အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
Chapter 547 နတ်ဆိုးခွေးတောင် ဘုရင် ဖြစ်နေပြီပဲ
ထူဘုရင်!
ကောင်းကင်ထက်မှ ထောင်ချီသော စစ်သင်္ဘောများကို ကြည့်ပြီး ဒုတိယဘိုးဘေးနှင့် အခြားသူများ အလွန်အမင်း တက်ကြွသွားကြသည်။
“ကြည့်ကြစမ်း၊ ထူဘုရင် ဒီရောက်လာပြီကွ၊ ဟားဟားဟား … နတ်ဆိုးဧကရာဇ်တော့ သေမှာပဲ၊ ကျန်းချမ်တို့တွေလည်း ပွဲသိမ်းပြီ”
ကျန်းမိသားစုမှ ဒုတိယဘိုးဘေး၏ မျက်နှာထက်တွင် လှောင်ရိပ်သန်းလာသည်။ ထိုအချိန်၌ သူတို့သည် ကောင်းကင်ထက်သို့ ပျံတက်၍ ထူဘုရင်၏ စစ်သင်္ဘောထံသို့ အသည်းအသန် ပြေး၍ နှုတ်ဆက်လေသည်။
ထို့နောက် ဒုတိယဘိုးဘေးနှင့် ကျန်းမိသားစု၏ ရာချီသော မိသားစုဝင်များက စစ်သင်္ဘောရှေ့၌ ဒူးထောက်၍ ဂါဝရပြုကြသည်။
“ကျန်းကလန်က ထူဘုရင်ကို ဂါဝရပြုပါတယ်”
ကျွီ!
ထိုနှုတ်ဆက်သံအဆုံး၌ စစ်သင်္ဘောများ၏ တံခါးများ ပွင့်လာပြီး ကြောက်လန့်ဖွယ်ကောင်းသော မိုနာဒို စစ်တပ် ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်၌ နတ်ဘုရားမျိုးနွယ် ငါးသောင်းနှင့် ပြည့်နှက်သွားလေသည်။ သူတို့၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှပေ၏။
ထိုအရှိန်အဝါ၏ ဖိအားအောက်၌ ဒုတိယဘိုးဘေးနှင့် အခြားသူများ ကတုန်ကယင် ဖြစ်သွားလေသည်။ ဤ နတ်ဘုရားမျိုးနွယ် စစ်သားများက သူတို့အား တစ်စစီ ဆွဲစုတ်နိုင်သည်ဟု ခံစားမိနေသည်။
စစ်တပ် ငါးသောင်း၏ ရှေ့၌ ဦးဆောင်လာသော A အဆင့် စစ်သင်္ဘော တစ်စီး ရှိသည်။ အားလုံးက ထိုစစ်သင်္ဘောရှေ့၌ ကြွေးကြော်နေကြသည်။
“ထူဘုရင်”
“ထူဘုရင်”
“ထူဘုရင်”
သံပြိုင်ဟစ်ကြွေးသံများကြောင့် ဂြိုဟ်များပင် တုန်ခါသွားရသည်။ ထိုAအဆင့် စစ်သင်္ဘောမှနေ၍ ထိတ်လန့်ဖွယ် လူတစ်ယောက် ဆင်းလာသည်။ ထိုသူသည် နတ်ဆိုးတစ်ကောင်နှင့် ဆင်တူလှသည်။ သူသည် အေးစက်၍ ခက်ထန်ပုံပေါ်သည်။
သူ၏မျက်လုံးတစ်စုံက ပြာလဲ့နေပြီး စကြဝဠာထဲမှ အရာအားလုံးကို ထိုးထွင်း၍ မြင်နိုင်ပုံပေါ်နေသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ ကောင်းကင် နတ်ဘုရင် အလယ်အလတ်အဆင့် အရှိန်အဝါများ ထွက်ပေါ်လျက် ရှိသည်။
သူ၏ လှုပ်ရှားမှုတိုင်းက လောကဥပဒေသများကို ဖန်တီးနိုင်ပုံပေါ်ပြီး လေဟာနယ်အား အက်ကွဲ သွားစေသည်။
သူသည် ထူဘုရင် ဖြစ်လေသည်။ မိုနာဒို နတ်ဘုရားနယ်မြေ၏ ပထမဆုံးသော အသူရာကဲ့သို့ ခန္ဓာကိုယ် ကြီးမား ကြံခိုင်သူ ဖြစ်သည်။ နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲ၌ ကာရိုနတ်ဆိုးနယ်မြေမှ နတ်ဆိုးတို့ ပုန်ကန်ကြသောအခါ ထူဘုရင်တစ်ယောက်တည်းနှင့် ထောင်ချီသော နတ်ဆိုးများကို သတ်ဖြတ်ခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးများပင် သူ့လက်ထဲ၌ သေဆုံးခဲ့ရသည်။
ထိုသည်သာမကချေ၊ ထူဘုရင်သည် သူ၏ရက်စက်မှုအတွက် နာမည်ကြီးလေသည်။ သူ ဖြတ်သွားသည့် နေရာ၌ ကြုံတွေ့ခဲ့ရသည့် ရန်သူတိုင်း သေဆုံးရသလို ဂြိုဟ်များ တုန်ခါ၍ ဂြိုဟ်စုနယ်မြေများ ပေါက်ကွဲ ပျက်စီးကြသည်။
သက်ရှိသတ္တဝါတိုင်းအတွက် အဆုံးသတ်တစ်ခုတည်းသာ ရှိသည်။ ထိုအဆုံးသတ်မှာကား သေခြင်းတရားပင်။
ထူဘုရင်သည် အပြင်သို့ ထွက်လာသည်နှင့် သူ့လက်ကြီးတစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ စိတ်ဝိညာဉ်နှစ်ခု ထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဉ်များသည် ခုန်လင်နှင့် ကျန်းရုန်တို့၏ စိတ်ဝိညာဉ်များပင် ဖြစ်လေသည်။
သူတို့နှစ်ယောက်သည် ဖေးချမ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း စိတ်ဝိညာဉ်များကိုမူ ကပ်ဆိုးဂြိုဟ်သို့ ဖြတ်သန်းလာသော ထူဘုရင်က ကယ်တင်ခဲ့သည်။ ထူဘုရင်နှင့် မိုနာဒို စစ်တပ် ငါးသောင်းကို ဦးဆောင်လမ်းပြပေးလာသူက သူတို့နှစ်ယောက်ပင်။
“ထူဘုရင်၊ အောက်ကလူက ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ပါ၊ မိုနာဒိုနတ်ဘုရားရဲ့ သားတော်ကို သတ်လိုက်တာလည်း သူပါပဲ”
“ထူဘုရင် သူ့ကို သတ်လိုက်ပါ၊ အဲ့လူက အရမ်းရက်စက်ပြီးတော့ နတ်ဘုရားမျိုးနွယ်ရဲ့ အမွေအနှစ်ကို ကျိန်းသေပေါက် အန္တရာယ် ဖြစ်စေပါလိမ့်မယ်၊ သူ့ကို အသက်ရှင်လျက် ထားလို့ မဖြစ်ပါဘူး”
ခုန်လင်နှင့် ကျန်းရုန်တို့၏ စိတ်ဝိညာဉ်နှစ်ခုလုံး၌ အာဃာတ တရားများနှင့် ပြည့်နှက်နေသည်။ အောက်ဘက်ရှိ ယဲ့ဖန်ကို မကျေမနပ် စိုက်ကြည့်၍ ယဲ့ဖန် ကြောက်ဒူးတုန်၍ သွေးပျက်နေမည့်ပုံကို မြင်ရရန် မစောင့်နိုင်တော့ချေ။
*ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်တဲ့လား*
ထိုစကားကြောင့် ထူဘုရင်၏ မျက်လုံးများက ဝင်းလက်သွားပြီး လှောင်ပြောင်ဟန်ဖြင့် ပြုံးရယ်လာသည်။
“စိတ်ဝင်စားစရာပဲ၊ ဒီတစ်ခေါက် ဒီလို မမျှော်လင့်ထားတဲ့ အောင်မြင်မှုမျိုး ရလာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ရွှစ်!
ထိုသို့သောအချိန်၌ ထူဘုရင်သည် လှစ်ခနဲ လှုပ်ရှားလိုက်ချိန်တွင် ခုန်လင်၊ ကျန်းရုန်၊ ကျန်းမိသားစု၏ ဒုတိယဘိုးဘေးနှင့် မျိုးနွယ်ဝင်များသာမက ငါးသောင်းသော နတ်ဘုရား စစ်တပ်တို့ပါ ကျန်းဝမ်ရှင်းဂြိုဟ်သို့ ဆင်းသက်လိုက်သည်။
ထိုအချိန်တွင် ကျန်းဝမ်ရှင်းဂြိုဟ်၌ လူများစွာတို့နှင့် ပြည့်နှက်လာသည်။ သေမင်းနတ်ဘုရား ဆင်းသက်လာသကဲ့သို့ ကျန်းချမ်နှင့် အခြားသူများကို ကြက်သီးထသွားစေသည်။
“နတ်ဆိုးဧကရာဇ်၊ မတွေ့ရတာ ကြာပြီနော်”
ထိုစဉ် ထူဘုရင်က ယဲ့ဖန်ကို ငုံ့ကြည့်၍ သရော်ပြုံး ပြုံးနေသည်။
“ကျုပ် ထင်မထားမိဘူး။ ခင်ဗျား ကမ္ဘာဦး ချောက်နက်ထဲ ကျသွားပြီးတော့ မသေဘဲ ပြန်ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး”
“ဟားဟားဟား … တကယ်လို့ ကျုပ်သခင်ကြီးသာ ဒီသတင်းကို ကြားခဲ့ရင် သူ တော်တော် စိတ်လှုပ်ရှားသွားမှာ”
ထူဘုရင်သည် ယခင်က နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ခဲ့သည်။ နတ်ဆိုးဧကရာဇ်၏ ခွန်အားနှင့် ပြိုင်ဘက်ကင်းခဲ့ပုံများကို သူ့မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည်။ ထိုအချိန်က သူသည် နတ်ဆိုးဧကရာဇ်ရှေ့တွင် ကြက်ပေါက်သာသာလေးသာ ဖြစ်ခဲ့ပြီး အသက်ပင်မရှူဝံ့ခဲ့ချေ။
သို့သော် ယခုအခါတွင် သူသည် ယဲ့ဖန်အား ငါးတစ်ကောင်ဟု သတ်မှတ်ထားပြီး သူ့ကိုယ်သူ ဓားတစ်လက်အဖြစ် သတ်မှတ်နေသည်။ သူသာ သတ်ချင်ပါက သူ သတ်နိုင်သည်ဟု ထင်မှတ်ထားသည်။
ထူဘုရင်၏ စကားကြောင့် ယဲ့ဖန်၏ မျက်လုံးက မသိမသာ လက်သွားသည်။
“ထူဘုရင်လား၊ ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် မင်းက အဲ့အချိန်တုန်းက ကာရိုအနားက နတ်ဆိုးခွေး မဟုတ်လား”
“အခု ခွေးတောင် ဘုရင် ဖြစ်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ယဲ့ဖန်၏ စကားတစ်ခွန်းကြောင့် အားလုံး ပွက်လောရိုက်သွားသည်။ ထူဘုရင်၏ ခန္ဓာကိုယ်သည် နတ်ဆိုးခွေးတစ်ကောင်၏ ခန္ဓာကိုယ် ဖြစ်သည်။ သို့သော် သူ နတ်ဘုရားမျိုးနွယ်ထဲသို့ ဝင်ရောက်ပြီး မိုးကောင်းကင်ကို စိုးမိုးခဲ့ပြီးနောက် ထိုအကြောင်း မည်သူမျှ ထုတ်မပြောတော့သည်မှာ နှစ်ရာနှင့်ချီနေပြီ ဖြစ်သည်။
လူတော်တော်များများသည် ထူဘုရင်၏ မူလဇစ်မြစ်ကိုတောင်မှ မေ့လျော့သွားသည်မှာ ကြာနေပြီဖြစ်ပြီး သူ့အား ကြမ်းတမ်းသော နတ်ဘုရားတစ်ပါးဟုသာ သိထားကြတော့သည်။
သို့သော် ယခုအခါတွင် ယဲ့ဖန်ကြောင့် ထိုအမြင်က ပျက်စီးသွားလေပြီ။
*ဒါက …*
ကျန်းမိသားစု၏ ဒုတိယဘိုးဘေး၊ ခုန်လင်၊ ကျန်းရုန်နှင့် အခြားသူများသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
ထိုသို့သော စကားများသည် ထူဘုရင်၏ ရက်စက်သော စိတ်ကို ပိုဆွဲပေးလိုက်ရုံသာ ဖြစ်စေပြီး ပို၍ အဖြစ်ဆိုးသော သေခြင်းနှင့်သာ သေဆုံးသွားနိုင်သည်။
“သောက်နတ်ဆိုးကောင်”
ထူဘုရင်၏ မျက်လုံး၌ လူသတ်လိုသော အမူအရာများ၊ ဒေါသနှင့် ရှက်ရွံ့နေသော အရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။ သူသည် ယဲ့ဖန်အား တစ်စစီဖြစ်အောင် သတ်ဖြတ်ရန် စိတ်မထိန်းနိုင်တော့ချေ။
“မင်းကိုယ်မင်း အရင်ဘဝကလိုမျိုး ဖြစ်နေသေးတယ်လို့ တကယ် ထင်နေတာလား”
“ဒီလောကကြီးက မင်းရဲ့လောကကြီးလို့ တကယ် ထင်နေသေးတာလား”
ထိုသို့ ပြောနေချိန်တွင် ထူဘုရင်၏ မျက်လုံးက ပို၍ရက်စက်၍ အေးစက်လာသည်။
“အခု မင်းက နတ်ဘုရားဂိုဏ်းချုပ် တစ်ပိုင်းအဆင့်ပဲ ရှိတာ၊ ငါတို့ရဲ့ ထောင်ချီတဲ့ မိုနာဒိုစစ်တပ်က တစ်ယောက် တစ်ချက် ဆော်ရင်တောင် မင်းကို အသေသတ်လို့ရတယ်”
ထူဘုရင်၏ စကားအဆုံး၌ သူ့နောက်မှ ထောင်ချီသော မိုနာဒိုစစ်သားများက ကျယ်လောင်စွာ အော်ဟစ်လာကြသည်။
“သတ်”
“သတ်”
“သတ်”
ကျန်းဝမ်ရှင်းဂြိုဟ်တစ်ခုလုံး၌ လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းလာသည်။ ကျန်းချမ်နှင့် အခြားသူများအားလုံး ချမ်းစိမ့်စိမ့် ဖြစ်လာကြသည်။
*ဘယ်လိုလုပ်ရမလဲ*
ကျန်းချမ်နှင့် အခြားသူများ၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။ လူတိုင်း မျက်နှာ ပြာနှမ်းလာသည်။ ယခုအချိန်၌ ကျန်းမိသားစုသည် ဖျက်ဆီးခံရမည်ကို ကြောက်လန့်၍နေသည်။
ကျန်းမိသားစု၏ စီနီယာ မိသားစုဝင်များနှင့် အကြီးအကဲများက ဒုတိယဘိုးဘေးနှင့်အတူ မထွက်သွားမိသည်ကို နောင်တရစပြုလာလေသည်။
ဤနေရာ၌ နေရင်း သေဆုံးရပေတော့မည်။ ထိုသည်သာမကချေ၊ ကျန်းမိသားစု၏ ဒုတိယဘိုးဘေးနှင့် ကျန်မိသားစုဝင်များက ကျန်းချမ်နှင့် ကျန်းမိသားစုဝင်များအား လှောင်ပြောင်သရော်သလို ကြည့်နေကြသည်။
“ဟားဟားဟား … အစ်ကိုကြီး ဘယ်လိုလဲ၊ ကြောက်နေပြီလား”
“ခင်ဗျား နတ်ဆိုးဧကရာဇ်ကို ကာကွယ်ချင်နေတာ မဟုတ်ဘူးလား၊ ဒါဆိုလည်း ခင်ဗျားတို့အားလုံး အဲ့ဒီပုရွက်ဆိတ်လိုကောင်နဲ့အတူ သေလိုက်ကြတော့လေ”
ကျန်းမိသားစု၏ ဒုတိယဘိုးဘေးသည် အလွန် အူမြူး၍နေ၏။ ဘေးနားမှ ခုန်လင်နှင့် ကျန်းရုန်တို့သည်လည်း ဖေးချမ်ကို စိုက်ကြည့်နေကြသည်။
“မင်းက စိတ်ပျက်ဖို့ကောင်းတယ်၊ မင်းက တော်တော်ကို စိတ်ပျက်ဖို့ကောင်းတယ်၊ မင်းက နတ်ဆိုးဧကရာဇ်ကို သခင်ကြီးအဖြစ် ရွေးချယ်ခဲ့တယ်၊ စိတ်မကောင်းစရာက မင်း လူရွေးမှားခဲ့တာပဲ”
“သေမှာပဲ၊ ဝံပုလွေလေးက ဒီပုရွက်ဆိတ်လို နတ်ဆိုး ဧကရာဇ်နောက်ကို လိုက်မှတော့ အတူတူ သေပေါ့၊ ဟားဟားဟား …”
ခုန်လင်နှင့် ကျန်းရုန်သည် ယဲ့ဖန်နှင့် ဖေးချမ်ကို အလွန် မုန်းတီးမိသည်။ ထိုသို့သောအချိန်၌ သူတို့၏ မျက်နှာထားများတွင် အမုန်းတရားများနှင့်အတူ ကျေနပ်နေသော အမူအရာများနှင့် ဖြစ်နေကြသည်။
သူတို့၏စကားကြောင့် အောက်ဘက်ရှိ ဝံပုလွေလေး သုန်မှုန်သွားသည်။ ဝံပုလွေလေး စတိုက်ရန် ပြင်လိုက်ချိန်တွင် ယဲ့ဖန်က သူ့ကို လှမ်းဆွဲလာသည်။
“စောင့်ကြည့်နေလိုက်ပါ၊ မကြာခင် သူတို့ ဘယ်လောက် မိုက်မဲခဲ့လဲဆိုတာကို သိလာလိမ့်မယ်”
ယဲ့ဖန် သရော်ပြုံး ပြုံးလိုက်သည်။ အားလုံး၏ ထိတ်လန့်နေသော မျက်လုံးအောက်၌ သူက လေထဲသို့ တစ်လှမ်းချင်း တက်လှမ်းသွားသည်။
*တစ်ယောက်တည်းနဲ့ ထူဘုရင်နဲ့ မိုနာဒို စစ်တပ်ကို ရင်ဆိုင်မယ်ပေါ့လေ*
ထိုအချိန်၌ ဒုတိယဘိုးဘေးနှင့် အခြားသူများသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေး ရှုံ့ချစွာ ကြည့်နေကြသည်။
“ဟန်ကိုယ့်မနေစမ်းပါနဲ့၊ မင်း တကယ်ပဲ အရင်က နတ်ဆိုးဧကရာဇ်လို့ ထင်နေတာလား”
“ဟေ့ ကြည့်ကြစမ်း၊ နတ်ဆိုးဧကရာဇ် အော်ဟစ်တာကို ငါ ကြည့်ချင်လှပြီကွ၊ တော်တော် နားထောင်လို့ ကောင်းမှာပဲ”
“…”
ထိုအသံများက လှောင်ပြောင်၍ ရယ်မောသံများ စွတ်နေ၏။ ထိုအချိန်တွင် ယဲ့ဖန်၏ နှုတ်ခမ်းထောင့်က ကော့တက်သွားသည်။
“ဒီနတ်ဆိုးခွေးနဲ့ ထောင်ချီတဲ့ မိုနာဒိုစစ်တပ်ကို သတ်ဖြတ်လိုက်ရင် မိုနာဒိုအတွက် တစ်ခဏလောက်တော့ ရင်နာရမယ်ထင်တယ်”
ထို့နောက် ယဲ့ဖန်ထံမှ မရဏ အငွေ့အသက်များ ထွက်ပေါ်လာသည်။
Chapter 548 ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုး
*ဘာ*
ယဲ့ဖန်၏ စကားကို အားလုံး ကြားလိုက်ရချိန်တွင် လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားကြသည်။
“ဒီလူက ထူဘုရင်နဲ့ စစ်တပ်ငါးသောင်းကို သတ်နိုင်မယ်လို့ ထင်နေတာလား။ ရူးနေပြီ၊ ဒီလူက မကြောက်တတ်ဘူးပဲ”
“ဟားဟားဟား … အရူး၊ တစ်ဖက်လူနဲ့ အစွမ်းအစကို အထင်သေးလိုက်တာ၊ ဒီလောက် မောက်မာတဲ့လူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး”
“…”
ယခုအချိန်၌ အားလုံးသည် အရယ်ရဆုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရဟန်ဖြင့် လှောင်ပြောင်နေ ကြလေသည်။ ထူဘုရင်တောင်မှ ယဲ့ဖန် ရူးသွားပြီဟု ထင်မိသွားသည်။
ဝုန်း!
ထိုအချိန်၌ ယဲ့ဖန်ထံမှ ခံ့ညားထည်ဝါသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသဖြင့် အားလုံး မှင်တက်သွားကြသည်။ ထိုမျှနှင့် မပြီးသေးချေ၊ ယဲ့ဖန်၏ တစ်ဟုန်ထိုး တိုးတက်လာသော အရှိန်အဝါနှင့်အတူ ကောင်းကင်ထက်၌ တိမ်စိုင်များ ဖုံးအုပ်လာသည်။
မြွေဖြူကဲ့သို့သော လျှပ်စီးများက ကောင်းကင်ထက်၌ သဘာဝနှင့် ဆန့်ကျင်စွာ ထွက်ပေါ်လာသည်။
ဂျိန်း!
*ဒါ … ဒါက နတ်ဘုရား မိုးကြိုးကပ်ဘေး မဟုတ်ဘူးလား*
အားလုံး မှင်တက်သွားကြသည်။
*အဆင့်ချိုးဖောက်သွားတာကိုး*
*လတ်စသက်တော့ ယဲ့ဖန်က အခုချိန် အဆင့်ချိုးဖောက်ခါနီး ဖြစ်နေပြီးတော့ နတ်ဘုရား မိုးကြိုးကပ်ဘေးကို လှုံ့ဆော်လိုက်သလို ဖြစ်နေတာကိုး*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အားလုံး၏ မျက်နှာ၌ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။ နတ်ဘုရားဂိုဏ်းချုပ် တစ်ပိုင်းအဆင့်က နတ်ဘုရား မိုးကြိုးကပ်ဘေးကို အသက်ဝင်သွားစေသည်က မကြုံစဖူး ထူးကဲသည့် ကိစ္စပင်။
“သူ ဘယ်လိုလုပ်၊ သူ ... သူက နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်နဲ့ နတ်ဘုရား မိုးကြိုးကပ်ဘေးကို ဖြစ်စေခဲ့တာလဲ”
ကျန်းမိသားစု၏ ဒုတိယဘိုးဘေးက အလွန် ထိတ်လန့်နေသည်။ သို့သော် ထိုနေ့က ခုန်လင်နှင့် ကျန်းရုန်တို့၏ နတ်ဘုရား စိတ်ဝိညာဉ်တို့သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
ခြောက်ခြားဖွယ် ကောင်းလှပေသည်။
ထူဘုရင်ကိုယ်တိုင်တောင်မှ ကောင်းကင်ထက်မှ နတ်ဘုရား မိုးကြိုးကပ်ဘေးကို မော့ကြည့်ရင်း မျက်ခုံးလှုပ်လာသည်။
“နတ်ဆိုးဧကရာဇ် သူတော်စင်အဆင့်ကို ရောက်တုန်းက ပထမဆုံး နတ်ဘုရား မိုးကြိုးကပ်ဘေးက မိုးကြိုးကြောင့် သန်းနဲ့ချီတဲ့ ဂြိုဟ်တွေ ပေါက်ကွဲခဲ့တယ်လို့ ငါ ကြားခဲ့ဖူးတယ်”
“အခုသူက နတ်ဘုရားဂိုဏ်းချုပ် တစ်ပိုင်းအဆင့်ပဲ ရှိသေးတာတောင် အရင်ဘဝကထက် အဆပေါင်းများစွာ ပိုသန်မာနေပါလား”
ထူဘုရင်၏ နဖူး၌ ချွေးများစို့တက်လာကာ စိတ်ဓာတ်ကျလာသည်။
“သူ့ကို မြန်မြန်သတ်မှရမယ်”
ထူဘုရင်သည် အကယ်၍ သူ ယခုတစ်ခေါက်၌ ယဲ့ဖန်ကို မသတ်နိုင်ပါက သူနှင့် အခြားသူများ ဘေးဒုက္ခရောက်လိမ့်မည်ဟု စိတ်ထဲထင့်နေ၏။
ဝုန်း! ဝုန်း! ဝုန်း!
ရုတ်ချည်းဆိုသလိုပင် ထူဘုရင်က မိုနာဒိုစစ်တပ် ငါးသောင်းကို ဦးဆောင်၍ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။
သို့သော် ဆက်လက်ဖြစ်ပေါ်လာသည့် မြင်ကွင်းက အားလုံးကို ထိတ်လန့်သွားစေသည်။
“ကောင်းသားပဲ”
ယဲ့ဖန်က အပြုံးကြီး ပြုံးနေပြီး ထွက်ပြေးခြင်း မရှိသလို ပုန်းကွယ်ခြင်းလည်း မပြုဘဲ ထောင်ချီသော နတ်ဘုရားမျိုးနွယ်များကို တစ်ကိုယ်တည်း ရင်ဆိုင်ရန် ပြင်နေသည်။
ဤမြင်ကွင်းကြောင့် အောက်ဘက်ရှိ ဖေးချမ်းနှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။ လူတစ်ယောက်တည်းက ထောင်ချီသော နတ်ဘုရားမျိုးနွယ်များကို ရင်ဆိုင်ချင်နေသည်။ ဤသို့သော သတ္တိ၊ ဤသို့သော ကြီးစိုးနိုင်စွမ်းက မယုံနိုင်စရာပင်။ သို့သော် သူတို့ကို ပို၍ ထိတ်လန့်သွားစေသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာပြန်သည်။
“မိုးကြိုး လာခဲ့စမ်း”
ဂျိန်း!
ယဲ့ဖန် ကျယ်လောင်စွာ အော်ဟစ်လိုက်ချိန်တွင် မိုးကောင်းကင်ထက်မှ နတ်ဘုရားမိုးကြိုးက သူ့ထံသို့ ကျရောက်လာသည်။ ထိုအချိန်တွင် ယဲ့ဖန်သည် ထောင်ချီသော နတ်ဘုရားမျိုးနွယ်များထံသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။
ဝုန်း!
ထိုနတ်ဘုရားမိုးကြိုးသည် ယဲ့ဖန်ကို လုံးဝ မထိခိုက်သွားဘဲ ထောင်ချီသော မိုနာဒိုစစ်တပ်၏ ခန္ဓာကိုယ်များကိုသာ ပစ်ချသွားသည်။ နတ်ဘုရားမျိုးနွယ်တိုင်း ချက်ချင်း ပေါက်ကွဲသွားသည်။
ကောင်းကင်ထက်၌ ရဲရဲနီသောသွေးများဖြင့် ပြည့်နှက်လာသည်။ ကိုယ်လက်အင်္ဂါ အပိုင်းအစများက ဆက်တိုက် ပြုတ်ကျလာ၏။
တစ်ခဏလေးအတွင်းမှာပင် ရာချီသော နတ်ဘုရားမျိုးနွယ် စစ်တပ်ကြီး သေဆုံးသွားလေသည်။ ဤမြင်ကွင်းကြောင့် အားလုံး သွေးပျက်သွားကြသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
ယဲ့ဖန်သည် တစ္ဆေတစ်ကောင်ကဲ့သို့ နတ်ဘုရားမျိုးနွယ်များ ကြားထဲ၌ ဆက်တိုက် လှုပ်ရှား သွားလာနေသည်။ သူ ဖြတ်သွားသည့် နေရာတိုင်းသို့ ကောင်းကင်ထက်မှ နတ်ဘုရားမိုးကြိုး ကပ်ဘေး၏ မိုးကြိုးများ ပစ်ချလာသည်။
နတ်ဘုရားမိုးကြိုးသည် ယဲ့ဖန်ကိုသာ ခွင်းသွားပြီး ဘေးပတ်လည်မှ စစ်တပ်ကိုသာ ထိမှန်လေသည်။ နတ်ဘုရားမျိုးနွယ်တိုင်း၏ ခန္ဓာကိုယ်များ ပေါက်ကွဲ၍ စိတ်ဝိညာဉ်များ ကြေမွသွားသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးထောင်၊ ခြောက်ထောင်သော နတ်ဘုရားမျိုးနွယ် စစ်သားများ အော်ဟစ် ညည်းတွားရင်း သွေးမြူခိုးများဖြစ်ကာ သေဆုံးသွားကြလေသည်။
ကောင်းကင်တစ်ခွင်၌ သွေးစက်များနှင့် ပြည့်နှက်နေ၏။ ထိတ်လန့် သွေးပျက်ဖွယ်ကောင်းလှသည်။
“ခွေးမသား”
ထူဘုရင် အလွန် ဒေါသူပုန်ထနေ၏။ အစပိုင်းက နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်သာ ရှိသော နတ်ဆိုးဧကရာဇ်ကို လက်နှစ်ဖက်နှင့် ညှစ်သတ်လျင်တောင် သတ်နိုင်လောက်သည်ဟု သူ ထင်ခဲ့မိသည်။
သို့သော် တိုက်ပွဲစလိုက်သည့် အခိုက်မှာပင် သူ့ဘက်မှ ငါးထောင်၊ ခြောက်ထောင်သော လူများသည် နတ်ဘုရား မိုးကြိုးကပ်ဘေးကြောင့် သေဆုံးသွားကြလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိချေ။
“မင်း သေလိုက်တော့”
ထူဘုရင်သည် ယဲ့ဖန်ထံသို့ ပြေးဝင်လာပြီး သူ၏လက်ကိုလှုပ်၍ ယဲ့ဖန်၏ဦးခေါင်းကို ရိုက်နှက်ရန် ပြင်လာသည်။
ဘေးပတ်လည်မှ လေဟာနယ်က ချက်ချင်း အက်ကွဲလာသည်။ ဤလက်ဝါးချက်သည် ဂြိုဟ်များကို ပေါက်ကွဲစေနိုင်သကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုစဉ် ယဲ့ဖန်က ရယ်မောလာသည်။ သူသည် ထူဘုရင်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
“ကိုးရောင်ခြယ် မိုးကြိုး လာခဲ့စမ်း”
ယဲ့ဖန်၏ မာန်ပါသော စကားသံအဆုံး၌ သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါက ထပ်မံ၍ တိုးတက်လာသည်။
ဝုန်း!
မိုးကောင်းကင်သည် ရန်စခြင်းကို ခံလိုက်ရသလိုပင်။ မိုးကောင်းကင်ထက်မှ အရောင်မျိုးစုံ ပါဝင်သော နတ်ဘုရားမိုးကြိုး ကပ်ဘေး ကျရောက်လာ၏။
ဤနတ်ဘုရားမိုးကြိုး၌ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များ ပါဝင်နေပြီး ကောင်းကင်ထက်မှ ဆင်းသက်လာသည်နှင့် ထူဘုရင်ကို ကြက်သီးမွေးညင်း ထသွားစေသည်။
“ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုး၊ မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
နတ်ဘုရား မိုးကြိုးကပ်ဘေးတွင် အရောင်အလိုက် အဆင့်ကိုးဆင့်ရှိသည်။ နတ်ဘုရားမိုးကြိုး ကပ်ဘေး၏ အရောင်က များလေ၊ စွမ်းအားပိုများလေ ဖြစ်သည်။
အစပိုင်း၌ သူ ပထမဆုံး အဆင့်တက်စဉ်အခါက ဖြစ်ပေါ်လာသော နတ်ဘုရား မိုးကြိုး ကပ်ဘေးတွင် အရောင်သုံးရောင်ကိုသာ ဖြစ်ပေါ်စေနိုင်ခဲ့သည်။ ဤသည်ကပင် သူ့အား ပါရမီရှင်ဟု သတ်မှတ်နိုင်ပေသည်။
ထို့အပြင် ထိုအချိန်တုန်းက မိုနာဒိုနတ်ဘုရားသည် နတ်ဘုရား မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်ခဲ့စဉ်က အရောင်ငါးရောင် ထွက်ပေါ်ခဲ့ပြီး သူ့အား မကောင်းဆိုးဝါးဟု ခေါ်ဝေါ်ကြသည်။
လောကသခင်သုံးပါးတောင်မှ အသန်မာဆုံး နတ်ဘုရားမိုးကြိုးကပ်ဘေးအား အရောင်ခုနစ်ရောင် အထိသာ ဖြစ်ပေါ်စေနိုင်ခဲ့သည်။
ယခုအခါတွင် ထူဘုရင်သည် တစ်ခါမှမမြင်ဖူးသော ကိုးရောင်ခြယ် နတ်ဘုရား မိုးကြိုးကပ်ဘေးကို မျက်ဝါးထင်ထင် မြင်နေရသည်။ အလွန် အံ့အားသင့်ဖွယ် ကောင်းလှသည်။
“မကောင်းတော့ဘူး”
ထိုအခိုက်တွင် မရဏ အငွေ့အသက်များက ထူဘုရင်ကို လွှမ်းခြုံလာသည်။ သူ ချွေးပြန်၍ ခေါင်းမွေးထောင်ကာ ကြက်သီးမွေးညင်း ထလာပြီး ထွက်ပြေးမိသည်။
ထိုသို့ထွက်ပြေးတာတောင်မှ ကိုးရောင်ခြယ် နတ်ဘုရား မိုးကြိုးက သူ့ကျောကို ပြင်းထန်စွာ ထိမှန်လာသည်။
“အား….”
ထူဘုရင် အလွန် နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ့ကျောပြင်တစ်ခုလုံး ပေါက်ထွက်လုနီးပါး ဖြစ်နေသည်။ အရေပြား လန်၍ အရိုးဖြူဖြူများကို အထင်းသား မြင်နေရကာ တစ်ကိုယ်လုံး ပေါက်ကွဲမတတ် ဖြစ်နေ၏။
“သေစမ်း၊ သေစမ်း”
ထူဘုရင် စိတ်ခြောက်ခြားနေသည်။ သူသာ နောက်ထပ် ကိုးရောင်ခြယ် နတ်ဘုရား မိုးကြိုးများ ထပ်မံ ထိမှန်ပါက သူ သေသွားလောက်သည်ကို ရိပ်စားမိသွားသည်။
ထူဘုရင်သာမက အောက်ဘက်ရှိ ဖေးချမ်နှင့် အခြားသူများသာမက ကောင်းကင်ထက်ရှိ ကျန်းမိသားစု၏ ဒုတိယဘိုးဘေးတို့အဖွဲ့နှင့် ကျန်နတ်ဘုရား စစ်သားများအားလုံး ထိတ်လန့်နေကြသည်။
*ပြင်းထန်လိုက်တဲ့ မိုးကြိုးပါလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုမျှနှင့် မပြီးသေးချေ။ လူတိုင်းသည် ကိုးရောင်ခြယ် နတ်ဘုရား မိုးကြိုးအလယ်မှ ယဲ့ဖန်အား တအံ့တဩနှင့် ကြည့်နေကြသည်။
ယဲ့ဖန်က ပါးစပ်ကိုဟ၍ ကျဆင်းလာသော ကိုးရောင်ခြယ် နတ်ဘုရား မိုးကြိုးအား ဝါးမျိုလိုက်သည်ကို သူတို့ တွေ့လိုက်ရသည်။
တစ်ခု၊ နှစ်ခု၊ ငါးခု၊ ဆယ်ခု။
….
ကျဆင်းလာသော မိုးကြိုးများအားလုံး ယဲ့ဖန်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။ ယဲ့ဖနန်၏ ခန္ဓာကိုယ်မှ လျှပ်စီးမှ ထွက်ပေါ်လာပြီး မိုးကြိုးနတ်ဘုရားကဲ့သို့ လေဟာနယ်အား မွှေနှောက် ဖျက်ဆီးနိုင်စွမ်းများနှင့် ပြည့်နှက်နေသည်။
ဂလု!
အောက်ဘက်ရှိ ကျန်းချမ်တစ်ယောက် တံတွေးကို မနည်း မျိုချလိုက်မိသည်။ သူ မျက်ခုံးတဆတ်ဆတ် လှုပ်နေပြီး ချွေးများက ရေကဲ့သို့ တဒီးဒီး စီးကျလာသည်။
“ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုး၊ ဒါ … ဒီနတ်ဘုရားမိုးကြိုးက ရှေးဟောင်း အတ္ထုပ္ပတ္တိ စာပေတွေထဲမှာပဲ ရှိတာ၊ အဲ့ဒါ တစ်ခါမှ ပေါ်မလာတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ”
“အခု ….”
နတ်ဘုရားမိုးကြိုး အရောင်များလေ၊ နတ်ဘုရား မိုးကြိုးကပ်ဘေး၏ စွမ်းအင်က ပိုများလေ ဖြစ်သည်။ သို့သော် ယခုအခါတွင် ယဲ့ဖန်၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းပုံက လူတိုင်း ထင်ထားသည်ထက် ပိုကျော်လွန်နေသည်။
ကျန်းမိသားစု၏ ဒုတိယဘိုးဘေးနှင့် အခြားသူများ အလွန် ကြောက်လန့်သွားကြသည်။
“မကောင်းဆိုးဝါး၊ ဒီလူက မကောင်းဆိုးဝါးပဲ”
ကျန်းမိသားစု၏ အကြီးအကဲများနှင့် နောက်လိုက်အများစုသည် ကျန်းမိသားစုနှင့် မနေခဲ့မိသည်ကို နောင်တရနေပြီး ထိုကဲ့သို့သော မကောင်းဆိုးဝါးမျိုးကို ဒေါသထွက်အောင် လုပ်ခဲ့မိသည့် အကျိုးဆက်က မတွေးဝံ့စရာပင်။
ဤသည်မှ အစသာ ရှိပေသေးသည်။ နောက်ထက် ဖြစ်ပေါ်လာသည့် မြင်ကွင်းက အားလုံးကို လိပ်ပြာလွင့်မတတ် ဖြစ်သွားစေသည်။
ဂျိန်း! ဂျိန်း! ဂျိန်း!
ကောင်းကင်ထက်၌ ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးများ ပိုပို၍ များလာပြီး တစ်လောကလုံးကို အုပ်မိုးလာသည်။
*လတ်စသက်တော့ …. ကြောက်စရာကောင်းတဲ့ မိုးကြိုးမုန်တိုင်း ဖြစ်နေပါလား*
Chapter 549 ရှုံးသွားတဲ့ခွေးလေး၊ မင်း ဘယ်ပြေးမလို့လဲ
“မိုးကြိုး …. မိုးကြိုးမုန်တိုင်း”
“မဖြစ်နိုင်ဘူး၊ ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်းက ရှေးဟောင်းအတ္ထုပ္ပတ္တိထဲမှာတောင် မှတ်တမ်း မတင်ထားဘူး၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“မြတ်စွာဘုရား၊ ဒီလူရဲ့ အစွမ်းအစက ဘယ်အထိများလဲ၊ ဒါက မိုးကောင်းကင်ကို ဆန့်ကျင်လို့ ပြစ်ဒဏ်ခတ်တဲ့ နတ်ဘုရား မိုးကြိုးကပ်ဘေးလေ”
….
မိုးကြိုးမုန်တိုင်း။ ဤသည်မှာ နတ်ဘုရား မိုးကြိုးကပ်ဘေးကို ကြုံတွေ့ရသည့် သိုင်းပညာရှင်တိုင်း၏ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်သည်။
ထူးချွန်လှသော သိုင်းပညာရှင်များအတွက်မူ သူတို့၏ အလားအလာက မိုးကောင်းကင်ကို ဆန့်ကျင်လာပြီး စကြဝဠာ၏ ဥပဒေသများကို ဖျက်လိုဖျက်ဆီး ဖြစ်စေသည်။
ထိုအခါ စကြဝဠာမှ မိုးကြိုးမုန်တိုင်းတစ်ခု ကျဆင်းလာပြီး မိုးကောင်းကင်ကို ဆန့်ကျင်နေသော ထိုသိုင်းပညာရှင်အား သုတ်သင်ပစ်လေသည်။
သို့သော် ထိုသို့သော ကိစ္စမျိုးသည် များသောအားဖြင့် နတ်ဘုရား မိုးကြိုးကပ်ဘေး၏ အရောင် ခြောက်ရောင်၊ ခုနစ်ရောင် အတောအတွင်း၌သာ ဖြစ်ပွားလေ့ရှိသည်။
ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်းသည် မကြုံစဖူး ထူးကဲလှသည့် အရာတစ်ခုသာ ဖြစ်သည်။
ဝုန်း! ဝုန်း! ဝုန်း!
များစွာသော ကိုးရောင်ခြယ် မိုးကြိုးသည် မိုးကြိုးမုန်တိုင်းတစ်ခုကို ဖန်ဆင်းလာပြီး လျှပ်စီးများက ယဲ့ဖန်ထံသို့ အပြင်းအထန် ကျဆင်းလာသည်။
သို့သော် ယဲ့ဖန်၏ မျက်နှာထားသည် ထိတ်လန့်၍ သွေးပျက်နေခြင်းမျိုး မရှိဘဲ စိတ်လှုပ်ရှားခြင်းများသာ ထင်ဟပ်နေပြီး ပြုံးနေ၏။
ဤမိုးကြိုးမုန်တိုင်းက မိုးကောင်းကင် ဒဏ်ခတ်ခြင်း ဖြစ်မှန်း သူ သိသည်။ ဤသည်က နတ်ဘုရားက သူ၏ ဒေါသကို ချေဖျက်ပစ်ချင်၍ ပြုလုပ်ခြင်း ဖြစ်မှန်း သူ သိနေသည်။
“ခင်ဗျား ဒေါသထွက်နေလား”
“ခင်ဗျား ဒေါသထွက်နေလား”
“ခင်ဗျားက နတ်ဘုရားပဲ၊ ခင်ဗျား ဘာလုပ်နိုင်လဲ”
သူ၏ အနက်ရောင်ဆံပင်များက လေထဲ လွင့်နေသည်။ ယဲ့ဖန်သည် မိုးကြိုးမုန်တိုင်း အလယ်၌ ရှိနေပြီး လွှမ်းမိုးနိုင်ပုံ ပေါ်နေသည်။
“တကယ်လို့ မိုးကောင်းကင်က ကျုပ်ကို သည်းမခံနိုင်ရင် ကျုပ်က မိုးကောင်းကင်ကို စုတ်ဖြဲပစ်မယ်၊ စကြဝဠာကြီးက ကျုပ်ကို သည်းမခံနိုင်ရင် ဒီစကြဝဠာကြီးကို ကျုပ် ဖျက်ဆီးပစ်မယ်”
ဝုန်း!
သူ့စကားက မိုးကောင်းကင်ကို ဒေါသထွက်သွားစေသည်။ ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်းက ပို၍ အရှိန်ပြင်းလာ၏။
သို့သော် ယဲ့ဖန်က လျစ်လျူရှုထားပြီး ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်း သူ့ပေါ် ကျရောက်လာမည်ကို လက်ခံလိုက်သည်။
ထို့နောက် မသေမျိုး ခန္ဓာကိုယ်၊ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်နှင့် ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်တို့၏ မူလရင်းမြစ်များ ထွက်ပေါ်လာပြီး ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်းအား အရည်ပျော်သွားစေပြီး သူ၏နတ်ဆိုးခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
ထိုအခါ သူ၏ခန္ဓာကိုယ်တွင်းမှဆဲလ်တိုင်းတွင် မိုးကြိုးနှင့် လျှပ်စီးတို့၏စွမ်းအင်များ ပါဝင်သွားသည်။ ယဲ့ဖန်သည် ရစ်ဝဲနေသော လျှပ်စီးများနှင့်အတူ လှစ်ခနဲ လှုပ်ရှားလာသည်။
“သတ်”
ထိုအခိုက်တွင် ယဲ့ဖန်သည် တစ်ဖက်လှည့်၍ ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ်များကို စိုက်ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းနှင့်အတူ သူတို့ထံသို့ ပြေးဝင်သွားသည်။
ဤမြင်ကွင်းကြောင့် ထောင်ချီသော နတ်ဘုရားမျိုးနွယ်များ ကြောက်လန့်သွားကြသည်။ သူတို့သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်၍ ဦးတည်ရာမဲ့ ထွက်ပြေးကြလေသည်။
*မြန်မြန်၊ မြန်မြန်၊ မြန်မြန်*
မိုနာဒိုစစ်တပ်မှ သိုင်းပညာရှင်တိုင်း အသည်းအသန် ထွက်ပြေးနေကြပြီး သူတို့မိဘများက ခြေထောက်နှစ်ချောင်းသာ ပေးခဲ့သည်ကို မုန်းတီးမိနေသည်။
သူတို့ထွက်ပြေးနေပုံက သိုးအုပ်ထဲ ကျားဆွဲနေသလိုပင်။ ယဲ့ဖန်က တစ်ယောက်တည်း ထောင်သောင်းချီသော မိုနာဒို စစ်တပ်နောက်သို့ လိုက်သတ်နေသည်တဲ့လား။
“အား….”
ကြောက်လန့်တကြား အော်ဟစ်နေသံများက ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေသည်။ မိုနာဒို စစ်တပ်မှ နတ်ဘုရားမျိုးနွယ်တိုင်း မိုးကြိုးကြောင့် တဖြုတ်ဖြုတ်နှင့် ပြုတ်ကျသေဆုံးလာသည်။
*သေပြီ*
*သေသွားပြီ*
*သေကုန်ပြီ*
အားလုံး၏ အံ့ဩနေသော အကြည့်အောက်မှာပင် ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ်တို့၏ အရေအတွက်က တဖြည်းဖြည်း ကျဆင်းလာလေသည်။
လေးသောင်း၊ သုံးသောင်းခွဲ၊ သုံးသောင်း၊ နှစ်သောင်း။
….
ထိုသို့ ကြောက်ရွံ့စရာကောင်းသည့် သေဆုံးမှုနှုန်းက လူတိုင်း ထင်ထားသည့် အတိုင်းအတာထက် ကျော်လွန်နေ၏။ ယခုအချိန်၌ ကောင်းကင်တစ်ခွင်လုံး၌ နတ်ဘုရားမျိုးနွယ်တို့၏ ကိုယ်လက်အင်္ဂါ အပိုင်းအစများနှင့် ပြည့်နှက်နေ၏။
မိုးကြိုးထိမှန်ထား၍ လောင်ကျွမ်းနေသော အသားစများနှင့် နတ်ဘုရားတို့၏ သွေးစက်များကြောင့် ကောင်းကင်တစ်ခုလုံး ချင်းချင်းနီနေသည်။
“မိစ္ဆာကောင်”
အသက်ရှင်နေသေးသော နတ်ဘုရားမျိုးနွယ်များက နောက်လှည့်ကြည့်၍ ဆီးထွက်ကျမတတ် ကြောက်လန့်နေကြသည်။ သူတို့သည် ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
သူ ဖြတ်သွားသည့်နေရာတိုင်း အားလုံး သေဆုံးသွားပြီး စိတ်ဝိညာဉ်များပါ ဖျက်ဆီးခံလိုက်ရသည်။
*ထွက်ပြေးရမယ်၊ ထွက်ပြေးရမယ်၊ ထွက်ပြေးရမယ်*
ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ်များ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။ သူတို့၏ အရှိန်က မြန်သော်လည်း ယဲ့ဖန်က သာမန်ထက် ပို၍မြန်ဆန်နေသည်။
သူ ဖြတ်သွားသည့် အရပ်မျက်နှာအားလုံး၌ မိုးကြိုးမုန်တိုင်းကိုပါ လိုက်ပါလာပြီး မိုနာဒိုစစ်တပ်အား တစ်စစီ ရှင်းထုတ်လာသည်။
ယခုအချိန်၌ ယဲ့ဖန်သည် သေမင်းနတ်ဘုရားလိုပင်၊ သူ ဖြတ်သွားသည့် နေရာတိုင်း၌ အလောင်းများက တောင်လိုပုံလာသည်။
တစ်မိနစ်ပင် မကြာသောအချိန်၌ ယဲ့ဖန် ရပ်လိုက်သောအခါ ကောင်းကင်တစ်ခွင်၌ အလောင်းများနှင့် ပြည့်နှက်သွားလေသည်။
ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ်များအားလုံး သုတ်သင်ခံလိုက်ရလေပြီ။ ဤမြင်ကွင်းက ဖေးချမ်နှင့် အခြားသူများ၏ စိတ်ထဲတွင် မိုးသက်မုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေပြီး ကျန်းမိသားစု၏ ဒုတိယဘိုးဘေးနှင့် အခြားသူများကို မှင်တက်သွားစေသည်။
ထူဘုရင်တောင်မှ တစ်ကိုယ်လုံး တုန်ယင်၍ ဆီးထွက်ကျမတတ် ဖြစ်နေသည်။
ဂလု!
ထူဘုရင် မနည်းကို တံတွေး မျိုချနေရသည်။ သူ့မျက်လုံး၌ ကြောက်စိတ်များ ပြည့်နှက်နေသည်။ သူ ရက်စက်သော်လည်း ဤကဲ့သို့ တစ်ခါမှ မရက်စက်ဖူးချေ။
သူသည် သန်မာပါ၏။ သို့သော် ထောင်သောင်းချီသော နတ်ဘုရားများကို တစ်ခါတည်း သတ်နိုင်လောက်သည်အထိတော့ မသန်မာပါ။
ယခုအခါတွင် ထိုအရာအားလုံးကို နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်သာ ရှိသူက လုပ်ပြသွားသည်။ ဤသည်က သူ့အား ကြက်သေ သေသွားစေပြီး မယုံသင်္ကာ ဖြစ်သွားစေလေသည်။
“သေပြီ … အားလုံး သေကုန်ပြီ”
ထူဘုရင် ကတုန်ကယင် ဖြစ်လာသည်။ သူသည် အစောပိုင်းကမှ ဤသို့ ရောက်လာသည် ဖြစ်ပြီး တစ်ခါမှ သေရလိမ့်မည်ဟု တွေးမထားမိချေ။
သူ့နောက်မှ ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ်များ လိုက်ပါလာသဖြင့် သူသည် စကြဝဠာကို ဖြတ်သန်း၍ အရာအားလုံးကို ချေမွနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။
သို့သော် ယခုအခါ၌ တစ်မိနစ်ပင် မပြည့်သော အချိန်မှာပင် ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ်များ အားလုံး အလောင်းဖြစ်ကာ ကိုယ်လက်အင်္ဂါများ တစ်စစီ ဖြစ်သွားကြပြီး စကြဝဠာထဲ မျောလွင့်နေသည်။
ဤသည်က သူ့အား ထိတ်လန့် ကြောက်ရွံ့သွားစေသည်။ ကျန်းမိသားစု၏ ဒုတိယဘိုးဘေးနှင့် သူ့နောက်မှ ကျန်းမိသားစုဝင်များအားလုံး တုန်ယင်နေကြသည်။
“ဘယ်လိုလုပ် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။ အရာအားလုံးက အိပ်မက်မက်နေသလိုပင်။ အထူးသဖြင့် ခုန်လင်နှင့် ကျန်းရုန်တို့ပင်၊ သူတို့သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ဆက်တိုက် အော်ဟစ်နေသည်။
“အခု ဘယ်သူက ဓား၊ ဘယ်သူက ငါးလဲဆိုတာ ငါ့ကို ပြောစမ်းပါဦး”
ထိုစဉ် အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်၌ မိုးကြိုးမုန်တိုင်း အလယ်မှ ယဲ့ဖန်က ထူဘုရင်ကို စိုက်ကြည့်၍ ခပ်အေးအေး မေးလိုက်သည်။ ထိုစကားကြောင့် ထူဘုရင် ကြောက်လန့်ကာ တုန်ယင်နေသွားသည်။
ထူဘုရင်၏ စိတ်ထဲတွင် အဆုံးမရှိသော ကြောက်စိတ်များ ဖုံးလွှမ်းလာသည်။ သူသည် ယဲ့ဖန်အား လှည့်ပင်မကြည့်ရဲဘဲ တစ်ဖက်သို့လှည့်၍ ထွက်ပြေးလေတော့သည်။
ထူဘုရင်၏ ထွက်ပြေးနှုန်းက လျင်မြန်လွန်းလှသည်။ လျပ်တစ်ပြက်အတွင်းမှာပင် သူသည် မီတာ တစ်ထောင် အကွာအဝေးသို့ ရောက်ရှိသွားသည်။ သူသည် ကြောက်လန့်နေသော လမ်းဘေးခွေးကဲ့သို့ ထွက်ပြေးနေသည်။ ထိုသည်သာမကချေ၊ သူ့နဖူးမှ ချွေးအေးများက တဒီးဒီး စီးကျနေသေးသည်။
“နတ်ဆိုးဧကရာဇ်က အရင်ဘဝကထက် ပိုပြီး သန်မာနေတာကို သခင်ကြီး သိအောင် မြန်မြန် သတင်းပို့မှ ဖြစ်မယ်၊ သူ့ကို သတ်ကိုသတ်ပစ်ရမယ်၊ အရှင်ထားလို့ မဖြစ်ဘူး”
ထူဘုရင်သည် နတ်ဘုရားနယ်မြေ၏ နေရာတိုင်း၌ အလောင်းများနှင့် ပြည့်နေပြီး အင်မော်တယ် နယ်မြေ၌ အလောင်းများ တောင်လိုပို၍ မကောင်းဆိုးဝါးမျိုးနွယ်များ ပျောက်ကွယ်သွားတော့မည်ဟု မြင်ယောင်လာသည်။ ထိုအတွေးကြောင့် သူ တစ်ခဏမျှ အေးခဲသွားရသည်။
ထိုစဉ် ရုတ်တရက် ယဲ့ဖန်၏ အသံ ထွက်ပေါ်လာသည်။
“ရှုံးသွားတဲ့ခွေးလေး၊ မင်း ဘယ်ပြေးမလို့လဲ”
ထိုစကားအဆုံး၌ ထူဘုရင် တုန်လှုပ်သွားပြီး နောက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က သူ့ကို အမီလိုက်လာနေသည်ကို ထိတ်လန့်တကြား တွေ့လိုက်ရသည်။
“မလုပ်နဲ့”
သူ ကြောက်လန့်တကြား အော်လိုက်မိသည်။ ယဲ့ဖန်က လျှပ်စီးကဲ့သို့ လျင်မြန်သောနှုန်းဖြင့် ထူဘုရင်၏ ကိုယ်ကို ထိုးနှက်လိုက်သည်။
ဝုန်း!
ထူဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး လက်သီးတစ်ချက်ကြောင့် ပေါက်ကွဲကာ တစ်စစီဖြစ်၍ ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။ သွေးများ ပန်းထွက်၍ လာသည်။
“သေစမ်း”
ထူဘုရင်၌ ဦးခေါင်းနှင့် စိတ်ဝိညာဉ်တို့သာ ကျန်ရှိတော့သည်။ ထိုဦးခေါင်းက လှစ်ခနဲ ထွက်ပြေး သွားပြန်သည်။
ထိုစဉ် လက်ကြီးတစ်ဖက်က ရုတ်တရက် ထူဘုရင်၏ ဦးခေါင်းကို ဖောက်ထွင်းသွားသည်။ ထိုလက်ကြီးက ထူဘုရင်၏ နောက်စေ့မှနေ၍ ထိုးဖောက်လာသဖြင့် နဖူးအလယ်၌ အပေါက်ကြီး တစ်ပေါက် ဖြစ်လာလေသည်။
တောက်! တောက်!
ထိုလက်မှနေ၍ သွေးများ တတောက်တောက် စီးကျလာပုံက ကျောချမ်းဖွယ် ကောင်းလှသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ထူဘုရင်၏ အသံက အက်ကွဲလာသည်။ သူ၏မျက်နှာ၌ ကြောက်စိတ်များနှင့် ပြည့်နှက်နေပြီးနောက် အေးခဲသွားလေသည်။ ထူဘုရင် သေဆုံးသွားလေတော့သည်။