တိုက်တိုက်ဆိုင်ဆိုင် ဆုံခြင်း
Vol. 48 Ch. 508
သဲဝါများ ကောင်းကင်ယံတွင် လွင့်ပျံနေပြီး မြူထူများက တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည်။
ရုတ်တရက် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် လူရိပ်တစ်ခု ကမ္ဘာမြေပေါ်သို့ ပေါ်လာသည်။
ထန်ထျန်းက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သတိကြီးစွာဖြင့် စစ်ဆေးလိုက်ပြီး သူရှိ နေသည့် နေရာမှာ ဘေးကင်းကြောင်း သေချာမှသာ ဖြည်းဖြည်းချင်း စိတ်လျှော့လိုက်တော့သည်။
ဤနေရာမှာ သဲမုန်တိုင်းအတွင်းပိုင်းရှိ ရှေးဟောင်း အပျက်အစီး နယ်မြေ ဖြစ်ပေလိမ့်မည်။
ရှုပ်ထွေးသည့် နိယာမများက ထိုနေရာတွင် ပြည့်နှက်နေသည်။ ရှင်းဟယ်အင်မော်တယ်ဧကရာဇ်၏ အကာအကွယ် နယ်မြေ အတွင်းမှ ထွက်လာပြီးနောက် နေရာအနှံ့ရှိနေသော ဖိအားကြီးမှာ ထန်ထျန်း၏ ကိုယ်ပေါ်သို့ တစ်ဖန် ပြန်လည် သက်ရောက်လာပြန်သည်။
ထို့ပြင် ဤနေရာမှ ဖိအားမှာ အပြင်ဘက်ထက် အဆပေါင်းများစွာ ပို၍ အားကောင်းသည်။ သူ၏အတွက်မူ ထွေထွေထူးထူး မဟုတ်သော်လည်း အခြား မြင့်မြတ် သားတော်လောင်းလျာ များမှာမူ သေချာပေါက် ဒုက္ခရောက်ကြပေလိမ့်မည်။
သို့သော် ဤကိစ္စများမှာ ထန်ထျန်းနှင့် မသက်ဆိုင်ပေ။ သူက ထို ရှေးဟောင်း ဘိုးဘေးနယ်မြေ ကိုသာ အမြန်ဆုံး ရှာဖွေလိုသည်။
ရှင်းဟယ်အင်မော်တယ်ဧကရာဇ် ပေးထားသည့် အစီအရင်ပြားကို ထုတ်လိုက်ရာ ဆန်းကြယ်သော တာအို အော်ရာများ ၎င်းထံမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ဤအစီအရင်ပြားမှာ လမ်းပြရုံတင် မဟုတ်ဘဲ အရည်အသွေး အလွန်ကောင်းမွန်သော အင်မော်တယ်လက်နက် တစ်ခုလည်း ဖြစ်သည်။
ထိုအချိန်တွင် အစီအရင်ပြား မျက်နှာပြင်ပေါ်၌ အနီရောင်ရင့်ရင့် လိုင်းတစ်ခု ပေါ်လာပြီး ကွေ့ကွေ့ကောက်ကောက်နှင့် လမ်းကြောင်းတစ်ခုကို ညွှန်ပြနေသည်။
ဤလမ်းကြောင်းမှာ ရှေးဟောင်း ဘိုးဘေးနယ်မြေ တည်ရှိရာ အရပ်မျက်နှာ ဖြစ်ပေလိမ့်မည်။
အတော်လေးကို အဆင်ပြေလှသည်။ အကယ်၍ အစီအရင်ပြားသာ မရှိလျှင် ဤမျှ ကျယ်ပြောသော အပျက်အစီး နယ်မြေကြီးထဲတွင် ထန်ထျန်းအနေဖြင့် ထိုနေရာကို ချောချောမောမော ရှာတွေ့နိုင်ရန် မသေချာလှပေ။
အစီအရင်ပြား ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ထန်ထျန်း ရှေ့သို့ ပျံသန်းသွားသည်။
သူ၏ ပျံသန်းနှုန်းမှာ မမြန်လှပေ။ ဤကမ္ဘာမှာ အန္တရာယ်များနှင့် ပြည့်နှက်နေသဖြင့် မလိုအပ်သော မှားယွင်းမှုများ မဖြစ်ပေါ်စေရန် သတိထားခြင်းက ပိုကောင်းပေသည်။
အမှန်တကယ်လည်း ထိုအတိုင်းပင်။
အဝေးကြီး မပျံသန်းရသေးခင်မှာပင် ထန်ထျန်းမှာ ဟင်းလင်းပြင်အတွင်း၌ ပုန်းကွယ်နေသော အက်ကြောင်းတစ်ခုနှင့် တိုးတော့မည့်အန္တရာယ်ကို ကြုံခဲ့ရသည်။
အက်ကြောင်းမှာ အလွန်သေးငယ်ပြီး မမြင်နိုင်သလောက်ပင် ဖြစ်ကာ ဤထူးခြားပြီး ရှုပ်ထွေးသော ပတ်ဝန်းကျင်အောက်တွင် အသံ လုံးဝမထွက်သဖြင့် အာရုံခံနိုင်ရန် အလွန်ခက်ခဲသည်။
အကယ်၍ မတော်တဆ ထိမိသွားပါက အသက်မသေလျှင်ပင် ဒဏ်ရာရမှာကတော့ သေချာလှသည်။
ထန်ထျန်းတွင် အစွမ်းထက်သော ကိုယ်တိုင်ကုသနိုင်စွမ်း ရှိသော်လည်း အကြောင်းမဲ့ သက်သက်တော့ ဒဏ်ရာ မရချင်ပေ။ ဟင်းလင်းပြင် အက်ကြောင်းထဲတွင် အခြား ထူးဆန်းသော အရာများ ရှိနေဦးမည်လားဆိုသည်ကို မည်သူမှ မသိနိုင်ချေ။
ထို့ကြောင့် သူက သတိကြီးစွာဖြင့် ရှောင်ကွင်းပြီး ရှေ့သို့ ဆက်လက် တည်တည်ငြိမ်ငြိမ် ပျံသန်းသွားခဲ့သည်။
ဦးခေါင်းထက်မှ ကောင်းကင်ယံတွင် မိုးကြိုးများက ဟိန်းဟောက်နေဆဲ ဖြစ်ပြီး ရံဖန်ရံခါတွင် ထန်ထျန်းနှင့် မလှမ်းမကမ်း နေရာများသို့ ဝုန်းကနဲ ကျရောက်လာတတ်သည်။
ဤမိုးကြိုးမှာ သာမန်မဟုတ်ဘဲ ၎င်းထဲတွင် နိယာမစွမ်းအားများစွာ ပါဝင်နေသည်။ ထို့ပြင် ၎င်းမှာ အလွန်ရှုပ်ထွေးသော နိယာမမျိုး ဖြစ်သဖြင့် အကယ်၍ ထိမှန်ခံရပါက အတော်လေး ခံရခက်ပေလိမ့်မည်။
ခွန်အားနည်းသော မြင့်မြတ် သားတော်လောင်းလျာ များမှာမူ တစ်ချက်တည်းနှင့်ပင် နေရာတင် အသက်ပျောက်သွားနိုင်ပြီး ကျောက်စိမ်းဘူးကို ခွဲရန်ပင် အခွင့်အရေး ရလိမ့်မည် မဟုတ်ပေ။
ဤနေရာမှာ နေရာအနှံ့ ဘေးအန္တရာယ်များနှင့် ပြည့်နှက်နေသည်မှာ အမှန်ပင်။
အချိန်အတော်ကြာ ပျံသန်းပြီးနောက် ထန်ထျန်း၏ လက်ထဲမှ အခြားပစ္စည်းတစ်ခုမှာ ရုတ်တရက် ဝေဝါးသော အလင်းတန်းများ ဖြာထွက်လာသည်။
"ဟင်"
ထန်ထျန်း အာမေဍိတ်သံ ပြုလိုက်မိသည်။ ၎င်းမှာ ကျောက်စိမ်းဘူးလေးမှ ထွက်ပေါ်လာသော အလင်းရောင် ဖြစ်သည်။
ဤအခြေအနေမှာ ကိစ္စတစ်ခုကိုသာ ပြနေသည်။
သူ၏ ပတ်ဝန်းကျင် ခြေလှမ်းတစ်ရာအတွင်း၌ သူတို့ ယခုစမ်းသပ်ပွဲတွင် ရှာဖွေရမည့် ရတနာတစ်ခု ပုန်းကွယ်နေခြင်းပင်။
"တကယ်ပဲ ကံစမ်းနေရတာပဲ"
ထန်ထျန်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ဤခရီးစဉ်၏ အဓိက ရည်မှန်းချက်မှာ ရတနာ မဟုတ်သော်လည်း လမ်းတွင် တွေ့ခဲ့ပြီဆိုမှတော့ မယူဘဲ ထားခဲ့စရာ အကြောင်းမရှိပေ။
ထို့နောက် သူက ပတ်ဝန်းကျင်တွင် စရှာတော့သည်။
ဤနေရာမှာ ရှည်လျားသော တောင်ကြားတစ်ခု ဖြစ်သည်။ အနည်းဆုံးတော့ အရင်က ထိုသို့ ဖြစ်ခဲ့ဟန် ရှိသည်။
မြေမျက်နှာသွင်ပြင်မှာ အလွန်အမင်း မရှုပ်ထွေးလှဘဲ ပတ်ဝန်းကျင် ဧရိယာတစ်ခုလုံးကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်သည်။ သို့သော် မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော အက်ကြောင်းများစွာ ရှိနေသည်။
အကယ်၍ ရတနာသာ ရှိနေခဲ့လျှင် ဤအက်ကြောင်းများအတွင်း၌သာ ရှိနေနိုင်သည်။
ထန်ထျန်းက ဇွတ်အတင်း မရှာဖွေဘဲ ကျောက်စိမ်းဘူးကို ကိုင်ကာ ခြေလှမ်းတစ်ရာ ပတ်ဝန်းကျင်တွင် လှည့်ပတ်ကြည့်လိုက်သည်။
ကျောက်စိမ်းဘူးတွင် အလိုအလျောက် စုဆောင်းနိုင်စွမ်း ရှိသဖြင့် သူက စွန့်စားစရာ မလိုချေ။ ရတနာနှင့် လုံလောက်သော အကွာအဝေးသို့ ရောက်လျှင် ၎င်းက အလိုအလျောက် သိမ်းဆည်းပေးမည် ဖြစ်သည်။
ခြေလှမ်းတစ်ရာ ဆိုသည်မှာ အလွန်သေးငယ်သော ဧရိယာ ဖြစ်သည်။
ထန်ထျန်း အချိန်အများကြီး မကုန်လိုက်ရဘဲ ရတနာ ရှိနေသည့် နေရာကို မကြာမီ ရှာတွေ့သွားခဲ့သည်။
၎င်းမှာ အဆုံးမရှိ နက်ရှိုင်းလှသော အက်ကြောင်းတစ်ခု ဖြစ်ပြီး အေးစိမ့်သော အော်ရာများက အက်ကြောင်းအတွင်းမှ ထိုးထွက်နေရာ အောက်ဘက်တွင် အဆုံးမဲ့ ငရဲကြီး ရှိနေသကဲ့သို့ပင်။
ထန်ထျန်းက ကျောက်စိမ်းဘူးကို မြှောက်လိုက်ပြီး ၎င်း၏ စုဆောင်းနိုင်စွမ်းကို အသက်သွင်းလိုက်သည်။
မကြာမီ ရေကဲ့သို့ နူးညံ့သော အလင်းတန်းတစ်ခု ကျောက်စိမ်းဘူးအတွင်းမှ စီးဆင်းထွက်ပေါ်လာပြီး အောက်ဘက်ရှိ အက်ကြောင်းဆီသို့ ကျရောက်သွားသည်။
ခဏအကြာတွင် လက်သီးဆုပ်ခန့်ရှိသော မီးခိုးရောင် အလင်းလုံးတစ်ခု အက်ကြောင်းအတွင်းမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း ကျောက်စိမ်းဘူးအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ဤမီးခိုးရောင် အလင်းလုံးက ရတနာလား
ထန်ထျန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
စောစောက အလင်းလုံး တက်လာသည့် အရှိန်မှာ အလွန်မြန်သဖြင့် သူ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ သို့သော် တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ အလွန် ရင်းနှီးနေသည်ဟု ခံစားရသည်။
သူက ကျောက်စိမ်းဘူးကို ဖွင့်ပြီး အသေအချာ စစ်ဆေးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် သူက မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိပြီး သူ့ ညာဘက်ရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။
မကြာမီ လူရိပ်တစ်ခု သူ၏ ရှေ့၌ ပေါ်လာသည်။
၎င်းမှာ မြင့်မြတ် သားတော်လောင်းလျာ တစ်ဦး ဖြစ်နေသည်။ ဤသူမှာ ထန်ထျန်းအနေဖြင့် ရှေးဟောင်း အပျက်အစီး နယ်မြေထဲတွင် ပထမဆုံး တွေ့ဖူးသည့်သူ ဖြစ်ပြီး ၎င်းမှာ တိမ်တိုက် ထျန်းဖူနန်းတော်မှ တပည့် မဟုတ်ပေ။
သူ ဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် တိမ်တိုက် ထျန်းဖူနန်းတော်နှင့် အဆင်မပြေလှသော ကျန်းယွီထျန်းဖူနန်းတော် မှ လူဖြစ်ကြောင်း ထန်ထျန်း ခွဲခြားနိုင်လိုက်သည်။
တကယ့်ကို တိုက်ဆိုင်လွန်းလှသည်။
ထန်ထျန်းက တစ်ဖက်လူကို ကြည့်နေစဉ် ထို ကျန်းယွီထျန်းဖူနန်းတော် တပည့်ကလည်း ထန်ထျန်းကို အကဲခတ်နေသည်။
သူသည်လည်း ထန်ထျန်း၏ အဆင့်အတန်းကို မှတ်မိသွားပုံရပြီး သိသိသာသာ သတိထားစပြုလာသည်။
သို့သော် ထို့နောက်တွင် သူက ထန်ထျန်း၏ လက်ထဲ၌ ရတနာ ရရှိထားကြောင်း ပြသသည့် အလင်းရောင်များ မှိန်ပျပျ တောက်နေသော ကျောက်စိမ်းဘူးကို မြင်သွားခဲ့သည်။
ကျန်းယွီတပည့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် စကားဆိုလာသည်။ "မင်း... တိမ်တိုက် ထျန်းဖူနန်းတော် က လူလား"
"မင်းရဲ့ နာမည်ကို သိခွင့်ရှိမလား"
ထန်ထျန်းက တစ်ဖက်လူကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ "ထန်ထျန်း"
ကျန်းယွီတပည့်က မျက်မှောင်ကြုတ်ကာ ထိုနာမည်ကို သူ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်သော်လည်း မတွေ့ဟန် ရှိသည်။
အဘယ်ကြောင့်ဆိုသော် သူက သိသိသာသာ စိတ်လျှော့လိုက်ပြီး ထန်ထျန်းအပေါ် ကြည့်သည့် အကြည့်များမှာလည်း မောက်မာလာသောကြောင့် ဖြစ်သည်။
"ငါတို့ နန်းတော် အချင်းချင်းကြားမှာ မသင့်မြတ်ဘူးဆိုတာ မင်း သိသင့်တယ်။ ဒါကြောင့် မင်းနဲ့ ငါနဲ့ ဆုံရတာက မင်းရဲ့ ကံဆိုးမှုပဲလို့ပဲ သတ်မှတ်လိုက်ပါ"
"ဒါပေမဲ့ မင်းက ငါ ပထမဆုံး ဆုံတဲ့လူ ဖြစ်နေတော့ မင်းကို ဒီလောက် မြန်မြန်ကြီး ပြန်မပို့ချင်သေးဘူး"
"ကျောက်စိမ်းဘူးထဲက ပစ္စည်းကို ထုတ်ပေးလိုက်၊ ပြီးရင် မင်းရဲ့ ရှာဖွေမှုကို မင်း ဆက်လုပ်လို့ရတယ်"
"ငါ့မှာ စိတ်ရှည်မှု အကန့်အသတ် ရှိတယ်။ မင်း စဉ်းစားဖို့အတွက် အချိန် သုံးစက္ကန့်ပဲ ပေးမယ်"
ကျန်းယွီတပည့်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ ကိုယ်ပေါ်မှ အော်ရာများကို ထုတ်ဖော်လိုက်သည်။
အင်မော်တယ်အရှင် နှောင်းပိုင်းအဆင့်
သူ၏ အော်ရာ ကို ကြည့်ရသည်မှာ ရှန်းယန် နှင့် မိုရှန်းဟွာ တို့ထက် အနည်းငယ် ပိုအားနည်းပုံ ရသည်။
ဤကဲ့သို့သော သူမျိုးမှာ လူအများစုကို အထင်သေးရန် အရည်အချင်း လုံလောက်လှသည်။
သို့သော် ကံဆိုးသည်မှာ သူ ယနေ့ တွေ့လိုက်ရသူမှာ ထန်ထျန်း ဖြစ်နေခြင်းပင်။
"စဉ်းစားနေစရာ မလိုတော့ဘူး"
"တိုက်ဆိုင်လိုက်တာ၊ ငါ့ရဲ့ အတွေးကလည်း မင်းနဲ့ အတူတူပဲ။ ကျောက်စိမ်းဘူးကို ထုတ်ပေးလိုက်၊ ဒါဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"
ပြောပြီးသည်နှင့် ထန်ထျန်းကလည်း သူ၏ ကျင့်ကြံမှုအဆင့်ကို ထုတ်ဖော်လိုက်သည်။ ၎င်းမှာလည်း အင်မော်တယ်အရှင် နှောင်းပိုင်းအဆင့် ပင် ဖြစ်သည်။
ထန်ထျန်းထံမှ ထွက်ပေါ်လာသော အော်ရာ ကို ခံစားမိသောအခါ ကျန်းယွီတပည့်က မျက်ခုံး ပင့်လိုက်မိသည်။ "အင်မော်တယ်အရှင် နှောင်းပိုင်းအဆင့် ဟုတ်လား"
"မဆိုးပါဘူး။ ဒါပေမဲ့ ဒီနေရာမှာရှိနေတာက ရွှမ်းကျန်း ဒါမှမဟုတ် ရှန်းယန် သာဆိုရင် ငါ နည်းနည်း စိုးရိမ်မိဦးမယ်"
"တခြားလူတွေကိုတော့ ငါ တုဝေ ရဲ့ မျက်စိထဲ မထည့်ထားဘူး"
"ပြီးတော့ မင်းက ဆက်နေခွင့်ရမယ့် တစ်ခုတည်းသော အခွင့်အရေးကို လက်လွှတ်လိုက်ပြီ"
သူက မောက်မာနေဆဲပင် ဖြစ်ကာ ထန်ထျန်းကို အထင်သေးစွာ ကြည့်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။ "မင်းကလည်း ဓားပညာမှာ ကျွမ်းကျင်ပုံရတယ်။ တိုက်ဆိုင်လိုက်တာ ငါကလည်း အဲဒီအတိုင်းပဲ"
"ဓားကို ဆွဲထုတ်လိုက်စမ်းပါ။ မင်းတို့ တိမ်တိုက် ထျန်းဖူနန်းတော် ရဲ့ ဓားပညာက တကယ်ပဲ အဆင့်တစ်ခုမှာ ရှိရဲ့လားဆိုတာ ငါ ကြည့်ချင်သေးတယ်"
ပြောပြီးသည်နှင့် သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ခရမ်းရွှေရောင် ဓားရှည်တစ်လက် သူ၏ လက်ထဲတွင် ပေါ်လာသည်။
ထန်ထျန်းကမူ သူ၏ ခါးရှိ ရှင်းယွဲ့အင်မော်တယ်ဓား ကို ငုံ့ကြည့်ပြီး မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။
"မင်း... သေချာရဲ့လား"