အခန်း (၁၂၇၇-၁၂၇၈)
Vol. 73 Ch. 1277-1278
အပိုင်း (၁၂၇၇)
“ဝုန်း... ဝုန်း...”
နဂါးကြီးသည် မိုင်တစ်ရာရှည်လျားသော ပင်းပြည်နယ် ခံစစ်စည်းတလျှောက် ဖြတ်သန်း ပျံသန်းသွားခဲ့ရာ သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ တော်ဝင်ရန်အင်ပါယာမှ မျှော်လင့်ချက် ထားရှိခဲ့သော ပင်းပြည်နယ် ခံစစ်စည်းကြီးသည် မြေပြင်ပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ လုံးဝ မြေလှန်ခံလိုက်ရသကဲ့သို့ ဖြစ်သည်။ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်မှာ ချော်ရည်ပူ မြစ်ကြောင်းတစ်ခုသာ ဖြစ်သည်။
ခံစစ်စည်းပေါ်ရှိ စစ်သည်တော်များနှင့် လက်နက်များမှာမူ အားလုံး ပြာကျသွားခဲ့ရပြီး ရှေးဟောင်း သံချပ်ကာများ နှင့် ရှေးဟောင်းစွမ်းအင်ဗဟိုချက် သုံးဆယ်ကျော်တို့လည်း ပျောက်ကွယ်သွားခဲ့ရ၏။ ရှေးဟောင်း စွမ်းအင်ဗဟိုချက်များကို မြေအောက် မီတာရာပေါင်းများစွာ အနက်တွင် မြှုပ်နှံထားလျှင်ပင် ပေါက်ကွဲသွားမည်သာ ဖြစ်၏။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုစွမ်းအင်ဗဟိုချက်များ၏ ပေါက်ကွဲမှုသည် နဂါးမီးလျှံများအောက်တွင် သတိပင် မထားမိလိုက်ခြင်း ဖြစ်သည်။ အကြောင်းမှာ နဂါးမီးလျှံ၏ ပြင်းအားအောက်တွင် ၎င်းတို့၏ ပေါက်ကွဲအား သည် အလွန်တရာ သေးငယ်သွားသောကြောင့် ဖြစ်သည်။
ထိုသုံးမိနစ်အတွင်း တော်ဝင်ရန်အင်ပါယာသည် ရှိရှိသမျှ အင်အားကို အသုံးပြု၍ နဂါးကြီးအား အသည်းအသန် တိုက်ခိုက်ခဲ့ကြ၏။ ရှေးဟောင်းလေးမြားများ၊ ကူပိုးကောင် လက်နက်များ၊ အဆိပ် လက်နက်များ စသည်ဖြင့် ရှိသမျှ လက်နက်ကုန် ထုတ်သုံးခဲ့ကြ၏။
သို့သော်ငြား အဆိုပါ လက်နက်များသည် နဂါးကြီး၏ တစ်ကီလိုမီတာ အကွာအဝေးသို့ပင် မရောက်ရှိနိုင်ဘဲ လုံးဝ ပျက်စီး သွားခဲ့ရ၏။ တိုက်ခိုက်မှု အားလုံးသည် နဂါးကြီးအပေါ် သက်ရောက်မှု မရှိခဲ့ပေ။
သုံးမိနစ် အတွင်းမှာပဲ တော်ဝင်ရန်အင်ပါယာမှ အသုံးပြုခဲ့သော မရေမတွက်နိုင်သည့် အရင်းအမြစ်များ၊ ရှေးဟောင်းပစ္စည်း ကိရိယာများနှင့် ပင်းပြည်နယ် ခံစစ်စည်းမှ သိန်းချီသော စစ်သည်တော်များသည် လေထဲတွင် ပျောက်ကွယ်သွားခဲ့ရသည်။
“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
“ချန်အင်ပါယာ လောကတည်သရွေ့ တည်တံ့ပါစေ။”
“အရှင် ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။” ချန်အင်ပါယာ၏ သုံးသိန်းသော စစ်သည်တော်တို့ ပြိုင်တူ ဟစ်ကြွေးလိုက်ကြ၏။
ခဏအကြာတွင် တောင်ဘက်အရပ်ဆီမှ ဆူနာမီလှိုင်းလုံးကြီးပမာ အသံနက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ချန်အင်ပါယာ လောကတည်သရွေ့ တည်တံ့ပါစေ။ အရှင် ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။”
၎င်းသည် အပြေးရောက်ရှိလာသော ရွှဲ့ပြည်နယ်၏ ပင်မတပ်ကြီးပင် ဖြစ်သည်။ သူတို့သည် အဝေးတွင် ရှိနေသေးသော်လည်း လောကပျက်မတတ် ပြင်းထန်သော တိုက်ခိုက်မှုကို မြင်တွေ့၊ ကြားသိ၊ ခံစားလိုက် ကြရ၏။ ကောင်းကင်ယံတွင် နဂါးကြီး မီးမှုတ်နေသည်ကိုလည်း ရှင်းလင်းစွာ မြင်တွေ့ကြရ၏။
ရွှဲ့ပြည်နယ်၏ နှစ်သိန်းသော တပ်ဖွဲ့သည်လည်း စိတ်ဓာတ်များ တက်ကြွလာကာ ကျယ်လောင်စွာ ဟစ်ကြွေး ကြလေတော့သည်။
မင်းသားကျင်းနှင့် စုနန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုနှင့် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။
အင်ပါယာ၏ ဝန်ကြီးချုပ် ဖြစ်သည့်အားလျော်စွာ မင်းသားကျင်းသည် ပို၍ လှမ်းမျှော်တွေးရပေမည်။ ယခုအခါ ချန်အင်ပါယာ၏ နဂါးကြီးသည် ၎င်း၏ စွမ်းအင်ကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သောကြောင့် သူ ဝမ်းသာမိသည်မှာ အမှန်ပင်။ သို့သော်ငြား နဂါးကြီး၏ ရှေ့မှောက်တွင် လူသားစစ်တပ်သည် အလွန်တရာ အားနည်းလွန်းလှသည်။ ဤသည်မှာ ကောင်းသော ကိစ္စတစ်ခု မဟုတ်ပေ။
လက်ရှိ အင်ပါယာ ရှမ့်လန်သည် နဂါးကြီးကို ထိန်းချုပ်နိုင်သော်လည်း နောက်တက်လာမည့် အင်ပါယာ ရှမ့်ယီ အလှည့်တွင် မည်သို့ ဖြစ်မည်နည်း။ ချန်အင်ပါယာ၏ နောင်အဆက်ဆက်သော အင်ပါယာများ လက်ထက်တွင် မည်သို့ ဖြစ်လာမည်နည်း။ နဂါးကြီးကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်နှင့် ဖြစ်လာမည့် အကျိုးဆက်များကို တွေးကြည့်၍ပင် ရနိုင်မည် မဟုတ်ပေ။
ချန်အင်ပါယာနှင့် လူသားအင်ပါယာ၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် နဂါးကြီးသည် တစ်ဆက်သာ တည်ရှိသင့်သည်။ ရှမ့်လန် နတ်ရွာစံပြီးသည်နှင့် နဂါးကြီးကိုပါ ခေါ်ဆောင်သွားစေသင့်၏။ သို့မဟုတ်ပါက ချန်အင်ပါယာသည် ဆက်လက် ဖွံ့ဖြိုးတိုးတက်လာပြီး ပိုမိုကြီးမားသော စွမ်းအင်များကို ပိုင်ဆိုင်လာကာ နဂါးကြီး၏ စွမ်းအားကို ထိန်းချုပ်လာနိုင်ရပေမည်။ မဟုတ်ပါက ဒုက္ခလှလှတွေ့ပေမည်။
... ...
သုံးမိနစ်... သုံးမိနစ်သာ ကြာမြင့်ခဲ့သည်။
မင်းသမီး ကျိရွှမ်၊ မင်းသားလျန်နှင့် တော်ဝင်ရန်အင်ပါယာမှ အခြားသော စစ်သူကြီးများသည် မျက်စိ ရှေ့မှောက်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို ငေးမောကြည့်ရှု နေခဲ့ကြရ၏။
သူတို့တွင် ပြန်လည်တိုက်ခိုက်ရန် စွမ်းအားဟူ၍ မရှိတော့ပေ။ ထိုးဖောက်မရနိုင်ဟု တင်စားခဲ့ကြသော ကီလိုမီတာ ၅၀ ရှည်လျားသည့် ခံစစ်စည်းကြီးသည် လွယ်ကူစွာပင် ပျက်စီးသွားခဲ့ရသည်။ ချော်ရည်ပူ မြစ်ကြောင်းတစ်ခု အဖြစ်သို့ အရည်ပျော်ကျသွားခဲ့ရပြီ ဖြစ်သည်။ သုံးသိန်းကျော်သော စစ်သည်တော်များ ပျောက်ကွယ် သွားခဲ့ရ၏။ အလောင်းကို မဆိုထားနှင့်၊ ပြာမှုန့်ကိုပင် ရှာဖွေ၍ မရနိုင်တော့ပေ။
ကျိရွှမ်၏နှုတ်မှ တီးတိုး ရေရွတ်သံ ထွက်ပေါ်လာသည်။ “သိသားပဲ။ အဲလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ။”
မင်းသမီးကျိရွှမ်၏ ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းသွားခဲ့သည်။ သူမ၏ စိတ်အာရုံများ ဗလာ ဖြစ်သွားခဲ့၏။ အမှန်စင်စစ် ချန်အင်ပါယာ၏ သုံးသိန်းသော ပင်မတပ်ကြီး စုရုံးနေသည်ကို သတိထားမိချိန်တည်းက သူမ၏ စိတ်ထဲတွင် ဆိုးရွားသော နိမိတ်တစ်ခုကို ခံစားခဲ့ရပြီး ဖြစ်၏။
နဂါးနောင်တများ လေထဲတွင် တောင့်တင်းရပ်တန့်သွားချိန်၌ ရှမ့်လန် ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သူမ သိရှိလိုက်ရ၏။ ထိုကြောက်စရာကောင်းသော အမျိုးသား ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် နဂါးကြီးသည်လည်း ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ နဂါးကြီးသည် လွန်ခဲ့သော နှစ်ဝက်ခန့်က သေဆုံးသွားခဲ့သည် မဟုတ်ပါလား။ နဂါးတစ်ကောင်ကို လုံးဝ သေဆုံးသွားအောင် သတ်ဖြတ်ရန် ခက်ခဲသော်လည်း သဘောတရား အရမူ သေဆုံးသည်ဟု သတ်မှတ်နိုင်သည်။ အကြောင်းမှာ ပြန်လည်နာလန်ထူရန် နှစ်ပေါင်း ၁၀၀ ကျော် အချိန်ယူရမည် ဖြစ်သောကြောင့် သေဆုံးသည်နှင့် ဘာများ ကွာခြားပါမည်နည်း။
နှစ်ဝက်မျှသာ ကြာမြင့်ချိန်တွင် ရှမ့်လန်၏ နဂါးကြီးက ပြန်လည် ရောက်ရှိလာခဲ့သည်။ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ရှမ့်လန်သည် အမှန်တကယ်ပင် ကံတရား၏ အရှင်သခင် ဖြစ်နေသည်လား။
အတန်ကြာမှ မင်းသားလျန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “နဂါးလို သတ္တဝါမျိုးက ဒီလောကထဲမှာ မရှိသင့်တာ ဖြစ်မယ်။ အနည်းဆုံးတော့ လူသားတွေက ဒီလို ကောင်းကင်အလိုကို ဆန့်ကျင်နိုင်တဲ့ သတ္တဝါမျိုးနဲ့ မထိုက်တန်ဘူး။”
မင်းသမီး ကျိရွှမ်က ခေါင်းညိတ် ထောက်ခံလိုက်၏။ ယခု သူတို့ မည်သို့ ဆက်လုပ်ကြမည်နည်း။ ပင်းပြည်နယ်၏ ကီလိုမီတာ ၅၀ ရှည်လျားသော ခံစစ်စည်းကြီး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သုံးသိန်းကျော်သော စစ်သည်တော်များလည်း သုတ်သင်ခံလိုက်ရပြီ ဖြစ်၏။
သို့သော်ငြား ပင်းပြည်နယ် မြို့တော်သည် ပျက်စီးခြင်း မရှိသေးဘဲ ကျန်ရှိနေသေး၏။ မြို့တော်ကို ကာကွယ်ရန် စစ်သည်တော် လေးသိန်းကျော် ရှိနေသေးသည်။ သို့သော်ငြား အဓိပ္ပာယ် မရှိတော့ပေ။ နဂါးကြီး တစ်ကောင်၏ ရှေ့မှောက်တွင် မြို့ရိုးမည်မျှ ခိုင်ခံ့စေကာမူ အရာမထင်တော့ပေ။ စစ်သည်အင်အား မည်မျှများပြားစေကာမူ အဓိပ္ပာယ် မရှိတော့ချေ။
မင်းသမီးကျိရွှမ်၏ ကံကြမ္မာ၊ အသံထက်မြန်သော သတ္တဝါပျံ ထောင်ပေါင်းများစွာနှင့် နှင်းလင်းယုန် သောင်းပေါင်းများစွာ အပါအဝင် ပင်းပြည်နယ်မြို့တော်တွင် ဖြစ်ပျက်သမျှအရာအားလုံးသည် ရှမ့်လန်၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်နေတော့သည်။
အကယ်၍ ရှမ့်လန်သာ သတ်ဖြတ်ချင်သည် ဆိုပါက အသံထက်မြန်သော သတ္တဝါပျံများ မည်မျှ လျင်မြန်စွာ ပျံသန်းနိုင်ပါစေ အဓိပ္ပာယ် ရှိမည် မဟုတ်ပေ။ နဂါးကြီးသည် အသံ၏အမြန်နှုန်းထက် သုံးဆပိုမိုသော အဟုန်ဖြင့် လွယ်ကူစွာ ပျံသန်းနိုင်သည်။ တော်ဝင်ရန်အင်ပါယာ၏ လေကြောင်းတပ်ဖွဲ့ကို လွယ်ကူစွာပင် ချေမှုန်း ပစ်နိုင်ပေလိမ့်မည်။
သို့သော်ငြား ရှမ့်လန်သည် ထိုမျှအထိ ရက်စက်နိုင်မည် မဟုတ်ပေ။ ထိုအသံထက်မြန်သော ပျံသန်း သတ္တဝါများကို ကျန်းမိသားစု က လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို တော်ဝင်ရန်အင်ပါယာက ထိန်းချုပ်ထားခြင်းမျှသာ ဖြစ်၏။
သတ္တဝါပျံ တစ်ကောင်စီတိုင်းသည် သစ္စာရှိကြပြီး ဉာဏ်ရည်ထက်မြက်ကာ ခင်မင်နှစ်လိုဖွယ် ကောင်းကြသည်။ နှင်းလင်းယုန်များသည် အနည်းငယ် တုံးအကြသော်လည်း ၎င်းတို့ကို ကျန်းလီ ကိုယ်တိုင် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်သည် ကျိရွှမ်အား အမှတ်မထင် တချက်ကြည့်လိုက်ပြီးနောက် အနီးရှိ ပင်းပြည်နယ်မြို့တော်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် စစ်သည်တော် လေးသိန်းကျော်သာမက သိန်းပေါင်းများစွာသော ပြည်သူများ လည်း ရှိနေကြ၏။
ယခုအချိန်တွင် လူတိုင်းသည် ကောင်းကင်ယံရှိ ရှမ့်လန်၏ နဂါးကြီးကို မော့ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။ ယခင်က တော်ဝင်ရန်အင်ပါယာ ၏ နဂါးကြီး ချန်အင်ပါယာ၏ ကောင်းကင်ထက်သို့ ပျံသန်းလာစဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ပေလိမ့်မည်။ ယခုမူ အရာအားလုံးကို သူတို့ထံ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
ပင်းပြည်နယ်မြို့တော်အတွင်းရှိ တော်ဝင်ရန်စစ်တပ်သည် တုန်လှုပ်ချောက်ချားနေကြသည်။ ပြည်သူများသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ငိုကြွေးတောင်းပန်နေကြ၏။ လူသားတို့သည် သေရမည်ကို ကြောက်ရွံ့ကြစမြဲ ဖြစ်ရာ တော်ဝင်ရန်အင်ပါယာမှ ပြည်သူများသည်လည်း ခြွင်းချက် မဟုတ်ပေ။
သို့သော်ငြား ယခင်က တော်ဝင်ရန်အင်ပါယာ၏ နဂါးကြီး ရောက်ရှိလာစဉ်က ရှမ့်လန်သည် နဂါးကြီးနှင့်အတူ ပေါ်ထွက်လာပြီး ချန်မြို့တော်မှ ပြည်သူများကို ကယ်တင်ပေးခဲ့ဖူးသည်။ ယခု ကျန်းမိသားစု၏ နဂါးကြီး ပင်းပြည်နယ် ကောင်းကင်ထက်သို့ ရောက်ရှိလာချိန်တွင် တော်ဝင်ရန်အင်ပါယာသည် နဂါးကြီးနှင့် အတူ လာရောက်ကာ ကယ်တင်ပါမည်လား။
လူတိုင်းသည် တုန်ယင်ငိုကြွေးရင်း မြောက်ဘက် ကောင်းကင်ယံဆီသို့ အလိုအလျောက် လှမ်းမျှော်ကြည့် လိုက်မိကြသည်။ “အရှင်...လာမှာလား။ ကျုပ်တို့ကို ကယ်တင်ဖို့ နဂါးကြီးနဲ့အတူ လာမှာလား။”
တချိန်တည်းမှာပင် ရှမ့်လန်သည်လည်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ “တော်ဝင်ရန်အင်ပါယာ ... ခင်ဗျား လာမှာလား။ လာခဲ့ပါ။ ခင်ဗျား လာတာကို ကြိုဆိုပါတယ်။”
ဆယ့်ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးချိန်တွင် မြောက်ဘက် ကောင်းကင်ယံသည် ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။ နဂါးကြီး၏ အရိပ်အယောင်ကို မတွေ့ရပေ။
ပင်းပြည်နယ် မြို့တော်အတွင်းရှိ တော်ဝင်ရန်စစ်တပ်သည် မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့သည်။ မရေမတွက်နိုင်သော ပြည်သူများလည်း မျှော်လင့်ချက် ကင်းမဲ့သွားကြတော့သည်။
“ကျုပ်တို့ရဲ့အင်ပါယာက အရှင် ရှမ့်လန်လောက် ပြည်သူတွေကို မချစ်မြတ်နိုးဘူးပဲ။ သူ လာမှာ မဟုတ်ဘူး။ သူ လာမှာ မဟုတ်တော့ဘူး။”
ပင်းပြည်နယ်မြို့တော်အတွင်းရှိ သိန်းပေါင်းများစွာသော ပြည်သူများသည် ချက်ချင်းပဲ အသံကုန်ဟစ်၍ ငိုကြွေးလိုက်ကြသည်။ သူတို့၏ နှလုံးသားများ စုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။ စွန့်ပစ်ခံလိုက်ရပြီဟု ခံစားလိုက်ကြရ၏။
ရှမ့်လန်သည် နဂါးကြီးကို ပုတ်လိုက်သည်။ နဂါးကြီးသည် ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ချက်ချင်း ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် ပင်းပြည်နယ်မြို့တော်၏ ကောင်းကင်ထက်သို့ ဦးတည်ပျံသန်း သွားသည်။ ပြီးနောက် ပို၍ ပို၍ နိမ့်ဆင်းသွားသည်။
နောက်ဆုံးတွင် ပင်းပြည်နယ်မြို့တော် အထက် မီတာအနည်းငယ် အလိုသို့ ရောက်ရှိလာခဲ့၏။ ဤအခိုက်အတန့် တွင် နေနှင့် ကောင်းကင်ကို အမှန်တကယ် ဖုံးကွယ်သွားခဲ့သည်။ မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားခဲ့၏။ မီးတောက်များ၊ လေပွေမုန်တိုင်းများ မရှိတော့ပေ။ အနည်းငယ်သော တုန်ခါမှုမျှသာ ရှိတော့၏။
ပင်းပြည်နယ်မြို့တော် တစ်ခုလုံးရှိ အုတ်ခဲတိုင်း၊ အုပ်ကြွပ်ပြားတိုင်းနှင့် လူတစ်ဦးချင်းစီ၏ ဆံခြည်မျှင်များ အထိ တုန်ခါနေခဲ့သည်။ ထို့နောက် နဂါးကြီး၏ ခန္ဓာကိုယ်သည် မီတာ ဒါဇင်အနည်းငယ်မျှသာ ရှိသည်အထိ ကျုံ့ဝင်သွားခဲ့သည်။ သာမန် သတ္တဝါပျံ တစ်ကောင်အသွင် ဖြစ်သွားခဲ့၏။ လူတိုင်းသည် နဂါးကျောကုန်းပေါ်ရှိ ရှမ့်လန်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ကြရသည်။
ရှမ့်လန်သည် မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော လူအများကို ငုံ့ကြည့်လိုက်၏။ သူ့အကြည့် ရောက်ရှိရာ နေရာတိုင်းရှိ လူများသည် ဒူးထောက်ကာ မြေပြင်နှင့် နဖူးကို ထိကပ်၍ ဦးညွှတ်လိုက်ကြ၏။ ပြည်သူများသည် ဒူးထောက်ကာ ဝပ်စင်းနေကြသည်။ အညံ့ခံကြောင်း ပြသသည့်အနေဖြင့် မလှုပ်မယှက် နေနေကြ၏။
စစ်သည်တော်အားလုံးသည် မတ်တပ်ရပ်လျက် ရှိနေဆဲ ဖြစ်သော်လည်း ကြောက်ရွံ့မှုကြောင့် တုန်ယင် နေကြ၏။ သူတို့ သေရမည်ကို ကြောက်ကြသော်လည်း သူတို့၏ ဂုဏ်သိက္ခာကို အမှတ်ရနေကြသေးသည်။ သူတို့သည် တော်ဝင်ရန်အင်ပါယာ၏ ဝှက်ဖဲများ ဖြစ်ကြသည်။ သေဆုံးရလျှင်ပင် ရန်သူ့ရှေ့မှောက်တွင် ဒူးမထောက်သင့်ပေ။
သဘာဝကျစွာပင် သူတို့လည်း ကြောက်ရွံ့နေကြသည်။ ဆီးဝမ်းများပင် ထွက်ကျလုမတတ် ခံစားနေကြရ၏။ သို့သော်ငြား ဒူးထောက်လိုစိတ်ကို သူတို့ အောင့်အီးသည်းခံထားကြသည်။
ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ထွက်သွားကြစမ်း။”
ပင်းပြည်နယ်မြို့တော်အတွင်းရှိ စစ်သည်တော်များ ကြောင်အသွားခဲ့ကြ၏။ ထို့နောက် မြို့တံခါးများ ပွင့်သွားခဲ့သည်။ လေးသိန်းသော စစ်သည်တော်တို့သည် သပ်ရပ်စွာ တန်းစီလျက် မြို့တံခါးအသီးသီးမှ ထွက်ခွာ သွားကြသည်။ သူတို့အားလုံး ဆုတ်ခွာသွားကြခြင်း ဖြစ်သည်။
တော်ဝင်ရန်အင်ပါယာ၏ အိမ်ရှေ့စံ သို့မဟုတ် မင်းသမီး ကျိရွှမ်ထံမှ အမိန့်တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ရှမ့်လန်က သူတို့ကို ထွက်သွားရန် ပြောခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် ဤ “ထွက်သွားကြ” ဟူသော စကားတစ်ခွန်းသည် အမြင့်ဆုံးသော ကရုဏာသက်ရောက်မှု ဖြစ်သောကြောင့်ပင်။
နောက်ဆုံးတွင် ရှမ့်လန်သည် သူတို့ကို သတ်ဖြတ်ခြင်း မပြုခဲ့ပေ။ သူတို့၏ အသက်များကို ချမ်းသာပေးခဲ့သည်။ တကယ်တော့ အသက် ချမ်းသာပေးရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တော်ဝင်ရန်အင်ပါယာ၏ ပင်မ အင်အားစုများ ဖြစ်ကြသောကြောင့်ပင်။ လေးသိန်းသော စစ်သည်တော်တို့သည် စနစ်တကျပင် ဆုတ်ခွာသွားကြ၏။
နှစ်နာရီခန့် ကြာမြင့်ပြီးနောက် စစ်သည်တော် အားလုံး ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ နောက်ဆုံးမှ ဆုတ်ခွာသူမှာ တော်ဝင်ရန်အင်ပါယာ၏ စစ်သေနာပတိ ဖြစ်သည်။ သူသည် နဂါးပေါ်တွင် စီးနင်း လိုက်ပါလာသော ရှမ့်လန်ကို မော့ကြည့်လိုက်၏။ ထို့နောက် ဦးညွှတ်ကာ အရိုအသေ ပြုလိုက်သည်။ “အရှင်... အသက်ဘေးမှ ချမ်းသာခွင့် ပေးသနားတော်မူတဲ့ အတွက် ကျေးဇူးကြီးမားလှပါတယ်။”
မကြာမီတွင် တော်ဝင်ရန်အင်ပါယာ၏ ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် စစ်သည်တော်များသည်လည်း ရှမ့်လန်အား ဦးညွှတ် အရိုအသေ ပြုလိုက်ကြသည်။ ဤအခိုက်အတန့်တွင် စစ်ပွဲ၏ သဘောသဘာဝသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ဤသည်မှာ အရှေ့တိုင်းလောက၏ ပြည်တွင်းစစ်ပွဲ တစ်ခု ဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ ပြောရလျှင် ညီအစ်ကိုချင်း ခိုက်ရန်ဖြစ်ပွားခြင်းဟုပင် ဆိုနိုင်သည်။ ကျိကလန်နှင့် ကျန်းကလန်တို့သည် အရှေ့တိုင်း လောက၏ အုပ်စိုးသူများ ဖြစ်ကြသည်။ အနိုင်ရသူသည် ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူသည် တရားခံသာ ဖြစ်သည်။
အရှေ့လောကမှ ပြည်သူများနှင့် စစ်တပ်များသည် ဤအချက်ကို လက်ခံရပေမည်။ ယခုအချိန်တွင် တော်ဝင်ရန်အင်ပါယာမှ ပြည်သူများနှင့် စစ်တပ်သည် အရှေ့လောကအား ကျန်းကလန် အုပ်စိုးတော့မည့် အဖြစ်အပျက်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ကြ၏။
အမှန်စင်စစ် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်တည်းက လောကသူ၊ လောကသားများသည် အဆင်သင့် ဖြစ်လုနီးပါး ရှိခဲ့ကြဖူး၏။ သို့သော်ငြား ထိုအချိန်က မအောင်မြင်ခဲ့ပေ။
ဤသည်မှာ သြဇာအာဏာ၏ စွမ်းအားပင် ဖြစ်သည်။ အကယ်၍ အခြားကလန်တစ်ခုခု၊ ဥပမာ ရင်ကလန် သို့မဟုတ် ကျင်းကလန်သာ ဖြစ်ခဲ့မည် ဆိုပါက အရှေ့လောကကို အောင်နိုင်ခဲ့လျှင်ပင် မရေမတွက်နိုင်သော အဖွဲ့အစည်းများနှင့် ကလန်များသည် ယုတ်မာသော ရည်ရွယ်ချက်များဖြင့် ဂနာမငြိမ် ဖြစ်လာကြပေလိမ့်မည်။
ရှမ့်လန်၏ ‘ထွက်သွားကြ’ ဟူသော အမိန့်သည် အင်ပါယာတစ်ပါး၏ လက္ခဏာပင် ဖြစ်သည်။
မင်းသမီး ကျိရွှမ်နှင့် မင်းသားလျန်တို့သည် ရှမ့်လန်ကို ခေတ္တမျှ ကြည့်ရှုပြီးနောက် ပျံသန်းလာခဲ့ကြ၏။
“အရှင်... အရှင် ရှမ့်လန်...” မင်းသားလျန်သည် ယခင်က မရှိဖူးခဲ့သော ရိုသေလေးစားမှုကို ပြသသည်။
“ကျိရွှမ်က အရှင်ရှမ့်လန်ကို ဂါရဝပြုပါတယ်။” မင်းသမီး ကျိရွှမ်က ဦးညွှတ်လိုက်၏။
အပိုင်း (၁၂၇၈)
ရှမ့်လန်က ပြောသည်။ “ခင်ဗျားတို့နှစ်ယောက် နေကောင်းကြရဲ့လား။”
မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “အရှင်ရှမ့်လန်... ကျွန်မတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးမလား ဆိုတာ မေးမြန်းဖို့ လာခဲ့တာပါ။ အကယ်၍ ဖမ်းဆီးမယ်ဆိုရင် ကျွန်မတို့ လက်နက်ချပါ့မယ်။ သတ်ချင်တယ် ဆိုရင်လည်း နဂါးကြီးရဲ့ မီးတစ်ချက်မှုတ်ရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမဲ့ သုံ့ပန်းအဖြစ် မဖမ်းဆီးဘူး ဆိုရင်တော့ ကျွန်မတို့ ရန်မြို့တော်ကို ပြန်ပြီး သတင်းပို့ပါရစေ။”
ရှမ့်လန်က ပြန်ပြောလိုက်သည်။ “ကျုပ်တို့ ရန်မြို့တော်မှာ ပြန်ဆုံကြတာပေါ့။”
မင်းသမီး ကျိရွှမ်သည် ရှမ့်လန်ကို တချက်ကြည့်ပြီး ပြောလိုက်၏။ “ရန်မြို့တော်မှာ ပြန်ဆုံကြတာပေါ့။”
ခဏအကြာတွင် အခြားအမျိုးသမီးတစ်ဦး ပျံသန်းလာခဲ့သည်။ သူမသည် ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်၏ သမီး ကျိဝူရွှမ် ဖြစ်သည်။ သူမသည်လည်း မင်းသမီးတစ်ပါးဖြစ်ပြီး ကောင်းကင်ပြစ်ဒဏ် နန်းဆောင်၏ သခင်ငယ် နေရာအတွက် ကျိဝူလျန်နှင့် တိုက်ခိုက်နေသူ ဖြစ်သည်။
မင်းသမီး ကျိဝူရွှမ်သည် ရှမ့်လန်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် ပြောကြားလိုက်သည်။ “အရှင် ရှမ့်လန်... ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်ကြီးက သေခါနီး ဖြစ်နေပါပြီ။ ဘာရောဂါ ဆိုးရွားစွာ ခံစားနေရမှန်း ဘယ်သူမှ မသိကြပါဘူး။ သွေးတွေ မရပ်မနား ထွက်နေပြီး အနာတွေ တရစပ် ပုပ်ပွလာကာ အမျိုးမျိုးသော ပုံရိပ်ယောင်မြင်ကွင်းတွေကို မြင်တွေ့နေရပါတယ်။ အဲဒီအချိန်ကျရင် နဂါးဥကို အရှင်ဆီ ပြန်ပေးရမလား၊ ဒါမှမဟုတ် မြှုပ်နှံလိုက်ရမလား။”
ရှမ့်လန်သည် ရင်ကွမ်းကို သတ်ဖြတ်ရန် နဂါးဥအတု နှစ်လုံးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင် ရရှိသွားသော ဥမှာ ဘေးထွက်ဆုလာဘ် တစ်ခုသာ ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အချိန်တန်ရင် ကျုပ်ဆီ ပြန်ပေးနိုင်ပါတယ်။”
ကျိဝူရွှမ်က တုံ့ပြန်လိုက်၏။ “ကောင်းပါပြီ အရှင်... ရန်မြို့တော်မှာ ပြန်ဆုံကြပါမယ်။”
မကြာမီတွင် မင်းသမီး ကျိရွှမ်၊ မင်းသားလျန်၊ ကျိဝူရွှမ်နှင့် အခြားသူများသည် ထောင်ပေါင်းများစွာသော အသံထက်မြန်သည့် သတ္တဝါပျံများ၊ သောင်းပေါင်းများစွာသော နှင်းလင်းယုန်များနှင့်အတူ ပင်းပြည်နယ် စစ်မြေပြင်မှ ထွက်ခွာကာ ရန်မြို့တော်ဆီသို့ ပျံသန်းသွားကြသည်။
မင်းသားကျင်းက အမိန့်ပေးလိုက်၏။ “တပ်တော်... ပင်းပြည်နယ်ထဲ ဝင်ရောက်ပြီး အနားယူ၊ ပြန်လည် ဖွဲ့စည်းကြ။”
အမိန့်ရသည်နှင့် သုံးသိန်းသော ပင်မတပ်ကြီးသည် ခမ်းနားထည်ဝါစွာ ဆက်လက် ချီတက်ခဲ့ကြသည်။ နာရီအနည်းငယ်အကြာတွင် သူတို့သည် ပင်းပြည်နယ်ထဲသို့ ဝင်ရောက်ခဲ့ကြ၏။ မည်သည့် ခုခံမှုမှ မရှိခဲ့ပေ။
ပြည်သူအပေါင်းသည် မြို့တံခါးများအပြင်တွင် ရပ်လျက် အစားအစာများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် အသားများကို အပြင်ဘက်တွင် ပုံထားကြသည်။ အဓိပ္ပာယ်မှာ ရိုးရှင်းလှသည်။ ပင်းပြည်နယ်ရှိ လူအားလုံး လက်နက်ချ အညံ့ခံပြီး ဆက်လက် ခုခံခြင်း မပြုတော့ပေ။ အစားအစာများနှင့် အရင်းအမြစ် အားလုံးကို ချန်အင်ပါယာမှ ယူဆောင်နိုင်သည်။
သို့သော်ငြား ချန်အင်ပါယာ၏ တပ်မော်သည် မည်သည့်အရာကိုမှ မယူဆောင်ခဲ့ပေ။ ပင်းပြည်နယ် မြို့တော်ရှိ မည်သည့် အိမ်ထဲသို့မှ ဝင်ရောက်ခြင်း မရှိသည့်အပြင် လုယက်ခြင်းလည်း မပြုခဲ့ကြပေ။ စစ်ဖက်နှင့် အရပ်ဖက် ဆက်ဆံရေး ကောင်းမွန်ကြောင်း ပြသသည့် သဘောမျိုးလည်း မဟုတ်ဘဲ သူတို့ကိစ္စ သူတို့သာ အာရုံစိုက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်၏။
တော်ဝင်ရန်အင်ပါယာ၏ တပ်တော်သည် ချန်နိုင်ငံပိုင်နက်ကို ကျူးကျော်စဉ်က မီးရှို့၊ သတ်ဖြတ်၊ လုယက်ခဲ့ကြဖူး၏။ သူတို့သည် အမျိုးမျိုးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြပြီး ချန်နိုင်ငံ ပြည်သူများ အတွက် မကြုံစဖူးသော အိပ်မက်ဆိုးများကို သယ်ဆောင်လာခဲ့ကြသည်။
သို့သော်ငြား ထိုအရာသည် တော်ဝင်ရန် တပ်တော်သာ ဖြစ်သည်။ ချန်အင်ပါယာ၏ တပ်တော်သည် ဂုဏ်ယူဖွယ်ရာ ကောင်းပြီး လေးစားဖွယ်ရာကောင်းလှ၏။
ရှမ့်လန်သည် နဂါးကြီးကို စီးနင်းလျက် ပင်းပြည်နယ်မြို့တော်ရှိ မြို့စားရုံးခန်းအတွင်းသို့ ဖြည်းညင်းစွာ ဆင်းသက် လိုက်သည်။
... ...
မိန်းမစိုး လီအန်းက လာရောက် လျှောက်တင်၏။ “အရှင်... တော်ဝင်ရန်အင်ပါယာရဲ့ ငြိမ်းချမ်းရေးပြည်နယ် မြို့စားက ရန်မြို့တော်ကို ထွက်ပြေးသွားပါပြီ။ မြို့တော်ထဲက အရာရှိတွေ အားလုံးလည်း ရန်မြို့တော်ကို ထွက်ပြေးသွားကြပါပြီ။”
သူက ဆက်လက်တင်ပြပြန်သည်။ “ဒါပေမဲ့ မြို့တော်ထဲက အရာရှိ ထက်ဝက်ကျော်လောက်က ပင်းပြည်နယ်မှာ ရှိနေကြပါသေးတယ်။ အရာရှိ ၁၀၀ လောက်နဲ့ မြို့မျက်နှာဖုံးတွေက အရှင်ကို လာရောက် တွေ့ဆုံချင်နေ ကြပါတယ်။”
ချန်အင်ပါယာသည် မိန်းမစိုးအသစ်များကို သင်းကွပ်ခြင်း မပြုခဲ့ပေ။ နုရှောင့်မြို့တွင် ရှိစဉ်က စာရွက်စာတမ်း ကိစ္စများကို ကျန်းချွင်းဟွာနှင့် သူမ၏ အဖွဲ့က လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်ငြား ကိစ္စရပ်များ ပိုမိုများပြားလာသည်နှင့်အမျှ ဤမိန်းမစိုးများသည် ပိုမို အသုံးဝင်ကြောင်း သူတို့ သဘောပေါက်လာကြ၏။
စာရွက်စာတမ်းများ ကူးယူခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ အရာရှိများ၏ အမည်နာမနှင့် သူတို့၏ မိသားစု နောက်ခံများကို မှတ်သားခြင်းတို့တွင် သူတို့သည် အလွန် ကျွမ်းကျင်ကြသည်။
ထို့ကြောင့် ချန်အင်ပါယာသည် ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်တို့မှ မိန်းမစိုး ရာပေါင်းများစွာကို ပြောင်းရွှေ့ ခေါ်ယူခဲ့၏။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “သူတို့က ကျုပ်ကို လာတွေ့ချင်တာလား။ ဘာသဘောလဲ။”
မင်းသားကျင်းသည် စကားတစ်ခွန်းမှ မပြောဘဲ မရေမတွက်နိုင်သော စာရွက်စာတမ်းများကို ဆက်လက် လှန်လှောကြည့်ရှုနေသည်။ စစ်ပွဲကာလအတွင်း၌ပင် သူ့အတွက် တောင်ပုံရာပုံ အလုပ်များ ရှိနေဆဲ ဖြစ်၏။
သူသည် စာရွက်စာတမ်းများနှင့် အစီရင်ခံစာများကို တိတ်ဆိတ်စွာ ဖတ်ရှုနေပြီး အများစုကို ဘေးဖယ်ထားကာ အချို့အပေါ်တွင် စက်ဝိုင်းဝိုင်းခြင်း သို့မဟုတ် ဘေးတွင် စာအနည်းငယ် ရေးသားခြင်းများ ပြုလုပ်သည်။
ထိုစာရွက်စာတမ်းများနှင့် အစီရင်ခံစာများကို အိမ်ရှေ့စံရှမ့်ယီထံသို့ တစ်စောင်ချင်း ပေးပို့ရသည်။ သူသည် ငယ်ရွယ်သေးသဖြင့် ဆုံးဖြတ်ချက် ချရန် မလိုအပ်သေးပေ။ ဤအကြောင်းအရာများကို သိရှိထားရန်သာ လိုအပ်သည်။ ရှမ့်ယီ ဆန္ဒရှိလျှင် မေးခွန်းထုတ်ခွင့်နှင့် အုပ်ချုပ်ခွင့် ရှိသည်။ သူ နားမလည်သော အရာများကို အကြိမ်များစွာ မေးမြန်းခဲ့ဖူးသော်လည်း မေးခွန်းထုတ်ခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် အမိန့်ပေးခြင်းများ မပြုလုပ်ခဲ့ပေ။
ရှမ့်ယီသည် မင်းသားကျင်း ပေးပို့လာသော အစီရင်ခံစာများကို လျင်မြန်စွာ ဖတ်ရှုလိုက်၏။ နားလည်သော အရာများကို ဘေးဖယ်ထားလိုက်သည်။ နားမလည်သော အရာများကိုမူ သူ နားမလည်သည့် အပိုင်းများတွင် စက်ဝိုင်း ဝိုင်းလိုက်ပြီး ကျန်းချုံးနှင့် အခြားသူများထံသို့ ပေးပို့၏။
ဒုတိယ ဝန်ကြီးချုပ် တစ်ဦးဖြစ်သော ကျန်းချုံးသည် ရှမ့်ယီ နားမလည်သော အစီရင်ခံစာများကို ယူဆောင်ကာ စက်ဝိုင်း ဝိုင်းထားသော နေရာများ၏ ဘေးတွင် မှတ်စုများကို သေချာစွာ ရေးသားပေးသည်။ အရာအားလုံးကို တိတ်ဆိတ် လျင်မြန်စွာ လုပ်ဆောင်နေကြသည်။
အတွင်းဝန်ရုံးနှင့် စစ်ဖက်ဆိုင်ရာ ဗျူရိုတစ်ခုလုံးသည် အိမ်ရှေ့စံ ရှမ့်ယီကို ပြုစုပျိုးထောင်ရန် အစွမ်းကုန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ ချန်အင်ပါယာသည် လောကကို တိုက်ခိုက် သိမ်းပိုက်တော့မည် ဖြစ်သည်။ ထိုအချိန်ကျမှသာ စစ်မှန်သော စိန်ခေါ်မှုကြီး စတင်တော့မည်။
အင်ပါယာ ရှမ့်လန်သည် လောကကို ပျင်းရိစွာဖြင့် အောင်နိုင်ကောင်း အောင်နိုင်လိမ့်မည် ဖြစ်သော်လည်း လောကကို ထိုကဲ့သို့ ပျင်းရိစွာဖြင့် အုပ်ချုပ်၍ ရနိုင်မည် မဟုတ်ပေ။ မင်းသားကျင်းသည် ရှမ့်လန်၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။ ကျန်းချုံးလည်း ထိုနည်းတူပင်။
ကျောက်လင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေရှာ၏။ သူသည် ထိုနှစ်ဦးကို ကျေးဇူးတင်စွာ ကြည့်လိုက်မိသည်။
‘ခင်ဗျားတို့က ကျုပ်ကို အရှင်ရဲ့ ရှေ့မှာ စွမ်းဆောင်ရည် ပြသခွင့် ပေးတာပဲ။ ဒီကျေးဇူးကြီးကို ဘယ်တော့မှ မမေ့ပါဘူး။’
ကျောက်လင်က လျှောက်တင်သည်။ “အရှင်... သူတို့ လာရောက်တွေ့ဆုံတာက စစ်မှန်တဲ့ လက်နက်ချခြင်းနဲ့ သစ္စာခံခြင်း မဟုတ်ပါဘူး။ ပင်းပြည်နယ်ရဲ့ မြို့မျက်နှာဖုံးတွေနဲ့ အရာရှိတွေက တော်ဝင်ရန်အင်ပါယာ အပေါ် သစ္စာရှိနေကြတုန်းပါပဲ။ ဒါပေမဲ့ အရှင်ရဲ့ တရားဝင် ဖြစ်တည်မှုကိုတော့ သူတို့ အသိအမှတ် ပြုကြပါတယ်။
ဥပမာအားဖြင့် ရှီလွန်အင်ပါယာမှာ အင်ပါယာ ဆော်ရွန်နဲ့ ဒုတိယအင်ပါယာမ ဟယ်လင် ရှိခဲ့ဖူးသလိုပါပဲ။ ပင်းပြည်နယ်က လူတွေရဲ့ မျက်လုံးထဲမှာ အရှင်က ဒုတိယအင်ပါယာမ ဟယ်လင်နဲ့ တူညီနေပါတယ်။ တော်ဝင်ရန်အင်ပါယာ ကို အနိုင်ယူပြီးတာနဲ့ ဒီလူတွေက အရှင်ကို တွန့်ဆုတ်ခြင်းမရှိ အညံ့ခံကြပါလိမ့်မယ်။”
ရှမ့်လန်က ပြော၏။ “ဒါက ခြံစည်းရိုးခွထိုင်တဲ့ သဘောပေါ့။”
ကျောက်လင်က မနှစ်မြို့စွာဖြင့် ဖြေသည်။ “ဟုတ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီး အရှင်ကို လာရောက် ဂါရဝပြုကြတာပါ။ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာရဲ့ လက်အောက်ခံတွေ ဆိုတဲ့ သူတို့ရဲ့ မာနကိုတော့ လက်မလွှတ်ချင်ကြပါဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီလေ။ ဒါဆိုရင် သူတို့ကို မတွေ့တော့ဘူး။ သူတို့နဲ့ ဟန်ဆောင် ပြဇာတ်ကပြဖို့ ကျုပ်မှာ အချိန်မရှိဘူး။”
ကျောက်လင် တစ်စုံတစ်ခု ပြောချင်သော်လည်း တွန့်ဆုတ်နေမိ၏။ သို့သော်ငြား သူသည် ဦးတိုက်လျက် ပြောလိုက်သည်။ “ကောင်းပါပြီ အရှင်”
ထိုစဉ်မှာပဲ မင်းသားကျင်းက မော့ကြည့်လာပြီး လျှောက်တင်၏။ “အရှင်... ကိုယ်တိုင် တွေ့ဆုံစရာ မလိုပါဘူး။ ဒါပေမဲ့ အိမ်ရှေ့စံကို တွေ့ဆုံခိုင်းလို့ ရပါတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ကျောက်လင်... မင်းရော အဲဒီလို ထင်လား။”
ကျောက်လင်က ဖြေလိုက်၏။ “ထင်ပါတယ်။”
ရှမ့်လန်က ပြောသည်။ “ကောင်းပြီလေ။ ရှမ့်ယီ... မင်းသွားပြီး သူတို့ကို တွေ့လိုက်ပါ။”
ရှမ့်ယီ မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်၏။“ကောင်းပါပြီ အဖေ...”
သူသည် ရှမ့်လန်အား ‘ခမည်းတော်’ သို့မဟုတ် ‘အရှင်’ ဟု တစ်ခါတရံ ခေါ်ဆိုတတ်သော်လည်း အမြဲတစေ ‘အဖေ’ ဟု ခေါ်ဆိုသည်သာများသည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် ထိုသို့ ခေါ်ဝေါ်ခြင်းကို လုံးဝ မကြိုက်နှစ်သက်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
... ...
ထို့နောက် အိမ်ရှေ့စံရှမ့်ယီသည် ပင်းပြည်နယ်မှ အရာရှိများ၊ မှူးမတ်များနှင့် ဆက်လက် တွေ့ဆုံခဲ့သည်။ ငြိမ်းချမ်းရေး စီရင်စု တစ်ခုလုံးနှင့် တော်ဝင်ရန်အင်ပါယာ၏ တောင်ဘက်နှင့် အနောက်ဘက်ဒေသများမှ မှူးမတ်များပင် လာရောက် ဂါရဝပြုကြ၏။
ထိုအချိန်တွင် ရှမ့်လန်သည် ပင်းပြည်နယ်မြို့တော်ရှိ မြို့စားရုံးခန်းအတွင်း၌ ပုန်းအောင်းနေခဲ့၏။ သူသည် စာရေးသားခြင်းဖြင့် အလုပ်ရှုပ်နေသည်။ အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်း၏ အကြောင်းအရာများကို စာအဖြစ် ဘာသာပြန်ဆိုပြီး မဟာပညာရှိ တွိုင်းထံသို့ ပေးပို့ရမည်။
အဘယ်ကြောင့်ဆိုသော် ရှမ့်လန်အနေဖြင့် များစွာ သိရှိထားလျှင်ပင် မဟာပညာရှိ တွိုင်း၏ အဖွဲ့က ရှမ့်လန်၏ စိတ်ကူးများကို လက်တွေ့ရလဒ်များအဖြစ် ပြောင်းလဲစေရမည် ဖြစ်သောကြောင့်ပင်။ အထူးသဖြင့် လောကပျက်ကပ် စီမံကိန်းနှင့် နဂါးနောင်တ ဖန်တီးခြင်းတို့အတွက် ဖြစ်သည်။ ထို့ကြောင့် ဤကာလအတွင်း မည်သူမှ သူ့ကို လာရောက် မနှောင့်ယှက်ကြပေ။
အဘယ်ကြောင့် ချက်ချင်း စစ်ချီခြင်း မပြုသနည်း။ သူသည် ချောင်ဘုရင်၏ အနောက်ပိုင်း စစ်တပ်နှင့် ဝူဘုရင်၏ အရှေ့ပိုင်း စစ်တပ်တို့ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး တိုက်ပွဲတွင် စစ်သည် တစ်သန်းကျော်ဖြင့် ရန်မြို့တော်ကို ဝိုင်းရံပိတ်ဆို့ရမည် ဖြစ်သောကြောင့်ပင်။
နောက်ဆုံး တိုက်ပွဲသည် အခမ်းအနား အစီအစဉ်များဖြင့် ပြည့်နှက်နေရပေမည်။ လောကကြီး လက်ပြောင်း သွားပြီ ဖြစ်ကြောင်း တစ်လောကလုံးကို သူ ရှင်းလင်းစွာ မြင်တွေ့စေချင်သည်။ ကျန်းမိသားစုသည် ကျိမိသားစု၏ နေရာတွင် အစားထိုးဝင်ရောက်ကာ အရှေ့တိုင်းလောက၏ အုပ်စိုးသူအဖြစ် တရားဝင် ဖြစ်လာပြီ ဖြစ်ကြောင်း ပြသလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအချိန်တွင် စိတ်မရှည် ဖြစ်၍ မရနိုင်ပေ။ ထို့အပြင် စိတ်မရှည်ခြင်းသည်လည်း အဓိပ္ပာယ် မရှိပေ။
မိန်းမစိုး လီအန်းက လျှောက်တင်သည်။ “အရှင်... ကျင်းဘုရင် လာရောက် တွေ့ဆုံပါတယ်။”
ရှမ့်လန် အံ့အားသင့်သွားရ၏။ ကျင်းဘုရင် ရောက်ရှိလာသည်လား။ ဘာကြောင့် ရောက်လာသနည်း။ အလွန်တရာ ရှားပါးသော မြင်ကွင်းပင်။ ကျင်းနိုင်ငံနှင့် ချန်နိုင်ငံတို့သည် ရန်ဘက်များ ဖြစ်ကြသည် မဟုတ်ပါလား။ အင်ပါယာ ကျန်းလီ နန်းစံစဉ်တည်းက ကျင်းနိုင်ငံနှင့် ချန်နိုင်ငံတို့သည် သိသိသာသာ တစ်မျိုး၊ တိတ်တဆိတ် တစ်ဖုံ တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်ငြား သူတို့သည် ချန်နိုင်ငံကို အပေါ်ယံတွင်သာ ဖားယား နေခဲ့ကြ၏။
ထိုအချိန်က ချန်အင်ပါယာသည် အဆက်မပြတ် နယ်မြေချဲ့ထွင်နေပြီး တော်ဝင်ရန်အင်ပါယာ၏ နေရာကို စိန်ခေါ်နေ ခဲ့သည်။ အပေါ်ယံတွင် ကျင်းနိုင်ငံသည် တော်ဝင်ရန်အင်ပါယာအပေါ် အလွန် သစ္စာရှိသယောင် ထင်ရသော်လည်း တိတ်တဆိတ်အားဖြင့် ပတ်ဝန်းကျင်ရှိ နိုင်ငံငယ်လေးများကို သိမ်းပိုက်ခဲ့သည်။ ချန်အင်ပါယာ၏ အရှိန်အဝါကို အခွင့်ကောင်း ယူခဲ့ကြခြင်း ဖြစ်သည်။
ချန်အင်ပါယာနှင့် တော်ဝင်ရန်အင်ပါယာတို့ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲကြသောအခါ ကျင်းနိုင်ငံသည် အစပိုင်းတွင် တိမ်းရှောင်နေခဲ့သော်လည်း နောက်ဆုံးတွင် တော်ဝင်ရန်အင်ပါယာဘက်မှ ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် တပ်ဖွဲ့အားလုံးကို စုစည်းကာ တော်ဝင်ရန်အင်ပါယာနှင့် ပူးပေါင်း၍ ချန်အင်ပါယာ ကို တိုက်ခိုက်ခဲ့ကြ၏။
ထို့ကြောင့် ကျင်းနိုင်ငံနှင့် ချန်အင်ပါယာတို့၏ ရန်ငြိုးသည် နက်ရှိုင်းသည်။ အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် သူတို့ကြားရှိ ရန်ငြိုးသည် ချန်အင်ပါယာနှင့် တော်ဝင်ရန်အင်ပါယာတို့ကြားမှ ရန်ငြိုးထက်ပင် ပိုမို ပြင်းထန် နေပေသေးသည်။
................
“အရှင်ရှမ့်လန်ကို ဂါရဝပြုပါတယ်။”
ကျင်းဘုရင်သည် ရှမ့်လန်အား မြင်လိုက်သည်နှင့် တပြိုင်နက် ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပြုလိုက်၏။
ဤလောကကြီးသည် အမှန်တကယ်ပင် ဆန်းကြယ်လှ၏။ ကျင်းနိုင်ငံနှင့် ချန်အင်ပါယာတို့သည် နှစ်ပေါင်းရာချီ ရန်ဘက်များ ဖြစ်ခဲ့ကြဖူးသည်။ ကျင်းဘုရင်နှင့် ချန်ဘုရင်တို့သည် တစ်ချိန်လုံး သင့်မြတ်ခြင်း မရှိခဲ့ကြပေ။ ယခုအချိန်တွင် ချန်အင်ပါယာ၏ တပ်မော်သည် ကျင်းနိုင်ငံကို ဖျက်ဆီးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ကျင်းဘုရင်သည် ရှမ့်လန်၏ ရှေ့မှောက်တွင် ဒူးထောက် ခစားနေခဲ့သည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ကျင်းဘုရင်က ရန်မြို့တော်ကို သွားမှာလား။”
ကျင်းဘုရင်က ခါးသီးစွာဖြင့် လျှောက်တင်သည်။ “ဟုတ်ပါတယ်။”
သူသည် ချောင်ဘုရင်နှင့် တိုက်ပွဲတွင် အသာစီးမရသော်လည်း တောင့်ခံထားနိုင်ခဲ့၏။ သို့သော်ငြား အနောက်ဘက် မှ မဟာကပ်ဘေးဘုရားကျောင်းဟု ခေါ်ဆိုသော စစ်သည် တစ်သိန်းခွဲ တိုက်ခိုက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ၏ သိန်းချီသော စစ်သည်တော်များမှာ မရှုမလှ သုတ်သင် ခံလိုက်ရလုနီးပါး ဖြစ်ခဲ့၏။
အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့လျှင် ကျင်းမြို့တော်သည် ကျဆုံးသွားခဲ့ပြီ ဖြစ်ကာ တိုင်းပြည်လည်း ပျက်သုဉ်းတော့မည် ဖြစ်သည်။ နှစ်ပေါင်းရာချီ အုပ်စိုးခဲ့သော ထိပ်တန်းကျင်းနိုင်ငံသည် ယခုအခါ ချန်အင်ပါယာ၏ လက်အောက်ခံ ချောင်နိုင်ငံကိုပင် မယှဉ်ပြိုင်နိုင်လောက်အောင် အားနည်းသွားခဲ့ပြီ ဖြစ်သည်။
ကျင်းနိုင်ငံသည် ပိုမို အားနည်းသွားခဲ့ခြင်းလား။ ဖြစ်ကောင်း ဖြစ်နိုင်သည်။ တင်းယွမ်မြို့ တိုက်ပွဲအတွင်း ကျင်းနိုင်ငံသည် ပင်မအင်အားစု သိန်းချီ ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။ သို့သော်ငြား ခေတ်ကာလများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ချန်အင်ပါယာသည် အလွန်တရာ အင်အားကြီးမားလာခဲ့ပြီ ဖြစ်၏။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ကျင်းဘုရင်က ရန်မြို့တော်ကို ဝင်ရောက်ခါနီးမှ ဘာလို့ လမ်းကြုံဝင်ပြီး ကျုပ်ကို လာတွေ့တာလဲ။”
ကျင်းဘုရင်သည် ဒူးနှစ်ဖက်စလုံးထောက်ကာ ဦးတိုက်လိုက်၏။ “လောကစည်းမျဉ်းတွေအရ ကျုပ် အရှင်ကို လာတွေ့ရတာပါ။”
ဤစကားသည် အညံ့ခံခြင်း ဖြစ်သော်လည်း လက်နက်ချခြင်း မဟုတ်ပေ။
သို့သော်ငြား ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာ တို့၏ ဤတိုက်ပွဲတွင် ရလဒ် မည်သို့ပင် ထွက်ပေါ်စေကာမူ ကျင်းဘုရင်သည် ကျန်းမိသားစု၏ အဆင့်အတန်းကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ ဤအခြေအနေသည် ရှုပ်ထွေးသော်လည်း လေးနက်သည်။ ကျန်းမိသားစု၏ လက်အောက်ခံအဖြစ် နေထိုင်ရန် ကျင်းမိသားစုက ဆန္ဒရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
အကယ်၍ တော်ဝင်ရန်အင်ပါယာ အနိုင်ရရှိခဲ့လျှင် ကျင်းနိုင်ငံသည် တော်ဝင်ရန်အပေါ် ဆက်လက် သစ္စာစောင့်သိ သွားမည် ဖြစ်သည်။ အကယ်၍ ရှမ့်လန် အနိုင်ရရှိခဲ့ပါက ကျင်းနိုင်ငံသည် ကျန်းမိသားစုအပေါ် သစ္စာစောင့်သိပြီး ရှမ့်လန်အား လောကအရှင်သခင်အဖြစ် အသိအမှတ်ပြုသွားမည် ဖြစ်သည်။
ဤအရာသည် အင်ပါယာကျန်းလီပင် မလုပ်ဆောင်နိုင်ခဲ့သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ကျန်းလီနှင့် တော်ဝင်ရန်တို့ နန်းလုပွဲ ဖြစ်ပွားစဉ်က ကျင်းနိုင်ငံသည် ရန်သူဖြစ်ခဲ့ပြီး ကျန်းမိသားစု၏ အဆင့်အတန်းကို အသိအမှတ် မပြုခဲ့ကြပေ။