အခန်း (၃၃၃-၃၃၄)
Vol. 24 Ch. 333-334
အခန်း (၃၃၃) - အုတ်မြစ်တည်ဆောက်ခြင်း ပဉ္စမအဆင့်သို့ တက်လှမ်းခြင်းနှင့် ရေခဲအင်းကို ထွင်းထုခြင်း (အပိုင်း ၂)
မျက်တောင်တစ်ခတ် အတွင်းမှာပင် တိတ်ဆိတ်ငြိမ်သက်နေသော အခန်းတစ်ခုလုံး ရေခဲများ ဖုံးလွှမ်းသွားပြီး နှင်းများ ကျဆင်းလာခဲ့၏။
အခန်းလေးမှာ ရေခဲတိုက်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ လူကို အလိုအလျောက် တုန်ယင်သွားစေသည်။
"တကယ်ပဲ ရိလင် ကျွန်းစုမှာ ရေခဲအင်းရဲ့ စွမ်းအားက အတော်လေး မြင့်တက်လာတာပဲ။"
"အကယ်၍ နှင်းတွေ ရေခဲတွေကြားထဲမှာသာ အသုံးပြုမယ်ဆိုရင် သူ့ရဲ့ စွမ်းအားက နှစ်ဆတောင် မြင့်တက်သွားနိုင်တယ်။"
ကျန်းဖန်၏ မျက်လုံးများမှာ ရေခဲအင်း၏ စွမ်းအားကို အလွန်အမင်း ကျေနပ်အားရမှုဖြင့် တောက်ပသွားခဲ့၏။
အခြေခံအဆင့်မှာပင်လျှင် ရေခဲအင်းသည် အတော်လေး အစွမ်းထက်သော ဖျက်ဆီးအားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသော အအေးဓာတ်က ကျင့်ကြံသူ အများအပြား၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေရန် လုံလောက်လှ၏။
ထို့အပြင် ဤသည်မှာ ဧရိယာကျယ်ပြန့်သော တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။
အကယ်၍ ရေခဲအင်း၏ အရည်အချင်းအဆင့်ကို ကျွမ်းကျင်အဆင့်၊ အဆင့်မြင့် သို့မဟုတ် အထွတ်အထိပ် အောင်မြင်မှု အထိသာ မြှင့်တင်နိုင်မည်ဆိုပါက၊ ၎င်းကို တစ်ကြိမ် နှိုးဆွလိုက်ရုံဖြင့် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ပင်လယ်ပြင်ကြီးကိုပင် အေးခဲသွားစေနိုင်ပေမည်။
ထိုအချိန်ကျရောက်လာပါက၊ ဤအရာသည် သဘာဝဘေးအန္တရာယ် တစ်ခုနှင့်ပင် တူညီသော အင်းစာလုံး စွမ်းအားတစ်ခု ဖြစ်လာလိမ့်မည်။
အမှန်တကယ်တွင် ဤသည်ကား အင်းကျင့်ကြံသူများ၏ ကြီးမြတ်သော စွမ်းအားပင်။
ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင်၊ အင်းစာလုံးများ ဆိုသည်မှာ ကျင့်ကြံသူများအတွက် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများနှင့် ဆက်သွယ်နိုင်ရန် ပေါင်းကူးတံတားများပင် ဖြစ်၏။
လီဗာ သံမဏိတုံးတစ်ခုအလား၊ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ ကြီးမားလှသော စွမ်းအားများကို ကလော်ထုတ် အသုံးပြုနိုင်ပေသည်။
အကယ်၍ ကျင့်ကြံသူ တစ်ဦးသည် မိမိကိုယ်ပိုင် စွမ်းအားကိုသာ မှီခိုအားထားနေရမည်ဆိုပါက၊ သူတို့ ဖိတ်ခေါ်နိုင်သော ကောင်းကင်နှင့် မြေကြီး စွမ်းအားများမှာ အကန့်အသတ် ရှိနေမည်သာ ဖြစ်သည်။ သို့သော် အင်းစာလုံးများ၏ စွမ်းအားကို အသုံးချခြင်းမှာမူ လုံးဝကို ကွဲပြားခြားနားလှ၏။
၎င်းက ကျင့်ကြံသူ တစ်ဦး၏ စွမ်းရည်များကို သိသိသာသာ မြင့်တက်လာစေနိုင်သည်။
ထိုနည်းတူစွာပင် ဝိညာဉ်လက်နက် ကျင့်ကြံသူများသည်လည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးချရန်အတွက် မှော်လက်နက်များ၊ ဝိညာဉ်လက်နက်များနှင့် အခြားသော မှော်ရတနာများကို အသုံးပြုကြခြင်း ဖြစ်သည်။
"ကြည့်ရတာ ရေခဲအင်းရဲ့ အရည်အချင်းအဆင့်ကို မြှင့်တင်ဖို့ အချိန်နည်းနည်း ပေးရမယ့်ပုံပဲ။ ဒါမှသာ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ မြင့်တက်လာနိုင်မှာ။ ဒီအင်းစာလုံးက အဓိက တိုက်ခိုက်ရေး အင်းစာလုံးတစ်ခု ဖြစ်လာနိုင်တဲ့ အလားအလာ သေချာပေါက် ရှိနေတယ်။"
ကျန်းဖန်သည် ရေခဲအင်းအတွင်း၌ ကိန်းအောင်းနေသော အကန့်အသတ်မဲ့ အလားအလာများကို အာရုံခံမိနေ၏။
ဘာပဲဖြစ်ဖြစ် အေးခဲခြင်းဆိုသည်မှာ အလွန်အမင်း အစွမ်းထက်သော စွမ်းအားတစ်ခု ဖြစ်သည်။ ၎င်းကို ရန်သူများကို တိုက်ခိုက် သုတ်သင်ရန် သက်သက်အတွက်သာ အသုံးပြုနိုင်သည် မဟုတ်ချေ။ ရန်သူများကို ချိတ်ပိတ်ရန်အတွက်လည်း အသုံးပြုနိုင်သေး၏။
အကယ်၍ သတ်ဖြတ်ရန် ခက်ခဲသော ရန်သူများနှင့် ကြုံတွေ့ရပါက၊ သူတို့ကို ရေခဲအတွင်း အေးခဲသွားစေပြီး ယာယီ ချိတ်ပိတ်ထားနိုင်ပေသည်။
ကျင့်စဉ်လောကရှိ ရေခဲဓာတ် ကျင့်ကြံသူ အချို့သည် သူတို့၏ ရေခဲစွမ်းအားကို အသုံးပြု၍ မိစ္ဆာ အမြောက်အမြားကို အေးခဲ ချိတ်ပိတ်ထားနိုင်ခဲ့သည်ဟု ဆိုကြ၏။
သူ၏ လက်ရှိ ရေခဲအင်းမှာ ထိုအဆင့်ထိ မလုပ်ဆောင်နိုင်သေးသော်ငြား၊ သူ၏ အရည်အချင်းအဆင့်များ တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ တစ်နေ့တွင် ထိုအဆင့်သို့ သေချာပေါက် ရောက်ရှိလာမည်ဟု သူ ယုံကြည်ထားသည်။
ဝုန်း…
ဤသည်ကို တွေးတောရင်း ကျန်းဖန်သည် သူ၏ အခြေအနေပြ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏။ သူ၏ လက်ရှိ အခြေအနေများကို စစ်ဆေးကြည့်ချင်နေသည်။
[အမည်: ကျန်းဖန်]
[ကံကြမ္မာဇာတာ: ကောင်းကင်နှင့်အမျှ ကံကောင်းခြင်းများ၊ ကြီးမားသော ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်းက အနာဂတ်တွင် ကံကောင်းခြင်းများကို သေချာပေါက် ဆောင်ကြဉ်းပေးမည်]
[သက်တမ်း: ၁,၂၀၀ နှစ်]
[ဝိညာဉ်အမြစ်: မြေကမ္ဘာ ဝိညာဉ်အမြစ်]
[ကံကောင်းခြင်းအမှတ်: ၈၀,၀၀၀ အမှတ်]
[ပိုင်ဆိုင်မှု: ဝိညာဉ်ကျောက်တုံး ၁.၂ သန်း]
[ကျင့်စဉ် (၁): မြွေပျံကျင့်စဉ်၊ အုတ်မြစ်တည်ဆောက်ခြင်း အခန်းကဏ္ဍ (အဆင့် ၂ အလယ်အလတ်)]
[ကျင့်စဉ် (၂): ဓာတ်ကြီးငါးပါး အင်းကျမ်း၊ ဒုတိယအဆင့်]
[သွေးသားတော်ဝင်စွမ်းရည်: ဧကရာဇ်အကြည့်၊ လက်ဝါးလေပြေ]
[အသက်သွေးကြောအင်းများ: ကြာညိုမြေကမ္ဘာမီးလျှံအင်း (အဆင့်မြင့်)၊ ယင်ယန်မန်ဒါရင်ဘဲ ရုပ်သေးအင်း (အဆင့်မြင့်)၊ နိမိတ်ဖတ်အင်း (အဆင့်မြင့်)၊ ဝိညာဉ်တုန်ဟိန်းအင်း (အဆင့်မြင့်)၊ ကောင်းကင်မိုးကြိုးအင်း (အဆင့်မြင့်)၊ စိတ်ညို့အင်း (အဆင့်မြင့်)၊ အာရုံခံအင်း (အဆင့်မြင့်)၊ မြေလျှိုးအင်း (အဆင့်မြင့်)၊ ရွှမ်လိပ်အင်း (အခြေခံ)၊ ရေခဲအင်း (အခြေခံ)]
[ကျင့်စဉ်အဆင့်: အုတ်မြစ်တည်ဆောက်ခြင်း ပဉ္စမအဆင့် (၁%)]
[အတတ်ပညာ: အဆင့် (၂) အလယ်အလတ်အဆင့် အင်းဆရာ (၃၀%)]
သံသယဖြစ်စရာမလိုပါ။ အုတ်မြစ်တည်ဆောက်ခြင်း ပဉ္စမအဆင့်သို့ တက်လှမ်းပြီးနောက်၊ သူ၏ စွမ်းရည် အသီးသီးမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကြွယ်ဝချမ်းသာမှုမှာလည်း ဝိညာဉ်ကျောက်တုံး ၁.၂ သန်းအထိ မိုးထိအောင် မြင့်တက်သွားခဲ့ပြီ ဖြစ်၏။ ဤကြွယ်ဝမှုသည် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ အများစုကြားတွင် လုံးဝကို သူဌေးကြီး တစ်ဦးဟု သတ်မှတ်၍ ရပေသည်။
သို့သော် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို ဖြစ်သလို သုံးစွဲပစ်၍ မရနိုင်ချေ။ သို့မဟုတ်ပါက ပြဿနာများကို ဖိတ်ခေါ်လာနိုင်၏။
"ဒီဝိညာဉ်ကျောက်တုံးတွေကို သုံးပစ်ဖို့ အခွင့်အရေးတစ်ခု ရှာရမယ့်ပုံပဲ။"
"အဆိုးဆုံး အခြေအနေမှာတောင် အဆင့် (၂) ဆေးလုံးတွေ အများကြီးနဲ့ လဲလှယ်ပစ်ဖို့ လိုတယ်။"
"ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲပစ်ဖို့က အရေးအကြီးဆုံးပဲ။"
ကျန်းဖန်၏ မျက်လုံးများက အရောင်လက်သွား၏။
ရိလင် ကျွန်းစုတွင် အဆင့် (၂) ဆေးလုံးများ ဝယ်ယူရန်အတွက်၊ သူသည် လေလံပွဲများသို့ သွားရောက်ရန် လိုအပ်ဆဲ ဖြစ်သည်။ သို့သော် အုတ်မြစ်တည်ဆောက်ခြင်း အဆင့် လေလံပွဲများကို အချိန်မရွေး ကျင်းပလေ့ မရှိကြပေ။
အထူးသဖြင့် ဤကဲ့သို့ စစ်ပွဲကာလအတွင်း လေလံပွဲများကို အချိန်ဆိုင်းငံ့ထားနိုင်ပေသည်။
သို့သော် သူ့အတွက်တော့ ဤအချက်က ပြဿနာ မဟုတ်ချေ။ သူ ဘာကိုမျှ လောမနေပေ။
မည်သို့ဆိုစေ သူ၏ သက်တမ်းမှာ အနှစ် ၁,၂၀၀ အထိ ရှိနေပြီး သန္ဓေတည်ဝိညာဉ် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည် မဟုတ်လော။
မည်သည့် ဆေးလုံးမှ မပါဝင်ဘဲ ကြိုးစားပမ်းစား ကျင့်ကြံရုံဖြင့်လည်း အုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သို့ သူ ရောက်ရှိနိုင်သေး၏။
သို့သော် ထိုသို့လုပ်ဆောင်ရန် ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ် တစ်ခုအထိပင် အချိန်ကြာမြင့်နိုင်ပေသည်။
ရွှစ်…
နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုအထိ တံခါးပိတ် ကျင့်ကြံပြီးနောက် ကျန်းဖန်သည် အခန်းတွင်းမှ ထွက်လာခဲ့၏။
"လင်တော်မောင်... ကျင့်စဉ်အဆင့် ထိုးဖောက်သွားပြီလား ဟင်။"
ထိုအချိန်တွင် စုဝေဝေသည် ကျန်းဖန်၏ အရှိန်အဝါကို အာရုံခံမိပြီး ဝမ်းသာအားရဖြင့် မေးလိုက်သည်။
အမှန်တကယ်တွင် သူမ၌ ဤမျှ စူးရှသော အာရုံခံနိုင်စွမ်း ရှိမနေချေ။ ဤအာရုံခံနိုင်စွမ်းမှာ 'တောင်ပံခြောက်ခု အဆိပ်ပျား' ထံမှ လာခြင်း ဖြစ်သည်။ အန္တရာယ်များကို အာရုံခံနိုင်စွမ်း အားကောင်းသော ရှေးဟောင်း ထူးဆန်းသည့် အင်းဆက်တစ်မျိုး အနေဖြင့် ၎င်းသည် အန္တရာယ်ကို စောစီးစွာ သိရှိနိုင်၏။
ထို့ကြောင့် သူမသည် ကျန်းဖန်၏ အရှိန်အဝါ ပြောင်းလဲသွားမှုကို ချက်ချင်း သတိပြုမိလိုက်ခြင်း ဖြစ်သည်။
"မှန်တယ်။ ကိုယ် အုတ်မြစ်တည်ဆောက်ခြင်း ပဉ္စမအဆင့်ကို တက်လှမ်းသွားပြီ။"
ကျန်းဖန်က အသာအယာ ပြုံးလိုက်ပြီး၊ စုဝေဝေ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးကို ဖက်ထားလိုက်၏။ ထို့နောက် သူသည် သူ၏ လှပသော ဇနီးသည်ကို အိပ်ခန်းထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားပြီး ပြင်းပြင်းထန်ထန် အောင်ပွဲခံလိုက်တော့သည်။
…
အချိန်တွေက ရေစီးကြောင်းတစ်ခုအလား ကုန်ဆုံးသွားခဲ့၏။ နောက်ထပ် တစ်လတာ အချိန် ကုန်လွန်သွားခဲ့ပြန်သည်။
ဤအချိန်အတွင်း ကျန်းဖန်သည် သူ၏ အုတ်မြစ်တည်ဆောက်ခြင်း ပဉ္စမအဆင့် စွမ်းအားများကို အပြည့်အဝ ခိုင်မာ တည်ငြိမ်သွားစေခဲ့၏။
ရေခဲအင်း၏ အရည်အချင်းအဆင့်ကိုလည်း 'အဆင့်မြင့်' အထိ တက်လှမ်းသွားစေခဲ့ပြီး ကံကောင်းခြင်းအမှတ် အတော်များများ အသုံးပြုခဲ့ရသည်။ သို့သော် အရာအားလုံးက တန်ကြေးရှိလှပေသည်။
တစ်ချိန်တည်းမှာပင် စုဝေဝေ၏ ကျင့်ကြံမှုမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး၊ 'ချီ' ကျင့်ကြံခြင်း နဝမအဆင့်သို့ သဘာဝကျကျပင် တက်လှမ်းသွားနိုင်ခဲ့၏။
သူတို့၏ ကျင့်ကြံရေး တိုးတက်မှုများမှာ အလွန်အမင်း အလားအလာ ကောင်းနေသည်ဟု ဆိုရပေမည်။
"လင်တော်မောင်... မကြာသေးခင်က မီးကြေးနီကျွန်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ပိုပိုများလာတယ်။"
"စစ်ပွဲက ဒီနေရာအထိများ ကူးစက်လာမလား။"
စုဝေဝေက မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။
မကြာသေးမီက သူတို့၏ ကျင့်ကြံရေး တိုးတက်မှုများ ကောင်းမွန်နေသော်ငြား၊ ရိလင် ကျွန်းစုကြီးမှာ ပို၍ပို၍ ရှုပ်ထွေးလာနေခဲ့သည်။
ငါးနဂါးကျွန်း၊ လိပ်ဝိညာဉ်ကျွန်းနှင့် ငါးမန်းနက်ကျွန်း အစရှိသော ရွှေအမြုတေ အင်အားစုများသည် ပြင်းထန်သော စစ်ပွဲများတွင် ပါဝင်ပတ်သက်နေကြ၏။
စစ်မီးလျှံများသည် ကျွန်းပေါင်းများစွာကို ဝါးမြိုသွားခဲ့လေပြီ။ ဤသည်က သာမန်လူများနှင့် ကျင့်ကြံသူ အများအပြားကို စစ်ဇုန်များမှ ထွက်ပြေးလာစေခဲ့သည်။
ဝေလငါးနီကျွန်း အင်အားစုမှာမူ အတော်လေး ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရ၏။ ထို့ကြောင့် မကြာသေးမီက သာမန်လူများနှင့် ကျင့်ကြံသူ အမြောက်အမြားသည် မီးကြေးနီကျွန်းပေါ်သို့ လာရောက် အခြေချ နေထိုင်ခဲ့ကြသည်။
မီးကြေးနီကျွန်းအတွက် ဤလူဦးရေ တိုးပွားလာမှုမှာ ထိန်းချုပ်၍ ရနိုင်သေးသည့် အခြေအနေ ဖြစ်သည်။
သို့သော် စုဝေဝေ စိုးရိမ်နေသည်မှာ၊ အကယ်၍ တိုက်ပွဲများသာ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက တစ်ချိန်ချိန်တွင် ဝေလငါးနီကျွန်းကိုပါ ရိုက်ခတ်လာမည်ကိုပင်။
အသိုက်တစ်ခု ပြိုကျသွားလျှင် ဘယ်ကြက်ဥမှ အကောင်းပကတိ ကျန်မနေနိုင်ပါ။ ဝေလငါးနီကျွန်းက မည်သည့် အင်အားစုနှင့်မျှ မပူးပေါင်းဘဲ ကြားနေအဖြစ် ရပ်တည်နေပုံပေါ်သော်ငြား၊ စစ်ပွဲထဲသို့ အတင်းအကျပ် ဆွဲသွင်းခံရနိုင်ခြေ ရှိနေဆဲပင်။
၎င်းမှာ အချိန်ကာလ တစ်ခုသာ လိုတော့သည်ဟု သူမ ထင်မြင်မိသည်။
"သေချာတော့ မသိဘူး။"
"လက်ရှိ အခြေအနေက အရမ်းကို မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာ။ နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတာကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ။"
"လောလောဆယ်တော့ ငါတို့ လုပ်နိုင်တာက တစ်လှမ်းချင်းစီ လျှောက်သွားဖို့ပဲ။"
ကျန်းဖန်က လေးလေးနက်နက် ပြောလိုက်၏။
အခြေအနေများက အဆိုးရွားဆုံး အနေအထားသို့ မရောက်သေးဘူးဟု သူ ခံစားမိသည်။ အကယ်၍ စစ်ပွဲထဲ အတင်းအကျပ် ဝင်ရောက်ရမည် ဆိုလျှင်တောင်မှ၊ အသက်ရှင် လွတ်မြောက်မည့် လမ်းကြောင်းတစ်ခုကို သူ ရှာတွေ့နိုင်မည်ဟု ယုံကြည်ထား၏။
နိမိတ်ဖတ်အင်း၏ စွမ်းအားကို အသုံးပြုခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မကြာခဏ အထောက်အကူ ပြုတတ်သည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ သူ အလွန်အမင်း စိုးရိမ်ပူပန်နေခြင်း မရှိချေ။
ဝုန်း…
ထိုအချိန်မှာပင် ကျန်းဖန်၏ ကိုယ်ပေါ်ရှိ 'ဝေလငါးနီကျွန်း တံဆိပ်ပြား' သည် ရုတ်တရက် တုန်ခါလာပြီး၊ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာကာ သူ၏ အသိစိတ်ထဲသို့ သတင်းစကားတစ်ခု စီးဝင်လာခဲ့၏။
ဤဝေလငါးနီကျွန်း တံဆိပ်ပြားကို မှော်လက်နက် တစ်ခုအဖြစ် သတ်မှတ်၍ ရသည်။ ၎င်းသည် ကိုယ်ပိုင်အမှတ်အသား အတည်ပြုရန်အတွက်သာမက အတွင်းပိုင်း ဆက်သွယ်ရေး ကိရိယာ တစ်ခုအဖြစ်လည်း အသုံးဝင်၏။
အကယ်၍ ဝေလငါးနီကျွန်း၏ ဌာနချုပ်တွင် တစ်စုံတစ်ရာ ဖြစ်ပွားပါက၊ အခြားသော ဂုဏ်ထူးဆောင် ဧည့်သည်တော် အကြီးအကဲများကို ချက်ချင်း အသိပေး အကြောင်းကြားနိုင်ပေသည်။
သေချာသည်မှာ ဤမှော်လက်နက်က WeChat ကဲ့သို့ အချိန်နှင့်တစ်ပြေးညီ သတင်းစကားများ မပို့နိုင်ချေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းမှာ ကြေးနန်းရိုက်ခြင်းနှင့် ဆင်တူပြီး တစ်ကြိမ်လျှင် သတင်းစကား တစ်ခုသာ ပေးပို့နိုင်၏။
ထို့အပြင် အကွာအဝေး ကန့်သတ်ချက်လည်း ရှိသေးသည်။ သို့တိုင်အောင် ကျင့်ကြံသူများအတွက်မူ ၎င်းမှာ လုံးဝ လုံလောက်နေပြီ ဖြစ်သည်။
"ဒုက္ခပါပဲ၊ ကြည့်ရတာ မင်းပြောတာ မှန်သွားပြီထင်တယ်။"
"ဝေလငါးနီကျွန်းက တကယ်ပဲ စစ်ပွဲထဲကို ဆွဲသွင်းခံလိုက်ရပြီ။"
"ရွှေအမြုတေ အင်အားစုတစ်ခုဖြစ်တဲ့ 'ပင်လယ်မြွေကျွန်း' က ဝေလငါးနီကျွန်းကို စစ်ကြေညာလိုက်ပြီတဲ့။"
"လောလောဆယ် ဝေလငါးနီကျွန်းက ငါတို့ ဂုဏ်ထူးဆောင် ဧည့်သည်တော် အကြီးအကဲတွေကို ကျွန်းကို ကာကွယ်ပေးဖို့နဲ့ ကိုယ့်တာဝန်ကျရာ နေရာကနေ မထွက်ခွာဖို့ အမိန့်ပေးထားတယ်။"
ကျန်းဖန်၏ မျက်လုံးများက အရောင်လက်သွား၏။
"ဘာ..."
ဤသည်ကို ကြားလိုက်ရသောအခါ စုဝေဝေ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ အခြေအနေများက ဤမျှ လျင်မြန်စွာ ဖြစ်ပေါ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မူလက ဝေလငါးနီကျွန်းမှာ အတော်လေး ဘေးကင်းလုံခြုံသည်ဟု ထင်မှတ်ထားခဲ့သော်ငြား၊ ၎င်းကို ရှောင်လွှဲ၍ မရနိုင်ခဲ့သည်ကို သိလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့၏။
ဤအခြေအနေက သူမကို စိုးရိမ်ပူပန်သွားစေပြီး နောက်ထပ် ဘာတွေ ဆက်ဖြစ်လာမည်ကို မသေချာ မရေရာ ဖြစ်သွားစေတော့သည်။
…….
အခန်း (၃၃၄) - ကံကောင်းခြင်းကို ထပ်မံရှာဖွေပြီး ဘေးဒုက္ခကို ရှောင်လွှဲခြင်း၊ ကံကြမ္မာ၏ ရွေးချယ်မှု။
"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။"
"ဝေလငါးနီကျွန်းက အမြဲတမ်း ကြားနေအင်အား စုတစ်ခုလို့ ပြောထားတာ မဟုတ်ဘူးလား။"
"ဘာဖြစ်လို့ တခြားအင်အားစုတွေရဲ့ တိုက်ခိုက်တာကို ရုတ်တရက်ကြီး ခံရတာလဲ။"
စုဝေဝေက မနေနိုင်ဘဲ မေးလိုက်၏။
"ကိုယ် သိထားသလောက်တော့၊ ပင်လယ်မြွေကျွန်းက ဝေလငါးနီကျွန်းနဲ့ တစ်ခါမှ အဆင်မပြေခဲ့ဘူး။"
"ပင်လယ်မြွေ ကျင့်ကြံသူနဲ့ ဝေလငါးနီ ကျင့်ကြံသူတို့ကြားမှာ ရန်ငြိုးတွေတောင် ရှိသေးတယ်။"
"ဒါပေမဲ့ ပင်လယ်မြွေ ကျင့်ကြံသူက ဝေလငါးနီ ကျင့်ကြံသူရဲ့ ပြိုင်ဘက် မဟုတ်လို့သာ သူတို့က သည်းခံနေခဲ့ကြတာ။"
"စစ်ပွဲက ဘာဖြစ်လို့ ရုတ်တရက် စတင်လာရသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့၊ မသိနိုင်တဲ့ ကိစ္စတစ်ခုခုများ ဖြစ်ပျက်သွားခဲ့ပြီလားလို့ စိုးရိမ်မိတယ်။"
ကျန်းဖန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ဤကာလအတွင်း ရိလင် ကျွန်းစုရှိ အဓိက ရွှေအမြုတေ အင်အားစုများ၏ သတင်းအချက်အလက် အများအပြားကို သူ သဘာဝကျကျပင် လေ့လာသိရှိခဲ့ပြီး ဖြစ်၏။
လိပ်ဝိညာဉ်ကျွန်းကဲ့သို့သော ထိပ်တန်း ရွှေအမြုတေ အင်အားစုများအပြင်၊ သာမန် ရွှေအမြုတေ အင်အားစုများလည်း ရှိသေးသည်။
ထိပ်တန်း ရွှေအမြုတေ အင်အားစုများတွင် ယေဘုယျအားဖြင့် ရွှေအမြုတေ အရှင်သခင် လေးပါး သို့မဟုတ် ငါးပါးခန့် ရှိကြ၏။ သာမန် ရွှေအမြုတေ အင်အားစုများတွင်မူ အများအားဖြင့် ရွှေအမြုတေ အရှင်သခင် တစ်ပါးတည်းသာ ရှိတတ်သည်။
ဥပမာအားဖြင့် ပင်လယ်မြွေကျွန်းနှင့် ဝေလငါးနီကျွန်း ကဲ့သို့သော အင်အားစုများမှာ ဤကဲ့သို့သော သာဓကများပင် ဖြစ်သည်။
သို့တိုင်အောင် ဤရွှေအမြုတေ အင်အားစုများသည် ရိလင် ကျွန်းစုတွင် ရပ်တည် ရှင်သန်နိုင်စွမ်း ရှိကြဆဲပင်။ ဘာပဲဖြစ်ဖြစ် ဤပင်လယ်ပြင် ဧရိယာသည် အလွန် ကျယ်ဝန်းလှပြီး၊ အဆင့် (၃) ကျွန်းများ အများအပြား ရှိနေသည် မဟုတ်လော။ ထို့အပြင် ရွှေအမြုတေ အရှင်သခင် တစ်ပါးသည် လုံလောက်သော ဟန့်တားနိုင်စွမ်း ရှိပေသည်။
ထို့ကြောင့် ရွှေအမြုတေ အရှင်သခင် တစ်ပါးတည်း ရှိနေလျှင်တောင်မှ အင်အားစု တစ်ခုကို ကာကွယ်ပေးနိုင်စွမ်း ရှိ၏။
အကယ်၍ တစ်ဖက်လူက တကယ်ကြီး ရန်စလာမည်ဆိုပါက၊ သူတို့သည် မိမိတို့၏ နယ်မြေကို စွန့်ခွာကာ အထီးကျန် လေလွင့်သူများ အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
ဤနည်းအားဖြင့် အဖွဲ့အစည်း မရှိသော ထိုကဲ့သို့ ရွှေအမြုတေ အရှင်သခင်များသည် ပို၍ပင် ကြောက်စရာ ကောင်းလှပေသည်။
ထို့ကြောင့် လုံးဝ မလွှဲမရှောင်သာသော အခြေအနေမျိုးမှလွဲ၍၊ အဆင့်တူ ကျင့်ကြံသူများပင်လျှင် တစ်ဦးနှင့်တစ်ဦး ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်ကြလေသည်။
"အကယ်၍ အဲဒီလိုဆိုရင်၊ ဝေလငါးနီကျွန်းက ကျင့်ကြံသူတွေက ဘာဖြစ်လို့ ကျွန်မတို့ကို ဝေလငါးနီကျွန်းကို ပြန်လာဖို့ မလိုဘူးလို့ ပြောရတာလဲ။"
"လင်တော်မောင်လို အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ယောက်က တိုက်ခိုက်ရေး အင်အားတစ်ခု အနေနဲ့ သတ်မှတ်လို့ ရသေးတယ် မဟုတ်ဘူးလား။"
စုဝေဝေမှာ အတော်လေး နားမလည်နိုင် ဖြစ်နေခဲ့၏။
"ဝေလငါးနီကျွန်းက ငါတို့ ဂုဏ်ထူးဆောင် ဧည့်သည်တော် အကြီးအကဲတွေကို မယုံကြည်သေးလို့ ဖြစ်နိုင်တယ်။"
"ဘာပဲဖြစ်ဖြစ် ငါတို့က အလုပ်လုပ်ဖို့ ပိုက်ဆံပေး ငှားထားတဲ့ အပြင်လူတွေ သက်သက်ပဲလေ။"
"အန္တရာယ် မရှိတဲ့ အချိန်တွေမှာတော့ သူတို့ ငါတို့ကို ယုံကြည်နိုင်ကောင်း ယုံကြည်နိုင်လိမ့်မယ်။"
"ဒါပေမဲ့ အန္တရာယ် ပေါ်လာတာနဲ့ တစ်ပြိုင်နက်၊ ငါတို့က မိတ်ဆွေလား ရန်သူလား ဆိုတာကို ပြောဖို့ ခက်ခဲသွားပြီ။"
"ဒါကြောင့် ဝေလငါးနီကျွန်းက ငါတို့ ဂုဏ်ထူးဆောင် ဧည့်သည်တော် အကြီးအကဲတွေကို အပြန်မခိုင်းတာက ပုံမှန်ပါပဲ။"
ကျန်းဖန်က ဤအချက်ကို ကောင်းစွာ နားလည်ထား၏။
အမှန်အတိုင်း ပြောရလျှင် သူတို့ ပြန်ခေါ်မည်ဆိုလျှင်တောင်မှ၊ ဝေလငါးနီကျွန်းသို့ ပြန်သွားရန် သူ ဆန္ဒရှိမည် မဟုတ်ချေ။
ဝေလငါးနီကျွန်းအတွက် အသက်စွန့်ရလောက်အောင် သူက မြင့်မြတ်နေသူ တစ်ဦး မဟုတ်ပေ။
"နားလည်ပါပြီ။"
"ဒါပေမဲ့ လင်တော်မောင်... အခု ကျွန်မတို့ ထွက်သွားသင့်သလား၊ ဆက်နေသင့်သလား။"
စုဝေဝေက ဝေလငါးနီကျွန်း၏ ရှုထောင့်ကို နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ သို့သော် ဝေလငါးနီကျွန်း ပြိုလဲသွားနိုင်ခြေအတွက်လည်း သူမ စိုးရိမ်နေခဲ့သည်။
အကယ်၍ သူတို့သာ ပြိုလဲသွားခဲ့မည်ဆိုပါက၊ ဝေလငါးနီကျွန်း၏ ဂုဏ်ထူးဆောင် ဧည့်သည်တော် အကြီးအကဲများအနေဖြင့် ပင်လယ်မြွေကျွန်း၏ အင်အားစုများက သူတို့ကို လိုက်လံ သတ်ဖြတ်နိုင်ပေသည်။
အကယ်၍ ယခု အချိန် ပြေးမည်ဆိုလျှင်၊ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ရှိနိုင်သေး၏။ အကယ်၍ အချိန်အကြာကြီး စောင့်နေပြီး တစ်ဖက်လူက ဝေလငါးနီကျွန်းကို အပြည့်အဝ အနိုင်ယူသွားခဲ့မည်ဆိုပါက၊ ထွက်ပြေးရန် လုံးဝ မဖြစ်နိုင်တော့ချေ။
သေချာသည်မှာ ဝေလငါးနီကျွန်း အနိုင်ရနိုင်ခြေလည်း ရှိနေသေးသည်။
အကယ်၍ သူတို့သာ ထွက်ပြေးသွားမည်ဆိုပါက ဝေလငါးနီကျွန်း၏ သစ္စာဖောက်များ ဖြစ်သွားမည်သာ။ ထိုသို့ဆိုလျှင် ဂုဏ်ထူးဆောင် ဧည့်သည်တော် အကြီးအကဲများ အနေဖြင့် သေချာပေါက် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ချေ။
နောက်ဆုံး၌ အခြေချ နေထိုင်နိုင်ခဲ့ပြီးမှ ယခုအခါ အိုးမဲ့အိမ်မဲ့များ ထပ်မဖြစ်ချင်တော့ပေ။
ဝုန်း…
ထိုအခိုက်အတန့်တွင် ကျန်းဖန်သည် သူ၏ 'မိန်' နှင့် 'ချီပင်လယ်' နက်ရှိုင်းရာရှိ နိမိတ်ဖတ်အင်း စတင် တုန်ခါလာသည်ကို အာရုံခံမိလိုက်ပြီး၊ သတင်းစကားတစ်ခုသည် သူ၏ အသိစိတ် နက်ရှိုင်းရာသို့ ဒီရေအလား စီးဝင်လာခဲ့၏။
"စစ်ပွဲ ဆင်းသက်လာပြီ၊ လျှို့ဝှက် အန္တရာယ်များ ပုန်းကွယ်နေသည်။ တည်ငြိမ်စွာ တုံ့ပြန်ပါ၊ အန္တရာယ် မရှိ။"
"မီးကြေးနီကျွန်းပေါ်တွင် ဆက်နေပါ။ သတိထားပြီး ဂရုစိုက်ပါ၊ တာဝန်များကို သေချာစွာ ထမ်းဆောင်ပါ၊ ကြီးမားသော ကံကောင်းခြင်း။"
"မီးကြေးနီကျွန်းမှ ထွက်ခွာပြီး ဝေလငါးနီကျွန်း ပင်လယ်ပြင်မှ ထွက်ပြေးပါက၊ အန္တရာယ်နှင့် ကြုံတွေ့ရမည်။ အသက်ရှင်မည်၊ သေမည် မသေချာ၊ မင်္ဂလာမရှိ။"
"ဝေလငါးနီကျွန်းသို့ သွားရောက် ကူညီပါက၊ အလွန်အန္တရာယ်များသော အခြေအနေသို့ ဝင်ရောက်သွားမည်။ တိုက်ပွဲကြား ညပ်ပါသွားမည်၊ ကြီးမားသော ဘေးဒုက္ခ။"
ဤသတင်းအချက်အလက်များကို အာရုံခံမိလိုက်သောအခါ ကျန်းဖန်၏ မျက်လုံးများက အရောင်လက်သွား၏။
ထင်ရှားသည်မှာ ဤသတင်းစကား သုံးခုသည် ကွဲပြားသော ရွေးချယ်မှု သုံးခုကို ကိုယ်စားပြုနေခြင်းပင်။
တစ်ခုမှာ မီးကြေးနီကျွန်းပေါ်တွင် ဆက်နေရန် ဖြစ်သည်။ အပေါ်ယံတွင် အန္တရာယ်များလှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အန္တရာယ် မရှိချေ။ ဝေလငါးနီကျွန်း အင်အားစုများအတွက် မီးကြေးနီကျွန်းမှာ သိပ်ပြီး အရေးမပါလှသလို လူသိများလှသည်လည်း မဟုတ်ပေ။
ပင်လယ်မြွေကျွန်းက တကယ် တိုက်ခိုက်လာမည် ဆိုလျှင်တောင်မှ၊ မီးကြေးနီကျွန်းသည် အဓိက ပစ်မှတ် ဖြစ်လာရန် အကြောင်းမရှိချေ။ ထို့ကြောင့် ဤနေရာတွင် ဆက်နေခြင်းက အတော်လေး ဘေးကင်းလုံခြုံလှ၏။
ပြောင်းပြန်အနေဖြင့် မီးကြေးနီကျွန်းမှ ထွက်ပြေးမည်ဆိုပါက ခန့်မှန်း၍မရနိုင်သော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပြီး အသက်ရှင်မည် သေမည် မသေချာပေ။
ဤပင်လယ်ပြင် ဧရိယာကို ပင်လယ်မြွေကျွန်း အင်အားစုများက ပိတ်ဆို့ထားလောက်ပြီဟု ခန့်မှန်းရသည်။
မည်သည့်နေရာသို့ ထွက်ပြေးသည်ဖြစ်စေ သေချာပေါက် ဝိုင်းရံခံရမည်သာ ဖြစ်၏။ အကယ်၍ ယခုအချိန် ထွက်ခွာသွားပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။
ဝေလငါးနီကျွန်းသို့ သွားရောက် ကူညီရေးနှင့် ပတ်သက်၍ ပြောရလျှင် ၎င်းမှာ ပို၍ပင် မလုပ်သင့်သော ကိစ္စဖြစ်သည်။
ထိုနေရာသည် ရွှေအမြုတေ အရှင်သခင်များ၏ အဓိက စစ်မြေပြင်ဖြစ်ပြီး အလွန်အန္တရာယ်များကာ ခန့်မှန်း၍ မရနိုင်ချေ။
အကယ်၍ သူတို့သာ အဆင်အခြင်မဲ့ သွားရောက်မည်ဆိုပါက ဝေလငါးနီကျွန်းက သူတို့ကို အကူအညီတစ်ခုအဖြစ် မြင်မည်မဟုတ်သည့်အပြင် ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်သွားနိုင်ပေသည်။
ထိုအချိန်ကျလျှင် ဘာတွေ ဆက်ဖြစ်လာမည်ဆိုသည်မှာ မသေချာတော့ပေ။
နိမိတ်ဖတ်အင်း၏ ကြိုတင်ခန့်မှန်းချက် သတင်းအချက်အလက်များအရ၊ ၎င်းမှာ အမှန်တကယ်ပင် အလွန် အန္တရာယ်များသော အခြေအနေ ဖြစ်ပေလိမ့်မည်။ သေချာပေါက် သေဆုံးမည်ဟု မဆိုလိုသော်ငြား၊ ကောင်းမွန်သော ရလဒ် ထွက်ပေါ်လာမည်တော့ မဟုတ်ချေ။
"ဝေလငါးနီကျွန်းရဲ့ လွှမ်းမိုးမှု နယ်ပယ်ထဲမှာ ဆက်နေတာက ဘေးဒုက္ခ အများအပြားကို ရှောင်လွှဲနိုင်စေတယ်။"
"ဒါပေမဲ့ စွက်ဖက်ပြီး စိတ်လိုက်မာန်ပါ လှုပ်ရှားမယ်ဆိုရင်တော့၊ ဘေးဒုက္ခနဲ့ ကြုံတွေ့နိုင်ခြေ ရှိနေဆဲပဲ။"
"ကြည့်ရတာ ဒီမှာပဲ ငြိမ်ငြိမ်လေး နေတာက အလုံခြုံဆုံး ရွေးချယ်မှုပဲ။"
ကျန်းဖန်သည် ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချလိုက်၏။
ရွေးချယ်စရာ အများအပြား ရှိနေပုံပေါ်သော်ငြား၊ အမှန်တကယ်တွင်မူ ရွေးချယ်စရာ တစ်ခုတည်းသာ ရှိလေသည်။
သူက စုဝေဝေကို ကြည့်ကာ ပြောလိုက်သည်။
"ဒီမှာပဲ ဆက်နေကြတာပေါ့။ ရိလင် ကျွန်းစုက အခု အရမ်းကို ရုန်းရင်းဆန်ခတ် ဖြစ်နေပြီဆိုတော့ မီးကြေးနီကျွန်းကနေ ထွက်ခွာသွားတာက ဘယ်နေရာ ကောင်းကောင်းကိုမှ ရောက်သွားစေမှာ မဟုတ်ဘူး။"
"ဒါ့အပြင် ဝေလငါးနီကျွန်းက ဒီစစ်ပွဲမှာ သေချာပေါက် ရှုံးနိမ့်မှာလည်း မဟုတ်သေးဘူး။ ငါတို့တွေ အခြေအနေ ဘယ်လို ပြောင်းလဲမလဲဆိုတာ စောင့်ကြည့်လို့ ရသေးတယ်။ အကယ်၍ ဝေလငါးနီကျွန်း တကယ်ကြီး ပြိုလဲသွားပြီ ဆိုရင်တောင်မှ အဲဒီအချိန်ကျမှ ထွက်သွားလည်း ငါတို့အတွက် နောက်ကျမှာ မဟုတ်ပါဘူး။"