အခန်း (၁၉၇-၁၉၈)
Vol. 10 Ch. 197-198
အခန်း (၁၉၇) - ရှီမိသားစု၏ ပြန်လည်နိုးထခြင်း (၁)
ရက်များမှာ လျှပ်စီးလက်သကဲ့သို့ ကုန်ဆုံးသွားခဲ့ရာ၊ ယခုဆိုလျှင် ဆေးလုံးအသစ်များ မိတ်ဆက်ပွဲ ကျင်းပမည့် နေ့သို့ ရောက်ရှိလာပြီ ဖြစ်၏။
မေပယ်မြို့ရှိ ရှီမိသားစု၏ အကြီးဆုံး ဆေးဆိုင်ကြီးမှာ လာရောက်ကြည့်ရှုကြသူများနှင့် ပြည့်နှက်နေပြီး အများစုမှာ ဖိတ်ကြားထားသော ဂုဏ်သရေရှိ လူကြီးမင်းများပင် ဖြစ်ကြသည်။
မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ တန်လင်းကိုလည်း ရှီမိသားစုက မမေ့မလျော့ ဖိတ်ကြားထားခဲ့၏။
ပုံမှန်အားဖြင့် တန်လင်းသည် အလုပ်များသူ ဖြစ်သဖြင့် ဤကဲ့သို့သော ပွဲမျိုးကို တက်ရောက်လေ့ မရှိပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် သူမ အားလပ်နေသဖြင့် ဖိတ်စာကို လက်ခံရရှိပြီးနောက် လာရောက်ခဲ့ခြင်းပင်။
သူမ လာရောက်ဖြစ်သည့် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ရှီမိသားစုက သူတို့၏ အစီအစဉ်ကို အလွန် လျှို့ဝှက်ထားသောကြောင့်ပင် ဖြစ်၏။ ဖိတ်စာထဲတွင် အလွန် ရှားပါးသော ဆေးလုံးများကို မိတ်ဆက်မည်ဟု ဖော်ပြထားသည်။
ထိုဆေးလုံးများမှာ ဘာတွေဖြစ်မလဲဆိုသည်ကိုတော့ ရှီမိသားစုက အရိပ်အမြွက်မျှပင် မပြောခဲ့ရာ၊ ၎င်းကပင် လာရောက်သူများ၏ စိတ်ဝင်စားမှုကို ပိုမို ဆွဲဆောင်နေတော့သည်။
တန်လင်းသည် မြို့ထဲရှိ အကြီးဆုံး ဆေးဆိုင်ကြီး နှစ်ခုအကြောင်းကို ကြားဖူးနားဝ ရှိ၏။ အမှန်တကယ်တော့ သူမ၏ ရှေ့က ဥက္ကဋ္ဌဟောင်း ဝမ်ကျိသည် ချန်မိသားစုနှင့်သာ သီးသန့် လက်တွဲခဲ့သည်ကိုလည်း သူမ သိထားသည်။
ဝမ်ကျိ၏ အကျင့်ပျက် ခြစားမှုများကို သူမ စုံစမ်းစစ်ဆေးစဉ်က ဆေးဘက်ဝင် ပစ္စည်းများ ထောက်ပံ့သည့် ကွင်းဆက်တွင် ထူးခြားသည့် အမှားအယွင်းမျိုး မတွေ့ခဲ့ပေ။ ချန်မိသားစုက ပေးပို့သော ပစ္စည်းများကိုလည်း သူမ သေချာ စစ်ဆေးကြည့်ရာတွင် အားလုံးမှာ စံချိန်စံညွှန်း မှီနေသဖြင့် တန်လင်းအနေဖြင့် ပစ္စည်းသွင်းသူကို ပြောင်းလဲရန် မလိုအပ်ဟု ယူဆခဲ့ခြင်းပင်။
ဘာပဲဖြစ်ဖြစ် သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သူမှာ ချန်မိသားစုနှင့် ရှီမိသားစု နှစ်ခုသာ ရှိသည်။ အခြားသော ဆိုင်ငယ်လေးများမှာတော့ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။
တန်လင်းသည် မကြာသေးမီက ဤမိသားစုနှစ်ခုကြားတွင် ဖြစ်ပွားနေသော စီးပွားရေး တိုက်ပွဲအကြောင်းကိုလည်း ကြားသိထား၏။ သူမ၏ အမြင်တွင်တော့ ချန်မိသားစုမှာ အလွန်ပင် ရက်စက်လွန်းပြီး ရှီမိသားစုကို အကျပ်ရိုက်အောင် ဖိအားပေးနေခြင်းပင်။ လုပ်ငန်း၏ ရှေ့ဆောင်လမ်းပြ မိသားစုတစ်ခုအနေဖြင့် ရှီမိသားစုသာ ဤတိုက်ခိုက်မှုများကို ပြန်လည် မတုံ့ပြန်နိုင်ခဲ့လျှင်တော့ သူတို့၏ ကျဆုံးမှုမှာ ရှောင်လွှဲ၍ ရမှာ မဟုတ်တော့ပေ။ လုံးဝ ပိတ်သိမ်းမသွားလျှင်ပင် ယခင်က ဂုဏ်သိက္ခာကို ပြန်လည် ရရှိဖို့မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ဤမိသားစုနှစ်ခု၏ တိုက်ပွဲကို အသက်လုတိုက်ပွဲဟု ခေါ်ဆိုလျှင်ပင် ပိုမည် မဟုတ်ပေ။
တန်လင်းသည် အဝတ်အစား ဝတ်ဆင်မှုတွင် အလွန်ပင် ထူးခြားသည့် အမြင်ရှိသူ ဖြစ်၏။ အေးစက်သော အလှတရားနှင့်အတူ သူမ၏ လက်မောင်းတွင် တပ်ဆင်ထားသော အဆင့် ၂ အကဲဖြတ်မှူး လက်ပတ်မှာ သူမကို ပွဲအတွင်း ရောက်ရှိလာသည်နှင့် လူတိုင်း အလွယ်တကူ မှတ်မိစေသည်။
ရှီဝမ်ကျွင်းက သူမကို မြင်သည်နှင့် ချက်ချင်းပင် ကြိုဆိုလိုက်၏။
“ဥက္ကဋ္ဌတန်... ဒီနေ့ ရှီမိသားစုရဲ့ ပွဲကို လာရောက်ပေးတာ ကျွန်မတို့အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ”
ရှီဝမ်ကျွင်းသည် အခြားသော ဧည့်သည်များကို ယဉ်ကျေးစွာ ဆက်ဆံသော်လည်း တန်လင်းကိုတော့ ပို၍ လေးစားသမှု ပြုလိုက်သည်။
တန်လင်းက ပြုံးလိုက်ပြီး ယဉ်ကျေးစွာပင် ပြန်လည် နှုတ်ဆက်လိုက်၏။
“ရှီသခင်မကလည်း အားနာစရာကြီးရှင်... ကျွန်မက ဖိတ်စာရလို့ လာခဲ့တာဆိုတော့ ဒီနေ့အတွက် အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါဦး”
ရှီဝမ်ကျွင်းကတော့ အနှောင့်အယှက် မဖြစ်ပါဘူးဟု အကြိမ်ကြိမ် ပြောဆိုရင်း တန်လင်းကို အတွင်းဘက်သို့ ဖိတ်ခေါ်ကာ လက်ဖက်ရည်ဖြင့် ဧည့်ခံလိုက်၏။
“ဥက္ကဋ္ဌတန်နဲ့ အခုမှ ပထမဆုံးအကြိမ် ဆုံဖူးတာပေမဲ့ ဥက္ကဋ္ဌရဲ့ နာမည်ကောင်းကိုတော့ ကြားနေရတာ ကြာပါပြီ... ကျွန်မက အကဲဖြတ်မှူးလင်းနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေမို့ ဥက္ကဋ္ဌအကြောင်းကို သူ့ဆီကနေ ခဏခဏ ကြားရလေ့ ရှိတယ်”
ရှီဝမ်ကျွင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
ဒါကတော့ အချင်းချင်း ရင်းနှီးမှု ရရှိစေရန် ပြောလိုက်သည့် စကားသာ ဖြစ်ပြီး အများစုမှာတော့ ဤကဲ့သို့သော စကားကို သာမန်ကာလျှံကာသာ သဘောထားတတ်ကြသည်။ သို့သော် တန်လင်း၏ မျက်လုံးများမှာတော့ ထူးဆန်းစွာ တောက်ပသွား၏။
“အကဲဖြတ်မှူးလင်း... အဲဒါ လင်းကျင်းကို ပြောတာလား”
“ဟုတ်ပါတယ်... အကဲဖြတ်မှူး လင်းကျင်းပါ”
ရှီဝမ်ကျွင်း၏ အတည်ပြုချက်ကို ကြားပြီးနောက် တန်လင်းက ပြုံးလိုက်ပြီး မေးလိုက်သည်။
“ရှီသခင်မက အကဲဖြတ်မှူးလင်းနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေလား”
ရှီဝမ်ကျွင်းက ခေါင်းညိတ်ပြလိုက်၏။
သူမနှင့် လင်းကျင်းမှာ သူငယ်ချင်းများ ဖြစ်သည်မှာ မှန်သော်လည်း သူတို့၏ ဆက်ဆံရေးမှာ မည်မျှအထိ နက်ရှိုင်းသလဲဆိုသည်မှာတော့ မေးခွန်းထုတ်စရာပင်။ ဘာပဲဖြစ်ဖြစ် ရှီမိသားစုမှာ ယခုအခါ လင်းကျင်းအပေါ် အလွန်အမင်း မှီခိုနေရသည် မဟုတ်ပါလား။ သူတို့ အခုလို ပြန်လည် တိုက်စစ်ဆင်နိုင်ခြင်းမှာလည်း လင်းကျင်း၏ ဆေးညွှန်းများကြောင့်ပင် ဖြစ်၏။
ထို့ကြောင့် သူငယ်ချင်းဖြစ်ရုံသာမက လင်းကျင်းမှာ ရှီဝမ်ကျွင်း၏ ကျေးဇူးရှင်ကြီးလည်း ဖြစ်ပေသည်။
“ကျွန်မတို့က သူငယ်ချင်းတွေတင် မဟုတ်ပါဘူး... အကဲဖြတ်မှူးလင်းက ကျွန်မတို့ ရှီမိသားစုရဲ့ အဖိုးတန် ကျေးဇူးရှင်လည်း ဖြစ်ပါတယ်”
ရှီဝမ်ကျွင်းက တည်ကြည်စွာ ပြောလိုက်၏။ သူမ၏ အသံနေအသံထားမှာ စိတ်ရင်းအမှန် ဖြစ်မှန်း သိသာလှပေသည်။
ဒါက တန်လင်း၏ စိတ်ဝင်စားမှုကို ပို၍ နိုးကြားစေခဲ့၏။
သို့သော် သူမ ထပ်ပြီး အတင်းအကျပ် မမေးတော့ပေ။ အကယ်၍ ၎င်းမှာ ပြင်ပလူများ မသိသင့်သည့် ကိစ္စဖြစ်နေပြီး သူမက ချက်ချင်း မေးမိလျှင် အရှက်ရစရာ ဖြစ်သွားနိုင်သောကြောင့်ပင်။
သိချင်လျှင်ပင် သူတို့နှစ်ဦး ပို၍ ရင်းနှီးလာမှသာ မေးရပေလိမ့်မည်။
သို့ဖြစ်ရာ တန်လင်းသည် သူမ ပို၍ သိချင်နေသော အခြားအကြောင်းအရာတစ်ခုကို ပြောင်းလဲ မေးမြန်းလိုက်၏။
“ရှီသခင်မ... အကဲဖြတ်မှူးလင်းက ကျွန်မအကြောင်း ရှီသခင်မကို ဘာတွေ ပြောပြဖူးလဲဆိုတာ သိချင်မိတယ်”
တန်လင်းသည် မျှော်လင့်ချက်အပြည့်ဖြင့် ရှီဝန်ကျန်းကို စိုက်ကြည့်နေမိ၏။
ရှီဝမ်ကျွင်းမှာတော့ စိတ်ထဲမှ ထိတ်လန့်သွားပြီး တွေးနေမိသည်။
‘ငါက ယဉ်ကျေးတဲ့အနေနဲ့ ပြောလိုက်တာပါ... အကဲဖြတ်မှူးလင်းက ဒီကို အကြိမ်အနည်းငယ် ရောက်လာဖူးပေမဲ့ ဥက္ကဋ္ဌအကြောင်း တစ်ခါမှ မပြောဖူးဘူး... အခုလို ရုတ်တရက်ကြီး မေးလာတော့ ငါ ဘယ်လို ပြန်ဖြေရမလဲ’
သို့သော် ရှီဝမ်ကျွင်းသည် မိသားစုအကြီးအကဲ တစ်ဦးဖြစ်သည့်အတိုင်း တန်လင်း၏ မေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်မသွားဘဲ ပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့၏။ တခြားသူသာဆိုလျှင် မျက်တောင်တစ်ချက် ခတ်လိုက်မိရုံဖြင့် စူးစမ်းတတ်သော တန်လင်းက လူလိမ်မှန်း ရိပ်မိသွားနိုင်ပေသည်။
ရှီဝမ်ကျွင်းမှာ တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ဖြေလိုက်၏။
“အကဲဖြတ်မှူးလင်းက ပြောပါတယ်... ဥက္ကဋ္ဌတန်လင်းက ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ဥက္ကဋ္ဌတစ်ဦးပါတဲ့... အမျိုးသမီးတစ်ယောက် ဖြစ်ပေမဲ့လည်း အရည်အချင်းရှိပြီး တာဝန်ယူမှု အပြည့်ရှိတယ်လို့ ပြောပါတယ်... အခုဆိုရင် သားရဲအကဲဖြတ်မှူး အသင်းချုပ်က အရင် ဥက္ကဋ္ဌ ဝမ်ကျိ လက်ထက်ကထက် အများကြီး ပိုပြီး ကောင်းမွန်လာပြီလို့လည်း သူ ပြောဖူးပါတယ်”
တန်လင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဤအဖြေကို ကျေနပ်နေမှန်း သိသာလှပေသည်။
“သူ တခြား ဘာပြောသေးလဲ”
ရှီဝန်ကျန်းမှာတော့ ‘ငါ့နှုတ်သီးကလည်း များလိုက်တာ’ ဟု ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေမိ၏။ အခုတော့ သူမမှာ ပုံပြင်များကို ဆက်ပြီး ဖန်တီးဖို့သာ ရှိတော့သည်။
မှန်ပေသည်။ သူမသည် ရမ်းသမ်း ပြောနေခြင်း မဟုတ်ဘဲ လင်းကျင်းအပေါ် သူမ၏ ကိုယ်ပိုင် သိရှိနားလည်မှုများအပေါ် အခြေခံကာ လိမ်ညာလိုက်ခြင်း ဖြစ်၏။
ရှီဝမ်ကျွင်းက ထပ်လောင်းပြောလိုက်ပြန်သည်။
“အကဲဖြတ်မှူးလင်းက တခြားတော့ အများကြီး မပြောပါဘူး... ဒါပေမဲ့ ဥက္ကဋ္ဌတန်က အရမ်းကို လှပပြီး သူလည်း ဥက္ကဋ္ဌကို အလွန် အထင်ကြီး လေးစားတယ်လို့တော့ ပြောဖူးပါတယ်”
‘ဒါဆိုရင်တော့ မှန်လောက်ပါပြီ’ ဟု ရှီဝမ်ကျွင်း တွေးလိုက်၏။ လင်းကျင်းက ငယ်ရွယ်ပြီး အောင်မြင်နေသလို အိမ်ထောင်လည်း မရှိသေးပေ။ ဥက္ကဋ္ဌတန်ကလည်း ချောမောလှပသည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်ရာ (အကဲဖြတ်မှူးလင်းထက် အသက်အနည်းငယ် ကြီးလျှင်ပင်) သူမ၏ အလှတရားကို သူ သတိထားမိနေခြင်းမှာ အဆန်းမဟုတ်ပါလား။
ဤအဖြေမှာ အမှန်တရားနှင့် အနီးစပ်ဆုံး ဖြစ်နိုင်ပေသည်။
အမျိုးသမီးတစ်ဦးကို သူမ၏ အလှတရားအတွက် ချီးကျူးစကား ပြောခြင်းမှာ ဘယ်တော့မှ မမှားနိုင်သည့် နည်းလမ်းတစ်ခုပင်။
တန်လင်း၏ ပါးပြင်လေးများမှာ ပန်းရောင်သန်းသွားပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“ဒီလူက တခြားသူကိုတော့ ပြောပြီး ကျွန်မကိုကျ ဘာလို့ တစ်ခါမှ မပြောတာလဲ... တွေ့တိုင်းလည်း အလုပ်အကြောင်းပဲ ပြောတယ်... တစ်ခါတလေဆို သူက အမျိုးသမီးတွေကိုမှ စိတ်ဝင်စားရဲ့လားလို့တောင် တွေးမိတယ်... ဒါပေမဲ့ စဉ်းစားကြည့်ရင် လင်းကျင်းနဲ့ ရှီဝမ်ကျွင်းက တော်တော်လေး ရင်းနှီးပုံရတယ်...မဟုတ်ရင် ဒီလို စကားမျိုးတွေကို ဘာလို့ ပြောပြမှာလဲ”
ချက်ချင်းပင် တန်လင်း၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်လာပြီး ရှီဝမ်ကျွင်းကို သေချာ စိုက်ကြည့်လိုက်၏။
ရှီဝမ်ကျွင်းမှာ သူမထက် အသက်ကြီးသော်လည်း သူမ၏ အလှတရားမှာ တန်လင်းနှင့် ယှဉ်လျှင် လျော့ပါးခြင်း မရှိပေ။ ထို့အပြင် ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမှာလည်း ပို၍ ထင်ရှားနေသေးသည်။
တန်လင်း ဘာတွေ တွေးနေသလဲဆိုသည်ကို မည်သူမှ မသိသော်လည်း၊ သူမသည် လျှာလေး တစ်ချက် သပ်လိုက်မိ၏။
တန်လင်းနှင့် ရှီဝမ်ကျွင်းတို့ စကားပြောနေကြစဉ်မှာပင် ဂုဏ်သရေရှိ ဧည့်သည်များမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
အိမ်ရှင်တစ်ဦးအနေဖြင့် ရှီဝမ်ကျွင်းသည် သူတို့ကို ကိုယ်တိုင် သွားရောက် ကြိုဆိုရမှာဖြစ်သဖြင့် တန်လင်းကို ခွင့်တောင်းကာ စကားဝိုင်းကို အဆုံးသတ်လိုက်၏။
ဇူမိသားစု၏ ကိုယ်စားလှယ်များ ရောက်ရှိနေကြသလို၊ ဂေါင်မိသားစုလည်း ရောက်ရှိနေကြသည်။ မြို့တော်ဝန်ဂေဟာကပင် ဘဏ္ဍာစိုးကျောက်ဝမ်ထန်ကို စေလွှတ်ကာ ဤပွဲကို ထောက်ခံကြောင်း ပြသလိုက်၏။
ယခုဆိုလျှင် မေပယ်မြို့၏ သြဇာရှိ ပုဂ္ဂိုလ်အားလုံးနီးပါး ရောက်ရှိနေကြပြီ ဖြစ်သည်။
ဒါကတော့ တကယ့်ကို ခမ်းနားလှသော ပွဲကြီးပင်။
ထိုစဉ်မှာပင် ချန်ဝမ်လင်းနှင့် ဝူချန်းဝေတို့ ရောက်ရှိလာကြတော့သည်။
မကြာသေးမီနှစ်များအတွင်း တဟုန်ထိုး တက်လာသော ချန်မိသားစုမှာ လူအများ၏ အာရုံစိုက်မှုကို ရရှိထားကြ၏။ ပို၍ အရေးကြီးသည်မှာ ဤပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေသူများအနေဖြင့် ချန်မိသားစုနှင့် ရှီမိသားစုတို့မှာ သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်မည့် တိုက်ပွဲအလယ်သို့ ရောက်နေမှန်း သိထားကြခြင်းပင်။ အနိုင်ရသူမှာ နောက်ဆယ်စုနှစ်တစ်ခုအတွက် ဆေးဆိုင်လုပ်ငန်း၏ အကြီးမားဆုံး အရှင်သခင် ဖြစ်လာပေလိမ့်မည်။
ရှီဝမ်ကျွင်းသည် ထိုလူနှစ်ဦး ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားရ၏။ ချန်ဝမ်လင်း လာရောက်ခြင်းကို သူမ စိတ်မရှိသော်လည်း၊ ဝူချန်းဝေကို မြင်လိုက်ရသောအခါတွင်တော့ ဘယ်လိုမှ မနေနိုင်အောင် ဖြစ်သွားရသည်။
ဘာပဲဖြစ်ဖြစ် ဝူချန်းဝေသည် သူမကို အကြီးအကျယ် နာကျင်အောင် လုပ်ခဲ့သလို၊ ရှီမိသားစုအပေါ်တွင်လည်း ခွင့်မလွှတ်နိုင်သော ကိစ္စကို လုပ်ဆောင်ခဲ့သည် မဟုတ်ပါလား။
သူမသည် ထိုလူကို အော်ဟစ်ဆဲဆိုလိုက်ချင်သော်လည်း အခုက အချိန်မဟုတ်ပေ။
ဒါ့အပြင် ဖြစ်ပြီးသမျှ ကိစ္စတွေကလည်း ဖြစ်ပြီးသွားခဲ့ပြီ။ သူမ ဘယ်လောက်ပဲ နောင်တရနေပါစေ အတိတ်ကို ပြောင်းလဲလို့ မရနိုင်တော့ပေ။ အခုက ရှီမိသားစု ပြန်လည် နိုးထလာမည့် အချိန်ဖြစ်သဖြင့် သူမအနေဖြင့် စိတ်ခံစားချက်များကို ထိန်းချုပ်ရပေမည်။
ထိုသို့ တွေးတောပြီးနောက် ရှီဝမ်ကျွင်းသည် သူတို့ဆီသို့ လျှောက်သွားကာ ပြောလိုက်၏။
“ချန်သခင်ကြီး... အလုပ်များနေတဲ့ ကြားကနေ ကျွန်မတို့ ရှီမိသားစုရဲ့ ဆေးလုံးအသစ် မိတ်ဆက်ပွဲကို လာရောက်ပေးတာ ကျေးဇူးတင်ပါတယ်... လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ရှင်”
အခန်း (၁၉၈) - ရှီမိသားစု၏ ပြန်လည်နိုးထခြင်း (၂)
ရှီဝမ်ကျွင်းသည် ချန်ဝမ်လင်းကိုသာ စကားပြောဆိုပြီး ဝူချန်းဝေကိုမူ လုံးဝမမြင်သကဲ့သို့ လျစ်လျူရှုထားလိုက်၏။
သူမအနေဖြင့် သည်းခံနိုင်စွမ်း ရှိသည်ဆိုသော်လည်း သူတို့ကြားတွင် ဘာမှမဖြစ်ခဲ့သလိုမျိုးတော့ ဟန်မဆောင်နိုင်ပေ။ ချန်ဝမ်လင်းမှာ သူမ၏ တိုက်ရိုက်ပြိုင်ဘက် ဖြစ်သော်လည်း၊ စီးပွားရေးလောကတွင် ဤမျှအထိ အောင်မြင်အောင် စွမ်းဆောင်နိုင်သူဖြစ်၍ သူမက အသိအမှတ်ပြု လေးစားမိပါသည်။ သို့သော် ဝူချန်းဝေကဲ့သို့သော ကျေးဇူးကန်းသည့် လူယုတ်မာကိုမူ မြင်ရသည်မှာပင် မျက်စိနောက်လှ၏။
ချန်ဝမ်လင်းက ခပ်ဖွဖွရယ်မောရင်း လက်နှစ်ဖက်ကိုယှက်ကာ ဆိုလိုက်၏။
“ရှီသခင်မ... ကျုပ်ကလည်း ဗဟုသုတ တိုးပွားအောင် လာကြည့်တာပါ... ကျုပ်ကို အားမနာပါနဲ့... စိတ်ကြိုက်သာ ဆက်လုပ်ပါ"
အပြင်ပန်းကြည့်လျှင်တော့ ထိုနှစ်ဦးမှာ ရန်ငြိုးရန်စ ရှိသူများဟု မထင်ရဘဲ ရင်းနှီးသည့် မိတ်ဆွေဟောင်းများ နှုတ်ဆက်နေကြသကဲ့သို့ပင်။
ဒါကတော့ ခေါင်းဆောင်တစ်ဦးတွင် ရှိအပ်သည့် ပါးနပ်မှုနှင့် ရင့်ကျက်မှုပင် ဖြစ်၏။
အသေအလဲ တိုက်ခိုက်နေကြသည့် ရန်သူများ ဖြစ်သော်လည်း၊ လူပုံအလယ်တွင်တော့ သင့်တင့်လျောက်ပတ်စွာ ဆက်ဆံတတ်ရပေမည်။
သို့သော် ပြဿနာမှာ ဤနေရာတွင် ဟန်ဆောင်ကောင်းသူ တစ်ယောက်ရှိသလို၊ မိစ္ဆာတစ်ကောင်လည်း ရှိနေခြင်းပင်။
ဝူချန်းဝေသည် ထိုမိစ္ဆာပင် ဖြစ်၏။ အရှက်မရှိဘဲ ယုတ်မာလှသော မိစ္ဆာတစ်ကောင်။
“ရှီဝမ်ကျွင်း... မင်းတို့ ရှီမိသားစုအနေနဲ့ နောက်ထပ် အရှုံးမပေါ်ခင် အခုကတည်းက ဆိုင်ပိတ်လိုက်တာက ပိုကောင်းမယ်ထင်တယ်... ငါတို့ကို မနိုင်ဘဲနဲ့ အတင်းတောင့်ခံနေရင်တော့ မင်းအဖေ ချန်ခဲ့တဲ့ အမွေလေးတွေပါ နောက်ရက်နည်းနည်းအတွင်းမှာ ပြောင်သလင်းခါသွားလိမ့်မယ်”
တစ်စုံတစ်ဦးက လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်၏။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဝူချန်းဝေပင် ဖြစ်သည်။
သူသည် ရှီမိသားစုကို ရန်စရန်နှင့် အရှက်ရသည်ကို ကြည့်ရန် ရောက်လာခြင်း ဖြစ်၏။ အခုဆိုလျှင် ရှီမိသားစု ရှုံးနိမ့်ဖို့ သေချာနေပြီ ဖြစ်ရာ၊ သူသည် ယခင်ကလို သတိထား ဟန်ဆောင်နေရန် မလိုတော့ပေ။
ရှီဝမ်ကျွင်း၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း ဝူချန်းဝေကိုမူ ဆက်လက် လျစ်လျူရှုထားဆဲပင်။ သူမသည် ချန်ဝမ်လင်းကို ခွင့်တောင်းကာ လှည့်ထွက်လာခဲ့တော့သည်။
ဝူချန်းဝေကဲ့သို့သော လူစားမျိုးကို စကားပြန်ပြောနေခြင်းမှာ မိမိကိုယ်ကို အဆင့်အတန်း ချလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှီဝမ်ကျွင်းသည် ဝူချန်းဝေ၏ မျက်နှာကို ဆွဲဆုတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေသော်လည်း၊ လောလောဆယ်တွင်တော့ ထိန်းထားရပေမည်။ သူမ စိတ်ထဲတွင် နာကျင်နေသလို၊ မျက်ရည်များပင် ဝဲနေသော်လည်း ထိုမျက်ရည်များကို ဘယ်တော့မှ ကျမခံပေ။
ထို့ကြောင့် ရှီဝမ်ကျွင်းသည် သူမ၏ နှုတ်ခမ်းကို သွေးထွက်အောင်အထိ ခက်ခက်ခဲခဲ ကိုက်ထားရင်း၊ လက်သည်းများဖြင့် လက်ဖဝါးကို စိုက်ဝင်အောင် ဆုပ်ကိုင်ထားမိ၏။
ဝူချန်းဝေ၏ စကားများမှာ ရိုင်းစိုင်းလှသဖြင့် ကြားရသူတိုင်း စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ချန်ဝမ်လင်းပင်လျှင် မျက်မှောင်ကြုတ်သွား၏။ သို့သော် ဝူချန်းဝေသည် ရှီမိသားစု ပြိုလဲနေသည်ကို အခွင့်ကောင်းယူကာ နင်းခြေချင်၍ လိုက်လာခြင်းဖြစ်မှန်း သူ သိထားသည်။ အလွန်အကျွံ မဖြစ်သရွေ့တော့ ဤသို့သော ယုတ်ညံ့သည့် လုပ်ရပ်များကို သူ လျစ်လျူရှုထားလိုက်၏။
ချန်ဝမ်လင်း၏ ရည်မှန်းချက်က ထိုထက် ပိုမြင့်သည်။ သူသည် အခုလို အဆင့်အတန်းမရှိသည့် အောက်လမ်းနည်းများကို စိတ်မဝင်စားပေ။ သူ့အတွက် ရည်မှန်းချက်မှာ ရှီမိသားစုကို အပြတ်အသတ် ချေမှုန်းပြီး ဤလုပ်ငန်း၏ ဧကရာဇ် ဖြစ်လာရန်သာ ဖြစ်၏။
ဧည့်သည်များအားလုံး နေရာယူလိုက်ကြသည်။
ရှီမိသားစု၏ အကြီးဆုံး ဆေးဆိုင်ကြီးမှာ လူများဖြင့် ပြည့်နှက်နေပြီး ထိုင်ခုံလွတ် တစ်ခုမျှပင် မကျန်တော့ပေ။ အချို့သော ဧည့်သည်များမှာ မတ်တပ်ရပ်၍ပင် စောင့်ကြည့်နေကြရ၏။
ယခုလို လူစည်ကားသည်ကို မြင်ရသောအခါ ရှီမိသားစုဝင်များမှာ ဝမ်းသာမိသော်လည်း၊ တစ်ဖက်တွင်တော့ စိုးရိမ်စိတ်များလည်း ရှိနေကြသည်။ အကယ်၍ သူတို့ မိတ်ဆက်မည့် ဆေးလုံးများကသာ လူကြိုက်မများခဲ့လျှင်တော့ ဒါက ပြဿနာအကြီးကြီး ဖြစ်လာနိုင်ပေသည်။
မြင့်မြင့်တက်လေ၊ ကျရင် နာလေ ဆိုသည့် စကားမှာ အခုထက်ထိ မှန်ကန်နေဆဲ မဟုတ်ပါလား။
လူအများကြီး လာရောက်ကြသော်လည်း၊ အများစုမှာ ရှီမိသားစု အရှက်ရသည်ကို ကြည့်ရန်သာ လာကြခြင်း ဖြစ်၏။
ရှီမိသားစုဝင် အများစုပင်လျှင် ယနေ့ မိတ်ဆက်မည့် ဆေးလုံးအမျိုးအစားကို မသိကြပေ။ ဤကိစ္စကို အစအဆုံး လျှို့ဝှက်ထားခဲ့ခြင်းပင်။ ရှီဝမ်ကျန်းသည် အတိတ်က အမှားများမှ သင်ခန်းစာယူကာ သူမ၏ အစွမ်းထက်ဆုံး လက်နက်ကို နောက်ဆုံးအချိန်အထိ ထုတ်မပြရန် ဆုံးဖြတ်ထားခဲ့သည်။
ထိုစဉ် ရှီမိသားစုတွင် အနှစ်နှစ်ဆယ်ကျော် အမှုထမ်းခဲ့သော ဆိုင်မန်နေဂျာအိုကြီးတစ်ဦးက ထရပ်ကာ အမှာစကား ပြောကြားလိုက်၏။ ထို့နောက် မိသားစုအကြီးအကဲအဖြစ် ရှီဝမ်ကျွင်းက ကြွရောက်လာသော ဧည့်သည်များကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထိုစဉ် ပရိသတ်ကြားတွင် မုန့်များ စားသောက်နေသော ဝူချန်းဝေက ရုတ်တရက် လှမ်းပြောလိုက်သည်။
“ဒီအပိုစကားတွေ တော်လိုက်ပါတော့... ဆေးလုံးအသစ် မိတ်ဆက်မယ်ဆိုလည်း မြန်မြန် ထုတ်ပြလေ... မင်းတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ဆယ်ဖို့အတွက် လိမ်ညာပြီး ကြော်ငြာနေတာတော့ မဟုတ်ပါဘူးနော်”
ရှီမိသားစုဝင်များမှာ ဒေါသထွက်သွားကြ၏။ အချို့သော သွေးကြွနေသည့် လူငယ်များဆိုလျှင် ဝူချန်းဝေဆီ ပြေးသွားပြီး ထိုးကြိတ်ပစ်ချင်စိတ်များ ပေါက်နေကြသည်။
ရှီဝမ်ကျွင်းမှာတော့ ရင်ထဲက ဒေါသကို ထိန်းချုပ်ရင်း ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ကာ ပြောလိုက်၏။
“အားလုံးပဲ... ကျွန်မတို့မှာ မိတ်ဆက်ပေးမယ့် ဆေးလုံးအသစ်တွေ ရှိတာကတော့ အမှန်ပါပဲ... ကျွန်မတို့က ဂုဏ်သိက္ခာ ဆယ်ဖို့အတွက် လိမ်ညာနေတာလား၊ မဟုတ်ဘူးလားဆိုတာကိုတော့ မကြာခင် အားလုံး သိကြရမှာပါ”
ထို့နောက် သူမက လက်ဟန်ပြလိုက်ရာ ဝန်ထမ်းတစ်ဦးက ဗန်းတစ်ခုကို ကိုင်ဆောင်ကာ အမြန် လျှောက်လာခဲ့သည်။
ထိုဗန်းကို ကိုင်ထားသူမှာ ဆိုင်မန်နေဂျာအိုကြီး တစ်ဦးဖြစ်ပြီး၊ အသက်ကြီးသော်လည်း သူ၏ ခြေလှမ်းများမှာ တည်ငြိမ်လှ၏။ သူ ကိုင်ထားသော ဗန်းမှာလည်း အဆင့်မြင့် နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားသည့် အနုပညာလက်ရာတစ်ခု ဖြစ်ပြီး အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေကာ ရှေးကျပြီး ခန့်ညားသော အသွင်ကို ဆောင်နေသည်။
ဗန်းကို အနီရောင် ပိတ်စတစ်ခုဖြင့် ဖုံးအုပ်ထား၏။ ရှီဝမ်ကျွင်းက ထိုပိတ်စကို ဖယ်လိုက်သောအခါ အတွင်းမှ ကျောက်စိမ်းပုလင်းလေး တစ်လုံး ပေါ်လာတော့သည်။
ဒါကတော့ ဆေးလုံးများ ထည့်ရန် သီးသန့် ပြုလုပ်ထားသော အဆင့်မြင့် ပုလင်းငယ်တစ်ခုပင် ဖြစ်၏။
ယေဘုယျအားဖြင့် ဆေးလုံး၏ အဆင့်အတန်းနှင့် ဆေးပုလင်းမှာ လိုက်ဖက်ညီရပေမည်။ အလွန် ကောင်းမွန်သော ဆေးလုံးများမှသာ ဤကဲ့သို့သော ကျောက်စိမ်းပုလင်းနှင့် ထိုက်တန်ခြင်းပင်။ အကယ်၍ အဆင့်နိမ့်ဆေးလုံးကို ဤပုလင်းထဲ ထည့်ထားမည်ဆိုလျှင် ကြည့်ရသည်မှာ ရယ်စရာ ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ဤပုလင်း ပေါ်လာသည်နှင့် လူတိုင်း၏ အာရုံမှာ ထိုနေရာသို့ ရောက်သွားကြ၏။
“ကျောက်စိမ်းပုလင်းပါလား... ဒီပုလင်း တစ်လုံးတည်းနဲ့တင် အတော်လေး တန်ဖိုးရှိနေပြီ... ဘယ်သူမှ သာမန်ဆေးလုံးတွေကို ဒီလိုပုလင်းထဲ ထည့်မှာ မဟုတ်ဘူး... ရှီမိသားစုက ဒီတစ်ခါ တကယ့် အဆင့်မြင့် ဆေးလုံးတွေကို မိတ်ဆက်မှာလား”
လူအချို့က ဝိုင်းဝန်း ဆွေးနွေးလာကြသည်။
“ဆေးပုလင်းဆိုတာက သူဌေးတွေရဲ့ အိမ်နဲ့ ရထားလုံးလိုပဲ... အရည်အသွေးရဲ့ ပြယုဂ်ပေါ့... ဆင်းရဲသားတွေက နန်းတော်ထဲမှာ နေမယ်ဆိုရင် ဒါက ရှက်စရာပဲ ဖြစ်မှာ... အခုထိ မေပယ်မြို့မှာ ကျောက်စိမ်းပုလင်းနဲ့ ထည့်ရလောက်တဲ့ ဆေးလုံးမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး... ပြောရရင် ရှီမိသားစု ဒီနေ့ ဘာတွေ ထုတ်ပြမလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေပြီ”
အာရုံစိုက်လာသူများလည်း ရှိလာသည်။
လူအချို့မှာ စိတ်ဝင်တစား ရှိနေကြသလို၊ အချို့မှာတော့ အံ့ဩနေကြ၏။ သို့သော် လုံးဝ ဂရုမစိုက်သူများလည်း ရှိနေသေးသည်။
ဝူချန်းဝေကတော့ ရှီမိသားစုကို ဆက်လက် လှောင်ပြောင် ရန်စနေသော်လည်း ဘယ်သူမှ သူ့ကို အဖက်မလုပ်ကြပေ။ သူ တစ်ယောက်တည်း ရောင်ရမ်း ပြောဆိုပြီးနောက် ဘယ်သူမှ အာရုံမစိုက်သဖြင့် စိတ်ပျက်ကာ ပါးစပ်ပိတ်သွားတော့သည်။ သူသည် ရှီမိသားစု အရှက်ရမည့် အချိန်ကိုသာ စောင့်ကြည့်ရင်း စူးစူးဝါးဝါး စိုက်ကြည့်နေတော့၏။
‘မင်းတို့ ရှီမိသားစုမှာ ပြစရာ အကောင်းဆုံးတွေ ရှိနေဦးမယ်လို့ ငါ မယုံဘူး... မင်းတို့ဆီမှာ ရှိသမျှ အရင်းအမြစ်လေးတွေကို ငါ အကုန်လုံး မွှေနှောက်ထားပြီးသားပဲ’
ဝူချန်းဝေ၏ မျက်လုံးများမှာ ရန်လိုနေ၏။
ချန်ဝမ်လင်းမှာလည်း အနည်းငယ် စိုးရိမ်လာမိသည်။
ရှီမိသားစုမှာ ထုတ်ပြစရာ ထူးထူးခြားခြား ရှိလိမ့်မည်ဟု သူ မယုံကြည်သော်လည်း၊ အခုလို ပြင်ဆင်ထားပုံမှာတော့ အနည်းငယ် ထိတ်လန့်စရာ ကောင်းနေသည်။ အကယ်၍ ရှီမိသားစုမှာ ဆေးလုံးအသစ်တွေ တကယ် ရှိနေခဲ့ရင် သူ ဘာလုပ်ရမလဲဆိုသည်ကို စဉ်းစားနေမိ၏။
သို့သော်လည်း ဆေးလုံးအသစ် တစ်မျိုးနှစ်မျိုးရုံနှင့်တော့ လက်ရှိ အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးဟု သူ တွေးလိုက်သည်။
‘ဒါ ဘာဆေးလုံးလဲဆိုတာ ကြည့်ကြသေးတာပေါ့’
ချန်ဝမ်လင်းသည် ကျောက်စိမ်းပုလင်းကို စူးစိုက်ကြည့်နေလိုက်သည်။
လူအများ၏ စိတ်ဝင်စားမှုကို ရရှိပြီမှန်း သိလိုက်သောအခါ ရှီဝမ်ကျွင်းသည် ဆေးလုံးကို ထုတ်ပြရန် အချိန်တန်ပြီမှန်း သိလိုက်၏။
သူမက ပြုံးလိုက်ပြီး ကျောက်စိမ်းပုလင်းကို မြှောက်ပြလိုက်သည်။ ထိုအခါမှသာ ပုလင်းပေါ်ရှိ လက်ရာမြောက်သော ထွင်းထုမှုများနှင့် ကြည်လင်နေသော ကျောက်စိမ်းသားကို လူအများ မြင်လိုက်ရ၏။ ထို့အပြင် ပုလင်းအတွင်း၌ အရည်အချို့ ရှိနေသည်ကိုပါ သူတို့ မြင်လိုက်ရသည်။
နေပါဦး... အရည်တွေလား။
လူအုပ်ကြီးမှာ သေချာ ကြည့်ပြီးနောက် အံ့ဩသွားကြ၏။
အချို့ဆိုလျှင် မတ်တပ်ရပ်ပြီးတောင် ကြည့်ကြသည်။
“ဘာလို့ အတွင်းမှာ အရည်တွေ ရှိနေတာလဲ”
“ဒါ ထူးဆန်းလိုက်တာ... ဆေးလုံးတစ်လုံး ဖော်စပ်ပြီးရင် ရေနဲ့ ဝေးဝေးထားရတာလေ... ရေတစ်စက်တောင် ထိလို့ မရဘူး။ အခု ကျောက်စိမ်းပုလင်းထဲမှာ အရည်တွေ ထည့်ထားတယ်ဆိုတာ ဒါက အဓိပ္ပာယ်မရှိတာပဲ”
“ဘယ်သူ သိမှာလဲ... ဆက်ကြည့်ကြတာပေါ့”
ဆေးဖော်စပ်ခြင်း အတတ်ပညာကို အနည်းငယ် သိထားသူများကတော့ ဆေးလုံးများကို မီးဖြင့် ဖော်စပ်ရမှန်း သိကြ၏။ ဖော်စပ်ပြီးသွားလျှင် ဆေးလုံးသည် ရေနှင့် မထိတွေ့ရပေ၊ မဟုတ်လျှင် အရည်ပျော်သွားကာ အာနိသင် ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရှီဝန်ကျန်း၏ လက်ထဲရှိ ကျောက်စိမ်းပုလင်းအတွင်း အရည်များ ပြည့်နေသည်ကို မြင်ရသောအခါ အားလုံးက မယုံကြည်နိုင်အောင် ဖြစ်နေကြခြင်းပင်။
လူအုပ်ကြားတွင် တစ်စုံတစ်ဦးကတော့ တစ်စုံတစ်ခုကို သိလိုက်ဟန်ဖြင့် သူ့ဖာသာ တိုးတိုးလေး ရေရွတ်လိုက်၏။
“ဒါ... ရေကိုးသွယ်တိမ်တိုက်ဆေးလုံးများလား”
အကယ်၍ လင်းကျင်းသာ ဤနေရာတွင် ရှိနေလျှင်တော့ ဤလူကို ချက်ချင်း မှတ်မိပေလိမ့်မည်။ သူကတော့ လုဘင်ပင် ဖြစ်၏။
ပြောရလျှင် လုဘင်သည် လင်းကျင်းကို လာရောက် ရှာဖွေသည့်နေ့ကတည်းက မေပယ်မြို့တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ လင်းကျင်းက သူ့ကို ရက်အနည်းငယ် စောင့်ခိုင်းထားသဖြင့် သူလည်း စောင့်နေခြင်း ဖြစ်၏။ ဘယ်လိုနည်းနှင့်ဖြစ်စေ လင်းကျင်းကို ကျောက်စိမ်းနဂါးမြို့သို့ ခေါ်ဆောင်သွားရန် သူ ဆုံးဖြတ်ထားသည်။
ဒီနေ့တွင် သူသည် ပျင်းပျင်းရှိသဖြင့် မြို့ထဲ လျှောက်လည်နေစဉ် ရှီမိသားစု ဆေးဆိုင်ဘက်သို့ လူများစွာ သွားနေသည်ကို မြင်၍ စိတ်ဝင်စားသဖြင့် လိုက်လာကြည့်ခြင်း ဖြစ်၏။ သူကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးအဖို့ လူအုပ်ကြားထဲ တိုးဝင်ဖို့ရာမှာတော့ မခက်ခဲလှပေ။
တစ်ခုတည်းသော အားနည်းချက်မှာ ထိုင်ခုံ မရခြင်းပင်။
ကျောက်စိမ်းပုလင်းထဲက အရည်ကို မြင်လိုက်ရသောအခါ လုဘင်သည် ရေကိုးသွယ်ဆေးလုံးကို ချက်ချင်း သတိရလိုက်၏။ ဒါက သူ ဆေးလုံးအကြောင်း နားလည်လွန်းလို့ မဟုတ်ပေ။ မကြာသေးမီကမှ ထိုဆေးလုံးနှင့် ထိတွေ့ခဲ့ဖူးပြီး ရေပေါ်တွင် အရည်မပျော်ဘဲ ပေါလောပေါ်နေသည့် ဆေးလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
“ဒါက တိုက်ဆိုင်လွန်းနေတာ မဟုတ်ဘူးလား”
လုဘင်က သူ့ဖာသာ ပြုံးရင်း ရေရွတ်လိုက်တော့သည်။