အခန်း (၁၈၉-၁၉၀)
Vol. 10 Ch. 189-190
အခန်း (၁၈၉) - နေကောင်းလား အဘိုးကြီးရဲ့
အကယ်၍ ဤနေရာတွင် သူသာ အမှားအယွင်းတစ်ခု လုပ်မိပါက ပြဿနာများစွာ ကြုံတွေ့ရနိုင်မှန်း လင်းကျင်း ကောင်းကောင်းသိသည်။
သူသည် ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်ပြီး အရိပ်ဝံပုလွေနှင့် ရွှေဝါလေးကို တစ်လုံးစီ ကျွေးလိုက်၏။
အရိပ်ဝံပုလွေမှာ ပင်ပန်းနွမ်းနယ်နေပုံရသည်။ လုပ်ကြံသတ်ဖြတ်သူ အဆင့်ရှိ သားရဲတစ်ကောင်အဖို့ ရှေ့တန်းမှနေ၍ ထိပ်တိုက်တိုက်ပွဲဝင်ရခြင်းမှာ အတော်လေးပင် ဝန်ပိစေခဲ့ခြင်းပင်။ တစ်ဖက်တွင်တော့ ရွှေဝါလေးမှာ တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသော်လည်း အားအင်များ ပြည့်ဝနေဆဲ ဖြစ်ကာ နောက်ထပ် အချီပေါင်း သုံးရာမက တိုက်ခိုက်နိုင်မည့် အသွင်ရှိနေလေသည်။
“တွန်... တွန်...”
ရွှေဝါလေးသည် လင်းကျင်းရှေ့တွင် အတောင်ပံများကို ခတ်ပြနေ၏။ ကြည့်ရတာ သူ၏ စွမ်းဆောင်ရည်အတွက် ချီးကျူးစကား အလိုရှိနေပုံရသည်။
“အေးပါ... အေးပါ... ငါသိပါတယ်”
လင်းကျင်းက ပြန်ထူးလိုက်၏။
အခြေအနေမှာ အန္တရာယ်ကြီးလှသော်လည်း တောင်အောက်မှ လူများမှာ တက်မလာနိုင်ကြသေးပေ။ လင်းကျင်း အခု အကြောက်ဆုံးအချက်မှာ မေပယ်မြို့မှ အာဏာပိုင်များ ကိုယ်တိုင် တက်လာခဲ့လျှင် မည်သို့လုပ်ရမည်နည်း ဆိုသည်ပင်။
သူသည် လူရိုင်းများကို ဆက်ဆံသကဲ့သို့ပင် သူတို့ကို ဆက်ဆံရမည်လော။
လင်းကျင်းသည် မေပယ်မြို့ အာဏာပိုင်များကို သူ၏ မဟာမိတ်များအဖြစ်သာ သဘောထားသဖြင့် သူတို့ကို လက်ပြန်တိုက်ရန် ဝန်လေးလှပေသည်။ ဒါက သူ၏ စိုးရိမ်မှုတစ်ခုပင်။ အကယ်၍ သူတို့နှင့်သာ ထိပ်တိုက်တွေ့ခဲ့လျှင် သူသည် မေပယ်မြို့သာမက ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံး၏ ရန်သူ ဖြစ်သွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် သူစိုးရိမ်သကဲ့သို့ ဖြစ်မလာခဲ့ပေ။ အပြန်အလှန်အားဖြင့် ထိုအာဏာပိုင်များမှာ မြက်ခင်းပြင်တိုက်မှ လူရိုင်းများကိုပင် ပြန်လည် ထိန်းချုပ်ပေးနေပုံရသည်။
လင်းကျင်း၏ အမြင်မှာ မမှားခဲ့ပေ။ မေပယ်မြို့ အာဏာပိုင်များသည် မြက်ခင်းပြင်တိုက်မှ လူရိုင်းများကို အမှန်တကယ်ပင် ကန့်သတ်ထားကြခြင်းပင်။
တောင်အောက်တွင် မေပယ်မြို့ မြို့တော်ဝန်ရုံးမှ တပ်ကြပ်ကြီးကော်သည် လူရိုင်းခေါင်းဆောင်ကို ခက်ထန်သော မျက်နှာထားဖြင့် ပြောဆိုနေ၏။
“ခင်ဗျားတို့ လုပ်တာ လွန်နေပြီ... ကျုပ်တို့က ခင်ဗျားတို့ ပျောက်သွားတဲ့ သားရဲကို ရှာဖို့အတွက်ပဲ ခွင့်ပြုခဲ့တာ၊ အခုတော့ ဒီလောက်အထိ ဆူညံပွက်လောရိုက်အောင် လုပ်နေကြတယ်... ကျုပ် သတိပေးလိုက်မယ်... ဘာပဲဖြစ်ဖြစ် ဒီနယ်မြေထဲမှာတော့ ကျုပ်တို့ကပဲ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်.... ကျုပ်တို့ နိုင်ငံအတွင်းမှာ ဒီလောက်အထိ ရက်စက်တဲ့ အကြမ်းဖက်မှုတွေ လုပ်ပိုင်ခွင့် ခင်ဗျားတို့မှာ မရှိဘူး”
အထိနာထားသော လူရိုင်းများမှာလည်း အလွန် ဒေါသထွက်နေကြသည်။
“တပ်ကြပ်ကြီးကော်... ခင်ဗျားလည်း မြင်သားပဲ... တောင်ပေါ်က အဲဒီလူက သူရဲ့ သားရဲတွေနဲ့ ငါတို့ သားရဲတွေကို သတ်ပစ်ခဲ့တာ... ဒါတင်မကသေးဘူး... မြွေနိုင်ငံရဲ့ နိုင်ငံတော်ဆရာကြီးရဲ့ တစ်ဦးတည်းသော သားကိုတောင် သတ်ခဲ့ကြသေးတယ်... အကယ်၍ ငါတို့ ဒါကို တရားမျှတအောင် မလုပ်နိုင်ရင်တော့ မြွေနိုင်ငံက ခင်ဗျားတို့ ကျောက်စိမ်းနဂါးနိုင်ငံကို စစ်ကြေညာရလိမ့်မယ်”
မြက်ခင်းပြင်တိုက်မှ လူရိုင်းများမှာလည်း အတော်လေး ခေါင်းမာကြသူများပင်။
တပ်ကြပ်ကြီးကော်မှာ ဒေါသထွက်သွားရ၏။
‘ဒီလူရိုင်းတွေက တော်တော် အရှက်မရှိတာပဲ... ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာတွေကို ပြောရဲရတာလဲ’ ဟု သူ တွေးလိုက်မိသည်။
သို့သော် သူ ဘာမှ ဆက်မပြောတော့ပေ။ ဤနေရာတွင် ဆုံးဖြတ်ချက်ချရန် သူ၏ အခွင့်အာဏာမှာ မလုံလောက်ပေ။ မြို့တော်ဝန်ရုံးသို့ အစီရင်ခံစာ ပို့ထားရသဖြင့် နောက်ထပ် အမိန့်များကိုသာ စောင့်ဆိုင်းနေရတော့သည်။
မြွေနိုင်ငံ နိုင်ငံတော်ဆရာကြီးနှင့် ပတ်သက်သည့် အကြောင်းကိုလည်း သတင်းပို့ထားရ၏။
ပျံသန်းနိုင်သော သားရဲများကို အသုံးပြုလိုက်သဖြင့် သတင်းမှာ မေပယ်မြို့တော်ဝန်ရုံးသို့ ခဏချင်းအတွင်း ရောက်ရှိသွားပြီး ဤကိစ္စကြောင့် မြို့တစ်မြို့လုံး ဆူညံသွားတော့သည်။
မေပယ်မြို့ မြို့တော်ဝန် ပိုင်ကျန့်ခုန်းသည် ခက်ထန်သော မျက်နှာထားဖြင့် ရှိနေ၏။
မြို့တစ်မြို့လုံးကို အုပ်ချုပ်နေသူဖြစ်ရာ သူသည် များစွာသော အကြောင်းအရာများကို သိထားသူပင်။ ဥပမာအားဖြင့် မြွေနိုင်ငံမှ နိုင်ငံတော်ဆရာကြီးမှာ လူကောင်းတစ်ယောက် မဟုတ်မှန်း သူ သိသည်။
မြက်ခင်းပြင်တိုက်ကြီးတွင် မြွေနိုင်ငံမှာ အလယ်အလတ်အဆင့်ရှိသော နိုင်ငံတစ်ခုဖြစ်ရာ အဆင့် ၄ သားရဲများ ရှိနေခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။ သို့သော် မည်မျှအထိ ရှိသနည်းဆိုသည်မှာသာ မေးခွန်းထုတ်စရာ ဖြစ်၏။
အဆင့် ၄ သားရဲများတွင်လည်း အနိမ့်အမြင့် ရှိကြရာ၊ ထိုနိုင်ငံတော်ဆရာကြီး၏ အဆင့် ၄ သားရဲမှာ မြွေနိုင်ငံတွင် ဒုတိယ အင်အားအကြီးဆုံးပင် ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုး ဤနေရာသို့ လာမည်ဆိုခြင်းမှာ အလွန်ပင် ကြီးမားသော ကိစ္စပင်။
ဒါကို ကျောက်စိမ်းနဂါးမြို့တော်ဆီသို့ပင် သတင်းပို့ရပေဦးမည်။
ပိုင်ကျန့်ခုန်းသည် သူ၏ နိုင်ငံကို စစ်မီးထဲသို့ မရောက်စေလိုပေ။ အခြေအနေကို သုံးသပ်ပြီးနောက် သူသည် ရဲယွီကျိူးကို ခေါ်ရန် အသင်းချုပ်ဆီသို့ လူလွှတ်လိုက်တော့သည်။
မေပယ်မြို့တွင် အဆင့် ၄ သားရဲ ပိုင်ဆိုင်ထားသူမှာ ရဲယွီကျိုး တစ်ယောက်တည်းသာ ရှိသည်။ သူသည် ဘုရင့်မိသားစုမှ တရားဝင် သတ်မှတ်ထားသော နိုင်ငံတော်၏ အရေးကြီးသော အစောင့်အရှောက်တစ်ဦးလည်း ဖြစ်၏။ ထို့ကြောင့် ဤအကျပ်အတည်းတွင် ရဲ့ယွီကျိုး၏ အကူအညီမှာ မရှိမဖြစ် လိုအပ်ပေသည်။
မကြာမီမှာပင် ရဲ့ယွီကျိုး ရောက်ရှိလာ၏။
သူသည် ဖြစ်ပျက်သမျှကို အကြမ်းဖျင်း ကြားသိထားပြီး ဖြစ်ရာ အရေးကြီးမှန်း သိသဖြင့် အမြန်ဆုံး လာခဲ့ခြင်းပင်။
“မြို့တော်ဝန်ကြီးပိုင်”
ရဲ့ယွီကျိုးက နှုတ်ဆက်လိုက်သည်။ ပိုင်ကျန့်ခုန်းက အလျင်အမြန်ပြောလိုက်၏။
“ဆရာကြီးရဲ့... အခမ်းအနားတွေ ထားလိုက်ပါဦး... မြွေနိုင်ငံ နိုင်ငံတော်ဆရာကြီးရဲ့ တစ်ဦးတည်းသော သားက ကျုပ်တို့ မေပယ်မြို့ နယ်နိမိတ်ထဲမှာ သေဆုံးသွားခဲ့ပြီ... အဲဒီဆရာကြီးကလည်း ဒီကို လာနေပြီလို့ ကြားတယ်... ဒါကို ဘယ်လို ဆက်လုပ်မလဲဆိုတာ ဆွေးနွေးချင်လို့ပါ”
ရဲ့ယွီကျိုးမှာ အံ့ဩသွားရ၏။
“မြွေနိုင်ငံ နိုင်ငံတော်ဆရာကြီးရဲ့ သားက ကျုပ်တို့ နယ်မြေထဲမှာ သေသွားတာလား... သူ ဘယ်လို သေတာလဲ”
ဒါက အလွန် အရေးကြီးသော အချက်ပင်။
အကယ်၍ ပြင်ပ အကြောင်းအချက်များ မပါဘဲ သေဆုံးခြင်း ဖြစ်ပါက မြွေနိုင်ငံ ဆရာကြီး ရောက်လာလျှင်ပင် ကြောက်စရာ မရှိပေ။
“အသတ်ခံရတာလို့ သိရတယ်၊ ပြီးတော့ မိစ္ဆာတစ်ကောင်ရဲ့ လက်ချက်လို့လည်း ကြားတယ်... လူရိုင်းတွေက အဲဒီမိစ္ဆာနောက်ကို လိုက်ရင်း ဇိုရုကုတောင်မှာ အဟန့်အတားတစ်ခုနဲ့ တွေ့ခဲ့ကြတာ... လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က သူ့ရဲ့ သားရဲတွေနဲ့ သူတို့ကို တားဆီးထားပြီး တိုက်ပွဲတွေလည်း အကြီးအကျယ် ဖြစ်ခဲ့ကြတယ်... လူရိုင်းတွေဘက်က အထိနာခဲ့ပေမဲ့ သူတို့ ဆရာကြီး ရောက်လာရင်တော့ အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်”
ပိုင်ကျန့်ခုန်းက ရှင်းပြလိုက်၏။
“လျှို့ဝှက်ဆန်းကြယ်တဲ့လူ ဟုတ်လား... မြက်ခင်းပြင်တိုက်ရဲ့ လိုက်လံရှာဖွေရေး အဖွဲ့တစ်ခုလုံးကို တားဆီးနိုင်တဲ့လူပေါ့”
ရဲ့ယွီကျိုး အံ့ဩသွားရသည်။ ခေတ္တ စဉ်းစားပြီးနောက် သူက အကြံပြုလိုက်သည်။
“မိစ္ဆာက လူကို သတ်တဲ့ ကိစ္စဖြစ်နေတာရယ်၊ သေဆုံးသူကလည်း သူတို့ရဲ့ နိုင်ငံတော်ဆရာကြီး သား ဖြစ်နေတာရယ်ကြောင့် ဒီအတိုင်း လွှတ်ထားလို့ မရဘူး... အဲဒီမိစ္ဆာကို ဖမ်းဆီးပြီး သူတို့ဆရာကြီး ရောက်လာတဲ့အခါ လွှဲအပ်ပေးလိုက်ရင်တော့ ပြဿနာ ပြေလည်သွားနိုင်ပါတယ်”
ပိုင်ကျန့်ခုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျုပ်လည်း အဲဒီအတိုင်းပဲ တွေးမိပါတယ်... ဒါပေမဲ့ ဇိုရုကုတောင်ပေါ်က လျှို့ဝှက်လူက သူတို့အဖွဲ့ကို တားဆီးနိုင်လောက်အောင် အစွမ်းထက်နေတာ... တပ်ကြပ်ကြီးကော်ရဲ့ ပြောပြချက်အရဆိုရင် လူရိုင်းတွေက အဆင့် ၃ သားရဲ အချို့အပါအဝင် သားရဲ ဆယ်ကောင်ကျော် လွှတ်ခဲ့တာတောင် အဲဒီလူကို မနိုင်ခဲ့ဘူး... ဒါကြောင့်ပဲ ဆရာကြီးရဲ့ ရဲ့ အကူအညီကို တောင်းရတာပါ”
“ကောင်းပါပြီ... ကျုပ်ကိုယ်တိုင် သွားကြည့်လိုက်ပါ့မယ်”
ရဲ့ယွီကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
ပိုင်ကျန့်ခုန်းအနေဖြင့် အခြားနည်းလမ်း မရှိသဖြင့် ရဲ့ယွီကျိုးကိုသာ အားကိုးရတော့သည်။ ဒါက မြို့တော်ဝန်ရုံးမှ ရဲ့ယွီကျိုးအပေါ် မည်မျှ အလေးထားသည်ကို ပြသနေခြင်းပင်။ ထို့ကြောင့် ရဲ့ယွီကျိုးအနေဖြင့်လည်း ကောင်းမွန်သော သတင်းကို ယူဆောင်လာရပေမည်။
ရဲ့ယွီကျိုး ဇိုရုကုတောင်သို့ ရောက်သောအခါ ညဉ့်နက်နေပြီ ဖြစ်၏။
တိုက်ပွဲကြောင့် လောင်ကျွမ်းခဲ့သော တောမီးမှာ ငြိမ်းသတ်ခြင်း မရှိသေးဘဲ မီးခိုးလုံးကြီးများမှာ ညကောင်းကင်ယံသို့ တက်နေလေသည်။ မြက်ခင်းပြင်တိုက်မှ လူရိုင်းများသည် တောင်တစ်ခုလုံးကို ဝိုင်းရံထားကြသော်လည်း မည်သူမှ အပေါ်သို့ မတက်ဝံ့ကြပေ။
တောင်ကုန်းပေါ်တွင် လင်းကျင်းသည် ကျောက်တုံးကြီးတစ်ခုပေါ်၌ ရပ်နေသည်မှာ ကြာလှပြီ ဖြစ်သည်။
သူသည်လည်း အချိန်ဆွဲနေခြင်းပင်။
ရှောင်ဝူ အမြန်ဆုံး နာလန်ထူလာပါစေ၊ ရှောင်ဟော့လည်း အမြန်ဆုံး အဆင့်တက်ပါစေဟု သူ ဆုတောင်းနေ၏။
သို့သော်လည်း လက်ရှိ အခြေအနေမှာ လင်းကျင်း ထိန်းချုပ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပြီ ဖြစ်သည်။ အစကတည်းက သူ မထိန်းချုပ်နိုင်ခဲ့သော်လည်း သူ၏ ဆုံးဖြတ်ချက်အတွက်တော့ နောင်တ မရပေ။
အကယ်၍ သူသာ ရှန်းအာတို့ဘက်က မရပ်တည်ပေးလျှင် ဘယ်သူက ရပ်တည်ပေးမှာနည်း။
ထို့အပြင် ရှောင်ဝူကို အရင်ဖမ်းဆီး နှိပ်စက်ခဲ့သူများမှာ လူရိုင်းများသာ ဖြစ်သဖြင့် ရှန်းအာက သူတို့ကို သတ်ခဲ့ခြင်းမှာ ကံကမ္မအတိုင်းပင် ဖြစ်၏။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် လင်းကျင်းကတော့ ကြံ့ကြံ့ခံ ရင်ဆိုင်ရပေဦးမည်။
ရင်မဆိုင်နိုင်လျှင်ပင် ရင်ဆိုင်ရပေတော့မည်။
အဆိုးဆုံး အခြေအနေမှာ လူရိုင်းများနှင့် မေပယ်မြို့ အာဏာပိုင်များ ပူးပေါင်းကာ သူ့ကို တိုက်ခိုက်လာခြင်းပင်။
ပို၍ အင်အားကြီးသော ပုဂ္ဂိုလ်များလည်း ရောက်လာနိုင်မှန်း လင်းကျင်း သိသည်။
ထို့ကြောင့် သူ အချိန်ထပ်ဆွဲရပေမည်။ ရွှေဝါလေး သန်မာသဖြင့် လင်းကျင်း၏ စိုးရိမ်မှုမှာ အတော်လေး လျော့နည်းသွား၏။ အဆင့် ၄ သားရဲတစ်ကောင် ရောက်လာလျှင်ပင် လင်းကျင်းအနေဖြင့် ဘေးကင်းမည်ဟု ခံစားနေရသည်။
အခြေအနေက တကယ် မဟန်လျှင် ရှန်းအာကိုပါ ထွက်တိုက်ခိုင်းရပေမည်။
ဒါနှင့်မှ မရလျှင်တော့ ရှောင်ဟော့ အဆင့်တက်သည်အထိ အချိန်ဆွဲရမည်။ ထိုအခါကျလျှင် လင်းကျင်းနှင့် အခြားသူများ လွတ်အောင် ထွက်ပြေးခြင်းကို မည်သူ တားဆီးနိုင်မည်နည်း။
ထိုအချိန်မှာပင် ရဲ့ယွီကျိုး ရောက်ရှိလာတော့သည်။
တပ်ကြပ်ကြီးကော်မှာ အတော်လေး ဖိအားများနေရ၏။ သူသည် ဒေါသထွက်နေသော လူရိုင်းများကိုလည်း ထိန်းထားရသလို၊ တောင်ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော လူကိုလည်း စောင့်ကြည့်နေရသည်။
သူသည် တပ်ကြပ်ကြီးတစ်ဦးသာ ဖြစ်ပြီး သူ၏ သားရဲမှာလည်း အဆင့် ၂ သာ ရှိ၏။ သူခေါ်လာသော အဖွဲ့မှာလည်း လူငါးဆယ်ထက် မပိုသဖြင့် ဤမျှအထိ ထိန်းထားနိုင်သည်မှာပင် တော်လှပေပြီ။
မြို့တော်ဝန်ရုံးမှ ဘဏ္ဍာစိုး ကျောက်ဝမ်ထန်သည်လည်း ရဲယွီကျိုးနှင့်အတူ ရောက်လာခဲ့သည်။ သူသည် အဆင့် ၃ သားရဲ ပိုင်ဆိုင်ထားသော ပညာရှင်တစ်ဦး ဖြစ်သော်လည်း ရဲ့ယွီကျိုးနှင့်တော့ ယှဉ်၍ မရပေ။ သို့သော်လည်း တစ်ဦးမှာ မေပယ်မြို့၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးသူ ဖြစ်သလို၊ နောက်တစ်ဦးမှာ မြို့တော်ဝန်ရုံး၏ ကိုယ်စားလှယ် ဖြစ်နေသဖြင့် သူတို့နှစ်ဦး ရောက်ရှိလာခြင်းက လေထုထဲရှိ တင်းမာမှုများကို လျော့ကျသွားစေ၏။
လူရိုင်းများမှာလည်း အေးအေးဆေးဆေး ပြန်ဖြစ်သွားကြတော့သည်။
လူရိုင်းများ၏ အကြောင်းစုံကို နားထောင်ပြီးနောက် ရဲ့ယွီကျိုး မျက်မှောင်ကြုတ်လိုက်၏။
အခုတော့ ဖြစ်ပျက်သမျှကို သူ နားလည်သွားပြီ ဖြစ်သည်။
လူရိုင်းများက မိစ္ဆာတစ်ကောင်ကို ဖမ်းခဲ့သော်လည်း မိန်းကလေးတစ်ဦး ရောက်လာကာ ကယ်တင်ခဲ့ပြီး ထိုစဉ် လူရိုင်းအချို့ကို သတ်ခဲ့ခြင်းပင်။ ထိုအထဲတွင် မြွေနိုင်ငံ ဆရာကြီး၏ သားလည်း ပါဝင်သွားခဲ့သည်။
ထို့နောက် လူရိုင်းများက လက်စားချေရန် လိုက်လံတိုက်ခိုက်သော်လည်း အကြီးအကျယ် ရှုံးနိမ့်ခဲ့ကြပြန်၏။ ယခုတစ်ခါ သေဆုံးသူများမှာ သူတို့၏ သားရဲများ ဖြစ်ကြသည်။
“အကြီးအကဲရဲ့ ... ကျုပ်တို့ မြွေနိုင်ငံရဲ့ နိုင်ငံတော်ဆရာကြီး မကြာခင် ဒီကို ရောက်တော့မယ်... ခင်ဗျားက မေပယ်မြို့ရဲ့ နံပါတ်တစ် ပညာရှင်ဆိုတော့ ခင်ဗျားဆီက ကျေနပ်လောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကျုပ်တို့ မျှော်လင့်ပါတယ်”
လူရိုင်းခေါင်းဆောင်က ပြောလိုက်၏။
သူသည် ရဲ့ယွီကျိုး၏ ရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ဝံ့သော်လည်း သူ၏ ရပ်တည်ချက်ကတော့ ပြတ်သားနေဆဲပင်။
ရဲ့ယွီကျိုးမှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။ သူက အေးစက်စွာဖြင့် ပြောလိုက်၏။
“အကယ်၍ မင်းတို့ ကျေနပ်တဲ့ ဆုံးဖြတ်ချက်မျိုး ငါတို့ မပေးနိုင်ရင်ကော ဘာဖြစ်မှာလဲ... မြွေနိုင်ငံ ဆရာကြီး ရောက်လာရင်တောင် ငါ ဒီစကားကိုပဲ ပြောမှာပါ... မမေ့ပါနဲ့... မင်းတို့ အခု လုပ်ဆောင်နေတာတွေက မင်းတို့ နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်နေတယ်ဆိုတာကို”
လူရိုင်းများက သွားကြိတ်လိုက်ကြသော်လည်း ဘာမှ ဆက်မပြောတော့ပေ။
သို့သော်လည်း ဤပြဿနာကို ဖြေရှင်းရပေဦးမည်။ ရဲ့ယွီကျိုးသည် တောင်ကုန်းပေါ်မှ ပုံရိပ်ကို ကြည့်လိုက်ပြီး ကျောက်ဝမ်ထန်းကို ပြောလိုက်သည်။
“ဘဏ္ဍာစိုးကျောက်... တောင်ပေါ်က လူက ဘယ်သူလဲဆိုတာ ကျုပ်တို့ မသိပေမဲ့ တစ်ခုတော့ သေချာတယ်၊ သူက သာမန်လူတော့ မဟုတ်ဘူး... ဒီလူအုပ်ကြီးကို တစ်ယောက်တည်းနဲ့ တားထားနိုင်တာကို ကြည့်ရင်ပေါ့... ကျုပ် ကိုယ်တိုင် တက်ပြီး သူ့ကို တွေ့လိုက်ပါ့မယ်”
ကျောက်ဝမ်ထန်းက ငြင်းစရာ အကြောင်းမရှိသဖြင့် “သတိထားပါဦး ဆရာကြီးရဲ့” ဟု ဆို၏။
ရဲ့ယွီကျိုးက ကျယ်လောင်စွာ ရယ်မောလိုက်ရာ ကျောက်ဝမ်ထန်းက သူ စကားမှားသွားမှန်း သိလိုက်သည်။ သူက ချက်ချင်းပင် ပြန်ပြင်ပြောလိုက်၏။
“ဆရာကြီးရဲ့က ကျောက်စိမ်းနဂါးနိုင်ငံရဲ့ အစောင့်အရှောက်ဆိုတော့ ဒီလို လူမိုက်တွေကို ကြောက်မှာ မဟုတ်မှန်း သိပါတယ်၊ ဒါပေမဲ့ တစ်ဖက်လူက လှည့်ကွက်တွေ သုံးမှာကိုပဲ စိုးရိမ်လို့ပါ...”
“စိတ်ချပါ ဘဏ္ဍာစိုးကျောက် အဲဒီလူက မိစ္ဆာတစ်ကောင်ကို ထိန်းချုပ်ထားတာဆိုတော့ ဘာပဲဖြစ်ဖြစ် သူ့ကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး... ပြီးတော့ မြွေနိုင်ငံ ဆရာကြီး ရောက်လာတဲ့အခါမှာလည်း ကျုပ်တို့ဘက်က ရှင်းပြချက်တစ်ခု ပေးနိုင်ဖို့ လိုသေးတယ် မဟုတ်လား... ကျုပ် အရင်သွားပြီး အဲဒီလူကို ဖမ်းလိုက်ပါ့မယ်”
ရဲ့ယွီကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူ၏ ဘေးတွင် မြူခိုးများ ပေါ်လာပြီး သူသည် ထိုမြူခိုးပေါ်သို့ ခုန်တက်ကာ တောင်ပေါ်သို့ တိမ်စီးသွားသော နတ်ဘုရားတစ်ပါးကဲ့သို့ ပျံတက်သွားတော့သည်။
ဤမြူခိုးများအတွင်းတွင်တော့ သူ၏ အဆင့် ၄ သားရဲဖြစ်သော ပျံလွှားတိမ်တိုက်ရေနဂါး ရှိနေသည်မှာ အမှန်ပင်။
လင်းကျင်းသည် ရဲ့ယွီကျိုး ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူသည် မြွေနိုင်ငံ ဆရာကြီးအကြောင်းကို မသိသဖြင့် မေပယ်မြို့အာဏာပိုင်များမှာ ဤမျှအထိ အစိုးရိမ်ကြီးနေကြသည်ဟု ထင်နေခဲ့ခြင်းပင်။ အခြေအနေမှာ ရဲ့ယွီကျိုးကို လွှတ်ရလောက်သည်အထိ ပြင်းထန်နေလိမ့်မည်ဟု သူ မတွေးမိခဲ့ပေ။
လင်းကျင်းသည် ရဲ့ယွီကျိုး၏ စွမ်းရည်ကို ကောင်းကောင်းသိသည်။ အကယ်၍ တိုက်ခိုက်ကြမည်ဆိုလျှင် သူနှင့် ရှောင်ဟော့မှာ ထိုလူကြီးကို ယှဉ်နိုင်မှာ မဟုတ်ပေ။ ရွှေဝါလေး၏ အကူအညီနှင့်ပင်လျှင် အနိုင်ရရန် မလွယ်ကူလှပေ။
ဘာပဲဖြစ်ဖြစ် ရွှေဝါလေးမှာ အဆင့် ၃ သာ ရှိသေးသဖြင့် အဆင့် ၄ ရေနဂါးကို ရင်ဆိုင်ရန်မှာ ခက်ခဲသော အလုပ်ပင်။
အကယ်၍ ရှန်းအာသာ ကူညီမည်ဆိုလျှင်တော့ အခြေအနေမှာ တူညီသွားနိုင်ပေသည်။
သို့သော် ထိုသို့ လုပ်ရန် မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် ရဲ့ယွီကျိုးကို မြင်လိုက်ရသောအခါ လင်းကျင်း၏ စိတ်ထဲတွင် ရဲတင်းသော အကြံတစ်ခု ပေါ်လာသောကြောင့်ပင်။
သူသည် ရွှေဝါလေးကို ဘေးဖယ်ခိုင်းလိုက်ပြီး အရိပ်ဝံပုလွေကိုလည်း အမှောင်ထဲတွင် ပုန်းခိုင်းလိုက်၏။ ထို့နောက် လင်းကျင်းသည် လက်ကို နောက်ပစ်ကာ ပညာရှင်တစ်ဦး၏ အမူအရာကို ယူလိုက်တော့သည်။
ရဲယွီကျိုး တောင်ပေါ်သို့ တက်လာပြီး လင်းကျင်းကို မြင်လိုက်သောအခါ ထိုလူမှာ ထူးဆန်းနေသည်ဟုသာ ခံစားရ၏။
ဝတ်ရုံကို ပြောင်းပြန်ဝတ်ထားသည်ကို ထားလိုက်ပါဦး၊ ထိုလူမှာ သစ်ခေါက်နှင့် လုပ်ထားသော မျက်နှာဖုံးကိုပင် တပ်ထားသေးသည်။ ဒါကို ကြည့်ပြီး ဘယ်သူမှ မရယ်ဘဲ နေနိုင်ပါ့မလား။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သောအခါ နောက်ကွယ်တွင် ကြီးမားသော ကြက်ဖကြီးနှင့် အမှောင်ထဲတွင် ပုန်းနေသော သားရဲတစ်ကောင်ကို သူ မြင်လိုက်ရ၏။ သို့သော် ၎င်းတို့မှာ အဆင့် ၃ သားရဲများသာ ဖြစ်သဖြင့် ရဲ့ယွီကျိုးကတော့ မမှုပေ။
ထူးခြားသည်မှာ ထိုလူသည် သူ၏ သားရဲများကို ရဲယွီကျိုးနှင့် ဝေးရာသို့ ဖယ်ခိုင်းလိုက်ခြင်းပင်။ ရဲ့ယွီကျိုးက သူ့ကို ရုတ်တရက် တိုက်ခိုက်လာမှာကို မကြောက်ဘူးလား။
သို့သော်လည်း ရဲ့ယွီကျိုးက ထိုသို့ လုပ်မှာ မဟုတ်ပေ။ လုပ်မည်ဆိုလျှင်ပင် တစ်ဖက်လူက ဘယ်သူလဲဆိုသည်ကို အရင် သိရပေဦးမည်။ သူသည် ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလား။ ထို့ကြောင့် ရဲ့ယွီကျိုးက မာန်ပါပါဖြင့် ပြောလိုက်၏။
“မိစ္ဆာတွေကို ကာကွယ်ပေးတာက ကြီးမားတဲ့ အပြစ်ပဲ... မင်း ဘယ်သူလဲ... နာမည် ပြောစမ်း”
လင်းကျင်းသည် သူ၏ အသံကို နှိမ့်လိုက်ပြီး တမင်တကာ ရယ်မောကာ ပြောလိုက်သည်။
“နေကောင်းလား လူအိုကြီးရဲ့"
အခန်း (၁၉၀) - မြွေနိုင်ငံ၏ နိုင်ငံတော်ဆရာကြီး
တောင်အောက်တွင် ကျောက်ဝမ်ထန်းနှင့် အခြားသူများသည် တောင်ပေါ်တွင် ဘာများဖြစ်ပျက်နေသလဲဆိုသည်ကို အသည်းအသန် အကဲခတ်နေကြ၏။
သူတို့သည် ရဲ့ယွီကျိုးအပေါ်တွင် လုံးဝဥဿုံ ယုံကြည်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ရဲ့ယွီကျိုးသည် ကျောက်စိမ်းနဂါးနိုင်ငံတွင် အဆင့် ၄ သားရဲ ပိုင်ဆိုင်ထားသော လက်ချိုးရေတွက်၍ရသည့် ထူးချွန်သော ပညာရှင်ကြီးတစ်ဦး မဟုတ်ပါလား။ သူသည် အဋ္ဌမမြောက် သွေးကတိစာချုပ် နယ်ပယ်သို့ ရောက်ရှိထားသူဖြစ်သလို၊ ဂုဏ်သိက္ခာရှိသော ဆရာတစ်ဦးလည်း ဖြစ်ကာ နိုင်ငံတော်၏ အစောင့်အရှောက်တစ်ဦးလည်း ဖြစ်ပေသည်။
အကယ်၍ ရဲ့ယွီကျိုးသာ လက်နက်ထုတ်လိုက်လျှင် ပြိုင်ဘက်အားလုံးမှာ ဒူးထောက် အရှုံးပေးရမှာ အမှန်ပင်။
သို့သော်လည်း လင်းကျင်း၏ စကားတစ်ခွန်း ကြားလိုက်ရအပြီးတွင် ရဲ့ယွီကျိုး၏ မျက်တောင်များမှာ ရုတ်တရက် တုန်ယင်သွားကာ စိတ်ထဲတွင် ထိတ်လန့်သွားရသည်ကိုတော့ သူတို့ မသိကြပေ။
ရဲ့ယွီကျိုးမှာ သိသိသာသာ ဆွံ့အသွားရ၏။ သူသည် လင်းကျင်းကို သေချာစွာ ထပ်မံ အကဲခတ်ကြည့်လိုက်သောအခါ ရင်းနှီးနေသော အငွေ့အသက်တစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။
ဖြစ်နိုင်ခြေတစ်ခုမှာ ရဲ့ယွီကျိုး၏ စိတ်ထဲတွင် ပေါ်လာခဲ့ပြီ ဖြစ်၏။
ထူးခြားသော အရှိန်အဝါရှိသည့် မျက်နှာဖုံးစွပ်ထားသော လူတစ်ယောက်... ပြီးတော့ သူ့ကို ‘လူအိုကြီးရဲ့’ ဟု ခေါ်ဝံ့သူ။
ဤ လူအိုကြီးရဲ့ဟူသော နာမည်ပြောင်ကို ‘ဧည့်ခန်းမ’ သို့ ရောက်ဖူးသူများသာ သိကြပြီး၊ ထိုနေရာတွင် မျက်နှာဖုံးစွပ်ရသည်ကို ဝါသနာပါသူမှာ ပြတိုက်မှူး တစ်ယောက်တည်းသာ ရှိပေသည်။
ခဏချင်းအတွင်းမှာပင် ရဲယွီကျိုး၏ မာန်မာနနှင့် အရှိန်အဝါများမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
ထိုနိမ့်ရှိုင်းသော အသံနှင့် လေသံမှာ အလွန်ပင် ရင်းနှီးလှပေသည်။
ကွာခြားချက်မှာ အခု ဝတ်ထားသည့် မျက်နှာဖုံးသာ ဖြစ်၏။
ရဲယွီကျိုးသည် တုန်ယင်နေသော သူ၏ ရင်ခုန်သံကို ထိန်းချုပ်ရင်း တိုးတိုးလေး မေးလိုက်မိသည်။
"ပြတိုက်မှူး...လား..."
လင်းကျင်းမှာတော့ အရာအားလုံးကို လက်ဖဝါးပေါ်တွင် တင်ထားသကဲ့သို့ တည်ငြိမ်နေ၏။ သူက ပြန်ဖြေလိုက်သည်။
“မင်းက မေပယ်မြို့မှာ နေတာကိုး... ဘာလဲ... ငါ့ကို တိုက်ခိုက်မလို့လား”
ဒါကို ကြားလိုက်ရသောအခါ ရဲ့ယွီကျိုး၏ ဦးရေပြားမှာ ထုံကျင်သွားရ၏။ သူက ချက်ချင်းပင် ငြင်းဆိုလိုက်တော့သည်။
“မဟုတ်ရပါဘူး... လုံးဝ မဟုတ်ပါဘူး”
အခုတော့ သူ၏ရှေ့တွင် ရှိနေသူမှာ ပြတိုက်မှူး အစစ်မှန်ဖြစ်ကြောင်း သူ သေချာသွားပြီ ဖြစ်၏။
ဒါပေမဲ့ ဘယ်လိုဖြစ်ပြီးတော့လဲ။
ရဲယွီကျိုး၏ စိတ်ထဲတွင် ရှုပ်ထွေးသွားသော်လည်း၊ မကြာမီမှာပင် နောက်ထပ် အတွေးတစ်ခု ဝင်လာပြန်သည်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။
လင်းကျင်းက ပြတိုက်မှူး၏ တပည့်ဖြစ်ပြီး လင်းကျင်းက မေပယ်မြို့မှာ ရှိနေတာဆိုတော့၊ ပြတိုက်မှူးလည်း ဒီပတ်ဝန်းကျင်မှာ ရှိနေမှာပေါ့။ ဟုတ်တာပေါ့... ဒါက ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။
တကယ်ဆို ပြတိုက်မှူးသာ ဒီနားမှာ မရှိရင် ပိုပြီး ထူးဆန်းနေဦးမှာပင်။
ထိုစဉ်မှာပင် လင်းကျင်းသည် ရဲယွီကျိုး၏ ပျံလွှားတိမ်တိုက် ရေနဂါးကို ကြည့်လိုက်၏။ သူသည် ခေတ္တစဉ်းစားပြီးနောက် ရှေ့သို့ တိုးသွားကာ သူ၏ ‘အလယ်အလတ်အဆင့် သားရဲခြောက်လှန်နိုင်စွမ်း’ ကို အသုံးချလိုက်တော့သည်။
ဤနေရာမှာ ဧည့်ခန်းမ မဟုတ်သဖြင့် လင်းကျင်းအနေဖြင့် ပြတိုက်မှူး၏ တန်ခိုးစွမ်းအားများကို မသုံးနိုင်ပေ။ ထို့ကြောင့် ဤလုပ်ရပ်မှာ သူ့အတွက်တော့ စွန့်စားမှုတစ်ခုပင်။
အလယ်အလတ်အဆင့် ခြောက်လှန်နိုင်စွမ်းက အဆင့် ၄ နှင့် အောက်ရှိသည့် မည်သည့်သားရဲကိုမဆို ထိန်းချုပ်နိုင်သည်။ ရေနဂါးမှာ မည်မျှပင် သန်မာစေကာမူ ၎င်းသည် အဆင့် ၄ သာ ရှိသေးသဖြင့် လင်းကျင်း၏ စွမ်းရည်မှာ အလုပ်ဖြစ်ပေလိမ့်မည်။
လင်းကျင်းသည် စိတ်ကို လုံးဝ မပြန့်လွင့်စေဘဲ နဂါးကို ထိန်းချုပ်ရန်သာ အာရုံစိုက်လိုက်၏။
နဂါးကြီးမှာ သိသိသာသာ နေရခက်သွားသော်လည်း လင်းကျင်း၏ ခြောက်လှန်နိုင်စွမ်းကြောင့် တစ်လက်မမှ မလှုပ်ရဲတော့ပေ။ လင်းကျင်းသည် နဂါးကြီး၏ ဒဏ်ရာဟောင်းရှိရာ နေရာသို့ လျှောက်သွားပြီး၊ သူကိုယ်တိုင် ချုပ်ပေးခဲ့ဖူးသော ထိုနေရာကို ပုတ်ပေးလိုက်၏။
“ဒဏ်ရာက အခုဆို အတော်လေး ပျောက်ကင်းသွားပြီပဲ”
အလွန် ပေါ့ပါးသော စကားတစ်ခွန်းပင်။
သို့သော် ဤစကားက ရဲ့ယွီကျိုး၏ စိတ်ထဲရှိ သံသယအားလုံးကို အမြစ်ပြတ် သုတ်သင်လိုက်တော့သည်။
သူသည် သူ၏ နဂါးကို မထိန်းချုပ်ထားသဖြင့် အကယ်၍ အခြားလူသာ နားကပ်လျှင် ထိုနဂါးမှာ သတိပေးချက်မရှိဘဲ တိုက်ခိုက်မှာ အမှန်ပင်။
သို့သော် အခုတော့ သူ၏ နဂါးကြီးမှာ ငြိမ်သက်နေ၏။ ရဲ့ယွီကျိုးအဖို့တော့ ဤသို့ လုပ်နိုင်သူမှာ ပြတိုက်မှူး တစ်ယောက်တည်းသာ ရှိပေသည်။
ထို့ကြောင့် သူ၏ သံသယအားလုံး ပျောက်ကွယ်သွားရတော့သည်။
အထူးသဖြင့် သူ၏ နဂါးကြီးက လင်းကျင်းကို ချစ်ခင်ကြောင်းပြသည့်အနေဖြင့် ခေါင်းနှင့် တိုးဝှေ့နေသည်ကို မြင်လိုက်ရသောအခါ ရဲ့ယွီကျိုးမှာ တစ်ဖက်လူ၏ အထောက်အထားကို လုံးဝ အတည်ပြုနိုင်သွားတော့၏။
ယခုတွင် သူ ရင်ဆိုင်နေရသူမှာ ပြတိုက်မှူး ဖြစ်ကြောင်း သိသွားသဖြင့် ရဲ့ယွီကျိုး၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသော်လည်း အများစုမှာ ဝမ်းသာပီတိ ဖြစ်ရခြင်းပင်။
သူသည် ပြတိုက်မှူးအပေါ် သူ၏ အမှားများကို ပြန်လည် တောင်းပန်ချင်နေသူ ဖြစ်ရာ၊ အခုက တကယ်ကို အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလား။
ထို့အပြင် သူသည် အခြား ဧည့်သည်များဖြစ်သော ကျီးကန်းအိုကြီးနှင့် ဝိညာဉ်ကလေးငယ်မိခင်တို့ထက် အပြတ်အသတ် သာလွန်သွားခဲ့ပြီ ဖြစ်သည်။
အခြားလူများမှာ ပြတိုက်မှူးကို ခုနစ်ရက်မှ တစ်ကြိမ်သာ ဧည့်ခန်းမတွင် တွေ့နိုင်သော်လည်း၊ သူကတော့ လူကိုယ်တိုင် တွေ့ဆုံနိုင်ခွင့် ရခဲ့ပြီ ဖြစ်၏။
ဒါက အလွန် ကြီးမားသော ဂုဏ်ယူစရာပင်။
သို့သော်လည်း ပြတိုက်မှူးသည် အဘယ်ကြောင့် သစ်ခေါက်နှင့် လုပ်ထားသော မျက်နှာဖုံးမျိုးကိုမှ သုံးရသနည်းဆိုသည်ကိုတော့ ရဲ့ယွီကျိုး သိချင်မိသည်။ သို့သော် သူ မမေးဝံ့ပေ။
ပြတိုက်မှူးသည် အံ့မခန်းသော ပညာရှင်ကြီးတစ်ဦး ဖြစ်ကြောင်း သူ ယုံကြည်သည်။ ထိုသို့သော ပညာရှင်ကြီး တစ်ဦးက ဘာကြောင့် ဒီလို လုပ်ရသလဲ၊ ဘာကြောင့် အင်္ကျီကို ဒီလို ဝတ်ရသလဲဆိုသည်မှာ သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။ ရဲ့ယွီကျိုးအနေဖြင့် ပြတိုက်မှူးကို စိတ်အနှောင့်အယှက် ဖြစ်စေမည့် စကားမျိုးကို မမေးဝံ့ပေ။
“ လူအိုကြီးရဲ့... မင်း ဒီကို ဘာလာလုပ်တာလဲ... မြက်ခင်းပြင်တိုက်က လူရိုင်းတွေရဲ့ မဟုတ်တာတွေကို ကူညီပေးဖို့ လာတာလား”
လင်းကျင်းက တမင်တကာ မေးလိုက်၏။
ရဲ့ယွီကျိုးက ပျော်နေသလို၊ လင်းကျင်းလည်း စိတ်အေးသွားရသည်။
ပြတိုက်မှူးအဖြစ် ဟန်ဆောင်ကာ ဤပြဿနာကို ဖြေရှင်းရန်မှာ လင်းကျင်း၏ ရုတ်တရက် ပေါ်လာသော အကြံသာ ဖြစ်၏။ သူသည် ပြတိုက်မှူး ဒီကို ဘာလာလုပ်သလဲဆိုသည်ကို ရှင်းပြရန် ရှည်ရှည်ဝေးဝေး စဉ်းစားထားသော်လည်း၊ ရဲ့ယွီကျိုးက ဘာမှ မမေးဘဲ သူပြောသမျှကို အဟုတ်မှတ်နေသည်မှာ အံ့ဩစရာပင်။
လင်းကျင်းက ပြတိုက်မှူး၏ တပည့်ဖြစ်သည်ဟု ရဲယွီကျိုး တစ်ယောက်တည်း စိတ်ကူးယဉ်ကာ တွေးနေသည်ကိုတော့ လင်းကျင်း မသိပေ။
ယခုတွင် ရဲ့ယွီကျိုး ရောက်လာပြီ ဖြစ်ရာ လင်းကျင်းသည် ဤပြဿနာကို ထိုလူကြီးအား ဖြေရှင်းခိုင်းရန် အကြံရလိုက်၏။
ပြတိုက်မှူး၏ ‘စစ်မေးမှု’ ကို ကြားလိုက်ရသောအခါ ရဲ့ယွီကျိုးသည် သတိပြန်ဝင်လာ၏။ သူသည် အရေးကြီးသော ကိစ္စကိုပင် မေ့သွားမတတ် ဖြစ်ခဲ့ရသည်။
အခုတော့ အရာအားလုံး ရှင်းလင်းသွားပြီ။ ထိုမိစ္ဆာမှာ ပြတိုက်မှူးနှင့် ပတ်သက်နေမှာ သေချာသလို၊ သတ်ဖြတ်သူမှာလည်း ပြတိုက်မှူးနှင့် ဆက်စပ်နေပေလိမ့်မည်။ ဒါကြောင့်လည်း လူရိုင်းများ တောင်ပေါ်သို့ တက်မလာနိုင်ခြင်း ဖြစ်ပေမည်။
ဒါက ရှင်းနေသည် မဟုတ်ပါလား။
ပြတိုက်မှူး ကိုယ်တိုင် ရှိနေသည့် နေရာကို သူတို့က တက်နိုင်မည်ဆိုလျှင်တော့ ပို၍ ထူးဆန်းနေပေလိမ့်မည်။
မြွေနိုင်ငံမှ လူရိုင်းများကို ထားလိုက်ပါဦး၊ ရဲ့ယွီကျိုး၏ အမြင်တွင်တော့ နိုင်ငံကြီး တစ်နိုင်ငံပင် ဖြစ်ပါစေဦး၊ ပြတိုက်မှူးကို ရင်ဆိုင်ရမည်ဆိုလျှင် ရန်စရဲမှာ မဟုတ်ပေ။
ပြတိုက်မှူး ကိုယ်တိုင်ကပင် နိုင်ငံကြီး တစ်နိုင်ငံ၏ အစောင့်အရှောက် ဖြစ်နေနိုင်သည် မဟုတ်ပါလား။
“ပြတိုက်မှူး... အရှင် အထင်မှားနေပါပြီ... ကျွန်တော်က မြို့တော်ဝန်ရုံးရဲ့ တောင်းဆိုမှုကြောင့် အခြေအနေကို လာကြည့်တာပါ... မဟုတ်တာတွေကို ကူညီဖို့ မဟုတ်ပါဘူး”
ရဲ့ယွီကျိုးက ထိုကိစ္စနှင့် ကင်းလွတ်အောင် အစွမ်းကုန် ငြင်းဆိုလိုက်တော့သည်။
လင်းကျင်း ပြုံးလိုက်၏။
“ငါ မင်းကို အခက်မတွေ့စေပါဘူး... လူရိုင်းတွေကို သတ်ခဲ့တာက ငါ့တပည့်ပဲ၊ ဒါပေမဲ့ ဒါက သူတို့ဘက်က အရင်စခဲ့တာဆိုတာကိုတော့ သိထားပါ... လူအိုကြီးရဲ့... ဒီကိစ္စကို မင်း ဘယ်လို ဖြေရှင်းမလဲဆိုတာ မင်းဘာသာပဲ ဆုံးဖြတ်ပါတော့”
လင်းကျင်းက ရဲ့ယွီကျိုးကို ကူညီခိုင်းသည်ဟု တိုက်ရိုက် မပြောသော်လည်း၊ သူ၏ အရိပ်အယောင်မှာ ရှင်းလင်းလှပေသည်။
ရဲ့ယွီကျိုးသည် ဝါရင့်သူတစ်ဦး ဖြစ်ရာ လင်းကျင်း၏ စကားထဲမှ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။
အကယ်၍ အခြားလူသာဆိုလျှင် ရဲ့ယွီကျိုး ကူညီရန် စဉ်းစားမှာ မဟုတ်ပေ။ သူနှင့် အလွန် ရင်းနှီးသူပင် ဖြစ်ပါစေဦး။ သို့သော် ပြတိုက်မှူးကတော့ မတူပေ။ ပြတိုက်မှူး၏ မျက်နှာသာပေးမှုကို ရရှိရန်မှာ အလွန် ခက်ခဲရာ၊ ဤအခွင့်အရေးကို လက်လွှတ်လိုက်မည်ဆိုလျှင် သူသည် ငတုံး တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
“ပြတိုက်မှူး... အခု ကျွန်တော် အခြေအနေကို နားလည်သွားပါပြီ... ဒါက မြက်ခင်းပြင်တိုက် မဟုတ်တဲ့အတွက် လူရိုင်းတွေမှာ ဘာအခွင့်အာဏာမှ မရှိပါဘူး... ခဏနေလို့ မြွေနိုင်ငံ ဆရာကြီး ရောက်လာရင် ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်”
ရဲ့ယွီကျိုးက ထိုသို့ပြောလိုက်သောအခါ လင်းကျင်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ မြွေနိုင်ငံ ဆရာကြီးဆိုတာက ဘာလဲ။
သူ သိချင်သော်လည်း လင်းကျင်းသည် နှုတ်ဆိတ်နေလိုက်၏။
အဘယ်ကြောင့်ဆိုသော် အခု သူက ‘ပြတိုက်မှူး’ အဖြစ် ဟန်ဆောင်နေရသဖြင့် တတ်နိုင်သမျှ စကားနည်းရပေမည်။ မလိုအပ်သော မေးခွန်းများကိုလည်း မမေးရပေ။
ဒါမှသာ အရာရာကို သိမြင်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ပြတိုက်မှူး၏ ပုံရိပ်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်သည်။
သို့သော် တွေးကြည့်လျှင်တော့ လူအိုကြီးရဲ့မှာ ယခုတစ်ခါ အတော်လေး တက်ကြွနေ၏။
လင်းကျင်းသည် ထိုလူကြီး ဘာကို လိုချင်နေသလဲဆိုသည်ကို သိသည်။ ထို့ကြောင့် သူက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်တော့သည်။
“မင်း လူရိုင်းတွေနဲ့ ကိစ္စ ပြီးသွားတဲ့အခါ တောင်ပေါ်ကို တက်လာပြီး ငါ့ကို လာတွေ့ပါ... မင်းရဲ့ သားရဲ အဆင့်တက်မယ့် နည်းလမ်းကို ငါ လမ်းညွှန်ပေးမယ်”
ဤစကားတစ်ခွန်းက ရဲ့ယွီကျိုးကို အလွန်ပင် ဝမ်းသာသွားစေ၏။
နောက်ဆုံးတော့ သူ လုပ်နိုင်ခဲ့ပြီ။
ပို၍ အရေးကြီးသည်မှာ ပြတိုက်မှုးနှင့် ဆက်ဆံရေးကို ပြန်လည် ပြုပြင်နိုင်ခဲ့ခြင်းပင်။ ယခုတွင်တော့ ရဲ့ယွီကျိုး၏ နှစ်ရက်တိုင်တိုင် စိုးရိမ်နေခဲ့သော စိတ်မှာ အနားယူနိုင်သွားခဲ့ပြီ ဖြစ်၏။
မြွေနိုင်ငံ ဆရာကြီးနှင့် ပတ်သက်လျှင်တော့ ထိုလူမှာ ကိုင်တွယ်ရ မလွယ်သော်လည်း၊ ပြတိုက်မှူးကို စိတ်ဆိုးစေခြင်းနှင့် ယှဉ်လျှင်တော့ ဘာမှ မဟုတ်ပေ။ ထို့အပြင် ပြတိုက်မှူးအတွက် ဤကိစ္စလေးကို ကူညီပေးခြင်းက သူ့အတွက် အမှတ်ရစရာ ဖြစ်သွားမှာ အမှန်ပင်။
ရဲ့ယွီကျိုးသည် လူအ မဟုတ်ပေ။
အကယ်၍ ဤကိစ္စကြောင့် မြွေနိုင်ငံနှင့် ရန်သူဖြစ်ကာ စစ်ပွဲဖြစ်လျှင်ပင် သူ ဂရုမစိုက်ပေ။ တစ်ဖက်တွင်တော့ သူသာ ပြတိုက်မှူးကို စိတ်ဆိုးအောင် လုပ်မိလျှင် သူ တစ်ယောက်တည်း ဒုက္ခရောက်မှာ မဟုတ်ပေ။
မေပယ်မြို့ တစ်မြို့လုံးနှင့် ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးပင် အန္တရာယ် ကျရောက်သွားနိုင်သည်။
ပြတိုက်မှူးအနေဖြင့် သူကိုယ်တိုင် လက်ညစ်ပတ်ခံစရာပင် မလိုပေ။ ဧည့်ခန်းမရှိ ဧည့်သည်များကိုသာကြည့်လိုက်တော့။ ရဲ့ယွီကျိုး ခန့်မှန်းကြည့်လျှင် ကျီးကန်းအိုကြီးမှာ နိုင်ငံငယ်လေးများကို တစ်ယောက်တည်းနှင့် ဖျက်ဆီးနိုင်သည့် ပညာရှင် ဖြစ်ပေလိမ့်မည်။ ဝိညာဉ်ကလေးငယ်မိခင်မှာ ပို၍ပင် ကြောက်စရာ ကောင်းသေး၏။
သူမသည် တစ်ချိန်က နာမည်ကျော် လင်နန်နတ်ဘုရား ငါးပါးထဲမှ တစ်ပါး ဖြစ်ခဲ့ပြီး၊ ထိုပုဂ္ဂိုလ်များသည် အလယ်အလတ်အဆင့်ရှိသော နိုင်ငံတစ်ခုလုံးကိုပင် အမြစ်ဖြတ် သုတ်သင်နိုင်စွမ်း ရှိကြသူများ မဟုတ်ပါလား။
အကယ်၍ ပြတိုက်မှူးသာ အမိန့်ပေးလိုက်ပြီး ထိုလူများက ကျောက်စိမ်းနဂါးနိုင်ငံသို့ ရောက်လာခဲ့လျှင် ဘာဖြစ်သွားမည်နည်း။
ထို့ကြောင့် မည်သည့်ဘက်က ရပ်တည်ရမည်ကို ရွေးချယ်ရာတွင် ရဲယွီကျိုး၏ ဦးနှောက်သာ ပျက်စီးမနေလျှင် ပြတိုက်မှူးဘက်မှသာ ခိုင်ခိုင်မာမာ ရပ်တည်မှာ အမှန်ပင်။
ရဲ့ယွီကျိုးသည် ပြတိုက်မှူးကို အရိုအသေပေးပြီးနောက် တောင်အောက်သို့ ဆင်းသွားတော့သည်။
တောင်အောက်တွင် လူရိုင်းများ၊ ကျောက်ဝမ်ထန်းနှင့် အခြားသူများသည် ရဲ့ယွီကျိုးကိုသာ စောင့်ကြည့်နေကြ၏။
ရဲ့ယွီကျိုးသည် တောင်ပေါ်တွင် ဖြစ်ပျက်သမျှကို မည်သူ့ကိုမှ မပြောဘဲ ဆိုလိုက်၏။
“မြွေနိုင်ငံ ဆရာကြီး ရောက်လာတဲ့အခါ ငါ ကိုယ်တိုင် သူနဲ့ စကားပြောလိုက်မယ်”
အားလုံးက သိချင်နေကြသော်လည်း ဘာမှ ထပ်မမေးဝံ့ကြပေ။
အထူးသဖြင့် လူရိုင်းများမှာ သူတို့ ဆရာကြီး ရောက်လာပြီး တရားမျှတမှု ရရှိရန်သာ စောင့်မျှော်နေကြတော့သည်။
ထိုသို့ဖြင့် သူတို့ စောင့်ဆိုင်းနေခဲ့ကြ၏။
တစ်နာရီခန့် ကြာပြီးနောက် ကောင်းကင်ယံမှ သိန်းငှက်တစ်ကောင်၏ အော်မြည်သံကို ကြားလိုက်ရသည်။ လူရိုင်းများမှာ ထိုအသံကို ကြားသည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ကြ၏။
သူတို့၏ မြွေနိုင်ငံ ဆရာကြီး ရောက်ရှိလာပြီ ဖြစ်သည်။
ကျောက်ဝမ်ထန်းမှာ စိုးရိမ်လာသော်လည်း၊ တည်ငြိမ်နေသော ရဲ့ယွီကျိုးကို ကြည့်ရင်း စိတ်ကို လျှော့လိုက်၏။
ရဲ့ယွီကျိုးတွင် အစီအစဉ် ရှိနေမည်ဟု သူ ယုံကြည်ထားခြင်းပင်။
ကောင်းကင်သို့ ကြည့်လိုက်သောအခါ သိန်းငှက်များစွာ ပျံဆင်းလာသည်ကို မြင်ရ၏။ အကြီးဆုံး သိန်းငှက်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးကြောင်းများ စီးဆင်းနေကာ၊ အတောင်ပံ နှစ်ဖက်ကို ဖြန့်လိုက်လျှင် ပေငါးဆယ်ခန့်အထိ ရှိပေလိမ့်မည်။
၎င်းမှာ တကယ့်ကို ကြီးမားလှသော သားရဲကြီးပင်။
ထိုသိန်းငှက်ကြီး၏ ကျောပေါ်တွင်တော့ အဖိုးအိုတစ်ဦး ရပ်နေ၏။
အခြားလူရိုင်းများကဲ့သို့ပင် ထိုအဖိုးအိုမှာ အရပ်ရှည်ပြီး ကြွက်သားများ သန်မာလှသည်။ သူ၏ မျက်နှာပေါ်တွင် အကြီးအကဲ တစ်ဦး၏ တက်တူးသင်္ကေတများ ရှိနေကာ၊ ခန္ဓာကိုယ်တွင် သစ်သား သံချပ်ကာနှင့် သားရဲအရေခွံ ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သစ်သားတုတ်ရှည် တစ်ချောင်းကို ကိုင်ထား၏။
ထိုတုတ်ရှည်ပေါ်တွင်တော့ ‘သဲကန္တာရမြွေ’တစ်ကောင် ရစ်ပတ်နေလေသည်။
ထိုမြွေ၏ အရောင်မှာ သဲကန္တာရအရောင် ဖြစ်ပြီး သူ၏ အမြီးကို လှုပ်လိုက်တိုင်း သဲတူတစ်ခုကဲ့သို့ တဂျောက်ဂျောက် အသံထွက်နေ၏။
“ဆရာကြီးကို ကြိုဆိုပါတယ်”
လူရိုင်းများက ချက်ချင်းပင် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
မြက်ခင်းပြင်တိုက်တွင်လည်း နိုင်ငံအဆင့်အတန်း ကွဲပြားမှု ရှိရာ၊ ဤမြွေနိုင်ငံမှာ အလယ်အလတ်အဆင့်ရှိသော နိုင်ငံတစ်ခု ဖြစ်ပေသည်။ အင်အားအကြီးဆုံး မဟုတ်သော်လည်း အားအနည်းဆုံးလည်း မဟုတ်ပေ။
ထို့ကြောင့်ပင် ဤနိုင်ငံတော်ဆရာကြီးမှာ အားနည်းသူတစ်ဦး မဟုတ်ပေ။
ယခုတွင် ရဲ့ယွီကျိုး၏ စွမ်းအားကသာ ထိုသူနှင့် ယှဉ်နိုင်သော်လည်း၊ အဆင့်အတန်းအရဆိုလျှင်တော့ ရဲ့ယွီကျိုးမှာ အစိုးရ ရာထူးမရှိသဖြင့် သိသိသာသာ နိမ့်ကျနေပေသည်။
ရဲ့ယွီကျိုးသည် ဤဆရာကြီး၏ နာမည်မှာ ‘ရူဇီရို’ ဖြစ်မှန်း သိထား၏။ မြက်ခင်းပြင်တိုက်၏ ရှေးဟောင်းဘာသာစကားအရ ၎င်း၏ အဓိပ္ပာယ်မှာ ‘သဲကန္တာရမြွေ’ ဟူ၍ ဖြစ်သည်။
ယခုတွင် ထိုသဲကန္တာရမြွေကြီးမှာ အလွန်ပင် ခက်ထန်နေ၏။ သူ၏ သားတစ်ဦးတည်းကို ဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီး၊ ထိုသားကို သူ၏ ဆက်ခံသူအဖြစ် ပြုစုပျိုးထောင်နေခဲ့ခြင်း မဟုတ်ပါလား။
အခုတော့ သူ၏ အစီအစဉ်များအားလုံး ပျက်စီးသွားခဲ့ပြီဖြစ်ရာ သူ ဘယ်လိုမှ စိတ်မလျှော့နိုင်ပေ။
“ငါ့သားကို သတ်တဲ့လူ ဘယ်မှာလဲ”
ဆရာကြီးရူဇီရိုက သိန်းငှက်ကျောပေါ်မှ ဆင်းဆင်းချင်းမှာပင် မေးလိုက်တော့သည်။
သူသည် လက်စားချေရန် သီးသန့် လာခဲ့ခြင်းပင်။
လူရိုင်းများကလည်း အခြေအနေကို ပို၍ ဆိုးအောင် ရှင်းပြလိုက်ကြရာ၊ ရူဇီရိုသည် တောင်ကုန်းပေါ်သို့ ကြည့်ကာ ဒေါသတကြီးဖြင့် လျှောက်သွားတော့သည်။
သူသည် တစ်စက္ကန့်မျှပင် မစောင့်နိုင်တော့ဘဲ လက်စားချေရန် ပြင်ဆင်လိုက်ပြီ ဖြစ်ပေတော့သည်။