အခန်း (၁၈၁-၁၈၂)
Vol. 10 Ch. 181-182
အခန်း (၁၈၁) - အဘိုးကြီးရဲ့၏ အမျိုးမျိုးသော အတွေးများ
ပြတိုက်မှူး ထွက်ခွာသွားပြီ ဖြစ်၏။
သို့သော် ဧည့်ခန်းမအတွင်းရှိ ဧည့်သည်များကတော့ ကျန်ရှိနေသေးသည်။
ရဲ့ယွီကျိုးသည် ယခုတိုင် တည်ကြည်လေးနက်သော မျက်နှာထားနှင့် ရှိနေပြီး၊ သူ ဘယ်နေရာမှာ ပြတိုက်မှူးကို စိတ်ဆိုးအောင် လုပ်မိသလဲ ဆိုသည်ကို အသည်းအသန် စဉ်းစားနေမိသည်။ ပြတိုက်မှူးသည် သူ့ကို လမ်းညွှန်မှု မပေးသည့်အပြင် သူရှာလာသော ဆေးပစ္စည်းများကိုပင် လက်မခံခဲ့ပေ။
ဒါက သူ၏ သားရဲ အဆင့်တက်ရေးအတွက် အလွန် အရေးကြီးသော ကိစ္စဖြစ်ရာ၊ ပြတိုက်မှူး၏ ဒေါသပြေစေရန် သူ တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။
ဒါပေမဲ့ ပြဿနာက ပြတိုက်မှူးက သူ ဘာမှားခဲ့သလဲ ဆိုသည်ကို အရိပ်အယောင်ပင် မပြခဲ့သလို၊ ရဲ့ယွီကျိုး ကိုယ်တိုင်လည်း ဘာမှ ရှာမတွေ့နိုင်ခြင်းပင်။
“အဘိုးကြီးရဲ့... ခင်ဗျား ဘယ်လိုလုပ်ပြီး ပြတိုက်မှူးကို စိတ်ဆိုးအောင် လုပ်မိတာလဲ”
ကျီးကန်းနက်က မပြန်သေးဘဲ အနားသို့ လာမေးလိုက်သည်။
အစပိုင်းတွင် ဧည့်သည်များမှာ တစ်ဦးကိုတစ်ဦး သံသယရှိခဲ့ကြသော်လည်း၊ အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက်တွင်တော့ အတော်လေး ရင်းနှီးလာကြပြီ ဖြစ်သည်။
ဟုတ်ပါတယ်၊ ကျီးကန်းနက်လို လူမျိုးအတွက်တော့ ဘယ်သူ့ကိုမဆို အရင်စကားပြောလေ့ မရှိပေ။
ရဲ့ယွီကျိုးနှင့် ဝိညာဥ်ကလေးငယ်တို့မှာတော့ သူနှင့် တန်းတူအဆင့်ရှိသဖြင့် ခြွင်းချက် ဖြစ်ကြ၏။
စပ်စုချင်စိတ် ပြင်းပြနေသော ဟယ်ချန်းသည်လည်း အနားသို့ ရောက်လာပြီး အကြံပေးလိုက်သည်။
“ဆရာကြီးရဲ့... အကယ်၍ ဆရာကြီးက ပြတိုက်မှူးကို စိတ်ဆိုးအောင် လုပ်မိတာ ရှိရင်လည်း တောင်းပန်လိုက်ပေါ့... သူက ခွင့်လွှတ်တတ်တဲ့သူဆိုတော့ ဆရာကြီးကို ဆက်ပြီး အပြစ်ပေးမှာ မဟုတ်ပါဘူး”
ကျန်းဇီချီနှင့် ဝိညာဥ်ကလေးငယ်မိခင်တို့ပင်လျှင် အဘိုးကြီးရဲ့က ဘယ်လိုများ ပြတိုက်မှူးကို သွားပြီး စိန်ခေါ်မိသလဲ ဆိုသည်ကို သိချင်သဖြင့် မပြန်သေးဘဲ စောင့်ကြည့်နေကြ၏။
ရဲ့ယွီကျိုးမှာတော့ အားကိုးရာမဲ့သည့် ပုံစံနှင့် ပြောလိုက်၏။
“ကျုပ် တကယ် မသိဘူးဗျ... ဒါက ကျုပ် ဧည့်ခန်းမထဲကို ရောက်တာ ဒုတိယအကြိမ်ပဲ ရှိသေးတယ်... စိတ်ဆိုးအောင် လုပ်ဖို့တောင်မှ ကျုပ်မှာ အခွင့်အရေး မရှိသလောက်ပါပဲ”
ထိုစဉ် လူလည် ကျီးကန်းနက်က ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
“ခင်ဗျား တိုက်ရိုက် လုပ်ခဲ့တာ မဟုတ်ရင်တောင်မှ... အဘိုးကြီးရဲ့.. ခင်ဗျားက ပြတိုက်မှူးနဲ့ ပတ်သက်နေတဲ့ တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လုပ်မိခဲ့တာလား”
ဒါက စဉ်းစားစရာ လမ်းစသစ်တစ်ခုပင်။
ရဲ့ယွီကျိုးမှာ ထက်မြက်သူဖြစ်ရာ ချက်ချင်းပင် ထိုအချက်ကို သတိထားမိသွားသည်။
သို့သော် သူသည် မကြာသေးမီက ကျင့်ကြံသူများအသင်းမှာပဲ ရှိနေခဲ့ပြီး အပြင်ပင် သိပ်မထွက်ခဲ့ပေ။ ပြတိုက်မှူးကဲ့သို့ ဆန်းကြယ်ပြီး အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးနှင့် ပတ်သက်နေသူကို သူ ဘယ်လိုများ သွားပြီး ထိပါးမိမှာလဲ။
သူ တကယ် စဉ်းစားမရပေ။
“ဒါမှမဟုတ် ရှင်က တစ်ယောက်ယောက်အပေါ် မကောင်းတာ လုပ်ခဲ့တာမျိုး၊ ဒါမှမဟုတ် ဘက်လိုက်ပြီး ဆက်ဆံခဲ့တာမျိုး ရှိသလား”
ဝိညာဥ်ကလေးငယ်မိခင်က ဝင်ပြောလိုက်၏။ သူမသည်လည်း အဘိုးကြီးရဲ့ ဘယ်လို ပြဿနာရှာမိသလဲ ဆိုသည်ကို အတော်လေး စိတ်ဝင်စားနေပုံရသည်။
သူမက ကြောက်စရာကောင်းသော စုန်းမကြီးကဲ့သို့ ဖြစ်သော်လည်း၊ တစ်ဖက်တွင်တော့ မိန်းမသားပီပီ စပ်စုချင်စိတ်တော့ ရှိနေသေးသည် မဟုတ်ပါလား။
ရဲ့ယွီကျိုးမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
ဘာကြောင့်လဲဆိုတော့ သူသည် တစ်စုံတစ်ဦးကို ဆူပူကြိမ်းမောင်းခဲ့လျှင်တောင်မှ၊ ထိုသူက ပြတိုက်မှူးနှင့် ပတ်သက်နေစရာ အကြောင်းမရှိဟု ထင်နေသောကြောင့်ပင်။
သို့သော်လည်း ဝိညာဥ်ကလေးငယ် ပေးလိုက်သော သဲလွန်စက သူ့ကို လမ်းစတစ်ခုဆီသို့ ပို့ဆောင်ပေးလိုက်သည်။
အကယ်၍ ကျီးကန်းနက် သို့မဟုတ် ဝိညာဥ်ကလေးငယ်မိခင်တို့သာဆိုလျှင် သူတို့ စိတ်ဆိုးအောင် လုပ်ခဲ့သော လူဦးရေမှာ ရေတွက်၍ပင် ရမှာ မဟုတ်ပေ။ ဘယ်သူ့ကို ဘာလုပ်ခဲ့မှန်းတောင် မှတ်မိကြမှာ မဟုတ်သော်လည်း ရဲ့ယွီကျိုးကတော့ ထိုသို့သော လူမျိုး မဟုတ်ပေ။
လွန်ခဲ့သော ခုနစ်ရက်အတွင်း သူသည် ‘ပျံလွှားတိမ်တိုက် ရေနဂါး’ ၏ အဆင့်တက်နည်းကိုပဲ အခန်းအောင်းပြီး လေ့လာနေခဲ့ခြင်း ဖြစ်၏။ သူသည် အပြင်လူနှင့် ထိတွေ့မှု အလွန်နည်းပါးခဲ့ပြီး၊ အကယ်၍ တစ်ယောက်ယောက်နှင့် အဆင်မပြေ ဖြစ်ခဲ့သည်ဆိုလျှင် ထိုသူက တစ်ယောက်တည်းသာ ရှိသည်။
လင်းကျင်း...
ရဲ့ယွီကျိုးသည် သူ အတွေးလွန်နေတာ ဖြစ်ရမည်ဟု ချက်ချင်းပင် တွေးလိုက်မိ၏။ သို့သော် ထူးဆန်းသည်မှာ အချို့သော ကိစ္စရပ်များမှာ မဖြစ်နိုင်ဟု ထင်ရသော်လည်း၊ သေချာ ပြန်စဉ်းစားကြည့်လျှင် ထိုမဖြစ်နိုင်သော အချက်များကပဲ အမှန်တရား ဖြစ်နေတတ်ခြင်းပင်။
အခု ရဲ့ယွီကျိုး၏ စိတ်ထဲတွင်လည်း ထိုအတိုင်း ဖြစ်နေတော့သည်။
သူသည် လင်းကျင်းနှင့် ပတ်သက်သော အချက်အလက်အားလုံးကို အသည်းအသန် ပြန်လည် စဉ်းစားနေမိရာမှ မျက်လုံးများ ပြူးသွားရ၏။
ဒီလင်းကျင်းဆိုတဲ့ လူငယ်လေးက မေပယ်မြို့ရဲ့ အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ယောက်ပဲ။
သားရဲအကဲဖြတ်မှူး...
ဒါက ပြတိုက်မှူးရဲ့ ကျွမ်းကျင်မှုနဲ့ ထပ်တူကျနေတာ မဟုတ်လား။
ပြတိုက်မှူးသည်လည်း သားရဲအကဲဖြတ်ခြင်းမှာ အလွန် ကျွမ်းကျင်လှပေသည်။
ထို့ပြင် လင်းကျင်း၏ အသက်အရွယ်နှင့်ဆိုလျှင် မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ် ဥက္ကဋ္ဌပင် သူ၏ အစွမ်းကို မမှီပေ။ ဒါဆိုလျှင် လင်းကျင်းကို ဘယ်သူက ဒီပညာတွေ သင်ပေးခဲ့တာလဲ။
ဒါတင်မကသေးပါဘူး၊ ရန်ကျဲသည် လင်းကျင်းနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထိုစဉ်က ရန်ကျဲ ပြန်ပြောပြသော အချက်ကို ရဲ့ယွီကျိုး သတိရသွား၏။
လင်းကျင်း၏ တိုက်ခိုက်မှုများမှာ လျင်မြန်ပြီး ဆန်းကြယ်လှသည်။ သူ ဘာလုပ်လိုက်မှန်း မသိဘဲ ရန်ကျဲ၏ ဂျိုင်းအောက်ကို တစ်ခုခုနှင့် ထိုးလိုက်ရာ၊ ရန်ကျဲ၏ ခန္ဓာကိုယ်တစ်ခြမ်းလုံး ထုံကျင်သွားခဲ့ရသည်ဟု ဆိုသည်။
အခုလေးတင် ပြတိုက်မှူးက ဝိညာဥ်ကလေးငယ်မိခင်၏ သားရဲကို ကုသပေးစဉ်က သုံးသွားသော အပ်စိုက်နည်းစနစ်မှာလည်း ထိုကဲ့သို့ပင် ဆန်းကြယ်လှပေသည်။
သေချာ စဉ်းစားကြည့်လျှင် လင်းကျင်း သုံးခဲ့သော နည်းစနစ်မှာ ပြတိုက်မှူး၏ နည်းစနစ်နှင့် တစ်ထပ်တည်း ကျနေနိုင်ပေသည်။
ဤနေရာသို့ ရောက်သောအခါ ရဲ့ယွီကျိုး၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာတော့၏။
ဤလောကတွင် အချို့သော ကိစ္စရပ်များမှာ သေချာ အလေးအနက် စဉ်းစားကြည့်လိုက်လျှင် ကြောက်စရာကောင်းလှပေသည်။
အဘိုးကြီးရဲ့ တစ်ခုခုကို သိသွားပြီမှန်း အခြားသူများက သတိထားမိသွားကြသည်။ သူတို့က စပ်စုချင်စိတ်နှင့် အသည်းအသန် မေးမြန်းကြသော်လည်း ရဲ့ယွီကျိုးကတော့ နှုတ်ဆိတ်နေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် လင်းကျင်း၏ ‘ပုံရိပ်ယောင် နည်းစနစ်’ကို မှတ်တမ်းတင်ခွင့် မပြုဘဲ အကျပ်ကိုင်ခဲ့သည်ကို ပြန်လည် တွေးတောနေမိသည်။
အကယ်၍ လင်းကျင်းသာ ပြတိုက်မှူးနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေခဲ့လျှင်၊ အခု ဖြစ်ပျက်သမျှမှာ အဓိပ္ပာယ်ရှိသွားပြီ ဖြစ်သည်။
ဟုတ်သားပဲ၊ ‘ပုံရိပ်ယောင် နည်းစနစ်’ ကိစ္စလည်း ရှိသေးတာပဲ။
ထိုကဲ့သို့သော နက်နဲလှသည့် နည်းစနစ်ကို လင်းကျင်းက သူ့ဘာသာသူ တီထွင်နိုင်မှာ မဟုတ်ကြောင်း ရဲ့ယွီကျိုး အစကတည်းက သံသယရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သေချာပေါက် ပညာရှင်တစ်ဦး၏ သင်ကြားမှု ဖြစ်ရပေမည်။
ထိုစဉ်က ပြဿနာတက်ခဲ့သည်မှာလည်း ထိုပညာရှင်က ဘယ်သူလဲဆိုသည်ကို လင်းကျင်းက မပြောပြသောကြောင့် ရဲ့ယွီကျိုးက တမင် ဒုက္ခပေးခဲ့ခြင်း မဟုတ်ပါလား။
အခု ပြန်စဉ်းစားကြည့်လျှင် လင်းကျင်းပြောသော ထို ‘ပညာရှင်’ ဆိုသူမှာ ပြတိုက်မှူး ဖြစ်နေနိုင်သည် မဟုတ်ပါလား။
ဒါက ဖြစ်နိုင်ခြေ အရှိဆုံးပဲ။
ရဲ့ယွီကျိုး၏ မျက်နှာမှာ ဖြူဖျော့သွားလိုက်၊ ပြာနှမ်းသွားလိုက်နှင့် ဖြစ်နေသဖြင့် အခြားသူများမှာ ပို၍ပင် စပ်စုချင်နေကြတော့သည်။
သို့သော် ရဲ့ယွီကျိုး အမှန်တရားကို သိသွားချိန်မှာတော့ ဒါကို ဘယ်သူ့ကိုမှ မပြောပြဖို့ ပို၍ ဆုံးဖြတ်လိုက်မိသည်။
ဘာကြောင့်လဲဆိုတော့ သူသာ ဒါကို ထုတ်ပြောလိုက်လျှင် ပြတိုက်မှူးက သူ့ကို ပို၍ စိတ်ဆိုးသွားနိုင်ပြီး၊ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်တော့သောကြောင့် ဖြစ်၏။
ထို့ကြောင့်ပင် ရဲ့ယွီကျိုးသည် ချက်ချင်း ထွက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် အမှားကို ပြန်လည် ပြင်ဆင်ရပေမည်။ သူ၏ ကောက်ချက်အရ လင်းကျင်းမှာ ပြတိုက်မှူး၏ တပည့် ဖြစ်နေနိုင်ပေသည်။
ထို့ကြောင့် ပြတိုက်မှူး ဒေါသထွက်နေရခြင်းမှာ သူသည် ရဲ့ယွီကျိုးက ဘယ်သူမှန်း သိနေပြီး၊ လင်းကျင်းကို သူ ဘယ်လို ဒုက္ခပေးခဲ့သလဲ ဆိုသည်ကိုလည်း သိနေသောကြောင့် ဖြစ်ရမည်။
သီသီလေးပဲ။
ကံကောင်းထောက်မစွာဖြင့် ရဲ့ယွီကျိုး ဒါကို သိသွားခဲ့သည်၊ မဟုတ်လျှင်တော့ အခြေအနေက အချိန်နှောင်းသွားပေလိမ့်မည်။
အခုဆိုလျှင် သူ့မှာ အခွင့်အရေး ရှိပါသေးသည်။ သူသာ အမှားကို ပြန်ပြင်နိုင်ခဲ့လျှင် ပြတိုက်မှူး၏ စိတ်ထဲတွင် သူ၏ ပုံရိပ်ကို ပြန်လည် ကောင်းမွန်အောင် လုပ်နိုင်ပေလိမ့်မည်။
ရဲ့ယွီကျိုး ထွက်သွားရန် ပြင်လိုက်သဖြင့် အခြားသူများမှာ စိုးရိမ်တကြီး ဖြစ်သွားကြ၏။
“အဘိုးကြီးရဲ့... ခင်ဗျား ဒါကတော့ မတရားဘူးလေ... ခင်ဗျား တစ်ခုခု သိသွားတာ မဟုတ်လား... ကျုပ်တို့ကိုလည်း ပြောပြပါဦး၊ အတူတူ ဝိုင်းစဉ်းစားပေးလို့ ရတာပေါ့”
ကျီးကန်းနက်က ဆိုလိုက်သည်။
ကျီးကန်းနက်ကို သိသောသူများသာ အခု သူ၏ အမူအရာကို မြင်လျှင်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားကြပေလိမ့်မည်။ ဧည့်ခန်းမအတွင်းမှာတော့ သူသည် ကြောက်စရာကောင်းသော သေမင်းတမန်လည်း မဟုတ်၊ ရက်စက်သော စေတန်လည်း မဟုတ်ပေ။ အခုဆိုလျှင် သူသည် အတင်းအဖျင်း ပြောရသည်ကို ဝါသနာပါသော သာမန်လူတစ်ယောက်ကဲ့သို့သာ။
“ဆရာကြီးရဲ့.. မသွားပါနဲ့ဦး”
ဟယ်ချန်းက တားသော်လည်း မရခဲ့ပေ။
ထိုစဉ် ဝိညာဥ်ကလေးငယ်မိခင်က သက်ပြင်းချလိုက်ပြီး ဆိုလိုက်၏။
“ထားလိုက်ပါတော့... သူ အကြောင်းရင်းကို ရှာတွေ့သွားပြီ ထင်တယ်... သူ ပြတိုက်မှူးကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်မိမှာ ကြောက်လို့ ဘာမှ မပြောဘဲ နေတာ ဖြစ်ရမယ်... သူ့ကို ဆက်ပြီး အကျပ်မကိုင်ကြပါနဲ့တော့”
ဝိညာဥ်ကလေးငယ်မိခင်သည်လည်း ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ၊ အရင်ကဆိုလျှင် သူမကို စိတ်အနှောင့်အယှက်ပေးသူကို သတ်ဖြတ်တတ်သော မိစ္ဆာမကြီး မဟုတ်တော့ပေ။ သူမ၏ နောက်ကြောင်းကို မသိသောသူများဆိုလျှင် သူမကို အေးဆေးတည်ငြိမ်သော အိမ်ထောင်ရှင်မလေးတစ်ဦးဟုပင် ထင်မှတ်သွားနိုင်ပေသည်။
သူမတင်မကဘဲ ဤနေရာရှိ လူတိုင်းသည် ဧည့်ခန်းမအတွင်းမှာတော့ ပို၍ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်ကြသည်။ ပြင်ပလောကရှိ လုပ်ကြံဖန်တီးမှုများနှင့် ရန်ငြိုးရန်စများကို ဂရုစိုက်နေစရာ မလိုပေ။
စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ဟယ်ချန်းသည် ဝိညာဥ်ကလေးငယ်မိခင်ကို မကြောက်တော့ပေ။ ကြောက်စရာ မလိုမှန်းလည်း သူမ နားလည်သွား၏။
အကြောင်းရင်းကတော့ ရိုးရှင်းလှသည်။
ဒါက ဧည့်ခန်းမ မဟုတ်ပါလား။ ပြတိုက်မှူး၏ ဒေါသကို မရင်ဆိုင်ချင်လျှင် အားလုံး ယဉ်ကျေးစွာ နေထိုင်ကြရမည် ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် သူတို့အားလုံးမှာ ဘေးကင်းလုံခြုံနေကြခြင်းပင်။
“ဟုတ်သားပဲ... ခင်ဗျားတို့ထဲက ဘယ်သူက နန်လီ (Nanli) ပြည်နယ်မှာ ရှိသလဲ... ဆေးဖော်ဖို့အတွက် အဲဒီက ဆေးပင်တစ်မျိုး ကျုပ် လိုချင်လို့ပါ”
ကျီးကန်းနက်က ရုတ်တရက် မေးလိုက်၏။
ခေတ္တ တိတ်ဆိတ်သွားပြီးနောက်၊ အမြဲတမ်း တိတ်ဆိတ်နေတတ်သော ကျန်းဇီချီက မေးလိုက်သည်။
“ခင်ဗျား ဘာဆေးပင် လိုချင်လို့လဲ”
“မြွေအရေခွံ နွယ်ပင်ရဲ့ မြေအောက်ပင်စည် လိုချင်တာဗျ"
ကျီးကန်းနက်က ဆို၏။
ကျန်းဇီချီက ခေါင်းငြိမ့်လိုက်ပြီး ကတိပေးလိုက်၏။
“နောက်တစ်ခေါက်ကျရင် ကျုပ် ယူလာခဲ့ပါ့မယ်”
“ကျေးဇူးပဲ”
ကျီးကန်းနက် ပြောပြီးသည်နှင့် ကျန်းဇီချီက ဆက်ပြောလိုက်၏။
“အလကားတော့ မဟုတ်ဘူးနော်... ခင်ဗျားလည်း ကျုပ်အတွက် တစ်ခုခု လုပ်ပေးရမယ်... ‘ရှင်းဟယ်’ အရက်အကြောင်း ကြားဖူးလား”
ကျီးကန်းနက် အံ့ဩသွားပြီး မေးလိုက်၏။
“ခင်ဗျားက အရက်သောက်ချင်တာလား”
“မသောက်ရတာ ကြာပြီဗျာ... နောက်တစ်ခေါက်ကျရင် တစ်ပုလင်းလောက် ယူလာခဲ့ပါဦး”
ကျန်းဇီချီက နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ပြောလိုက်ရာ၊ သူသည် အရက်မသောက်ရသည်မှာ ကြာနေပြီဖြစ်သော အရက်သမားကြီးတစ်ဦးနှင့် တူနေတော့သည်။
ကျီးကန်းနက်ကလည်း ဘာကြောင့် သူကိုယ်တိုင် သွားမဝယ်သလဲ ဆိုသည်ကို မမေးတော့ပေ။ ကျန်းဇီချီ ပြောပုံအရ သူသည် အရက်ဝယ်၍ မရသော နေရာတစ်ခုတွင် ရှိနေဟန် တူပေသည်။ ကျီးကန်းနက်မှာလည်း သူတစ်ပါးအပေါ် ကျေးဇူးတင်ရှိနေရသည်ကို မကြိုက်သဖြင့်၊ ကျန်းဇီချီ အရက်သောက်ချင်သည်ဆိုလျှင် သူ တစ်စည်စာလောက်တောင် ယူလာပေးရန် စိတ်ကူးထား၏။
ဟယ်ချန်းသည် ဒါကို နားထောင်ရင်း မျက်လုံးများ တောက်ပလာရသည်။
ဤဧည့်ခန်းမ၏ နောက်ထပ် အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုကို သူမ ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်၏။ ဤနေရာသည် ဧည့်သည်များအတွက် ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုလည်း ဖြစ်နေသည် မဟုတ်ပါလား။
သူတို့သည် ပုံမှန်အားဖြင့် ရှာဖွေရန် ခက်ခဲသော အရာများကို ဤနေရာမှတစ်ဆင့် ရရှိနိုင်သလို၊ တစ်ဦးကိုတစ်ဦး လိမ်ညာလိမ့်မည်ဟုလည်း စိုးရိမ်စရာ မလိုပေ။
ဘယ်သူမှ မလိမ်ဝံ့ကြပေ။
အကယ်၍ ပြတိုက်မှူးသာ သိသွားလျှင် အားလုံး ဒုက္ခရောက်ကုန်မှာ ဖြစ်သဖြင့်၊ ဤနေရာမှ ကုန်သွယ်မှုတိုင်းမှာ တရားမျှတပြီး ရိုးသားနေမှာ သေချာလှပေသည်။
ထိုသို့ တွေးမိသောအခါ ဟယ်ချန်း စိတ်လှုပ်ရှားသွားရ၏။
“နန်လီ ပြည်နယ်မှာ ထူးခြားတဲ့ သစ်သီးတွေ အများကြီး ရှိတယ်လို့ ကြားဖူးတယ်... ကျွန်မအတွက် နည်းနည်းလောက် ယူလာပေးလို့ ရမလား”
ဟယ်ချင်းက မေးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ အလကား တောင်းတာ မဟုတ်ပါဘူး၊ ကျွန်မ တစ်ခုခုနဲ့ ပြန်လဲပေးပါ့မယ်”
“သစ်သီးတွေက တန်ဖိုးရှိတာ မဟုတ်ပါဘူး၊ နောက်တစ်ခေါက်ကျရင် ငါ ယူလာခဲ့ပါ့မယ်”
ကျန်းဇီချီက ဤတစ်ကြိမ်တွင် အတော်လေး ရက်ရက်ရောရော ပြောလိုက်၏။
ထို့နောက်တွင် သူတို့အုပ်စုသည် ဘာမှ ဖုံးကွယ်မထားဘဲ ရင်းရင်းနှီးနှီး စကားဆက်ပြောနေကြတော့သည်။
မင်းသားကြီး အဘိုးကြီးထျန်းကလွဲလို့ပေါ့။
သူသည် အဖွဲ့ထဲမှ ဖယ်ကြဉ်ခံထားရသည်မှာ သိသာလှပေသည်။ သူသည် သူတို့နှင့် ပူးပေါင်းချင်သော်လည်း၊ ပြတိုက်မှူးက သူ့ကို ဂရုမစိုက်သဖြင့် အခြားသူများကလည်း သူ့ကို ခပ်ခွာခွာသာ ဆက်ဆံကြသည်။
သူ ခေတ္တ စဉ်းစားပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။
သူသည် ဧည့်ခန်းမမှ ထွက်ခွာပြီး ဝိညာဉ်တံခါးမှတစ်ဆင့် ပြန်ထွက်လာသောအခါ တောအုပ်တစ်ခုထဲသို့ ရောက်ရှိသွား၏။ သူ ပေါ်လာသည်နှင့် လက်နက်ကိုင်ထားသော လူအချို့သည် သူ့အနားသို့ ဝိုင်းလာကြသည်။
“ဒုတိယအစ်ကိုကြီး... ဘယ်လိုလဲ”
မျက်လုံးတစ်ဖက် ကွယ်နေသော ထွားကျိုင်းသည့် လူကြီးတစ်ယောက်က မေးလိုက်၏။
“နံပါတ်နှစ်... ငါတို့ မင်းကို အခုမှ ယုံတော့တယ်... မင်းနဲ့ မင်းရဲ့ သားရဲက လေထဲမှာ ပျောက်သွားပြီးမှ ပြန်ပေါ်လာတာ တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ... အရင်တစ်ခေါက်က မင်းကို အပြစ်တင်မိတာ ငါတို့ မှားသွားတယ်... အခုလေးတင် ဘာမှ မမြင်လိုက်ရတာပဲ နှမြောဖို့ ကောင်းတာ... မင်းပြောတဲ့ နေရာထဲကို ငါတို့ ဝင်လို့ မရဘူး ဖြစ်နေတယ်”
အရပ်ပုသော်လည်း ကြမ်းတမ်းသော ပုံစံရှိသည့် လူတစ်ဦးက ဆိုလိုက်သည်။
သူတို့အပြင် ထိုနေရာတွင် ရှိနေသော အခြားလူများမှာလည်း ကြောက်စရာကောင်းသော လူဆိုးပုံစံများပင်။
အဘိုးကြီးထျန်း၏ နာမည်ရင်းမှာ ထျန်းပေါင်ဖြစ်ပြီး၊ သူသည် ဒေသခံ တောင်တန်းတစ်ခုကို စိုးမိုးကာ ဓားပြတိုက်၊ အိမ်ဝင်လုပြီး အသက်မွေးနေသော ဓားပြတစ်ဦးပင်။ သူသည် ဧည့်ခန်းမသို့ ပထမဆုံးအကြိမ် ရောက်ရှိပြီးကတည်းက စီမံကိန်းများ ချနေခဲ့ခြင်း ဖြစ်၏။ ထိုဧည့်ခန်းမမှာ အလွန် ဆန်းကြယ်လှပေသည်။ အကယ်၍ သူ၏ လူများကိုပါ ခေါ်သွားနိုင်ခဲ့လျှင်၊ အခြားသူများ ထွက်သွားချိန်တွင် ထိုနေရာကို ဓားပြတိုက်နိုင်ပေလိမ့်မည်။ ထိုနေရာတွင် ရတနာများစွာ ရှိနေမှာ သေချာလှသည် မဟုတ်ပါလား။
သို့သော်လည်း ဤစီမံကိန်းမှာ အလွန်ပင် ရိုးအလွန်းလှပေသည်။ သူ့မှလွဲ၍ အခြားဘယ်သူမှ ထိုဝိညာဉ်တံခါးထဲသို့ ဝင်၍ မရနိုင်ပုံပင်။
သူတစ်ယောက်တည်းနှင့်တော့ မဆင်မခြင် မလုပ်ဝံ့ပေ။
“ငါတို့ မှားတွက်မိပြီ... အဲဒီနေရာက ငါထင်ထားတာထက် အများကြီး ပိုပြီး ထူးဆန်းတယ်... ငါတို့ရဲ့ အရင် စီမံကိန်းတွေကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး”
အဘိုးကြီးထျန်းက အခြေအနေကို မှန်ကန်စွာ သုံးသပ်လိုက်တော့သည်။
အခန်း (၁၈၂) - အဆင့်တက်ရန် ပြင်ဆင်ခြင်း
ထျန်းပေါင်သည် လောဘတက်ခဲ့သည်မှာ အမှန်ပင်။ သို့သော် သေချာစဉ်းစားကြည့်ပြီးနောက် သူ၏လူများကို ခိုးသွင်းရန်မှာ မဖြစ်နိုင်မှန်း သူ နားလည်သွား၏။ အကယ်၍သာ ခိုးသွင်းနိုင်ခဲ့လျှင်ပင် အတွင်းရှိ ဧည့်သည်တစ်ယောက်ယောက်နှင့် ထိပ်တိုက်တွေ့ပါက သူတို့အုပ်စုမှာ သေချာပေါက် အရေးနိမ့်ပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် သူ၏စီမံကိန်း ပျက်ပြားသွားခဲ့ခြင်းဖြစ်၏။ မဟုတ်လျှင် သူ၏အဖွဲ့မှာ ကြောက်စရာကောင်းသော အကျိုးဆက်များကို ရင်ဆိုင်ရနိုင်ပေသည်။
ထိုနေရာရှိ နုံအလှသော မိန်းကလေးငယ်မှလွဲ၍ ကျန်လူများမှာ လုံးဝ (လုံးဝ) သွားရောက်၍ မထိပါးသင့်သော သူများပင်။ အထူးသဖြင့် အဘိုးကြီးကျီးကန်းနက်၊ အဘိုးကြီရဲ့နှင့် ဝိညာဥ်ကလေးငယ်မိခင်တို့ပင်။
သူတို့ထဲမှ တစ်ယောက်ကမှ အားကိုးရမည့်သူများ မဟုတ်ပေ။
ထိုအစွမ်းထက်သူ သုံးဦးစလုံးက ပြတိုက်မှူးအပေါ် မည်မျှအထိ ရိုသေလေးစားကြသည်ကို သူ မျက်မြင်တွေ့ခဲ့ရပြီးပြီ မဟုတ်ပါလား။
ထျန်းပေါင်သည် သူ လမ်းမှန်ပေါ် ပြန်တက်ရန် မနောက်ကျသေးဟု တွေးလိုက်မိ၏။
“ငါတို့ရဲ့ မဟာဗျူဟာကို ပြောင်းရမယ်... ညီအစ်ကိုတို့... ငါ့အတွက် ဆေးပစ္စည်းအချို့ကို ရှာပေးကြ... ဟုတ်သားပဲ... မင်းတို့ သားရဲတွေရဲ့ အမွေးနဲ့ သွေးနမူနာအချို့ကိုလည်း ယူလာခဲ့ကြဦး... အဲဒီပြတိုက်မှူးက တကယ့်ကို ပညာရှင်ပဲ.... ငါတို့ရဲ့ ‘လေနက်စခန်း’ ကြီးပွားတိုးတက်ဖို့အတွက် သူ့ရဲ့စွမ်းအားကို အသုံးချရမယ်”
နှစ်ကြိမ်တိုင်တိုင် လေ့လာပြီးနောက်မှာတော့ ထျန်းပေါင်သည် ဘာလုပ်ရမလဲဆိုသည်ကို သဘောပေါက်သွားတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် လင်းကျင်းသည် သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ တန်းစီပြီး ဦးတည်လိုက်၏။
အခုဆိုလျှင် ရှောင်ဟော့၏ ‘အပြည့်အဝ အဆင့်တက်မှု’ အတွက် လိုအပ်သော ပစ္စည်းများကို စုဆောင်းပြီးပြီ ဖြစ်သဖြင့်၊ အချိန်မဆွဲဘဲ ရှောင်ဟော့ကို အဆင့်တက်အောင် လုပ်ပေးရန်မှာ ပထမဆုံး လုပ်ဆောင်ရမည့်အချက်ပင်။
ထို့ပြင် ဤတစ်ကြိမ် အဆင့်တက်မှုမှာ ယခင်အကြိမ်နှင့် ကွာခြားပေလိမ့်မည်။
အရင်တစ်ခေါက်က အဆင့် ၁ မှ အဆင့် ၂ သို့ တက်ခြင်းဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် အဆင့် ၃ သို့ ရောက်ရန်မှာ နာရီအနည်းငယ်သာ ကြာသော်လည်း၊ ယခုတစ်ကြိမ်မှာမူ အဆင့် ၃ မှ အဆင့် ၄ သို့ မြှင့်တင်ရမှာ ဖြစ်၏။
ဒါက လုံးဝကို အခြေအနေချင်း မတူတော့ပေ။
အဆင့် ၃ မှ ၄ သို့ တက်ရန် ခက်ခဲမှုမှာ အရင်ထက် ဆယ်ဆမက ပို၍ ခက်ခဲပေသည်။ ထို့ကြောင့် အချိန်နှင့် ရင်းမြစ်များမှာလည်း အရင်ထက် ဆယ်ဆမက ပို၍ လိုအပ်ပေလိမ့်မည်။
ဤအဆင့်တက်မှု ဖြစ်စဉ်အတွင်း ဖြစ်ပေါ်လာမည့် အရှိန်အဝါနှင့် လှုပ်ခတ်မှုများမှာ အဆင့် ၃ တက်စဉ်ကထက် များစွာ ပိုမိုကြီးမားမှာ ဖြစ်သဖြင့်၊ မေပယ်မြို့အတွင်းမှာတော့ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
အကယ်၍ မြို့ထဲမှာသာ လုပ်ဆောင်ခဲ့လျှင် မြို့တစ်မြို့လုံးကို ထိတ်လန့်သွားစေနိုင်၏။
လင်းကျင်းသည် အတတ်နိုင်ဆုံး လူသိနည်းအောင် နေချင်သေးသည်။ တပည့်များ ပြိုင်ပွဲ မစမီမှာတော့ သူ၏ အင်အားကို ဖုံးကွယ်ထားချင်သေးသည် မဟုတ်ပါလား။
ပြိုင်ပွဲ မရှိလျှင်တောင်မှ မြို့ထဲမှာ လုပ်ဆောင်ရန် မသင့်ပေ။ အရင်တစ်ခေါက် အဆင့်တက်စဉ်ကပင် သူ၏ အိမ်မှာ မီးလောင်သွားခဲ့ရသည်။ အခုတစ်ကြိမ်မှာသာ မြို့ထဲမှာ လုပ်ခဲ့လျှင် အိမ်တန်းရှည်ကြီး တစ်ခုလုံး ပျောက်ကွယ်သွားနိုင်ပေသည်။
မြို့ပြင်မှာသာဆိုလျှင် ထိုကဲ့သို့သော စိုးရိမ်မှုမျိုး ရှိတော့မှာ မဟုတ်ပေ။
သို့သော်လည်း ဥက္ကဋ္ဌတန်လင်းကိုတော့ ရက်အနည်းငယ် ခွင့်ယူမည့်အကြောင်း ပြောပြရပေမည်။ သူ၏ တိုင်ပင်ဆွေးနွေးခန်းကိုလည်း တပည့်များအား လွှဲပြောင်းပေးခဲ့ရ၏။
တန်လင်းကတော့ ဘာမှ အများကြီး မပြောပေ။ လင်းကျင်း ရက်အနည်းငယ်ကြာအောင် ဘယ်ကို သွားမှာလဲဆိုသည်ကိုတော့ သူမ သိချင်နေမိသည်။ သို့သော် လင်းကျင်းက မပြောသဖြင့် သူမလည်း ထပ်ပြီး မမေးတော့ပေ။
ဥက္ကဋ္ဌဘက်မှ ကိစ္စများ အားလုံး အဆင်ပြေသွားပြီးနောက် လင်းကျင်းသည် သူ၏ တိုင်ပင်ဆွေးနွေးခန်းသို့ ပြန်လာခဲ့သည်။
ကျားချန်းမှာလည်း ဤနေရာသို့ ရောက်လာခဲ့သည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ရာ အတော်လေး အသားကျနေပြီ ဖြစ်၏။ ကျောက်ရင်းရော လုရှောင်ယုပါ သူမအပေါ် ဘက်လိုက်မှုများ မရှိတော့ပေ။ တစ်ခါတစ်ရံတွင် သူတို့မှာ ညီအစ်မ အရင်းအချာများကဲ့သို့ပင် ရင်းနှီးနေကြပြီ ဖြစ်သည်။
ဟန်ဒုန်းမှာတော့ တစ်ဦးတည်းသော အမျိုးသား ဖြစ်သဖြင့် သနားစရာ ကောင်းလှပေသည်။ မိန်းကလေးများ စုဝေးကာ စကားပြောနေကြစဉ်၊ သူသည် အကဲဖြတ် အစီရင်ခံစာများကို စုစည်းပေးရခြင်းနှင့် ဆေးဖော်စပ်ပေးရခြင်းများကိုသာ လုပ်ဆောင်နေရ၏။
သို့သော် ဤအကြောင်းရင်းကြောင့်ပင် ဟန်ဒုန်း၏ အခြေခံမှာ ပို၍ ခိုင်မာလာခဲ့သည်။ သားရဲအကဲဖြတ်ခြင်းအပြင် ဆေးဝါးဗေဒဆိုင်ရာ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများမှာလည်း အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာခဲ့ခြင်းပင်။
လင်းကျင်းသည် သူတို့အား အခြေအနေများကို ပြောပြလိုက်၏။ လုရှောင်ယုက မေးမြန်းသောအခါတွင်လည်း လင်းကျင်းသည် ဘာမှ ဖုံးကွယ်မထားဘဲ၊ ရှောင်ဟော့ကို အဆင့်တက်အောင် ကူညီပေးရန်အတွက် ခရီးထွက်ရမှာ ဖြစ်ကြောင်း ပြောပြလိုက်သည်။
“ထပ်ပြီး အဆင့်တက်ဦးမှာလား”
တပည့်များမှာ အံ့အားသင့်သွားကြ၏။
လင်းကျင်း၏ မီးဝံပုလွေမှာ အဆင့် ၃ ရှိနေပြီမှန်း သူတို့ သိကြသည်။ အကယ်၍ ထပ်ပြီး အဆင့်တက်မည်ဆိုလျှင် အဆင့် ၄ ဖြစ်သွားမှာ မဟုတ်ပါလား။
သားရဲအကဲဖြတ်ခြင်း လုပ်ငန်းခွင်အတွင်း ရှိနေကြသူများ ဖြစ်သဖြင့် အဆင့် ၄ သားရဲတစ်ကောင်၏ တန်ဖိုးကို သူတို့ ကောင်းကောင်း သိကြသည်။
ခြုံငုံကြည့်လျှင် အဆင့် ၄ သားရဲတစ်ကောင်သည် နိုင်ငံတစ်ခု၏ အဆင့်အတန်းကိုပင် ဆုံးဖြတ်ပေးနိုင်၏။ ၎င်း အဆင့်တက်သွားသည်နှင့် ပိုင်ရှင်၏ အဆင့်အတန်းမှာလည်း အလိုအလျောက် မြင့်တက်သွားမှာ ဖြစ်သည်။
ထိုအတောအတွင်း မေပယ်မြို့မှာရှိသော အဆင့် ၄ သားရဲ အရေအတွက်ကို လက်ချိုးရေတွက်ကြည့်လျှင်ပင် ရနိုင်ပေသည်။
ကျားချန်းက ဆိုလိုက်၏။
“ဆရာလင်း... စိတ်အေးအေးထားပြီး အဆင့်တက်ပါ၊ ဒီက ကိစ္စတွေကိုတော့ ကျွန်မတို့ ကြည့်ထားလိုက်ပါ့မယ်”
ကျားချန်းသည် ယခုအခါတွင် သူတို့ထဲ၌ အားအကိုးရဆုံးသူ ဖြစ်နေပေသည်။ စဉ်းစားကြည့်လျှင် လင်းကျင်းသည် ကျင့်ကြံသူများအသင်းမှာ အချိန်ကုန်လွန်နေခဲ့သည်မှာ များလှပြီ။ ကျားချန်း၏ မြွေဖြူလေးမှာ အဆင့် ၁ မှာပဲ ရှိနေသေးသည်ကို မြင်သောအခါ လင်းကျင်းသည် သူမအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားရ၏။
ကျားချန်းတင်မကဘဲ ဟန်ဒုန်း၏ သားရဲသည်လည်း အဆင့် ၁ သာ ရှိသေးသည်။
လင်းကျင်းသည် ချက်ချင်းပင် သူတို့နှစ်ဦးလုံးအတွက် အဆင့်တက်နည်းလမ်းတစ်ခုကို ရေးပေးလိုက်၏။ သူတို့၏ လက်ရှိအဆင့်နှင့် လုပ်ဆောင်နိုင်မည့် နည်းလမ်းမျိုးပင်။
ဒါတင်မကသေးဘဲ သူကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးလုံးအချို့ကိုလည်း ပေးလိုက်သေးသည်။
‘ပေါင်းစည်းခြင်း ခြောက်ပါး ဆေးလုံး’ပင် ဖြစ်၏။
လင်းကျင်းသည် ဤဆေးလုံးကို လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဖော်စပ်ထားခြင်း ဖြစ်သည်။ ဆေးညွှန်းကို ပြတိုက်မှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ သားရဲများ၏ သွေးစွမ်းအင်နှင့် ကိုယ်တွင်းအင်္ဂါများကို သန်မာစေရန် အသုံးပြုနိုင်သည်။ သူသည် ရှောင်ဟော့နှင့် ရွှေဝါလေးတို့ကို အားဆေးအဖြစ် အမြဲတမ်း တိုက်ကျွေးလေ့ရှိ၏။
သူ့မှာ အပိုအချို့ ကျန်နေသေးသဖြင့် ကျားချန်းနှင့် ဟန်ဒုန်းတို့ကို ပေးလိုက်ခြင်း ဖြစ်သည်။ ဤဆေးလုံးနှင့် သူပေးထားသော အဆင့်တက်နည်းလမ်းသာဆိုလျှင် သူတို့၏ သားရဲများမှာ သေချာပေါက် အဆင့်တက်နိုင်ပေလိမ့်မည်။
လိုအပ်သည်များကို စီစဉ်ပြီးနောက်တွင် လင်းကျင်းသည် စိတ်အေးလက်အေးနှင့် ထွက်လာခဲ့သည်။
သူ့အတွက် စိုးရိမ်စရာ တစ်ခုတည်း ရှိသည်မှာ သမင်ကြီးပင်။ ရှောင်ဟော့၏ အပြည့်အဝ အဆင့်တက်မှုအတွက် သုံးရက် သို့မဟုတ် ထို့ထက် ပို၍ ကြာနိုင်ပေသည်။
သမင်ကြီးမှာလည်း လုံးဝ ပြန်ကောင်းလာရန် နီးစပ်နေပြီဖြစ်ရာ၊ ရှီ မိသားစုဆီသို့ ပြန်ပို့ပေးပြီး ရှီဝမ်ကျွင်းကို ကြည့်ရှုခိုင်းထားလျှင် ပို၍ အဆင်ပြေပေလိမ့်မည်။
ထိုသို့ တွေးမိသည်နှင့် လင်းကျင်းသည် သမင်ကြီးကို ဦးဆောင်ကာ ရှီအိမ်တော်သို့ ထွက်လာခဲ့၏။
ရှီအိမ်တော်၏ တံခါးဝသို့ ရောက်သောအခါ သတင်းပို့လိုက်သည်နှင့် ရှီဝမ်ကျွင်း ကိုယ်တိုင် ထွက်လာခဲ့သည်။
ရှီဝမ်ကျွင်းသည် အရင်တစ်ခေါက် တွေ့ခဲ့သည်ထက် ပို၍ ပိန်သွားပုံရ၏။ သူမသည် အရင်ထက် ပို၍ နွမ်းနယ်နေပုံရပြီး၊ သူမ၏ သွယ်လျသော ကိုယ်လုံးလေးမှာလည်း အရင်ထက် ပို၍ အားနည်းနေပုံရပေသည်။
သူမသည် သမင်ကြီးကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားသော်လည်း၊ သူမ၏ မျက်နှာပေါ်မှ ဝမ်းနည်းရိပ်များကတော့ လုံးဝ ပျောက်ကွယ်မသွားပေ။
လင်းကျင်းက မေးမြန်းကြည့်လိုက်သောအခါမှ သူမတို့ မိသားစု၏ အကျပ်အတည်းကို သိလိုက်ရတော့သည်။
ရှီဝမ်ကျွင်းက တည်တည်ငြိမ်ငြိမ် ပြောပြခဲ့သော်လည်း လင်းကျင်းမှာ လူအ မဟုတ်ပေ။ အခြေအနေ မည်မျှအထိ ဆိုးရွားနေသလဲဆိုသည်ကို သူ ခံစားမိသည်။ ယခင်က ရှီမိသားစု၏ ဆေးဆိုင်လုပ်ငန်းမှာ ချန်မိသားစု၏ ယှဉ်ပြိုင်မှုကြောင့် နောက်ဆုတ်ခဲ့ရသော်လည်း၊ ယခုအချိန်အထိတော့ သူတို့၏ ဆေးလုံးများကြောင့် လုပ်ငန်းကို ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်၏။
ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး ချန်မိသားစုသည်လည်း ဆေးလုံးများကို စတင် ရောင်းချလာခဲ့သည်။ ဤလုပ်ငန်းကို မိသားစုတစ်ခုတည်းကပဲ လက်ဝါးကြီးအုပ်ရမည်ဟု ဥပဒေ မရှိသော်လည်း၊ ချန်မိသားစု၏ ထုတ်ကုန်များမှာ စစ်မိသားစု၏ ထုတ်ကုန်များနှင့် တစ်ထပ်တည်း ကျနေခြင်းပင်။ အမျိုးအစား၊ အမည်နှင့် အာနိသင်များမှာလည်း အတူတူပင် ဖြစ်သည်။
သူတို့သည် ရှီမိသားစုကို တိုက်ရိုက် ယှဉ်ပြိုင်ရန်အတွက် ဈေးနှုန်းများကိုပင် လျှော့ချထားခဲ့ကြသည်။
လင်းကျင်းသည် ရှီမိသားစု၏ ဆေးဆိုင်များရှေ့မှ ဖြတ်လာစဉ်က ထိုနေရာများမှာ အရင်ကကဲ့သို့ စည်ကားခြင်း မရှိတော့ဘဲ ခြောက်ကပ်နေသည်ကို တွေ့ခဲ့ရသဖြင့် မအံ့ဩတော့ပေ။
ဒါက ရှီဝမ်ကျွင်းကို စိုးရိမ်မသွားစေလျှင်မှ ထူးဆန်းမှာပေါ့။
သို့သော်လည်း ချန်မိသားစု၏ ဆေးလုံးများမှာ ရှီမိသားစုနှင့် အတူတူ ဖြစ်နေခြင်းကတော့ သံသယဖြစ်စရာပင်။
လင်းကျင်းသည် ထက်မြက်သူဖြစ်ရာ လူတစ်ယောက်၏ အမည်ကို ချက်ချင်းပင် တွေးမိလိုက်၏။
“ဝူချန်းဝေလား”
ထိုအမည်ကို ကြားလိုက်ရသည်နှင့် ရှီဝမ်ကျွင်း၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပေါ်လာတော့သည်။
သူမက ခေါင်းငြိမ့်ပြကာ သက်ပြင်းချလိုက်ပြီး ဆိုလိုက်၏။
“အကဲဖြတ်မှူးလင်း... သူ့ကို သတိမထားမိခဲ့တာ ကျွန်မရဲ့ အမှားပါ... သူက ကျွန်မတို့ရဲ့ ဆေးညွှန်းတွေကို ခိုးယူလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... အခု ကျွန်မတို့မှာ ရှိတဲ့ တစ်ခုတည်းသော နည်းလမ်းက ဈေးလျှော့ရုံပဲ ရှိတော့တယ်... ဒါပေမဲ့ လုပ်ငန်းရဲ့ အသုံးစရိတ်တွေက များလွန်းတော့ တစ်ရက်ထက်တစ်ရက် ဝန်ထုတ်ဝန်ပိုးတွေက ပိုများလာတယ်... အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်”
ရှီဝမ်ကျွင်းသည် ဤအကြောင်းများကို သူမ၏ မိသားစုဝင်များကိုတောင် မပြောပြခဲ့ပေ။ လင်းကျင်းကိုသာ ပြောပြရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ လင်းကျင်းအပေါ် ချစ်ခင်မြတ်နိုးမှု သို့မဟုတ် ယုံကြည်မှုကြောင့်တင် မဟုတ်ဘဲ၊ လင်းကျင်းမှာ သာမန်လူတစ်ယောက် မဟုတ်မှန်း သူမ သိနေသောကြောင့် ဖြစ်၏။ ရှီမိသားစုအနေဖြင့် ဤအကျပ်အတည်းကို လင်းကျင်း၏ အကူအညီနှင့် ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူမ ခံစားနေမိသည်။
အကြောင်းရင်းကတော့ ရိုးရှင်းလှပေသည်။ လင်းကျင်း၏ ဆေးဖော်စပ်မှု စွမ်းရည်မှာ သူမတို့ မိသားစု၏ ‘ရောင်ခြည်ခြောက်သွယ် ယပ်ခတ်နည်းစနစ် နှင့်ပင် မနှိုင်းယှဉ်နိုင်အောင် နက်နဲလှပေသည်။ အရင်က သူမတို့ မိသားစု၏ အတွေ့အကြုံရှိ ဆေးဆရာကြီးများက အကဲဖြတ်မှူးလင်းမှာ ဒဏ္ဍာရီလာ ‘ဆေးလုံးဝိညာဉ်ဂါထာ’ အကြောင်းကို သိရှိထားသူ ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
ဤ ‘ဆေးလုံးဝိညာဉ်ဂါထာ’ ဆိုသည်မှာ ဆေးဖော်စပ်ခြင်းဆိုင်ရာ ဒဏ္ဍာရီလာ စာအုပ်တစ်အုပ်ပင်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှီမိသားစု၏ ဘိုးဘေးသည် သစ်ပင်တစ်ပင်၏ အတွင်းနံရံမှ ဤစာအုပ်၏ အပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ခြင်းကြောင့် ရှီမိသားစု၏ အမွေအနှစ်ကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အကဲဖြတ်မှူးလင်းက ထိုဒဏ္ဍာရီလာ စာအုပ်၏ အသိပညာများကို တကယ်ပဲ ဆက်ခံထားသည်ဆိုလျှင်၊ ရှီမိသားစု၏ အခြေအနေကို ဖြေရှင်းပေးနိုင်မည့် တစ်ဦးတည်းသောသူမှာ သူသာ ဖြစ်ပေလိမ့်မည်။
ရှီမိသားစုဝင်များမှာ လင်းကျင်းကို အကူအညီတောင်းရန် ပြင်ခဲ့ကြသော်လည်း၊ ရှီဝမ်ကျွင်းက နောက်ဆုံးအချိန်တွင် တားဆီးခဲ့ခြင်း ဖြစ်သည်။
သူမတို့ မိသားစုမှာ အမျိုးသား အမွေဆက်ခံသူများ ရှိနေသည့်တိုင်၊ ရှီဝမ်ကျွင်းကသာ မိသားစု၏ အကြီးအကဲအဖြစ် ရွေးချယ်ခံခဲ့ရသည်။ သူမသည် သူမ၏ အစ်ကိုဖြစ်သူထက်ပင် ပို၍ စွမ်းဆောင်ရည် ရှိကြောင်း အားလုံးကို ယုံကြည်အောင် လုပ်ဆောင်နိုင်ခဲ့သူပင်။
ရှီဝမ်ကျွင်း သိသည်မှာ အကယ်၍ အကဲဖြတ်မှူးလင်းကို တိုက်ရိုက် အကူအညီတောင်းလျှင် သူ စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူတို့သည် အလွန် သတိထားရပေမည်။ ပို၍ သိမ်မွေ့ပြီး ပါးနပ်သော နည်းလမ်းကို သုံးရပေလိမ့်မည်။
အခုလိုမျိုးပေါ့။
လင်းကျင်း စိတ်အနှောင့်အယှက် ဖြစ်ပုံမရသည်ကို မြင်သောအခါ ရှီဝမ်ကျွင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောလိုက်၏။
“ကျွန်မတို့ ရှီမိသားစုက အခုဆိုရင် တစ်ရက်ကို ရွှေဒင်္ဂါး တစ်ထောင်လောက် လျော်ကြေးပေးနေရတယ်၊ ပြီးတော့ ကျွန်မတို့ဆီက ဆေးလုံးတွေကို ဝယ်နေတဲ့ လူအများစုက ချန်မိသားစုက လူတွေ ဖြစ်နိုင်တယ်လို့လည်း သံသယရှိမိတယ်”
လင်းကျင်းသည် စီးပွားရေးအကြောင်း အများကြီး မသိသော်လည်း၊ ချန်မိသားစုသည် ရှီမိသားစုကို လုံးဝ ဖျက်ဆီးပစ်ရန် ကြိုးစားနေမှန်းတော့ သူ နားလည်လိုက်သည်။
အကယ်၍ သူတို့က ဆေးညွှန်းတွေကို ခိုးယူခဲ့တဲ့ ဝူချန်းဝေကိုပဲ အားကိုးနေတယ်ဆိုလျှင် ဒါက တရားမျှတတဲ့ ယှဉ်ပြိုင်မှုလို့ ဆိုနိုင်သေးသည်။ ဈေးနှုန်းနဲ့ အရည်အသွေးလိုမျိုး တခြား ကဏ္ဍတွေမှာ ကွာခြားချက်တွေ ရှိနေဦးမှာပဲ။ ဒါပေမဲ့ ချန်မိသားစုကတော့ ဒီလောက်နဲ့တင် ရပ်တန့်မည့်ပုံ မပေါ်ပေ။
သူတို့က ရှီမိသားစုကို လုပ်ငန်းပိတ်သွားအောင်အထိ အတင်းအကျပ် လုပ်ဆောင်နေခြင်းမှာ အနည်းငယ် လွန်လွန်းလှပေသည်။
စီးပွားရေး ရှုထောင့်အရဆိုလျှင် ရှီမိသားစုရော ချန်မိသားစုပါ အကျိုးအမြတ်ကိုပဲ ကြည့်ကြတာ ဖြစ်သဖြင့် ဘယ်သူမှားတယ် မှန်တယ်လို့ မဆိုနိုင်ပေ။
သို့သော်လည်း လူတိုင်းမှာ မိမိကိုယ်ပိုင် ထင်မြင်ချက် ရှိကြသည် မဟုတ်ပါလား။
လင်းကျင်းသည် ချန်မိသားစုကို မနှစ်သက်သလို၊ ရှီမိသားစုကလည်း သူ့ကို အရင်က ကူညီခဲ့ဖူးသည်။ သူသည် သေချာပေါက် ရှီမိသားစုဘက်မှာပဲ ရှိနေမှာပေါ့။
သူ ဘာမှ မလုပ်ဘဲ နေလို့လည်း ရသော်လည်း လင်းကျင်းသည် တစ်ခုခုကို တွေးမိသွား၏။
နောင်တစ်ချိန်တွင် ရှောင်ဟော့နှင့် အခြားသူများ အဆင့်တက်ရန်အတွက် တန်ဖိုးကြီးသော ပစ္စည်းများစွာ လိုအပ်ဦးမှာ ဖြစ်သည်။ ရှန်းအာတို့အတွက်လည်း လိုအပ်နိုင်ရာ၊ ဒါတွေအားလုံးက ပိုက်ဆံမရှိဘဲ လုပ်ဆောင်ရန် မလွယ်ကူပေ။
စုဆောင်းရုံနှင့်တော့ မလုံလောက်သဖြင့် ပို၍ ကြွယ်ဝလာစေရန် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုအပ်ပေသည်။
အခုကတော့ အခွင့်အရေးကောင်း တစ်ခုပင်။
အခု ရှီမိသားစုက ဒုက္ခရောက်နေချိန်မှာ သူတို့နဲ့ ပူးပေါင်းပြီး အကျိုးအမြတ် ခွဲဝေယူဖို့ ကမ်းလှမ်းတာက မဆိုးဘူး မဟုတ်လား။
ချန်မိသားစုက ရှီမိသားစုကို ဖျက်ဆီးနိုင်ခဲ့တာက သူတို့ဆီမှာ ဆေးညွှန်းတွေ ရှိနေလို့ပဲ။ ဒါက အဓိက သော့ချက်ပင်။ ဒါပေမဲ့ လင်းကျင်းဆီမှာတော့ ထိုကဲ့သို့သော ဆေးညွှန်းတွေ အများကြီး ရှိနေသည်။
သူ့မှာ ‘ရေကိုးသွယ် တိမ်တိုက် ဆေးလုံး’၊ ‘နေခြောက်စင်း သားရဲဝိညာဉ် ဆေးလုံး’၊ ‘အရိပ်ခြောက်ခု သားရဲဝိညာဉ် ဆေးလုံး’နှင့် ‘ပေါင်းစည်းခြင်း ခြောက်ပါး ဆေးလုံး’ တို့ ရှိနေ၏။ ဒါတင်မကသေးဘဲ ‘စွမ်းအင်စုဆောင်း ဆေးလုံး’နှင့် ‘သွေးစွမ်းအင် ဆေးလုံး’လိုမျိုး ရိုးရှင်းတဲ့ ဆေးညွှန်းတွေလည်း ရှိသေးသည်။ အကြမ်းဖျင်း တွက်ကြည့်လျှင် သူ့မှာ သားရဲပြတိုက်မှ ရရှိထားသော ရှားပါးဆေးညွှန်း အနည်းဆုံး ဆယ်ခုလောက် ရှိနေပြီး၊ ၎င်းတို့အားလုံးမှာ အလွန် အသုံးဝင်လှပေသည်။
ဤဆေးညွှန်းများက သူ၏ အရင်းအနှီးများ ဖြစ်သဖြင့် အကျိုးအမြတ် ခွဲဝေယူရန် ကမ်းလှမ်းခြင်းမှာ ပြဿနာ မဟုတ်ပေ။
လင်းကျင်းသည် ဒါကို ကိုယ်တိုင် လုပ်ဆောင်ရန် အချိန်မရှိပေ။ ရှီမိသားစုနှင့် ပူးပေါင်းခြင်းက သူ့အတွက် အများကြီး သက်သာစေမှာ ဖြစ်သည်။ ထို့ပြင် သူ ဆက်ဆံရမည့်သူမှာလည်း ယုံကြည်စိတ်ချရသော စစ်ဝမ်ကျွင်း မဟုတ်ပါလား။
ထိုသို့ တွေးမိပြီးနောက် လင်းကျင်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
“သခင်မရှီ... မင်းတို့ရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မယ့် စီးပွားရေး ကမ်းလှမ်းချက် တစ်ခု ကျုပ်မှာ ရှိတယ်... နားထောင်ကြည့်ချင်လား”
“စီးပွားရေးလား... ဘာစီးပွားရေးလဲ”
ရှီဝမ်ကျွင်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။
လင်းကျင်းက ရိုးရိုးရှင်းရှင်းပင် ဆိုလိုက်၏။
“ကျုပ်က ဆေးညွှန်းတွေ ပေးမယ်၊ မင်းတို့ကတော့ ထုတ်လုပ်ရေးအပိုင်းကို တာဝန်ယူပါ... အကျိုးအမြတ်ကိုတော့ တစ်ဝက်စီ ခွဲကြတာပေါ့... ကျုပ် အာမခံနိုင်တာ တစ်ခုကတော့၊ ဒီမေပယ်မြို့ တစ်မြို့လုံးမှာ ဒီဆေးညွှန်းတွေမျိုး ဘယ်သူ့ဆီမှာမှ မရှိဘူးဆိုတာပါပဲ”
ရှီဝမ်ကျွင်း၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားတော့သည်။