အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း ၁၂၁ သူများရဲ့ချစ်သူကို ငါက တကယ်ပဲ လုယူရက်ပါ့မလား
ဘိုင်ရုရွှယ်သည် ရှန်ကျိုးလီ၏ ခြံဝန်းတံခါးအပြင်ဘက်တွင် ရပ်နေခဲ့ပြီး မည်မျှကြာအောင် ရပ်နေမိမှန်းပင် သူမကိုယ်တိုင် မသိတော့ပေ။
သူမ၏ ရင်ထဲတွင် ဟာလာဟင်းလင်းဖြစ်နေကာ စိတ်အာရုံများမှာလည်း ဗလာနတ္ထိ ဖြစ်နေခဲ့သည်။
ဘိုင်ရုရွှယ်သည် အချိန်များ ကုန်လွန်သွားသည်ကိုပင် မခံစားမိတော့ချေ။
အချိန်မည်မျှ ကြာမြင့်သွားမှန်းလည်း ဘိုင်ရုရွှယ် မသိခဲ့ပေ။
နောက်ဆုံးတွင် ဘိုင်ရုရွှယ် သတိပြန်ဝင်လာသောအခါ ဝါးအိမ်လေး၏ တံခါးမှာ ပွင့်နေခဲ့ပြီဖြစ်သည်။
ဘိုင်ရုရွှယ် လန့်ဖြန့်သွားကာ သူမ၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့သည်။
သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်သည်။ သူမက သူမ၏ချီအငွေ့အသက်ကို ဖုံးကွယ်လိုက်ပြီး သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းကွယ်နေလိုက်သည်။
ရှောင်မိုနှင့် ရှန်ကျိုးလီတို့သည် လှေကားပေါ်မှ အတူတကွ ဆင်းလာကြပြီး ခြံဝန်းထဲမှ ထွက်လာခဲ့ကြသည်။
ခြံဝန်းအဝင်ဝတွင် ရပ်လိုက်ပြီးနောက် ရှောင်မိုက ဂိုဏ်းတူအစ်မ ရှန်ကျိုးလီအား အရိုအသေပေးလိုက်သည်။ "အစ်မ၊ ဒီရက်ပိုင်းအတွင်း အစ်မ အရမ်း ပင်ပန်းသွားပါပြီ"
"မပင်ပန်းဘူးဆိုရင်တော့ လိမ်ရာကျမှာပေါ့။ ဒါပေမဲ့ မောင်လေးက တကယ့်ကို ပါရမီထူးချွန်လွန်းပါတယ်။" ရှန်ကျိုးလီက သမ်းဝေလိုက်ရင်း ပြောသည်။ "ပြီးတော့ ဒီကာလအတွင်းမှာ အစ်မရဲ့ ညချမ်းတွေကလည်း အရမ်းကို ပြည့်စုံလုံလောက်ခဲ့ပါတယ်ကွယ်"
"..."
ယခင်ကသာဆိုလျှင် ထိုကဲ့သို့ အဓိပ္ပာယ်နှစ်ခွဖြစ်နေသော စကားများအတွက် ရှောင်မိုက သူ၏ဂိုဏ်းတူအစ်မကို ပြန်လည်ချေပပြောဆိုမည်ဖြစ်သည်။
သို့သော် ယခုအခါတွင်တော့ ရှောင်မိုက ဤအရာများကို ရိုးအီနေပြီဖြစ်သည်။
"အစ်မ ကောင်းကောင်း အနားယူပါတော့။ ကျွန်တော်ရှောင်မို့ကို အခု ပြန်ခွင့်ပြုပါဦး" ရှောင်မိုက သူ၏ရင်ဘတ်ထဲမှ ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။ "ကျွန်တော်က ဒီပစ္စည်းကို သုံးစရာအကြောင်း မရှိတော့တဲ့အတွက် အစ်မဆီကို ပြန်ပေးပါရစေ"
ထိုစဉ်က ရှောင်မိုသည် ဘိုင်ရုရွှယ် မသိအောင် ခြံဝန်းထဲမှ ခိုးထွက်ချင်သောကြောင့် ရှန်ကျိုးလီက သူ့အား အဖိုးတန်ပုလဲတစ်လုံးကို အထူးတလည် ပေးထားခဲ့ခြင်းဖြစ်သည်။
"မောင်လေးက ဘာဖြစ်လို့ ဒီပစ္စည်းကို သိမ်းမထားရတာလဲ။ ညနက်သန်းခေါင်မှာ မောင်လေး ထပ်ပြီး အထီးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ" ရှန်ကျိုးလီက ပြုံးကာ ပြောလိုက်သည်။
"အစ်မရယ်၊ နောက်မနေပါနဲ့တော့" ရှောင်မိုက ခေါင်းခါပြလိုက်သည်။
"ကောင်းပါပြီလေ။" ရှန်ကျိုးလီက အဖိုးတန်ပုလဲကို လှမ်းယူလိုက်သည်။ "ဒါဆိုလည်း မောင်လေး ဂရုစိုက် ပြန်ဦးနော်။ အစ်မလည်း ပြန်အိပ်တော့မယ်။ မောင််လေးက အစ်မကို နှစ်လကျော်လောက် ပင်ပန်းအောင် လုပ်ခဲ့တာလေ။ နောက်ဆုံးတော့ အစ်မလည်း ညဘက် ကောင်းကောင်း အိပ်ရတော့မယ်"
"အစ်မ လိုက်ပို့ပေးစရာ မလိုပါဘူး ကျေးဇူးတင်ပါတယ်"
ရှောင်မိုက လှည့်ကာ ပြန်ရန် ပြင်လိုက်သည်။
သို့သော် ခြေလှမ်းအနည်းငယ်မျှ လှမ်းအပြီး လင်းလက်နေသော လရောင်အောက်တွင် သစ်ပင်နောက်ကွယ်မှ ထွက်ပေါ်နေသော အမျိုးသမီးတစ်ဦး၏ စကတ်စွန်းလေးကို ရှောင်မို မြင်လိုက်ရသည်။
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ထိုအမျိုးသမီး၏ ငွေဖြူရောင် ဆံကေသာရှည်များက လေထဲတွင် လွင့်ဝဲသွားကာ လရောင်၏ မှိန်ပျပျအရောင်အဝါကို သယ်ဆောင်သွားခဲ့သည်။
"ရုရွှယ်" ရှောင်မိုက လှမ်းခေါ်လိုက်သည်။
ရှောင်မို၏အသံကို ကြားလိုက်ရသောအခါ သစ်ပင်နောက်ကွယ်ရှိ မိန်းမပျိုလေးမှာ တုန်ခါသွားပြီး ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
ရုရွှယ်၏ ပုံစံကို မြင်လိုက်ရသောအခါ ဘာတွေဖြစ်နေသလဲဆိုသည်ကို ရှောင်မိုက စဉ်းစားနေစရာမလိုဘဲ သိလိုက်ပြီး သူမနောက်သို့ အလျင်အမြန် ပြေးလိုက်သွားခဲ့သည်။
"နောက်ဆုံးတော့ သူမလေးမိသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဂိုဏ်းတူမောင်လေးတော့ ဒီည တော်တော်လေး ဒုက္ခရောက်တော့မယ့်ပုံပဲ"
ခြံဝန်းအဝင်ဝတွင် ရပ်နေသော ရှန်ကျိုးလီက ရှောင်မိုနှင့် ဘိုင်ရုရွှယ်တို့ ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်နေကာ သူမ၏ မျက်လုံးများထဲတွင် အချစ်ဇာတ်လမ်းကို သဘောကျနေသော အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
"ဒါနဲ့ စကားမစပ် ဂိုဏ်းတူအစ်ကိုလော့၊ အစ်ကိုက ကျွန်မတို့ကို အမှောင်ထဲကနေ တိတ်တိတ်လေး စောင့်ကြည့်နေတာဆိုတော့ နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား" ရှန်ကျိုးလီက ညာဘက်ရှိ ကျောက်တုံးတစ်တုံးဆီသို့ လှမ်းကြည့်လိုက်သည်။
ရှန်ကျိုးလီ၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် မူလက ဘာမှမရှိသော ကျောက်တုံးကြီးထက်တွင် လူတစ်ယောက်က ဘွားခနဲ ပေါ်ထွက်လာခဲ့သည်။
"အစ်ကို၊ အခုလို ညဉ့်နက်သန်းခေါင်ကြီးမှာ သူများခြံဝန်းရှေ့ကို လာတာက ပညာရှင်မွန်တစ်ယောက်ရဲ့ လုပ်ရပ်မျိုး မဟုတ်ပါဘူးနော်" ရှန်ကျိုးလီက ပြုံးကာ ပြောလိုက်သည်။
လော့ယန်က သူမကို လျစ်လျူရှုကာ သူမထံသို့ စာအိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။
ရှန်ကျိုးလီက လက်လှမ်းကာ ဖမ်းယူလိုက်သည်။ စာအိတ်ပေါ်တွင် ကွန်ဖြူးရှပ်ကျောင်းတော်၏ တံဆိပ်တုံး ရိုက်နှိပ်ထားလေသည်။
"ငါ ဒီညမှ ကွန်ဖြူးရှပ်ကျောင်းတော်ကနေ ပြန်ရောက်တာပါ။ နန်းဆောင်သခင်ကြီးက နင့်ဆီ စာတစ်စောင် ပို့ခိုင်းလိုက်လို့။ ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက နင့်ဆီမှာ ရောက်နေတာကို မြင်လိုက်ရလို့ အခြေအနေ အနေရခက်သွားမှာစိုးလို့ ငါက ဘာမှမလုပ်ဘဲ တစ်နာရီလောက် ရပ်စောင့်နေပေးတာကို ကျေးဇူးမတတင်တဲ့အပြင် အပြောခံလိုက်ရသေးတယ်"
လော့ယန်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
"ပြင်ဆင်ထားလိုက်တော့။ နောက်နှစ်လနေရင် ကွန်ဖြူးရှပ်ကျောင်းတော်က နင့်အတွက် ကျောင်းတော်ညွှန်မှူးအဆင့် စာမေးပွဲကို ကျင်းပပေးလိမ့်မယ်"
"ဒီလောက်တောင် မြန်တာလား"
ရှန်ကျိုးလီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ကွန်ဖြူးရှပ်ကျောင်းတော်မှ ပညာရှင်များတွင် အဆင့်များစွာ ရှိလေသည်။
အောက်ခြေမှ အထက်သို့ အဆင့်များမှာ တန်ဖိုးရှိသူ၊ ပညာရှင်မွန်၊ အဆင့်မြင့်ပညာရှင်မွန်၊ ကျောင်းတော်ညွှန်မှူး၊ ကျောင်းတော်အုပ်ချုပ်ရေးမှူး၊ ကျောင်းတော်မဟာပူဇော်ခံ၊ သူတော်စင်အကြံပေး၊ ကျောင်းအုပ်ကြီး နှင့် ကွန်ဖြူးရှပ်ကျောင်းတော် နန်းဆောင်သခင် တို့ ဖြစ်ကြသည်။
ရှန်ကျိုးလီသည် ယခုပင်လျှင် "အဆင့်မြင့်ပညာရှင်မွန်" အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူမ၏ နောက်ထပ် စာမေးပွဲက လေးနှစ်အကြာမှသာ ဖြစ်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ယနေ့တွင် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လော့ယန်က ခေါင်းခါလိုက်သည်။ "နင့်ရဲ့ ပါရမီနဲ့ ပညာအရည်အချင်းအရဆိုရင် ဒါက လုံးဝ မမြန်သေးပါဘူး။ ပြီးတော့ ဂိုဏ်းတူမောင်လေးရှောင်ရဲ့ ပညာရှင်မွန်အဆင့် စာမေးပွဲကလည်း မကြာခင် ရောက်လာတော့မှာပါ"
"ဒါတွေက အလကား အမည်ခံသက်သက်တွေပါ။" ရှန်ကျိုးလီက ခေါင်းခါလိုက်ပြီး စာအိတ်ကို ပေါ့ပေါ့ပါးပါးပင် လက်ခံယူလိုက်သည်။ "ဒါပေမဲ့ စာလာပို့ပေးတဲ့အတွက် ကျေးဇူးပါပဲ အစ်ကို"
"ရပါတယ်။" လော့ယန်က ရှန်ကျိုးလီကို ကြည့်လိုက်ပြီး ချက်ချင်း ထွက်မသွားသေးပေ။
"အစ်ကို့မှာ ပြောစရာ တစ်ခုခု ရှိသေးလို့လား" ရှန်ကျိုးလီက မေးလိုက်သည်။
လော့ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "နင်က ဂိုဏ်းတူမောင်လေးရှောင်ကို တော်တော်လေး တန်ဖိုးထားနေပုံပဲနော်"
"အစ်ကိုက ဘာကို ဆိုလိုချင်တာလဲ" ရှန်ကျိုးလီက ပြုံးလိုက်သည်။ "သူက ကျွန်မတို့ရဲ့ တစ်ဦးတည်းသော ဂိုဏ်းတူမောင်လေးပဲလေ"
လော့ယန်က သူ၏ ပညာရှင်မွန်ဓားရှည်ကို ကိုင်ဆောင်ထားရင်း ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ "အစပိုင်းတုန်းကတော့ နင်က ရှောင်မိုကို ဂိုဏ်းတူမောင်လေးတစ်ယောက်အနေနဲ့ပဲ သဘောထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုတော့ အထူးသဖြင့် ဂိုဏ်းတူမောင်လေးရှောင်နဲ့ ညဘက် နှစ်လတိတိ နှစ်ယောက်တည်း အတူတူ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ငါ သိပ်မသေချာတော့ဘူး။
ဒါပေမဲ့ ပြောရမယ်ဆိုရင် ဂိုဏ်းတူမောင်လေးရှောင်က တကယ်ကို ရေပန်းစားတာပဲ။
စရိုက်လက္ခဏာကို ကြည့်ကြည့်၊ ပညာအရည်အချင်းကို ကြည့်ကြည့် သမင်ဖြူကျောင်းတော်က ရေတွက်လို့မရနိုင်တဲ့ အမျိုးသမီးတွေက သူ့ကို တိတ်တိတ်လေး သဘောကျနေကြတာပဲ"
ရှန်ကျိုးလီက ပြုံးကာ ခပ်ရွှင်ရွှင်လေး ဆိုလိုက်၏။ "အစ်ကိုသာ အမြဲတမ်း ဒီလောက် အေးစက်စက် နေမနေဘူးဆိုရင် အမျိုးသမီး အများကြီးက အစ်ကို့ကို သဘောကျကြမှာပါ"
"အမျိုးသမီးတွေက ငါ စာရွက်လှန်တဲ့ အမြန်နှုန်းနဲ့ ဓားဆွဲထုတ်တဲ့ အမြန်နှုန်းကို လွှမ်းမိုးနိုင်ရုံပဲ ရှိတာပါ"
လော့ယန်က ခေါင်းမော့လာပြီး ရှန်ကျိုးလီကို အလေးအနက် ကြည့်လိုက်သည်။
"ဂိုဏ်းတူညီမလေးလ၊ မြောက်ပိုင်းပင်လယ်နဂါးသခင်မရဲ့ အထိမခံနိုင်တဲ့ပြောင်းပြန်အကြေးခွံက သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ တစ်ခါမှ မရှိခဲ့ဘူး။ သူမရဲ့ ပြောင်းပြန်အကြေးခွံက အမြဲတမ်း ဂိုဏ်းတူမောင်လေးရှောင်ပဲ ဖြစ်နေလိမ့်မယ်။ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တွေက ပြန်လည်သင့်မြတ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ လျှို့ဝှက်ရေစီးကြောင်းတွေက ရိုက်ခတ်နေဆဲပဲ။
မြောက်ပိုင်းပင်လယ်က ကြားနေအဖြစ် ရပ်တည်နိုင်မယ်ဆိုရင် ဒါမှမဟုတ် လူသားမျိုးနွယ်ဘက်ကနေ ရပ်တည်လာမယ်ဆိုရင်တောင် အဓိကအကြောင်းရင်းက ဂိုဏ်းတူမောင်လေးရှောင်က လူသားမျိုးနွယ် ဖြစ်နေလို့ပဲ"
"အဲဒါကို ကျွန်မ သိပါတယ်"
ရှန်ကျိုးလီက ခြံစည်းရိုးကို မှီလိုက်သည်။
"ကောလာဟလတွေအရ မြောက်ပိုင်းပင်လယ်သခင်မက သူမရဲ့ နည်းလမ်းတွေမှာ ရက်စက်ကြမ်းကြုတ်ပြီး စိတ်နေစိတ်ထား ရင့်ကျက်တယ်လို့ ဆိုကြပေမဲ့ ဂိုဏ်းတူမောင်လေးရှောင်ရှေ့မှာတော့ သူမက ယုန်မလေးတစ်ကောင်လို နူးညံ့သိမ်မွေ့တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။
ရိုးရိုးသားသား ပြောရရင် မြောက်ပိုင်းပင်လယ်သခင်မကို ငါ ပထမဆုံးအကြိမ် မြင်လိုက်ရတုန်းက ငါ အမြင်မှားသွားတယ်လို့တောင် ထင်ခဲ့မိတာ"
လော့ယန်က ခေါင်းခါလိုက်သည်။ "ကျင့်ကြံသူဆိုတာ နှလုံးသားမရှိတဲ့ သက်ရှိတွေမှ မဟုတ်တာ။ တချို့သော ကျင့်ကြံသူတွေက သူတို့ရဲ့ ချစ်ရသူနဲ့ တွေ့ဆုံတဲ့အခါ သူတို့နှလုံးသားရဲ့ အနူးညံ့ဆုံး အစိတ်အပိုင်းကို နောက်ဆုံးမှာ ဖော်ပြလာကြစမြဲပဲ။ ဒါက သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်မားမှုနဲ့ ဘာမှမဆိုင်ပါဘူး။
ဒါပေမဲ့ မြောက်ပိုင်းပင်လယ်သခင်မက နေရာတိုင်းမှာ ဒီလိုကိုယ်ရည်ကိုယ်သွေးမျိုး ရှိနေတယ်လို့ မထင်လိုက်နဲ့။
သူမက ဂိုဏ်းတူမောင်လေးရှောင်အပေါ်မှာသာ ဒီလိုမျိုး ရှိနေတာပါ"
"အစ်ကိုလို့ရေခဲတုံးက အချစ်ရေး ကိစ္စတွေကိုလည်း နားလည်နေတာလား" ရှန်ကျိုးလီက ပြုံးကာ ပြောလိုက်သည်။
လော့ယန်။ "..."
"ကောင်းပါပြီ ကောင်းပါပြီ၊ ညီမက အစ်ကို့ကို ထပ်မစတော့ပါဘူး။ အစ်ကို့လို ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အချစ်ရေးကို နားလည်နိုင်မှာလဲ" ရှန်ကျိုးလီက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။ "ဒါနဲ့ စကားမစပ်၊ မြောက်ပိုင်းပင်လယ်ဆိုတာ တစ်ထီးတည်းရှိနေတဲ့ ကျောက်တုံးကြီးတစ်ခုမှ မဟုတ်တာ။ လူသားမျိုးနွယ်နဲ့ နဂါးမျိုးနွယ်တွေကြားက အမုန်းတရားက အလွန်ကို နက်ရှိုင်းတယ်။ ဘိုင်ရုရွှယ်က အဲဒါကို တကယ်ပဲ ဖိနှိပ်ထားနိုင်ပါ့မလား"
"ဒါက နင်နဲ့ ငါ စိုးရိမ်ပူပန်နေရမယ့် ကိစ္စ မဟုတ်ပါဘူး။" လော့ယန်က ရှန်ကျိုးလီ၏ မျက်လုံးများကို တိုက်ရိုက် ကြည့်လိုက်သည်။ "ဂိုဏ်းတူညီမ၊ နင်က ဂိုဏ်းတူမောင်လေးရှောင်ကို ဂိုဏ်းတူမောင်ညီမတစ်ယောက်လိုပဲ သဘောထားပြီး မလိုအပ်တဲ့ အတွေးတွေ မထားတာ အကောင်းဆုံးပါပဲ"
ရှန်ကျိုးလီ၏ မျက်လုံးလေးများက လခြမ်းကွေးလေးများသဖွယ် ဖြစ်သွားသည်။ "အစ်ကို၊ ဒီလိုစွတ်စွဲတာမမှန်ပါဘူး။ သူတစ်ပါးရဲ့ချစ်သူကို ကျွန်မက တကယ်ပဲ လုယူရက်ပါ့မလား"
လော့ယန်က သူ၏ဂိုဏ်းတူညီမကို ခပ်တည်တည်သာ တစ်ချက်ကြည့်လိုက်ပြီး ဘာမျှထပ်မပြောတော့ဘဲ လှည့်ထွက်သွားရန်သာ ပြင်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် မှောင်ရိပ်သန်းနေသော သစ်တောအုပ်ထဲမှ လော့ယန်၏အသံ လွင့်ပျံလာခဲ့သည်။ "ဘယ်သူသိနိုင်မှာလဲ…."
ထိုအမျိုးသား၏အသံမှာ လေပြေများနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
ညလေညင်းက ရှန်ကျိုးလီ၏ စကတ်စွန်းကို ပွတ်တိုက်သွားခဲ့သည်။
သူမ ခေါင်းမော့လိုက်ပြီး လင်းလက်နေသော လရောင်ကို မော့ကြည့်လိုက်သည်။
လရောင်အောက်ရှိ သူမ၏ သွယ်လျသော ကိုယ်ခန္ဓာလေးမှာ စိမ်းလန်းသော ဝါးပင်တစ်ပင်နှင့်ပင် တူနေလေသည်။
အချိန်အတော်ကြာပြီးနောက် ရှန်ကျိုးလီက ချိုမြိန်စွာ ပြုံးလိုက်သည်။
" သူက ငါ့အတွက် တကယ်ပဲ ဂိုဏ်းတူမောင်လေး သက်သက်ပါဟာ"
အခန်း ၁၂၂ ရှောင်မို၊ စိတ်မဆိုးပါနဲ့နော်
သစ်တောအုပ်ထဲတွင် ဘိုင်ရုရွှယ်သည် ရှေ့သို့ ဆက်တိုက် ပြေးလွှားနေခဲ့သည်။
သို့သော် နောက်ဆုံးတွင်တော့ ဘိုင်ရုရွှယ်၏ ဖြူဖွေးနုနယ်သော လက်ကောက်ဝတ်လေးကို ရှောင်မိုက လှမ်းဖမ်းဆွဲလိုက်နိုင်ခဲ့သည်။
"နင်... နင် ငါ့ကို လွှတ်စမ်း" ဘိုင်ရုရွှယ်က အနည်းငယ် ရုန်းကန်လိုက်သော်လည်း ရှောင်မိုက လုံးဝ လွှတ်မပေးခဲ့ပေ။
ရှောင်မိုက ရုရွှယ်၏ တုန်လှုပ်နေသော မျက်လုံးများနှင့် "နင့်ကို စကားမပြောချင်တော့ဘူး" ဆိုသည့် အမူအရာလေးကို ကြည့်ကာ စိတ်ထဲမှ ပြုံးလိုက်မိသည်။
တကယ်လို့သာ ရုရွှယ်က သူ့ကို တကယ်ပဲ စကားမပြောချင်ဘူးဆိုရင်၊ ရုရွှယ်က သူ့ကို တကယ်ပဲ အဖမ်းမခံချင်ဘူးဆိုရင်၊ သူမရဲ့ မသေမျိုးအဆင့် စွမ်းအားနဲ့ဆိုရင် သူက ဘယ်လိုလုပ် မှီအောင် လိုက်နိုင်ပါ့မလဲ
"ငါထင်တာတော့ ရုရွှယ်၊ နင် တစ်ခုခုကို အထင်လွဲနေပြီ ထင်တယ်" ရှောင်မိုက ပြောလိုက်သည်။
"ငါ ဘာမှ အထင်မလွဲပါဘူး၊ နင် ညဉ့်နက်သန်းခေါင်ကြီး မိန်းကလေးတစ်ယောက်ရဲ့ အိပ်ခန်းထဲကနေ ထွက်လာတာပဲကို" ဘိုင်ရုရွှယ်က ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီကိစ္စက..." ရှောင်မို တစ်ခဏမျှ စကားပြောထစ်အ သွားခဲ့သည်။ ဤအရာကို ရှင်းပြရန် တကယ်ကို ခက်ခဲလှသည်။
ဘိုင်ရုရွှယ်က စကားပြောရန် အခက်တွေ့နေပုံရသော ရှောင်မိုကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာလေးမှာ ပို၍ ဒေါသထွက်လာခဲ့သည်။
ရှောင်မိုက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ "ရုရွှယ်၊ ငါတို့ လမ်းနည်းနည်းလောက် လျှောက်ကြမလား။ ငါ နင့်ကို ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်။ ငါ ရှင်းပြလို့ပြီးသွားရင် နင် ဒေါသထွက်ချင်လည်း အချိန်မနှောင်းသေးပါဘူး"
ဘိုင်ရုရွှယ်က ငြင်းပယ်ခြင်း မပြုသလို သဘောတူညီမှုလည်း မပြဘဲ သူမ၏ ရင်ဘတ်ထဲသို့ မြှုပ်ဝင်သွားမတတ် ခေါင်းကို ပို၍ ငုံ့ထားလိုက်သည်။
"သွားကြရအောင်"
ဘိုင်ရုရွှယ်သည် ရှောင်မို၏ ဆွဲခေါ်ရာနောက်သို့ ပါသွားပြီး တောင်ထွတ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
ရှောင်မိုက သူ၏ အတွေးများကို စုစည်းလိုက်ပြီး ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ငါ ဂိုဏ်းတူအစ်မရှန်ရဲ့ ခြံဝန်းဆီကို ညတိုင်း သွားခဲ့တယ်"
ရှောင်မို၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဘိုင်ရုရွှယ်က ပန်းထိုးဖိနပ်လေး စီးထားသော သူမ၏ ခြေထောက်လေးကို မြှောက်ကာ ရှောင်မို၏ ဖနောင့်ကို ဖွဖွလေး ကန်လိုက်သည်။
မသာကောင်
"ရွှီး..."
ရှောင်မိုက နာကျင်မှုကြောင့် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် ပြုံးကာ ဆက်ပြောလိုက်သည်။
"အဲဒီတုန်းက ငါက ပညာရပ်တချို့ကို သင်ယူချင်ခဲ့တာ။ ဒါပေမဲ့ ဂိုဏ်းတူအစ်မက ဒီရက်ပိုင်း နေ့ဘက်တွေမှာ အလုပ်များနေတော့ ငါက ညဘက်မှပဲ သွားလို့ရခဲ့တယ်လေ။
နင် မသိအောင်လို့ဆိုပြီး ဂိုဏ်းတူအစ်မက ငါ့ကို အထူးတလည် အဖိုးတန်ပုလဲတစ်လုံး ပေးထားသေးတယ်။ ငါက ဒီအဖိုးတန်ပုလဲကို အသက်သွင်းထားပြီး နင့်အနားပတ်ဝန်းကျင် တစ်ကျန်း (၁၀ ပေခန့်) အတွင်းကို မဝင်ဘူးဆိုရင် ငါ ခိုးထွက်လို့ ရတယ်လေ။
အစတုန်းကတော့ အရာအားလုံးက ချောချောမွေ့မွေ့ပါပဲ၊ ဒါပေမဲ့ နောက်ဆုံးကျတော့လည်း နင် မိသွားမယ်လို့ ငါ မထင်ထားခဲ့မိဘူး"
"ဟွန့်" ဘိုင်ရုရွှယ်က မျက်နှာလွှဲသွားခဲ့သည်။
"ဒါပေမဲ့ ဂိုဏ်းတူအစ်မနဲ့ ငါနဲ့ တကယ်ကို ဘာမှမဖြစ်ခဲ့ပါဘူး။" ရှောင်မိုက သူ့ဘေးရှိ မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ "ဒီရက်ပိုင်းအတွင်း ငါက ဂိုဏ်းတူအစ်မရဲ့ ခြံဝန်းမှာ နေ့တိုင်း ပန်းချီဆွဲတာကို သင်ယူနေခဲ့တာပါ"
"ပန်းချီဆွဲတာ သင်ယူနေတယ်" ဘိုင်ရုရွှယ် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်သွားသည်။ "ဘာပန်းချီမျိုးကို သင်ယူနေတာလဲ"
"ဘာဖြစ်ရမှာလဲ၊ သာမန် မှင်ရေစပ်ပန်းချီပေါ့" ရှောင်မိုက ပြုံးကာ ပြောသည်။ "ဂိုဏ်းတူအစ်မရဲ့ မှင်ရေစပ်ပန်းချီ လက်ရာက တကယ့်ကို နက်နဲတယ်။ တစ်လောကလုံးမှာတောင် ဂိုဏ်းတူအစ်မကို ယှဉ်နိုင်တဲ့သူ သိပ်မရှိဘူးလို့ ငါ ကြားဖူးတယ်"
"ဒါပေမဲ့ ဘာဖြစ်လို့ နင်က ရုတ်တရက်ကြီး ပန်းချီဆွဲတာကို သင်ယူချင်ရတာလဲ။ ပြီးတော့ နင်၊ ရှောင်မိုက ပန်းချီဆွဲတာကို သင်ယူချင်တယ်ဆိုရင်တောင် ဘာလို့ ငါ့ကို ဖုံးကွယ်ထားရတာလဲ" ဘိုင်ရုရွှယ်က နှုတ်ခမ်းဆူကာ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ဒီကိစ္စကို လောလောဆယ် နင့်ကို ပေးသိလို့ မရသေးလို့လေ"
"ဘာဖြစ်လို့လဲ" ဘိုင်ရုရွှယ်က ပါးစပ်လေး ဖောင်းသွားသည်။ ယခုအချိန်တွင် မြောက်ပိုင်းပင်လယ်သခင်မ၏ ဩဇာအာဏာ အရိပ်အယောင်လေးမျှပင် မရှိတော့ဘဲ သူမချစ်ရသူအပေါ် ချွဲနွဲ့နေသော မိန်းကလေးတစ်ယောက်၏ အသက်ဝင်မှုနှင့် ချစ်စရာကောင်းမှုတို့သာ ရှိနေတော့သည်။
"အဲဒါကလေ" ရှောင်မိုက ကောင်းကင်ကို ကြည့်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။ "မိုးတောင် လင်းတော့မယ်"
"မောင်းနာရီ (နံနက် ၅ နာရီမှ ၇ နာရီအတွင်း) ကို သုံးမတ်တောင် စွန်းနေပြီ" ဟု ဘိုင်ရုရွှယ်က စိတ်မရှည်စွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ မြန်မြန်သွားမှ ရမယ်" ရှောင်မိုက ဘိုင်ရုရွှယ်၏ လက်ကောက်ဝတ်ကို ဆွဲကာ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။
"အယ်"
ဘိုင်ရုရွှယ်က မျက်တောင်လေး ပုတ်ခတ်လုပ်သွားပြီး ရှောင်မို ဘာလုပ်မည်ကို မသိတော့ပေ။
ရှောင်မိုနှင့် ဘိုင်ရုရွှယ်တို့ တောင်ပေါ်သို့ တက်လေလေ ကောင်းကင်ကြီးက ပို၍ လင်းထိန်လာလေလေပင်။
မိုးကုပ်စက်ဝိုင်းတွင် ရွှေရောင်ဖျော့ဖျော့လေး တဖြည်းဖြည်း ပေါ်ထွက်လာပြီးနောက် နတ်သမီးတစ်ပါးက အနီရောင်မှင်ရည်များ သွန်ချလိုက်သကဲ့သို့ ကောင်းကင်တစ်ခွင်လုံးကို အရောင်ဆိုးကာ တဖြည်းဖြည်း လင်းထိန်လာခဲ့သည်။
သစ်တောအုပ်ထဲတွင် အနီရောင် နံနက်ခင်းအရောင်အဝါများ ကျဆင်းလာပြီး နေရောင်ခြည်က သစ်ကိုင်းများကြားရှိ ကွက်လပ်များမှတစ်ဆင့် ဖြည်းညင်းစွာ တိုးဝင်လာကာ သစ်ပင်စည်များတစ်လျှောက် ဂရုတစိုက် လျှောဆင်းလာခဲ့သည်။
သစ်ခေါက်များပေါ်တွင် ကြွေထည်ကဲ့သို့ အဖြူရောင်အလွှာလေးတစ်ခု စွန်းထင်းသွားပြီး သေချာစွာ ထွင်းထုထားသကဲ့သို့ ၎င်း၏ ပုံသဏ္ဌာန်များမှာ ရှင်းလင်းစွာ ပေါ်လွင်နေခဲ့သည်။ အေးမြသော အလင်းရောင်က ထိုမညီညာသော ပုံသဏ္ဌာန်များတစ်လျှောက် အောက်သို့ ကွေ့ကောက်တွယ်တက်သွားပြီး မြောက်မြားစွာသော အနီရောင်အလင်းတန်း ဖျော့ဖျော့လေးများက သစ်တောကွက်လပ်များကို တစောင်းထိုးဖောက်ကာ ပါးလွှာပြီး လွင့်မျောနေသော နံနက်ခင်းမြူခိုးများကို ဖြတ်သန်းသွားခဲ့သည်။
ရှောင်မိုက ဘိုင်ရုရွှယ်ကို တောင်ထွတ်သို့ ဆွဲခေါ်သွားချိန်တွင် အရှေ့ဘက်မှ ထွက်ပေါ်လာသော အနီရောင်နေမင်းကြီးက ၎င်း၏ ပုံသဏ္ဌာန်တစ်ဝက်ကို ဖော်ပြနေပြီဖြစ်သည်။
"ဒေါင်... ဒေါင်... ဒေါင်"
မောင်းနာရီ (နံနက် ၅ နာရီမှ ၇ နာရီအတွင်း) တိတိတွင် ကျောင်းတော်တစ်ခုလုံး၌ ခေါင်းလောင်းထိုးသံများ တစ်ချက်ပြီးတစ်ချက် အေးချမ်းစွာ ပဲ့တင်ထပ်သွားခဲ့သည် 。
ခေါင်းလောင်းထိုးသံများ ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် ရှောင်မိုက သူ၏ အင်္ကျီလက်ထဲမှ ပန်းချီကားလိပ်တစ်ခုကို ဆွဲထုတ်ကာ ရှေ့သို့ ညင်သာစွာ ပစ်လိုက်သည်။
ပန်းချီကားလိပ်က လေထဲတွင် လွင့်မျောသွားပြီး ဗလာဖြစ်နေသော ပန်းချီကားတစ်ချပ်အဖြစ် ဖြန့်ကျက်သွားခဲ့သည်။
"ရှောင်မို၊ နင် ဘာလုပ်နေတာလဲ" ဘိုင်ရုရွှယ်က နားမလည်နိုင်စွာ မေးလိုက်သည်။
"နင် ထိကြည့်လိုက်ရင် သိပါလိမ့်မယ်" ရှောင်မိုက ပြုံးကာ ပြောလိုက်သည်။
ဘိုင်ရုရွှယ်သည် သံသယများ ပြည့်နှက်နေသော်လည်း ရှေ့သို့ တိုးသွားကာ သူမ၏ သွယ်လျသော လက်ချောင်းလေးဖြင့် ပန်းချီကားဆီသို့ လှမ်းထိလိုက်သည်။
ဘိုင်ရုရွှယ်၏ လက်ချောင်းလေး ပန်းချီကားနှင့် ထိမိသွားသည်နှင့်တစ်ပြိုင်နက် ပန်းချီကားမျက်နှာပြင်ပေါ်တွင် ရေလှိုင်းဂယက်လေးများ ထပ်ဆင့် ပျံ့နှံ့သွားပြီး ရွှေရောင်နေရောင်ခြည်က သေးငယ်သော အပ်ချည်မျှင်လေးများအလား ပန်းချီကားပေါ်တွင် ဖြည်းညင်းစွာ ပုံဖော်လာခဲ့သည်။
နောက်ဆုံးတွင် ဘိုင်ရုရွှယ်က သူမ၏လက်ကို ပြန်ရုပ်လိုက်သောအခါ သူမ၏ မျက်လုံးများမှာ တုန်ခါသွားခဲ့သည်။
ပန်းချီကားထဲတွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက တောင်ထွတ်ပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေလေသည်။
ထိုအမျိုးသမီးကို ပုံဖော်ထားသော စုတ်ချက်တိုင်းက အလွန်တရာ သေသပ်လှပြီး သူမ၏ ကိုယ်ခန္ဓာပုံသဏ္ဌာန်ရော မျက်နှာအမူအရာပါ အလွန်အသက်ဝင်လှသည်။
၎င်းက အဖြူအမည်း မှင်ရေစပ်ပန်းချီကား ဖြစ်သော်လည်း ပန်းချီကားထဲမှ အမျိုးသမီးမှာ အသက်ဝင်လှုပ်ရှားလာတော့မည်ဟု ဘိုင်ရုရွှယ် ခံစားလိုက်ရသည်။
ထို့အပြင် ပန်းချီကားထဲမှ အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ သူမကိုယ်တိုင်ပင် ဖြစ်နေလေသည်။
"ရှောင်မို၊ ဒီပန်းချီကားက..." ဘိုင်ရုရွှယ်၏ မျက်လုံးများမှာ လှုပ်ခတ်သွားခဲ့သည်။
"ရုရွှယ်၊ နင် မေ့နေပြီလား။ ဒီနေ့က နင့်ရဲ့ မွေးနေ့လေ။ ဒီပန်းချီကားက နင့်အတွက် ငါ့ရဲ့ မွေးနေ့လက်ဆောင်ပဲ"
ရုရွှယ်၏ မှင်သက်နေသော အမူအရာကို မြင်လိုက်ရသောအခါ ရှောင်မိုက ပြုံးကာ ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ငါက နင့်အတွက် ဘယ်လိုမွေးနေ့လက်ဆောင်မျိုး ပေးရမလဲဆိုတာ စဉ်းစားနေခဲ့တာ။
ဒါပေမဲ့ နင့်အတွက် ဘာမှ လိုအပ်တာ မရှိဘူးလေ ရုရွှယ်၊ နင့်ဆီမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေ အားလုံး ရှိပြီးသားပဲ။
နောက်ပိုင်းကျတော့ နင့်ကို ပန်းချီကားတစ်ချပ် ပေးမယ်လို့ တွေးမိပြီး ဂိုဏ်းတူအစ်မက မှင်ရေစပ်ပန်းချီမှာ ကျွမ်းကျင်တဲ့အတွက် သူ့ဆီ သွားခဲ့တာ။
ဒီပန်းချီကားကို ဆွဲဖို့ ငါ နှစ်လခွဲ အချိန်ယူခဲ့ရတယ်။ စက္ကူနဲ့ မှင်က နှစ်သောင်းချီ ခံနိုင်တဲ့ အကောင်းဆုံး မိုးမခစိမ်း စက္ကူနဲ့ လရောင်ပိုးသားမှင်ကို သုံးထားတာ။
ပြီးတော့ နင်က မောင်းနာရီ (နံနက် ၅ နာရီမှ ၇ နာရီအတွင်း) မှာ မွေးတယ်လို့ ပြောခဲ့တယ်လေ။
ဒါကြောင့် မူလက ငါက ဒီည ပြန်သွားပြီး နင့်ကို အံ့သြသွားအောင်လို့ မောင်းနာရီတိတိမှာ ဒီပန်းချီကားကို တိတ်တိတ်လေး ပေးဖို့ စီစဉ်ထားတာ။
ဒါပေမဲ့ မမျှော်လင့်ဘဲ အခြေအနေတွေ ပြောင်းလဲသွားပြီး နင့်ကိုတောင် ဒေါသထွက်သွားစေခဲ့တယ်"
ဘိုင်ရုရွှယ်က ပန်းချီကားကို ကြည့်ကာ ရှောင်မို၏ စကားများကို နားထောင်ပြီးနောက် သူမ ရှောင်မိုကို အထင်လွဲခဲ့ပုံကို ပြန်လည်သတိရသွားကာ သူမ၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြာမှုများ အနည်းငယ် ပေါ်လာခဲ့သည်။
"ရှောင်မို... ငါ တောင်းပန်ပါတယ်။ ငါ... ငါ နင့်ကို မယုံကြည်တာမျိုး မလုပ်ခဲ့သင့်ဘူး၊ နင်နဲ့ ဂိုဏ်းတူအစ်မရှန်ကို အထင်မလွဲခဲ့သင့်ဘူး"
ဘိုင်ရုရွှယ်က ခေါင်းငုံ့ကာ ရှောင်မိုအရှေ့သို့ လျှောက်သွားပြီး ရှောင်မို၏ အင်္ကျီလက်ကို ဖွဖွလေး ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"ရှောင်မို၊ ငါ့ကို စိတ်မဆိုးပါနဲ့နော် ဟုတ်လား။ အားလုံးက ငါ့အမှားတွေပါ။ ငါ့ကို ဆူပါလား ဟင်။ နင် စိတ်မဆိုးဘူးဆိုရင် ငါ့ကို ကြိုက်သလို လုပ်လို့ရပါတယ်..."
"အရူးမလေး၊ ငါ စိတ်မဆိုးပါဘူး။" ရှောင်မိုက ပြုံးကာ မိန်းကလေး၏ ငွေဖြူရောင် ဆံကေသာများကို ပွတ်သပ်ပေးလိုက်သည်။ "ဒါပေမဲ့ နှစ်လဆိုတဲ့ အချိန်က အရမ်း ကပ်လွန်းတယ်။ ဒီပန်းချီကားမှာ အားနည်းချက် တချို့ ရှိနေသေးတယ်လို့ ငါ ထင်တယ်။ ငါ ပြန်သွားပြီး ပြင်ဆင်ပြီးမှ နင့်ကို နောက်မှ ပြန်ပေးမယ်လေ"
"မရဘူး" ဘိုင်ရုရွှယ်က လေထဲမှ မှင်ရေစပ်ပန်းချီကားကို ယူကာ ရှောင်မို ပြန်ယူသွားမည်ကို စိုးရိမ်နေသကဲ့သို့ တင်းကျပ်စွာ ဖက်ထားလိုက်သည်။ "ဒီပန်းချီကားက အရမ်းကို လှနေပါပြီ၊ ငါ အရမ်း သဘောကျတယ်"
"တကယ်လား" ရှောင်မိုက ရုရွှယ် သူ့ကို နှစ်သိမ့်ပေးနေသည်ဟု ခံစားလိုက်ရသည်။
"တကယ်ပါ"
ဘိုင်ရုရွှယ်က အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။
သူမက ပန်းချီကားလိပ်ကို ကိုင်ထားကာ ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ရတနာကို ရရှိထားသော မိန်းကလေးတစ်ယောက်အလား ဘယ်တော့မှ မရိုးနိုင်သကဲ့သို့ ထပ်တလဲလဲ ကြည့်နေခဲ့သည်။
ရှောင်မိုက မနီးမဝေးတွင် ရပ်ကာ အနီရောင် နံနက်ခင်းအရောင်အဝါအောက်တွင် သူမကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
သူမသည် တောင်ထွတ်တွင် ရပ်ကာ ပန်းချီကားလိပ်ကို ငေးကြည့်နေပြီး သူမ၏ ပုံသဏ္ဌာန်မှာ နံနက်ခင်းအလင်းရောင်နှင့် ပေါင်းစပ်သွားကာ သူမ၏ အဖြူရောင်ဝတ်စုံက တောင်တန်းများနှင့် မြစ်များကို ရောင်ပြန်ဟပ်နေပြီး လူ့လောကသို့ ဆင်းသက်လာသော ကောင်းကင်ဘုံကိုးထပ်မှ လျှို့ဝှက်နတ်သမီးတစ်ပါးနှင့်ပင် တူနေလေသည်။
ရှောင်မိုက သူ မြင်တွေ့နေရသည်မှာ အစစ်အမှန်လား သို့မဟုတ် ပန်းချီကားလား ဆိုသည်ကို တစ်ခဏမျှ ခွဲခြားမရနိုင်အောင် ဖြစ်သွားခဲ့သည်။
"ရှောင်မို" ဘိုင်ရုရွှယ်က ခေါင်းလှည့်လာခဲ့ပြီး သူမ၏ လခြမ်းကွေးမျက်လုံးလေးများက လောကကြီးတစ်ခုလုံးကို ယစ်မူးသွားစေနိုင်ပုံရသည်။ "ဒီပန်းချီကားက တကယ်ကို လှတာပဲ"
ရှောင်မိုက ပန်းချီကားတစ်ချပ်ပမာ လှပသော မိန်းကလေးကို ကြည့်လိုက်သည်။
"တကယ်ကို လှတာပါ"