← Chapters

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

Chapter 541 သုံးကွက်အတွင်း မင်းကို သတ်ပစ်မယ်

ဝုန်း!

မိုနာဒိုဘုရင်၏ သားတော် လက်သီးချက်၌ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်များ ပါဝင်နေသည်။ ကြောက်စရာ ကောင်းသော တောင်ကြီးတစ်လုံးက ဝံပုလွေလေး ပေါ်သို့ ပြိုကျလာလေသလားဟု ထင်မှတ်မှားရသည်။

ဂျွတ်! ဂျွတ်!

ကပ်ဆိုးဂြိုဟ်၏ မြေဆီလွှာများသည် ကြောက်မက်ဖွယ် ကောင်းသော အင်အားကို တောင့်မခံနိုင်သကဲ့သို့ အက်ကွဲလာကာ ပြိုကျလုမတတ် ဖြစ်လာလေသည်။

ထို့အတူ ပြင်းထန်သော လက်သီးချက်ကြောင့် ထိတ်လန့်ဖွယ် အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ဘေးပတ်လည်မှ ထောင်သောင်းချီသော သိုင်းပညာရှင်များအပေါ် သက်ရောက်မှုတစ်ခု ဖြစ်ပေါ်လာသည်။

လူတိုင်း ကြက်သီးမွေးညင်း ထလာကြသည်။ မိုနာဒိုဘုရင်၏ သားတော်၊ နတ်ဘုရား သားတော်၏ လက်သီးချက်နှင့်တင် ဂြိုဟ်များကို ဖောက်ခွဲပစ်နိုင်လောက်သည်စု သူတို့ သေချာပေါက် ပြောနိုင်သွားသည်။

ထိုအချိန်၌ နတ်ဘုရားသားတော်၏ လက်သီးချက်နှင့် ဝံပုလွေလေး၏ လက်သည်းတစ်စုံတို့ ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားလေသည်။

နတ်ဘုရားသားတော် နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်လိုက်ရသလို သူ့မျက်နှာက မသိမသာ ဖြူရော်နေ၏။ ဝံပုလွေလေးကမူ မီတာတစ်ရာမျှ လွင့်ထွက်သွားသည်။

မြေကြီးပေါ် ပြန်ပြုတ်ကျတော့မည့်အချိန်တွင် သူ မြေကြီးကို ခြေစုံကန်၍ ဟန်ချက် ထိန်းလိုက်သည်။ မြေကြီးပေါ်၌ စွတ်ကြောင်းကြီး နှစ်ခု ထင်ကျန်ရစ်သွားပြီးမှ သူ ရပ်တန့်သွား လေသည်။

တောက်! တောက်!

ဝံပုလွေလေး၏ လက်သည်းမှနေ၍ သွေးစက်များ တတောက်တောက် စီးကျလာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူ၏ ဝံပုလွေလက်သည်း တစ်စုံလုံးက အက်ကွဲလုနီးပါး ဖြစ်နေသည်။ သူ ဒဏ်ရာ အပြင်းအထန် ရထားမှန်း သိသာလှသည်။

ဤမြင်ကွင်းကြောင့် အားလုံး အံ့အားသင့်သွားရသည်။

*သူ ဒဏ်ရာရသွားတာပဲ*

ထောင်သောင်းချီသော သိုင်းပညာရှင်များသည် ဝံပုလွေလေး၏ ထိတ်လန့်စရာကောင်းသော ခွန်အားကို မြင်ခဲ့ဖူးသဖြင့် သူ ဤသို့ ဒဏ်ရာရသွားသည်ကို မယုံနိုင်လောက်အောင် ဖြစ်သွားလေသည်။ အံ့ဩစရာကောင်းလွန်းလှသည်။

“သန်မာတယ် … တကယ် သန်မာလွန်းတယ်”

ကျန်းရုန်နှင့် ခုန်လင်သာမက လူတိုင်းက နတ်ဘုရား သားတော်ကို လှမ်းကြည့်ရင်း မျက်ခုံး တလှုပ်လှုပ် ဖြစ်နေကြသည်။ သူသည် သူတို့ မြင်ဖူးသမျှထဲတွင် ကြောက်လန့်စရာ အကောင်းဆုံးသူပင်။

‘ပထမတစ်ကွက်”

ထိုအချိန်၌ နတ်ဘုရား သားတော်၏ အသံ ထွက်ပေါ်လာသည်။ ထိုသို့ပြောပြီးနောက် သူသည် ဝံပုလွေလေးထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။ သူ့နှုတ်ခမ်းထောင့်က တွန့်ကွေး၍နေသည်။

“အမှန်အတိုင်း ပြောရရင် ငါ ဒီကို လာတာက မင်းသခင်ကြီးကို သတ်ရုံတင် မကဘူးကွ၊ သူ့အရိုးတွေကို ချိုးပစ်ပြီးတော့ အရေခွံနွှာပစ်မှာ။ သူရဲ့ မူလရင်းမြစ်တွေကို ထုတ်ယူပြီးတော့ သူ့ကို တစ်စစီဖြစ်အောင် ချေမွပစ်မှာလေ”

ထိုစကားကြောင့် ဝံပုလွေလေး၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီလာ၏။

“မင်းကများ … သေပေတော့”

ဝံပုလွေလေးသည် အက်ရှရှအသံနှင့် ဝံပုလွေတစ်ကောင်ကဲ့သို့ ဒေါသတကြီး အော်ဟစ်လေသည်။ သူ့အသံကြောင့် နတ်ဘုရား သားတော်၏ အပြုံးက ပို၍ အေးစက်လာသည်။

“သေလိုက်တော့ ဟုတ်လား၊ နားစမ်းပါကွာ”

“မင်း ငါ့ကို မသတ်နိုင်ပါဘူး၊ မင်းက သူတော်စင် စဦးအဆင့်ကို ရောက်နေပြီးတော့ ကောင်းကင် နတ်ဘုရင် တစ်ပိုင်းအဆင့် တိုက်ပွဲဝင်ခွန်အားက ဘယ်နေရာမှာမဆို ကြောက်စရာ ကောင်းလောက်ပင်မယ့် ကံဆိုးတာက မင်းက ငါနဲ့မှ လာတွေ့ရတာကိုး”

ထိုသို့ပြောရင်းနှင့် မသေမျိုး စွမ်းအင် အနည်းငယ်က နတ်ဘုရား သားတော်၏ ဘေးပတ်လည်တွင် ရစ်ဝဲလာသဖြင့် အားလုံး တုန်ယင်သွားလေသည်။

“ငါက စကြဝဠာထဲက ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မသေမျိုး နတ်ဘုရား ခန္ဓာကိုယ်ပိုင်ရှင်ပဲ၊ ငါကပဲ အခြားသူတွေကို သတ်နိုင်တယ်၊ ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူးကွ”

မောက်မာ၍ ဖိနှိပ်လွန်းသည်။ ထာဝရ မသေဆုံးနိုင်သော နတ်ဘုရား သားတော်ပင်။

နတ်ဘုရား သားတော်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားမိပြီးနောက် ထောင်သောင်းချီသော သိုင်းပညာရှင်များသာမက ခုန်လင်နှင့် ကျန်းရုန်တို့ပါ စိတ်ဓာတ်ကျလာကြသည်။

သူတို့အမြင်တွင် နတ်ဘုရား သားတော်သည် တုနှိုင်းမဲ့လှသည်။ ဝံပုလွေလေးသာလျင် ဒေါသကြောင့် အလွန် ရူးမတတ် ဖြစ်နေ၏။

“မင်းက ဘယ်လို သောက်ကောင်မျိုး ဖြစ်နေပါစေ၊ ငါ့သခင်ကြီးကို သတ်ချင်ရင် ငါ မင်းကို ရအောင် သတ်ပစ်မယ်”

ထိုသို့ပြောပြီး ဝံပုလွေလေးသည် ဝံပုလွေ လက်သည်းပေါ်မှ ဒဏ်ရာကို ဂရုမစိုက်ဘဲ နတ်ဘုရား သားတော်အား အရူးအမူး စုတ်ဖြဲရန် ကြိုးစားလေတော့သည်။

ချက်ချင်းဆိုသလိုပင် သူတို့နှစ်ယောက်လုံး အပြင်းအထန် တိုက်ခိုက်ကြလေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ရှေးဟောင်းသားရဲများ တိုက်ခိုက်နေကြသကဲ့သို့ ကပ်ဆိုးဂြိုဟ်ပေါ်၌ သည်းကြီးမည်းကြီး တိုက်ခိုက်နေသည်။

ကပ်ဆိုးဂြိုဟ်ပေါ်၌ အက်ရာများက ဆက်တိုက် ထွက်ပေါ်လာနေ၏။ မကောင်းဆိုးဝါးကဲ့သို့သော သိုင်းပညာရှင်နှစ်ယောက်၏ ပြင်းထန်သော စွမ်းအင်များကို တောင့်မခံနိုင်သကဲ့သို့ ကပ်ဆိုးဂြိုဟ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်လာသည်။

ထိုသည်သာမကချေ၊ တိုက်ခိုက်ချိန် ကြာလာလေ လူတိုင်း ပိုထိတ်လန့်လာလေ ဖြစ်လာရသည်။ နတ်ဘုရား သားတော်သည် မိုးကောင်းကင်မှ နတ်ဘုရားများကဲ့သို့ တားဆီးမရနိုင်သည်ကို သူတို့ သတိထားမိလာသည်။

သူ၏လှုပ်ရှားမှုတိုင်း၌ စကြဝဠာ၏ ဥပဒေသများ ပါဝင်ပြီး ထိုဥပဒေသများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့စိမ့်ဝင်လာလေသည်။

ဝုန်း!

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဝံပုလွေလေး၏ ဝံပုလွေလက်သည်း တစ်စုံလုံး ပျက်စီးသွားကာ သူ့ပါးစပ်ထောင့်မှနေ၍ သွေးများ စီးကျလာသည်။

“ဒုတိယတစ်ကွက်”

နတ်ဘုရားသားတော်သည် ထိုသို့ပြောပြီးနောက် ဝံပုလွေလေးကို တိုက်ခိုက်ရန် တတိယမြောက် သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။

နတ်ဘုရားသားတော်၏ လက်သီးချက်တိုင်းသည် လောကကြီးကို ဖျက်စီးနိုင်သကဲ့သို့ အင်အားကြီးလှပြီး ဝံပုလွေလေးအား သည်းကြီးမည်းကြီး ထိုးနှက်တိုက်ခိုက်နေ၏။

ဝံပုလွေလေးက ရှောင်တိမ်းရင်း ပြန်လည်တိုက်ခိုက်နေသည်။ သူက သန်မာသည်ဆိုသော်လည်း နတ်ဘုရား သားတော်က သူ့ထက် ပိုသန်မာနေလေသည်။

ဂျွတ်!

အက်ကွဲသံနှင့်အတူ ဝံပုလွေလေး ပြန်မတုံ့ပြန်နိုင်ခဲ့ ရင်ဘတ်သို့ နတ်ဘုရား သားတော်၏ လက်သီးချက်က ပြင်းထန်စွာ ကျရောက်လာသည်။ ရုတ်တရက် သူ့ရင်ညွန့်ရိုး ကျိုးသွားကာ လူတစ်ကိုယ်လုံး ကြိုးပြတ်သွားသော စွန်သဖွယ် အဝေးသို့ လွင့်ထွက်သွားသည်။ ထို့နောက်တွင်မှ ပြန်ပြုတ်ကျသွားလေသည်။

ထိုအခိုက်တွင် ကပ်ဆိုးဂြိုဟ်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ သိုင်းပညာရှင်တိုင်းသည် မြေကြီးပေါ် လဲကျနေသော ဝံပုလွေလေးကို စိုက်ကြည့်ရင်း ရင်တုန်ကာ ဇောချွေးပြန်၍ နဖူး၌ ချွေးများ စို့နေသည်။

*ရှုံးသွားပြီ*

*သုံးကွက်အတွင်း ရှုံးသွားပြီ*

ဤအဖြစ်က အားလုံးကို သွေးပျက်သွားစေသည်။ နတ်ဘုရားသားတော်က ဝံပုလွေလေးကို သုံးကွက်အတွင်း တကယ် အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

နတ်ဘုရား သားတော်သည် သရော်ပြုံးပြုံး၍ ဝံပုလွေလေးထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။

“ဟေ့ကောင် မင်းရဲ့ သေမင်း ရောက်လာပြီကွ”

သူ့စကားတိုင်းက သေခြင်းတရား၏ အရိပ်အယောင်များဟု ထင်မှတ်ရသည်။

“သခင်လေး”

“ဝံပုလွေလေး”

ကျန်းရုန်နှင့် ခုန်လင်တို့သည် ဟော့ပေါ့အိုးထဲ ကျသွားသော ပုရွက်ဆိတ်များကဲ့သို့ နေမထိ ထိုင်မသာ ဖြစ်ကာ စိုးရိမ်ကြောင့်ကြ ဖြစ်နေကြသည်။ သို့သော် သူတို့ ရှေ့သို့ တစ်လှမ်းပင် မတိုးရဲကြချေ။

ထိုအချိန်၌ အားလုံးသည် ဝံပုလွေလေး၏ ကျဆုံးခန်းကို မြင်ရတော့မည်ဟု ထင်မိသွားသည်။

“အဆုံးသတ်တော့မှာလား”

ဝံပုလွေလေးသည် ဖြည်းဖြည်းချင်း ပြန်ထလာသလို သူ့ပါးစပ်မှနေ၍ သွေးများလည်း စီးကျနေ၏။ သူ မချိပြုံး ပြုံးလိုက်မိသည်။ သူ့စိတ်ထဲမှ ထိုပုဂ္ဂိုလ်၏ မျက်နှာကို ပြန်မြင်ယောင်လာပြီး သူ့အပြုံးက ပို၍ ပီပြင်လာသည်။

“သခင်ကြီး၊ ဖေးချမ်က အသုံးမကျပါဘူး၊ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို သတ်ဖြတ်ချင်တဲ့ သခင်ကြီးရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး”

သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ သူ ဤသို့ ဖြစ်လာရမည်ကို မလိုလားပါ။ သို့သော် သူ မည်မျှ မကျေနပ်ပါစေ၊ ဤသည်က သူ အားနည်းလွန်း၍ ဖြစ်လာရခြင်းသာ ဖြစ်သည်။

နတ်ဘုရား သားတော်၏ ခြေလှမ်းများက ပို၍ နီးကပ်လာသည်။ ခြေလှမ်းတိုင်းက မရဏ အသံများလိုပင်။

သို့သော် သူ ဝံပုလွေလေးနားသို့ မရောက်လာခင်တွင် ထူးဆန်းသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က နတ်ဘုရား သားတော်ရှေ့သို့ ပေါ်ထွက်လာသည်။

*အမ်*

ဤမြင်ကွင်းကြောင့် နတ်ဘုရား သားတော်သာမက ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြသည်။ ထိုလူကို သေချာမြင်လိုက်ရပြီးနောက် သူတို့ သွေးပျက်သွားကြသည်။

*နဂါးနက် အရှင်သခင်ပါလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အလွန် အရေးကြီးသော သေရေးရှင်ရေး အခြေအနေ၌ နဂါးနက် အရှင်သခင်က ကြားဝင်တားလိမ့်မည်ဟု မည်သူမျှ ထင်မထားမိပါ။

“ဟေ့ကောင် ဖယ်စမ်း၊ မဟုတ်လို့ကတော့ သေသွားမယ်မှတ်”

နတ်ဘုရားသားတော်၏ မျက်လုံးများက အေးစက်နေသည်။ သူ့အမြင်တွင် ယဲ့ဖန်ကဲ့သို့ နတ်ဘုရားဂိုဏ်းချုပ် တစ်ပိုင်းအဆင့်က ပုရွက်ဆိတ်သာသာ အဆင့်သာ ဖြစ်သည်။ လက်လေးတစ်ချောင်းတည်းနှင့် ထိုလူကို သူ အကြိမ်ကြိမ် အခါခါ ချေမွနိုင်သည်။

*ဘေးဖယ် ဟုတ်လား၊ မဟုတ်ရင် သေမယ်တဲ့လား*

ယဲ့ဖန် ရယ်လေသည်။ သူ ယခင်က ချက်ချင်း ဝင်မပါရခြင်းမှာ ဝံပုလွေလေးနှင့် ထိပ်တန်း ပါရမီရှင်များကို သူ၏ အဆုံးမရှိသော တိုက်ပွဲဝင်ခွန်အားကို အပြည့်အဝ သိနားလည်စေလို၍ ဖြစ်သည်။ ယခုအခါတွင် ထိုဆန္ဒ ပြည့်ဝသွားလေပြီ။

ဤသို့ တွေးပြီးနောက် ယဲ့ဖန်က နတ်ဘုရား သားတော်ကို စိုက်ကြည့်၍ ကျောချမ်းဖွယ် အပြုံးနှင့် ပြုံးပြလိုက်သည်။

“ကျေးဇူးပဲ၊ ဂြိုဟ်တွေကို ဖြတ်ပြီး လိုက်ရှာစရာ မလိုဘဲ မသေမျိုး မူလရင်းမြစ်ကို ငါ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးလိုက်လို့”

*ဘာ*

ထိုစကားကြောင့် နတ်ဘုရား သားတော် မျက်နှာပျက်သွားလေသည်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ၊ ယဲ့ဖန် ထပ်ပြောလာသော စကားကြောင့် အားလုံး ထိတ်လန့်သွားကြသည်။

“ဝံပုလွေလေးက ငါ့အပိုင်ပဲ”

“မင်းက သူ့ကို သုံးကွက်အတွင်း အနိုင်ယူခဲ့မှတော့၊ ငါက … မင်းကို သုံးကွက်အတွင်း သတ်ရတော့မှာပေါ့”

Chapter 542 တစ်ကွက်နဲ့တင် လုံလောက်တယ်

“သုံးကွက်အတွင်း မင်းကို သတ်ပစ်မယ်”

ယဲ့ဖန်၏ စကားသံအဆုံး၌ ကပ်ဆိုးဂြိုဟ်တစ်ခုလုံး ငြိမ်သက်သွားသည်။ ထောင်သောင်းချီသော သိုင်းပညာရှင်များ အံ့အားသင့်နေကြသည်။

သူတို့ ကိုယ့်သေတွင်း ကိုယ်တူးသူများကို မြင်ဖူးသော်လည်း ဤမျှရဲတင်းလွန်းသည့် ကိုယ့်သေတွင်း ကိုယ်တူးသောလူမျိုး မမြင်ခဲ့ဖူးချေ။

*အရူး*

များစွာသော လူများက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

*ဒီလူက အစောပိုင်းတုန်းက ဝံပုလွေလေးရဲ့ ရိုက်နှက်တာကို ခံရပြီးတော့ ဆက်တိုက် ဒဏ်ရာရပြီး ပြန်တိုက်နိုင်တဲ့ ခွန်အားတောင် မရှိတာ*

*အခု သူ့ထက် ဆယ်ဆမက ပိုအင်အားကြီးတဲ့အပြင် ဝံပုလွေလေးကို သုံးကွက်အတွင်း အနိုင်ယူခဲ့တဲ့ နတ်ဘုရားသားတော်ကို သူက စိန်ခေါ်နေပါလား*

*စစ်ရထားကို အတင်းတားချင်နေတဲ့ အရူးလိုပဲ၊ တစ်ဖက်လူရဲ့ အရည်အချင်းကို တော်တော် အထင်သေးတာပဲ*

ဘေးပတ်လည်မှ လူများသာမက ခန်းမသခင်တို့ပါ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

“သခင်ကြီး မလုပ်ပါနဲ့ …”

နဂါးနက် ခန်းမ၏ သိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။

ယဲ့ဖန်သည် ဝံပုလွေလေးနှင့် တိုက်ခိုက်စဉ်က မသေခဲ့သော်လည်း နတ်ဘုရား သားတော်နှင့် တိုက်ခိုက်ပါက သူ သေချာပေါက် သေဆုံးသွားနိုင်သည်။

ထိုအချိန်၌ ဝံပုလွေလေးတောင်မှ မှင်တက်သွားရသည်။ သူသည် ယဲ့ဖန်အား ဝေခွဲမရဟန်ဖြင့် ကြည့်နေမိသည်။

“နဂါးနက် အရှင်သခင်၊ အခု ခင်ဗျား ကျုပ်ဘက်က ရပ်တည်ပေးတဲ့အတွက် ကျုပ် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားက သူ့ပြိုင်ဘက် မဟုတ်ဘူး၊ ဖယ်လိုက်ပါ”

ဝံပုလွေလေးသည် ယဲ့ဖန်၏ ရန်သူ ဖြစ်သော်လည်း ယခုအချိန်၌ နတ်ဘုရား သားတော်၏ လက်ထဲတွင် သူ့အား အသတ်ခံရမည်ကို မလိုလားဟန် ပေါ်နေသည်။

ခုန်လင်နှင့် ကျန်းရုန်တို့ကမူ အလွန် တက်ကြွ ပျော်ရွှင်နေကြသည်။ သူတို့က ဝံပုလွေလေးကို ခပ်သွက်သွက် အကြံပေးလိုက်ကြသည်။

“ဝံပုလွေလေး အဲ့အရူးကို မစိုးရိမ်ပါနဲ့၊ သူက သောက်သုံးမကျတဲ့ ကောင်းပဲကို၊ သူ နတ်ဘုရား သားတော်ကို အာရုံလွှဲထားတုန်း ခင်ဗျား ထွက်ပြေးသင့်တယ်”

“ဟုတ်ပါတယ်၊ နတ်ဘုရား သားတော်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူက သခင်လေးကြောင့် သေနေလောက်ပါပြီ၊ သူ ဘာတွေကြံနေတာလဲ မသိဘူး”

ကျန်းရုန်နှင့် ခုန်လင်တို့၏ အမြင်တွင် ယဲ့ဖန်သည် သေလူတစ်ယောက်သာ ဖြစ်လေသည်။ ထိုသူ သေရတော့မည်ဖြစ်သဖြင့် သူတို့ ဝမ်းသာနေကြလေသည်။

သူတို့စကားကြောင့် ဝံပုလွေလေးက သူတို့နှစ်ယောက်ကို အလွန်တရာ အေးစက်သော မျက်လုံးများဖြင့် ကြည့်လာသည်။ သူ့အမြင်တွင်တော့ ယဲ့ဖန်သည် သူ့ဘက်မှ ဝင်ကာပေးနေခြင်းသာ ဖြစ်သည်။

“ဟားဟားဟား ...”

သို့သော် လူအုပ်ကြီး တစ်ခုလုံး ပွက်လောရိုက်နေစဉ်တွင် နတ်ဘုရား သားတော်က ဟားတိုက် ရယ်မောလာ၏။

“နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်ကတဲ့လား၊ ငါ့ကို သုံးကွက်အတွင်း သတ်ပစ်မယ်ပေါ့လေ၊ ဟားဟား”

နတ်ဘုရားသားတော်သည် ကမ္ဘာပေါ်ရှိ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ အူလှိုက်သည်းလှိုက် ရယ်မောနေသည်။ သူသည် ယဲ့ဖန်အား မချိုမချဉ် မျက်နှာပေးနှင့် ကြည့်လိုက်သည်။

“ဟေ့ကောင် မင်းက သတ္တိရှိပင်မဲ့ တုံးလွန်းတယ်လို့ ငါ ပြောရမှာပဲ”

“နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်ကလား၊ ငါ အဲ့အဆင့်က လူတွေကို လက်တစ်ဖက်တည်းနဲ့ ထောင်ချီပြီး သတ်ပစ်နိုင်တယ်ကွ”

အထင်သေးနေခြင်းပင်။ နတ်ဘုရား သားတော်၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် ပုရွက်များလောက်တောင်မှ ထူးချွန်ခြင်းမရှိသည့် သိမ်ဖျင်းသော လူတစ်ယောက်သာ ဖြစ်လေသည်။

လူတိုင်း ယဲ့ဖန်ကို စိုက်ကြည့်နေမိကြသည်။ ယဲ့ဖန်၏ မျက်နှာသည် ခြောက်ခြားနေပုံ ပေါ်သည်။ သူက လက်တခါခါနှင့် အလန့်တကြား ပြောလာ၏။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ် ခုနက မှားပြောလိုက်မိတာ”

*ဘာ*

ယဲ့ဖန်၏ ထိတ်လန့်နေသော မျက်နှာထားနှင့် အပြောအဆိုကြောင့် ဘေးပတ်လည်မှ လူတိုင်း မှင်တက်သွားကြသည်။

*ကြောက်နေတာလား*

ယဲ့ဖန် အလွန် ကြောက်နေသဖြင့် သူ ကြောက်လန့်နေကြောင်း ဝန်ခံတော့မည်ဟု အားလုံး ထင်လိုက်ကြသည်။ ထိုသို့တွေးမိပြီးနောက် သူတို့ ယဲ့ဖန်ကို အလွန် အထင်သေးသွားကြသည်။

သူသည် အမှားကြီးတစ်ခု လုပ်လိုက်မိပြီး ထိုအမှားကို ချက်ချင်း သတိပြုမိသွားပုံရသည်ဟု ထင်နေလေသည်။

ခုန်လင်နှင့် ကျန်းရုံတို့သာမက အခြားသူများပါ ဟားတိုက် ရယ်ကြပြီး ယဲ့ဖန်အား ရွံရှာသလို ကြည့်နေကြသည်။

ခန်းမသခင်တို့အဖွဲ့သည်လည်း စိတ်သက်သာရသွားသလို တစ်ချိန်တည်းမှာပင် စိတ်ပျက်နေသည့် မျက်နှာထားမျိုး ဖြစ်နေသည်။ သတ္တိကြောင်သော လူတစ်ယောက်၏ နောက်လိုက်အဖြစ် မည်သူမျှ မလုပ်လိုကြသည်မှာ သဘာဝပင် ဖြစ်သည်။

ထိတ်လန့်နေသော ယဲ့ဖန်ကို ကြည့်ပြီး နတ်ဘုရား သားတော်တစ်ယောက်တည်းသာ အသာပြုံးနေ၏။ နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်လေးက သူ့ကို ဒီလောက် မကြောက်ဘဲ မနေနိုင်ဟု သူ အစောကြီးကတည်းက တွေးမိပြီးသား ဖြစ်သည်။

“ဟဲဟဲ ... ဟေ့ကောင်၊ မင်း စကားမှားခဲ့တာကို မင်း သိပြီမလား”

“အခု မင်း ဒူးထောက်မယ်ဆိုရင် ...”

သို့သော် နတ်ဘုရား သားတော် စကားပင် ဆုံးအောင် မပြောလိုက်ရခင်တွင် ယဲ့ဖန် ဖြတ်ပြောလိုက်သော စကားက သူ့အပြုံးအား အေးခဲသွားစေသည်။

“သိုင်းကွက်က များလွန်းတယ်၊ မိုနာဒို ခွေးပေါက်လေးအတွက်ဆို တစ်ကွက်နဲ့တင် လုံလောက်တယ်”

ထိုအချိန်၌ အားလုံး တိတ်ဆိတ်သွားလေသည်။ သိုင်းပညာရှင်အားလုံး၏ မျက်နှာထက်မှ အထင်သေး ရှုံ့ချသော အကြည့်များက အေးခဲသွားသည်။ ခုန်လင်နှင့် ကျန်းရုန်တို့၏ သရော်ပြုံးများသည်လည်း ချက်ချင်း တောင့်သွားလေသည်။

လူတိုင်း ကိုယ့်နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည့် စကားကို မယုံနိုင်လောက်အောင် ဖြစ်နေ၏။

*သုံးကွက်တောင် မဟုတ်ဘဲနဲ့ ... တစ်ကွက်တည်းနဲ့တဲ့လား*

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူညံပွက်လောရိုက်လာသည်။ အားလုံးသည် မယုံသင်္ကာ မျက်နှာထားများဖြင့် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။

ထို့အပြင် “မိုနာဒို ခွေးပေါက်လေး” ဟူသော စကားက နတ်ဘုရားသားတော်အား အလွန် ဒေါသူပုန်ထသွားစေသည်။

သူ့မျက်နှာက အလွန် သုန်မှုန်နေပြီး လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

“ခွေးမသား၊ မင်းက ငါ့စိတ်ရှည်သည်းခံမှုကို တစ်စထက်တစ်စ လာဆွနေတာပဲ၊ မင်း သေလိုက်တော့”

ယခုအချိန်တွင် နတ်ဘုရား သားတော်သည် အလွန်အမင်း ဒေါသထွက်လျက် ရှိနေသည်။ သူသည် လက်ကိုခါ၍ ယဲ့ဖန်ကို အသည်းအသန် ဖမ်းဆီးရန် ပြင်လာသည်။

“သေပေတော့”

ပြင်းထန်သော ဖိအားတစ်ခုက ယဲ့ဖန်ကို လွှမ်းခြုံသွားသည်။ မြေကြီးပေါ်၌ အက်ရာများ ဆက်တိုက် ထွက်ပေါ်လာသည်။ နတ်ဘုရား သားတော်၏ အမျက်ဒေါသကြောင့် သူ၏ တိုက်ခိုက်မှုက ဝံပုလွေလေးကို တိုက်ခိုက်စဉ်ကထက် ပို၍ ပြင်းထန်နေ၏။

လူတိုင်းသည် မရဏ အငွေ့အသက်များက သူတို့ကို လွှမ်းခြုံရစ်ပတ်လာသည်ဟု ခံစားမိသွားသည်။ ဝံပုလွေလေးတောင်မှ မျက်မှောင်ကြုတ်နေပြီး တစ်ကိုယ်လုံး အေးစက်နေသည်။

သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားကြသည်။ ယဲ့ဖန်သည် ရှောင်ပုန်းခြင်း၊ တိမ်းရှောင်ခြင်း မပြုသလို ခုခံခြင်းလည်း မပြုချေ။

အားလုံး၏ သွေးပျက်နေသော အကြည့်အောက်၌ ယဲ့ဖန်သည် နတ်ဘုရား သားတော်၏ သေစေနိုင်သော လက်ဝါးချက်ကို လျစ်လျူရှုကာ နတ်ဘုရား သားတော်ထံသို့ တစ်လှမ်းခြင်း လှမ်းသွားနေသည်။

*သွားပြီ*

လူတိုင်း ရင်ထဲ အေးခနဲ ဖြစ်သွားကြသည်။ အစောပိုင်းက ဝံပုလွေလေး၏ တိုက်ခိုက်မှုကို ယဲ့ဖန် မရှောင်ခဲ့သည်က အံ့ဩစရာ ဖြစ်ခဲ့သည်။ ယခုအခါတွင်လည်း သူက နတ်ဘုရား သားတော်၏ တိုက်ခိုက်မှုကို မရှောင်ပေ၊ ဤသည်မှာ သူ၏ သေမင်းထံသို့ တည့်တည့်တိုးဝင်ခြင်းသာ ဖြစ်သည်။

အားလုံး၏ အကြည့်အောက်၌ ပြင်းထန်သော လက်ဝါးချက်က ယဲ့ဖန်ထံ ကျရောက်လာသည်။ ရုတ်တရက် သူ ပေါက်ကွဲသွားပြီး သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

*ဒါက ...*

အားလုံး တုန်လှုပ်သွားကြသည်။ ယဲ့ဖန်သည် ပေါက်ကွဲ၍ သေဆုံးသွားပြီး အရိုးပင် မကျန်ရစ်ခဲ့ချေ။

မောက်မာ၍ ထောင်လွှားသော ယဲ့ဖန်တစ်ယောက် ကိုယ့်သေတွင်း ကိုယ်တူးသွားပြီဟု အားလုံး ယုံကြည်သွားကြသည်။

“ကြည့်စမ်း၊ ဟိုဟာ ... အဲ့ဒါ ဘာကြီးလဲ”

ထိုသို့သောအချိန်၌ အော်သံတစ်ခုကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ယဲ့ဖန်၏ ပေါက်ကွဲသေဆုံးသွားမှုကြောင့် ဖြစ်ပေါ်လာသော သွေးစက်များသည် တစ်စက်ချင်း ပြန်လည် စုစည်းနေသည်ကို အားလုံး တွေ့လိုက်ရသည်။

လျပ်တစ်ပြက်အတွင်း၌ လူတစ်ယောက် ပြန်ပေါ်လာသည်။ ထိုသူကား ယဲ့ဖန်ပင်။

“မဖြစ်နိုင်ဘူး”

လူတိုင်း သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ သွေးပျက်နေကြသည်။

*အရိုးတောင် မကျန်ခဲ့တဲ့သူက အခု လူအကောင်လိုက် ပြန်ရှင်လာတယ်တဲ့*

*ဒီလို ကြောက်စရာကောင်းတဲ့ အရာမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ*

ထောင်သောင်းချီသော သိုင်းပညာရှင်များ ခြောက်ခြားနေကြသည်။ ခုန်လင်တောင်မှ ပါးစပ် အဟောင်းသား ဖြစ်နေ၏။

ဝံပုလွေလေးတောင်မှ မျက်ခုံးလှုပ်နေသည်။ သူ တစ်ခုခုကို တွေးမိသွားပြီး မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

“မသေမျိုး ခန္ဓာကိုယ်”

ထိုသို့သောအချိန်၌ နတ်ဘုရား သားတော်၏ မယုံနိုင်သော အသံ ထွက်ပေါ်လာသည်။ သူသည် ယဲ့ဖန်အား မျက်နှာမလွှဲတမ်း စိုက်ကြည့်၍ ယုံရခက်ခက် ဖြစ်နေလေသည်။

“ဒီတော့ မင်းက ... လတ်စသက်တော့ မင်းက ... သူ ဖြစ်နေတာကိုး”

ထိုအချိန်၌ နတ်ဘုရား သားတော် ရိပ်မိသွားလေတော့သည်။ ယဲ့ဖန်သည် သူ လိုက်ရှာနေသော ရှစ်ခုမြောက် မသေမျိုး မူလရင်းမြစ် ဖြစ်နေသည်။ ထိုအခိုက်တွင် လူသတ်လိုသော အငွေ့အသက်များ ဆက်လက်၍ ထွက်ပေါ်လာပြန်သည်။

ဒုတိယ လက်ဝါးချက်က ယဲ့ဖန်ထံသို့ အပြင်းအထန် ကျရောက်လာ၏။ ရှေ့ဆက် ဖြစ်ပေါ်လာသော အရာက လူတိုင်းကို ကြက်သီးထသွားစေသည်။

ယဲ့ဖန်သည် မပြေးဘဲ နတ်ဘုရားသားတော်ထံသို့ လှမ်းလာပြန်သည်။ သူ ရှေ့သို့ တိုးလာတိုင်း ပေါက်ကွဲ၍ သေဆုံးသွားသည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။

....

နတ်ဘုရား သားတော်ရှေ့သို့ ယဲ့ဖန် ရောက်လာချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ဆယ်ကြိမ်တိတ် ပေါက်ကွဲထားပြီးသား ဖြစ်သည်။

သို့သော် သူ၏ အပြုံးက နတ်ဆိုးဆန်နေဆဲပင်။ သူ့လက်ထဲ ရွှေရောင်ဓားကျိုး တစ်လက် ရှိနေ၏။ သူ့ထံမှ လူသတ်လိုသော အရှိန်အဝါများ ပျံ့နှံ့ထွက်ပေါ်လျက် ရှိသည်။

Chapter 543 မင်းကို ကျေးဇူးတင်တယ်

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

နတ်ဘုရား သားတော် အလွန်အမင်း ထိတ်လန့်နေ၏။ သူ ယဲ့ဖန်ကို ဆယ်ကြိမ်တိတ် သတ်ခဲ့သည်။ မသေမျိုး နတ်ဘုရား ခန္ဓာကိုယ်တောင်မှ ဆယ်ကြိမ် အသတ်ခံရလျင် အားနည်းနေပြီ ဖြစ်သည်။ နောက်တစ်ခါ ထပ်သတ်၍ မရနိုင်တော့ချေ။

သို့မဟုတ်ပါက မသေမျိုး ရင်းမြစ်က ပျောက်ကွယ်သွားပြီး မသေမျိုး နတ်ဘုရား ခန္ဓာကိုယ် ပျက်စီးသွားပေမည်။

သို့သော် ယခုအခါတွင် ယဲ့ဖန်၌ လူသတ်လိုသော အရိပ်အငွေ့များဖြင့် ပြည့်နှက်နေသည်။ သူသည် ဆယ်ကြိမ်တိတိ အသတ်ခံရပြီးနောက် အားနည်းလာခြင်း မရှိဘဲ သန်မာနေ၏။

သူ့ကို သတ်လိုက်သည့် အကြိမ်တိုင်း သူ၏ မသေမျိုး မူလရင်းမြစ်က ပို၍ ဖိနှိပ်လွှမ်းမိုးလာနိုင်ပုံ ရသည်။ အံ့ဩစရာ ကောင်းလှသည်။

“သူက ဒီခန္ဓာကိုယ်ရဲ့ မူလ အစစ်အမှန်များလား”

ဤကိစ္စအတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ယဲ့ဖန်၌ လွှမ်းမိုးနိုင်သော မူလရင်းမြစ် တစ်ခုထက် ပိုရှိနေခြင်းပင်။

ယဲ့ဖန်ကို သတ်လိုက်သည့်အချိန်တိုင်း သူ၏ မူလရင်းမြစ်များက ပို၍ သိပ်သည်း၍ သန်မာလာသည်ကို သတိထားခဲ့မိသည်။ ဤသည်ကို တွေးမိပြီး နတ်ဘုရား သားတော် ခြောက်ခြားလာသည်။

ထိုသို့သောအချိန်၌ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရား သားတော်အား လွှမ်းခြုံသွားသည်။

“ချီးတဲ့မှ”

ထိုအချိန်တွင် နတ်ဘုရားသားတော်သည် ကြက်သီးထလာလေသည်။ သူ၏ခွန်အားသည် ကောင်းကင် နတ်ဘုရင် စဦးအဆင့်သို့ ရောက်နေသော်လည်း ယဲ့ဖန်၏ ဓားချက်အောက်တွင် သူသည် ခေါင်းမွေးထောင်၍ မရဏအငွေ့အသက်များ ဖုံးလွှမ်းလာသလို ခံစားမိသည်။

“မလုပ်နဲ့’

နတ်ဘုရားသားတော် ရှောင်တိမ်းရန် ပြင်လာသည်၊ သို့သော် ထိုအချိန်တွင် ဆန်းကြယ် ရေခဲများက သူ၏ ခြေဖဝါးကို အေးခဲအောင် ပြုလုပ်လာသည်။ ထိုသည်သာမကချေ၊ ဆန်းကြယ် ရေခဲဓာတ်များက သူ၏ ခြေဖဝါးမှနေ၍ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသည်။

“ဒါက … ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်”

နတ်ဘုရား သားတော်သည် ထိတ်လန့်နေသလို ဒေါသလည်း ထွက်နေ၏။ သူသည် ခန္ဓာကိုယ်ကို လှုပ်ခါပြီး ဆန်းကြယ်ရေခဲထဲမှနေ၍ ရုန်းထွက်ရန် ကြိုးစားနေသည်။

သူ ခန္ဓာကိုယ်ကို အားကုန်သုံး၍ ရုန်းကန်နေစဉ် အနက်ရောင် နတ်ဆိုးချီဓာတ်များက သူ့ကိုယ်ထဲ ပျံ့နှံ့ဝင်ရောက်လာသည်။ အသွေးအသားများ လျင်မြန်စွာ ပုပ်သိုးလာပြီး နတ်ဘုရားစွမ်းအင်ကို တစ်စ တစ်စ ဆုတ်ယုတ် လျော့ပါးစေသည်။

“ထိပ်တန်း အဆိပ်ခန္ဓာကိုယ်”

ထိုအခိုက်တွင် နတ်ဘုရား သားတော် ကြောက်လန့်တကြား ဖြစ်လာရသည်။ ဤသို့သော ထိတ်လန့်ဖွယ်ကောင်းသည့် အရာမျိုး သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ လူတစ်ယောက်၌ မသေမျိုး နတ်ဘုရား ခန္ဓာကိုယ်၊ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်နှင့် ထိပ်တန်း အဆိပ်ခန္ဓာကိုယ်တို့ ရှိနေသည်တဲ့လား။

ဤသည်မှာ မတွေးဝံ့စရာ ကိစ္စပင်။ နတ်ဘုရားသားတော် ရုန်းကန်နေစဉ်တွင် ရွှေရောင် ဓားကျိုးက လျှပ်စီးကဲ့သို့ လှစ်ခနဲ ပြေးဝင်လာသည်။

“မလုပ်ပါနဲ့”

ထိတ်လန့်တကြား အော်သံနှင့်အတူ နတ်ဘုရား သားတော်၏ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲ သွားကာ သွေးများက ဆက်တိုက် ပန်းထွက်လာသည်။

ဤမြင်ကွင်းကြောင့် ထောင်သောင်းချီသော သိုင်းပညာရှင်များ ခေါင်းပွင့်မတတ် ဖြစ်နေကြသည်။ လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြသည်။

*ဓားချက်တစ်ချက်တည်းနဲ့လား*

*ဓားချက်တစ်ချက်တည်းနဲ့ နတ်ဘုရား သားတော်ရဲ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းပစ်လိုက်တယ်လား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဂလု!

လူတိုင်း မနည်း တံတွေးမျိုချမိပြီး ယဲ့ဖန်အား သရဲသဘက်ကို မြင်နေရသကဲ့သို့ ထိတ်လန့် အံ့ဩဟန်နှင့် ကြည့်နေကြသည်။ ဝံပုလွေလေးတောင်မှ မျက်ခုံးလှုပ်၍ ကြက်သီးထလာသည်။

“ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်၊ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်၊ မသေမျိုး ခန္ဓာကိုယ်၊ သူ … သူပဲ”

ဝံပုလွေလေး တုန်ယင်လာသည်။ နဂါးနက် အရှင်သခင်နှင့် ထိုပုဂ္ဂိုလ်တို့က အဘယ်ကြောင့် အလွန် ဆင်တူနေရသလဲဆိုတာကို သူ နားလည်သွားလေသည်။

အဘယ်ကြောင့် သူက အဆင့်ငယ် ဆယ့်ခြောက်ခုကို ကျော်လွန်၍ နတ်ဘုရား သားတော်ကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းနိုင်ရသလဲဆိုတာကို သူ နားလည်သွားသည်။

*လတ်စသက်တော့ … သူ ဖြစ်နေတာကိုး*

ဝံပုလွေလေး မျက်ရည်ဝဲလာသည်။ သူ စိတ်လှုပ်ရှား၍ တက်ကြွပျော်ရွှင်လာသည်။ သူ အံ့အားသင့်သွားရသည်။

“အား”

ထိုသို့သောအချိန်၌ နတ်ဘုရား သားတော်၏ ကျန်ရစ်နေသော အပိုင်းများမှ အော်ဟစ်သံ ထွက်ပေါ်လာသည်။

“သောက် ရှစ်ခုမြောက် ရင်းမြစ်ကောင်၊ မင်း … မင်း ဘယ်လိုတောင် ငါ့ကို သတ်ရဲတာလဲ”

ထိုအသံနှင့်အတူ နတ်ဘုရား သားတော်၏ ခန္ဓာကိုယ်သည် ပျက်စီး၍ သွေးမြူခိုးများအသွင် ပြောင်းလဲသွားပြီး နောက်တစ်ဖန် ပြန်၍ ခန္ဓာကိုယ် ဖွဲ့စည်းချင်နေသည်။

ဤသည်ကိုမြင်ပြီး ယဲ့ဖန်က ရယ်လေသည်။

“အဲ့ဒါကို စောင့်နေတာ”

ထို့နောက် ယဲ့ဖန်ထံမှ အနက်ရောင် နတ်ဆိုး ချီမျှင်စုများ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် သွေးမြူခိုးအသွင် ပြောင်းလဲနေသော နတ်ဘုရားသားတော်ကို ရစ်ပတ်သွားသည်။

“အား...”

ထိုနတ်ဆိုးချီမျှင်စုများက မြွေသဖွယ် လူးလွန့်၍ နတ်ဘုရားသားတော်အား ထိန်းချုပ်ကာ စွမ်းအင်များကို စုပ်ယူလေတော့သည်။

“နတ်ဆိုး ... သေမင်း နတ်ဆိုးဆုဒြာပဲ၊ မဟုတ်ဘူး ... မဖြစ်နိုင်ဘူး”

နတ်ဘုရား သားတော် အလွန် ထိတ်လန့်နေ၏။ ကြောက်စိတ်များက သူ့ကို လွှမ်းမိုးလာသည်။ ယဲ့ဖန်၌ အဘယ်ကြောင့် ပြိုင်ဘက်ကင်း ခန္ဓာကိုယ် သုံးမျိုး ရှိနေရသလဲဆိုတာကို သူ နားလည်သွားလေသည်။

*လတ်စသက်တော့ သူ ဖြစ်နေတာကိုး*

“နတ်ဆိုး ဧကရာဇ်၊ လတ်စသက်တော့ မင်းက နတ်ဆိုးဧကရာဇ် ဖြစ်နေတာကိုး”

“နတ်ဆိုးဧကရာဇ် မသေသေးဘူးပဲ”

နတ်ဘုရား သားတော်သည် ကြောက်လန့်၍ ဆက်တိုက် ဟစ်အော်နေ၏။ ထိုသို့ အော်ဟစ်နေစဉ်တွင် သူ၏ သွေးမြူခိုးအား သေမင်းနတ်ဆိုးဆုဒြာက ဝါးမျိုသွားလေသည်။

ထို့နောက် ယဲ့ဖန်၏ လက်တစ်ဖက်သည် လေဟာနယ်ထဲမှ တစ်စုံတစ်ရာကို အခိုင်အမာ ဖမ်းဆုပ်လိုက်သည်။

ဖောက်ထွင်းမြင်ရသည့် ကြည်လင်နေသော အရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာမှာ နတ်ဘုရား သားတော်၏ နတ်ဘုရား စိတ်ဝိညာဉ်ပင် ဖြစ်လေသည်။

ယခုအချိန်၌ နတ်ဘုရား သားတော်သည် အလွန်အမင်း ကြောက်လန့်နေပြီး ယဲ့ဖန်အား တုန်တုန်ယင်ယင်နှင့် လှမ်းကြည့်နေသည်။

ယဲ့ဖန်၏ လက်ဖဝါးတစ်ဖက်ပေါ်၌ ငရဲမီး ထွက်ပေါ်လာသောအခါ နတ်ဘုရား သားတော်၏ အော်သံက ပို၍ ကျယ်လောင်လာသည်။

“မလုပ်နဲ့၊ ရပ်လိုက်တော့”

နတ်ဘုရား သားတော်သည် သူ၏ စိတ်ဝိညာဉ် စုတ်ပြဲ၍ လောင်ကျွမ်းနေသည်ကို ခံစားမိသည်။ ဤမျှ ပြင်းထန်သည့် နာကျင်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။

“အရှင် နတ်ဆိုးဧကရာဇ်၊ ရပ်လိုက်ပါ။ ကျုပ် မှားသွားပါတယ်၊ ခင်ဗျားက နတ်ဆိုးဧကရာဇ်ဆိုတာကို ကျုပ် မသိခဲ့လိုပါ”

နတ်ဘုရား သားတော် ကြောက်လန့်နေသည်။ နတ်ဆိုးဧကရာဇ်သည် တစ်ချိန်က သူ၏ဖခင်ဖြစ်သူ မိုနာဒိုဘုရင်၏ ဧကရာဇ်ဖြစ်ပြီး နတ်ဆိုးမျိုးနွယ် တစ်ခုလုံး၏ ဧကရာဇ် ဖြစ်လေသည်။

ဤသို့သော ပုဂ္ဂိုလ်ရှေ့မျိုး၌ သူသည် ကြက်ပေါက်ကဲ့သို့ အားနည်း၍ ခုခံနိုင်စွမ်း မရှိချေ။ သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံးလာသည်။

“ကြောက်နေတာလား”

“မင်းနဲ့ မင်းအဖေက နတ်ဆိုးမျိုးနွယ်ကို သစ္စာဖောက်ပြီးကတည်းက ကြောက်ခဲ့ဖူးလို့လား”

“နတ်ဆိုးမျိုးနွယ်တွေကို မင်းနဲ့ မင်းအဖေ သတ်ခဲ့တုန်းက ကြောက်တဲ့စိတ်ကို ခံစားမိဖူးလို့လား”

ယဲ့ဖန်၏ စကားသံသည် မိုးခြိမ်းသံကဲ့သို့ နတ်ဘုရား သားတော်၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေသည်။ သူ ပိုပို၍ ကြောက်လန့်လာသည်။ သူ ယဲ့ဖန်ကို အနူးအညွတ် တောင်းပန်လေသည်။

“အရှင် နတ်ဆိုးဧကရာဇ်၊ ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးသရွေ့ ကျွန်တော့်အဖေက ခင်ဗျား တောင်းဆိုသမျှကို ဖြည့်ဆည်းပေးမှာပါ”

“ကျွန်တော်တောင်မှပေါ့ ... ခင်ဗျားသာ ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ကျွန်တော့်ရဲ့ မသေမျိုး ရင်းမြစ်အားလုံးကို ခင်ဗျားဆီ လွှဲပေးပါ့မယ်”

သူ ကြောက်လန့်နေသည်၊ ကြံရာမရ ဖြစ်နေ၏။ မိုနာဒိုဘုရင်၏ သားတော် ဖြစ်သည်နှင့်အညီ၊ မိုနာဒို နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးသည်နှင့်အညီ နတ်ဆိုးဧကရာဇ်၏ ကြောက်မက်ဖွယ် ပုံပြင်များကို သူ ကလေးဘဝကတည်းက အကြိမ်ပေါင်းများစွာ ကြားခဲ့ရသည်။

သူသည် နတ်ဆိုးဧကရာဇ်၏ မြင့်မြတ်မှုများကို နားထောင်ရင်း ကြီးပြင်းလာရသလို နတ်ဆိုးဧကရာဇ်၏ ဒဏ္ဍာရီလာ သမိုင်းကြောင်းများကို လေ့လာရင်း ကြီးပြင်းခဲ့ရသည်။

ကာလို ဂြိုဟ်စုနယ်မြေမှ နတ်ဆိုးမျိုးနွယ်များက နတ်ဆိုးမျိုးနွယ်စုကို ပုန်ကန်ခဲ့ပြီးမှ သူသည် မိုနာဒို နတ်ဘုရား၏ သားတော် ဖြစ်လာခဲ့သည်။

သို့သော် ယဲ့ဖန်ကို ရင်ဆိုင်ရန် မဆိုထားနှင့်၊ နတ်ဆိုးဧကရာဇ်ဟူသည့် အမည်ကိုကြားရုံနှင့်ပင် သူ စိတ်ဝိညာဉ် တုန်ခါလာရသည်။

“မသေမျိုး မူလရင်းမြစ်တဲ့လား”

ယဲ့ဖန်က သူ့စကားကြောင့် အသာပြုံးနေသည်။ သူ၏အပြုံးက ပိုပို၍ အေးစက်လာသည်။

“ဂြိုဟ်ပေါင်းများစွာကို မသွားရဘဲ ငါ့ရှေ့တည့်တည့်ကို မသေမျိုး မူလရင်းမြစ် ပို့ပေးလိုက်လို့ ငါ ကျေးဇူးတင်တယ်ကွာ”

“မင်းကို ကျေးဇူးတင်တယ်ကွာ၊ မင်း ... သေလို့ရပြီ”

*ဘာ*

ထိုစကားကြောင့် နတ်ဘုရားသားတော်၏ စိတ်ဝိညာဉ်သည် ကြောက်လန့်သွားလေသည်။ သူ၏ စိတ်ဝိညာဉ်အား လှစ်ခနဲ လှုပ်ရှား၍ ထွက်ပြေးရန် ပြင်လေ၏။ သို့သော် နောက်ကျသွားလေပြီ။

ကြောက်စရာကောင်းသော ငရဲမီးသည် တစ်ဟုန်ထိုး တောက်လောင်လာပြီး နတ်ဘုရား သားတော်၏ စိတ်ဝိညာဉ်ကို မီးမြိုက်၍ လောင်ကျွမ်းပစ်လိုက်သည်။

“အား”

နတ်ဘုရား သားတော်၏ စိတ်ဝိညာဉ်မှ ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်သံများ ဆက်တိုက် ဟစ်အော်လေသည်။

အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်၌ နတ်ဘုရား စိတ်ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းသွား လေတော့သည်။ စိတ်ဝိညာဉ်တစ်ခုလုံး ပြာကျ၍ လေနှင့်အတူ ပျောက်ကွယ် သွားသည်။

လေထဲ၌ မသေမျိုး မူလရင်းမြစ် ချီဓာတ်ခုနစ်ခုသာ ရစ်ဝဲ၍ ကျန်ရစ်ခဲ့သည်။ ယဲ့ဖန်က ပါးစပ်ကို အသာဟလိုက်သောအခါ မသေမျိုး မူလရင်းမြစ် ချီဓာတ်ခုနစ်မျိုးက ယဲ့ဖန်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေတော့သည်။

All Chapters