← Chapters

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

Chapter 550 ကောင်းကင်ဘုံလက်ချောင်း

ဂျွတ်!

ယဲ့ဖန်၏ လက်ဝါးက ထူဘုရင်၏ နဖူးအား ဖောက်ထွင်းသွားပြီး ရဲရဲနီသော သွေးများနှင့်အတူ နတ်ဘုရား အမြုတေတစ်ခုက သူ့လက်ထဲ ပါလာသည်။

ထူဘုရင်၏ ဦးခေါင်းသည် ကွဲသွားသော ဖရဲသီးကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားသည်။ သွေးစက်များက ဂြိုဟ်ကို ဖြန်းပက်သွားလေသည်။

*သေသွားပြီ*

*နတ်ဘုရားနဲ့ အင်မော်တယ်မျိုးနွယ်တွေရဲ့ ကြောက်စရာကောင်းပြီး မြင့်မြတ်တဲ့ ထူဘုရင်က တစ်ချက်တည်းနဲ့ ဒဏ်ရာ အပြင်းအထန် ရသွားပြီးတော့ သူ့ခေါင်းကလည်း တစ်ခါတည်းနဲ့ ဖျက်ဆီးခံ လိုက်ရတယ်တဲ့လား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဘေးပတ်လည်မှ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ သူတို့ကို မယုံနိုင်လောက်အောင် လုပ်နိုင်ဆုံးသော အရာမှာ တစ်မိနစ်အတွင်း၌ နတ်ဘုရားမျိုးနွယ် စစ်တပ် ငါးသောင်းနှင့် ထူဘုရင်တို့ ပျက်စီးသေဆုံးသွားကြခြင်းပင်။

ဤသို့သော ကြောက်မက်ဖွယ်ကောင်းသော လူသတ်နိုင်သည့် အရည်အချင်းမျိုး တစ်ခါမှ မကြားဖူးသလို၊ မြင်လည်း မမြင်ဖူးကြချေ။ ထိုမျှနှင့် မပြီးသေးချေ။

အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်၌ မိုးကြိုးမုန်တိုင်းအလယ်မှ ယဲ့ဖန်သည် နတ်ဘုရား အမြုတေကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ဂျွတ်! ဂျွတ်!

သူသည် နတ်ဘုရား အမြုတေကို စားနေရင်းနှင့် လေဟာနယ်ကို ဖြတ်သန်း၍ ကောင်းကင်ကို ထိုးခွင်းမြင်ရသကဲ့သို့ မိုးကောင်းကင်ထက်အား စိုက်ကြည့်နေသည်။

“အားနည်းတယ်၊ နတ်ဘုရား … ခင်ဗျားရဲ့ ဒေါသက အားပျော့လွန်းတယ်”

*မိုးကောင်းကင်ကို မေးခွန်းထုတ်နေတာပါလား*

*ဒါက …*

လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့သည် ဤသို့သော ဖိနှိပ်နိုင်သည့် နတ်ဘုရားမိုးကြိုး ကပ်ဘေးကို မမြင်ခဲ့ဖူးချေ။

*ဒီ ထူးခြားတဲ့ နတ်ဘုရား မိုးကြိုးကပ်ဘေးက ဘယ်က ဖြစ်လာတာလဲ*

လူတိုင်းသည် ယဲ့ဖန်သည် မကောင်းဆိုးဝါးကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တကြား ကြည့်နေ ကြသည်။

ထိုသို့သောအချိန်၌ မိုးကောင်းကင်ထက်မှ မိုးကြိုးမုန်တိုင်းက ချက်ချင်း ငြိမ်သက်သွားသည်။ မိုးကြိုးနှင့် လျှပ်စီးများအားလုံး ချက်ချင်း လွင့်ပြယ်သွားလေသည်။

*ရပ်သွားတာလား*

လူတိုင်း ဇဝေဇဝါနှင့် ကောင်းကင်ကို မော့ကြည့်နေကြသည်။ ယဲ့ဖန်၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသော်လည်း မိုးကောင်းကင်က လျစ်လျူရှုထားလိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။

“ကြည့်ကြဦး၊ အဲ့ဒါ ဘာကြီးလဲ”

ထိုစဉ် အော်သံတစ်သံကြောင့် လူတိုင်း လန့်သွားကြသည်။ လျှပ်စီးနှင့် မိုးကြိုးများ လွင့်ပျက်သွားသော်လည်း ကောင်းကင်ထက်၌ တိမ်မည်းတိမ်စိုင်များ ပို၍များပြားလာသည်ကို အားလုံး တွေ့လိုက်ရသည်။

လေထုသည်လည်း အလွန်အမင်း ပြင်းထန်၍ အသက်ရှူမဝသလို ဖြစ်လာလေသည်။

ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်လာတော့မည်ဟု ခံစားမိပြီး အားလုံး ကြက်သီးမွေးညင်း ထလာကြသည်။

*ဒါ အစပျိုးနေတာပဲ*

မိုးကောင်းကင်မှ ဤထိတ်လန့်ဖွယ်ကောင်းသည့် နတ်ဆိုးကို သုတ်သင်ရန်အတွက် အရှိန်ယူ အစပျိုးနေခြင်း ဖြစ်ကြောင်း အားလုံး ရိပ်စားမိလိုက်သည်။

တောက်! တောက်!

ထိုသို့သောအချိန်၌ အားလုံး ချွေးတဒီးဒီးကျနေကြသည်။ သူတို့သည် ကောင်းကင်ထက်မှ တိမ်မည်းများကို ကြည့်ရင်း မျက်ခုံးလှုပ်လာသည်။

“မြတ်စွာဘုရား၊ ဘယ်လိုကြောက်စရာကောင်းတဲ့အရာက အဲ့တိမ်မည်းတွေထဲမှ အရှိန်ယူနေတာလဲ၊ ငါ့နှလုံးခုန် မြန်လာပြီး ပေါက်ကွဲတော့မလို ခံစားနေရတယ်”

“မယုံနိုင်စရာပဲ၊ ဒါ မိုးကောင်းကင်ရဲ့ ဒဏ်ခတ်ခြင်းပဲ၊ နတ်ဆိုးဧကရာဇ်ကြောင့် မိုးကောင်းကင် စိတ်တိုနေပြီ”

“အရမ်း အင်အားကြီးလွန်းတယ်၊ ဒါ တကယ်ပဲ မိုးကောင်းကင်က ဒဏ်ခတ်ဖို့ ကြံစည်နေတာလား၊ ဒီလူက တကယ်ပဲ မိုးကောင်းကင်ကို ဆန့်ကျင်တော့မှာလား”

“…”

ယခုအချိန်၌ အားလုံးသည် ယဲ့ဖန်ကိုကြည့်ပြီး ထိတ်လန့်သွေးပျက်နေကြသည်။ အထူးသဖြင့် အောက်ဘက်မှ ကျန်းမိသားစု၏ ဘိုးဘေးပင်။ သူသည် တစ်စုံတစ်ရာကို တွေးမိသွားပုံပေါ်ပြီးနောက် တစ်ကိုယ်လုံး တုန်ယင်၍ လဲကျလုနီးပါး ဖြစ်သွားသည်။

“တကယ့်ကို ကောင်းကင်ဖြိုခွဲသူပဲ၊ ဒါ ရှေးခေတ်ကတည်းကနေ အခုထိ ပေါ်ထွက်လာတဲ့ ဒုတိယမြောက် ကောင်းကင်ဖြိုခွဲသူများလား”

*ဘာ*

ကျန်းချမ်၏ စကားကြောင့် ဖေးချမ်နှင့် အခြားသူများ မျက်နှာပျက်သွားသည်။ အားလုံး ကျန်းချမ်ကို အလေးအနက် မေးလာကြသည်။

“ဘိုးဘေး၊ ကောင်းကင်ဖြိုခွင်းသူဆိုတာ ဘာလဲ”

သူတို့ ထိုစကားလုံးကို တစ်ခါမှ မကြားဖူးသော်လည်း ထိုစကားလုံး၏ သက်ရောက်မှုကြောင့် အားလုံး ချမ်းစိမ့်စိမ့် ဖြစ်သွားကြသည်။

ကျန်းချမ်သည် ဘေးပတ်လည်မှ လူများကို မကြည့်ဘဲ ယဲ့ဖန်၏ ပုံရိပ်ကိုသာ စိုက်ကြည့်နေပြီး ထိတ်လန့်နေသော အမူအရာနှင့် ပြောပြလာသည်။

“မင်းတို့ မဟာနတ္ထိ ရှေးဧကရာဇ်အကြောင်း ကြားဖူးကြတယ်မလား”

*မဟာနတ္ထိ ရှေးဧကရာဇ်လား*

ထိုအမည်သည် ဒဏ္ဍာရီလာ နာမည်တစ်ခု ဖြစ်သည်။ ထိုနာမည်ကိုကြားသည်နှင့် အားလုံး ကတုန်ကယင် ဖြစ်သွားကြသည်။ ထိုသူသည် စကြဝဠာထဲ၌ မိုးကောင်းကင်ကို ဆန့်ကျင်ရဲသည့် ပထမဆုံးသူ ဖြစ်ပြီး မည်သူမျှ ယှဉ်ပြိုင်နိုင်သူ မရှိချေ။

သူသည် ရှေးခေတ်က လူများကို ထိတ်လန့်အားငယ်စေပြီး တော်ဝင်မျိုးနွယ်များကို ဦးညွှဝ်စေခဲ့သည်။ စကြဝဠာကြီးထဲ၌ သူ သတ်ခဲ့သော အလောင်းများနှင့် ပြည့်နှက်ခဲ့ပြီး လောကကြီးကို သွေးရောင်လွှမ်း စေခဲ့လေသည်။

ထိုခေတ်၏ အမည်နာမတောင်မှ မဟာနတ္ထိ ရှေးဧကရာဇ်၏ အမည်ကို မှီငြမ်း၍ ဟွမ်ကူးဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။

ထိုသူသည် ထိုခေတ်အခါက ကြီးစိုးခဲ့သည့် အရက်စက်ဆုံး ပုဂ္ဂိုလ်ပင် ဖြစ်ကာ မိုးကောင်းကင်နှင့် မြေကြီးထက်တွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ မရှိခဲ့ချေ။

ထိုမဟာနတ္ထိ ဧကရာဇ်နှင့် ယဲ့ဖန်တို့ကြား၌ မည်သို့သော ပတ်သက်မှုရှိနေသလဲဆိုတာကို ဖေးချမ်နှင့် အခြားသူများ စဉ်းစားမရချေ။ ဤသည်ကို ရိပ်မိသော ကျန်းချမ်က ကောင်းကင်ထက်မှ ယဲ့ဖန်ကို မော့ကြည့်၍ တစ်ကိုယ်တည်း ပြောလာသည်။

“အဲ့အချိန်တုန်းက မဟာနတ္ထိ ရှေးဧကရာဇ်က ပထမဆုံးသော ကောင်းကင်ဖြိုခွဲသူ ဖြစ်ခဲ့တာပေါ့”

“သူ မိုးကြိုးကပ်ဘေးကို ကြုံရတိုင်း သူက ကောင်းကင်ထက် ဆန့်ကျင်ပြီး တိုးတက်လာခဲ့တယ်၊ ပြီးတော့ မိုးကောင်းကင် ကပ်ဘေးကို စိန်ခေါ်ခဲ့တယ်။ အဲ့ဒါက ရှေးခေတ် စကြဝဠာကြီးတစ်ခုလုံးမှာ မကြုံဖူးတဲ့ ကိစ္စ ဖြစ်ခဲ့တာပေါ့”

“နောက်ဆုံးကျတော့ မဟာနတ္ထိ ရှေးဧကရာဇ်က ပျောက်သွားတယ်။ သူ့ခေတ်အခါလည်း ပြီးဆုံးသွားခဲ့တယ်။ မိုးကောင်းကင်ကို မနာခံလို့ မိုးကောင်းကင်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်လို့ ပြောတာပဲ”

*ဘာ*

ထိုစကားကြောင့် ဖေးချမ်နှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

*အဲ့လိုမျိုးလူက တကယ်ရှိခဲ့တာလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အားလုံး မှင်တက်အံ့ဩနေချိန်တွင် ထိတ်လန့်တကြား အော်ပြောသံ ထွက်ပေါ်လာသည်။

“ကြည့်ဦး၊ တိမ်မည်းတွေထဲက ကြောက်စရာကောင်းတဲ့ အရာကြီး ပေါ်လာတော့မယ်”

လူတိုင်း တုန်လှုပ်သွားကြသည်။ သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် တိမ်မည်းတိမ်စိုင် များကြားမှ ကြောက်မက်ဖယ် လက်ချောင်းတစ်ချောင်း ထွက်ပေါ်လာသည်။

ထိုလက်ချောင်းတစ်ချောင်းသည် ဂြိုဟ်တစ်လုံးထက်ပင် ကြီးမားသေးသည်။ ထိုလက်ချောင်း ပတ်လည်မှ လျှပ်စီးများ ဆက်တိုက် ထွက်ပေါ်လာပြီး မိုးကြိုးမုန်တိုင်းများ အဆက်မပြတ် ထွက်ပေါ်လာတော့မည်ဟု ထင်မှတ်မှားရသည်။

ထိုလက်ချောင်းသည် ထွက်ပေါ်လာပြီးသည်နှင့် ပြင်းထန်သော အဖျက်စွမ်းအင်ကို ထုတ်ဖော်လာသည်။

“ကောင်းကင်ဘုံကို ဆန့်ကျင်ချင်တယ်ပေါ့လေ၊ သေပေတော့”

ထို့အတူ တိမ်လိပ်များကြားမှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို ထိုမိုးကြိုးလက်ချောင်းက ယဲ့ဖန်အား အားနှင့် ဖိချေရန် ပြင်လာသည်။

လေဟာနယ် အက်ကွဲလာသလို ဥပဒေသလည်း ကျိုးပျက်သွားသည်။

ပျက်စီးကိန်း ဆိုက်ကပ်လာသကဲ့သို့ စကြဝဠာထဲမှ ဂြိုဟ်များ ပေါက်ကွဲလာသည်။ ပြင်းထန်လာသည့် ပျက်သုဉ်းခြင်း စွမ်းအင်က ယဲ့ဖန်ထံ ကျရောက်လာလေသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့် ခြောက်ခြားသွားကြသည်။ ထိုကြောက်စရာကောင်းသည့် မိုးကြိုးလက်ချောင်းအောက်၌ အင်မော်တယ်၊ နတ်ဘုရား သို့မဟုတ် နတ်ဆိုးပင် ဖြစ်စေ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလာလိမ့်မည်ဟု အားလုံး ခံစားမိနေသည်။

လက်ချောင်းတစ်ချောင်းတည်းနှင့်တင် တားဆီးရန် လုံလောက်နေလေပြီ။

“ခင်ဗျား လုံးဝ ဒေါသထွက်သွားပြီလား”

ထိုစဉ် ယဲ့ဖန်က ကောင်းကင်ထက်မှ ဆင်းသက်လာသော ကြောက်စရာကောင်းသည့် မိုးကြိုးလက်ချောင်းကို စိုက်ကြည့်၍ အပြုံးကြီး ပြုံးနေသည်။ ထို့နောက် သူ့လက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ ရွှေရောင် ဓားကျိုးတစ်လက်က ရုတ်ချည်းဆိုသလို ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်သည် ကောင်းကင်ထက်သို့ ခုန်တက်၍ ဓားကိုဝင့်ကာ ခုတ်လွှဲလိုက်သည်။

“ပျက်စီးစမ်း”

အဖျက်စွမ်းအင်တစ်မျိုးက မိုးကြိုးလက်ချောင်းထံသို့ ဆင်းသက်လာသည်။ ဤအခြင်းအရာကြောင့် မိုးကောင်းကင်ဘက်မှ အလွန် ဒေါသူပုန် ထသွားသည်။ မိုးကြိုးလက်ချောင်း၏ အရှိန်က ပိုမြန်လာသလို စွမ်းအင်ကလည်း လေဟာနယ်တစ်ခုလုံးကို ဘာမှမဟုတ်သကဲ့သို့ ဖျက်စီးနိုင်ပုံ ပေါ်လာသည်။

သို့သော် ထိုလက်ချောင်းနှင့် ယဲ့ဖန်၏ ရွှေရောင်ဓားကျိုးတို့ ထိပ်တိုက်ရင်ဆိုင်ရတော့မည့်အချိန်တွင် ယဲ့ဖန်က ရုတ်တရက် ရေရွတ်လိုက်သည်။

“အခုက အခွင့်ကောင်းပဲ”

ဒေါင်!

ကောင်းကင်ခွင်းခေါင်းလောင်းကို သူ ဆက်တိုက် မြည်ဟီးလာအောင် ထိုးလိုက်သည်။ ခေါင်းလောင်းသံ ထွက်ပေါ်လာသောအခါ ကောင်းကင်ထက်မှ ထိုလက်ချောင်းက ရုတ်တရက် ရပ်သွားသည်။ ထိုစဉ် ရွှေရောင်ဓားကျိုးက ထိုမိုးကြိုးလက်ချောင်း၏ ထိပ်ပိုင်းကို ခုတ်ဖြတ်လိုက်သည်။

မိုးကြိုးလျှပ်စီးများ အက်ကွဲ၍ ပျက်စီးသွားပြီး ထိုလက်ချောင်းသည်လည်း ပြတ်ထွက်သွားလေသည်။ ထိုသည်သာမ တိမ်မည်းလိမ်များကြားမှ နာကျင်စွာ အော်ဟစ်လိုက်သံလည်း ထွက်ပေါ်လာ၏။

“အား…”

ကြောက်စရာကောင်းသော သက်ရှိတစ်ကောင်ကောင်က ဓားနှင့် ခုတ်ဖြတ်ခြင်း ခံလိုက်ရပုံ ပေါ်သည်။ တိမ်လိပ်များကြားမှ ရွှေရောင် မိုးကြိုးသွေးစက်များ စီးကျလာသည်။ ကောင်းကင်ဘုံ၏ လက်ချောင်းတစ်ချောင်း ပြတ်ထွက်သွားလေပြီ။

ထိုတိမ်မည်းလိပ်များကြားနက် စိတ်ဝိညာဉ်တစ်ခု ရှိနေလိမ့်မည်ဟု အားလုံး ထင်မထားမိကြချေ။ ထိုပြတ်ထွက်သွားသော လက်ချောင်းမှနေ၍ အဖျက်စွမ်းအင်တစ်မျိုးကို လူတိုင်း ခံစားမိနေသည်။

အရာအားလုံးက ကြောက်စရာ ကောင်းလှသည်။ လျပ်တစ်ပြက်အတွင်းမှာပင် ထိုတိမ်မည်းလိပ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။

ရွှေရောင်လက်ချောင်းကို ဆုပ်ကိုင်ထားသည့် ယဲ့ဖန်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ ထိုလက်ချောင်းသည်ကား ကောင်းကင်ဘုံ လက်ချောင်းပင်။

Chapter 551 ကောင်းကင်ဘုံ၏ အမျက်ဒေါသ

ထိတ်လန့်စရာကောင်းလှသည်။ ထိုသို့သောအချိန်၌ အားလုံးသည် သွေးစွန်းနေသော ရွှေရောင် လက်ချောင်းကို ကြည့်ပြီး အားလုံး ထိတ်လန့်သထက် ထိတ်လန့်လာကြသည်။

ထိုလက်ချောင်းသည် ကောင်းကင်ဘုံ လက်ချောင်းဖြစ်ပြီး နတ်ဆိုးဧကရာဇ်ကြောင့် ပြတ်ထွက်သွားခြင်း ဖြစ်လေသည်။ လူတိုင်း ခေါင်းမီးတောက်နေကြသည်။

ပြောရမည်ဆိုလျင် တိမ်မည်းလိပ်များကြားမှ အော်သံ ထွက်ပေါ်လာပြီးနောက် မိုးကြိုးနှင့် လျှပ်စီးများ ချက်ချင်း လွင့်ပြယ်သွားကာ တိမ်မည်းလိပ်များလည်း ပျောက်ကွယ်သွားပြီး ကောင်းကင်ယံသည် ပြန်လည်၍ လင်းလက်လာလေတော့သည်။

*အရင်လို ပြန်ဖြစ်သွားပါလား*

နတ်ဘုရားမိုးကြိုးကပ်ဘေး၏ ကြောက်စရာကောင်းသော သတ္တဝါကြီးအား ထွက်ပေါ်လာစေခဲ့ သည့်အပြင် ယဲ့ဖန်ကြောင့် ထိုသတ္တဝါကြီး အကြီးအကျယ် ဒဏ်ရာရ၍ ထွက်ပြေးသွားရသည်။

ထိုသို့သောအချိန်၌ အောက်ဘက်ရှိ ကျန်းမိသားစု၏ ဘိုးဘေးနှင့် အခြားသူများအားလုံး အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။ အားလုံး ဝမ်းသာ ပျော်ရွှင်နေ၏။

“ယဲ့ဖန်”

“ယဲ့ဖန်”

“ယဲ့ဖန်”

အားလုံး လက်သီးလက်မောင်းတန်း၍ ကြွေးကြော်နေကြသည်။ သူတို့သည် ကောင်းကင်ထက်မှ ယဲ့ဖန်အား ဝမ်းသာပျော်ရွှင်၍ လေးစားသော အကြည့်များဖြင့် ကြည့်နေကြလေသည်။

ကျန်းချမ်နှင့် အခြားကျန်းမိသားစုဝင်များ၏ အမြင်တွင် ယဲ့ဖန်သည် နတ်ဘုရားတစ်ပါးကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

သူတို့နှင့် ဆန့်ကျင်ဘက်တွင်မူ ကျန်းမိသားစု၏ လမ်းခွဲသွားသော ဒုတိယဘိုးဘေးနှင့် စီနီယာ မျိုးနွယ်ဝင်များအားလုံး မျက်နှာပြာနှမ်း၍ ရှက်ရွံ့နေကြသည်။ နောင်တရနေကြသည်၊ သူတို့အားလုံး သည်းခြေပျက်မတတ် နောင်တရနေကြသည်။

ယဲ့ဖန်က အလွန် ရက်စက်သည်ကို သိထားကြသော်ကြောင့် သူတို့ အသတ်ခံရလျင်တောင်မှ ကျန်းမိသားစုများကို ထိခိုက်မည် မဟုတ်ပါ။

ယခုအခါတွင် ဒုတိယဘိုးဘေးနှင့် အခြားသူများက ခေါင်းကိုငုံ့၍ ဖေးချမ်နှင့် ကျန်လူများအား သနားညှာတာပေးပါရန် အနူးအညွတ် တောင်းပန်လာကြသည်။

“ဘိုးဘေး ကျုပ်တို့ မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကျန်းမိသားစုထဲ ပြန်လာခွင့် ပေးပါဗျာ၊ ခွင့်ပြုပေးပါ”

“ဘိုးဘေး ကျွန်တော် ဒုတိယဘိုးဘေးကြောင့် မျက်စိမှောက်ခဲ့တာပါ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကျန်းမိသားစုဆီ ပြန်လာခွင့်ပေးပါ ဘိုးဘေး”

ထိုသို့သောအချိန်၌ ကျန်းမိသားစု၏ စီနီယာ မိသားစုဝင်များသည် ကြောက်လန့်နေသော ယုန်များကဲ့သို့ ကျန်းချမ်နှင့် အခြားသူများအား အနူးအညွတ် တောင်းပန်နေကြသည်။

ဤမြင်ကွင်းကိုကြည့်ပြီး အောက်ဘက်မှ ကျန်းမိသားစုဝင်များသည် စိတ်ထဲ၌ သူတို့ ကံကောင်းသွားသည်ဟု တွေးမိသွားကြသည်။

သူတို့ ဒုတိယဘိုးဘေး၏ စကားကို နားမယောင်ဘဲ နတ်ဆိုးဧကရာဇ်ကို မဆန့်ကျင်မိသည့်အတွက် ကံကောင်းသွားသည်။

သို့မဟုတ်ပါက သည်းခြေပျက်မတတ် နောင်တရ၍ အသည်းအသန် အော်ဟစ်ငိုယိုနေကြသူများထဲတွင် သူတို့လည်း ပါနေလောက်သည်။

ထိုသို့တွေးမိပြီးနောက် ကျန်းချမ်သာမက ဘေးပတ်လည်မှ မျိုးနွယ်ဝင်များအားလုံး အထင်သေးသော မျက်နှာထားများဖြင့် ပျက်ရယ်ပြုလိုက်ကြသည်။

“မိသားစုထဲ ပြန်လာမယ် ဟုတ်လား”

“အစောပိုင်းလေးတင် မင်းတို့က ငါတို့နဲ့ ယဲ့ဖန် သေမှာကို စောင့်နေတာ မဟုတ်ဘူးလား။ မင်းတို့က ဆုလာဘ်ကို လိုချင်လို့ ငါ့ကို ထိုးကြွေးဖို့ အဆင်သင့် ဖြစ်နေတာ မဟုတ်ဘူးလား၊ အခုမှ နောင်တရနေတာလား၊ နောက်ကျသွားပြီ”

ကျန်းချမ်၏ စကားသံ ထွက်ပေါ်လာသောအခါ စီနီယာ မျိုးနွယ်ဝင်များအားလုံး သေမတတ် ကြောက်လန့်သွားကြသည်။

ထိုစဉ် ထိတ်လန့်ဖွယ် လက်ကြီးတစ်ဖက်က ရုတ်တရက် ကျရောက်လာသည်။ ထိုလက်ပိုင်ရှင်မှာ ယဲ့ဖန်ပင်။

သူ၏ မျက်လုံးများက အေးစက်နေပြီး လက်များက စီနီယာ မျိုးနွယ်ဝင်များအား အပြင်းအထန် တရစပ် ထိုးနှက်လာသည်။

“မလုပ်နဲ့”

အားလုံး၏ မျက်နှာထက်တွင် ကြောက်လန့် စိတ်ပျက်နေဟန်များ ထင်ဟပ်လာသည်။ သူတို့ ခုခံချင်ကြသည်၊ သို့သော် သူတို့သည် နတ်ဘုရား ဂိုဏ်းချုပ်အဆင့်သာ ရှိသော ယဲ့ဖန်ရှေ့တွင် အားနည်းသထက် နည်းလာသလို ခံစားမိနေသည်။

ထိုလက်တစ်စုံကြောင့် လက်နက်များအားလုံး အမှုန့်ဖြစ်သွားသည်။ နောက်ဆုံးတွင် လေထုထဲ၌ သွေးမြူခိုးများ ဖြန်းပက်လာလေသည်။

ကျန်းမိသားစုထဲမှ ရာထူးကြီးသော မိသားစုဝင်များသည် နောင်တရ၍ စိတ်ဓာတ်ကျသွားခဲ့သည်။ လက်တစ်စုံတည်းနှင့် အရာအားလုံး ပျက်စီးသွားလေပြီ။

“သေစမ်း”

ဤမြင်ကွင်းကြောင့် ကျန်းမိသားစု၏ ဒုတိယဘိုးဘေး ဘောင်းဘီစိုရွှဲမတတ် ကြောက်လန့်လာသည်။ ယခုအချိန်၌ သူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး အသည်းအသန် ထွက်ပြေးနေသည်။

သို့သော် သူ မြန်သည်ထက် ယဲ့ဖန်က ပိုမြန်နေ၏။

ယနေ့တွင် ယဲ့ဖန်သည် နတ်ဘုရားဂိုဏ်းချုပ်အဆင့်သို့ အဆင့်တက်သွားပြီးနောက် သူ၏ အလျင်၊ ခွန်အားနှင့် ခုခံစွမ်းအားတို့က အံ့ဩရလောက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။

မီးပွားတစ်ခုက ကျန်းမိသားစု၏ ဒုတိယဘိုးဘေးထံသို့ ပြေးဝင်လာသည်။ ထိုအခါ ဒုတိယဘိုးဘေးသည် သေမင်းနတ်ဘုရား၏ နောက်ယောင်ခံလိုက်ခြင်းကို ခံနေရသည်ဟု ခံစားမိပြီး မရဏ အငွေ့အသက်များကို မြင်ယောင်နေသကဲ့သို့ ခံစားမိနေသည်။

သူ ကြက်သီးတဖြန်းဖြန်းထ၍ ခြောက်ခြားလာသည်။

သူ ဆက်၍ ထွက်မပြေးနိုင်တော့မှန်း သိနေသဖြင့် ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ ခေါင်းကိုငုံ့ထားလိုက်သည်။

“နတ်ဆိုးဧကရာဇ် ခွင့်လွှတ်ပေးပါ၊ နတ်ဆိုးဧကရာဇ် ခွင့်လွှတ်ပေးပါ”

“ကျွန်တော် နည်းနည်း တွေဝေသွားခဲ့တာပါ၊ ကျွန်တော် အတွေးမှားသွားခဲ့ပြီးတော့ အရှင့်ကို သတ်ချင်ခဲ့မိတာပါ။ ကျွန်တော့်အစ်ကိုကြီးနဲ့ ဖေးချမ်ရဲ့ မျက်နှာကို ထောက်ပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ အရှင့်ကို တောင်းဆိုပါတယ်”

ကျန်းမိသားစု၏ ဒုတိယဘိုးဘေးထံမှ ကျင်ငယ်ရည်များ စီးကျလာသည်။ မြင့်မြတ်သော ကောင်းကင်နတ်ဘုရင် စဦးအဆင့် သိုင်းပညာရှင်တစ်ယောက်က အသက်ဆုံးရှုံးရမည်ကိုတော့ ကြောက်လန့်လျက် ရှိသည်။

*ခွင့်လွှတ်ပေးရမယ် ဟုတ်လား*

ယဲ့ဖန် အေးစက်စွာ ပြုံးလိုက်သည်။

“မင်းကိုခွင့်ပြုပေးရမယ် ဟုတ်လား၊ မင်းကံတရားကိုသာ လက်ခံလိုက်”

ထိုစကားအဆုံး၌ ယဲ့ဖန်၏ လက်ဝါးတစ်ဖက်တွင် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာပြီးနောက် ကျန်းမိသားစု၏ ဒုတိယဘိုးဘေးအား ဖမ်းချုပ်လိုက်သည်။

“ပြန်ချရမယ်”

ကျန်းမိသားစု၏ ဒုတိယဘိုးဘေးသည် ရူးမတတ် ဖြစ်နေသည်။ သူသည် လက်ကိုဝင့်၍ ယဲ့ဖန်၏လက်ဝါးကို အပြင်းအထန် ပြန်ခုခံလိုက်လေသည်။

လက်ဝါးနှစ်ခုလုံး ချက်ချင်း ထိပ်တိုက်တွေ့ဆုံသွားပြီး ကြောက်မက်ဖွယ် လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ကျန်းမိသားစု၏ ဒုတိယဘိုးဘေးထံသို့ သေခြင်းတရားက ကျရောက်ဆဲ ကျရောက်မြဲပင်။

ယဲ့ဖန်၏ လက်ဝါး၌ ပြင်းထန်သော စွမ်းအင်များ ပါဝင်နေသည်ဟု သူ ခံစားမိကာ လျှပ်စီးများကြောင့် လင်းလက်နေသည်ဟုလည်း ခံစားမိနေသည်။

လက်သီးချက်ချင်း တွေ့ဆုံသွားသောအခါ သူ့လက်ဝါးတစ်ခုလုံး လျှပ်စီးကြောင့် ဖျက်ဆီးခံလိုက်ရသည်။ လက်ဝါးတစ်ခုလုံး ကြေမွ၍ လောင်ကျွမ်းသွားသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားပြီး သွေးများ ပန်းထွက်လာသည်။

ထိုမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်၏ လက်ဝါးသည် ဒုတိယဘိုးဘေး၏ လက်ဝါးကို ဖျက်ဆီးပြီးသည်နှင့် သူ၏ဦးခေါင်းကို ဖမ်းချုပ်လာသည်။

ဂျွတ်!

ကျန်းမိသားစုမှ ဒုတိယဘိုးဘေး၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားသည်။ သူ၏ စိတ်ဝိညာဉ်တောင်မှ မိုးကြိုးလျှပ်စီးကြောင့် သုတ်သင်ခံလိုက်ရသည်။

*လက်ဝါးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပါလား*

ယဲ့ဖန်သည် သွေးစက်များထဲသို့ သေချာကြည့်၍ ကောင်းကင် နတ်ဘုရင် စဦးအဆင့် ရှိသော ကျန်းမိသားစု ဒုတိယဘိုးဘေး၏ နတ်ဘုရားအမြုတေကို လှမ်းယူပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ထို့နောက် ယဲ့ဖန်သည် တစ်ဖက်လှည့်၍ ခုန်လင်နှင့် ကျန်းရုန်တို့၏ စိတ်ဝိညာဉ်ကို လှည့်ကြည့်လာသည်။ ယဲ့ဖန် ဝါးစားနေသောကြောင့် ထွက်ပေါ်လာသော နတ်ဘုရား အမြုတေ အက်ကွဲသံကြောင့် ခုန်လင်နှင့် ကျန်းရုန်တို့၏ စိတ်ဝိညာဉ်များ တုန်ယင်လာသည်။

နှစ်ယောက်လုံး၏ နတ်ဘုရား စိတ်ဝိညာဉ်များ တုန်လှုပ်နေပြီး အချိန်မရွေး သုတ်သင်ခံရလိမ့်မည်ဟု ထင်မှတ်နေသည်။ အလွန် ကြောက်ရွံ့သော စိတ်က သူတို့အား ခြောက်လှန့်၍နေ၏။

“အရှင် နတ်ဆိုးဧကရာဇ် ကျွန်တော်တို့ …”

သူတို့ နောင်တရနေကြသည်။ နတ်ဆိုးဧကရာဇ် အလွန် ရက်စက်တတ်သည်ကို သူတို့ ကြိုသိပါက သူတို့ ထူဘုရင်၏ ကယ်တင်ခြင်းကို ခံမည်မဟုတ်ဘဲ တစ္ဆေသရဲသာ အဖြစ်ခံလိုက်ချင်တော့သည်။ သို့သော် ယခုအခါ၌ … သူတို့ စကားပင် ဆုံးအောင်မပြောလိုက်ရခင်မှာပင် ယဲ့ဖန်က လက်တစ်ဖက်ကို အသာဝင့်၍ ပုရွက်ဆိတ်နှစ်ကောင်ကို သတ်သကဲ့သို့ သူတို့ကို သတ်လိုက်သဖြင့် ပျောက်ကွယ်သွားကြလေသည်။

…

သို့သော် ယဲ့ဖန် မသိလိုက်သည်က ငါးသောင်းသော နတ်ဘုရားစစ်တပ်ကို သူ သတ်လိုက်ချိန်တွင် မိုနာဒို နတ်ဘုရားနယ်မြေ၌ မုန်တိုင်းထန်နေလေသည်။

စိတ်ဝိညာဉ်ခန်းမ၌ မိုနာဒို သိုင်းပညာရှင်တစ်ယောက်သည် မယုံနိုင်သော မျက်နှာထားဖြင့် မျက်စိရှေ့မှ အရာကို ကြည့်နေမိသည်။

စိတ်ဝိညာဉ်မီးအိမ်များသည် တစ်ခုပြီးတစ်ခု ဆက်တိုက် ငြိမ်းနေသည်။ ဆယ်ခု၊ အခုတစ်ရာ၊ အခုတစ်ထောင်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထောင်ချီသော နတ်ဘုရား စိတ်ဝိညာဉ်မီးအိမ်များသည် မယုံနိုင်လောက်သော အရှိန်ဖြင့် ဆက်တိုက် ငြိမ်းသွားသည်။

ဝုန်း!

ဤအဖြစ်ကြောင့် မိုနာဒို နတ်ဘုရားနယ်မြေတစ်ခုလုံး လှိုင်းထန်၍ မိုနာဒို နတ်ဘုရားစစ်တပ်မှ လူတိုင်း ခြောက်ခြားလာသည်။

*သေသွားတာလား*

စိတ်ဝိညာဉ်မီးအိမ်များ ငြိမ်းသွားခြင်းသည် မိုနာဒို စစ်တပ်မှ နတ်ဘုရားမျိုးနွယ်များ၏ သေဆုံးခြင်းကို ကိုယ်စားပြုသည်။

တစ်မိနစ်အတွင်း၌ နောက်ဆုံးသော စိတ်ဝိညာဉ်မီးအိမ်တစ်ခု ငြိမ်းသွားချိန်တွင် မိုနာဒို နတ်ဘုရားမျိုးနွယ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

“မြတ်စွာဘုရား၊ ဘာတွေ ဖြစ်သွားခဲ့တာလဲ၊ ထူဘုရင်နဲ့ စစ်တပ်ငါးသောင်းက ဘယ်လိုလုပ် တစ်မိနစ်အတွင်း သေသွားရတာလဲ”

“…”

မိုနာဒို နတ်ဘုရားမျိုးနွယ်များအားလုံး ထိတ်လန့်နေကြသည်။ သူတို့သည် မရဏ အငွေ့အသက်များ ရလာသည်ဟု ခံစားမိနေသည်။ မိုနာဒို နတ်ဘုရားမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးတော့မည့် ကြောက်စရာကောင်းသော တစ်စုံတစ်ခု ရှိနေသည်ဟု သူတို့ ထင်မြင်လာသည်။

ဂျိန်း!

သို့သော် ထိုသို့သောအချိန်၌ မိုနာဒို နတ်ဘုရားနယ်မြေတစ်ခုလုံးထက်မှ မိုးကောင်းကင်၌ လျှပ်စီးလက်၍ မိုးခြိမ်းလာသည်။

*ဥပဒေသ ပျက်စီးသွားတာပဲ*

*မိုးကောင်းကင်နဲ့ မြေကြီးကို ဆန့်ကျင်တာပဲ*

ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်းက ကောင်းကင်၌ ဆက်တိုက် ဖြစ်ပေါ်နေသည်။

“ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုး၊ မြတ်စွာဘုရား … အဲ့ဒါ ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးပဲ”

“ဒီတော့ … တစ်ယောက်ယောက်က နတ်ဘုရားမိုးကြိုး ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာပေါ့၊ ဒါပေမဲ့ အဲ့ဒါက ဘယ်လိုလုပ် ဒီအထိ ပျံ့လာမှာလဲ”

အားလုံး မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။ တစ်စုံတစ်ယောက်က နတ်ဘုရား မိုးကြိုးကပ်ဘေးကို ရင်ဆိုင်နေခြင်းသည် မိုနာဒို နတ်ဘုရားနယ်မြေအထိ ရောက်ရှိလာရန် မဖြစ်နိုင်ချေ။

ယခုအခါတွင် မိုနာဒို နတ်ဘုရားနယ်မြေ၏ အသွင်အပြင်အရ မိုနာဒို နတ်ဘုရားနယ်မြေမှလွဲ၍ ကျန်သော စကြဝဠာတစ်ခုလုံး၏ နေရာတိုင်း၌ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေသည်ကို ပြသနေ၏။

ဤသည်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံ၏ ဒေါသကို ဆွလိုက်၍သာ ဖြစ်ပေသည်။

Chapter 552 အန်းရှီ၏ သဲလွန်စ

ထို့အတူ မိုနာဒို နတ်ဘုရားနယ်မြေ၏ ဂြိုဟ်တစ်လုံးပေါ်၌ မိုနာဒို နတ်ဘုရား၏ ဟစ်အော်သံ ပဲ့တင်ထပ်လာသည်။

“ရှုံးသွားတယ်လား”

လေဟာနယ်တစ်ခုလုံး အေးခဲ၍ အချိန်နေရာတို့ပါ ရန်တန့်သွားသလို ဖြစ်သွားလေသည်။ ဤမြင်ကွင်းသည် အသက်ပြန်ဝင်လာသည်နှင့်တူလှသည်။ ထိုဂြိုဟ်ပေါ်၌ ခြောက်သွေ့ညှိုးနွမ်း၍ သေဆုံးနေသော သစ်ပင်တစ်ပင်သည် ချက်ချင်းဆိုသလို အသက်ဓာတ်စွမ်းအင်ကို ပြန်လည်ရရှိလာပြီး ပြန်၍လန်းဆန်းပွင့်လန်းလာသည်။

မိုနာဒိုနတ်ဘုရား၏ မကောင်းဆိုးဝါးခန္ဓာကိုယ်ကြီးက လှုပ်လှုပ်ရှားရှားဖြစ်လာပြီးနောက် ဖျတ်ခနဲ မျက်လုံးပွင့်လာသည်။ ထိုသည်သာမကချေ၊ မိုနာဒိုနတ်ဘုရားက လက်တစ်ဖက် လှုပ်လိုက်သောအခါ နတ်ဘုရား စိတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

ထိုစိတ်ဝိညာဉ်သည် နတ်ဘုရားသားတော်၏ အကြွင်းအကျန် စိတ်ဝိညာဉ် အပိုင်းအစတစ်ခု ဖြစ်သည်။ မရဏ စွမ်းအင်အောက်၌ ထိုစိတ်ဝိညာဉ် အကြွင်းအကျန်သည် လျင်မြန်သော အရှိန်ဖြင့် ပြန်လည်ဖွဲ့စည်းနေပြီး လူသားအသွင်အဖြစ်သို့ ပြန်လည်ဖွဲ့စည်းချင်နေပုံ ရသည်။

“ငါ့သား”

ဤသည်ကိုကြည့်ပြီး မိုနာဒိုနတ်ဘုရား၏ မျက်လုံး၌ ဝမ်းသာရိပ်များ စွန်းထင်းလာသည်။ နတ်ဘုရားသားတော်၏ စိတ်ဝိညာဉ်ကလည်း မြန်သထက်မြန်စွာ စုစည်းလာလေသည်။ နောက်ဆုံးတွင် သူ၏အသံ ထွက်ပေါ်လာသည်။

“အဖေ၊ အဲ့ဒီလူ ပြန်လာပြီ”

*ဟမ်*

ထိုစကားကြောင့် မိုနာဒိုနတ်ဘုရား မသိမသာ မှင်တက်သွားသည်။

“ငါ့သား မင်း ဘယ်သူ့အကြောင်း ပြောနေတာလဲ”

“အဲ့ဒီလူက နတ်ဆိုး…”

သို့သော် နတ်ဘုရားသားတော်က “ဧကရာဇ်” ဟူသော စကားကို ပြောတော့မည့်အချိန်၌ ရုတ်တရက် ကောင်းကင်ထက်မှ ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုး ပစ်ချလာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် မိုးကြိုးမုန်တိုင်း ဖွဲ့စည်းဖြစ်ပေါ်လာ၏။

“မလုပ်နဲ့”

မိုနာဒိုနတ်ဘုရား ဒေါသထွက်လာသည်။

သူ၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ပြန်လည်ဖွဲ့စည်းဆဲ ဖြစ်သော နတ်ဘုရား စိတ်ဝိညာဉ်သည် ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုး ထိမှန်သွားလေသည်။ ထို့နောက် ထိုစိတ်ဝိညာဉ်သည် အမှုန့်ဖြစ်သွားပြီး လုံးဝ သုတ်သင်ခံလိုက်ရတော့သည်။

“သား….”

မိုနာဒိုနတ်ဘုရား ရူးမတတ် ဖြစ်နေသည်။ စိတ်ဝိညာဉ် အကြွင်းအကျန် ဖျက်ဆီးခံလိုက်ရသဖြင့် သူ မရဏကျင့်စဉ်ကို သိနေလျင်တောင်မှ သူ့သားကို ပြန်အသက်သွင်းရန် ဘယ်သောအခါမှ မဖြစ်နိုင်တော့ချေ။

“အား….”

မိုနာဒိုနတ်ဘုရား၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ သူ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သောအခါ မြွေဖြူကဲ့သို့ နတ်ဘုရားမိုးကြိုးများက တလက်လက် လင်းလက်၍ မိုးကြိုးပစ်ချနေပုံမှ ထိတ်လန့်စရာကောင်းသလို ဒေါသထွက်နေပုံလည်း ပေါ်နေ၏။

“ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်း၊ ဒါ စကြဝဠာ မိုးကောင်းကင် ဒဏ်ခတ်ခြင်းပဲ”

“ဒါက …. ကောင်းကင်ဖြိုခွဲသူပဲ”

ယခုအချိန်၌ မိုနာဒိုနတ်ဘုရား မျက်ခုံးလှုပ်လာသည်။

…..

မိုနာဒို နတ်ဘုရားနယ်မြေသာမက၊ နတ်ဘုရားမျိုးနွယ်၊ မကောင်းဆိုးဝါးမျိုးနွယ်နှင့် အင်မော်တယ် မျိုးနွယ်တို့၏ နေရာတိုင်း၏ ကောင်းကင်ယံ၌ ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးက ထစ်ချုံးလျက် ရှိသည်။

မိုးကောင်းကင်သည် ကြောက်မက်ဖွယ်ကောင်း၍ အင်အားကြီးသော ပုဂ္ဂိုလ်တစ်ယောက်က ဆက်တိုက် ကြွေးကြော်နေသကဲ့သို့ ထစ်ချုံးလျက် ရှိသည်။ ဤမြင်ကွင်းသည် ပို၍ ထိတ်လန့်သထက် ထိတ်လန့်စရာ ကောင်းလာသည်။

“ကောင်းကင်ဘုံကို ဆန့်ကျင်မယ့်သူတစ်ယောက် မွေးလာပြီပဲ၊ လောကကြီးက ဒုက္ခရောက် လာတော့မှာပဲ၊ ကပ်ဘေးကြီး ရောက်လာတော့မယ်”

“ဒါ တကယ့်ကို ကိုးရောင်ခြယ်မိုးကြိုးပဲ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

“စကြဝဠာကြီး စိတ်ဒုက္ခရောက်နေပြီ၊ အဲ့လူက ဘယ်သူများလဲ”

“….”

များစွာသော မျိုးနွယ်စုများမှ တစ်ယောက်ပြီးတစ်ယောက် ခန့်မှန်းနေကြသည်။ မိုးကောင်းကင်ကို ဆန့်ကျင်နေသော သူတစ်ယောက်ကြောင့် စကြဝဠာကြီးတစ်ခုလုံး အဆုံးမရှိသော အုတ်အော်သောင်းတင်း ဖြစ်သွားလေတော့သည်။

….

ကျန်းဝမ်ရှင်းဂြိုဟ်ပေါ်တွင်မူ ယဲ့ဖန်သည် ခြံဝန်းတွင်း၌ တင်ပုလ္လင်ချိတ်ထိုင်၍ လက်ပြတ်တစ်ချောင်းကို လက်ဝါးပေါ်တင်ပြီး ကြည့်နေသည်။

ထိုကောင်းကင်ဘုံ လက်ချောင်းမှနေ၍ လျှပ်ကူးမှုများ ရှိနေပုံရသည်။ ကြောက်မက်ဖွယ်ကောင်း၍ မွှေနှောက်ဖျက်ဆီးနိုင်သော လေထုတစ်ခုက ဆက်လက် ပျံ့နှံ့လာသည်။

“ကောင်းကင်ဘုံရဲ့ လက်ချောင်းတဲ့လား”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်ကွေး၍ ပြုံးနေသည်။ ထို့နောက် သူသည် ထိုလက်ချောင်းကို နဖူးနှင့်ထိကာ မျက်လုံးကိုမှိတ်၍ အာရုံခံလိုက်သည်။

ထိုအခါ ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် အသိစိတ် မိုးကြိုးပင်လယ်ထဲသို့ ဝင်ရောက်သွားပုံရသည်။ မိုးကြိုးများ ထစ်ချုံး၍ လေတဝေါဝေါ တိုက်ခတ်လျက် ရှိသည်။ ထိုနေရာ၌ လျှပ်စီးမိုးကြိုးများ များပြားစွာ ရှိနေပြီး ဆက်တိုက်တိုက်ခတ်လျက် ရှိလေသည်။

ဤသို့ဖြစ်နေသည်မှာ မည်မျှ ကြာမြင့်နေမှန်း သူ မသိချေ။ ဤအရာက ထာဝရ သို့မဟုတ် နှစ်ပေါင်းများစွာ တည်ရှိနေပုံ ရသည်။

မရေတွက်နိုင်သော လျှပ်စီးမိုးကြိုးများမှနေ၍ မိုးကြိုး အမြုတေတစ်ခု ဖြစ်ပေါ်လာသည်။ မိုးကြိုးအမြုတေသည် တဖြည်းဖြည်း ကြီးထွားလာသည်။ ထို့နောက် မိုးကြိုးများ ဖြစ်ပေါ်လာပြီး ရွှေရောင်တလက်လက်တောက်နေသော ပုံရိပ်တစ်ခုသို့ အသွင်ပြောင်းသွားသည်။

ကြောက်မက်ဖွယ်ကောင်းလှသည်၊ ကျောချမ်းစရာကောင်းလှ၏။

ထိုရွှေရောင်ပုံရိပ်သည် မိုးကြိုးလျှပ်စီးများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးခွန်အားက အရာအားလုံးကို ဖျက်ဆီးနိုင်ပုံရသည်။

ထိုစဉ် ထိုပုံရိပ်က ရုတ်တရက် တစ်ဖက်လှည့်လာသည်။ သူ၏ စူးရှသော မျက်လုံးတစ်စုံက ဓားကဲ့သို့ ယဲ့ဖန်၏ နတ်ဘုရားစိတ်ဝိညာဉ်အား စူးစိုက်ကြည့်လာသည်။

ယဲ့ဖန်သည် ရုတ်တရက် ရင်ထဲ မခံချိမခံသာ ဖြစ်သလို ခံစားမိသောကြောင့် မျက်လုံးပြန်ဖွင့်လိုက်သည်။

သူသည် ယခုလေးတင် လက်ချောင်းပြတ်မှနေ၍ ထိုကြောက်မက်ဖွယ် သတ္တဝါကြီး၏ ခွန်အားကို သိမြင်လိုက်ရသည်။ တစ်ဖက်လူသည် အင်အားကြီးမား၍ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်ပုံရ၏။

“ကြည့်ရတာ အဲ့သတ္တဝါကြီးနဲ့ ငါနဲ့ တိုက်ပွဲက အခုမှ စမှာထင်တယ်”

ယဲ့ဖန် နှုတ်ခမ်းကို တွန့်ကွေးလာသည်။ ထိုစဉ် သူ့အင်္ကျီစက လှုပ်လာသည်။ ထို့နောက် ပုရွက်ဆိတ်များက အင်္ကျီလက်အောက်မှနေ၍ ထွက်လာကြသည်။ ၎င်းတို့သည် တိမ်မည်းများကဲ့သို့ မည်းနက်နေပြီး ခြောက်ခြားဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

အထူးသဖြင့် ပုရွက်ဆိတ်လေးပင်။ သူ၏မျက်လုံးများက လျင်မြန် ဖျတ်လတ်လာပြီး သူ၏ စိတ်ဝိညာဉ် အသိက အလွန် မြင့်မားလာပုံရသည်။

“ဒီကောင်းကင်ဘုံလက်ချောင်းကိုသာ ဝိညာဉ်စား ပုရွက်ဆိတ်တွေ စားလိုက်ရင် ဘာဖြစ်လာမလဲ ဆိုတာကို ငါ မသိဘူး”

ယဲ့ဖန်၏ မျက်နှာထက်တွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်လာသည်။ ထိုစဉ် သူ အကြံတစ်ခု ရလာသည်။

ဝီ!

ထောင်သောင်းချီသော ဝိညာဉ်စားပုရွက်ဆိတ်များက ရွှေရောင်လက်ချောင်းဆီသို့ ပြေးဝင်သွားကြပြီး အားလုံးက ပါးစပ်ကိုဟ၍ သည်းကြီးမည်းကြီး စားသုံးကြလေသည်။

ဂျွတ်! ဂျွတ်!

ဝိညာဉ်စား ပုရွက်ဆိတ်များသည် အလွန်အမင်း ကြောက်စရာကောင်းလှသည်။ ကောင်းကင်ဘုံ လက်ချောင်းတောင်မှ သူတို့၏ သည်းကြီးမည်းကြီး ကိုက်ဖြတ်မှုကို ခုခံရန် ခက်ခဲလှပေသည်။

ရွှေရောင်သွေးစက်များကိုပါ ပုရွက်ဆိတ်များက စားသုံးကြသည်။ ပုရွက်ဆိတ်အုံကြီးသည် ရွှေရောင် အသားနှင့် သွေးစက်များကို ကိုက်ဖြတ်စားသုံးလိုက်ကြသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် ရွှေရောင်အရိုးကိုတောင်မှ ကိုက်ဖြတ်စားသောက်ကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် စားသောက်ပြီးသည်နှင့် ရုတ်ချည်းဆိုသလို သန္ဓေပြောင်းလဲလာသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် လေထဲမှနေ၍ ဆက်တိုက် ပြုတ်ကျလာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပုရွက်ဆိတ်များအားလုံး ကြမ်းပြင်ပေါ် ပြုတ်ကျလာ၏။

ခြံဝန်းတစ်ခုလုံး၏ ကြမ်းပြင်တွင် အနက်ရောင် ပုရွက်ဆိတ် ကြမ်းခင်း ခင်းထားလေသလားဟုတောင် ထင်မှတ်မှားရသည်။

“မင်းတို့ ကြီးထွားလာတော့မှာပါလား”

ယဲ့ဖန် မအံ့ဩဘဲ ပျော်မိသွားသည်။ လျှပ်စီးမိုးကြိုးများက ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေးအသားထဲသို့ စိမ့်ဝင်နေသည်ကို သူ ခံစားမိသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များထံမှ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များ ဆက်တိုက်ပျံ့လွင့်လာ၏။

တစ်မိနစ်၊ ဆယ်မိနစ်၊ နာရီဝက်။ တစ်နာရီ။

ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ ပြိုင်တူ မျက်လုံးပြန်ဖွင့်လာကြသည်။ ထိုရက်စက်သော မျက်လုံး၌ မိုးကြိုးလျှပ်စီးများ ဆက်တိုက် လင်းလက်လျက် ရှိသည်။

အထူးသဖြင့် ပုရွက်ဆိတ်လေးပင်။ အက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာပြီး ပုရွက်ဆိတ်အုံကြီးမှနေ၍ လျှပ်စီးများ ပျံ့နှံ့ထွက်ပေါ်လာ၏။

ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ ကောင်းကင်ထက်သို့ ပျံတက်သွားသောအခါ သူတို့၏ အဖျက်စွမ်းအင်များက ကျန်းဝမ်ရှင်းတစ်ခုလုံးကို အုပ်မိုးသွားပြီး ကျန်းမိသားစုဝင်များ အားလုံးကို မှင်တက်သွားစေသည်။

ထိုအချိန်တွင် ကျန်းချမ်နှင့် ဖေးချမ်တို့ မြေးအဘိုးနှစ်ယောက် ခပ်သွက်သွက် လျှောက်လာကြသည်။ ကောင်းကင်ထက်မှ ဝိညာဉ်စား ပုရွက်ဆိတ်များကိုမြင်ပြီးနောက် နှစ်ယောက်လုံး ကြက်သီးထသွားကြသည်။

ဤခံစားချက်သည် ကောင်းကင်ဘုံ၏ ဒေါသနှင့် ရင်ဆိုင်နေရသကဲ့သို့ တုန်လှုပ်စရာ ကောင်းလှသည်။

“သခင်ကြီး၊ သခင်ကြီး ညွှန်ကြားတဲ့အတိုင်း ကပ်ဆိုးဂြိုဟ်ပေါ်က လူအားလုံးကို သခင်ကြီးနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ အကုန်ဖျက်ပြီးပါပြီ”

ဖေးချမ်က ယဲ့ဖန်အား တလေးတစား သတင်းပို့လာသည်။ သူ့စကားကြောင့် ယဲ့ဖန် ခေါင်းညိတ်ပြ လိုက်သည်။

သူသည် မိုနာဒို၏ သားတော်၊ ထူဘုရင်နှင့် မိုနာဒို စစ်တပ်ငါးသောင်းကို သတ်ခဲ့သည်။ ယခုအခါတွင် သူ၏ခွန်အားသည် မိုနာဒိုဘုရင်နှင့် လောကသခင်သုံးပါးတို့အား ရင်ဆိုင်နိုင်ရလောက်အောင် မသန်မာသေးချေ။

“မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ပြီးတော့ ကမ္ဘာဂြိုဟ်ကို ပြောင်းရွှေ့ကြ”

ယဲ့ဖန်က ကျန်းချမ်နှင့် အခြားသူများကို ပြောလိုက်သည်။ သူ့စကားကြောင့် ကျန်းချမ်က ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။

ရက်အနည်းငယ်တွင်းမှာပင် မိုနာဒိုနတ်ဘုရားက ကပ်ဆိုးဂြိုဟ်သို့ သေချာပေါက် ရောက်လာလောက်သည်။ ကပ်ဆိုးဂြိုဟ်မှ ထွက်ခွာခြင်းက ကျန်းမိသားစုအတွက် တစ်ခုတည်းသော လမ်းစပင်။

ထိုစဉ် ဖေးချမ်ပြောလာသော စကားတစ်ခွန်းကြောင့် ယဲ့ဖန် မှင်တက်သွားသည်။

“သခင်ကြီး အင်မော်တယ်ကလန်ထဲကို စစ်ဆေးကြည့်လိုက်တော့ မမလေးအန်းရှီရဲ့ သဲလွန်စကို ရှာတွေ့ခဲ့ပါတယ်”

All Chapters