အခန်း (၁၂၆၃-၁၂၆၄)
Vol. 73 Ch. 1263-1264
အပိုင်း (၁၂၆၃)
ရှမ့်လန်သည် လက်ကို ဆန့်တန်းကာ နဂါးကြီး၏ ခေါင်းကို ထိလိုက်သည်။ သူ တိုးတိုးလေး ပြောလိုက်၏။ “နဂါးကြီးရေ... နဂါးကြီး... ကျုပ် ဘာလုပ်သင့်သလဲ။ စွန့်စားရမလား။ မင်းက ယူရေနီယမ်ကို အကြောက်ဆုံးပဲ။ တစ်ကီလိုဂရမ်လောက် ရှိရင်တောင် မင်းက မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်တာ။ ရှေးဟောင်း နဂါးရေကန်ထဲမှာ တန်ချိန် ရာနဲ့ချီ ဒါမှမဟုတ် အဲဒီထက်ပိုပြီး ရှိနိုင်တယ်။”
သဘာဝကျစွာပင် နဂါးကြီးသည် သူ့ကို ပြန်မဖြေနိုင်ပေ။ ဘာပဲဖြစ်ဖြစ် နဂါးသည် သေမင်းနှင့် ခြေတစ်လှမ်း အကွာတွင်သာ ရှိတော့သည်။ ရှမ့်လန် မျက်လုံးများ မှိတ်ကာ စဉ်းစားလိုက်သည်။ သူသည် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ပင် ရောက်ရှိသွားခဲ့သည်။
တော်ဝင်ရန် နဂါးကြီး ဖြစ်စေ၊ ရှမ့်လန်၏ နဂါးကြီး ဖြစ်စေ၊ သူတို့သည် အနောက်တိုင်း ဒဏ္ဍာရီများထဲမှ နဂါးများ ဖြစ်ကြပြီး အရှေ့တိုင်း၏နဂါးများ မဟုတ်ကြပေ။ အနောက်တိုင်း ဒဏ္ဍာရီများထဲမှ ဤနဂါးကြီးသည် ဘာကို ဆိုလိုသနည်း။
ဖျက်ဆီးခြင်း… ဤဖျက်ဆီးခြင်းသည် နဂါးကြီးက အခြေခံအဆင့်ဆိုလျှင် ပိုမြင့်မားသော အဆင့်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း ဖြစ်မည်လား။ ဖျက်ဆီးခြင်းထဲမှ ပြန်လည် မွေးဖွားခြင်းလား။ ဖျက်ဆီးခြင်းထဲမှ ထာဝရ အသက်ရှင်ခြင်းလား။ သေခြင်းတရားနှင့် ရင်ဆိုင်ရာမှ ပြန်လည် မွေးဖွားခြင်းလား။
သဘာဝကျစွာပင် ဤသည်မှာ ရှမ့်လန်၏ အရိုင်းဆန်သော ခန့်မှန်းချက် သက်သက် မဟုတ်ပေ။ ထိုအရာသည် အသိတရား တစ်ခုလည်း ဖြစ်သည်။ သူ့ဘဝ၏ အသိတရား မဟုတ်ဘဲ လောက၏ အသိတရား ဖြစ်သည်။ ကြီးမားသည့် ပျက်သုဉ်းခြင်း နောက်ပိုင်းတွင် ယဉ်ကျေးမှု ပြန်လည် မွေးဖွားလာခဲ့သည်။ ဤယဉ်ကျေးမှုသည် ရှေးဟောင်းခေတ်ကကဲ့သို့ အင်အားမကြီးမား၊ ခေတ်မီမသလို အဆင့်မမြင့်မားလှပေ။
အရေးကြီးဆုံးမှာ ရှမ့်လန်သည် မီးတောင်ချော်ရည် ပင်လယ် အေးခဲသွားခြင်းနှင့် မြောက်ဘက် အစွန်ဆုံး တိုက်ကြီး အေးခဲသွားခြင်းတို့မှ ဤအရှိန်အဝါကို အာရုံခံမိခဲ့သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရာမှ ပြန်လည် မွေးဖွားခြင်း ကဲ့သို့ပင်။
သူသည် ကြောက်မက်ဖွယ် ငရဲသလင်းကျောက်မှလည်း အလားတူ အရာကို အာရုံခံမိခဲ့သည်။ မီးတောင်ချော်ရည် ပင်လယ်နှင့် မြောက်ဘက် အစွန်ဆုံး တိုက်ကြီး အေးခဲသွားရခြင်းမှာ ငရဲသလင်းကျောက်မှ ထုတ်လွှတ်သော အေးစက်သည့် စွမ်းအင်ကြောင့် မဟုတ်ပေ။
ကျောက်သည် စွမ်းအင် အားလုံးကို မျိုချနေသောကြောင့် ဖြစ်သည်။ လောကစွမ်းအင် တစ်ဝက်နှင့် ညီမျှသော စွမ်းအင် ပမာဏကို မျိုချပြီး ငရဲသလင်းကျောက်က ဘာလုပ်ဖို့ ကြိုးစားနေသနည်း။ သေခြင်းတရားနှင့် ရင်ဆိုင်ရာမှ ပြန်လည် မွေးဖွားခြင်းလား။ ဤသည်မှာ ဤလောက၏ အဆုံးစွန် လျှို့ဝှက်ချက် ဖြစ်သည် မဟုတ်ပါလား။ ရှမ့်လန်နှင့် နဂါးကြီးအတွက် ဤအရာသည် အဓိက ခေါင်းစဉ် ဖြစ်ပုံရသည်။
ရှမ့်လန် သက်ပြင်းချလိုက်သည်။ သူသည် အဆုံးအစမဲ့သော ရောင်ခြည်စွမ်းအင်များဖြင့် ပြည့်နှက်နေသော ရှေးဟောင်း နဂါးရေကန်ဆီသို့ နဂါးကြီးအား ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရာမှ ပြန်လည် မွေးဖွားခြင်း။ သူ ထိုအရာကို နာမည်တစ်ခု ပေးလိုက်သည်။ ‘ရူးသွပ်သော နိဗ္ဗာန စီမံကိန်း’ ဟူ၍ပင်။
ရှမ့်လန်သည် မျက်လုံးများကို မှိတ်ကာ တင်ပါးလွှဲ ထိုင်ချလိုက်သည်။ သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ပိတ်ဆို့ထားသော သတင်းအချက်အလက်များကို စတင် ဖော်ထုတ်လိုက်သည်။ ၎င်းကို အခြား မျိုးနွယ်စုများ၏ ဘာသာစကားဖြင့် ရေးသားထားပြီး လုံးဝ ကွဲပြားခြားနားသော ယုတ္တိဗေဒ ရှိသောကြောင့် ဖော်ထုတ်ရန် အလွန် ခက်ခဲသည်။
ရှမ့်လန်သည် တစ်လုံးချင်းစီကို ခက်ခဲစွာ ဖော်ထုတ်နေရသည်။ ထို့အပြင် သူသည် နဂါးဉာဏ်ပညာဘုရင်ကို နားလည်ရမည်။ သူ ဆက်လက် ဖော်ထုတ်နေစဉ် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်သည် လျှို့ဝှက်ချက် အချို့ကို လက်ဆင့်ကမ်းနေခြင်း မဟုတ်ဘဲ ယဉ်ကျေးမှု နည်းလမ်းတစ်ခုကို လက်ဆင့်ကမ်းနေခြင်း ဖြစ်ပုံရကြောင်း ရှမ့်လန် နားလည်လာမိ၏။
သူ၏ ဝိညာဉ်နှင့် မှတ်ဉာဏ်များ ပွင့်လာလျှင်ပင် စာတစ်လုံးမှ မဖတ်တတ်သောကြောင့် မည်သို့မှ နားလည်နိုင်မည် မဟုတ်ပေ။ သို့သော်ငြား နဂါးဉာဏ်အလင်းပွင့်ခြင်းဖြင့် တဖြည်းဖြည်း နားလည်လာနိုင်သည်။
နဂါးဉာဏ်ပညာဘုရင်သည် နဂါးမျိုးနွယ်စု၏ စွမ်းအင်၊ အတွေးအခေါ်၊ သမိုင်းနှင့် ဆင့်ကဲဖြစ်စဉ်တို့အကြောင်း ဖော်ပြချက် ဖြစ်သည်။ ၎င်းသည် မှတ်တိုင်တစ်ခုကဲ့သို့ ဖြစ်သည်။ ထို့နောက် မှတ်တိုင်ကို အခြေခံပြီး လွတ်လပ်သော ဘာသာစကား တစ်ခုကို တီထွင်ခဲ့ကာ အထူးယဉ်ကျေးမှု တစ်ခုကို ဖွဲ့စည်းခဲ့၏။
တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် လက်ဆင့်ကမ်းလိုသော အရာသည် ရှမ့်လန် ထင်ထားသည်ထက် များစွာ ပိုမို အရေးကြီးပြီး ကြီးမြတ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မှတ်ဉာဏ်များနှင့် လျှို့ဝှက်ချက်များကို လက်ဆင့်ကမ်းခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူသည် မူလတန်း ကျောင်းသားတစ်ဦး ဘာသာစကားသစ် တစ်ခုကို အစမှ စတင် သင်ယူနေရသကဲ့သို့ ဖြစ်စေသည်။
‘ယဉ်ကျေးမှု တစ်ခုလုံးရဲ့ အနှစ်သာရကို လက်ဆင့်ကမ်းဖို့ ကြိုးစားနေတာလား။ ဒါပေမဲ့ ခင်ဗျားက ကျုပ်အပေါ် မျှော်လင့်ချက်တွေ အရမ်း ပုံအောထားလွန်းနေတာ မဟုတ်ဘူးလား။’
ထိုထဲတွင် သတင်းအချက်အလက် မည်မျှ ပါဝင်ကြောင်း ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ ရှမ့်လန်၏ အကြမ်းဖျင်း ခန့်မှန်းချက်အရ သန်း ၄၀၀ ခန့် ရှိပြီး ၎င်းသည် အရည်အသွေးမြင့် ရုပ်ရှင်ကားပေါင်း ဘီလီယံ ၂၀၀ ၏ ပမာဏနှင့် ညီမျှ၏။
နဂါးကြီး၏ အနှစ်သာရသည် ကောင်းကင် နဂါး၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ၎င်းတို့သည် စွမ်းအင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သလို ဒြပ်ထုဖြင့်လည်း ပြုလုပ်ထားသည်။ နောက်ဆုံးတွင် အားလုံးသည် ရှမ့်လန် ပိုင်ဆိုင်သောအရာများ ဖြစ်ကြသည်။
နဂါးကြီး တစ်ကောင်ကို လုံးဝ သတ်ဖြတ်ရန် သူ၏ စွမ်းအင်နှင့် သက်စောင့်စွမ်းအားကို သတ်ဖြတ်ရမည် ဖြစ်ပြီး ဤသည်မှာ အလွန် ခက်ခဲသော အရာတစ်ခု ဖြစ်ပြီး လုပ်ဆောင်ရန် မဖြစ်နိုင်သလောက်ပင်။
သို့သော်ငြား နဂါး၏ ခန္ဓာကိုယ်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်သရွေ့ နဂါးသည် နှစ်ခြိုက်စွာ အိပ်ပျော်သွား ပေလိမ့်မည်။ နိုးထလာရန် နှစ်ထောင်ချီ သို့မဟုတ် နှစ်ရာချီ ကြာမြင့်နိုင်၏။
ဤသည်မှာ ရှမ့်လန် တဖြည်းဖြည်း ဖော်ထုတ်ခဲ့သော အကြောင်းအရာများ ဖြစ်သည်။ အချို့မှာ နားလည်ရန် အလွန် လွယ်ကူသော်လည်း အချို့မှာမူ အလွန် ဂမ္ဘီရဆန်လွန်းလှသည်။ ကောင်းကင်နဂါး၏ အစိတ်အပိုင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။
တိုက်ရိုက်ဘာသာပြန်ယူရန် လွယ်ကူသောအရာမဟုတ်ပေ။ သူ၏ ဘာသာပြန်မှု ညံ့ဖျင်းသောကြောင့်မဟုတ်ပေ။ ယခုလို ကောင်းကင်နဂါးအစိတ်အပိုင်းဟု ဘာသာပြန်နိုင်ရန်ပင် သူ အလွန်စိတ်ပင်ပန်းစွာ ကြိုးစားခဲ့ရသည်။ ထိုစာလုံးကို လေ့လာလိုက်သည်နှင့် ခန္ဓာကိုယ်နှင့် စိတ်တစ်ခုလုံး နစ်မြုပ်သွားခဲ့ရသည်။
ရုတ်တရက် ရှမ့်လန်၏ စိတ်ဝိညာဉ် တုန်ခါသွားပြီး သူ တိုက်ရိုက် နိုးထလာခဲ့သည်။ မျက်လုံးများကို ဖွင့်လိုက်ချိန်မှာတော့ ချောင်ယောင်းအာနှင့် သူ့ကလေးကို ချက်ချင်း မြင်လိုက်ရသည်။ ‘ဒီလောက် မြန်တာလား။’
ရှမ့်လန် လုံးဝ အံ့အားသင့်သွားခဲ့ရသည်။ နုရှောင့်မြို့မှ လူများ ဤနေရာကို ရှာတွေ့ရန် သိပ်ကြာမြင့်လိမ့်မည် မဟုတ်ကြောင်း သူ သိသော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချောင်ယောင်းအာသည် ပြေးလာပြီး ရှမ့်လန်ကို ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲဖက်လိုက်သည်။ သူမ ဘာမှမပြောသော်လည်း ကပ်ဘေးတစ်ခုမှ လွတ်မြောက်လာသကဲ့သို့ သူမ၏ စိတ်ခံစားမှုများ လှိုင်းထန်နေခဲ့သည်။ ကပ်ဘေးမှ လွတ်မြောက်လာခဲ့သူမှာ ရှမ့်လန် ဖြစ်သော်လည်း သူမလည်း ထပ်တူ ခံစားခဲ့ရ၏။
ချောင်ယောင်းအာ တုန်ယင်စွာ ပြောလိုက်သည်။ “ရှင် သေသွားပြီလို့ ဘယ်သူမှ မယုံကြဘူး။ ရှင် ရှုံးသွားပြီလို့ ဘယ်သူမှ မယုံကြဘူး။ ဒါပေမဲ့ တကယ်လို့ ရှင် သေသွားရင် လူတွေအများကြီး ရှင့်နောက် လိုက်လာကြလိမ့်မယ်။ အဲဒီအထဲမှာ ကျွန်မလည်း ပါမှာပါ။”
ရှမ့်လန်က မေးလိုက်၏။ “မင်း ငါ့ကို ဒီလောက်မြန်မြန် ရှာတွေ့တာလား။”
ချောင်ယောင်းအာက ပြန်ဖြေသည်။ “ကလေးကြောင့်ပါ။ ရှင် ဒီမှာ ရှိနေတယ်လို့ သူ ကျွန်မကို ပြောပြတာ။”
ဤအရာက အရမ်း ဆန်းကြယ်လွန်းနေသည်။ ယောင်ယောင်သည် မိုင်ပေါင်း တစ်သောင်းကျော် အကွာမှ ရှမ့်လန်ကို အာရုံခံနိုင်ခဲ့သည်။ သူမသည် ဘုရင်မမီဒူဆာ၏ သမီး ဖြစ်ရခြင်းနှင့် အမှန်တကယ် ထိုက်တန်လှပေသည်။ ယခုအချိန်တွင် ယောင်ယောင်သည် ဘုရင်မမြို့တော်တွင် ရှိစဉ်ကကဲ့သို့ပင် လုံးဝ အိပ်ပျော်နေပြီ ဖြစ်သည်။ သူမ၏ သက်စောင့်စွမ်းအားကို အလွန်အကျွံ သုံးစွဲလိုက်သောကြောင့်ပင်။
သူမ၏စိတ်ဝိညာဉ်နှင့် ဝိညာဉ်သည် မီဒူဆာ တော်ဝင်မျိုးနွယ်၏ စိတ်ဝိညာဉ်ကို ဆက်ခံထားသောကြောင့် အလွန် သန်မာသည်။ သို့သော်ငြား သူမ၏ ခန္ဓာကိုယ်မှာမူ ချောင်ယောင်းအာ၏ သွေးသားရင်း ဖြစ်နေသောကြောင့် အားကောင်းပါသည်ဆိုလျှင်တောင် အားကောင်းသော ဝိညာဉ်ကို မထောက်ပံ့နိုင်ပေ။
ထို့ကြောင့် ယောင်ယောင်သည် နေ့တိုင်း အိပ်စက်နေခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ် သက်စောင့်စွမ်းအားသည် ဤမျှ အားကောင်းသော ဝိညာဉ်ကို မထောက်ပံ့နိုင်သောကြောင့် ဖြစ်သည်။ ဘုရင်မ မီဒူဆာ မပျောက်ကွယ်မီက ယောင်ယောင်အား တစ်စုံတစ်ရာ ပေးအပ်ခဲ့သည်။
ထိုအချိန်မှစ၍ ယောင်ယောင်သည် အထူး ပိုးသတ်ခန်းမှ ထွက်ခွာနိုင်ခဲ့ပြီး နေရောင်ခြည်ကို မြင်တွေ့နိုင်ကာ လွတ်လပ်စွာ အသက် ရှူရှိုက်နိုင်ခဲ့သည်။ အချိန်ပြည့် အိပ်စက်နေမည့်အစား ပုံမှန်ကလေး တစ်ယောက်ကဲ့သို့ နေ့စဉ် ကစားနိုင်၊ စာသင်နိုင်ခဲ့၏။
သို့သော်ငြား ထိုသို့ ဖြစ်လျှင်ပင် သူမ၏ ခန္ဓာကိုယ်သည် ရွယ်တူများထက် သေးငယ်နေဆဲ ဖြစ်သည်။ သူမသည် ၁၁ နှစ် ရှိပြီ ဖြစ်သော်လည်း ၇ နှစ်၊ ၈ နှစ် အရွယ်ခန့်သာ ရှိသေးသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် သူမ၏ ဖခင်ကို ရှာဖွေရန် သူမ၏ စိတ်ဝိညာဉ် အများအပြားကို အသုံးပြုလိုက်သောကြောင့် နောက်တစ်ကြိမ် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြန်သည်။
ရှမ့်လန်သည် ယောင်ယောင်ကို ပွေ့ချီလိုက်ရင်း ရင်ထဲတွင် နာကျင်သွားခဲ့ရသည်။ ဤနှစ်များ တစ်လျှောက်လုံး ယောင်ယောင်သည် ဆန်းကြယ်ကြောင်း ရှမ့်လန် သိရှိပြီး၊ အရာများစွာတွင် သူ့ကို ကူညီနိုင်ကြောင်း နားလည်ထားသော်လည်း သူ ယောင်ယောင်ဆီမှ အကူအညီ ရယူလိုစိတ်မရှိခဲ့ပေ။
ယောင်ယောင်အား ပူပင်ကင်းမဲ့သော ကလေးဘဝကို ပိုင်ဆိုင်စေလိုပြီး သူမ၏ သက်စောင့်စွမ်းအားကို ဖြုန်းတီးပစ်မည့် အဖြစ်မျိုးကို ပို၍ပင် မလိုလားခဲ့ပေ။ သို့သော်ငြား ယခုတစ်ကြိမ်တွင် ယောင်ယောင်သည် သူ့ကြောင့် အနည်းငယ် ထိခိုက်သွားခဲ့ရသည်။
ရှမ့်လန် ပြောလိုက်၏။ “သွားကြစို့။”
ရှမ့်လန် လက်ကို ဆန့်တန်းပြီး တချောင်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
“အူး...” တချောင်သည် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို ငိုက်စိုက်ချလိုက်၏။
“ကိစ္စမရှိပါဘူး။ ငါ အဆင်ပြေပါတယ်။ မင်းက အရမ်းအင်အားကြီးတဲ့ သားရဲလေ။ ဘာလို့ ခွေးတစ်ကောင်နဲ့ ပိုပိုတူလာရတာလဲ။”
တချောင်၏ မျိုးဗီဇထဲတွင် ခွေးမျိုးဗီဇ မပါရှိပေ။ သူသည် အလွန် ဉာဏ်ကောင်းပြီး လူသားများအပေါ် ချစ်ခင်စုံမက်မှု အပြည့်ရှိသောကြောင့်သာ ဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကိုယ် သက်တောင့်သက်သာ အရှိဆုံး အခြေအနေသို့ မည်သို့ ပြုပြင်ရမည်ကို သိရှိသည်။ ထို့ကြောင့် သူသည် တိုက်ခိုက်ရေး သတ္တဝါဆိုးကြီး ဘဝမှ တိုက်ခိုက်နိုင်ပြီး ချစ်စရာကောင်းအောင် နေတတ်သော အိမ်မွေးတိရစ္ဆာန် တစ်ကောင်အဖြစ် အကြောင်းပြချက် မရှိ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်သည် ယောင်ယောင်ကို ပွေ့ချီကာ ချောင်ယောင်းအာနှင့်အတူ တချောင်၏ ကျောပေါ်သို့ တက်လိုက်၏။ “မိစ္ဆာတြိဂံနယ်မြေကို သွားမယ်။”
တချောင်သည် အတောင်ပံများကို ဖြန့်ကာ မိစ္ဆာတြိဂံနယ်မြေဆီသို့ ပျံသန်းသွားသည်။ ထိုသို့ဆိုလျှင် နဂါးကြီးကို မီဒူဆာ တော်ဝင်မိသားစု၏ ရှေးဟောင်းသင်္ချိုင်းဂူထဲမှာ အရင် ထားခဲ့ရမည်လား။ ဟုတ်ပေ၏။ တခြား ဘာလုပ်နိုင်ဦးမည်နည်း။ ယူသွားလို့မရပေ။ ထို့အပြင် မီဒူဆာ တော်ဝင်မိသားစုရဲ့ ရှေးဟောင်းသင်္ချိုင်းဂူထဲသို့ မည်သူမှ လွယ်လွယ် ဝင်၍မရနိုင်ချေ။
...........
တချောင်သည် ဆက်လက် ပျံသန်းနေခဲ့သည်။ မိုင်ပေါင်း နှစ်သောင်းကျော် ပျံသန်းပြီးနောက် နောက်ဆုံးတွင် သူတို့သည် မိစ္ဆာတြိဂံနယ်မြေသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ကြသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ယှက်သန်းနေသော အနက်ရောင် မြူများကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည်။ မရေမတွက်နိုင်သော လေဆင်နှာမောင်းများ နှင့် လျှပ်စီးများကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည်။
ဤနေရာသည် ယခင်က တားမြစ်နယ်မြေ ဖြစ်ခဲ့သော်လည်း ယခု ရှမ့်လန်အတွက်မူ သူ့အိမ် နောက်ဖေးခြံဝန်း ကဲ့သို့ ဖြစ်နေပြီး စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သည်။ သူတို့သည် မိစ္ဆာတြိဂံနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ ကြသည်။ အတွင်းပိုင်းသည် လှပနေဆဲ ဖြစ်ပြီး လေထုသည်ပင် များစွာ ပိုမို သက်တောင့်သက်သာ ရှိနေ၏။
ချောင်ယောင်းအာက သတိပြုမိသည်။ “ကျွန်မ စိတ်ထင်လို့လားတော့ မသိဘူး။ ဒီမှာရှိတဲ့ လေထုက အများကြီး ပိုကောင်းတယ်လို့ ခံစားရတယ်။ လေထုတင် မကဘူး။ စွမ်းအင် ပတ်ဝန်းကျင်ကလည်း အများကြီး ပိုကောင်းနေတယ်။”
ရှမ့်လန်က ရှင်းပြလိုက်၏။ “မင်း စိတ်ထင်လို့ မဟုတ်ဘူး။ ဒီမှာ အောက်ဆီဂျင် ပါဝင်မှုနှုန်း အများကြီး ပိုမြင့်တယ်။ သံလိုက် ပတ်ဝန်းကျင်ကလည်း အပြင်နဲ့ မတူဘူး။”
“အတွင်းပိုင်းက အရမ်းကောင်းမွန်နေလို့လား။ ဒါမှမဟုတ် အပြင်လောကကြီးက ဆိုးရွားလာလို့လား။”
“အပြင်လောကကြီး ဆိုးရွားလာလို့ပါ။”
ယခင်က ရှမ့်လန် ဤအချက်ကို နားမလည်ခဲ့သော်လည်း ယခုအခါ မြောက်ဘက် အစွန်ဆုံး ဒေသရှိ ရေခဲများသည် လောကဂေဟစနစ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိကြောင်း သူ ကောင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ အမိုးခုံး မဆောက်လုပ်မီ အချိန်ထိ လက်တွေ့လောကမှ လေထုသည် မြောက်ဘက် အစွန်ဆုံး ကောင်းကင်ယံထက်သို့ အဆက်မပြတ် စုပ်ယူခံနေရပြီး ရေခဲနှင့် နှင်းများအဖြစ် ခဲသွားစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကျောက်စိမ်းဖြူမြို့တော် (မြို့တော်ဖြူ)သည် ဤအမိုးခုံးကို တည်ဆောက်ခဲ့ပြီး မြောက်ဘက်အစွန်ဆုံး ဒေသကို ပြင်ပလောကနှင့် လုံးဝ ခြားနားပစ်လိုက်သည်။ သို့မဟုတ်ပါက လောက တစ်ခုလုံး၏ ရာသီဥတုသည် ပြင်းထန်စွာ ပြောင်းလဲသွားမည် ဖြစ်ပြီး နှစ်ရာချီ ကြာမြင့်ပြီးနောက် လေထုသည် အလွန် ပါးလွှာသွားပေလိမ့်မည်။
ယခုအချိန်တွင် ရှမ့်လန်၌ အရေးကြီးသော ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ တော်ဝင်ရန်အင်ပါယာ ကို သုတ်သင်ရှင်းလင်းရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးသည် မည်သို့မှ ပြေလည်နိုင်ခြင်း မရှိသော ရန်သူများ ဖြစ်ကြပြီး တစ်ဦးတည်းသာ အသက်ရှင်ခွင့် ရှိသောကြောင့်ပင်။
သို့သော်ငြား ဤလောကတွက်မူ အရေးအကြီးဆုံးမေးခွန်းသည် မြောက်ဘက် အစွန်ဆုံး ဒေသတွင် ရှိနေနိုင်ပေသည်။ အဆုံးအစမဲ့သော စွမ်းအင်များကို စုပ်ယူနေသည့် ထိုငရဲသလင်းကျောက် လောက၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ထိုအရာသည် ဤလောက၏ အဆုံးစွန် အမှန်တရား ဖြစ်သည်။
သို့သော်ငြား ရှမ့်လန်သည် ဤမေးခွန်းကို နက်နက်နဲနဲ မစဉ်းစားနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုမေးခွန်း၏ အဖြေသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ သူ၏ အတွေးအားလုံးကို မျိုချပစ်နိုင်လောက်အောင် ကြီးမားပြီး ရှေ့မှောက်ရှိ ရန်သူကို လျစ်လျူရှုမိသွားစေနိုင်၏။
ရှမ့်လန်သည် တချောင်ကို စီးလျက် ရည်မှန်းချက်တစ်ခုဆီသို့ ပျံသန်းသွားသည်။ ပျောက်ဆုံးနိုင်ငံ၏ မြို့ကြီးများသည် လှပကြသည်။ ထက်ဝက်မှာ ပင်လယ်ထဲတွင် ရှိပြီး ကျန်ထက်ဝက်မှာ လေထဲတွင် ရှိကြသည်။ ယခုတစ်ကြိမ်တွင် ရှမ့်လန်သည် မည်သည့် လှုပ်ရှားမှုကိုမှ မဖြစ်ပေါ်စေခဲ့ပေ။
ပင်လယ်အောက်တွင် မရေမတွက်နိုင်သော၊ သန်းပေါင်းများစွာသော ပင်လယ်မွန်းစတားများ ရှိနေကြောင်း ရှမ့်လန် သိရှိသော်လည်း သူတို့သည် ပျောက်ဆုံးနိုင်ငံ၏ နောက်ဆုံး မျိုးဆက်များ ဖြစ်ကြပြီး မျိုးစုံသော ဆင့်ကဲ ပြောင်းလဲမှုများ၊ ပြောင်းပြန် ဆင့်ကဲပြောင်းလဲမှုများကိုပင် ကြုံတွေ့ခဲ့ရသည်။ သို့သော်ငြား ဤပင်လယ် မွန်းစတားများသည် ပေါ်မလာခဲ့ကြပေ။
ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေဆီသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ သူသည် တြိဂံနယ်မြေ၏ ဗဟိုချက်ဆီသို့ ပျံသန်းသွားခဲ့သည်။ ထိုနေရာတွင် တောင်ကြီးတစ်လုံးပမာ ကြီးမားသော ဘုရင်မမီဒူဆာ၏ ရုပ်ထုကြီး ရှိနေသည်။ ပြီးခဲ့သော အကြိမ်က ရှမ့်လန် နဂါးဓားကို ရှာဖွေစဉ် မျက်လှည့်ပုံရိပ်၏ အလင်းနှင့် အရိပ်၊ နောက်ခံ ဗိသုကာလက်ရာ ဝိသေသလက္ခဏာများကို အခြေခံပြီး ရုပ်ထုကြီး၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့အပြင် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ရှမ့်လန်သည် ဘုရင်မမီဒူဆာ၏ မျက်လုံးများကို တိုက်ရိုက် ကြည့်ရဲခြင်း မရှိခဲ့ပေ။ ရုပ်ထုတစ်ခုသာ ဖြစ်သော်လည်း သူ မကြည့်ရဲခဲ့ပေ။ ထိုအချိန်က သူသည် ကျောခိုင်း ထားခဲ့၏။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ကဲ တချောင်... မင်းတို့ ဒီမှာပဲ ရပ်နေလိုက်တော့။”
တချောင်နှင့် ချောင်ယောင်းအာတို့သည် ဘုရင်မ မီဒူဆာ၏ အကြည့်ကို ခုခံနိုင်မည် မဟုတ်သောကြောင့် သူတို့ကို ရုပ်တု၏ နောက်ဘက်တွင် ပုန်းခိုနေစေခဲ့သည်။
သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ ရှမ့်လန်သည် ရှေးဟောင်း သံချပ်ကာ၏ စွမ်းအင်ကို အသုံးပြုကာ လေထဲသို့ ဖြည်းညင်းစွာ ပျံတက်လိုက်သည်။ ဤရှေးဟောင်း သံချပ်ကာသည် အံ့မခန်း ကောင်းမွန်သော်လည်း ခရီးဝေး ပျံသန်းနိုင်ခြင်းတော့ မရှိသေးပေ။
အပိုင်း (၁၂၆၄)
သူသည် လေထဲတွင် ဖြည်းညင်းစွာ ပျံဝဲရင်း မြင့်သည်ထက် မြင့်တက်သွားခဲ့သည်။ လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် သူသည် ဘုရင်မ မီဒူဆာ၏ ရုပ်တုကို လုံးဝ မမြင်ရပေ။ အဘယ်ကြောင့်ဆိုသော် ရုပ်ထုသည် လုံးဝ မမြင်ရသော အခြေအနေတွင် ရှိနေသောကြောင့် ဖြစ်သည်။
သို့သော်ငြား ဘုရင်မမီဒူဆာ ရုပ်တု၏ အမြင့်နှင့် သူမ၏ မျက်လုံးများရှိသော အမြင့်ကို သူ သိရှိသည်။ ဘုရင်မ မီဒူဆာ၏ မျက်လုံးများကို ပြီးပြည့်စုံစွာ ကြည့်ရှုနိုင်ရန် လိုအပ်သော အကွာအဝေးနှင့် အမြင့်ကိုလည်း သူ တွက်ချက်ထားနိုင်၏။
‘ဟုတ်တယ်။ ဒီနေရာပဲ။’ ရှမ့်လန် အသက်ပြင်းပြင်း ထပ်ရှူလိုက်သည်။
ဤအရာသည် အမှန်တကယ်ပင် ကြီးမားသော သတ္တိ လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်း အပျက်အစီးများစွာတွင် လူအချို့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားရခြင်းမှာ ကြီးမားသည့် ပျက်သုဉ်းခြင်းကြောင့် မဟုတ်ဘဲ ဘုရင်မ မီဒူဆာ၏ အကြည့်ကြောင့် ပို၍ ဖြစ်နိုင်သောကြောင့်ပင်။
ဥပမာအားဖြင့် နဂါးနောင်တကို သုတေသနပြုနေသော ကျူးမိသားစု၏ လျှို့ဝှက်စခန်းတွင် လူအများအပြား ကျောက်တုံးအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။
အဆင်သင့် ပြင်ပြီးနောက် ရှမ့်လန် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ရှေ့တွင် ဘာမှ မရှိသေးပေ။ ထို့နောက် အလင်းနှင့် အရိပ်လှိုင်းတစ်ခု တွန့်လိမ်ပြောင်းလဲသွားပြီး မမြင်ရသော ဘုရင်မမီဒူဆာ၏ ရုပ်တုကြီးသည် သူ့ရှေ့တွင် တောင်ကြီးတစ်လုံးပမာ ပေါ်လာခဲ့သည်။
သူမ ဘယ်လောက် လှပသနည်း။ မည်မျှအထိ လှပသနည်း။ ရှမ့်လန် မသိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရင်မ မီဒူဆာ ရုပ်တု၏ မျက်လုံးများကိုသာ ကြည့်နေသောကြောင့် ဖြစ်၏။
ဤအကွာအဝေးတွင် မျက်လုံးချင်း ပြီးပြည့်စုံစွာ ဆုံနေကြသည်။ ထို့ကြောင့် ရှမ့်လန် မြင်တွေ့နိုင်သည်မှာ မျက်လုံးနှစ်လုံးသာ ဖြစ်သည်။ ဤမျက်လုံးနှစ်လုံးကို လုံးဝ ဖော်ပြ၍ မရနိုင်ပေ။ ၎င်းတို့သည် တွင်းနက်ကြီး တစ်ခုကဲ့သို့ပင်။ ငရဲနှင့် ကောင်းကင်ဘုံကဲ့သို့ပင်။ တောက်ပသော နဂါးငွေ့တန်းတစ်ခုကဲ့သို့ ဖြစ်သော်လည်း အဆုံးအစမဲ့သော တွင်းနက်ကြီး တစ်ခုနှင့်လည်း တူနေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ အတိုင်းအဆမဲ့သော ပုံရိပ်များနှင့် သတင်းအချက်အလက်များသည် ဘုရင်မ မီဒူဆာ၏ မျက်လုံးများမှတဆင့် ရှမ့်လန်၏ ဦးနှောက်အတွင်းသို့ တိုးဝင်လာခဲ့ကြသည်။ သူ့ဦးနှောက်သည် ချက်ချင်း ပေါက်ကွဲထွက်သွားမတတ်ဖြစ်ပြီး ဗလာဟင်းလင်း ဖြစ်သွားခဲ့၏။
ဤအချိန်တွင် ရှမ့်လန်၏ စိတ်စွမ်းအားသည် လုံလောက်အောင် သန်မာနေပြီ ဖြစ်သည်။ သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်အမွေကို ရရှိထားရုံသာမက ငရဲဝိညာဉ်ပုလဲ၏ ဆေးကြောသန့်စင်ခြင်းကိုလည်း ခံယူထားပြီး ဖြစ်သည်။ သို့သော်ငြား သူသည် ဘုရင်မ မီဒူဆာ၏ အကြည့်ကို ခံနိုင်ရည်မရှိ ဖြစ်နေပုံရသည်။ ထိုအကြည့်သည် ရုပ်တု၏ မျက်လုံးများမှသာ ဖြစ်သေးသည်။
ထိုခံစားချက်ကို မည်သို့ ဖော်ပြရမည်နည်း။ ဝန်ပိသွားခြင်း ဖြစ်သည်။ တစ်စက္ကန့်လျှင် သတင်းအချက်အလက် တာရာဘိုက် ရာပေါင်းများစွာ ရေးသားနေသော ကွန်ပျူတာ တစ်လုံးသည် လုံးဝ ခံနိုင်ရည်မရှိဘဲ ပျက်သွား သကဲ့သို့ ဖြစ်သည်။ ရှမ့်လန် ဖြစ်နေ၍သာ ကံကောင်းသည်။ တခြားလူသာ ဆိုလျှင် ချက်ချင်း ပြာဖြစ်သွား ပေလိမ့်မည်။
အချိန်မည်မျှ ကြာမြင့်သွားသည် မသိပေ။ ရှမ့်လန် တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့သည်။ သူ့ဦးနှောက်ကို အသစ် ပြုပြင်လိုက်သကဲ့သို့ပင်။ ထို့နောက် မရေမတွက်နိုင်သော သတင်းအချက်အလက်များ၊ မရေမတွက် နိုင်သော ပုံရိပ်များကို သူ မြင်တွေ့လိုက်ရ၏။
ဤခံစားချက်သည် ဖော်ပြ၍ မရနိုင်ပေ။ ရုပ်ရှင်ကြည့်ရသကဲ့သို့ပင်။ တစ်ကြိမ်လျှင် ရုပ်ရှင် တစ်ကားသာ ကြည့်နိုင်ပြီး အများဆုံး ရုပ်ရှင်ကြည့်ရင်း ဂိမ်းကစားနိုင်သည်။ သို့သော်ငြား ယခုမူ ရုပ်ရှင် သန်းပေါင်းများစွာကို တစ်ပြိုင်နက်တည်း ပြသနေသကဲ့သို့ ဖြစ်နေသည်။ အားလုံးသည် မျက်လုံးထဲသို့ တိုးဝင်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ဘုရင်မမီဒူဆာ ရုပ်တု၏ မျက်လုံးများသည် သမိုင်းမှတ်တမ်းတင်သူနှင့် ပိုတူကြောင်း ရှမ့်လန် နားလည်လာသည်။ ထိုရုပ်ထုမျက်လုံးသည် ဘုရင်မ မီဒူဆာ၏ မှတ်ဉာဏ်များကို နေ့တိုင်း ဖွင့်ပြလိမ့်မည်။ သေချာသည်မှာ ဘုရင်မမီဒူဆာ၏ ဘဝသည် အလွန် ရှည်လျားပြီး သူမသည် အများကြီး ကြုံတွေ့ခဲ့ရသောကြောင့် သူမ၏ မှတ်ဉာဏ်များသည် အဆုံးအစမဲ့ ဖြစ်နေ၏။
ဤမှတ်ဉာဏ်များကို လုံးဝ ရှုပ်ထွေးနေပုံရသော နည်းလမ်းဖြင့် ဖွင့်ပြပြီး အလွန်တိုတောင်းသော အချိန်အတွင်း စက်ဝန်းတစ်ခု ပြီးဆုံးသွားသည်။
ထိုသို့ဆိုလျှင် ထိုပင်လယ်မွန်းစတားများသည် ဘာကြောင့် စွဲလမ်း နေကြသနည်း။ အဘယ့်ကြောင့် သူတို့၏ ခေါင်းများ မပေါက်ကွဲကြသနည်း။
အဘယ်ကြောင့်ဆိုသော် သူတို့သည် တုံးအသောကြောင့် အတွေးအများစုကို လျစ်လျူရှုထားနိုင်ကြသည်။ သူတို့ ပိုင်ဆိုင်သောအရာကိုသာ သူတို့ လိုချင်ကြ၏။
ပျောက်ဆုံးနိုင်ငံ အင်ပါယာကို မပျက်စီးစေလိုသောကြောင့် ဤရုပ်တု ရှိနေခြင်း ဖြစ်ကြောင်း ရှမ့်လန် သိရှိလိုက်သည်။ ဘုရင်မ မီဒူဆာသည် ပျောက်ဆုံးနိုင်ငံအင်ပါယာကို ထာဝရ လက်ဆင့်ကမ်းနိုင်ရန် ဤစိတ်ဝိညာဉ်ကို လိုအပ်သည်။
ကြီးမားသည့် ပျက်သုဉ်းခြင်းကြောင့် ဖျက်ဆီးခံရလျှင်ပင်၊ ပျောက်ဆုံးနိုင်ငံအင်ပါယာ၏ မျိုးဆက်များသည် ဘိုးဘေးများထံ ပြန်သွားပြီး အခြေခံအကျဆုံး ပင်လယ်မွန်းစတားများ ဖြစ်လာလျှင်ပင် သူတို့၏ စိတ်ဝိညာဉ်ကို လက်ဆင့်ကမ်းရမည်။ မျိုးဆက်တစ်ခုပြီး တစ်ခု ဤပင်လယ်မွန်းစတားများ၏ စိတ်ထဲတွင် ရေးထိုးထားရမည်။
ဤသည်မှာ အလွန် ခမ်းနားကြီးကျယ်ပြီး အံ့သြဖွယ် ကောင်းလှသည်။ အမှန်တကယ်တော့ ဘုရင်မ မီဒူဆာ အောင်မြင်ခဲ့သည်။ ကြီးမားသည့် ပျက်သုဉ်းခြင်း ပေါ်ပေါက်လာပြီး ပျောက်ဆုံးအင်ပါယာသည် လုံးဝ ပျက်စီးသွား ခဲ့သည်။ သို့သော်ငြား သူမ၏ ရုပ်တု တည်ရှိနေခြင်းကြောင့် အခြေခံ ပင်လယ်မွန်းစတားများ ပိုမို များပြားလာပြီး သူမ၏ ပတ်ဝန်းကျင်တွင် စုဝေးလာကြကာ ကွဲပြားသော ပျောက်ဆုံး အင်ပါယာ တစ်ခုကို ဖွဲ့စည်းခဲ့၏။
ပျောက်ဆုံးနိုင်ငံ ဒုတိယအင်ပါယာ၏ တိုတောင်းသော တည်ရှိမှုပင် ရှိခဲ့သည်။ ဤပင်လယ်မွန်းစတား မျိုးဆက်များထဲမှ အလွန် ထူးချွန်သော မွန်းစတားတစ်ကောင် ပေါ်ထွက်လာခဲ့သည်မှာ ဘုရင်မ မီဒူဆာ၏ ဉာဏ်ပညာ နှင့် မှတ်ဉာဏ်များကို အများဆုံး ရရှိခဲ့သောကြောင့် ဖြစ်ပေမည်။
ဤပင်လယ်မွန်းစတားသည် ပျောက်ဆုံးနိုင်ငံ၏ မိစ္ဆာမယ်တော်ဖြစ်ပြီး သူမသည် ပျောက်ဆုံး ဒုတိယအင်ပါယာကို တည်ထောင်ခဲ့သည်။
ဤအရာက တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် နည်းနည်း မတူပေဘူးလား။
သို့သော်ငြား တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်သည် မျိုးဆက်တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်းခဲ့ပြီး ဘုရင်မမီဒူဆာမှာမူ အလွန် အင်အား ကြီးမားသည်။ မရေမတွက်နိုင်သော နှစ်ကာလများ ကုန်လွန်သွားသော်လည်း သူမသည် မျက်လုံးများမှတဆင့် စိတ်ဝိညာဉ် မှတ်ဉာဏ်များကို ဖွင့်ပြကာ ပျောက်ဆုံးနိုင်ငံ အင်ပါယာကို လက်ဆင့်ကမ်းနေခဲ့၏။
သာမန် လူသားများသည် သူမ၏ သတင်းအချက်အလက်များကို လက်မခံနိုင်ကြပေ။ သူတို့သည် ချက်ချင်း ကျောက်တုံးအဖြစ် ပြောင်းလဲသွားမည် သို့မဟုတ် သူတို့၏ ဝိညာဉ်များ ပြန့်ကျဲသွားမည်။
ရှမ့်လန်မှာတော့ ခြွင်းချက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရင်မနာလူ ပေးသနားသော ဝိညာဉ် အမှတ်အသား ရှိပြီး ယှဉ်ပြိုင်ဘက်ကင်းသော စိတ်စွမ်းအား ရှိသောကြောင့် ဖြစ်သည်။
ဤအချိန်တွင် ဤလောက၏ လျှို့ဝှက်ချက်များသည် ရှမ့်လန်၏ ရှေ့မှောက်၌ ဖြည်းညင်းစွာ ပွင့်ဟလာသည်။ သို့သော်ငြား ဆိုးသည်မှာ ရှမ့်လန်သည် ဤမှတ်ဉာဏ်များကို စူးစမ်းလေ့လာရန် စိတ်မပါပေ။ အဘယ်ကြောင့်ဆိုသော် အချက်အလက် ပမာဏ များပြားလွန်းသောကြောင့် ဖြစ်၏။
သူသည် စူပါကွန်ပျူတာ တစ်လုံးကဲ့သို့ပင်။ အရေးကြီးဆုံး တွက်ချက်မှုများကို အရင် ပြီးမြောက်အောင် လုပ်ရမည်။ ထို့နောက်မှ အခြား အလုပ်များကို လုပ်ဆောင်ရမည်။ ဤအချိန်တွင် ရှမ့်လန်သည် ဘုရင်မ မီဒူဆာ၏ မျက်လုံးများထဲရှိ သတင်းအချက်အလက်များမှ ရှေးဟောင်း နဂါးရေကန်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို ရှာဖွေလိုသည်။ ဤသည်မှာ ကောက်ရိုးပုံထဲတွင် အပ်ရှာသည်ထက် ပိုမို ခက်ခဲသည်။ ရှာဖွေမှုလမ်းညွှန်မပါဘဲ ကွန်ပျူတာတစ်လုံးပေါ်ရှိ သတင်းအချက်အလက် တာရာဘိုက် ရာပေါင်းများစွာထဲမှ ပုံတစ်ပုံကို ရှာဖွေနေရသကဲ့သို့ပင်။
ဤအချိန်တွင် ရှမ့်လန် သက်ပြင်းချလိုက်ပြန်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ စိတ်ဝိညာဉ် မှတ်ဉာဏ်ကို စတင် လေ့လာခဲ့ပြီး ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် နဂါးဉာဏ်အလင်းပွင့်ခြင်း၏ အခြေခံများကို သင်ယူပြီး ဖြစ်သောကြောင့် အထူးစာလုံးများကို အနည်းငယ် နားလည်သည်။ သို့မဟုတ်ပါက သူသည် ဘုရင်မမီဒူဆာ၏ ဤမှတ်ဉာဏ်များကို လုံးဝ ဘာသာပြန်နိုင်မည် မဟုတ်ပေ။
သေချာသည်မှာ သူ ယခု များများစားစား ဘာသာမပြန်နိုင်သေးပေ။ အများစုကိုလည်း နားမလည်နိုင်ပေ။ ဘုရင်မ မီဒူဆာ ဖွင့်ပြသော အမွေဆက်ခံ မှတ်ဉာဏ် အများစုသည် ရှမ့်လန်အတွက် ကုဒ်သင်္ကတအဖြစ် ဝှက်ထားသကဲ့သို့ ဖြစ်နေသည်။ တမင်တကာ ဝှက်ထားခြင်း မဟုတ်ဘဲ ယဉ်ကျေးမှု ပုံစံ ကွဲပြားခြားနားနေသောကြောင့် လုံးဝ နားမလည်နိုင်ခြင်း ဖြစ်သည်။
သို့သော်ငြား ထိုအချိန်တွင် ရှမ့်လန်သည် အလွန် ထူးခြားသော သတင်းအချက်အလက် ပုံစံတစ်မျိုးကို လက်ခံရရှိခဲ့သည်။ ဤအရာသည် ရှမ့်လန် အသစ် နားလည်သဘောပေါက်ထားသော နိုင်ငံခြား ယဉ်ကျေးမှု စာလုံးများနှင့် ဆက်စပ်နေသည်။
လက်ရှိအချိန်တွင် ရှမ့်လန် နားလည်နိုင်သော နိုင်ငံခြား ယဉ်ကျေးမှု စာလုံး အလွန် နည်းပါးပြီး အများစုမှာ နဂါးမျိုးနွယ်စုနှင့် သက်ဆိုင်နေသည်။ သို့သော်ငြား ဤအချက်သည်ပင် ကြီးမားသော အားသာချက်တစ်ခု ဖြစ်နေသည်။
စာလုံးပေါင်း ထောင်ချီ ရေးသားထားသော စာရွက်ကြီးတစ်ရွက်ပေါ်တွင် စာတစ်လုံးတည်းကိုသာ နားလည် သကဲ့သို့ ဖြစ်နေသောကြောင့် ထိုစာလုံးသည် အထူး ထင်ရှားပေါ်လွင်နေသည်။ ရှမ့်လန် နားလည်ထားသော နိုင်ငံခြား ယဉ်ကျေးမှု စာလုံးများသည် နဂါးမျိုးနွယ်စုနှင့်သာ သက်ဆိုင်သည်။ ထို့ကြောင့် သူသည် ဘုရင်မ မီဒူဆာ၏ မျက်လုံးများထဲရှိ သတင်းအချက်အလက်များထဲမှ နဂါးမျိုးနွယ်စုနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုသာ ဖတ်ရှုနိုင်သည်။
ဤပမာဏသည်ပင် အလွန် များပြားလှပြီး သောင်းနှင့်ချီ သို့မဟုတ် သိန်းနှင့်ချီသော ပမာဏ ရှိနေသည်။ ဤအရာများကို ဦးစွာ ဖယ်ထုတ်ပြီးနောက် ရှမ့်လန်သည် နဂါးရေကန်ကို ပစ်မှတ်ထားကာ ဘုရင်မ မီဒူဆာ၏ နဂါးရေကန်နှင့် ပတ်သက်သော မှတ်ဉာဏ်များကို ရှာဖွေလိုက်သည်။
သူ အလွန် လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။ နာရီအနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် နဂါးရေကန်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို တွေ့ရှိခဲ့သည်။ သူသည် ရှေးဟောင်း နဂါးရေကန်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။
‘ဒီနေရာမှာ ရှိနေတာလား။’
ရှေးဟောင်း နဂါးရေကန်သည် ဤနေရာတွင် ရှိနေလိမ့်မည်ဟု ရှမ့်လန် လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူသည် တောင်ဘက်ပင်လယ်၊ ရှေးဟောင်း ကျန်းကလန်၏ သင်္ချိုင်းဂူ၊ ရန်မြို့တော်နှင့် ချန်မြို့တော် အပါအဝင် နေရာများစွာကို တွေးတောခဲ့ဖူးသည်။
သို့သော်ငြား ဘုရင်မ မီဒူဆာ၏ မှတ်ဉာဏ်များအရ ရှမ့်လန် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှေးဟောင်း နဂါးရေကန်သည် ကျောက်စိမ်းဖြူတောင်ပေါ်တွင် ရှိနေခြင်း ဖြစ်သည်။ မှန်ပေသည်။ မြို့တော်ဖြူ၏ ကျောက်စိမ်းဖြူတောင်ပေါ်တွင် ဖြစ်သည်။
ဤအရာ ကျောက်စိမ်းဖြူမြို့တော် ဆိုသည့်နာမည်၏ မူလအစပေလား။ နဂါးရေကန်သည် ကျောက်စိမ်းဖြူ တောင်ထဲတွင် ရှိနေသည်။ မြို့တော်ဖြူ၏ ဩဇာအာဏာသည် ဘယ်နေရာတွင် ရှိသနည်း။ ဤလောကတွင် မည်သူမှ မသိကြပေ။ မြောက်ဘက် အစွန်ဆုံး ဒေသတွင် နှင်းရှိသော မည်သည့်နေရာမဆို ကျောက်စိမ်းဖြူမြို့တော် ပိုင်ဆိုင်သည်။ သို့သော်ငြား ကျောက်စိမ်းဖြူမြို့တော်၏ နယ်နိမိတ်များကို လူတိုင်း သိရှိကြသည်။
ကျောက်စိမ်းဖြူတောင်သည် ကျောက်စိမ်းဖြူမြို့တော်၏ တံခါးပေါက် ဖြစ်သည်။ ၎င်းသည် ကျောက်စိမ်းဖြူ မြို့တော်နှင့် လူသားလောကကြားရှိ နယ်နိမိတ် ဖြစ်သည်။ ဤနေရာသည် လောကတစ်ခုလုံးအတွက် တားမြစ် နယ်မြေလည်း ဖြစ်သည်။ ကျောက်စိမ်းဖြူမြို့တော်၏ ခွင့်ပြုချက် မရှိဘဲ တော်ဝင်ရန်အင်ပါယာ ၏ တော်ဝင် မိသားစု အပါအဝင် မည်သူမှဝင်ရောက်ခွင့် မရှိပေ။
ယခုတွင်မူ ဤကိစ္စအတွက် အထူး အကြောင်းပြချက်တစ်ခု ရှိနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းဖြူတောင်သည် တုန်လှုပ်ဖွယ် လျှို့ဝှက်ချက် တစ်ခုကို ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။ ရှေးဟောင်း နဂါးရေကန်သည် ညစ်ညမ်းသွားခဲ့ပြီ ဖြစ်ပြီး အတွင်း၌ အဆုံးအစမဲ့သော ရောင်ခြည်စွမ်းအင်များ ရှိနေသည်။
ကျောက်စိမ်းဖြူမြို့တော်သည် ရောင်ခြည်စွမ်းအင်များ အပြင်သို့ မယိုစိမ့်စေရန် မည်သို့ တားဆီးထားသနည်း။ သို့မဟုတ်ပါက ဤမျှ မြင့်မားသော ရောင်ခြည်စွမ်းအင် ပမာဏသည် ညအချိန်တွင် ထူးဆန်းစွာ တောက်ပနေမည် ဖြစ်ပြီး မိုင်ထောင်ပေါင်းများစွာ အကွာမှပင် မြင်တွေ့နိုင်မည်။
ဤလောကသည် တစ်စထက်တစ်စ ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာသည်။ လောကကြီးသည် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေပုံ ရသော်လည်း တစ်ချိန်တည်းမှာပင် လျှို့ဝှက်ချက် လုံးဝ မရှိသကဲ့သို့လည်း ဖြစ်နေပြန်သည်။ ထိုသို့ဆိုလျှင် ရှမ့်လန်၏ နောက်ထပ် ခရီးစဉ်သည် ကျောက်စိမ်းဖြူတောင်ပေါ်ရှိ ရှေးဟောင်း နဂါးရေကန် ဖြစ်သည်။
...........
အမှန်တကယ်တော့ ရှမ့်လန်၏ ဦးနှောက်သည် ဤအချိန်တွင် နဂါးမျိုးနွယ်စုထံမှ အခြား သတင်းအချက်အလက် များစွာကိုလည်း လက်ခံရရှိထားသည်။ မီဒူဆာရုပ်တု၏ မျက်လုံးများသည် သတင်းအချက်အလက် အများအပြားကို ထုတ်လွှတ်ခဲ့သည်။ ရှမ့်လန် အနေဖြင့် အားလုံးကို သူ့ဦးနှောက်ထဲတွင် သိမ်းဆည်းထားရန် မဖြစ်နိုင်သော်လည်း နဂါးမျိုးနွယ်စုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရွေးချယ် သိမ်းဆည်းထားနိုင်သည်။
သေချာသည်မှာ နဂါးမျိုးနွယ်စုနှင့် ပတ်သက်သော သတင်းအချက်အလက်များသည် အလွန် ဂမ္ဘီရဆန်လွန်း လှသည်။ ၎င်းတို့ကို ဖော်ထုတ်ရန် ရှမ့်လန်သည် အချိန်ကြာမြင့်စွာ ယူရပေလိမ့်မည်။ ထိုအထဲတွင် လျှို့ဝှက်ချက် များစွာ ပါဝင်နေမည် ဖြစ်သော်လည်း ၎င်းတို့ကို ဖော်ထုတ်ရန် သူ့တွင် အချိန်နှင့် စွမ်းအင် မရှိပေ။ သူသည် ထိုအရာတို့ကို ဦးနှောက်ထဲတွင်သာ သိမ်းဆည်းထားနိုင်၏။
ရှမ့်လန်က နှုတ်ဆက်လိုက်သည်။ “ကျေးဇူးတင်ပါတယ် ဘုရင်မ မီဒူဆာ။ တစ်နေ့ကျရင် ခင်ဗျားရဲ့ ပြိုင်ဘက်ကင်း အလှတရားကို မြင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။ နှုတ်ဆက်ပါတယ်။”
ပြီးနောက် ရှမ့်လန်သည် သူ့ကို လာရောက်ခေါ်ဆောင်သော ချောင်ယောင်းအာ ၊ ယောင်ယောင်တို့နှင့် အတူ တချောင်ကို စီးလျက် မိစ္ဆာတြိဂံနယ်မြေမှ ထွက်ခွာကာ မြောက်ဘက်သို့ ပျံသန်းသွား၏။
...........
ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် နုရှောင့်မြို့ အနီးရှိ ပင်လယ်ပြင် အထက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။
ရှမ့်လန်က ဆုံးဖြတ်ချက်ချလိုက်၏။ “ကျောက်စိမ်းဖြူတောင်ကို ငါ တစ်ယောက်တည်း သွားမယ်။”
အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် ကျောက်စိမ်းဖြူမြို့တော်၏ နယ်မြေဖြစ်ပြီး ညစ်ညမ်းနေသော ရှေးဟောင်း နဂါးရေကန်လည်း ရှိနေသောကြောင့် သေချာပေါက် အလွန် အန္တရာယ်များသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရှမ့်လန်သည် ချောင်ယောင်းအာနှင့် ယောင်ယောင်ကို စွန့်စားစေလိုခြင်း မရှိပေ။ ယောင်ယောင်သည် အဖေ့အတွက် လုံလောက်သည်ထက်ပို၍ လုပ်ပေးခဲ့ပြီးပြီ ဖြစ်ပြီး ယခုထထိ သူမ ပြန်နိုးမလာသေးပေ။
ချောင်ယောင်းအာ ဘာမှမပြောဘဲ ခေါင်းညိတ်ပြကာ ရှမ့်လန်ကို ပွေ့ဖက်လိုက်သည်။ တချောင်သည် နုရှောင့်မြို့ နှင့် ကီလိုမီတာ ရာဂဏန်း အနည်းငယ် ဝေးကွာသော ကျွန်းတစ်ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။ ရှမ့်လန်သည် ယောင်ယောင်၏ နဖူးကို နမ်းလိုက်သည်။
ရက်အနည်းငယ်ကြာ အိပ်ပျော်နေသော ယောင်ယောင်သည် မျက်လုံးများ ဖွင့်လာပြီး ရှမ့်လန်ကို လက်ပြသည်။ သူမ၏ မျက်လုံးဝိုင်းကြီးများက စကားပြောနေသကဲ့သို့ပင်။ “ဖေဖေ... တာ့တာ”
“ယောင်ယောင်... တာ့တာ။” ရှမ့်လန်သည် တချောင်၏ ကျောပေါ်သို့ ပြန်တက်လိုက်ပြီး မြောက်ဘက်ရှိ ကျောက်စိမ်းဖြူတောင်ဆီသို့ ဆက်လက် ပျံသန်းသွား၏။
...........
ကျောက်စိမ်းဖြူတောင်သည် ကျော်ကြားသော်လည်း မည်သူမှ ရောက်ဖူးခြင်း မရှိပေ။ ၎င်းသည် နှင်းတောင်၊ ရေခဲတောင် သက်သက် မဟုတ်ဘဲ ကျောက်စိမ်းတောင် တစ်လုံးလည်း ဖြစ်သည်။ ဒဏ္ဍာရီများအရ တောင်တစ်ခုလုံး သည် ကြည်လင်တောက်ပပြီး ပြီးပြည့်စုံသော အရောင်အသွေး ရှိသည်ဟု ဆိုကြသည်။ ထို့ကြောင့် ကျောက်စိမ်းဖြူဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ကျောက်စိမ်းဖြူမြို့တော်နှင့် အနောက်လောကမှ မြို့တော်ဖြူတို့သည် မိသားစု တစ်ခုတည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော်ငြား သူတို့ ကွဲပြားကြသည်။ အနောက်လောကတွင် မြို့တော်ဖြူသည် အလွန် စိတ်ကူးယဉ်ဆန်ပုံ ရပြီး တည်ရှိမှု သိပ်မရှိလှပေ။ အရှေ့လောကတွင် ကျောက်စိမ်းဖြူမြို့တော်သည် လျှို့ဝှက် ဆန်းကြယ်ပြီး အင်အားကြီးမားကာ ထိပါး၍ မရနိုင်ပေ။
နှင်းရှိသော နေရာတိုင်းသည် ကျောက်စိမ်းဖြူမြို့တော်၏ နယ်မြေ ဖြစ်သည်။ မည်သူမှ ကျူးကျော်ခွင့် မရှိပေ။ သေချာသည်မှာ နှင်းရှိသောနေရာ ဆိုသည်မှာ တစ်နှစ်ပတ်လုံး ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော နေရာကို ဆိုလိုသည်။ တိတိကျကျ ပြောရလျှင် ထာဝရ ရေခဲပြင် ပင်လယ် ဖြစ်သည်။ နှစ်ပေါင်း ရာချီ သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျောက်စိမ်းဖြူမြို့တော်၏ ခွင့်ပြုချက် မရှိဘဲ မည်သူမှ ထိုနေရာသို့ မရောက်ဖူးပေ။