“တိ” မျိုးနွယ်
Vol. 6 Ch. 505
ယနေ့တွင်တော့ တာ့ရှား ဧကရာဇ်သည် ရိုးရှင်းသည့်နဂါးဝတ်ရုံကို ဝတ်ဆင် ထားလေသည်။
အပေါ်ပိုင်းက အနက်ရောင်ဖြစ်ပြီး အောက်ပိုင်းကတော့ အဝါရောင် ဖြစ်လေသည်။
အဝါရောင်သည် မြေကြီးကို ကိုယ်စားပြုပြီး ရှားမျိုးနွယ်များကို ကိုယ်စားပြုသည့် အရောင်လည်း ဖြစ်လေသည်။
ရှားမျိုးနွယ်များသည် သူတို့၏မူလနေရာကို သေသည်အထိပင် ပြန်ပြီး သွားရောက်နိုင်မည် မဟုတ်တော့ပေ။
ရှားမျိုးနွယ်များသည် သူတို့၏ မူလနေရာကိုပင် မသိရှိကြတော့ဘဲ အသူရာချောက်တွင် အခြေချ နေထိုင်ခဲ့ကြပြီး သြဇာအာဏာ မြင့်မား လာခဲ့ကြလေသည်။
ကမ္ဘာလောကကြီးက ကျယ်ပြောသည့်တိုင် တာ့ရှားဧကရာဇ်၏ စိတ်ထဲတွင် ရှိသည့် နေရာများကတော့ အနည်းငယ် သာရှိလေသည်။ ထိုအထဲတွင် သွေးနီရောင် ပင်လယ်လည်း အပါအဝင် ဖြစ်လေသည်။ သို့သော် သွေးနီပယ်လယ်တွင် အသူရာ နတ်ဆိုးများ အခြေချ နေထိုင်သည့် အတွက် ထိုနေရာကို သိမ်းပိုက်ရန်မှာ မလွယ်ကူပါချေ။
သွေးနီရောင် ပင်လယ်တွင် လေ့ကျင့်ခဲ့သည့် မင်လော့၏ သွေးဓားကိုကြည့်ပြီး သူ့အနေဖြင့် သွေးနီရောင် ပင်လယ်သည် အန္တရယ်ရှိသည့် နေရာတစ်ခု ဖြစ်သည်ဟု ခံစားနေရလေသည်။
တာ့ရှားဧကရာဇ်က သူ့မျက်လုံးများကို မှေးစင်းလိုက်ရင်း တစ်နေ့တွင်တော့ သွေးနီ ပင်လယ်ကို သွားဦးမည်ဟု စိတ်ကူးလိုက်မိသည်။
သို့သော် သွေးနီရောင် ပင်လယ်သို့မသွားမီ မင်လော့ကျန်ခဲ့သည့် နတ်မိစ္ဆာ ဓားကောက်ကြီးကို သေချာလေ့လာရန် လိုအပ်လေသည်။ တာ့ရှားဧကရာဇ်၏ ဘဝတွင် မည်သည့် လက်နက်ကိုမှ အသုံးပြုခဲ့ဖူးခြင်း မရှိပေ။ သူက မာနကြီး သောကြောင့် လက်နက်များကို အသုံးမပြုခဲ့ခြင်း မဟုတ်ပါ။ သူ၏ တန်ခိုးစွမ်းအားနှင့် ကိုက်ညီသည့် အဆင့်မြင့်မား သည့်လက်နက်ကို မတွေ့ရှိ သေးသောကြောင့်သာ ဖြစ်လေသည်။ သို့သော် မိစ္ဆာဓားကောက်ကြီး ထံမှ အံ့ဖွယ် တန်ခိုးစွမ်းအားများကို သူခံစားရလေသည်။ ထိုဓားကြီးသာ လက်ရှိအနေအထားထက် ပို၍ အဆင့်မြင့်မားလာပါက သူအသုံးပြုနိုင်သည့် လက်နက် ဖြစ်လာနိုင်လေသည်။ သို့သော် ထိုဓားကြီးကို အဆင့်မြှင့်တင် ရန်အတွက် မိစ္ဆာစွမ်းအားများ ထပ်မံ လိုအပ်နေသေးသည်။ ထို့ကြောင့် ထပ်မံ သတ်ဖြတ်ရန် လိုအပ်လေသည်။
တိုင်းရေးပြည်ရာ ပြဿနာများစွာ ရှိနေသည့်တိုင် တာ့ရှားဧကရာဇ်၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့နေမိ သူမှာ တိချိုးမြို့တော်တွင်းသို့ ရောက်ရှိနေသည့် အဆင့်မြင့် ကျင့်ကြံသူပင် ဖြစ်လေသည်။ သူကိုယ်တိုင်က တာအို ကျင့်ကြံသူများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို နှစ်သက်ခြင်း မရှိသည့်တိုင် သူ့ကို ယှဉ်ပြိုင်နိုင်သည့် ကျင့်ကြံသူ ဟူ၍ သူ့ဘဝတွင် တစ်ယောက်မှ မတွေ့ဖူးသေးပေ။ တိချိုးတွင် ရောက်ရှိနေသည့် အဆင့်မြင့် ကျင့်ကြံသူသည် မည်သည့်နေရာတွင် နေထိုင်သည်ကို မသိရသေးသည့်တိုင် တိချိုးမြို့တော်မှ ထွက်ခွာသွားခြင်း မရှိသေးသည်ကို သူကောင်းကောင်း သိနေလေသည်။
သို့သော် ထိုကျင့်ကြံသူသည် တစ်ချိန်မဟုတ် တစ်ချိန်တော့ သူ့ကိုလာရှာမည် ဖြစ်လေသည်။ သူထင်လျှင် မည်သည့်အခါမှ မမှားတတ်ပေ။
ထျန်းယီအကြီးအကဲကိုတော့ လောလောဆယ် အချိန်တွင် တာ့ရှားဧကရာဇ်သည် သေစေလိုသည့် ဆန္ဒမရှိသေးပါ။ သူ့ကို ဆက်ပြီး ချုပ်နှောင် ထားချင်သေးသည်။ နောက်ပိုင်း မဖြစ်တော့သည့် အခြေအနေမှ သတ်လျှင်လည်း ရလေသည်။
အရေးကြီးသည့် အချက်မှာ ထျန်းယီသည် ကျင့်စဉ်လမ်းတွင် အဆင့်ရှစ်ကို ကျော်ဖြတ်ပြီး နေပြီဆိုသည့် အချက်ပင်။ အဆင့်ရှစ်ကို ကျော်လွန်ပြီး အဆင့်ကိုးသို့ တက်ရောက် နိုင်မည် ဆိုလျှင်တော့ ထျန်းယီ၏ မူလဝိညာဉ် ခန္ဓာသည် စတင် ဖြစ်တည်လာမည် ဖြစ်လေသည်။ ထို့ကြောင့် ထျန်းယီကဲ့သို့ အရည်အချင်း ရှိသူ တစ်ယောက်ကို တာ့ရှားဧကရာဇ် အနေဖြင့် ဖမ်းဆီး ထားချင်သည့်တိုင် သတ်ဖြတ်လိုစိတ်တော့ မရှိသေးပေ။
သို့သော် သူသည် ထိုကိစ္စကို အခြားသူများကို မည်သို့ရှင်းပြရမည်မသိပေ။
ထျန်းယီကိုယ်တိုင် တိချိုး သို့လာခဲ့ရသည့် အကြောင်းရင်းမှာလည်း တာ့ရှားဧကရာဇသည် သူ့ကို သတ်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်သည့်အတွက် ဖြစ်လေသည်။
ထျန်းယီသည် တိချိုးရှိ ရှားထိုက် အကျဉ်းထောင်ထဲတွင် အချိန်ဖြုန်းနေခဲ့သည်။ သူက တာ့ရှားဧကရာဇ် သူ့ကို လွှတ်ပေးမည့်အချိန်ကို စောင့်နေခြင်း ဖြစ်လေသည်။ သို့သော် တာ့ရှား ဧကရာဇ်က သူ့ကို မလွှတ်ပေးနိုင်ပါ။ ထျန်းယီကို လွှတ်ပေးလိုက်သည်နှင့် သူ့ဘဝတွင် ထျန်းယီကို ရှုံးနိမ့်သွားမည် ဖြစ်လေသည်။ တစ်ခဏမဟုတ် ၊ တစ်ဘဝလုံး ရှုံးနိမ့်သွားမည် ဖြစ်လေသည်။
အမတ်မင်းများသည် ညစာ စားပွဲခန်းမဆောင် အတွင်းသို့ ဝင်ရောက် လာကြလေသည်။ သူတို့က နန်းဝတ် နန်းစားများကို ခမ်းနားစွာ ဝတ်ဆင်ထားကြပြီး တာ့ရှားဧကရာဇ်ကို မော့ပင် မကြည့်ရဲကြပေ။ သူတို့က သူတို့ထိုင်ရမည့် နေရာများတွင် အသီးသီး နေရာ ယူလိုက်ကြလေသည်။
တာ့ရှားဧကရာဇ်ကို စိုက်ကြည့်ရဲသူဆို၍ ခန်းမတစ်ခုလုံးတွင် လူတစ်ယောက်သာ ရှိလေသည်။ ထိုသူထိုင်နေသည့် နေရာမှာလည်း တာ့ရှားဧကရာဇ်ဖြင့် သိပ်ပြီးမဝေးလှပေ။
တာ့ရှားဧကရာဇ်က သူမကို ပြန်ကြည့်လိုက်ရင်း ရယ်မောလိုက်လေသည်။
“ကျင်းကျင်း၊ ဦးရီးတော်ဘေးမှာ လာထိုင်လေ၊ ကြည့်စမ်း… မင်းအရမ်း ထွားလာတာပဲကိုး…”
တာ့ရှား ဧကရာဇ်တွင် သမီးတော်မရှိပေ။ သားတော် တစ်ပါးသာလျှင် ရှိလေသည်။ ထို့ကြောင့် တူမတော်ဖြစ်သူ လေ့ကျင်းကို တာ့ရှားဧကရာဇ်က အလွန်မှ ချစ်ခင်လေသည်။
တာ့ရှားဧကရာဇ်နှင့် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ရဲပြီး စကားပြောရဲဆိုရဲသူဆို၍ လေ့ကျင်း တစ်ယောက်သာ ရှိလေသည်။
လေ့ကျင်းသည် တာ့ရှားဧကရာဇ်၏ အနားသို့ ငှက်မွှေးလေးတစ်စပမာ လှပသည့် ကိုယ်နေဟန်ဖြင့် လွင့်ခနဲ ရွေ့လျား သွားလေသည်။
“သမီးနန်းတော်ကိုမလာတာ ဒီလောက်ကြာနေတာ၊ ဦးလေးက သမီးကို သတိမရဘူးလား”
တာ့ရှားဧကရာဇ်က လေ့ကျင်း၏ ပခုံးကို အသာပုတ်လိုက်ရင်း နူးညံ့စွာဖြင့် စကား ဆိုလိုက်သည်။
“သမီးမှ နန်းတော်ကိုမလာတာ၊ ဒါပေမဲ့ ပွဲတော်ရက်သာ သမီးရောက်မလာရင် နန်းတော် အပြင်ကို ဦးလေး ကိုယ်တိုင် ထွက်ပြီး သမီးကို လာရှာတော့မလို့ပဲ”
လေ့ကျင်းက ရယ်မော့လိုက်ရင်း…
“ဦးရီးတော်၊ သမီး ဦးရီးတော်ဆီ လာမလည်တာက ဦးရီးတော်ကို ဆက်သဖို့ လက်ဆောင် တစ်ခု လုပ်နေလို့ပါ၊ အဲဒီလက်ဆောင်ကို ဦးရီးတော် သဘောကျမယ်လို့ သမီးအာမခံတယ်”
တာ့ရှားဧကရာဇ်က ရယ်မောလိုက်ရင်း…
“ဒီ ဝမ်ချန်နန်းတော်မှာ လိုချင်တာ ဘာမဆိုရနိုင်တယ်၊ ဒါပေမဲ့ သမီးက လက်ဆောင်ပေးမယ် ဆိုတော့… ဘာများပါလိမ့် ၊ အဲဒီလက်ဆောင်ကို ဦးရီးတော် သဘောမကျဘူးဆိုရင်တော့ သမီးတော့ အပြစ်ပေး ခံရမယ်နော်”
လေ့ကျင်းက ခေါင်းလေးပုကာ လျှာလေး ထုတ်လိုက်ရင်း…
“ဒီလိုတော့ လုပ်လို့ မရဘူးလေ၊ တော်ကြာ သဘောကျရဲ့သားနဲ့ သဘောမကျဘူးဆိုပြီး ဦးရီးတော်က လိမ်ပြောရင် ဘယ်လိုလုပ်မလဲ”
“ကြည့်စမ်း … ဦးရီးတော်ကို ဒီလိုစကားမျိုး ပြောရဲတာ သမီးတစ်ယောက်ပဲ ရှိတယ်၊ တခြားသူသာ ဒီလိုစကားမျိုး ပြောရင်သေဒဏ်ပဲ”
တာ့ရှားဧကရာဇ်၏ စကားကြောင့် အမတ်မင်းများထံမှ ရယ်သံ သဲ့သဲ့ ထွက်ပေါ်လာကြလေသည်။ သို့သော် တာ့ရှား ဧကရာဇ်က မျက်လုံးတစ်ချက် ဝေ့ကြည့် လိုက်သည်နှင့် ချက်ချင်း ပြန်လည် တိတ်ဆိတ်သွားကြလေသည်။ တာ့ရှားဧကရာဇ် ကိုယ်တိုင်လည်း ထိုအဖြစ်အပျက်ကြောင့် ကြိတ်ပြီး ပြုံးလိုက်မိလေသည်။
ထို့ပြင် သူက လေ့ကျင်းပေးမည့် လက်ဆောင်ကိုလည်း အလွန်စိတ်ဝင်စားနေမိသည်။
ထို့ကြောင့်….
“လာကြစမ်း၊ ကျင်းကျင်း ဆက်သတဲ့ လက်ဆောင်ကို သွားယူခဲ့ကြ၊ ငါကိုယ်တော် ကြည့်ချင်နေပြီ”
လူနှစ်ယောက်သည် စိမ်းပြာရောင် ပိုးသားပိတ်စဖြင့် ဖုံးအုပ်ထားသည့် ရုပ်တုကြီးတစ်ခုကို ယူဆောင်လာကာ ခန်းမထဲတွင် နေရာချထားလိုက်လေသည်။
ရုပ်တုကိုသယ်ဆောင်လာသည့် လူတစ်ယောက်က စိမ်းပြာရောင် ပိုးသားကို ဖယ်ရှားမည် ပြုလိုက်စဉ်….
“နေဦး…. ငါကိုယ်တော် ကိုယ်တိုင် ပိုးသားပိတ်စကို ဖယ်ပြီး ရှုစားမယ်”
တာ့ရှားဧကရာဇ်ကပြောလိုက်လေသည်။
တာ့ရှား ဧကရာဇ်၏ စိတ်ထဲတွင် ထူးဆန်းမှု တစ်ခုကို ခံစားနေရလေသည်။
ဆန်းလျန်သည် သံတမန်များ အတွက် စီစဉ်ထားသည့် အထူးတန်း ထိုင်ခုံတစ်ခုတွင် ထိုင်နေလေသည်။
ဆန်းလျန်မည်သူမည်ဝါဖြစ်သည်ကိုသိရှိသွားကြသည့် သံတမန်များသည် ဆန်းလျန်ကို လာရောက် နှုတ်ဆက်ကာ စကားစမြည် ပြောဆိုနေကြလေသည်။
ဆန်းလျန်ကလည်း သူတို့ကို အေးအေးဆေးဆေးပင် စကားပြန်ပြော နေလေသည်။ တာ့ရှား အနောက်ဘက်ဒေသနှင့် သားရဲများ အကြောင်းကို သူတို့ပြောဆိုနေကြခြင်း ဖြစ်လေသည်။ ထိုဒေသတွင် “တိ” မျိုးနွယ်များ နေထိုင်လေသည်။ တိမျိုးနွယ်များသည် သားရဲများနှင့် အဆင်ပြေကြပြီး တောနက်များထဲတွင် ခံတပ်များ ဆောက်လုပ်ကာ နေထိုင် တတ်ကြလေသည်။
တာ့ရှားပြည်၏ မြောက်ဘက်ပိုင်း မိုင်ထောင်ပေါင်း များစွာ ဝေးကွာသည့် နေရာ တစ်နေရာတွင် ယိုးသိုးတေင်ဆိုသည့် တောင်တစ်လုံး ရှိလေသည်။ ထိုယိုးသိုးတောင်သည် မြင့်မြတ်သည့် တောင်တစ်လုံး ဖြစ်သည်ဟု တိမျိုးနွယ်များက ယုံကြည်ကြလေသည်။
အဘယ်ကြောင့်ဆိုသော်… နိမိတ်စကား တစ်ခု ရှိခဲ့ဖူးလေသည်။
ယိုးသိုးတောင်တွင် တိမျိုးနွယ်များကို စုစည်းပေးမည့် ဧကရာဇ်တစ်ပါး မွေးဖွားလာပြီး အင်ပါယာကြီး တစ်ခု တည်ထောင်လိမ့်မည် ဆိုသည့် နိမိတ်စကားပင်။
ထို့ကြောင့် တိမျိုးနွယ်များသည် ယိုးသိုးတောင်အတွက် အမြဲတမ်း တိုက်ပွဲ ဝင်ခဲ့ကြလေသည်။
ဆန်းလျန်က ထိုအကြောင်းအရာများကို အလိုက်အထိုက်ပင် နားထောင် နေလေသည်။ သို့သော် သူက နားထောင်ရင်းဖြင့် မြောက်ပိုင်းဒေသ၏ ဓလေ့ထုံးစံ များကိုလည်း စိတ်ဝင်စား နေမိသည်။
ထိုစဉ်…
ဆန်းလျန်၏ နားထဲတွင် ကျယ်လောင်လွန်းသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။
“ကျုပ်နဲ့တွေ့ဖို့ အဆင်ပြေနိုင်မလား….”
***