← Chapters

အခန်း (၁၂၇၉-၁၂၈၀)

Vol. 73 Ch. 1279-1280

အခန်း (၁၂၇၉-၁၂၈၀)

Vol. 73 Ch. 1279-1280

အပိုင်း (၁၂၇၉)

ရှမ့်လန်က ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်။ ဒီနေရာကနေ ရန်မြို့တော်ကို ရောက်ဖို့ လိုပါသေးတယ်။ ကျင်းဘုရင် လမ်းခရီးမှာ ဘေးကင်းပါစေ။”

အိုမင်းရင့်ရော်နေပြီဖြစ်သော ကျင်းဘုရင်သည် ဒူးနှစ်ဖက်ထောက်လျက် ပြောသည်။ “အရှင်ရဲ့ မေတ္တာတရားကို ကျေးဇူးတင်ပါတယ်။ အရှင် ကျန်းမာ ချမ်းသာပါစေ။”

ထို့နောက် ကျင်းဘုရင် ထွက်ခွာသွားပြီး ရန်မြို့တော်သို့ ခရီးဆက်လက် ထွက်ခွာသွား၏။

ကျင်းဘုရင် ရောက်ရှိလာခြင်းသည် အစပျိုးမှုမျှသာ ဖြစ်သည်။ ထို့နောက် လက်အောက်ခံ နိုင်ငံများမှ ဘုရင်များ တဖွဲဖွဲ ရောက်ရှိလာကြတော့သည်။ နယ်စားပယ်စားများနှင့် လက်အောက်ခံနိုင်ငံများသည် ရှမ့်လန်အား လာရောက် တွေ့ဆုံကြသည်။ ရှမ့်လန်အား ဂါရဝပြုပြီးနောက် ရန်မြို့တော်သို့ ထွက်ခွာသွားကြပြန်သည်။ စုစုပေါင်း ဘုရင် ၃၉ ပါး လာရောက်ခဲ့ကြသည်။

နောက်ဆုံးတွင် မြောက်ပိုင်းစစ်ဘုရင်သည် ပထမဆုံးအကြိမ်အဖြစ် တောင်ဘက်သို့ ဆင်းလာခဲ့သည်။ ဤသည်မှာ မြောက်ပိုင်း စစ်ဘုရင်နှင့် ရှမ့်လန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်၏။

“မြောက်ပိုင်း စစ်ဘုရင်က အရှင် ရှမ့်လန်ကို ဂါရဝပြုပါတယ်။” ခမ်းနားထည်ဝါသော မြောက်ပိုင်း စစ်ဘုရင်သည် ဒူးတစ်ဖက်ထောက်ကာ အညံ့ခံကြောင်း ပြသလိုက်သည်။

ရှမ့်လန်က မေးလိုက်၏။ “မြောက်ပိုင်းစစ်ဘုရင်... ကျုပ်အဖေ ကျန်းလီ ရန်မြို့တော်ကို သိမ်းပိုက်ချင်တုန်းက ခင်ဗျားတို့ သံတမန်တောင် မလွှတ်ခဲ့ဘူး မဟုတ်လား။”

မြောက်ပိုင်းစစ်ဘုရင်နိုင်ငံသည် အရှေ့တိုင်းအင်ပါယာများ၏ အပြောင်းအလဲကို စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ ၎င်းတို့သည် တော်ဝင်ရန်မင်းဆက်သို့လည်း အမည်ခံမျှသာ ဝင်ရောက်ခိုလှုံခဲ့ကြခြင်း ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အင်ပါယာကို လာရောက် တွေ့ဆုံခြင်းမှာ တစ်ကြိမ်သာ ရှိခဲ့ဖူး၏။ ရန်မြို့တော်ရှိ မြောက်ပိုင်းစစ်ဘုရင်နိုင်ငံ၏ စံအိမ်တော်သည်ပင် အများအားဖြင့် လူမနေဘဲ ဟာလာဟင်းလင်း ဖြစ်နေ တတ်သည်။

ယခုတစ်ကြိမ်တွင် မြောက်ပိုင်း စစ်ဘုရင်သည် ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာ တို့၏ အဆုံးအဖြတ် တိုက်ပွဲကို မျက်မြင်သက်သေ ပြုလိုသည်လား။ ထို့အပြင် အနိုင်ရရှိသူအပေါ် သစ္စာခံကြောင်း ပြသလိုသည်လား။

မြောက်ပိုင်း စစ်ဘုရင်က လျှောက်တင်၏။ “အရှင်ကို အမှန်အတိုင်း လျှောက်တင်ရရင် မြောက်ပိုင်း စစ်ဘုရင်နိုင်ငံက ကိုယ့်ကိုယ်ကိုယ် အရှေ့လောကရဲ့အဖွဲ့ဝင်အဖြစ် ဘယ်တုန်းကမှ သဘောမထားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့က အနောက်ပိုင်းဒေသနဲ့ အရှေ့ပိုင်းမြေပြန့်ကြားက အနောက်မြောက် မြက်ခင်းပြင်မှာ နေထိုင်ကြလို့ပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျုပ် မလာလို့ မဖြစ်တော့ပါဘူး။”

ရှမ့်လန်က မေးလိုက်သည်။ “ရာသီဥတုက ပိုအေးလာတယ်။ ခင်ဗျားတို့ရဲ့ ကျွဲ၊ နွား၊ သိုးတွေက ပိုပိုပြီး နည်းလာသလို ခင်ဗျားတို့ရဲ့ မျိုးနွယ်စုတွေကလည်း တောင်ဘက်ကို တရွေ့ရွေ့ ပြောင်းလာကြတယ် မဟုတ်လား။”

မြောက်ပိုင်း စစ်ဘုရင်က ပြန်လည် ဖြေကြားလိုက်၏။ “အရှင်က ဉာဏ်ပညာကြီးလှပါတယ်။ အတိတ်တုန်းက ဆိုရင် ကျုပ်တို့ တောင်ဘက်ကိုဆင်းပြီး လုယက်လို့ ရပါသေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရာချီတည်းက တော်ဝင်ရန်နဲ့ ကျင်းနိုင်ငံက အရမ်း အင်အားကြီးလာခဲ့ပါတယ်။

အခု တောင်ဘက်ကို ဆင်းပြီး လုယက်ရင် သေလမ်းရှာသလို ဖြစ်နေမှာပါ။ ရာသီဥတုက ပိုအေးလာပြီး နှင်းတွေကလည်း ပိုထူလာပါတယ်။ နောက်နှစ်အနည်းငယ်ကြာရင် မြောက်ပိုင်း စစ်ဘုရင်နိုင်ငံဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။

မြောက်ပိုင်းက ပြည်သူတွေ အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းရှာရပါမယ်။ ကျန်းကလန်ပဲ ဖြစ်ဖြစ်၊ ကျိကလန်ပဲ ဖြစ်ဖြစ် ကျုပ်တို့ ပြည်သူတွေကို ပစ်ပယ်ထားလို့ မရပါဘူး။ သစ္စာခံလိုက်တာနဲ့ ကျုပ်တို့မှာ ကျောထောက်နောက်ခံ ရှိလာမှာပါ။ အနည်းဆုံးတော့ မြောက်ပိုင်းက ပြည်သူတွေ အနာဂတ်မှာ အစာရေစာ ငတ်ပြတ်ပြီး သေဆုံးရတော့မှာ မဟုတ်ပါဘူး။ နောက်ဆုံး အခြေအနေ မကောင်းရင်တောင် ကျုပ်တို့ တောင်ဘက်ကို ပြောင်းရွှေ့ပြီး အရှင်တို့ဆီမှာ လယ်စိုက်တာ လာသင်ကြရမှာပါ။”

မြောက်ပိုင်း စစ်ဘုရင်သည် အလွန် ပွင့်လင်းပြတ်သားသူ ဖြစ်သည်။ သူက ဆက်ပြောသည်။ “လောကအောက်က အုပ်စိုးသူတွေအားလုံး အရှင်ကို လာရောက် ဂါရဝပြုကြပါတယ်။ ကျုပ်က နောက်ဆုံးပါပဲ။ သူတို့တွေက စကားပြောရင် သိုသိပ်ကြပါတယ်။ ဒါကြောင့် ကျုပ်ကပဲ ပွင့်ပွင့်လင်းလင်း လျှောက်တင်ပါရစေ။

ဒီတစ်ကြိမ်မှာ တစ်လောကလုံးက အရှင် ရှမ့်လန် ရန်မြို့တော်ကို သိမ်းပိုက်တာနဲ့ တော်ဝင်ရန်အင်ပါယာ နဲ့ အဆုံးအဖြတ် တိုက်ပွဲကို မျက်မြင်သက်သေ ဖြစ်လာကြပါလိမ့်မယ်။ ဒါဟာ အရှေ့လောကရဲ့ အဆုံးစွန် တိုက်ပွဲပါပဲ။ တရားဝင်မှုနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲလည်း ဖြစ်ပါတယ်။

တော်ဝင်ရန်နိုင်ရင် လောကရဲ့ အရှင်သခင်အဖြစ် ဆက်လက် တည်ရှိနေမှာပါ။ အရှင်ရှမ့်လန် နိုင်ရင်လည်း အရှင်က လောကရဲ့ အရှင်သခင် ဖြစ်လာမှာပါ။ လောကအောက်က နိုင်ငံတွေအားလုံး အရှင်ကို ဒူးထောက် အညံ့ခံကြပါလိမ့်မယ်။”

သူက ဆက်ပြောလိုက်သည်။ “ဒါဟာ နှစ်တစ်ထောင်အတွင်း မဖြစ်ပေါ်ခဲ့ဖူးတဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးပါပဲ။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အရှင်နဲ့ တော်ဝင်ရန်အင်ပါယာတို့ရဲ့ အဆုံးအဖြတ် တိုက်ပွဲဟာ သမိုင်းမှတ်တမ်းတွေမှာ တည်ရှိနေမယ့် ဂုဏ်ယူဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်လာမှာပါ။ ဒီပွဲကို မျက်မြင်သက်သေ ဖြစ်ခွင့်ရတာဟာ နိုင်ငံအသီးသီးအတွက် ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ။”

ထို့နောက် မြောက်ပိုင်း စစ်ဘုရင်သည် ဒူးထောက်လျက် မြေပြင်ပေါ်တွင် ဝပ်စင်းကာ ဦးတိုက်လိုက်၏။ “အရှင်ရဲ့ လက်အောက်ငယ်သား မြောက်ပိုင်းစစ်ဘုရင်က အရှင် ရန်မြို့တော်ကို ရောက်ရှိလာမဲ့အချိန်ကို စောင့်မျှော်နေပါ့မယ်။”

... ...

လွန်ခဲ့သော ရက်အနည်းငယ်က ပင်းပြည်နယ် တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

မင်းသမီး ကျိရွှမ်နှင့် မင်းသားလျန်တို့သည် အသံထက်မြန်သော သတ္တဝါပျံများ၊ နှင်းလင်းယုန် တပ်ဖွဲ့များနှင့်အတူ ရန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြ၏။

ကျိရွှမ်သည် နန်းတော်ထဲသို့ အမြန်ဆုံး ဆင်းသက်ပြီး ညီလာခံ ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားခဲ့၏။ တော်ဝင်ရန် အိမ်ရှေ့စံသည် မြေပုံရှေ့တွင် မလှုပ်မယှက် ရပ်နေသည်။ ကျိရွှမ် ထွက်ခွာသွားစဉ်ကလည်း သူ ဤကဲ့သို့ပင် ရှိနေခဲ့၏။ ယခု ပင်းပြည်နယ် တိုက်ပွဲ ပြီးဆုံးပြီး မင်းသမီး ကျိရွှမ် ပြန်ရောက်လာချိန်တွင်လည်း ဤကဲ့သို့ ရှိနေဆဲပင်။ မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိချေ။

မင်းသမီး ကျိရွှမ်၏ ခြေသံကို ကြားလိုက်ရသောအခါ အိမ်ရှေ့စံသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူ၏ လည်ပင်းမှ မွေးညှင်းများ ထောင်ထသွားခဲ့၏။ ကျိရွှမ် ပြန်ရောက်လာခြင်းသည် သတင်းဆိုး ဖြစ်ရပေမည်။ အကယ်၍ ပင်းပြည်နယ်တိုက်ပွဲတွင် အနိုင်ရခဲ့ပါက ကျိရွှမ် ကိုယ်တိုင် ပြန်လာစရာ မလိုပေ။ ရေနက်တပ်ဖွဲ့မှ ထူးချွန်သူ တစ်ဦးဦးကို စေလွှတ်လိုက်ရုံဖြင့် လုံလောက်သည်။

ထို့အပြင် ကျိရွှမ် ဤမျှ လျင်မြန်စွာ ပြန်ရောက်လာခြင်းက တိုက်ပွဲသည် ပုံမှန် မဟုတ်ကြောင်း သက်သေပြ နေသည်။ တစ်ရက်မပြည့်ခင်မှာပင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်၏။ ချန်အင်ပါယာ၏ တပ်တော်သည် ထိုမျှလောက် အင်အားမကြီးမားပေ။ ထို့ကြောင့် အဆိုးရွားဆုံး အခြေအနေ ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။ ဤအချက်ကို တွေးမိချိန်မှာတော့ အိမ်ရှေ့စံ ထပ်မံ တုန်လှုပ်သွားခဲ့ရပြန်၏။

အိမ်ရှေ့စံက ပြောလိုက်သည်။ “ကျုပ် ဒီမြေပုံရှေ့မှာ တောက်လျှောက် ရပ်နေတာ မဟုတ်ပါဘူး။ ကျုပ် လှည့်ကြည့် လိုက်ရုံပါ။ မင်း ရန်မြို့တော်က ထွက်သွားပြီးတဲ့နောက် ကျုပ် ဒီမှာ သတင်းစောင့်နေခဲ့တာ။ ဘာမှ လုပ်စရာမရှိလို့ မြေပုံကို ငေးကြည့်နေမိတာပါ။”

ဤသည်မှာ အိမ်ရှေ့စံ၏ ပုံမှန်လေသံ မဟုတ်ပေ။ ရိုးရှင်းလွန်းနေ၏။

မင်းသမီး ကျိရွှမ်က လျှောက်တင်လိုက်သည်။ “ကျွန်မတို့ ရှုံးနိမ့်သွားပါပြီ။ ရှမ့်လန် ပြန်ရောက်လာပါပြီ။ သူ့ရဲ့ နဂါးကြီးလည်း ပြန်လည်ရှင်သန်လာပါပြီ။ ကျွန်မတို့ရဲ့ အထူးနဂါးနောင်တ အစင်းတစ်ရာလုံးကို သူ သိမ်းဆည်း သွားပါတယ်။

ပင်းပြည်နယ်ရဲ့ ကီလိုမီတာ ၅၀ ရှည်လျားတဲ့ ခံစစ်စည်း ချေမှုန်းခံလိုက်ရပြီး စစ်သည်တော် သုံးသိန်းလောက် သေဆုံးသွားပါတယ်။ ရှမ့်လန်ရဲ့ စစ်တပ်က ပင်းပြည်နယ်ထဲကို ဝင်ရောက်လာပါပြီ။ စစ်သည်တော် လေးသိန်း ဆုတ်ခွာသွားပြီး ပင်းပြည်နယ်က ပြည်သူတွေ လက်နက်ချ အညံ့ခံလိုက်ကြပါပြီ။ ရှမ့်လန်က ကျွန်မတို့ကို ပြန်လွှတ် ပေးလိုက်ပါတယ်။”

ဤသည်မှာ အခြေအနေကို ဖော်ပြရန် အကျဉ်းချုံးဆုံးနှင့် အထိရောက်ဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။ မည်သည့် ခံစားချက်မှ ပါဝင်ခြင်း မရှိပေ။

တော်ဝင်ရန် အိမ်ရှေ့စံသည် ထိုစကားကို ကြားလိုက်ရချိန်မှာတော့ မလှုပ်မယှက် ကျန်ရစ်ခဲ့သည်။ အံ့သြခြင်း မရှိသကဲ့သို့ ဆက်လက် တုန်လှုပ်ခြင်းလည်း မရှိတော့ပေ။ သို့သော်ငြား သူ၏ ကျောပြင်မှတဆင့် အေးစက်မှု တစ်ခုသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် ခံစားချက် အာရုံများ ကင်းမဲ့သွားသကဲ့သို့ ဖြစ်သွား၏။

အဆိုးရွားဆုံးသော အခြေအနေ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား အိမ်ရှေ့စံသည် သွေးအန်ခြင်း မရှိခဲ့ပေ။ အတန်ကြာ မတ်တပ်ရပ်နေပြီးနောက် သူ၏နေရာသို့ ပြန်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးစလုံး တိတ်ဆိတ် သွားသည်။

ခဏအကြာတွင် အိမ်ရှေ့စံက ပြောလိုက်၏။ “ကောင်းတာပေါ့။ အနည်းဆုံးတော့ ကျုပ်အတွက် ပြီးသွားတာပေါ့။”

တော်ဝင်ရန် အိမ်ရှေ့စံသည် နောက်သို့ မှီချလိုက်သည်။ သူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ “အခု ဖြစ်ပျက်နေသမျှ အရာအားလုံးက ကျုပ်ရဲ့ အာဏာနဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်သွားပြီ။”

မင်းသမီး ကျိရွှမ်သည် အိမ်ရှေ့စံအတွက် ဝမ်းနည်းပူဆွေးမှုကို မခံစားဘဲ မနေနိုင်အောင် ဖြစ်ရသည်။ သူမသည် သူ့ကို အထင်သေးမိသည်ဟု ဝန်ခံချင်သော်လည်း အနည်းငယ် စဉ်းစားပြီးနောက် ဝမ်းနည်း ပူဆွေးသည်ဟုသာ သုံးနှုန်းရန် ဆုံးဖြတ်လိုက်၏။

အရေးကြီးသော အခိုက်အတန့် မရောက်မချင်း မည်သူ့ကိုမှ အကဲဖြတ်၍ ရနိုင်မည် မဟုတ်ပေ။ အားလုံးသည် ဉာဏ်ပညာ ကြီးမားပြီး စွမ်းအားကြီးမားပုံ ပေါက်နေကြသည်။ သို့သော်ငြား အရေးကြီးသော အခိုက်အတန့် ရောက်ချိန်မှာတော့ အရာအားလုံး ပေါ်လွင်လာစမြဲ ဖြစ်သည်။

ထိုစဉ်က ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံနင်ယီသည်လည်း ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။ သူသည် ထျန်းရွဲ့မြို့တွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သော်လည်း တောင်ပိုင်းနိုင်ငံသို့ သွားရောက်ပြီး မင်းသားကျင်းနှင့် တိုက်ခိုက်ချိန်မှာတော့ ညံ့ဖျင်းစွာသာ စွမ်းဆောင်ခဲ့၏။

တော်ဝင်ရန် အိမ်ရှေ့စံသည်လည်း ထိုနည်းတူပင်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ခမည်းတော် သီးသန့် ကျင့်ကြံနေစဉ် သူက ကဏ္ဍစုံတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် ဟန်ဆောင် ကောင်းပြီး နိုင်ငံရေး ကစားကွက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ လူများကိုလည်း ကောင်းမွန်စွာ အသုံးချ တတ်ခဲ့သည်။ အနည်းငယ် ကြွားဝါတတ်ပြီး ဂုဏ်မက်တတ်သည်မှလွဲ၍ သူ့တွင် အပြစ်အနာအဆာ မမြင်ခဲ့ရပေ။ သူသည် အမှန်တကယ်ပင် ပညာရှိသော မင်းတစ်ပါး ဖြစ်ခဲ့သည်။

သို့သော်ငြား လွန်ခဲ့သော ခြောက်လအတွင်း ဖြစ်ပွားခဲ့သောစစ်ပွဲက သူ၏ အားနည်းချက်ကို ဖော်ထုတ် လိုက်သည်။ စစ်ပွဲ စတင်ခဲ့သည်မှာ ရက်ပေါင်း ၂၃၀ ခန့် ရှိပြီ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာသည် မမျှော်လင့်ဘဲ တိုက်ခိုက်ခံရပြီး အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။ ထို့နောက် သူတို့သည် အင်အားများကို စုစည်းပြီး ပြန်လည် တိုက်ထုတ်ခဲ့ကြသည်။ ထို့နောက်တွင်မူ ရှုံးနိမ့်လုနီးပါး အခြေအနေသို့ ရောက်ရှိခဲ၏။

ဤအတက်အကျများသည် တော်ဝင်ရန် အိမ်ရှေ့စံအတွက် ကြီးမားသော နှိပ်စက်မှုကြီး ဖြစ်ခဲ့သည်။ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် အကန့်အသတ်အထိ ညှစ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် နဂါးနောင်တများကို ရူးသွပ်စွာ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ အပေါ်ယံတွင် တည်ငြိမ်ပုံ ပေါက်သော်လည်း သူ၏ စိတ်ဓာတ်သည် ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။

ယခု ရှမ့်လန် ပြန်လည်ရောက်ရှိလာပြီး နဂါးက သူ၏အစွမ်းကို ပြသလိုက်ချိန်တွင်မူ သူသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူ စိတ်သက်သာရာ ရသွားခြင်း ဖြစ်သည်။ သူ မှုတ်ထုတ်လိုက်သော လေထုသည် သူ၏ အားနည်းချက်ကို အပြည့်အဝ ဖော်ပြနေ၏။

သို့သော်ငြား မင်းသမီးကျိရွှမ်သည် အိမ်ရှေ့စံကို အပြစ်မတင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းမွန်သော အခြေအနေများအောက်တွင် ကြီးပြင်းလာခဲ့သော အိမ်ရှေ့စံ တစ်ပါး ဖြစ်သောကြောင့်ပင်။ သူ၏ ခံနိုင်ရည်စွမ်းအား လိုအပ်ချက် ရှိနေသည်မှာ နားလည်ပေးနိုင်သော ကိစ္စပင် ဖြစ်သည်။

ယခုကြည့်ရသည်မှာ ရင်ဝူမင်သည် အကောင်းဆုံး ဖြစ်ပုံရသည်။ သူသည် အမှန်တကယ်ပင် သစ္စာဖောက် သူရဲကောင်းတစ်ဦး ဖြစ်သည်။ ကြံ့ခိုင်သည်၊ ယုတ်မာသည်၊ ရက်စက်သည်။ သို့သော်ငြား ကံဆိုးစွာပင် သူ၏ ကောင်းကင်အလိုကို ဆန့်ကျင်မည့် အလုပ်များ မစတင်နိုင်မီမှာပင် ရှမ့်လန်၏ လက်ချက်ဖြင့် သေဆုံးသွား ခဲ့ရသည်။ ဘဝသည် အမှန်တကယ်ပင် စိတ်ပျက်စရာ ကောင်းလှ၏။

တော်ဝင်ရန်အိမ်ရှေ့စံက မေးလိုက်သည်။ “ရှမ့်လန်ရဲ့နဂါးကြီးက ပြောင်းလဲသွားသလား။ ပိုပြီး သန်မာလာသလား။”

မင်းသမီး ကျိရွှမ်က ဖြေ၏။ “မပြောတတ်ပါဘူး။ အရင်ကလိုပါပဲ။ ဒါပေမဲ့ အဲဒါက အပေါ်ယံပဲ ဖြစ်မှာပါ။ နှစ်ဝက်အတွင်း ပြန်လည်ရှင်သန်လာနိုင်တယ် ဆိုတည်းက သေချာပေါက် ပိုပြီး သန်မာလာမှာပါ။”

အိမ်ရှေ့စံက ပြောသည်။ “ကျုပ် အခု ခမည်းတော်ဆီ သွားလိုက်အုံးမယ်။”

ထို့နောက် အိမ်ရှေ့စံသည် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာပြီး တားမြစ်မျှော်စင်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် စိတ်ခံစားချက် များကို စုစည်းလိုက်ပြီး လျှောက်တင်လိုက်၏။

“ခမည်းတော်... ရှမ့်လန် ပြန်ရောက်လာပါပြီ။ သူ့ရဲ့ နဂါးကြီးလည်း ပြန်လည်ရှင်သန်လာပါပြီ။ ပင်းပြည်နယ် ခံစစ်စည်းကို ဖျက်ဆီးလိုက်ပြီး ကျုပ်တို့ရဲ့ သုံးသိန်းသော စစ်တပ်ကို သုတ်သင်လိုက်ပါတယ်။ ဒါပေမဲ့ သူက ပင်းပြည်နယ် မြို့တော်ထဲက လေးသိန်းသော စစ်တပ်ကို အလွတ်ပေးလိုက်ပြီး ကျိရွှမ်ကိုလည်း ပြန်လွှတ်ပေး လိုက်ပါတယ်။”

အိမ်ရှေ့စံ၏ စကားများသည် ယခင်ကကဲ့သို့ပင် တိုတိုနှင့် လိုရင်းသာ ဖြစ်သည်။ တားမြစ်မျှော်စင်သည် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေ၏။ အင်ပါယာသည် အိပ်ပျော်နေသကဲ့သို့ပင်။ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။

အချိန်အတော်ကြာမှ အင်ပါယာက ပြောလိုက်သည်။ “သိပြီ။”

အိမ်ရှေ့စံသည် ဒူးထောက်လျက်သား ကျန်ရစ်ခဲ့သည်။ သူသည် ခမည်းတော်ထံမှ ခွင့်လွှတ်မှုကို မတောင်းခံခဲ့ပေ။ ယခုအချိန်တွင် ထိုစကားကို ပြောဆိုခြင်းသည် အဓိပ္ပာယ် မရှိတော့ပေ။ အခြေအနေများသည် သူ၏ စွမ်းဆောင်နိုင်ရည် ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

နောက်တစ်ဆင့်သည် ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာတို့၏ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်လာတော့မည်။ အကယ်၍ အင်ပါယာ ရှုံးနိမ့်ခဲ့လျှင် ကျိကလန်သည် အရှေ့လောက၏ အုပ်စိုးသူနေရာမှ ဆုံးရှုံးရတော့မည် ဖြစ်သည်။ ခွင့်လွှတ်ခြင်း အကြောင်း ပြောဆိုနေရန် မလိုအပ်တော့ပေ။

အင်ပါယာက အမိန့်ပေးလိုက်သည်။ “ကျန်ရှိနေတဲ့ နဂါးနောင်တ အားလုံးကို တားမြစ်မျှော်စင်ဆီ ပို့လိုက်ပါ။”

အိမ်ရှေ့စံ အံ့အားသင့်သွားရ၏။ တားမြစ်မျှော်စင်သည် တားမြစ်နယ်မြေ ဖြစ်သည် မဟုတ်ပါလား။ ရာစုနှစ်များစွာ တိုင်အောင် မည်သူမှဝင်ရောက်ခွင့် မရရှိခဲ့ပေ။ အိမ်ရှေ့စံပင်လျှင် ခြွင်းချက် မဟုတ်ခဲ့ပေ။

အင်ပါယာက အထင်အမြင်သေးသလို ပြောသည်။ “မင်း ပြိုင်ဘက်ကင်းဖြစ်နေမှသာ မင်းရဲ့ တားမြစ်နယ်မြေက တားမြစ်နယ်မြေ ဖြစ်မှာပါ။ အဲဒီအချိန်ကျမှ မင်းရဲ့စကားကို လူတွေ နားထောင်ကြမှာ။ လောကရဲ့ မျက်လုံးထဲမှာ ကျိကလန်က ပြိုင်ဘက်ကင်း မဟုတ်တော့ဘူး။ တားမြစ်နယ်မြေလို့ ခေါ်နေတော့ရော ဘာအဓိပ္ပာယ် ရှိအုံးမှာလဲ။”

အိမ်ရှေ့စံက ပြောလိုက်၏။ “နားလည်ပါပြီ ခမည်းတော်”

နောက်ထပ် နာရီအနည်းငယ်အတွင်း အသံထက်မြန်သော သတ္တဝါပျံ အုပ်စုများသည် နဂါးနောင်တ များကို သယ်ဆောင်ရန် တားမြစ်မျှော်စင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ နဂါးနောင်တများ မရေမတွက်နိုင်အောင် ရှိနေ၏။ အစင်းရေ ၁၀၀၀ ကျော် ရှိသည်။ မည်မျှ တုန်လှုပ်ဖွယ်ကောင်းသော အရေအတွက် ဖြစ်သနည်း။

ထိုစဉ်က ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့သည် အလွန်တော်ကြသော်လည်း နဂါးနောင်တ စုစုပေါင်း အရေအတွက် သည် ၁၃၀ ထက် မကျော်လွန်ခဲ့ပေ။ အခြားတစ်ဖက်တွင်မူ တော်ဝင်ရန်အင်ပါယာ၌ နဂါးနောင်တ အစင်းရေ ၂၀၀၀ ကျော် ရှိနေသည်။ မဟာဗျူဟာမြောက် တိုက်ခိုက်မှု မည်မျှ ပြုလုပ်နိုင် မည်နည်း။ ကံဆိုးစွာပင် နဂါးနောင်တများသည် နဂါးကြီး၏ ရှေ့မှောက်တွင် အဓိပ္ပာယ် မရှိပေ။

တားမြစ်မျှော်စင်သည် တွင်းနက်ကြီး တစ်ခုနှင့် တူလှသည်။ နဂါးနောင်တ ၂၀၀၀ ကျော် ပို့ဆောင် လိုက်သော်လည်း ပြည့်ကျပ်သွားခြင်း မရှိပေ။ အမှန်စင်စစ် တားမြစ်မျှော်စင်သည် မျက်နှာစာမျှသာ ဖြစ်သည်။ စစ်မှန်သော လျှို့ဝှက်ချက်သည် မြေအောက်တွင် ရှိနေ၏။ မြေအောက် မီတာထောင်ပေါင်းများစွာ အနက်တွင် နဂါးရေကန် တစ်ခု ရှိနေသည်။

ရှေးဟောင်း အရှေ့တိုင်းအင်ပါယာ၏ နဂါးရေကန် ပျက်စီးပြီးနောက် ကျန်းရှဲ့၏ သစ္စာဖောက်မှု ပေါ်ပေါက် လာခဲ့သည်။ ကျိကလန်သည် ကျန်းကလန်၏ နေရာတွင် အစားထိုး ဝင်ရောက်ကာ ရှေးဟောင်း အရှေ့တိုင်း အင်ပါယာ၏ တော်ဝင်မိသားစု ဖြစ်လာခဲ့သည်။ ထို့ကြောင့် အင်ပါယာ တစ်ခုလုံးကို စုစည်းပြီး နောက်ထပ် နဂါးရေကန် တစ်ခု တည်ဆောက်ခဲ့ကြသည်။ သို့သော်ငြား ရှေးဟောင်း မဟာနိဗ္ဗာန မရောက်ရှိမီ ဤနဂါးရေကန် သည် ၅၀ ရာခိုင်နှုန်းအောက်သာ ပြီးစီးခဲ့၏။

တော်ဝင်ရန်အင်ပါယာ၏ နန်းတော်ကို နဂါးရေကန်၏ အပျက်အစီးများပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာသည် မျိုးဆက်များစွာ ကြာမြင့်ခဲ့ပြီး မရေမတွက်နိုင်သော ပေးဆပ်မှုများ ပြုလုပ်ပြီးမှသာ နဂါးရေကန်ကို အသုံးပြု၍ ရသော အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နိုင် ခဲ့သည်။ ထို့နောက် တော်ဝင်ရန် နဂါးကြီးကို ပြန်လည်အသက်သွင်းရန် နှစ်ပေါင်းများစွာ ထပ်မံ ကြာမြင့်ခဲ့သည်။

ဤနဂါးရေကန်သည် ကျောက်စိမ်းဖြူတောင်ပေါ်ရှိ ရှေးဟောင်းနဂါးရေကန်လောက် မကြီးမားသော်လည်း ဧက တစ်ထောင်ကျော် ကျယ်ဝန်းပြီး မီတာ ၂၀၀၀ ကျော် နက်ရှိုင်း၏။

အပိုင်း (၁၂၈၀)

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...” အထူးနဂါးနောင်တများသည် တစ်ခုပြီးတစ်ခု ကျိကလန်၏ နဂါးရေကန်ထဲသို့ တိုက်ရိုက် ပစ်ချခံလိုက်ရသည်။ ၂၀၀၀ နီးပါး ပစ်ချပြီးနောက် နဂါးရေကန်သည် နောက်ဆုံးတွင် အနည်းငယ် ဖောင်းပွလာခဲ့သည်။

တော်ဝင်ရန်အင်ပါယာ က ပြောလိုက်၏။ “နဂါးကြီး... ကျုပ် ဒါကို တကယ် မလိုလားပါဘူး။ ကျုပ် တကယ် မလိုလားပါဘူး။”

ထို့နောက် အနည်းငယ် ပိန်လှီနေသော သူ၏ ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ နဂါးရေကန် တစ်ခုလုံး စတင် တောက်ပလာခဲ့၏။ သူသည် ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ လက်ချောင်း ပေါ်ရှိ ရှေးဟောင်း အင်ပါယာလက်စွပ်သည် အနည်းငယ် လည်ပတ်သွားသည်။ နဂါးရေကန်သည် ပို၍ ပို၍ တောက်ပလာခဲ့သည်။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

အထူးနဂါးနောင်တများ ပေါက်ကွဲသွားခဲ့၏။

ပထမ၊ ဒုတိယ၊ တတိယ... နောက်ဆုံးတွင် နဂါးနောင်တ ၂၀၀၀ နီးပါး ပေါက်ကွဲသွားခဲ့သည်။ မည်သို့သော စွမ်းအားမျိုး ဖြစ်ပါသနည်း။ လုံးဝ ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။

အထူးနဂါးနောင်တ တစ်စင်းသည် စတုရန်းကီလိုမီတာ လေးဆယ်အတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ နဂါးနောင်တ ၂၀၀၀ ဆိုသည်မှာ ရန်မြို့တော်ကို အကြိမ် လေးငါးဆယ်မက ဖျက်ဆီးပစ်ရန် လုံလောက်သည်။ ဤလောကမှ ဖျောက်ဖျက်ပစ်ရုံသာမက အငွေ့ပြန်သွားစေနိုင်လောက်သည့် ပမာဏ ဖြစ်သည်။

ဤအဆင့် ပေါက်ကွဲမှုမျိုးသည် တော်ဝင်ရန် နန်းတော်ကို ချက်ချင်း ပြာကျသွားစေသင့်ပြီး ရန်မြို့တော် တစ်ခုလုံးကို ဘာမှမကျန်အောင် ဖျက်ဆီးပစ်နိုင်၏။ သို့သော်ငြား ထိုသို့ ဖြစ်မလာခဲ့ပေ။

နျူကလီးယား ပေါက်ကွဲမှု ဖြစ်ပွားသည်နှင့် တူလှ၏။ နဂါးနောင်တများ ပေါက်ကွဲပြီးနောက် အကန့်အသတ်မဲ့သော စွမ်းအင်များသည် တွင်းနက်ကြီးတစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။

ဤတွင်းနက်ကြီးမှာ တော်ဝင်ရန်၏ နဂါးကြီးပင် ဖြစ်သည်။ နဂါးနောင်တ ၂၀၀၀ နီးပါး၏ စွမ်းအင်များသည် ချက်ချင်းပဲ သူ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ မကြာမီ ဧက ၁၀၀၀ ကျော် ကျယ်ဝန်းသော နဂါးရေကန်ထဲရှိ အရည်များသည် ချက်ချင်း ခန်းခြောက်သွားပြီး တော်ဝင်ရန် နဂါးကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ခဏအကြာတွင် နဂါးရေကန်သည် ပြန်လည် ပြည့်သွားပြန်၏။ သို့သော်ငြား ယခုတစ်ကြိမ်တွင် အမျိုးမျိုးသော စွမ်းအင်များနှင့် ဒြပ်စင်များ ပြည့်နှက်နေသည့် အရည်များ မဟုတ်တော့ပေ။ ကြည်လင်သော ရေများသာ ဖြစ်သည်။ နဂါးရေကန်သည် သာမန် ရေကန်တစ်ခု ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ စွမ်းအင်အားလုံးကို တော်ဝင်ရန် နဂါးကြီးက ဝါးမျိုလိုက်သောကြောင့်ပင်။

တော်ဝင်ရန် နဂါးကြီးသည် မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ပြီး အင်ပါယာကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် ကွဲပြားနေ၏။ တစ်ဖက်မှာ အပြာရောင် ဖြစ်ပြီး အခြားတစ်ဖက်မှာ အဝါရောင်သန်းသော အနီရောင် ဖြစ်သည်။ အပြာရောင်မျက်လုံးမှာ ရှမ့်လန်၏ ငရဲဝိညာဉ်ပုလဲ စွမ်းအင်ဝဲကတော့ဖြင့် တိုက်ခိုက်ခံခဲ့ရသော မျက်လုံး ဖြစ်သည်။

နဂါးကြီးက နှုတ်ဆက်၏။ “သခင်...”

အင်ပါယာက မေးလိုက်သည်။ “နဂါးကြီး... ဘယ်လိုနေလဲ။”

နဂါးကြီးက ပြန်ဖြေ၏။ “ဒဏ်ရာရထားတဲ့ မျက်လုံးနဲ့ မြင်နေရပါတယ်။ ဒါပေမဲ့ မြင်ကွင်းက အရမ်း ထူးဆန်းနေတယ်။ တခြားလောကတစ်ခုကို မြင်နေရသလိုပဲ။”

အင်ပါယာက ပြောလိုက်သည်။ “အရမ်း ဆန်းကြယ်တာပဲ။ ဒါပေမဲ့ ကျုပ်တို့မှာ စုံစမ်းဖို့ အချိန်မရှိတော့ဘူး။ ရှမ့်လန် ပြန်ရောက်လာပြီ။ ကျန်းမိသားစုရဲ့ နဂါးကြီးလည်း ပြန်ရောက်လာပြီ။”

တော်ဝင်ရန် နဂါးကြီးက ပြော၏။ “နှစ်ဝက်ပဲ ရှိသေးတယ်။ ပြန်ရှင်လာပြီလား။ ဒါက သဘာဝမကျဘူး။”

အင်ပါယာက ပြန်ပြောလိုက်သည်။ “ဟုတ်တယ်။ သဘာဝမကျလွန်းဘူး။ မင်း အခြေအနေ ဘယ်လိုလဲ။”

နဂါးကြီးက ပြော၏။ “တိုက်ခိုက်နိုင်စွမ်း ၁၀၀ ရာခိုင်နှုန်း ပြန်ရပါပြီ။ လွန်ခဲ့တဲ့ နှစ်ဝက်ကထက် အများကြီး ပိုပြီး စွမ်းအားကြီးလာပါတယ်။”

လွန်ခဲ့သော ရက်ပေါင်း ၂၀၀ ကျော်က နဂါးနှစ်ကောင် တိုက်ခိုက်ကြစဉ် တော်ဝင်ရန်နဂါးကြီးတွင် တိုက်ခိုက်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ယခု နဂါးနောင်တ ၂၀၀၀ နီးပါးနှင့် ကျိကလန် နဂါးရေကန် တစ်ခုလုံး၏ စွမ်းအင်ကို ဝါးမျိုလိုက်ပြီးနောက် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ၁၀၀ ရာခိုင်နှုန်း ပြည့်သွားခဲ့ပြီ ဖြစ်သည်။

တော်ဝင်ရန် နဂါးကြီးက ဆက်ပြော၏။ “နှမြောစရာပဲ။ ကျုပ်သာ ဖြည်းဖြည်းချင်း ဝါးမြိုခဲ့ရင် ကျုပ်ရဲ့ အင်အားက ၁၀ ရာခိုင်နှုန်း ထပ်တိုးပြီး အထွတ်အထိပ်ကို ကျော်လွန်သွားနိုင်မှာ။ ကံဆိုးတာက ကျုပ်တို့မှာ အချိန်မရှိတော့ဘူး။”

တော်ဝင်ရန်အင်ပါယာ က ပြောသည်။ “အကြမ်းဖက် နည်းလမ်းနဲ့ ထုတ်ယူသုံးစွဲမှတော့ တတ်နိုင်ဘူးလေ။ ဒါကြောင့်ပဲ အဲဒီတုန်းက ရင်ကွမ်းနဲ့ ရန်ချွမ်ကို ကျုပ်တို့ မတားဆီးခဲ့သင့်တာ။”

တော်ဝင်ရန် နဂါးကြီးက ပြောသည်။ “ကျန်းမိသားစုရဲ့ နဂါးကြီးကို ကျုပ် အာရုံခံမိတယ်။ သူ့ရဲ့ စွမ်းအင်က အထွတ်အထိပ်ရဲ့ ၉၅ ရာခိုင်နှုန်းလောက် ပြန်ကောင်းသွားပြီ။ ဒါပေမဲ့ ဒီတိုက်ပွဲကို ကျုပ်တို့ နိုင်အုံးမှာပါ။ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ဝက်ကထက်တောင် ပိုပြီး လွယ်ကူအုံးမှာပါ။ ဒီတစ်ခါတော့ မတော်တဆမှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ရှမ့်လန်ကို သတ်မယ်။ ပြီးရင် ကျန်းမိသားစုရဲ့ နဂါးကြီးကို သတ်မယ်။”

တော်ဝင်ရန်အင်ပါယာ က ပြော၏။ “ဒါက ပူးပေါင်းကြံစည်မှု တစ်ခုပဲ။ ရှမ့်လန်က ကျန်းမိသားစုရဲ့ နဂါးကြီးကို တမင်တကာ ဟန်ပြခိုင်းတာ။ ယုတ္တိအရ ပြောရရင် ပြန်ကောင်းဖို့ နှစ် ၁၀၀ လောက် ကြာသင့်တာ။ ဒါပေမဲ့ နှစ်ဝက်အတွင်းမှာ ပြန်ရှင်လာတယ်။ အံ့သြဖွယ်ရာကောင်းတဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့မှာပဲ။ ပြီးတော့ နဂါးတစ်ကောင်က သူ့ရဲ့ စွမ်းအင်ထုတ်လွှတ်မှုကို စိတ်ကြိုက် ချိန်ညှိနိုင်တယ်ဆိုတာ ဘယ်လောက်တောင် စွမ်းအား ကြီးမားလိုက်သလဲ။”

တော်ဝင်ရန် နဂါးကြီးက ပြောသည်။ “သခင် ပြောတာ မှန်ပါတယ်။”

တော်ဝင်ရန်အင်ပါယာ က ပြောလိုက်၏။ “နဂါးကြီး... သွားကြစို့။ ကျုပ်တို့ တစ်နေရာ သွားရအောင်။”

တော်ဝင်ရန် နဂါးကြီးက မေးလိုက်သည်။ “ဘယ်ကိုလဲ။”

တော်ဝင်ရန်အင်ပါယာ က ပြန်လည်မေးခွန်းထုတ်၏ “မင်းကို ဘာက ကြောက်ရွံ့စေသလဲ။”

တော်ဝင်ရန် နဂါးကြီးက ဖြေသည်။ “အဲဒီတုန်းက ရှမ့်လန် ကျုပ်ကိုတိုက်ခိုက်ခဲ့တဲ့ စွမ်းအင်က ကျုပ်ကို ကြောက်ရွံ့စေ ပါတယ်။”

တော်ဝင်ရန်အင်ပါယာ က ပြော၏။ “ကျုပ်တို့ကို ကြောက်ရွံစေတဲ့အရာတွေကသာ ကျုပ်တို့ကို အမှန်တကယ် စွမ်းအားကြီး စေတာပါ။ ဒါက သေမင်းရဲ့ ပါးစပ်ပေါက်ကနေ ပြန်လည် မွေးဖွားလာခြင်း တစ်မျိုးပါပဲ။”

တော်ဝင်ရန် နဂါးကြီးက မေးလိုက်သည်။ “သခင်... အဲဒီလောက် စွန့်စားဖို့ တကယ် လိုအပ်လို့လား။”

တော်ဝင်ရန်အင်ပါယာ က ပြန်ပြော၏။ “တခြား ရွေးချယ်စရာ မရှိတော့ဘူး။ သေခြင်းတရား၊ ကြောက်ရွံ့မှုနဲ့ ငရဲကို အနိုင်ယူနိုင်မှသာ စစ်မှန်တဲ့ နိဗ္ဗာနဘုံ ရောက်ရှိပြီး ပြန်လည်မွေးဖွားလာနိုင်မှာ။ စွမ်းအားကြီး လာနိုင်မှာ။ ရှမ့်လန်နဲ့ ကျန်းမိသားစုရဲ့ နဂါးကြီးက မျှော်လင့်ချက်မဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရလို့ ဒီလမ်းကို ရွေးချယ်ခဲ့ကြတာ။”

တော်ဝင်ရန် နဂါးကြီးက မေးပြန်သည်။ “သခင်... ကျုပ်တို့က အခု မျှော်လင့်ချက်မဲ့တဲ့ အခြေအနေ ရောက်နေတာမှ မဟုတ်တာ။”

တော်ဝင်ရန်အင်ပါယာ က ပြော၏။ “စစ်မှန်တဲ့ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေ ဆိုတာ။ မမြင်နိုင်ဘူး။ စစ်မှန်တဲ့ ထောင်ချောက်၊ စစ်မှန်တဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးကို မမြင်နိုင်သလိုမျိုးပေါ့။”

တော်ဝင်ရန် နဂါးကြီးက ပြောသည်။ “သခင်... သခင်က ကျုပ်ကို ပြန်လည်ရှင်သန်စေခဲ့တာပါ။ သခင်က ကျုပ်ကို ဖြစ်တည်စေခဲ့တာပါ။ ဒါကြောင့် အရာအားလုံး သခင့်ဆန္ဒအတိုင်းပါပဲ။”

တော်ဝင်ရန်အင်ပါယာ က ပြော၏။ “ဒါဆိုရင်... သွားကြစို့။”

ခဏအကြာတွင် အင်ပါယာသည် တော်ဝင်ရန် နဂါးကြီးကို စီးနင်းလျက် တားမြစ်မျှော်စင်ထဲမှ အသံမထွက်ဘဲ ပျံသန်း ထွက်ခွာသွားသည်။ သူသည် ကောင်းကင်ယံသို့ ပျံတက်သွား၏။

ဖြစ်စဉ်တစ်ခုလုံးတွင် အလင်းများ တောက်ပခြင်း၊ မီးတောက်များ ထွက်ပေါ်ခြင်း မရှိခဲ့ပေ။ မည်သည့် စွမ်းအင်မှလည်း ထုတ်လွှတ်ခြင်း မရှိခဲ့ပေ။ သာမန် အသံထက်မြန်သော သတ္တဝါပျံ တစ်ကောင်ကဲ့သို့သာ ဖြစ်နေသည်။

အမှန်တကယ်တော့ တော်ဝင်ရန် အင်ပါယာ နှင့် တော်ဝင်ရန်နဂါးကြီး ပျံသန်းထွက်ခွာသွားကြောင်း မည်သူမှ သတိမထားမိလိုက်ကြပေ။

တော်ဝင်ရန်အင်ပါယာက တောင်ဘက်အရပ်သို့ လှမ်းကြည့်ကာ ဖြည်းညင်းစွာ ဆိုသည်။ “ရှမ့်လန်၊ မလောနဲ့။ ငါ့ကို ခဏလောက် စောင့်နေအုံး။ မင်းနဲ့ တိုက်ခိုက်ဖို့ ငါ ပြန်လာခဲ့မယ်။”

ဝှစ် … ဝှစ် … ဝှစ် …။

တော်ဝင်ရန်နဂါးကြီးသည် လျှပ်စီးလက်သည့်အလျင်ဖြင့် ပျံသန်းသွား၏။ ယင်းသည် အနောက်ဘက်လောကဆီသို့ တစ်စက္ကန့်လျှင် မီတာနှစ်ထောင်ကျော်နှုန်းဖြင့် ဦးတည်ပျံသန်းနေ၏။

တော်ဝင်ရန်အင်ပါယာက သက်ပြင်းချကာ ပြောသည်။ “ရှမ့်လန် … မင်း တကယ် မစောင့်နိုင်တော့ဘူးဆိုရင် မီးတောက်မြို့တော်ကို ဖျက်ဆီးပစ်လိုက်လို့ ရတယ်။ မြို့ပျက်သွားလည်း အချိန်မရွေး ပြန်တည်ဆောက်လို့ ရတယ်။”

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အင်ပါယာနှင့် အိမ်ရှေ့စံတို့ကြားက ကွာခြားချက်ကို မြင်နိုင်၏။

အိမ်ရှေ့စံသည် အဆိုးရွားဆုံးသတင်းကို ကြားချိန်တွင် ဝန်ထုပ်ဝန်ပိုးများကို ချက်ချင်း လွှတ်ချပြီး သက်ပြင်းရှည်ကြီး တစ်ခု ချသည်။

အခြားတစ်ဖက်တွင်တော့ အင်ပါယာက မျှော်လင့်ချက်မဲ့နေသည့် အခြေအနေကို မရင်ဆိုင်ရသေးပေ။ သို့ပေမည့် သူက မျှော်လင့်ချက်မဲ့နေသည့် အခြေအနေကို ကြုံတွေ့ခဲ့ရပြီးသည်အလား သဘောထားထား၏။ သူသည် အသက်ရှူပေါက် အသစ်တစ်ခု ရှာဖွေရန် ဦးဆောင်လှုပ်ရှားခဲ့၏။

သူ၏အတွေးများက ရှမ့်လန်နှင့် ထပ်တူကျနေ၏။ သူသည် အကြောက်ဆုံးအရာကို အနိုင်ယူကာ ငရဲကို စိန်ခေါ်ပြီး ပြန်လည်မွေးဖွားခြင်းကို အဆုံးသတ်ချင်နေသည်။

တော်ဝင်ရန်အင်ပါယာ၏ ခရီးပန်းတိုင်မှာ ရှီလွန်မင်းဆက်နှင့် မြောက်ဘက်အစွန်ဆုံးတိုက်ကြီးကြားရှိ နယ်စပ်ပင် ဖြစ်၏။ ထိုနေရာသည် မီးလျှံမြို့တော်အောက်ရှိ ချော်ရည်ပင်လယ် ဖြစ်၏။

သဘာဝကျစွာပင် သူ၏ပစ်မှတ်က ချော်ရည်များ မဟုတ်ဘဲ ချော်ရည်ပင်လယ်အောက်မှ ငရဲပုံဆောင်ခဲသာ ဖြစ်၏။ ယင်းက ချော်ရည်ပင်လယ်ကို ရေခဲများဖြင့် ချိပ်ပိတ်ထားသည့် အရာပင်။

တော်ဝင်ရန်အင်ပါယာက ထိုနေရာကို အဘယ်သို့ သိနေရသနည်း။

စွမ်းအင်အားလုံးတွင် အရင်းအမြစ်တစ်ခုစီ ရှိစမြဲ ဖြစ်၏။ ငရဲပုံဆောင်ခဲကဲ့သို့ ထိတ်လန့်ဖွယ်ရာကောင်းပြီး ထူးဆန်းသော စွမ်းအင်မျိုးအတွက်ဆိုလျှင် ပို၍ပင် မှန်ကန်သည်။ ရှမ့်လန်က ငရဲဝိညာဉ်ပုလဲ၏ စွမ်းအင်ဝဲကတော့ ကို အသုံးပြုကာ နဂါးမျက်လုံးကို တိုက်ခိုက်ခဲ့ချိန်မှာတော့ ဤစွမ်းအင်၏ အရင်းအမြစ်ကို ဖော်ထုတ်ပြသမိပြီး ဖြစ်သွားသည်။

မီးတောက်မြို့တော်နှင့် ရှေးဟောင်းအမွေအနှစ်နေရာကြားရှိ အကွာအဝေးမှာ မိုင်ပေါင်း ငါးသောင်းကျော် ရှိ၏။ သို့ပေမည့် တစ်ရက်ပင် မပြည့်သေးချိန်မှာပဲ တော်ဝင်ရန်အင်ပါယာနှင့် နဂါးကြီးတို့ ရောက်ရှိလာခဲ့ကြ၏။

မီးလျှံမြို့တော်အထက်သို့ ပျံသန်းရောက်ရှိလာချိန်မှာတော့ နဂါးကြီးက သိသိသာသာ သေးငယ်သွား၏။ ဤသို့ဖြစ်ရခြင်းမှာ အရင်က ဤစွမ်းအင်မျိုးဖြင့် တိုက်ခိုက်ခံခဲ့ရဖူးသောကြောင့် ဖြစ်သည်။

သို့ပေမည့် ရှမ့်လန် ငရဲဝိညာဉ်ပုလဲဖြင့် တိုက်ခိုက်ခဲ့သော စွမ်းအင်မှာ မပြောပလောက်ချေ။ ဖယောင်းတိုင် မီးတောက်လေးတစ်ခုပမာသာ ရှိ၏။

မီးလျှံမြို့တော်အောက်၊ ချော်ရည်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင်တော့ ငရဲစွမ်းအင်များက အဆုံးအစမရှိ လွှမ်းခြုံနေသည်။ ဆယ်ဆ၊ ရာဆ၊ သောင်းဆ၊ သိန်းဆ၊ သန်းဆမက ပိုမိုကြီးမားသည်။

ကျန်းမိသားစု၏ နဂါးကြီးအတွက် ကျောက်စိမ်းဖြူတောင်ရှိ ရှေးဟောင်းနဂါးရေကန်က ငရဲတစ်ခု ဖြစ်သည်။ ထို့အတူ တော်ဝင်ရန်နဂါးကြီးအတွက်တော့ မီးလျှံမြို့တော်အောက်ရှိ ချော်ရည်ပင်လယ်ကလည်း အတူတူပင် ဖြစ်၏။ ယင်းက ထိတ်လန့်ဖွယ်ကောင်းသော ငရဲတစ်ခုလည်း ဖြစ်၏။

အင်ပါယာက မေးသည်။ “မင်း ကြောက်နေလား။”

နဂါးကြီးက ပြန်ဖြေ၏။ “အဆုံးမရှိတဲ့ အကြောက်တရားပါပဲ။ ငရဲပြည်ရဲ့ အောက်ဆုံးထပ်လိုပါပဲ။”

အင်ပါယာက ပြောလိုက်သည်။ “ဟုတ်တယ်။ ဝင်သွားလိုက်။ ဒီငရဲနဲ့ ဘေးဒုက္ခကို ဖြတ်သန်းဖို့ ကျုပ် မင်းနဲ့အတူ လိုက်ခဲ့မယ်။ ဒါမှမဟုတ်ရင် ဒီစစ်ပွဲမှာ ကျုပ်တို့ ကျိန်းသေပေါက် ရှုံးလိမ့်မယ်။ ဒီဘေးဒုက္ခကနေ အသက်ရှင်ကျန်ရစ်မှပဲ အနိုင်ရဖို့ အခွင့်အရေးရှိလိမ့်မယ်။”

ဤအခြေအနေက အလွန်ရင်းနှီးနေသည်။ ဤစကားပြောခန်းက ရှမ့်လန်နှင့် ထပ်တူကျနေ၏။

နဂါးကြီးက ပြောသည်။ “ကောင်းပါပြီ ကျုပ်ရဲ့သခင်၊ အရှင်မင်းကြီး။ အရှင့်ကြောင့်သာ ကျုပ် ပြန်လည် အသက်ရှင်လာရတာပါ။ ကျုပ်ကိုကျုပ် ယုံကြည်တာထက် အရှင့်ကို ပိုပြီး အပြည့်အဝ ယုံကြည်ပါတယ်။”

ထို့နောက် နဂါးကြီး၏ခန္ဓာကိုယ်က ထပ်မံသေးငယ်သွားပြန်၏။ ယခုအခါ အရှည် ဆယ်မီတာပင် မပြည့်တော့ချေ။

တော်ဝင်ရန်အင်ပါယာနှင့် သူ၏နဂါးကြီးသည် မီးလျှံမြို့တော်၏ မူလရှေးဟောင်းအပျက်အစီးများထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားကြသည်။

ဂိတ်တံခါးများဆီသို့ ဝင်ရောက်သွားချိန်မှာတော့ အင်ပါယာသည် အပြင်ဘက်ရှိ မြင်ကွင်းကို တစ်ချက် လှမ်းကြည့်၏။

အလွန်လှပသည်။ ရေခဲချိပ်ပိတ်ခြင်းက ချက်ချင်းဆိုသလို ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်၏။ တိရစ္ဆာန်၊ သစ်ပင်နှင့် ပန်းမန်များစွာ သည် ရေခဲများအတွင်း ချိပ်ပိတ်ခံထားရသည်။ ယင်းတို့က အသက်ဝင်ပြီး လှပနေ၏။ သူသည် ထိုအရာများကို နောက်တစ်ကြိမ် ဘယ်တော့မှ မြင်တွေ့နိုင်တော့မည် မဟုတ်ချေ။

အကယ်၍ ပြန်လည်မွေးဖွားခြင်းနှင့် ကောင်းကင်ဘေးဒဏ်တို့ကိုသာ ကျရှုံးခဲ့လျှင် တော်ဝင်ရန်အင်ပါယာနှင့် နဂါးကြီးတို့သည် ဘယ်သောအခါနှ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ပေ။ ချော်ရည်ပင်လယ်ထဲရှိ ငရဲဘုံဆယ့်ရှစ်ထပ် တွင် ထာဝရ မြုပ်နှံခံရပေလိမ့်မည်။

တော်ဝင်ရန်အင်ပါယာသည် မီးလျှံမြို့တော်၏ အပျက်အစီးများနှင့် ပိရမစ်အတွင်းသို့ ဝင်ရောက်သွား၏။ သူက ပိရမစ်၏ မြေအောက်လမ်းကြောင်းအတိုင်း မီတာထောင်ပေါင်းများစွာ အဆုံးထိတိုင်အောင် လျှောက်သွားသည်။

သူ၏အောက်ဘက်တွင် အောက်ခြေမရှိသော ချောက်ကမ်းပါးကြီးတစ်ခု ရှိနေ၏။ ချောက်ကမ်းပါးကြီး၏ အောက်ဘက်တွင်တော့ အဆုံးအစမရှိသော ချော်ရည်ပင်လယ်ကြီး ရှိနေသည်။ ယင်းက အလုံးစုံ အေးခဲနေ၏။

ဤနေရာတွင် လေထုမရှိပေ။ အပူချိန်ကလည်း အလွန်နိမ့်ကျ၏။ လေထုတစ်ခုလုံး အေးခဲပြီး နှင်းများအဖြစ်သို့ ပြောင်းလဲနေ၏။

တော်ဝင်ရန်အင်ပါယာက အလယ်ဗဟိုရှိ ကွေ့ဝူကို တွေ့လိုက်ရ၏။ သူ ဆောင့်ကြောင့်ထိုင်ချကာ ကွေ့ဝူ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။

တော်ဝင်ရန်အင်ပါယာက ပြော၏။ “မိတ်ဆွေဟောင်းရဲ့ မျက်နှာကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ တစ်ပုံစံတည်းပဲ။ ခင်ဗျားက အဲဒီအရိပ်လား။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ထို့နောက် တော်ဝင်ရန်အင်ပါယာသည် ကွေ့ဝူ၏ အလောင်းရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ အလယ်အလတ်အဆင့် နဂါးနယ်ပယ်အကြောင်းကို တရားထိုင် ဆင်ခြင်သည်။

တော်ဝင်ရန်အင်ပါယာက အမိန့်ပေးလိုက်၏။ “သွားတော့၊ နဂါးကြီး။”

တော်ဝင်ရန်နဂါးကြီးသည် ချော်ရည်ပင်လယ်၏ အလယ်ဗဟိုသို့ ပျံသန်းသွားကာ လေမှုတ်ထုတ်လိုက်သည်။

ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…။

နဂါးမီးတောက် အသွယ်သွယ်က သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အံ့မခန်း အပူချိန်တစ်ခုကို ချက်ချင်း ဆိုသလို ထုတ်လွှတ်လိုက်၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ အပူချိန်မှာ စင်တီဂရိတ် ဒီဂရီ သိန်းပေါင်းများစွာ ရှိသည်။

ထိုအခါ ချော်ရည်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှ အလွန်အမင်း စိတ်လှုပ်ရှားနေသည့် စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ အရသာရှိသော လက်ဆောင်တစ်ခုကို မြည်းစမ်း စားသုံးလိုက်ရသည့်အလားပင်။ ငရဲပြည်က ကလဲ့စားချေလိုသော ဝိညာဉ်များကို လက်ခံရရှိတော့မည့်အလား ဖြစ်၏။

နဂါးကြီး၏ မြင်ကွင်းတွင်တော့ ချော်ရည်ပင်လယ်ကြီးတစ်ခုလုံးက အဆုံးမဲ့ငရဲတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ငရဲဘုံဆယ့်ရှစ်ထပ်ပင်။

တော်ဝင်ရန်အင်ပါယာက ပြောလိုက်သည်။ “နဂါးကြီး ….. မင်းသာ အရင်က ဒီနေရာကို လာခဲ့မယ်ဆိုရင် ကျိန်းသေပေါက် သေသွားလိမ့်မယ်။ အရှင်လတ်လတ် ဝါးမျိုခံရပြီး ရေခဲအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ အခုတော့ … အခြေအနေတွေက မတူတော့ဘူး။ မင်း ငရဲစွမ်းအင်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီးပြီ။ ငါတို့ အဲဒီအကြောင်းကို သေသေချာချာ ဆင်ခြင်ပြီးပြီ မဟုတ်လား။”

တော်ဝင်ရန်နဂါးကြီးက အော်ဟစ်သည်။ “မှန်ပါတယ် အရှင်။ ငရဲထဲကို ဝင်ပြီး ပြန်လည်မွေးဖွားပါမယ်။”

ထို့နောက် နဂါးကြီးသည် မီးလုံးကြီးတစ်လုံးအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ အေးခဲနေသော ချော်ရည် ပင်လယ်ထဲသို့ ထိုးဆင်းသွား၏။

All Chapters