အခန်း (၁၂၆၇-၁၂၆၈)
Vol. 73 Ch. 1267-1268
အပိုင်း (၁၂၆၇)
ရှမ့်လန်က ရန်ယင်ယင်ကို ပြောလိုက်သည်။ “ကူညီပေးပါ။ ကျေးဇူးတင်ပါတယ်။”
သူမ၏ သေးငယ်သော ခန္ဓာကိုယ်ဖြင့် နဂါးကြီးကို သယ်ဆောင်နိုင်ပါ့မလားဟု သူ စိုးရိမ်နေမိသည်။ သို့သော်ငြား ရန်ယင်ယင်သည် ရေကန်ထဲရှိ နဂါးသွေးများကို ငေးမောကြည့်ရှုနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ သူမ၏ မျက်လုံးများတွင် လိုချင်တပ်မက်မှုများပင် ပေါ်လွင်နေ၏။
ရှမ့်လန် ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ‘မင်းက အကုန် လိုချင်တာပဲ။’
ရှမ့်လန် သံသယဖြင့် မေးလိုက်၏။ “မင်း နဂါးသွေး တစ်ငုံလောက် သောက်ချင်လို့လား။”
နဂါးသွေးက မည်မျှ အစွမ်းထက်သနည်း။ ပုံမှန် ယုတ္တိဗေဒအရဆိုလျှင် တစ်ငုံသောက်လိုက်သည်နှင့် သွေးကြောများသည် ကြီးမားသည့် ပျက်သုဉ်းခြင်းကဲ့သို့ ပြောင်းလဲသွားသင့်သည်။ သို့သော်ငြား လက်တွေ့တွင်မူ သောက်လိုက်သူ မည်သူမဆို ပြာအဖြစ်သို့ ပြောင်းလဲသွားမည်သာ ဖြစ်သည်။ အနည်အနှစ်လေးတောင် ကျန်ရစ်မည် မဟုတ်ချေ။
မူလန်တောင်မှ နဂါးမီးလျှံကို မခံနိုင်၍ အထူးနဂါးနှလုံးသားဖြင့် ဖိနှိပ်ထားရသည်ဖြစ်ရာ နဂါးသွေးကို သောက်ရန်မှာ မဖြစ်နိုင်ချေ။ သို့သော်ငြား ရန်ယင်ယင်သည် မတူညီပေ။ သူမသည် ရောင်ခြည်စွမ်းအင်ကို မျိုချပြီး အသွင်ပြောင်းလဲသွားကြောင်း ရှမ့်လန် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
သူမသည် စွမ်းအင်စုဆောင်းသူတစ်ဦးကဲ့သို့ ဖြစ်ပြီး မည်သည့် စွမ်းအင်မျိုးကိုမဆို စမ်းသပ်လိုပုံ ရသည်။ ထို့အပြင် ဤမြေအောက် သင်္ချိုင်းဂူသို့ ရောက်လာစဉ်က သူမသည် ရှမ့်လန်၏ နဂါးဓားပေါ်ရှိ ငရဲဝိညာဉ်ပုလဲကို လက်ညှိုးထိုးပြပြီး ဘယ်က ရသလဲဟု မေးမြန်းခဲ့သေး၏။
သေချာသည်မှာ သူမ ပါးစပ်ဖွင့် မပြောသော်လည်း သူမ၏ အကြည့်က သူမ၏ ဆိုလိုရင်းကို ပြောပြနေသည်။ အနောက်လောက မီးလျှံမြို့တော်အောက်ရှိ မီးတောင်ချော်ရည် ပင်လယ်မှ ရရှိခဲ့ကြောင်း ရှမ့်လန် ပြောပြ လိုက်သည်။
နောက်ဆုံးတွင် သူမသည် အလွန် စိတ်ဝင်စားသွားခဲ့သည်။ မမျှော်လင့်ထားသော အခြေအနေများ မရှိပါက ရန်ယင်ယင်သည် ရှီလွန်အင်ပါယာသို့ မိုင်ပေါင်း သောင်းနှင့်ချီ ခရီးနှင်ပြီး ရှမ့်လန်ပြောသော မီးလျှံမြို့တော်အောက်ရှိ မီးတောင်ချော်ရည် ပင်လယ်မှ စွမ်းအင်များကို သွားရောက် စုပ်ယူပေလိမ့်မည်။
ရိုးရိုးသားသား ပြောရလျှင် ရန်ယင်ယင်၏ တည်ရှိမှုသည် ရှမ့်လန်၏ နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်နေပြီ ဖြစ်သည်။ သူမ ဘာလုပ်ရန် ကြိုးစားနေသနည်း။ သူမသည် လောကပေါ်ရှိ စွမ်းအင်အားလုံးကို စုဆောင်းလို သကဲ့သို့ အမြဲတမ်း တစ်ကိုယ်တော် လှုပ်ရှားနေတတ်သည်။
ရှမ့်လန် တွေးလိုက်၏။ ‘ကောင်းပြီလေ။ တစ်ငုံလောက် သောက်လိုက်ပါ။’
သူမသည် တခြားသူများနှင့် သေချာပေါက် မတူညီပေ။ အခြားသူများ နဂါးသွေး သောက်ပါက ပြာဖြစ်သွားမည် ဖြစ်သော်လည်း သူမကတော့ ဖြစ်ချင်မှ ဖြစ်ပေမည်။ ရန်ယင်ယင်သည် ကျောက်ခွက်တစ်လုံးကို ယူလိုက်ပြီး ရေကန်ထဲမှ နဂါးသွေး အနည်းငယ် ခပ်ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ထို့နောက် မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် အလင်းရောင်များ တောက်ပလာပြီး ယခုတစ်ကြိမ် အလင်းရောင်သည် ယခင်ကထက် ပိုမို ပြင်းထန်သည်။ ထိုမျှသာ မကသေးပေ။ သူမ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော သင်္ကေတများ ထွက်ပေါ်လာ၏။
မူလက နှစ်ပေခန့် ရှည်လျားသော ကျောပေါ်ရှိ အရိုးဆူးသည် နောက်တစ်ကြိမ် ကြောက်မက်ဖွယ် ကြီးထွား လာပြန်သည်။ ယခုတစ်ကြိမ်တွင် တစ်ပေခန့် ထပ်ရှည်လာပြီး သုံးပေခန့် ဖြစ်သွားခဲ့သည်။ သူမ ဘာအဖြစ် အသွင်ပြောင်းလဲသွားမည်နည်း။
ထို့နောက် ရန်ယင်ယင်သည် ကြမ်းပြင်ပေါ်တွင် တင်ပါးလွှဲ ထိုင်ချလိုက်ပြီး နဂါးသွေး၏ စွမ်းအင်ကို မလှုပ်မယှက် စတင် စုပ်ယူသည်။ နာရီအနည်းငယ် ကြာပြီးနောက် သူမ၏ မျက်လုံးများ ပွင့်လာသည်။ နဂါးသွေး တစ်ခွက်၏ စွမ်းအားကို လုံးဝ ချေဖျက်လိုက်နိုင်ကြောင်း ထင်ရှားသည်။
‘မင်းက တကယ် ကြမ်းတာပဲ။ နဂါးသွေး တစ်ခွက်ရဲ့ စွမ်းအားက အံ့မခန်း ဖြစ်နေတာတောင် မင်းက နာရီပိုင်း အတွင်းမှာတင် ချေဖျက်လိုက်နိုင်တယ်။’
သို့သော်ငြား သူမသည် အမှန်တကယ် တစ်ခွက်သာ လိုချင်ခဲ့သည်။ ထို့နောက်တွင် နဂါးသွေးကန်ကို စိတ်ဝင်စားပုံ မရတော့ပေ။
ရှမ့်လန် ရုတ်တရက် မေးလိုက်၏ “ယင်ယင်... မင်း ဘာမျိုးစိတ်လဲ ဆိုတာ ကျုပ်ကို ပြောပြနိုင်မလား။”
ရန်ယင်ယင် ခေါင်းခါလိုက်သည်။ ပြီးတော့ ထပ်မံ ခေါင်းခါလိုက်ပြန်သည်။ နှစ်ခါ ခေါင်းခါခြင်းက ဘာအဓိပ္ပာယ်နည်း။ မကြာမီ ရှမ့်လန် နားလည်သွားသည်။ သူမ ဆိုလိုသည်မှာ သူမသည် မည်သည့် မျိုးစိတ်ဖြစ်ကြောင်း သူမကိုယ်တိုင် မသိခြင်း ဖြစ်သည်။ ယခုအချိန်အထိ သူမသည် ဗီဇစိတ်ဖြင့်သာ လှုပ်ရှားနေခြင်း ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆို သွားကြစို့။ ဒီနဂါးက အများကြီး ကျုံ့သွားပြီ ဆိုပေမဲ့ မီတာ ရာပေါင်းများစွာ ရှည်သေးတယ်။ မင်း သယ်နိုင်ပါ့မလား။”
ရှမ့်လန် စကားမဆုံးမီ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် မီတာ ရာပေါင်းများစွာ ရှည်လျားသော နဂါးကြီးကို သူမ ထမ်းပြီး ပြေးနေပြီ ဖြစ်သောကြောင့်ပင်။ ထို့အပြင် သူမ၏ အမြန်နှုန်းသည် အလွန် မြန်ဆန်လှသည်။
‘သောက်ကျိုးနည်း .... ခုနက သောက်လိုက်တာ နဂါးသွေးဟုတ်ပါတယ်နော်။ ကေသီပန်တွေများ သောက်လိုက်တာလား။’
နဂါးကြီး မည်မျှ လေးလံကြောင်း ရှမ့်လန် စိတ်ကူးပင် မကြည့်ရဲပေ။ သို့သော်ငြား ရန်ယင်ယင်သည် အားစိုက်ထုတ်စရာ မလိုဘဲ သယ်ဆောင်သွားနိုင်ပုံ ရ၏။
...........
ခဏအကြာတွင် ရှမ့်လန်သည် တချောင်ကို စီးလျက် ကောင်းကင်ယံသို့ ပြန်လည် ပျံတက်သွားခဲ့သည်။ ထိုစဉ် အတောအတွင်း ရန်ယင်ယင်သည် နဂါးကြီးကို ပခုံးပေါ်ထမ်းလျက် ပင်လယ်ထဲ၌ ကူးခတ်နေသည်။ သူမ၏ အမြန်နှုန်း သည် စိတ်ကူး၍ မရနိုင်လောက်အောင်ပင်။
“ရွှစ်.. ရွှစ်... ရွှစ်...”
အစပိုင်းတွင် ရှမ့်လန်သည် တချောင်ကို အမြန်နှုန်း ထိန်းထားရန် ပြောခဲ့သည်။ သို့သော်ငြား မည်မျှ မြန်မြန် ပျံသန်းစေကာမူ ရန်ယင်ယင် လိုက်မီနေကြောင်း သူ တွေ့ရှိလိုက်ရသည်။ သူတို့၏ ခရီးစဉ်သည် ချောမွေ့ခဲ့သည်။
အမှန်တကယ်တွင် ယခုအချိန်အထိ ရှမ့်လန်ကို ခြိမ်းခြောက်နိုင်သော ရန်သူဟူ၍ တော်ဝင်ရန်အင်ပါယာ တစ်ဦးတည်း သာ ရှိသည်။ ကျောက်စိမ်းဖြူမြို့တော်သည် သာမန်လောကနှင့် ကင်းကွာနေသော အခြေအနေတွင် ရှိနေပုံရသည်။ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ အခြေအနေကို စောင့်ကြည့်နေသကဲ့သို့ ရှိသည်။ ကျောက်စိမ်းဖြူ မြို့တော် ဘာတွေ တွေးနေသနည်း။ ဘာတွေ လုပ်ဖို့ ကြိုးစားနေသနည်း ဆိုသည်ကို မည်သူမှ မသိကြချေ။
ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် ကျောက်စိမ်းဖြူတောင်ရှေ့သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။ ယခင်က အတိုင်းပင် ဖြစ်သည်။ အစိမ်းရောင်၊ အစိမ်းရောင်၊ အဝါရောင်နှင့် အစိမ်းရောင်။ ကောင်းကင်ကြီးသည် လောကပျက်တော့မည့် အလား ဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် ပုံရိပ်ယောင် အဖြစ် ရှိနေခြင်ပင်။ သို့မဟုတ်ပါက လူသားများသည် ဤမြင်ကွင်းကို မြင်တွေ့ရလျှင် လန့်သေသွား လောက်သည်။
“ဘုန်း...”
ခဏအကြာတွင် မြေပြင်ပေါ်ရှိ ရေခဲပြင်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ရန်ယင်ယင်သည် မီတာ ရာပေါင်းများစွာ ရှည်လျားသော နဂါးကြီးကို ဆွဲလျက် ပြေးထွက်လာ၏။
နဂါးကြီးသည် သေလုနီးပါး ဖြစ်နေဆဲပင်။ လုံးဝ မလှုပ်ရှားပေ။
ရန်ယင်ယင်သည် နဂါးကြီးကို အတွင်းသို့ ခေါ်သွားသင့်လားဟု မေးမြန်းနေသကဲ့သို့ ရှမ့်လန်ကို ကြည့်လိုက်သည်။ ဤအချိန်အခိုက်အတန့်အတွက် ရှမ့်လန် အများကြီး လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်သည်။ ဤနည်းလမ်း တစ်ခုတည်းသာ ရှိတော့သည်။
သူ့တွင် အချိန် သိပ်မကျန်တော့ပေ။ မြင့်လေလေ လမ်းကြောင်း ကျဉ်းမြောင်းလေလေ ဖြစ်သည်။ လူတစ်ယောက် အားနည်းနေချိန်တွင် အခက်အခဲနှင့် ကြုံတွေ့ရပါက ဖြေရှင်းရန် နည်းလမ်းများစွာ ရှိနိုင်သည်။ သို့သော်ငြား လူတစ်ယောက် အလွန် အင်အားကြီးမားနေချိန်တွင် ဖြေရှင်းရန် နည်းလမ်း နည်းပါးသွားတတ်၏။
အမှန်တကယ် တော့ နည်းလမ်း တစ်ခုတည်းသာ ရှိတော့သည်။ တိုင်းပြည်တစ်ပြည်အတွက်လည်း ထိုနည်းလည်းကောင်းပင်။ တိုင်းပြည်တစ်ပြည် အားနည်းပြီး နောက်ကျကျန်နေချိန်တွင် သန်မာလာစေရန် နည်းလမ်းများစွာ ရှိသည်။ သို့သော်ငြား တိုင်းပြည်တစ်ပြည်သည် လောကပေါ်တွင် ဒုတိယ အင်အားအကြီးဆုံး ဖြစ်လာချိန်မှာတော့ လျှောက်လှမ်းစရာ လမ်းတစ်လမ်းတည်းသာ ရှိတော့သည်။ ထိုမျှမက နောက်ပြန်လှည့်စရာ လမ်းမရှိပေ။ ရှိနေသည့် နေရာတွင် ရပ်တန့်နေ၍လည်း မရနိုင်ပေ။
ရှမ့်လန် မျက်လုံးများကို မှိတ်ကာ နဂါးဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ နောက်တစ်ကြိမ် ဝင်ရောက်လိုက်သည်။ နဂါးနှလုံးသား၏ ပြောင်းလဲမှုများကို သူ ခံစားလိုက်သည်။ ဤသည်မှာ သေချာပေါက် လေ့ကျင့်ခန်းတစ်ခု ဖြစ်သည်။ နဂါးနှင့် ရောင်ခြည်စွမ်းအင်ကြား တိုက်ပွဲအတွက် လေ့ကျင့်ခန်း ဖြစ်သည်။ ရူးသွပ်စွာ ပြောင်းလဲနေဆဲပင်။
လွန်ခဲ့သော ရက်အနည်းငယ်ကနှင့် နှိုင်းယှဉ်လျှင် နဂါးနှလုံးသားအတွင်းရှိ နဂါးသွေးခြင်ဆီ ပမာဏ ထပ်မံ တိုးပွားလာခဲ့သည်။ သို့သော်ငြား အလွန် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ ပြောင်းလဲမှုများသည် နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်သွားပုံရသည်။ ယခင်ကကဲ့သို့ မပြင်းထန်တော့ပေ။
သို့သော်ငြားလည်း ဤသည်မှာ ကောင်းသော အချက်ဖြစ်သည်။ အားနည်းသွားခြင်း မရှိဘဲ ပိုမို သန်မာလာ ခဲ့သည်။ ဂုဏ်သတ္တိများသာ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ရှမ့်လန်၏ အကြံဉာဏ် မှန်ကန်ကြောင်း ပြသနေသည်။ သို့သော်ငြား နဂါးနှလုံးသားထဲသို့ ဝင်ရောက်သော ရောင်ခြည်ပမာဏသည် အလွန် နည်းပါးသည်။ နဂါးသွေးခြင်ဆီ စွမ်းအင်၏ တစ်သောင်းပုံ တစ်ပုံပင် မရှိပေ။
နဂါးတစ်ကောင်သည် ရောင်ခြည်သင့်နေသော နဂါးရေကန်ထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါ ဘာဖြစ်လာမည်နည်း။ ရှမ့်လန် မျက်လုံးများ မှိတ်ကာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ နဂါးမျိုးနွယ်စုနှင့် ပတ်သက်သော မှတ်တမ်းများကို စတင် ရှာဖွေလိုက်သည်။ ဘုရင်မမီဒူဆာ၏ နဂါးမျိုးနွယ်စုနှင့် ပတ်သက်သော မှတ်ဉာဏ်များကိုလည်း စတင် ရှာဖွေလိုက်သည်။
သူ ထပ်မံ အတည်ပြုလိုက်သည်။ နဂါးတစ်ကောင်၏ အသက်ဇာစ်မြစ်သည် စွမ်းအင် ဖြစ်သည်။ နဂါးသည် အလွန် အင်အားကြီးမားသော အစိတ်အပိုင်းတစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ နဂါး၏ ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ဖြစ်နိုင်သော်လည်း စွမ်းအင်သက်ရှိတစ်ခုကို ဖျက်ဆီးရန်မှာ အလွန် ခက်ခဲ၏။
‘ငါ တကယ် လုပ်သင့်သလား။’
ရှမ့်လန်သည် နဂါးဓားကို ထုတ်ယူပြီး ငရဲဝိညာဉ်ပုလဲကို ကျောက်စိမ်းဖြူတောင်၏ တံခါးထဲသို့ ထိုးစိုက် လိုက်သည်။ ခဏအကြာတွင် တံခါး၌ အပေါက်တစ်ခု အရည်ပျော်ကျလာခဲ့သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် ရှမ့်လန် အလွန် သတိထားနေသည်။ သူသည် မည်သည့် ကွာဟချက်မှ မကျန်ရှိစေခဲ့ပေ။ အတွင်းရှိ ကြောက်မက်ဖွယ် ရောင်ခြည်စွမ်းအင်များ ယိုစိမ့်မထွက်လာခဲ့ပေ။
ရှမ့်လန်က ပြောလိုက်သည်။ “ယင်ယင်... နဂါးရဲ့ နှုတ်ခမ်းမွေး တစ်ချောင်းကို ကျောက်စိမ်းဖြူတောင် တံခါးပေါက်က အပေါက်ထဲ ထိုးထည့်ပေးပါ။ သူ့ကို အားကောင်းတဲ့ ရောင်ခြည်စွမ်းအင် ခံစားခိုင်းလိုက်ပါ။”
ရန်ယင်ယင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် နဂါးကို သယ်ဆောင်ကာ ကျောက်စိမ်းဖြူတောင်၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ ရှမ့်လန်သည် ငရဲဝိညာဉ်ပုလဲကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။ ရန်ယင်ယင်က ပိုမို လျင်မြန်သည်။ သူမသည် နှုတ်ခမ်းမွေးကို အပေါက်ထဲသို့ ထိုးထည့်လိုက်၏။
ချက်ချင်းပဲ အဆုံးအစမဲ့သော ရောင်ခြည်စွမ်းအင်များသည် နှုတ်ခမ်းမွေးမှတဆင့် နဂါး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။ လေထုသည် ရုတ်တရက် တုန်ခါသွားသည်။ ကီလိုမီတာ ဒါဇင်ပေါင်းများစွာ အတွင်းရှိ ရေခဲပြင်သည် ချက်ချင်း အက်ကွဲသွားခဲ့သည်။
“အား... အား... အား...”
နဂါးကြီးသည် သေလုနီးပါး ဖြစ်နေဆဲပင်။ လုံးဝ မလှုပ်ရှားပေ။ သို့သော်ငြား ၎င်း၏ နဂါးဝိညာဉ်သည် ရှမ့်လန်၏ ခေါင်းထဲတွင် အော်ဟစ်နေသည်။ “လူသား... မင်း ဘာလုပ်နေတာလဲ။ မင်း ဘာလုပ်နေတာလဲ။ မင်း ကျုပ်ကို သတ်မလို့လား။ မင်း ကျုပ်ကို သတ်မလို့လား။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် မင်းကို ကယ်တင်ချင်လို့ပါ။”
နဂါးဝိညာဉ်က အော်ဟစ်လိုက်သည်။ “မင်း ကျုပ်ကို သတ်ရုံပဲ ရှိမှာပါ။ ဒီရောင်ခြည်စွမ်းအင်ဟာ အရမ်း ကြောက်စရာကောင်းတယ် ဆိုတာ ကျုပ်တို့ရဲ့ မှတ်ဉာဏ်တွေအားလုံးမှာ ပါဝင်နေတာ သိရဲ့လား။ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးရုံသာမက ကျုပ်တို့ရဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်နိုင်တယ်။ ကျုပ်က သေလုနီးပါး ဖြစ်နေပြီ။ ကျုပ်အသက်ကို ဆက်ထိန်းဖို့ ထွက်သက်တစ်ချက်ပဲ ကျန်တော့တာ။ မင်း ဒီလိုလုပ်ရင် ကျုပ် သေသွားလိမ့်မယ်။”
ရှမ့်လန်က မေးလိုက်၏။ “နဂါးကြီး... ရောင်ခြည်စွမ်းအင်ကို ကြောက်ရွံ့တဲ့စိတ်က မင်းရဲ့ မျိုးဗီဇမှတ်ဉာဏ် ထဲမှာ ရေးထိုးထားတယ် မဟုတ်လား။”
နဂါးကြီးက ပြန်ပြောသည်။ “ဟုတ်တယ်။ မင်းပြောတဲ့ မျိုးဗီဇမှတ်ဉာဏ် ဆိုတာကို ကျုပ် တစ်ခါမှ မကြားဖူးပေမဲ့ ကျုပ်တို့ရဲ့ မွေးရာပါမှတ်ဉာဏ်ထဲမှာ ဒီရောင်ခြည်စွမ်းအင်ဟာ နဂါးမျိုးနွယ်စုရဲ့ သဘာဝရန်သူ ဖြစ်တယ်။ အရှင် ရှမ့်လန်... မင်းရဲ့ နုရှောင့်မြို့အောက်မှာ ဒီအရာတွေ အများကြီး ရှိတယ်။ ကျုပ် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး နုရှောင့်မြို့ကို မဖျက်ဆီးခဲ့ဘူး။
ဒါပေမဲ့ ကျုပ် ပြောပြမယ်။ ကျုပ် နုရှောင့်မြို့ကို တကယ်၊ တကယ် မုန်းတယ်။ အဲဒါကြောင့် အချိန်အများစုမှာ ကျုပ်က အဲဒီနေရာနဲ့ ကီလိုမီတာ သောင်းချီ ဝေးတဲ့ နေရာမှာပဲ နေတာ။ အခုတော့ မင်းက နုရှောင့်မြို့အောက်က ပမာဏထက် အဆပေါင်း သန်းချီ၊ ကုဋေချီ ပိုများတဲ့ အကြောက်မက်ဖွယ် အကောင်းဆုံး ရောင်ခြည်ထဲကို ကျုပ်ကို ထည့်ချင်နေတယ်။”
နဂါးကြီးက ဆက်ပြောလိုက်၏။ “အရှင် ရှမ့်လန်... ကျုပ် မင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာက ကျုပ်တို့ နဂါးမျိုးနွယ်စုရဲ့ မာနနဲ့ ဂုဏ်သိက္ခာကြောင့်ပါ။ နဂါးစာချုပ်ကို ကျုပ် ဖြည့်ဆည်းရမယ်။ ဒါကြောင့် ရုတ်တရက် ကြုံတွေ့ရတဲ့ အဲဒီတိုက်ပွဲမှာလည်း ကျုပ် နောက်မဆုတ်ခဲ့ဘူး။
ဒါပေမဲ့ ကျုပ် ပြောရမယ်။ မင်းရဲ့ အပြုအမူက အရမ်း အဓိပ္ပါယ်မရှိဘဲ ရူးသွပ်လွန်းတယ်။ ကျုပ် အင်အား မပြည့်ဝခင်မှာပဲ မင်းက တခြား အရွယ်ရောက်ပြီးသား နဂါးတစ်ကောင်ကို စိန်ခေါ်ခဲ့တယ်။ သူ့မှာ တိုက်ခိုက်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းပဲ ရှိရင်တောင် ကျုပ်က သူ့ပြိုင်ဘက် မဟုတ်ဘူး။ ကျုပ် တိုက်ပွဲမှာ ရဲရဲဝံ့ဝံ့ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ရူးသွပ်တဲ့ နဂါးစေတမန် မင်းက ကျုပ်ကို အရမ်း စိတ်ပျက်စေတယ်လို့ ကျုပ် ပြောနိုင်တယ်။ ဖြစ်နိုင်ရင် ကျုပ် မင်းနဲ့ စာချုပ်ကို ဖျက်သိမ်းပစ်ချင်တယ်။”
နဂါးကြီးသည် အပြတ်သားဆုံး စကားများကို ပြောလိုက်သည်။
ရှမ့်လန် တိတ်ဆိတ်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် မင်းကို မေးပါရစေ။ အရှေ့လောကကို ပြန်ရောက်ပြီးနောက် ရန်မြို့တော်က နဂါးရဲ့ စွမ်းအင် အရှိန်အဝါကို မင်း အာရုံခံမိတယ် မဟုတ်လား။ အဲဒါကြောင့် မင်းက မီးတောင်တွေရဲ့ စွမ်းအင်ကို အစွမ်းကုန် မျိုချပြီး အမြန်ဆုံး သန်မာလာဖို့ ကြိုးစားခဲ့တာ မဟုတ်လား။ ရန်မြို့တော်က နဂါးက စောစော ထွက်လာခဲ့လို့ သူ့မှာ တိုက်ခိုက်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းပဲ ရှိခဲ့တာ။
ဒါဆို ကျုပ် မင်းကို မေးမယ်။ တကယ်လို့ ကျုပ် မင်းကို အရှေ့လောကဆီ စောစော ပြန်မခေါ်လာဘဲ နောက်ထပ် နှစ်ဝက်လောက် နေမှ ပြန်လာခဲ့မယ် ဆိုရင်။ အဲဒီအချိန်ကျရင် မင်း ပိုသန်မာလာမှာ မှန်ပေမဲ့ တော်ဝင်ရန် နဂါးကတော့ တိုက်ခိုက်နိုင်စွမ်း ၁၀၀ ရာခိုင်နှုန်း ပြည့်ဝနေလိမ့်မယ်။ အဲဒီအချိန်ကျမှ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲမယ်ဆိုရင် မင်းမှာ မျှော်လင့်ချက် ရှိအုံးမှာလား။”
နဂါးကြီး တိတ်ဆိတ်နေခဲ့သည်။ မျှော်လင့်ချက် မရှိနိုင်ပေ။
ရှမ့်လန်က ပြောလိုက်၏။ “အဲဒီအချိန်ကျရင် တော်ဝင်ရန်နဂါးက မင်းကို လာရောက် ဖျက်ဆီးမယ်ဆိုရင် မင်း တိုက်ပွဲကို တားဆီးနိုင်မလား။ မင်း ထွက်ပြေးနိုင်မလား။”
နဂါးကြီး တိတ်ဆိတ်နေဆဲပင်။ တိုက်ပွဲကို မတားဆီးနိုင်သလို ထွက်ပြေး၍လည်း မရနိုင်ပေ။ ဤလောကသည် နဂါးတစ်ကောင်အတွက် သေးငယ်လွန်းသည်။ မည်သည့်နေရာသို့ ထွက်ပြေးရမည်နည်း။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် ရလဒ်က ဆိုးရွားတယ် ဆိုပေမဲ့ ဒါက ကျုပ်တို့အတွက် အကောင်းဆုံး ရလဒ်ပါပဲ။ မမေ့ပါနဲ့။ အရေးကြီးတဲ့အချိန်မှာ ကျုပ် ရှေ့ထွက်ပြီး တော်ဝင်ရန် နဂါးကို မျက်စိကွယ်အောင် မလုပ်ခဲ့ဘူးဆိုရင် ကျုပ်တို့ အားလုံး သေကုန်ကြမှာ။ ကျုပ်တို့ လုံးဝ ပျက်စီးသွားကြမှာ။”
အချိန်အတော်ကြာပြီးနောက် နဂါးကြီးသည် ရှမ့်လန်ကို ကြည့်ကာ ပြောလိုက်၏။ “ကျုပ် တောင်းပန်ပါတယ်။ စောစောက စကားတွေ ပြောလိုက်တာ ကျုပ် မိုက်မဲရာ ကျသွားတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “အခု တော်ဝင်ရန်နဂါး ပြန်ရောက်လာပြီ။ သူ့မှာ အစွမ်းထက်တဲ့သခင် တော်ဝင်ရန်အင်ပါယာ ရှိတယ်။ အင်ပါယာက နဂါးတွေအကြောင်း ပိုပြီး နားလည်သဘောပေါက်တယ်။ ကျုပ် မမှားဘူးဆိုရင် တော်ဝင်ရန်အင်ပါယာမှာ နဂါးရေကန် ရှိလိမ့်မယ်။ ဒီနောက်ပိုင်းမှာ တော်ဝင်ရန်နဂါးက ကုသပြီး သူ့ရဲ့ အမြင့်ဆုံး တိုက်ခိုက်နိုင်စွမ်းကို ပြန်ရလိမ့်မယ်။ သူ ပြန်ပေါ်လာတဲ့အခါကျရင် မင်း အသက်ရှင်နိုင်အုံးမလား။ ကျုပ် အသက်ရှင်နိုင်ကြအုံးမလား။”
အပိုင်း (၁၂၆၈)
မရှင်နိုင်ကြောင်း ထင်ရှားသည်။ တော်ဝင်ရန် နဂါး ပြန်ပေါ်လာချိန်မှာတော့ ကျန်းမိသားစု နဂါးဖြစ်သော ရှမ့်လန် ပုန်းအောင်းနေလည်း အလကားသာ ဖြစ်မည်။ သေချာပေါက် ရှာဖွေတွေ့ရှိပြီး အသတ်ခံရမည်သာ။
တော်ဝင်ရန် နဂါးသည် သူ၏ အာရုံခံစားမှုများကို ကြောက်မက်ဖွယ် စွမ်းအင်များ ဝင်ရောက်စီးနင်းခြင်း ခံလိုက်ရသောကြောင့် ပျံသန်း ထွက်ပြေးသွားခြင်း ဖြစ်သည်။
ငရဲဝိညာဉ်ပုလဲ၏ စွမ်းအင်သည် သူ၏ ဦးနှောက်ထဲတွင် သောင်းကျန်းနေသည်။ သူ ချက်ချင်း ပြန်သွားပြီး ကြောက်မက်ဖွယ် စွမ်းအင်များကို ဖယ်ရှားပစ်ရမည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအနေဖြင့်မူ တော်ဝင်ရန် နဂါးက သိပ်ဂရုမစိုက်ပေ။
ရှမ့်လန်က ပြောလိုက်၏။ “နဂါးကြီး... ကျုပ်တို့မှာ တစ်နှစ်တောင် အချိန်မကျန်တော့ဘူး။ မဟုတ်ဘူး။ တစ်နှစ်တောင် မပြည့်တော့ဘူး။ ပြောစမ်းပါ။ ကျုပ်တို့မှာ ဘယ်လမ်းကြောင်း ကျန်သေးလို့လဲ။ ပုံမှန် လမ်းကြောင်း အတိုင်းဆိုရင် မင်း ပြန်ကောင်းလာဖို့ ဘယ်လောက် ကြာမလဲ။”
ကျန်းမိသားစု နဂါးက ပြန်ဖြေသည်။ “၉၅ နှစ်။”
“၉၅ နှစ်။”
ရှမ့်လန်က ပြောလိုက်၏။ “တော်ဝင်ရန် နဂါးက ကျုပ်တို့ကို ၉၅ နှစ် အချိန်ပေးမှာလား။ မင်း အပြည့်အဝ ပြန်ကောင်းလာရင်တောင် မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက သူ့ထက် အများကြီး နိမ့်ကျနေအုံးမှာ။”
နဂါးကြီး တိတ်ဆိတ်သွားခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “နဂါးကြီး... ကျုပ်တို့ရှေ့မှာ တခြားလမ်း မရှိတော့ဘူး။ အနည်းဆုံးတော့ လက်ရှိအချိန်မှာ အရှေ့လောက တစ်ခုလုံးမှာ နဂါးတစ်ကောင်တည်းပဲ ရှိနိုင်တယ်။”
နဂါးကြီး တိတ်ဆိတ်နေခဲ့သည်။ အချက်တစ်ချက်ကို သူ အလွန် ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။ သူ ဘာမှမလုပ်ဘဲနေပါက သေမင်းကို စောင့်မျှော်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ တော်ဝင်ရန်နဂါး တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာချိန်တွင် သူ့ဘဝ အဆုံးသတ်သွားပေလိမ့်မည်။
သို့သော်ငြား ရှမ့်လန် အကြံပြုသည့်အတိုင်း လုပ်ဆောင်ပြီး ဤကြောက်မက်ဖွယ် ရောင်ခြည် ပတ်ဝန်းကျင်ထဲသို့ ဝင်ရောက်ပါက သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “နဂါးကြီး... ကျုပ်ရဲ့ နဂါးနှလုံးသားကို အာရုံခံကြည့်ပါ။ အဲဒီမှာရှိတဲ့ နဂါးသွေးခြင်ဆီ စွမ်းအင်က ရောင်ခြည်စွမ်းအင်ကို မျိုချပြီး အသွင်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့တာ။ သူ့ရဲ့ စွမ်းအင်က အနည်းဆုံး တစ်ဆ တိုးလာခဲ့တယ်။”
နဂါးကြီးက ပြောလိုက်၏။ “အရှင် ရှမ့်လန်... ဒါပေမဲ့ နဂါးနှလုံးသားရဲ့ သွေးခြင်ဆီက လုံးဝ အသာစီး ရထားတာလေ။ သူ မျိုချလိုက်တဲ့ ရောင်ခြည်က သူ့ပမာဏရဲ့ တစ်သောင်းပုံ တစ်ပုံတောင် မရှိဘူး။ တကယ်လို့ ကျုပ် ဒီရောင်ခြည် ပတ်ဝန်းကျင်ထဲ ဝင်သွားရင် ရောင်ခြည်က အခုပမာဏထက် အဆတစ်ရာ ပိုများလိမ့်မယ်။ အဲဒီအခါကျရင် ဘာဖြစ်မလဲ။ ကျုပ် မသိဘူး။ အခြေခံအားဖြင့် ကျုပ် လုံးဝ ပျက်စီးသွားလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “နဂါးကြီး... ဒီအထဲမှာ ဘာရှိလဲ မင်း သိလား။ ရှေးဟောင်း နဂါးရေကန်ပဲ။ မင်းရဲ့ ဘိုးဘေးတွေ၊ ဒါမှမဟုတ် မင်းရဲ့ မိဘတွေ ဒီမှာ ကြီးပြင်းခဲ့ကြတာ။ ဒါက နဂါးမျိုးနွယ်စုရဲ့ ကြီးထွားရာ ကန်ပဲ။ အဲဒီအထဲမှာ နဂါးမျိုးနွယ်စု လိုအပ်တဲ့ စွမ်းအင်တွေ၊ ပစ္စည်းတွေ အကုန်ပါတယ်။ နဂါးရေကန်ထဲမှာ မင်း အဆတစ်ရာ ပိုမြန်မြန် ကြီးထွားနိုင်တယ်။ သဘာဝကျစွာပဲ အဲဒါက ရောင်ခြည်သင့်ပြီး ညစ်ညမ်းနေပြီ။ ရှေးဟောင်းခေတ်ရဲ့ ပျောက်ဆုံးအင်ပါယာက နဂါးရေကန်ကို တိုက်ခိုက်ဖို့ နေဝင်ချိန် လက်နက် အများအပြားကို အသုံးပြုခဲ့တယ်။”
“နဂါးရေကန်...”
ဤစကားလုံးကို ကြားလိုက်ချိန်မှာတော့ နဂါးကြီးသည် ရှေးဟောင်း မှတ်ဉာဏ်တစ်ခုခုကို ပြန်လည် သတိရလိုက် သကဲ့သို့ ဖြစ်သွား၏။
‘ဒါက နဂါးမျိုးနွယ်စုရဲ့ ပုခက်လား။ နဂါးမျိုးနွယ်စုရဲ့ ပျိုးခင်းလား။ နဂါးမျိုးနွယ်စုရဲ့ အိမ်လား။’
ရှမ့်လန်က ပြောလိုက်သည်။ “ဒါ့အပြင် အထဲမှာရှိတဲ့ ရောင်ခြည်စွမ်းအင်တွေ ပြောင်းလဲသွားတာကို ကျုပ် တွေ့လိုက်ရတယ်။ အဲဒီစွမ်းအင်တွေက သန့်စင်ယူရေနီယမ် ရောင်ခြည်စွမ်းအင်နဲ့ မတူတော့ဘူး။ နဂါးရေကန်ရဲ့ စွမ်းအင်တွေနဲ့ ရောစပ်သွားခဲ့ပြီ။ ဒါက ပိုပြီး အဆင့်မြင့်တဲ့၊ ပိုပြီး နက်နဲဆန်းကြယ်တဲ့၊ ပိုပြီး အားကောင်းတဲ့ စွမ်းအင်တစ်ခု ဖြစ်လာခဲ့ပြီ။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကဆိုရင် ဒီရောင်ခြည်စွမ်းအင်က မင်းအတွက် သေစေနိုင်လောက်ပေမဲ့ အခုတော့ ဟုတ်ချင်မှ ဟုတ်တော့မယ်။ ရောင်ခြည်စွမ်းအင်က နဂါးရေကန်ကို ပြောင်းလဲစေခဲ့သလို နဂါးရေကန်က လည်း ရောင်ခြည်စွမ်းအင်ကို ပြောင်းလဲစေခဲ့ပြီ။”
နဂါးသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့၏။ “အရှင်ရှမ့်လန်... မင်း ပြောတာ မှန်ပါတယ်။ ကျုပ်တို့မှာ သွားစရာလမ်း မရှိတော့ပါဘူး။ ဒါက သေလမ်း ဖြစ်နေရင်တောင်မှ တစ်ခုတည်းသော ထွက်ပေါက်ပါပဲ။ ဒါပေမဲ့ ကျုပ် မင်းကို ပြောပြရမယ့် အရာတစ်ခု ရှိတယ်။ နဂါးမျိုးနွယ်တွေရဲ့ အာရုံခံစားမှုက အရမ်းကို တိကျတယ်။ ရှေးဟောင်း နဂါးရေကန်ထဲကို ဝင်ပြီးတာနဲ့ ကျုပ် ပျက်သုဉ်းသွားလိမ့်မယ်။ အသက်ရှင်ဖို့ လမ်းစ မရှိပါဘူး။”
နဂါးက ထိုသို့သော ဆုံးဖြတ်ချက်မျိုး ချမှတ်လိုက်သည်လား။ အခြေအနေ မဟန်တော့ပေ။ နဂါးကိုယ်တိုင်က ဤသို့ ထုတ်ဖော်ပြောဆိုလာမှတော့ ဖြစ်လာမည့် အလားအလာ များပြားနေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနဂါး ရေကန်ထဲသို့ ဝင်ရောက်ရမည့်သူမှာ နဂါးကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။ နဂါးကိုယ်တိုင်က မျှော်လင့်ချက် မရှိဟု ခံစားနေရခြင်း ဖြစ်သည်။
ရှမ့်လန်သည် မျက်လုံးများကို မှိတ်ကာ အချိန်ကြာမြင့်စွာ တွေးတောနေလိုက်၏။ “နဂါး... ဒီလိုဆိုရင် ဒီကပ်ဘေးကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြတာပေါ့။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ပျက်သုဉ်းခြင်းပဲ ဖြစ်ဖြစ်၊ အောင်မြင်မှုပဲ ဖြစ်ဖြစ် ကျုပ်တို့ အတူတူ ဖြတ်သန်းကြမယ်။ ကျုပ်က မင်းရဲ့ နဂါးသံတမန်ပဲလေ။ ကျုပ်က အပြင်ဘက်မှာ ရပ်ကြည့်နေပြီး မင်းတစ်ကောင်တည်း ငရဲပြည်ကို သွားခိုင်းလို့ ဘယ်ဖြစ်မလဲ။ မင်းတစ်ကောင်တည်းဆိုရင် ဒီကပ်ဘေးကနေ အသက်ရှင်ချင်မှ ရှင်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်ပါ လိုက်ခဲ့မယ်ဆိုရင်ရော ...... ။ ကျုပ် မင်းနဲ့အတူ ငရဲပြည်အထိ လိုက်ခဲ့ပါ့မယ်။”
နဂါးက မေးလိုက်သည်။ “မင်း သေချာလို့လား။”
ရှမ့်လန်က ပြန်ဖြေလိုက်၏။ “အမှန်ပဲ။”
“ကောင်းပြီ။”
ခဏအကြာတွင် နဂါး၏ ဦးခေါင်းထက်၌ ပုတီးစေ့တစ်လုံး တဖြည်းဖြည်းချင်း စုစည်း ဖြစ်ပေါ်လာခဲ့သည်။ ၎င်းမှာ ဆော့ရွှမ်း ခိုးယူသွားခဲ့ဖူးသော နဂါးဝိညာဉ်ပုတီးစေ့ပင် ဖြစ်၏။ ပုံမှန် နဂါးစာချုပ်သည် တရားမျှတမှု မရှိပေ။ အတိုင်းအတာတစ်ခုအထိ တစ်ဖက်သတ် ဆန်လွန်းလှ၏။ တိုက်ပွဲဝင် မိတ်ဖက်များဟု ဆိုသော်လည်း သခင်နှင့် ဒဏ္ဍာရီသတ္တဝါတို့၏ ဆက်ဆံရေးမျိုးသာ ဖြစ်နေခဲ့သည်။
ထို့ကြောင့် နဂါးစာချုပ်သည် တစ်ဖက်သတ် ဖြစ်နေခဲ့ခြင်း ဖြစ်၏။ နဂါးသည် သခင်၏အမိန့်ကို မဖြစ်မနေ နာခံရပေသည်။ ထို့ကြောင့် နဂါးသည် ရှမ့်လန်ကို တစ်ခါမျှ မမြင်ဖူးခဲ့လျှင်ပင် ရှမ့်လန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် စာချုပ်ကို အလိုအလျောက် သက်တမ်းတိုးကာ ရှမ့်လန်အား သခင်အဖြစ် အသိအမှတ်ပြု လိုက်ရခြင်း ဖြစ်၏။
သို့သော်ငြား နှစ်ဖက်သဘောတူ နဂါးစာချုပ်ဟူသည့် အခြားသော အခြေအနေတစ်ရပ်လည်း ရှိနေပြန်သည်။ ထိုစာချုပ်မျိုးက နဂါးကိုသာ ချုပ်ထိန်းထားသည် မဟုတ်ဘဲ လူသားကိုပါ ပြန်လည် ချုပ်ထိန်းထားသည်။ လူသားသည် နဂါးကို တစ်ဖက်သတ် ထိန်းချုပ် အမိန့်ပေးနိုင်တော့မည် မဟုတ်ပေ။ နဂါးကလည်း လူသားကို ပြန်လည် ထိန်းချုပ်လာနိုင်ပေမည်။ ထိုနည်းလမ်းအားဖြင့် နှစ်ဖက်စလုံး၏ ဆက်ဆံရေးသည် တန်းတူညီမျှ ဖြစ်သွားပြီး သခင်နှင့် ဒဏ္ဍာရီသတ္တဝါ ဆက်ဆံရေးမျိုး မဟုတ်တော့ပေ။
ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီလို နှစ်ဖက်သဘောတူ နဂါးစာချုပ်မျိုး ရှိတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အဲဒီလောက် မမြင့်မားသေးဘူး။ ဘယ်လို ချုပ်ဆိုရမလဲဆိုတာ ကျုပ် မသိဘူး။ မင်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
နဂါးသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ပြန်ပြောလိုက်၏။ “ကျုပ်တို့က အရမ်းစွမ်းအားကြီးမားတယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ ကျုပ်တို့ကို ဖန်တီးခဲ့တာက မင်းတို့ လူသားတွေပါပဲ။ မင်းတို့ မပိုင်ဆိုင်တဲ့ စွမ်းအင်တွေကို ခိုးယူပြီး ကျုပ်တို့ကို ဖန်တီးခဲ့ကြတာ ဖြစ်ပေမဲ့ပေါ့။ ရှေးဟောင်း မှတ်ဉာဏ်တွေထဲမှာတော့ နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုဖို့ သဘောတူခဲ့တဲ့ လူသားဆိုတာ အလွန် ရှားပါးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေက သူတို့ရဲ့ ဦးဆောင်နိုင်စွမ်းကို လက်လွတ်မခံချင်ကြလို့ပါပဲ။”
“ကျုပ်လည်း လက်လွတ်မခံချင်ပါဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ မင်းနဲ့အတူ ဒီကပ်ဘေးကို ရင်ဆိုင်ကျော်ဖြတ်ဖို့၊ ဒီကပ်ဘေးဆိုးကြီးကို နိဗ္ဗာန်ဘုံအဖြစ် ပြောင်းလဲပစ်ဖို့အတွက် ကျုပ်မှာ ဒီလိုလုပ်ဖို့ ဆန္ဒရှိပါတယ်။”
နဂါးက ပြောလိုက်၏။ “လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်က ရိုးရှင်းပါတယ်။ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုတွေအားလုံးကို လျှော့ချထားလိုက်ပါ။ ကျုပ်ရဲ့ နဂါးဝိညာဉ်ပုတီးစေ့ကို မင်းရဲ့ ဦးခေါင်းထဲ ဝင်ခွင့်ပြုပြီး တစ်စုံတစ်ခု ချန်ထားခဲ့ခွင့် ပြုလိုက်ပါ။”
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ရှမ့်လန် နားလည်သဘောပေါက်သွားခဲ့သည်။ အရေးကြီးသော ဖိုင်တစ်ခု၏ လျှို့ဝှက်ကုဒ် သော့တံကဲ့သို့ပင် ဖြစ်၏။ ကွန်ပျူတာသည် ထိုသော့တံကိုသာ အသိအမှတ်ပြုပြီး ကျန်သော သော့တံများမှာ အရာထင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင် ဤသော့တံသည်လည်း ဤကွန်ပျူတာ၌သာ အသုံးပြု၍ ရနိုင်မည် ဖြစ်ပြီး အခြားကွန်ပျူတာများတွင် အသုံးဝင်မည် မဟုတ်ချေ။
ပထမပိုင်း လုပ်ငန်းစဉ်သည် ဝိညာဉ်ပူးကပ်ခြင်းနှင့် အနည်းငယ် ဆင်တူပြီး ဦးနှောက်၏ ကာကွယ်မှုများကို လျှော့ချပေးလိုက်ရခြင်း ဖြစ်ပေသည်။ ရှမ့်လန်သည် မျက်လုံးများကို မှိတ်ကာ စိတ်ကို လုံးဝ လျှော့ချထားလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ခံတပ်များကို ဖယ်ရှားပေးလိုက်သည်။
ထို့နောက် နဂါးဝိညာဉ်ပုတီးစေ့ ပြောင်းလဲသွားခဲ့သည်။ မူလက လက်ထဲတွင် ကိုင်တွယ် ကစားနိုင်သော ရုပ်ဝတ္ထု ပုတီးစေ့တစ်ခု ဖြစ်သော်လည်း ယခုအခါ၌မူ အပြင်ခွံများ အရည်ပျော်ကျသွားပြီး သန့်စင်သော စွမ်းအင်ခန္ဓာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သတင်းအချက်အလက်မြောက်မြားစွာ စုစည်းထားသည့် အလင်းနှင့် အရိပ်တစ်ခုအသွင် ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာသည် ရှမ့်လန်၏ ဦးခေါင်းထဲသို့ တဖြည်းဖြည်းချင်း ပျံသန်း ဝင်ရောက်သွားခဲ့၏။
ရှမ့်လန်သည် ပိုမိုသင့်လျော်သော တင်စားမှုတစ်ခုကို ရှာဖွေတွေ့ရှိလိုက်၏။ နျူကလီးယား လက်နက်နှင့် ကွန်ပျူတာ တစ်လုံး အပြန်အလှန် ချိတ်ဆက်လိုက်သကဲ့သို့ ဖြစ်ပေသည်။ ထိုအချိန်မှစ၍ ဤကွန်ပျူတာသည် ဤနျူကလီးယားလက်နက်ကိုသာ ထိန်းချုပ်နိုင်တော့မည်ဖြစ်ပြီး ဤနျူကလီးယားလက်နက်သည်လည်း ဤကွန်ပျူတာ၏ ထိန်းချုပ်မှုကိုသာ ခံယူနိုင်တော့မည် ဖြစ်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန် လျင်မြန်လှသော်လည်း ရှမ့်လန် မည်သို့မှ မခံစားလိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်အာရုံမှာ တစ်ခဏချင်းအတွင်း ဗလာသက်သက် ဖြစ်သွားခဲ့ပြီး သတင်း အချက်အလက်တစ်ခုသည် နဂါးဝိညာဉ်ပုတီးစေ့မှတဆင့် စီးဆင်းလာကာ ရှမ့်လန်၏ ဦးနှောက်ထဲ၌ ရေးထိုး မှတ်သားလိုက်သောကြောင့်ပင်။
သို့နောက် ၎င်းသည် ရှမ့်လန်၏ ဦးခေါင်းနောက်ဘက်မှ ပြန်လည် ထွက်ခွာသွားပြန်သည်။ အလင်းနှင့် အရိပ်တစ်ခု သည် ရှမ့်လန်၏ ဦးနှောက်ကို ဖြတ်သန်းသွားသကဲ့သို့ ရှိသည်။ ရှမ့်လန် သတိပြန်ဝင်လာချိန်မှာတော့ သူ၏ ဦးနှောက်ထဲ၌ အပိုအရာတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။ မူလ သိုလှောင်နေရာလွတ် ၂၅% ထဲမှ နောက်ထပ် ၅% ကို တစ်စုံတစ်ခုက နေရာယူသွားခဲ့ပြီ။
နဂါးဝိညာဉ်ပုတီးစေ့သည် နဂါး၏ ဦးခေါင်းထက်သို့ ပြန်လည် ရောက်ရှိသွားပြီး ဦးနှောက်ထဲသို့ တိုးဝင်ကာ အစအန မကျန် ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်တွင် နဂါး၏ နှုတ်ခမ်းမွေး တစ်မျှင်သည် ကျောက်စိမ်းဖြူတောင် ၏ ဝင်ပေါက်တွင် တစ်စို့နေဆဲ ဖြစ်သည်။ ထိုအရာကို ဆွဲထုတ်လိုက်သည်နှင့် တံခါးဝသည် ပြန်လည် ပိတ်သွားမည်။
“အရှင်ရှမ့်လန်... ကျုပ် မင်းကို ဘာမှ မခံစားရအောင် ကြိုးစားပါ့မယ်။ မင်းရဲ့ စိတ်ခံစားချက်တွေကို မနှောင့်ယှက်မိအောင်၊ မင်းရဲ့ စိတ်လှုပ်ရှားမှု အတက်အကျတွေကို စူးစမ်းလေ့လာခြင်း မပြုမိအောင် ကျုပ် ကြိုးစားပါ့မယ်။”
နဂါးက ဆက်ပြောလိုက်သည်။ “ကျုပ် အဆင်သင့် ဖြစ်ပါပြီ။ မင်း အမိန့်ပေးလိုက်တာနဲ့ ကျုပ် နဂါးရေကန်ထဲကို ဝင်ပါတော့မယ်။”
ရှမ့်လန်သည် တချောင်၏ ကျောပေါ်သို့ တက်လိုက်ပြီး ရန်ယင်ယင်ကို ပြောလိုက်၏။ “ယင်ယင်... ဒီနေရာကို ခဏလောက် ကူညီပြီး စောင့်ကြည့်ပေးပါအုံး။ နဂါးကြီး နဂါးရေကန်ထဲကို ဝင်သွားတာနဲ့ မင်း ပြန်လို့ရပါပြီ။”
ရန်ယင်ယင်က ခေါင်းညိတ်လိုက်သည်။
ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် အတောင်ပံဖြန့်ကာ ပျောက်ဆုံး နိုင်ငံတော် အပျက်အစီးများ ရှိရာအရပ်သို့ ဦးတည် ပျံသန်းသွားခဲ့၏။
ယခုတစ်ခေါက် ခရီးစဉ်သည် အမှန်တကယ် ဝေးကွာလှပေသည်။ မျဉ်းဖြောင့်တိုင်းတာမှု အကွာအဝေးပင်လျှင် မိုင်ပေါင်း ငါးသောင်းကျော် ရှိသည်။ ထိုကာလအတွင်း နဂါးကြီးသည် ကျောက်စိမ်းဖြူတောင် ဝင်ပေါက်ဝတွင် တစ်စို့လျက် ရှိနေခဲ့၏။ နှုတ်ခမ်းမွေးတစ်မျှင်က အတွင်းဘက်သို့ ရောက်နေပြီး ကျန်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းက အပြင်ဘက်တွင် ရှိနေကာ အဝေးမှလာသော အားကောင်းသည့် ရောင်ခြည် စွမ်းအင်ဒဏ်ကို အဆက်မပြတ် ခံစားနေရရှာသည်။
...........
၁၀ ရက်ခန့် ပျံသန်းပြီးနောက် ရှမ့်လန်သည် ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများကြားရှိ နှင်းဖုံးတောင်ထိပ် ပိရမစ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်သည်။ မြေပြင်သို့ ဆင်းသက်ပြီးနောက် သူ အော်ပြောလိုက်ချင်၏။ ‘ဆရာသခင်တို့... ရှမ့်လန်က နဂါးဉာဏ်အလင်းသစ် ရယူဖို့ ရောက်လာပါပြီ။’
သို့သော်ငြား သူ စကားမပြောနိုင်ခင်မှာပင် ပိရမစ်တံခါးကြီး ပွင့်ဟသွားခဲ့သည်။ အတွင်းမှ မဟာ ပညာရှင်ကြီးများ သည် သူ ရောက်လာကြောင်းကို ကြိုတင် သိရှိနေကြပုံ ရသည်။ ဤအကြိမ်သည် သူတို့ ပေးအပ်မည့် နောက်ဆုံးသော နဂါးဉာဏ်အလင်း ဖြစ်ပြီး သူတို့၏ အသက်များကို ပေးဆပ်ကာ ပြုလုပ် ပေးကြရမည်ဟု ပြောခဲ့ဖူးသည်။
ရှမ့်လန်သည် ပိရမစ် အတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်း ဝင်ရောက်လာခဲ့၏။ သူ စိတ်ကူးထားသည်နှင့် ကွဲပြားနေသလို၊ သူ စိတ်ကူးထားသည်နှင့်လည်း တူညီနေပြန်သည်။ ပိရမစ်အတွင်း၌ ဘာမှမရှိဘဲ အလွန်တရာ ရိုးရှင်းနေ၏။
ပိရမစ်၏ အလယ်ဗဟို၌ ရေတွင်းတစ်တွင်းသာ ရှိပြီး လူ ၁၃ ယောက်သည် ထိုရေတွင်းကို ဝိုင်းရံလျက် တင်ပျဉ်ခွေ ထိုင်နေကြသည်။ ထိုအထဲမှ ၄ ယောက်မှာ သေဆုံးနေပြီ ဖြစ်သော်လည်း ဤနေရာရှိ အလွန်အမင်း အေးစက်မှုကြောင့် သူတို့၏ ရုပ်အလောင်းများမှာ ပုပ်သိုးသွားခြင်း မရှိချေ။
မသေသေးသည့် လူ ၉ ယောက် ကျန်ရှိနေသေးသည်။ အနည်းဆုံးတော့ သူတို့၏ ဝိညာဉ်များ ရှင်သန်နေဆဲ ဖြစ်သော်လည်း သူတို့သည် မလှုပ်မယှက် ရှိနေပြီး မျက်လုံးများပင် မလှုပ်ရှားတော့သောကြောင့် သေဆုံးနေသူ များနှင့်မခြား ရှိနေပေသည်။
သူတို့သည် ရုပ်ထုများ မဟုတ်ကြသော်လည်း ရုပ်ထုများထက်ပင် ပို၍ ခြောက်သွေ့ညှိုးနွမ်းနေကြသည်။ သူတို့ ဤကဲ့သို့ တင်ပျဉ်ခွေထိုင်နေခဲ့သည်မှာ နှစ်ပေါင်း မည်မျှ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။ ဆယ်စုနှစ်များ၊ ရာစုနှစ်များ၊ သို့မဟုတ် ထို့ထက် ပိုကြာမြင့်ခဲ့လေသည်လား။
သူတို့ ပြောခဲ့သကဲ့သို့ပင် ဖြစ်နိုင်ပေသည်။ ဤသို့ ရှင်သန်နေရခြင်းသည် နာကျင်ဆင်းရဲစရာဖြစ်ပြီး သေဆုံးရခြင်း ကသာ လွတ်မြောက်ရာ ဖြစ်ပေလိမ့်မည်။ သူတို့သည် သေဆုံးရန် အဆင်သင့် ဖြစ်နေကြသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူတို့ စိုးရိမ်ပူပန်နေရသည့် တစ်ခုတည်းသော အရာမှာ ရှမ့်လန်က ဤဒုတိယအကြိမ်နှင့် နောက်ဆုံး အကြိမ် နဂါးဉာဏ်အလင်း ရယူရန် အဆင်သင့် မဖြစ်သေးမည်ကိုသာပင်။
“အရှင်ရှမ့်လန်... ပြင်ဆင်ထားလိုက်ပါ။ ကျုပ်တို့ နောက်ဆုံးသော နဂါးဉာဏ်အလင်း ပေးအပ်ခြင်းကို စတင်ပါတော့မယ်။” ရှေးဆန်သော အသံအိုကြီးတစ်ခု ထွက်ပေါ်လာပြီး ရှမ့်လန်၏ စိတ်အာရုံထဲ၌ပါ ပဲ့တင်ထပ် သွားခဲ့သည်။
“ကောင်းပါပြီ။” ရှမ့်လန်က ပြောလိုက်၏။
“ဝူး... ဝူး... ဝူး...”
ထိုအဘိုးအိုများ၏ ဦးနှောက်ထဲမှ ဝိညာဉ်များ တစ်ခုပြီးတစ်ခု လွင့်ပျံထွက်လာကြပြီး သူတို့ ရှေ့မှောက်ရှိ ရေတွင်းထဲသို့ ဝင်ရောက်သွားကြသည်။