← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

Chapter 553 ငါ့ဆရာဦးလေးကို မင်း မြင်လိုက်လား

တစ်လကြာပြီးနောက် အင်မော်တယ်နယ်မြေ၌ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဂြိုဟ်သေများ တစ်လုံးပြီးတစ်လုံး အစအနမကျန်အောင် တစ်နည်းနည်းဖြင့် ပျောက်ကွယ် သွားကြသည်။

ထိုဂြိုဟ်များ၊ ကျောက်တုံးများ၊ ဂြိုဟ်၏အဆီအနှစ်များ၊ ဆွေးမြည့်နေသော သစ်သားများနှင့် အပျက်အစီးများသည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာ၏ ဝါးမျိုခြင်း ခံလိုက်ရပုံ ပေါ်သည်။

ဘာဆိုဘာမှ မကျန်ခဲ့ချေ၊ အစအနလေး တစ်ချို့တောင်မှ မကျန်ရစ်ခဲ့ချေ။ထိုအဖြစ်အပျက်က အင်မော်တယ်နယ်မြေအား အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။

ဤအဖြစ်အပျက်ကို စုံစမ်းရန်အတွက် သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ခဲ့သည်။

သို့သော် မည်သူမျှ မသိလိုက်သည့်အချက်မှာ ကြောက်မက်ဖွယ်ကောင်းသော နဂါးနက်တစ်ကောင်က ဂြိုဟ်များကြားထဲတွင် လျင်မြန်စွာ သွားလာလျက် ရှိနေခြင်းပင်။

၎င်း၏အလျင်သည် လျှပ်စီးကဲ့သို့ လျင်မြန်လှပြီး လျပ်တစ်ပြက်အတွင်းမှာပင် ဂြိုဟ်ပေါင်းများစွာကို ဖြတ်ကျော်ပြီးသွားလေသည်။

ထိုဧရာမနဂါးကြီး၏ ဦးခေါင်းထက်၌ ယဲ့ဖန်သည် တင်ပုလ္လင်ချိတ်၍ လိုက်ပါလာသည်။ လက်သီးဆုပ်အရွယ် ပုရွက်ဆိတ်တစ်ကောင်က သူ့လက်ဖဝါးပေါ်၌ တွားသွားလျက် ရှိသည်။ ထိုအကောင်သည်ကား ပုရွက်ဆိတ်လေးပင်။

ယခုအချိန်၌ ပုရွက်ဆိတ်လေး၏ တောင်ပံတစ်စုံသည် လျှပ်စီးနှင့် ဆင်တူနေပြီး အချိန်မရွေး လျပ်ကူးသွားလိမ့်မည်ဟု ထင်မှတ်ရသည်။ သူသည် မျက်လုံးမှိတ်ထားသော်လည်း ထိတ်လန့်ဖွယ် ဖိအားက လူတိုင်းအား ခေါင်းမွေးထောင်သွားစေသည်။ ဤသို့ သေးငယ်သော ခန္ဓာကိုယ်လေး၌ မဖော်ပြတတ်လောက်အောင် များပြားသည့် အရှိန်အဝါတစ်ခု ရှိနေသည်ဟု ထင်မှတ်ရသည်။

“တစ်လအတွင်း ငါ ဂြိုဟ်သေ ၆၇ လုံးကို စုပ်ယူသုံးစွဲခဲ့ပြီးပြီ။ ပုရွက်ဆိတ်လေးနဲ့ ပုရွက်ဆိတ်အုံလည်း အတော်လေး သင်ယူလေ့လာပြီးတဲ့ပုံပဲ”

ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာပြီး ပြုံးရယ်နေသည်။ စကြဝဠာတွင်း၌ ဂြိုဟ်သေတစ်လုံးကို လိုက်ရှာနေပြီးနောက် မျက်လုံးက လက်ခနဲ ဖြစ်လာပြီး ပြုံးလိုက်မိသည်။

“ဒါက ၆၈ လုံးမြောက်ပဲ”

ထို့နောက် သူသည် နတ်ဆိုးနဂါး၏ ခေါင်းကို ပုတ်လိုက်သည်။ ရုတ်တရက် နဂါး၏ ခန္ဓာကိုယ်က တွန့်ကွေးသွားပြီး တစ်ခဏအတွင်း၌ ဖားလောင်းအရွယ်သို့ ပြောင်းသွားပြီး ယဲ့ဖန်၏ အင်္ကျီလက်စထဲသို့ ဝင်ရောက်သွားသည်။

ထို့နောက် ယဲ့ဖန်သည် ဂြိုဟ်သေဘက်သို့ ဦးတည်၍ လေထဲ ဝဲပျံလာခဲ့သည်။ ထိုဂြိုဟ်သေပေါ်၌ အရာအားလုံး ခြောက်သွေ့နေပြီး အရာအားလုံး မရှိတော့ချေ။

သို့သော် ယဲ့ဖန်၏ ပုံရိပ်က နီးကပ်လာစဉ် ဂြိုဟ်သေပေါ်မှနေ၍ မိုးကြိုးကဲ့သို့ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။

“အင်မော်တယ်ဘုရင်က တားမြစ်နယ်မြေထဲမှာ ရှိနေတယ်၊ ဝင်လာတဲ့သူတိုင်း သေရမယ်”

ထိုအသံသည် ဒီရေကဲ့သို့ ထိတ်လန့်ဖွယ် အသံလှိုင်းတစ်ခုကဲ့သို့ ယဲ့ဖန်ထံ ရိုက်ခတ်လာလေသည်။ အကယ်၍ သာမန် နတ်ဘုရားဂိုဏ်းချုပ်အဆင့် တစ်ယောက်သာ ဆိုပါက ထိုအသံလှိုင်းနှင့်တင် သုတ်သင်ခံ ရလောက်သည်။

သို့သော် ယဲ့ဖန်က အေးတိအေးစက်နှင့် ရှေ့သို့လှမ်းလိုက်သည်။

ယဲ့ဖန် ရှေ့သို့ ခြေတစ်လှမ်းချလိုက်သည်နှင့် ဂြိုဟ်သေပေါ်မှ ကြောက်မက်ဖွယ် အင်မော်တယ် အစီအရင်တစ်ခု ရုတ်တရက် အသက်ဝင်လာပြီး လက်တစ်ဖက်အသွင်ပြောင်းလာကာ ယဲ့ဖန်အား အားနှင့် ဖမ်းချုပ်လေသည်။

ထိုကြောက်မက်ဖွယ် ဧရာမလက်ကြီးသည် မိုးကောင်းကင်ကို ဆွဲဖြဲနိုင်ပုံရသည်။ လေဟာနယ်တစ်ခုလုံး အက်ကွဲလာသည်။ များစွာသော လူသတ်လိုသည့် အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာလေသည်။

“သေချင်နေတာပဲ”

ယဲ့ဖန်က လှောင်ပြုံးပြုံး၍ လက်သီးကိုဝင့်လိုက်သည်။ ပြင်းထန်သော အဖျက်စွမ်းအင်များက အစီအရင်၏ ဧရာမလက်ကြီးနှင့် ထိပ်တိုက်တွေ့သွားလေသည်။

ဝုန်း! ဂျွတ်!

ထိုလက်ကြီးသည် ဖန်စကဲ့သို့ အက်ကွဲ၍ ပျက်စီးသွားလေသည်။ ထို့အတူ ဂြိုဟ်သေပေါ်မှ အင်မော်တယ် အစီအရင်သည်လည်း လက်သီးတစ်ချက်အောက်၌ လုံးဝ ပျက်စီးသွားလေတော့သည်။

“မကောင်းတော့ဘူး”

ဂြိုဟ်သေပေါ်ရှိ သိုင်းပညာရှင်သည် ယဲ့ဖန်၏ လက်သီးချက်က ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ထင်မထားမိချေ။

အထူးသဖြင့် ထိုလက်သီးချက်က အစီအရင်နှင့် ထိပ်တိုက်တွေ့သွားချိန်တွင် အဖျက်စွမ်းအင်များက ဂြိုဟ်သေပေါ်သို့ ပျံ့နှံ့သွားသည်။

တောင်တစ်လုံးသည် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဂြိုဟ်သေပေါ်မှနေ၍ ထွက်ပြေးလာသည်။

ထိုသူသည် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်ဖြစ်သည်။ သူ၏ခွန်အားသည် နတ်ဘုရားမျိုးနွယ်မှ ကောင်းကင်နတ်ဘုရင် တစ်ပိုင်းအဆင့်နှင့် တူညီလေသည်။

အဖြူရောင်ဝတ်စုံ၌ ဖုံများ ကပ်ညိနေသဖြင့် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်သည် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ ခြောက်ခြား၍ စုတ်ပြတ်လျက် ရှိနေ၏။

“ဟေ့ကောင် မင်း ဘယ်သူလဲ၊ ပြီးတော့ မင်းဘာလို့ ငါ့တားမြစ်နယ်မြေတဲ့ ချိုးဖောက်ဝင်ရောက် လာတာလဲ”

ထိုအင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်သူသည် ထိတ်လန့်နေသလို ဒေါသလည်း ထွက်နေ၏။ နတ်ဘုရားဂိုဏ်းချုပ်အဆင့် တစ်ယောက်က အစီအရင်ကို ဖျက်ဆီး၍ သူ့အား ထွက်လာအောင် ဖိအားပေးနိုင်လိမ့်မည်ဟု ထင်မထားမိချေ။

သူ့စကားကြောင့် ယဲ့ဖန်၏ သရော်ပြုံး ပြုံးလိုက်သည်။

“ထွက်သွား”

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားပြီးနောက် အင်မော်တယ်ဘုရင် တစ်ပိုင်းပုဂ္ဂိုလ်အား မျက်နှာ မည်းမှောင်သွားစေသည်။

“ကောင်းပြီလေ၊ တော်တော် အတင့်ရဲတဲ့ကောင်ပဲ”

“မင်းက ငါ့အင််မော်တယ် အစီအရင်ကို ဖျက်ဆီးပြီးတော့ ငါ့တားမြစ်နယ်မြေထဲကို ဝင်လာတယ်၊ မင်း သေလိုက်တော့”

ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားကြောင့် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် ထိတ်လန့်ခဲ့ရသော်လည်း အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်ရှိသောသူက နတ်ဘုရားဂိုဏ်းချုပ်အဆင့်သာ ရှိသော တစ်ဖက်လူကို မသတ်နိုင်ဘဲ ရှိလိမ့်မည်ဟု မယုံကြည်ချေ။

ထိုသို့သောအချိန်၌ သူ့စိတ်ထဲတွင် လူသတ်လိုသော အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ သူ လက်တစ်ဖက်ကို လှုပ်လိုက်သောအခါ အင်မော်တယ် ဓားတစ်လက် ပေါ်လာပြီး ထိုဓားနှင့် ယဲ့ဖန်ကို ထိုးနှက်လာ၏။

ထိုဓားသည် ကောင်းကင်ထက်၌ ပျံသန်းနေသော အင်မော်တယ်တစ်ယောက်လိုပင် အရာအားလုံးကို သတ်ဖြတ်နိုင်ပုံပေါ်ပြီး ယဲ့ဖန်အား အားနှင့် ထိုးနှက်လာသည်။

တစ်ချက်တည်းဖြင့် အသေသတ်ခြင်းပင်။

ဤမြင်ကွင်းကိုကြည့်ပြီး အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်သည် တက်ကြွပျော်ရွှင်လာသည်။ သူ့အတွက် ပြဿနာအချို့ ရှိနိုင်သည်ဟု ထင်ထားမိသော်လည်း ယဲ့ဖန်က အလွန် နေရခက်နေလိမ့်မည်ဟု ထင်မထားမိချေ။

ထိုအချိန်တွင် သူသည် အပြုံးကြီးပြုံး၍ အားနှင့် ထိုးစိုက်လိုက်သည်။

ဒင်!

ထိုစဉ် မီးပွားတစ်ခု လွင့်စဉ်လာပြီး အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်၏ အပြုံးကို အေးခဲသွားစေသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်က သံမဏိကဲ့သို့ မာကျောလှသည်ကို သူ သိလိုက်ရသည်။ သူ၏ အင်မော်တယ်ဓားပင် ထိုးဖောက်ရန် အလွန် ခက်ခဲနေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် အလွန် မှင်တက်သွားလေသည်။ ဤမျှ ထူးဆန်းသောအရာကို သူ မမြင်ဖူးချေ။

ထိုအချိန်တွင် ယဲ့ဖန်သည် ခပ်ဖွဖွပြုံးနေပြီး အင်မော်တယ်ဓားအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ဂျွတ်!

အင်မော်တယ်ဓားသည် ယဲ့ဖန်လက်ထဲ၌ ဆွေးမြည့်နေသော သစ်သားကဲ့သို့ အက်ကွဲ၍ တစ်စစီ ဖြစ်သွားလေသည်။ ဤအဖြစ်ကြောင့် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် သွေးပျက်လုနီးပါး ဖြစ်သွားသည်။

နတ်ဘုရားဂိုဏ်းချုပ်အဆင့်က အင်မော်တယ်ဓားကို ချိုးပစ်လိုက်ခြင်းသည် သူထင်ထားသည်ထက် ကျော်လွန်နေသည်။

“မကောင်းတော့ဘူး”

ထိုသို့သောအချိန်၌ မရဏ အငွေ့အသက်များက အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကို ဖုံးလွှမ်းလာသဖြင့် သူ ကြက်သီးတဖြန်းဖြန်း ထလာသည်။

သူ နောက်လှည့်၍ ထွက်ပြေးလိုက်သည်။ သို့သော် သူ မြန်သည်ထက် ယဲ့ဖန်၏ လက်တစ်ဖက်က ပိုမြန်လေသည်။ လက်တစ်ဖက်တည်းနှင့် ကြက်ကလေး ငှက်ကလေးတစ်ကောင်ကို ဖမ်းသကဲ့သို့ အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

“မလုပ်နဲ့”

အသည်းအသန် အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်သည် သူ့လက်ကို အားထည့်၍ ဖျစ်ညှစ်လိုက်သည်။

ဂျွတ်!

အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်၏ လည်ပင်းကျိုးသွားပြီးနောက် သူ့ဦးခေါင်းသည်လည်း ငိုက်စိုက်ကျ သွားသည်။ သူ့မျက်နှာထက်၌ ထိတ်လန့်၊ ကြောက်လန့်နေဟန်များ ထင်ဟပ်နေ၏။

သူသည် မသေဆုံးခင်အထိ နတ်ဘုရားဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင်က ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ထင်မထားမိချေ။

ရဲရဲနီသော သွေးများက နေရာအနှံ့သို့ လွင့်စဉ်သွားသော်လည်း ယဲ့ဖန်သည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်ရသကဲ့သို့ အလေးမထားချေ။

သူသည် ထိုလူ၏ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ထားပြီး ကျန်လက်တစ်ဖက်ကို လှုပ်လိုက်သည်။

ပုရွက်ဆိတ်လေး ဦးဆောင်သည့် ထောင်သောင်းချီသော ပုရွက်ဆိတ်အုံကြီးသည် ဂြိုဟ်သေထံသို့ ပျံသန်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေကြီးပေါ်သို့ ဆင်းသက်သွားပြီး စတင်၍ ဝါးမျိုလေတော့သည်။

ဂြိုဟ်သေကြီးသည် မျက်စိအောက်မှာပင် အလွန်လျင်မြန်သော အရှိန်ဖြင့် ကျောက်တုံး၊ သစ်သားနှင့် အရိုးများပါမကျန် စားသုံးခံလိုက်ရသည်။

နောက်ဆုံးတွင် အားကောင်းသော ဂြိုဟ်အဆီအနှစ်သည်လည်း ပုရွက်ဆိတ်အုံကြီး၏ ဝါးမျိုခြင်း ခံလိုက်ရပြီး ဂြိုဟ်သေတစ်ခုလုံး ပျောက်ဆုံးသွားကာ မည်သည့် ခြေရာလက်ရာမှ မကျန်ရှိတော့ချေ။

“တစ်နာရီ၊ အရင်ကထက် မြန်လာသားပဲ”

ယဲ့ဖန် ခပ်ဖွဖွ ပြုံးလိုက်ပြီး ထောင်သောင်းချီသော ပုရွက်ဆိတ်များကို ပြန်သိမ်းကာ နောက်လှည့်၍ ထွက်လာလိုက်သည်။

ထိုစဉ် စစ်သင်္ဘောတစ်စီး ရောက်လာပြီး အင်မော်တယ်မျိုးနွယ်မှ လူငယ်နှစ်ယောက် ဆင်းလာသည်။

“ဟမ်၊ ဆရာဦးလေးရဲ့ ဂြိုဟ်သေက ဘယ်လိုလုပ် ပျောက်သွားတာလဲ”

လူငယ်တစ်ယောက်က မျက်စိရှေ့မှ ဟင်းလင်းပြင်အား မှင်တက်နေသော မျက်နှာထားဖြင့် ကြည့်နေမိသည်။ သူ့ဘေးမှ နတ်မိမယ်လေးက ပို၍ အံ့ဩနေ၏။

သူတို့၏ ဆရာဦးလေးဖြစ်သူက အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်ရှိသော ထိပ်တန်းသိုင်းပညာရှင်မှန်း သူတို့ သိထားကြပြီး သူတို့ဆရာဦးလေး ရှိနေသော ဂြိုဟ်သေသည် မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်မှန်း သူတို့ သိနေသည်။

ထိုအချိန်တွင် လူငယ်လေးသည် ထွက်သွားရန် ပြင်နေသည့် ယဲ့ဖန်ကို သတိထားမိသွားသည်။

“ဟေ့လူ ရပ်စမ်း”

ယဲ့ဖန်ကို လှမ်းအော်ပြောလိုက်ပြီး ထိုလူငယ်လေးသည် အပြေးလှမ်း၍ မျက်နှာချင်းဆိုင်လိုက်သည်။ သူသည် ခေါင်းကိုမော့ ရင်ကိုကော့၍ ပြောလာသည်။

“ငါ မင်းကို မေးမယ်၊ မင်း ငါ့ဦးလေး ဖြတ်သွားတာကို မြင်…”

သို့သော် ထိုလူငယ်လေးသည် စကားဆုံးအောင် မပြောမိခင်တွင် ယဲ့ဖန်လက်ကို အကြည့်ရောက်သွားပြီး မျက်နှာပျက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်လက်ထဲ၌ ဦးခေါင်းတစ်လုံး ရှိနေသောကြောင့်ပင်။ ထိုသွေးသံတရဲရဲနှင့် ဦးခေါင်းပြတ်ကြီးသည် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်ဖြစ်သူ သူ၏ဆရာဦးလေး၏ ဦးခေါင်းပင် ဖြစ်လေသည်။

Chapter 554 ခရမ်းပြာ နတ်မိမယ်

ထိုအချိန်၌ လေထုသည် အနည်းငယ် ကသိကအောက် ဖြစ်နေသည်။ အင်မော်တယ်မျိုးနွယ်မှ လူငယ်လေးသည် တစ်ကိုယ်လုံး တောင့်တင်းနေသည်။ သူ့နဖူးမှ ပဲစေ့အရွယ် ချွေးသီးများ တဒီးဒီး စီးကျလျက် ရှိသည်။ သူ့မျက်လုံးများ ပြူးကျယ်နေပြီး ကျွတ်ထွက်လုမတတ် ဖြစ်နေ၏။

ဤမြင်ကွင်းကြောင့် သူ့ဘေးမှ နတ်မိမယ်လေးက မျက်မှောင်ကြုတ်၍ သူ့ကို ပြန်မေးလာသည်။

“စီနီယာ အစ်ကိုကြီး ဘာဖြစ်လို့လဲ”

သူမ၏ စီနီယာအစ်ကိုကြီးသည် အသက်ငယ်ငယ်လေးနှင့် အင်မော်တယ် သူတော်စင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီး ကြောက်စရာကောင်းလောက်အောင် ပြိုင်ဘက်ကင်းပေသည်။

ပုံမှန်ဆိုလျင် သူသည် မာနကြီး၍ မောက်မာတတ်ကာ သူ့အား ကြောက်လန့်အောင် လုပ်နိုင်သူဟူ၍ အနည်းငယ်သာ ရှိလေသည်။ သို့သော် ယခုအခါတွင် သူက အဘယ်ကြောင့် သရဲသဘက်နှင့် တွေ့ရသကဲ့သို့ ထိတ်လန့်နေရသနည်း။

ဂလု!

သူ၏ ဂျူနီယာညီမမှ မေးလာသော မေးခွန်းကြောင့် ထိုအင်မော်တယ်မျိုးနွယ်မှ လူငယ်လေးသည် တံတွေးကို အတင်းမျိုချလိုက်ရသည်။ ထို့နောက် သူ မချိပြုံးပြုံးလာသည်။

“ဟင့်အင်း … ဘာမှမဖြစ်ပါဘူး၊ သွားကြစို့”

ထိုအချိန်တွင် လူငယ်လေးသည် ထိတ်လန့်နေပြီး ကိုယ့်ကိုယ်ကိုယ် အားတင်း၍ ယဲ့ဖန်နားမှ ထွက်သွားရန် ပြင်လိုက်သည်။

ဒေါက်! ဒေါက်! ဒေါက်!

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့နဖူးမှ ချွေးများ ပို၍ စီးကျလာသည်။ သူ ယဲ့ဖန်ဘေးမှ ဖြတ်သွားလိုက်ချိန်တွင် ခပ်ကျယ်ကျယ် အသံတစ်သံ ထွက်လာသဖြင့် သူ ကျောချမ်းသွားရသည်။

“မင်းရဲ့ ဆရာဦးလေးကို လိုက်ရှာနေတာ မဟုတ်ဘူးလား”

သူ မချိပြုံးပြုံး၍ နောက်လှည့်လိုက်သောအခါ ယဲ့ဖန်က မချိုမချဉ် မျက်နှာပေးနှင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုမျှနှင့် မလုံလောက်သေးချေ။

ယဲ့ဖန်သည် ထိုဦးခေါင်းပြတ်ထဲသို့ လက်ထည့်၍ အင်မော်တယ် အမြုတေကို ဆွဲထုတ်လိုက်သည်။ ထို့နောက်တွင်မှ ထိုသွေးသံတရဲရဲနှင့် ဦးခေါင်းပြတ်အား လူငယ်လေးထံ ပစ်ပေးလိုက်သည်။

“သူ့ခေါင်းကို မင်း ယူသွားလို့ရတယ်၊ သူ့အသက်ကိုတော့ ငါ နုတ်ယူလိုက်ပြီ”

လူငယ်လေးသည် သွေးသံတရဲရဲနှင့် ဦးခေါင်းပြတ်ကို ဖမ်းယူလိုက်ချိန်တွင် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။ ထို့အတူ သူ့ဘေးမှ နတ်မိမယ်လေးသည် တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်ကာ ကြက်သေသေ၍ လဲကျမတတ် ဖြစ်သွားရသည်။

*ဆရာဦးလေးပါလား*

*အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်ရှိတဲ့ ဆရာဦးလေးက ခေါင်းပဲ ကျန်တော့တယ်တဲ့လား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

နတ်မိမယ်လေး အလွန် ကြောက်ရွံ့နေသည်။ ကြက်သေသေနေသော လူငယ်လေးသည် သတိဝင်လာပြီးနောက် ကြောက်လန့်နေသော ယုန်သူငယ်သဖွယ် စစ်သင်္ဘောထဲသို့ ပြေးထွက်လေသည်။

ဝုန်း!

စစ်သင်္ဘောကို ချက်ချင်း စက်နှိုး၍ ခပ်သုတ်သုတ် ထွက်ပြေးလေသည်။ စကြဝဠာ၏ အတော်ဝေးဝေးသို့ ရောက်မှသာ စစ်သင်္ဘောတွင်းမှ လူငယ်လေး စိတ်အေးသွားလေသည်။ ဆရာဦးလေးဖြစ်သူ၏ ဦးခေါင်းပြတ်ကို ပြန်ကြည့်မိသောအခါ သူ ကြောက်လန့်လာပြန်သည်။

“စီ … စီနီယာ အစ်ကိုကြီး၊ အစောပိုင်းတုန်းက အဲ့လူက ဆရာဦးလေးကို သတ်ခဲ့တာလား”

ထိုစဉ် လှပသော နတ်မိမယ်လေးသည် စက္ကူကဲ့သို့ ဖြူရော်နေသော မျက်နှာထားဖြင့် မေးလာသည်။ သူမမျက်နှာ၌ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။

“အင်း၊ အဲ့လူပဲ ဖြစ်ကိုဖြစ်ရမယ်”

လူငယ်လေး ပိုပို၍ မျက်နှာပျက်လာသည်။ အစပိုင်း၌ သူ သတိမထားမိသော်လည်း ယခုမှ ပြန်စဉ်းစားကြည့်သောအခါ ထိုလူ၌ ပြင်းထန်သော အရှိန်အဝါများ ရှိနေခဲ့သည်ကို ပြန်အမှတ်ရသွားသည်။

ငရဲမှနတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်ကို ပြန်တွေးမိပြီး သူ ခြေမခိုင်တော့ချေ။ ထိုအခါ နတ်မိမယ်လေး ပို၍တောင်မှ ထိတ်လန့်သွားလေသည်။

“အဲ့လူက အင်မော်တယ် ဂိုဏ်းချုပ်အဆင့်ပဲ ရှိတာလေ၊ ဘယ်လိုလုပ် သူက အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် ရောက်နေတဲ့ ဆရာဦးလေးကို သတ်နိုင်မှာလဲ၊ အဆင့်ငယ် ဆယ့်လေးခုတောင် ကွာတာလေ”

အဆင့်ငယ် ဆယ့်လေးဆင့်။ ပါရမီရှင်တစ်ယောက်တောင်မှ ထိုမျှအဆင့်ကျော်၍ မသတ်နိုင်ချေ။ သို့သော် ယခုအခါတွင်မူ ...

ထိုလူငယ်လေး၏ မျက်နှာထားက ပို၍သုန်မှုန်လာသည်။ ဆရာဦးလေးဖြစ်သူ၏ ဦးခေါင်းပြတ်၌ အလွန်အမင်း ကြောက်စရာကောင်းသော တစ်စုံတစ်ရာနှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့ အလွန် ကြောက်လန့်၍ စိတ်ဓာတ်ကျနေဟန်များ ထင်ဟပ်နေသည်။ အနည်းငယ် စိတ်ငြိမ်သွားပြီးနောက် ထိုလူငယ်လေးက ဟန်ကိုယ့်၍ ပြောလိုက်သည်။

“အဲ့လူက ငါတို့ ထင်ထားတာထက် ပိုကြောက်ဖို့ ကောင်းတယ်။ လုံးဝ ရန်စလို့ မဖြစ်ဘူး”

*ဘယ်လို*

နတ်မိမယ်လေး မှင်တက်သွားသည်။

“စီနီယာအစ်ကိုကြီး သခင်ကြီးကို ဆရာဦးလေး သေသွားတဲ့အကြောင်း မပြောပြတော့ဘူးလား”

“လုံးဝ မပြောဘူး”

လူငယ်လေးက ငြင်းဆန်လိုက်သောအခါ နတ်မိမယ်လေးက စိတ်ဓာတ်ကျသလို ပြောလာသည်။

“အဲ့လူက တအား ထူးဆန်းပြီး ပဟေဠိဆန်လွန်းတယ်။ အင်မော်တယ် ဘုရင်တစ်ပိုင်းအဆင့်ရှိတဲ့ ဆရာဦးလေးတောင်မှ ခေါင်းဖြတ်ခံလိုက်ရတယ်။ သခင်ကြီးက အဲ့လူကို အနိုင်ယူနိုင်ပါ့မလား ဆိုတာကို ကျွန်မတို့ သေချာမပြောနိုင်ချေ။

“တကယ်လို့ ငါတို့ သခင်ကြီးကို ပြောလိုက်လို့ အဲ့အခါကျရင် သခင်ကြီးသာ ရှုံးသွားရင် သခင်ကြီးတင် သေမှာမဟုတ်ဘဲ ငါတို့ပါ အသေဆိုးနဲ့ သေရလိမ့်မယ်”

ထိုစကားကြောင့် နတ်မိမယ်လေး၏ မျက်နှာက ပို၍ ဖြူရော်လာသည်။ သူမ၏ အမူအရာက ပို၍ ချီတုံချတုံ ဖြစ်နေသည်။

....

သုံးရက်ကြာပြီးနောက်

ဝမ်ကျန်းရှင်းဂြိုဟ်သည် ဓားတစ်သောင်းဂိုဏ်း ဖွဲ့စည်းထားသည့် အင်မော်တယ်ဂိုဏ်းနယ်မြေ ဖြစ်သည်။ ထိုဂြိုဟ်ပေါ်၌ လူများနှင့် ပြည့်နှက်နေပြီး အင်မော်တယ် သိုင်းပညာရှင်များကလည်း နေရာအနှံ့ပင်။

စားသောက်ဆိုင်တစ်ဆိုင်အတွင်း၌ ယဲ့ဖန်သည် သပ်ရပ်ကျနသော စားပွဲဝိုင်းတစ်ဝိုင်း၌ ထိုင်၍ ခပ်အေးအေး သောက်နေသည်။

“တိမ်ပျံဂြိုဟ်စုနယ်မြေ”

ယဲ့ဖန်၏ မျက်လုံး၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ တိမ်ပျံဂြိုဟ်စုနယ်မြေတွင်း၌ အန်းရှီနှင့် ဆင်တူသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည့်ဟူသည့် သတင်းကို သူ ရခဲ့သည်။ ထို့ကြောင့် လဝက်မျှ ခရီးနှင်ပြီးနောက် ဤသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယဲ့ဖန်တစ်ယောက် အန်းရှီနှင့် ပတ်သက်၍ စိုးရိမ်နေစဉ်တွင် ဘေးပတ်လည်မှ စကားသံများက ဆက်တိုက် ထွက်ပေါ်လာသည်။

“ဟေး မင်းတို့ ကြားပြီးပြီလေ၊ ဓားတစ်သောင်းဂိုဏ်းရဲ့ ပဥ္စမအကြီးအကဲဖြစ်တဲ့ အင်မော်တယ်ဘုရင် ပျောက်နေတယ်တဲ့လေ”

“တကယ်လား၊ ဒါပေမဲ့ အင်မော်တယ်ဘုရင်က အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်လေ၊ ဒီဂြိုဟ်စုနယ်မြေထဲမှာ ဘယ်သူက သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ် ပျောက်သွားရမှာလဲ”

“သူတင် ပျောက်နေတာမဟုတ်ဘဲ သူ့ရဲ့ ဂြိုဟ်သေပါ ပျောက်နေတယ်လို့ ငါ ကြားထားတယ်။ အခု ဓားတစ်သောင်းဂိုဏ်းက လူသတ်သမားကို မနားမနေ လိုက်ရှာနေတယ်။ လူကိုသတ်ပြီး ဂြိုဟ်ကို ဖျက်ဆီးတဲ့ကောင်ကို အလွတ်မပေးနိုင်ဘူးလို့ ပြောနေကြတာပဲ”

ဘေးပတ်လည်မှ အသံများကြောင့် ယဲ့ဖန် စိတ်ဝင်စားသွားသည်။

*အင်မော်တယ်ဘုရင်တဲ့လား*

*ဟိုလူကိုး*

ယဲ့ဖန် နှုတ်ခမ်းတွန့်ရုံပြုံး၍ ခေါင်းကိုခါလိုက်ပြီး ဆက်၍ နားထောင်ခြင်း မပြုတော့ချေ။ ယဲ့ဖန် ဆက်၍ သောက်နေချိန်တွင် အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်တို့က စားသောက်ဆိုင်ထဲသို့ ဖြည်းညှင်းစွာ လှမ်းဝင်လာကြသည်။

ထိုလူငယ်လေးသည် သာမန်ထက် တစ်မူထူးကဲစွာ ခံ့ညားလှပြီး အမျိုးသမီးလေးသည် တင့်တယ်၍ မျက်စိမှားလောက်သည်။

သူတို့နှစ်ယောက် အတူလျှောက်သောအခါ ချက်ချင်းဆိုသလို အားလုံး၏အာရုံကို ဖမ်းစားသွားလေသည်။ စားသောက်ဆိုင်အတွင်း၌ ဆူညံပွက်လောရိုက်လာသည်။

“ဟေ့ကြည့်စမ်း အဲ့ဒါ သခင်လေး ဟူရွှမ်နဲ့ ခရမ်းပြာ နတ်မိမယ်ပဲ”

“အဲ့ဒါ ခရမ်းပြာ နတ်မိမယ်မဟုတ်လား၊ အားပါးပါး ... တကယ့်ကို ဓားတစ်သောင်းဂိုဏ်းရဲ့ နံပါတ်တစ် မိန်းမလှလေးပဲ။ သူက နတ်ဘုရားမျိုးနွယ်က နတ်မိမယ်လို့ ပြောကြတယ်။ ဂိုဏ်းချုပ် အင်မော်တယ်ဘုရင်က သူ့ကို တပည့်ရင်းတစ်ယောက်အဖြစ် သတ်မှတ်ထားတာလေ”

“ဟဲဟဲ ... ဂိုဏ်းသခင်လေး ဟူရွှမ်က ခရမ်းပြာ နတ်မိမယ်ကို အသည်းအသန် ပိုးနေတယ်လို့လည်း ငါ ကြားထားတယ်။ သူက သူ့အဖေ အင်မော်တယ်ဘုရင်ကိုတောင်မှ သူ့အတွက် ကိုယ်တို င်လိုက်တောင်းခိုင်းသေးတယ်။ ဒါပေမဲ့ အကြိမ်တိုင်း ခရမ်းပြာ နတ်မိမယ်က ငြင်းပစ်တာကွ။ ခရမ်းပြာ နတ်မိမယ်ရဲ့ ရင်ထဲမှာ လူတစ်ယောက် နေရာယူထားပြီးသားလို့ ကောလာဟလ ထွက်နေတာ”

“...”

ဘေးပတ်လည်မှ အသံများက အလွန်တိုးသော်လည်း ဂိုဏ်းသခင်လေး ဟူရွှမ် ကြားသွားပြီး ချက်ချင်း အရှက်ရသွားသည်။

သို့သော် သူသည် ခရမ်းပြာ နတ်မိမယ်ရှေ့၌ အထိန်းအချုပ်မဲ့ဟန် မပြချင်သောကြောင့် သင့်တော်သော စားပွဲတစ်လုံးရှာ၍ ခရမ်းပြာ နတ်မိမယ်နှင့်အတူ ထိုင်လိုက်သည်။

ထိုင်ပြီးသည်နှင့် ဂိုဏ်းသခင်လေး ဟူရွှမ်သည် ဝမ်းနည်းသလို မခံစားဘဲ မနေနိုင်ဖြစ်သွားပြီး ပြုံးလိုက်သည်။

“ဂျူနီယာ ညီမလေး၊ မင်း လက်ထပ်ထိမ်းမြားတာကို ငြင်းလိုက်တဲ့သတင်းက ဝမ်ကျန်းရှင်းတစ်ခုလုံး ပျံ့နေပြီ။ ဒါပေမဲ့ ဒီစီနီယာအစ်ကိုကြီးကတော့ မျက်နှာပျက်သွားရပြီးတော့ အခု အားလုံးက ကိုယ့်ကို လူပြက်တစ်ယောက်လို ကြည့်နေကြပြီ”

ဟူရွှမ်က ခရမ်းပြာ နတ်မိမယ်အား ချစ်ခင်ဟန်၊ တပ်မက်ဟန်များနှင့် ကြည့်နေသည်။ ခရမ်းပြာ နတ်မိမယ်အား သူ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားပုံရသည်။ သူ့စကားကြောင့် ခရမ်းပြာ နတ်မိမယ်၏ အမူအရာက မပြောင်းလဲသွားချေ။

“စိတ်မကောင်းပါဘူး စီနီယာအစ်ကို၊ ကျွန်မရင်ထဲမှာ ချစ်ရမယ့်သူ ရှိနေပြီးပါပြီ။ ရှင် တစ်ခြား သင့်တော်တဲ့ လက်တွဲဖော်တစ်ယောက် ရှာနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

ထိုစကားကြောင့် ဟူရွှမ်၏ မျက်နှာထားက အင်တင်တင် ဖြစ်သွားလေသည်။

“ဂျူနီယာညီမ အဲ့လူက တကယ်ပဲ အဲ့သလောက် တော်လို့လား။ ပိုသန်မာဖို့အတွက်နဲ့ မင်း နတ်ဘုရားမျိုးနွယ်ကနေ ထွက်လာပြီး အင်မော်တယ်ကလန်မှာ ဆရာရှာပြီး အဲ့လူ အမြင်ပြောင်းသွားအောင် လုပ်ဖို့တန်လို့လား”

“သူ့အမြင်က အဲ့သလောက် အရေးပါလို့လား”

ဟူရွှမ် အံ့အားသင့်နေသည်။ မည်သို့သော လူစားမျိုးက ဤသို့ လှပ၍ စွဲမက်ဖွယ်ကောင်းသော နတ်မိမယ်အား ဤမျှ စွဲလမ်းသွားအောင် လုပ်နိုင်ခဲ့သနည်း။

ဟူရွှမ်၏ စကားကြောင့် ခရမ်းပြာ နတ်မိမယ်သည် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို တွေးမိသွားသည်။

နတ်သမီးဂြိုဟ်ပေါ်က သူမမျက်စိရှေ့၌ ဖြစ်သွားခဲ့သော အဖြစ်အပျက်များက သူမကို နောင်တရစေပြီး ချစ်မိသွားစေခဲ့သည်။ သူမ အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။

“ထိုက်တန်တယ်”

“အရင်က ကျွန်မ သူ့ကို အထင်သေးခဲ့မိပြီးတော့ နောက်ပိုင်း ကျွန်မ မတတ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ ကြိုးစားမှုက သူ ကျွန်မကို ပြန်ကြည့်လာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်တာပါ။ အဲ့သလောက်လေးပါပဲ”

Chapter 555 ပြေးရမှာလား၊ နောက်ကျသွားပြီ

*သူမ ကြိုးစားမှုတိုင်းက သူ့အမြင်တွေ ပြောင်းလဲသွားဖို့တဲ့လား*

ထိုစကားကြောင့် ဟူရွှမ် မနာလိုဖြစ်သွားမိသည်။ သူ ထိုလူနှင့် နေရာချင်းလဲရန် မစောင့်နိုင်တော့ချေ။ သူ ကျိတ်၍ အံကြိတ်မိသည်။

“သောက်ခွေးမသား၊ မင်းကများ ခရမ်းပြာ နတ်မိမယ်ရဲ့ နှလုံးသားကို သိမ်းပိုက်သွားတယ်ပေါ့လေ၊ သေသင့်တဲ့ကောင်”

သို့သော် ဟူရွှမ် မနာလိုဖြစ်၍ ရူးမတတ် ဖြစ်နေချိန်၌ သူ၏ဂျူနီယာညီမလေးက သူ့နောက်တည့်တည့်ကို ကြည့်နေသဖြင့် အံ့အားသင့်သွားရသည်။ သူမ၏ ကိုယ်လေးက အံ့အားသင့်စရာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ တုန်ယင်လာသည်။

*ဒါက ...*

ဟူရွှမ် မှင်တက်သွားသည်။ ထို့နောက် သူ နောက်သို့ ခပ်သွက်သွက် လှည့်ကြည့်လိုက်သောအခါ ခရမ်းပြာ နတ်မိမယ်၏ အကြည့်များက အရက်သောက်နေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ထံသို့ ကျရောက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုအမူအရာသည် နေ့ရောညပါ တွေးတောမိနေသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရဟန်ဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အမူအရာပင်။

*ဟမ်*

ဂိုဏ်းသခင်လေး မျက်မှောင်ကြုတ်သွားသည်။

“ဂျူနီယာညီမလေး၊ မင်း အဲ့လူကို သိလို့လား”

ဟူရွှမ် မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ခရမ်းပြာ နတ်မိမယ် အလွန် စိတ်လှုပ်ရှားနေသည်ကို သူ ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူမ၏ လှပသော မျက်ဝန်းလေးများက နီရဲ၍ စိုစွတ်နေပြီး သူမကိုယ်လေးက တုန်ယင်လာသည်။

“စီနီယာ အစ်ကို၊ ကျွန်မ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့လိုက်ရလို့ပါ”

ဟူရွှမ်ကို တောင်းပန်ပြီးနောက် ခရမ်းပြာ နတ်မိမယ်သည် ခပ်သုတ်သုတ် ထ၍ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးထံသို့ လှမ်းသွားသည်။

သူတို့နှစ်ယောက်၏ လှုပ်ရှားမှုတိုင်းကို ဘေးပတ်လည်ရှိ စားပွဲဝိုင်းမှ လူများက ဝိုင်းကြည့်နေကြသည်။ ခရမ်းပြာ နတ်မိမယ်က ဂိုဏ်းသခင်လေး ဟူရွှမ်ကို ပစ်၍ နတ်ဘုရားဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင်ထံသို့ လှမ်းသွားသည်ကို အားလုံး တွေ့လိုက်ရသည်။

ထိုမျှနှင့် မပြီးသေးချေ။ ခရမ်းပြာ နတ်မိမယ်သည် ထိုနတ်ဘုရားဂိုဏ်းချုပ်အဆင့်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးရှေ့သို့ ရောက်သောအခါ မြေကြီးပေါ် ဝပ်တွား၍ အရိုအသေ ပေးလိုက်သည်။ သူမမျက်နှာလေး၌ စိတ်လှုပ်ရှားပျော်ရွှင်နေဟန်များနှင့် ပြည့်နှက်နေ၏။

“စစ်နတ်ဘုရား ကျွန်မတို့ ထပ်တွေ့ပြန်ပြီနော်”

*ဘာ*

*စစ်နတ်ဘုရား ဟုတ်လား*

ထိုအခိုက်တွင် စားသောက်ဆိုင်ထဲမှ လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားလေသည်။ အင်မော်တယ် သူတော်စင် စဦးအဆင့်ရှိသော ဝမ်ကျန်းရှင်း၏ အင်မော်တယ်ဘုရင်၏ တပည့်ရင်းဖြစ်သူ ခရမ်းပြာ နတ်မိမယ်က နတ်ဘုရား ဂိုဏ်းချုပ်အဆင့်တစ်ယောက်ကို ဦးညွှတ်အရိုအသေပေး၍ “စစ်နတ်ဘုရား” ဟု နှုတ်ဆက်နေသည်တဲ့လား။

*ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ*

ထိုစကားသည် မိုးခြိမ်းသံကဲ့သို့ ဂိုဏ်းသခင်လေး ဟူရွှမ်အား အလွန် မှင်တက်သွားစေသည်။

“သူပဲ၊ အဲ့လူပဲ”

ယခင်က သူသည် ကျားလန် အင်ပါယာသို့ လူတစ်ယောက်လွှတ်၍ စုံစမ်းခိုင်းခဲ့သည်။ ခရမ်းပြာ နတ်မိမယ်သည် နတ်ဘုရားမျိုးနွယ်တွင်း၌ ရှိနေစဉ်က နဂါးငွေ့တန်း စစ်နတ်ဘုရားကို စွဲလမ်းနေခဲသည်။

ယခုအခါတွင် ဤလူသည် သေချာပေါက် ထိုသူ ဖြစ်ရပေမည်။ ထိုစဉ် ဂိုဏ်းသခင်လေး ဟူရွှမ်က ရုတ်တရက် မတ်တပ်ထရပ်၍ ယဲ့ဖန်ထံသို့ လျှောက်သွားသည်။ အနားရောက်သွားသည်နှင့် သူက ယဲ့ဖန်ကို စိုက်ကြည့်၍ မာမာထန်ထန် မေးလိုက်သည်။

“မင်းက နဂါးငွေ့တန်း စစ်နတ်ဘုရားလား”

တိတ်ဆိတ်သွားသည်။ ထိုအခိုက်တွင် စားသောက်ဆိုင်ထဲမှ လူများအားလုံး အန္တရာယ်အငွေ့အသက်ကို ခံစားမိနေသည်။ ဂိုဏ်းသခင်လေးက သူ့ပြိုင်ဘက်နှင့် တွေ့နေခြင်းဖြစ်ကြောင်း လူတိုင်း ရိပ်စားမိသွားသည်။

ထိုသို့သောအချိန်၌ အားလုံးက ယဲ့ဖန်ကို သနားသလို ကြည့်လာကြသည်။ ဂိုဏ်းသခင်လေး ဟူရွှမ်၏ စရိုက်ကို သူတို့ အသိဆုံး ဖြစ်သည်။

ဟူရွှမ်၏ ခွန်အားက ထူးချွန်သော်လည်း သူသည် အလွန်အမင်း မနာလိုတတ်ကာ သဘောထား သေးသိမ်သည်။ ဤဝမ်ကျန်းရှင်း၌ လူအနည်းငယ်သာလျင် သူ့ကို ရန်စရဲသည်။

ယခုအခါတွင်တော့ အနက်ရောင်ဝတ်စုံနှင့် နတ်ဘုရားဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင် ကံဆိုးရှာလေပြီ။ သို့သော် မထင်မှတ်ဘဲ ယဲ့ဖန်က ဂိုဏ်းသခင်လေး ဟူရွှမ်ကို မမြင်သည့်ဟန်ဖြင့် ခရမ်းပြာ နတ်မိမယ်ကိုသာ ခပ်ဖွဖွ ပြုံးပြလိုက်သည်။

“မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ခရမ်းပြာ နတ်မိမယ်သည် နတ်မိမယ်ဂြိုဟ်မှ ခရမ်းပြာ နတ်သမီးပင် ဖြစ်လေတော့သည်။ ထိုစဉ်အခါက ယဲ့ဖန်သည် ရွှေရောင်ဓားရိုး၏ ဓားသွားကို လိုက်ရှာနေခဲ့ပြီး ထိုအရာက သူမအိမ်တော်ထဲ၌ ရှိနေခဲ့သည်။

တစ်ဖက်သူကို အင်မော်တယ်နယ်မြေထဲ၌ ပြန်တွေ့ရပြီး အင်မော်တယ်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိချေ။

*မသိချင်ယောင်ဆောင်ထားတာလား*

ယဲ့ဖန်က ဂိုဏ်းသခင်လေး ဟူရွှမ်၏ မေးခွန်းကို လျစ်လျူရှုလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။ စက္ကန့်ပိုင်းအတွင်းမှာပင် ဟူရွှမ်၏ မျက်နှာက ပြာနှမ်းလာသည်။

“ဟေ့ကောင် မင်းကို ငါ ထပ်မေးမယ်၊ မင်းက နဂါးငွေ့တန်း စစ်နတ်ဘုရားလား”

*လူသတ်ချင်တဲ့ အငွေ့အသက်ပါလား*

ယဲ့ဖန်က သူ့ကို နောက်တစ်ခါ မသိချင်ယောင်ဆောင်သည်နှင့် သူက ယဲ့ဖန်ကို တန်း၍ သတ်ပစ်မည့်ပုံ ပေါ်နေသည်။

ဤမြင်ကွင်းကြောင့် ခရမ်းပြာ နတ်သမီး အတော်လေး မျက်နှာပျက်သွားပြီး ဝင်ပြောချင်မိသည်။ ထိုစဉ် ယဲ့ဖန်က တစ်ဖက်လှည့်၍ ဂိုဏ်းသခင်လေး ဟူရွှမ်ကို လှမ်းကြည့်လာသည်။

“မင်းက ငါ့ကို ပြောနေတာလား”

ထိုစကားက ပိုဆိုးသွားသည်။ ဟူရွှမ်၏ ရင်ထဲ၌ အကန်ခံလိုက်ရသလို ခံစားရပြီး ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်သွားရသည်။ သူ၏ အမူအရာက စက္ကူကဲ့သို့ ဖြူရော်နေ၏။

*စိတ်ဝိညာဉ် တိုက်ခိုက်မှုပဲ*

သခင်လေး ဟူရွှမ် ထိတ်လန့်သွားရသလို ဒေါသလည်း ထွက်နေ၏။ သူ ကြောက်လည်း ကြောက်နေသည်။

ထိုစကားအောက်၌ သူ၏စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားမတတ် ခံစားမိကာ ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားရသည်။

“မင်း ... မင်း ...”

သခင်လေး ဟူရွှမ်သည် သရဲသဘက်ကို မြင်ရသည့်အလား ယဲ့ဖန်ကို လှမ်းကြည့်နေသည်။ တစ်ဖက်လူသည် အေးစက်၍ သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်စရာကောင်းပြီး သူ တစ်ခွန်းထပ်ပြောသည်နှင့် ဤနေရာ၌ အသတ်ခံရလောက်သည်။

“ကောင်းပြီလေ၊ ဟေ့ကောင် ပြီးတော့ ခရမ်းပြာ နတ်မိမယ် မင်းတို့ သိပ်ဟုတ်နေပြီပေါ့လေ”

ယခုအချိန်၌ ဟူရွှမ်သည် မဟုတ်တမ်းတရား မပြောရဲဘဲ စားသောက်ဆိုင်ထဲမှ လမ်းဘေးခွေးကဲ့သို့ ခပ်သွက်သွက် ထွက်ပြေးသွားသည်။

ဤအဖြစ်ကြောင့် ခရမ်းပြာ နတ်မိမယ် ပို၍ မျက်နှာပျက်လာသည်။

“စစ်နတ်ဘုရား အခုက စကားပြောနေရမယ့် အချိန် မဟုတ်တော့ပါဘူး၊ ရှင် မြန်မြန်သွားပါတော့”

ခရမ်းပြာ နတ်မိမယ် စိုးရိမ်လာပြီး သူမနဖူးမှ ချွေးများ တဒီးဒီးကျလာသည်။

“ဟူရွမ်က ဒီကိစ္စကို သတင်းပို့မှာပဲ၊ ဒီကိစ္စကို သေချာပေါက် မေ့သွားမှာ မဟုတ်ဘူး။ ရှင် ဝမ်ကျန်းရှင်းက ထွက်သွားပါတော့ ကျွန်မ ရှင့်ကို နောက်မှတွေ့ပါတယ်၊ ကျစ်လန်က ရှင့်ကို နှုတ်ဆက်ပါတယ်”

ခရမ်းပြာ နတ်မိမယ် နောင်တရနေသည်။ သူမ ယဲ့ဖန်ကိုတွေ့ပြီး အလွန် စိတ်လိုက်မာန်ပါ လုပ်လိုက်မိသည်။ ယခုအချိန်၌ သူမ အပြုအမူအတွက် နောင်တရကာ ယဲ့ဖန်ကို တောင်းပန်လိုစိတ်များနှင့် ပြည့်နှက်လာသည်။

သူမစိတ်ထဲတွင် သူမကြောင့်သာ မဟုတ်လျင် ယဲ့ဖန်က ဟူရွှမ်နှင့် ရန်သူ ဖြစ်မှာမဟုတ်ဟု တွေးမိနေသည်။ သူမသည်သာမက ဘေးပတ်လည်မှလူများကလည်း ယဲ့ဖန်ကို နားချလာသည်။

“ညီငယ်လေး ပြေးတော့၊ အဲ့ဟူရွှမ်က အင်မော်တယ်ဘုရင် ဝမ်ကျန်းရဲ့ ရင်နှစ်သည်းချာပဲ၊ မင်း ရန်စလို့ မဖြစ်ဘူး”

“ဟုတ်တယ်၊ မင်း မသွားရင် အချိန်မရတော့ဘူး။ ဒီဝမ်ကျန်းရှင်းမှာ ဟူရွှမ်က အနိုင်ကျင့်တတ်တဲ့ သခင်လေးပဲ”

“...”

စားပွဲဝိုင်းတော်တော်များများမှ လူများက ယဲ့ဖန်ကို သနားသလို ကြည့်နေသည်။ သူတို့စကားကြောင့် ယဲ့ဖန်က အသာပြုံးလာ၏။

“ထွက်သွားရမှာလား၊ နောက်ကျသွားပြီ”

*ဘာ*

လူတိုင်း မှင်တက်သွားသည်။ ထိုစဉ် အားလုံး ရုတ်တရက်ဆိုသလို လေတိုးသံကို ကြားလိုက်ရသည်။ ပြင်းထန်သော အရှိန်အဝါတစ်ခုက စားသောက်ဆိုင်အား ဖုံးအုပ်လာသည်။ အဖြူရောင်ဝတ်စုံနှင့် လူများက တစ်လှမ်းချင်းလှမ်း၍ လျှောက်လာလေသည်။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူငါးဆယ်နီးပါး ရောက်လာသည်။ အားလုံးက အင်မော်တယ် သူတော်စင်အဆင့်များပင်။

အထူးသဖြင့် ရှေ့မှ ဦးဆောင်လာသည့် အမျိုးသားနှင့် အမျိုးသမီးတို့သည် အင်မော်တယ် သူတော်စင် အထွတ်အထိပ်အဆင့်နှင့် အင်မော်တယ် သူတော်စင် နောက်ဆုံးအဆင့်တို့ ဖြစ်နေကြသည်။

ကြောက်မက်ဖွယ်ကောင်းလှအောင် ပြိုင်ဘက်ကင်းလှသည်။ သူတို့သည် ဝင်လာသည်နှင့် အားလုံးကို အေးစက်သွားအောင် ခံစားမိသွားစေသည်။

“ဒါက ... ဓားတစ်သောင်းဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် လင်ဖေးယွီပဲ”

*ဟမ်*

ချက်ချင်းဆိုသလိုပင် စားသောက်ဆိုင်တစ်ဆိုင်လုံး အုတ်အော်သောင်းတင်းဖြစ်၍ ဘေးနားမှ လူများ ရှောင်ဖယ်သွားကြသည်။

ထိုသူသည် နတ်ဆိုးကဲ့သို့ ကြောက်စရာကောင်းသည်ဟု ထင်မှတ်မှားရသည်။ ခရမ်းပြာ နတ်မိမယ်တောင်မှ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။

လင်ဖေးယွီ၊ ဓားတစ်သောင်းဂိုဏ်းမှ အင်မော်တယ်ဘုရင်၏ အကြီးဆုံး တပည့်။ ဓားတစ်သောင်းဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး မောက်မာ၍ အလွန် ရက်စက်သည်။

ဂိုဏ်းသခင်လေး ဟူရွှမ်က ထိုသူကို ခေါ်လာလိမ့်မည်ဟု ခရမ်းပြာ နတ်မိမယ် ထင်မထားမိချေ။

“စီနီယာ အစ်ကိုကြီး အဲ့လူပဲ၊ သူ့ကို ကျွန်တော့်အတွက် သတ်ပေးပါ”

ထိုစဉ် ဟူရွှမ်က ယဲ့ဖန်ကို စိုက်ကြည့်လာသည်။ ယဲ့ဖန်က သူ့ကို မျက်နှာပျက်အောင် လုပ်ခဲ့သဖြင့် သူ အလွန်အမင်း မကျေမနပ် ဖြစ်နေ၏။

သို့သော် နံပါတ်တစ် ပါရမီရှင် လင်ဖေးယွီသည် ယဲ့ဖန်ကို မြင်သည်နှင့် မှင်တက်သွားသည်ကို သူ မသိလိုက်ချေ။ သူ့မျက်နှာထက်၌ သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်ခြောက်ခြားဟန်များ ထင်ဟပ်လာလေ၏။

စာစဉ် (၃၇) ဤတွင်ပြီးပါပြီ။

All Chapters