ဆီးခြင်းသဘာဝ၏ ဆန့်ကျင်ဘက်ဖြစ်သည်။
လျိုနင်ရွှမ်း ဂုဏ်ယူနေသည့် ဖျက်ဆီးခြင်းစွမ်းအားသည် ယွမ်မုန်မုန်အပေါ် သက်ရောက်မှုမရှိ။
လျိုနင်ရွှမ်းတွင် ဖျက်ဆီးခြင်းအရိယဖလသန္ဓေမရှိလျှင် ဘယ်လိုမှအနိုင်မရနိုင်။
သို့သော် ဓားဝိညာဉ်သည် အရိယဖလသန္ဓေ ပိုင်ဆိုင်နိုင်စွမ်းမရှိ။
လုယန် သဘောပေါက်သွားသည်။ တတိယလူဝင်လာလျှင် အခြေအနေပြောင်းသွားမည်ဟု နတ်မယ်ပြောခဲ့သည်မှာ မဆန်းတော့။ လျိုနင်ရွှမ်းအတွက် လုံးဝအခွင့်အရေးမရှိ။
"ဒါပေမယ့် ဒီကောင်မလေးက တိုက်ပွဲအတွေ့အကြုံနည်းတယ်။ တိုက်ခိုက်ပုံတွေက မသပ်ရပ်ဘူး။ ကျင်စဉ်အဆင့်ကလည်း နည်းနည်းနိမ့်နေတော့ တိုက်ခိုက်စွမ်းအားက မလုံလောက်ဘူး"
ထိုအဖြစ်ကို ဓားကျင့်ကြံသူများ ဘယ်လိုနားလည်နိုင်မည်နည်း။ သူတို့စိတ်တွင် ယွမ်မုန်မုန်သည် ကောင်းကင်နတ်ဆိုးတစ်ကောင် ဝင်ပူးကပ်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။
စွမ်းအင်နိယာမအားလုံး မထိုးဖောက်နိုင်သည့် ဒဏ္ဍာရီရွှေခန္ဓာအရဟတ်တစ်ယောက် ဝင်ပူးကပ်နေသလိုရှိသည်။ ထို့ကြောင့် ယွမ်ကျိသည် တကယ်စွမ်းအားကြီးပြီး လျိုနင်ရွှမ်းကို အနိုင်ယူနိုင်ကြောင်း နားလည်လာကြသည်။
ယွမ်မုန်မုန်က ရှေ့တွင်ရပ်နေသည်။ လျိုနင်ရွှမ်း ဘယ်လိုဓားပညာသုံးသည်ဖြစ်စေ သူ့ကိုလုံးဝမထိခိုက်။
"ငါ့နားကို ကပ်မလာနဲ့"
ယွမ်မုန်မုန် နောက်တစ်ကြိမ်တိုက်ခိုက်လာသဖြင့် လျိုနင်ရွှမ်း ထိတ်လန့်တုန်လှုပ်လာသည်။
ဓားမျှော်စင်အဓိပဓိက ယွမ်မုန်မုန်ဦးဆောင်ရာနောက်သို့လိုက်သွားပြီး အလင်းဓားကိုမြှောက်၍ အော်ဟစ်လိုက်သည်။
"ဖျက်ဆီးစမ်း"
အလင်းဓားပေါ်တွင် မှော်စွမ်းအင်ရောင်များ တောက်ပလာပြီး ဓားနှင့်တသားတည်းပေါင်းစပ်သွားသည်။ ဓားအော်သံမြည်ဟိန်းလျက် အောက်ဘက်သို့ အားအင်အပြည့်ဖြင့် ထိုးဆင်းသွားပြီး မွေခံဓားကို ရိုက်ခတ်သည်။
လျိုနင်ရွှမ်း၏ဝိညာဉ်ခန္ဓာ တဖျတ်ဖျတ်လှုပ်ခါလာသည်။ သူ့စွမ်းအားအခြေခံ ထိခိုက်သွားခြင်းဖြစ်သည်။
ဓားမျှော်စင်အဓိပဓိနှင့် ယွမ်မုန်မုန်တို့ အတူပူးပေါင်း၍ မွေခံဓားကို ဖျက်ဆီးရန်ပြင်နေစဉ် ကောင်းကင်ပြင် ရုတ်တရက် မှောင်မည်းသွားသည်။
ပျက်စီးနေသည့် ဓားရတနာ၏ အထက်ကောင်းကင်တွင် လူရိပ်တစ်ခု ဖြေးညှင်းစွာပေါ်လာသည်။ မျက်နှာက အပြုံးအရယ်မရှိ။ လက်ထဲတွင် ခွက်စုတ်တစ်လုံးကိုင်ထားသည်။
ထိုခွက်ကို ကောင်းကင်သို့ ပစ်လွှင့်လိုက်သည်။ ခွက်က ကြီုးမားကျယ်ပြန့်လာပြီး ဓားမျှော်စင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အလင်းဓားနှင့် မွေခံဓားကိုကြည့်၍ သူမပွင့်တပွင့်ပြုံးသည်။
"မသေမျိုးဓားတစ်လက်လုပ်ဖို့ ကုန်ကြမ်းပစ္စည်းနည်းနည်းလိုနေတာနဲ့ အတော်ပဲ။ မင်းတို့ကိုသုံးလိုက်ရင် လုံလောက်မှာပါ။
ထိုလူကိုကြည့်၍ လုယန် နည်းနည်းမျက်နှာပျက်သွားသည်။
ယင်ထန်မသေမျိုး...