အခန်း (၁၉၃-၁၉၄)
Vol. 10 Ch. 193-194
အခန်း (၁၉၃) - ခေတ္တခဏတာ ငြိမ်းချမ်းမှု
ဧည့်ခန်းမ ထပ်မံဖွင့်လှစ်ရန် ရက်အနည်းငယ် လိုနေသေးသော်လည်း လင်းကျင်းမှာ ထိုမျှအထိ မစောင့်နိုင်တော့ပေ။ အကယ်၍ ကျီးကန်းအိုကြီးနှင့် ဝိညာဉ်ကလေးငယ်မိခင်တို့ကို ကြိုတင်ဆက်သွယ်နိုင်ခဲ့လျှင်တော့ ထိုပညာရှင်နှစ်ဦးမှာ ပြတိုက်မှူးကို အလေးထားသောအားဖြင့် ကူညီပေးကြပေလိမ့်မည်။
သို့သော် ဤအစီအစဉ်မှာ မည်မျှအထိ အောင်မြင်နိုင်မည်လဲဆိုသည်ကိုတော့ လင်းကျင်း ကိုယ်တိုင်လည်း မသိပေ။ အကယ်၍ မအောင်မြင်ခဲ့လျှင်တော့ အခြားနည်းလမ်းတစ်ခုကိုသာ စဉ်းစားရပေတော့မည်။ မြွေနိုင်ငံကသာ တကယ်ပဲ ကျူးကျော်လာခဲ့လျှင်တော့ လင်းကျင်းအနေဖြင့် ရှောင်ပြေးနေမှာ မဟုတ်ဘဲ ပြတ်ပြတ်သားသား တုံ့ပြန်ရန် ဆုံးဖြတ်ထား၏။
သူသည် ရွှေဝါလေးကိုလည်း အဆင့် ၄ သို့ ရောက်အောင် အဆင့်မြှင့်တင်ရန် ကြိုးစားရပေမည်။ ရှန်းအာနှင့်ပါ ပေါင်းလိုက်လျှင်တော့ မြွေနိုင်ငံကို ကျူးကျော်ရာတွင် အဆင့် ၄ သားရဲ သုံးကောင်အထိ ရှိလာပေလိမ့်မည်။ ထိုအခါမှတော့ ရန်သူများအနေဖြင့် အရှုံးမပေးချင်လျှင်ပင် သူတို့၏ စွမ်းဆောင်ရည်ကိုသာ အားကိုးရပေတော့မည်။
သို့သော် ဤအစီအစဉ်မှာ နောက်ဆုံးလက်နက်သာ ဖြစ်၏။ တတ်နိုင်သမျှတော့ ဤကဲ့သို့ ပြင်းထန်သော လုပ်ရပ်မျိုးကို မလုပ်ချင်ပေ။
ပြတိုက်မှူး၏ စကားများကို အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရဲ့ယွီကျိုးက တိုးတက်စွာဖြင့် ပြန်ဖြေလိုက်၏။
“သူတို့ ဘယ်မှာလဲဆိုတာကိုတော့ ကျုပ် မသိဘူး... ဒါပေမဲ့ လူဆိုးစာရင်းဝင် ပညာရှင်တွေ သတင်းဖြန့်ဝေဖို့ အသုံးပြုတဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုတော့ ရှိတယ်... ကျုပ်တို့ အဲဒီကနေတစ်ဆင့် သူတို့ဆီကို သတင်းပို့ကြည့်လို့ ရနိုင်ပါတယ်”
ဒါကတော့ ရဲ့ယွီကျိုး လက်ရှိ စဉ်းစားလို့ရသမျှ တစ်ခုတည်းသော နည်းလမ်းပင်။
လူဆိုးစာရင်းဝင် ပညာရှင်များတွင် ကိုယ်ပိုင်အသိုက်အဝန်းတစ်ခု ရှိကြသော်လည်း အများအားဖြင့် ဆုကြေးထုတ်ခံရသည့် သတင်းများကိုသာ မျှဝေလေ့ရှိကြ၏။ ကျီးကန်းအိုကြီးနှင့် ဝိညာဉ်ကလေးငယ်မိခင်တို့ဆီသို့ သတင်းရောက်၊ မရောက် ဆိုသည်မှာတော့ သတင်းပို့သူ၏ ဂုဏ်သိက္ခာအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
လင်းကျင်းတွင်လည်း အခြား ပိုကောင်းသော အကြံ မရှိသဖြင့် ဤနည်းလမ်းကိုသာ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ အဆင်မပြေခဲ့လျှင်လည်း နောက်တစ်ကြိမ် ဧည့်ခန်းမ ဖွင့်လှစ်ချိန်အထိ စောင့်ရရုံသာ ရှိပေသည်။
ဘာပဲဖြစ်ဖြစ် မြွေနိုင်ငံအနေဖြင့်လည်း သူတို့၏ တပ်ဖွဲ့များကို ချက်ချင်းကြီးတော့ စုစည်းနိုင်မှာ မဟုတ်ပေ။
ခေတ္တမျှ စကားပြောပြီးနောက် လင်းကျင်းသည် ရဲ့ယွီကျိုး၏ သားရဲအတွက် အဆင့်တက်နည်းလမ်းကို လမ်းညွှန်ပေးကာ သူ သိလိုသမျှကို ဖြေကြားပေးလိုက်၏။ ရဲ့ယွီကျိုးမှာ အလွန်ပင် ဝမ်းသာသွားပြီး ထိုစကားလုံးတိုင်းကို မှတ်ဉာဏ်ထဲတွင် စွဲမြဲနေအောင် မှတ်သားထားတော့သည်။
“ကောင်းပြီ... သူတို့ကို ခေါ်သွားတော့... နောက်နောင် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ ဇိုရိုကုတောင်အနီးအနားကို ဘယ်သူ့ကိုမှ အလာမခံနဲ့တော့”
အချိန်မှာ တော်တော်လေး နောက်ကျနေပြီ ဖြစ်သဖြင့် လင်းကျင်းက အမိန့်ပေးလိုက်၏။
ရဲ့ယွီကျိုးကဲ့သို့သော လူမျိုးကို အသုံးချကာ လင်းကျင်းသည် သူ သားရဲအကဲဖြတ်မှူး တစ်ဦးအနေဖြင့် မလုပ်ဆောင်နိုင်သည့် ကိစ္စရပ်များကို ပြတိုက်မှူးအဖြစ် အသုံးချကာ စီစဉ်နိုင်ခဲ့ပြီ ဖြစ်သည်။
မေပယ်မြို့တွင် ရဲ့ယွီကျိုး၏ အဆင့်အတန်းနှင့် သြဇာအာဏာအရ ဆိုလျှင်တော့ ထိုလူသည် သူ၏ ရည်မှန်းချက်များကို လွယ်လွယ်ကူကူ အကောင်အထည်ဖော်ပေးနိုင်မည်ဟု သူ ယုံကြည်ပေသည်။
အတွေးတစ်ခုက ရဲ့ယွီကျိုး၏ စိတ်ထဲသို့ ဝင်လာဟန်ရှိပြီး သူက တိုးတိုးလေး ပြောလိုက်သည်။
“ပြတိုက်မှူး.... လင်းကျင်းက ခင်ဗျားရဲ့ တပည့်မှန်း ကျွန်တော် မသိခဲ့ပါဘူး... အရင်က သူ့အပေါ် စော်ကားမိတာရှိရင် တောင်းပန်ပါတယ်... အခုတော့ ကျွန်တော် ခင်ဗျားကို အလျော်အစား လုပ်ပေးပြီးပြီလို့ ယုံကြည်ပါတယ်... ဒီနေ့ကစပြီး မေပယ်မြို့မှာ ဘယ်သူမှ လင်းကျင်းကို ဒုက္ခပေးဝံ့မှာ မဟုတ်တော့တာမို့ စိတ်ချထားပါ... ဇိုရိုကုတောင်ကိုလည်း ဘယ်သူမှ ခြေဦးမလှည့်လာစေရဘူးလို့ ကျွန်တော် အာမခံပါတယ်... ခင်ဗျားအနေနဲ့ စိတ်ပူစရာမလိုဘဲ တပည့်တွေကို ဆက်ပြီး သင်ကြားပေးနိုင်ပါတယ်”
ထိုသို့ပြောပြီးနောက် ရဲ့ယွီကျိုးသည် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
လင်းကျင်းမှာတော့ အံ့ဩသွားရ၏။ သို့သော် သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ ရဲ့ယွီကျိုးက သူ့ကိုယ်သူ သူ၏ တပည့်ဟု ထင်နေခြင်းဖြစ်မှန်း သိလိုက်ရတော့သည်။
ရဲ့ယွီကျိုးက ဘယ်လိုနည်းနဲ့ ဒီလိုကောက်ချက်ချလိုက်သလဲဆိုတာကိုတော့ လင်းကျင်း မသိပေ။ တကယ်တော့ ရဲ့ယွီကျိုးသည် ရှောင်ဟော့ကို မြင်လိုက်ကတည်းက စတင် တွေးတောနေခဲ့ခြင်း ဖြစ်၏။ သူသည် ဤမီးဝံပုလွေကို အရင်က မြင်ဖူးသည်။ အဆင့်တက်ပြီးနောက် အနည်းငယ် ပြောင်းလဲသွားသော်လည်း ၎င်းမှာ လင်းကျင်း၏ သားရဲဖြစ်မှန်း သူ သေချာပေါက် သိနေသည်။
ဒါက လင်းကျင်းမှာ ပြတိုက်မှူး၏ တပည့်ဖြစ်သည်ဆိုသော သူ၏ သံသယကို ပို၍ ခိုင်မာစေခဲ့ခြင်းပင်။
ရဲယွီကျိုး၏ စိတ်ထဲတွင်တော့ ပြတိုက်မှူးသည် လင်းကျင်း၏ သားရဲ အဆင့်တက်ရန် ကူညီပေးဖို့ ဤတောင်ပေါ်သို့ ရောက်နေခြင်းဖြစ်ပြီး မတော်တဆ ဤကိစ္စထဲသို့ ပါဝင်ပတ်သက်သွားခြင်း ဖြစ်သည်ဟု တွေးနေ၏။ တကယ်တော့ ဇိုရိုကုတောင်သည် လင်းကျင်းကို သင်ကြားပေးနေစဉ်အတွင်း ပြတိုက်မှူး ခေတ္တ နေထိုင်သည့် နေရာဖြစ်နိုင်ခြေ များလှပေသည်။
သူ၏ ပျံလွှားတိမ်တိုက်ရေနဂါးထက်ပို၍ သန်မာနေသော မီးဝံပုလွေကြီးကို မြင်ရခြင်းမှာ ရဲ့ယွီကျိုးကို အထင်ကြီးသွားစေ၏။ သူက ‘ပြတိုက်မှူးလို လူမျိုးမှသာ လင်းကျင်းရဲ့ သားရဲကို ဒီလောက်အထိ ခန့်ညားအောင် အဆင့်မြှင့်ပေးနိုင်တာပဲ’ ဟု တွေးနေမိသည်။
ပြတိုက်မှူး ပီသလှပေသည်။ သာမန်လူတစ်ယောက်အဖို့ သူတို့၏ သားရဲကို အဆင့် ၄ ရောက်အောင် လုပ်ဖို့မှာ ငရဲကျသကဲ့သို့ ခက်ခဲလှပြီး၊ အောင်မြင်ဖို့မှာလည်း မသေချာပေ။ ရဲ့ယွီကျိုး ကိုယ်တိုင်ပင်လျှင် သူ၏ နဂါးကို အဆင့်တက်နိုင်ရန် ထိုစဉ်က များစွာ ကြိုးစားခဲ့ရသည် မဟုတ်ပါလား။
ထို့ကြောင့် ပြတိုက်မှူးကိုတော့ လုံးဝမစော် ကားသင့်ပေ။ အကယ်၍ သူ၏ နဂါးကြီးကို အဆင့် ၅ အထိ တက်လှမ်းစေချင်လျှင် ပြတိုက်မှူး၏ အကူအညီမှာ မရှိမဖြစ် လိုအပ်ပေလိမ့်မည်။
ဤအတွေးများဖြင့် ရဲ့ယွီကျိုးသည် ယနေ့တွင် သူ အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့ပြီဟု တွေးကာ စိတ်လက်ပေါ့ပါးစွာဖြင့် မေပယ်မြို့သို့ ပြန်သွားတော့သည်။
ကျောက်ဝမ်ထန်နှင့် အာဏာပိုင်များကိုလည်း ရဲ့ယွီကျိုးက ခေါ်ဆောင်သွား၏။ ဤဖြစ်ရပ်ကို ရဲ့ယွီကျိုးက သူတို့ကို ဘယ်လို ရှင်းပြမလဲဆိုသည်ကိုတော့ လင်းကျင်း စိတ်မဝင်စားတော့ပေ။
လူအားလုံး ထွက်သွားပြီးနောက်မှာတော့ လင်းကျင်းသည် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။
သူသည် တစ်ချိန်လုံး အတင်း တောင့်ခံထားရခြင်းဖြစ်ပြီး၊ တိုက်ပွဲ၏ ဒဏ်မှာ သူ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်နေပြီ ဖြစ်၏။
သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တောအုပ်ကြီး ပျက်စီးသွားသည်ကို တွေ့လိုက်ရ၏။ ပတ်ဝန်းကျင် မိုင်ပေါင်းများစွာမှာ ပြားချပ်သွားတော့သည်။ သစ်ပင်များမှာ အမြစ်မှ ကျွတ်ထွက်ကုန်သလို၊ မြေပြင်မှာလည်း အလွှာလိုက် လန်ထွက်ကုန်၏။ ဧရာမ သတ္တဝါကြီးများ၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုမှာ ထိတ်လန့်စရာပင်။
ဒါက လူသူကင်းမဲ့သော တောထဲမှာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လူဦးရေ ထူထပ်သော မြို့ထဲတွင်သာ ဖြစ်ခဲ့လျှင်တော့ လူပေါင်းများစွာ သေကြေပျက်စီးကုန်မှာ အမှန်ပင်။
ရှောင်ဟော့သည် မူလအရွယ်အစားသို့ ပြန်ပြောင်းလိုက်ပြီး လင်းကျင်း၏ အနားသို့ လာကာ ခေါင်းဖြင့် တိုးဝှေ့လိုက်၏။ လင်းကျင်းက သူ့ကို ပွတ်သပ်ပေးလိုက်ရာ ပြတိုက်ထဲရှိ မီးဝံပုလွေ၏ အချက်အလက်များမှာလည်း ပြောင်းလဲသွားတော့သည်။
“အဆင့် ၄ ဖြစ်သွားပြီပဲ”
ဒါကို မြင်ရသောအခါ လင်းကျင်းမှာ အနည်းငယ်တော့ စိတ်ပျက်သွားမိ၏။
ရှောင်ဟော့ ပထမဆုံးအကြိမ် ပြီးပြည့်စုံသော အဆင့်တက်ခြင်းတုန်းကကဲ့သို့ပင် အဆင့်ကျော်တက်သွားမည်ဟု သူ ထင်ထားခြင်းပင်။ သို့သော် သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ အဆင့် ၅ သားရဲတစ်ကောင် ဖြစ်လာဖို့မှာ အလွန်ပင် ခက်ခဲလှပေသည်။ ကျီးကန်းအိုကြီးနှင့် ရဲ့ယွီကျိုးတို့ပင်လျှင် အဆင့်တက်နည်းလမ်း ရထားသော်လည်း ရက်အနည်းငယ်အထိ ဘာမှ မထူးခြားသေးသည်မှာ ဘာကြောင့်လဲ။
အကြောင်းမှာ အဆင့်တက်နည်းလမ်း ရှိနေလျှင်ပင် ကျော်ဖြတ်ရမည့် အခက်အခဲများ ရှိနေသေးသောကြောင့်ပင်။ အဆင့် ၅ သားရဲဆိုသည်မှာ လုံးဝကို ကွဲပြားခြားနားသော သတ္တဝါတစ်မျိုးဟု ခေါ်ဆိုနိုင်ရာ၊ ၎င်းတို့ကို အဆင့် ၄ နှင့် ယှဉ်၍ မရနိုင်ပေ။
“ရပါတယ်... အေးအေးဆေးဆေးပဲ သွားကြတာပေါ့” လင်းကျင်းက ရှောင်ဟော့၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။ အခုဆိုလျှင် ရှောင်ဟော့မှာ ဘယ်သူမှ လျစ်လျူမရှုဝံ့သည့် အစွမ်းထက် သတ္တဝါတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အဆင့် ၄ သားရဲဆိုသည်မှာ ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးမှာပင် ရှားပါးလှရာ၊ ဤမေပယ်မြို့လေးမှာတော့ ပြောနေစရာပင် မလိုတော့ပေ။
ရှန်းအာနှင့် မြေခွေးလေးများမှာလည်း ဂူထဲမှနေ၍ ထွက်လာကြတော့သည်။
တိုက်ပွဲအတွင်းမှာ သူမ ထွက်လာပြီး ကူညီချင်စိတ်များ ပေါက်ခဲ့သော်လည်း၊ လင်းကျင်းက လက်ဟန်ဖြင့် တားဆီးထားခဲ့ခြင်းပင်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ ရှန်းအာအနေဖြင့် ပေါ်လာဖို့ လုံးဝ မသင့်တော်ပေ။
ရဲ့ယွီကျိုးအနေဖြင့်လည်း ဤနေရာတွင် မိစ္ဆာသားရဲများ ရှိနေမှန်း သိကောင်း သိနိုင်ပေသည်။
သို့သော် သူ မမေးခဲ့ပေ။
ဘာကြောင့်လဲ။
ပထမတစ်ခုမှာ ပြတိုက်မှူးကို လေးစားသောကြောင့် ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာတော့ ထိုမိစ္ဆာသားရဲက ကိုယ်တိုင် ပေါ်မလာသရွေ့ သူ လျစ်လျူရှုထားနိုင်သောကြောင့်ပင်။ မဟုတ်လျှင်တော့ ရဲ့ယွီကျိုးအနေဖြင့် သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ပေးရန် ခက်ခဲသွားပေလိမ့်မည်။
ဒါကို လင်းကျင်းလည်း ကောင်းကောင်း နားလည်ပါသည်။
အခြားသူများကို အဆင်ပြေအောင် လုပ်ပေးခြင်းမှာ မိမိကိုယ်ကိုယ် အဆင်ပြေအောင် လုပ်ခြင်းပင် ဖြစ်၏။
ရှောင်ဝူမှာတော့ သတိမရသေးသော်လည်း သူမ၏ အခြေအနေမှာ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
ရှေ့နားဆီမှ ဆူညံသံတစ်ခုကို ကြားလိုက်ရသဖြင့် လင်းကျင်း လှည့်ကြည့်လိုက်ရာ ရွှေဝါလေး ပြန်လာသည်ကို တွေ့လိုက်ရ၏။ စဉ်းစားကြည့်လျှင် ရွှေဝါလေးသည် ဤအခက်အခဲမှ လွတ်မြောက်ရန် များစွာ ကူညီပေးခဲ့ခြင်းပင်။ ရှောင်ဟော့က တိုက်ပွဲအဆုံးနားမှာ အဆင့် ၄ အရှိန်အဝါဖြင့် ရန်သူကို ခြောက်လှန့်ရုံသာ ရှိသော်လည်း၊ ရွှေဝါလေးကတော့ မြက်ခင်းပြင်တိုက်မှ သတ္တဝါများကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ခြင်းပင်။
ထူးခြားသည်မှာ အရိပ်ဝံပုလွေမှာ ဒဏ်ရာ အနည်းငယ် ရခဲ့သော်လည်း၊ ရွှေဝါလေးမှာတော့ ဒဏ်ရာ တစ်ချက်ပင် မရခဲ့ပေ။ ဒါက သူသည် ရန်သူကို အများဆုံး သတ်ဖြတ်နိုင်ခဲ့ပြီး အနာတရ အများဆုံး ဖြစ်အောင် လုပ်နိုင်ခဲ့လျှင်ပင် ဖြစ်၏။
ရွှေဝါလေးမှာ အဆင့် ၃ သာ ရှိသေးသည်ကို သတိရပါလေ။
လင်းကျင်းက ‘တကယ်လို့ ငါသာ ရွှေဝါလေးကို အဆင့် ၄ အထိ တက်အောင် ကူညီပေးနိုင်ရင် သူ ဘယ်လောက်တောင် သန်မာလာမလဲ’ ဟု တွေးလိုက်မိ၏။
သူသည် အဆင့် ၅ သားရဲကိုပါ ယှဉ်နိုင်မလား။
ဒါက ဖြစ်နိုင်ခြေ ရှိပေသည်။
ရွှေဝါလေးနှင့် ရှောင်ဟော့မှာတော့ အမြဲတမ်း ရန်သူတော်များကဲ့သို့ပင် ရှိနေကြ၏။ ကြက်ကလေးမှာ လင်းကျင်း၏ ချီးကျူးမှုကို စောင့်နေသော်လည်း၊ အဆင့် ၄ ဖြစ်သွားသော ရှောင်ဟော့ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ၏ အမောက်မှာ မီးတောက်များ ပြန်လည် ထွက်ပေါ်လာတော့သည်။ ရွှေဝါလေးသည် သူ၏ အမွှေးများကို ထောင်ကာ အတောင်ပံများကို ခါယမ်းပြီး မီးဝံပုလွေကို ရန်စရန် ကြိုးစားနေပြန်၏။
ကံကောင်းသည်မှာ ရှောင်ဟော့က သူ့ကို လျစ်လျူရှုထားခြင်းပင်။
ခဏမျှ ဆော့ကစားပြီးနောက် ကြက်ကလေးမှာ စိတ်ပျက်သွားပြီး မူလအရွယ်အစားသို့ ပြန်ပြောင်းကာ တီကောင်များကိုသာ ရှာဖွေစားသောက်တော့သည်။
တိုက်ပွဲကြောင့် မြေပြင်များ လန်ထွက်နေသဖြင့် ပုံမှန်ဆိုလျှင် မြေအောက်ထဲမှာသာ ရှိတတ်သော အရည်ရွှန်းသည့် ပိုးကောင်များစွာ ထွက်ပေါ်နေရာ၊ ၎င်းမှာ ရွှေဝါလေးအတွက်တော့ ဘူဖေးစားပွဲကြီး တစ်ခု ဖြစ်နေတော့သည်။
“ဆရာလင်း... အဲဒီလူတွေ ပြန်လာဦးမလား”
ရှန်းအာက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ လင်းကျင်းကတော့ ယခင်ကထက် ပို၍ ယုံကြည်မှုရှိစွာဖြင့် ဖြေကြားနိုင်ခဲ့သည်။
ဤမျှလောက် ကြီးမားသော ရှုံးနိမ့်မှုကြီးကို ကြုံတွေ့ပြီးနောက်မှာတော့ သူတို့အနေဖြင့် ပြန်သွားပြီး ပြင်ဆင်မှုတွေ လုပ်ရဦးမှာမို့ အနည်းဆုံးတော့ မကြာခင်မှာ ပြန်လာဦးမှာ မဟုတ်ပေ။ အခုတော့ မေပယ်မြို့ဘက်က ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်ရုံသာ ရှိသည်။ ရဲ့ယွီကျိုးက သူတို့ဘက်မှာ ရှိနေသရွေ့တော့ အဆင်ပြေမှာပင်။
“ငါ ခဏလောက် နားဦးမယ်... ပြီးမှ ဝူအာအတွက် ဆေးလုံးတွေ ဖော်ပေးမယ်...နောက်ရက်တွေမှာ နေရာအနှံ့ လျှောက်မသွားကြနဲ့ဦး... အထူးသဖြင့် မျောက်ဖြူပေါ့”
မြက်ခင်းပြင်တိုက်က လူတွေ မျောက်ဖြူကြီးကို မတွေ့သွားသည်မှာ ကံကောင်းခြင်းပင်ဖြစ်မှန်း လင်းကျင်း သိပါသည်။ မဟုတ်လျှင်တော့ အခြေအနေတွေက ပိုဆိုးသွားနိုင်ပေသည်။
ရဲ့ယွီကျိုး၏ အကူအညီဖြင့် ဇိုရိုကုတောင်မှာ လောလောဆယ်တော့ ဘေးကင်းသွားပြီ ဖြစ်၏။ အနည်းဆုံးတော့ ရက်အနည်းငယ်လောက် ငြိမ်းချမ်းမှုကို ရရှိနိုင်ပေဦးမည်။
အခန်း (၁၉၄) - မင်းကတော့ သူ့ကို ရန်စလို့ မရသေးဘူး
လင်းကျင်း မသိလိုက်သည်မှာ... လွန်ခဲ့သော နာရီပိုင်းအလိုကပင် ကျင့်ကြံသူများအသင်း၌ ရန်ကျဲ၏ သားရဲဖြစ်သော ဒေါင်းဖြူကြီးမှာ ရှောင်ဟော့ထက် အရင်ဦးအောင် အဆင့် ၄ သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်၏။
ဤဖြစ်ရပ်ကြောင့် မေပယ်မြို့တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ဒေါင်းဖြူကြီး အဆင့်တက်ချိန်တွင် ကောင်းကင်ယံ၌ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သောကြောင့်ပင်။ စူးရှတောက်ပသော အဖြူရောင် အလင်းတန်းများမှာ မေပယ်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ရာ၊ မြို့နေလူထုအားလုံးမှာ ထူးခြားသည့် အဖြစ်အပျက်တစ်ခုခု ဖြစ်နေပြီမှန်း သိလိုက်ကြသည်။
ပထမဆုံး အံ့ဩမှင်သက်သွားကြသူများမှာ ကျင့်ကြံသူများအသင်းမှ အဖွဲ့ဝင်များပင် ဖြစ်၏။
ရန်ကျဲ၏ ကျင့်ကြံဆောင် အပြင်ဘက်တွင် အခြားသော ဆရာကြီးများ အရေးပေါ် စုဝေးနေကြချိန်၌ ရဲ့ယွီကျိုးမှာတော့ ထိုနေရာတွင် ရှိမနေခဲ့ပေ။
အဆင့် ၄ သားရဲတစ်ကောင် ပေါ်ထွက်လာခြင်းမှာ မေပယ်မြို့အတွက်သာမက ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးအတွက်ပင် အလွန်ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
“ဒီလို အရေးကြီးတဲ့ အချိန်မှာ ဆရာကြီးရဲ့ ဘယ်ရောက်နေတာလဲ”
ဆရာကြီးတစ်ဦးက မေးလိုက်၏။
“ကြားတာတော့ မြို့တော်ဝန်ဂေဟာက အရေးကြီးကိစ္စနဲ့ ခေါ်လို့ သွားတယ်ဆိုလားပဲ... ဆရာကြီးရဲ့ ရဲ့ တပည့်ကျော်က တခြားသူတွေထက် အရင်ဦးအောင် အဆင့် ၄ ကို ရောက်သွားလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ... အခုဆိုရင် ရန်ကျဲရဲ့ အဆင့်အတန်းက အရင်ကထက် အဆပေါင်းများစွာ မြင့်တက်သွားတော့မှာ အမှန်ပဲ”
နောက်တစ်ဦးက မှတ်ချက်ပေးလိုက်သည်။
ကျန်ရှိသော ဆရာကြီးများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြ၏။
ရန်ကျဲ၏ သားရဲမှာ အဆင့် ၄ သို့ ရောက်ရှိသွားပြီ ဖြစ်ရာ၊ သူ၏ အရှိန်အဝါမှာ အခြားသော ဆရာကြီးများကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဒါ့အပြင် ဤလူငယ်မှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ ‘နိုင်ငံတော်အစောင့်အရှောက်’ တစ်ဦးအဖြစ် တရားဝင် အသိအမှတ်ပြုခံရပြီး ‘နိုက်’ဘွဲ့ကိုလည်း ရရှိပေလိမ့်မည်။ ထို့အပြင် လစာနှင့် ဝိညာဉ်ကျောက်တုံးများကိုလည်း ပုံမှန် ထောက်ပံ့ပေးသွားမှာဖြစ်ရာ ရရှိမည့် အကျိုးကျေးဇူးများမှာ မနည်းလှပေ။
ထိုဆရာကြီးများ အုပ်စုသည် ရန်ကျဲအပေါ် မနာလိုဖြစ်နေကြ၏။
သို့သော်လည်း ရန်ကျဲအနေဖြင့် သူ၏ သားရဲကို အဆင့်တက်အောင် ဘယ်လို လုပ်ဆောင်ခဲ့သလဲဆိုသည်ကိုတော့ သူတို့ အလွန်ပင် သိချင်နေကြသည်။ အချို့က ရဲ့ယွီကျိုးကြောင့်ဟု ထင်ကြသော်လည်း ရဲ့ယွီကျိုးနှင့် ရင်းနှီးသူများကတော့ ထိုလူသည် သားရဲပညာရပ်တွင် ထူးချွန်သူ မဟုတ်မှန်း သိထားကြသည်။
ထိုစဉ်မှာပင် ရန်ကျဲသည် သူ၏ အဆင့် ၄ ဒေါင်းဖြူကြီးကို ခေါ်ဆောင်ကာ အခန်းထဲမှ ထွက်လာ၏။ သူ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများမှာ အထင်အသား ပေါ်လွင်နေပေသည်။
အခုဆိုလျှင် သူသည် အခြားသော ဆရာကြီးများအပေါ်တွင် အရင်ကထက်ပင် ပို၍ ရိုင်းပြစွာ ပြုမူလာတော့သည်။ ဘာပဲဖြစ်ဖြစ် သားရဲပညာရပ်တွင် သူက သူတို့ထက် ပို၍ သန်မာနေပြီ မဟုတ်ပါလား။
မှန်ပေသည်။ အဆင့်တက်သည့် သတင်း မြို့တော်ဝန်ထံသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် မြို့တော်ဝန်ဂေဟာမှ စေလွှတ်သော သံတမန်မှာ ရောက်ရှိလာပြီး ရန်ကျဲကို မြို့တော်ဝန်နှင့် တွေ့ဆုံရန် ဖိတ်ကြားလိုက်တော့သည်။
ဒါကတော့ အလွန်ကြီးမားသော ဂုဏ်ဒြပ်တစ်ခုပင်။
ရန်ကျဲ ထွက်ခွာသွားပြီးနောက်တွင်လည်း ကျင့်ကြံသူများအသင်းမှာတော့ အံ့ဩစရာ သတင်းများဖြင့် ဆူညံနေဆဲပင်။
အဓိက ဆွေးနွေးနေကြသည်မှာ ရန်ကျဲအကြောင်းနှင့် မကြာခင် ကျင်းပတော့မည့် တပည့်များ၏ ပြိုင်ပွဲအကြောင်းပင် ဖြစ်၏။
“လင်းကျင်းက တပည့်တွေရဲ့ ပြိုင်ပွဲမှာ စီနီယာရန်ကျဲကို စိန်ခေါ်ချင်နေတယ်လို့ ကောလာဟလတွေ ထွက်နေတာ... ဒါပေမဲ့ အခုတော့ ဒါက ပြိုင်ပွဲတစ်ခုတောင် ဖြစ်လာမှာ မဟုတ်တော့ဘူး ထင်တယ်”
“ဟုတ်တာပေါ့... စီနီယာရန်ကျဲရဲ့ သားရဲက အဆင့် ၄ ဖြစ်သွားပြီလေ... သူက ဘာမှတောင် လုပ်စရာ မလိုဘဲ သားရဲကိုပဲ လွှတ်လိုက်ရင် ပြိုင်ဘက်က ပြားပြားဝပ်သွားမှာပဲ... သနားစရာကောင်းတဲ့ စီနီယာလင်းကျင်းပါပဲ... တကယ်လို့ သူ့ပြိုင်ဘက်က စီနီယာရန်ကျဲသာ မဟုတ်ရင် သူ ပထမရဖို့ အခွင့်အရေး ရှိနိုင်သေးတယ်”
ချန်ချန်းသည်လည်း ဤသတင်းကို ကြားလိုက်ရသောအခါ အံ့ဩဝမ်းသာ ဖြစ်သွားရ၏။
ရန်ကျဲအနေဖြင့် သူ၏ သားရဲကို အဆင့် ၄ အထိ တကယ်ပဲ မြှင့်တင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချန်ချန်းသည် ရန်ကျဲ၏ အောင်မြင်မှုကို မနာလို ဖြစ်မိပေသည်။ ဤသို့ အဆင့်တက်သွားခြင်းမှာ သူသည် ရန်ကျဲကို ဘယ်တော့မှ လိုက်မီတော့မှာ မဟုတ်ဘူးဆိုသည့် အဓိပ္ပာယ်ပင်။ သို့သော် သူ ဝမ်းသာနေသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ဖြစ်၏။ လင်းကျင်းအနေဖြင့် ပြိုင်ပွဲတွင် ရှုံးနိမ့်ဖို့ သေချာသွားပြီ ဖြစ်သောကြောင့်ပင်။
ရဲ့ယွီကျိုး ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။
သို့သော် သူသည် ကျင့်ကြံသူများအသင်းသို့ မသွားဘဲ မြို့တော်ဝန်ဂေဟာသို့ တိုက်ရိုက် သွားလိုက်သည်။
သူသည် မြွေနိုင်ငံနှင့် ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများအကြောင်းကို ပိုင်ကျန့်ခုန်းထံသို့ ကိုယ်တိုင် သတင်းပို့ရပေမည်။ မဟုတ်လျှင်တော့ မြို့တော်ဝန်မှာ ထိတ်လန့်သွားပေလိမ့်မည်။
မြို့တော်ဝန်ဂေဟာသို့ ရောက်သောအခါ ရန်ကျဲနှင့် ဆုံလိုက်ရသဖြင့် သူ အံ့ဩသွားရ၏။
ရန်ကျဲသည် သူ၏ ဆရာကို မြင်သည်နှင့် နှုတ်ဆက်ရဆဲ ဖြစ်သော်လည်း၊ သူ၏ အမူအရာမှာတော့ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အကြောင်းမှာ ရှင်းလှပေသည်။ သူတို့ နှစ်ဦးလုံး၏ သားရဲများမှာ အဆင့်တူသွားပြီ မဟုတ်ပါလား။
ရန်ကျဲ၏ သားရဲ အဆင့် ၄ သို့ ရောက်သွားခြင်းကို ရဲ့ယွီကျိုး အံ့ဩသွားမိသော်လည်း၊ မကြာမီမှာပင် သူ မျက်မှောင်ကြုတ်လိုက်မိ၏။
ရန်ကျဲ၏ သားရဲမှာ ပုံမှန်အခြေအနေအောက်တွင် ဤမျှ မြန်မြန် အဆင့်တက်နိုင်စရာ အကြောင်းမရှိပေ။ တစ်စုံတစ်ဦး၏ အကူအညီ သို့မဟုတ် အံ့ဖွယ်အခွင့်အရေးတစ်ခုခု ရခဲ့မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ဒေါင်းဖြူကြီးကို ကြည့်လိုက်ရာ ရဲယွီကျိုး၏ သံသယမှာ အတည်ဖြစ်သွားခဲ့၏။ ဒေါင်းဖြူကြီးထံမှ ပြင်းထန်သော ဆေးနံ့များ ထွက်ပေါ်နေဆဲပင်။ ရဲ့ယွီကျိုးသည် ဆေးဝါးဗေဒတွင် မကျွမ်းကျင်လျှင်ပင် ဤဒေါင်းဖြူကြီးမှာ အစွမ်းထက်သော ဆေးလုံးတစ်လုံးကို စားသုံးပြီးမှ အဆင့်တက်ခဲ့ခြင်းဖြစ်မှန်း သူ သိနိုင်ပေသည်။
သို့သော်လည်း သားရဲ၏ အရှိန်အဝါမှာ မတည်မငြိမ် ဖြစ်နေပြီး ဖရိုဖရဲ ဖြစ်နေရာ၊ ၎င်းမှာ အဆင့် ၄ သားရဲတစ်ကောင်အဖို့တော့ အထင်ကြီးစရာ မကောင်းလှပေ။
ရဲ့ယွီကျိုးမှာ အနည်းငယ် စိတ်ပျက်သွားရ၏။
ရန်ကျဲသည် သူ့ကို အရာများစွာ ဖုံးကွယ်ထားသည်ဟု သူ ခံစားလိုက်ရသောကြောင့်ပင်။ ရန်ကျဲသည် ထိုဆေးလုံးကို ဘယ်က ရခဲ့တာလဲ။ သူ ဘာလို့ မပြောခဲ့တာလဲ။ ဒီအတိုင်း အလိုလို ပေါ်လာတာလား။ ဒါက မဖြစ်နိုင်ပေ။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ရန်ကျဲသည် မည်သည့်နေရာသို့မှ ခရီးမထွက်ခဲ့ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် ရဲယွီကျိုး နားလည်လိုက်သည်မှာ သူ၏ တပည့်သည် သူ့အပေါ်တွင် သူ ထင်ထားသလောက် ယုံကြည်မှု မရှိခြင်းပင် ဖြစ်၏။
သို့သော်ငြားလည်း သူ၏ တပည့် သားရဲ အဆင့်တက်ခြင်းမှာ သတင်းကောင်းပင် ဖြစ်သဖြင့်၊ ရဲ့ယွီကျိုးသည် သူ၏ မကျေနပ်မှုကို ဖုံးကွယ်ကာ ရန်ကျဲကို ချီးကျူးစကား ပြောလိုက်၏။
သို့သော် ရန်ကျဲ နောက်ထပ် ပြောလိုက်သည့် စကားကတော့ ရဲယွီကျိုးကို ဆွံ့အသွားစေတော့သည်။
“ဆရာ... အခု ကျွန်တော့်ရဲ့ သားရဲက အဆင့် ၄ ရောက်သွားပြီဆိုတော့၊ လင်းကျင်းရဲ့ သားရဲနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ”
ရန်ကျဲက ရုတ်တရက် မေးလိုက်ခြင်းပင်။
ရန်ကျဲသည် ရဲ့ယွီကျိုးက သူ့ကို လင်းကျင်းအား မရန်စရန် သတိပေးခဲ့သည်ကို အမြဲတမ်း စိတ်ထဲတွင် တေးထားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် အဆင့်တက်ပြီးနောက်တွင်တော့ သူသည် လင်းကျင်းထက် ပို၍ သန်မာကြောင်း သက်သေပြရန် ဤမေးခွန်းကို မမေးဘဲ မနေနိုင်တော့ပေ။ သူသည် ရဲ့ယွီကျိုးအား အရင်က သတိပေးချက်မှာ အခြေအမြစ် မရှိကြောင်း သက်သေပြချင်နေခြင်းပင်။
သူက တိုက်ရိုက် မပြောသော်လည်း သူ၏ ဆိုလိုရင်းမှာ ရှင်းလှပေသည်။
ရန်ကျဲ၏ အသံထဲမှ မကျေနပ်မှုများကို ရဲယွီကျိုး ကြားနိုင်ပေသည်။ သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်... ပြောလိုက်၏။
“ရန်ကျဲ... မင်းက ငါ့ရဲ့ တပည့်ပဲ... ငါ ဘာပဲလုပ်လုပ် မင်းရဲ့ အကျိုးအတွက်ပဲဆိုတာ မင်း သိပါတယ်... ငါ မင်းကို လင်းကျင်းကို ရန်မစဖို့ ပြောခဲ့တာမှာ ငါ့အကြောင်းပြချက်နဲ့ ငါ ရှိတယ်... အခု မင်းက ထပ်မေးနေမှတော့ ငါ ထပ်ပြောမယ်... လင်းကျင်းကို ရန်မစပါနဲ့... မင်းရဲ့ သားရဲက အဆင့် ၄ ဖြစ်သွားရင်တောင်မှ၊ မင်းကတော့ သူ့ကို ရန်စလို့ မရသေးဘူး”
ရဲ့ယွီကျိုးက ရန်ကျဲကို အလဟဿ ဒုက္ခမရောက်စေချင်သဖြင့် စေတနာအပြည့်နှင့် အကြံပေးနေခြင်းဖြစ်မှန်း သိသာလှပေသည်။
လင်းကျင်း၏ နောက်ကွယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေမှန်း ရဲ့ယွီကျိုး သိထားသည်။ အကယ်၍ ရန်ကျဲကသာ လင်းကျင်းကို ဆက်ပြီး ဒုက္ခပေးနေမည်ဆိုလျှင် နောက်ဆုံးတွင်တော့ ရန်ကျဲ ကိုယ်တိုင်သာ ဒုက္ခရောက်ရပေလိမ့်မည်။
ထိုလူငယ်မှာ သူ၏ တပည့်ဖြစ်နေသဖြင့် ရဲ့ယွီကျိုးအနေဖြင့် သူ၏ တပည့်ကို မလိုအပ်သော အမှားများ မလုပ်မိစေရန် တားဆီးဆုံးမရပေမည်။
သို့သော် ရဲ့ယွီကျိုး၏ အကြံပေးချက်က ရန်ကျဲ၏ မျက်နှာကိုတော့ ပို၍ ပျက်သွားစေခဲ့၏။
ရဲ့ယွီကျိုးသည် သင်ကြားပြသမှုတွင် ထူးချွန်သော ဆရာကြီးတစ်ဦး ဖြစ်နိုင်သော်လည်း၊ အခြားသော ကဏ္ဍများတွင်တော့ အားနည်းချက် ရှိနေသည်မှာ သိသာလှပေသည်။ ဥပမာအားဖြင့် ရန်ကျဲ၏ ထောင်လွှားသော စရိုက်ကို သူ လျစ်လျူရှုထားခဲ့မိခြင်းပင်။
အမြဲတမ်း မာန်တက်နေတတ်သော ရန်ကျဲသည် ဤကဲ့သို့သော သတိပေးချက်ကို ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
သူသည် အလွန်အမင်း အထင်အမြင်သေးခံရသည်ဟု ခံစားလိုက်ရ၏။ ပို၍ ဆိုးသည်မှာ ထိုစကားမှာ သူ၏ ဆရာရင်းထံမှ ထွက်လာခြင်းပင်။ ရန်ကျဲသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လက်ဆစ်များပင် မြည်သွားတော့သည်။
သူ၏ သားရဲ အဆင့် ၃ သာ ရှိသေးစဉ်ကတော့ သူသည် ရဲ့ယွီကျိုး၏ အကြံပေးချက်ကို နာခံခဲ့ရပေသည်။ သို့သော် အခုတော့ သူ၏ သားရဲက အဆင့် ၄ သို့ ရောက်သွားပြီ ဖြစ်ရာ၊ ရန်ကျဲကို သူ၏ ဆရာထံမှ ကျောခိုင်းသွားစေရန် တားဆီးနိုင်မည့်အရာ ဘာမှ မရှိတော့ပေ။
သူ ဒါကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ပေ။
သူ ဘာမှ ထပ်မပြောတော့သော်လည်း၊ လင်းကျင်းကိုတော့ ဘယ်တော့မှ ခွင့်မလွှတ်ဘူးဟု ရန်ကျဲ စိတ်ထဲမှ ကြုံးဝါးလိုက်မိ၏။
ထိုစဉ်မှာပင် မြို့တော်ဝန် ပိုင်ကျန့်ခုန်း ရောက်လာတော့သည်။
“ဆရာကြီးရဲ့ တကယ်ပဲ ကျွန်တော်တို့ မေပယ်မြို့ရဲ့ တန်ဖိုးအရှိဆုံး ဆရာကြီးပါပဲ... ဒီလောက် ထူးချွန်တဲ့ တပည့်မျိုးကို မွေးထုတ်ပေးနိုင်တာ တကယ့်ကို အထင်ကြီးစရာပဲ”
ပိုင်ကျန့်ခုန်းက ဝမ်းသာအားရ ပြောလိုက်၏။
ကျောက်စိမ်းနဂါးနိုင်ငံ၏ ထူးခြားချက်မှာ မြို့ပြနိုင်ငံစနစ်ရှိနေခြင်းပင်။ အားလုံးမှာ ဧကရာဇ်မင်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း၊ မြို့တော်ဝန် တစ်ဦးချင်းစီမှာ ကိုယ်ပိုင်အာဏာ ရှိကြသည်။
တစ်နည်းအားဖြင့် ပြောရလျှင် မြို့တော်ဝန်တစ်ဦးသည် သူ၏ အုပ်ချုပ်မှုအတွင်း ကြီးမားသော အမှားမျိုး မလုပ်ခဲ့လျှင်တော့ သူ၏ ရာထူးမှာ မျိုးရိုးလိုက် အုပ်ချုပ်ခွင့် ရှိခြင်းပင်။
မြို့တိုင်းတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး ရှိသဖြင့်၊ မြို့တစ်မြို့တွင် ပညာရှင်တစ်ဦး ရှိနေလျှင် မြို့တော်ဝန်အနေဖြင့် ထိုသူအပေါ် သြဇာညောင်းနိုင်ပေသည်။ ဒါက မြို့အတွက် ဂုဏ်ယူစရာ ဖြစ်သလို၊ စွမ်းအား တိုးတက်လာခြင်းလည်း ဖြစ်၏။ အရင်က ရဲ့ယွီကျိုး တစ်ယောက်တည်းသာ အဆင့် ၄ သားရဲ ရှိခဲ့ရာမှ၊ အခုတော့ နောက်ထပ် လူတစ်ယောက် ထပ်တိုးလာသဖြင့် ဗိုင်ကျန်းခုံ ဘယ်လိုလုပ် ဝမ်းမသာဘဲ နေပါမည်နည်း။
ဒါဆိုလျှင် ကျောက်စိမ်းနဂါးနိုင်ငံအတွင်း မေပယ်မြို့၏ အဆင့်အတန်းမှာလည်း မြင့်တက်လာတော့မှာ ဖြစ်သည်။
ရဲ့ယွီကျိုးကတော့ ပြုံးနေရုံသာ ရှိပြီး ဘာမှ မပြောပေ။
ဘာပဲဖြစ်ဖြစ် ရန်ကျဲ၏ သားရဲ အဆင့်တက်ခြင်းမှာ သူနှင့် မသက်ဆိုင်ပေ။ ရဲ့ယွီကျိုးသည် အစောပိုင်းကလည်း အသေးစိတ်ကို မမေးခဲ့ပေ။ သူ၏ အဓိက ဦးစားပေးမှာ မြွေနိုင်ငံနှင့် ဖြစ်ပေါ်နေသော နိုင်ငံတကာ ဆက်ဆံရေး တင်းမာမှုများအကြောင်း ပိုင်ကျန့်ခုန်းကို ပြောပြရန်သာ ဖြစ်၏။
ထိုစဉ်မှာပင် ကျောက်ဝမ်ထန်ဝင်လာပြီး ပိုင်ကျန့်ခုန်း၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်၏။
အစောပိုင်းက ပိုင်ကျန့်ခုန်း၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။