အရင်ဆုံး တစ်သောင်း ထည့်လိုက်မယ်
Vol. 48 Ch. 509
တုဝေက သူ့ရှေ့မှ ထန်ထျန်းဟုခေါ်သော တိမ်တိုက်ထျန်းဖူနန်းတော်တပည့်ကို လုံးဝမျက်စိထဲမထည့်ထားပေ။
စမ်းသပ်ပွဲမဝင်ခင်ကတည်းက သူ စုံစမ်းထားပြီးသားဖြစ်သည်။
တိမ်တိုက်ထျန်းဖူနန်းတော်တွင် အတော်ဆုံးမှာ ရွှမ်းကျန်း၊ ရှန်းယန်၊ မိုရှန်းဟွာနှင့် ယွီကျိရုံ လေးယောက်သာရှိပြီး သူတို့နှင့်တွေ့ပါက သူ ရှောင်ချင်ရှောင်ပေလိမ့်မည်။
ထို့ပြင် သူနှင့် အပြန်အလှန်ယှဉ်ပြိုင်နိုင်စွမ်းရှိသူများမှာလည်း အမည်စာရင်းကို သူအလွတ်ရနေသည်။
သို့သော် ဤထန်ထျန်းဆိုသူမှာမူ သူစိုးရိမ်ရမည့်စာရင်းထဲတွင် မပါဝင်ပေ။
ထို့ကြောင့် တုဝေက အစမှအဆုံးအထိ အထက်စီးဆန်သောဟန်ပန်ကို ထိန်းထားဆဲဖြစ်သည်။
"ဟုတ်တယ်ကွာ၊ ဓားကို ဆွဲထုတ်လိုက်စမ်းပါ"
"မင်းကို အရင်တိုက်ခွင့်ပေးမယ်၊ မဟုတ်ရင် မင်းမှာ တိုက်ကွက်ထုတ်ဖို့ အခွင့်အရေးရှိမှာမဟုတ်မှာကို ငါစိုးရိမ်မိသား"
သူက အေးအေးဆေးဆေး ပြောလိုက်သည်။
ထန်ထျန်းက ပြုံးလိုကသည်။
"ကောင်းပြီလေ"
"မင်းက ဒီလောက်တောင် ဇွတ်တရွတ်နိုင်ပြီး ယုံကြည်ချက်ရှိနေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
ပြောပြီးသည်နှင့် သူက ခါးတွင်ချည်ထားသော ရှင်းယွဲ့ အင်မော်တယ်ဓား ကို ဖြုတ်လိုက်သည်။
ဤအင်မော်တယ်ဓားကို သွန်းလုပ် ပြီးကတည်းက သူတစ်ကြိမ်သာ အသုံးပြုခဲ့ဖူးသည်။
ထိုတစ်ကြိမ်ကလည်း 'ရှန်လင် သန့်စင်မှု ' တုန်းက တားမြစ် ရုပ်တု၏ ပုံရိပ်ယောင်ထဲတွင်ဖြစ်သည်။
ထိုစဉ်က သူ ဓားကို အမှတ်မထင်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနှင့် တားမြစ်ထားသော ရုပ်တု၏ ဆံပင်တစ်ပင်ကို ဖြတ်တောက်နိုင်ခဲ့ပြီး ဝမ့်ရှန်းစင်မြင့်ကိုပင် ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။
နေလအင်မော်တယ်ဓား၏ စွမ်းအားမှာ ဤကမ္ဘာမှလူများ ခုခံနိုင်သည့်အဆင့်တွင် လုံးဝမရှိပေ။
သို့သော် တစ်ဖက်လူက ဇွတ်ကြည့်ချင်နေမှတော့ သူ၏မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးလိုက်ရုံသာရှိတော့သည်။
ဟင်းလင်းပြင်တွင် မောက်မာစွာရပ်နေပြီး အကာအကွယ်ပင် မလုပ်ထားသော တုဝေကို ကြည့်ရင်း ထန်ထျန်းက ဓားရိုးကိုဆုပ်ကိုင်ကာ တစ်လက်မခန့် ဆွဲထုတ်လိုက်သည်။
ခဏချင်းတွင် ကမ္ဘာမြေကြီးက တုန်လှုပ်သွားတော့သည်
ထန်ထျန်း၏လက်ထဲမှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ထို့နောက် ထန်ထျန်း၏နောက်ကျောတွင် လပြည့်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ကြယ်တာရာစွမ်းအားများ၊ နိယာမစွမ်းအားများ ပြည့်နှက်နေသော တောက်ပသည့် ကြယ်တာရာ မြစ်ကြီးတစ်ခုက တုဝေဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ရှေ့မှမြင်ကွင်းကြောင့် တုဝေ ခဏချင်း မှင်တက်သွားသည်။
သူ မှားသွားပြီဖြစ်ကြောင်းနှင့် တစ်ဖက်လူကို အထင်သေးခဲ့မိကြောင်း သူ ချက်ချင်းသိလိုက်သည်။
ဤကဲ့သို့သော အရှိန်အဝါမျိုးမှာ သာမန်လူတစ်ယောက် ထုတ်ဖော်နိုင်သည့်အရာ လုံးဝမဟုတ်ပေ
သူက ဓားကိုအမြန်ဆွဲထုတ်ကာ ရှိသမျှခွန်အားကို အသုံးပြုပြီး ကြယ်တာရာမြစ်ကြီးကို တားဆီးရန် ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။
သို့သော် ထိုကြယ်တာရာမြစ်ကြီး၏ရှေ့တွင် သူနှင့် သူ၏ဓားမှာ အလွန်ပင် သေးငယ်လွန်းလှသည်။
ဓားက ကြယ်တာရာမြစ်ထဲသို့ ကျရောက်သွားသော်လည်း ဘာသက်ရောက်မှုမှမရှိဘဲ အထဲမှာတင် တိုက်ရိုက် ပျောက်ကွယ်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် တုဝေတစ်ကိုယ်လုံး ကြယ်တာရာမြစ်အတွင်း ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် သူက ချက်ချင်း သတိလစ်မတတ် ဖြစ်သွားရကာ ကျောက်စိမ်းဘူးကိုခွဲပြီး ထွက်ပြေးဖို့တောင် မတတ်နိုင်တော့ပေ။
သို့သော် တုဝေ မျှော်လင့်ချက်မဲ့နေချိန်တွင် ထိုကြယ်တာရာမြစ်ကြီးက လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားသည်။
သူ မြင်ကွင်းပြန်လည်ကြည်လင်လာသောအခါ ထန်ထျန်းက ရှင်းယွဲ့ အင်မော်တယ်ဓားကို ဓားအိမ်ထဲသို့ ပြန်လည်ထည့်နေပြီဖြစ်သည်။
တုဝေကဲ့သို့သော အင်မော်တယ်အရှင်အဆင့်ကို ကိုင်တွယ်ရန်အတွက် ဓားကို တစ်လက်မခွဲ ဆွဲထုတ်လိုက်ခြင်းကပင် မျက်နှာသာအတော်ပေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ ထိုထက် အနည်းငယ်ပိုထုတ်လိုက်ပါက...
ထန်ထျန်းက သူ့အသက်ကို ချမ်းသာပေးချင်ရင်တောင် သူက အင်မော်တယ်ဓား၏ စွမ်းအားအောက်တွင် ချက်ချင်း အသက်ပျောက်သွားမည်ဖြစ်ကာ ပြန်လည်ကယ်တင်ရန် အခွင့်အရေးပင် ရှိတော့မည်မဟုတ်ပေ။
"ဘယ်လိုလဲ"
"တွေ့လိုက်ရပြီလား"
ထန်ထျန်းက အမြဲတမ်းအတိုင်း တည်ငြိမ်စွာဖြင့် အေးဆေးစွာ မေးလိုက်သည်။
သေမင်းလက်ထဲမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသော တုဝေမှာမူ တစ်ကိုယ်လုံး ချွေးများရွဲစိုနေပြီး အားအင်အားလုံး ဆုံးရှုံးနေပြီဖြစ်သည်။
ထန်ထျန်း၏အသံကို ကြားလိုက်ရသောအခါ သူ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
ထိုအော်ရာ ကြီးမှာ သူ့ကို ငရဲရှေ့အထိ ခဏချင်း ရောက်သွားစေခဲ့သည်။
"ကျေး... ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို... အသက်ချမ်းသာပေးလို့ပါ..."
တုဝေက အခြေအနေကို နားလည်တတ်သူဖြစ်ရာ ထန်ထျန်းက သူ့ကို အသက်ချမ်းသာပေးလိုက်မှန်း သိသွားပြီး အရင်ကရှိခဲ့သော မောက်မာမှုများ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။
၎င်း၏အစား အသက်ဘေးမှ လွတ်မြောက်လာခြင်းအတွက် ဝမ်းမြောက်ခြင်းနှင့် ထန်ထျန်းအပေါ် အတိုင်းအဆမရှိ ကြောက်ရွံ့ခြင်းများသာ ကျန်တော့သည်။
ထို့ပြင် သူ အလွန်အမင်းလည်း နားမလည်နိုင်ဖြစ်နေရသည်။
တိမ်တိုက်ထျန်းဖူနန်းတော်မှာ ဘယ်တုန်းက ဒီလောက် ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ပေါ်လာရတာလဲ။
တုဝေ အသက်ချမ်းသာပေးရန် တောင်းပန်သည်ကို မြင်သောအခါ ထန်ထျန်းလည်း သူ့ကို ဆက်ပြီး ကိုင်တွယ်ချင်စိတ် မရှိတော့ပေ။
ထျန်းဖူနန်းတော်နှစ်ခုကြားတွင် ပဋိပက္ခရှိသော်လည်း အဆုံးတွင်မူ သူတို့အားလုံးမှာ ကောင်းကင်ထိပ်ဆုံး လက်အောက်ခံ လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြရာ မဖြစ်မနေအခြေအနေမျိုးမဟုတ်လျှင် အသေအလဲ တိုက်ခိုက်နေစရာ မလိုပေ။
တုဝေ ကိုယ်တိုင်လည်း စောစောက ထန်ထျန်းကို သတ်ဖို့ထက် စမ်းသပ်ပွဲကနေ ထွက်သွားရအောင် လုပ်ဖို့ပဲ စဉ်းစားခဲ့တာဖြစ်သည်။
"ကျောက်စိမ်းဘူးကို ပေးလိုက်တော့"
ထန်ထျန်းက ပြောလိုက်သည်။
တုဝေက ကျောက်စိမ်းဘူးကို အမြန်ကမ်းပေးလိုက်သော်လည်း မျက်နှာက အနည်းငယ် အနေရခက်နေပြီး"ကျွန်တော် ရတနာ မတွေ့သေးပါဘူး၊ ဒါကြောင့် ကျောက်စိမ်းဘူးက ဘာမှမရှိပါဘူး ..."
"စီနီယာအစ်ကိုထန်... ဒါမှမဟုတ် ကျွန်တော့်ဆီက တခြားရတနာတွေနဲ့ လဲမလား"
သူက သတိကြီးစွာဖြင့် မေးလိုက်သည်။
ထန်ထျန်းကမူ ဘာမှမပြောနိုင်ဘဲ လက်ကိုသာ ဝှေ့ယမ်းလိုက်သည်။
အချိန်အတော်ကြာ တိုက်ခိုက်နေရတာက ဒီကောင်က မရှိတဲ့အရာနဲ့ လောင်းကြေးထပ်နေတာကိုး။
တစ်နည်းအားဖြင့် သူ ရှုံးလိမ့်မည်ဟု လုံးဝ ထည့်မတွက်ခဲ့ခြင်းပင်။
"ရပြီ၊ သွားတော့"
ထန်ထျန်းက သူ့ကို အချိန်ကုန်မခံချင်တော့ပေ၊ တုဝေ၏ လက်ထဲတွင်လည်း သူစိတ်ဝင်စားစရာ ဘာမှရှိမည်မဟုတ်ကြောင်း သူသိသည်။
ထန်ထျန်း၏ စကားကို ကြားသောအခါ တုဝေမှာ လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလို ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကားဆိုကာ ထိုနေရာမှ ကုတ်ကုတ်ကပ်ကပ်နှင့် အမြန် ထွက်ပြေးသွားတော့သည်။
သူ၏ သနားစရာကောင်းသောပုံစံမှာ စောစောကပုံစံနှင့် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။
သို့သော် ထန်ထျန်းက ထိုလုပ်ရပ်ကို မမှားဟု ထင်သည်။ အခြေအနေကိုကြည့်ပြီး အညံ့ခံတတ်ခြင်း၊ သူ့ကိုယ်သူ ဘေးကင်းအောင် နေတတ်ခြင်းမှာလည်း ရှင်သန်မှုပညာတစ်ခုပင် ဖြစ်သည်။
တကယ့်လက်တွေ့ကမ္ဘာတွင် ခေါင်းမာပြီး အလျှော့မပေး သူများ၏ သေဆုံးနှုန်းမှာ အလွန်မြင့်မားလှသည်။
တုဝေ၏ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ထန်ထျန်းက သူ့၏ ဘယ်ဘက်ရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။
"ကြည့်လို့လည်း တော်တော်ဝလောက်ပြီမလား"
"ဂျူနီယာညီမ"
သူက အေးဆေးစွာ ပြောလိုက်သည်။
ခဏအကြာတွင် ပြာဖြူ ရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးက ဟင်းလင်းပြင်ထဲမှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
သူမက အနည်းငယ် ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် "စီနီယာအစ်ကို... အထင်မလွဲ ပါနဲ့၊ ကျွန်မက စီနီယာ့ကို ကူညီဖို့ စဉ်းစားထားတာပါ"
"အရေးကြီးတဲ့အချိန်ကျမှ ထွက်ကူမလို့ပဲ၊ ဒါပေမဲ့ စီနီယာက တုဝေကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး..."
ထန်ထျန်းက သူမကို ခံစားချက်မပါသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဤအမျိုးသမီးမှာ ကျိုးရွှမ်ထျန်းဖူနန်းတော်မှဖြစ်ပြီး တိမ်တိုက်ထျန်းဖူနန်းတော်နှင့် အသင့်အတင့် ရင်းနှီးလေ သည်။
သို့သော် ဤကဲ့သို့သောနေရာမျိုးတွင် တစ်ဖက်လူက ကြားထဲကနေ အမြတ်ထုတ်ဖို့ ကြံနေသလားဆိုတာကို ဘယ်သူမှ အာမ မခံနိုင်ပေ။
သူမက တုဝေနှင့်အတူတူ ရောက်လာခဲ့ခြင်းဖြစ်သော်လည်း အရိပ်ထဲတွင် ပုန်းနေခဲ့ခြင်းသာဖြစ်သည်။
သူမ၏ ပုန်းကွယ်မှုပညာမှာ မဆိုးလှပေ၊ တုဝေ မရိပ်မိသော်လည်း ထန်ထျန်း၏ အာရုံကိုမူ မလွတ်နိုင်ပေ။
"အဲဒီတော့ ဘာဖြစ်လဲ"
ထန်ထျန်းက မေးလိုက်သည်။
အမျိုးသမီးက ခဏမှင်တက်သွားပြီးမှ ပြုံးကာ "ကျွန်မတို့ ထျန်းဖူနန်းတော်နှစ်ခုက အမြဲတမ်း ရင်းနှီးကြတာဆိုတော့ ကျွန်မ စီနီယာအစ်ကိုနဲ့အတူ လိုက်ခဲ့လို့ ရမလား"
"ရတနာတွေ တွေ့ရင်လည်း စီနီယာအစ်ကိုပဲ အရင်ယူပါ"
ထန်ထျန်းက ချက်ချင်း လက်ကာပြလိုက်ပြီး "မလိုတော့ဘူး၊ ငါက တစ်ယောက်တည်း နေရတာ ပိုကြိုက်တယ်"
"ဒါပဲ"
ပြောပြီးသည်နှင့် သူက အမျိုးသမီးကို လျစ်လျူရှုကာ ရှေးဟောင်းဘိုးဘေးနယ်မြေရှိရာသို့ ဆက်လက်ထွက်လာခဲ့သည်။
သူမတစ်ယောက်တည်းသာ ဘာတွေတွေးနေမှန်းမသိဘဲ ထိုနေရာတွင် ကျန်ရစ်ခဲ့တော့သည်။
ခရီးတစ်ခုအရောက်တွင် နောက်ကနေ လိုက်လာသူမရှိကြောင်း ထန်ထျန်း အတည်ပြုလိုက်သည်။
အကယ်၍ ထိုအမျိုးသမီးသာ လိုက်လာခဲ့လျှင် ထျန်းဖူနန်းတော်နှစ်ခု ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ သူ ညှာတာနေမည်မဟုတ်ပေ။
နှောင့်ယှက်မည့်သူမရှိတော့ကြောင်း သေချာမှ ထန်ထျန်းက ကျောက်စိမ်းဘူးကို ပြန်ထုတ်လိုက်သည်။
သို့သော် အထဲမှအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ ချက်ချင်း မှင်တက်သွားသည်။
"ဒါက... ကမ္ဘာ့မူလ မဟုတ်ဘူးလား"
သူ အနည်းငယ် ကြောင်သွားရသည်။
လူတိုင်း အသေအလဲရှာနေတဲ့ လျှို့ဝှက်ရတနာဆိုတာက 'ကမ္ဘာ့မူလ' ကိုး။
သူကတော့ ဘာထူးခြားတဲ့ ရတနာများလဲလို့ အောက်မေ့နေတာ။
ဤအရာကို သူ၏ 'ထူးဆန်းသောဥကမ္ဘာ' ကို ပြုပြင်မွမ်းမံစဉ်က အခုပေါင်း သန်းချီပြီး လဲလှယ်ခဲ့ဖူးသည်။
အခုလည်း သူ့အိတ်ထဲမှာ အများကြီး ရှိနေသေးသည်။
ဒါဆိုရင်...
ထန်ထျန်းက သူ၏အိတ်ထဲမှ ကမ္ဘာ့မူလတစ်ခုကို ထုတ်ယူကာ ကျောက်စိမ်းဘူးအနားတွင် ထားလိုက်သည်။
ချက်ချင်းပင် ကျောက်စိမ်းဘူးက အလင်းရောင်များ တောက်ပလာပြီး ၎င်းကို အထဲသို့ လျင်မြန်စွာ စုပ်ယူသွားတော့သည်။
"တကယ် ရတာပဲ"
ထန်ထျန်း၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ဒီလိုဆိုရင်တော့ သူ လိုက်ရှာနေစရာလည်း မလိုသလို တခြားတပည့်တွေဆီက လုနေဖို့လည်း မလိုတော့ဘူးပေါ့။ ကိုယ့်အိတ်ထဲက ကိုယ်ထုတ်ထည့်ရုံပဲ၊ သူ့မှာက ပစ္စည်းက အလျှံပယ်ရှိတာကိုး။
ဒါပေမဲ့ ဘယ်လောက် ထည့်ရင် ကောင်းမလဲ။
ထန်ထျန်း ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"အရင်ဆုံး တစ်သောင်းလောက် ထည့်ထားလိုက်မယ်"
"နောက်မှ တခြားတပည့်တွေ ဘယ်လောက်ရလဲ ကြည့်ပြီး နည်းနေသေးရင် ထပ်ထည့်တာပေါ့"
"ဒါက ဘာမှ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူးလေ"