← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 10 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 10 Ch. 191-192

အခန်း (၁၉၁) - လူအိုကြီးရဲ့ နှင့် နိုင်ငံတော်ဆရာကြီး

ယခုအချိန်သည် သူ၏စွမ်းဆောင်ရည်ကို ပြသရမည့်အချိန်ဖြစ်မှန်း ရဲ့ယွီကျိုး သိသည်။ ပြတိုက်မှူးအနေဖြင့် သူ့အပေါ် ထားရှိသည့် အမြင် ပြောင်းလဲသွားမလားဆိုသည်မှာ ဤအရေးကြီးသော အခိုက်အတန့်အပေါ်တွင်သာ မူတည်နေ၏။

“ဆရာကြီးရူ... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး”

ရဲ့ယွီကျိုးသည် ရှေ့သို့တစ်လှမ်းတိုးကာ ထိုလူ၏လမ်းကို ပိတ်ဆို့လိုက်၏။

ဤနေရာတွင် ရှိနေသူအားလုံးထဲတွင် ရူဇီရိုကို တားဆီးနိုင်သည့် အရှိန်အဝါမျိုးမှာ ရဲ့ယွီကျိုး တစ်ယောက်တည်း၌သာ ရှိပေသည်။

ရူဇီရိုသည် မျက်မှောင်ကြုတ်ကာ ရဲ့ယွီကျိုးကို တစ်ချက်ကြည့်လိုက်၏။ သူကဲ့သို့သော အဆင့်မြင့်ပညာရှင်တစ်ဦးအဖို့ ရဲ့ယွီကျိုးမှာ သာမန်လူမဟုတ်မှန်း အကဲခတ်ရုံနှင့် သိနိုင်သည်။ ရဲ့ယွီကျိုး၏ ကျင့်စဉ်အဆင့်မှာ မြင့်မားလှသည်သာမက သွေးကတိစာချုပ် နယ်ပယ်မှာလည်း သူထက်ပင် သာလွန်နေသေးသည်။ ဒါတင်မက မြူခိုးလုံးကြီးထဲတွင် ပုန်းကွယ်နေသော သားရဲမှာလည်း အဆင့် ၄ သတ္တဝါ ဖြစ်နိုင်ကြောင်း သူ ခံစားမိနေသည်။

သူသည် လက်စားချေလိုစိတ် ပြင်းပြနေသော်လည်း ပေါ့ပေါ့ဆဆတော့ မလုပ်ဝံ့ပေ။

“ခင်ဗျားက ဘယ်သူလဲ"

ရူဇီရိုက မေးလိုက်၏။

ရဲ့ယွီကျိုးက သူ၏အမည်ကို ပြောလိုက်ရာ ရူဇီရိုက ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“ကျောက်စိမ်းနဂါးနိုင်ငံက ဆရာကြီးရဲ့ကိုး... ခင်ဗျားရဲ့ နာမည်ကျော်ကြားမှုကို ကျုပ် ကြားဖူးပါတယ်.... ဒါပေမဲ့ အခု ကျုပ်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု ရှိနေတယ်... ခင်ဗျား စကားပြောချင်ရင် ကျုပ် ဒီကိစ္စပြီးမှ အေးအေးဆေးဆေး ပြောကြတာပေါ့”

ထိုသို့ပြောပြီးနောက် သူသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းရန် ပြင်လိုက်ပြန်သည်။

ရဲ့ယွီကျိုးက ထပ်မံ တားဆီးလိုက်ပြန်၏။

“ဆရာကြီးရူ... တောင်းပန်ပါတယ်... ဒါပေမဲ့ အခု ခင်ဗျား စဉ်းစားထားတဲ့ အစီအစဉ်တွေကို မေ့လိုက်ရလိမ့်မယ် ထင်တယ်”

“ဘာ...”

ရူဇီရို၏ မျက်နှာထားမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။ သူသည် တောင်ကုန်းပေါ်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။

“ငါ့သားကို သတ်တဲ့လူက အဲဒီမှာ ရှိနေတာ... ခင်ဗျားက လက်စားမချေပေးချင်ရင်လည်း နေပါ... ဒါပေမဲ့ ငါကိုယ်တိုင် လက်စားချေမှာကိုတော့ တားပိုင်ခွင့်မရှိဘူး”

ရဲ့ယွီကျိုးသည် လက်ရှိအခြေအနေကို အလုံးစုံ နားလည်ထားပြီး ဖြစ်သဖြင့် ဖြစ်ရပ်အသေးစိတ်ကို ပြန်လည်ရှင်းပြကာ ဖျောင်းဖျလိုက်သည်။

“ဆရာကြီးရူ... ခင်ဗျားသားက အရင်စခဲ့တာပါ... ကျုပ်စကားကို နားထောင်ပြီး ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပါ”

ရူဇီရိုသည် ဒေါသများ ပေါက်ကွဲသွားတော့သည်။

“ခင်ဗျားက ဘယ်သူမို့လို့ ငါ့ကို အမိန့်ပေးနေရတာလဲ”

ရူဇီရိုသည် ချက်ချင်းပင် ရန်လိုသော အမူအရာ ပြောင်းသွားတော့၏။ သူ၏ လက်ထဲမှ တုတ်ရှည်ကြီးကို လှုပ်ခါလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။

သားဖြစ်သူ အသတ်ခံရပြီး နာရီပိုင်းအတွင်းမှာပင် ရူဇီရိုကို လက်လျှော့သွားအောင် ဖျောင်းဖျရန်မှာ မဖြစ်နိုင်မှန်း ရဲ့ယွီကျိုး သိသည်။

တိုက်ပွဲဖြစ်ရန်မှာ ရှောင်လွှဲ၍ မရတော့ပေ။

အခြေအနေက ဒီလိုမှတော့လည်း တိုတိုတုတ်တုတ်နှင့်သာ ပြတ်ပြတ်သားသား လုပ်ရပေတော့မည်။

ပြတိုက်မှူးက သူ၏တပည့်ကို ကာကွယ်ချင်သည်မှာ မမှားသလို၊ ရူဇီရိုက သူ၏သားအတွက် လက်စားချေချင်သည်မှာလည်း မမှားပေ။ သူတို့၏ ရပ်တည်ချက်ချင်းသာ ကွဲပြားနေခြင်း ဖြစ်၏။ ရဲ့ယွီကျိုးသည် ပြတိုက်မှူးဘက်မှ ရပ်တည်ထားသူဖြစ်ရာ၊ ရူဇီရိုဘက်က မည်မျှပင် အကြောင်းပြချက် ခိုင်လုံစေကာမူ တောင်ပေါ်သို့ တက်ခွင့်ပြုမှာ မဟုတ်ပေ။

ဤလောကကြီး၏ သဘောတရားမှာ ဤသို့ပင် ဖြစ်၏။

ရဲ့ယွီကျိုးကဲ့သို့သော အဆင့်အတန်းနှင့် ဂုဏ်ဒြပ်ရှိသူတစ်ဦးအဖို့ ‘တရားမျှတမှု’ ဆိုသည့် အရာမှာ အပေါ်ယံသာ ဖြစ်မှန်း မြင်ထားသည်မှာ ကြာလှပြီ ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် မည်သည့်အရာမှ အမှန် သို့မဟုတ် အမှားဟု သတ်မှတ်၍ မရပေ။

ထို့ကြောင့် သူ၏ စိတ်ထဲတွင် လိပ်ပြာမလုံဖြစ်စရာ ဘာမှ မရှိပေ။

အကယ်၍ ရူဇီရိုက တိုက်ချင်လျှင် တိုက်ရုံသာ ရှိသည်။ ဘာပဲဖြစ်ဖြစ် ဒါက မြွေနိုင်ငံ မဟုတ်ဘဲ ကျောက်စိမ်းနဂါးနိုင်ငံ၏ မေပယ်မြို့ ဖြစ်နေသည် မဟုတ်ပါလား။

ရန်လိုသော အရှိန်အဝါများကို ခံစားမိလိုက်သောအခါ ရဲ့ယွီကျိုးသည် သူ၏ဝတ်ရုံစကို ခါယမ်းလိုက်ရာ တူညီသော အရှိန်အဝါများမှာလည်း ပေါက်ကွဲထွက်လာတော့သည်။ မမြင်ရသော စွမ်းအင်နှစ်ခုမှာ လေထဲတွင် ထိပ်တိုက်တွေ့ဆုံကာ ဝုန်းခနဲ အသံနှင့်အတူ ကြားထဲရှိ ကျောက်တုံးကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားတော့၏။

ရူဇီရို၏ မျက်နှာမှာ အေးစက်သွားသည်။ ထိုလူသတ်သမားကို လက်စားချေခြင်းမှ တားဆီးရန် ရဲ့ယွီကျိုး မည်မျှအထိ ပြတ်သားနေသလဲဆိုသည်ကို သူ မြင်လိုက်ရပြီ ဖြစ်သည်။ အခြေအနေက ဒီလိုမှတော့ စကားဆက်ပြောနေစရာ မလိုတော့ပေ။

“ကောင်းပြီလေ... ဒါဆိုရင်လည်း ဆရာကြီးရဲ့ ရဲ့ စွမ်းရည်တွေကို ငါ မြည်းစမ်းကြည့်ရတာပေါ့”

ထိုသို့ပြောပြီးနောက် ရူဇီရို၏ ခြေထောက်အောက်တွင် လေပြင်းများ စတင်တိုက်ခတ်လာတော့သည်။ ထို့နောက် ပေပေါင်းများစွာ မြင့်သော လေဆင်နှာမောင်းတစ်ခုမှာ ရုတ်တရက် ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သဲများနှင့် ကျောက်ခဲများကို စုပ်ယူလိုက်၏။ ထိုကျောက်ခဲများမှာ ရဲယွီကျိုးထံသို့ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။

ရဲ့ယွီကျိုးသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ရေစီးကြောင်းတစ်ခု စီးထွက်လာကာ ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ရဲ့ယွီကျိုး၏ လက်ချောင်းလေးကို ခတ်လိုက်သောအခါ ထိုရေဓားမှာ ရေစက်များအဖြစ် ပြောင်းလဲသွားပြီး လေဆင်နှာမောင်းထဲသို့ တိုးဝင်ကာ ၎င်းကို ဖျက်ဆီးပစ်လိုက်တော့သည်။

သူတို့သည် သဘောတူညီချက် မရနိုင်သဖြင့် ချက်ချင်းပင် ဂါထာမန္တန်များဖြင့် တိုက်ခိုက်ကြတော့၏။

သို့သော်လည်း ရဲ့ယွီကျိုးမှာ သွေးကတိစာချုပ် နယ်ပယ် ပိုမြင့်သဖြင့် အသာစီးရနေသည်မှာ အမှန်ပင်။

ရဲ့ယွီကျိုး၏ စွမ်းရည်ကို သိမြင်သွားသော ရူဇီရိုသည် အေးစက်စွာ ပြုံးလိုက်ပြီး ဂါထာတစ်ခုကို ရွတ်ဆိုလိုက်၏။ သူ၏ တုတ်ရှည်ပေါ်ရှိ သဲမြွေကြီးမှာ မြေပြင်ပေါ်သို့ ဆင်းသွားပြီး ရုတ်တရက် ကြီးမားလာတော့သည်။ ခဏချင်းအတွင်းမှာပင် ပေတစ်ရာကျော် ရှည်လျားသော မြွေကြီးတစ်ကောင် ဖြစ်သွားတော့၏။

ထိုသတ္တဝါ၏ ခန္ဓာကိုယ်ပတ်လည်တွင် သဲလွှာတစ်ခု ဖုံးလွှမ်းနေသည်။ သူ၏ အစွယ်များမှာ အလွန်ပင် ချွန်ထက်လှပြီး၊ ကြီးမားသော အမြီးကို လှုပ်ခါလိုက်သောအခါ ထွက်ပေါ်လာသော အသံမှာ လူတိုင်းကို နေရခက်စေ၏။ လူအများမှာ ထိုထူးဆန်းသော အသံကို ပိတ်ဆို့ရန် နားကို ပိတ်ထားကြသော်လည်း ဘာမှ ထူးမလာပေ။

လူအတော်များများမှာ နာကျင်သော အမူအရာများ ဖြစ်ကုန်ကြသည်။

လင်းကျင်းသည်လည်း ထိုဆူညံမှုကို သတိပြုမိလိုက်၏။ သူသည် အောက်ရှိ သဲမြွေဝါကြီးကို အလွန်ပင် စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်ပြီး သူ၏ ရစ်ပတ်အပ်ဖြင့် ထိုသတ္တဝါကို အကဲဖြတ်ချင်စိတ်များ ပေါက်လာရသည်။

နှမြောစရာကောင်းသည်မှာ ရစ်ပတ်အပ်၏ အလုပ်လုပ်နိုင်သော အကွာအဝေးမှာ အလွန်ပင် တိုတောင်းနေခြင်းပင်။

လင်းကျင်းမှာလည်း ပျာယာမခတ်ပေ။ အနာဂတ်တွင် ဤကဲ့သို့သော အခွင့်အရေးမျိုး ထပ်ရနိုင်သည်ဟု သူ ခံစားနေရသည်။

မြက်ခင်းပြင်တိုက်ကြီးမှာ အစွမ်းထက်သော သားရဲများ ရှိသည်ဟု နာမည်ကြီးရာ၊ အဆင့် ၄ သားရဲချင်း တူလျှင်ပင် ဤသဲမြွေဝါကြီးမှာ ရဲ့ယွီကျိုး၏ နဂါးထက် ပို၍ သာလွန်နေပုံရသည်။ တစ်ကောင်မှာ မြွေဖြစ်ပြီး နောက်တစ်ကောင်မှာ နဂါးဖြစ်နေလျှင်ပင် ဤသို့ ဖြစ်နေခြင်းပင်။

ရေနဂါးဆိုသည်မှာ နဂါးစစ်စစ် ဖြစ်လာမည့် သတ္တဝါဟု အဆိုရှိကြသည်။ ဒါကတော့ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပြီး အခြားသော ပြောဆိုချက်များလည်း ရှိကြပေသေးသည်။ ဘာပဲဖြစ်ဖြစ် နဂါးတစ်ကောင်သည် မြွေတစ်ကောင်ထက် ပို၍ သန်မာမည်ဟု လူတိုင်းက မျှော်လင့်ထားကြမှာ အမှန်ပင်။

သို့သော် လက်တွေ့မှာတော့ အမြဲတမ်း ထိုသို့ ဖြစ်မလာပေ။

ဒါကို ရဲ့ယွီကျိုးလည်း သိမြင်နေသည်။ အကယ်၍ သားရဲချင်း တိုက်ခိုက်ကြမည်ဆိုလျှင် သူ၏ နဂါးမှာ ရှုံးနိမ့်နိုင်ခြေ ရှိပေသည်။ ရူဇီရိုအနေဖြင့် မြွေနိုင်ငံ၏ နိုင်ငံတော်ဆရာကြီး ဖြစ်လာနိုင်ခြင်းမှာလည်း သူ့တွင် အစွမ်းအစ အချို့ ရှိနေသောကြောင့်ပင်။

သို့သော် ရဲ့ယွီကျိုး၏ အားသာချက်မှာ အမျိုးမျိုးသော အားဖြည့်စွမ်းရည်များပင် ဖြစ်သည်။

သူသည် ဂါထာတစ်ခုကို ချက်ချင်း ရွတ်ဆိုလိုက်ရာ သူ၏ နဂါးပတ်လည်ရှိ မြူခိုးများမှာ ပို၍ ထူထပ်လာတော့သည်။ ရေစီးသံများကို ကြားလိုက်ရပြီးနောက် နဂါးကြီးသည် မြွေကြီး၏ အသံလှိုင်းတိုက်ခိုက်မှုကို လွှမ်းမိုးသွားနိုင်သော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်၏။

ခဏချင်းအတွင်းမှာပင် အဆင့် ၄ သားရဲကြီး နှစ်ကောင်မှာ အကြီးအကျယ် တိုက်ခိုက်ကြတော့သည်။

မြက်ခင်းပြင်တိုက်မှ လူရိုင်းများနှင့် မေပယ်မြို့ အာဏာပိုင်များမှာလည်း ဘေးသို့ ဖယ်ပေးလိုက်ကြရ၏။ အဆင့် ၄ သားရဲများ တိုက်ခိုက်နေစဉ် ဘေးတွင် ရပ်နေမိပါက မတော်တဆ ထိမှန်ပြီး ဘာဖြစ်မှန်း မသိဘဲ သေသွားနိုင်သောကြောင့်ပင်။

အာဏာပိုင်များထဲမှ ဇဝေဇဝါဖြစ်နေသော လူတစ်ယောက်က မေးလိုက်သည်။

“ဆရာကြီးရဲ့က ဘာလို့ အဲဒီလူရိုင်းအရာရှိနဲ့ တိုက်နေတာလဲ”

“ငါလည်း မသိဘူး... တကယ်ဆို အဲဒီအရာရှိကို လက်စားချေခွင့် ပေးလိုက်ရင် ပြီးသွားမယ့် ကိစ္စကို... သူ ဘာလို့ တားနေတာလဲ မသိဘူး”

“ပါးစပ်ပိတ်ထားစမ်း”

ကျောက်ဝမ်ထန်က သူ၏ လက်အောက်ငယ်သားများ စကားပြောနေသည်ကို ကြားလိုက်သောအခါ ဒေါသတကြီးဖြင့် ဟောက်လိုက်၏။

“ဆရာကြီးရဲ့က သာမန်လူ မဟုတ်ဘူး... သူ ဒီလိုလုပ်တာမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိလိမ့်မယ်... အမှန်တရားကို မသိဘဲနဲ့ မင်းတို့ဘာသာ လျှောက်ပြီး မခန့်မှန်းကြနဲ့”

သူက ထိုသို့ ပြောလိုက်သော်လည်း၊ ကျောက်ဝမ်ထန် ကိုယ်တိုင်လည်း အလွန်ပင် ထူးဆန်းအံ့ဩနေရ၏။ ရဲ့ယွီကျိုးကို ဘာက ဒီလို တိုက်ခိုက်စေတာလဲဆိုသည်ကို သူလည်း စဉ်းစားမရပေ။

ယခုတွင်တော့ သူတို့မှာ ဘေးမှနေ၍သာ ကြည့်နေကြရတော့သည်။

ရဲ့ယွီကျိုးနှင့် ရူဇီရိုတို့ နှစ်ဦးလုံးမှာ ကျောက်တုံးကြီးများပေါ်တွင် ရပ်နေကြပြီး ဂါထာမန္တန်များကို ဆက်လက် ရွတ်ဆိုနေကြဆဲပင်။

ရူဇီရိုသည် ဂါထာတစ်ခုကို တိုးတိုးလေး ရွတ်ဆိုလိုက်၏။

၎င်းမှာ မြက်ခင်းပြင်တိုက်မှ မှော်အတတ်တစ်ခုပင်။

ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ကျဆင်းလာကာ သဲမြွေဝါကြီးကို ဖြာကျသွားသည်။ မြွေကြီးမှာ ချက်ချင်းပင် ပို၍ ကြီးမားလာတော့၏။

အစောပိုင်းက ပေတစ်ရာကျော် ရှိရာမှ အခုတော့ ထိုအရွယ်အစား၏ နှစ်ဆခန့် ဖြစ်သွားတော့သည်။

ရဲယွီကျိုး၏ ပျံလွှားတိမ်တိုက်ရေနဂါးမှာ ပြိုင်ဘက်နှင့် ယှဉ်လျှင် သိသိသာသာ သေးငယ်သွားရ၏။

ဧရာမ သတ္တဝါကြီးများ တိုက်ခိုက်ကြရာတွင် ပတ်ဝန်းကျင် ပျက်စီးမှုများမှာ ရှောင်လွှဲ၍ မရပေ။ ကျောက်တုံးများမှာ အပိုင်းပိုင်း ကွဲအက်ကုန်သလို၊ ထူထပ်သော တောအုပ်မှာလည်း ပြားချပ်သွားတော့သည်။ ပျက်စီးမှုများမှာ နားကွဲလုမတတ် ဆူညံသံများနှင့်အတူ ဖြစ်ပေါ်နေလေသည်။

အခြေအနေမှာ မကောင်းမှန်း သိလိုက်သော ရဲ့ယွီကျိုးသည် ချက်ချင်းပင် တုံ့ပြန်လိုက်၏။

“နဂါးပုံရိပ်ယောင်”

သူ၏ လက်နှစ်ဖက်ကို ရိုက်လိုက်သောအခါ ရဲ့ယွီကျိုး၏ ဝတ်ရုံမှာ လွင့်ပျံသွားပြီး နဂါးကြီး ပတ်လည်ရှိ မြူခိုးများမှာ နဂါးဆီသို့ စုစည်းသွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ချောင်းများ၊ မြစ်များမှ ရေများမှာ နဂါးကြီးဆီသို့ စီးဝင်လာကာ နဂါး၏ ပုံသဏ္ဌာန်တစ်ခုအဖြစ် စုစည်းသွားတော့၏။

ဤဂါထာမှာ ရေကို အသုံးပြုကာ နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးသံချပ်ကာ တစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

နှုတ်ခမ်းမွှေး၊ ဦးချိုမှအစ အကြေးခွံနှင့် လက်သည်းများအထိ အရာအားလုံးမှာ အစစ်အမှန်ကဲ့သို့ပင် ထင်ရသည်။

ပျံလွှားတိမ်တိုက်ရေနဂါး၏ စွမ်းအားမှာ အကြီးအကျယ် တိုးတက်သွားတော့၏။ အရွယ်အစားမှာ အရင်အတိုင်းပင် ဖြစ်သော်လည်း၊ အခုတော့ သဲမြွေဝါကြီးနှင့် တန်းတူ ဖြစ်သွားပြီ ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများ၏ တိုက်ပွဲကြောင့် ထွက်ပေါ်လာသော အသံများကို မိုင်ပေါင်းများစွာ အကွာအဝေးမှပင် ကြားနိုင်ပေသည်။ သစ်ပင်များမှာ အမြစ်မှ ကျွတ်ထွက်ကုန်သလို၊ မြေပြင်မှာလည်း တိုက်ပွဲ၏ ပြင်းထန်မှုကြောင့် ကွဲအက်ကုန်တော့၏။

နဂါးကြီးသည် ရေစီးကြောင်းတစ်ခုကို မှုတ်ထုတ်လိုက်ရာ ၎င်းမှာ ရေလှံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရန်သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။

သဲမြွေဝါကြီးမှာ ထိုတိုက်ခိုက်မှုကို မရှောင်ဘဲ၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သဲသံချပ်ကာကို အသုံးပြုကာ ခုခံလိုက်၏။

ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ရေများမှာ နေရာအနှံ့သို့ စင်ထွက်သွားသဖြင့် ဤနေရာမှာ သဲမိုးများ ရွာချနေသကဲ့သို့ပင် ဖြစ်နေတော့သည်။

သို့သော်လည်း သဲသံချပ်ကာမှာ ကွဲအက်သွားသော်လည်း မြွေကြီးမှာတော့ ဒဏ်ရာ မရခဲ့ပေ။ အပြန်အလှန်အားဖြင့် သဲမြွေဝါကြီးသည် သူ၏ အမြီးကို ရုတ်တရက် ဝှေ့ယမ်းကာ နဂါးကြီးကို တိုက်ခိုက်လိုက်၏။ အပြင်ဘက်ရှိ ရေနဂါးအခွံမှာ ကွဲအက်သွားသည်သာမက၊ နဂါးကြီးမှာလည်း ပေပေါင်း ထောင်ချီ၍ လွင့်ထွက်သွားကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

တိုက်ပွဲပေါင်းများစွာ ကြုံဖူးသော ကျောက်ဝမ်ထန်ပင်လျှင် ဤအဆင့် ၄ သားရဲကြီးများ၏ တိုက်ပွဲကို မြင်လိုက်ရသောအခါ မျက်နှာ ပျက်သွားရ၏။ သူသည် အလွန်ပင် ထိတ်လန့်သွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။

အဆင့် ၄ သားရဲများမှာ အလယ်အလတ်အဆင့်ရှိသော နိုင်ငံတစ်ခု၏ စံသတ်မှတ်ချက် ဖြစ်ရာ၊ သူတို့ တိုက်ခိုက်သည်ကို မြင်ရခြင်းမှာ နိုင်ငံနှစ်ခု စစ်ဖြစ်နေသည်ကို ကြည့်နေရသကဲ့သို့ပင် စိတ်လှုပ်ရှားစရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းလှပေသည်။

တောင်ပေါ်မှနေ၍ ကြည့်နေသော လင်းကျင်းပင်လျှင် အံ့ဩသွားရ၏။

အဆင့် ၄ သားရဲများမှာ သူတို့၏ မူလအရွယ်အစားထက် သိသိသာသာ ကြီးမားလာနိုင်ကြသည်။ လူသားများမှာ ဤသတ္တဝါကြီးများ၏ ရှေ့တွင်တော့ အလွန်ပင် သေးငယ်ကာ အားကိုးရာမဲ့နေပုံရ၏။

လူတစ်ယောက်၏ ကျင့်စဉ်မှာ မည်မျှပင် မြင့်မားစေကာမူ၊ သူတစ်ယောက်တည်းနှင့်တော့ အဆင့် ၄ သားရဲကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း လူသားများမှာ တိုက်ခိုက်ရေးစွမ်းရည်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲပင် ဖြစ်သည်။

သားရဲတစ်ကောင်၏ စွမ်းအားမှာ တစ်ဝက်မှာ မွေးရာပါ ဖြစ်သော်လည်း၊ ကျန်တစ်ဝက်မှာ သူတို့၏ လူသားဖော်ေဖက်များက ပေးအပ်သော အားဖြည့်မှုများအပေါ်တွင် မူတည်နေခြင်းပင်။

အားဖြည့်ဂါထာများ မရှိလျှင်တော့ ဤသတ္တဝါများမှာ တောင်များကို ပြားချပ်သွားစေနိုင်လောက်သည့် စွမ်းအားမျိုး ရှိမှာ မဟုတ်ပေ။

လင်းကျင်း ခေါင်းခါလိုက်၏။ ရဲ့ယွီကျိုး၏ နဂါးမှာ သဲမြွေဝါကြီးကို မယှဉ်နိုင်မှန်း သူ မြင်နေရသည်။ အကယ်၍ ဤတိုက်ပွဲသာ ဆက်ဖြစ်နေလျှင် နဂါးကြီးမှာ အကြီးအကျယ် ရှုံးနိမ့်သွားနိုင်ပေသည်။

‘အကယ်၍ ဒါက အဆင့် ၄ သားရဲဆိုရင် ငါ့ရဲ့ ခြောက်လှန်နိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်ရမယ်... အကြာကြီးတော့ ထိန်းမထားနိုင်ပေမဲ့ အနည်းဆုံးတော့ ရစ်ပတ်အပ်နဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတော့ ရလိမ့်မယ်’

လင်းကျင်းက သူ၏ နောက်ထပ် အစီအစဉ်ကို တွေးလိုက်၏။

ရဲ့ယွီကျိုးက သူ့ကို ကူညီနိုင်လျှင် အကောင်းဆုံး ဖြစ်သော်လည်း၊ အကယ်၍ မကူညီနိုင်လျှင်တော့ လင်းကျင်းအနေဖြင့် ဤပြိုင်ဘက်ကို သူကိုယ်တိုင်ပဲ ရင်ဆိုင်ရပေတော့မည်။

ဒါ့အပြင် လူအိုကြီးရဲ့၏ ကူညီမှုကိုလည်း သူ အသိအမှတ်ပြုပေသည်။

အဆင့် ၄ သားရဲများ၏ ပြင်းထန်သော တိုက်ပွဲကြောင့် ထွက်ပေါ်လာသော အရှိန်အဝါများမှာ တောထဲရှိ သတ္တဝါအားလုံးကို ခြောက်လှန့်ပြီးသား ဖြစ်နေ၏။ အချိန်မီ မပြေးနိုင်သော သတ္တဝါများမှာလည်း သူတို့၏ အပေါက်များထဲတွင် တုန်ရင်နေကြရတော့သည်။

ရွှေဝါလေးပင်လျှင် အတော်လေး ကြောက်လန့်နေပုံရရာ၊ ဤအရှိန်အဝါမှာ အခြားသော သားရဲများအပေါ်တွင် မည်မျှ သက်ရောက်မှု ရှိသလဲဆိုသည်မှာ ရှင်းလင်းလှပေသည်။

ရုတ်တရက် အတွေးတစ်ခု လင်းကျင်း၏ စိတ်ထဲတွင် ပေါ်လာ၏။

‘နေဦး... တကယ်လို့ အဲဒီအဆင့် ၄ သားရဲက ငါ့ရဲ့ ခြောက်လှန်နိုင်စွမ်း နယ်ပယ် အပြင်ဘက်ကနေ တိုက်ခိုက်ရင်ကော... ငါ သူ့ကို မထိန်းချုပ်နိုင်ခင်မှာတင် ငါ အရိုက်ခံရပြီး သေသွားနိုင်တာပဲ’

ဒါကို သိလိုက်ရသောအခါ လင်းကျင်း စိတ်ပျက်သွားရ၏။

ရစ်ပတ်အပ်မှာ အစွမ်းထက်သော်လည်း အရာအားလုံးကိုတော့ မနိုင်ပေ။

ရှင်းရှင်းပြောရလျှင် အကယ်၍ ပြိုင်ဘက်က ကျောက်တုံးကြီးတစ်တုံးနှင့် ပစ်လိုက်လျှင်၊ အပ်ကလေးက ထိုကျောက်တုံးကြီးကို ဖောက်ထွက်နိုင်မှာ မဟုတ်ပေ။

ဒါက လင်းကျင်းကို စိုးရိမ်သွားစေ၏။

‘လူအိုကြီးရဲ့... ကြံ့ကြံ့ခံစမ်းပါ’

လင်းကျင်းက စိတ်ထဲမှနေ၍ ရဲ့ယွီကျိုးကို အားပေးနေမိသည်။

သို့သော်လည်း ကောင်းကင်ဘုံမှာ ဆုတောင်းသမျှကို အမြဲတမ်း ဖြည့်ဆည်းပေးလေ့ မရှိပေ။

သဲမြွေဝါကြီးက နဂါးကို လွင့်ထွက်သွားအောင် လုပ်ပြီးနောက်၊ ရူဇီရိုသည် သူ၏ သားရဲကို တောင်ပေါ်သို့ တက်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

သူတို့သည် တိုက်ပွဲအလယ်မှာတင် သူတို့၏ ပစ်မှတ်ကို ပြောင်းလဲလိုက်ကြခြင်းပင်။

လင်းကျင်း သက်ပြင်းတစ်ချက် ချလိုက်ပြီး တုံ့ပြန်ရန် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်၏။ သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ ရွှေဝါလေးကို ဤပြိုင်ဘက်နှင့် ရင်ဆိုင်ခိုင်းပြီး၊ သူက တိုက်ခိုက်ရန် အခွင့်အရေး ရှာရပေမည်။ ဒါက အောင်မြင်မလားဆိုသည်မှာတော့ မေးခွန်းထုတ်စရာပင်။

ရစ်ပတ်အပ်က မြွေကြီး၏ သဲသံချပ်ကာကို ဖောက်နိုင်မလားဆိုသည်ကို လင်းကျင်းပင် မသေချာပေ။

ရွှေဝါလေးမှာတော့ ရဲရင့်သော အမူအရာကို ယူလိုက်၏။ သူသည် အတောင်ပံများကို ခါယမ်းကာ ဘာကိုမှ မကြောက်ဘဲ ရှေ့သို့ တိုးဝင်သွားတော့သည်။

ထိုငှက်ကလေးက ပြိုင်ဘက်ကို တားဆီးနိုင်မလားဆိုသည်ကို ထားလိုက်ပါဦး၊ ရွှေဝါလေး၏ ခန့်ညားထည်ဝါမှုကတော့ အောင်ပွဲရနေပြီ ဖြစ်ပေတော့သည်။

အခန်း (၁၉၂) - ရှောင်ဟော့၏ အဆင့်တက်ခြင်း

သားရဲနှစ်ကောင်လုံးမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှပေသည်။ ခဏချင်းအတွင်းမှာပင် ရွှေဝါလေးသည် သဲမြွေဝါကြီးနှင့် စတင်တိုက်ခိုက်ကြတော့၏။ မြွေကြီးမှာ သူနှင့်ယှဉ်လျှင် သေးငယ်လွန်းလှသော ရွှေဝါလေးကို အမှုပင်မထားဘဲ ပါးစပ်ကြီးကို ဟကာ တစ်လုပ်တည်းနှင့် မျိုချရန် ပြင်လိုက်သည်။ ရွှေဝါလေးမှာ ရဲရင့်သော်လည်း ငတုံး မဟုတ်ပေ။ အရွယ်အစားချင်း မယှဉ်နိုင်မှန်း သိသဖြင့် သူသည် ပြောက်ကျားစနစ်ဖြင့်သာ တိုက်ခိုက်တော့သည်။

သူသည် အတောင်ပံများကို ခါယမ်းကာ အပေါ်သို့ ပျံတက်သွား၏။ အခွင့်အရေးရသည်နှင့် ငှက်ကလေးသည် အောက်သို့ ထိုးဆင်းကာ မြွေကြီး၏ မျက်လုံးတစ်ဖက်ကို ဆိတ်ပစ်လိုက်တော့သည်။

မြန်ဆန်၊ ထိရောက်ပြီး ရက်စက်လှသော တိုက်ကွက်ပင်။

ရွှေဝါလေး၏ တိုက်ခိုက်မှုမှာ တုံ့ဆိုင်းမှု အလျဉ်းမရှိဘဲ မမျှော်လင့်ဘဲ ဖြစ်သွားသဖြင့် အောင်မြင်သွားခဲ့၏။ ရွှေဝါလေး၏ နှုတ်သီးတွင် မီးတောက်များ ရှိနေသဖြင့် ထိုတိုက်ခိုက်မှုမှာ ပူပြင်းလှသော သံချောင်းနှင့် မြွေ၏မျက်လုံးကို ထိုးလိုက်သကဲ့သို့ပင်။

ပေပေါင်း ရာချီအကွာတွင် ရှိနေသော လင်းကျင်းပင်လျှင် မျက်လုံးပေါက်ကွဲသွားသည့် အသံကို ကြားလိုက်ရ၏။

ထို့နောက်တွင်တော့ နာကျင်စွာဖြင့် မြည်ဟည်းလိုက်သော အသံကြီး ထွက်ပေါ်လာတော့သည်။

ရူဇီရို၏ ရင်ထဲတွင် ဆစ်ခနဲ ခံစားလိုက်ရ၏။ ဤသားရဲမှာ သူ၏ အသည်းစွဲဖြစ်သလို မြွေနိုင်ငံ၏ အရှိန်အဝါလည်း ဖြစ်ပေသည်။ ဤမျှ တန်ဖိုးရှိသော သတ္တဝါကြီးမှာ ကြက်တစ်ကောင်၏ ဆိတ်မှုကို ခံရပြီး မျက်စိတစ်ဖက် ကွယ်သွားရသည်မှာ မယုံနိုင်စရာပင်။

ဒေါသထွက်သွားသော ဆရာကြီးမှာ နောက်ထပ် ဂါထာတစ်ခုကို ချက်ချင်း ရွတ်ဆိုလိုက်၏။ သို့သော်လည်း အားဖြည့်ဂါထာများ မပါလျှင်ပင် သဲမြွေဝါကြီးမှာ နာကျင်မှုကို အံတုကာ ဆက်လက် တိုက်ခိုက်နေဦးမှာပင်။

အောင်မြင်သော တိုက်ကွက်အပြီးတွင် ရွှေဝါလေးသည် အရှက်မရှိဘဲ အတောင်ပံများကို ခါယမ်းကာ မြွေကြီးကို လှောင်ပြောင်သည့်အနေဖြင့် အော်မြည်ရင်း နောက်လှည့်ပြေးတော့သည်။

ရွှေဝါလေး၏ လုပ်ရပ်ကို မြင်ရသော လင်းကျင်းပင် ဆွံ့အသွားရ၏။

ဒေါသအထိပ်သို့ ရောက်သွားသော မြွေကြီးမှာ အရာအားလုံးကို မေ့ထားကာ နောက်မှ အသည်းအသန် လိုက်တော့သည်။ မကြာမီမှာပင် ၎င်းကို ရွှေဝါလေးက တိုက်ပွဲမြေပြင်နှင့် ဝေးရာသို့ ခေါ်ဆောင်သွားတော့၏။

ရူဇီရိုသည် ဘာဖြစ်နေသလဲဆိုသည်ကို သတိထားမိလိုက်သောအခါ သူ၏ သားရဲကို ပြန်လာရန် အသည်းအသန် အမိန့်ပေးလိုက်ရသည်။

အကယ်၍ သူ၏ သားရဲသာ ထွက်ပြေးသွားလျှင် ဤတိုက်ပွဲကို သူ ဘယ်လို ဆက်တိုက်ရတော့မည်နည်း။

သားရဲ မရှိဘဲနှင့် ရန်သူက သူ့ကို တိုက်ခိုက်လာလျှင် ဘယ်လိုလုပ်မလဲ။

ရူဇီရို၏ ကျောပြင်တွင် ချွေးအေးများ ပျံလာတော့သည်။ နောက်ဆုံးတွင်တော့ ရွှေဝါလေးမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားရာ မျက်စိတစ်ဖက် ကွယ်သွားသော မြွေကြီးမှာ မကျေမနပ်ဖြင့် ပြန်လာခဲ့ရတော့၏။

သွေးများ စီးကျနေသော မြွေကြီး၏ မျက်လုံးမှာ ၎င်းကို ပို၍ပင် ကြောက်စရာကောင်းအောင် လုပ်နေတော့သည်။

ဒါကလည်း ဖြစ်သင့်ပေသည်။ ဘယ်သူမဆို မျက်စိတစ်ဖက် အဆိတ်ခံလိုက်ရလျှင်တော့ ဒေါသထွက်မှာ အမှန်ပင်။

ရွှေဝါလေးက မြွေကြီးကို အချိန်ဆွဲထားပေးစဉ်မှာပင် ရဲယွီကျိုးသည် သူ၏ နဂါးကို ပြန်ခေါ်နိုင်ခဲ့သဖြင့် နောက်ထပ် တိုက်ပွဲကြီးတစ်ခု ဖြစ်တော့မည်မှာ သေချာသလောက်ပင်။

ထိုစဉ်မှာပင် လင်းကျင်း၏ နောက်ကွယ်ရှိ ဂူထဲမှနေ၍ စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

ထိုအပြောင်းအလဲကို ခံစားမိလိုက်သောအခါ လင်းကျင်း၏ မျက်နှာတွင် ဝမ်းသာမှုများ ပေါ်လာတော့သည်။

ရှောင်ဟော့ကို ဆေးလုံးများ ကျွေးခဲ့သည်မှာ တစ်ရက်သာ ရှိသေးသော်လည်း၊ အခုတော့ လင်းကျင်းအနေဖြင့် ထူးခြားမှုကို ခံစားနေရပြီ ဖြစ်၏။ ရှောင်ဟော့ နိုးလာပြီ။

မဟုတ်သေးဘူး... နိုးလာရုံတင် မကဘူး။

နောက်တစ်စက္ကန့်မှာပင် ဝံပုလွေတစ်ကောင်၏ ပုံရိပ်မှာ ဂူထဲမှနေ၍ ခုန်ထွက်လာတော့သည်။

သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် မီးတောက်များမှာ ကောင်းကင်သို့ မြင့်တက်သွား၏။ ထိုမြင်ကွင်းမှာ မီးတောင်ပေါက်ကွဲနေသကဲ့သို့ပင် ရှိနေပြီး၊ ညကောင်းကင်ယံကို ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းမိုးသွားစေတော့သည်။

တောင်အောက်ရှိ လူတိုင်းမှာ ဆွံ့အသွားကြရ၏။

“ဘာလို့ နောက်ထပ် သားရဲတစ်ကောင် ရှိနေပြန်တာလဲ”

“ဒါက မီးဝံပုလွေပဲ... နေဦး... ဒီမီးဝံပုလွေက တစ်ခုခု ထူးခြားနေသလိုပဲ”

မီးဝံပုလွေဆိုသည်မှာ ရှားပါးသော အမျိုးအစား မဟုတ်ပေ။ လူအများအပြားမှာ ပိုင်ဆိုင်ထားကြသလို လမ်းတိုင်းမှာ တွေ့နိုင်ပေသည်။ သို့သော်လည်း အဆင့်မြင့်သော မီးဝံပုလွေကို တွေ့ရဖို့မှာ အလွန်ပင် ခက်ခဲလှ၏။ အများစုမှာ အဆင့် ၁ သာ ဖြစ်ကြပြီး၊ အချို့သာ အဆင့် ၂ သို့ ရောက်ကြခြင်းပင်။ အဆင့် ၃ မီးဝံပုလွေဆိုလျှင်တော့ လူအများအဖို့ ဒဏ္ဍာရီတစ်ခုပင် ဖြစ်ပေလိမ့်မည်။

ဤလူများသည် အဆင့် ၄ မီးဝံပုလွေကို တစ်ခါမှ မမြင်ဖူးကြသည်မှာ အမှန်ပင်။

ရှောင်ဟော့သည် အရွယ်အစား ကြီးမားလာသော်လည်း ဧရာမ မြွေကြီးနှင့် နဂါးကြီးတို့နှင့် ယှဉ်လျှင်တော့ သေးငယ်နေဆဲပင်။ သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များမှာတော့ အံ့မခန်းလှပေသည်။

သူသည် ပေတစ်ရာကျော် မြင့်သော မီးတောက်များကို မှုတ်ထုတ်နေသည့် ပေါက်ကွဲနေသော မီးတောင်တစ်ခုနှင့်ပင် တူနေ၏။ ရှောင်ဟော့သည် မီးနတ်ဘုရား တစ်ပါးအလား မီးတောက်များအကြားတွင် ဝန်းရံနေပေတော့သည်။

လင်းကျင်းသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါ တွေ့ဖူးသည်။ ထိုစဉ်က ရှောင်ဟော့ အဆင့် ၃ သို့ တက်စဉ်ကဖြစ်ပြီး လင်းကျင်း၏ အိမ်ကို မီးလောင်သွားစေခဲ့၏။

သို့သော် ယခုတစ်ခါမှာတော့ ထိုစဉ်ကထက် ဆယ်ဆခန့် ပို၍ တောက်ပပြီး ပို၍ ပြင်းထန်လှပေသည်။

သံသယဖြစ်စရာ မလိုတော့ပေ။ ရှောင်ဟော့ အဆင့်တက်သွားပြီ ဖြစ်၏။

ပြီးပြည့်စုံသော အဆင့်တက်ခြင်းပင်။

အဆင့်တက်သည့် ဖြစ်စဉ်မှာ လင်းကျင်း မျှော်လင့်ထားသည်ထက် ပို၍ မြန်ဆန်လှပေသည်။ ဒါက ဘာကြောင့်လဲဆိုသည်မှာတော့ မရှင်းလင်းပေ။ ‘ဓာတ်ငါးပါးမီးဆေးလုံး’ ကြောင့်လား၊ သို့မဟုတ် ပျံလွှားတိမ်တိုက်ရေနဂါးနှင့် သဲမြွေဝါကြီးတို့၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ဖိအားကြောင့်လားဆိုသည်ကိုတော့ မသိရပေ။

ဘာပဲဖြစ်ဖြစ် ဤအဆင့်တက်ခြင်းက အချိန်ကိုက်ပင် ဖြစ်၏။ အနည်းဆုံးတော့ လင်းကျင်းအနေဖြင့် ယခုတွင် စိတ်အေးနိုင်သွားပြီ ဖြစ်သည်။

ဒါက ကောင်းလှပေသည်။

ရှောင်ဟော့၏ အရှိန်အဝါမှာ နဂါးနှင့် မြွေတို့၏ အရှိန်အဝါများကို လုံးဝ လွှမ်းမိုးသွားတော့သည်။ အားလုံးမှာ အဆင့် ၄ ဖြစ်နေလျှင်ပင် ပြီးပြည့်စုံသော အဆင့်တက်ခြင်းကို ရရှိထားသည့် ရှောင်ဟော့မှာ ပြိုင်ဘက်များထက် များစွာ ပို၍ သန်မာပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ ရှောင်ဟော့သည် ပြီးခဲ့သည့်တစ်ခါကကဲ့သို့ပင် အဆင့် ၅ သို့ ခုန်တက်သွားခြင်းလည်း ဖြစ်နိုင်သည်။

ဒါကတော့ လင်းကျင်း၏ ခန့်မှန်းချက်သာ ဖြစ်၏။ သူ ရှောင်ဟော့ကို အကဲမဖြတ်ရသေးသဖြင့် သေချာတော့ မသိရသေးပေ။

သို့သော် သူ အတည်ပြုနိုင်သည်မှာ သနားစရာကောင်းသော နိုင်ငံတော်ဆရာကြီးမှာ လက်စားချေရန် အခွင့်အရေး ဆုံးရှုံးသွားပြီဆိုသည်ကိုပင်။

သူ့တွင် အဆင့် ၄ သားရဲ တစ်ကောင်တည်းသာ ရှိခြင်းပင်။ ဤတိုက်ပွဲကို သူ ဘယ်လိုလုပ် အနိုင်ရနိုင်တော့မည်နည်း။

အကယ်၍ သူသာ ဉာဏ်ရှိလျှင်တော့ သူ၏ မဟာဗျူဟာကို ပြောင်းလဲပေလိမ့်မည်။ အနည်းဆုံးတော့ ထိပ်တိုက် ရင်မဆိုင်ရဲလောက်တော့ပေ။

မှန်ပေသည်။ ထိတ်လန့်သွားသော ရူဇီရိုသည် သူ၏ သားရဲကို တိုက်ခိုက်ရန် အမိန့်မပေးဝံ့တော့ပေ။ သူ၏ မျက်နှာတွင် မရေရာမှုများ ပေါ်နေ၏။ သူ၏ သားကို ဆုံးရှုံးလိုက်ရသည်သာမက၊ သူ၏ သားရဲပါ အရှက်တကွဲ ရှုံးနိမ့်ရတော့မည့် အခြေအနေ ဖြစ်နေသည် မဟုတ်ပါလား။

သူ၏ ဂုဏ်သိက္ခာမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

အရှုံးပေးဖို့ဆိုတာကလည်း မဖြစ်နိုင်ပေ။

ဒါပေမဲ့ သူ ဘာမှ မတတ်နိုင်တော့ပေ။ ရဲ့ယွီကျိုး တစ်ယောက်တည်းကပင် သူ့ကို တားဆီးနိုင်နေပြီ ဖြစ်ရာ၊ တောင်ပေါ်ရှိ လူတွင်လည်း အဆင့် ၄ သားရဲ ရှိနေလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။

သူတို့ ဘယ်လို ဆက်တိုက်နိုင်တော့မည်နည်း။

အကယ်၍ ဆက်တိုက်မည်ဆိုလျှင် သူ ရှုံးမှာ သေချာနေပြီ ဖြစ်၏။

နိုင်ငံတော်ဆရာကြီး တစ်ဦးပီပီ ရူဇီရိုသည် သူ၏ လက်စားချေမှုမှာ ယနေ့တွင် မအောင်မြင်နိုင်တော့မှန်း သိလိုက်ပြီ ဖြစ်သည်။ သူက လင်းကျင်းကိုသာ လှမ်းအော်လိုက်၏။ “ကောင်းပြီလေ... ငါ ရူဇီရို ဒီနေ့ အရှုံးပေးပါတယ်... မင်းက ဘယ်သူလဲ... မင်းရဲ့ နာမည်ကို ပြောရဲလား”

ဒါကတော့ ပုံမှန်အားဖြင့် တိုက်ပွဲမှ မထွက်ပြေးခင် ပြောလေ့ရှိသည့် စကားမျိုးပင်။ ကျိုးကြောင်းဆင်ခြင်မှုအရဆိုလျှင်တော့ ယခုအချိန်သည် လင်းကျင်းအနေဖြင့် ရှောင်ဟော့၏ စွမ်းအားကို သုံးကာ ရန်သူကို အမြစ်ပြတ် သုတ်သင်ရမည့် အချိန်ပင်။

သို့သော် ဒါကို လုပ်ဖို့က ခက်ခဲလှပေသည်။

ထိုလူကို သူ သတ်နိုင်မလားဆိုသည်ကို ထားလိုက်ပါဦး။ အကယ်၍ သတ်လိုက်လျှင်ပင် ၎င်းမှာ မြက်ခင်းပြင်တိုက်၏ မြွေနိုင်ငံကို ထိပ်တိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ထိုသို့ ဖြစ်လာလျှင်တော့ ဒါက စစ်ပွဲတစ်ခုတင် မကတော့ပေ။

ရဲ့ယွီကျိုးကလည်း ဤကဲ့သို့သော ရူးသွပ်သည့် လုပ်ရပ်တွင် ပါဝင်မှာ မဟုတ်ပေ။ ထို့အပြင် ဤသို့ လုပ်ဆောင်ခြင်းမှာ ပြတိုက်မှူး ဆိုသည့် သူ၏ အထောက်အထားနှင့်လည်း ကိုက်ညီမှု မရှိပေ။

ခေတ္တ စဉ်းစားပြီးနောက် လင်းကျင်းက အသံနက်ကြီးဖြင့် ပြန်ဖြေလိုက်၏။

“ငါ့ကို ပြတိုက်မှူး လို့ ခေါ်ကြတယ်... အကယ်၍ မင်းက အရှုံးမပေးချင်သေးဘူးဆိုရင်တော့ ငါ့ကို အချိန်မရွေး လာရှာလို့ရပါတယ်... ဒါပေမဲ့ ငါ သတိပေးလိုက်မယ်... မင်း နောက်တစ်ခါ ထပ်ပေါ်လာရင်တော့ ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး”

“‘ပြတိုက်မှူး တဲ့လား... တကယ့်ကို မာန်ကြီးပြီး အစွမ်းထက်တဲ့ နာမည်ပဲ... ငါ ရူဇီရို မင်းကို မှတ်ထားပါ့မယ်... စောင့်ကြည့်နေလိုက်ပါ”

ရူဇီရိုက ပြန်လည် ခြိမ်းခြောက်လိုက်၏။

ထိုစဉ်မှာပင် ရဲ့ယွီကျိုးက ရူဇီရိုကို ရုတ်တရက် ပြောလိုက်သည်။

“ဆရာကြီးရူ... ကျုပ်ရဲ့ အကြံပေးစကားလေး တစ်ခွန်းကို နားထောင်ပါဦး... ဒီနေ့ ဖြစ်ခဲ့သမျှကို မေ့လိုက်ပြီးတော့ ဒီကိစ္စကို ထပ်ပြီး မလိုက်ပါနဲ့တော့... ပြတိုက်မှူးက ခင်ဗျားကို လွှတ်ပေးလိုက်တာ ခင်ဗျားရဲ့ ကံကောင်းမှုပဲ... ခင်ဗျားတို့ရဲ့ မြွေနိုင်ငံကို ဘေးဒုက္ခတွေထဲ ဆွဲမထည့်ပါနဲ့”

ရဲယွီကျိုးက စေတနာနှင့် ပြောလိုက်ခြင်း ဖြစ်သော်လည်း ရူဇီရိုအဖို့တော့ ဒါက လှောင်ပြောင်မှုတစ်ခုကဲ့သို့ပင်။ သိသိသာသာ လှောင်ပြောင်နေခြင်းပင်။

“ရဲ့ယွီကျိုး... ခင်ဗျားတို့ ကျောက်စိမ်းနဂါးနိုင်ငံက ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ... ခင်ဗျားတို့က နိုင်ငံကြီး တစ်နိုင်ငံများ ဖြစ်နေလို့လား... ဒီလို အရှက်မရှိတဲ့ စကားမျိုးကို ပြောဝံ့တယ်ပေါ့.. ခင်ဗျား ပြောလိုက်တဲ့ စကားက မြွေနိုင်ငံအနေနဲ့ ခင်ဗျားတို့ရဲ့ သနားစရာကောင်းတဲ့ နိုင်ငံကို စစ်ကြေညာဖို့ လုံလောက်တဲ့ အကြောင်းပြချက်ပဲ”

ရူဇီရိုက အံကြိတ်ကာ သတိပေးလိုက်တော့သည်။

သူသည် မြွေနိုင်ငံ၏ နိုင်ငံတော်ဆရာကြီး ဖြစ်ရာ သူ၏ စကားများမှာ အလွန်ပင် အလေးအနက် ရှိလှပေသည်။

ရဲ့ယွီကျိုး မျက်မှောင်ကြုတ်လိုက်မိ၏။

‘ငါ သိရင် ဒီစကားကို မပြောပါဘူး... ဒီလူရိုင်းက ငါ့ရဲ့ စေတနာကို စော်ကားမှုနဲ့ ပြန်တုံ့ပြန်တာပဲ’

ဒါက ကျောက်စိမ်းနဂါးနိုင်ငံနှင့် မြွေနိုင်ငံတို့ကြားက ကိစ္စ ဖြစ်သွားပြီလား။

အကယ်၍ မြွေနိုင်ငံက ကျောက်စိမ်းနဂါးနိုင်ငံကို တကယ်ပဲ စစ်တိုက်ဖို့ ရည်ရွယ်ထားတာဆိုရင်တော့ ဒါက နောက်ပြောင်စရာ မဟုတ်တော့ပေ။ ရဲ့ယွီကျိုးတွင် ဤကဲ့သို့သော ကြီးမားသည့် နိုင်ငံရေး ကိစ္စရပ်များကို တစ်ယောက်တည်း ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

ကျောက်ဝမ်ထန်နှင့် အခြားသူများလည်း ထပ်တူပင် ထိတ်လန့်သွားကြ၏။

စစ်ပွဲတစ်ခု ဖြစ်တော့မှာလား။

အကယ်၍ ဖြစ်လာလျှင်တော့ သူတို့ ပြန်သွားသည့်အခါ ဒုက္ခရောက်မှာ သေချာပေသည်။ မြို့တော်ဝန် ပိုင်ကျန့်ခုန်းပင်လျှင် အပြစ်ပေးခံရနိုင်ရာ သူတို့ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

ရူဇီရိုသည် ထိုစကားကို ပြောပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားတော့သည်။ သူသည် ရုတ်တရက် တိုက်ခိုက်ခံရမှာကိုလည်း ကြောက်နေပုံရ၏။

အခြေအနေက တဖြည်းဖြည်းနှင့် ပို၍ ရှုပ်ထွေးလာတော့သည်။

“ဆရာကြီးရဲ့... ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

ကျောက်ဝမ်ထန်မှာ ပျာယာခတ်နေပြီ ဖြစ်၏။ သူသည် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်သော်လည်း နိုင်ငံရေး ကိစ္စရပ်များနှင့် ပတ်သက်လာလျှင်တော့ ကြောက်လန့်လွန်းသဖြင့် ဘာမှ မစဉ်းစားနိုင်တော့ပေ။

ရဲ့ယွီကျိုးကတော့ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲပင်။

အကယ်၍ ဤအခြေအနေအတွက် သူသာ တာဝန်ရှိသူဆိုလျှင် သူလည်း ပျာယာခတ်နေမှာ အမှန်ပင်။ ဘာပဲဖြစ်ဖြစ် စစ်ဖြစ်မှာဆိုတာက အလွန် ကြီးမားသော ကိစ္စ မဟုတ်ပါလား။ သို့သော် ပြတိုက်မှူး ရှိနေသရွေ့တော့ အဆင်ပြေမှာပင်။

“ဘဏ္ဍာစိုးကျောက်... စိတ်အေးအေးထားပါ... ပြတိုက်မှူးရှိနေသရွေ့တော့ ငါတို့ ကျောက်စိမ်းနဂါးနိုင်ငံက စစ်ပွဲထဲမှာ ပါဝင်လာမှာ မဟုတ်ပါဘူး”

ရဲ့ယွီကျိုးက ဤသို့ပြောလိုက်သော်လည်း သူကိုယ်တိုင်လည်း လုံးဝကြီးတော့ ယုံကြည်မှု မရှိလှပေ။ ထို့ကြောင့် သူသည် ဇဝေဇဝါ ဖြစ်နေသော ကျောက်ဝမ်ထန်ကို ထားခဲ့ကာ ပြတိုက်မှူးထံသို့ သွားရောက် တွေ့ဆုံလိုက်တော့သည်။

“ပြတိုက်မှူး... ဒါကတော့ မကောင်းတော့ဘူး ထင်တယ်... ရူဇီရိုလို လူမျိုးက ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး... ခင်ဗျား ဘယ်လို ထင်သလဲ...”

ရဲ့ယွီကျိုးက သိသိသာသာကို စိုးရိမ်နေခြင်းပင်။

လင်းကျင်းလည်း ဤကိစ္စ၏ ကြီးလေးမှုကို နားလည်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒါက ရှန်းအာနှင့် ဝူအာတို့၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ရာ သူက ကင်းလွတ်ခွင့် မရှိပေ။ အခုတော့ သူ အဆုံးအထိ တောင့်ခံထားရန်သာ ရှိတော့သည်။

ဒါပေမဲ့ ကျောက်စိမ်းနဂါးနိုင်ငံကိုပါ ဤပြဿနာထဲသို့ ဆွဲမထည့်သင့်ပေ။

သူ အခု စဉ်းစားလို့ရသည့် တစ်ခုတည်းသော နည်းလမ်းမှာ ပြတိုက်မှူးဆိုသည့် သူ၏ အထောက်အထားကို သုံးကာ ‘ဧည့်ခန်းမ’ ရှိ ဧည့်သည်များထံမှ အကူအညီ တောင်းရန်ပင် ဖြစ်သည်။

ထို့အပြင် ကျောက်စိမ်းနဂါးနိုင်ငံမှ အာဏာပိုင်များကိုလည်း စိတ်အေးအေးထားရန်နှင့် ရန်စမှုများကို မတုံ့ပြန်ရန် ဖျောင်းဖျရပေဦးမည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူ့ကို ပြဿနာ မပေးဖို့ပင် ဖြစ်၏။

ထိုအခါ လင်းကျင်းက မေးလိုက်၏။

“လူအိုကြီးရဲ့... မြွေနိုင်ငံနဲ့ ကိစ္စတွေက ကျောက်စိမ်းနဂါးနိုင်ငံနဲ့ မသက်ဆိုင်ပါဘူး.. ဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေကို ရှင်းပြပေးပါ... ပြီးတော့ မင်း ကျီးကန်းအိုကြီးနဲ့ ဝိညာဉ်ကလေးငယ်မိခင်တို့ကို ဆက်သွယ်နိုင်မလား”

လင်းကျင်း၏ အကြံမှာ မြွေနိုင်ငံ၏ ထိုရဲတင်းသော အတွေးများကို စွန့်လွှတ်ရန် လူအချို့ကို လွှတ်ပြီး ‘အကြံပေး’ ခိုင်းရန်ပင် ဖြစ်သည်။

သေသေချာချာ စဉ်းစားကြည့်ပြီးနောက် ကျီးကန်းအိုကြီးနှင့် ဝိညာဉ်ကလေးငယ်မိခင်တို့မှာ ဤအလုပ်အတွက် အသင့်တော်ဆုံး ဖြစ်မှန်း သူ သိလိုက်၏။ သူတို့ နှစ်ဦးလုံးမှာ ရဲ့ယွီကျိုးကဲ့သို့ မဟုတ်ဘဲ မည်သည့် နောက်ဆက်တွဲ ပြဿနာကိုမှ မကြောက်ကြသည့် လွတ်လပ်သော ပုဂ္ဂိုလ်များ မဟုတ်ပါလား။ ရဲ့ယွီကျိုး၏ အဆင့်အတန်းနှင့် စရိုက်က သူ့ကို ‘စည်းအပြင်ဘက်’ ကိစ္စရပ်များ လုပ်ဆောင်ရန် ကန့်သတ်ထားသကဲ့သို့ ရှိနေပေသည်။

All Chapters