အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း ၁၂၃ ဒါက ဧကရာဇ်မင်းမြတ်က ကျွန်မကို တိတ်တိတ်လေး ပေးထားတဲ့ စေ့စပ်လက်ဆောင်ပဲ
ဟိုင်နာရီ (ည ၉ နာရီမှ ၁၁ နာရီအတွင်း)။
ကျိုးတိုင်းပြည် ဓလေ့ထုံးတမ်းဝန်ကြီးအိမ်တော်၏ နောက်ဖေးခြံဝန်းအတွင်း၌ ဖြစ်သည်။
ယန်ရုရွှယ်သည် ခြံဝန်းထဲတွင် ရပ်ကာ ညကောင်းကင်ယံ၌ သာယာတင့်တယ်စွာ ထွန်းလင်းနေသော လမင်းကြီးကို ငေးမောကြည့်နေခဲ့သည်။
မိန်းမပျိုလေး၏ ဆွဲဆောင်မှုရှိသော မက်မွန်ပန်းသဏ္ဌာန် မျက်လုံးအစုံက ညင်သာစွာ ပုတ်ခတ်သွားပြီး ကြယ်တာရာပေါင်းများစွာကို ရောင်ပြန်ဟပ်နေကာ အတွေးနယ်ချဲ့နေလေသည်။
အချိန်အတော်ကြာပြီးနောက် ယန်ရုရွှယ်က ညကောင်းကင်ယံမှ သူမ၏ အကြည့်များကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်ပြီး ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။
သူမဆီသို့ လျှောက်လာနေသော အမျိုးသမီးကို မြင်လိုက်ရသောအခါ ယန်ရုရွှယ်၏ မျက်လုံးလေးများက ပြုံးယောင်သန်းသွားခဲ့သည်။ "ရှောင်ချင်း၊ ဘာဖြစ်လို့လဲ။ သေချာ စုံစမ်းပြီးပြီလား"
"အစ်မ၊ အားလုံးကို သေချာ စုံစမ်းပြီးပါပြီ။" ရှောင်ချင်းက ခေါင်းညိတ်ပြလိုက်ပြီး ဝါးစာလိပ်တစ်ခုကို ကမ်းပေးလိုက်သည်။ "ထင်းဟိုင်ဂေဟာက စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ကျန်းချင်ရီရဲ့ ဘဝဖြတ်သန်းမှုနဲ့ ပတ်သက်သမျှ အားလုံး၊ အတည်ပြုလို့ရတဲ့ အဖြစ်အပျက်တွေပဲဖြစ်ဖြစ်၊ ကောလာဟလတွေပဲဖြစ်ဖြစ် အားလုံး ဒီထဲမှာ ပါပါတယ်။"
"ငါ့အတွက် ပင်ပန်းသွားပြီ ရှောင်ချင်းရယ်"
ယန်ရုရွှယ်က ဝါးစာလိပ်ကို ယူလိုက်ပြီး သူမ၏ နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံလိုက်သည်။
ထွက်သက်ဝင်သက် တစ်ခဏအတွင်းမှာပင် ဝါးစာလိပ်ပေါ်ရှိ စာလုံးရေ သုံးသောင်းခန့်ကို ယန်ရုရွှယ် ဖတ်ရှုမှတ်သားပြီးသွားခဲ့သည်။
"သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ"
ယန်ရုရွှယ်က ဝါးစာလိပ်ကို ခြေမွပစ်လိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး အမှုန့်များကို လွင့်စင်သွားစေခဲ့သည်။
"သူမရဲ့ ဆရာနာမည်ကလည်း ရှောင်မို ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး၊ ပိုဆိုးတာက သူမကလည်း သူမရဲ့ဆရာကို နှစ်သုံးထောင်တိုင်တိုင် ရှာဖွေနေခဲ့တာပဲ"
"ဟုတ်ပါတယ်။" ရှောင်ချင်း၏ မျက်နှာအမူအရာတွင် ရှုပ်ထွေးသော အရိပ်အယောင်တချို့ စွန်းထင်းနေခဲ့သည်။
"ကောင်းကင်စက်ဝန်းမြို့တော်သခင်က သူမရဲ့ဆရာဟာ ကျိုးတိုင်းပြည် မြို့တော်ထဲမှာ ရှိနေတယ်လို့ တွက်ချက်ပေးလိုက်တဲ့အတွက် သူမကိုယ်တိုင် ဓားတစ်သောင်းဂိုဏ်းရဲ့ သာမန်တပည့်တစ်ယောက်အဖြစ် အသွင်ယူပြီး လာခဲ့တာပါ။
ကျွန်မ ထင်တာတော့ ကျိုးတိုင်းပြည်ရဲ့ ဧကရာဇ်မင်းမြတ်က ဓားတစ်သောင်းဂိုဏ်းက အကြီးအကဲကို သွားရောက်ကြိုဆိုတဲ့အချိန်မှာ သူမက ဧကရာဇ်မင်းမြတ်ကို သူမဆရာရဲ့ ပြန်လည်ဝင်စားသူအဖြစ် မှတ်မိသွားတာ ဖြစ်နိုင်ပါတယ်။
လင်ဂန်တောင်ထွတ်ပေါ်က ခြံဝန်းလေးကို နှစ်ပေါင်းသုံးထောင်တိုင်တိုင် မြက်တစ်ပင် သစ်တစ်ပင်တောင် မူလနေရာကနေ ရွှေ့ပြောင်းခွင့် မပြုခဲ့ဘူးတဲ့။
ပြီးတော့ လင်ဂန်တောင်ထွတ်ဆိုတာ အဲဒီတုန်းက သူမရဲ့ဆရာ သူမကို ပညာသင်ပေးခဲ့တဲ့နေရာလို့ ကောလာဟလတွေ ထွက်နေပါတယ်။
ဒီလောက်တောင် အချစ်ရောဂါထနေတဲ့ မိန်းမတစ်ယောက်က အစ်မက ကျိုးတိုင်းပြည်ရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာတော့မယ်ဆိုတာကို သူသိလိုက်လို့ သူ့ဘက်ကနေတော်တော်လေး တုံ့ပြန်မိသွားတာပါ"
"လွန်ခဲ့တဲ့ နှစ်သုံးထောင်တုန်းက..." ယန်ရုရွှယ်၏ သွယ်လျလှပသော ပေါင်တံများပေါ်တွင် သူမ၏ လက်သေးသေးလေးများကို လှပစွာယှက်တင်ရင်း ရေရွတ်လိုက်လေ၏။
"လွန်ခဲ့တဲ့ နှစ်သုံးထောင်တုန်းက ငါက မိစ္ဆာကမ္ဘာထဲမှာ သူ့ရဲ့ ပြန်ဝင်စားသူကို သွားရှာခဲ့ဖူးသေးတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ဘာမှ မတွေ့ခဲ့ရဘူး။ ငါက သူ့ကို ပြန်ဝင်စားတာလွဲချော်သွားခဲ့ပြီး ရှောင်မိုက လူ့ပြည်ပြန်ရောက်ပြီး တပည့်တစ်ယောက်တောင် လက်ခံခဲ့လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
ထိုသို့ပြောရင်း ယန်ရုရွှယ်၏ မျက်လုံးများက ပြုံးယောင်သန်းသွားခဲ့သည်။
"ဒါပေမဲ့ သူက တကယ်ကို ရှောင်မိုပါပဲ။ သူ ဖြစ်သလို လက်ခံလိုက်တဲ့ တပည့်က အခုဆိုရင် လောကရဲ့ နံပါတ်တစ် ဓားမသေမျိုး ဖြစ်နေပြီလေ။ အဲဒီလိုဆိုမှတော့ ကျန်းချင်ရီက ငါ့ကို ဆရာကတော် လို့ ခေါ်သင့်သေးတာပေါ့ ဟ ဟ"
"..." သူမအစ်မ၏ တည်ငြိမ်နေသော မျက်နှာအမူအရာကို ကြည့်ကာ ရှောင်ချင်းမှာ ပြောစရာစကား ဆွံ့အသွားခဲ့သည်။
ယခင်ကသာဆိုလျှင် သူမ၏အစ်မသည် ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက အလွန်တရာ စိုးရိမ်ပူပန်ပြီး အနည်းငယ် ထိတ်လန့်သွားမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်လေးထောင်က သူမ၏အစ်မနှင့် အစ်ကိုကြီးရှောင်တို့ အတူရှိနေခဲ့စဉ်ကပင် သူမက မိန်းကလေးငယ်တစ်ဦးလိုသာ ရှိနေသေးပြီး အစ်ကိုကြီးရှောင်သာ ရှိနေသရွေ့ သူမက ဘယ်တော့မှ ကြီးပြင်းလာမည်မဟုတ်သကဲ့သို့ပင်။
သို့သော်... လွန်ခဲ့သော နှစ်လေးထောင်က အစ်ကိုကြီးရှောင် ထွက်ခွာသွားခဲ့သည့်နေ့ နောက်ပိုင်းမှစ၍ သူမ၏အစ်မက တကယ်ကို ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
သူမ၏အစ်မသည် ထိုအပြစ်ကင်းစင်သော မိန်းကလေးငယ်လေး မဟုတ်တော့ချေ။
ထိုနေ့မှစ၍ မြောက်ပိုင်းပင်လယ်သာမက လောကရှိ သမုဒ္ဒရာလေးစင်းလုံးက နှစ်ပေါင်းတစ်သောင်းတိုင်တိုင် မျှော်လင့်စောင့်စားခဲ့ရသော ဧကရီကို နောက်ဆုံးတွင် ကြိုဆိုနိုင်ခဲ့ကြခြင်းဖြစ်သည်။
"ကျန်းချင်ရီဘက်ကကော လှုပ်ရှားမှုတွေ ရှိသေးလား" ဟု ယန်ရုရွှယ်က သူမ၏ ညီမဖြစ်သူကို မေးလိုက်သည်။
"ရှိပါတယ်။" ရှောင်ချင်းက ခေါင်းညိတ်လိုက်သည်။ "ကျိုးတိုင်းပြည်က ဓားတစ်သောင်းဂိုဏ်းကို သစ္စာခံမှုအရ သာမန်အားဖြင့် ဓားတစ်သောင်းဂိုဏ်းအတွက် နိုင်ငံတော်ဆရာ ရာထူးနေရာကို ဖယ်ပေးထားရပါတယ်။ ပြီးတော့ ဒီနေရာအတွက် ရွေးချယ်ခံရသူက ကျန်းချင်ရီပါ။ ဓားတစ်သောင်းဂိုဏ်းက နိုင်ငံတော်ဆရာရဲ့ အိမ်တော်ကို နန်းတွင်းအနောက်အဆောင်တွေထဲမှာ ထားရှိပေးဖို့တောင် တောင်းဆိုထားပါတယ်"
"သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ" ယန်ရုရွှယ်၏ မျက်လုံးများက ပြုံးယောင်သန်းသွားခဲ့သည်။ "သူမက ငါ့ကို ကာကွယ်တားဆီးနေတာပဲ"
"ဒါဆိုရင် အစ်မ၊ ကျွန်မတို့ ဒီကျန်းချင်ရီကို ဘယ်လို ကိုင်တွယ်ရမလဲ" ဟု ရှောင်ချင်းက မေးလိုက်သည်။
"ကျန်းချင်ရီက ရောဂါထူပေမဲ့ အရူးတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဘယ်လိုပဲဖြစ်ဖြစ် ငါက သူမရဲ့ ဆရာကတော်လေ၊ သူမကို လမ်းညွှန်ပြသပေးရမယ့် တာဝန် ငါ့မှာ ရှိပါတယ်"
ယန်ရုရွှယ်က ပြုံးကာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်သည်။
"ငါ အားလုံးကို သိပါပြီ။ နင်က ကျန်းချင်ရီဘက်ကို စိတ်ပူနေစရာ မလိုပါဘူး။ ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိပါတယ်"
"ဟုတ်ကဲ့ပါ အစ်မ။" သူမ၏အစ်မက ထိုသို့ပြောလိုက်သဖြင့် ရှောင်ချင်းက ဘာမှ ထပ်မပြောတော့ပေ။
"ဒါနဲ့ စကားမစပ်၊ ငါ ယူခိုင်းထားတဲ့ ပန်းချီကားကို နင် ယူလာခဲ့လား" ယန်ရုရွှယ်က ပြုံးကာ မေးလိုက်သည်။
"ယူလာခဲ့ပါတယ်။" ရှောင်ချင်းက သူမအစ်မ၏ ဘေးတွင် ပန်းချီကားကို ချထားပေးလိုက်သည်။
ယန်ရုရွှယ်က လိပ်ထားသော ပန်းချီကားကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူမ၏ မျက်လုံးများထဲရှိ ကြင်နာယုယမှုများအတွင်းသို့ အပြင်ဘက်ကလရောင်က စိမ့်ဝင်ပျံ့နှံ့နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ယန်ရုရွှယ်က ပန်းချီကားထံမှ သူမ၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ညီမဖြစ်သူကို ကြည့်လိုက်သည်။ "တခြား တစ်ခုခု ရှိသေးလို့လား"
ပုံမှန်အားဖြင့် ရှောင်ချင်းက အစီရင်ခံပြီးသည်နှင့် ထွက်ခွာသွားလေ့ရှိသော်လည်း ယခုအခါတွင် သူမကို ပြောစရာစကား ရှိနေသေးပုံရသည်။
"အစ်မ၊ သမင်ဖြူကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ရှန်ကျိုးလီက မြောက်ပိုင်းပင်လယ်ဆီ စာတစ်စောင် ပို့လိုက်ပါတယ်။" ရှောင်ချင်း၏ မျက်လုံးများက ရွေ့လျားသွားပြီး သူမ၏ ရင်ခွင်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။ "အစ်မ ကြည့်ချင်သေးလား"
ယန်ရုရွှယ်က ညီမဖြစ်သူ၏ လက်ထဲရှိ စာအိတ်ကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
နောက်ဆုံးတွင် ယန်ရုရွှယ်၏ လက်ချောင်းလေးက ကွေးလိုက်ရာ စာအိတ်မှာ သူမ၏ လက်ထဲသို့ ကျလာခဲ့သည်။
စာအိတ်ကို ဖောက်၍ ဖတ်ပြီးနောက် ယန်ရုရွှယ်က ခေါင်းခါလိုက်ပြီး သူမလက်ထဲရှိ စာအိတ်မှာ အလိုအလျောက် မီးလောင်ကျွမ်းကာ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
"အစ်မ၊ ရှန်ကျိုးလီက စာထဲမှာ ဘာတွေ ရေးထားတာလဲ" ဟု ရှောင်ချင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်လေးထောင်တုန်းက လူသားနဲ့ မိစ္ဆာစစ်ပွဲကို ပြန်လည်အကဲဖြတ်ချင်တယ်လို့ ရှန်ကျိုးလီက ရေးထားတယ်။ ရှောင်မိုက လောကကြီးမှာ နာမည်မသိသူတစ်ယောက် မဖြစ်သင့်ဘူးတဲ့။ သူ့အတွက် ရုပ်တုတစ်ခု တည်ဆောက်ပြီး ကွန်ဖြူးရှပ်ကျောင်းတော်မှာ ကိုးကွယ်ပူဇော်သင့်တယ်တဲ့" ယန်ရုရွှယ်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
ရှောင်ချင်း။ "..."
"ရှောင်ချင်း၊ ငါ့ကိုယ်စား စာပြန်ပေးလိုက်ပါ"
"ပြောပါ အစ်မ"
"ငါ့အတွက် စာလုံးနည်းနည်းလောက်ပဲ ရေးပေးလိုက်ပါ"
ယန်ရုရွှယ်က သူမ၏ ခြေထောက်များကို ပူးထားလိုက်ပြီး ကျယ်ပြောလှသော ညကောင်းကင်ယံကို တိုက်ရိုက် မော့ကြည့်လိုက်သည်။
"မင်းတို့နဲ့ မထိုက်တန်ဘူး"
ရှောင်ချင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။ "အစ်မ၊ ကျွန်မ နားလည်ပါပြီ"
"အို... ပြီးတော့ နောက်တစ်ချက် ရှိသေးတယ်။" ရှောင်ချင်း ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် ယန်ရုရွှယ်က ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းတူအစ်မရှန်အပေါ် ငါ ဘာမှ စိတ်ကွက်စရာ မရှိပါဘူး။ သူ့ဆီ ဖိတ်စာတစ်စောင် ပို့လိုက်ပါ။ နောက်လေးလနေရင် ကျင်းပမယ့် ငါ့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ဂိုဏ်းတူအစ်မရှန်ကို မြို့တော်ဆီ ဖိတ်ကြားပေးပါ"
"အဲဒါက..." ရှောင်ချင်းက အခက်တွေ့စွာဖြင့် ပြောလိုက်သည်။ "အစ်မ၊ ကျောင်းအုပ်ကြီးရှန်က လာမှာမဟုတ်လောက်ဘူး..."
"သူမ လာတာ မလာတာက သူမကိစ္စပါ၊ သူမကို ဖိတ်တာ မဖိတ်တာကတော့ ငါတို့ကိစ္စလေ။ ဘာပဲဖြစ်ဖြစ် ငါတို့က မိတ်ဆွေဟောင်းတွေပဲဟာ" ယန်ရုရွှယ်က ပြုံးကာ ပြောလိုက်သည်။
"နားလည်ပါပြီ။" ရှောင်ချင်းက လှည့်ကာ ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ရှောင်ချင်း ထွက်ခွာသွားပြီးနောက် ယန်ရုရွှယ်သည်လည်း သူမ၏ အပ်ချုပ်လက်မှုအလုပ်များကို သိမ်းဆည်းကာ သူမ၏ အိပ်ခန်းထဲသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
ယန်ရုရွှယ်က မှင်ရေစပ်ပန်းချီကားကို ဖြန့်ကျက်ကာ နံရံတွင် ချိတ်ဆွဲလိုက်သည်။ ပန်းချီကားထဲတွင် အမျိုးသမီးတစ်ဦးက တောင်ထွတ်ပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေလေသည်။
ထိုစဉ် ရှောင်ချွန်းက တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့ပြီး နံရံပေါ်ရှိ ပန်းချီကားကို သတိပြုမိသွားသည်။ သူမက ဝမ်းသာအားရဖြင့် "သခင်မလေး၊ ဒီပန်းချီကားက သိပ်လှတာပဲ" ဟု အာမေဍိတ်သံ ပြုလိုက်သည်။
"မလှဘူးလား" ယန်ရုရွှယ်၏ မျက်လုံးလေးများက ကွေးညွတ်သွားခဲ့သည်။
"အင်း... အရမ်းလှပါတယ်။" ရှောင်ချွန်းက ပန်းချီကားထဲမှ အမျိုးသမီးကို ကြည့်လိုက်ရာ ပန်းချီကားထဲမှ ထွက်လာတော့မည့်အလား အလွန် အသက်ဝင်လှသည်။ "ဒါပေမဲ့ သခင်မလေး၊ ဒီပန်းချီကားကို ကျွန်မ အရင်က တစ်ခါမှ မမြင်ဖူးပါဘူး"
"ငါ နင့်ကို ပြောပြမယ် ရှောင်ချွန်း၊ နင် ဘယ်သူ့ကိုမှ လုံးဝ မပြောပြရဘူးနော် ကြားလား"
"စိတ်မပူပါနဲ့ သခင်မလေး၊ ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး။" ရှောင်ချွန်း၏ မျက်လုံးများက တောက်ပနေပြီး မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။
"ဒီပန်းချီကားက..." ယန်ရုရွှယ်က အစေခံမလေး၏ နဖူးကို ဖွဖွလေး ခေါက်လိုက်သည်။
"ဧကရာဇ်မင်းမြတ်က ငါ့ကို တိတ်တိတ်လေး ပေးထားတဲ့ စေ့စပ်လက်ဆောင်ပဲ"
အခန်း ၁၂၄ နင့်အတွက် အံ့သြစရာတစ်ခု ပေးမယ်
"ဂိုဏ်းတူမောင်လေးရှောင်၊ မင်္ဂလာညနေခင်းပါ"
နောက်တစ်နေ့ ညနေခင်းတွင် ရှန်ကျိုးလီသည် ရှောင်မို၏ ခြံဝန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။
ခြံဝန်းထဲတွင် စာဖတ်နေသော ရှောင်မိုက ခေါင်းမော့ကြည့်လိုက်ပြီး ဘိုင်ရုရွှယ်ကလည်း သူမ၏ အပ်ချုပ်အလုပ်များကို ရပ်တန့်ကာ ခြံဝန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရှန်ကျိုးလီကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဘိုင်ရုရွှယ်၏ ရင်ထဲတွင် သတိထားစောင့်ကြည့်လိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။
ရှောင်မိုနှင့် ရှန်ကျိုးလီတို့ကြားတွင် ဘာမှ မရှိဘူးဆိုသည်ကို ဘိုင်ရုရွှယ် သိထားသော်လည်း ဤအမျိုးသမီး ရှန်ကျိုးလီက အလွန် အန္တရာယ်များသည်ဟု ဘိုင်ရုရွှယ် ခံစားနေရဆဲဖြစ်သည်။
အမျိုးသမီးတစ်ဦး၏ အလိုအလျောက် သိစိတ်အရ ဤလူက သူမ၏ ရှောင်မိုအပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဟု ဘိုင်ရုရွှယ်ကို သတိပေးနေလေသည်။
"အစ်မ၊ ဘယ်လိုလုပ် ရောက်လာတာလဲ"
ရှောင်မိုက စာအုပ်ကို ချထားလိုက်ပြီး မတ်တပ်ရပ်ကာ ရှေ့သို့ လျှောက်သွားပြီးနောက် ရှန်ကျိုးလီအား အရိုအသေပေးလိုက်ပြီး သူ၏နောက်တွင် ထိုင်နေသော ဘိုင်ရုရွှယ်ကို လှမ်းကြည့်လိုက်သည်။
ဘိုင်ရုရွှယ်၏ ပါးပြင်လေးများက အနည်းငယ် နီမြန်းနေပြီး သူမ၏ လက်သေးသေးလေးများကို တင်းကျပ်စွာ ဆုပ်ထားခဲ့သည်။
သို့သော် နောက်ဆုံးတွင်တော့ ဘိုင်ရုရွှယ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ရှေ့သို့ တိုးလာကာ ရှန်ကျိုးလီအား အရိုအသေပေးလိုက်ပြီး အနည်းငယ် ဝန်လေးစွာဖြင့် "မနေ့ညက ကိစ္စနဲ့ပတ်သက်ပြီး ရုရွှယ်က အထင်လွဲသွားမိလို့ပါ။ ဂိုဏ်းတူအစ်မကို တောင်းပန်ပါတယ်။ ဂိုဏ်းတူအစ်မက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။
"ရပါတယ်၊ အစ်မ နားလည်ပါတယ်။" ရှန်ကျိုးလီက ပြုံးကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အစ်မသာဆိုရင်လည်း အထင်လွဲမိမှာပဲလေ။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကြားက အထင်လွဲမှုတွေ ရှင်းလင်းသွားပြီဆိုတော့လည်း ကောင်းတာပေါ့"
"အစ်မ၊ ကိစ္စတစ်ခုခု ရှိလို့လား" ဟု ရှောင်မိုက မေးလိုက်သည်။
"သန်ဘက်ခါကျရင် အစ်မက ဂိုဏ်းတူအစ်ကိုလော့နဲ့အတူ ကျောင်းတော်ညွှန်မှူးအဆင့် စာမေးပွဲ ဖြေဆိုဖို့ ကွန်ဖြူးရှပ်ကျောင်းတော်ကို သွားရတော့မယ်။ အဲဒါ မောင်လေးရော အစ်မတို့နဲ့ အတူတူ လိုက်သွားချင်သလားလို့ လာမေးတာပါ" ရှန်ကျိုးလီက မေးလိုက်သည်။
"ကျွန်တော်လည်း လိုက်ရမှာလား" ရှောင်မိုက ဂိုဏ်းတူအစ်မ ဆိုလိုသည်ကို သိပ်နားမလည်ပေ။ သူတို့၏ စာမေးပွဲက သူနှင့် ဘာဆိုင်လို့နည်း။
"ဟုတ်တယ်"
ရှန်ကျိုးလီက ခေါင်းညိတ်ပြလိုက်သည်။
"ဘာလို့လဲဆိုတော့ မောင်လေးကလည်း မကြာခင်မှာ ပညာရှင်မွန်အဆင့် စာမေးပွဲကို ဖြေဆိုရတော့မှာလေ။ ကျောင်းတော်က စာရင်း မထွက်သေးပေမဲ့ မောင်လေးက သေချာပေါက် ပါဝင်မှာပါ။ ဒါကြောင့် ငါတို့ သုံးယောက် အတူတူ သွားကြရင် မကောင်းဘူးလား။ ဒါက ဆရာ့ရဲ့ သဘောထားလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မောင်လေးရေ၊ သခင်မလေးဘိုင်ကိုတော့ ခေါ်သွားလို့ ရမယ်မထင်ဘူး။ ကျောင်းတော်ရဲ့ တပည့်တစ်ယောက်က စာမေးပွဲ သွားဖြေတဲ့အခါတိုင်း ကိုယ်ရံတော်ဖြစ်ဖြစ်၊ မိသားစုဝင်ဖြစ်ဖြစ် ဘယ်သူမှ လိုက်ပါခွင့် မရှိဘူး၊ တိတ်တိတ်လေး လိုက်တာမျိုးတောင် ခွင့်မပြုဘူး။
ဘာလို့လဲဆိုတော့ ကျောင်းတော်ကနေ ထွက်ခွာလိုက်တာနဲ့ စာမေးပွဲက စတင်နေပြီမို့လို့ပဲ။
ဒါက ကျောင်းတော်ရဲ့ စည်းမျဉ်းပါ"
"ကျွန်တော် သိပါတယ်။" သမင်ဖြူကျောင်းတော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ရှောင်မိုသည် သမင်ဖြူကျောင်းတော်၏ စည်းမျဉ်းများကို သဘာဝကျကျပင် ရှင်းလင်းစွာ သိရှိထားသည်။
"ဒါဆိုရင် မောင်လေး၊ သေချာ စဉ်းစားကြည့်ပါဦး။ ငါတို့နဲ့ အတူတူ သွားချင်တယ်ဆိုရင် မနက်ဖြန် မနက်ကျရင် ငါ့ကို လာပြောပြပေါ့။ ငါတို့က သန်ဘက်ခါ မနက်စောစော ထွက်ခွာကြမှာ။ မောင်လေးအနေနဲ့ ကျောင်းတော်က စာရောက်လာမယ့်အချိန်ကို စောင့်ရင်း ကျောင်းတော်မှာ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေချင်တယ်ဆိုရင်လည်း ရပါတယ်။ တခြား ဘာမှမရှိတော့ရင် အစ်မ ပြန်တော့မယ်နော်"
"ကျေးဇူးတင်ပါတယ် အစ်မ။ လမ်းခရီးမှာ ဂရုစိုက်သွားပါဦး။" ရှောင်မိုက လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
ရှန်ကျိုးလီ ထွက်ခွာသွားပြီးနောက် ရှောင်မိုက လှည့်ကာ ဘိုင်ရုရွှယ်ကို ကြည့်လိုက်သည်။
"သွားလေ"
ရှောင်မို စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဘိုင်ရုရွှယ်က အိန္ဒြေနှင့်ပြည့်စုံသော ဇနီးကောင်းတစ်ယောက်၏ နားလည်ပေးတတ်သော အမူအရာမျိုးဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှောင်မိုရယ်၊ နင် အခု မသွားရင်တောင် နောက်ရက်အနည်းငယ်နေရင် သွားရမှာပဲလေ။ အဲဒီအစား ဂိုဏ်းတူအစ်ကိုလော့၊ ဂိုဏ်းတူအစ်မရှန်တို့နဲ့ အတူတူ သွားလိုက်တာက ပိုကောင်းပါတယ်။ လမ်းခရီးမှာ နင့်ကို စောင့်ရှောက်ပေးမယ့်သူတွေ ရှိတော့ ငါလည်း ပိုပြီး စိတ်အေးရတာပေါ့"
ရှောင်မို ပြုံးလိုက်သည်။ "ဂိုဏ်းတူအစ်မရှန်နဲ့ ငါ့ကြားမှာ တစ်ခုခု ဖြစ်သွားမှာကို နင် အခု မစိုးရိမ်တော့ဘူးလား"
"နည်းနည်းလေးတောင် မစိုးရိမ်တော့ဘူး။ ငါ နင့်ကို အပြည့်အဝ ယုံကြည်ပါတယ်" ဘိုင်ရုရွှယ်က နှုတ်ခမ်းဆူကာ ခေါင်းလွှဲသွားခဲ့သည်။
ရှောင်မိုက လက်လှမ်းကာ သူမ၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ "ပညာရှင်မွန်အဆင့် စာမေးပွဲက ပုံမှန်အားဖြင့် သုံးလေးလလောက် ကြာတတ်တယ်။ အဲဒီအချိန်အတွင်း ရုရွှယ်၊ နင် မြောက်ပိုင်းပင်လယ်ကို အရင် ပြန်သွားလို့ ရတယ်လေ၊ ဒါမှမဟုတ်ရင် သမင်ဖြူကျောင်းတော်မှာ နင် ပျင်းနေလိမ့်မယ်"
"ငါ ပျင်းနေလိမ့်မယ်လို့ ဘယ်သူပြောလဲ" ဘိုင်ရုရွှယ်က "နင် မရှိတုန်း တစ်ခုခု လုပ်မယ်" ဆိုသည့် အကြံအစည်မျိုးဖြင့် သူမ၏ သွယ်လျသော ခါးလေးကို ထောက်ကာ မကျေမနပ် ပြောလိုက်သည်။ "ရှောင်မို၊ နင် ငါ့အတွက် စိတ်ပူနေစရာ မလိုပါဘူး။ ကျောင်းတော်က နင့်ရဲ့ စာမေးပွဲကိုပဲ အာရုံစိုက်ထားပါ။ နင် ပြန်လာမယ့်အချိန်ကို ငါ စောင့်နေပါ့မယ်"
"ကောင်းပြီလေ၊ ဒါဆို ငါ သွားတော့မယ်"
"အင်း... လမ်းခရီးမှာ ဂရုစိုက်သွားနော်။ နင် ပြန်လာတဲ့အခါကျရင် နင့်အတွက် အံ့သြစရာတစ်ခု ပေးမယ်"
"ဘာအံ့သြစရာလဲ"
"ရှောင်မို၊ နင်က တကယ့်ကို အရူးလေးပဲ။" ဘိုင်ရုရွှယ်က နှုတ်ခမ်းလေး စုလိုက်သည်။ "ငါသာ နင့်ကို ပြောပြလိုက်ရင် ဒါက အံ့သြစရာ ဖြစ်နေပါ့မလား"
"အရင်ဆုံး အရိပ်အမြွက်လေး နည်းနည်းလောက် ပေးလို့ မရဘူးလား" ရှောင်မိုက ပြုံးကာ မေးလိုက်သည်။
"လုံးဝ မရဘူး။" ဘိုင်ရုရွှယ်က ရှေ့သို့ တိုးလာကာ ရှောင်မို၏ အင်္ကျီစကို သပ်ရပ်အောင် ပြင်ပေးလိုက်သည်။ "နင် စောစော သိချင်တယ်ဆိုရင် စောစော ပြန်လာခဲ့လေ ဟုတ်ပြီလား"
"သိပါပြီ"
"ကောင်းပြီ။ နင့်အတွက် ခရီးဆောင်အိတ် သွားပြင်ပေးလိုက်ဦးမယ်"
ဘိုင်ရုရွှယ်က လှည့်ကာ အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။
သန်ဘက်ခါ နံနက်စောစောတွင် ရှန်ကျိုးလီနှင့် လော့ယန်တို့က ကွန်ဖြူးရှပ်ကျောင်းတော်သို့ သွားရန် ရှောင်မိုကို လာခေါ်ကြသည်။
ဘိုင်ရုရွှယ်သည် ရှောင်မို တဖြည်းဖြည်း ထွက်ခွာသွားသည်ကို လိုက်ကြည့်နေခဲ့သည်။
ရှောင်မို ထွက်ခွာသွားပြီးနောက် ဘိုင်ရုရွှယ်က သူမ၏ အင်္ကျီလက်များကို ခေါက်တင်ကာ ခြံဝန်းကို စတင် သန့်ရှင်းရေးလုပ်လိုက်သည်။
သန့်ရှင်းရေးလုပ်ပြီးနောက် ဘိုင်ရုရွှယ်သည် သမင်ဖြူကျောင်းတော်၏ ပိုင်လုတောင်ထွတ် (သမင်ဖြူတောင်ထွတ်) သို့ ထွက်ခွာသွားခဲ့သည်။
ပိုင်လုတောင်ထွတ်သည် သမင်ဖြူကျောင်းတော်၏ ကျောင်းအုပ်ကြီး နေထိုင်ရာ ခြံဝန်းဖြစ်သည်။
"ရှားပါး ဧည့်သည်ပါလား"
ခြံဝန်းထဲတွင် လက်ဖက်ရည်ဖျော်နေသော သမင်ဖြူကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် ဘိုင်ရုရွှယ် ရောက်လာသည်ကို မြင်သောအခါ မတ်တပ်ရပ်ကာ သူမအား အရိုအသေပေးလိုက်သည်။
"ဒီအဘိုးအိုက မြောက်ပိုင်းပင်လယ်သခင်မကို ဂါရဝပြုပါတယ်"
"ဒီမိန်းကလေးက ဆရာကြီးရှန်ရဲ့ ကျောင်းတော်ကြီးမှာ နေလာတာ နှစ်တွေ ဒီလောက်ကြာမှ အခုမှပဲ ဆရာကြီးရှန်ဆီ အလည်လာနိုင်တော့တယ်။ ဆရာကြီးရှန်၊ စိတ်မရှိပါနဲ့နော်" ဘိုင်ရုရွှယ်က အရိုအသေပေးလိုက်သည်။
သူမ၏ အဆင့်အတန်းကို ဤကျောင်းအုပ်ကြီးထံမှ ဖုံးကွယ်ထား၍ မရနိုင်ကြောင်း ဘိုင်ရုရွှယ်က ကြာကတည်းက သိထားသော်လည်း တစ်ဖက်လူက သူမအား မည်သည့်အခါမျှ ဒုက္ခမပေးခဲ့ပေ။
"သခင်မလေးဘိုင်၊ ယဉ်ကျေးလွန်းနေပါပြီ။" ရှန်ချီက သူ၏ ဆံဖြူမုတ်ဆိတ်ဖြူများကို ပွတ်သပ်လိုက်သည်။ "သခင်မလေးဘိုင်က ဒီအဘိုးအိုဆီ လာတာ ဘာကိစ္စများ ရှိလို့လဲ မသိဘူး"
ဘိုင်ရုရွှယ်က ဤပညာရှင်အဘိုးအိုနှင့် စကားကို လှည့်ပတ်မနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ "သမင်ဖြူကျောင်းတော်ရဲ့ မြောက်ဘက်က တောင်ထွတ်တစ်ခုပေါ်မှာ ကိစ္စတစ်ခု လုပ်ချင်လို့ပါ။ အဲဒါက တော်တော်လေး ဆူညံသွားနိုင်တယ်လေ။ ဒါကြောင့် ဆရာကြီးရှန်ကို အရင်ဆုံး လာပြီး အသိပေးတာပါ။
ဒါ့အပြင် နောက်သုံးလအတွင်းမှာ ကျောင်းတော်က တပည့်တွေ အားလုံး အဲဒီတောင်ထွတ်အနီးအနားကို မလာကြဖို့ ဆရာကြီးရှန်အနေနဲ့ အသိပေးချက်တစ်ခု ထုတ်ပြန်ပေးပါလို့ တောင်းဆိုချင်ပါတယ်"
"ကောင်းပါပြီ၊ ဒီအဘိုးအို နားလည်ပါပြီ။ သခင်မလေးဘိုင်၊ စိတ်ချလက်ချသာ နေပါ။" ရှန်ချီက ဘိုင်ရုရွှယ် ဘာလုပ်မည်ကို မမေးမြန်းခဲ့ပေ။
သူမက သူ့ထံ လာရောက် အသိပေးသည်ဆိုကတည်းက ၎င်းသည် မကောင်းသော ကိစ္စတစ်ခု မဟုတ်နိုင်ပေ။
သူ၏ မျက်စိအောက်တွင် ဖြစ်ပျက်နေသည်ကိုတော့ ပြောစရာပင် မလိုတော့ချေ။
ထို့အပြင် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ကြား စစ်ပွဲကြီး ဖြစ်ပွားတော့မည့်အချိန်တွင် မြောက်ပိုင်းပင်လယ်သခင်မအား ဤကဲ့သို့ အဆင်ပြေအောင် ကူညီပေးခြင်းက အသေးအမွှား ကျေးဇူးတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
"ဒါဆိုရင် အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး။ ကျွန်မကို ပြန်ခွင့်ပြုပါဦး" ဘိုင်ရုရွှယ်က ခေါင်းညိတ်ပြလိုက်သည်။
"သခင်မလေးဘိုင်၊ ဂရုစိုက်သွားပါဦး။" ရှန်ချီက လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
သို့သော် ဘိုင်ရုရွှယ်က ခြေလှမ်းအနည်းငယ်မျှ လှမ်းအပြီးတွင် ရပ်တန့်သွားခဲ့သည်။ "ကျောင်းအုပ်ကြီး၊ သတိမထားမိတဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်"
"ပြောပါ သခင်မလေးဘိုင်"
"သခင်မလေးရှန်ကလည်း ငယ်တော့တာ မဟုတ်ဘူး။ မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် အိမ်ထောင်မပြုဘဲ နေလို့ရမှာလဲ။ ကျွန်မကလည်း လူငယ်သူရဲကောင်း တော်တော်များများကို သိထားတာ ရှိပါတယ်။ သခင်မလေးရှန်သာ သဘောတူမယ်ဆိုရင် ကျွန်မ အောင်သွယ်ပေးလို့ ရပါတယ်" ဘိုင်ရုရွှယ်က ပြုံးကာ ပြောလိုက်သည်။
မြောက်ပိုင်းပင်လယ်သခင်မက သူ့အား ဤကိစ္စကို ထုတ်ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် ရှန်ချီမှာ တစ်ခဏမျှ အံ့အားသင့်သွားခဲ့သည်။
"သခင်မလေးဘိုင် စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် မြေးမလေးက နည်းနည်း ခေါင်းမာတတ်တဲ့ စရိုက်ရှိတယ်လေ။ ဘာပဲဖြစ်ဖြစ် သူမ ပြန်လာတဲ့အခါကျရင် ကျွန်တော် သူမနဲ့ စကားပြောကြည့်ပါ့မယ်။ ဒီအဘိုးအိုကလည်း မြစ်လေးတွေ အများကြီး လိုချင်နေတာပါ" ရှန်ချီက သူမ၏ စေတနာကို လက်ခံလိုက်သည်။
ဘိုင်ရုရွှယ်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမျှထပ်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
ဘိုင်ရုရွှယ် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ရှန်ချီက သူ၏ မေးစေ့ကို ပွတ်သပ်ကာ ရင်ထဲတွင် သံသယများ ပြည့်နှက်သွားခဲ့သည်။
"ဒီမြောက်ပိုင်းပင်လယ်သခင်မက ဘာဖြစ်လို့များ ငါ့မြေးမလေးရဲ့ အိမ်ထောင်ရေးကို ရုတ်တရက်ကြီး စိတ်ပူနေရတာလဲ"