← Chapters

အခန်း (၁၂၇၁-၁၂၇၂)

Vol. 73 Ch. 1271-1272

အခန်း (၁၂၇၁-၁၂၇၂)

Vol. 73 Ch. 1271-1272

အပိုင်း (၁၂၇၁)

ရှေးဟောင်းနဂါးရေကန်အတွင်းရှိ မရေမတွက်နိုင်သော တိုက်ပွဲများနှင့် သေရေးရှင်ရေး အခြေအနေများသည် သူ၏ ဘဝတစ်လျှောက်လုံး မကြုံဖူးခဲ့သော ကြီးထွားမှုကို ခံစားခွင့် ရရှိစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ပိုမို ကြီးထွားလာခြင်း မရှိပေ။ ပြောင်းပြန်အားဖြင့် ကျုံ့သွားခဲ့သည်။ မီတာ အနည်းငယ်မျှသာ မြင့်မားပြီး အသံထက်မြန်သော သတ္တဝါပျံ တစ်ကောင်၏ အရွယ်အစားခန့်သာ ရှိတော့သည်။

ယခင်က နဂါးကြိးသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနိုင်ခဲ့သည်။ ပျံသန်းသွားချိန်၌ မြေပြင်ပေါ်သို့ ကျရောက်သော အရိပ်သည် မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားစေနိုင်ခဲ့သည်။ သို့သော်ငြား ယခုအခါ သူသည် အဆမတန် ကြီးမားနိုင်သလို အလွန်တရာ သေးငယ်သွားအောင်လည်း ပြုလုပ်နိုင်သည်။ သူ့အတွက် သက်သောင့်သက်သာ အရှိဆုံး အခြေအနေကို ရွေးချယ်နိုင်ပြီ ဖြစ်၏။

“ကျုပ်ရဲ့ သခင်၊ ကျုပ်ရဲ့ နဂါးစေတမန်... ခင်ဗျား ကျုပ်ကို ကူညီခဲ့တယ်။ ခင်ဗျား ကျုပ်ကို ကယ်တင်ခဲ့တယ်။”

နဂါးက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျုပ် လာပါပြီ။”

ထို့နောက် သူသည် ပျောက်ဆုံးနိုင်ငံ အပျက်အစီးများရှိရာ ကောင်းကင်ယံသို့ ဦးတည် ပျံသန်းသွားခဲ့သည်။ အတောင်ပံများကို အလွန် ဖြည်းညင်းစွာ ခတ်နေသည်ဟု ထင်ရသော်လည်း နောက်တစ်ခဏတွင် လီ ၁၀၀ (မိုင် ၃၀ ခန့်) အကွာသို့ ရောက်ရှိသွားခဲ့၏။ ၎င်းသည် အရိပ်ရွှေ့ပြောင်းခြင်း မဟုတ်ပေ။ ထိုအရာက စွမ်းအင်နှင့် ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းသွားခြင်း ဖြစ်၏။

အလွန် နက်နဲဆန်းကြယ်သည် မဟုတ်ပါလား။ သဘောတရားမှာ အလွန် ရိုးရှင်းသည်။ သူသည် စွမ်းအင်တစ်ခုကို ရှူထုတ်လိုက်ပြီး ချက်ချင်းပဲ လီ ၁၀၀ အကွာသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီး လီ ၁၀၀ အကွာတွင် စွမ်းအင်ကို ပြန်လည် စုစည်းလိုက်ခြင်း ဖြစ်သည်။

လုပ်ငန်းစဉ် တစ်ခုလုံးမှာ အလွန် လျင်မြန်သည်။ နဂါးရေကန်ထဲတွင် မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့ရသည် မဟုတ်ပါလား။ ဤနည်းစနစ်သာ မရှိခဲ့လျှင် နဂါးရေကန်ထဲ၌ တစ်လထက်ပို၍ အသက်ရှင်နိုင်မည် မဟုတ်ဘဲ ပြာကျသွားခဲ့ပေမည်။

ဤ ထူးဆန်းသော စွမ်းအင် ပြန်လည်ဖွဲ့စည်းခြင်းသည်လည်း ရှမ့်လန်၏ အလယ်အလတ်အဆင့် နဂါးဉာဏ် အလင်းမှ ရရှိသော ရလဒ်တစ်ခုပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ရှမ့်လန် သင်ပေးလိုက်ခြင်း ဖြစ်၏။

ပြီးခဲ့သောအကြိမ်က ကျန်းကလန်၏ နဂါးသည် အနောက်တိုင်းလောကမှ ပြန်လာချိန်မှာတော့ အလွန် ဝေးကွာသော နေရာတွင် ရှိနေသော်လည်း တော်ဝင်ရန်အင်ပါယာ က အာရုံခံမိခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် မည်သည့် စွမ်းအင်မှယိုစိမ့်ထွက်ခြင်း မရှိပေ။ မည်သူမှ သူ၏တည်ရှိမှုကို အာရုံခံမိခြင်း မရှိသလောက်ပင်။

ထို့အပြင် သူသည် ချက်ချင်း လီ ၁၀၀ အကွာသို့ ရွေ့လျားသွားသော်လည်း မည်သည့် မုန်တိုင်း၊ မည်သည့် စွမ်းအင် အတက်အကျမှ ဖြစ်ပေါ်စေခြင်း မရှိပေ။ သူ၏ နိဗ္ဗာန ပြောင်းလဲမှုသည် ပြီးပြည့်စုံလှသည်။ သူ၏ စွမ်းအားသည် မည်သူ့ စိတ်ကူးထက်မဆို သာလွန်သွားခဲ့လေပြီ။

တစ်နည်းအားဖြင့် ပြောရလျှင် ၎င်း၏ စွမ်းအားသည် ရှေးဟောင်းခေတ်က မျိုးနွယ်များထက်ပင် သာလွန်သွားခဲ့သည်။ ရှေးဟောင်းနဂါး တစ်ကောင်၏ ပြောင်းလဲမှုတွင် ယူရေနီယမ် သို့မဟုတ် အန္တရာယ်ရှိသော ရောင်ခြည် စွမ်းအင်များ မပါဝင်ခဲ့ပေ။ အန္တရာယ်ရှိပြီး ကြောက်မက်ဖွယ်ရာကောင်းသော အရာများကသာ နဂါးတစ်ကောင် ကို စစ်မှန်စွာ ကြီးထွားလာစေနိုင်သည်ဟူသော သဘောများလား။

...........

ကျောက်စိမ်းဖြူတောင်သည် ပျောက်ဆုံးနိုင်ငံအပျက်အစီးများနှင့် လီပေါင်း ၅၀,၀၀၀ ကျော် ကွာဝေးသည်။ သို့သော်ငြား မကြာမီ အချိန်အတွင်းမှာပဲ ကျန်းကလန်၏ နဂါးသည် ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများ၏ ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။

“ငါ့မိတ်ဆွေဟောင်းကြီး ... ဂုဏ်ယူပါတယ်။” နဂါးသည် လီ ၁၀၀ အကွာတွင် ရှိနေသေးသော်လည်း ရှမ့်လန်သည် လက်ကို ဆန့်ထုတ်လိုက်၏။

နောက်တစ်ခဏတွင် နဂါးသည် ရှမ့်လန်၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး ရှမ့်လန်၏လက်ကို နဖူးဖြင့် ထိကပ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် ကျုပ်ရဲ့ နဂါးစေတမန်။”

နဂါးက ပြောလိုက်၏။ “ခင်ဗျား ပြောင်းလဲသွားပြီပဲ။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “မင်းက ငါ့ထက် ပိုတောင် ပြောင်းလဲသွားသေးတယ်။”

ထိုအချိန်တွင် တချောင်သည် ဂရုတစိုက် ပျံသန်းလာပြီး နဂါး၏ ဘေးတွင် ရပ်လိုက်သည်။ ထိုအရာသည် အလွန် ထူးဆန်းသော အရာတစ်ခု ဖြစ်၏။ ယခင်က တချောင်သည် နဂါးမှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသောကြောင့် အနားကပ်ရန် မဝံ့ရဲခဲ့ပေ။ အနားမရောက်ခင်မှာပင် နဂါး၏ စွမ်းအင် အရှိန်အဝါကြောင့် ဖိချေခံလိုက်ရသကဲ့သို့ ခံစားရလေ့ရှိ၏။

ယခု တချောင်သည် နဂါးအနားသို့ ကပ်ရဲလာသည်ကို ကြည့်ခြင်းအားဖြင့် နဂါး မည်မျှ ပြောင်းလဲသွားကြောင်း သိသာထင်ရှားနေသည်။ လက်နက်များ၏ ဆင့်ကဲပြောင်းလဲမှုသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ထက်မြက်သော ဓားတစ်လက် သို့မဟုတ် သံတုတ်တစ်ချောင်း ဖြစ်နေချိန်တွင် အလွန် ထက်မြက်ပြီး ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် လူများ ထိတွေ့ရန် ကြောက်ရွံ့ကြသည်။

သို့သော်ငြား သေနတ်တစ်လက် ဖြစ်လာချိန်မှာတော့ ထိုမျှလောက် ကြောက်စရာ မကောင်းတော့ပေ။ သို့သော်ငြား မောင်းတံကို ဆွဲမိလျှင် မတော်တဆ ထိခိုက်မှုများ ဖြစ်နိုင်သောကြောင့် သတိထားရပေမည်။

အဏုမြူဗုံး အဆင့်သို့ ရောက်ချိန်မှာတော့ အဓိက အစိတ်အပိုင်းများကို ဖြုတ်ယူပြီး မြေကြီးပေါ် တင်ထားလျှင်ပင် လူအနည်းငယ်ကသာ မှတ်မိကြပေလိမ့်မည်။ လူအများစုက ကောက်ယူပြီး ကစားကြလိမ့်မည်။

ဟိုက်ဒရိုဂျင်ဗုံး အဆင့်သို့ ရောက်ချိန်မှာတော့ မီးပုံထဲသို့ ပစ်ထည့်လိုက်လျှင်သော်လည်းကောင်း၊ ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်လျှင်သော်လည်းကောင်း ပေါက်ကွဲလိမ့်မည် မဟုတ်ပေ။ လက်နက်တစ်ခု၏ စွမ်းအားသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်မှာတော့ ချုပ်ထိန်းထားနိုင်စွမ်း ရှိသွားသည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ လူသားများအတွက်လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။

ထိုအချိန်တွင် နှင်းဖုံးတောင်ထိပ် ပိရမစ် အတွင်း၌ ခြောက်သွေ့နေသော ရုပ်အလောင်း ၁၃ လောင်းသည် ရေတွင်းကို ဝိုင်းရံလျက် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ရေတွင်းသည်လည်း ဗလာ ဖြစ်နေသည်။ ထို မဟာပညာရှင် ၁၃ ဦး၏ နောက်ဆုံး စကားလုံးများသည် မြေပြင်ပေါ်တွင် ကျန်ရစ်နေခဲ့သည်။

“ကျုပ်တို့ကို ဖျက်ဆီးပေးပါ။ လောကကြီးထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပေးပါ။ အဆုံးအစမဲ့ လေဟာနယ်ကသာ ကျုပ်တို့ရဲ့ သင်္ချိုင်းဂူ ဖြစ်ပါစေ။”

ရှမ့်လန်သည် နဂါး၏ ဦးခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။ “နဂါး.. မင်းကို အားကိုးမယ်။”

ကျန်းကလန်၏ နဂါးက ခေါင်းညိတ်လိုက်သည်။ သူသည် မီတာ အနည်းငယ်သာ မြင့်မားသောကြောင့် နဂါးကြီးဟု ခေါ်ဆိုရန်ပင် ခက်ခဲနေသည်။ သူသည် ပါးစပ်ဟကာ ဖွဖွလေး မှုတ်ထုတ်လိုက်သည်။ တစ်ခဏချင်း အတွင်းမှာပဲ ပိရမစ် အတွင်းရှိ အရာအားလုံး ပျက်သုဉ်းသွားခဲ့သည်။

မျက်လှည့်ပြလိုက်သကဲ့သို့ပင် ရုပ်အလောင်း ၁၃ လောင်း ပျောက်ကွယ်သွားသည်။ ရေတွင်းလည်း ပျောက်ကွယ် သွားသည်။ နောက်ဆုံးတွင် ကြီးမားသော ပိရမစ် တစ်ခုလုံး ပျောက်ကွယ်သွားခဲ့၏။ မီးလောင်သွားခြင်း မဟုတ်၊ ပေါက်ကွဲသွားခြင်း မဟုတ်၊ အမှုန့်ဖြစ်သွားခြင်းလည်း မဟုတ်ပေ။ တိုက်ရိုက် ပြိုကွဲပျက်စီးသွားခြင်းသာ ဖြစ်၏။

မူလက တချောင်သည် ကျန်းကလန်၏ နဂါးမှာ သူ့အရွယ်အစားခန့်သာ ရှိပြီး အလွန် ဖော်ရွေပုံ ပေါက်နေသောကြောင့် စကားစမြည် ပြောကာ မိတ်ဖွဲ့လိုခဲ့သည်။ ယခု ဤမှော်ဆန်သော မြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ သူ၏ မေးရိုး ပြုတ်ကျလုမတတ် အံ့သြသွားခဲ့သည်။

ထို့နောက် အလျင်အမြန် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ကြောက်ရွံ့ကြောင်း ပြသကာ ကျန်းကလန်နဂါးနှင့် ခပ်ခွာခွာနေရန် ကြိုးစားလိုက်သည်။ သို့သော်ငြား ခြေတစ်လှမ်းဝက်ခန့် ဆုတ်ပြီးသည်နှင့် ချက်ချင်း ပြန်တက်လာကာ ရှမ့်လန်၏ ခြေထောက်ကို ခေါင်းဖြင့် ပွတ်သပ်ရင်း အသံပြုလိုက်၏။

‘သခင်... ကျုပ်က သိပ်အစွမ်းမထက်ပေမဲ့ ကျုပ်ကို မစွန့်ပစ်ပါနဲ့နော်။ ကျုပ်က အရမ်း လိမ္မာပါတယ်။’

အဘယ်ကြောင့်ဆိုသော် သူ၏ တိုက်ခိုက်ရေးစွမ်းရည်များသည် အသုံးမဝင်တော့သောကြောင့် အသက်ရှင် ရပ်တည်ရန် နည်းပညာအသစ်တစ်ခု ဖွင့်လှစ်ရတော့မည် ဖြစ်သောကြောင့်ပင်။

‘ဟူး... ကြမ်းတမ်းတဲ့ သားရဲကြီး ဖြစ်နေပါလျက်နဲ့ ချစ်စရာကောင်းအောင် နေပြီး အသက်ရှင်ရတော့မယ်ပေါ့။’

မဟာပညာရှင် ၁၃ ဦး၏ ဈာပနပွဲကြီး ပြီးဆုံးသွားခဲ့သည်။ နှင်းဖုံးတောင်ထိပ်ပေါ်တွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော ဤပိရမစ်ကြီးသည် လုံးဝ ပျောက်ကွယ်သွားခဲ့၏။

“ပြန်ကြစို့။”

ရှမ့်လန်သည် တချောင်၏ ကျောပေါ်သို့ တက်လိုက်ပြီး နုရှောင့်မြို့ ရှိရာသို့ ပျံသန်းထွက်ခွာ လာခဲ့သည်။ နဂါးသည် သာမန် သတ္တဝါပျံ တစ်ကောင်ကဲ့သို့ပင် တချောင်နှင့် ယှဉ်တွဲလျက် ပျံသန်းလိုက်ပါလာသည်။ မြန်လည်း မမြန်၊ နှေးလည်း မနှေးပေ။

ဤအချက်က နဂါး မည်မျှ အစွမ်းထက်ကြောင်းကို တချောင်အား မေ့လျော့သွားစေလုနီးပါး ဖြစ်စေသည်။ သူ၏ အစ်ကိုကြီးသည် အလွန် ဖော်ရွေသည်ဟု နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ မဟုတ်သေးပေ။ ဖော်ရွေသည့် သားရဲကြမ်းကြီးတစ်ကောင်ဟု ပြောရပေမည်။

...........

ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် နုရှောင့်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ယခု တစ်ကြိမ်တွင် နဂါးသည် နုရှောင့်မြို့ကို မုန်းတီးခြင်း မရှိသလို မိုင်ပေါင်း သောင်းချီ အကွာတွင် နေ, နေခြင်းမျိုးလည်း မရှိပေ။ တချောင်၏ နောက်မှလိုက်ပါလာပြီး ရဲတိုက်ကြီးထဲသို့ ဆင်းသက်လိုက်သည်။ နုရှောင့်မြို့အောက်ရှိ ယူရေနီယမ်များ ကို ငြင်းပယ်ခြင်း မရှိသလို ရင်းနှီးကျွမ်းဝင်ခြင်း သို့မဟုတ် လိုချင်တပ်မက်ခြင်းလည်း မရှိပေ။ အလုံးစုံ လျစ်လျူရှုထားပုံ ရသည်။

“အစ်ကိုကြီး... ကျုပ် ညီငယ်လေးတွေကို ခေါ်ပြမယ်။”

တချောင်က ပြောလိုက်သည်။ “ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်တို့ရဲ့ ခေါင်းဆောင်ကြီးပဲ။”

အမှန်စင်စစ် တချောင်သည် စကားမပြောတတ်ပေ။ ခေါင်းနှင့် အမြီးကို လှုပ်ယမ်းကာ အသံပြုရုံသာ တတ်နိုင်၏။

နဂါးက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

တချောင်သည် ကောင်းကင်ကို မော့ကြည့်ကာ အကြိမ်အနည်းငယ် အော်ဟစ်လိုက်သည်။ ပုံမှန်အားဖြင့် အသံလှိုင်းသတ္တဝါပျံ တစ်ထောင်နီးပါးက တုံ့ပြန်ကြပြီး ကောင်းကင်ပေါ်သို့ ပျံတက်လာကာ ကြိုဆိုကြစမြဲ ဖြစ်၏။

တချောင်သည် ရှမ့်လန်၏ စီးတော်ယာဉ် ဖြစ်သောကြောင့် သဘာဝကျကျပင် ခေါင်းဆောင် ဖြစ်လာခဲ့သည်။ နဂါး အရှိန်အဝါ ပစ်လွှတ်စင် တပ်ဆင်ထားသော ထိုသန္ဓေပြောင်း သားရဲကြီးများသည် ကြီးမားသော်လည်း အလွန် တုံးအပြီး မကြမ်းကြုတ်ကြပေ။ သာမန် အသံလှိုင်းသတ္တဝါပျံများနှင့် တွေ့ဆုံချိန်မှာတော့ သူတို့ထက် အဆများစွာ ကြီးမားနေလျှင်ပင် ကြောက်ရွံ့တတ်ကြသည်။

သို့သော်ငြား ယခုတစ်ကြိမ် တချောင် အော်ဟစ်လိုက်ချိန်မှာတော့ ဆယ်ကောင်ကျော်ခန့်သာ တုံ့ပြန်ကြ၏။

‘ဟမ်...ကျန်တဲ့ အသံလှိုင်းသတ္တဝါပျံ တစ်ထောင်နီးပါး ဘယ်ရောက်ကုန်ကြတာလဲ။ ကျန်တဲ့ နှင်းလင်းယုန်တပ်ဖွဲ့တွေ ဘယ်ရောက်ကုန်ကြလဲ။”

မကြာမီ ဆော့ရွှမ်းနှင့် ကျန်းချွင်းဟွာတို့သည် လူအနည်းငယ်နှင့်အတူ ကြိုဆိုရန် ရောက်ရှိလာကြသည်။ ဆော့ရွှမ်းနှင့် ကျန်းချွင်းဟွာတို့သည် အစပိုင်းတွင် ကြောင်အအဖြစ်နေကြပြီးမှ ဝမ်းသာအားရ ပြောလိုက်ကြသည်။ “အရှင်... အသက်ရာကျော် ရှည်ပါစေ။”

ရှမ့်လန် ပျောက်ဆုံးနေခဲ့သည်မှာ ၈ လ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သော ၈ လ က သူသည် နဂါးကြီးကို ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့သည်။ ထို့နောက် ပြန်မလာခဲ့တော့ပေ။ တော်ဝင်ရန်၏ နဂါးကြီးသာ ပြန်လာခဲ့၏။

ရှမ့်လန်က မေးလိုက်သည်။ “ဘာလို့ လူနည်းနေရတာလဲ။”

ဟုတ်ပေသည်။ ကျန်းချုံး၊ ကျင်းကျွင်း၊ ဝူပြည်နယ် အိမ်ရှေ့စံ၊ ချောင်နိုင်ငံ အိမ်ရှေ့စံ၊ လီရွှမ်ချီ၊ ဝူကျွယ်၊ ကျင်းရှိယန်၊ မင်းသမီး ဒိုဟာ၊ ဟီလာ၊ အရူးကြီး၊ အာယုနာနာနှင့် အခြားသူများ ဘယ်ရောက်နေကြသနည်း။

မင်းသားကျင်းနှင့် စုနန်တို့သည် ချန်မြို့တော်သို့ သွားရောက်ခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးနှင့် စစ်ဗျူရို တစ်ဝက်ခန့်ကို ခေါ်ဆောင်သွားခဲ့သော်လည်း နုရှောင့်မြို့တွင် စစ်သူကြီးများနှင့် အရပ်ဖက် အရာရှိများ ပြည့်နှက်နေဆဲ ဖြစ်သည်။ ထိုတင်မကသေးဘဲ နုရှောင့်မြို့မှ သိန်းနှင့်ချီသော စစ်သည်များ ဘယ်ရောက်ကုန် ကြသနည်း။

ယခုအခါ စစ်သည် သောင်းဂဏန်းအောက်သာ ကျန်ရှိတော့သည်။ သူတို့ ဘယ်ရောက်သွားကြသနည်း။

ဆော့ရွှမ်းက ပြောလိုက်သည်။ “အရှင်... နုရှောင့်မြို့က လူတွေ ရှေ့တန်းစစ်မျက်နှာပြင်ကို ရောက်နေကြပါတယ်။”

ရှမ့်လန် ကြောင်အသွားခဲ့၏။ “ရှေ့တန်းစစ်မျက်နှာပြင် ဟုတ်လား။ ဘယ်က ရှေ့တန်းစစ်မျက်နှာပြင်လဲ။”

ဆော့ရွှမ်းက ဆက်ပြောလိုက်သည်။ “အရှင်... စစ်ပွဲ ဖြစ်ပွားခဲ့တာ နှစ်ဝက်ကျော် ကြာမြင့်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ဝက်ကျော်တုန်းက အရှင်က နဂါးကြီးကို ဦးဆောင်ပြီး ချန်မြို့တော်အတွက် တော်ဝင်ရန်နဂါးကြီးနဲ့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ရန်အင်ပါယာရဲ့ နဂါးကြီး ပြန်လာခဲ့ပေမဲ့ အရှင် ပြန်မလာခဲ့ပါဘူး။ လူအများစုက အရှင်နဲ့ နဂါးကြီး ကျဆုံးသွားပြီလို့ ထင်ခဲ့ကြပါတယ်။ မရေမတွက်နိုင်တဲ့လူတွေ ရူးသွပ်သွားကြပြီး ပေါက်ကွဲကုန် ကြပါတယ်။

ပထမဆုံး ချန်မြို့တော်က ပြည်သူတွေက ဓားမတွေ၊ ပေါက်ပြားတွေ ကိုင်စွဲပြီး တော်ဝင်ရန်အင်ပါယာ ကို တိုက်ခိုက်ခဲ့ကြပါတယ်။ မင်းသားကျင်းလည်း မတားဆီးနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ချန်မြို့တော် တပ်တော်က နောက်ကနေ လိုက်ပါသွားခဲ့လို့ပါပဲ။

အဲဒီနောက် ကျုပ်တို့နဲ့ တော်ဝင်ရန်အင်ပါယာကြား စစ်ပွဲ စတင်ခဲ့ပါတယ်။ တဖြည်းဖြည်း ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ ချန်မြို့တော် တပ်တော်ကို ဝူ၊ ချောင် နဲ့ ရွဲ့ပြည်နယ် တပ်တော်တွေက လိုက်ပါ ဝန်းရံ ပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာ နုရှောင့်မြို့တပ်တော်လည်း လိုက်ပါ ဝန်းရံပေးခဲ့ပါတယ်။ ကျင်းနိုင်ငံနဲ့ လန်နိုင်ငံ တို့လည်း စစ်ပွဲထဲ ဝင်ပါလာခဲ့ကြပါတယ်။ နိုင်ငံအားလုံးနီးပါး စစ်ပွဲထဲ ပါဝင်ပတ်သက်နေကြပါတယ်။

လွန်ခဲ့တဲ့ သုံးလတုန်းက အနောက်တိုင်း မီးနတ်ဘုရားဂိုဏ်း သံတမန်နဲ့ ရှီလွန်အင်ပါယာ ရေတပ်တို့ လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် နယ်စားကြီး ရပ်လ်ဆဲ ဦးဆောင်တဲ့ လူအင်အား ၁၁၀,၀၀၀ ပါဝင်ပါတယ်။ သူတို့က ကျုပ်တို့ တော်ဝင်ရန်အင်ပါယာ နဲ့ တိုက်ခိုက်နေတာကို မြင်တော့ စစ်ပွဲထဲ ဝင်ပါ လာခဲ့ကြပါတယ်။ ကျုပ် မမှားဘူးဆိုရင် ရှီလွန်အင်ပါယာက စစ်သည် သိန်းချီ စုဆောင်းနေပြီး တော်ဝင်ချန် အင်ပါယာကို ကူညီဖို့ ပင်လယ်ဖြတ်ကျော် လာရောက်ဖို့ ပြင်ဆင်နေကြပါတယ်။”

ရှမ့်လန် လုံးဝ ကြောင်အသွားခဲ့၏။ သူ ပျောက်ဆုံးနေစဉ် လောကစစ်ကြီး ဖြစ်ပွားခဲ့သည်လား။ အစပျိုးမှုက ရှမ့်လန် ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။ လူအများစုက ရှမ့်လန် သေဆုံးပြီဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် တော်ဝင်ချန်အင်ပါယာ တစ်ခုလုံး ဒေါသထွက်ခဲ့ကြပြီး တော်ဝင်ရန်အင်ပါယာ ကို စစ်ကြေညာခဲ့ကြခြင်း ဖြစ်၏။

မင်းသားကျင်း တားဆီး၍ မရနိုင်ခဲ့သလို တော်ဝင်ချန်အင်ပါယာ အထက်ပိုင်း ခေါင်းဆောင်များလည်း တားဆီး၍ မရနိုင်ခဲ့ပေ။ထို့ကြောင့် စစ်ပွဲသည် ပိုမို ပြင်းထန်လာပြီး အရှေ့တိုင်း လောကစစ်ကြီး ဖြစ်လာခဲ့သည်။ မဟုတ်သေးပေ။ ရှီလွန်အင်ပါယာလည်း ပါဝင်ပတ်သက်နေသောကြောင့် လောကစစ်ကြီး ဖြစ်နေသည်။

“ချောင်ယောင်းအာ .... ကျုပ်ကို ရှာတွေ့ပြီး ကျုပ် ဘေးကင်းကြောင်း ပြောပြခဲ့တယ် မဟုတ်ဘူးလား။” ရှမ့်လန်က အသံတိုးတိုးဖြင့် မေးလိုက်၏။

ဆော့ရွှမ်းက ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်အရှင်... ဒါပေမဲ့ တော်ဝင်ချန်အင်ပါယာရဲ့ မီးတောက်တွေ တောက်လောင်လာပြီဆိုရင် ဘယ်တော့မှ ငြိမ်းသတ်လို့ မရတော့ပါဘူး။ ဒီစစ်ပွဲ စတင်လိုက်တာနဲ့ ဘယ်တော့မှ အဆုံးသတ်လို့ မရနိုင်တော့ပါဘူး။”

ရှမ့်လန်သည် စိတ်ခံစားမှုများ လွှမ်းမိုးသွားပြီး မျက်ရည်များ ဝဲလာခဲ့သည်။ ရင်းနှီးသော မြင်ကွင်းတစ်ခု ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်သည်။ မရေမတွက်နိုင်သော လူများသည် မီးကိုတိုးသော ပိုးဖလံများကဲ့သို့ပင် သူ့အတွက် နောက်တစ်ကြိမ် ရှေ့သို့ တိုးဝင်လာခဲ့ကြပြန်သည်။ ပြီးခဲ့သော အကြိမ်က လူ တစ်သိန်း ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဂဏန်းသင်္ချာအရပင် ရေတွက်၍ မရနိုင်တော့ပေ။ စစ်မှန်သော လောကစစ်ကြီး ဖြစ်ပေမည်။

...........

စစ်ပွဲ မည်သည့်အချိန်တွင် ဖြစ်ပွားမည် ဆိုသည်မှာ တိုက်ဆိုင်မှုများနှင့် ပြည့်နှက်နေတတ်သည်။ ဥပမာအားဖြင့် ပထမကမ္ဘာစစ်၏ အစပျိုးမှုသည် သြစတြီးယား-ဟန်ဂေရီ အင်ပါယာ အိမ်ရှေ့စံ လုပ်ကြံခံရမှု ဖြစ်သည်။

ဤလောကရှိ စစ်ပွဲ၏ အစပျိုးမှုမှာ ပထမအကြိမ် နဂါးနှစ်ကောင် စစ်ပွဲ ရှုံးနိမ့်ခြင်း ဖြစ်သည်။ ချန်မြို့တော်နှင့် တော်ဝင်ချန်အင်ပါယာမှ မရေမတွက်နိုင်သော ပြည်သူများသည် တော်ဝင်ရန်အင်ပါယာ ကို တိုက်ခိုက်ရန် အလိုအလျောက် ထွက်ခွာသွားခဲ့ကြ၏။

သူတို့၏ ပထမဆုံး ပစ်မှတ်မှာ တော်ဝင်ရန်အင်ပါယာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများ ဖြစ်သည်။ ထိုသူတို့သည် ချန်မြို့တော်မှ ထွက်ပြေးလာသော သစ္စာဖောက်များ ဖြစ်ကြသည်။

အပိုင်း (၁၂၇၂)

နဂါးနှစ်ကောင် စစ်ပွဲပြီးနောက် တော်ဝင်ရန် နဂါး ပြန်လာခဲ့သော်လည်း ရှမ့်လန်နှင့် နဂါးကြီး ပြန်မလာခဲ့ပေ။ လူတိုင်းက ရှမ့်လန်နှင့် နဂါးကြီး သေဆုံးပြီဟု ထင်မှတ်ခဲ့ကြ၏။

သန်းနှင့်ချီသော တော်ဝင်ချန်အင်ပါယာမှ သစ္စာဖောက်များနှင့် အချမ်းသာဆုံး သူကောင်းမျိုးနွယ်များသည် အောင်ပွဲခံခဲ့ကြသည်။ သူတို့သည် အိမ်တော်များတွင် စားပွဲသောက်ပွဲများ ကျင်းပကြပြီး တော်ဝင်ရန်အင်ပါယာ အရာရှိများကို မျက်နှာလိုမျက်နှာရ ပြုလုပ်ရန် အခွင့်ကောင်း ယူခဲ့ကြသည်။

ကပ်ဘေးဆိုးကြီး ရှမ့်လန် နောက်ဆုံးတော့ သေဆုံးသွားပြီ ဖြစ်သောကြောင့် တော်ဝင်ချန်အင်ပါယာ ပျက်သုဉ်းတော့မည် တော်ဝင်ရန်အင်ပါယာ တပ်တော်သည် ချန်အင်ပါယာကို မည်သည့်အချိန်တွင် အကြီးစား တိုက်ခိုက်မှု စတင်မည်နည်း။

‘ကျုပ်တို့က ချန်မြို့တော်မှ ထွက်ပြေးလာခဲ့ကြတဲ့အတွက် တော်ဝင်ရန်အင်ပါယာအတွက် လမ်းပြပေးနိုင်တယ်။ အခုချိန်ကစပြီး ချန်မြို့တော်ကို အတူတူ အုပ်ချုပ်ကြစို့။’

ဤထိပ်တန်း ဒုက္ခသည်များသည် ရင်ကွမ်းခေတ်က ချမ်းသာကြွယ်ဝသော ကလန်ကြီးများမှ ဆင်းသက် လာကြသူများ ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်သည် ချန်မြို့တော်ကို သိမ်းပိုက်ပြီးနောက် လူသတ်ပွဲကြီး မဆင်နွှဲခဲ့ပေ။ သူတို့သည် ရာထူးများ ဖယ်ရှားခံရပြီး ဆက်စပ်သူတစ်ချို့ ထောင်ကျခဲ့သော်လည်း အများစုမှာ အသက်ရှင်ခွင့်ရခဲ့ကြပြီး ပိုင်ဆိုင်မှုများကိုပင် ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

ယခု ရှမ့်လန် သေဆုံးသွားပြီ ဖြစ်သောကြောင့် အနာဂတ်တွင် တော်ဝင်ရန်အင်ပါယာ က ချင်နိုင်ငံကို အုပ်စိုးချိန်၌ သူတို့ ပြန်လည် ဦးမော့လာနိုင်မည် မဟုတ်ပါလား။ အခြားတစ်ဖက်တွင်မူ အောက်ခြေ လူတန်းစား ဒုက္ခသည်များမှာ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေကြသည်။ သူတို့ အမှန်တကယ် တုန်လှုပ်သွားခဲ့ကြ၏။

တော်ဝင်ချန်အင်ပါယာဘုရင် ရှမ့်လန်သည် ချန်မြို့တော်နှင့် ကျန်းမိသားစုကို သစ္စာဖောက်ခဲ့သော ပြည်သူများကို ကာကွယ်ရန် မိမိကိုယ်ကို စတေးခဲ့သည်လား။ ရလဒ်အနေဖြင့် လူ နှစ်သိန်း၊ သုံးသိန်းခန့်သည် ဒုက္ခသည် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး တော်ဝင်ချန်အင်ပါယာ နယ်မြေသို့ ပြန်လာခဲ့ကြသည်။

တော်ဝင်ရန်အင်ပါယာ သည် ချန်နိုင်ငံကို တိုက်ခိုက်လိမ့်မည် ဖြစ်ပြီး စစ်ပွဲ ထပ်မံ ဖြစ်ပွားတော့မည်ကို သူတို့ သိရှိကြသည်။ ထို့အပြင် နဂါးနှစ်ကောင် တိုက်ပွဲပြီးနောက် တော်ဝင်ရန်အင်ပါယာ အရာရှိများ၏ သဘောထားသည် သိသိသာသာ ပြောင်းလဲသွားခဲ့၏။

ယခင်က သူတို့သည် တော်ဝင်ချန်အင်ပါယာမှ ဒုက္ခသည်များကို အတော်လေး ဖော်ရွေစွာ ဆက်ဆံခဲ့ကြသည်။ သို့သော်ငြား ရှမ့်လန်နှင့် ကျန်းကလန်၏ နဂါးကြီး သေဆုံးသွားသည်ကို မြင်လိုက်ရချိန်မှာတော့ သူတို့၏ သဘောထားသည် ချက်ချင်း အေးစက်သွားခဲ့သည်။

ထိုချမ်းသာသူများက တော်ဝင်ရန်အင်ပါယာ အရာရှိများနှင့် ပူးပေါင်းပြီး ရှမ့်လန် ကျဆုံးခြင်းကို မည်သို့ အောင်ပွဲခံမည်။ ချန်အင်ပါယာကို မည်သို့ ကျူးကျော်အုပ်ချုပ်မည်ကို ဆွေးနွေးနေကြစဉ်မှာပင် မရေမတွက် နိုင်သော တော်ဝင်ချန်အင်ပါယာ ပြည်သူများသည် ဒီလှိုင်းလုံးကြီးသဖွယ် ဝင်ရောက်လာခဲ့ကြ၏။

သူတို့၏ အရေအတွက်မှာ ရေတွက်၍ မရနိုင်အောင် များပြားလှသည်။ ယန်နန်ခရိုင်မှ စစ်သည် ၂၀,၀၀၀ သည် သူတို့ကို လုံးဝ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက် အံ့မခန်း ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာခဲ့သည်။ စခန်းအတွင်းရှိ ဇိမ်ခံ အိမ်ရာများတွင် နေထိုင်ကြသော ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် ဒုက္ခသည်များ အားလုံးနီးပါး အသတ်ခံလိုက်ရသည်။

တော်ဝင်ရန်၏ နဂါးကြီး ပြန်လည် ရောက်ရှိလာချိန်မှာတော့ ဤလူများသည် အလွန် ပျော်ရွှင်ခဲ့ကြသည်။ ရှမ့်လန် သေဆုံးပြီဟု ကြားလိုက်ရရုံဖြင့် သူတို့သည် ဝိုင်အကောင်းစားများကို သောက်ကာ အောင်ပွဲခံခဲ့ကြ။

နောက်ဆုံးတွင် ချန်ပြည်သူ ဒါဇင်ကျော်သည် သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပြီး ပေါက်ပြားများ၊ ဓားမများဖြင့် နုပ်နုပ်စင်းပစ်လိုက်ကြသည်။ ရှမ့်လန်သည် ချန်မြို့တော်ကို သိမ်းပိုက်စဉ်က သန့်စင်ရေး လုပ်ငန်းကြီးပင် မလုပ်ဆောင်ခဲ့ပေ။ နောက်ဆုံးတွင်မူ ယခုတစ်ကြိမ်၌ သူတို့ အမှန်တကယ် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

သောင်းနှင့်ချီသော လူအုပ်ကြီးသည် သုတ်သင်ရှင်းလင်း ခံလိုက်ရလုနီးပါး ဖြစ်သွားခဲ့သည်။ ဒုက္ခသည် စခန်းများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသော တော်ဝင်ရန်အင်ပါယာ အရာရှိများနှင့် ထောင်ချီသော စစ်သည် အားလုံး အသတ်ခံလိုက်ရ၏။ မကြာမီ ယန်နန်ခရိုင် ကျိုးပျက်သွားခဲ့ပြီး မရေမတွက်နိုင်သော လူများ သေဆုံး ထိခိုက်ခဲ့ရသည်။

တော်ဝင်ရန်အင်ပါယာ အနောက်တောင်ဘက်ရှိ ပြည်နယ်အနည်းငယ်သည် ထိုပုန်ကန်မှုများကို နှိမ်နင်းရန် တပ်များကို အလျင်အမြန် စုစည်းခဲ့ကြသည်။ တော်ဝင်ရန်အင်ပါယာ တပ်တော် စတင် လှုပ်ရှားသည်နှင့် တော်ဝင်ချန်အင်ပါယာ တပ်တော်လည်း စတင် လှုပ်ရှားလာခဲ့၏။

အထူးသဖြင့် တော်ဝင်ချန်အင်ပါယာ တပ်တော်၏ နှလုံးသားထဲတွင် အမုန်းတရားမီးများ တောက်လောင် နေကြသည်။ အနည်းငယ် စိန်ခေါ်လိုက်ရုံဖြင့် စစ်မီးတောက်များ ဟုန်းဟုန်းတောက်လောင် လာခဲ့သည်။

အစပိုင်းတွင် တော်ဝင်ချန်အင်ပါယာ တပ်တော်ကို မည်သူမှ တားဆီး၍ မရနိုင်ခဲ့ပေ။ အထူးသဖြင့် ချန်မြို့တော်တွင် တပ်စွဲထားသော သိန်းချီသည့် စစ်သည်များ ဖြစ်ကြသည်။ သူတို့သည် နုရှောင့် တပ်တော်သစ်များ၊ စေတီတောင်မှ လက်နက်ချလာသော စစ်သည်များဖြစ်ကြပြီး အလွန်တရာ ထူးချွန် ထက်မြက်ကြသည်။

တစ်လမပြည့်ခင်မှာပင် သူတို့သည် လန်နိုင်ငံနှင့် ဝေနိုင်ငံတို့ကို ချေမှုန်းဖျက်ဆီးပစ်လိုက်ကြသည်။ ဒေါသ ထွက်နေသော တော်ဝင်ချန်အင်ပါယာ တပ်တော်သည် လန်နိုင်ငံ နန်းတော်ကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီး တော်ဝင်မိသားစု သင်္ချိုင်းဂူများကို ဖျက်ဆီးပစ်လိုက်ကြသည်။ လန်ဘုရင်နှင့် ဝေနယ်စားကြီးတို့ ထွက်ပြေး လွတ်မြောက်သွားကြ၏။

ချန်မြို့တော် တပ်တော်သည် လန်နိုင်ငံနှင့် ဝေနိုင်ငံတို့ကို ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် တော်ဝင်ရန် အင်ပါယာ ၏ ပြည်နယ်နှစ်ခုကို မြေလှန်ဖျက်ဆီးပစ်လိုက်ကြသည်။ ထိုအချိန်၌ နုရှောင့်မြို့ကို စောင့်ကြပ် နေကြသော ဆော့ရွှမ်း၊ ကျင်းကျိုး၊ ကျန်းချုံးနှင့် အခြားသူများ ကြောက်လန့်တကြား ဖြစ်သွားခဲ့ကြရသည်။

စစ်ပွဲကြီးသည် ထိုကဲ့သို့ပင် ရုတ်တရက် စတင် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် နုရှောင့်မြို့သည် လေကြောင်းမှတဆင့် များပြားလှသော စစ်လက်နက် ပစ္စည်းများကို ပို့ဆောင်ပေးခဲ့ရသည်။ မရေမတွက်နိုင်သော အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ၊ စက်သေနတ်များ၊ အသံလှိုင်းသတ္တဝါပျံများနှင့် ဒါဇင်နှင့်ချီသော မိုးပျံခံတပ်ကြီးများ ပါဝင်၏။

အမှန်စင်စစ် ပညာရှိကြီး တွိုင်းသည် ကြားဖြတ်ဟန့်တားရေး စနစ်ကို ပိုမို ပြည့်စုံကောင်းမွန်အောင် ပြုလုပ်ချင်ခဲ့သည်။ သို့သော်ငြား လုပ်ငန်းစဉ်မှာ အလွန် ကြီးမားလွန်းသည်။ အချိန်မရှိတော့ပေ။

သူသည် နဂါးနောင်တ ကြားဖြတ်ဟန့်တားရေးစနစ်ကို ရူးသွပ်မတတ် အလျင်အမြန် ပြုလုပ်ခဲ့ရသည်။ သူသည် မိုးပျံခံတပ်ကြီး များကိုပင် နဂါးနောင်တ ကြားဖြတ်ဟန့်တားရေး စနစ်အဖြစ် ပြုပြင်ပြောင်းလဲခဲ့ရသည်။ စစ်ပွဲ စတင်လာပြီ ဖြစ်သောကြောင့် အစွမ်းကုန် ကြိုးစားရတော့မည်။

ချောင်ဘုရင်သည် နုရှောင့်မြို့တွင် လေ့ကျင့်ပြီးစီးသော စစ်သည်သစ် တစ်သိန်းခွဲကို လက်ခံရရှိခဲ့သည်။ သူသည် စစ်သည် တစ်သိန်းကို ချက်ချင်း ဦးဆောင်ကာ တောင်ဘက်သို့ ချီတက်ပြီး ချင်နိုင်ငံကို ချေမှုန်းပစ်လိုက်သည်။

ချင်နိုင်ငံသည် အာယုနာနာ ပိုင်ဆိုင်သော နိုင်ငံ ဖြစ်သည်။ သို့သော်ငြား သူမ ထွက်ခွာသွားပြီးနောက် တစ်စုံတစ်ယောက် က ထီးနန်းကို လုယူကာ ရင်ကွမ်းကို သစ္စာခံခဲ့၏။

ရင်ကွမ်း ပျက်သုဉ်းသွားပြီးနောက် သူတို့သည် တော်ဝင်ရန်အင်ပါယာ ကို အသည်းအသန် သစ္စာခံခဲ့ကြသည်။ သို့သော်ငြား တော်ဝင်ချန်အင်ပါယာရှိ ရှမ့်လန်သည် ထိုလူပြက်များကို ဖြေရှင်းရန် အချိန်မရခဲ့ပေ။ စစ်ပွဲ စတင်လာချိန်မှာတော့ ချောင်ဘုရင်သည် တပ်တော်ကို ဦးဆောင်ကာ ထိုသူတို့ကို ချေမှုန်းပစ်လိုက်သည်။

ချင်နိုင်ငံကို ဖျက်ဆီးပြီး မြင်းများ၊ နွားများနှင့် သိုးများ အများအပြား သိမ်းပိုက်ရယူပြီးနောက် ချောင်ဘုရင်သည် စစ်သည် သိန်းချီ ဦးဆောင်ကာ မြောက်ဘက် ကျင်းနိုင်ငံသို့ ချီတက်သွားခဲ့၏။

ထိုအချိန်တွင် ရွဲ့ပြည်နယ်နှင့် ဝူပြည်နယ်တို့သည်လည်း စစ်သည်သစ် နှစ်သိန်းကို လက်ခံရရှိခဲ့ကြသည်။ ထိုစစ်သည်သစ်များကို ဟောင်ဝစ်ဇာ အမြောက်သစ်များ၊ အသေးစား နဂါးအရှိန်အဝါ ပစ်လွှတ်စင်များ၊ အိမ်မက်ဆိုး ကျောက်တုံး ရိုင်ဖယ်များ တပ်ဆင်ပေးထားသည်။ အရေအတွက် သိပ်မများလှသော်လည်း စစ်သည် အများစုမှာ သာမန် ရိုင်ဖယ်များကို အသုံးပြုနေရဆဲ ဖြစ်သည်။

သို့သော်ငြား ထိုစစ်သည် နှစ်သိန်းသည် တောင်ဘက်နှင့် အရှေ့ဘက်မှနေ၍ တော်ဝင်ရန်အင်ပါယာ ကို တိုက်ခိုက်ခဲ့ကြသည်။ တစ်ခဏချင်း အတွင်းမှာပဲ တော်ဝင်ချန်အင်ပါယာ တစ်ခုလုံးသည် အနောက်မှ အရှေ့သို့၊ တောင်မှ မြောက်သို့ စစ်သည် တစ်သန်းကျော် စည်းရုံးလှုပ်ရှားလာခဲ့၏။

တော်ဝင်ရန်အင်ပါယာ သည် အနည်းငယ် သာလွန်ကောင်းမွန်နေသေးသည်။ သို့သော်ငြား သူ၏ လက်အောက်ခံ နိုင်ငံများသည် အငိုက်မိသွားကြပြီး ရှုံးနိမ့်ဆုတ်ခွာခဲ့ကြရသည်။ ကျင်းနိုင်ငံပင်လျှင် ချောင်နိုင်ငံနှင့် တော်ဝင်ချန် အင်ပါယာ တပ်တော်၏ တိုက်ခိုက်ချေမှုန်းခြင်းကို ခံလိုက်ရသည်။ တစ်လကျော် ကာလအတွင်း ကျင်းနိုင်ငံသည် ပြည်နယ်နှစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ပထမနှစ်လအတွင်း တော်ဝင်ချန်အင်ပါယာသည် အသာစီးရခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။ ပထမအချက်မှာ ဒေါသတရားဖြင့် တိုက်ခိုက်သော တပ်တော်သည် အနိုင်ရစမြဲ ဖြစ်သည်။ ဒုတိယအချက်မှာ နုရှောင့်မြို့မှ လက်နက်သစ်များကြောင့် ဖြစ်သည်။ အထူးသဖြင့် တော်ဝင်ချန်အင်ပါယာ လေ့ကျင့်ပေးထားသော စစ်သည်သစ် သုံးသိန်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန် အံ့မခန်း ကောင်းမွန်လှ၏။

သုံးလအတွင်း တော်ဝင်ချန်အင်ပါယာ တပ်တော်သည် စစ်မျက်နှာပြင် အားလုံးကို ထိုးဖောက်ဝင်ရောက် နိုင်ခဲ့သည်။ တော်ဝင်ရန်အင်ပါယာသည် နယ်မြေ စတုရန်းကီလိုမီတာ ၁.၅ သန်း ဆုံးရှုံးခဲ့ရပြီး လက်အောက်ခံ နိုင်ငံ ၆ နိုင်ငံ ပျက်သုဉ်းသွားခဲ့သည်။

တော်ဝင်ရန်အင်ပါယာ သည် တားမြစ်မျှော်စင် အတွင်း၌ နဂါးကို ကုသပေးနေဆဲ ဖြစ်သည်။ သူ့ကို နှောင့်ယှက်၍ မရနိုင်ပေ။ ထို့ကြောင့် တိုက်ပွဲများကို တော်ဝင်ရန်အိမ်ရှေ့စံနှင့် မင်းသမီး ကျိရွှမ်တို့က လုံးဝ တာဝန်ယူ ကွပ်ကဲနေကြရ၏။

အချိန်တိုအတွင်း တော်ဝင်ရန်အင်ပါယာသည် စစ်သည် အမြောက်အမြား စုဆောင်းကာ စစ်မျက်နှာပြင် အသီးသီးသို့ စေလွှတ်ခဲ့ကြသည်။ တော်ဝင်ရန်အင်ပါယာ တွင် အသံလှိုင်းသတ္တဝါပျံ သုံးထောင်နီးပါး၊ နှင်းလင်းယုန် တပ်ဖွဲ့ သုံးသောင်းနှင့် လျှို့ဝှက်တပ်ဖွဲ့ဝင် လေးသိန်းနီးပါး ရှိသည်။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်တွင်လည်း နှင်းလင်းယုန်တပ်ဖွဲ့ ငါးထောင်နှင့် လျှို့ဝှက်တပ်ဖွဲ့ဝင် တစ်သိန်းသုံးသောင်း ရှိနေသေးသည်။ ထို့အပြင် မရေမတွက်နိုင်သော ရှေးဟောင်း လေးများ၊ ရှေးဟောင်း ဒူးလေးကြီးများနှင့် နဂါးအရှိန်အဝါ ပစ်လွှတ်စင်များလည်း ရှိနေသေး၏။

ဤလောကစစ်ကြီးတွင် တော်ဝင်ရန်အင်ပါယာသည် နောက်ဆုံး၌ ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ များပြား လှသော ရှေးဟောင်းလက်နက်များကို ထုတ်ဖော်အသုံးပြုလာခဲ့သည်။ ဤနေရာရှိ ရှေးဟောင်းလက်နက် အများစုမှာ တူးဖော်တွေ့ရှိထားခြင်း မဟုတ်ဘဲ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ကာလကြာမြင့်စွာကပင် အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်း ရရှိထားပြီး ဖြစ်သောကြောင့် တော်ဝင်ရန်အင်ပါယာသည် ရှေးဟောင်း ပစ္စည်းကိရိယာများနှင့် သံချပ်ကာ အမြောက်အမြားကို ထုတ်လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသော အထူးစစ်သည် ခြောက်သောင်း နှင့် လျှို့ဝှက်တပ်ဖွဲ့ဝင် ငါးသိန်း ရှိနေ၏။

စေတီတောင်၊ ရင်ကွမ်း၊ တုံ့ကျန့်ဘုရားကျောင်း၊ ရှမ့်လန်၊ ကောင်းကင်ပင်လယ်နန်းဆောင်နှင့် အခြား အင်အားစုများ အားလုံး ပေါင်းစည်းထားသည်ထက် နှစ်ဆကျော် များပြားသည်။ တော်ဝင်ရန်အင်ပါယာ ၏ ကြွယ်ဝချမ်းသာမှုမှာ အလွန် တုန်လှုပ်ဖွယ် ကောင်းသည်။ အခြားသူများသည် ရှေးဟောင်းလက်နက်များ ရရှိရန် ရှေးဟောင်း အပျက်အစီးများကို ရှာဖွေရသော်လည်း အင်ပါယာမှာမူ ကိုယ်တိုင် ထုတ်လုပ်နိုင်သည်။

ထို့အပြင် သွေးမျိုးဆက် ပြောင်းလဲခြင်းနှင့် သွေးမျိုးဆက် ပြုပြင်ခြင်းများလည်း ရှိနေသေးသည်။ ဤအရာ အားလုံးကို အင်ပါယာက ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးသည် အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်းတွင် ပါဝင်သောကြောင့် ဖြစ်၏။

စစ်ပွဲ ဖြစ်ပွားပြီး ၂ လ၊ ၃ လ အကြာတွင် အရှေ့တိုင်းလောက၌ စစ်မျက်နှာပြင် ၄ ခု ပေါ်ပေါက်လာခဲ့သည်။ ဝူဘုရင်သည် အရှေ့ဘက် စစ်မျက်နှာပြင်ကို ဦးဆောင်ပြီး၊ ရွဲ့ဘုရင်သည် တောင်ဘက် စစ်မျက်နှာပြင်ကို ဦးဆောင်ကာ၊ မင်းသားကျင်း၊ ချောင်ယောင်းအာနှင့် စုနန်တို့သည် အဓိက စစ်မျက်နှာပြင်ကို ဦးဆောင်ကြသည်၊ ချောင်ဘုရင်သည် အနောက်ဘက် စစ်မျက်နှာပြင်ကို ဦးဆောင်နေသည်။

တော်ဝင်ရန်အင်ပါယာ၏ လျှို့ဝှက်တပ်ဖွဲ့ဝင် ငါးသိန်းကျော် စစ်မျက်နှာပြင်သို့ ဝင်ရောက်လာပြီးနောက် စစ်ပွဲ အခြေအနေ ပြောင်းလဲသွားခဲ့သည်။ တော်ဝင်ချန်အင်ပါယာ၏ စစ်သည် တစ်သန်းကျော်သည် နောက်ပြန် ဆုတ်ခဲ့ကြရ၏။

နှစ်လအတွင်း တော်ဝင်ရန်အင်ပါယာသည် ဆုံးရှုံးခဲ့ရသော နယ်မြေ စတုရန်းကီလိုမီတာ တစ်သန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်ငြား နှစ်ဖက်စလုံး အခြေအနေ တင်းမာနေဆဲ ဖြစ်သည်။ ဤစစ်ပွဲတွင် တော်ဝင်ချန် အင်ပါယာသည် အလွန် အံ့အားသင့်ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် တော်ဝင်ရန်အင်ပါယာသည် ဤမျှ ကြွယ်ဝချမ်းသာပြီး ရှေးဟောင်းလက်နက် အမြောက်အမြား ပိုင်ဆိုင်ထားမည်ဟု သူတို့ မထင်မှတ်ခဲ့သောကြောင့် ဖြစ်သည်။

ကုန်းကြောင်းတပ်ဖွဲ့သာမက ရေတပ်နှင့် နဂါးတပ်တော်တို့တွင်လည်း ရှေးဟောင်း စစ်သင်္ဘော အမြောက်အမြား ရှိနေသေးသည်။ တော်ဝင်ချန်အင်ပါယာ၏ အဓိက ရေတပ်တော်သည် အကြိမ်ကြိမ် တိုးချဲ့ပြီးနောက် လူအင်အား တစ်သိန်းနီးပါး ရှိလာခဲ့သည်။ တော်ဝင်ချန်အင်ပါယာ၏ ကိုယ်ပိုင်ရေတပ်နှင့် စေတီတောင်မှ လက်နက် ချလာသော ရေတပ်တို့ကို ပေါင်းစပ်လိုက်လျှင် စုစုပေါင်း နှစ်သိန်းကျော် ရှိ၏။

ထို့ကြောင့် စစ်ပွဲသည် ကုန်းကြောင်းနှင့် လေကြောင်းတွင်သာ မကဘဲ ရေကြောင်းတွင်ပါ ဖြစ်ပွားနေခြင်း ဖြစ်သည်။

သို့သော်ငြား ဤစစ်ပွဲတွင် တော်ဝင်ရန်အင်ပါယာက ပို၍ပင် အံ့အားသင့်ခဲ့ရသည်။ သူတို့၏ ယခင် တွေးခေါ်ယူဆချက်များအရ အခြားအင်အားစုများ အားလုံး ပေါင်းစည်းထားသည်ထက် အဆပေါင်းများစွာ သာလွန်သော လျှို့ဝှက်တပ်ဖွဲ့ကြီး ရှိနေသောကြောင့် တော်ဝင်ချန်အင်ပါယာကို အလွယ်တကူ ချေမှုန်းနိုင်မည်ဟု ယူဆခဲ့ကြ၏။

ထို့အပြင် တော်ဝင်ချန်အင်ပါယာတွင် ရှမ့်လန် တစ်ဦးတည်းသာရှိပြီး သူ ရှုံးနိမ့်သွားပါက တော်ဝင်ချန် အင်ပါယာသည် အလွယ်တကူ ပြိုလဲသွားမည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်ငြား လုံးဝ မဟုတ်ခဲ့ပေ။ တပ်တော် နှစ်ဖက်စလုံးသည် အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေကြသည်။

လေတပ်အင်အားအရ တော်ဝင်ချန်အင်ပါယာတွင် အသံလှိုင်းသတ္တဝါပျံ တစ်ထောင်အောက်သာ ရှိပြီး နှင်းလင်းယုန် ရှစ်ထောင်ခန့် ရှိသောကြောင့် တော်ဝင်ရန်အင်ပါယာ ၏ ခြောက်ပုံတစ်ပုံအောက်သာ ရှိသည်။

သို့သော်ငြား သူတို့တွင် မိုးပျံခံတပ်ကြီးများ၊ အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များနှင့် စက်သေနတ်များ ရှိနေသည်။ ထိုကြောက်မက်ဖွယ် လက်နက်များသည် အရေအတွက် ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် လေကြောင်းတိုက်ပွဲ အများအပြားတွင် တော်ဝင်ချန်အင်ပါယာက အနည်းငယ် အသာစီးရခဲ့၏။

ရေတပ်အင်အားအရ တော်ဝင်ရန်အင်ပါယာ သည် တော်ဝင်ချန်အင်ပါယာထက် သုံးဆကျော် သာလွန် သော်လည်း တော်ဝင်ချန်အင်ပါယာရေတပ်လောက် မကောင်းမွန်ပေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ချန် အင်ပါယာသည် ပျောက်ဆုံးနိုင်ငံ၏ ပင်လယ်မွန်းစတား မဟာမိတ် ဖြစ်သောကြောင့်ပင်။ တိုက်ပွဲ သုံးကြိမ် ဖြစ်ပွား ပြီးနောက် တော်ဝင်ရန်အင်ပါယာ ရေတပ်သည် နုရှောင့်မြို့ကို ကျူးကျော်ရန် စိတ်ကူးမရှိတော့ဘဲ မိမိတို့၏ ပင်လယ်ပြင်ကို ကာကွယ်ရန်သာ အစွမ်းကုန် ကြိုးစားနေရတော့သည်။

တော်ဝင်ချန်အင်ပါယာ ရေတပ်သည် ပင်လယ်ပြင် လီပေါင်း တစ်သောင်းခွဲကျော်ကို အခိုင်အမာ ထိန်းချုပ် ထားနိုင်ခဲ့သည်။ သူတို့သည် တောင်ဘက် အမှောင်ရဲတိုက်အထိ သွားရောက်ကာ တော်ဝင်ရန်အင်ပါယာ ထံ လက်နက်ချခဲ့သော ရေတပ်ကို လုံးဝ ချေမှုန်းဖျက်ဆီးပြီး ဖမ်းဆီးနိုင်ခဲ့၏။

ပင်လယ်ပြင်ကို ထိန်းချုပ်လိုက်နိုင်ပြီးနောက် နုရှောင့်မြို့၏ စက်ကိရိယာများ၊ လက်နက်များနှင့် လေ့ကျင့်ပြီးသား တပ်ဖွဲ့ဝင်သစ်များကို စစ်မျက်နှာပြင်အသီးသီးသို့ အဆက်မပြတ် ပို့ဆောင်ပေးနိုင်ခဲ့သည်။ အရှေ့တိုင်း လောကတွင် ဤမျှ ရူးသွပ်ဖွယ်ရာကောင်းသော စစ်ပွဲမျိုး တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။

နှစ်ဝက် မပြည့်ခင်မှာပဲ လူသားစား စက်ကြီး တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ နှစ်ဖက်စလုံး၏ ထိခိုက်သေဆုံးမှု များမှာ ရေတွက်၍ မရနိုင်အောင် များပြားလှသည်။

တော်ဝင်ရန်အင်ပါယာသည် ယခင်ကထက် ပိုမို သန်မာလာ ခဲ့သည်။ လူဦးရေ ပိုမို များပြားလာပြီး တပ်တော် ပိုမို ကြီးမားလာသည်။ ထို့အပြင် ရှေးဟောင်းသံချပ်ကာများနှင့် ရှေးဟောင်းလက်နက်များ ထုတ်လုပ်ပေးသော လျှို့ဝှက် ရှေးဟောင်း အပျက်အစီးတည်နေရာများလည်း အများအပြား ရှိနေသေး၏။

သို့သော်ငြား တော်ဝင်ချန်အင်ပါယာ၏ စစ်ပွဲ ဒဿနနှင့် လက်နက်များမှာ ပိုမို ခေတ်မီဆန်းသစ်နေသည်။

ဤကဲ့သို့ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရချိန်မှာတော့ တော်ဝင်ရန်အိမ်ရှေ့စံသည် မဆိုင်းမတွပင် အထူးနဂါးနောင်တ ကို အသုံးပြုလိုက်၏။

အဘယ်ကြောင့်ဆိုသော် ရှမ့်လန် ပျောက်ဆုံးနေသောကြောင့် ဖြစ်၏။ တော်ဝင်ချန်အင်ပါယာတွင် နဂါးနောင်တ ကို ပစ်လွှတ်နိုင်သူ မရှိသလို တားဆီးနိုင်သူလည်း မရှိတော့ပေ။

နောက်ဆုံးတွင် ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက် လာခဲ့သည်။ တော်ဝင်ရန်အင်ပါယာ ၏ အထူးဂါးနောင်တ ကြားဖြတ်ဟန့်တား ခံလိုက်ရသည်။ ပညာရှိကြီး တွိုင်း၏ ကြားဖြတ် ဟန့်တားရေး ကိရိယာ အလုပ်ဖြစ်ခဲ့ပြီး အထူး နဂါးနောင်တ ၃ ခုကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။

လက်တုံ့ပြန်သည့် အနေဖြင့် တော်ဝင်ချန်အင်ပါယာသည် အထူးနဂါးနောင်တ ၅ ခု ပစ်လွှတ်လိုက်၏။

All Chapters