← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 10 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 10 Ch. 195-196

အခန်း (၁၉၅) - သတင်းစကား ပါးခြင်း

“ဝမ်ထန်... မင်းပြောတာ တကယ်ပဲလား”

ပိုင်ကျန့်ခုန်း၏အသံမှာ တုန်ရီနေ၏။ ကျောက်ဝမ်ထန်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

မြွေနိုင်ငံနှင့် ဖြစ်ပေါ်နေသော ပဋိပက္ခအကြောင်းကို ကျောက်ဝမ်ထန်က မြို့တော်ဝန်အား ပြောပြလိုက်ပြီမှန်း ရဲ့ယွီကျိုး ချက်ချင်း သိလိုက်၏။ သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ရန်ကျဲဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အပြင်မှာ ခဏစောင့်နေဦး... မြို့တော်ဝန်ပိုင်နဲ့ ဆွေးနွေးစရာလေး ရှိလို့”

ရန်ကျဲသည် မကျေမနပ် ဖြစ်သွားသော်လည်း ရဲ့ယွီကျိုး၏ အမိန့်ကိုတော့ ထိပ်တိုက် မဆန့်ကျင်ဝံ့ဘဲ အပြင်သို့ ထွက်သွားခဲ့၏။

ခေတ္တမျှ စဉ်းစားပြီးနောက် ရဲ့ယွီကျိုးက အားပေးစကားဆိုလိုက်သည်။

“မြို့တော်ဝန်ပိုင်... စိတ်အေးအေးထားပါ... စစ်ပွဲဆိုတာ ကလေးကစားစရာ မဟုတ်ပါဘူး... မြွေနိုင်ငံအနေနဲ့ ဒီလောက်အထိ မဆင်မခြင် ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်... ပြီးတော့ အရာအားလုံးက ကျုပ်တို့ အစီအစဉ်အတိုင်း ဖြစ်လာမယ်ဆိုရင် သူတို့ ဘာမှတောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”

ပိုင်ကျန့်ခုန်းမှာတော့ လက်ရှိ အခြေအနေများကို အကျဉ်းချုပ် သိထားပြီး ဖြစ်၏။

“ဆရာကြီးရဲ့... ကျွန်တော် ခင်ဗျားကို မယုံလို့ မဟုတ်ပါဘူး... ဒါပေမဲ့ အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့ လူကို ခင်ဗျား ဘာလို့ ဒီလောက်အထိ အတင်းအကျပ် ကူညီပေးနေရတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး... ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်မယ့်အရေးကိုတောင် ဂရုမစိုက်ဘဲ ကူညီနေတာပဲ... မြွေနိုင်ငံရဲ့ နိုင်ငံတော်ဆရာကြီးရဲ့ သား အသတ်ခံလိုက်ရတယ်ဆိုတာ ကျွန်တော်တို့ သိပြီးပြီ... ကျွန်တော်တို့အနေနဲ့ လူသတ်သမားကို ဖမ်းဆီးပြီး သူတို့ဆီ လွှဲပြောင်းပေးလိုက်ရင် သူတို့ရဲ့ ဒေါသကို ရှောင်လွှဲနိုင်မှာပဲ... ဒါ့အပြင် အဲဒီလူက မိစ္ဆာသတ္တဝါတစ်ကောင်ကိုပါ အကာအကွယ် ပေးထားသေးတယ်ဆိုတော့ သူ့ကို ကာကွယ်ပေးဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး”

ပိုင်ကျန့်ခုန်း၏ စကားလုံးများမှာ ပြင်းထန်လှ၏။ အကယ်၍ ရဲ့ယွီကျိုး၏ အဆင့်အတန်းသာ မရှိလျှင်တော့ သူ ယခုထက် ပို၍ ပေါက်ကွဲမိပေလိမ့်မည်။

အကယ်၍ ဤဖြစ်ရပ်ကြောင့် စစ်ပွဲသာ တကယ်ဖြစ်လာခဲ့လျှင် သူ၏ မြို့တော်ဝန် ရာထူးမှာလည်း ပြုတ်သွားဖို့ သေချာသလောက်ပင်။

ရဲ့ယွီကျိုးက ပြုံးလိုက်ပြီး ဆိုလိုက်သည်။

“မြို့တော်ဝန် ပြောတာလည်း မှန်ပါတယ်... ဒါပေမဲ့ အခြေအနေက အဲဒီလို မဟုတ်ဘူး... ကျုပ်ရဲ့ ဆုံးဖြတ်ချက် နောက်ကွယ်က အကြောင်းပြချက်တွေကိုတော့ အသေးစိတ် မပြောနိုင်ပေမဲ့ မြွေနိုင်ငံက စစ်ကြေညာမှာကိုတော့ ခင်ဗျား စိတ်ပူစရာ မလိုပါဘူး... အကယ်၍ စစ်ပွဲသာ တကယ်ဖြစ်လာခဲ့ရင်တော့ အဲဒီအတွက် တာဝန်အားလုံးကို ကျုပ် ယူပါ့မယ်... မြို့တော်ဝန်ကိုတော့ ဒုက္ခထဲ ဆွဲမထည့်ပါဘူး”

ဤကိစ္စကြောင့် ရဲ့ယွီကျိုးနှင့် ပိုင်ကျန့်ခုန်းတို့မှာ မပြေမလည် ဖြစ်ကာ လမ်းခွဲခဲ့ကြရတော့၏။

မြို့တော်ဝန်ဂေဟာ အပြင်ဘက်သို့ ရောက်သောအခါ ရဲ့ယွီကျိုးသည် လူသူကင်းမဲ့သော နေရာတစ်ခုသို့ သွားကာ သူ၏ အဝတ်အစားများကို လဲလှယ်လိုက်၏။ ထို့အပြင် သူ၏ မျက်နှာကို ဖုံးကွယ်နိုင်ရန် ဦးထုပ်တစ်လုံးကိုလည်း ဆောင်းလိုက်သေးသည်။ ထို့နောက်တွင်တော့ သူသည် မြို့ထဲရှိ ဈေးတစ်ခုသို့ သွားလိုက်တော့သည်။

ထိုနေရာတွင် ငှက်မျိုးစုံ ရောင်းချသော နေရာတစ်ခု ရှိ၏။ ထိုဆိုင်၏ ဘေးတစ်ဖက်တွင်တော့ မျက်မမြင် အဘိုးကြီးတစ်ဦး ရှိနေပြီး သူ၏ ဘေးတွင် သိန်းငှက် ငါးကောင် နားနေသည့် သစ်သားစင်တစ်ခု ရှိနေသည်။

ထိုအဘိုးကြီးမှာ နေ့စဉ် မိုးလင်းမှ မိုးချုပ်အထိ ထိုနေရာတွင် ရှိနေတတ်သော်လည်း သာမန်လူများမှာတော့ သူ ဘာလုပ်နေသလဲဆိုသည်ကို မသိကြပေ။

သို့သော် လူဆိုးစာရင်းဝင် ပညာရှင်များကတော့ ဤနေရာမှာ ‘သတင်းစကားဖလှယ်ရာ စခန်း’ တစ်ခုဖြစ်မှန်း သိထားကြ၏။ လုပ်ကြံသတ်ဖြတ်ရန် အမှာစာများ၊ ထောက်လှမ်းရေး သတင်းများ၊ လူရှာဖွေခြင်းများ၊ ခိုးရာပါ ပစ္စည်းများ အပါအဝင် တရားမဝင်သော အရာမှန်သမျှကို ဤနေရာတွင် လုပ်ဆောင်နိုင်ပေသည်။ ဤသည်မှာ သတင်းအချက်အလက်များ ဖလှယ်ရာ နေရာပင်။

ဒါပေမဲ့ ဝန်ဆောင်ခတွေကတော့ အလွန်ပင် ကြီးမားလှ၏။

နေရာအနှံ့ လှည့်လည် ကျင့်ကြံခဲ့ဖူးသဖြင့် ရဲ့ယွီကျိုးသည် ဤအသိုက်အဝန်း၏ စည်းမျဉ်းများကို ကောင်းကောင်း သိထားသည်။

ဤနေရာရှိ လူများသည် သတင်းလာပို့သူ၏ အထောက်အထားကို ဘယ်တော့မှ မမေးကြပေ။ ပေးအပ်လာသော အလုပ်ကိုသာ လုပ်ဆောင်ပေးကြခြင်းပင်။

ရဲ့ယွီကျိုးသည် လုပ်ထုံးလုပ်နည်းကို သိထားသဖြင့် ရောက်ရောက်ချင်းမှာပင် ရွှေဒင်္ဂါးပြားတစ်ခုကို ပစ်ချလိုက်၏။ ထိုရွှေဒင်္ဂါးမှာ ဤကဲ့သို့သော ကိစ္စများအတွက် သီးသန့် ပြုလုပ်ထားခြင်းဖြစ်ပြီး နဂါးရုပ်ပုံ ပါရှိပေသည်။ ၎င်းမှာ နိုင်ငံတော်သုံး ငွေကြေး မဟုတ်ဘဲ လူဆိုးအသိုက်အဝန်းတွင်သာ အသုံးပြုသည့် ‘နဂါးဒင်္ဂါး’ပင် ဖြစ်၏။

“သတင်းစာတစ်စောင် ပေးစမ်း”

ရဲ့ယွီကျိုးက ပြောလိုက်သည်။

အကယ်၍ လင်းကျင်းသာ ဤနေရာတွင် ရှိနေလျှင်တော့ ‘သတင်းစာ’ ဆိုသည့် စကားလုံးကြောင့် ဇဝေဇဝါ ဖြစ်သွားပေလိမ့်မည်။

မျက်မမြင် အဘိုးကြီးက ဘာမှပြန်မပြောဘဲ သူ၏ တင်ပါးအောက်မှ သစ်သားလိပ်တစ်ခုကို ထုတ်ကာ ရဲယွီကျိုးထံသို့ ကမ်းပေးလိုက်၏။ ရဲ့ယွီကျိုးက ၎င်းကို မဖတ်သေးဘဲ တောက်ပနေသော နဂါးဒင်္ဂါး နှစ်ပြားကို ထပ်မံ ထုတ်လိုက်သည်။

“သတင်းစာထဲမှာ သတင်းတစ်ခု ထည့်ချင်လို့”

ရဲယွီကျိုးက တိုးတိုးလေး ပြောလိုက်၏။

မျက်မမြင် အဘိုးကြီး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ဝါကျင့်ကျင့် သွားများကို ဖော်ကာ လက်ငါးချောင်း ထောင်ပြလိုက်သည်။

ရဲယွီကျိုးမှာ အံ့ဩသွားသော်လည်း နောက်ထပ် နဂါးဒင်္ဂါး သုံးပြားကို ထုတ်ပေးလိုက်၏။ အဘိုးကြီးက ပြုံးရင်း လက်ဖြန့်လိုက်ရာ ရဲ့ယွီကျိုးသည် သူ ကြိုတင် ရေးသားထားသော စာရွက်ကို ထည့်ပေးလိုက်တော့သည်။

ထို့နောက်တွင်တော့ ရဲ့ယွီကျိုးမှာ လှည့်ထွက်သွားပြီး မျက်မမြင် အဘိုးကြီးမှာလည်း ထရပ်လိုက်၏။ သူသည် နံရံများကို စမ်းတဝါးဝါးဖြင့် တစ်နေရာသို့ လျှောက်သွားကာ ခဏအကြာတွင်တော့ မူလနေရာသို့ ပြန်လာပြီး ပြန်လည် အိပ်မောကျသွားတော့သည်။

သို့သော် သူ၏ သစ်သားစင်ပေါ်ရှိ သိန်းငှက် ငါးကောင်ထဲမှ တစ်ကောင်မှာတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ရဲယွီကျိုး ကျင့်ကြံသူများအသင်းသို့ ပြန်ရောက်သောအခါ သူက ‘သတင်းတော့ ပါးလိုက်ပြီ။ ကျီးကန်းအိုကြီးနဲ့ ဝိညာဉ်ကလေးငယ်မိခင်တို့ ဒါကို မြင်ပါ့မလားပဲ’ ဟု တွေးနေမိသည်။

ထို့နောက်တွင်တော့ သူသည် အဘိုးကြီးပေးလိုက်သော သစ်သားလိပ်ထဲမှ စာရွက်ကို ထုတ်ကြည့်လိုက်၏။

စာရွက်ပေါ်တွင် သတင်းအချက်အလက် ပေါင်းများစွာ ပါရှိပေသည်။

၎င်းတွင် ခေါင်းစဉ်၊ အကြောင်းအရာ၊ အချိန်နှင့် သတင်းပို့သူ၏ အမည်များ ပါဝင်၏။

ဒါကတော့ ‘သတင်းစာ’ ပင် ဖြစ်၏။

၎င်းတွင် လူဆိုးအသိုက်အဝန်းအတွက် နောက်ဆုံးရ သတင်းများ ပါရှိသည်။ ရှာဖွေလိုသော အချက်အလက်များနှင့် လုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုချက်များ ပါဝင်၏။ ဒါပေမဲ့ လူအများစုမှာ အကြောင်းအရာကို တိုက်ရိုက် မရေးကြပေ။ သူတို့သည် ကုဒ်စကားလုံးများကိုသာ အသုံးပြုကြသဖြင့် လူသစ်များအနေဖြင့်တော့ ဘာကို ဆိုလိုမှန်း သိနိုင်မှာ မဟုတ်ပေ။

ရဲ့ယွီကျိုးသည် ထိုစာရွက်ကို တစ်ချက် ကြည့်လိုက်သော်လည်း စိတ်ဝင်စားစရာ ဘာမှ မတွေ့သဖြင့် မီးထဲသို့ ပစ်ထည့်ကာ ဖျက်ဆီးလိုက်တော့သည်။ အများစုမှာ ကျောက်စိမ်းနဂါးနိုင်ငံနှင့် ဝေးကွာသော နေရာများမှ သတင်းများသာ ဖြစ်သောကြောင့်ပင်။

ပြောရလျှင်တော့ ရဲ့ယွီကျိုးမှာ စိတ်လက်ပေါ့ပါးနေ၏။ သူသည် ပြတိုက်မှူးကိုယ်စား သတင်းစကား ပါးလိုက်နိုင်ပြီ ဖြစ်ရာ၊ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ပြတိုက်မှူး၏ သံတမန်တစ်ဦး ဖြစ်သွားပြီဟု ဆိုနိုင်ပေသည်။

ရဲယွီကျိုးသည် ပြတိုက်မှူး၏ အစစ်အမှန် အထောက်အထားကိုလည်း ခန့်မှန်းကြည့်နေမိ၏။

သူသည် ဤကမ္ဘာပေါ်ရှိ ပညာရှင်များစွာအကြောင်း ကြားဖူးသော်လည်း၊ ပြတိုက်မှူးနှင့် တူသူတစ်ဦးမှ မရှိပေ။

ရဲ့ယွီကျိုး၏ အမြင်တွင်တော့ ထိုပညာရှင်များမှာ ပြတိုက်မှူးနှင့် ယှဉ်လျှင် များစွာ နိမ့်ကျလှပေသည်။

ရှီမိသားစု၏ ဆေးဆိုင်။

မကြာသေးမီက ချန်မိသားစု ဆေးဆိုင်၏ ယှဉ်ပြိုင်မှုကြောင့် ရှီမိသားစု ဆေးဆိုင်များမှာ လူသူကင်းမဲ့နေပြီး ဝယ်သူ အနည်းငယ်သာ ရှိတော့သည်။

ရှီမိသားစုကို အမြစ်ပြတ် သုတ်သင်ရန်အတွက် ချန်မိသားစုသည် သူတို့၏ ကုန်ပစ္စည်း ဈေးနှုန်းများကို ထပ်မံ လျှော့ချလိုက်၏။ ပင်ပင်ပန်းပန်း ငွေရှာထားရသော ဝယ်သူများအနေဖြင့်တော့ ဈေးသက်သာသော ဆိုင်ကိုသာ ရွေးချယ်ကြမှာ ဖြစ်သည်။ ထို့အပြင် ချန်မိသားစု၏ ကုန်ပစ္စည်းများမှာလည်း အဆင့်အတန်း မြင့်မားလှပြီး သူတို့၏ ဂုဏ်သတင်းမှာလည်း ရှီမိသားစုနှင့် ရင်ဘောင်တန်းနိုင်ပေသည်။

ရှီဝမ်ကျွင်းသည် ချန်ဝမ်လင်း၏ ယုတ်မာသော နည်းလမ်းများကို သိထားသည်။ သူမသည် ရှီမိသားစု၏ အကြီးအကဲ တစ်ဦးအနေဖြင့် ဆေးဖော်စပ်ခြင်း အတတ်ပညာတွင် ကျွမ်းကျင်သူ ဖြစ်ရုံသာမက စီးပွားရေး နည်းဗျူဟာများတွင်လည်း ကျွမ်းကျင်လှပေသည်။

အကယ်၍ သူမသာ မရှိလျှင်တော့ ရှီမိသားစုမှာ ယခုအချိန်ဆိုလျှင် ပျက်စီးသွားလောက်ပြီ ဖြစ်၏။ မိသားစုအတွင်း ဆေးဖော်စပ်ခြင်းတွင် သူမထက် ကျွမ်းကျင်သော အဂ္ဂိရတ်ပညာရှင်များ ရှိသော်လည်း၊ စီးပွားရေး စီမံခန့်ခွဲမှုတွင်တော့ ရှီဝန်ကျန်းကို ဘယ်သူမှ မမှီနိုင်ပေ။

ယခုတစ်ကြိမ်တွင်တော့ ချန်မိသားစုက ဈေးနှုန်းလျှော့ချကာ ယှဉ်ပြိုင်လာသောအခါ ရှီဝမ်ကျွင်းသည် တောင့်ခံထားနိုင်ခဲ့၏။ ပစ္စည်းများ မရောင်းရလျှင်ပင် သူမသည် ဈေးနှုန်းလျှော့ချရန် ငြင်းဆန်ခဲ့သည်။

ဘာကြောင့်လဲဆိုတော့ ရှီဝမ်ကျွင်းသည် ချန်မိသားစု၏ အဓိက လက်နက်မှာ ဆေးလုံး စီးပွားရေးဖြစ်မှန်း သိထားသောကြောင့်ပင်။

ဆေးလုံး စီးပွားရေးသည် ရှီမိသားစု၏ အသက်သွေးကြောပင် ဖြစ်၏။

အကယ်၍ ချန်မိသားစုက ဆေးညွှန်းများကို ရရှိပြီးနောက် ဈေးနှုန်း တူတူထားကာ တရားမျှတစွာ ယှဉ်ပြိုင်မည်ဆိုလျှင်တော့ ပြဿနာ မရှိပေ။ သို့သော် ချန်မိသားစုသည် ရှီမိသားစုကို အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားနေခြင်း ဖြစ်ရာ၊ ဤသည်မှာ ရှင်သန်ရေး တိုက်ပွဲတစ်ခုပင်။ တိုက်ပွဲတစ်ခု ဖြစ်လာဖို့မှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

ပြောရလျှင်တော့ ရှီဝမ်ကျွင်းသည် ချန်ဝမ်လင်းကို အနည်းငယ်တော့ အထင်ကြီးမိပါသည်။ ထိုလူသည် ဘာမှမရှိရာမှ စတင်ခဲ့သူ တစ်ဦး ဖြစ်၏။ ပုံမှန် အခြေအနေဆိုလျှင် ဝူချန်းဝေက ဆေးညွှန်းများကို ခိုးယူကာ ချန်မိသားစုထံ ပေးလိုက်ပြီးကတည်းက ရှီမိသားစုမှာ လျှို့ဝှက်ဆေးညွှန်းများ ထပ်မရှိလျှင် ပျက်စီးသွားရမှာပင်။

ကံကောင်းစွာဖြင့် သူတို့သည် ဤအခက်အခဲအတွင်း လင်းကျင်း၏ အကူအညီကို ရရှိခဲ့ပြီး ဆေးညွှန်းအသစ်များကို ရရှိခဲ့ကြသည်။

‘ရေကိုးသွယ်တိမ်တိုက်ဆေးလုံး’ ဆေးညွှန်း တစ်ခုတည်းကပင် မိသားစု၏ လက်ရှိ အခြေအနေကို ကုစားပေးရန် လုံလောက်လှပေသည်။

ကံကောင်းစွာဖြင့် လင်းကျင်းက သူတို့ကို ဤဆေးညွှန်း တစ်ခုတည်း ပေးခဲ့ခြင်း မဟုတ်ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရှီမိသားစုမှ အဂ္ဂိရတ် ပညာရှင်များမှာ(ဆေးပညာ) လျှို့ဝှက်စွာ ပြုမူနေကြပြီး ဆေးဖော်စပ်ခြင်းကိုသာ အသည်းအသန် လေ့ကျင့်နေကြ၏။ ဒီနေ့သည်တော့ သူတို့၏ ပြန်လည် တိုက်စစ်ဆင်မည့် နေ့ပင် ဖြစ်သည်။

မိုးလင်းကတည်းက ရှီမိသားစုသည် မေပယ်မြို့ရှိ သူတို့၏ အကြီးဆုံး ဆေးဆိုင် အပြင်ဘက်တွင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲလိုက်၏။ ထို့အပြင် သူတို့ မိသားစု၏ ဆေးလုံးအသစ်များ မိတ်ဆက်ပွဲသို့လည်း ဂုဏ်သရေရှိ လူကြီးမင်းများစွာကို ဖိတ်ကြားထားခဲ့သည်။

တကယ့်ကို ခမ်းနားလှသော ပွဲကြီးပင်။

အာဏာပိုင်များနှင့် ချမ်းသာသော ကုန်သည်များကိုသာမက ချန်မိသားစုကိုပါ ဖိတ်ကြားထားခြင်းပင် ဖြစ်၏။ ရှီဝမ်ကျွင်းမှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမ၏ လုပ်ရပ်များမှာ ရဲရင့်လှပေသည်။ ဤသို့ လုပ်ဆောင်ခြင်းမှာ သူမအနေဖြင့် ချန်မိသားစုကို ထိပ်တိုက် ရင်ဆိုင်တော့မည်ဆိုသည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

သူတို့သည် ထုတ်ကုန်အသစ်ကို လျှို့ဝှက်ထားခဲ့ကြသည်။ အဓိက အဖွဲ့ဝင်များမှအပ ကျန်ရှိသော ရှီမိသားစုဝင်များပင်လျှင် ဤအကြောင်းကို ဘာမှ မသိကြပေ။ သူတို့သည် ယခင်ထက် ပို၍ သတိထားရန် သင်ယူခဲ့ကြပြီ မဟုတ်ပါလား။ မဟုတ်လျှင်တော့ သစ္စာဖောက် တစ်ယောက်တည်းကပင် သူတို့ မိသားစုကို အဆုံးသတ်သွားစေနိုင်ပေသည်။

အခန်း (၁၉၆) - ဆေးလုံးအသစ်များ

“ကြားပြီးပြီလား... ဒီနေ့ ရှီမိသားစုက ဆေးလုံးအသစ်တွေ မိတ်ဆက်မယ်တဲ့... ဘာဆေးတွေ ဖြစ်မလဲဆိုတာ တကယ် သိချင်မိတယ်”

“ငါကတော့ သိပ်ပြီး စိတ်မဝင်စားပါဘူး... စဉ်းစားကြည့်လေ... ရှီမိသားစုက ချန်မိသားစုကြောင့် အခြေအနေ တော်တော်ဆိုးနေတာ... တကယ်လို့ သူတို့မှာသာ တန်ဖိုးရှိတဲ့ ဆေးညွှန်းတွေ ကျန်သေးရင် အရင်ကတည်းက ထုတ်သုံးမှာပေါ့... ဘာလို့ အခုထိ စောင့်နေမှာလဲ”

“ဒါလည်း ဟုတ်တာပဲ... ဒါနဲ့ မင်းကော သွားမှာလား”

“သွားမှာပေါ့... ဘာလို့ မသွားဘဲ နေမလဲ... သူတို့ ဘာတွေများ ထုတ်ပြမလဲဆိုတာ သွားကြည့်ရုံနဲ့တော့ ဘာမှ မရှုံးပါဘူး”

မေပယ်မြို့ရှိ ဂုဏ်သရေရှိ လူကြီးမင်းအချို့မှာ ဤပွဲအကြောင်းကို ဝိုင်းဝန်း ဆွေးနွေးနေကြ၏။

ဇူအိမ်တော်တွင်လည်း ဇူထျန်းဟုန်းသည် ဖိတ်စာတစ်စောင် ရရှိထားခဲ့သည်။

“ချန်းအာ... မင်းပဲ ငါ့ကိုယ်စား ဒီပွဲကို တက်ပေးလို့ ရမလား” ဇူထျန်းဟုန်းက ပြုံးရင်း မေးလိုက်၏။ သူသည် ဤကဲ့သို့သော ကိစ္စများကို စိတ်မဝင်စားသလို၊ ချန်မိသားစုနှင့် ရှီမိသားစုကြားက တိုက်ပွဲတွင်လည်း ကြားညှပ်မခံလိုပေ။

သို့သော် ဇူချန်းမှာတော့ အတွင်းသတင်း အချို့ကို ကြိုတင် ရရှိထားပြီး ဖြစ်၏။

“အဖေ... ရှီမိသားစုက ချန်မိသားစုရဲ့ လက်အောက်မှာ ပျက်စီးတော့မလို ဖြစ်နေပေမဲ့၊ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားတဲ့အခါ နောက်ဆုံးမှာ ရယ်နိုင်မယ့်သူက ရှီမိသားစုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ချက်အပြည့်နဲ့ ပြောရဲတယ်”

ဇူချန်းက ပြုံးလျက် ဆိုလိုက်သည်။

သြဇာအာဏာရှိသူ တစ်ဦးဖြစ်သည့် ဇူထျန်းဟုန်းမှာတော့ ဤကိစ္စ၏ နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေမှန်း ချက်ချင်း ရိပ်မိလိုက်၏။

“ချန်းအာ... မင်း ငါမသိသေးတဲ့ အကြောင်းအရာတစ်ခုခုကို သိထားတာလား”

ဇူချန်းက ခေါင်းညိတ်ပြလိုက်ပြီး အသံကို နှိမ့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ရှီမိသားစုရဲ့ အကြီးအကဲ ရှီဝမ်ကျွင်းက အစ်ကိုလင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်... ဒီဆေးလုံးအသစ်တွေရဲ့ နောက်ကွယ်မှာ အစ်ကိုလင်း ရှိနေတာ ဖြစ်နိုင်တယ်”

ဇူထျန်းဟုန်းမှာ အံ့ဩသွားရ၏။

“တကယ်လား”

ဇူချန်းက ထပ်မံ၍ ခေါင်းငြိမ့်ပြလိုက်ပြန်သည်။

ဇူထျန်းဟုန်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါဆိုရင်တော့ ဒီပွဲကို ငါ ကိုယ်တိုင် တက်ရမှာပေါ့... ချန်းအာ... မင်းလည်း ငါနဲ့ လိုက်ခဲ့... တကယ်လို့ ဒါကသာ အမှန်ဆိုရင် ငါတို့ ရှီမိသားစုကို ထောက်ခံပေးဖို့ လိုအပ်လိမ့်မယ်”

မေပယ်မြို့ရှိ အခြားသော သြဇာရှိ မိသားစုများစွာလည်း ဤဖိတ်စာမျိုးကို ရရှိထားကြ၏။

ဂေါင်မိသားစု။

ဂေါင်ကျန်းသည် သားရဲအကဲဖြတ်မှူး အသင်းချုပ်မှ တရားဝင် အကဲဖြတ်မှူး တစ်ဦးဖြစ်သလို၊ မိသားစု၏ အမွေဆက်ခံသူလည်း ဖြစ်၏။ သူ၏ မြင့်မားသော အဆင့်အတန်းကြောင့် သူ အိမ်တွင် ရှိနေသည့် အခါတိုင်း မိသားစု၏ အရေးကြီးသော ဆွေးနွေးမှုများတွင် အမြဲ ပါဝင်ရလေ့ရှိသည်။

ရှီမိသားစုနှင့် ချန်မိသားစုတို့၏ ဆေးလုံးလုပ်ငန်း ယှဉ်ပြိုင်မှုမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ပြင်းထန်လာနေ၏။ မေပယ်မြို့ရှိ ကုန်သည်မိသားစု အများစုမှာ ထိုတိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသလို၊ သာမန်လူများအကြားမှာလည်း ဤသတင်းမှာ ပျံ့နှံ့နေပြီ ဖြစ်သည်။

ဂေါင်မိသားစုအနေဖြင့် ဤအကြောင်းကို သိနေသည်မှာ မဆန်းလှပေ။

“အမျိုးသမီးတစ်ယောက်ကို မိသားစုကို ဦးဆောင်ခိုင်းတာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲ... သူ ဦးဆောင်တာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်... အခုတော့ ချန်မိသားစုရဲ့ လက်အောက်မှာ ပျက်စီးတော့မယ့် အခြေအနေကို ရောက်နေပြီ... အရင်တုန်းကတော့ သူတို့က မေပယ်မြို့မှာ နံပါတ်တစ်ပေါ့... အခုတော့ သူတို့ရဲ့ ရလဒ်က ကြည့်ရတာ တော်တော်လေး စိတ်မကောင်းစရာပဲ”

ဂေါင်မိသားစု၏ အကြီးအကဲ ဂေါင်ရှန်းမင်က ဆိုလိုက်၏။ သူက တကယ်ပဲ စိတ်မကောင်း ဖြစ်နေတာလား သို့မဟုတ် လှောင်ပြောင်နေတာလားဆိုသည်ကိုတော့ ခွဲခြားရန် ခက်ခဲလှပေသည်။

ကျန်ရှိသော ဂေါင်မိသားစုဝင်များကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြပြီး၊ လက်ရှိ ရှီမိသားစုနှင့် အရင်က အခြေအနေများကို နှိုင်းယှဉ်ကာ အတင်းအဖျင်း ပြောကြတော့သည်။

ထိုစဉ် ဂေါင်ရှန်းမင်၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်လာပြီး ဂေါင်ကျန်းဘက်သို့ လှည့်ကာ မေးလိုက်၏။

“ကျန်းအာ... ချန်မိသားစု ဒီလောက်အထိ တဟုန်ထိုး တက်လာတာက သားရဲအကဲဖြတ်မှူး အသင်းချုပ်ရဲ့ အကူအညီကြောင့်လို့ ငါ ကြားတယ်”

ဂေါင်ကျန်းက ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်၏။

“မှန်ပါတယ် အဖေ.. ဝမ်ကျိ လက်ထက်တုန်းက ချန်မိသားစုက သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားခဲ့တယ်... အဲဒီအတွက်ကြောင့်လည်း သူတို့က သားရဲအကဲဖြတ်မှူး အသင်းချုပ် တစ်ခုလုံးအတွက် ဆေးဘက်ဝင် ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့ တစ်ဦးတည်းသော အဖွဲ့အစည်း ဖြစ်လာခဲ့တာ... အနီးနား မြို့တွေက အကဲဖြတ်မှူးတွေတောင် သူတို့ရဲ့ ဖောက်သည်တွေကို ချန်မိသားစု ဆေးဆိုင်တွေမှာပဲ ဝယ်ဖို့ ညွှန်ကြားခဲ့ကြလို့ သူတို့ရဲ့ လုပ်ငန်းက ဒီလောက်အထိ ကြီးထွားလာတာပါ”

သာမန်လူများမှာတော့ ဤကဲ့သို့သော အတွင်းရေးများကို သိနိုင်မှာ မဟုတ်ပေ။

“အခု ဥက္ကဋ္ဌအသစ် ပြောင်းသွားပေမဲ့လည်း ချန်ဝမ်လင်းက ပါးနပ်တဲ့လူပဲ... သူက ဥက္ကဋ္ဌ တန်လင်းကို ဝမ်ကျိတုန်းကလို အတင်းအကျပ် ဖားနေမယ့်အစား၊ သူ ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးကိုပဲ ထိန်းထားနိုင်အောင် လုပ်တယ်... ဒါကြောင့် ဥက္ကဋ္ဌ တန်လင်းဘက်ကလည်း ပစ္စည်းသွင်းသူကို ပြောင်းလဲဖို့ အကြောင်းပြချက် မရှိတော့ဘူး... အဲဒါကြောင့် အာဏာအပြောင်းအလဲမှာ သူတို့လုပ်ငန်းက ထိခိုက်မှု မရှိခဲ့တာပေါ့... ရှီမိသားစုကတော့ အသင်းချုပ်ထဲကို ဝင်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး... အခုဆိုရင် ချန်မိသားစုက သူတို့ရဲ့ ဆေးညွှန်းတွေကိုပါ လက်ဝယ် ရထားပြီဆိုတော့ ရှီမိသားစုကတော့ အနားယူဖို့ ပြင်ထားရုံပဲ ရှိတော့တယ်”

“ဒါဆိုရင် ရှီမိသားစုက ဆေးလုံးအသစ်တွေ မိတ်ဆက်မယ်ဆိုတာက တကယ်ပဲ ဖြစ်နိုင်ပါ့မလား”

တစ်စုံတစ်ဦးက ဂေါင်ကျန်းကို မေးလိုက်၏။

ဂေါင်ကျန်းက အရာအားလုံးကို သိနေသည့် အမူအရာဖြင့် ပြုံးလိုက်ပြီး ပြောလိုက်၏။

“ရှီမိသားစုက အရင်က နာမည်ကြီး မိသားစုဆိုတော့ သူတို့မှာ လျှို့ဝှက်ဆေးညွှန်း အချို့ ကျန်နေသေးတာမျိုးကတော့ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ အဲဒါက သိပ်ပြီး ထူးခြားမှာတော့ မဟုတ်ဘူး... တကယ်လို့သာ အစွမ်းထက်တဲ့ ဆေးညွှန်းတွေဆိုရင် အရင်ကတည်းက ထုတ်သုံးမှာပေါ့... ဒီလောက်အထိ အခြေအနေ ဆိုးသွားတဲ့အထိ စောင့်နေစရာ အကြောင်းမရှိဘူး... ဘာပဲဖြစ်ဖြစ် ငါတို့ ဂေါင်မိသားစုအနေနဲ့တော့ အဲဒီပွဲကို လူတစ်ယောက်တော့ စေလွှတ်သင့်တယ်... လေးစားတဲ့ အနေနဲ့ပေါ့”

ဂေါင်ရှန်းမင်က ခေါင်းငြိမ့်လိုက်ပြီး ဂေါင်ကျန်းကိုသာ မိသားစုကိုယ်စား စေလွှတ်ရန် ဆုံးဖြတ်လိုက်၏။ ဂေါင်ကျန်းသည် သူ၏ သားဖြစ်သလို၊ ဤအခွင့်အရေးကို အသုံးချကာ လူမှုဆက်ဆံရေး နယ်ပယ်တွင် လေ့ကျင့်ပေးခြင်းက ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

“ကျန်းအာ... မင်းပဲ ငါတို့ မိသားစုကိုယ်စား ဒီပွဲကို တက်လိုက်ပါ”

ဂေါင်ကျန်းက ခေါင်းညိတ်လိုက်၏။ ဒါက ကိစ္စအသေးအဖွဲမို့ သူ တစ်ယောက်တည်း သွားလျှင်ပင် လုံလောက်ပေသည်။

မြို့တော်ဝန်ဂေဟာလည်း ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့၏။

ရှီဝမ်ကျွင်းအနေဖြင့် သူတို့ကို ဘယ်လိုလုပ် မဖိတ်ဘဲ နေပါမည်နည်း။ သူတို့က မေပယ်မြို့မှာ သြဇာအရှိဆုံး လူတွေ မဟုတ်ပါလား။

သို့သော် မြို့တော်ဝန်ဂေဟာက ဤဖိတ်ကြားချက်ကို လက်ခံမလား၊ လက်ခံခဲ့လျှင်ပင် ဘယ်သူ့ကို လွှတ်မလဲဆိုသည်မှာတော့ ရှီမိသားစုလည်း မသေချာပေ။

ချန်မိသားစု။

လက်ထဲက ဖိတ်စာကို ကိုင်ထားရင်း ချန်ဝမ်လင်းသည် ရှီမိသားစု ဘာတွေ ကြံစည်နေသလဲဆိုသည်ကို တွေးကာ မျက်မှောင်ကြုတ်နေမိ၏။

“ဆေးလုံးအသစ်တွေလား... ရှီမိသားစုက ဘယ်ကနေ ဆေးလုံးအသစ်တွေ ရမှာလဲ... ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ”

စားပွဲတစ်ဖက်တွင် ထိုင်နေသော ဝူချန်းဝေကတော့ ကောင်းမွန်သော ဝိုင်များနှင့် အရသာရှိသော အစားအစာများကို အေးအေးလူလူ စားသောက်နေ၏။

သူသည် မိမိကိုယ်ကိုယ် အချိန်အတော်ကြာအောင် ချုပ်တည်းခဲ့ရခြင်း ဖြစ်သည်။ အခုတော့ သူ လွတ်လပ်သွားပြီ ဖြစ်ရာ၊ နေ့တိုင်း အစားကောင်း သောက်ဖွယ်များဖြင့် အချိန်ဖြုန်းနေရုံသာမက၊ ချန်ဝမ်လင်းကိုပင် အမျိုးသမီးအချို့ ရှာပေးရန် ခိုင်းစေပြီး ပျော်ပါးနေတော့သည်။ တစ်ခါတစ်ရံတွင်တော့ ချန်ဝမ်လင်းပင် သူ့ကို ကြည့်မရ ဖြစ်မိ၏။

သူ၏ ပြုမူပုံများမှာ ပညာတတ် တစ်ယောက်အဖို့တော့ အလွန်ပင် အရုပ်ဆိုးလှပေသည်။

“ရှီမိသားစုက အစဉ်အလာကြီးမားတဲ့ မိသားစုဖြစ်သလို အရင်းအမြစ်တွေလည်း အများကြီး ရှိတယ်... ဝူသခင်လေး... ကျုပ် ခင်ဗျားကို ဒီနေ့ ခေါ်လိုက်တာက ရှီမိသားစုမှာ တခြားဆေးညွှန်းတွေ တကယ်ပဲ ရှိနေသေးလားဆိုတာကို မေးချင်လို့ပါ”

ချန်ဝမ်လင်းက တည်ကြည်သောအသံဖြင့် မေးလိုက်၏။

စီးပွားရေးသမားတစ်ဦး ဖြစ်သည့် ချန်ဝမ်လင်းသည် လက်ရှိ အခြေအနေကို ကောင်းကောင်း နားလည်ထားသည်။ ရှီမိသားစုမှာ သူတို့ကြောင့် အကျပ်ရိုက်နေသော်လည်း၊ ချန်မိသားစုမှာလည်း အခြေအနေ သိပ်မကောင်းလှပေ။ သူတို့သည် ရှီမိသားစု၏ လုပ်ငန်းကို သတ်ရန်အတွက် ဈေးနှုန်းများကို အရှုံးခံ လျှော့ချထားခြင်း ဖြစ်၏။

အကယ်၍ ရှီဝမ်ကျွင်းကကသာ တကယ့် အစွမ်းထက်သော ဆေးလုံးအသစ်များကို ထုတ်ပြနိုင်ခဲ့လျှင်တော့ ချန်မိသားစုအနေဖြင့် အခုထက်ထိ အရှုံးခံထားရသမျှမှာ အလကား ဖြစ်သွားပေလိမ့်မည်။

အကယ်၍ ဤကဲ့သို့သော အခြေအနေမျိုးမှာတောင် ရှီမိသားစုက ‘မသေ’ ခဲ့လျှင်တော့ ချန်ဝမ်လင်းသည် အကျိုးအမြတ်မရနိုင်မည့် အရာတစ်ခုအပေါ်မှာ အချိန်ဖြုန်းနေမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ အဆိုးဆုံး အခြေအနေတွင်တော့ သူ၏ ချန်မိသားစုပါ ပြိုလဲသွားနိုင်ပေသည်။

ဒါက ချန်ဝမ်လင်းအတွက်တော့ ဟာသ မဟုတ်ပေ။

ဝူချန်းဝေမှာတော့ ဤမေးခွန်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ရှိ၏။

“ကျုပ် ခင်ဗျားကို ဘယ်နှစ်ခါ ပြောရဦးမလဲ... ရှီမိသားစုမှာ တခြား ဆေးညွှန်းတွေ ရှိဖို့ မဖြစ်နိုင်ဘူး... ကျုပ် သူတို့အကြောင်း သိသမျှ အကုန်လုံး လေ့လာထားပြီးသား... ဒီနှစ်တွေမှာ သူတို့က ကျုပ်ကို ဆေးဖော်စပ်နည်း မသင်ပေးတာကလွဲရင် တခြား ဘယ်အရာမှာမှ ကျုပ်ကို မသံသယမဝင်ခဲ့ကြဘူး... ဒါကြောင့် စိတ်အေးအေးထားစမ်းပါ”

ထိုသို့ပြောပြီးနောက် သူသည် ဝိုင်ကို နောက်တစ်ငုံ ထပ်သောက်လိုက်ပြန်သည်။

ချန်ဝမ်လင်းမှာ မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် ဝူချန်းဝေကဲ့သို့သော လူမျိုးကို အလွန်ပင် ရွံရှာမိသော်လည်း၊ စီးပွားရေးအရ မိတ်ဖက်ဖြစ်နေသဖြင့် သည်းခံနေရခြင်းပင်။ သို့သော် ဝူချန်းဝေသည် ယုံကြည်ထိုက်သူ သို့မဟုတ် ဆက်လက် ပေါင်းသင်းထိုက်သူ တစ်ဦး မဟုတ်ပေ။ ရှီမိသားစုက ပေးအပ်ထားသော မြင့်မားသည့် လူနေမှုကို သူက သစ္စာဖောက်မှုဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ သူသည် ကျွေးသည့်လက်ကို ပြန်ကိုက်သည့် ကျေးဇူးကန်းသော ခွေးတစ်ကောင်သာ ဖြစ်၏။

ချန်ဝမ်လင်းသည် ဝူချန်းဝေ၏ နောက်ကြောင်းကို စုံစမ်းကြည့်ရာ ထိုလူသည် သာမန်မိသားစုမှ လာသူဖြစ်မှန်း သိလိုက်ရသည်။ ရှီမိသားစု၏ အကူအညီသာ မပါလျှင်တော့ သူသည် ယနေ့ကဲ့သို့သော အဆင့်အတန်းမျိုးကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပေ။

ဒါကိုတော့ ချန်ဝမ်လင်းက ထုတ်ပြောမှာ မဟုတ်ပေ။ ဝူချန်းဝေက ပိုပြီး ရူးသွပ်လေလေ၊ သူ့ကို ထိန်းချုပ်ရတာ ပိုလွယ်လေလေ ဖြစ်၏။

အရာအားလုံး အခြေကျသွားပြီဆိုလျှင်တော့ ထိုလူကို မောင်းထုတ်ရန် သူ စီစဉ်ထားပြီး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုလူမှာ သူ့အတွက် ဘာတန်ဖိုးမှ မရှိတော့ဘူး မဟုတ်ပါလား။

“တကယ်လို့ အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့... ရှီမိသားစုက ငါ့ကို ဖိတ်ထားမှတော့ ငါကိုယ်တိုင် သွားကြည့်ဖို့ စီစဉ်ထားတယ်... ဝူသခင်လေး... ခင်ဗျားကော လိုက်ချင်လား”

ချန်ဝမ်လင်းက ယဉ်ကျေးသည့် အနေဖြင့် မေးလိုက်ခြင်းပင်။ သို့သော် ဝူချန်းဝေက တစ်စုံတစ်ခုကို တွေးမိဟန်ရှိပြီး ပြန်ဖြေလိုက်၏။

“ကောင်းပြီလေ... လိုက်တာပေါ့”

ဝူချန်းဝေသည် ရှီမိသားစု အရှက်ရနေသည်ကို ကိုယ်တိုင် မြင်ချင်နေခြင်းဖြစ်မှန်း ချန်ဝမ်လင်း သိလိုက်ရသည်။ ထိုလူသည် လူပုံအလယ်တွင် ရှီမိသားစုကို အရှက်ခွဲရန် ရည်ရွယ်နေပုံရ၏။

ဒါကို သိလိုက်ရသောအခါ ချန်ဝမ်လင်းမှာ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်မိတော့သည်။

All Chapters