← Chapters

ကံကောင်းခြင်း စမ်းသပ်မှု ပြီးဆုံးခြင်း

Vol. 48 Ch. 501

ကံကောင်းခြင်း စမ်းသပ်မှု ပြီးဆုံးခြင်း

Vol. 48 Ch. 501

အခြားကမ္ဘာတစ်ခုအတွင်းသို့ ဆွဲခေါ်ခံလိုက်ရသော ထန်ထျန်းက သူ့ အထွတ်အထိပ် သို့ တက်လှမ်းနိုင်မှုက ဤမျှလောက်အထိ ရိုက်ခတ်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု မသိခဲ့ပေ။

သို့သော် သိခဲ့လျှင်ပင် သူ ဂရုစိုက်မည်မဟုတ်ပါ။ ပွဲကြည့်ရုံသာ ရှိပေမည်။

နှမြောစရာကောင်းသည်မှာ ယခုအချိန်တွင် သူ၌ ပွဲကြည့်ရန် စိတ်မပါလှခြင်းပင်။

ကြောင်ကလေးက သူ့သခင်နှင့် တွေ့ဆုံပြီးနောက် အရေးကြီးသော မှတ်ဉာဏ်များစွာ နိုးထလာခဲ့သည်။

၎င်း၏ ပြောပြချက်များမှတစ်ဆင့် ထန်ထျန်းသည်လည်း ဤကမ္ဘာကြီး၏ ရက်စက်လှသော အမှန်တရားအချို့ကို သိ ခွင့်ရခဲ့သည်။

ကြောင်ကလေး၏ သခင်နှင့် တားမြစ်ပုဂ္ဂိုလ်တို့က အောင်မြင်စွာ ပြန်လာနိုင်ပြီး ကမ္ဘာကြီး ပျက်စီးမည့် ခြေလှမ်းများကို ရပ်တန့်နိုင်ပါ့မလား

အကယ်၍ ကမ္ဘာကြီး တကယ် သေဆုံးသွားပြီး သက်ရှိအားလုံး ပျက်စီးသွားလျှင် သူ ဘယ်လိုလုပ်ရမည်နည်း

အကယ်၍ မဟာ ကောင်းကင်အရှင်က မတော်တဆ ပြန်လည်မွေးဖွားလာခဲ့လျှင်ရော ဘယ်လို ကြောက်စရာကောင်းတဲ့ ကပ်ဘေးတွေ ဖြစ်လာဦးမလဲ

ပြီးတော့ သူကိုယ်တိုင်ကရော... ဤကောင်းကင်နှင့် မြေကြီး စစ်တုရင်ကစားပွဲကြီးထဲတွင် မည်သည့် နယ်ရုပ်နေရာက ကိုယ်စားပြုနေသနည်း

သံသယပေါင်းစုံက သူ၏ ဦးနှောက်ထဲတွင် ဝဲလည်နေပြီး တိကျသော အဖြေတစ်ခုကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေသည်။

သူကိုယ်တိုင် ကမ္ဘာ့အထွတ်အထိပ်တွင် ရပ်တည်နိုင် မှသာ အမှန်တရားများကို ပိုမို စုံစမ်းနိုင်ပေလိမ့်မည်။

ထိုသို့တွေးတောရင်း ထန်ထျန်းက ကြောင်ကလေးကို မေးလိုက်သည်။ "ကမ္ဘာကြီး ပျက်စီးသွားတဲ့အခါမှာ ရှင်သန်နိုင်ဖို့ဆိုရင် ဘယ်လောက်အထိ အစွမ်းထက်ဖို့ လိုမလဲ"

ကြောင်ကလေးက ခဏစဉ်းစားပြီး "နည်းလမ်းတစ်ခုပဲ ရှိတယ်... အဲဒါကတော့ ကမ္ဘာလောကကို ကျော်လွန်ပြီး ကမ္ဘာ့ပြင်ပမှာ သီးခြားရပ်တည်နိုင်ဖို့ပဲ"

"ဆိုလိုတာက စစ်မှန်တဲ့ ကျိကျွင်း ဖြစ်လာဖို့ပေါ့"

"ဒါပေမဲ့ ကျိကျွင်း ဖြစ်နေရင်တောင် ကမ္ဘာလောကရဲ့ အခြေခံ အုတ်မြစ်တွေ မရှိတော့ရင် အကြာကြီး ရှင်သန်ဖို့ မလွယ်ဘူး"

"တကယ့် စစ်မှန်တဲ့ ထာဝရရှင်သန်မှု အဆင့်ကို ရောက်မှသာ အမှားအယွင်းမရှိ ရှင်သန်နိုင်မှာ"

ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

မဟာ ကောင်းကင်အရှင်တို့အုပ်စုက ကမ္ဘာကြီးကို ဖျက်ဆီးပြီးတော့တောင် ထာဝရရှင်သန်မှုကို ရယူချင်ကြတာ မဆန်းတော့ပေ။

ရှင်းရှင်းပြောရလျှင် သူတို့၏ အခြေခံ ရည်ရွယ်ချက်မှာ အသက်ရှင် နိုင်ရေးပင် ဖြစ်သည်။

သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ထာဝရရှင်သန်မှုဆိုသည်မှာ တာဝန်က ကြီးလေးပြီး ခရီးက ဝေးလွန်းလှသည်။

သို့သော် ကံကောင်းသည်မှာ အကယ်၍ နောက်ပိုင်းတွင် အဆင်ပြေချောမွေ့မည်ဆိုလျှင် သူက ကျိကျွင်း အဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။

ထိုအချိန်ကျမှသာ အနည်းဆုံး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိပေလိမ့်မည်။

အတန်ကြာ စကားပြောပြီးနောက် ကြောင်ကလေးသည်လည်း စိတ်လှုပ်ရှားမှုနှင့် ဝမ်းနည်းမှုများ ပြေပျောက်ကာ စိတ် တည်ငြိမ်သွားခဲ့သည်။

"ငါ့သခင်တို့ရဲ့ အစီအစဉ်က သေချာပေါက် အောင်မြင်မှာပါလို့ ငါ ယုံတယ်"

"အဲဒီလူက ပြန်လာမှာပါ... ဖြစ်နိုင်ရင် ငါ့သခင်လည်း သူနဲ့အတူ ပါလာလိမ့်မယ်"

"သူတို့ မပြန်လာခင်မှာ ငါ လုပ်ရမယ့် အလုပ်တွေကို ငါ သေချာလုပ်ထားရမယ်... အကောင်းဆုံး အခြေအနေနဲ့ သူတို့ကို ရင်ဆိုင်နိုင်ဖို့ပေါ့"

ကြောင်ကလေးက ခိုင်မာစွာ ပြောလိုက်သည်။

ထန်ထျန်းက ဤမျှအထိ ကြိုးစားလိုစိတ်ပြင်းပြနေသော ကြောင်ကလေးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ပြုံးလျက် မေးလိုက်သည်။ "မင်း လျိုလီကမ္ဘာကို ပြန်တော့မလို့လား"

ကြောင်ကလေးက လှည့်ကြည့်ကာ "အာ..."

" မဟုတ်ပါဘူး... ငါ မင်းရဲ့ ဥ ထဲမှာပဲ ဆက်နေမှာ"

"လျိုလီကမ္ဘာ ကြီးထွားဖို့ဆိုတာ ငါက စားလိုက် အိပ်လိုက်၊ အိပ်လိုက် စားလိုက် လုပ်နေရင် ရပြီလေ"

ထန်ထျန်း: ...

မင်း တစ်ခုခု ကြီးကြီးကျယ်ကျယ် လုပ်တော့မယ် ထင်နေတာ

အတော်ကြာအောင် ပြောပြီးကာမှ အရင်အတိုင်းပဲ စားလိုက် အိပ်လိုက် လုပ်နေဦးမှာပါလား။

သို့သော် ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကြောင်ကလေး၏ သခင်က ၎င်းကို အလွန်ချစ်ကြောင်း သိနိုင်သည်။

သို့မဟုတ်ပါက ဤမျှ သက်သောင့်သက်သာရှိသော အလုပ်မျိုး ပေးထားမည် မဟုတ်ပေ။

ထန်ထျန်း၏ မျက်နှာ ပျက်သွားသည်ကို မြင်သောအခါ ကြောင်ကလေးက တဟီးဟီးရယ်ကာ "ငါက မင်းရဲ့ ကမ္ဘာငယ်လေးကို ပြည့်စုံအောင် ကူညီပေးရဦးမှာလေ"

"လူဆိုတာ ဥ တွေကို ခြင်းတောင်းတစ်ခုတည်းထဲ ထည့်မထားသင့်ဘူး မဟုတ်လား... တကယ်လို့ နောင်ကျရင် မင်းက အရမ်း အောင်မြင် လာခဲ့ရင် ငါလည်း မင်းရဲ့ အရှိန်အဝါကို မှီပြီးတော့ အားကိုးလို့ရတာပေါ့"

ထန်ထျန်းမှာ ပြောစရာ စကားမဲ့သွားရသည်။

နောက်ဆုံးတွင် အေးစက်စက်နှင့်ပင် တစ်ခွန်း ပြန်ပြောလိုက်သည်။ "အဲဒါ ဖီးနစ် ဥ ကွ"

"ဥ မဟုတ်ဘူး"

.......

ခဏအကြာတွင် ကြောင်ကလေးမှာ ထူးဆန်းသော ဥနေရာလွတ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ဤအတောအတွင်း ထျန်းရှထုန် ၏ လျင်မြန်သော တိုးတက်မှုကြောင့် ထန်ထျန်းက ကမ္ဘာ့နိယာမများ၊ ဟင်းလင်းပြင် နိယာမများ နှင့် ကမ္ဘာ့ကံကြမ္မာ အစရှိသည်တို့ကို အမြောက်အမြား လဲလှယ်ခဲ့ပြီး ၎င်းတို့ကို ဥနေရာလွတ်အတွင်းရှိ ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းပေးခဲ့သည်။

ကြောင်ကလေးမှာ နေ့တိုင်း ၎င်းတို့ကို ပေါင်းစပ်ပြုပြင်နေရသဖြင့် အတော်လေးတော့ အလုပ်ရှုပ်နေပါသည်။

ပြောရလျှင် ၎င်း၏ ပျင်းရိဖွယ် အချိန်များကို ကုန်ဆုံးစေသလို ဤကဲ့သို့ လုပ်ရသည်ကိုလည်း ၎င်းက အတော်လေး နှစ်သက်သည်။

ပြီးပြည့်စုံသော ကမ္ဘာတစ်ခုမှာ သူ့၏ ပြုပြင်မှုအောက်တွင် တဖြည်းဖြည်း ပုံဖော်လာသည်ကို မြင်ရခြင်းမှာ အလွန် ဂုဏ်ယူစရာ ကောင်းကြောင်း ၎င်းက ထန်ထျန်းကို ပြောဖူးသည်။

တကယ့် အရေးကြီးဆုံးအချက်မှာ ဤကိစ္စက သူတို့နှစ်ဦးလုံး၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေခြင်းပင်။

၎င်းအနေဖြင့် တာဝန် မပြီးဆုံးခင်မှာ လူဆိုးများ၏ ဖမ်းဆီးခြင်းကို ခံကာ ပစ္စည်းတစ်ခု အဖြစ် မခံချင်ပေ။

ကြောင်ကလေး ထွက်သွားပြီးနောက် ထန်ထျန်းသည်လည်း ဤနေရာတွင် ဆက်နေကာ စမ်းသပ်မှု ပြီးဆုံးမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ယခုအချိန်တွင် သူ၌ ထူးထူးခြားခြား ခံစားချက်မရှိသော်လည်း ရှန်လင်သန့်စင်မှု တုန်းကအတိုင်း ရရှိမည့် ကံကောင်းခြင်းများမှာ မနည်းလှကြောင်း သူ ခန့်မှန်းမိသည်။

အင်မော်တယ်အရှင် အဆင့်သို့ တိုက်ရိုက် ချိုးဖျက်နိုင်မလားဆိုတာပဲ သိချင်မိတော့သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ထန်ထျန်း ငိုက်မြည်းတော့မည့် အချိန်မှာပင် စူးရှသော အော်ရာတစ်ခုက ထိုစိတ်ကူးယဉ် မြင်ကွင်းတစ်ခုလုံးကို ဖောက်ထွက်လာခဲ့သည်။

နောက်တစ်ခဏတွင် သူက ရှန်းယွမ်စင်မြင့်၏ အထက်တွင် ပြန် ပေါ်လာခဲ့သည်။

လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာသည့် အခြေအနေမှာ သူ ခန့်မှန်းထားသည့်အတိုင်းပင်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ အဆုံးမဲ့သော ကံကောင်းခြင်း စွမ်းအားများ ပြည့်နှက်နေပြီး ရှန်လင်သန့်စင်မှု တုန်းက ရရှိခဲ့သည်ထက် များစွာ သာလွန်လှသည်။

ဝိညာဉ် အပါအဝင် တစ်ကိုယ်လုံးမှာ ပေါက်ကွဲထွက်တော့မတတ် ခံစားနေရသည်။

ထိုမြင်ကွင်း ထဲသို့ မဝင်ခင်ကတည်းက သူသည် အင်မော်တယ်အရှင် အဆင့်သို့ ချိုးဖျက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ယခု ပြန်ရောက်လာချိန်တွင်မူ ခံစားချက်က ချက်ချင်း ပေါ်လာခဲ့ပြီး သူသာ ဆန္ဒရှိလျှင် အချိန်မရွေး အဆင့်တက်နိုင်ပြီ ဖြစ်သည်။

သို့သော် ထန်ထျန်းက ထိုစိတ်ဆန္ဒကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ခါးတွင် ချိတ်ထားသော လွတ်မြောက်ခြင်း အဆောင် မှာ တောက်ပသော အလင်းရောင်များ စတင် ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။

စောစောက ထိုစိတ်ကူးယဉ် ကမ္ဘာကို ဖောက်ထွက်ခဲ့သည်မှာလည်း ဤအဆောင်ပင် ဖြစ်သည်။

အချိန်စေ့ပြီ ဖြစ်ရာ အကယ်၍ အခု မထွက်ခွာလျှင် ရှန်းယွမ်ပင်လယ်ထဲတွင် ထာဝရ ပိတ်မိနေလိမ့်မည်။

အများကြီး မစဉ်းစားတော့ဘဲ ထန်ထျန်းက လွတ်မြောက်ခြင်း အဆောင်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

သူ၏ ပုံရိပ်မှာ ရှန်းယွမ်စင်မြင့် အထက်မှ ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်ခဏတွင် သူက ရှန်းယွမ်ပင်လယ်ထဲသို့ စတင်ဝင်ရောက်ခဲ့သော နေရာဖြစ်သည့် တားမြစ်ရုပ်တု၏ ဘယ်ဘက်လက်ကြားသို့ ပြန်ရောက်လာခဲ့သည်။

မဟာအကြီးအကဲနှင့် ယန်ရှို့အင်မော်တယ်အရှင် တို့က ဤနေရာတွင် စောင့်ဆိုင်းနေဆဲဖြစ်ပြီး အခြား မြင့်မြတ် သားတော်လောင်းလျာ များလည်း ပြန်ရောက်နေကြပြီ ဖြစ်သည်။

တစ်ခုတည်းသော ကွဲပြားချက်မှာ စစ်နတ်ဘုရားနန်းတော် မှ နှစ်ယောက် ပျောက်ဆုံးနေခြင်းပင်။

မဟာအကြီးအကဲက မျက်မှောင်ကြုတ်ကာ အခုမှ ပေါ်လာသော ထန်ထျန်းကို တစ်ချက်ကြည့်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။

ရှန်းယွမ်ပင်လယ်ထဲတွင် ဘာမဆို ဖြစ်သွားနိုင်သည်။

တစ်စုံတစ်ယောက်က လာရောက် တိုင်တန်းခြင်း မရှိသရွေ့ သူကတော့ လိုက်လံ စုံစမ်းနေမည် မဟုတ်ပေ။

သေသွားသော ပါရမီရှင်က အသက်ရှင်နေသော ပါရမီရှင်လောက် အရေးမကြီးသလို ထန်ထျန်းမှာလည်း သာမန် ပါရမီရှင် မဟုတ်ပေ။

သမိုင်းတစ်လျှောက် တစ်ဦးတည်းသော ပုဂ္ဂိုလ်

ထို့ကြောင့် သူက ထိုကိစ္စကို တိုက်ရိုက် လျစ်လျူရှုလိုက်တော့သည်။

ယန်ရှို့အင်မော်တယ်အရှင်ကမူ မျက်နှာတွင် အပြုံးများဖြင့် ထန်ထျန်း၏ ရှေ့သို့ တိုက်ရိုက် ရောက်လာခဲ့သည်။

"မင်းကတော့ အမြဲတမ်း လူတွေရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်ပြနိုင်တာပဲ"

သူက ပြုံးလျက် ပြောလိုက်သည်။ "မင်းကို သတင်းကောင်းတစ်ခု ပေးမယ်... မဟာအကြီးအကဲက ငါနဲ့လောင်းတာ ရှုံးသွားပြီ၊ ဒါကြောင့် သူ ငါ့ကို ကတိတစ်ခု ပေးရမယ်"

"ငါက အဲဒီလောင်းကြေးကို မင်းကို ပေးလိုက်ပြီ"

"သူက ကတိတည်တဲ့လူတစ်ယောက်ဆိုတော့ အခု မင်း သူ့ကို ဘာခိုင်းခိုင်း ရပြီ"

"အဝတ်အစားတွေ အကုန်ချွတ်ပြီး ထျန်းဖူနန်းတော်မှာ ပတ်ပြေးခိုင်းရင်တောင် ရတယ်"

ထန်ထျန်း: ...

ယန်ရှို့အင်မော်တယ်အရှင်ရယ်၊ အရင်က တည်ငြိမ်မှုတွေ ဘယ်ရောက်ကုန်ပြီလဲ

ကျွန်တော်တို့ စိတ်ကျေနပ်သွားတယ် ဆိုပေမဲ့လည်း ဒီလောက်အထိတော့ မလိုပါဘူး...

"ကျေးဇူးတင်ပါတယ် အင်မော်တယ်အရှင်"

"ကျွန်တော် အခု တကယ်ပဲ အဲဒီလောင်းကြေးကို လိုအပ်နေတာပါ"

ထန်ထျန်း ပြောလိုက်သည်။

ဟင်းလင်းပြင် နယ်မြေ ၏ တိုးတက်မှုအတွက် ကျန့်ဟွမ်းတောင်၊ လန်တင်းအင်မော်တယ်အရှင်၊ မိုမိသားစုနှင့် ရှောင်းယောင်မိသားစုတို့၏ ထောက်ခံမှုကို ရရှိထားပြီး ဖြစ်ရာ ဩဇာလွှမ်းမိုးမှု ကြီးမားသော အင်အားစု များထဲတွင် မဟာအကြီးအကဲ၏ အုပ်စုသာ ကျန်တော့သည်။

အကယ်၍ သူသာ ပါဝင်လာမည်ဆိုလျှင် ဤကမ္ဘာတစ်ခုလုံးက ဟင်းလင်းပြင် နယ်မြေ တိုးတက်ဖို့အတွက် ကြိုးစားပေးနေသလို ဖြစ်သွားမည်။

တိုးတက်မှု အမြန်နှုန်း မှာတော့ ပြောနေစရာ မလိုတော့ပေ။

သို့သော် ယခုအချိန်တွင်မူ ထန်ထျန်းက သူ၏ အနီရောင်အုတ်ခြံဝင်း လေးဆီသို့ အမြန်ဆုံး ပြန်ချင်နေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အဆင့်တက်လိုသော စိတ်ဆန္ဒကို မနည်း ထိန်းထားရသောကြောင့်ပင်။

All Chapters