← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 10 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 10 Ch. 183-184

အခန်း (၁၈၃) - စိတ်လှုပ်ရှားနေသော ရှီဝမ်ကျွင်း

အချို့လူများအတွက်မူ ဤသဘောတူညီချက်မှာ ရှီမိသားစုအတွက် မတရားသလို ဖြစ်နေပေလိမ့်မည်။ အကြောင်းမှာ သူတို့ဘက်မှ လုပ်အား၊ လူအင်အားနှင့် ရင်းနှီးမြှုပ်နှံမှုအားလုံးကို တာဝန်ယူရမည့်အပြင် ဆေးပစ္စည်းများ ရှာဖွေခြင်းနှင့် ရောင်းချခြင်းကိုပါ လုပ်ဆောင်ရမှာ ဖြစ်သောကြောင့်ပင်။ ထိုမျှလောက် များပြားလှသော အလုပ်များအတွက် အကျိုးအမြတ်၏ တစ်ဝက်ကိုသာ ရရှိမည်ဆိုသည်မှာ မည်သို့ပင်ကြည့်ကြည့် သူတို့အတွက် အရှုံးကြီးတစ်ခုဟု ထင်ရပေသည်။

သို့သော် ရှီဝမ်ကျွင်းမှာတော့ ထိုသို့သောသူမျိုး မဟုတ်ပေ။ သူမ မြင်လိုက်ရသည်မှာ သူတို့ဘက်မှ ဆုံးရှုံးသွားမည့် အပိုင်းကို မဟုတ်ဘဲ၊ ရရှိလာမည့် အခွင့်အရေးကိုသာ ဖြစ်၏။

ရှီမိသားစု၏ အကြီးအကဲတစ်ဦးအနေဖြင့် အရင်းအနှီးနှင့် အမြတ်အစွန်းဆိုင်ရာ ကိန်းဂဏန်းများမှာ သူမ၏ ဦးနှောက်ထဲတွင် အလိုအလျောက် တွက်ချက်ပြီးသား ဖြစ်နေပေသည်။

အမြတ်က နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အမြတ်သည် အမြတ်သာ ဖြစ်၏။

ပို၍ အရေးကြီးသည်မှာ လင်းကျင်းနှင့် ဤစီးပွားရေး သဘောတူညီချက်သာ အောင်မြင်ခဲ့လျှင် သူမတို့ မိသားစုတွင် ဆေးညွှန်းအသစ်များနှင့် ဆေးလုံးအသစ်များ ရှိလာတော့မှာ ဖြစ်သည်။ အကယ်၍ ဈေးနှုန်းကိုသာ မှန်ကန်စွာ သတ်မှတ်နိုင်ခဲ့လျှင် ပျက်စီးတော့မည့် အခြေအနေမှ သူမတို့ မိသားစုကို သေချာပေါက် ကယ်တင်နိုင်ပေလိမ့်မည်။

ဤကမ်းလှမ်းချက်ကို ငြင်းပယ်မည့်သူမှာ ငတုံးသာ ဖြစ်ရပေမည်။

“သဘောတူပါတယ်”

ရှီဝမ်ကျွင်းက တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ဖြေကြားလိုက်၏။

သူမသည် လင်းကျင်းက ဆေးညွှန်း ဘယ်နှစ်ခု ပေးမှာလဲဆိုသည်ကိုပင် မမေးခဲ့ပေ။

လင်းကျင်းသည်လည်း ထိုကဲ့သို့ ပွင့်လင်းပြတ်သားသော လူမျိုးကို နှစ်သက်သူပင်။

“သခင်မရှီ... ကျုပ်ကို စက္ကူနဲ့ စုတ်တံလေး ခဏလောက် ငှားလို့ရမလား”

လင်းကျင်းက မေးလိုက်ရာ၊ ရှီဝမ်ကျွင်းက အစေခံများကို ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။

သူတို့သည် အကောင်းဆုံး စုတ်တံ၊ တန်ဖိုးအကြီးဆုံး မှင်နှင့် အဆင့်မြင့်ဆုံး စက္ကူများကို ပြင်ဆင်ပေးကြ၏။

ဒါတွေက သားရဲအကဲဖြတ်မှူး အသင်းချုပ်မှာ သုံးနေတာတွေထက် အများကြီး ပိုကောင်းလှပေသည်။

လင်းကျင်းသည် စုတ်တံကို ကိုင်ကာ သူပေးလိုသော ဆေးညွှန်းများအားလုံးနှင့် ၎င်းတို့ကို ဖော်စပ်နည်း အဆင့်ဆင့်ကို အသေးစိတ် ရေးချလိုက်တော့သည်။ ဤနယ်ပယ်မှာ အနည်းငယ်မျှ ဗဟုသုတ ရှိသူဆိုလျှင်ပင် ဤဆေးညွှန်းများမှာ မည်မျှ တန်ဖိုးရှိသလဲဆိုသည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။

ရှီဝမ်ကျွင်းဆိုလျှင်တော့ ပို၍ပင် ပြောနေစရာ မလိုတော့ပေ။ လင်းကျင်း ရေးပြီးသွားသောအခါ သူမ ဖတ်ကြည့်လိုက်သည်နှင့် တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်လိုက်သွားသလို ခံစားလိုက်ရ၏။

သူမသည် တစ်သက်လုံး ဆေးဝါးဗေဒကို လေ့လာခဲ့ပြီး ဆေးဖော်စပ်နည်းများကို သုတေသန လုပ်ခဲ့သူဖြစ်ရာ၊ လင်းကျင်း၏ ဆေးညွှန်းထဲမှ အချို့သော ဆေးလုံးများမှာ သူမအတွက် အတော်လေး ရင်းနှီးနေပေသည်။

အထူးသဖြင့် ‘ရေကိုးသွယ် တိမ်တိုက် ဆေးလုံး’ ပင် ဖြစ်၏။

သူမ မှတ်မိသလောက်ဆိုလျှင် ဒါက ‘ကျိန်စာများကို ဖြိုခွဲနိုင်သော’ ပထမဆုံး ဆေးလုံးပင်။ အကယ်၍ တစ်စုံတစ်ဦးသည် မိစ္ဆာများ၏ တိုက်ခိုက်ခြင်းကို ခံရလျှင်ဖြစ်စေ၊ ကျိန်စာ သို့မဟုတ် မကောင်းသော ဝိညာဉ်များ၏ နှောင့်ယှက်ခြင်းကို ခံရလျှင်ဖြစ်စေ၊ ဤဆေးလုံးသည် အကောင်းဆုံး အဆိပ်ဖြေဆေး ဖြစ်ပေလိမ့်မည်။

ဒါက အသက်ကယ် ဆေးလုံးတစ်လုံးပင်။

၎င်း၏ အသုံးဝင်ပုံမှာ ထိုမျှနှင့်တင် မရပ်တန့်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သတိလစ် မေ့မြောနေလျှင် သို့မဟုတ် ပြင်းထန်သော ဝေဒနာ ခံစားနေရလျှင် ဤဆေးလုံးက အသက်ကို ဆွဲဆန့်ပေးနိုင်စွမ်း ရှိပေသည်။

အတိုချုပ်ပြောရလျှင် သူမ ဖတ်ဖူးသမျှ စာအုပ်များထဲတွင် ဤဆေးလုံးကို အလွန်အမင်း ချီးမွမ်းထားကြခြင်းပင်။ သို့သော် နှမြောစရာကောင်းသည်မှာ ဤဆေးညွှန်းသည် အချိန်ကာလကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ပြီး၊ ကမ္ဘာပေါ်မှာ ရှိမရှိတောင် မည်သူမှ မသိကြတော့ခြင်းပင်။

ရှီဝမ်ကျွင်း ပညာသင်ဘဝတုန်းက ဤဆေးလုံးကို အလွန် စိတ်ဝင်စားခဲ့ဖူးသည်။ အကယ်၍ သူမသာ ဤကဲ့သို့သော ဆန်းကြယ်သည့် ဆေးလုံးမျိုးကို တွေ့ခွင့်ရခဲ့လျှင် သူမ၏ ဘဝမှာ ပြည့်စုံသွားပြီဟုပင် တွေးခဲ့ဖူး၏။

အခုတော့ သူမ၏ အိပ်မက်က တကယ် ဖြစ်လာခဲ့ပြီ။

ဟုတ်ပါတယ်၊ သူမအနေနဲ့ ဤဆေးညွှန်း၏ စစ်မှန်မှုကိုတော့ အနည်းငယ် သံသယရှိနေသေးသည်။ ဒါက နာမည်ကို အသုံးချပြီး နာမည်ကြီးအောင် လုပ်ထားတာလားဟု တွေးမိသော်လည်း၊ ဆေးညွှန်းကို သေချာ ဖတ်ကြည့်ပြီးနောက်မှာတော့ အတု မဟုတ်မှန်း သူမ သိလိုက်ရသည်။

ဆေးညွှန်းမှာ ဆန်းကြယ်လှသလို၊ ဆေးဝါးဗေဒဆိုင်ရာ အခြေခံများမှာလည်း ခိုင်မာလှပေသည်။ ရှီဝမ်ကျွင်းအနေဖြင့် ဤဆေးလုံးသည် ဒဏ္ဍာရီလာ ဆေးလုံးအစစ် ဟုတ်မဟုတ်ကို လုံးဝ အာမမခံနိုင်သေးသော်လည်း၊ အနည်းဆုံးတော့ ဤဆေးညွှန်းသည် ထိရောက်မှု ရှိပြီး ဈေးကွက်ထဲတွင် ရောင်းချရန် လက်တွေ့ကျလှပေသည်။

ထို့ပြင် ဒါကို ပေးလိုက်သူမှာ လင်းကျင်း ဖြစ်နေသဖြင့် သေချာပေါက် အစစ်အမှန် ဖြစ်နိုင်ပေသည်။

ခဏချင်းအတွင်းမှာပင် ရှီဝမ်ကျွင်း၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်ပြေးသွား၏။ သူမ၏ အသက်ရှူသံများမှာ မြန်ဆန်လာပြီး ပါးပြင်များမှာလည်း နီမြန်းလာရသည်။ သူမကို မသိသောသူများဆိုလျှင် သူမ ဖျားနေသည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။

“အကဲဖြတ်မှူးလင်း... ဒါက တကယ့် ‘ရေကိုးသွယ် တိမ်တိုက် ဆေးလုံး’ ရဲ့ ဆေးညွှန်း အစစ်ပဲလား”

ရှီဝမ်ကျွင်းက မနေနိုင်ဘဲ မေးလိုက်မိ၏။

လင်းကျင်းက ခေါင်းငြိမ့်ပြလိုက်သည်။

သူမ၏ မေးခွန်းမှာ အနည်းငယ် လွန်သွားမှန်း သူမ သိသော်လည်း မအောင့်နိုင်ခဲ့ပေ။

အကယ်၍သာ အစစ်အမှန်ဆိုလျှင် ချန်မိသားစုရော ဝူချန်းဝေပါ ဤဆေးညွှန်းရှေ့မှာ အရှုံးပေးကြရပေလိမ့်မည်။

ဒါဆိုလျှင် ရှီမိသားစုသည် မေပယ်မြို့တင်မကဘဲ ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးမှာပါ ထိပ်တန်းသို့ ပြန်လည် ရောက်ရှိသွားနိုင်ပြီး၊ ယခင်ကထက် ပို၍ ကြီးကျယ်သော ဂုဏ်သတင်းကို ရရှိနိုင်ပေလိမ့်မည်။

“အကဲဖြတ်မှူးလင်း... ခဏလောက် စောင့်ပေးလို့ ရမလား”

ရှီဝမ်ကျွင်းသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ မိသားစုရှိ လူကြီးများကို စုစည်းကာ ဆေးဖော်စပ်ခန်းထဲတွင် ဤဆေးလုံးကို စမ်းသပ် ဖော်စပ်ကြည့်ချင်နေသည်။

လင်းကျင်းက သူမ၏ အကြံကို ရိပ်မိသဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

ရှီဝမ်ကျွင်းသည် အပြေးအလွှား ထွက်သွားတော့သည်။ အပြင်ရောက်သောအခါ သူမ၏ အစေခံများကို အကဲဖြတ်မှူးလင်းကို ကောင်းကောင်း ဧည့်ခံထားရန် အမိန့်ပေးခဲ့ပြီး၊ သူမကတော့ မိသားစု၏ အမာခံ လူကြီးများကို ဆေးဖော်စပ်ခန်းသို့ အမြန် ခေါ်ယူလိုက်တော့သည်။

မိသားစုဝင်များမှာ ရုတ်တရက် ခေါ်ယူခြင်းခံရသဖြင့် ဇဝေဇဝါ ဖြစ်နေကြသော်လည်း၊ ရှီဝမ်ကျွင်းက ရှင်းပြလိုက်သောအခါ အားလုံးမှာ အံ့အားသင့်သွားကြရ၏။

“အကြီးအကဲ၄... အကြီးအကဲက ကျွန်မတို့ထဲမှာ အတွေ့အကြုံ အရှိဆုံးပဲ။ ဒီဆေးညွှန်းကို အကြီးအကဲ ဘယ်လို ထင်သလဲ”

စစ်ဝမ်ကျွင်းက သူမ၏ အကြီးအကဲ၄ကို မေးလိုက်သည်။

အကြီးအကဲ၄သည် ဆေးညွှန်းကို အလွန် တည်ကြည်သော မျက်နှာထားနှင့် အကြိမ်ကြိမ် ဖတ်ကြည့်၏။

“ဆေးဝါးဗေဒက အပြစ်ပြောစရာ မရှိသလို၊ ဆေးဖော်စပ်နည်းနဲ့ လမ်းညွှန်ချက်တွေကလည်း အကောင်းဆုံးပဲ... ဒါက အစစ်အမှန် ဖြစ်နိုင်ခြေ အများကြီး ရှိတယ်၊ ဒါပေမဲ့ ‘ရေကိုးသွယ် တိမ်တိုက် ဆေးလုံး’ ဟုတ်မဟုတ် ဆိုတာကိုတော့ လက်တွေ့ ဖော်စပ်ကြည့်မှ သိရမယ်”

အကြီးအကဲ၄က ပြန်ဖြေလိုက်သည်။

အခြား မိသားစုဝင်များလည်း ထိုအတိုင်းပင် ထင်ကြ၏။

မကြာသေးမီက ရှီမိသားစု တစ်ခုလုံးသည် ချန်မိသားစု၏ ဖိအားပေးမှုကြောင့် စိတ်ဓာတ်ကျနေခဲ့ကြရသည်။ အားလုံးက မကျေနပ်ကြသော်လည်း ဘာမှ မတတ်နိုင်ခဲ့ကြပေ။

အခုတော့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး ရောက်လာပြီဖြစ်ရာ အားလုံး စိတ်လှုပ်ရှားနေကြသည်မှာ ပြောနေစရာပင် မလိုတော့ပေ။

ရှီဝမ်ကျွင်း ပြောသကဲ့သို့ပင် အကယ်၍ ဤဆေးညွှန်းသာ အစစ်အမှန်ဆိုလျှင် ဤဆေးတစ်မျိုးတည်းနှင့်ပင် ချန်မိသားစုကို အသာစီး ရယူနိုင်ပေလိမ့်မည်။

ထို့ကြောင့်ပင် လိုအပ်သော ဆေးပစ္စည်းများမှာ ဈေးကြီးသော်လည်း သူတို့ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ပို၍ သေချာစေရန်အတွက် ဆေးမီးဖို နှစ်လုံးဖြင့် ပြိုင်တူ စမ်းသပ်ခဲ့ကြ၏။

မီးဖိုတစ်ခုကို ရှီဝမ်ကျွင်းက တာဝန်ယူပြီး၊ နောက်တစ်ခုကိုတော့ အကြီးအကဲ၄က ကိုင်တွယ်သည်။

သူတို့နှစ်ဦးစလုံးမှာ ရှီမိသားစု၏ အတော်ဆုံး ဆေးဆရာများ ဖြစ်ကြ၏။ အထူးသဖြင့် ရှီဝမ်ကျွင်းမှာ ဆေးဖော်စပ်ခြင်းတွင် ပါရမီရှင်တစ်ဦးပင်။ မဟုတ်လျှင်တော့ မိသားစုက သူမကို အခြားသူနှင့် လက်ထပ်ပေးလိုက်မှာ ကြာလှပြီ ဖြစ်ပြီး၊ အခုလို အိမ်ထောင်ဖက်ကို အိမ်ခေါ်တင်ထားမှာ မဟုတ်ပေ။

နာရီဝက်ခန့် ကြာပြီးနောက် ဆေးလုံးများ ထွက်ပေါ်လာသည်။

ရှီဝမ်ကျွင်းမှာ အလွန် စိတ်လှုပ်ရှားနေသဖြင့် သော်လည်းကောင်း၊ မကြာသေးမီကပင် ပင်ပန်းနွမ်းနယ်နေသဖြင့် သော်လည်းကောင်း သူမ၏ ဆေးလုံးမှာ ပျက်စီးသွားခဲ့၏။ သို့သော် အကြီးအကဲ၄၏ စမ်းသပ်မှုကတော့ အောင်မြင်ခဲ့သည်။

အတွေ့အကြုံဆိုသည်မှာ တန်ဖိုးရှိလှပေစွ။

အကြီးအကဲ၄သည် ဤစမ်းသပ်မှု၏ အရေးပါပုံကို ကောင်းကောင်း သိသည်။

ဒါက သူတို့ မိသားစု၏ အသက်ရှင်သန်ရေးကို ဆုံးဖြတ်ပေးမှာ မဟုတ်ပါလား။

သူသည် ဆေးမီးဖိုကို ဖွင့်လိုက်ပြီး ဆေးလုံးကို ထုတ်ယူလိုက်၏။

တစ်စုံတစ်ဦးကလည်း ‘ရေကိုးသွယ် တိမ်တိုက် ဆေးလုံး’ ၏ ရှေးဟောင်း မှတ်တမ်းများကို ယူလာပြီး ဆေးလုံး၏ ပုံသဏ္ဌာန်နှင့် တိုက်ဆိုင် စစ်ဆေးကြသည်။

ဆေးမီးဖိုကို ဖွင့်လိုက်သည်နှင့် သင်းပျံ့သော ရနံ့တစ်ခုက ပျံ့လွင့်လာရာ၊ လူကို သဘာဝတောတောင်ထဲသို့ ရောက်သွားစေသလို ခံစားရပြီး နွေဦး၏ အရိပ်အယောင်များကိုပင် ရရှိစေသည်။

“ဒါပဲ.. ဒါပဲဟေ့... ရှေးဟောင်း မှတ်တမ်းတွေထဲမှာ ပြောထားတာက ‘ရေကိုးသွယ် တိမ်တိုက် ဆေးလုံး’ မီးဖိုထဲက ထွက်လာရင် မျက်လုံးကို မှိတ်ထားလိုက်တာနဲ့ အေးမြတဲ့ နွေဦးလေပြေထဲမှာ ရပ်နေရသလို ခံစားရမယ်တဲ့”

ရှီဝမ်ဘင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

သူတို့ သေချာ ကြည့်လိုက်ကြ၏။

ဆေးလုံးမှာ ရေပြာရောင် ရှိပြီး အတွင်း၌ ရေလှိုင်းလေးများ ဝေ့ဝဲနေသလို ခံစားရသည်။ အပြင်ဘက်မှာတော့ ခြောက်သွေ့နေပြီး ရေထဲ ထည့်လိုက်လျှင်ပင် ပေါ်နေပေလိမ့်မည်။ အရည်ပျော်သွားမည့်အစား ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် ဖယောင်းကဲ့သို့သော အရာတစ်ခု ဖုံးအုပ်လာသည်ကို တွေ့ရ၏။

ဒါက ဆေးလုံး၏ စွမ်းအင်များ ခဲသွားခြင်းပင်။

“စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း တစ်ထပ်တည်းပဲ... ဒါက တကယ့် ‘ရေကိုးသွယ် တိမ်တိုက် ဆေးလုံး’ အစစ်ပဲ"

အကြီးအကဲ၄ပင်လျှင် ရင်ခုန်လွန်းသဖြင့် နှုတ်ခမ်းများ တုန်ရီနေတော့သည်။

သူ့တစ်သက်လုံး ဆေးဖော်စပ်လာခဲ့ပြီးနောက် ယခုကဲ့သို့ ဒဏ္ဍာရီလာ ဆေးလုံးကို မျက်မြင်တွေ့ခွင့် ရလိုက်သဖြင့် ဘာမှ နောင်တရစရာ မရှိတော့ပေ။

“ရှီမိသားစုတော့ ကယ်တင်ခြင်း ခံလိုက်ရပြီ"

“ဒီဆေးညွှန်းကို သေချာ သိမ်းထားရမယ်... အရင် ဆေးညွှန်းတွေလိုမျိုး အခိုးမခံရစေနဲ့ဦး”

“ဟုတ်တယ်၊ ဟုတ်တယ်”

ရှီမိသားစု တစ်ခုလုံး ပျော်ရွှင်နေကြတော့သည်။

အစပိုင်းတွင် အချို့လူများမှာ ဆေးညွှန်းတစ်ခု ပေးရုံနှင့် အမြတ်၏ တစ်ဝက်ကို ယူမည့် လင်းကျင်း၏ ကမ်းလှမ်းချက်အပေါ် မကျေနပ်ချင်ကြပေ။

ဒါပေမဲ့ အခုတော့ ထိုအတွေးများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။

အခြားလူတွေကို ထားလိုက်ဦး၊ အကယ်၍သာ ဤဆေးလုံးကို အမြတ် ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်း ပေးရမည်ဆိုလျှင်တောင်မှ လူပေါင်းများစွာက လုယူကြမှာ သေချာလှပေသည်။

အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။ ဒါက ဘယ်သူမှ မလုပ်နိုင်တဲ့ တစ်ဦးတည်းမူပိုင် လုပ်ငန်း မဟုတ်ပါလား။

ပို၍ အရေးကြီးသည်မှာ ဤထုတ်ကုန်ကို ရောင်းချနိုင်ခြင်းက သူတို့ကို ဂုဏ်သိက္ခာ မြင့်တက်စေမှာ ဖြစ်သည်။

ဤဆေးလုံး တစ်မျိုးတည်းနှင့်ပင် ရှီမိသားစုသည် ပြာပုံထဲမှ ရုန်းထွက်ကာ ပြန်လည် တိုးတက်လာနိုင်ပေသည်။

ဒါ့အပြင် အကဲဖြတ်မှူးလင်းက ဆေးညွှန်း တစ်ခုတည်း ပေးခဲ့တာမှ မဟုတ်တာ။

“လာကြ၊ အကဲဖြတ်မှူးလင်းကို သွားပြီး ကျေးဇူးတင်ကြစို့”

အကြီးအကဲ၄က သွားရန် ပြင်လိုက်သော်လည်း ရှီဝမ်ကျွင်းက တားလိုက်၏။

“အကြီးအကဲ၄... မလုပ်ပါနဲ့ဦး... အကဲဖြတ်မှူးလင်းက လူသိများတာကို မကြိုက်ဘူး... ရုတ်တရက်ကြီး သွားနှောင့်ယှက်ရင် သူ စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်တယ်... သူ့ရဲ့ ကျေးဇူးကို စိတ်ထဲမှာပဲ မှတ်ထားကြရအောင်” ဟု ဆိုလိုက်သည်။

ရှီဝမ်ကျွင်းသည် လင်းကျင်းနှင့် အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း လင်းကျင်း၏ စရိုက်ကိုတော့ အမှန်ကန်ဆုံး ခန့်မှန်းနိုင်ခဲ့၏။

အကယ်၍ ရှီမိသားစုဝင်တွေ အများကြီး သွားပြီး ကျေးဇူးတင်နေလျှင် အကဲဖြတ်မှူးလင်းမှာ နေရခက်သွားပေလိမ့်မည်။ သူမ တစ်ယောက်တည်း သွားတာက ပိုကောင်းပေသည်။

“ဒါဆိုလည်း ငါတို့ ဒီမှာပဲ နေခဲ့ပါ့မယ်... ဝမ်ကျွင်း... အကဲဖြတ်မှူးလင်းကို ကောင်းကောင်း ဧည့်ခံပါ... သူ့ကို စိတ်မဆိုးအောင် ဂရုစိုက်နော်... ဒီလင်းကျင်းက ငါတို့ ရှီမိသားစုရဲ့ ကျေးဇူးရှင်ကြီးပဲ”

အကြီးအကဲ၄က တိုက်တွန်းပြီးနောက် ထွက်ခွာသွားတော့သည်။

ရှီဝမ်ကျွင်းသည် အချိန်မဆွဲတော့ဘဲ လင်းကျင်းကို ကျေးဇူးတင်ရန် အပြေးပြန်လာခဲ့၏။

လင်းကျင်း သိသည်မှာ သူတို့ သေချာပေါက် စစ်ဆေးပြီးပြီ ဖြစ်ရမည်။

ရှီမိသားစုက ချန်မိသားစုကို ဘယ်လို ပြန်တိုက်ခိုက်မလဲ ဆိုသည်ကိုတော့ လင်းကျင်း စိတ်မဝင်စားပေ။ သူသည် ရှောင်ဟော့ကို အဆင့်တက်အောင် ကူညီရန် ဇိုရိုကုတောင်သို့ သွားရန် ပြင်ဆင်လိုက်တော့သည်။

လင်းကျင်းသည် ရွှေဝါလေးသာမက အရိပ်ဝံပုလွေကိုပါ ဤတစ်ကြိမ်တွင် ခေါ်ဆောင်လာခဲ့၏။ သူ၏ အိမ်ကို သေချာ ပိတ်ပြီးနောက် ဇိုရိုကုတောင်ဆိသို့ ဦးတည်လိုက်သည်။

နေမဝင်မီမှာပင် သူတို့ တောအုပ်ထဲသို့ ရောက်ရှိခဲ့ကြ၏။

ရှန်းအာတို့ဆီသို့ ရောက်သောအခါ အပြင်ဘက်မှာ မှောင်နေပြီ ဖြစ်သည်။

ထိုစဉ် မိန်းကလေး နှစ်ဦးမှာ သူတို့ဆီသို့ လျှောက်လာကြ၏။

ဤလောကတွင် သူတို့နှစ်ဦးထက် လှပသောသူ ရှိနိုင်ပါဦးမလား။ တစ်ဦးမှာ ရှန်းအာ ဖြစ်ပြီး၊ အခြားတစ်ဦးမှာတော့ ရှောင်ဝူပင် ဖြစ်သည်။

သူမသည် မကြာသေးမီကမှ လူအသွင်ပြောင်းခြင်းကို သင်ယူထားခြင်း ဖြစ်၏။

သို့သော် သူမ၏ စွမ်းရည်မှာ ရှန်းအာကဲ့သို့ လူအသွင်ကို အချိန်အကြာကြီး မထိန်းထားနိုင်ပေ။ ရှောင်ဝူမှာ နှစ်နာရီ သို့မဟုတ် သုံးနာရီခန့်သာ လူအသွင်ဖြင့် နေနိုင်ပြီး၊ ထို့နောက်တွင်တော့ မူလအသွင်သို့ ပြန်ပြောင်းသွားရသည်။ ထပ်ပြီး အသွင်ပြောင်းနိုင်ရန် အချိန်အနည်းငယ် စောင့်ရပေဦးမည်။

သားရဲမိစ္ဆာများအတွက် လူအသွင်ပြောင်းနိုင်ခြင်းက သူတို့၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်သလို၊ လူသားလောကထဲသို့ သွားရောက် လည်ပတ်နိုင်ရန်လည်း အခွင့်အရေး ရရှိစေသည်။

သို့သော် ရှန်းအာမှာတော့ ရှောင်ဝူအတွက် အတော်လေး စိုးရိမ်နေရ၏။ သူမသည် ရှောင်ဝူကို အကြံပေးရန်အတွက် လင်းကျင်းကိုပင် အကူအညီတောင်းခဲ့ဖူးသည်။

ရှောင်ဝူသည် ထိုပညာရှိလေးအပေါ် အခုထက်ထိ စွဲလမ်းနေတုန်းပင်။ ရက်အနည်းငယ်ကြာတိုင်း သူတို့ လျှို့ဝှက် တွေ့ဆုံလေ့ ရှိကြသည်။ ယခင်က ရှောင်ဝူသည် ‘အိပ်မက်ကျူးကျော်ခြင်း’ ကိုသာ သုံးနိုင်ခဲ့သော်လည်း၊ အခုတော့ လူအသွင်ပြောင်းနိုင်ပြီဖြစ်ရာ သူမ၏ ချစ်သူနှင့် လက်တွေ့လောကမှာပါ တွေ့ဆုံနိုင်နေပြီ ဖြစ်၏။

ဤဆက်ဆံရေးနှင့် ပတ်သက်ပြီး ရှန်းအာ စိုးရိမ်ရသော အချက်များစွာ ရှိနေသည်။

သူမသည် ရှောင်ဝူထက် ပို၍ ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ လူသားနှင့် မိစ္ဆာကြားရှိ ဆက်ဆံရေးမှာ ကောင်းမွန်သော အဆုံးသတ် ရှိခဲလှမှန်း သိနေပေသည်။ ရှောင်ဝူမှာ အရောဝင်လွယ်သဖြင့် အလိမ်ခံရမှာ သို့မဟုတ် အန္တရာယ်ဖြစ်မှာကိုလည်း သူမ ကြောက်နေမိသည်။

သို့သော် ရှောင်ဝူမှာ ခေါင်းမာလှသဖြင့် သတိပေးချက်များကို နားမထောင်ပေ။ ထို့ကြောင့် ရှန်းအာသည် လင်းကျင်းကိုသာ ရှောင်ဝူအား ထိန်းကျောင်းပေးရန် အကူအညီတောင်းခဲ့ရခြင်းပင်။ လင်းကျင်းမှာတော့ ရှောင်ဝူကို ထိုကိစ္စနှင့် ပတ်သက်ပြီး စကားမပြောရသေးပေ။

“နှုတ်ခွန်းဆက်ပါတယ် ဆရာကြီးလင်း"

ရှန်းအာနှင့် ရှောင်ဝူတို့က ပြိုင်တူ ဦးညွှတ်လိုက်ကြ၏။ ရှောင်ဝူ၏ အသွင်အပြင်မှာ သူမ အိပ်မက်ထဲမှာ ဖန်တီးခဲ့သည့်အတိုင်းပင် ဖြစ်နေသည်။ ဒါက တမင် လုပ်ဆောင်ထားခြင်း ဖြစ်ရပေမည်။

မြေခွေးလေးများမှာလည်း အပြေးအလွှား ထွက်လာကြပြီး လင်းကျင်းကို ဦးညွှတ် နှုတ်ဆက်ကြ၏။

မျောက်ဖြူကြီးမှာလည်း အသွင်ပြောင်းခြင်းကို အတော်လေး အသားကျနေပြီ ဖြစ်ပြီး၊ အခုဆိုလျှင် အသွင်ကို နှစ်နာရီအထိ ထိန်းထားနိုင်ပြီ ဖြစ်ရာ အရင်ကထက် အများကြီး တိုးတက်လာခဲ့ခြင်းပင်။

အခန်း (၁၈၄) - မီးဓာတ်ငါးပါး ဆေးလုံး

“ရှောင်ဟော့ကို အဆင့်တက်အောင် ကူညီပေးဖို့ ငါ ဒီမှာ ရက်အနည်းငယ် ကြာအောင် နေမှာ"

လင်းကျင်းက ဆိုလိုက်၏။ သူသည် ဤအကြောင်းကို ရှန်းအာအား ကြိုပြောထားသော်လည်း အခြားသော သားရဲမိစ္ဆာများကတော့ မသိကြသေးပေ။

ရှောင်ဝူသည် ဤစကားကို ကြားလိုက်ရသောအခါ သိသိသာသာပင် အံ့အားသင့်သွားပြီး သူမ၏ မျက်နှာပေါ်တွင် နေရခက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။

ဂူအတွင်းသို့ ရောက်သောအခါ ရှန်းအာက လင်းကျင်းအား လျှို့ဝှက်၍ တိုင်တန်းလေသည်။ လင်းကျင်း ထွက်သွားတိုင်း ရှောင်ဝူသည် တောင်အောက်သို့ တိတ်တဆိတ် ဆင်းကာ သူမ၏ ချစ်သူနှင့် သွားရောက် တွေ့ဆုံလေ့ရှိကြောင်းပင်။

တစ်နည်းအားဖြင့် ပြောရလျှင် လင်းကျင်းသာ တောင်ပေါ်မှာ ရှိနေလျှင် ရှောင်ဝူမှာ တောင်အောက် ဆင်းရန် မဝံ့ပေ။ လင်းကျင်း၏ ယခုအစီအစဉ်က သူမ၏ အချစ်ခရီးလမ်းကို အနှောင့်အယှက် ပေးလိုက်သလို ဖြစ်နေခြင်းပင်။

လင်းကျင်းကတော့ ဘာမှမပြောဘဲ ပြုံးနေလိုက်၏။

ရှန်းအာသည် လင်းကျင်းအတွက် အထုတ်အပိုးများကို ကူညီသယ်ယူပေးပြီး အိပ်ရာနေရာကို ပြင်ဆင်ပေးသည်။ လင်းကျင်း ရောက်လာတိုင်း သူမသည် အသေးစိတ်မှစ၍ ဂရုတစိုက် ပြုစုပေးတတ်၏။

အပြင်ဘက်မှာတော့ ရွှေဝါလေးသည် သူ၏ ‘နယ်မြေ’ အသစ်ကို လှည့်လည် စစ်ဆေးရန် ထွက်သွားခဲ့ပြီ ဖြစ်သည်။

လင်းကျင်း နားလည်ထားသလောက်ဆိုလျှင် ရွှေဝါလေးသည် အနီးနားရှိ တောင်တန်းများကို သူ၏ နယ်မြေအဖြစ် သတ်မှတ်ထားပြီး၊ အနီးတစ်ဝိုက်ရှိ သားရဲရိုင်းအားလုံးကိုလည်း ယဉ်ပါးအောင် လုပ်ထားပြီးသား ဖြစ်၏။

သူ့ကို မနာခံသော သားရဲများမှာတော့ လက်လျှော့ အရှုံးပေးသည့်အထိ ထိုးနှက်ခြင်းကို ခံကြရပေလိမ့်မည်။

မြေခွေးလေးများမှာလည်း ရှောင်ဟော့နှင့် ဆော့ကစားနေကြသည်။ အခုဆိုလျှင် အရိပ်ဝံပုလွေပါ ထပ်တိုးလာသဖြင့် ဂူအပြင်ဘက်တွင် ပို၍ပင် ပျော်စရာ ကောင်းနေတော့၏။

လင်းကျင်းမှာတော့ အလောတကြီး မရှိပေ။ ရှောင်ဟော့ အဆင့်တက်ရန် ဖြစ်စဉ်အတွက် လိုအပ်သော ဆေးဝါးများကို ဦးစွာ ပြင်ဆင်ရပေဦးမည်။

ဒါက တစ်ရက်လုံး အချိန်ပေးရနိုင်ပေသည်။

ဤတစ်ကြိမ်တွင် သူဖော်စပ်ရမည့် ဆေးလုံးမှာ ‘မီးဓာတ်ငါးပါး ဆေးလုံး’ဟု ခေါ်၏။

အမည်က ဆေးတစ်လုံးတည်းဟု ထင်ရသော်လည်း အမှန်တကယ်တော့ ဆေးငါးလုံး ပါဝင်သော အစုအဝေးတစ်ခု ဖြစ်သည်။ ပို၍ ခက်ခဲသည်မှာ ဤဆေးငါးလုံးစလုံးကို တစ်ပြိုင်တည်း ဖော်စပ်ရမှာ ဖြစ်ခြင်းပင်။

လင်းကျင်းအနေဖြင့် သားရဲပြတိုက်ထဲတွင် ဤကဲ့သို့သော အရာမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ရာ ၎င်း၏ တန်ဖိုးကို သူလည်း ကောင်းကောင်း မသိပေ။ ဧည့်ခန်းဆောင်ရှိ ဧည့်သည်များကို သူ ရှာခိုင်းထားသော ပစ္စည်းများမှာလည်း ဤ ‘မီးဓာတ်ငါးပါး ဆေးလုံး’ အတွက်ပင် ဖြစ်သည်။

လင်းကျင်းသည် ၎င်းပစ္စည်းများ အားလုံးကို ယူဆောင်လာခဲ့၏။

ဆေးမဖော်စပ်မီမှာပင် ရှန်းအာသည် တစ်ခုခုကို ပြောချင်နေသော်လည်း နောက်ဆုံးအချိန်တွင် ပြန်ထိန်းလိုက်သည်ကို လင်းကျင်း တွေ့လိုက်ရသည်။ သူမသည် ရှောင်ဝူအတွက် စိုးရိမ်နေမှန်း ရိပ်မိသဖြင့် လင်းကျင်း အနည်းငယ် စဉ်းစားပြီးနောက် ရှောင်ဝူကို လှမ်းခေါ်လိုက်တော့သည်။

မကြာမီမှာပင် ရှောင်ဝူ ရောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်၏။

“ဆရာကြီးလင်း... ကျွန်မကို ခေါ်တယ်ဆိုလို့ပါ”

လင်းကျင်းက သူမကို ထိုင်ခိုင်းလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် လင်းကျင်း အတော်လေး အခက်တွေ့နေရ၏။ သူကိုယ်တိုင်မှာလည်း အသက် သိပ်မကြီးသေးသလို၊ သူ၏ အစစ်အမှန် အသက်မှာ ရှန်းအာ၊ ရှောင်ဝူတို့ထက်ပင် ပို၍ ငယ်နိုင်သေးသည်။ သို့သော်လည်း သူသည် သူတို့ကို ပညာသင်ပေးရုံသာမက စည်းကမ်းများဖြင့်လည်း ထိန်းကျောင်းပေးရသည့် မိဘတစ်ဦးကဲ့သို့ ပြုမူနေရခြင်းပင်။

“မင်း တောင်အောက်ကို မကြာခဏ ဆင်းနေတယ်လို့ ရှန်းအာဆီက ကြားတယ်”

လင်းကျင်းက စကားစလိုက်၏။

လင်းကျင်း၏ ဩဇာမှာ ဤနေရာတွင် ကြီးမားလှပေသည်။ ရှောင်ဝူသည် ရှန်းအာကို ခေါင်းမာပြီး မနာခံချင်သော်လည်း လင်းကျင်းကိုတော့ မလွန်ဆန်ဝံ့ပေ။

လင်းကျင်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ ရှောင်ဝူသည် အခြေအနေကို ရိပ်မိသွားပြီး ခေါင်းငြိမ့်ကာ ဝန်ခံလိုက်တော့သည်။

“ဆရာကြီးလင်း... ကျွန်မအစ်မက ကျွန်မအပေါ် စေတနာထားမှန်း သိပါတယ်၊ ဒါပေမဲ့ သူမက ကိုကိုစစ်ရွှီအပေါ် အမြင်စောင်းနေတာပါ... ကျွန်မနဲ့ ကိုကိုရွှီက တစ်ယောက်ကိုတစ်ယောက် ချစ်ကြတာပါ... ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ သူ့အနားမှာပဲ နောင်တမရဘဲ ရှိနေမှာပါ”

ရှောင်ဝူက သူမ၏ ရပ်တည်ချက်ကို ချက်ချင်းပင် ပြောပြလိုက်၏။

လင်းကျင်းအနေဖြင့် သူမကို အခုချက်ချင်း လက်လျှော့လိုက်ပါဟု မပြောရက်ပေ။ ဒါက သူ့ကို အတော်လေး ခေါင်းခဲစေသည်။

အကယ်၍သာ သူမသည် သူ၏ သမီးအရင်းဆိုလျှင်တော့ သူ အခုချိန်မှာ ခေါင်းမူးနေလောက်ပြီ။ ရှန်းအာနှင့် အခြား မြေခွေးလေးများမှာ သူ၏ တပည့်များသာ ဖြစ်သော်လည်း၊ သူတို့အပေါ် ထားရှိသော စိတ်မှာ သမီးအရင်းများကဲ့သို့ပင် ဖြစ်နေပေသည်။

အခုဆိုလျှင် သူ၏ ‘သမီးလေး’ မှာ ‘ပုန်ကန်တတ်သည့် အရွယ်’ သို့ ရောက်နေပြီး အချစ်ကို အကြောင်းပြကာ သူမ၏ လုပ်ရပ်များကို ခုခံနေခြင်းပင်။ သူမသည် လူပျိုဖော်ဝင်စ ကလေးတစ်ယောက်ကဲ့သို့ပင် ပြုမူနေတော့၏။

လင်းကျင်း ဘာပြောနိုင်မှာလဲ။

မလုပ်ရဘူးဟု တားမြစ်ရမှာလား။

လင်းကျင်းသည် သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကမ္ဘာနှစ်ခုလုံး၏ အတွေ့အကြုံများ ရှိသလို၊ ဇာတ်လမ်းတွဲများကိုလည်း ကြည့်ဖူးထားသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို မည်သို့ ကိုင်တွယ်ရမည်ကို သိနေပေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လင်းကျင်းသည် သူ၏ မဟာဗျူဟာကို ပြောင်းလဲလိုက်၏။ ပုန်ကန်တတ်သော ကလေးတစ်ယောက်ကို အတင်းအကျပ် လုပ်၍ မရသည် မဟုတ်ပါလား။ “ဝူအာ... လူသားနဲ့ မိစ္ဆာဆိုတာ မတူညီဘူးဆိုတာ မင်း သိပြီးသားမို့ ငါ ထပ်ပြီး မရှင်းပြတော့ပါဘူး... မင်းရဲ့ ကိုကိုရွှီကို ငါ တွေ့ဖူးပေမဲ့ အဲဒီတုန်းက သူက သတိမေ့နေတာဆိုတော့ သူ့ရဲ့ စရိုက်ကို ငါ ကောင်းကောင်း မသိသေးဘူး”

ရှောင်ဝူက ချက်ချင်းပင် ထောက်ခံပြောဆိုလိုက်၏။

“ကိုကိုရွှီက လူကောင်းတစ်ယောက်ပါ ဆရာကြီး... သူက ယဉ်ကျေးတယ်၊ ဗဟုသုတ ကြွယ်ဝတယ်၊ ပြီးတော့ တကယ့်ကို ဂုဏ်သရေရှိတဲ့သူပါ”

သူမ၏ လေသံမှာ အချစ်ရိပ်များ လွှမ်းနေတော့သည်။

လင်းကျင်းသည် စိတ်ထဲကနေ ခေါင်းယမ်းလိုက်မိ၏။ ရှောင်ဝူသည် အလွန် နုံအလွန်းလှပေသည်။ လူသားတွေမှာ ကောင်းတဲ့ အချက်တွေချည်းပဲ ရှိတာမှ မဟုတ်တာ။ နုံအသော မိန်းကလေးတစ်ယောက်အတွက် အန္တရာယ်အရှိဆုံး အခြေအနေမှာ လူတစ်ယောက်၏ ကောင်းကွက်များကိုသာ မြင်နေရခြင်းပင်။

သို့သော်လည်း ဒါကို တိုက်ရိုက်ပြော၍ မရပေ။ အကယ်၍သာ တိုက်ရိုက်ပြောခဲ့လျှင် အခုလို စိတ်လှုပ်ရှားနေသော ရှောင်ဝူသည် သူ၏ စကားကို နားထောင်မှာ မဟုတ်ပေ။

“ဒါဆို... သူက မင်းကို မြေခွေးမိစ္ဆာမှန်း သိသလား”

လင်းကျင်းက မေးလိုက်၏။

ငါးလေးက ခေါင်းညိတ်ပြသည်။

လင်းကျင်းအတွက်တော့ ဒါက ထူးဆန်းမနေပေ။ သူတို့သည် အိပ်မက်ထဲတွင် အမြဲတွေ့နေကြခြင်း ဖြစ်သဖြင့် ငတုံး မဟုတ်လျှင်တော့ တစ်ခုခု ထူးခြားနေမှန်း သိမှာ သေချာလှသည်။

ရှောင်ဝူ ဤမျှအထိ ယုံကြည်မှု ရှိနေသည်မှာလည်း မအံ့ဩတော့ပေ။ သူမသည် အရာအားလုံးကို သိထားပြီး လိုအပ်သည်များကို စဉ်းစားထားသည်ဟု ထင်နေခြင်းပင်။

ဒါပေမဲ့ ဒါတွေက လုံလောက်ပြီလား။

သေချာပေါက် မလုံလောက်သေးပေ။

မနီးမဝေးတွင်တော့ ရှန်းအာသည် သူမ သင်ယူထားသော မှော်ပညာတစ်ခုကို သုံးကာ ဤစကားဝိုင်းကို ခိုးနားထောင်နေ၏။ သူမသည် ဒေါသတကြီးဖြင့် သွားကြိတ်နေပြီး၊ သူမ၏ ညီမဖြစ်သူကို သွားရောက် ဆုံးမချင်စိတ်များ တဖွားဖွား ပေါ်နေတော့သည်။

သို့သော် လင်းကျင်း ရှိနေသဖြင့် သူမ ဇွတ်မလုပ်ဝံ့ပေ။

သူမသည် အနားရှိ ကျောက်တုံးများကိုသာ ဒေါသဖြေသည့်အနေဖြင့် ချေမှုန်းနေလိုက်တော့သည်။

ထိုအတောအတွင်း လင်းကျင်းသည် ဆေးဖော်စပ်ရန် အလျင်လိုနေသဖြင့် နူးညံ့သော နည်းရော၊ ပြတ်သားသော နည်းရော မရသည့် ရှောင်ဝူအတွက် တစ်ခုတည်းသော နည်းလမ်းကို သုံးလိုက်၏။

“ဝူအာ.."

“ရှင်... ဆရာကြီးလင်း”

“စာအုပ်တွေထဲမှာ ‘တစ်ရက်ဆရာ...’ ဆိုတဲ့ စကားရှိတာ မင်း သိလား”

လင်းကျင်းက ပြောရင်း ရှောင်ဝူ ဆက်ပြောမှာကို စောင့်လိုက်သည်။

လိမ္မာပါးနပ်သော ရှောင်ဝူက ဖြေလိုက်၏။

“ ‘တစ်သက်ဖခင်’ ပါ ဆရာကြီး... ကျွန်မက ဆရာကြီးအပေါ် အမြဲတမ်း ရိုသေခဲ့သလို၊ ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”

လင်းကျင်း ခေါင်းညိတ်လိုက်သည်။

ဒါဆိုလျှင် သူ စကားပြောလို့ ရပြီ။

“မင်းက ငါ့ကို ဆရာလို့ သတ်မှတ်ထားရင် ငါ စီစဉ်တာကိုတော့ လေးစားရမယ် မဟုတ်လား... အနည်းဆုံးတော့ ငါက မင်းရဲ့ ကိုကိုရွှီကို တွေ့ရမယ်... သူကလည်း ငါ့ဆီကို လာပြီး ဂါရဝပြုသင့်တယ်လေ”

လင်းကျင်းက ဆိုလိုက်၏။

ဒါက အခြေခံ ယဉ်ကျေးမှုဖြစ်သဖြင့် ရှောင်ဝူလည်း ဘာမှ ပြန်မပြောနိုင်တော့ပေ။

ရှောင်ဝူသည် စိတ်မဆိုးသည့်အပြင် ဝမ်းသာတောင် သွားသေးသည်။

ဆရာကြီးလင်းက သူမ၏ ရွေးချယ်မှုကို လက်ခံလိုက်ပြီဟု ထင်မှတ်ကာ ရှောင်ဝူမှာ စိတ်ထဲမှ ပြုံးနေတော့၏။ အကယ်၍ ဆရာကြီးသာ သဘောတူခဲ့လျှင် သူမ၏ အစ်မဖြစ်သူပင်လျှင် ဘာမှ ပြောနိုင်တော့မှာ မဟုတ်ပေ။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရဆိုလိုက်၏။

“ဆရာကြီးလင်း... ကျွန်မ ကိုကိုရွှီကို အခုချက်ချင်း ခေါ်လာခဲ့ပါ့မယ်”

“ကောင်းပြီ... သွားတော့”

လင်းကျင်းက သူမကို မတားတော့ပေ။

သူမကို ဘာမှ တား၍ မရတော့သဖြင့် သူ လွှတ်ပေးလိုက်ခြင်းပင်။ ထိုကိုကိုရွှီ ဆိုသူနှင့် တွေ့ပြီးမှသာ သူ ဆုံးဖြတ်ရပေလိမ့်မည်။

ရှောင်ဝူသည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားတော့သည်။ လင်းကျင်း သင်ပေးထားသော မှော်ပညာများ ရှိသဖြင့် အဆင့် ၃ မိစ္ဆာတစ်ကောင်ဖြစ်သော ရှောင်ဝူအတွက်တော့ အပြင်ထွက်ခြင်းမှာ စိုးရိမ်စရာ မရှိပေ။

ရှောင်ဝူ ထွက်သွားသည်နှင့် ရှန်းအာ ဂူထဲသို့ ဝင်လာ၏။

သူမသည် သိသိသာသာပင် စိတ်ဆိုးနေပုံရသည်။

လင်းကျင်းကို စိတ်ဆိုးနေခြင်း ဖြစ်၏။

သူမသည် လင်းကျင်းအနေဖြင့် ရှောင်ဝူကို တားဆီးပေးပြီး သူမ၏ နုံအသော အိပ်မက်များမှ နိုးထအောင် လုပ်ပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းပင်။ သို့သော် လင်းကျင်းက မတားသည့်အပြင် ထိုလူသားလေးနှင့် ပတ်သက်မှုကိုပင် လက်ခံလိုက်သလို ဖြစ်နေသဖြင့် ရှန်းအာမှာ ဒေါသထွက်နေရခြင်းပင်။

“ဆရာကြီးလင်း... ရှောင်ဝူကို ဘာလို့ အလိုလိုက်ထားတာလဲ”

ရှန်းအာက မေးလိုက်၏။

လင်းကျင်းက ပြန်ဖြေလိုက်သည်။

“သူ့ကို အတင်းအကျပ် တားဆီးတာက ပိုပြီး ဆိုးကျိုးတွေပဲ ဖြစ်လာလိမ့်မယ်... အဲဒီအစား သူမရဲ့ ကိုကိုရွှီဆိုသူက ဒီတောင်ပေါ်အထိ လာရဲတဲ့ သတ္တိ ရှိမရှိ အရင်ကြည့်ကြတာပေါ့”

တခြားနည်းလမ်း မရှိသဖြင့် ရှန်းအာလည်း ထိုအတိုင်းပင် ထားလိုက်ရတော့သည်။

သူမအား ဂူဝတွင် စောင့်ခိုင်းထားပြီးနောက် လင်းကျင်းသည် ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့၏။

သူသည် သားရဲဦးခေါင်းဆေးဖိုကိုပင် အသုံးပြုနေဆဲ ဖြစ်သည်။ ၎င်းမှာ အလွန်ကောင်းသော မီးဖိုတစ်ခုပင်။ အတွင်းရှိ သားရဲဝိညာဉ်မှာ အခြားသူများအတွက် အနှောင့်အယှက် ဖြစ်နိုင်သော်လည်း လင်းကျင်းအတွက်တော့ ပြဿနာ မဟုတ်ပေ။

သူ၏ ‘သားရဲခြောက်လှန်နိုင်စွမ်း’ က ထိုသားရဲဝိညာဉ်ကို ထိန်းချုပ်ရန် လုံလောက်လှပေသည်။

လင်းကျင်းသည် မီးဖိုအတွက် အဆောင်လက်ဖွဲ့များစွာ ယူဆောင်လာခဲ့သဖြင့် ပြင်ပမှ မီးကို အသုံးမပြုတော့ပေ။ အဆောင်လက်ဖွဲ့ကို ထည့်သွင်းလိုက်သည်နှင့် မီးဖိုအတွင်း၌ ပြင်းထန်သော မီးတောက်များ ပေါ်လာတော့သည်။ ဒါက ဆေးဖော်စပ်ခြင်း၏ နက်နဲသော နည်းလမ်းတစ်ခုပင်။

‘မီးဓာတ်ငါးပါး ဆေးလုံး’ ကို ဖော်စပ်ရန်မှာ စိန်ခေါ်မှု တစ်ခုပင် ဖြစ်သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် လင်းကျင်းသည် ဆေးဖော်စပ်ခြင်း ပညာကို အမြဲတမ်း လေ့ကျင့်နေခဲ့သူ ဖြစ်သည်။ ပြတိုက်၏ အသေးစိတ် လမ်းညွှန်ချက်များသာ ရှိလျှင် သူ အောင်မြင်နိုင်ပေလိမ့်မည်။

သို့သော်လည်း မတော်တဆမှုများ ရှိနိုင်သဖြင့် လင်းကျင်းသည် ဆေးဖော်စပ်မှု နှစ်ကြိမ်စာအတွက် ပစ္စည်းများကို ပြင်ဆင်ထားခဲ့၏။ အကယ်၍ ပထမအကြိမ် ပျက်စီးခဲ့လျှင်ပင် ဒုတိယအကြိမ် ထပ်ပြီး ကြိုးစားနိုင်ရန် ဖြစ်သည်။

အရာအားလုံး အဆင်သင့် ဖြစ်သောအခါ ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့၏။

လင်းကျင်းသည် မီးဖိုကြီး ရဲရဲနီလာသည်အထိ စောင့်ဆိုင်းပြီးမှ ဆေးပစ္စည်းများကို ထည့်လိုက်သည်။

ထိုဆေးပစ္စည်းများထဲတွင် ရှားပါးသော ဆေးဖက်ဝင် အပင်များနှင့် ဝိညာဉ်ကျောက်တုံးများ ပါဝင်ပြီး၊ တစ်ခုချင်းစီမှာ အလွန် တန်ဖိုးကြီးလှပေသည်။ လင်းကျင်း အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ ‘မီးဓာတ်ငါးပါး ဆေးလုံး’ တစ်စုံ၏ တန်ဖိုးမှာ ရွှေဒင်္ဂါး ငါးသောင်းကျော်ပင် ရှိနေပေသည်။

ဒါက အနိမ့်ဆုံး ခန့်မှန်းချက်သာ ဖြစ်၏။ အကယ်၍ ဈေးကွက်ထဲတွင် ဝယ်မည်ဆိုလျှင်တော့ ရွှေဒင်္ဂါး တစ်သိန်းကျော်အထိ ပေးရနိုင်ပေသည်။

ပစ္စည်းရှားပါးမှုကြောင့် ပြန်လည်ရောင်းချသူများဆီမှာ ဆိုလျှင်တော့ နှစ်သိန်း သို့မဟုတ် သုံးသိန်းအထိပင် တက်သွားနိုင်ပေသည်။

ဆေးပစ္စည်းများမှာ မီးဖိုအတွင်း၌ အရည်ပျော်သွားပြီး၊ အနှစ်သာရများသာ ကျန်ရစ်ကာ မီးဖို၏ အပေါ်ပိုင်းတွင် ဆေးအာနိသင်များ စုစည်းလာတော့သည်။

ဒါက အစပြုရုံသာ ရှိသေး၏။

‘မီးဓာတ်ငါးပါး ဆေးလုံး’ ဆိုသည်မှာ မီးဖိုတစ်ခုတည်းတွင် ဆေးငါးလုံးကို တစ်ပြိုင်တည်း ဖန်တီးရခြင်းပင်။

အခုဆိုလျှင် ‘မြေမီး ဆေးလုံး’ကို စုစည်းရန် အချိန်ရောက်လာပြီ။

ဆေးဖက်ဝင် အပင် ၇ မျိုးနှင့် ဝိညာဉ်ကျောက် ၂ မျိုးကို ထည့်လိုက်ရာ၊ ၎င်းတို့သည် အရည်ပျော်သွားပြီး ဆေးလုံး၏ စွမ်းအင်အရင်းအမြစ်အဖြစ် ပြောင်းလဲသွားသည်။ ‘မြေမီး ဆေးလုံး’ တွင် ဆေးအာနိသင် အများဆုံး ပါဝင်သော်လည်း၊ ဤနည်းလမ်းဖြင့် စုစည်းရန်မှာ ပို၍ လွယ်ကူလှပေသည်။

ခေတ္တမျှ ကြိုးစားပြီးနောက် လင်းကျင်းသည် မီးဖို၏ အောက်ခြေတွင် ညိုရောင်ရှိသော ဆေးလုံးတစ်လုံး တဖြည်းဖြည်း နစ်ဆင်းသွားသည်ကို မြင်လိုက်ရ၏။

နောက်ထပ် လုပ်ဆောင်ရမှာကတော့ ဆေးလုံးကို ခဲသွားအောင် ဂါထာ ရွတ်ဖတ်ရန်ပင်။

သို့သော် ၎င်းကို မလုပ်မီမှာပင် လင်းကျင်းသည် ကျန်ရှိသော မီးဆေးလုံး လေးမျိုးကို အရင် ဖန်တီးရပေဦးမည်။

ဤဖြစ်စဉ် တစ်ခုလုံးတွင် လင်းကျင်းသည် အာရုံစိုက်ထားပြီး အလွန်ပင် စိတ်နှစ်ထားခဲ့၏။

ရှန်းအာသည်လည်း အလွန်ပင် စိတ်ဝင်စားစွာဖြင့် ကြည့်နေမိသည်။ ဆေးဖော်စပ်ခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ဤကဲ့သို့သော ဆန်းကြယ်သည့် ဖြစ်စဉ်ကြောင့် သူမမှာ အံ့ဩနေရခြင်းပင်။

လင်းကျင်းသည် ဆေးဖက်ဝင် အပင် ၈ မျိုး၊ ဝိညာဉ်ကျောက် ၁ လုံးနှင့် မီးအဆောင်လက်ဖွဲ့ ၁ ခုကို ထပ်မံ ထည့်သွင်းလိုက်ပြီး ‘မီးရောင်ခြည် ဆေးလုံး’ကို စတင် ဖန်တီးလိုက်ပြန်သည်။ ဒါက ဒုတိယမြောက် ဆေးလုံးပင်။

ဤဖြစ်စဉ်တွင် လင်းကျင်းသည် အန္တရာယ်အချို့နှင့် ရင်ဆိုင်ခဲ့ရ၏။ မီးဖိုအတွင်းရှိ မီးမှာ ပြင်းထန်လွန်းသဖြင့် ဆေးပစ္စည်းများ ထည့်လိုက်သောအခါ မီးစွမ်းအင်များမှာ လျှံထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ မီးဖိုမှ မီးများမှာ မည်မျှ ကြောက်စရာ ကောင်းသလဲဆိုသည်ကို သတိထားရပေမည်။ အကယ်၍သာ လျှံထွက်ခဲ့လျှင် မီတာ ၁၀၀ ပတ်လည်ရှိ မြေပြင်မှာ မီးလောင်ကျွမ်းပြီး ပြာကျသွားနိုင်ပေသည်။

လင်းကျင်းမှာလည်း ထိတ်လန့်သွားသော်လည်း အခြေအနေကို ထိန်းချုပ်နိုင်ခဲ့၏။ သို့သော်လည်း သူ ချွေးပြန်သွားခဲ့ရပြီး ရှန်းအာကို ဂူပြင်သို့ ခဏ ထွက်ခိုင်းလိုက်ရတော့သည်။

မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့လျှင်ပင် ရှန်းအာ ထိခိုက်မှာကို သူ မလိုလားပေ။

ရှန်းအာသည် လင်းကျင်း၏ စိုးရိမ်မှုကို ရိပ်မိပုံရ၏။ သူမသည် ထွက်မသွားဘဲ လင်းကျင်း၏ အနားတွင်သာ စောင့်ရှောက်ပေးရန် ဆုံးဖြတ်လိုက်သည်။

လင်းကျင်းလည်း သူမကို အတင်း ထွက်မခိုင်းတော့ပေ။

ဘာပဲဖြစ်ဖြစ် ဤကဲ့သို့သော အဆင့်မြင့် ဆေးလုံးကို ပထမဆုံးအကြိမ် ဖော်စပ်ဖူးခြင်း ဖြစ်ရာ မတော်တဆမှုများ ဖြစ်လာခြင်းက သဘာဝပင်။ ကံကောင်းထောက်မစွာဖြင့် ထိုအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် လင်းကျင်းမှာ ပို၍ သတိထားလိုက်တော့သည်။ သူသည် အချိန်ကို ပိုပေးကာ ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် မီးအဆောင်လက်ဖွဲ့များကိုလည်း ပိုမို အသုံးပြုလိုက်၏။

နာရီဝက်ခန့် ကြာပြီးနောက် ‘မီးရောင်ခြည် ဆေးလုံး’ မှာ အောင်မြင်စွာ ခဲသွားခဲ့ပြီး မီးဖို၏ အောက်ခြေအနီးတွင် တည်ရှိနေတော့သည်။

‘မြေမီး ဆေးလုံး’ မှာ အခြေခံ ဖြစ်ပြီး ‘မီးရောင်ခြည် ဆေးလုံး’ မှာတော့ မီးဖိုအတွင်းရှိ မီးစွမ်းအင်၏ အရင်းအမြစ်ပင် ဖြစ်၏။

ဤ ‘မီးရောင်ခြည် ဆေးလုံး’ ကို ဖန်တီးပြီးနောက်တွင်တော့ လင်းကျင်းသည် ၎င်း၏ ဆေးစွမ်းအင်ကို အသုံးပြုကာ ကျန်ရှိသော မီးဆေးလုံး သုံးလုံးကို ဆက်လက် ဖော်စပ်နိုင်ပြီ ဖြစ်သည်။

ဒါက ဆေးလုံးတစ်လုံး၏ စွမ်းအင်ကို အသုံးပြုပြီး နောက်ဆေးလုံးတစ်လုံးကို အားဖြည့်ပေးသည့် ထူးခြားသော နည်းလမ်းပင်။

အကယ်၍ ရှီဝမ်ကျွင်းတို့သာ ဤနည်းစနစ်ကို မြင်ဖူးခဲ့လျှင် သူတို့မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြမှာ သေချာလှပေသည်။ ဤနည်းစနစ်မှာ အလွန် အဆင့်မြင့်လှသဖြင့် ကျွမ်းကျင်သော ဆေးဆရာကြီးများပင် မှင်သက်သွားနိုင်ရာ၊ ရှီမိသားစုဝင်များဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

လင်းကျင်းသည် သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။ ပထမဆုံး ဆေးလုံး နှစ်လုံးမှာ ‘မီးဓာတ်ငါးပါး ဆေးလုံး’ ၏ အဓိက အစိတ်အပိုင်းများပင်။ တစ်နည်းအားဖြင့် ပြောရလျှင် အခက်ခဲဆုံး အပိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသော ဆေးလုံး သုံးလုံးကို ဖော်စပ်ရန်မှာတော့ အရင်ကထက် အများကြီး ပို၍ လွယ်ကူသွားပြီ ဖြစ်ပေတော့သည်။

All Chapters