← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

Chapter 556 မင်း အသက်ရှင်ချင်လား ဒါမှမဟုတ် သေချင်လား

“သွားပြီ၊ ဒီကောင်လေးတော့ ကံဆိုးရှာပြီ။ လင်ဖေးယွီက ဓားတစ်သောင်းဂိုဏ်းက လူငယ်မျိုးဆက်ထဲမှာ အရက်စက်ဆုံး လူတစ်ယောက်ပဲ၊ ဒေါသကြီးပြီး လူမဆန်ဘူး”

“ဟုတ်တယ်၊ ဟိုအရင်တုန်းက သူက အင်မော်တယ် သူတော်စင် နောက်ဆုံးအဆင့်ကို သားရဲတစ်ကောင်လို ရက်ရက်စက်စက် ဆွဲဖြဲခဲ့ဖူးတာကို ငါကိုယ်တိုင် မြင်ခဲ့ဖူးတယ်”

“လင်ဖေးယွီက ဟူရွှမ်ကို ဂရုအစိုက်ဆုံးပဲ၊ ဒီတစ်ခေါက် ဒီကောင်လေးက ဟူရွှမ်ကို ရန်စခဲ့မိတယ်ဆိုတော့ လင်ဖေးယွီ သူ့ကို ဘယ်နည်းလမ်းသုံးပြီး သတ်မလဲဆိုတာကို ငါ မပြောတတ်ဘူး”

“…”

လူတိုင်း ယဲ့ဖန်ကို ကရုဏာသက်ဟန်ဖြင့် ကြည့်လာကြသည်။ သူတို့ ယဲ့ဖန်၏ ဆိုးရွားလှသော အဆုံးသတ်ကို ကြိုမြင်နေပုံရသည်။ ထိုစဉ် အားလုံး တီးတိုးဝေဖန်နေကြချိန်၌ လင်ဖေးယွီက ယဲ့ဖန်ထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။

အနားသို့ တဖြည်းဖြည်း နီးကပ်သွားသည်နှင့် ဟူရွှမ်၏ မျက်နှာထားက နီရဲလာပြီး ယဲ့ဖန်အား မလိုမုန်းတီး၍ ရက်စက်ဟန်များဖြင့် ကြည့်လာသည်။

“စီနီယာ အစ်ကိုကြီး၊ ကျုပ်အတွက် အဲ့ကောင် မျက်လုံးကို ဖောက်ထုတ်ပေးပါ။ ကျုပ် သူ့မျက်လုံးကို နင်းချေပြီး သူ့ခေါင်းကို ဖိမယ်၊ ကျုပ် သူ့ခေါင်းကို ဘောလုံးလို ကန်ပစ်မယ်ဗျာ”

ဟူရွှမ်က သွေးဆာနေသော အပြုံးဖြင့် ပြုံးနေသည်။ သူ့စကားကြောင့် ခရမ်းပြာ နတ်မိမယ် မျက်နှာပျက်သွားသည်။

ယဲ့ဖန်က သန်မာပြီး ကျားနက်ဧကရာဇ်ကိုတောင်မှ သတ်ခဲ့နိုင်သည်ကို သူမ သိပါသည်။ သို့သော် သူ့ရှေ့မှ လင်ဖေးယွီသည် နတ်ဘုရားမျိုးနွယ်၏ သူတော်စင် အထွတ်အထိပ်အဆင့်နှင့် တူညီသော အင်မော်တယ် သူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ ထိုအဆင့်သည် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်သို့ ရောက်ရန် တစ်လှမ်းမျှသာ လိုတော့သည့် အဆင့် ဖြစ်လေသည်။

သူသည် တစ်မူထူးလောက်အောင် ယှဉ်နိုင်သူ ကင်းမဲ့လှသည်။ ယဲ့ဖန်က ဘယ်လိုလုပ် သူ၏ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။

ထိုသို့သောအချိန်၌ ခရမ်းပြာ နတ်မိမယ် ချွေးသီးချွေးပေါက်များ ကျနေသည်။ သူမမျက်နှာလေးက ဖြူရော်နေပြီး ကိုယ့်ကိုယ်ကိုယ် အားတင်း၍ လင်ဖေးယွီကို စကားစလိုက်သည်။

“စီနီယာ အစ်ကိုကြီး၊ ကျေးဇူးပြုပြီး ဒီဂျူနီယာညီမရဲ့ မျက်နှာကို ထောက်ပြီး ညှာတာပေးပါ။ စစ်နတ်ဘုရားကို တစ်ခါလောက် အသက်ချမ်းသာပေးပါ”

သူမ အလွန် ရင်တုန်နေသည်။ လင်ဖေးယွီက မတုန်မလှုပ်ရှိနေဆဲပင်။ သူ့အစား ဟူရွှမ်က မခိုးမခန့် ဝင်ပြောလာသည်။

“ဂျူနီယာညီမလေး ကျစ်လန်၊ မင်း ဖယ်လိုက်။ ဒီနေ့ အဲ့ကောင် သေချာပေါက် သေကိုသေရမယ်။ ငါ့ရဲ့ အင်မော်တယ် နယ်မြေထဲကို ခြေချရဲမှတော့ ကိုယ့်သေတွင်းကိုယ်တူးတာပဲ”

ဟူရွှမ်က လှောင်ပြောင်နေ၏။

“စီနီယာအစ်ကိုကြီး ဖေးယွီက သူ့ကို သေချာပေါက် ဟန့်တားမှာပဲ …. အာ”

ဟူရွှမ် စကားတစ်ဝက်မျှသာ ပြောလိုက်ရပြီးနောက် တစ်ခဏမျှ ဆွံ့အသွားပြီး လင်ဖေးယွီအား မယုံနိုင်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။ သူသည်သာမ ဘေးပတ်လည်မှ လူများပါ ထိတ်လန့်သွားကြသည်။

ဒုန်း!

ယဲ့ဖန်ရှေ့သို့ လှမ်းသွားသည့် လင်ဖေးယွီသည် ခြေမခိုင်တော့ဘဲ ယဲ့ဖန်ရှေ့ ဒူးထောက်ကျသွားသည်။ သူ့နဖူးမှ ချွေးအေးများ စီးကျနေပြီး ကြက်သေသေနေ၏။

“အရင်တစ်ခေါက်က စီနီယာရဲ့ သက်ညှာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်”

တိတ်ဆိတ်သွားသည်။ လင်ဖေးယွီ၏ စကားအဆုံး၌ စားသောက်ဆိုင်တစ်ဆိုင်လုံး တိတ်ဆိတ်သွားသည်။ ထိုမျှနှင့် မပြီးသေးချေ။

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ လူအုပ်ကြားထဲမှ ဓားတစ်သောင်းဂိုဏ်း၏ စီနီယာ အစ်မကြီးလည်း ထွက်လာသည်။ သူမသည်လည်း ယဲ့ဖန်ရှေ့၌ ဒူးထောက်လာ၏။

“ကျွန်မတို့ကို မသတ်ခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်”

ဝုန်း!

ဤမြင်ကွင်းက အားလုံးကို နားဝေတိမ်တော် ဖြစ်သွားစေသည်။ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေ၏။

*ဒူးထောက်နေတာလား*

*ဓားတစ်သောင်းဂိုဏ်းက နံပါတ်တစ် ပါရမီရှင် လင်ဖေးယွီနဲ့ လူငယ်မျိုးဆက်ထဲက မာနကြီးတဲ့ စီနီယာအစ်မကြီးက ဘယ်လိုလုပ် သေးနုပ်တဲ့ နတ်ဘုရားဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင်ရှေ့မှာ ဒူးထောက်နေရတာလဲ*

အထူးသဖြင့် သူတို့နှစ်ယောက်၏ အမူအရာသည် ကြောင်နှင့်တွေ့လိုက်ရသည့် ကြွက်ကလေးများလိုပင် အလွန် ကြောက်ရွံ့နေကြသည်။

ဤသည်က အားလုံးကို မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားစေသည်။ အထူးသဖြင့် ခရမ်းပြာ နတ်မိမယ်ပင်။ သူမသည် ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည့် လူနှစ်ယောက်ကို ကြည့်ပြီး အိပ်မက်မက်နေသကဲ့သို့ ခံစားမိသွားသည်။

“ဒါက … ဘယ်လိုဖြစ် …”

ခရမ်းပြာ နတ်မိမယ်သည် အလန့်တကြားနှင့် သူမပါးစပ်ကို လက်ဖြင့်အုပ်ထားမိသည်။

“စီနီယာ အစ်ကိုကြီး၊ စီနီယာ အစ်မကြီး၊ ခင်ဗျားတို့ ဘာလုပ်နေတာလဲ”

ထိုသို့သောအချိန်၌ ဂိုဏ်းသခင်လေး ဟူရွှမ် ထခုန်မိလေသည်။ သူသည် အလွန် သုန်မှုန်နေသော မျက်နှာထားဖြင့် ဒေါသတကြီး မေးခွန်းထုတ်လေသည်။

“ကျွန်တော်က ခင်ဗျားကို ဒီလူကို သတ်ဖို့ ဒီနေရာကို ခေါ်လာခဲ့တာလေ၊ ခင်ဗျားက ဘယ်လိုလုပ် ဒီလူဆီမှာ ဒူးထောက်နေရတာလဲ၊ ဘာလို့လဲ”

လင်ဖေးယွီနှင့် စီနီယာအစ်မကြီးတို့ ရူးသွားကြပြီဟု ဟူရွှမ် သံသယဝင်သွားသည်။ သို့မဟုတ်ပါက ဤသို့ အဓိပ္ပာယ်မရှိသော အရာကို သူတို့ လုပ်နိုင်မည်နည်း။

ဟူရွှမ်၏ စကားအဆုံး၌ လင်ဖေးယွီနှင့် စီနီယာအစ်မကြီးတို့ မချိပြုံး ပြုံးလိုက်ကြသည်။ မည်သူမျှ ယဲ့ဖန်ကို မသိသော်လည်း သူတို့ကတော့ မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသူများသာ ဖြစ်လေသည်။

အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်ရှိသော ဆရာဦးလေးဖြစ်သူတောင်မှ ခေါင်းပြတ်သွားသဖြင့် သူတို့က ဤမိစ္ဆာကို မည်သို့ ရန်စရဲမည်နည်း။

“မင်း အသက်ရှင်ချင်လား ဒါမှမဟုတ် သေချင်လား”

ယဲ့ဖန်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသောအခါ လင်ဖေးယွီနဲ့ စီနီယာ အစ်မကြီးတို့ တုန်ယင်သွားကြသည်။

“စီနီယာ ဘာကိုဆိုလိုချင်မှန်း ကျွန်တော် မသိဘူးဗျ”

လင်ဖေးယွီက မနည်းအားတင်း၍ မေးလိုက်သည်။ သူ ကြည့်နေစဉ်မှာပင် ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာသည်။

“မင်း အသက်ရှင်ချင်တယ်ဆိုရင် မင်း ဟူရွှမ်ရဲ့ မျက်လုံးကို ဖောက်ထုတ်ပြီး ကြမ်းပြင်ပေါ်မှ ဖိချေပစ်ရမယ်။ သူ့ခေါင်းကို ကိုင်ပြီး ဘောလုံးကို ကန်သလို ကန်ပစ်လိုက်”

“သေချင်ရင်တော့ ငါ မင်းတို့အားလုံးကို ငရဲပြည် အတူတူပို့လိုက်ရလည်း စိတ်ထဲ ဘယ်လိုမှမနေပါဘူး”

*ဟမ်*

ယဲ့ဖန်၏ စကားအဆုံး၌ စားသောက်ဆိုင်တစ်ဆိုင်လုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။

*မောက်မာလိုက်တာ၊ ခြယ်လှယ်လွန်းတယ်*

မည်သူကမျှ လင်ဖေးယွီကို ထိုသို့မပြောရဲချေ။ သို့သော် ယခုအခါတွင် …

တောက်! တောက်!

လင်ဖေးယွီ၏ နဖူးမှ ချွေးများ တတောက်တောက် စီးကျလာသည်။ သူ့မျက်နှာက သေမတတ် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။ လင်ဖေးယွီ၏ တွေဝေနေပုံကိုကြည့်ပြီး ဟူရွှမ် မှင်တက်ကာ ကြောက်လန့်သွားသည်။

“စီ … စီနီယာအစ်ကိုကြီး ခင်ဗျား ဒီခွေးမသားကို တကယ် မယုံဘူးမလား။ သူက အင်မော်တယ် ဂိုဏ်းချုပ်အဆင့်လေးပဲလေ၊ သူ့ကို သတ်၊ ကျုပ်အတွက် သူ့ကို သတ်လိုက်စမ်းပါ”

ဟူရွှမ် အော်မြဲအော်၍ လင်ဖေးယွီအား သတ်ခိုင်းနေသည်။

“ဂျူနီယာညီလေး တောင်းပန်ပါတယ်”

*ဘာ*

ဟူရွှမ် အံ့အားသင့်နေစဉ်တွင် လက်ချောင်းနှစ်ချောင်းက လျပ်စီးသဖွယ် သူ့ထံသို့ ချဉ်းကပ်လာ၏။ မရဏ အငွေ့အသက်က ဟူရွှမ်ကို လွှမ်းမိုးလာသည်။

“မလုပ်နဲ့”

သူ၏ ကြောက်လန့်တကြား အော်သံအဆုံးတွင် လက်ချောင်းနှစ်ချောင်းက သူ့မျက်လုံးကို ဖောက်ထုတ်သွားပြီး မျက်လုံးမှ သွေးများ စီးကျလာ၏။ ပြင်းထန်သော နာကျင်မှုက သူ့အား ဝက်တစ်ကောင်ကဲ့သို့ နာကျင်စွာ ထအော်လေသည်။

“ငါ …. ငါ့မျက်လုံး၊ သောက်လင်ဖေးယွီ မင်းကများ ငါ့မျက်လုံးကို ဖောက်ရဲတယ်လား”

ဟူရွှမ်၏ အော်သံကြောင့် ဘေးပတ်လည်မှလူများအားလုံး မှင်တက်သွားကြသည်။ လူတိုင်းက ယဲ့ဖန်ကို အလန့်တကြား ကြည့်လာသည်။ ဤသို့ ဖြစ်လာမည်ဟု သူတို့ ထင်မထားမိချေ။ လင်ဖေးယွီက ပြောသည့်အတိုင်း လုပ်မည်ဟု တွေးမထားမိချေ။

*ဒါက …*

အခြားသူများသာမက လင်ဖေးယွီသည်လည်း မဲ့ရွဲ့၍ ပြုံးလိုက်မိသည်။ သူ ထိုသို့မလုပ်ချင်ပါ။ သို့သော် အကယ်၍ သူသာ မလုပ်ပါက ထိုမိစ္ဆာကြောင့် သူ နေရာမှာတင် သေသွားလောက်မည်ကို သူ သိနေသည်။

ယခုလေးတင် မရဏ အငွေ့အသက်များက သူ့ကို ဖုံးလွှမ်းလာကြောင်း သူ ခံစားမိသည်။ အနည်းငယ်သာ တွေဝေနေပါက သူ လုံးဝ အသက်ရှင်နိုင်မည် မဟုတ်ပါ။

“ဂျူနီယာ ညီလေး တောင်းပန်ပါတယ်။ ငါ မျက်စိရှေ့က သေခြင်းရှင်ခြင်းကို ရွေးချယ်လိုက်ရတာပါ”

လင်ဖေးယွီ၏ မျက်နှာထားက ပျက်ယွင်းနေသည်။ သူ အင်မော်တယ်ဘုရင်၏ ဖမ်းဆီးချင်သော်လည်း အနည်းဆုံး သူ အသက်ရှင်နိုင်မည့် မျှော်လင့်ချက် ရှိနေပါသေးသည်။

“လင်ဖေးယွီ မင်းတော့ သေပြီပဲ၊ မင်း ငါ့မျက်လုံးကို ဖောက်ခဲ့တယ်၊ ငါ မင်းနဲ့ ဟိုခွေးမသားကို တစ်ဘဝလုံး ခံရအောင် လုပ်မယ်ကွ”

ဟူရွှမ် ရူးမတတ် ဖြစ်နေသည်။ ကလေးဘဝမှ အရွယ်ရောက်သည်အထိ ဤသို့သော ပြင်းထန်သည့် ဒဏ်ရာမျိုး သူ ယခုမှ ခံစားဖူးသဖြင့် ရူးမတတ် ဒေါသထွက်နေ၏။

သို့သော် ထိုအချိန်၌ လင်ဖေးယွီ၏ ခြေထောက်က ကြမ်းပြင်ပေါ်မှ မျက်လုံးများကို နင်းခြေလာသည်။ ထို့နောက် လက်တစ်ဖက်က ဟူရွှမ်၏ လည်ပင်းကို ထိုးဖောက်လာသည်။ ဟူရွှမ်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။

Chapter 557 ဒါဆိုလည်း ကန်လိုက်တာပေါ့

ရွှစ်!

ဟူရွှမ်၏ လည်ပင်းမှနေ၍ ရဲရဲနီသော သွေးများ ပန်းထွက်လာသည်။ သူသည် နေရာမှာတင် ကြက်သေသေနေကာ သွေးထွက်နေသော လည်ပင်းကို လက်ဖြင့်အုပ်လျက် မယုံနိုင်ဟန်ဖြင့် ကြည့်လာလေသည်။

“ဘာ … ဘာကြောင့်လဲ”

ဟူရွှမ်၏ အတင်း ဖျစ်ညှစ်၍ ပြောလာသည့် မလိုလားသော အသံထွက်ပေါ်လာသည်။ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်၏ စကားကြောင့် သူ အသတ်ခံရလိမ့်မည်ဟု မယုံနိုင်ချေ။ သူ့စကားကြောင့် လင်ဖေးယွီက ဟူရွှမ်၏ နားနားသို့ ဖြည်းဖြည်းချင်း ကပ်လာသည်။

“ဘာလို့လဲဆိုတော့ အင်မော်တယ်ဘုရင်ကို သတ်ခဲ့တာ သူပဲ”

ဝုန်း!

ထိုစကားသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး ဟူရွှမ်အား မှင်တက်သွားစေသည်။ လင်ဖေးယွီနှင့် စီနီယာ အစ်မကြီးတို့ ထိုသူအား မတရားကြောက်လန့်နေသည်ကို သူ မအံ့ဩမိတော့ချေ။

*လတ်စသက်တော့ ဒီလိုကိုး*

ဟူရွှမ် နားလည်သွားသော်လည်း အချိန်နှောင်းသွားလေပြီ။ စုတ်ပြဲသံ ပေါ်လာပြီးနောက် ဟူရွှမ်၏ ဦးခေါင်းတစ်ခုလုံးသည် လင်ဖေးယွီကြောင့် ပြုတ်ထွက်သွားလေသည်။

သွေးများက လေထဲ လွင့်စဉ်လာ၏။ ဟူရွှမ်၏ မျက်နှာ၌ အလွန် ကြောက်လန့်၍ စိတ်ပျက်အားငယ်ဟန်များနှင့် ပြည့်နှက်နေသည်။

စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ခရမ်းပြာ နတ်မိမယ် ကြက်သေသေနေသည်။ သူမခေါင်းထဲ ချာချာလည်၍ သူမကိုယ်လေးက တုန်ယင်သွားလေသည်။

သူမက ယဲ့ဖန်အား အလွန် မယုံနိုင်သော အမူအရာဖြင့် ကြည့်နေမိသည်။ ဤထူးဆန်းသော အမျိုးသားသည် ထိုစဉ်အခါက အမိန့်ပေးလိုက်သည်နှင့် နဂါးငွေ့တန်းတစ်ခုလုံး ပွက်လောရိုက်သွားသည်။

မထင်မှတ်ဘဲ အင်မော်တယ်မျိုးနွယ်၏ နယ်မြေထဲ၌ သူသည် စကားတစ်ခွန်းတည်းနှင့် ဂိုဏ်းသခင်လေးကို ဖယ်ရှားနိုင်နေသည်။

ကြောက်စရာကောင်းလှသည်။ ဆန်းကြယ်လှသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ခရမ်းပြာ နတ်သမီးနှင့် ဘေးပတ်လည်မှလူတိုင်း၏ မျက်လုံးထဲတွင် အလွန် ကြောက်စရာကောင်းသော သရဲသဘက်တစ်ယောက် ဖြစ်နေ၏။

ထိုစဉ် အားလုံး ပိုထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်လာသည်။ လင်ဖေးယွီက ဟူရွှမ်၏ ဦးခေါင်းကို တလေးတစားကိုင်၍ ယဲ့ဖန်ထံသို့ ယူဆောင်လာသည်။

“စီနီယာ ဟူရွှမ်ကို သတ်လိုက်ပါပြီ”

သူ့စကားအဆုံး၌ ယဲ့ဖန်က ခေါင်းညိတ်၍ လက်ကိုဆန့်ကာ ဘောလုံးတစ်လုံးကို ကိုင်သကဲ့သို့ ဟူရွှမ်၏ဦးခေါင်းကို လှမ်းယူလိုက်သည်။

ဤမြင်ကွင်းကြောင့် လင်ဖေးယွီက မသိမသာ ချီတုံချတုံ ဖြစ်သွားသော်လည်း နောက်ဆုံးတွင် အားတင်း၍ ပြောလိုက်သည်။

“စီနီယာ ဟူရွှမ်က အသတ်ခံလိုက်ရပြီဆိုတော့ ဓားတစ်သောင်းဂိုဏ်းက မကြာခင် ဒီသတင်းကို ရသွားမှာပါ၊ ကျွန် … ကျွန်တော်တို့ မြန်မြန်ထွက်သွားတာ ပိုကောင်းမယ်ထင်တယ်”

ဓားတစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ အင်မော်တယ်ဘုရင်သည် ဟူရွှမ်၏ ဖခင်ဖြစ်လေသည်။ အထူးသဖြင့် ထိုပုဂ္ဂိုလ်သည် အင်မော်တယ် ဘုရင်စဦးအဆင့်ဖြစ်ပြီး အင်အားကြီး၍ ကြမ်းကြုတ်ကာ အလွန်အမင်း ရက်စက်တတ်သည်။

ဂြိုဟ်နယ်မြေတစ်ခုလုံး နီးပါးကို တုန်လှုပ်အောင် လုပ်နိုင်သည့် လူတစ်ယောက်ပင်။ သူ နောက်ယောင်ခံလိုက်သည်နှင့် မိမိအား သေခြင်းတရားကသာ ဆီးကြိုနေမည် ဖြစ်သည်။

လင်ဖေးယွီသာမက ဘေးနားမှ ခရမ်းပြာ နတ်သမီးကပါ ဖြူရော်နေသော မျက်နှာထားနှင့် ကြောက်လန့်တကြား ဝင်ပြောလာသည်။

“စစ်နတ်ဘုရား၊ စီနီယာအစ်ကိုကြီး ပြောတာ မှန်ပါတယ်။ အင်မော်တယ်ဘုရင် ဝမ်ကျန်းက ဟူရွှမ်ကို တုန်မတတ် ချစ်တာပါ။ ဒီကိစ္စကို သူ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ပါဘူး”

“မြန်မြန်သွားကြရအောင်”

ထိုသို့သောအချိန်၌ အားလုံး၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက်လာသည်။ ထိုစကားများကြောင့် ယဲ့ဖန်က ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။

“ငါ့မှာ ထွက်ပြေးတတ်တဲ့ အကျင့်မရှိဘူး၊ ပြီးတော့ ငါ အမှိုက်တွေ ထားခဲ့ရမှာကို မကြိုက်ဘူး”

ယဲ့ဖန်သည် ထိုသို့ပြောနေစဉ်၌ မည်သူမျှ သတိထားမိခင်တွင် သူ့အင်္ကျီလက်စထဲမှ ပုရွက်ဆိတ်များက ရုတ်တရက် ထွက်လာကြသည်။ ထို့နောက် ယဲ့ဖန်၏ လက်ဝါးမှနေ၍ ဟူရွှမ်၏ ဦးခေါင်းထဲသို့ လှစ်ခနဲ ဝဲပျံသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်သောင်းချီသော ပုရွက်ဆိတ်များက ဦးခေါင်းပြတ်ပေါ်၌ တွားသွား၍ လျှောက်သွားနေကြသည်။ ထိုအခါတွင်မှ ယဲ့ဖန် မသိမသာ ပြုံးလိုက်မိသည်။

“ယောက်ျားတစ်ယောက်က ရိုးသားရမယ်၊ သူ့ခေါင်းကို ဘောလုံးလို ကန်မယ်လို့ ပြောခဲ့မှတော့ ကန်ပစ်ရမှာပေါ့”

*ဘာ*

ထိုအခိုက်တွင် အားလုံး မှင်တက်သွားပြီး ယဲ့ဖန်၏ ဆိုလိုရင်းကို နားမလည်ကြချေ။ ရုတ်တရက် ယဲ့ဖန်က ဦးခေါင်းပြတ်ကို လွှတ်ချလိုက်သည်။ ထို့နောက် ခြေထောက်ကို အားထည့်၍ ဦးခေါင်းပြတ်ကို ကန်ထုတ်လိုက်သည်။

ဝှီး!

ဟူရွှမ်၏ သွေးစွန်းနေသော ခေါင်းပြတ်ကြီးသည် ဘောလုံးတစ်လုံးကဲ့သို့ အကန်ခံလိုက်ရပြီးနောက် ချက်ချင်း လွင့်ထွက်လာသည်။

ထိုဦးခေါင်းပြတ် လွင့်ပျံသွားသည့် အရပ်ကိုကြည့်ပြီးနောက် အားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

*အဲ့ … အဲ့ဒါ ဓားတစ်သောင်းဂိုဏ်းရှိတဲ့ အရပ်ပဲ”

*ဒါက …*

လူတိုင်း ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်မိသွားသည်။ ဤလူက ထွက်ပြေးမည့်အစား ဟူရွှမ်၏ ဦးခေါင်းပြတ်ကို ဓားတစ်သောင်းဂိုဏ်းရှိရာသို့ ကန်ထုတ်လိုက်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ချက်ချင်းဆိုသလိုပင် လူတိုင်း ကြက်သီးမွေးညင်းထလာပြီး မကြာခင် အင်မော်တယ်ဘုရင် ရောက်လာပြီး လူတိုင်း သေရတော့မည်ကို သိလိုက်ကြသည်။

*အရူး*

လူတိုင်း ယဲ့ဖန်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ ခရမ်းပြာ နတ်မိမယ်နှင့် လင်ဖေးယွီတောင်မှ ကြက်သီးမွေးညင်း ထလာကြလေသည်။

*ဘယ်လိုလုပ်ရမလဲ၊ အခု ထွက်ပြေးရမလား ဒါမှမဟုတ် ဆက်နေရမလား*

သူတို့နဖူးမှ ချွေးများ တဒီးဒီး စီးကျလာ၏။ သို့သော် ယဲ့ဖန်က ဂရုမစိုက်ဘဲ ပြုံး၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ စားသောက်ပြီးရင် အဲ့သောက်ကောင် သေနေလောက်ပြီ”

*ဘာ*

လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြသည်။

*ဒီလူ အခုထိ တော်တော် တည်ငြိမ်နေတာပဲ*

*ဒါက …*

….

သို့သော် မည်သူမျှ မသိလိုက်သည့် တစ်ချိန်တည်းမှာပင် ဓားတစ်သောင်းဂိုဏ်း၌ အင်မော်တယ်ဘုရင် ဝမ်ကျန်းနှင့် မဟာအကြီးအကဲလေးယောက်တို့က ရာထူးကြီးသော အဖွဲ့တစ်ဖွဲ့တို့က အသက်ဝိညာဉ်သခင်အား ဒေါသတကြီး စိုက်ကြည့်နေကြသည်။

“မင်း ဘာပြောလိုက်တာလဲ”

သူ့စကားကြောင့် အင်မော်တယ်ဘုရင် ဝမ်ကျန်းသည် ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လာသည်။ သူ့ဘေးမှ မဟာအကြီးအကဲ လေးယောက်နှင့် စီနီယာများစွာတို့ကလည်း လူသတ်လိုဟန်များဖြင့် ကြည့်နေကြသည်။

အောက်မှ အသက်ဝိညာဉ်သခင်မှာမူ ကတုန်ကယင် ဖြစ်နေလေသည်။

“ဂိုဏ်းချုပ်၊ သခင်လေးရဲ့ ဝိညာဉ်မီးအိမ် ငြိမ်သွားပါတယ်၊ သူ … သေသွားလောက်ပါပြီ”

ထိုစကားကြောင့် အင်မော်တယ်ဘုရင် ဝမ်ကျန်းတစ်ယောက် ခေါင်းပူသွားပြီး မျက်ဖြူလန်၍ လဲကျလုမတတ် ဖြစ်သွားရသည်။

“ဟူရွှမ် သေသွားပြီလား၊ ဘယ်သူလဲ၊ သူ့ကို ဘယ်သူသတ်တာလဲ”

အင်မော်တယ်ဘုရင် ဝမ်ကျန်း အော်ဟစ်လိုက်ချိန်တွင် ဝမ်ကျန်းတောင်တစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်လာသည်။ အိမ်များ တုန်ခါ၍ လေ၊ ရေ တိုက်စားထားသည့် ကျောက်တုံးကြီးများ တစ်စစီ ဖြစ်သွားသည်။ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤမြင်ကွင်းကြောင့် အသက်ဝိညာဉ်သခင်သည် ကြက်သီးထလာပြီး အားတင်း၍ ပြောလိုက်သည်။

“ဂိုဏ်းချုပ်၊ အစောပိုင်းတုန်းက သခင်လေးနဲ့ ခရမ်းပြာ နတ်မိမယ်တို့ ဝမ်ကျန်း စားသောက်ဆိုင်ဆီသွားတာကို လက်အောက်ငယ်သားတွေ တွေ့လိုက်ပါတယ်”

“လူသတ်သမားက စားသောက်ဆိုင်ထဲမှာ ရှိဦးမယ်လို့ ကျွန်တော် ထင်ပါတယ်”

*ခွေးမသား*

အင်မော်တယ်ဘုရင် ဝမ်ကျန်း၏ မျက်လုံးများက နီစွေးလာပြီး မဟာအကြီးအကဲ လေးယောက်နှင့် စီနီယာ ဂိုဏ်းသားများအား လှမ်းကြည့်၍ အော်ပြောလိုက်သည်။

“ငါနဲ့အတူ တောင်အောက်လိုက်ပြီး လူသတ်သမားကို ချေမှုန်းကြစမ်း”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ထိုသို့သောအချိန်၌ အင်မော်တယ်ဘုရင်မှ ဦးဆောင်၍ အကြီးအကဲ လေးယောက်က နောက်မှလိုက်လာကြသည်။ သူတို့ငါးယောက်နောက်မှ ဓားတစ်သောင်းဂိုဏ်း၏ ထိပ်တန်း သိုင်းသမားများ လိုက်ပါလာ၏။

သူတို့ အသည်းအသန် တောင်အောက်သို့ ဆင်းလာကြသည်။ သို့သော် ထိုသို့သောအချိန်၌ သွေးစွန်းနေသည့် နီရဲရဲ အရာတစ်ခုက ခပ်လှမ်းလှမ်းမှ ပျံဝဲလာပြီး တောင်ထိပ်ပေါ်သို့ ကျလာ၏။

ထိုအရာ ပြုတ်ကျလာသောအခါ အင်မော်တယ်ဘုရင် ဝမ်ကျန်းနှင့် အခြားသူများ မှင်တက်သွားကြသည်။ ထိုသွေးစွန်းနေသည့် နီရဲရဲအရာကို သေချာမြင်ရပြီးနောက် လူတိုင်း ခေါင်းထောင်သွားလေသည်။

*ခေါင်းပြတ်ကြီးပါလား*

ထိုအရာသည် သခင်လေး ဟူရွှမ်၏ ခေါင်းပြတ်ကြီး ဖြစ်နေလေ၏။

*ဒါက*

အင်မော်တယ်ဘုရင်သာမက ကျန် မဟာအကြီးအကဲ လေးယောက်လုံး ဒေါသူပုန်ထသွားကြသည်။

“ငါ့သား …”

အင်မော်တယ်ဘုရင် ဝမ်ကျန်းသည် ဟူရွှမ်၏ ခေါင်းပြတ်ကို လက်နှစ်ဖက်ဖြင့် ကောက်ယူရင်း မျက်နှာတစ်ခုလုံး သုန်မှုန်လာသည်။ လူသတ်သမားက ထိုမျှ မောက်မာလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။

သူ့သားကို သတ်လိုက်ရုံသာမက သူ့သား၏ဦးခေါင်းကိုပါ ဓားတစ်သောင်းဂိုဏ်းဆီသို့ ပြန်ပစ်ပေးလာသည်။ ဤသည်မှာ အမှန်ပင် အတင့်ရဲလွန်းလှသည်။

“မင်း ဘယ်သူပဲဖြစ်ဖြစ်၊ ဒီလူအိုကြီးက သေချာပေါက် မင်းကို မီးမြှိုက်ပစ်မယ်”

အင်မော်တယ် ဝမ်ကျန်း၏ ပါးစပ်မှ ကြိမ်းဝါးသံ ထွက်ပေါ်လာသည်။ သူအော်ပြောလိုက်ပြီးနောက် ရုတ်တရက် ဘေးပတ်လည်မှ လေထုက မသိမသာ မှားယွင်းနေသည်ဟု ခံစားမိသွားသည်။

မဟာအကြီးအကဲ လေးယောက်နှင့် စီနီယာဂိုဏ်းသား၏ မျက်လုံးများက သူ့လက်ထဲမှ ခေါင်းပြတ်ကို စိုက်ကြည့်နေကြသည်။ အားလုံး၏ မျက်လုံးများက သရဲသဘက်ကိုတွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်။

“ဂိုဏ်းချုပ်၊ အဲ့ဒါ … အဲ့ဒါ ဝိညာဉ်စား ပုရွက်ဆိတ်လား”

*ဘာ*

ထိုစကားကြောင့် အင်မော်တယ်ဘုရင် ဝမ်ကျန်း မျက်နှာ မည်းမှောင်သွားသည်။ သူ ငုံ့ကြည့်လိုက်သောအခါ အနက်ရောင်တောက်နေသည့် ပုရွက်ဆိတ်များက ရုတ်တရက် ဦးခေါင်းပြတ်ထဲမှ ထွက်လာကြသည်ကို တွေ့လိုက်ရလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။

*ဒါက…*

အင်မော်တယ်ဝမ်ကျန်းနှင့် ဘေးပတ်လည်မှလူများအားလုံး ထိတ်လန့်သွားကြသည်။

Chapter 558 သူပဲ ဖြစ်ရမယ်

ဝိညာဉ်စား ပုရွက်ဆိတ်၊ အင်မော်တယ်ကလန်၏ အိပ်မက်ဆိုး။

မရေတွက်နိုင်သော နှစ်ပေါင်းများစွာအခါက ဝိညာဉ်စားပုရွက်ဆိတ်တစ်သိုက်သည် အင်မော်တယ်နယ်မြေထဲသို့ ရောက်လာခဲ့ကြသည်။ သာမန်အင်မော်တယ်မျိုးနွယ်များမှစ၍ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် အင်မော်တယ် သိုင်းပညာရှင်များအားလုံး အရှင်လတ်လတ် ဝါးမျိုခံခဲ့ရသည်။

ထိုစဉ်အခါက အင်မော်တယ်နယ်မြေသည် မရဏနယ်မြေဖြစ်လုနီးပါး ဖြစ်ခဲ့ရပြီး ဂြိုဟ်များ၊ အပင်များနှင့် အင်မော်တယ် မျိုးနွယ်များအားလုံး ဝိညာဉ်စားပုရွက်ဆိတ်များ၏ ပါးစပ်ထဲတွင် သေဆုံးသွားသော စိတ်ဝိညာဉ်များ ဖြစ်ခဲ့ရသည်။

နောက်ဆုံးတွင်မူ ထိုဝိညာဉ်စား ပုရွက်ဆိတ်များ ပျောက်ကွယ်သွားပြီး အင်မော်တယ်မျိုးနွယ်မှ အသက်ရှင်ကျန်ရစ်သူများက ဤအင်မော်တယ်နယ်မြေ၏ ဂုဏ်ကျက်သရေနှင့် အာဏာကို ပြန်လည် ရယူခဲ့ကြသည်။ ယခုအခါတွင်မူ …

တောက်! တောက်!

အင်မော်တယ်ဘုရင် ဝမ်ကျန်း၏ နဖူးမှ ချွေးများ ဆက်တိုက်စီးကျလာ၏။ သူ့ခန္ဓာကိုယ်သည် နေရာမှာတင် တောင့်တင်းနေပြီး ရွေ့ပင်မရွေ့ရဲချေ။ သူ့မျက်နှာထက်၌ ကြောက်လန့်၊ ခြောက်ခြားဟန်များ ထင်ဟပ်နေ၏။

“ဘယ်လိုဖြစ်ရတာလဲ၊ ဝိညာဉ်စား ပုရွက်ဆိတ်တွေ ပျောက်သွားတာ နှစ်ချီနေပြီ၊ ဘယ်လိုလုပ် အခုမှ ပြန်ပေါ်လာရတာလဲ”

အင်မော်တယ်ဘုရင် ဝမ်ကျန်း ခေါင်းမွေးထောင်နေသည်။ သူ့ဘေးနားမှ မဟာအကြီးအကဲ လေးယောက်နှင့် စီနီယာ ဂိုဏ်းသားများက တစ်ယောက်ကိုတစ်ယောက် ခြောက်ခြားသော အကြည့်များဖြင့် ကြည့်နေကြသည်။ ငါးစာဟပ်မိသော ငါးများကဲ့သို့ ကြောက်လန့်နေကြလေသည်။

“မျိုးမစစ်ကောင်”

ဤမြင်ကွင်းကြောင့် အင်မော်တယ်ဘုရင် ဝမ်ကျန်း မျက်နှာ ပြာနှမ်းနေသည်။ သူ ထိတ်လန့်နေစဉ်တွင် များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များက ခေါင်းမော့၍ ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ပို၍ သွေးပျက်သွားသည်။ သူတို့၏ မျက်လုံးများက သူ့အား လှောင်ပြောင်သလို ကြည့်နေသည်။

“ဝိ…ဝိညာဉ်စား ပုရွက်ဆိတ်၊ ငါတို့ မင်းတို့နဲ့ ဘာရန်ညှိုးမှ မရှိဘူး၊ မင်း … မင်းတို့ ဘာလုပ်ချင်တာလဲ”

အင်မော်တယ်ဘုရင် ဝမ်ကျန်း ကြောက်လန့်နေသည်။ နက်မှောင်နေသည့် ဝိညာဉ်စားပုရွက်ဆိတ်များကို ကြည့်ပြီး သူ ကြက်သီးမွေးညင်းထကာ ခေါင်းမွေးထောင်လာလေသည်။

သူ့စကားအဆုံး၌ ဝိညာဉ်စားပုရွက်ဆိတ်များ၏ ချွန်ထက်သော လက်သည်းများ မြောက်တက်လာသည်ကို အားလုံး အထိတ်တလန့်နှင့် တွေ့လိုက်ရသည်။ မကောင်းဆိုးဝါး ပုရွက်ဆိတ် စစ်တပ်ကြီးက ဘာကို ဖော်ပြချင်နေသလဲ ဆိုတာကို အားလုံး သိချင်နေကြသည်။

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ထောင်သောင်းချီသော သူတို့၏ လက်သည်းခြေသည်းများကို စုစည်း၍ ပုံဖော်လာသည့်အရာက လယ်ခလယ်ပုံစံ ဖြစ်နေ၏။

အားလုံး နင်သွားကြလေသည်။ ထောင်သောင်းချီသော ဝိညာဉ်စားပုရွက်ဆိတ်များက သူတို့အား အထင်သေးသလို လက်ခလယ်ထောင်ပြနေသည် မဟုတ်ပါလား။

အားလုံး နားဝေတိမ်တောင်ဖြစ်နေကြသည်။ အင်မော်တယ်ဘုရင်သည်လည်း ထိတ်လန့်၍ ဒေါသထွက်နေသလို စိုးရိမ်ကြောက်လန့်နေ၏။ ထိုစဉ် ထိုဝိညာဉ်စား ပုရွက်ဆိတ်များကို သူ ခါထုတ်ချင်နေသည်။

ထိုအခိုက်တွင် ထောင်သောင်းချီသော ပုရွက်ဆိတ်များက ချက်ချင်းဆိုသလို အစွယ်များကို ထုတ်ဖော်၍ လှုပ်ရှားလာကာ အင်မော်တယ်ဘုရင် ဝမ်ကျန်း၏ ခန္ဓာကိုယ်ကို သည်းကြီးမည်းကြီး ကိုက်ဖြတ်လာကြသည်။ ထို့အတူ သူတို့၏ ချွန်ထက်သော ခြေသည်းလက်သည်းများကိုလည်း အရူးအမူး ဝှေ့ယမ်းလာကြလေသည်။

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်။

“အား….”

အင်မော်တယ်ဘုရင်သည် ဆက်တိုက် အော်ဟစ်နေမိပြီး အရှင်လတ်လတ် အစားခံနေရသဖြင့် သည်းခြေပျက်မတတ် နာကျင်နေသည်။ သို့သော် မရဏ အငွေ့အသက်များက သူ့ကို လွှမ်းခြုံလာပြီး သူ မည်မျှ ရုန်းကန်ပါစေ၊ လွတ်မြောက်ရန် ခက်ခဲနေ၏။

အသားကို စုတ်ဖြဲသည့် အသံများ ထွက်ပေါ်လာသည်။ အားလုံး၏ သွေးပျက်နေသော အကြည့်အောက်၌ သူ၏ခန္ဓာကိုယ်က သေးသထက် သေးလာလေသည်။ နောက်ဆုံးတွင် အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး ထောင်သောင်းချီသော ဝိညာဉ်စားပုရွက်ဆိတ်များ၏ ကိုက်ဖြတ် စားသုံးခြင်း ခံလိုက်ရလေတော့သည်။

အသွေးအသား၊ အရိုးများသာမက စိတ်ဝိညာဉ်ပင် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အရူးအမူး ဝါးမျိုခြင်းကို ခံလိုက်ရသည်။ နတ်ဆိုးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ဟုပင် ထင်မှတ်မှားရသည်။

ဤမြင်ကွင်းကြောင့် ဘေးနားမှ မဟာအကြီးအကဲ လေးယောက်နှင့် စီနီယာ ဂိုဏ်းသားများအားလုံး လန့်ဖြန့်သွားကြသည်။

*သေသွားပြီပဲ*

*ဓားတစ်သောင်းဂိုဏ်းရဲ့ မြင့်မြတ်တဲ့ အင်မော်တယ်ဘုရင် စဦးအဆင့် ဂိုဏ်းချုပ်က သားကောင်တစ်ကောင်လို ဝါးစားခံလိုက်ရပြီး စိတ်ဝိညာဉ်ပါမကျန် စားသုံးခံလိုက်ရတယ်တဲ့လား*

*ဒါက မယုံနိုင်စရာကောင်းလွန်းတယ်*

*ပြေးရမယ်*

ထိုသို့သောအချိန်၌ လူတိုင်းသည် ကြောက်လန့်နေသော ယုန်များသဖွယ် အရပ်မျက်နှာအနှံ့သို့ အသည်းအသန် ထွက်ပြေးကြလေသည်။ သို့သော် သူတို့က မြန်သော်လည်း ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အလျင်က ပို၍ မြန်ဆန်လွန်းသည်။

မီတာ တစ်ထောင်ခန့် အဝေးသို့ ရောက်နေသော မဟာအကြီးအကဲ လေးယောက်သည် မှင်ကဲ့သို့ နက်မှောင်နေသည့် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ များစွာသော စီနီယာဂိုဏ်းသား များသည်လည်း ထွက်မပြေးနိုင်ခင်မှာတင် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်း ခံလိုက်ရလေသည်။

ဝမ်ကျန်းတောင်ပေါ်၌ သေမင်းခေါင်းလောင်းသံ ထွက်ပေါ်လျက် ရှိသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တောင်ထိပ်တစ်ခုလုံး သားသတ်ကွင်းကဲ့သို့ အော်သံများ၊ သွေးထွက်သံယို အလောင်းများနှင့် ပြည့်နှက်လာသည်။

တစ်ဒင်္ဂအတွင်းမှာပင် မဟာအကြီးအကဲ လေးယောက်နှင့် စီနီယာဂိုဏ်းသားများအားလုံး ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ပါးစပ်တွင်း၌ သက်ဆင်းသွားလေတော့သည်။

ထိုမျှနှင့်မပြီးသေးချေ။ ဝိညာဉ်စားပုရွက်ဆိတ်များသည် ဒလဟော စီးဆင်းနေသည့် ရေအလျင်ကဲ့သို့ ဝမ်ကျန်းတောင်ပေါ်၌ သွားလာလျက် ရှိသည်။ သူတို့ ဖြတ်သွားသည့် နေရာတိုင်း၌ ဓားတစ်သောင်း ဂိုဏ်းသားဖြစ်စေ သို့မဟုတ် အိမ်များ၊ လက်နက်များ၊ ဆေးပင်များနှင့် ကျောက်တုံးကျောက်ဆောင်များပင် ဖြစ်စေ အားလုံး အရူးအမူး ဝါးမျိုခံလိုက်ရလေသည်။ ပျက်စီးကိန်း ဆိုက်ကပ်လေသလား ထင်မှတ်ရလေသည်။

….

ထိုအရာအားလုံးကို စားသောက်ဆိုင်ထဲမှလူများ မသိကြချေ။ ထိုအခိုက်တွင် လင်ဖေးယွီ၊ ခရမ်းပြာ နတ်မိမယ်နှင့် အခြားသူများသည် ဟော့ပေါ့အိုးထဲ ကျသွားသည့် ပုရွက်ဆိတ်များသဖွယ် မရှူနိုင်မကယ်နိုင်နှင့် တုန်လှုပ်နေကြသည်။

“ဘာလုပ်ကြမလဲ၊ အချိန်ကိုတွက်ကြည့်ရင် အင်မော်တယ်ဘုရင် ဝမ်ကျန်းနဲ့ သူတို့တွေ ဒီကိုရောက်လုနီးပါး ဖြစ်တော့မယ်”

အားလုံး၏ နဖူးထက်မှ ချွေးများ တဒီးဒီး စီးကျနေသည်။ လူတိုင်း စားပွဲဝိုင်းမှ ယဲ့ဖန်ကို အချိန်တိုင်းလိုလို ကြည့်နေမိသည်။ သို့သော် တစ်ဖက်လူက အေးအေးဆေးဆေး ထိုင်၍ အစားအသောက်စားလိုက်၊ သောက်လိုက် လုပ်နေသည်ကိုသာ သူတို့ မြင်နေရသည်။ ဘာကိုမှ အရေးမလုပ်သည့်ပုံပင်။

ယဲ့ဖန်သည် လက်ကျန်ဝိုင်ကို အကုန် ငှဲ့ထည့်၍ တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

“အင်း ညစာလည်း စားပြီးပြီဆိုတော့ လူတွေလည်း သေလောက်ပြီ”

“ကဲ နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် ချက်ချင်းဆိုသလို လှစ်ခနဲ ပျောက်ကွယ်သွားလေသည်။ အားလုံး မှင်တက်သွားကြသည်။ ယဲ့ဖန်က စားပြီးသည်နှင့် သုတ်ခြေတင် ပြေးလိမ့်မည်ဟု အားလုံး ထင်မထားမိကြချေ။

အားလုံးက သတ်ဖြတ်ရန် ရောက်လာမည့် အင်မော်တယ်ဘုရင်ကို ယဲ့ဖန် ခုခံသည်ကို စောင့်နေကြခြင်း ဖြစ်သော်လည်း တစ်ဖက်လူကတော့ သူ့ဘာသာသူ ထွက်ပြေးသွားလေ၏။

ရုတ်တရက် သိုင်းပညာရှင်တိုင်း မျက်မှောင်ကြုတ်ကာ အမူအရာ ပျက်ယွင်းလာကြသည်။

“စီနီယာက လူတွေတော့ သေသွားပြီလို့ အခုလေးတင် ပြောလိုက်တယ်၊ အဲ့ဒါ ဘာကို ပြောချင်တာလဲ”

ထိုမျှလွယ်လိမ့်မည်ဟု လင်ဖေးယွီ မယုံနိုင်ပါ။ ထိုနောက် သူသည် ဝမ်ကျန်း တောင်ပေါ်သို့ စုံစမ်းရန် သိုင်းပညာရှင်တစ်ယောက်ကို လွှတ်လိုက်သည်။ တစ်ခဏမျှကြာပြီးနောက် ထိုသိုင်းပညာရှင်သည် သရဲသဘက်နှင့် ကြုံခဲ့ရသည့် မျက်နှာထားမျိုးနှင့် ပြန်ရောက်လာလေသည်။

“အခြေအနေ ဘယ်လိုလဲ”

ခရမ်းပြာ နတ်မိမယ်နှင့် လင်ဖေးယွီသာမက အားလုံး သိချင်စိတ် ပြင်းပြနေသည်။ အကယ်၍ အင်မော်တယ်ဘုရင် ဝမ်ကျန်းသာ ရောက်လာပါက အားလုံး ဟူရွှမ်အတွက် အသတ်ခံရပေတော့မည်။

“ဟင့်အင်း … ဘာမှမရှိဘူး …”

*ဘာ*

ထိုစကားကြောင့် အားလုံး တွေဝေသွားကြသည်။

“ဘာက မရှိတော့တာလဲ၊ မင်း ရှင်းရှင်းလင်းလင်း ပြောစမ်းပါ”

လင်ဖေးယွီ စိတ်မရှည်တော့ချေ။ ထိုအခါ ထိုသိုင်းပညာရှင်က စိတ်ထဲမှ ခြောက်ခြားမှုကို ထိန်းချုပ်၍ အားတင်းပြီး ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး၊ ဝမ်ကျန်းတောင်ထိပ်မှာ ဘာမှမရှိတော့ဘူး။ အားလုံး ပျောက်သွားပြီးတော့ သွေးအိုင်တွေပဲ ရှိတော့တယ်”

“ကျွန်တော် ရှာကြည့်ပြီးပြီ”

“သွေးအိုင်တွေထဲက သွေးတွေမှာ အင်မော်တယ်ကလန်ရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေတယ်။ အားလုံးက ဓားတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းသားတွေ၊ သူတို့အပြင် …”

ထိုသို့ပြောနေရင်း ထိုသိုင်းပညာရှင်က ကတုန်ကယင်နှင့် ဖြူရော်လာသည်။

“သူတို့တွေထဲမှာ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲ လေးယောက်ရဲ့ သွေးတွေလည်း ရှိနေတယ်”

ထိုသိုင်းပညာရှင်၏ စကားအဆုံး၌ စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံး မှင်တက်၍ ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင် ဖြစ်နေကြသည်။

*သေပြီ*

*အားလုံး သေပြီတဲ့*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

မကြာသေးခင်ကပင် သူတို့ တောင်ပေါ်မှ ဆင်းလာပြီး စားသောက်ရုံရှိသေးသည်။ ယခုအခါတွင် ဂိုဏ်းချုပ်မှစ၍ သာမန် ဝမ်ကျန်းဂိုဏ်းသားများအားလုံး သုတ်သင်ခံလိုက်ရလေသည်။

“သူပဲ၊ သူပဲ ဖြစ်ရမယ်”

ခရမ်းပြာ နတ်မိမယ်၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။ ယဲ့ဖန်၏ လူတွေသေကုန်ပြီဟူသော စကားကို သူမ ယခုမှ နားလည်သွားရသည်။

*သူ အားလုံးကို လုပ်ခဲ့တာကိုး*

ထိုသို့တွေးမိပြီးနောက် ခရမ်းပြာ နတ်မိမယ် မချိပြုံးပြုံးလိုက်မိသည်။ နဂါးငွေ့တန်းမှာ ရှိစဉ်အခါက သူမ သူ့ကို မော့ကြည့်ခဲ့ရသည်။ မထင်မှတ်ဘဲ အင်မော်တယ်နယ်မြေသို့ ရောက်သည့်အခါမှာလည်း သူ့ကို သူမ မော့ကြည့်နေရဆဲပင်။

“ဒီ ထူးဆန်းတဲ့လူကတော့လေ …”

ခရမ်းပြာ နတ်မိမယ်သည် သူမတစ်ဘဝလုံး သူ၏ခြေရာကို လိုက်နိုင်မည့်ပုံ မပေါ်တော့ဟု ခံစားမိသွားသည်။ ဘေးနားမှ လင်ဖေးယွီနှင့် အခြားသူများလဲ ကြောက်လန့်၍ လဲကျသွားသည်။ အားလုံး ယဲ့ဖန်ကို အလွန် ကြောက်လန့်နေဟန် ပေါ်နေ၏။

စားသောက်နေရုံနှင့် ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးလိုက်နိုင်ခြင်းက အလွန် ကြောက်စရာကောင်းလှပေ၏။

All Chapters