← Chapters

အခန်း (၁၂၈၁-၁၂၈၂)

Vol. 73 Ch. 1281-1282

အခန်း (၁၂၈၁-၁၂၈၂)

Vol. 73 Ch. 1281-1282

အပိုင်း (၁၂၈၁)

မျက်တောင်တစ်ခတ်အတွင်းမှာပင် အေးခဲနေသော ချော်ရည်ပင်လယ်က စတင်အရည်ပျော်လာ၏။ ထို့နောက် အနီရောင်အဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့ စီးဆင်းနေသည့် ထိတ်လန့်ဖွယ်ကောင်းသော ချော်ရည်များ အဖြစ်သို့ တစ်ဖန် ပြန်လည်ပြောင်းလဲသွားသည်။

နဂါးကြီး၏ ထိတ်လန့်ဖွယ် မီးတောက်စွမ်းအင်က ချော်ရည်ပင်လယ်တစ်ခုလုံးကို နောက်တစ်ကြိမ် လောင်ကျွမ်းစေ၏။

သူသည် ငရဲတွင်းထဲသို့ မကြောက်မရွံ့ ပိုမိုနက်ရှိုင်းစွာ ထိုးဆင်းသွား၏။ ငရဲ၏ အရင်းအမြစ်ဖြစ်သော ငရဲပုံဆောင်ခဲ ကို ရှာဖွေနေသည်။

လုပ်ငန်းစဉ်တစ်ခုလုံးက ငရဲဘုံဆယ့်ရှစ်ထပ်ကဲ့သို့ ကြမ်းတမ်းလွန်း၏။

တော်ဝင်ရန်နဂါးကြီးသည် ချော်ရည်ပင်လယ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဆင်းသွားလေလေ၊ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပြာကျသွားလေလေပင်။

အရာအားလုံးက အလွန်တူညီနေသည်။ ကျန်းမိသားစု၏ နဂါးကြီးနှင့် အလွန်တူညီနေ၏။

ချော်ရည်ပင်လယ်မှာ မီတာ သောင်းချီ နက်ရှိုင်း၏။ မီတာ သိန်းချီပင် နက်ရှိုင်းပေလိမ့်မည်။ တော်ဝင်ရန်နဂါးကြီး သည် ငရဲတွင်းထဲသို့ ရဲရင့်စွာ ပိုမိုနက်ရှိုင်းစွာ ထိုးဆင်းသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ငရဲစွမ်းအင်များက ကျူးကျော်ဝင်ရောက်လာ၏။ ရေခဲအဖြစ် အေးခဲသွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

နောက်ဆုံးတွင်တော့ …။

တော်ဝင်ရန်နဂါးကြီးသည် ချော်ရည်ပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ထိုးဆင်းသွားသည်။ သူ၏ခန္ဓာကိုယ်က လုံးဝပျောက်ကွယ်သွားသည်။ သူ၏ နဂါးဝိညာဉ်သာ ကျန်ရစ်ခဲ့၏။

ခဏအကြာတွင် အံ့မခန်း ပူပြင်းလှသော ချော်ရည်ပင်လယ်က တစ်ဖန် ပြန်လည်အေးစက်သွား၏။ ထို့နောက် ထပ်မံ အေးခဲသွားပြန်သည်။

နောက်ဆုံးတွင်တော့ …။

ဤနေရာရှိ လေထုက နှင်းများအဖြစ် တစ်ဖန် ပြန်လည်ခဲသွားပြီး အပူချိန်ကလည်း အနုတ် နှစ်ရာဒီဂရီ စင်တီဂရိတ် သို့ နောက်တစ်ကြိမ် ကျဆင်းသွား၏။

တော်ဝင်ရန်နဂါးကြီး ပျောက်ကွယ်သွား၏။ အရာအားလုံးသည် ဘာမှမဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

တော်ဝင်ရန်အင်ပါယာသည် အေးခဲနေသော ချော်ရည်ပင်လယ်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေဆဲပင်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကွေ့ဝူ၏ အလောင်းမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

… …

ပင်းမြို့တော်အတွင်း။

ရှမ့်လန်က စာရေးခြင်းတွင် နစ်မြုပ်နေဆဲပင်။ ရုတ်တရက် သူ မော့ကြည့်လိုက်သည်။

ကျန်းမိသားစု၏ နဂါးကြီးကလည်း မော့ကြည့်လိုက်၏။ သူက အနောက်ဘက်အဝေးဆီမှ တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်ပုံပင်။

ခဏမျှ စဉ်းစားပြီးနောက် ရှမ့်လန်ပြုံးလိုက်၏။ ထို့နောက် ခေါင်းငုံ့ကာ ဆက်ရေးသည်။ ပျက်စီးခြင်းနေ့ အစီအစဉ်နှင့် ပတ်သက်၍ သူသိသမျှ အရာအားလုံးကို ရေးချလိုက်သည်။

ကျန်းမိသားစု၏ နဂါးကြီးသည် တိမ်တိုက်များပေါ်တွင် ပြန်လည်လှဲလျောင်းလိုက်၏။ မျက်လုံးမှိတ်ကာ အနားယူရင်း လေနှင့်အတူ မျောပါသွား၏။

အပြင်ဘက်မှ မိန်းမစိုးကြီး လီအန်း၏ အသံ ထွက်ပေါ်လာသည်။ “အရှင်မင်းကြီး၊ ကောင်းကင်ပင်လယ် နန်းဆောင်သခင် ကျိုးရှီက တွေ့ခွင့်တောင်းနေပါတယ်။”

‘ကျိုးရှီရောက်လာတာလား။ နောက်ဆုံးတော့ သူ ရောက်လာပြီပေါ့။’

… …

ကျိုးရှီက အရိုအသေပေးကာ ပြော၏။ “ကျုပ် ကျိုးရှီ ပါ။ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”

သူက အရင်က မရှိခဲ့ဖူးသော လေးစားမှုမျိုးကို ပြသနေသည်။

ရှမ့်လန်က ပြန်ပြော၏။ “နန်းဆောင်သခင် ကျိုးရှီ၊ မတွေ့တာ ကြာပြီပဲ။”

တကယ်ပင် အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။ နှစ်နှစ် သုံးနှစ်ခန့် ရှိလေပြီ။ သူတို့ နောက်ဆုံးတွေ့ခဲ့ရသည်မှာ ရင်ဝူမင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီးနောက်တွင် ဖြစ်သည်။

ကျိုးရှီက ပြော၏။ “နှစ်အနည်းငယ် ကြာခဲ့ပါပြီ။ အရှင်က အများကြီး ပြောင်းလဲသွားတယ်။ ကျုပ် စိတ်လှုပ်ရှားမိပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “နန်းဆောင်သခင်ကျိုးရှီ …. သဲကန္တာရကြီးထဲမှာ အဆင်ပြေရဲ့လား။”

နန်းဆောင်သခင်ကျိုးရှီက ဖြေ၏။ “အရမ်းကောင်းပါတယ်၊ အရမ်းကောင်းပါတယ်။ ကျုပ် တွေးထားတာ ထက်တောင် ပိုကောင်းနေပါသေးတယ်။”

ကောင်းကင်ပင်လယ်နန်းဆောင် က သဲကန္တာရကြီးထဲတွင် အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း ရှင်းလင်းနေသည်။

ရှမ့်လန်က ပြော၏။ “ကျင်းနိုင်ငံ စစ်မြေပြင်မှာ ကောင်းကင်ပင်လယ်နန်းဆောင်က ဝင်ရောက် ကူညီပေးခဲ့တဲ့အတွက် ကျုပ် ကျေးဇူးမတင်ရသေးဘူးပဲ။”

ကျိုးရှီက အရိုအသေပေးကာ ပြောသည်။ “ဘာမှမဟုတ်ပါဘူး။ ထည့်ပြောနေစရာတောင် မလိုပါဘူး။”

ရှမ့်လန်က မေးလိုက်၏။ “နန်းဆောင်သခင်ကျိုးရှီနဲ့ ကန်းရီက မိတ်ဆွေတွေလား။”

ကျိုးရှီက ပြန်ဖြေ၏။ “မဟုတ်ပါဘူး။ ကျုပ်က ကန်ဝမ်နဲ့ အမြဲတမ်း အလှမ်းဝေးဝေးမှာ နေခဲ့တာပါ။ မကြာသေးခင်ကမှ ကန်ဝမ် ကျုပ်ဆီ လာပြီး တစ်ခုခုပြောခဲ့တယ်။ ဒါကြောင့်လည်း ကောင်းကင်ပင်လယ် နန်းဆောင် က အရှင့်ဘက်ကနေ ရပ်တည်ဖို့ ရွေးချယ်ခဲ့တာပါ။ ကျုပ်တို့ အကူအညီ မပါရင်တောင် ချောင်ဘုရင်က ကျင်းနိုင်ငံ စစ်မြေပြင်မှာ အနိုင်ရနိုင်ပါသေးတယ်။ ကောင်းကင်ပင်လယ်နန်းဆောင် က ရိုးသားမှုကို ပြသဖို့ အဓိက ကူညီပေးခဲ့တာပါ။”

ရှမ့်လန်က ပြောသည်။ “ဆိုလိုတာက တော်ဝင်ရန်အင်ပါယာနဲ့ တော်ဝင်ချန်အင်ပါယာကြားမှာ ခင်ဗျားက တော်ဝင် ချန်အင်ပါယာဘက်၊ ကျန်းမိသားစုဘက်ကနေ ရပ်တည်ဖို့ ရွေးချယ်လိုက်တာပေါ့။”

ကျိုးရှီက ပြန်ဖြေ၏။ “မဟုတ်ပါဘူး။ ကျုပ်က … အရှင့်ဘက်က ရပ်တည်ဖို့ ရွေးချယ်တာပါ။ အရှင်ရှမ့်လန်ကို ရွေးချယ်တာပါ။ တော်ဝင်ချန် အင်ပါယာ ဒါမှမဟုတ် ကျန်းမိသားစုကို ရွေးချယ်တာ မဟုတ်ပါဘူး။”

သူ၏သဘောထားက ထူးဆန်းနေသည်။

ရှမ့်လန်၏အမြင်တွင် ကျိုးရှီသည် သူ ဖောက်ထွင်းမမြင်နိုင်သော သူတစ်ယောက် ဖြစ်၏။ ထို့အပြင် သူက တစ်ဖက်ဖက်ကို ရွေးချယ်ရန်လည်း မလိုအပ်ပေ။

ရှမ့်လန်က တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီး အရှေ့ဘက်ကမ္ဘာ၏ အရှင်သခင် ဖြစ်လာလျှင်တောင်မှ ကောင်းကင်ပင်လယ် နန်းဆောင် ကို စော်ကားမည် မဟုတ်သလို သဲကန္တာရကြီး၏ အပျက်အစီး အမွေအနှစ်များအတွက်လည်း တိုက်ခိုက်မည် မဟုတ်ချေ။ သူသည် ထိုမျှအထိ ရည်မှန်းချက် မကြီးမားပေ။

လွန်ခဲ့သည့်နှစ်အနည်းငယ်က တော်ဝင်ရန်အင်ပါယာ အလွန်အင်အားကြီးမားနေချိန်တွင်လည်း ကျိုးရှီက မည်သည့်ဘက်ကိုမှ မရွေးချယ်ခဲ့ပေ။

လွန်ခဲ့သောနှစ်သုံးဆယ်က ကျန်းလီနှင့် တော်ဝင်ရန်အင်ပါယာတို့ ထီးနန်းလုပွဲတွင်လည်း ကျိုးရှီက မည်သည့်ဘက်ကိုမှ မရွေးချယ်ခဲ့ချေ။

ယခုတစ်ကြိမ်တွင်တော့ သူက တစ်ဖက်ကို ရွေးချယ်ခဲ့ပြီး ရှမ့်လန်ဘက်တွင် ရပ်တည်နေသည်။

ရှမ့်လန်က မေးလိုက်၏။ “ဘာလို့လဲ။”

ကျိုးရှီက အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ ထို့နောက် သူက ပြန်ဖြေသည်။ “ဘာလို့လဲဆိုတော့ အရှင်က အရမ်း သန့်စင်လို့ပါ။ အရှင့်မှာ ရည်မှန်းချက် မရှိဘူး၊ နိုင်ငံရေးကို ဂရုမစိုက်သလို ကြီးစိုးဗိုလ်ကျဖို့ကိုလည်း ဂရုမစိုက်ဘူး။ အရှင် လုပ်သမျှ အရာအားလုံးက အရှင့်ရဲ့ ဆန္ဒအပေါ်မှာပဲ အခြေခံတယ်။”

ရှမ့်လန်က ပြောလိုက်၏။ “နန်းဆောင်သခင်ကျိုးရှီ၊ ခင်ဗျားစကားတွေက အရမ်း နက်ရှိုင်းလွန်းတယ်။ တိမ်တွေထဲက မြူလိုပါပဲ။”

ကျိုးရှီက ပြောသည်။ “အရှင် …. ဒါပေမဲ့ အရှင် ကျွန်တော့်ကို နားလည်နိုင်တယ် မလား။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေက … ”

ရှမ့်လန်က ဖြတ်ပြောလိုက်၏။ “လှပတဲ့ ရှုခင်းတစ်ခုလိုပါပဲ။”

ကျိုးရှီက ပြန်ပြောသည်။ “ဟုတ်ပါတယ်၊ လှပတဲ့ ရှုခင်းတစ်ခုလိုပါပဲ။ ကြီးမားတဲ့ အောင်ပွဲတစ်ခုက အရှင် ရိတ်သိမ်းဖို့ စောင့်ကြိုနေပါတယ်။”

ရှမ့်လန်က မေးလိုက်၏။ “နန်းဆောင်သခင် ကျိုးရှီက ကျုပ်နဲ့ တော်ဝင်ရန်အင်ပါယာတို့ရဲ့ တိုက်ပွဲကို သက်သေအဖြစ် ကြည့်ဖို့ မီးတောက်မြို့တော်ကို လိုက်ခဲ့မှာလား။”

ကျိုးရှီက ပြန်ဖြေသည်။ “ကျုပ် လုပ်နိုင်မယ် မထင်ပါဘူး။ ကျုပ် မိုင်တစ်သောင်း သဲကန္တာရကြီးဆီ ပြန်ပြီး အရာအားလုံးကို ပြင်ဆင်ဖို့ လိုသေးတယ်။ ဒါကြောင့် အရှင့်ကို တောင်းဆိုစရာလေး တစ်ခု ရှိပါတယ်။”

ရှမ့်လန်က ပြန်ပြော၏။ “ပြောပါအုံး။”

နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “အရှင် အဆင်ပြေတဲ့အချိန်ဖြစ်ဖြစ်၊ အဆင်မပြေတဲ့အချိန်ဖြစ်ဖြစ် မိုင်တစ်သော်း သဲကန္တာရကြီးဆီ တစ်ခေါက်လောက် လာခဲ့ပေးပါ။ ကျုပ်တို့ အဲဒီမှာ အရှင့်ကို စောင့်နေပါ့မယ်။”

ရှမ့်လန်ဇဝေဇဝါ ဖြစ်သွား၏။ “ကျုပ်တို့ ဟုတ်လား။”

ကျိုးရှီက ပြန်ဖြေသည်။ “ဟုတ်ပါတယ်။ ကျုပ်တို့အားလုံးက အရှင့်ရဲ့ ဆိုက်ရောက်လာမှုကို စောင့်ကြိုနေပါ့မယ်။”

ရှမ့်လန်က ကျိုးရှီကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ကျုပ် လာခဲ့ပါ့မယ်။”

ကျိုးရှီက ပြောသည်။ “ကျေးဇူးတင်ပါတယ် အရှင်။ ကျုပ်ကို ခွင့်ပြုပါအုံး။”

ရှမ့်လန်က မေးလိုက်၏။ “ဒါနဲ့ နန်းဆောင်သခင်ကျိုးရှီ …. ကန်ဝမ်က မလာဘူးလား။”

ကျိုးရှီက ပြန်ဖြေသည်။ “အရှင်နဲ့ တော်ဝင်ရန်အင်ပါယာတို့ရဲ့ တိုက်ပွဲမတိုင်ခင် ဒါမှမဟုတ် တိုက်ပွဲအပြီးမှာ ကန်ဝမ် ပေါ်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ သေချာတာပေါ့၊ သူဆီကနေ နောက်ထပ် သတင်းအချက်အလက်တွေ ရဖို့ မျှော်လင့်နေစရာ မလိုပါဘူး။ ကျုပ်တို့အားလုံး အတူတူပါပဲ။ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ဒါဒီကမ္ဘာရဲ့ ကောင်းကင်ပဲလို့ သတ်မှတ်နိုင်ရုံပါ။ ကျုပ်တို့ အဲဒီအလွန်ကို မမြင်နိုင်ပါဘူး။”

ရှမ့်လန်က နှုတ်ဆက်လိုက်၏။ “ဒါဆိုလည်း ကောင်းပါပြီ။”

ကျိုးရှီက ပြန်လည်နှုတ်ဆက်သည်။ “သွားပါရစေ အရှင်”

ထို့နောက် ကျိုးရှီသည် မည်သူမှ မမြင်ဖူးသော ထူးခြားသည့် ပျံသန်းနိုင်သော သားရဲတစ်ကောင်ကို စီးကာ ကောင်းကင်သို့ ပျံတက်သွား၏။ သူသည် ပင်းပြည်နယ်မှ ထွက်ခွာသွားပြီး အနောက်ဘက် သဲကန္တာရကြီးဆီသို့ ပျံသန်းသွား၏။

……………

နောက်တစ်နေ့တွင် ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ထွက်ခွာကြမယ်၊ မီးတောက်မြို့တော်ကို တိုက်ခိုက်ကြစို့။”

လူအုပ်ကြီးက ချက်ချင်းဆိုသလို အားပေးအော်ဟစ်ကြသည်။

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

“တော်ဝင်ချန် သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန်သည် ကျန်းမိသားစု၏ နဂါးကြီးကို စီးကာ မီးတောက်မြို့တော်ဆီသို့ ဖြည်းညင်းစွာ ပျံသန်းသွား၏။

မြေပြင်ပေါ်တွင်တော့ ချောင်ဘုရင်၏ အနောက်ဘက်စစ်တပ်၊ ဝူဘုရင်၏ အရှေ့ဘက်စစ်တပ်၊ ကျင်းဘုရင်၏ အလယ်တပ်မ နှင့် ရွဲ့နိုင်ငံ၏ တောင်ပိုင်းစစ်တပ်တို့ ရှိနေ၏။ စုစုပေါင်း စစ်သည်အင်အား တစ်သန်းကျော်သည် မီးတောက်မြို့တော်ဆီသို့ ချီတက်နေကြသည်။

မီးတောက်မြို့တော်သို့ အလုံးအရင်း ချီတက်ခြင်းပင်။

အရှေ့ဘက်ကမ္ဘာ၏ နောက်ဆုံးစစ်ပွဲပင် ဖြစ်သည်။

… …

တော်ဝင်ချန်အင်ပါယာ၏ အဓိကစစ်တပ်ကြီးသည် မီးတောက်မြို့တော်ရှိရာ မြောက်ဘက်သို့ ချီတက်သွားကြ၏။

ပင်းပြည်နယ်၏ ထင်ရှားကျော်ကြားသူများနှင့် အရာရှိရာပေါင်းများစွာသည် မြို့ရိုးပေါ်သို့ တက်ကာ စစ်တပ်ကြီး ထွက်ခွာသွားသည်ကို ကြည့်ရှုနေကြသည်။

အရပ်သား သောင်းနှင့်ချီသည်လည်း မြို့ရိုးပေါ်သို့ တက်လာကြ၏။ သူတို့က စစ်တပ်ကြီး၏ ကျောပြင်နှင့် ကောင်းကင်ပေါ်မှ နဂါးကြီးကို ကြည့်နေကြ၏။

၎င်းက သာမန် ပျံသန်းနိုင်သော သားရဲတစ်ကောင်ပမာ အလွန်သေးငယ်နေသည်။

အပိုင်း (၁၂၈၂)

ပင်းပြည်နယ်၏ ထင်ရှားသော ကျောင်းတော်သားပညာရှင်တစ်ဦးက ရုတ်တရက် ပြောလိုက်သည်။ “အရှင်ရှမ့်လန်က အရမ်း အေးစက်ပြီး မောက်မာတယ်။ သူက ပင်းပြည်နယ်မှာ ကိုယ်ထင်မပြတာ တစ်လကျော်တောင် ရှိနေပြီ။ သူက လူတိုင်းကို လျစ်လျူရှုထားတဲ့ပုံပဲ။”

ဘေးမှ ပညာရှင်တစ်ဦးက ဝင်ပြောသည်။ “အပြုအမူက စိတ်သဘောထားကို သက်သေမပြဘူး။ လုပ်ရပ်တွေအရဆိုရင် … အရှင်ရှမ့်လန်က သူတော်စင်တစ်ပါး နီးပါးပါပဲ။”

လူတိုင်း တိတ်ဆိတ်သွားကြ၏။

အတိုင်းအတာတစ်ခုအထိတော့ ထိုအရာက မှန်ကန်သည်။ အင်ပါယာရှမ့်လန်အာဏာရလာကတည်းက သူ၏စစ်ပွဲများတွင် အရပ်သားတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေခဲ့ခြင်း မရှိချေ။

သူ၏စစ်တပ်က တော်ဝင်ရန်အင်ပါယာထဲသို့ ဝင်ရောက်လာချိန်တွင် မည်သည့်ပြဿနာမှ မဖန်တီးခဲ့ပေ။ ရိက္ခာများကိုပင် တော်ဝင်ချန်အင်ပါယာမှ သယ်ယူလာခဲ့ခြင်း ဖြစ်၏။ လုယက်ဖျက်ဆီးခြင်း မပြုခဲ့ကြချေ။

ယခင်က အရှင်သည် ချန်မြို့တော်ရှိ အရပ်သားများကို ကယ်တင်ရန် သူ၏အသက်နှင့် နဂါးကြီး၏အသက်ကိုပင် စတေးလုနီးပါး ဖြစ်ခဲ့ရသည်။

သို့ပေမည့် သူက တကယ်ပင် အေးစက်ပြီး မောက်မာလှ၏။ သူသည် အရပ်သားများနှင့်အတူ ဟန်ဆောင်ပန်ဆောင် နေထိုင်ရန်ပင် ဒုက္ခမခံချေ။

ထင်ရှားသော ကျောင်းတော်သား ပညာရှင်က ပြောသည်။ “အိမ်ရှေ့စံကတော့ တကယ့် သူတော်စင်ပါပဲ။”

လွန်ခဲ့သည့်တစ်လအတွင်း အိမ်ရှေ့စံသည် ထင်ရှားသော ကျောင်းတော်သားပညာရှင်များစွာနှင့် တွေ့ဆုံခဲ့သည်ကို လူတိုင်း ဝန်ခံမိကြသည်။ အသက်ဆယ့်တစ်နှစ်အရွယ် အိမ်ရှေ့စံသည် တကယ်ပင် ဉာဏ်ပညာကြီးမားပြီး တည်ငြိမ်လှ၏။

တစ်စုံတစ်ယောက်က မေးလိုက်သည်။ “လူကြီးမင်းတို့ …. အရှေ့ဘက်လောကရဲ့ လူသားအင်ပါယာတွေ စစ်ပွဲမှာ ဘယ်သူနိုင်မယ်လို့ မျှော်လင့်ထားကြလဲ။”

“ကျုပ် မပြောတတ်ဘူး၊ မပြောတတ်ဘူး … ”

မည်သူမှ ဘာမှမပြောကြသော်လည်း အနည်းဆုံးတော့ ပင်းပြည်နယ်တွင် ကျန်ရစ်ခဲ့သူများက ရှမ့်လန် အနိုင်ရစေရန် မျှော်လင့်နေကြ၏။

သို့ပေမည့် တော်ဝင်ရန်အင်ပါယာက မှန်းဆရခက်ပြီး အင်အားကြီးမားလှ၏။ အင်ပါယာ ရှမ့်လန် အနိုင်ရနိုင်ခြေများသကဲ့သို့ ထင်ရသော်လည်း ရလဒ်က မည်သို့ဖြစ်မည်ကို ပြောရန် ခက်ခဲသည်။ အကယ်၍ သူတို့ ယခုလိူ အမှုမဲ့အမှတ်မဲ့ စကားပြောလိုက်မိလျှင် နောင်တွင် ရာဇဝတ်မှုအဖြစ် သက်သေအထောက်အထား ဖြစ်လာပြီး မိသားစုများအပေါ် ဘေးဒုက္ခ ဆိုက်ရောက်လာနိုင်သည်။

ထို့အပြင် အင်ပါယာကျန်းလီ၏ မီးတောက်မြို့တော်သို့ မြောက်ပိုင်းချီတက်ခြင်းက ယနေ့ထက်ပင် ပို၍ အံ့မခန်း ဖြစ်ခဲ့သည်။ အင်ပါယာကျန်းလီ ကျိန်းသေပေါက် အနိုင်ရပြီး လောကကြီး လက်ပြောင်းလက်လွှဲ ဖြစ်သွားမည်ဟု တစ်ကမ္ဘာလုံး က ထင်မှတ်ခဲ့ကြ၏။

တော်ဝင်ရန်အင်ပါယာမှ အရာရှိများစွာက တော်ဝင်ချန်အင်ပါယာ၏ အလံကိုပင် ပြင်ဆင်ထားခဲ့ကြသည်။ အင်ပါယာကျန်းလီ၏ အောင်ပွဲသတင်း ပြန့်နှံ့လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် အလံကို ချက်ချင်း ပြောင်းလဲကြမည်။

အဆုံးတွင်တော့ … ရောက်ရှိလာသည်က အောင်ပွဲသတင်း မဟုတ်ခဲ့ချေ။ ထိုအစား အဆိုးရွားဆုံး သတင်း ဖြစ်ခဲ့သည်။ အင်ပါယာကျန်းလီက သေဆုံးသွားခဲ့သည်။

တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်၏။ “ဒီနေ့ အရှင်ရှမ့်လန်က သူ့စစ်တပ်ကို ဦးဆောင်ပြီး မီးတောက်မြို့တော်ကို သိမ်းပိုက်ဖို့ သွားတယ်။ အဲဒါက လွန်ခဲ့တဲ့နှစ်သုံးဆယ်က အရှင်မင်းကြီး ကျန်းလီ မီးတောက်မြို့တော်ကို သိမ်းပိုက်ခဲ့တာနဲ့ ဆင်တူနေသလား။”

လူတိုင်း နောက်တစ်ကြိမ် တိတ်ဆိတ်သွားကြပြန်သည်။

တကယ်ပင် တူညီမှုအချို့ ရှိသော်လည်း ကွာခြားချက်အချို့လည်း ရှိနေ၏။

လွန်ခဲ့သောနှစ်သုံးဆယ်က အင်ပါယာကျန်းလီ မြောက်ပိုင်းသို့ ချီတက်စဉ်က သူသည် ပို၍ အံ့မခန်း ဖြစ်ခဲ့၏။ သူ၏အဟုန်က တကယ်ပင် အထင်ကြီးလောက်စရာ ဖြစ်ပြီး တိုက်ပွဲတစ်ပွဲတည်းဖြင့် လောကကြီး၏ ကံကြမ္မာကို ဆုံးဖြတ်ချင်ခဲ့သည်။

ထိုအချိန်က အင်ပါယာကျန်းလီ ကျိန်းသေပေါက် အနိုင်ရပြီး လောကကြီး၏ အရှင်သခင် ဖြစ်လာမည်ဟု လူတိုင်းနီးပါး ထင်မှတ်ခဲ့ကြ၏။

အဆုံးတွင်တော့ …။

ယခုတစ်ကြိမ်တွင်တော့ အရှင်ရှမ့်လန်ကလည်း မီးတောက်မြို့တော်သို့ ခမ်းနားထည်ဝါသော ချီတက်မှုကြီးကို ဦးဆောင်နေသည်။ သမိုင်းက တစ်ကျော့ပြန် လည်လာမည်လား။

… …

မြောက်ပိုင်းသို စစ်ချီတပ်ကြီး၏ ရွေ့လျားနန်းတော်အတွင်း။

ရှမ့်လန်က အသည်းအသန် စာရေးနေဆဲဖြစ်ကာ သူ၏ခေါင်းထဲရှိ အလယ်အလတ်အဆင့် နဂါး ဉာဏ်အလင်း သဘောပေါက်မှုများကို အကောင်းဆုံး ကြိုးစားရေးချနေသည်။

သေချာတာပေသည်။ ဤနားလည်သဘောပေါက်မှုများစွာက မျက်စိဖြင့်မမြင်နိုင်သော လောက၊ စွမ်းအင်တို့နှင့် သက်ဆိုင်နေသောကြောင့် စာသားများဖြင့် ဖော်ပြရန် အလွန်ခက်ခဲလှသည်။ ထို့ကြောင့် ရှမ့်လန်ရေးသားသောအကြောင်းအရာများက အလွန် လက်တွေ့ကျနေ၏။

နဂါးနောင်တ၏ သဘောတရား၊ နဂါးနောင်တ ဖန်တီးခြင်း။

အလွန်မြင့်မားသော ဖိအားကို ဖန်တီးရန်၊ ဟိုက်ဒရိုဂျင်ကို သတ္တုဟိုက်ဒရိုဂျင်အဖြစ် ပြောင်းလဲရန်နှင့် ရှေးဟောင်းစွမ်းအင် အနှစ်သာရတစ်ခု ဖန်တီးရန် အိပ်မက်ဆိုးကျောက်တုံး၏ စွမ်းအင်ကိရိယာကို မည်သို့အသုံးပြုရမည်နည်း။

နဂါးသွေးကို သန့်စင်ပြီး နဂါးသွေးရိုးတွင်းခြင်ဆီအဖြစ် မည်သို့ ပြောင်းလဲရမည်နည်း။

ယူရေနီယမ် သန့်စင်သည့် ကိရိယာတစ်ခု ဖန်တီးရန် နဂါးသွေးရိုးတွင်းခြင်ဆီကို မည်သို့အသုံးပြုရမည်နှင့် ရှေးဟောင်းနဂါးသေတ္တာ အမျိုးအစားအမျိုးမျိုးကို အမြောက်အမြား မည်သို့ ထုတ်လုပ်ရမည်။

လွန်ခဲ့သည့်တစ်လခန့်အတွင်း ရှမ့်လန်က ဤအရာများကို အချိန်တိုင်းနီးပါး ရေးသားနေခဲ့သည်။

သူ မအိပ်ရသလောက်ပင်။ ဤတစ်လအတွင်း သူသည် စာလုံးရေ နှစ်သန်းကျော်နှင့် ပုံစံကြမ်း ရာပေါင်းများစွာကို ရေးသားခဲ့၏။

ပြီးစီးသွားပြီးနောက် ထိုအရာတို့ကို ရှမ့်ယီအား အလွတ်ကျက်မှတ်ရန် ပေးအပ်ရမည်။

ရှမ့်ယီက တကယ့် ပါရမီရှင်တစ်ဦး ဖြစ်၏။ သူ၏ဦးနှောက်က သာမန်မဟုတ်ဘဲ မြင်သည်နှင့် တစ်ခါတည်း မှတ်မိနိုင်စွမ်း ရှိသည်။ ရှမ့်ယီ နားမလည်သောအရာများစွာ ရှိနေ၏။ ထို့ကြောင့် သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အလွတ်ကျက်မှတ်ထားရန်သာ ဖြစ်သည်။

ဤအချိန်တွင် ရှမ့်လန်သည် စာတစ်မျက်နှာ ရေးသားပြီးနောက် ရှမ့်ယီကို ပေးလိုက်၏။

ရှမ့်ယီက အမြန်ကျက်မှတ်လိုက်ကာ စိတ်ထဲတွင် နှစ်ခေါက် ရွတ်ဆိုလိုက်သည်။

အမှန်တကယ်တော့ သူ၏ဖခင်က ဤအရာများကို အဘယ်ကြောင့် ဤမျှ အလျင်စလို ရေးသားနေရသနည်း ဆိုသည်ကို သူ နားမလည်ပေ။ တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီးနောက် သူ့အတွက် အချိန် အများကြီး ရှိသေးသည် မဟုတ်လား။

သူ၏ဖခင်က လာမည့် တော်ဝင်ရန်အင်ပါယာနှင့် တိုက်ပွဲတွင် ယုံကြည်မှုမရှိ၍လား။ ထိုသို့လည်း မဟုတ်တန်ရာ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှမ့်လန်က နောက်တစ်မျက်နှာကို ရေးပြီးသွားပြန်ရာ ရှမ့်ယီထံသို့ နောက်တစ်ကြိမ် ကမ်းပေးလိုက်သည်။

ရှမ့်ယီက နောက်တစ်ကြိမ် အမြန်ရွတ်ဆိုလိုက်ပြန်၏။

ရှမ့်လန်က ရုတ်တရက် မေးလိုက်သည်။ “ယီလေး၊ မင်းက ဘယ်သူလဲ။”

ရှမ့်ယီက ပြန်ဖြေ၏။ “သားက တော်ဝင်ချန်အင်ပါယာရဲ့ အိမ်ရှေ့စံပါ။ ကျုပ်က တော်ဝင်ချန်အင်ပါယာနဲ့ အရှေ့ဘက်လောက ကို ဆက်ခံရမယ့်သူပါ။”

ရှမ့်လန်က ပြန်ပြောသည်။ “ဟုတ်တယ်၊ မင်းက အရှေ့ဘက်လောကကို ဆက်ခံရမယ်။ မင်းက အရှေ့ဘက်လောကရဲ့ အနာဂတ် အရှင်သခင်ပဲ။ အဲဒါအပြင် မင်းက ဘယ်သူလဲ။”

ရှမ့်ယီက ဖြေလိုက်၏။ “သားက အဖေနဲ့ အမေ့ရဲ့ သားပါ။”

ရှမ့်လန်က ပြောသည်။ “ဟုတ်တယ်၊ ဟုတ်တယ် ….. မင်းက ငါတို့ရဲ့ သားပဲ။ ဒါကို မှတ်ထားပါ။”

ရှမ့်ယီက ပြောလိုက်၏။ “ဟုတ်ကဲ့ပါ အဖေ။ သား ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ သား က အဖေနဲ့ အမေ့ရဲ့ သား အရင်ဖြစ်ပြီးမှ တော်ဝင်ချန်အင်ပါယာရဲ့ ဆက်ခံသူ ဖြစ်လာတာပါ။”

ရှမ့်လန်က သားဖြစ်သူ၏ခေါင်းကို ပုတ်ပေးလိုက်သည်။

‘ဒါက … အရမ်း လည်လွန်းတယ်။ မှန်းဆလို့မရနိုင်လောက်အောင်ကို လည်လွန်းတယ်။’

ရှမ့်ယီက ရှမ့်လန်စကားများ၏ အပေါ်ယံအဓိပ္ပာယ်ကို နားလည်ရုံသာမက နောက်ကွယ်ရှိ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကိုလည်း နားလည်သည်။ ထို့အပြင် သူက အပြုသဘောဆောင်သော တုံ့ပြန်မှုတစ်ခုကိုလည်း ပေးခဲ့၏။

… …

ပင်းပြည်နယ်တိုက်ပွဲ အဆုံးသတ်သွားခြင်းနှင့်အတူ ရှမ့်လန်က နဂါးကြီးကို စီးကာ ပြန်လည် ရောက်ရှိလာချိန်တွင်တော့ အရှေ့ဘက်လောက၏ စစ်ပွဲက ရပ်တန့်သွားသည့်ပုံပင်။

အရှေ့၊ တောင်နှင့် အနောက်ဘက်ရှိ တော်ဝင်ရန်အင်ပါယာ၏ စစ်တပ်များက ခုခံမှုကို လုံးဝ ရပ်တန့်သွား ကြသည်။

တော်ဝင်ချန်အင်ပါယာ၏ တစ်သန်းသော စစ်တပ်ကြီးက မြို့များကို ဆက်လက်မတိုက်ခိုက်တော့ချေ။ ထိုအစား သူတို့က မွန်မြတ်သော စည်းချက်တစ်ခုဖြင့် မီးတောက်မြို့တော်ဆီသို့ ချီတက်သွားကြ၏။

လမ်းတစ်လျှောက်တွင် တော်ဝင်ရန်အင်ပါယာ၏ မည်သည့်ပြည်နယ်၊ ခရိုင်ကမှ ခုခံခြင်း မရှိကြပေ။

ကောင်းကင်မှ ငုံ့ကြည့်လိုက်လျှင် တော်ဝင်ချန်အင်ပါယာ၏ တစ်သန်းသော စစ်တပ်ကြီးက မီးတောက်မြို့တော်ကို ဝန်းရံထားပြီးဖြစ်သည်။

ပထမဆုံး မီးတောက်မြို့တော်ဆီသို့ ချီတက်လာကြသူများမှာ နိုင်ငံအသီးသီးမှ အရှင်သခင်များ ဖြစ်၏။ ထို့နောက် အရှေ့ဘက်လောကမှ မှူးမတ်များနှင့် ပညာရှင်များက မီးတောက်မြို့တော်ဆီသို့ ချီတက်လာကြ၏။

တော်ဝင်ချန်အင်ပါယာနှင့် တော်ဝင်ရန်အင်ပါယာတို့ကြားရှိ အဆုံးအဖြတ်တိုက်ပွဲကြီးက လုံးဝ ကွဲပြားခြားနားမည် ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။

ထိုအရာက ရူးသွပ်ပြီး ရက်စက်ကြမ်းကြုတ်သော စစ်ပွဲတစ်ခု မဟုတ်တော့ချေ။ နတ်ဘုရားများကြား တိုက်ပွဲ တစ်ခုနှင့် ပိုတူနေ၏။

အချိန်အတော်ကြာတည်းက အရှေ့ဘက်လောကတွင် အင်ပါယာကို သူတော်စင်တစ်ပါးအဖြစ် ခေါ်ဝေါ်လေ့ ရှိကြ၏။ ထို့ကြောင့် ဤသည်က သူတော်စင်နှစ်ပါးကြားက တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။ မည်သူအနိုင်ရသည်ဖြစ်စေ အရှေ့ဘက်ဘောကတစ်ခုလုံးကို အုပ်စိုးခွင့် ရရှိမည်။

ဤအဆုံးအဖြတ်တိုက်ပွဲကြီးက လွန်ခဲ့သောနှစ်သုံးဆယ်ကျော်ကတည်းက ဖြစ်ပွားခဲ့သင့်သည်။ ယခုအချိန်ထိ နှောင့်နှေးကြန့်ကြာနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဖြစ်ပွားလာပေတော့မည်။

… …

အချိန်များက ရေစီးကြောင်းပမာ ကုန်ဆုံးသွားပြီး နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့သည်။

တော်ဝင်ချန်အင်ပါယာ၏ တစ်သန်းသော စစ်တပ်ကြီးက စုရုံးရောက်ရှိလာပြီး မီးတောက်မြို့တော်တစ်ခုလုံးကို ဝန်းရံထားလိုက်၏။

မီးတောက်မြို့တော်ရှိ သန်းနှင့်ချီသော နိုင်ငံသားများသည် ထွက်ပြေးမသွားသည့်အပြင် လူများစွာက မြို့ထဲသို့ ပို၍ပင် ဝင်ရောက်လာကြသည်။

တော်ဝင်မျိုးနွယ်များနှင့် မှူးမတ်များသာမက ဝေးလံခေါင်ဖျားသော အရှေ့တောင်ပင်လယ်နိုင်ငံများ၊ အနောက်ဘက်ဒေသ နိုင်ငံများနှင့် ရှီလွန်အင်ပါယာကပါ ဤအဆုံးအဖြတ်တိုက်ပွဲကြီးကို သက်သေအဖြစ် ကြည့်ရှုရန် မီးတောက်မြို့တော်သို့ သံတမန်များ စေလွှတ်ခဲ့ကြ၏။

မလာရောက်သူဟူ၍ မိုင်တစ်သောင်းသဲကန္တာရမှ နန်းဆောင်သခင် ကျိုးရှီသာ ရှိပေလိမ့်မည်။

တော်ဝင်ချန်အင်ပါယာ၏ တစ်သန်းသော စစ်တပ်ကြီးက မီးတောက်မြို့တော်ကို ဝန်းရံပြီးနောက် မီးတောက်မြို့တော်နှင့် မိုင်သုံးဆယ်အကွာတွင် တပ်စွဲလိုက်ကြ၏။

ရှမ့်လန်က မီးတောက်မြို့တော်သို့ ဆင်းသက်လာခဲ့သည်။

သူက စိတ်ထဲတွင်ပင် ပြန်လည်စဉ်းစားနေမိ၏။ ဤသည်က မီးတောက်မြို့တော်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းလား။

ဟုတ်သည်။ သူ၏ ပထမဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။

ဤမြို့ကက တကယ်ပင် လောကပေါ်တွင် နံပါတ်တစ် မြို့တော် ဖြစ်၏။ ချန်မြို့တော်က ကြီးမားပြီး ခမ်းနားထည်ဝါသော်လည်း မီးတောက်မြို့တော်က ပို၍ပင် ကောင်းမွန်နေသေးသည်။

အင်ပါယာ၏ အစစ်အမှန်မြို့တော်က နဂါးတစ်ကောင်၏ အငွေ့အသက်များ ရှိနေ၏။ ထိုအရာက ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများကို စုဆောင်းထားပြီး မျက်စိကျိန်းမတတ် ခမ်းနားထည်ဝါလှ၏။

All Chapters