အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
Chapter 538 မင်း သိုင်းကွက်တစ်ကွက်နဲ့တင် အသက်ရှင်နိုင်မယ် မထင်ဘူး
ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသို့သောအချိန်၌ ဝံပုလွေလေး၏ သွေးပျက်ဖွယ် ဝံပုလွေ လက်သည်းတစ်ဖက်က မြောက်တက်လာသည်။
ထိုဧရာမ ဝံပုလွေလက်သည်းတစ်ဖက်သည် မိုးကောင်းကင်ကို ဆုတ်ဖြဲနိုင်ပြီး မြေကမ္ဘာအား ပေါင်းပင်ကဲ့သို့ ဆွဲနုတ်နိုင်ပုံ ပေါ်၏။ ထိုလက်သည်းအောက်ရှိ လေထုတောင်မှ အက်ကွဲ လာရသည်။
ပြင်းထန်သော အရှိန်အဝါနှင့် ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်။ ထိုစဉ် ဝံပုလွေ လက်သည်းတစ်ချောင်းက ရုတ်တရက် ဆန့်ထွက်လာပြီး ယဲ့ဖန်အား အားနှင့် ဖိနှိပ်လာသည်။
ဝံပုလွေလေး အနေဖြင့် ယဲ့ဖန်ကို သတ်ဖြတ်ရန် လက်သည်း တစ်ချောင်းတည်းသာ လိုအပ် လေသည်။ ဤမြင်ကွင်းမှာ အလွန် ထိတ်လန့်စရာ ကောင်းလှသည်။
လူတိုင်းသည် ယဲ့ဖန် မည်သို့ လွတ်မြောက်အောင် ကြိုးစားမည်ကို သိချင်နေသောကြောင့် မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
“မကောင်းတော့ဘူး”
ပြင်းထန်သည့် လူသတ်အရိပ်အငွေ့များက ယဲ့ဖန်အား လွှမ်းခြုံလာသည်ကို ခံစားမိပြီး ခန်းမသခင်နှင့် အခြားသူများအားလုံး ထိတ်လန့်၍ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
ဝံပုလွေလေးကို လက်ညှိုးထိုးရင်း တစ်ယောက်ပြီး တစ်ယောက် တုန်ယင်နေကြသည်။ သူတို့ ယဲ့ဖန်ကို ကူညီ၍ တိုက်ခိုက်ပေးချင်နေကြသည်။ ထိုစဉ် ထိုဝံပုလွေလက်သည်းတစ်ချောင်းမှ ပျံ့နှံ့လာသော ဖိအားသည် ခန်းမသခင်နှင့် အခြားသူများ၏ ရင်ဘတ်အား လာရောက် ရိုက်ခတ်လေသည်။
ရုတ်ချည်းဆိုသလိုပင် အားလုံး မိုးကြိုးထိမှန်သွားသကဲ့သို့ အဝေးသို့ လွင့်ထွက်သွားလေ၏။ တစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။
ဝံပုလွေ လက်သည်းတစ်ချောင်းတည်းဖြင့် ခန်းမသခင် အပါအဝင် နဂါးနက် သိုင်းပညာရှင် အယောက်တစ်ရာတို့အား လွင့်စဉ်သွားစေ၍ သေစေရန်ပင် လုံလောက်နေပြီ ဖြစ်သည်။ အားလုံး သွေးအန်၍ အပြင်းအထန် ဒဏ်ရာရသွားကြသည်။
“သခင်ကြီး”
ထိုအချိန်တွင် ခန်းမသခင်နှင့် အခြားသူများ မျက်နှာပျက်နေကြသည်။ သူတို့၏ တုန်လျုပ်နေသော အကြည့်အောက်၌ ဝံပုလွေ လက်သည်းတစ်ချောင်းက ယဲ့ဖန်ပေါ်သို့ ကျရောက် လာလေသည်။
ဝုန်း!
ပြင်းထန်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ဖန် ရပ်နေခဲ့သောနေရာ၌ ဝံပုလွေ လက်သည်းတစ်ချောင်းကြောင့် ဧရာမ တွင်းချိုင့်ကြီးတစ်ခုသာ ရှိနေလေတော့သည်။
ထိုအချိန်၌ ထိုတွင်းချိုင့်တွင်းတွင် ဖုန်တထောင်းထောင်းထနေ၏။
*သေသွားပြီလား*
အားလုံးက ထိုတွင်းချိုင့်ကြီးကိုသာ စိုက်ကြည့်ရင်း ခေါင်းတခါခါနှင့် သက်ပြင်းချနေကြသည်။
“သေသွားပြီပဲ”
အားလုံး၏ စိတ်ထဲတွင် ဝံပုလွေလေး၏ လက်သည်းတစ်ဖက်က ယဲ့ဖန်ကို ဖိချေသွားပြီ ဖြစ်သောကြောင့် သူ လုံးဝ ပြားချပ်သွားပေတော့မည်ဟု ထင်နေကြလေသည်။
ထောင်သောင်းချီသော သိုင်းပညာရှင်များက ခေါင်းသာခါနေကြသည်။ ကပ်ဆိုးဂြိုဟ်၏ နဂါးနက် အရှင်သခင်က သိုင်းကွက်တစ်ကွက်တည်းကိုပင် တောင့်မခံနိုင်ဘဲ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
လက်သည်းတစ်ချောင်းတည်းဖြင့် အသတ်ခံလိုက်ရသည်က ပျင်းစရာကောင်းလှသည်။ ကျန်းရုန်နှင့် ခုန်လင်တို့၏ မျက်လုံးတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေ၏။
*နတ်ဘုရားပဲ*
သူတို့စိတ်ထဲတွင် ဝံပုလွေလေး၏ ပုံရိပ်သည် အခြား နတ်ဘုရားအဆင့်များထက် ပို၍ မြင့်တက်လာပြီး ပို၍ သန်မာလာသည်ဟု ထင်မှတ်ကြလေသည်။
ထိုအချိန်တွင် နှစ်ယောက်သား ချက်ချင်း မတ်တပ်ရပ်၍ မှင်တက်နေသော ဝံပုလွေလေးရှေ့၌ ဒူးထောက်လိုက်ကြသည်။
“ဒီသူကောင်းသားကို သတ်နိုင်ခဲ့တဲ့ ဝံပုလွေလေးအတွက် ဂုဏ်ယူပါတယ်၊ ဖုထျန်းနဲ့ အီကွမ်နာ အတွက် လက်စားချေနိုင်သွားပါပြီ”
ခုန်လင်သည် စိတ်လှုပ်ရှား၍ မျက်နှာများ နီမြန်းနေသည်။
“ဒီလူကို သတ်ပြီး ကျွန်မ အစေခံအတွက် လက်စားချေနိုင်လိုက်တာကြောင့် ဝံပုလွေလေးကို ကျေးဇူးတင်ပါတယ်”
နှစ်ယောက်လုံး အရင်ထွက်လာ၍ မျက်နှာလုပ်ကြလေသည်။ သို့သော် သူတို့ ပြောပြီးသည်နှင့် နင်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဝံပုလွေလေးက သူတို့ကို လှည့်ပင်မကြည့်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။
သူ့မျက်နှာက ပျော်နေရမည့်အစား ခက်ထန်၍နေ၏။
“သူ မသေသေးဘူး”
*ဘာ*
ထိုစကားကြောင့် အားလုံး အံ့ဩသွားကြသည်။
*မသေသေးဘူးလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း ထိတ်လန့်နေကြသည်၊ အဘယ်ကြောင့်ဆိုသော် ဝံပုလွေလေးက သူ၏ ဝံပုလွေ လက်သည်းတစ်ချောင်းတည်းဖြင့် ယဲ့ဖန်အား ဖိသတ်ခဲ့သောကြောင့် တွင်းချိုင့်တစ်ခု ဖြစ်လာရသည်ကို သူတို့ ကိုယ်တိုင် တွေ့ခဲ့ရသောကြောင့်ပင်။
*ဘယ်လိုလုပ် မသေဘဲ နေရမှာလဲ*
ယခုအချိန်၌ အားလုံး၏ အကြည့်များက ဧရာမ တွင်းချိုင့်ကြီးဆီသို့သာ ရောက်နေလေသည်။ အားလုံး အံ့ဩနေစဉ်တွင် လက်တစ်ဖက် ထွက်လာသည်။ ထို့နောက် တွင်းချိုင့်ထဲမှ ယဲ့ဖန် ထွက်လာသည်။
ထိုအခိုက်တွင် ယဲ့ဖန်ကိုကြည့်ပြီး ဘေးပတ်လည်မှလူများအားလုံး တစ်စက်လေးမျှ မလှုပ်ကြ တော့ချေ။
*ဘာဒဏ်ရာမှလည်း မရပါလား*
ယဲ့ဖန်၏ ခန္ဓာကိုယ်၌ ဖုန်မှုန့်များမှလွဲ၍ မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရှိချေ။
*မဖြစ်နိုင်လိုက်တာ*
ပါရမီရှင် ပြိုင်ပွဲမှစ၍ လက်ရှိအချိန်ထိ ဂြိုဟ်စုနယ်မြေများ၏ နံပါတ်တစ် ပါရမီရှင်များသာမက ဂြိုဟ်သခင်များပါ ဝံပုလွေလေး၏ သိုင်းကွက်တစ်ကွက်ကို ခုခံနိုင်သည့်သူ မရှိသေးချေ။ ယဲ့ဖန်သည် ပထမဆုံး ခုခံနိုင်သည့်သူ ဖြစ်လေသည်။
ဘေးပတ်လည်မှလူများအားလုံး ထင်ယောင်ထင်မှားဖြစ်သည်ဟု ထင်နေကြသည်။ အထူးသဖြင့် ခန်းမသခင်နှင့် အခြားသူများအားလုံး အံ့ဩနေကြသည်။
“သန်မာတယ်၊ သခင်ကြီးက သန်မာလွန်းတယ်။ နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်း အဆင့်တည်းနဲ့တင် ကောင်းကင်နတ်ဘုရင် စဦးအဆင့် ဝံပုလွေလေးကို ခုခံနိုင်တယ်၊ မယုံနိုင်စရာပဲ”
ခန်းမသခင်နှင့် အခြားသူများအားလုံး စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်နေကြသည်။ ဝံပုလွေလေးတောင်မှ မျက်နှာ သုန်မှုန်နေသည်။ သူ တစ်ဖက်လူကို အထင်သေးမိပြီဟု ရိပ်စားမိလိုက်သည်။
“ခင်ဗျားက ကျုပ် အံ့ဩအောင် လုပ်နိုင်သားပဲ”
“ဒီလိုဆိုမှတော့ ကျုပ် ခင်ဗျားကို ထပ်တိုက်ရတာပေါ့”
ထိုသို့ပြောပြီး ဝံပုလွေလေးသည် လက်ကို လှုပ်ယမ်းလိုက်သောအခါ ဝံပုလွေလက်သည်း တစ်ဖက်က ပြန်ပေါ်လာပြီး ယဲ့ဖန်အား ပြင်းထန်စွာ ရိုက်ချလေ၏။
ဝုန်း!
ထိုလက်ဝါးချက်သည် အလွန် ပြင်းထန်လွန်းလှသည်။ ပြင်းထန်သော အသံလှိုင်းများက ယဲ့ဖန်ထံ ပျံ့လွင့်လာ၏။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ယဲ့ဖန်၏ မျက်လုံး၌ စိတ်လှုပ်ရှား အံ့ဩနေဟန်များဖြင့် ပြည့်နှက်နေသည်။ သို့သော် သူသည် ဘေးသို့ ရှောင်တိမ်းခြင်းလည်း မရှိသလို ခုခံခြင်းလည်း မရှိချေ။ ထိုလက်ဝါးချက်အား ပကတိ ကြိုဆို၍နေ၏။
ဤအပြုအမူကြောင့် အားလုံး ပို၍ထိတ်လန့်သွားကြသည်။ ယဲ့ဖန်က ထိုဝံပုလွေ လက်သည်းကို ခံယူလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။
အားလုံး၏ မျက်နှာပေါ်၌ နားလည်ရခက်နေဟန် ပေါ်နေလေသည်။ ခုန်လင်နှင့် ကျန်းရုန်တို့က ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“သေချင်နေတာပဲ၊ ဒီလူက ကိုယ့်သေတွင်း ကိုယ်တူးနေတာ”
ဝံပုလွေလေး၏ လက်သည်းတစ်ဖက်အောက်၌ နံပါတ်တစ် ပါရမီရှင် ဟူယန်နှင့် မော်ဒိုတို့ သွေးအိုင်အဖြစ်သို့ ရောက်သွားကြသည်ကို ခုန်လင် မြင်ထားခဲ့ပြီးသား ဖြစ်သည်။ ဤလက်သည်းတစ်ဖက်အောက်၌ ထောင်ချီသော ပါရမီရှင်များ ရှုံးနိမ့်ခဲ့ကြသည်။
ယခု ယဲ့ဖန်က ထောင်ချီသော ပါရမီရှင်များ၏ စုပေါင်းခွန်အားထက် သူ့ကိုယ်သူ ပိုသန်မာသည်ဟုများ ထင်နေလေရော့သလား။
ခုန်လင်နှင့် ကျန်းရုန်တို့သည် ထိုလက်သည်းချက်အောက်၌ ယဲ့ဖန် သွေးအိုင်အဖြစ်သို့ ရောက်တော့မည်ကို မြင်ယောင်နေလေသည်။ ထိုအချိန်၌ ဝံပုလွေလက်သည်းချက်က ယဲ့ဖန်ထံသို့ ကျရောက်လာ၏။
ယဲ့ဖန်သည် မိုးကြိုးထိမှန်သွားသကဲ့သို့ ထိခိုက်ဒဏ်ရာရကာ အရှိန်နှင့် လွင့်ထွက်သွားပြီး နဂါးနက် ခန်းမတံခါးနှင့် ဝင်ဆောင့်လေသည်။
နဂါးနက် အစည်းအရုံးခန်းမတစ်ခုလုံး၌ အက်ရာများ ထင်ဟပ်လာသည်။ ထို့နောက် ဝုန်းခနဲ ပြိုကျ၍ ယဲ့ဖန်အား အရှင်လတ်လတ် မြှုပ်နှံသွားသည်။
အားလုံး ငြိမ်သက်၍ နဂါးနက် အစည်းအရုံး ခန်းမ၏ အပျက်အစီးများကိုသာ ငေးကြည့်နေကြသည်။
*သေပြီ*
*ဒီတစ်ခေါက်တော့ အဲ့ကောင် သေမှာပဲ*
ယခုအချိန်၌ မည်သူမျှ ယဲ့ဖန် အသက်ရှင်လိမ့်မည်ဟု မထင်ကြချေ။ အားလုံး သက်ပြင်းချ လိုက်ကြသည်။
အားလုံးက ဤသည်မှာ ယဲ့ဖန် ကိုယ့်သေတွင်း ကိုယ်တူး၍ အဆုံးသတ်သွားခြင်း ဖြစ်သည်ဟု ထင်နေကြသည်။
*ရှောင်လည်းမရှောင်၊ ခုလည်းမခုခံမှတော့ ကိုယ့်သေတွင်း ကိုယ်တူးတာမှ မဟုတ်ရင် ဘာရှိဦးမှာလဲ*
“အဟွတ် အဟွတ် အဟွတ်”
ချောင်းဆိုးသံကြောင့် အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အားလုံး မှင်တက်နေစဉ် နဂါးနက် ခန်းမ၏ အပျက်အစီးများထဲမှ ကျောက်ခဲများ လွင့်ပျံလာပြီး ဖုန်အလိမ်းလိမ်းနှင့် လူတစ်ယောက်က ဖြည်းဖြည်းချင်း ထွက်လာလေသည်။
ထိုသူမှာ အမှန်ပင် ယဲ့ဖန် ဖြစ်လေတော့သည်။ သို့သော် ထိုအချိန်တွင် သူက ဝံပုလွေလေးက ပြုံးပြကာ အံ့အားသင့်၍ ပျော်ရွှင်နေသော အသံဖြင့် ပြောလိုက်သည်။
“ကောင်းလိုက်တဲ့ ခွန်အား၊ မဆိုးပါဘူး”
*အမ်*
*မဆိုးပါဘူး ဟုတ်လား*
ဝံပုလွေလေး၏ လက်သည်းချက်အောက်၌ ထောင်ချီသော ပါရမီရှင်များ ရှုံးနိမ့်ခဲ့ရသော်လည်း ယဲ့ဖန်၏ ပါးစပ်ဖျားတွင် ဝံပုလွေလေး၏ ခွန်အားက မဆိုးသောအဆင့်သာ ဖြစ်နေလေ၏။
အားလုံး ပြောစရာ စကားရှာမရအောင် ဆွံ့အနေကြသည်။ အထူးသဖြင့် ခုန်လင်နှင့် ကျန်းရုန်တို့သည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ခြောက်ခြားနေကြသည်။
“ဖြစ်နိုင်ချေ မရှိလိုက်တာ၊ ဝံပုလွေလေးရဲ့ လက်သည်းတစ်ချက်နဲ့တင် ဂြိုဟ်စုနယ်မြေ နှစ်ခုရဲ့ နံပါတ်တစ် ပါရမီရှင်တွေ သေသွားတာလေ၊ ဒီလူက …”
ခုန်လင်၏ နဖူးမှ ပဲစေ့အရွယ် ချွေးစေးများ စီးကြလာသည်။ သူမမျက်နှာလေးက စက္ကူကဲ့သို့ ဖြူစုတ်၍ မျက်လုံးများက ပြူးကျယ်နေ၏။
သူမသည် ယဲ့ဖန်အား အန္တရာယ်များသော လူဟု သတ်မှတ်ခဲ့သော်လည်း ယခုအခါတွင် သူက သူမ ထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍ အန္တရာယ်ရှိသူ ဖြစ်ကြောင်း သူမ သိလိုက်ရလေသည်။
“ခင်ဗျား ဘာလို့ ပြန်မတိုက်တာလဲ”
ဝံပုလွေလေးသည် မျက်ခုံးလှုပ်နေပြီး သူ့မျက်လုံးထဲ၌ ထိတ်လန့်၍ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။ ထိုစဉ် ယဲ့ဖန်၏ စကားကြောင့် အားလုံး မှင်တက်သွားကြသည်။
“ပြန်တိုက်ရမယ် ဟုတ်လား”
ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာသည်။
“ငါသာ ပြန်တိုက်ရင် မင်း သိုင်းကွက်တစ်ကွက်နဲ့တင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
Chapter 539 ငါ့သခင်ကြီးကို ဘာကိစ္စရှာတာလဲ
“ငါသာ ပြန်တိုက်ရင် မင်း သိုင်းကွက်တစ်ကွက်နဲ့တင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ယဲ့ဖန်၏ ပြောစကား ပဲ့တင်ထပ်သွားချိန်တွင် ထောင်သောင်းချီသောလူများ အံ့ဩသွားကြသည်။
*ဘာ*
*ဝံပုလွေလေးက တစ်ချက်လေးတောင် တောင့်မခံနိုင်လောက်ဘူးတဲ့လား*
*လေလုံးထွားလိုက်တာ*
သိုင်းပညာရှင်တိုင်းသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
ယဲ့ဖန်၏ ခုခံနိုင်စွမ်းက သာမန်မဟုတ်တာကို သူတို့ ဝန်ခံပါသည်၊ သို့သော် ဝံပုလွေလေးက လက်ချောင်းတစ်ချောင်းနှင့် လက်တစ်ဖက်တည်းသာ ထုတ်၍ တိုက်ခိုက်ထားပြီး ထို့ထက် ပိုတိုက်ခိုက်မထားသည်ကို သူတို့ သိထားပါသေးသည်။
*လတ်စသက်တော့ ဒီကောင်က တော်တော် အရှက်မရှိတာပဲ*
တစ်ခဏကြာသော် လူအုပ်ထဲ၌ အုတ်အော်သောင်းတင်း ဖြစ်လာလေသည်။
“အရူး၊ ဒီကောင်က ငါ မြင်ဖူးသမျှထဲမှာ အမောက်မာဆုံးသူပဲ”
“သူက ဟာသပဲကွ၊ သူ နှစ်ခါတောင် အဆော်ခံရတာတောင် အမှတ်မရှိသေးဘူးလား”
“စောင့်ကြည့်လိုက်၊ ခဏနေရင် ဝံပုလွေလေး သူ့ကို ဆော်တော့မှာ”
“…”
ထောင်သောင်းချီသော လူများသည် တရဆက် ဆွေးနွေးနေကြသည်။ ခုန်လင်နှင့် ကျန်းရုန်တို့က ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြလေသည်။
ဝံပုလွေလေး ဒေါသထွက်လာသည်။ သူသည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ယဲ့ဖန်ကို စိုက်ကြည့်နေ၏။
“ဟေ့ကောင် မင်း ရူးနေပြီလား”
“မင်း အရူးရင့်လေ အသေမြန်လေ ဖြစ်နေတာက စိတ်မကောင်းစရာပဲ”
ထိုသို့ပြောပြီး ဝံပုလွေလေးက သူ့လက်ကို အသာလှုပ်ခါလိုက်သည်။ ထိုအခါ သူ့လက်ဝါးနှစ်ဖက်ပေါ်၌ ရွှေအိုရောင် ချီမျှင်စုနှင့် အနက်ရောင် ချီမျှင်စုတို့ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဝံပုလွေ လက်သည်းတစ်စုံအဖြစ် ပြောင်းလဲသွားလေသည်။
ထိုလက်သည်းများသည် ချွန်ထက်၍ အနှိုင်းမဲ့လှသည်။ အလွန် ကြောက်စရာလည်း ကောင်းလေ၏။
ဝံပုလွေလေးသည် ထိုချွန်ထက်သော လက်သည်းတစ်စုံနှင့်အတူ ယဲ့ဖန်အား ဆာလောင်နေသော ဝံပုလွေက သိုးပေါက်ကို ကြည့်သကဲ့သို့ ကြည့်လာပြန်သည်။
“အခု ခင်ဗျားက အဲ့လို မောက်မာဖို့ အရည်အချင်း ရှိရဲ့လား ကြည့်ကြသေးတာပေါ့”
ထိုစကားအဆုံး၌ သူသည် ယဲ့ဖန်ထံသို့ လျှပ်စီးသဖွယ် အရှိန်ဖြင့် ပြေးလာလေ၏။
*မြန်တယ်၊ မြန်တယ်ဟ၊ တော်တော်မြန်တာပဲ*
ဝံပုလွေလေး၏ အရှိန်သည် ပြောမပြတတ်လောက်သော အခြေအနေတစ်ခုသို့ ရောက်နေသည်။ လူအုပ်ကြီးက သူ့ကို သေချာ မမြင်ရသေးခင်တွင် သူသည် ယဲ့ဖန်ရှေ့သို့ ရောက်သွား လေတော့သည်။
ကြောက်စရာကောင်းသော ဝံပုလွေလက်သည်းများက ယဲ့ဖန်၏ ခန္ဓာကိုယ်ကို စုတ်ဖြဲရန် ပြင်လာလေသည်။
“သေလိုက်တော့”
ဝုန်း!
ပြင်းထန်သော ဖိအားတစ်စုံက ယဲ့ဖန်ကို အုပ်မိုးလာသည်။ ဝံပုလွေလေးသည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် အားကုန်သုံးဖူးခြင်း ဖြစ်သည်။ ဂြိုဟ်တစ်ခုလုံး တုန်ခါလာသည်။ ထောင်သောင်းချီသော သိုင်းပညာရှင်များ သွေးဆူလာကြသည်။
ထိတ်လန့်ဖွယ် ဝံပုလွေ လက်သည်းတစ်စုံ၏ ဖိအားကြောင့် တစ်ယောက်ချင်းစီတိုင်း ကြက်သီးမွေးညင်း ထလာကြသည်။
ယဲ့ဖန်နေရာ၌ သူတို့သာ ဖြစ်ခဲ့ပါက သူတို့ကိုယ်တိုင်လည်း ပြေးမလွတ်နိုင်သည်မှာ အသေအချာပင်။
ဝံပုလွေလေး၏ ဖိအားအား အံ့အားသင့်စရာ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး အားလုံးနီးပါးက ယဲ့ဖန် ပြေးမလွတ်နိုင်တော့ဟု တွေးမိနေသည်။
ထိုအချိန်၌ စုတ်ဖြဲသံများနှင့်အတူ ယဲ့ဖန်၏ ခန္ဓာကိုယ်က ဝံပုလွေလက်သည်းများကြောင့် အပြင်းအထန် စုတ်ပြဲသွားသည်ကို အားလုံး တွေ့လိုက်ရသည်။
“သခင်ကြီး”
ခန်းမသခင်နှင့် အခြားသူများအားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။ ယဲ့ဖန်၏ စုတ်ပြဲနေသော ခန္ဓာကိုယ်ကို သူတို့ ကြည့်ပြီး မယုံသင်္ကာ ဖြစ်သွားလေသည်။
*ပွဲသိမ်းသွားပြီလား*
နဂါးနက် ခန်းမ၏ သိုင်းပညာရှင်များအားလုံး ဤအဖြစ်ကို အလွန်အမင်း မလိုလားကြချေ။ ထိုသို့သောအချိန်၌ အားလုံး မှင်တက် အံ့ဩသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ စုတ်ပြဲသွားသော ခန္ဓာကိုယ်များ သွေးတစ်စက်မှ ထွက်မလာဘဲ လွင့်ပါး ပျောက်ကွယ် သွားသောကြောင့်ပင် ဖြစ်လေသည်။
*ဒါ … ပုံရိပ်ယောင်ပဲ*
လူတိုင်း မယုံသင်္ကာ ဖြစ်နေကြသည်။ ပုံရိပ်ယောင် ဖြစ်ပေါ်လာခြင်းသည် လူတစ်ယောက်၏ အရှိန်နှုန်းက မထင်မှတ်ထားသည့် အချိန်ရောက်မှသာ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ထိုသို့လုပ်နိုင်သော သူသည် လျင်မြန်စွာ ရှောင်တိမ်းသွားသည်နှင့် ထိုနေရာ၌ ပုံရိပ်ယောင်သာ ကျန်ရစ်ခဲ့သည်။
ဝံပုလွေလေးသည် ဤသို့ ဖြစ်လာမည်ကို ခန့်မှန်းထားမိပုံ ပေါ်သည်။ သူသည် ဝံပုလွေလက်သည်းများနှင့် ထိုပုံရိပ်ယောင်ကို ဆွဲဖြဲပြီးသည်နှင့် ဘေးနားမှ ပြန်ပေါ်လာသော ယဲ့ဖန်ကို ထပ်မံ၍ စုတ်ဖြဲပြန်သည်။
ထောင်သောင်းချီသော သိုင်းပညာရှင်များသည် ၎င်းတို့၏ ဘဝတစ်သက်တာတွင် အမှတ်အရဆုံး ဖြစ်နေမည့် မြင်ကွင်းကို မြင်နေရလေတော့သည်။
လူနှစ်ယောက်တွင် တစ်ယောက်က အပြင်းအထန် တိုက်ခိုက်နေသလို ကျန်တစ်ယောက်က ခုခံရုံသာ ခုခံနေ၏။
ထိုတိုက်ခိုက်မှုနှင့် ခုခံမှုတစ်ခုချင်းစီတိုင်း၌ ဂြိုဟ်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါလာပြီး အဆောက်အဦးများသည် ဧရာမ ရှေးဟောင်းသားရဲများ၏ ဖျက်ဆီးခြင်းကို ခံရသကဲ့သို့ တစ်ခုပြီးတစ်ခု ပြိုကျလာလေသည်။
ဝံပုလွေလေးကသာ အပြင်းအထန် တိုက်ခိုက်နေသော်လည်း ယဲ့ဖန်က ရှောင်သာရှောင်နေသည်။ တိုက်ခိုက်မှုတိုင်းသည် ရှောင်တိမ်းမရနိုင်သလို အန္တရာယ်လည်း များလှသည်။ ဘေးလူများ၏ အမြင်တွင် ယဲ့ဖန်သည် ဝံပုလွေလေးကြောင့် အချိန်မရွေး ပေါက်ကွဲသေဆုံးသွားနိုင်ဟု ထင်နေကြသည်။
သေမင်းခံတွင်းဝသို့ ရောက်နေသကဲ့သို့ ဖြစ်နေသည့် အန္တရာယ်များလွန်းသော အခြေအနေကြောင့် လူတိုင်း ယဲ့ဖန်အတွက် ချွေးပြန်နေကြသည်။
အထူးသဖြင့် ခန်းမသခင်နှင့် အခြားသူများသည် ဇောချွေးပြန်၍ ကတုန်ကယင် ဖြစ်နေကြပြီး လည်ချောင်းထဲမှ နှလုံး ခုန်ထွက်လာလေမလားဟု ခံစားနေရသည်။
သူတို့နှင့် ဆန့်ကျင်ဘက် တစ်ဖက်တွင်မူ ခုန်လင်နှင့် ကျန်းရုန်တို့က စိတ်လှုပ်ရှား၍ နီမြန်းနေသော မျက်နှာများဖြင့် စောင့်ကြည့်နေကြသည်။ ဝံပုလွေလေးကြောင့် ယဲ့ဖန် မကြာခင် သေရတော့မည်ဟု သူတို့ မြင်ယောင်နေသည်။
“သိပ်မကြာတော့ဘူး၊ နောက်တိုက်ကွက်အချို့ပြီးသွားရင် အဲ့ခွေးမသားက ဝံပုလွေလေးကြောင့် သေမှာပဲ”
ခုန်လင်နှင့် ကျန်းရုန်တို့၏ မျက်လုံးထဲတွင် ခက်ထန်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေ၏။
သို့သော် အားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေချိန်၌ ကပ်ဆိုးဂြိုဟ်၏ ကောင်းကင်ထက်မှနေ၍ မိုးခြိမ်းသံကဲ့သို့သော ထိတ်လန့်ဖွယ် အသံများ ထွက်ပေါ်လာလေသည်။
ထို့နောက် အားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်၌ ကောင်းကင်ထက်ရှိ ကပ်ဆိုးဂြိုဟ်အား စောင့်ကြပ်သော အစောင့်တစ်ယောက်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။ သူ၏ သွေးစက်များနှင့် ခန္ဓာကိုယ် အပိုင်းအစများက မိုးစက်များသဖွယ် ကျဆင်းလာသည်။
“အဲ့ဒါ … အဲ့ဒါ ဘာကြီးလဲ”
ထောင်သောင်းချီသော သိုင်းပညာရှင်များ တအံ့တဩနှင့် ကောင်းကင်အား မော့ကြည့် နေကြသည်။ ဝံပုလွေလေးနှင့် ယဲ့ဖန်တောင်မှ တိုက်ခိုက်သည်ကို ရပ်၍ ကောင်းကင်ထက်သို့ မော့ကြည့်လာသည်။
အလွန်တရာ အန္တရာယ်များလှသည့် အရှိန်အဝါတစ်ခုက လျင်မြန်စွာ ရောက်ရှိလာတော့မည်ဟု သူတို့နှစ်ယောက်လုံး ခံစားမိနေသည်။
“မလုပ်နဲ့”
ကောင်းကင်ထက်မှ ကပ်ဆိုးဂြိုဟ်ကို စောင့်ကြပ်နေသော အစောင့်များအားလုံး တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ၍ သေဆုံးသွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ အလောင်းများက ဖက်ထုပ်များသဖွယ် တဘုတ်ဘုတ် ပြုတ်ကျလာသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။
ကပ်ဆိုးဂြိုဟ်၏ အစောင့်အကြပ် အယောက်တစ်ထောင်ကျော် သေဆုံးသွားပြီးနောက် လူတစ်ယောက် ဆင်းသက်လာသည်။
ထိုသူသည် လူငယ်တစ်ယောက်သာ ဖြစ်လေသည်။ သူ၏ နဖူး၌ ထူးဆန်း၍ နက်နဲသော မှော်စာလုံးတစ်လုံး ရှိနေသည်။ သူ၏ မျက်လုံးတစ်စုံက အပြာရောင် ခပ်ဖျော့ဖျော့ အရောင်ရှိပြီး နက်ဆိုးဆန်လှသည်။ နတ်ဆိုးတစ်ကောင်က ငရဲမှထွက်လာလေသလားဟု ထင်မှတ်မှားရသည်။
ထိုလူငယ်လေး၏ စစ်ဝတ်စုံ၌ မိုနာဒိုဟူသော စာလုံးအား ခပ်ကြီးကြီး ထွင်းထုထားသည်ကို လူတိုင်း တွေ့လိုက်ရသည်။
“သူ … သူက နတ်ဘုရား မိုနာဒိုရဲ့ သားတော်ပဲ၊ မြတ်စွာဘုရား … မိုနာဒိုဘုရင်ရဲ့ ကြောက်စရာ အကောင်းဆုံး သားတော်ပဲ”
“မိုနဒိုဘုရင်က လာတယ်လား၊ ဘာလို့လဲ … ဘယ်လိုလုပ် ဝမ်ရှင်း ညီလာခံက ဒီလောက် ကြောက်ဖို့ကောင်းတဲ့သူကို ဆွဲဆောင်မိသွားတာလဲ”
“မိုနာဒိုဘုရင်ရဲ့ သားတော်က စကြဝဠာထဲက ပြိုင်ဘက်ကင်း ခန္ဓာကိုယ် ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မသေမျိုး နတ်ဘုရားခန္ဓာကိုယ် ပိုင်ရှင်ပဲ၊ သူ …”
“…”
ထိုသို့သောအချိန်၌ ထောင်သောင်းချီသော လူအုပ်ကြီးသည် ပွက်လောရိုက်၍ ပြောဆိုနေကြသည်။
ဝမ်ရှင်း ညီလာခံသည် နာမည်ကျော်သော်လည်း ဂြိုဟ်များနှင့် ဂြိုဟ်စုနယ်မြေများကြား၌သာ အကန့်အသတ်နှင့် တည်ရှိခြင်း ဖြစ်သည်။
ထို့အပြင် မိုနာဒိုဘုရင်၏ သားတော်သည် နတ်ဘုရား နယ်မြေ၏ ကြောက်စရာကောင်းသော ပါရမီရှင် ဖြစ်လေသည်။ သူသည် မိုနာဒိုဘုရင်၏ တစ်ဦးတည်းသော သား ဖြစ်သည်။
ဤသို့သော သူမျိုးကို ဒဏ္ဍာရီများ၌သာ ကြားဖူးသော်လည်း ယခု မျက်မြင်ကိုယ်တွေ့ တွေ့နေရသောကြောင့် လူတိုင်း ကြက်သီးထလာကြသည်။
မိုနာဒိုဘုရင်၏ သားတော်က ကောင်းကင်ထက်မှ ဆင်းသက်လာသောအခါ ထိတ်လန့်ဖွယ် ကောင်းသည့် အရှိန်အဝါတစ်ခုကို ဖြန့်ကျက်လာသည်။
သိုင်းပညာရှင်တိုင်း ခြေမခိုင်တော့ဘဲ ဒူးထောက်ကျလာသည်။ သူတို့၏ ဒူးများ ကျိုးကြေလုနီးပါး ဖြစ်လာလေသည်။ သူတို့၏ နံရိုးများ ကျိုးကြေလုနီးပါး ဖြစ်လာသည်။
ထောင်သောင်းချီသော သိုင်းပညာရှင်များအားလုံး ကတုန်ကယင်နှင့် နှုတ်ဆက်ကြပါသည်။
“အရှင်မိုနာဒိုကို ကြိုဆိုပါတယ်”
“အရှင်မိုနာဒိုကို ကြိုဆိုပါတယ်”
“…”
ထောင်သောင်းချီသော သိုင်းပညာရှင်များ၏ အထိတ်တလန့် နှုတ်ဆက်သံများက ကမ္ဘာတုန် သွားစေသည်။ သို့သော် မိုနာဒိုဘုရင်၏ သားတော်က သူတို့ကို အဖက် မလုပ်ချေ။ သူသည် အပြာဖျော့ဖျော့ မျက်လုံးတစ်စုံက အောက်ဘက်ရှိ လူအုပ်အား ပုရွက်ဆိတ်များကို စိုက်ကြည့်သကဲ့သို့သာ ကြည့်နေလေသည်။
“ကမ္ဘာဂြိုဟ်က ယဲ့ဖန်ဆိုတာ ဘယ်သူလဲ”
ထိုစကားသံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားပြီး ထောင်သောင်းချီသော သိုင်းပညာရှင်များ တုန်ယင်သွားစေသည်။
*ကမ္ဘာဂြိုဟ်က ယဲ့ဖန်တဲ့*
ထိုနာမည်ကို ကြားပြီး ထောင်သောင်းချီသော သိုင်းပညာရှင်များ တွေဝေနေကြသည်။ ထိုနာမည်က ထူးဆန်းသည်ဟုသာ သူတို့ တွေးမိကြသည်။
လူအုပ်ကြားထဲမှ ခုန်လင်တစ်ယောက် မျက်မှောင်ကြုတ်နေသည်။ သူမ ထိုနာမည်ကို ကြားဖူးသော်လည်း ဘယ်နေရာမှ ကြားခဲ့ဖူးမှန်း စဉ်းစားမရချေ။
ထိုနာမည်ကို ကြားပြီးနောက် ဝံပုလွေလေးတစ်ယောက်တည်းသာလျင် ရုတ်တရက် မျက်လုံးများက အေးစက်လာသည်။ ထို့နောက် ရှေ့တိုး၍ ကောင်းကင်ထက်မှ မိုနာဒိုဘုရင်၏ သားတော်ကို မော့ကြည့်လိုက်သည်။
“ငါ့သခင်ကြီးကို ဘာကိစ္စရှာတာလဲ”
Chapter 540 ရူးသွပ်သော ဝံပုလွေလေး
“ငါ့သခင်ကြီးကို ဘာကိစ္စရှာတာလဲ”
ဝံပုလွေလေး၏ အသံပဲ့တင်ထပ်သွားသောအခါ လူတိုင်း မှင်တက်သွားကြသည်။
*သခင်ကြီးတဲ့လား*
*ဝံပုလွေလေးရဲ့ သခင်ကြီးတဲ့လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထောင်သောင်းချီသော လူအုပ်ကြားထဲ၌ အသံဗလံများဖြင့် ဆူညံလာသည်။ လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင် အံ့အားသင့်နေကြသည်။ ကြောက်စရာကောင်းသော ဝံပုလွေလေး၌ သခင်ကြီးတစ်ယောက် ရှိနေသည်တဲ့လား။
ဝံပုလွေလေးရဲ့ သခင်ကြီးက အဘယ်မျှ ကြောက်စရာကောင်းမလဲ ဆိုတာကို မည်သူမျှ တွေးမတတ်တော့ချေ။
“မြတ်စွဘုရား ဝံပုလွေလေးရဲ့ သခင်ကြီးတဲ့၊ သူက ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်များလား”
“မယုံနိုင်စရာပဲ၊ ဘယ်လို ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကို ဝံပုလွေလေးက သခင်ကြီးလို့ ခေါ်တာပါလိမ့်”
“ကမ္ဘာဂြိုဟ်က ယဲ့ဖန်တဲ့၊ ပုန်းကွယ်နေတဲ့ လောကတစ်ခုက ထိပ်သီး ပညာရှင် တစ်ယောက်များလား၊ အဲ့လိုမှမဟုတ်ရင် ငါ ဘာလို့ တစ်ခါမှ အဲ့နာမည်ကို မကြားဖူးရတာလဲ”
“…”
ဝံပုလွေလေး၏ သခင်ကြီးက အလွန် ကြောက်စရာကောင်းသော သိုင်းပညာရှင်တစ်ယောက် ဖြစ်လိမ့်မည်ဟု အားလုံး ထင်ထားမိကြသည်။
ထိုအချိန်၌ ခုန်လင်တောင်မှ မသိမသာ မှင်တက်နေရသည်။
*ကမ္ဘာဂြိုဟ်က ယဲ့ဖန်၊ ဒီနာမည်ကို ငါ ဘယ်နားမှာ ကြားဖူးတာပါလိမ့်*
သို့သော် ထိုနာမည်က ဝံပုလွေလေး၏ သခင်ကြီး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိချေ။
“မြတ်စွာဘုရား၊ ဒီလိုဆိုရင် … အဲ့ဒီလူက ဘယ်လိုတည်ရှိမှုမျိုးလဲ”
ခုန်လင် တွေးမရတတ်အောင် ဖြစ်နေသည်။ သူ့ဘေးမှ ကျန်းရုန်က မျက်စိပျက် မျက်နှာပျက်နှင့် ပြောလာသည်။
“မင်းတင်မကဘူး၊ ငါတို့အားလုံး ခန့်မှန်းလို့ မရနိုင်တဲ့သူပဲ၊ ဝံပုလွေလေးက နေ့တိုင်း၊ အချိန်တိုင်း ကြိုးစားပြီး သေခြင်းရှင်ခြင်း အတွေ့အကြုံတွေကို ရင်ဆိုင်နေတာက ယဲ့ဖန်ဆိုတဲ့သူ အတွက်ပဲ”
*ဘယ်လို*
ထိုစကားကြောင့် ခုန်လင် အလန့်တကြားနှင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဝံပုလွေလေး၏ အပြောကို ကြားပြီးနောက် ကောင်းကင်ထက်မှ မိုနာဒိုဘုရင်၏ သားတော် မသိမသာ မျက်နှာပျက်သွားသည်။
သူ၏ အပြာဖျော့ဖျော့ မျက်လုံးတစ်စုံက ဝံပုလွေလေးကို သေချာကြည့်လိုက်ပြိးနောက် အံ့ဩသွားလေသည်။
“အင်း … မင်းမှာ ကြောက်စရာကောင်းတဲ့ စွမ်းအင် နှစ်မျိုး ရှိနေတာပဲ၊ အံ့ဩစရာပဲ၊ ဒီလို ဂြိုဟ်စုနယ်မြေ သေးသေးလေးထဲမှာ မင်းလို ပါရမီရှင်မျိုးနဲ့ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး”
ထိုသို့ပြောပြိးနောက် မိုနာဒိုဘုရင်၏ သားတော်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
“ဟေ့ကောင် ကမ္ဘာဂြိုဟ်က ယဲ့ဖန်က မင်းသခင်ကြီးလား”
“အမှန်ပဲ”
ဝံပုလွေလေးက အေးတိအေးစက်နှင့် မကြောက်မရွံ့ ပြန်ဖြေလေသည်။ သူ့စကားကြောင့် မိုနာဒိုဘုရင်၏ သားတော်က ရယ်သွေးသွမ်းလာသည်။ ထိုရယ်သံက ခက်ထန် ကြမ်းကြုတ် လှသည်။
“ငါ သူ့ကို လိုက်ရှာရတာက … သူ့ကို သတ်ဖို့ပဲ”
*ဘာ*
ထိုစကားကြောင့် ဝံပုလွေလေးသာမက ကျန်လူများအားလုံး အကြီးအကျယ် မျက်နှာပျက် သွားကြသည်။
*မိုနာဒိုဘုရင်ရဲ့ မျိုးဆက်က ဝံပုလွေလေးရဲ့ သခင်ကြီးကို သတ်ချင်နေတယ်တဲ့လား*
*ဒါက …*
သိုင်းပညာရှင်တိုင်းသည် ဝံပုလွေလေးကို တစ်လှည့်၊ မိုနာဒိုဘုရင်၏ သားတော်ကို တစ်လှည့် ကြည့်နေပြီး ရုတ်တရက် လေထုက အေးစက်၍ ပြင်းထန်လာသည်ကို ခံစားမိသွားသည်။
အားလုံး ရင်တုန်လာကြသည်။ ထိုသည်သာမကသေးချေ၊ မိုနာဒိုဘုရင်၏ သားတော်က မခိုးမခန့် မျက်နှာပေးနှင့် ကြည့်လာသည်။
“မင်းက သန်မာပါတယ်၊ မင်း လူမှားပြီး ဒီလိုစကားမျိုး ပြောလာတာတော့ သနားစရာပဲ”
“ကမ္ဘာဂြိုဟ်က ယဲ့ဖန်က သေကိုသေရမှာပဲ၊ မင်း သူ့ကို စွန့်ပစ်ပြီး ငါ့ဆီမှာ ကျေးကျွန်လုပ်ပါလား၊ ငါ မင်းကို မိုနာဒို နတ်ဘုရားနယ်မြေကို ခေါ်သွားပြီး မင်းကို သန်မာလာအောင် လုပ်ပေးမယ်၊ ပြီးရင် မိုးကောင်းကင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေရမယ်၊ ဘယ်လိုလဲ”
*မြင့်မြတ်သော မိုနာဒိုဘုရင်ရဲ့ သားတော်က တကယ်ပဲ ဝံပုလွေလေးကို သိမ်းသွင်းချင် နေတာလား*
ထိုအခြေအနေရဆိုလျင် မိုနာဒို နတ်ဘုရားနယ်မြေသို့ ခေါ်သွားခံရပြီးနောက် ဂြိုဟ်စုနယ်မြေ တစ်ခုကိုလည်း ကြီးစိုးနိုင်ပေဦးမည်။ ဤသည်မှာ မည်သူမဆို ခုခံရန် ခက်ခဲလောက်သည့် မက်လုံးပင် ဖြစ်လေသည်။
“ -ီးပဲ”
ဝံပုလွေလေးက လူသတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် လှမ်းကြည့်လိုက်သည်။
“မင်းကိုယ်မင်း ဘာထင်နေလဲ”
*ဟမ်*
ဝံပုလွေလေးက မိုနာဒိုဘုရင်၏ သားတော်ကို ပြန်ပြောရဲလောက်သည်အထိ သတ္တိရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
ထို့အပြင် ဝံပုလွေလေးက လူသတ်လိုသော အကြည့်များဖြင့် မိုနာဒိုဘုရင်၏ သားတော်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ရူးရူးမူးမူး စိုက်ကြည့်နေ၏။
“ငါ ယဲ့ဖန်ရဲ့ ကျေးကျွန်ဖြစ်လာတဲ့နေ့ကစပြီး ယဲ့ဖန်က ငါ့တစ်ဘဝလုံးအတွက် သခင်ကြီးပဲ၊ ပြီးတော့ ငါ့ဘိုးဘေးတွေ အမွှန်းတင်နေတဲ့ မင်းလို နတ်ဘုရားမျိုးနွယ် ပေါက်စက ငါ့သခင်ကြီးကို သတ်ဖို့ကြိုးစားနေတယ်တဲ့လား၊ ငါ မသိခဲ့ရပါလား”
ဝံပုလွေလေး၏ စကားသံ ထွက်ပေါ်လာပြီးနောက် အားလုံး အလန့်တကြား ဖြစ်သွားကြသည်။
*အရူးအမူး ရိုသေတာပါလား*
ဝံပုလွေလေး၏ စကားမှနေ၍ ယဲ့ဖန်အပေါ် မည်မျှ အလေးထားကြောင်း လူတိုင်း ရိပ်စားမိ လိုက်သည်။
သူ့မျက်လုံးထဲတွင် ယဲ့ဖန်နှင့် ယှဉ်နေသည့် မိုနာဒိုဘုရင်၏ သားတော်သည် ဆင်ခြေရာ တိုင်းနေသော ပုရွက်ဆိတ်တစ်ကောင်ဟုသာ သတ်မှတ်ထားသည်။
*တစ်ဖက်လူကို စော်ကားနေတာပဲ*
ထိုအချိန်တွင် မိုနာဒိုဘုရင်၏ သားတော်၏ အပြုံးက အေးခဲသွားလေသည်။ သူကိုယ်တိုင်တောင်မှ မယုံနိုင်လောက်အောင် ဖြစ်နေ၏။ မသေမျိုး မူလရင်းမြစ် ရှစ်ခုရှိသော သူသည် ဝံပုလွေလေးကဲ့သို့ ပါရမီရှင်အား သိမ်းသွင်းနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။
“ဟေ့ကောင် မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ၊ ဘာမဟုတ်တဲ့ ကမ္ဘာဂြိုဟ်က ယဲ့ဖန်အတွက် ဒါက ထိုက်တန်ရဲ့လား”
မိုနာဒိုဘုရင်၏ သားတော်က ဒေါသကို ထိန်း၍ ဝံပုလွေလေး နာခံလာအောင် သိမ်းသွင်းချင်နေ၏။ သို့သော် ဝံပုလွေလေးက ဟားတိုက်ရယ်၍ သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေသည်။
“ဘာမဟုတ်တဲ့ ကမ္ဘာဂြိုဟ်က ယဲ့ဖန်တဲ့လား၊ ဟားဟားဟား …”
ဝံပုလွေလေးက အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ရယ်မောလေ၏။
“ငါ့သခင်ကြီးက ဘယ်သူလဲ မင်း မသိဘူး၊ သူ ဘယ်လောက် ကြမ်းကြုတ်လည်း မင်း နားမလည်ပါဘူး၊ ငါ့သခင်ကြီးရှေ့မှာဆိုရင် မင်း မပြောနဲ့၊ မင်းအဖေ မိုနာဒိုဘုရင်တောင်မှ အစေခံရဲ့ အစေခံ၊ ဒါမှမဟုတ် ခြံစောင့်ခွေး သာသာပဲကွ”
ဝံပုလွေလေး၏ စကားသံ ပဲ့တင်ထပ်သွားချိန်တွင် ကပ်ဆိုးဂြိုဟ်တစ်ခုလုံး ချက်ချင်း ပို၍ အခြေအနေ တင်းမာသွားလေသည်။
လူတိုင်း ရင်တဒိန်းဒိန်း ခုန်နေပြီး၊ မိုနာဒိုဘုရင်၏ သားတော်ထံမှ လူသတ်လိုသော အရိပ်အငွေ့များကို သူတို့ ခံစားမိနေ၏။
“ကောင်းပြီလေ၊ တော်တော် မထီမဲ့မြင်ပြုတဲ့ကောင်ပဲ”
မိုနာဒိုဘုရင်၏ သားတော် အလွန် ဒေါသူပုန်ထသွားသည်။ “အစေခံ၏ အစေခံ” နှင့် “ခြံစောင့်ခွေး” ဟူသော စကားများက သူ့အား ဒေါသူပုန်ထသွားစေသည်။
“မင်းက ဒီလောက် မာရေကြောရေ ပြောနေမှတော့၊ ငါက မင်းကို အရင်သတ်ပြီးမှ သူ့ကို သတ်ပစ်မယ်”
ထိုသို့ပြောပြီး မိုနာဒိုဘုရင်၏ သားတော်က ကောင်းကင်ထက်မှနေ၍ ဝံပုလွေလေးထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။
ခြေလှမ်းတိုင်းက ကပ်ဆိုးဂြိုဟ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ အချိန်မရွေး မိုနာဒိုဘုရင်၏ သားတော်က လူတိုင်းအား နင်းခြေသွားနိုင်သည်ဟု ထင်မှတ်သွားရသည်။
သူ မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့် အလွန် ပြင်းထန်သော ဖိအားတစ်ခုက လွှမ်းမိုးလာသည်။ သူသည် ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါးနှင့် တူလှသည်။
“ငါ မင်းကို သုံးကွက်အတွင်း သတ်ပြမယ်”
*ဖိနှိပ်လွန်းတယ်*
သိုင်းပညာရှင်တိုင်း ဝံပုလွေလေး၏ ကြောက်စရာကောင်းပုံကို မြင်ဖူးခဲ့ကြသည်။ ထို့အတူ မိုနာဒိုဘုရင်၏ သားတော်ကလည်း သုံးကွက်အတွင်း အနိုင်ယူမည်ဟု ဆိုလာသည်။
သို့သော် ဝံပုလွေလေးက ထိုစကားကို အရေးမစိုက်ဘဲ လူမဆန်စွာ ပြုံးနေ၏။
“ငါ့သခင်ကြီးကို သတ်ချင်ရင် ငါအရင်သေမှပဲ ရမယ်”
“ဒီနေ့ မင်းကို ငါ မရရအောင် သတ်မယ်”
ဝံပုလွေလေးသည် ထိုသို့ပြောပြီး လက်ကို လှုပ်ခါလိုက်သောအခါ ကြောက်မက်ဖွယ် ဝံပုလွေလက်သည်းတစ်စုံ ထွက်ပေါ်လာပြီး မိုနာဒိုဘုရင်၏ သားတော်အား အရူးအမူး တိုက်ခိုက်၍ သတ်ဖြတ်ရန် ပြင်လေတော့သည်။
“သေလိုက်တော့”
ပြင်းထန်သော ဖိအားက မိုနာဒိုဘုရင်၏ သားတော်အား တတ်နိုင်သမျှ ထိန်းချုပ်ရန် ကြိုးစားလာသည်။
*အရင်ဦးအောင် တိုက်နေပါလား*
ဤမြင်ကွင်းကြောင့် မိုနာဒိုဘုရင်၏ သားတော်တောင်မှ နောက်ဆုတ်လိုက်ရသည်။ သူ လှစ်ခနဲ ကိုယ်ကိုယိမ်း၍ ရှောင်တိမ်းလိုက်သည်။
သို့သော် ဝံပုလွေလေးက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ အပြင်းအထန် တိုက်စစ်ဆင်၍ တိုက်ခိုက်လေတော့သည်။ တိုက်ကွက်တိုင်းက ဒဏ်ရာ အပြင်းအထန် ရစေနိုင်၏။ ပြင်းထန်သော ဖိအားတစ်ခုက မိုနာဒိုဘုရင်၏ သားတော်ကို အမှန်တကယ် ဖိနှိပ်လာသည်။
မိုနာဒိုဘုရင်၏ သားတော်သာမက ဘေးပတ်လည်မှ သိုင်းပညာရှင်များပါ ဝံပုလွေလေး ဤမျှ ရူးသွပ်စွာ တိုက်ခိုက်လိမ့်မည်ဟု ထင်မထားမိချေ။
သူ့စိတ်ထဲတွင် ယဲ့ဖန်သည်သာ သူ၏ဘဝ ဖြစ်လေသည်။ မိုနာဒိုဘုရင်၏ သားတော်က ယဲ့ဖန်ကို သတ်ချင်နေမှတော့ ဝံပုလွေလေးသည် သူ သေရမည်ဆိုလျင်တောင်မှ သူ့အား မရရအောင် ဖျက်ဆီးမှာပင်။
ရွှစ်!
အားလုံး၏ ခြောက်ခြားနေသော အကြည့်များအောက်၌ သတိလွတ်သွားသော မိုနာဒိုဘုရင်၏ သားတော်သည် ရင်ဘတ် စုတ်ပြဲသွားပြီး သွေးများ ပန်းထွက်လာသည်။
“ချီးတဲ့မှပဲ၊ ဟေ့ကောင် မင်းက ငါ့ကို ရန်စတယ်ပေါ့လေ”
မိုနာဒိုဘုရင်၏ သားတော် ပေါက်ကွဲလာသည်။ သူ အလွန် အမျက်ထွက်နေ၏။
“မင်း သေလိုက်တော့”
ထိုသို့ပြောပြီးနောက် မိုနာဒိုဘုရင်၏ သားတော်က လက်ကိုဝင့်၍ ဝံပုလွေလေးအား ပြင်းထန်စွာ ရိုက်နှက်ရန် ပြင်လာလေတော့သည်။
စာစဉ် (၃၆) ဤတွင်ပြီးပါပြီ။