← Chapters

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

Chapter 526 နတ်ဆိုးမျိုးနွယ်၏ ပစ္စည်းများ

ဝှစ်!

ပူနွေးသော သွေးစက်များက ခန်းမထဲရှိ သိုင်းပညာရှင်များ၏ မျက်နှာသို့ လွင့်စဉ်သွားသည်။ သွေး၏ အရသာသည် ငန်ကျိကျိ ဖြစ်နေသော်လည်း လူတိုင်းအား အေးခဲ တောင့်တင်းသွားစေသည်။

ယင်းရှာ၏ သူတော်စင်အဆင့် ခန္ဓာကိုယ်သည် ပေါက်ပြဲသွားသော သဲအိတ်ကဲ့သို့ တစ်စစီဖြစ်ကာ ကြမ်းပြင်ပေါ် လဲကျသွားချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

*သေသွားပြီ*

*သူတော်စင် လောင်ဇူက သွေးဝိုင်အဖြစ် သန့်စင်ခံလိုက်ရတယ်*

*ယင်းရှာက အရှင်လတ်လတ် ခုတ်ထစ်ခံလိုက်ရတယ်*

ထိုသို့သောအချိန်၌ ခန်းမထဲရှိ လူတိုင်းသည် ယဲ့ဖန်ကို လှမ်းကြည့်ကာ ခေါင်းစခြေဆုံး အေးစက်သွားသလို ခံစားမိပြီး ကတုန်ကယင် ဖြစ်လာလေသည်။

“ငါ … ငါ အမြင်လွဲခဲ့တာလား”

လူအုပ်ထဲတွင် နတ်မိမယ် ခုန်လင်သည် လိပ်ပြာလွင့်မတတ် ဖြစ်နေကာ ပဟေဠိဖြစ်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေမိသည်။

ယခင်က သူမသည် ယဲ့ဖန်က ထိပ်တန်း သိုင်းပညာရှင်တစ်ယောက် မဟုတ်လောက်ဟု ထင်ခဲ့မိသည်။ သို့သော် ယခုအခါတွင် သူက ထိပ်တန်း သိုင်းပညာရှင်အား လက်တစ်ဖက်တည်းဖြင့် သတ်နိုင်နေသည်။

ယခင်က ယဲ့ဖန်သည် ထိပ်တန်း သူရဲကောင်း သို့မဟုတ် အင်အားကြီး မျိုးနွယ်စုတစ်ခု၏ သခင်လေး မဖြစ်နိုင်ဟု သူမ ထင်ခဲ့မိသည်။

သို့သော် ယခုအချိန်တွင် သူသည် ကြောက်မက်ဖွယ် အင်အားစုတစ်စု၏ အရှင်သခင် ဖြစ်နေ၏။ ကပြောင်းကပြန် ဖြစ်သွားသော အခြေအနေက နတ်မိမယ် ခုန်လင်အား အလွန်အမင်း နောင်တရ သွားစေခဲ့သည်။

“အဲ့အချိန်တုန်းက ငါသာ ဇီဇာကြောင်ပြီး အဝေးကို ထွက်မလာခဲ့ဘူးဆိုရင် အနည်းဆုံးတော့ ငါ သူနဲ့ မိတ်ဆွေဖြစ်ခွင့် ရမှာပဲ”

ထိုအချိန်က သူမ၏ ညံ့ဖျင်းသော ဇီဇာကြောင်မှုကို ပြန်တွေးမိပြီး နတ်မိမယ် ခုလင်သည် ပါးရိုက်ခံလိုက်ရသကဲ့သို့ မျက်နှာ ထူပူသွားလေသည်။

သူမနှင့် ဆန့်ကျင်ဘက်တစ်ဖက်တွင်မူ ဖီးနစ် ကချေသည် နတ်သမီးက ယဲ့ဖန်အား တအံ့တဩ ငေးကြည့်နေသည်။ ထိုသူနှင့် အလွန်ဆင်တူနေသည်ဟု သူမ တွေးတောနေမိသည်။

*ပုံစံက တအား တူတာပဲ*

*လှုပ်ရှားမှုတိုင်းက ရက်စက်ပြီး အကြင်နာမဲ့တယ်*

သူမမျက်စိရှေ့မှ ယဲ့ဖန်သည် သူမနှလုံးသားထဲမှ နတ်ဆိုးဧကရာဇ်နှင့် တစ်ထပ်တည်း တူညီလာ၏။

“လောကကြီးထဲမှ ဒီလို တိုက်ဆိုင်မှုမျိုး တကယ် ရှိရဲ့လား”

ဖီးနစ် ကချေသည် နတ်သမီး၏ လှပသော မျက်ဝန်းများက ထိုမျက်နှာအောက်မှ စိတ်ဝိညာဉ်ကို ရှင်းလင်းစွာ မြင်နေရဟန်ဖြင့် ယဲ့ဖန်အား စူးစိုက်ကြည့်နေ၏။

“သွားတော့မယ်”

ယခုအချိန်၌ ယဲ့ဖန်သည် ဤနေရာ၌ ဆက်နေချင်စိတ် မရှိတော့ချေ။ ထို့နောက် မျက်နှာချင်းဆိုင်မှ ဖီးနစ် ကချေသည် နတ်သမီးကို ခေါင်းညိတ်နှုတ်ဆက်၍ နဂါးနက် ခန်းမထဲမှနေ၍ ခန်းမသခင်နှင့် အခြားသူများကို ဦးဆောင်၍ ထွက်လာလိုက်သည်။

ယဲ့ဖန် ထွက်သွားတော့မှသာ အားလုံးသည် သူတို့ရင်ထဲမှ တောင်ကြီးတစ်လုံး အဝေးသို့ ရွေ့သွားဟန်ဖြင့် အသက်ကို မနည်းရှူနေရသည်။

ထို့နောက် သူတို့ကျော၌ ချွေးအေးများဖြင့် စိုစွတ်နေသည်ကို ထိုအခါမှ သတိထားမိ သွားကြသည်။ အထူးသဖြင့် အစေခံလေးပင်၊ သူမသည် သေမင်းတံခါးဝမှ ထွက်လာနိုင်သကဲ့သို့ ခြေထောက်များ ပျော့ခွေ၍ လဲကျသွားလေသည်။

“မသေဘူး၊ ငါ … ငါ မသေဘူး”

အစောပိုင်းက သူမသည် ယဲ့ဖန်အကြောင်း ထုတ်ပြော၍ သူတော်စင်အဆင့် ယင်းရှာကို အသုံးချ၍ သူမ အထင်သေးသော ပုရွက်ဆိတ်လိုကောင်အား သေစေရန် ရည်ရွယ်ခဲ့သည်။

သူမ မလွဲမသွေ သေရလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူမ မတော်တဆ လွတ်မြောက် လာလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

“အာ … နင့်ပေါ်ကို ပုရွက်ဆိတ်တွေ တက်နေတာကို နင် မခံစားမိဘူးလား”

ထိုအခါ အစေခံမလေးသည် မျက်မှောင်ကြုတ်သွားပြီး ဘောင်းဘီကို ပင့်မ၍ ကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်သည်နှင့် သူမ အံ့အားသင့်သွားရသည်။ အနက်ရောင် ကျောက်စိမ်းသဖွယ် ပုရွက်ဆိတ်များက သူမ၏ ဖြူဝင်းသော ခြေထောက်ပေါ်သို့ တက်နေကြသည်။

အစေခံမလေးက သူမဘောင်းဘီကို ပင့်လိုက်ချိန်တွင် ပုရွက်ဆိတ်တိုင်းက ခေါင်းမော့လာပြီး သူမကို ပြုံးပြနေသည်ဟု ထင်မှတ်ရသည်။

ဝှစ်! ဝှစ်! ဝှစ်!

ထို့နောက် သွေးများ ပန်းထွက်လာပြီး ပုရွက်ဆိတ်များက သူမ၏ အသွေးအသားထဲသို့ ရုတ်တရက် ဝင်ရောက်သွားသည်။

“အား…”

ကြောက်လန့်တကြား အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ အစေခံမလေးသည် သူမ အရေပြားအောက်မှ အသွေးအသားများသည် ပုရွက်ဆိတ်များ၏ အရူးအမူး ဝါးမျိုခြင်းကို ခံနေရသည်ဟု ခံစားမိသည်။

ပြင်းထန်လှသော နာကျင်မှုကြောင့် သူမ လူးလှိမ့်နေရသည်။ ထိုးဖောက်ဝင်ရောက်၍ ဝါးမျိုခြင်းပင်။

မျက်စိရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း အေးခဲသွားကြသည်။ အစေခံမလေး၏ အရေပြား၌ ထိုသက်ရှိသတ္တဝါများ လှုပ်ရှား သွားလာနေသည်ကို သူတို့ မြင်နေရသည်။

ရဲရဲနီသော သွေးများက ရေကဲ့သို့ ဆက်တိုက် စိမ့်ထွက်လာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အစေခံမလေးသည် သွေးသံတရဲရဲ ဖြစ်လာလေသည်။

နောက်ဆုံးတွင် စူးရှသော အော်သံအောက်၌ သူမ မျက်လုံးများ ပေါက်ထွက်လာပြီး ကြောက်မက်ဖွယ် ပုရွက်ဆိတ်နှစ်ကောင်က တွားသွား၍ ထွက်လာသည်။

ထို့နောက် သူမ၏ နားများ၊ ပါးစပ်၊ လည်ချောင်းနှင့် နှလုံးသားမှ အပြင် တစ်ကိုယ်လုံးပေါ်မှ ပုရွက်ဆိတ်များ ဖောက်ထွက်လာကြသည်။

ထိုပုရွက်ဆိတ်များသည် တိမ်စိုင်များအသွင် စုဝေးလာပြီးနောက် မျက်စိတစ်မှိတ်အတွင်း၌ ပျောက်ကွယ်သွားလေသည်။

ကြမ်းပြင်၌ ကြောက်လန့်၍ နောင်တရနေသော လူ့အရေပြားတစ်ချပ်သာ ကျန်ရစ်ခဲ့တော့သည်။

ဂလု!

နတ်မိမယ် ခုန်လင်သာမက သူမဘေးပတ်လည်မှ လူများအားလုံး တံတွေးကို အနိုင်နိုင် မျိုချနေ ရသည်။ ချွေးများက သူတို့နဖူးမှ တဒီးဒီး စီးကျနေ၏။ လူတိုင်း၏ စိတ်ထဲတွင် စကားလုံး နှစ်လုံးသာ ရှိနေသည်။

*နတ်ဆိုး*

…

ခန်းမထဲမှ ထွက်လာပြီးနောက် ယဲ့ဖန်၏ အင်္ကျီစက လှုပ်ခါသွားပြီး နဂါးနက်တစ်ကောင်က အင်္ကျီစနားမှ ထွက်လာသည်။ သူ၏ကိုယ်ကို တွန့်လိမ်၍ ယဲ့ဖန်၏ လက်မောင်းကို ရစ်ပတ် လေသည်။ ထိုကြောက်မက်ဖွယ် နဂါး၏ ဦးခေါင်းက အလွန် ကြောက်စရာ ကောင်းလှသည်။

*နဂါးနက်ပါလား*

ထိုအချိန်၌ ခန်းမသခင်နှင့် အခြားသူများအားလုံး ကြက်သီးမွေးညင်း ထသွားကြသည်။ ဤနဂါးနက်က “အဲ့ဒီပုဂ္ဂိုလ်” ဖြစ်ကြောင်း သူတို့ အခိုင်အမာ သိသွားသည်။

လက်ရှိအချိန်၌ သိုင်းပညာရှင်များအားလုံးသည် ယဲ့ဖန်၏ နဂါးနက်အရှင်ဟူသော နောက်ခံအား ခြွင်းချက်မရှိ ယုံကြည်သွားလေသည်။

နဂါးနက်လို သက်ရှိသတ္တဝါကို ထိန်းချုပ်နိုင်သဖြင့် အားလုံး၏ စိတ်ထဲတွင် ယဲ့ဖန်အား တန်ခိုးရှင်တစ်ယောက်ဟု ထင်နေသည်။

“အရှင် နဂါးနက် အစည်းအရုံး ခန်းမအပြင် ခရမ်းပြာ အလင်းတန်း ဂြိုဟ်စုနယ်မြေနဲ့ ခိုင်လန် ဂြိုဟ်စုနယ်မြေ အပါအဝင် နယ်မြေ ဆယ်ခု ရှိပါတယ်”

“ကျွန်တော်တို့အားလုံးက နတ်ဘုရားနဲ့ မကောင်းဆိုးဝါးတို့ရဲ့ ခန္ဓာကိုယ် ရှိတဲ့သူတွေပါ၊ ကျွန်တော်တို့ရဲ့ အရှင် အဖြစ် နေပေးပါ”

ခန်းမသခင်က ယဲ့ဖန်က တအံ့တဩနှင့် မိတ်ဆက်ပြောဆိုလာသည်။

“ဒီကပ်ဆိုးဂြိုဟ်မှာ နဂါးနက် ပိုင်ဆိုင်တဲ့ လုပ်ငန်းက နေရာပေါင်း တစ်ထောင်နီးပါးမှာ ရှိပါတယ်”

ဤသည်ကို နားထောင်ပြီး ယဲ့ဖန်က စိတ်ကျေနပ်သွားသလို ခေါင်းညိတ်ပြသည်။ ဧရာမ နဂါးကြီး ဖန်တီးခဲ့သော နတ်ဘုရားနှင့် မကောင်းဆိုးဝါးတို့ ပေါင်းစပ်ထားသည့် မိသားစုက အလွန် သန်မာလှသည်ကိုတော့ သူ အသိအမှတ် ပြုရပေမည်။

မည်သည့်နေရာ၌မဆို သူတို့က လွှမ်းမိုးနိုင်သော သက်ရှိများ ဖြစ်လေသည်။

သို့သော် ယဲ့ဖန်သည် လမ်းဘေးဈေးတန်း တစ်ခုဘေးမှ ဖြတ်သွားချိန်တွင် သူ့ခြေလှမ်းများ ရပ်တန့်သွားရသည်။

*ရင်းနှီးတဲ့ အငွေ့အသက်ပါလား*

ယဲ့ဖန်၏ မျက်လုံးများက အရောင်တောက်လာပြီး ဈေးတန်းအား အေးစက်သော မျက်နှာနှင့် လှမ်းကြည့်လိုက်မိသည်။

ပျက်စီးနေသော ဆိုင်ငယ်လေးတစ်ဆိုင်ကို သူ တွေ့လိုက်ရသည်။ ခြေကျိုးနေသော ဒုက္ခိတ အဘိုးအိုတစ်ယောက်က ပျက်စီးနေသော စစ်အသုံးအဆောင်များကို ရောင်းချနေသည်။

ထိုပစ္စည်းများသည် စစ်မြေပြင်မှ အကြွင်းအကျန်များ ဖြစ်ပြီး ပကတိအတိုင်း ရှိသော ပစ္စည်းဟူ၍ မရှိချေ။ သို့သော် ထိုပစ္စည်းတိုင်းပေါ်၌ နတ်ဆိုးစွမ်းအင်များ ခပ်ဖျော့ဖျော့ ရှိနေသည်။

*ဒါ နတ်ဆိုးမျိုးနွယ်တွေရဲ့ ပစ္စည်းတွေပဲ”

“လာကြည့်လေ၊ ဒါတွေက နတ်ဆိုးဂြိုဟ်ကနေ တူးဖော်ရရှိတဲ့ ပစ္စည်းတွေ”

“ဒါတွေက နတ်ဆိုးတွေရဲ့ ဓားကျိုးတွေ၊ ဒါတွေက နတ်ဆိုးမျိုးနွယ်ရဲ့ အသုံးအဆောင်နဲ့ ဝိုင်ခွက်တွေ။ ဒါတွေက အရင်အတိုင်း အကောင်းပကတိပဲ၊ မင်း သဘောကျရင် ဝယ်လေ”

ခြေကျိုးနေသော အဘိုးအိုက ဖြတ်သွားဖြတ်လာများက သောက်ရင်း ပြောနေသည်။ သို့သော် ဈေးတန်း၌ လူမရှင်းခင်တွင် မည်သည့် နတ်ဘုရားမျိုးနွယ်ကမှ ဤအကြွင်းအကျန် ပစ္စည်းများကို စိတ်မဝင်စားချေ။

အဘိုးအို စိတ်ပျက်နေစဉ်တွင် ခြေသံတစ်သံ ထွက်ပေါ်လာသည်။

“ဧည့်သည်လေး မင်း တစ်ခုခု ဝယ်ချင်လို့လား၊ ဒါတွေအားလုံးက နတ်ဆိုးမျိုးနွယ်ရဲ့ ပစ္စည်း အစစ်အမှန်တွေပဲ”

ခြေကျိုးနေသော အဘိုးအိုက ယဲ့ဖန်အား အားပါးတရ ပြုံးပြ၍ တက်ကြွစွာ ပြောလေသည်။ သူ့စကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်နေသည်။

“ခင်ဗျား ဒီပစ္စည်းတွေ ဘယ်ကနေ ရတာလဲ”

သူ၏အသံက ဩရှရှနိုင်ပြီး မာန်ပါသောကြောင့် ခြေကျိုးနေသော အဘိုးအိုသည် ချက်ချင်း စိတ်ဝိညာဉ်ထိပါ တုန်ယင်သွားရသည်။

ငရဲမှထွက်ပေါ်လာသော အသံလေလားဟု ထင်မှတ်မှားရပြီး တစ်ခုခု မှားပြောမိသည်နှင့် နေရာမှာတင် အသတ်ခံရလောက်သည်။ ခြေကျိုးနေသော အဘိုးအိုက ဖြူဖပ်ဖြူရော်နှင့် ကြောက်လန့်ကာ ကတုန်ကယင် ပြောလာသည်။

“ဒီ … ဒီလူအိုကြီးက နတ်ဆိုးဂြိုဟ်နားက ဖြတ်သွားရင်နဲ့ ကောင်းတာလေးတွေ ရွေးယူ လာခဲ့တာပါ။ စိတ်မကောင်းစရာပဲ၊ ရှက်ဖို့ကောင်းတယ်။ တစ်ခါက မြင့်မြတ်တဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ နယ်မြေကြီးက အခုတော့ ပျက်စီးသွားပြီ”

ထိုသို့ပြောရင်း အဘိုးအိုက သက်ပြင်းချ၍ နောင်တရဟန် ပေါ်နေသည်။ ထိုအခါမှ ယဲ့ဖန်ကိုယ်မှ အန္တရာယ်ပေးနိုင်သော အငွေ့အသက်များ ပျောက်ကွယ်သွားလေသည်။ သူသည် ကိုယ်ကို ကိုင်း၍ ဈေးဆိုင်ထဲမှ ပန်းချီကားတစ်ချပ်ကို ကောက်ယူလိုက်သည်။

ထိုပန်းချီကားအား ဖြန့်ကြည့်လိုက်သောအခါ ဝါကျင့်ကျင့် ပန်းချီကားချပ်မှနေ၍ လှပသော အမျိုးသမီး၏ ပုံရိပ်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးကား ဟွမ်အာပင် ဖြစ်လေတော့သည်။

Chapter 527 ခွန်အားကြီးချင်ယောင် ဆောင်ပြတာလား

ဝါကျင့်ကျင့် ရှေးဟောင်း ပန်းချီကားချပ်ပေါ်၌ လှပသော ပုံရိပ်လေး ရှိနေသည်။ သူမသည် ဟွမ်အာပင် ဖြစ်လေသည်။ သူမ၏ လှပသော မျက်လုံးများက ပြုံးနေပြီး လခြမ်းကွေးသဖွယ် ဖြစ်နေကာ ပါးချိုင့်လေး ပေါ်နေသောကြောင့် မြင်သူတကာအား သူတို့ကိုယ်သူတို့ ထိန်းချုပ်ရ ခက်သွားနိုင်စေသည်။

သူမသည် ဖန်ဆင်းရှင်၏ ဆန်းကြယ်သော လက်ရာတစ်ခုလေအလား ထင်မှတ်မှားရပြီး သူမ၏ အလှက စိတ်လှုပ်ရှား၍ ရင်ဖိုနိုင်သည်။

“ဟွမ်အာ …”

ယဲ့ဖန်သည် ဟွမ်အာ၏ ပုံလေးကို လက်ဖြင့် ပွတ်သပ်လိုက်မိသည်။ သူ့စိတ်ထဲတွင် “အစ်ကိုကြီး ယဲ့ဖန်” ဟူသည့် ခေါ်သံကို ကြားယောင်လာသလိုပင်။

ဤပန်းချီကားကို ယဲ့ဖန် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် ဆွဲခဲ့သော ပန်းချီကား တစ်ချပ်ဖြစ်ပြီး ဤအတွက် သူ တစ်သက်လုံး နောင်တရမည် မဟုတ်ပါ။

“တစ်နေ့ကျရင် ငါ ကမ္ဘာဦး ချောက်နက်ကို ဖြတ်ကျော်ပြီး မင်းကို လာရှာပါ့မယ်”

ယဲ့ဖန်၏ အကြည့်များက ရူးမတတ် ဖြစ်နေသည်။ ထို့နောက် သူက ပန်းချီကားချပ်ကို ပြန်သိမ်း၍ ခြေကျိုးနေသော အဘိုးအိုကို ပြန်ပြောလိုက်သည်။

“ကျုပ် ဒါတွေအားလုံး လိုချင်တယ်”

*ဘာ*

ခြေတစ်ဖက်ကျိုးနေသော အဘိုးအိုသည် ပထမ၌ မှင်တက်နေပြီးမှ မိမိ ကြားလိုက်ရသည်ကို မယုံနိုင်ဟန်ဖြင့် ကတုန်ကယင် ပြန်မေးလာသည်။

“ဧည့်သည်လေး၊ မင်း … တကယ်ပြောနေတာလား၊ ဒီအကြွင်းအကျန် ပစ္စည်းတွေက အပျက်အစီးတွေနော်၊ မင်း အားလုံးကို လိုချင်တာ သေချာရဲ့လား”

ထိုခြေတစ်ဖက် ကျိုးနေသော အဘိုးအို၏ ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်ကာ နီမြန်းနေ၏။

ယဲ့ဖန်က ခေါင်းအသာ ညိတ်ပြ၍ နေရာလပ် အိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။ ထိုနေရာလပ် အိတ်ကို ဖွင့်ကြည့်ပြီးနောက် အဘိုးအိုသည် ထိတ်လန့်၍ ပျော်ရွှင်သွားလေသည်။

“များလွန်းတယ်၊ ဒီအကြွင်းအကျန်တွေထဲက ဓားတွေက ကျိုးနေတာ၊ ပြီးတော့ ဒီလောက်များတဲ့ စကြဝဠာဒင်္ဂါးတွေ သုံးစရာ မလိုပါဘူး”

သို့သော် ယဲ့ဖန်က ဂရုမစိုက်ချိန်ချေ။ သူသည် လက်ကိုလှုပ်၍ ကျန်ရှိသော နတ်ဆိုး လက်နက်များကို သိမ်းရန် ပြင်လိုက်သည်။

“ချထားလိုက်”

ထိုစဉ် မိုးခြိမ်းသံကဲ့သို့သော အသံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် အဘိုးအိုသည် ကြောက်လန့်၍ လဲကျမတတ် ဖြစ်သွားလေသည်။

လူအုပ်ကြီးသည် ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်သောအခါ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က သိုင်းပညာရှင်တစ်စုနှင့်အတူ လျှောက်လာ နေသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်လေးသည် ဩဇာကြီးမား၍ ငရဲမှထွက်လာသော တစ္ဆေဘုရင်ကဲ့သို့ အေးစက်သော အရှိန်အဝါများ ထုတ်ဖော်လျက် ရှိသည်။

ထို့အပြင် သူသည် သူတော်စင် အထွတ်အထိပ်အဆင့် ဖြစ်နေ၏။ ထိုသူ၏ အရှိန်အဝါက ခန်းမသခင်ထက်တောင်မှ ပို၍ သန်မာနေ၏။

ထိုသည်သာမကချေ။ သူ အချက်ပြလိုက်သည်နှင့် သူ့နောက်မှ သိုင်းပညာရှင်တစ်စုက ချက်ချင်းဆိုသလို ယဲ့ဖန်နှင့် ခန်းမသခင်တို့အဖွဲ့အား ဝိုင်းလာကြသည်။

ထိုသိုင်းပညာရှင် အဖွဲ့၌ လူအယောက်နှစ်ဆယ် ပါရှိပြီး အားလုံးက သူတော်စင်အဆင့်များ ဖြစ်ကြသည်။ ကြောက်မက်ဖွယ် ကောင်းလှပေ၏။

ဦးဆောင်လာသော လူငယ်လေးကို မြင်ပြီးနောက် ခန်းမသခင်နှင့် အခြားသူများအားလုံး မျက်နှာ ပျက်သွားကြသည်။

“တတိယဗိုလ်မှူး တစ္ဆေ သူတော်စင်”

ထိုအချိန်၌ ခန်းမသခင်နှင့် အခြားသူများအားလုံး အလွန်အမင်း အမူအရာ ပျက်နေပြီး ယဲ့ဖန်အား ခပ်သွက်သွက် ရှင်းပြလိုက်သည်။

“အရှင်၊ ဒီလူတွေက ဝံပုလွေအဖွဲ့ရဲ့ လက်အောက်ငယ်သားတွေပါ၊ သူတို့ကို ဦးဆောင် လာတဲ့သူက ဝံပုလွေလေးရဲ့ လက်အောက်ငယ်သား တတိယဗိုလ်မှူးပါ”

“သူတို့ကို ရန်မစပါနဲ့၊ မဟုတ်ရင် ဝံပုလွေအဖွဲ့ရဲ့ ရက်စက်ပုံနဲ့ဆို ကျွန်တော်တို့ နဂါးနက် အစည်းအရုံးခန်းမတင် မဟုတ်ဘဲ နဂါးနက် ဂြိုဟ်နယ်မြေတစ်ခုလုံး ဖျက်ဆီးခံရပါလိမ့်မယ်”

ခန်းမသခင်၏ အသံက မသိမသာ တုန်ယင်နေသည်။ သူ့စကားကြောင့် ယဲ့ဖန် မျက်မှောင် ကြုတ်သွားသည်။

ဝံပုလွေလေး။ ထိုနာမည်ကို သူ ကြားရသည်မှာ ယခုအကြိမ်သည် ဒုတိယတစ်ခေါက်ပင် ဖြစ်သည်။

သို့သော် ခန်းမသခင်ကဲ့သို့ သူတော်စင်အဆင့်တောင်မှ ထိုလူကို ကြောက်လန့်နေ၏။ ဤသည်က ယဲ့ဖန်အား ဝံပုလွေလေးက မည်မျှ ကြောက်စရာကောင်းကြောင်း သိချင်စိတ် ဖြစ်လာစေသည်။

ထိုသို့သောအချိန်၌ ခန်းမသခင်က ယဲ့ဖန်ကို ရှင်းပြပြီးနောက် ခပ်မြန်မြန် ရယ်မော၍ တစ္ဆေ သူတော်စင်ကို လှမ်းကြည့်၍ ပြောလိုက်သည်။

“လတ်စသက်တော့ အရှင် တစ္ဆေကိုး၊ အရှင်က ဒီကို ဘာလုပ်နေတာလဲဆိုတာ ကျုပ် သိခွင့်ရမလား”

“ခန်းမသခင်ကိုး”

တစ္ဆေ သူတော်စင်သည် ခန်းမသခင်နှင့် အခြားသူများကို တစ်ချက်ကြည့်၍ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

“ဒီနတ်ဆိုးမျိုးနွယ်ရဲ့ ပစ္စည်းတွေကို ကျုပ်တို့ စိတ်ဝင်စားတယ်၊ မင်းတို့ သွားလို့ရပြီ”

*ဘာ*

ထိုစကားကြောင့် ခန်းမသခင်နှင့် အခြားသူများ မျက်နှာ သုန်မှုန်သွားသည်။

မောက်မာလွန်းသည်၊ ခြယ်လှယ်လွန်း၏။

တစ်ဖက်သူသည် ဝံပုလွေလေး၏ အမည်ကို အသုံးချ၍ ယဲ့ဖန်နှင့် အခြားသူများအား နတ်ဆိုးမျိုးနွယ်၏ ပစ္စည်းများကို လက်လျှော့ရန် ပြောဆိုနေသည်။

*ဒါက …*

ထိုအချိန်၌ ခန်းမသခင်နှင့် အခြားသူများ၏ နဖူးမှ ချွေးများ စီးကြလာပြီး ယဲ့ဖန်အား လှမ်းကြည့်လာကြသည်။

“မင်းက ခေါင်းဆောင်လား”

တစ္ဆေ သူတော်စင်သည် မသိမသာ အံ့ဩသွားကြသည်။ နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့် တစ်ယောက်က ခန်းမသခင်နှင့် အခြားသူများ၏ အရှင်သခင် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိချေ။

သို့သော် ခေါင်းဆောင်က မည်သူပင် ဖြစ်နေပါစေ၊ တစ္ဆေ သူတော်စင်က အလေးထားမည် မဟုတ်ပါ၊ သူက လက်ခါပြ၍ ပြောလိုက်သည်။

“ကောင်လေး မသေချင်ရင် ပန်းချီကားကို ချထားပြီး ထွက်သွားတော့”

ယဲ့ဖန်က နှုတ်ခမ်းကို တွန့်ကွေး၍ ခေါင်းခါလိုက်သည်။

“မင်းက ငါ့ကို ခွန်အားကြီးချင်ယောင်ဆောင်ပြနေတာလား”

တိတ်ဆိတ်သွားသည်။ ယဲ့ဖန် ပြောလိုက်သော စကားက အသံပိတ်သည့် ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ထိုနေရာတစ်ခုလုံးအား တိတ်ကျသွားစေသည်။

ခန်းမသခင်နှင့် အခြားသူများတောင်မှ ယဲ့ဖန် ဤမျှ ခက်ထန်လိမ့်မည်ဟု ထင်မထားမိချေ။ စကား တစ်ခွန်းတည်းနှင့် ရန်စမိသွားလေပြီ။ ထိုအချိန်၌ ခန်းမသခင်နှင့် အခြားသူများ၏ နဖူးထက်မှ ပဲစေ့အရွယ်ခန့် ချွေးစေးများ စီးကျလာသည်။

သူတို့သည် သန်မာကြသည်၊ သို့သော် ကပ်ဆိုးဂြိုဟ်၌ ပို၍သန်မာသော ပုံရိပ်တစ်ခု ရှိနေသည်။

သို့သော် ယခုအခါတွင် …. ခန်းမသခင်နှင့် အခြားသူများသည် ဟော့ပေါ့အိုးထဲမှ ပုရွက်ဆိတ်များကဲ့သို့ ရင်တုန်နေပြီး အေးစက်နေသော အခြေအနေအား ပြေလျော့စေရန် ဝင်ပြောချင်နေကြသည်။

ထိုအချိန်၌ တစ္ဆေသူတော်စင်၏ မျက်နှာက ရုတ်ချည်းဆိုသလို မည်းမှောင်လာ၏။

“ဟေ့ကောင်လေး မင်း ငါ့ကို ပြောနေတာလား”

သူ ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ကပ်ဆိုးဂြိုဟ်သည် ဂြိုဟ်များ၏ အရှင်သခင်များ စုဝေးရာ နေရာဖြစ်သော်လည်း နဂါးများသည် ငြိမ်ကုပ်၍ ကျားများ ဝပ်နေကြရမည့် နေရာ ဖြစ်သည်။

မည်သူကမျှ ဗိုလ်မှူးများ၏ အာဏာကို စိန်မခေါ်ရဲပါ။

ယဲ့ဖန်သည် ပထမဆုံးသူပင် ဖြစ်လေသည်။ စက္ကန့်ပိုင်းအတွင်း၌ တစ္ဆေ သူတော်စင်၏ မျက်နှာက ပြာနှမ်းလာပြီး ယဲ့ဖန်အား အေးစက် ခက်ထန်စွာ ကြည့်လာသည်။

“အခုချက်ချင်း မြေကြီးပေါ် ဒူးထောက်ပြီး ကိုယ့်ကိုယ်ကိုယ် အချက်တစ်ရာ ရိုက်စမ်း၊ ငါ ခန်းမသခင် မျက်နှာကို ထောက်ထားပြီး မင်းအသက်ကို ချမ်းသာပေးလိုက်ပါ”

“မဟုတ်လို့ကတော့ …”

တစ္ဆေ သူတော်စင်၏ စကားလုံးများက ခါးသက်လာသည်။

ဖြောင်း!

သူ့စကား မဆုံးသေးခင်မှာပင် သူ့မျက်နှာက အားနှင့် ရိုက်နှက်ခံလိုက်ရသည်။ ရုတ်တရက် လူတစ်ကိုယ်လုံး ပိတ်ကန်ခံလိုက်ရသကဲ့သို့ လွင့်ထွက်ကာ လဲကျသွားလေသည်။

အားလုံး မှင်တွေနေကြပြီး ခေါင်းထဲ ဗလာ ဖြစ်နေကြသည်။ နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်၏ ပါးရိုက်ချက်ကြောင့် တစ္ဆေ သူတော်စင် လွင့်ထွက်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

*အံ့ဩစရာ ကောင်းလိုက်တာ*

ခန်းမသခင်နှင့် အခြားသူများသည် မနေနိုင်ဘဲ တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။

*ကြမ်းလိုက်တဲ့လူ*

သူတို့၏ အရှင်သခင်က အကြမ်းပတမ်း ရိုက်နှက်ရဲသည့် ခက်ထန်သော လူတစ်ယောက်ဖြစ်မှန်း ထိုအခါမှ သူတို့ သိလိုက်ရသည်။

“မင်း … မင်းကများ ငါ့ကို ရိုက်ရဲတယ်”

တစ္ဆေ သူတော်စင်၏ နှုတ်ခမ်းထောင့်များ သွေးများ စီးကျနေသည်။ ယခုအချိန်၌ သူ အာရုံလွင့်ပြားသွားသောကြောင့် ယဲ့ဖန်၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက အောင်မြင်သွားတာ ဖြစ်မည်ဟု သူ ထင်နေသည်။

ဖြောင်း!

သူ့စကားသံ အဆုံး၌ နောက်တစ်ချက် အရိုက်ခံလိုက်ရပြန်သည်။ သူ့မျက်နှာ တစ်ပြင်လုံး နီရဲ၍ ရောင်ကိုင်းလာသည်။

“မင်းကို ရိုက်ရဲတယ် ဟုတ်လား”

ယဲ့ဖန်၏ နှုတ်ခမ်း၌ သရော်ဟန်များ ထင်ဟပ်နေ၏။

“လောကကြီးက နိမ့်ချီ မြင့်ချီပဲလေ၊ မင်းကို ရိုက်တယ် ဟုတ်လား၊ ရိုက်တော့ ဘာဖြစ်လဲ”

ယဲ့ဖန်၏စကားကြောင့် တစ္ဆေ သူတော်စင် မှင်တက်သွားသည်။ ထိုစဉ် ယဲ့ဖန်၏ တတိယ လက်သီးချက်က ပြင်းထန်စွာ ကျရောက်လာပြန်သည်။

“သေစမ်း”

တစ္ဆေ သူတော်စင် ပြန်တိုက်ခိုက်ချင်နေသည်။ ထိုစဉ် သူ၏ တန်ပြန်တိုက်စစ်နှင့် ရှောင်တိမ်းနိုင်သော လမ်းကြောင်းအားလုံးက ယဲ့ဖန်၏ ပိတ်ဆို့ခြင်းကို ခံထားရကြောင်း သူ သိလိုက်ရသည်။

သူ၏ မလိုလားသော အကြည့်အောက်၌ တတိယမြောက် ရိုက်ချက်က သူ့မျက်နှာပေါ်သို့ ကျရောက်လာ၏။

ဖြောင်း!

သွေးများ ပန်းထွက်လာပြီး တစ္ဆေသူတော်စင်၏ ပါးစပ်ထဲမှ သွားတော်တော်များများ ကျွတ်ထါက်သွားသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

“အချက်တစ်ရာ ရိုက်ပေးရမှာလား၊ ဒါဆို ငါ မင်းအတွက် ဖြည့်ဆည်းပေးရတာပေါ့”

အားလုံး၏ တုန်လှုပ်ချောက်ခြားနေသော အကြည့်အောက်၌ ယဲ့ဖန်၏ လက်များက စုံချည်ဆန်ချည် လှုပ်ရှားနေ၏။

ဖြောင်း! ဖြောင်း!

လေဟပ်သံများက တစ္ဆေ သူတော်စင်၏ နားထဲ တိုးတင်လာပြီးနောက် သူ့မျက်နှာပေါ်သို့ ရိုက်ချက်များ ဆက်တိုက် ကျရောက်လာသည်။

ဆယ်ချက်၊ အချက် နှစ်ဆယ်၊ အချက် ငါးဆယ်၊ အချက် တစ်ရာ။

အချက်တစ်ရာနှင့်အတူ တစ္ဆေ သူတော်စင် လွင့်ထွက်သွားသည်။ သူ့မျက်နှာတစ်ခုလုံး နီရဲ၍ ပါးစပ်ထဲမှ သွေးအန်နေလေသည်။ ဆိုးရွားလှသည်။

သူသည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ မယုံနိုင်သော အကြည့်များဖြင့် ယဲ့ဖန်ကို လှမ်းကြည့်မိသည်။ ထိုစဉ် ယဲ့ဖန်ထံမှ ဆက်ထွက်လာသော စကားက သူ့အား ပို၍ သွေးအန် သွားစေသည်။

“ဟန်ဆောင်နေတာလား”

“အိုးဖင်သူငယ်ချင်းလေး ငါ သန်မာခဲ့တဲ့အချိန်တုန်းက မင်း ဘိုးဘေးတွေအားလုံးက အရည်ပဲ ရှိသေးတာ၊ နားလည်လား”

Chapter 528 ရန်သူတွေက နေရာတိုင်းမှာ ရှိတယ်

တိတ်ဆိတ်၍သွားသည်။ ထိုသို့သောအချိန်၌ ဈေးဆိုင်ရှေ့မှ လေထုသည် အေးစက်နေပုံရသည်။

ဘေးပတ်လည်မှ များစွာသော ဖြတ်သွားဖြတ်လာများသည် တတိယဗိုလ်မှူး၏ အရိုက်ခံထားရ၍ ဝက်ခေါင်းကဲ့သို့ ဖူးယောင်ကာ သွေးသံတရဲရဲ ဖြစ်နေသော မျက်နှာကိုကြည့်ပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေသည်။

“မြတ်စွာဘုရား၊ ဒါ ပွစိပွစိ ပြောလိုက်မိလို့ ဒီလို အရိုက်ခံလိုက်ရတာလား”

“မယုံနိုင်စရာပဲ၊ ဒီနတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့် ကောင်လေးက ဘယ်လိုကောင်လဲကွာ”

“ငါ လေးစားတယ်ကွာ၊ ကပ်ဆိုးဂြိုဟ်ကိုလာပြီး ဝံပုလွေအဖွဲ့က ဝံပုလွေလေးရဲ့ လက်အောက် ငယ်သားကိုတောင်မှ ဒီလို တိုက်ခိုက်ရဲတာပဲ”

“…”

ထိုအချိန်၌ ဘေးပတ်လည်မှ ထိတ်လန့်တကြား ပြောဆိုနေသံများ ထွက်ပေါ်လာသည်။ ထိုစကားများကို တတိယဗိုလ်မှူး ကြားပြီးနောက် သူ့မျက်နှာက ချက်ချင်း ပြာနှမ်းလာလေသည်။

ဝေါ့!

သူ နီရဲနေသော သွေးများကို အန်လိုက်မိပြန်သည်။

“ဘယ်လိုလုပ် … ဒီမိစ္ဆာကောင်ကတော့”

တစ္ဆေ သူတော်စင်သည် ယဲ့ဖန်အား အလွန် ထိတ်လန့်၍ မကျေမချမ်း ဖြစ်နေသော အကြည့်များဖြင့် ကြည့်နေသည်။

သူ၏ သူတော်စင် အထွတ်အထိပ်အဆင့် ခွန်အားသည် နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်၏ ခွန်အားရှေ့၌ သေးနုပ်နေသည်ကို သူ သတိထားမိသည်။

တစ်ဖက်လူ၏ လက်ဝါးချက် တစ်ချက်ကိုတောင်မှ သူ တောင့်မခံနိုင်ချေ။ ဤကဲ့သို့ ကြောက်လန့်၍ ကြံရာမရ ဖြစ်ခြင်းမျိုးကို သူ၏ သခင်လေးဖြစ်သူ ဝံပုလွေလေး တစ်ယောက်တည်းနှင့် တိုက်ခိုက်မှသာ သူ ခံစားဖူးသည်။

တောက်! တောက်!

ထိုအချိန်၌ သူနှင့်အတူ ပါလာသော သူတော်စင်အဆင့် သိုင်းပညာရှင် အယောက် နှစ်ဆယ်ကျော်တို့သည် ချွေးပြန်၍ ကြောက်လန့်နေကြသည်။

ယဲ့ဖန်က ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ယဲ့ဖန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလာသောအခါ ထိုသူတော်စင်အဆင့် အယောက်နှစ်ဆယ်ကျော်တို့သည် ကြောက်လန့်၍ ကတုန်ကယင်နှင့် နောက်သို့ တစ်လှမ်းဆုတ်ကြလေသည်။

ယဲ့ဖန်အား ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်နေ ကြသည်။

“မင်း ကျေနပ်လား”

ယဲ့ဖန်၏ ခက်ထန်သော အသံ ထွက်ပေါ်လာသည်နှင့် သူသည် ရုတ်တရက် နှလုံးခုန်နှုန်း ရပ်တန့်သွားသလို ခံစားမိပြီး သူ့ပါးစပ်ထောင့်မှ သွေးများ ထပ်၍ စီးကျလာပြန်သည်။

*မင်းက ငါ့ကိုလည်း ရိုက်သေးတယ်၊ ကျေနပ်လားလို့ မေးသေးတယ် ဟုတ်လား*

*ငါ ဘယ်လိုလုပ် ဆန့်ကျင်ရဲမှာလဲ*

အကယ်၍ သူသာ “ဟင့်အင်း” ဟု ပြောရဲပါက သူ့ကို စောင့်ကြိုနေသော အရာမှာ နောက်ထပ် ပြင်းထန်သော ရိုက်ချက်ကလွဲ၍ အခြားမရှိနိုင်ပေ။

“ဓားကျိုး …”

ချွင်!

သူ့စကားအဆုံး၌ ရွှေရောင် ဓားတစ်လက် ထွက်ပေါ်လာသည်။ သူသည် ဓားတစ်လက်ကို ဆွဲကိုင်ထားသော လူသတ်လိုသည့် အကြည့်များဖြင့် ကြည့်နေသည့် ယဲ့ဖန်ကို ကြည့်ပြီး ကြောက်လန့်နေသည်။

“ငါ … ငါ ကျေနပ်တယ်ဆိုရင်ရော မင်း ငါ့ကို သတ်ချင်သေးလား”

သူ၏နဖူးမှ ချွေးအေးများ တစက်စက် စီးကျလာသည်။ အကယ်၍ ယဲ့ဖန်သာ သူ့ကို သတ်မည် ဆိုပါက သူ့ဘေးမှ သူတော်စင်အဆင့် သိုင်းပညာရှင် အယောက်နှစ်ဆယ်ပင် တောင့်ခံရန် ခက်ခဲလှသည်ကို သူ သိနေသည်။

“မင်း ကျေနပ်တယ်ဆိုရင်လည်း သေရမှာပဲ”

ယဲ့ဖန်က ခပ်အေးအေး ပြောလာသည်။ ထိုစကားကြောင့် တစ္ဆေ သူတော်စင်၏ မျက်နှာအား သုန်မှုန်သွားစေသည်။

“ဒီလိုဆို … ငါ မကျေနပ်ဘူးဆိုရင်ရော”

“မကျေနပ်ရင် သေရမယ်”

ဝေါ့!

ထိုစဉ် သူ ထပ်၍ သွေးအန်မိပြန်သည်။

*ချီးပဲ၊ မင်း ငါ့ကို ဘယ်လိုနေနေ သတ်မယ်ဆိုလည်း ဘာလို့ ငါ့ကို ကျေနပ်လားလို့ မေးသေးလဲ*

သူ မှင်တက်နေစဉ် ယဲ့ဖန်၏ အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။

“မင်းမျက်လုံးထဲမှာ အာဃာတတရားတွေ ရှိနေတယ်၊ အဲ့လို အာဃာတတွေကို ငါ မကြိုက်ဘူး”

“အဲ့တော့ မင်း လက်ခံတာပဲ ဖြစ်ဖြစ်၊ ငြင်းပယ်တာပဲဖြစ်ဖြစ် သေကိုသေရမယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်က ဓားကိုဝင့်၍ ခုတ်ပိုင်းရန် ပြင်လာသည်။

*မကောင်းတော့ဘူး*

ဤသည်ကိုကြည့်ပြီး တစ္ဆေ သူတော်စင် တုန်ယင်သွားသည်။ ထိုရွှေရောင်ဓား၌ မိုးကောင်းကင် တာအိုသဘောတရားများ ပါဝင်နေသည်ဟု သူ သတိထားမိသည်။ သူ ပြန်လည် တိုက်ခိုက်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း ပြုလျင်တောင်မှ သူ ထိုဓားချက်ကြောင့် ခေါင်းဖြတ်ခံ ရလောက်သည်။

ရုတ်တရက် သူ အလွန် ကြောက်လန့်လာသည်။ ကျန်ရှိနေသော သူတော်စင်အဆင့် အယောက် နှစ်ဆယ်ကျော်သည်လည်း ထိတ်လန့်နေ၏။

ထိုစဉ် ခန်းမသခင်နှင့် အခြားသူများက ကြောက်လန့်တကြားနှင့် ကပျာကယာ ဒူးထောက် လာကြသည်။

“အရှင် စိတ်ကိုထိန်းပါ”

*ဟမ်*

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ဓားကိုရုတ်၍ အေးစက်သော မျက်လုံးများဖြင့် ခန်းမသခင်တို့ကို စိုက်ကြည့်လိုက်သည်။

ထိုအခိုက်တွင် ခန်းမသခင်နှင့် အခြားသူများသည် ရက်စက် ကြမ်းကြုတ်သော ရှေးဟောင်းသားရဲ တစ်ကောင်၏ စူးစိုက်ခြင်းကို ခံနေရသည်ဟု ခံစားမိလာသည်။

အကယ်၍ သူတို့သာ အကျိုးအကြောင်း မရှင်းပြနိုင်ပါက ယဲ့ဖန်က သူတို့ကို ပြန်သတ်လောက်သည်။ ခန်းမသခင်နှင့် အခြားသူများ တုန်တုန်ယင်ယင်နှင့် ပြန်ပြော လိုက်သည်။

“အရှင်၊ တတိယဗိုလ်မှူးက ဝံပုလွေအဖွဲ့ရဲ့ လူပါ။ ဝံပုလွေအဖွဲ့နဲ့ ကျွန်တော်တို့ နဂါးနက်ခန်းမတို့က အမြဲတမ်း မိတ်ဆွေအဖြစ် တည်ရှိနေခဲ့တာပါ။ တကယ်လို့ အရှင်က သူ့လူတွေကို သတ်လိုက်မယ်ဆိုရင် ဒါက ကပ်ဆိုးဂြိုဟ်က နဂါးနက် ခန်းမကို စီးပွားရေး ခြေကုပ်ယူဖို့ ခက်ခဲအောင် လုပ်မိသွားပါလိမ့်မယ်”

“ကျေးဇူးပြုပြီး အရှင် တတိယဗိုလ်မှူးကို ခွင့်လွှတ်ပေးလိုက်ပါ”

ထို့နောက် ခန်းမသခင်တို့အားလုံး ခေါင်းကို ငုံ့ထားကြသည်။ သူ၏ စကားကြောင့် ယဲ့ဖန်က တတိယဗိုလ်မှူးဖြစ်သူ တစ္ဆေ သူတော်စင်အား လှမ်းကြည့်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် တစ္ဆေ သူတော်စင် ကြက်သီးမွေးညင်းထကာ ဖြူဖပ်ဖြူရော် မျက်နှာထားနှင့် ပြန်ပြောလိုက်သည်။

“အရင်ဆုံး … လူကြီးမင်း မစိုးရိမ်ပါနဲ့၊ ကျုပ် မကျေမနပ် မဖြစ်ရဲပါဘူး။ ကျုပ် လက်စားချေရဲမယ်ဆိုရင် ကျုပ် အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားပါစေ”

တစ္ဆေ သူတော်စင်သည် သွေးသစ္စာ ကျိန်ဆိုလိုက်သည်။ ဤသည်ကြောင့် ယဲ့ဖန်က ကျေနပ်သလို ခေါင်းညိတ်ပြလိုက်သည်။

“မင်းစကားကို မင်း မှတ်ထားပါ၊ နောက်တစ်ခါဆိုရင် ငါ မင်းကို သတ်ပြီး ငရဲကို ပို့လိုက်မယ်”

ယဲ့ဖန်သည် လက်စားပြန်ချေမည်ကို ဂရုမစိုက်ပါ။ သူ ပြဿနာ ထပ်တလဲလဲ မဖန်တီးချင်သလို၊ အားမကုန်ချင်၍သာ ဖြစ်လေသည်။

ထို့နောက် ယဲ့ဖန်သည် သူ့ကို တစ်ချက်လေးမှ ငဲ့မကြည့်တော့ချေ။ သူသည် ခြေတစ်ဖက် ကျိုးနေသော အဘိုးအိုထံမှ နတ်ဆိုးမျိုးနွယ်များ၏ အကြွင်းအကျန် ပစ္စည်းများကို ယူလိုက်သည်။ ပြီးနောက် ခန်းမသခင်နှင့် အခြားသူများကို ဦးဆောင်၍ တစ်လှမ်းချင်း ထွက်သွားလေသည်။

ယဲ့ဖန်နှင့် အခြားသူများ ထွက်သွားမှသာ တစ္ဆေ သူတော်စင်သည် ကြက်သေသေနေရာမှ သတိဝင်လာသည်။

သူ့ကျောပြင်တစ်ခုလုံး ချွေးများကြောင့် စိုရွှဲနေပြီး တစ်ကိုယ်လုံး ရေချိုးချထားလေသလားဟု ထင်မှတ်ရသည်။

“တတိယဗိုလ်မှူး၊ ခင်ဗျား … ခင်ဗျား အဆင်ပြေရဲ့လား”

ထိုအခါမှ သူတော်စင်အဆင့် သိုင်းပညာရှင်တစ်ယောက်က သူ့ကို ထူမရန် ရှေ့သို့ လှမ်းလာသည်။ သူသည် အရှက်ခွဲခံရခြင်းကြောင့် ဒေါသဖြစ်ကာ ထိုသူတော်စင်အဆင့်အား ကန်ကျောက်လိုက်ပြီးမှ ထရပ်လေသည်။

“အဆင်ပြေရဲ့လား ဟုတ်လား၊ ငါက အသတ်ခံရခါနီးကနေ ပြန်ရှင်လာတာကွ၊ မင်း တစ်ခြား ပြောစရာ မရှိဘူးလား”

ယခုလေးတင် သေမင်းခံတွင်းဝမှ လှည့်ပြန်လာနိုင်ခဲ့ပုံကို တွေးမိပြီးနောက် သူ ပြန်ကြောက်လန့်လာသည်။

ဘေးပတ်လည်မှ ကျန်သူတော်စင်အဆင့် သိုင်းပညာရှင်များက အသည်းအသန် ဝင်ပြောလာသည်။

“တတိယ ဗိုလ်မှူး ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ သူတို့ကို ရှင်းလင်းပစ်ဖို့ လူအင်အား ပိုများတာပဲလေ”

ဖြောင်း!

ထိုစကားအဆုံး၌ ထိုသိုင်းပညာရှင်သည် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသည်။ တစ္ဆေ သူတော်စင်က လေသံ ခပ်မာမာဖြင့် ကြိမ်းမောင်းလေသည်။

“မင်း မကြားလိုက်ဘူးလား၊ ငါ ခုနလေးတင် သွေးသစ္စာ ကျိန်ခဲ့ရတာလေ။ လက်စားချေ ရဲခဲ့မယ်ဆိုရင် အရိုးတစ်ခြား အသားတစ်ခြား ဖြစ်ပါစေလို့ ကျိန်ခဲ့တာလေ”

သူတော်စင်တိုင်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့ တုန်ယင်သွားကြသည်။ သို့သော် ထိုသူတော်စင်များထဲမှ တစ်ယောက်က ဘေးဘီကို ဝေ့ကြည့်၍ သူ့အား တိုးတိုးတိတ်တိတ် ကပ်ပြောလာသည်။

“တတိယ ဗိုလ်မှူး၊ ခင်ဗျား ခုနက ကျိန်ဆိုတဲ့ သွေးသစ္စာက ခင်ဗျားကိုယ်တိုင် လက်စားမချေပါဘူးလို့ပဲ ပြောတာလေ၊ အခြားသူတွေကို လက်စားမချေခိုင်းပါဘူးလို့မှ မပြောထားတာ”

*ဟင်*

ထိုစကားကြောင့် တစ္ဆေ သူတော်စင် မျက်လုံး အရောင်တောက်သွားသည်။

“မင်း ပြောချင်တာက”

“ဟုတ်ပါတယ်၊ တကယ်လို့ ဒီနေ့အကြောင်း သတင်းလွှင့်လိုက်မယ်ဆိုရင် ကပ်ဆိုးဂြိုဟ် တစ်ခုလုံး အရှက်ရသွားမှာပဲ။ ဒီလိုဆို ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးတို့က လုံးဝ အလျော့ပေးမှာ မဟုတ်ဘူး”

“သူတို့ကို ကျွန်တော်တို့ကိုယ်တိုင် ဆွပေးဖို့ မလိုဘူးလေ၊ သူတို့ဘာသာသူတို့ အဲ့ဒီလူကို သတ်ပစ်လိမ့်မယ်”

ထိုသူတော်စင်အဆင့် သိုင်းပညာရှင်၏ မျက်နှာသည် စဉ်းလဲလွန်းသည်။ သူ၏ စကားများက တစ္ဆေ သူတော်စင်၏ မျက်လုံးများကို တောက်ပသွားစေသည်။

“ကောင်းပြီ၊ ဒီလိုဆို သတင်းလွှင့်လိုက်၊ ငါ အဲ့ကောင် သင်္ဂြိဟ်စရာ အလောင်းမရှိဘဲ သေသွားတာကို ငါ လိုချင်တယ်”

ထိုသို့ပြောပြီး သူက ထိုသိုင်းပညာရှင်ကို ကြည့်ကာ ပြောလိုက်သည်။

“ရွှမ်ထုံ၊ နောက်ဆိုရင် မင်းကို ငါ့ဘယ်လက်ရုံးအဖြစ် ရာထူးတိုးပေးမယ်။ ငါ အဲ့ကောင်ကို လက်စားချေနိုင်အောင်သာ ကူညီပေး။ သူ့ကို ဗိုလ်မှူးနှစ်ယောက် သတ်လိုက်တာနဲ့ သူ့ခေါင်းကို င့ါဆီ ယူလာဖို့ သတိရ”

“ဟုတ်ကဲ့ပါ၊ တတိယဗိုလ်မှူး”

ရွှမ်ထုံ တက်ကြွသွားပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိသည်။

....

ထိုနေ့နောက်ပိုင်းတွင် ကပ်ဆိုးဂြိုဟ်တစ်ခုလုံးသို့ သတင်းတစ်ခု ပျံ့နှံ့သွားလေသည်။ ထိုသတင်းသည်ကား ကြမ်းတမ်းသော နဂါးနက် အရှင်သခင်က တတိယဗိုလ်မှူးအား အပြင်းအထန် ရိုက်နှက်၍ ကပ်ဆိုးဂြိုဟ်ပေါ်က လူအားလုံး အမှိုက်တွေပဲဟု ကျိန်ဆဲသွားသည် ဟူသော သတင်းပင်။

ထိုသတင်းသည် တောင်ပံပါသကဲ့သို့ ကပ်ဆိုးဂြိုဟ်၏ ချောင်ကြိုချောင်ကြားမကျန် နေရာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအခါ အဆိုပါ သတင်းကြောင့် ကပ်ဆိုးဂြိုဟ်ပေါ်မှ လူတိုင်း စိတ်တိုလာကြလေသည်။

All Chapters