← Chapters

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

Chapter 529 ဖုထျန်းနှင့် အီကွမ်နာ

နဂါးနက် အရှင်သခင်။

ထိုအမည်သည် ကြယ်တံခွန်ကဲ့သို့ ကပ်ဆိုးဂြိုဟ်၌ ထွန်းတောက်လျက် ရှိသည်။ ဂြိုဟ်သခင်များက နဂါးနက်သခင်၏ တတိယဗိုလ်မှူးအပေါ် သောင်းကျန်း၍ ရိုက်နှက်ခြင်းကို ပြောဆိုနေကြသည်။

ဤသည်မှာ ဝံပုလွေအဖွဲ့အား ပထမဆုံးအကြိမ် စိန်ခေါ်ရဲသည့် ဖြစ်ရပ်ပင်။ သို့သော် အားလုံးနီးပါး၏ စိတ်ထဲတွင် နဂါးနက်အရှင်အား အကောင်းမမြင်တော့ချေ။

တစ်ဖက်လူသည် မည်မျှ သန်မာပါစေ ဤကပ်ဆိုးဂြိုဟ်တွင်တော့ ဗိုလ်မှူးနှင့် ဒုဗိုလ်မှူးတို့ ရှိနေသည်။ ထိုသူနှစ်ယောက်က ပို၍ ကြောက်စရာ ကောင်းသည်။ ဆန်းကြယ်၍ စိတ်ဝင်စားစရာ ကောင်းသော ဝံပုလွေအဖွဲ့က ငြိမ်သက်နေဆဲပင်။

....

သုံးရက်ကြာပြီးနောက် ကျားများနှင့် ဝံပုလွေများကဲ့သို့ သွေးဆာနေသော စစ်သားတစ်ဖွဲ့က ကပ်ဆိုးဂြိုဟ်ပေါ်သို့ ရောက်ရှိလာကြသည်။

ထိုသွေးဆာနေသော စစ်တပ်၌ လူရာကျော် ပါရှိသည်။ ထိုသူထဲမှ အနိမ့်ဆုံး သိုင်းအဆင့်ရှိသူပင် နတ်ဧကရာဇ် အထွတ်အထိပ် ရှိကာ ထိုထဲမှ ဒါဇင်ချီသော လူများသည် သူတော်စင်အဆင့်များ ဖြစ်ကြသည်။ ကြောက်ခမန်းလိလိပင်။

သူတို့အားလုံးသည် တလက်လက် လင်းနေသော မြင်းနဂါးများကို စီးထားကြသည်။ အားလုံး၏ ကိုယ်၌ သွေးများ စွန်းထင်းနေပြီး သားသတ်ကွင်းမှ ပြန်လာလေသလားဟု ထင်မှတ်ရ၏။

စစ်တပ်ကို ဦးဆောင်လာသော လူနှစ်ယောက်ကို မြင်ပြီးနောက် အားလုံး အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း မြေကြီးပေါ် ဒူးထောက်လာကြသည်။

“သူပုန်တွေကို နှိမ်နင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဗိုလ်မှူး”

“အောင်ပွဲအားလုံးအတွက် ဂုဏ်ယူပါတယ် ဒုဗိုလ်မှူး”

ထောင်သောင်းချီသော အစောင့်အကြပ်များက ဒူးထောက်နေသည့် မြင်ကွင်းသည် အလွန် မှင်တက်ဖွယ် ကောင်းလှပေသည်။

ဗိုလ်မှူး၏ အမည်သည် ဖုထျန်း ဖြစ်လေသည်။ သူသည် သံမဏိမျှော်စင်နှင့် ဆင်တူပြီး အရပ် နှစ်မီတာ မြင့်ကာ ကြွက်သားများနှင့် ပြည့်နှက်နေ၏။

ဒုဗိုလ်မှူး၏ အမည်သည် အီကွမ်နာ ဖြစ်သည်။ ဖုထျန်းလောက် မသန်မာသော်လည်း သူ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်လျက် ရှိသည်။ လှုပ်ရှားမှုတိုင်းက လူများစွာတို့အား အန္တရာယ်ပေးနိုင်သည့် အရိပ်အယောင်များ ပါဝင်နေသည်။

ဗိုလ်မှူးနှစ်ယောက်လုံးသည် သူတော်စင် အထွတ်အထိပ်များ ဖြစ်ပြီး အရှိန်အဝါက တတိယ ဗိုလ်မှူးထက် ပိုပြင်းထန်၍ သူ့ထက် ဆယ်ဆမက ပိုသန်မာလေသည်။

“ဟေ့လူတွေ၊ ဖုထျန်းနဲ့ အီကွမ်နာ ပြန်လာသည်။ သူတို့က ဂြိုဟ်နယ်မြေတွေက သူပုန်တွေကို ရာဂဏန်းလောက်ပဲ ရှိတဲ့လူတွေနဲ့ ထောင်ချီတဲ့ နတ်ဘုရားမျိုးနွယ် သူပုန်တွေကို သတ်ပစ်ခဲ့တာလို့ ပြောကြတယ်”

“ဟုတ်တယ် ငါလည်း အဲ့လိုပဲ ကြားတယ်၊ အဲ့ဒီ ပုန်ကန်တဲ့ ဂြိုဟ်နယ်မြေတွေက တအား သန်မာပြီးတော့ ဂြိုဟ်နယ်မြေ တစ်ခုချင်းစီက စစ်သား အယောက်တစ်သောင်း ပိုင်တယ်တဲ့၊ ဒါပေမဲ့ ဖုထျန်းနဲ့ အီကွမ်နာက ခြောက်သွေ့နေတဲ့ ပေါင်းပင်တွေနဲ့ သစ်ဆွေးတွေကို ရှင်းသလို သုတ်သင်သွားတာတဲ့”

“ကြည့်စမ်း … ဖုထျန်းနဲ့ အီကွမ်နာရဲ့ မြင်းနဂါးအမြီးမှာ ဘာတွေ ချိတ်ထားတာလဲ”

“….”

ထိုစဉ် အားလုံးက ဖုထျန်းနှင့် အီကွမ်နာတို့အား ထိတ်လန့်တကြား ကြည့်လိုက်မိသည်။ ဗိုလ်မှူးနှစ်ယောက်လုံးသည် မြင်းနဂါးပေါ်၌ ထိုင်လျက်ရှိနေပြီး ၎င်းတို့စီးလာသော မြင်းနဂါး၏ အမြီး၌ ခေါင်းပြတ်များကို ချိတ်ဆွဲထားသည်။

တစ်လုံး၊ ဆယ်လုံး၊ အလုံးတစ်ရာ၊ အလုံးတစ်ထောင်။

*ဗိုလ်မှူးနှစ်ယောက်လုံးက ထောင်ချီတဲ့ သူတော်စင်အဆင့်တွေရဲ့ ခေါင်းပြတ်တွေနဲ့ ပြန်လာကြတာပါလား*

ဤသည်မှာ ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ ကပ်ဆိုးဂြိုဟ်မှ သိုင်းပညာရှင်များသည် မျက်စိရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်လာကြလေသည်။

*ဒီ ကပ်ဆိုးဂြိုဟ်က ဘာလဲ၊ ဒါ မရဏ နယ်မြေပဲကို*

ဖုထျန်းနှင့် အီကွမ်နာတို့ ဖြတ်သွားချိန်တွင် ခေါင်းပြတ်များအား တစ်လုံးပြီး တစ်လုံး ဖြုတ်ချ၍ ဆက်လျှောက်သွားသည်။

ထိုဦးခေါင်းပြတ်များ၏ မျက်နှာထက်တွင် မသေခင် အလွန် ကြောက်စရာကောင်းသော တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ အဆုံးမဲ့သော ကြောက်စိတ်များနှင့် စိတ်ဓာတ် ပျက်ပြားနေဟန်များ ပေါ်လွင်နေသည်။

“ဒါ ပုန်ကန်တဲ့ ကွမ်တ နယ်မြေရဲ့ သခင်ပဲ၊ မြတ်စွာဘုရား သူတော်စင် နောက်ဆုံးအဆင့်က နောက်ဆုံးတော့ ဒီလို အဖြစ်ဆိုးနဲ့ ကြုံရတာပါလား”

“တစ်ခြားတစ်ယောက်က အပြာရောင် ကောင်းကင် ဂြိုဟ်နယ်မြေက ပင်လယ်ဓားပြ ဘုရင်ပဲ။ သူ အသတ်ခံရလိမ့်မယ်လို့ ထင်မထားမိဘူး”

“ကြောက်စရာ ကောင်းလိုက်တာ၊ ဒီသိုင်းပညာရှင်တွေ ဘာနဲ့ကြုံခဲ့ရလို့ မိစ္ဆာနဲ့ ကြုံတွေ့ရသလို ကြောက်နေတာလဲ”

“…”

ကပ်ဆိုးဂြိုဟ်၏ ပြည်သူများသည် သွေးသံတရဲရဲနှင့် ဦးခေါင်းပြတ်များကို ကြည့်ပြီး အေးခဲသလို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး တုန်ယင်နေကြလေသည်။

ထိုအချိန်တွင် သူတို့သည် ကပ်ဆိုးဂြိုဟ်၏ ဗိုလ်မှူးများ အလွန် ကြောက်စရာ ကောင်းသည်ကို အတော်လေး သိမြင်သွားကြသည်။

ထိုစဉ် ဗိုလ်မှူး ဖုထျန်း၏ မြင်းနဂါးက အစောင့်ခေါင်းဆောင်တစ်ယောက်၏ ရှေ့၌ ရပ်တန့် သွားသည်။ ဖုထျန်း၏ မျက်လုံး၌ အေးတိအေးစက် အလင်းတန်းများ ဖြတ်ပြေးသွားပြီး ထူးမခြားနားဟန်ဖြင့် မေးလိုက်သည်။

“ဘယ်လိုလဲ၊ ငါတို့ ထွက်သွားတဲ့ အချိန်အတောအတွင်း ကပ်ဆိုးဂြိုဟ်မှာ ထူးဆန်းတာ မဖြစ်ဘူးလား”

ဝမ့်ရှင်း ညီလာခံ စနေပြီဖြစ်သဖြင့် ကပ်ဆိုးဂြိုဟ်၌ ငါးရော နဂါးတွေပါ ရောနှောလျက် ရှိသည်။

သို့သော် ဖုထျန်း၏ အမြင်တွင် ကပ်ဆိုးဂြိုဟ်၏ နတ်ဘုရား အစောင့်အရှောက်များကြောင့် မည်သူမျှ ပြဿနာ မရှာရဲလောက်ဟု ထင်ထားလေသည်။

သူ့အမေးကြောင့် အစောင့်ခေါင်းဆောင် တုန်ယင်သွားပြီး မျက်နှာထားက တွေဝေနေသည်။ သူ တစ်ခုခု ပြောချင်သော်လည်း မပြောရဲပုံ ပေါ်နေ၏။

ဤအမူအရာကြောင့် ဖုထျန်းနှင့် အီကွမ်နာတို့ မျက်မှောင်ကြုတ်သွားသည်။

“ဘာဖြစ်တာလဲ၊ ပြောစမ်း”

အေးတိအေးစက် အသံကြောင့် ထိုအစောင့်ခေါင်းဆောင်သည် ကြက်သီးထ၍ ဆီးထွက်ကျမတတ် ဖြစ်သွားသည်။

ထိုအချိန်တွင် လူရိပ်တစ်ခုက အသည်းအသန် ပြေးလာပြီး ဖုထျန်းနှင့် အီကွမ်နာတို့ရှေ့၌ ဒူးထောက်လာသည်။

“ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးကို အရိုအသေ ပေးပါတယ်”

“ရွှမ်ထုံ”

ထိုသူတော်စင်ကိုမြင်ပြီး ဖုထျန်းနှင့် အီကွမ်နာသို့ အံ့ဩသွားသည်။

“မင်းက ငါ့နောက်လိုက် မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီရောက်နေတာလဲ”

“တတိယ ဗိုလ်မှူး … တတိယဗိုလ်မှူး ဒဏ်ရာရထားပါတယ်”

ရွှမ်ထုံ ခေါင်းကိုငုံ့ထားပြီး အထစ်ထစ် အငေါ့ငေါ့ ပြောလာသည်။

*ဘာ*

ထိုစကားကြောင့် ဖုထျန်းနှင့် အီကွမ်နာတို့ မျက်နှာပျက်သွားကြသည်။

“ဘာဖြစ်ခဲ့တာလဲ”

တစ်စုံတစ်ယောက်က ကပ်ဆိုးဂြိုဟ်ပေါ်၌ ပြဿနာရှာရဲသည့် သတ္တိရှိလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

သို့သော် ရွှမ်ထုံ၏ စကားအဆုံး၌ ဗိုလ်မှူးနှစ်ယောက်လုံး၏ လူသတ်လိုသော အငွေ့အသက်များက ကြောက်ခမန်းလိလိ ထွက်ပေါ်လာသည်။

“အရှင်ယီက ဝံပုလွေအဖွဲ့အတွက် နတ်ဆိုးမျိုးနွယ် ပစ္စည်းတွေကို ဝယ်ဖို့ လုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ နဂါးနက် အရှင်သခင်နဲ့ သူ ထိပ်တိုက်တွေ့ခဲ့တာပါ”

“ကျွန်တော့်အရှင်က နဂါးနက်သခင်ရဲ့ အကြိမ်ပေါင်းများစွာ ရိုက်နှက်တာကို ခံခဲ့ရပြီးတော့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ နဂါးနက် သခင်က အရှင့်ကို ဆိုးရွားတဲ့ စကားတွေ ပြောခဲ့ပါတယ်။ ကပ်ဆိုးဂြိုဟ်ပေါ်က နတ်ဘုရားအားလုံးက အမှိုက်တွေချည်းပဲတဲ့၊ တစ်ချက်ရိုက်တာတောင် တောင့်မခံနိုင်ပါလားတဲ့”

ရွှမ်ထုံ၏ စကားအဆုံး၌ ဖုထျန်းနဲ့ အီကွမ်နာတို့၏ ရင်ထဲမှ ဒေါသစိတ်သည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

နှစ်တစ်ထောင် ကြာသည်အထိ ကပ်ဆိုးဂြိုဟ်ပေါ်၌ ပြဿနာရှာရဲသူဟူ၍ မရှိချေ။ ဝမ်ရှင်း ညီလာခံမှာတောင်မှ သေဆုံးသူ ဟူ၍ မရှိချေ။

သို့သော် ယခုအခါတွင် နဂါးနက် အရှင်သခင်သည် ကပ်ဆိုးဂြိုဟ်၏ အရှင်သခင်များကို စိန်ခေါ်ရဲသည့် ပထမဆုံးသူပင် ဖြစ်လေသည်။

“ကောင်းပြီလေ၊ တော်တော် အစွမ်းထက်တဲ့ကောင်ပေါ့လေ”

ဖုထျန်းနှင့် အီကွမ်နာတို့ နှစ်ယောက်လုံး ဒေါပွနေကြသည်။ ထို့နောက် သူတို့သည် လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။

“သွားမယ်၊ ထောင်ချီတဲ့ သူပုန်တွေတောင် ဘယ်တော့မှ ဒီလောက် မမောက်မာဘူး။ အခု ဒီသောက် နဂါးနက်အရှင်ဆိုတဲ့ကောင်ကို သတ်ကြမယ်”

ထိုသို့ပြောပြီးနောက် ဖုထျန်းနှင့် အီကွမ်နာတို့သည် ထောင်ချီသော စစ်သားများနှင့်အတူ နဂါးနက် အစည်းအရုံးခန်းမသို့ ချီတက်သွားလေသည်။

ဒုန်း! ဒုန်း! ဒုန်း!

ထောင်ချီသော သိုင်းပညာရှင်များ ဘေးချင်ယှဉ်၍ လျှောက်နေသောကြောင့် အန္တရာယ် ပေးနိုင်သည့် အငွေ့အသက်များက ကြောက်မက်ဖွယ် ကောင်းလှပြီး ဘေးပတ်လည်မှ အခြားသူများအား အကြီးအကျယ် မျက်နှာပျက်သွားစေသည်။

ဘေးပတ်လည်မှ အခြား သိုင်းပညာရှင်များသည် နဂါးနက် အရှင်သခင်အတွက် စိတ်ထဲ၌ ကျိတ်၍ သနားနေကြသည်။

ကပ်ဆိုးဂြိုဟ်ပေါ်၌ စိန်ခေါ်ရဲသည့် ကြမ်းကြုတ်သောသူက သေဆုံးတော့မည်ဟု ထင်နေကြလေသည်။

ထိုသည်သာမကချေ၊ ထိုလူအုပ်ထဲ၌ ဇာပုဝါအုပ်ထားသော ဖီးနစ် ကချေသည် နတ်သမီးသည် ဟော့ပေါ့အိုးထဲ ကျသွားသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နေမထိထိုင်မသာ ဖြစ်ကာ ရတက်မအေး ဖြစ်နေ၏။

သူမသည် ဘေးနားမှ အဘွားအိုကို လှည့်ကြည့်၍ စိုးရိမ်တကြီး ပြောလိုက်သည်။

“အန်တီရွှယ်၊ သူက ဖုထျန်းနဲ့ အီကွမ်နာတို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ အန်တီ ထင်လားဟင်”

ဘာရယ်ကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်နှင့် နဂါးနက် အစည်းအရုံးခန်းမ၌ တစ်ခါ တွေ့ဆုံးပြီးနောက် ဖီးနစ် ကချေသည် နတ်သမီးသည် မေ့မရနိုင် ဖြစ်နေလေသည်။

သူမ၏ မသိစိတ် တစ်နေရာ၌ ခံစားချက်တစ်ခု ဖြစ်တည်နေသည်။ ယဲ့ဖန်သည် သူမ တစ်သက်လုံး စောင့်မျှော်နေသည့်သူ ဖြစ်နေသည်ဟု သူမ ခံစားမိနေ၏။

ထိုစကားကြောင့် သူမဘေးမှ အဘွားအိုက ခေါင်းခါ၍ ပြုံးလိုက်သည်။

“ဖုန့်ဝူ မရူးစမ်းပါနဲ့၊ မင်းပြောတဲ့ ကောင်လေးကို ငါ သတိထားမိတယ်။ သူက နတ်ဆိုးပဲ”

“ဒါပေမဲ့ သူ ဘယ်လောက်ပဲ မိုက်ပါစေ သူလည်း လူသားတစ်ယောက်ပဲလေ”

“လူတစ်ယောက်မို့ သူလည်း ရှုံးရမှာပဲ”

အဘွားအို၏ စကားကြောင့် ဖုန့်ဝူ၏ မျက်နှာလေးက စက္ကူကဲ့သို့ ဖြူစွတ်လာသည်။

သူမသည်သာမက လူအုပ်ထဲ၌ ယဲ့ဖန်ကို သိသော အမျိုးသမီးတစ်ယောက်လည်း ရှိနေ၏။ သူမသည် နတ်မိမယ် ခုန်လင် ဖြစ်လေသည်။

“နောက်ဆုံးတော့ အဲ့ဒီလူ အဆုံးသတ်တော့မှာလား”

ခုန်လင်၏ မျက်နှာအမူအရာသည် ရှုပ်ထွေး၍ ဝေခွဲမရ ဖြစ်နေသည်။ ယဲ့ဖန်က သူမအစေခံကို သတ်ခဲ့သောကြောင့် သူမ သူ့ကို မုန်းသည်။ ယဲ့ဖန်က နာမည်ကြီးလာသည့်အတွက် သူမ ထိတ်လန့်ခဲ့ရသည်။

ယခုအချိန်၌ ယဲ့ဖန်က သေတော့မလို ဖြစ်နေသည့်အတွက် သူမ ပျော်ရသလို အထီးကျန်သလိုလည်း ခံစားနေရသည်။

ထိုအချိန်တွင် ကပ်ဆိုးဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်များသည် ကပ်ဆိုးဂြိုဟ်၏ ဗိုလ်မှူးအဖွဲ့နှင့်အတူ နဂါးနက် အစည်းအရုံးခန်းမသို့ အပြေးနှင်နေကြသည်။

နဂါးနက် အရှင်သခင် မည်သို့မည်ပုံ ကျဆုံးသွားမလဲဆိုတာကို လူတိုင်း မျက်ဝါးထင်ထင် တွေ့ချင်နေကြလေ၏။

Chapter 530 မင်းကို လိုက်ပို့ပေးဖို့ လိုလား

တစ်ချိန်တည်းမှာပင် နဂါးနက် ခန်းမသည် ဆိုင်ပိတ်ထားသည်မှာ သုံးရက် ရှိလေပြီ။ အစည်းအရုံး ခန်းမပတ်လည်၌ နဂါးနက် ခန်းမ၏ သိုင်းပညာရှင်များက ကပ်ဆိုးဂြိုဟ်မှ လက်စားပြန်ချေလာမည်ကို စိုး၍ စောင့်ကြပ်နေသည်။

သို့သော် ယနေ့တွင် ငလျင်လှုပ်၍ တောင်ပြိုမတက် အသံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော ခြေသံများက မိစ္ဆာတစ်ကောင် နဂါးနက် ခန်းမသို့ ပြေးလာနေသလားဟု ထင်မှတ်ရသည်။

ဤမြင်ကွင်းကြောင့် နဂါးနက် ခန်းမမှ သိုင်းပညာရှင်များ မျက်နှာအမူအရာ ပျက်ယွင်း လာကြသည်။

“သွား … ခန်းမသခင်ကို သတင်းသွားပို့ကြ”

ထိုစကားကြောင့် နဂါးနက် ခန်းမ၏ သိုင်းပညာရှင်တစ်ယောက်က ခန်းမထဲ အပြေးအလွှား ပြန်ဝင်၍ သတင်းပို့လေသည်။

ဒါဇင်နှင့်ချီသော နဂါးနက်ခန်းမ၏ သိုင်းပညာရှင်များ စုဝေး၍ ရှေ့သို့ထွက်ကြည့်လာကြသည်။

မျက်စိရှေ့၌ ဖုန်တထောင်းထောင်းထ၍ ကြောက်မက်ဖွယ်ကောင်းသော မြင်းနဂါးများ ကဆုန်စိုင်း၍ ပြေးလာနေကြသည်ကို တွေ့လိုက်ရသည်။

“အဲ့ဒါ ဖုထျန်းနဲ့ အီကွမ်နာပဲ”

ကြောက်မက်ဖွယ်ကောင်းသော အရှင်သခင်နှစ်ယောက်ကို မြင်ပြီး ဒါဇင်ချီသော နဂါးနက်ခန်းမ၏ သိုင်းပညာရှင်များ ကြက်သီးမွေးညင်း ထသွားကြသည်။

ထိုအခိုက်တွင် သူတို့ကိုယ် အားတင်း၍ သတ္တိမွေးကာ သူတို့ကို ကြိုဆိုနှုတ်ဆက်လိုက်သည်။

“နိမ့်ကျတဲ့ ဒီလူသားက ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးကို ကြိုဆိုပါတယ်”

“အရှင်က ဘယ်သွားနေလဲ ကျွန်တော်မျိုး မသိလို့ပါ၊ ဗိုလ်မှူးတို့ ဘာကိစ္စရှိလို့ပါလဲ”

နဂါးနက် ခန်းမသခင်သည် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထားနှင့် မြင်းနဂါးပေါ်မှ ဖုထျန်းနှင့် အီကွမ်နာတို့ကို ကြည့်လိုက်မိသည်။

ထိုစဉ် ကြမ်းတမ်းသော မြင်းနဂါးများက ရပ်တန့်မသွားဘဲ လျှပ်စီးကဲ့သို့ နဂါးနက် ခန်းမသခင်အား ဝင်တိုက်လာသည်။

ဝုန်း!

နဂါးနက် ခန်းမသခင်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး အပြင်းအထန် ထိခိုက်သွားပြီး လွင့်ထွက်သွားလေသည်။

သူ့ကိုယ်မှ သွေးစက်များ ပန်းထွက်လာသည်။ ထိုသည်သာမကသေးချေ။ ဖုထျန်းနှင့် အီကွမ်နာတို့သည် လူသတ်လိုသော အရှိန်အဝါနှင့် ပြည့်နှက်နေသည်။ ‌ထောင်ချီသော သိုင်းပညာရှင်များကို ဦးဆောင်၍ ဒါဇင်မျှသာ ရှိသော နဂါးနက် သိုင်းပညာရှင်များကို အပြင်းအထန် ဝင်တိုက်ခိုက်လာသည်။

အရိုးကျိုးသံများနှင့် အော်သံများက အဆက်မပြတ် ထွက်ပေါ်လာသည်။ နဂါးနက် သိုင်းပညာရှင် တစ်ယောက်သည် မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် တိုက်ခိုက်ခံရပြီး လွင့်ထွက်သွားသည်။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒါဇင်မျှသာ ရှိသော သိုင်းပညာရှင်များအားလုံး အပြင်းအထန် တိုက်ခိုက်ခံရပြီး သွေးများနှင့် ရွှဲနစ်လာသည်။ ကြမ်းတမ်းလွန်းလှသည်။

ဤမြင်ကွင်းက အခြားသူများကို အံ့အားသင့်သွားစေသည်။ ဖုထျန်းနှင့် အီကွမ်နာတို့ အလွန် စိတ်ဆိုးနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

အကျိုးအကြောင်း မမေးမြန်းပဲ တန်း၍ တိုက်ခိုက်လေသည်။ ဤသည်မှာ အလွန် လူမဆန်လှချေ။

ဖုထျန်းက နဂါးနက် ခန်းမရှေ့၌ ခက်ထန်စွာ ဟစ်အော်လိုက်သည်။

“ခန်းမသခင် ထွက်လာခဲ့စမ်း”

ထိုကြောက်ခမန်းလိလိ အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး နဂါးနက် ခန်းမတစ်ခုလုံး တုန်ခါသွားပြီး အချိန်မရွေး ပြိုလဲသွားမလားဟု ထင်မှတ်ရသည်။

ချက်ချင်းဆိုသလိုပင် ခန်းမသခင်နှင့် အခြားသူများ ထွက်လာကြသည်။ ဖုထျန်း၊ အီကွမ်နာနှင့် အခြားသူများကို မြင်ပြီး အားလုံး မျက်နှာ ပျက်ယွင်းသွားသည်။ သူတို့သည် ဖြူဖပ်ဖြူရော် မျက်နှာထားများနှင့် ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

“ဗိုလ်မှူးနှစ်ယောက် ယမ်းပုံမီးကျနေတာပဲ”

“ဒေါသထွက်တယ် ဟုတ်လား”

ဖုထျန်းက နှုတ်ခမ်းကိုတွန့်ကာ လှောင်ပြုံးပြုံးနေပြီး မျက်လုံးများက မီးဝင်းဝင်း တောက်နေသည်။

“ဒါဆို မင်းတို့ နဂါးနက်အရှင်သခင်က ငါ့ကပ်ဆိုးဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပြီးမှ ငါက ဒေါသထွက်ရမှာလား”

ခက်ထန်လှသည့် အသံက ခန်းမသခင်နှင့် အခြားသူများ၏ နားထဲသို့ မိုးခြိမ်သံကဲ့သို့ ကျရောက်လာသည်။ ထိုအခါ ခန်းမသခင်သည် ဖြူဖပ်ဖြူရော် မျက်နှာထားနှင့် ကြောက်လန့်တကြားဖြင့် ကတုန်ကယင် ပြောလေသည်။

“လူကြီးမင်းတို့၊ တတိယ ဗိုလ်မှူးကို ရိုက်နှက်လိုက်တဲ့အတွက် ကျွန်တော်တို့ အရှင်သခင်ကို အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်တို့ကို တတိယဗိုလ်မှူးက အရင်ရန်လာစခဲ့တာပါ၊ ကျွန်တော်တို့ အရှင်သခင်က နောက်မှ ပြန်တုံ့ပြန်ခဲ့တာပါ”

“အဲ့ဒါအပြင် ကျွန်တော်တို့ အရှင်သခင်က စိတ်သဘောထားကောင်းလို့ တတိယဗိုလ်မှူးရဲ့ အသက်ကို ချမ်းသာပေးခဲ့တာပါ၊ ဗိုလ်မှူးတို့နှစ်ယောက် ထင်ရာမစိုင်းခင် အရင် မေးခွန်း မေးသင့်ပါတယ်”

ခန်းမသခင်သည် ဖုထျန်းနှင့် အီကွမ်နာတို့ကို ကြောက်လန့်သော်လည်း စိတ်ထဲတွင် မကျေမချမ်း ဖြစ်နေ၏။

ခန်းမသခင်၏ မေးခွန်းထုတ်မှုကြောင့် လေထုသည် ချက်ချင်း ဖိအား ပြင်းထန်လာသည်။ ကပ်ဆိုးဂြိုဟ်၏ သိုင်းပညာရှင်တစ်ယောက်သည် ခန်းမသခင်အတွက် ဇောချွေးပြန်နေသည်။

ဖုထျန်း၏ မျက်နှာက သုန်မှုန်လာသည်။

“ရဲတင်းလှချည်လား”

ထိုအသံသည် အသံလှိုင်းကဲ့သို့ ခန်းမသခင်အား ရုတ်တရက် တိုက်ခိုက်လာပြီး ခန်းမသခင်၏ နားစည်အား အပြင်းအထန် ရိုက်ခတ်သွားသည်။

ခန်းမသခင် နောက်သို့ ဆယ်လှမ်းမျှ ပြန်ဆုတ်လိုက်ရသည်။ သူ့မျက်နှာက ဖြူရော်နေပြီး သွေးများက သူ၏နားနှစ်ဖက်နှင့် ပါးစပ်မှ စီးကျလာသည်။

ဖုထျန်း၏ ရက်စက်မှုက အားလုံးကို အံ့ဩသွားစေသည်။ သို့သော် ခန်းမသခင်သည် ဖုထျန်းကို စိုက်ကြည့်၍ ပြောလိုက်သည်။

“သခင်ဖုထျန်း ခင်ဗျားက ကျုပ်နဂါးနက်ခန်းမရဲ့ ထိန်းချုပ်မှုအောက်မှ ရှိနေတာ၊ ခင်ဗျား ဒီလို မလုပ်သင့်ဘူး။ ခင်ဗျား သည်းမခံနိုင်တမ်း အနိုင်မကျင့်သင့်ဘူး”

*ပြောရဲသေးတယ်လား*

ထိုစကားကြောင့် ဖုထျန်း၏ မျက်နှာထားက အေးစက်သထက် အေးစက်လာပြီး သူ့မျက်လုံး၌ လူသတ်လိုသော အရိပ်အယောင်များက ပို၍ ပြင်းထန်လာ၏။

“ကောင်းပြီလေ၊ ခန်းမသခင် ကြည့်ရတာ မင်းရဲ့ နဂါးနက် အရှင်သခင်တင် မဟုတ်ဘဲ မင်းတို့ကပါ ငါတို့ကို မျက်လုံးထဲ မထည့်တာပါလား”

“ဒီလိုဆိုမှတော့ မင်း ကပ်ဆိုးဂြိုဟ်ပေါ်ကနေ ပျောက်ကွယ်သွားလိုက်တော့”

ထိုသို့ပြောပြီးနောက် ဖုထျန်းသည် လက်ကိုမြှောက်၍ နဂါးနက် အစည်းအရုံးခန်းမအား တိုက်ခိုက်ရန် အမိန့်ပေးရန် ပြင်လိုက်သည်။

ထိုစဉ် မြင်းနဂါးများက အပြင်းအထန်ဟီ၍ ဂနာမငြိမ်စွာဖြင့် ထိတ်လန့်တကြား နောက်ဆုတ် သွားသည်။

ဤမြင်းနဂါးများသည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ အမွေးများ ထောင်နေပြီး နောက်သာ အသည်းအသန် ဆုတ်နေကြသည်။

ဖုထျန်းနှင့် အီကွမ်နာတို့ မှင်တက်သွားကြသည်။ ကပ်ဆိုးဂြိုဟ်၏မြင်းနဂါးများသည် နတ်ဘုရား သားရဲများကို ကြောက်လန့်တတ်ကြောင်း သူတို့ သိထားသည်။ ထိုသားရဲများမှလွဲ၍ သူတို့ကို ကြောက်လန့်အောင် ပြုလုပ်နိုင်သူ မရှိသလောက် ရှားသည်။

ချက်ချင်းဆိုသလိုပင် ဖုထျန်းနှင့် အီကွမ်နာတို့၏ မျက်နှာထားများက မည်းမှောင်နေပြီး နဂါးနက် ခန်းမ၏ တံခါးကို စိုက်ကြည့်နေမိသည်။

ဒေါက်! ဒေါက်! ဒေါက်!

အားလုံး၏ စိတ်ဝင်တစား ဖြစ်နေသော အကြည့်အောက်၌ ခြေသံများ ပဲ့တင်ထပ်လာပြီး ယဲ့ဖန်၏ ပုံရိပ်က တဖြည်းဖြည်း ထွက်ပေါ်လာသည်။

သူသည် အလွန် ဖြည်းညှင်းစွာ လျှောက်လာသော်လည်း ခြေလှမ်းတိုင်းက မြင်းနဂါး များ၏နှလုံးသားကို နင်းချေသကဲ့သို့ ဖြစ်နေပြီး မြင်းနဂါးတိုင်းသည် ရန်သူကို မြင်သကဲ့သို့ ကြောက်လန့်ကာ ခေါင်းမွေးထောင် လာကြသည်။

“အရှင်သခင်”

ယဲ့ဖန်ကိုမြင်ပြီး ခန်းမသခင်နှင့် အခြားသူများ တတ်ကြွသွားကာ ခပ်သွက်သွက် အရိုအသေ ပေးကြလေသည်။

ယဲ့ဖန်က အသာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဖုထျန်းနှင့် အခြားသူများကို လှမ်းကြည့်၍ ရက်စက်တတ်သော အပြုံးမျိုး ပြုံးလာသည်။

“မင်းတို့က ဒီကို လာဟန်ဆောင်ကြတာလား”

*အမ်*

ထိုစကားကြောင့် လူတိုင်း တိတ်ဆိတ်သွားသည်။ အထူးသဖြင့် ခန်းမသခင်တို့ပင်။ သို့သော် ယဲ့ဖန်က တတိယဗိုလ်မှူးကို ထိုသို့ပြောခဲ့ပြီး သွေးအန်သည်အထိ ရိုက်နှက်ခဲ့သည်ကို သူတို့ အမှတ်ရသွားကြသည်။

ယခုအခါတွင်လည်း … ထိုအခိုက်တွင် ခန်းမသခင်တို့ အလွန် ပျော်ရွှင်လာလေသည်။ တစ်ဖက်တွင်မူ ဖုထျန်းနှင့် အခြားသူများ အရှက်ရကာ မျက်နှာ ပြာနှမ်းလာသည်။

“မင်းက နဂါးနက် အရှင်သခင်လား”

ဖုထျန်းနှင့် အီကွမ်နာတို့က ယဲ့ဖန်အား သတ်ဖြတ်ချင်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

“ငါတို့က ဒီကို လာဟန်ဆောင်တာ မဟုတ်ဘူး၊ မင်းကို သတ်ဖို့လာတာ”

ဖုထျန်း၏ စကားအဆုံး၌ ထောင်ချီသော သိုင်းပညာရှင်များ၏ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသဖြင့် လူတိုင်း တုန်ယင်လာကြသည်။ ခန်းမသခင်တို့တောင်မှ ကြက်သီးမထဘဲ မနေနိုင်ကြချေ။

ယဲ့ဖန်တစ်ယောက်တည်းသာ တည်ငြိမ်နေပြီး သူ၏ အပြုံးက ပို၍ ခြောက်ခြားဖွယ် ကောင်းလာသည်။

“ငါ့ကို သတ်မလို့ ဟုတ်လား”

“တော်တော်များများက ငါ့ကို သတ်ချင်ကြတာကွ၊ အခုတော့ သူတို့က ငရဲ ရောက်ရင်ရောက်၊ မရောက်ရင် ငရဲကို သွားတဲ့လမ်းပေါ် ရောက်နေပြီ”

“မင်းတို့ကိုရော ငါ လိုက်ပို့ပေးရမလား”

Chapter 531 သွေးအန်ခြင်း

“မင်းတို့ကိုရော ငါ လိုက်ပို့ပေးရမလား”

ယဲ့ဖန်၏ အသံ ပဲ့တင်ထပ်လာပြီးနောက် လေထုက ချက်ချင်း လေးလံ ပြင်းထန်လာ၏။

ကပ်ဆိုးဂြိုဟ်မှ သိုင်းပညာရှင်တိုင်း အေးစက်သော လေထုကို ရှူရှိုက်ရသကဲ့သို့ ခံစားမိနေသည်။

*မောက်မာလိုက်တာ*

*ရူးနေတာပဲ*

ကပ်ဆိုးဂြိုဟ် သိုင်းပညာရှင်များအားလုံးသည် ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြပြီး သူသည် နှစ်ထောင်ပေါင်းများစွာအတွင်း အမောက်မာဆုံးသူဟု မှတ်ချက်ပြုလိုက်မိကြသည်။

“ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာလား၊ သူ့ကိုယ်သူ တကယ် ဟုတ်လှပြီ၊ ပြိုင်ဘက်ကင်းလှပြီများ မှတ်နေတာလား၊ ဒီကောင် တော်တော် မောက်မာတာပဲ”

“တော်တော် အကြောက်အလန့်မဲ့ပြီး မောက်မာတာပဲ၊ ဖုထျန်းနဲ့ အီကွမ်နာကို ရန်စမိပြီဆိုတော့ သူတော့ သွားပြီပဲ”

“ဟီးဟီး … အခု ဗိုလ်မှူးနှစ်ယောက်က သူ့ကို ဘယ်လိုသတ်မလဲ ကြည့်ကြသေးတာပေါ့”

“…”

ကပ်ဆိုးဂြိုဟ်၏ သိုင်းပညာရှင်များက ခေါင်းခါမြဲခါနေကြသည်။ သူတို့သည် ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြလေသည်။

ထိုလူအုပ်ကြားထဲတွင် ဖီးနစ် ကချေသည် နတ်သမီး ဘေးရှိ အဘွားအိုက သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်နေ၏။

“ဟင်း … ငယ်ရွယ်ပြီး အားအင် ပြည့်ဝတဲ့ ဒီကောင်လေးက တော်တော် မောက်မာတာပဲ၊ ဖုထျန်းနဲ့ အီကွမ်နာကို သူ ယှဉ်လို့ရတဲ့ အမှိုက်ကောင်တွေ တူတယ်လို့များ ထင်နေတာလား မသိဘူး”

အဘွားအိုသည် ယဲ့ဖန်၏ ဆိုးရွားလှသော အဖြစ်ဆိုးကို မြင်ယောင်နေသကဲ့သို့ အလွန် သနားသလို ခံစားမိနေသည်။

“အန်တီရွှယ်၊ အခု ဘယ်လိုလုပ်ရမလဲ၊ ကျွန်မ သူ့ကို ကယ်ဖို့ ဘာလုပ်ရမလဲ”

ဖုန့်ဝူ၏ မျက်နှာလှလှလေး၌ စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေ၏။ သူမ စကားကြောင့် အဘွားအိုက ခေါင်းခါပြသည်။

“ဖုန့်ဝူ မေ့လိုက်တော့၊ ဒီကောင်လေးက ဖုထျန်းနဲ့ အီကွမ်နာကို ရန်စလိုက်တာက ဝံပုလွေလေးကို ရန်စလိုက်တာနဲ့ အတူတူပဲ၊ သူ့ကို အင်မော်တယ်တောင် ဆင်းကယ်ဖို့ ခက်သွားပြီ”

အဘွားအို၏ စကားကြောင့် ဖုန့်ဝူသည် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားမိကာ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသည်။

“သူ ဇာတ်သိမ်းတော့မှာလား”

ဖုန့်ဝူ လက်မလျော့နိုင်ပါ။ ယဲ့ဖန်သည် ထိုသူနှင့် အလွန် အသွင်တူလွန်းသည်။ ထိုသူနှင့် သူ ဘယ်လို ပတ်သက်မှုရှိနေသလဲ ဆိုတာကို သူမ အဖြေမရှာနိုင်သေးပါ။ ထို့ကြောင့် သူမ မည်သို့ စိတ်လျော့နိုင်ပါမည်နည်း။

သူမနှင့် ဆန့်ကျင်ဘက် တစ်ဖက်တွင်မူ လူအုပ်ကြီးထဲ၌ နတ်မိမယ် ခုန်လင် မတ်တပ်ရပ်နေ။ ယဲ့ဖန် စကားကို ကြားသောအခါ သူမ ခေါင်းခါလိုက်မိသည်။

“ဒီလူက တော်တော် ဘဝင်မြင့်တာပဲ၊ အခုတော့ သူ သေရမယ့်အချိန် ရောက်လာပြီ”

ထိုအချိန်တွင် ခုန်လင်သည် နောက်တစ်ခါ စောင့်ကြည့်ရန် ပျင်းရိနေ၏။ ယဲ့ဖန်၏ အဆုံးသတ်က ခန့်မှန်းစရာပင် မလိုတော့ချေ။

“ဟားဟားဟား …”

ထိုစဉ် ဖုထျန်း၏ ရယ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် အရယ်ရဆုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောနေ၏။

သူသည်သာမကချေ၊ အီကွမ်နာနှင့် အခြားသူများလည်း လှောင်ပြောင်ရယ်မော၍ ယဲ့ဖန််အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

“ဟေ့ကောင် မင်းရဲ့ မောက်မာမှုက ငါ ထင်ထားတာထက် ကျော်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ဖုထျန်း၏ ရယ်သံ ပျောက်ကွယ်သွားပြီးနောက် သူ့မျက်လုံးများက သုန်မှုန်နေသည်။

“မင်းက သေချင်နေမှတော့ ငါတို့က မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ထိုသို့ပြောပြီး ဖုထျန်းက လက်ကိုဝင့်လိုက်သည်။

“သူ့ကို အသားစ ဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်”

ထိုစကားက စနက်တံကို မီးရှို့ပေးလိုက်သကဲ့သို့ အခြားသူများ၏ သတ်ဖြတ်ချင်စိတ်ကို ချက်ချင်း တောက်လောင်သွားစေသည်။

မြင်းနဂါးတစ်ကောင်ကို စီးနင်းထားသည့် သူတော်စင်အဆင့် သိုင်းပညာရှင် တစ်ယောက်က နတ်ဘုရား ဓားတစ်လက်ကို ကိုင်ဆွဲ၍ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။

သေမင်းနတ်ဘုရားကဲ့သို့ ဓားကိုဝင့်၍ ယဲ့ဖန်အား ခုတ်ပိုင်းလာသည်။

*စပြီလား*

ထိုအချိန်၌ အားလုံး ရင်တုန်လာကြသည်။ သူတို့သည် ယဲ့ဖန်၏ ဆိုးရွားလှသော အဆုံးသတ်ကို မြင်ယောင်နေသကဲ့သို့ ကြည့်နေကြသည်။

ထိုစဉ် ယဲ့ဖန်က အေးတိအေးစက် ပြုံး၍ လက်ကို လှုပ်လိုက်သည်။ ထိုအခါ ဖားလောင်း တစ်ကောင်က လက်ထဲ ပေါ်လာသည်။

*ဟမ်*

ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။ သူတို့အားလုံး စဉ်းစားမရ ဖြစ်နေကြ၏။

*ဒီကောင်က သေခါနီးအချိန်မှာ ဖားလောင်းနဲ့ ဘာလုပ်မလို့လဲ*

ခန်းမသခင်နှင့် အခြားသူများသာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာကြသည်။

“သွား … မင်းက ဘယ်လို ကြောက်စရာကောင်းတဲ့ နဂါးလဲဆိုတာကို လောကကြီး သိအောင် ပြလိုက်”

“ရှုံးမဲမဲတာကြောင့် ဘယ်လို အသတ်ခံရမလဲဆိုတာကို သူတို့ သိအောင် ပြလိုက်”

ယဲ့ဖန်သည် နတ်ဆိုးနဂါးအား စိုက်ကြည့်၍ မချိုမချဉ် ပြုံးနေ၏။ သူ့စကားအဆုံး၌ နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်သည် လိမ်ဖည်သွားပြီး ယဲ့ဖန်လက်ထဲမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

သူသည် ယဲ့ဖန်ကို ကြည့်လိုက်မိသည်။ နတ်ဆိုးနဂါးသည် ရောက်ရှိနေသော သူတော်စင်အဆင့်များကို စိုက်ကြည့်၍ စဉ်းစားနေလိုက်သည်။

ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုသော အငွေ့အသက်များက ထောင်ချီသော သိုင်းပညာရှင်များကို လွှမ်းခြုံလာသည်။

“သေလိုက်တော့”

ထိုစဉ် ရက်စက်ကြမ်းကြုတ်သော သူတော်စင်အဆင့်က လက်ထဲမှ နတ်ဘုရား ဓားတစ်လက်ကို ဝင့်ကာ မြင်းပေါ်မှနေ၍ ယဲ့ဖန်အား ခုတ်ပိုင်းလေသည်။

*သွားပြီ*

ယဲ့ဖန်က လှောင်ပြုံးပြုံး၍ နေရာ၌ မလှုပ်မယှက် ရပ်နေ၏။ ထိုအပြုအမူအရ သူ မုချ သေရပေတော့မည်။

လူတိုင်းသည် ယဲ့ဖန် နုတ်နုတ်စင်းခံရတော့မည့် အဖြစ်ကို ကြိုမြင်နေကြပြီး မကြည့်ရက်ကြချေ။

ဂါး!

ထိုစဉ် မြည်ဟည်းသံ တစ်သံက ကပ်ဆိုးဂြိဟ်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံသည် မိုးခြိမ်းသံနှင့် ဆင်တူလှသည်။

အားလုံး ရင်တုန်လာပြီး နားအူလာကြသည်။ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ လက်ထဲမှ ဖားလောင်းလေးသည် ရုတ်တရက် မိုးပေါ် ထိုးတက်သွားသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ နဂါးကြီးတစ်ကောင် အဖြစ်သို့ အသွင်ပြောင်း သွားလေ၏။

ခေါင်းတစ်ခုတည်းကပင် ဂြိုဟ်တစ်လုံးစာမျှ ကြီးမားလေသည်။ သူ၏ သွေးစွန်းနေသော ပါးစပ်ကြီးအား အားပါးတရ ဟ၍ ရာချီသော သိုင်းပညာရှင်များကို မျိုချလိုက်လေသည်။

ဤမြင်ကွင်းသည် နတ်ဆိုးနဂါးက နေကို မျိုချလိုက်လေသလားဟု ထင်မှတ်ရသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

“မလုပ်နဲ့”

အော်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နောက်ဆုတ်ရန် အချိန်မမီတော့သည့် သိုင်းပညာရှင်များသည် လူသာမက မြင်းနဂါးများပါ နဂါးကြီး၏ ပါးစပ်ထဲသို့ မျိုချခံလိုက် ရသည်။

ဂျွတ်! ဂျွတ်!

ထို့နောက် ဧရာမ နဂါးကြီးသည် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေပြီး ဝါးစားသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

ရဲရဲနီသော သွေးစက်များက နဂါးနက် နဂါးကြီး၏ ပါးစပ်မှ စီးကျလာပြီး စမ်းချောင်းအသွင် ဖြစ်ပေါ်လုနီးပါး ဖြစ်နေ၏။

ဤမြင်ကွင်းက အားလုံးကို ထိတ်လန့်သွားစေသည်။ ရာချီသော သိုင်းပညာရှင်များကို တစ်ချက်တည်းနှင့် ကိုက်စားပစ်လိုက်သည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဘေးပတ်လည်မှ လူများသာမက ဖုထျန်းနှင့် အီကွမ်နာတို့တောင်မှ တုန်လှုပ်သွားကြသည်။ မျက်နှာများက အလွန် သွေးပျက်နေကြ၏။

သူတို့ တစ်သက်၌ ဤမျှ ကြီးမားသော ဧရာမ နဂါးကြီးကို တစ်ခါမှ မမြင်ဖူးချေ။ အကယ်၍ ဤနဂါးကြီးသာ ကိုယ်ကို ဆန့်လိုက်ပါက ကြယ်စုကြယ်ဝေး တစ်ခုလုံးကို ဖုံးလွှမ်းသွား နိုင်လောက်သည်။

နဂါးကြီး၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့သည် အလွန် ခြောက်ခြားဖွယ် ကောင်းလှသည်။ အထူးသဖြင့် ထိုနဂါးကြီး ပါးစပ်ကို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်တိုင်း အရိုးကျိုးသံများနှင့် အသွေးအသားတို့ကို စားသောက်ခံနေရသည့် လူတို့၏ အော်သံများ ထွက်ပေါ်လာသည်။

နဂါးကြီး၏ ပါးစပ်မှ သွေးများက အဆက်မပြတ် စီးကျနေ၏။ ဤမြင်ကွင်းက လူတိုင်းအား အသည်းခိုက်မတတ် တုန်ယင်သွားစေသည်။

*သေကုန်ပြီ*

*ရာချီတဲ့ သိုင်းပညာရှင်တွေက တစ်ချက်လေးတောင် မတိုက်ခိုက်လိုက်ရဘဲ ပျက်စီးသွားတယ် တဲ့လား*

*မဖြစ်နိုင်လိုက်တာ*

ဖုထျန်းနှင့် အီကွမ်နာသာမက ဘေးပတ်လည်မှ လူတိုင်းသည် ခေါင်းစခြေဆုံး အေးစက် လာကြသည်။

ဂလု!

မျိုချသံ ထွက်ပေါ်လာပြီးနောက် ရာချီသော သိုင်းပညာရှင်များနှင့် မြင်းနဂါးများအားလုံး နဂါးနက်ကြီး၏ အပြီးတိုင် ဝါးမျိုခြင်း ခံလိုက်ရလေသည်။

“အေ့”

ထို့နောက် နဂါးကြီးသည် လေချဉ်တက်၍ သူ့ဝမ်းဗိုက်အား လက်ဖြင့်ပွတ်၍ တစ်ဖက်လှည့်ကာ ယဲ့ဖန်ကို ပြုံး၍ ပြောလိုက်သည်။

“ဟီးဟီး … ငယဲ့ကြီး ဘယ်လိုလဲ၊ ဒီခံ့ချောနဂါးကြီးက လုံလုံလောက်လောက် ရက်စက်ပြီး ကြောက်စရာ ကောင်းရဲ့လား”

“လူသားတွေကို အရိုးပါ မကျန် စားလိုက်လို့ တဂျွတ်ဂျွတ် မြည်သံတောင် ထွက်သွား လိုက်သေးတယ်”

နတ်ဆိုးနဂါးသည် ဘေးပတ်လည်မှ လူများအားလုံး သူ့ကို ကြောက်လန့်နေသည်ကို မြင်ပြီး အပြုံးကြီး ပြုံးနေ၏။ သူ့စကားကြောင့် ယဲ့ဖန်၏ မျက်နှာက သုန်မှုန်လာကာ သူ့ခေါင်းကို ထရိုက်လာသည်။

“ငယဲ့ကြီး၊ မင်း ရူးနေလား၊ ငါက ရက်စက်ပြနေတာတောင် မင်းက ငါ့ကို ရိုက်ရလား”

ထိုအခါ ယဲ့ဖန်က သူ့ခေါင်းကို ပုတ်လေသည်။

“မင်း ဘာလို့ လူတွေကို အရိုးပါမကျန် စားပစ်တာတုန်း၊ အနည်းဆုံး မင်း အရိုးလေး ဘာလေး ထွေးထုတ်ပြပါလား”

ချက်ချင်းဆိုသလိုပင် နတ်ဆိုးနဂါးသည် စိတ်မသက်မသာ ဖြစ်သွားပုံ ပေါ်သည်။ ထို့နောက်တွင်မူ သူ အန်ထုတ်လေတော့သည်။

ဝေါ့!

All Chapters