← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

Chapter 559 ဦးခေါင်းမဲ့ မိန်းကလေး

ဓားတစ်သောင်းဂိုဏ်းသည် ယဲ့ဖန်အတွက် အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ သူသည် နတ်ဆိုးနဂါး၏ ဦးခေါင်းထက်၌ ထိုင်၍ စကြဝဠာတစ်ခွင် လှည့်လည်သွားလာလျက် ရှိသည်။

တစ်ရက်၊ နှစ်ရက်၊ အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြိး မျက်တောင်တစ်ခတ်အတွင်းမှာပင် အချိန် တစ်ပတ်မျှ ကုန်လွန်သွားခဲ့လေသည်။

ယနေ့တွင် ယဲ့ဖန်သည် ဂြိုဟ်သေတစ်လုံး၌ လဲလျောင်းလျက် အနားယူနေ၏။ ရုတ်တရက် စစ်သင်္ဘောတစ်စီးက အရှေ့ဘက်သို့ ခပ်သုတ်သုတ် မောင်းနှင်နေသည်ကို သတိထားမိသွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒါဇင်နှင့်ချီသော စစ်သင်္ဘောများက ရတနာတစ်ပါး ထွက်ပေါ်လာသကဲ့သို့ အသည်းအသန် ခရီးနှင်လျက် ရှိသည်။

*ဟမ်*

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး နားကို လှုပ်လိုက်သည်။ ရုတ်ချည်းဆိုသလို ဆွေးနွေးနေသည့် စကားများကို ကြားလိုက်ရသည်။

“ကောင်းကင်ဓားဂိုဏ်းက စီနီယာအစ်ကိုဖုန်းက မှတ်ဉာဏ်မုန်တိုင်းကနေ ထျန်းရွှမ်နတ်ဘုရားသိုင်းကျမ်းကို ရရှိခဲ့ပြီးတော့ အဆင့်သုံးဆင့်ကို ဖြတ်ကျော်ပြီး အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် ဖြစ်သွားတယ်လို့ ပြောနေကြတယ်ကွ”

“မြတ်စွာဘုရား အံ့ဩဖို့ကောင်းလိုက်တာ၊ ဘယ်လိုလုပ် မှတ်ဉာဏ်မုန်တိုင်းတစ်ခုက ရုတ်တရက် ပေါ်လာတာလဲ”

“ကောလာဟလကတော့ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျသွားရာကနေ ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်မုန်တိုင်းလို့ ပြောနေကြတယ်”

“….”

ထိုစကားသံကြောင့် ယဲ့ဖန် ချက်ချင်း စိတ်ဝင်စားသွားသည်။ ထိုအခါတွင်မူ အင်မော်တယ်ကလန်၏ ကမ္ဘာဦးချောက်နက်နှင့် နီးကပ်နေကြောင်း သူ သတိထားမိသွားသည်။

*ကမ္ဘာဦးချောက်နက်*

နတ်ဆိုး၊ နတ်ဘုရား၊ အင်မော်တယ်နှင့် တစ္ဆေမျိုးနွယ်စုလေးခုလုံးတစ်လျောက် ဖြစ်ပေါ်နေသည့် စကြဝဠာထဲမှ အက်ကြောင်းရာကြီးတစ်ခု ဖြစ်လေသည်။

ယဲ့ဖန်သည် နတ်ဆိုးမျိုးနွယ်နယ်မြေ၏ ကမ္ဘာဦးချောက်နက်ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင်မူ သူသည် အင်မော်တယ်ကလန်၏ ကမ္ဘာဦးချောက်နက်နှင့် အနီးအနားသို့ ရောက်ရှိနေပြန်သည်။

“မှတ်ဉာဏ်မုန်တိုင်းတဲ့လား”

ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ မသေဆုံးခင် မှတ်ဉာဏ်မျိုးစေ့မှ ဖြစ်ပေါ်လာသော ထိုအရာသည် အင်မတန် ကြောက်စရာ ကောင်းလှသည်။ ထို့နောက် သူသည် ဖျတ်ခနဲ လှုပ်ရှား၍ ထိုစစ်သင်္ဘောများ ဦးတည်ရာအရပ်သို့ အလျင်အမြန် လိုက်သွားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ရှေ့နားမှ ကြောက်မက်ဖွယ် လျိုမြောင်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ဖိအားပြင်း၍ အေးစက်လှသည်။ ထိုလျိုမြောင်ချောက်နက်ကြီးသည် အရာအားလုံးကို ဝါးမျိုနိုင်သကဲ့သို့ မရဏ အငွေ့အသက်များ ထုတ်လွှတ်လျက် ရှိသည်။

ထိုနေရာနှင့် နီးကပ်လာသည့်လူတိုင်း သူတို့၏ အင်မော်တယ်ခွန်အားများ ပြင်းထန်စွာ ဖိနှိပ်ခံရသည်ဟု ခံစားမိလာသည်။ လူတိုင်း ကြောက်မက်ဖွယ် ပုံရိပ်ယောင်များကို မြင်ယောင်ပြီး ခေါင်းမွေးထောင်လာလေသည်။

ဤသည်မှာ ကမ္ဘာဦးချောက်နက်ပင်။ စကြဝဠာတွင်းမှ မရေတွက်နိုင်သော လူများအတွက် မရဏသင်္ချိုင်းပင်။

ထိုအချိန်၌ အင်မော်တယ် သိုင်းပညာရှင်များစွာ စုဝေး၍ ဆွေးနွေးပြောဆိုနေကြသည်။ တစ်ချို့လူများ အူမြူး၍ အလွန်အမင်း တက်ကြွနေချိန်တွင် အချို့က သေဆုံးသွားသည့် ချစ်ရသူများကို အမှတ်ရသကဲ့သို့ ဝမ်းနည်း အထီးကျန် နေကြလေသည်။

အားလုံး၏ မျက်လုံးများက သူတို့၏ မျက်စိရှေ့မှ ဧရာမ မုန်တိုင်းအလင်း ကန့်လန့်ကာကို ကြည့်နေကြသည်။ ထိုသည်သာမကချေ၊ ထိုလူများ၏ အသံများက ဆက်တိုက်ထွက်ပေါ်လာသည်။

“အံ့ဩစရာပဲ၊ မုန်တိုင်းထဲက မှတ်ဉာဏ်မျိုးစေ့က အရွယ်ရောက်ပြီးသားသူကနေ ကလေးမလေးအသွင်ကို ပြောင်းလဲ ဖြစ်တည်သွားတာပဲ”

သိုင်းပညာရှင်တစ်ယောက်က သက်ပြင်းချလိုက်သည်။ သူ့စကားကြောင့် ဘေးနားမှ အင်မော်တယ်ကလန် မျိုးဆက်တစ်ယောက်က ပျက်ရယ်ပြုလေသည်။

“ထွီ … ဘာ မှတ်ဉာဏ်မိန်းကလေးလဲ၊ ခန္ဓာကိုယ်လည်းမရှိ၊ တိုက်ပွဲဝင်ခွန်အားလည်း မရှိနဲ့။ ခြေထောက်တစ်ဖက်ကို သန်မာတဲ့ အင်မော်တယ်ဘုရင်က ဖြတ်ခဲ့ရုံတင်မကဘူး။ လက်တစ်ဖက်ကို ရက်စက်တဲ့ အင်မော်တယ်ဘုရင်ရဲ့ ဖြတ်တောက်တာကို ခံခဲ့ရတယ်။ သူ့ဦးခေါင်းကိုတောင်မှ လူမဆန်တဲ့ အင်မော်တယ်ဘုရင် တစ်ယောက်က ခုတ်သွားလိုက်သေးတယ်”

*ခြေတစ်ဖက်၊ လက်တစ်ဖက်နှင့် ဦးခေါင်းမဲ့မိန်းကလေးလား*

*ဒါက*

အင်မော်တယ်မျိုးနွယ်တစ်ယောက် ပင့်သက်ရှိုက်၍ ခေါင်းခါလိုက်သည်။

“တော်တော်ရက်စက်တာပဲ၊ နောက်ဆုံးတော့ သူက နတ်မိမယ်တစ်ယောက် ဖြစ်လာပြီးတော့ အသက်လည်း ရှိနေသေးတယ်”

“အသက်လား၊ မေ့လိုက်တော့၊ ဒီလောကကြီးထဲမှာ အားနည်းတဲ့သူတွေက အားကြီးတဲ့သူတွေရဲ့ သားကောင်ပဲ။ သူက နတ်မိမယ်တစ်ယောက် ဖြစ်သွားပြီးတော့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ကျဆုံးသွားတဲ့ သိုင်းပညာရှင်ရဲ့ မှတ်ဉာဏ် အမွေအနှစ်တွေ ပါဝင်နေတယ်။ ပြောရရင် အဲ့ဒီ သန်မာတဲ့ အင်မော်တယ်ဘုရင်တွေရဲ့ မျက်လုံးထဲမှာ သူက ရတနာတစ်ပါးပဲ”

သိုင်းပညာရှင်တစ်ယောက်က အေးတိအေးစက်မျက်နှာထားနှင့် လောဘတက်ဟန်ဖြင့် ပြောလာသည်။

“မှတ်ဉာဏ်မိန်းကလေးရဲ့ လက်တစ်ဖက်၊ ခြေတစ်ဖက်နဲ့ ဦးခေါင်းက ဘယ်အင်မော်တယ်ဘုရင်ရဲ့ လက်ထဲ ရောက်သွားလဲ မသိဘူး”

ရက်စက်၊ ခက်ထန်မှု။

ထိုအင်မော်တယ်သိုင်းပညာရှင်၏ ထိုစကားလုံးထဲတွင် လောဘတက်ဟန်များ ပျော်ဝင်နေ၏။ ထိုစကားများကို ကြားပြီးနောက် ယဲ့ဖန်၏ မျက်လုံးမှ အေးတိအေးစက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ထိုသို့သောအချိန်၌ မုန်တိုင်း အလင်းကန့်လန့်ကာထဲမှ သူတော်စင် အထွတ်အထိပ် လူငယ်တစ်ယောက် လွင့်ထွက်လာသည်။

ဝုန်း!

သူ့ခန္ဓာကိုယ်က ဘုန်းခနဲ ပြတ်ကျလာပြီး သွေးတစ်လုပ် အန်ကာ မျက်နှာက စက္ကူစကဲ့သို့ ဖြူရော်နေ၏။

“သားပဲ”

ထိုအချိန်၌ လူအိုကြီးတစ်ယောက်နှင့် ဒါဇင်ချီသော အင်မော်တယ်မျိုးနွယ်များက ခပ်သွက်သွက် လျှောက်လာပြီး ထိုလူငယ်လေးကို ဖေးကူလိုက်သည်။

“သား၊ မင်းအဖေကို ပြောပြစမ်း၊ မင်း မှတ်ဉာဏ်မုန်တိုင်းထဲကနေ မင်း ဘာတွေရလိုက်လဲ”

ထိုအဘိုးအို စိတ်လှုပ်ရှားလာသည်။ ပြောရလျင် ယခင်က လူပေါင်းများစွာတို့က ကြီးမားသော အခွင့်အရေးများကို ရရှိခဲ့ကြသည်။ ထိုစကားကြောင့် လူငယ်လေး၏ မျက်လုံးမှ မျက်ရည်များ တတောက်တောက် စီးကျလာသည်။ ပြင်းထန်သော ဝမ်းနည်းပူဆွေးမှုက သူ့ကို လွှမ်းခြုံလာ၏။

“ကျွန် … ကျွန်တော် ခေါင်းမပါတဲ့ ကလေးမလေးတစ်ယောက်က အစ်ကိုကြီးလို့ ခေါ်နေတာကို တွေ့ခဲ့တယ်။ အရမ်း သနားစရာကောင်းလွန်းလို့ ငိုတောင်ငိုရတယ်။ ကြည့်ရတာ သူက ကောင်လေးတစ်ယောက်ကို စောင့်နေတဲ့ပုံပဲ၊ စောင့်နေတာမှ နှစ်ပေါင်းများစွာ မရေတွက်နိုင်လောက်အောင်ကို စောင့်နေတာ”

“ကျွန်တော် ဘာလို့ ငိုနေတာလဲ၊ ဘာလို့ ကျွန်တော့်မျက်ရည်တွေက မရပ်တော့တာလဲ”

ဤမြင်ကွင်းက ဘေးနားမှ လူများကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ဤမှတ်ဉာဏ်မုန်တိုင်း၏ အစွမ်းက အလွန် သန်မာလှပြီး လူငယ်ပါရမီရှင်များ၏ အာရုံကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

သူတို့အား တငိုငို၊ တရယ်ရယ် ဖြစ်သွားစေသည်။ ဤသည်မှာ အစပိုင်းသာ ရှိသေးသည်။ မုန်တိုင်း အလင်းကန့်လန့်ကာထဲမှ နတ်မိမယ်တစ်ယောက် လွင့်ထွက်လာပြန်သည်။

“မလုပ်နဲ့”

ထိုနတ်မိမယ်၏ မျက်နှာထက်တွင် အလွန် ပူဆွေးဟန်များ ထင်ဟပ်နေပြီး သူမအမူအရာက အားလုံး၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

“အစ်ကိုကြီး၊ ညီမ ကွတ်ကီး မလိုချင်ဘူး၊ ညီမ အစ်ကိုကြီးကို အသက်ရှင်စေချင်တာ၊ အစ်ကိုကြီး အသက်ရှင်နေသရွေ့ ဟွမ်အာ ကျေနပ်ပါပြီ”

“အရူး၊ ရှင့်လက်တွေ၊ ရှင့်ခြေထောက်တွေ ကျိုးနေပြီ၊ ရှင့်အသက်တောင်မှ ဆုံးရှုံးလုနီးပါး ဖြစ်နေပြီ၊ ဘာမဟုတ်တဲ့ ကွတ်ကီးလေးအတွက် ထိုက်တန်ရဲ့လား”

နတ်မိမယ်လေး၏ မျက်ဝန်းများ မျက်ရည်များ စီးကျလာသည်။ သူမက အလွန် ဝမ်းနည်းစွာ ငိုကြွေးနေ၏။ ထိုမှတ်ဉာဏ်အတွင်း နစ်မြုပ်နေပြီး သူမကိုယ်သူမ ကိုယ်လွတ်ရုန်းထွက်နိုင်ပုံရသည်။

ဝုန်း!

နောက်ထပ် အဘိုးအိုတစ်ယောက် အသည်းအသန် ထွက်လာသည်။ သူ့မျက်နှာထားက ဒေါသကြောင့် တင်းမာခက်ထန်နေပြီး ခက်ထန်သော အရှိန်အဝါက အားလုံးကို ကြောက်လန့်သွားစေသည်။

“ဟွမ်အာ မင်းကို ကောင်းကင်ဘုံက ခေါ်သွားရင် ငါ ကောင်းကင်ဘုံကို ဖျက်ဆီးပစ်မယ်။ လောကကြီးက မင်းကို ခေါ်ဆောင်သွားရင် ငါ လောကကြီးကို ဖျက်ဆီးပစ်မယ်”

“သက်ရှိသတ္တဝါအားလုံးက မင်းကို ခေါ်သွားခဲ့ရင် ငါ အဲ့သတ္တဝါတွေနဲ့ အားလုံးကို သတ်ပစ်မယ်ကွ”

ထိုအဘိုးမှာ မိန်းကလေး၏ ပြင်းထန်သော ဒဏ်ရာများကို မြင်ပြီး ပြောလာသည့် စကားများဖြစ်လေသည်။ ထိုစကားလုံးများသည် သူမစိတ်ထဲ၌ ထာဝရရှိနေသော စကားများ ဖြစ်သည်။

တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်လာကြသည်။ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်က တုန်လှုပ်လာလေသည်။ သူ၏ နတ်ဆိုးစိတ်ဝိညာဉ်ပါ တုန်ခါလာသည်။ မျက်လုံးများက ရဲရဲနီ၍ သူ့အား မိစ္ဆာတစ်ကောင်ကဲ့သို့ ရူးသွပ်သွားစေသည်။

“ဟွမ်အာ၊ သူ ... သူက ဟွမ်အာပဲ”

တစ်လှမ်း၊ ထို့နောက် နောက်တစ်လှမ်း။ မှတ်ဉာဏ်မုန်တိုင်းထဲသို့ ယဲ့ဖန် ဖြည်းဖြည်းချင်း လှမ်းသွားလိုက်သည်။

သူ၏ ခြေလှမ်းများက မအံ့မှန်းနိုင်လောက်အောင် လေးလံ၍ သူ၏ခန္ဓာကိုယ်မှ ဝမ်းနည်းပူဆွေးသည့် ခံစားချက်များ ပျံ့နှံ့လာသည်။

ထိုအခိုက်တွင် မှတ်ဉာဏ်မုန်တိုင်းထဲသို့ ယဲ့ဖန် လျှောက်လှမ်းသွားသည်ကိုမြင်ပြီး အင်မော်တယ်ကလန်မှ သိုင်းပညာရှင်များအားလုံး အုတ်အောင်သောင်းတင်း ဖြစ်သွားကြသည်။

“အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လား၊ ဘာမဟုတ်တဲ့ ကောင်လေးက အမွေအနှစ်ကို အာဂုံဆောင်ပြီး အရယူဖို့ ကြိုးစားနေတာလား။ အရူးပဲ”

“သူတော်စင်အဆင့်အောက်က လူတိုင်း ဝင်သွားတာနဲ့ သေကိုသေရမှာပဲ။ ကြည့်နေ ... အဲ့ကောင်လေးလည်း ပြင်းထန်တဲ့ မှတ်ဉာဏ်တွေကြောင့် သေချာပေါက် အသတ်ခံရလိမ့်မယ်”

“...”

ဘေးပတ်လည်မှ လူများအားလုံးသည် အထင်သေး၍ လက်သင့်မခံသော မျက်နှာထားများဖြင့် ပြောဆိုနေကြ၏။ အားလုံး၏ အကြည့်အောက်၌ ယဲ့ဖန်တစ်ယောက် မှတ်ဉာဏ်မုန်တိုင်းထဲသို့ လှမ်းဝင်သွားလေတော့သည်။

Chapter 560 ငါကလွဲပြီး ဘယ်သူမှ မရှိစေရဘူး

ဝုန်း! ဝုန်း! ဝုန်း!

မှတ်ဉာဏ်မုန်တိုင်း၏ အလင်းကန့်လန့်ကာတွင်း၌ ပြင်းထန်သော မှတ်ဉာဏ်တစ်ခုက ဟာရီကိန်းမုန်တိုင်းကဲ့သို့ တိုက်ခတ်လျက် ရှိသည်။

ထိုမှတ်ဉာဏ်များသည် အလွန်အမင်း ရှုပ်ယှက်ခက်နေ၏။ ထိုအရာက ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့ ကြီးပြင်းလာသည့် ဇာတ်လမ်းတစ်ခု ဖြစ်ပုံရသည်။

အားလုံး၏ မျက်စိရှေ့၌ ပေါ်လာသော ထိုပုံရိပ်က သူတို့အား တုန်ယင်စေ၍ ရူးမတတ် ဖြစ်သွားစေသည်။ မှတ်ဉာဏ်၏ မျိုးစေ့ထဲ၌ နစ်မျောနေပြီး သူတို့ကိုယ်သူတို့ ရုန်းမထွက်နိုင်တော့ချေ။

“အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လား”

ယခုအခါတွင် မှတ်ဉာဏ်တိုက်စားမှုကို ခုခံနေသော သိုင်းပညာရှင်များစွာတို့က ယဲ့ဖန်ကို သတိထားမိသွားပြီး အားလုံး အံ့အားသင့်၍ အထင်သေးလှောင်ပြောင်သော မျက်နှာထားများ ဖြစ်လာကြလေသည်။

“တကယ့်ကို အရူးပဲ၊ အင်မော်တယ် သူတော်စင်အဆင့်က သိုင်းပညာရှင်တောင် ဒီမှတ်ဉာဏ်တွေကြောင့် လုံးဝ ရှင်းလင်းခံခဲ့ရတာ။ ဘာမဟုတ်တဲ့ အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လေးက ကိုယ့်သေတွင်း ကိုယ်တူးနေတာလား”

“ထားလိုက်ပါ၊ ခဏလောက်နေရင် ကံဆိုးတာက ဘာလဲ၊ စိတ်ဓာတ်ကျရတာ ဘာလဲဆိုတာကို သူ သိသွားလိမ့်မယ်”

“...”

ထိုသိုင်းပညာရှင်များသည် မကြာသေးခင်ကမှ ထွက်လာကြသည့် သူများ ဖြစ်ကြသည်။ သူတို့သည် အင်မော်တယ် ခွန်အားများနှင့် မှတ်ဉာဏ်တိုက်စားမှုကို ခုခံရန် ရုန်းကန်နေရသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ့ဘေးပတ်လည်မှလူများကို အရေးမစိုက်ဘဲ အလင်းကန့်လန့်ကာထဲမှ ပုံရိပ်များကိုသာ စိုက်ကြည့်နေသည်။သူ့မျက်နှာထက်၌ ရူးသွပ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“ဟွမ်အာ ... ဟွမ်အာ”

ယဲ့ဖန်သည် အလင်းကန့်လန့်ကာကို ကြည့်ရင်း သူ့နှလုံးသား သွေးစိမ်းရှင်ရှင် ယိုစီးနေသလို ခံစားနေရသည်။

“အစ်ကိုကြီး၊ အစ်ကိုကြီး၊ ဟွမ်အာ ဘာသယ်လာလာလဲ ကြည့်ပါဦး”

အလင်းကန့်လန့်ကာထဲ၌ ဆံပင်အဝါရောင်လေးနှင့် အနုပ်စုတ်ကုပ်စုတ် ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ထံသို့ ပြေးလာပြီး ထိုင်ချလိုက်သည်။ သူမမျက်နှာလေးက ပေကျံ၍ ဆံပင်များက ရှုပ်ပွကာ အဝါရောင်သန်းနေသည်။

သူမ၏ အဝတ်အစားက သူ့ထက်ကြီး၍ စုတ်ပြတ်နေပြီး ဖာထေးရာများနှင့် ပြည့်နှက်နေသော်လည်း သူမ၏ အပြုံးက ပန်းပွင့်ကဲ့သို့ လှပနေသည်။

“ဟွမ်အာ မင်း ဘာလို့ အမြဲ စကားနားမထောင်ရတာလဲ၊ ငါ မင်းကို မပြောခဲ့ဘူးလား၊ ငါ နောက်မှ စားစရာ သွားရှာပါ့မယ်လို့၊ အပြင်ဘက်က မင်းကို သွားခွင့်ပေးဖို့အတွက် အရမ်း အန္တရာယ်များလွန်းတယ်”

အလွန်အားနည်းသော ကောင်းလေးက မြက်ပုံများ စုထားသော အခင်းပေါ်မှ မနည်းအားတင်း၍ ထလာသည်။ သူသည် ဖြူဖပ်ဖြူရော်ပုံပေါက်၍ သေလုမျောပါး ဖြစ်နေ၏။ အချိန်မရွေး သေသွားလောက်ပုံပေါ်သည်။

ထိုစကားကြောင့် ဟွမ်အာက ချိုသာစွာ ပြုံးလာသည်။

“အစ်ကိုကြီး ရှင်က ထိခိုက်ထားတာလေ၊ ဟွမ်အာက အစ်ကိုကြီးကို ဂရုစိုက်ရမှာပေါ့”

ထိုသို့ပြောနေရင်းနှင့် ကောင်မလေး၏ နှုတ်ခမ်းက တွန့်ကွေးလာသည်။

“အခုချိန် အစ်ကိုကြီးကို ဂရုစိုက်ရုံတင်မဟုတ်ဘူး၊ ညီမ အရွယ်ရောက်လာလို့ရှိရင် အစ်ကိုကြီးကို ညီမ တစ်သက်လုံး စောင့်ရှောက်ပေးပါ၊ တစ်သက်လုံးနဲ့ ထာဝရပေါ့”

ထိုကောင်မလေး၏ စကားများကြောင့် ထိုကောင်လေးရင်ထဲ မချိမဆံ့ ခံစားသွားရပြီး သူမ၏ ခေါင်းလေးကို ပွတ်လိုက်မိသည်။

“အရူးမလေး”

ကောင်မလေးသည် သူမခေါင်းကို ထိုကောင်လေး ပွတ်ပေးသည်ကို အလွန် ကျေနပ်ပုံပေါ်နေပြီး သူမ၏ ပေကျံနေသော မျက်နှာလေး၌ ချိုမြိန်သော အပြုံးလေးတစ်ခု ပွင့်လန်းလာသည်။ ထိသို့သောအခိျိန်၌ သူမသည် အိတ်ကြီးထဲမှ အစားအစာ တစ်ခုကို ထုတ်၍ ကောင်လေးကို ပေးလိုက်သည်။

“အစ်ကိုကြီး ဒါကို ကြင်နာတတ်တဲ့ ဦးလေးကြီးတစ်ယောက်က ညီမကို ပေးလိုက်တာ။ အစ်ကိုကြီး စားလေ”

ထို့နောက် ကောင်မလေးက ထိုအစားအစာကို ကောင်လေးလက်ထဲ ထည့်ပေးလိုက်လေသည်။

ထိုအစားအစာသည် ပူပူနွေးနွေး ဖုတ်ထားသည့် ပေါင်မုန့်တစ်လုံးပင်။ ထိုပေါင်မုန့်ကိုကြည့်ပြီး ကောင်လေးက မသိမသာ မျက်မှောင်ကြုတ်သွားသည်။

“ဟွမ်အာ၊ ဒါကို တကယ်ပဲ မင်းကို ပေးခဲ့တာလား”

အဘယ်ကြောင့်ဆိုသော် ဤဂြိုဟ်ပေါ်မှလူများက စဉ်းလဲကြသည်ကို ထိုကောင်လေး သိနေသောကြောင့်ပင်။ လူအချင်းချင်း အရိုးချိုး၍ အသွေးအသားကိုပင် ဝါးမျိုနိုင်လောက်သည်အထိ ရက်စက်ကြမ်းကြုတ်သော သူများပင် ဖြစ်လေသည်။ ဤမျှ ကြင်နာတတ်သော တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ မယုံကြည်ပါ။

ထိုကောင်လေး၏ မေးခွန်းကြောင့် ကောင်မလေး၏ ချစ်စဖွယ်ကိုယ်လေးက တုန်ယင်သွားပြီးနောက် ပြုံး၍ ပြောလာသည်။

“အစ်ကိုကြီး၊ ညီမပြောတာ အမှန်ပါ။ သဘောကောင်းတဲ့ ဦးလေးကြီးက တကယ် ညီမကို သနားသလိုကြည့်ပြီး ဒီမုန့်ကို ပေးလိုက်တာလေ”

ထိုသို့ပြောပြီး ကောင်မလေးက တစ်ဖက်သို့ ရွှေ့သွားသည်။ သူမသည် သူမ၏ အရေပြားလန်၍ အသားများကိုပင် မြင်နေရပြီး သွေးများနှင့် ပြည့်နှက်၍ ဒဏ်ရာဗလပွ ဖြစ်နေသော ကျောပြင်ကို ကောင်လေးအား မမြင်စေလိုပါ။

တောက်! တောက်!

သူမ၏ ကျောပြင်၌ သွေးများဖြင့် ရွှဲစိုနေသည်။ သူမနဖူး၌ ချွေးစေးများ စို့နေသော်လည်း သူမက နွေးထွေးစွာ ပြုံးနေသေးလေသည်။

ကောင်လေးက သူမကို သေချာစိုက်ကြည့်၍ ဘာမှထပ်မပေးတော့ချေ။ ထို့နောက် သူသည် ပေါင်မုန့်ကို ပိုင်းလိုက်သည်။ နောက်ဆုံးတွင် ခပ်ကြီးကြီး ပေါင်မုန့်ပိုင်းတစ်ခုအား ကောင်မလေးထံ လှမ်းပေးလေသည်။

“ဟွမ်အာ ဒါစားလိုက်”

*ဟင်*

ဟွမ်အာ မသိမသာ တောင့်ခနဲ ဖြစ်သွားပြီးနောက် ခေါင်းလေးကို အသာခါလိုက်သည်။

“ဟင့်အင်း၊ အစ်ကိုကြီး ညီမ အပြင်မှာ စားလာခဲ့ပြီးပြီ၊ တကယ်ပါ”

ကောင်မလေးက ထိုသို့ပြောသော်လည်း အဆာလွန်နေသည့် ခံစားချက်က သူမအား အနည်းငယ် နာကျင်စေသည်။ သူမ သတိမလစ်သွားအောင် အလွန် သတိထားနေရသည်။ သို့သော် ကောင်လေးသည် သူမလက်ထဲသို့ ထိုပေါင်မုန့်ပိုင်းကို အတင်းထိုးပေးလေသည်။

“အရူးလေး၊ ငါက မီးဖုတ်ထားတဲ့ ပေါင်မုန့်အပြင်သားပဲ စားတယ်၊ ဘယ်တော့မှ ပေါင်မုန့်အတွင်းသားကို မစားဘူး”

ကောင်လေးက ကောင်မလေးကို ခပ်ဖွဖွပြုံး၍ ကြည့်နေ၏။

“အဲ့ … အဲ့ဒါ တကယ်ပြောတာလားဟင်”

ကောင်မလေး နားဝေတိမ်တောင် ဖြစ်နေသည်။ သူမ ငြင်းချင်နေသည်။ သို့သော် ကောင်လေး၏ ခပ်စူးစူး အကြည့်ကြောင့် သူမ ကိုယ်လေး တုန်ယင်သွားသည်။ ထို့နောက် သူမ ပေါင်မုန့်သားကို ကိုင်ထားရင်း မျက်ရည်များ စီးကျလာသည်။

“မြန်မြန်လုပ်လေ၊ စားပြီး အိပ်တော့”

ကောင်လေးက ကောင်မလေး၏ ကျောကို သေချာလှမ်းကြည့်၍ ပြုံးကာ ပြောလေသည်။ ထို့နောက် ကောင်လေးက ပေါင်မုန့်အပြင်သားကိုသာ စားနေပြီး ကောင်မလေးက ပေါင်မုန့်အတွင်းသားကို စားသောက်နေ၏။

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ပြုံးရယ်ကြသည်။ ဤသို့သော ပျော်ရွှင်မှု၊ နွေးထွေးမှုသည် အစားထိုးမရနိုင်ချေ။

ညအချိန်သို့ရောက်သောအခါ ကောင်မလေးသည် တဖြည်းဖြည်းနှင့် အိပ်မောကျသွားတော့သည်။ နောက်တစ်နေ့သို့ ရောက်သောအခါ သူမကျောရှိ ဒဏ်ရာမှ စပ်ဖျင်းဖျင်း ဖြစ်ကာ ကိုက်ခဲနေသောကြောင့် သူမ နိုးလာသည်။

သူမသည် ကောင်လေး အိပ်နေသည်ကို အနှောင့်အယှက်ပေးသလို ဖြစ်သွားမည်စိုး၍ သူမပါးစပ်ကို လက်ဖြင့်အတင်းအုပ်၍ နာကျင်မှုကြောင့် မညည်းညူမိအောင် ကြိုးစားနေရှာသည်။

ထိုစဉ် ကောင်မလေး တစ်ဖက်သို့လှည့်လိုက်သောအခါ ကောင်လေး အိပ်နေကျနေရာ၌ ဗလာကျင်းနေသဖြင့် သူမ ထိတ်လန့်သွားသည်။

“အစ်ကိုကြီး၊ အစ်ကိုကြီး”

ကောင်မလေး စိုးရိမ်တကြီး ထရပ်လိုက်မိသည်။ သူမ တစ်ခုခုကို ခံစားမိနေသည်။ သူမကိုယ်မှ နာကျင်မှုကို လျစ်လျူရှုရင်း တဲစုတ်လေးထဲမှ အတင်း ထွက်လာလိုက်သည်။

တဲစုတ်လေး၏ အပြင်ဘက်၌ မည်သူမှမရှိချေ။ သူမစိတ်ထဲ ထင့်ခနဲ ဖြစ်သွားရသည်။ သူမ အသည်းအသန် အော်ငို၍ သူ့ကို လိုက်ရှာမိသည်။ သူမ သူ့ကို ရင်တထိတ်ထိတ်နှင့် တလမ်းပြီး တလမ်း လိုက်ရှာလေသည်။

ကောင်မလေး ဘယ်နှစ်ခေါက်မှန်းမသိ လဲကျခဲ့သည်။

“တစ်ခုခု ဖြစ်လို့ မရဘူး၊ အစ်ကိုကြီး ရှင် တစ်ခုခု ဖြစ်လို့ မရဘူးနော်”

ကောင်မလေး ငိုယိုထားသဖြင့် မျက်လုံးများက မို့တက်၍ လည်ချောင်းထဲ စူးနင့်နေသည်။ နောက်ဆုံးတွင် သူမ တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူမ မျက်နျာပျက်၍ စားသောက်ဆိုင်တစ်ဆိုင်သို့ အရူးသဖွယ် ပြေးသွားမိသည်။

ထိုစားသောက်ဆိုင်သည် မနေ့က သူမ သွားခဲ့သော ဆိုင်ဖြစ်သည်။ ထိုပေါင်မုန့်သည် သူမ အလကားရခဲ့သောမုန့် မဟုတ်ချေ။ သူမ … ခိုးယူခဲ့ခြင်း ဖြစ်သည်။

ထိုကောင်လေးအတွက်၊ သူ အသက်ဆက်ရှင်ရန်အတွက်နှင့် သူ ငတ်မွတ်ခြင်းမှ အသက်ဆက်နိုင်ရန် အတွက် သူမ ခိုးခဲ့ပြီး လူမိသွားခဲ့သည်။ သူမ သနားပါရန် တောင်းပန်ခဲ့ပါသည်၊ သူမ စိတ်ဓာတ်ကျခဲ့သည်။ သို့သော် ထိုဆိုင်ပိုင်ရှင်သည် အညှာအတာကင်းမဲ့၍ ရက်စက်သည်။

သူသည် သံကျာပွတ်ကိုသုံး၍ သူမကျောကို ထပ်ခါထပ်ခါ ရိုက်နှက်ခဲ့သည်။ သူမ အရေပြား စုတ်ပြဲ၍ သူမကျောသည် ရစရာမရှိအောင် စုတ်ပြတ်ခဲ့သော်လည်း အသက်ကယ်နိုင်မည့် ပေါင်မုန့်လေးအတွက်နှင့် သူမ တောင့်ခံခဲ့သည်။

“မဟုတ်ဘူး၊ အစ်ကိုကြီးအတွက်၊ မလုပ်ပါနဲ့”

ကောင်မလေး ရူးမတတ် ဖြစ်နေသည်။ သူမကျောပြင်မှ ဒဏ်ရာများမှနေ၍ သွေးများစိမ့်ထွက် လာသော်လည်း သူမ မသိချင်ယောင်ဆောင်ထားသည်။

သူမ လဲကျလျင် ပြန်ထသည်၊ ပြန်ထပြီး ထပ်လဲကျပြန်သည်။ သူမ တုန်တုန်ယင်ယင်နှင့် စားသောက်ဆိုင် တံခါးဝသို့ ပြေးလာခဲ့သည်။

လူပေါင်းများစွာက တစ်စုံတစ်ခု ပြောနေသည်ကို မြင်နေရပြီး အားလုံး၏ မျက်နှာ၌ ကြောက်စိတ်များ စွန်းထင်းနေသည်ကို သူမ တွေ့နေရသည်။

အထူးသဖြင့် သူမကို ရိုက်ခဲ့သည့် စားသောက်ဆိုင်ပိုင်ရှင်ပင်။ သူ၏လက်မောင်းတစ်ဖက်သည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်၏ ကိုက်ဖြတ်ခြင်းကို ခံထားရပုံပေါ်ပြီး ကျိုးပဲ့နေသည်။ သွေးများ ပန်းထွက်၍ အရိုးက ငေါထွက်နေလေသည်။

သူ၏ ခက်ထန်သော မျက်နှာပေါ်၌ အလွန်အမင်း ကြောက်လန့်နေဟန်များ ထင်ဟပ်နေ၏။

“အရူး၊ မင်းက ဘာလို့ ဒီလောက် ရူးရတာလဲ”

ထိုသူဌေးသည် စားသောက်ဆိုင်ကို မျက်နှာမူလျက် မကောင်းသော တစ်စုံတစ်ခု ဖြစ်နေသကဲ့သို့ အရူးအမူး အော်ဟစ်နေ၏။

ကောင်မလေး ဆိုင်တံခါးဝသို့ ရောက်လာပြီး အထဲသို့ လှမ်းကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားလေသည်။ စားသောက်ဆိုင်ထဲ၌ သွေးများက နေရာအနှံ့ ပေကျံနေသည်။ သွေးသံရဲရဲနှင့် ခပ်ပိန်ပိန် ကောင်လေးတစ်ယောက်က သွေးအိုင်ထဲ၌ မောပန်းဟန်ဖြင့် ထိုင်နေသည်။ သူ့ဦးခေါင်းမှ သွေးများ စီးကျနေသည်။ သူ့ကိုယ်၌ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။ သူ့နှုတ်ခမ်းထောက်၌ တစ်ခုခုကို ကိုက်ထားဟန်ဖြင့် သွေးသံတရဲရဲနှင့် အသားစတစ်ခုကို မြင်နေရသည်။

စားသောက်ဆိုင်ပိုင်ရှင်၏ လက်မောင်းတစ်ဖက်က သူ့မျက်စိရှေ့၌ ရှိနေသည်။ သွေးများနှင့် ရွှဲနစ်၍ ဒေါသူပုန်ထနေသည်။

ကောင်မလေးကို မြင်သည်နှင့် ထိုကောင်လေးက ရယ်လာသည်။ သူက အားပါးတရပြုံး၍ ကောင်မလေးကို လှမ်းကြည့်နေ၏။

“အရူးမလေး၊ ဒီလောကကြီးထဲမှာ ငါ တစ်ယောက်တည်းပဲ မင်းကို အနိုင်ကျင့်နိုင်တယ်လို့ ငါ ပြောခဲ့တယ်လေ”

“ငါကလွဲပြီး … ဘယ်သူမှ အဲ့လိုလုပ်ခွင့်မရှိဘူး”

Chapter 561 ရှင့်ကို နေရာတိုင်းမှာ လိုက်ရှာမယ်

မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပြောင်းလဲလာသလို ရင်ထဲမှာလည်း နာကျင်လာရသည်။ ထိုသို့သောအချိန်၌ ယဲ့ဖန်သည် အလင်းကန့်လန်ကာကိုကြည့်ပြီး သွေးမျက်ရည်များ စီးကျလာလေသည်။

သူနှင့်ဟွမ်အာတို့ တဖြည်းဖြည်း ကြီးပြင်းလာသည်ကို သူ မြင်ခဲ့ရသည်။ အူးလန်ဂြိုဟ်ပေါ်မှ စတင်၍ သူတို့ ဘေးချင်းယှဉ်၍ တိုက်ခိုက်ခဲ့ကြသလို ဂြိုဟ်တစ်လုံးပြီးတစ်လုံးကို သိမ်းပိုက်ရင်း ဂြိုဟ်စုနယ်မြေများကို တစ်ခုပြီးတစ်ခု စိုးမိုးခဲ့ကြသည်။

တစ်နေ့တွင် သူသည် နတ်ဆိုးဧကရာဇ် ဖြစ်လာခဲ့ပြီး သူမသည် ဧကရီ ဖြစ်လာခဲ့ကာ စကြဝဠာကြီးကို ကြီးစိုး၍ ယှဉ်ပြိုင်သူ မရှိခဲ့ချေ။

တစ်နေ့တွင် နတ်ဆိုးဧကရာဇ် ကျဆုံးသွားသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အလင်းကန့်လန်ကာ၏ အလင်းတန်းပေါ်၌ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးတစ်ယောက်က အူးလန်ဂြိုဟ်ပေါ်တွင် အချိန်အတော်ကြာ ရပ်နေခဲ့သည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ သူမပါးပြင်ထက်၌ မျက်ရည်များ တသွင်သွင် စီးကျနေသည်။

ဟွမ်အာ ရင်ကွဲခဲ့ရသည်။ သူမသည် ကလေးမလေးတစ်ယောက် သူမအနှစ်သက်ဆုံးအရာကို ဆုံးရှုံးလိုက်သကဲ့သို့ အော်ဟစ်၍ လမ်းတစ်လမ်းပြီးတစ်လမ်းကို လျှောက်ရင်း ငိုယိုနေရှာသည်။

“အစ်ကိုကြီး၊ အစ်ကိုကြီး”

သူမသည် တုန်ယင်နေသော ကိုယ်လေးနှင့် ထိုသူ၏ပုံရိပ်ကို လိုက်ရှာနေရှာသည်။

ဝမ်းနည်း၍ မျှော်လင့်ချက် ကင်းမဲ့နေခဲ့သည်။ ထိုယူကြုံးမရစွာ အော်ငိုသံက ဂြိုဟ်တစ်ခုလုံးထံသို့ ပဲ့တင်ထပ်နေခဲ့သည်။

သူမ ရှာမတွေ့ချေ။ သူမ မည်သည့်နည်းနှင့်မျှ ရှာမတွေ့ခဲ့ချေ။ ဟွမ်အာသည် ထိုတဲစုတ်လေး၌ ဝမ်းနည်းညှိုးငယ်စွာ လှဲလျောင်း၍ သုံးရက်သုံးညတိတိ ငိုယိုခဲ့ပြီး မျက်ရည်များ ခမ်းခြောက်လုမတတ် ဖြစ်ခဲ့ရသည်။

ထို့နောက် သူမ အူးလန်ဂြိုဟ်မှ ထွက်လာခဲ့သည်။ လက်စားချေခြင်း။ သူမ နတ်ဘုရားမျိုးနွယ်၏ နယ်မြေထဲသို့ ဖြတ်သန်းသွားလာ၍ သတ်ဖြတ်ခဲ့သည်။

ဟွမ်အာသည် သတို့သမီးဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ လက်နှစ်ဖက်၌ သွေးများနှင့် စွန်းထင်းခဲ့သည်။ နတ်ဘုရားမျိုးနွယ်တို့၏ အရိုးများက တောင်လိုပုံ၍ နတ်ဘုရားမျိုးနွယ်၏ အရိုးများက နေရာတိုင်း၌ ပျံ့ကြဲနေသည်။

ထိုသို့သောအချိန်၌ နတ်ဘုရားမျိုးနွယ်သည် အဆုံးသတ်ချိန်သို့ ရောက်လာတော့မည်ဟု ထင်မှတ်မှားရသည်။ နတ်ဘုရားနယ်မြေတစ်ခုလုံး၌ နတ်ဘုရားမျိုးနွယ်တို့၏ နာနာကျင်ကျင် အော်ဟစ်သံများနှင့် ပြည့်နှက်နေသည်။

အနီရောင်ဝတ်စုံနှင့် ဟွမ်အာသည် လက်နှစ်ဖက်လုံးဖြင့် နတ်ဘုရားမျိုးနွယ်အားလုံးကို သတ်ခဲ့သည်။ သူမသည် သေသွားသည့်သူအတွက် ယဇ်ပူဇော်ရန် နတ်ဘုရားမျိုးနွယ်တို့၏ သွေးကို အသုံးပြုခဲ့သည်။ သေသွားသည့်သူ့အတွက် လက်စားချေရန် နတ်ဘုရားတို့၏ အသက်ကို အသုံးပြုခဲ့သည်။

နတ်ဘုရားမျိုးနွယ်တစ်ခုလုံး အထိတ်တလန့် ဖြစ်ခဲ့ရသည်။

နတ်ဘုရားမျိုးနွယ်၏ အရှင်သခင်က ကျန်ရှိသောသူများကို ဦးဆောင်၍ ရှောင်တိမ်းခဲ့ပြီး ပြန်ထွက်ပေါ်လာခြင်း မပြုခဲ့ချေ။ ထို့နောက် သူမသည် အင်မော်တယ်မျိုးနွယ်သို့ ဦးတည်ခဲ့သည်။

မှတ်ဉာဏ် အလင်းကန့်လန့်ကာပေါ်၌ မရေတွက်နိုင်သော အင်မော်တယ်မျိုးနွယ်များ မရှုမလှ သေဆုံး၍ စိတ်ဓာတ် ပျက်ပြားခဲ့ကြသည်ကို ယဲ့ဖန် တွေ့နေရသည်။

လောကထဲ၌ မရေတွက်နိုင်သော အင်မော်တယ်မျိုးနွယ်တို့၏ အလောင်းများက လွင့်မျောနေခဲ့သည်။ ထို့နောက် မကောင်းဆိုးဝါး မျိုးနွယ်သို့ သူမ ထွက်ခွာခဲ့သည်။

ကြီးမြတ်သော မျိုးနွယ်သုံးခုလုံး၌ ဟွမ်အာ၏ သတ်ဖြတ်ခြင်းကြောင့် သွေးများက မြစ်သဖွယ် စီးဆင်းခဲ့လေသည်။ အားလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့သည်။

ထို့နောက်တွင် လောကသခင်သုံးပါးက အတူပူပေါင်း၍ ဟွမ်အာအား ကမ္ဘာဦးချောက်နက်ထဲသို့ ကျသွားအောင် တိုက်ခိုက်ခဲ့သည်။ စကြဝဠာကြီးတစ်ခုလုံး တုန်ခါ၍ ဟင်းလင်ပြင် အက်ကွဲခဲ့သည်။

နောက်ဆုံးတွင် ဟွမ်အာ အလွန် ရူးမတတ် ဖြစ်ခဲ့သည်။ သုံးယောက်တစ်ယောက် တိုက်ခိုက်ရသော်လည်း သူမသည် လောကသခင်သုံးပါးကို ဖိအားပေး၍ တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့ခန္ဓာကိုယ်များက ပေါက်ကွဲလုမတတ် ဖြစ်ခဲ့ရသည်။ သူတို့အရိုးများ ကျိုးကြေမတတ် ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် ဟွမ်အာသည် လောကသခင်သုံးပါး၏ ကိုယ်ကို ထက်ပိုင်းပိုင်းနိုင်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။

ထိုတိုက်ပွဲသည် အလွန်အမင်း ထိတ်လန့်၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ အတော်လေး ကြောက်စရာကောင်းသည့် အမျိုးသမီးပင်။

သို့သော် ဟွမ်အာက လောကသခင်သုံးပါးကို ဖိအားပေး၍ တစ်ချက်တည်းနှင့် တိုက်ခိုက်တော့မည့် အချိန်တွင် ကြောက်မက်ဖွယ် လက်ဝါးတစ်ဖက်က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်။

ကမ္ဘာဦး အုပ်ချုပ်သူ။

သူသည် ဟွမ်အာ သတိလက်လွတ် ဖြစ်နေချိန်၌ သူမကျောပြင်ကို အားနှင့် ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ ဟွမ်အာသည် ကမ္ဘာဦးချောက်နက်ထဲသို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားခဲ့လေသည်။ သူမ၏ အနီရောင်ဝတ်စုံလေးသည် သွေးများနှင့် ရဲရဲတောက်လျက် ရှိသည်။ သို့သော် သူမအပြုံးလေးက ရီဝေဝေနှင့် စွဲမက်ဖွယ်ကောင်းနေ၏။

“အစ်ကိုကြီး … ရှင် ဒီအတိုင်း သေသွားလို့ မဖြစ်ဘူးလေ”

“ဟွမ်အာက မင်္ဂလာဝတ်စုံနဲ့ကို၊ ကျွန်မ ရှင့်ကို နေရာတိုင်းမှာ လိုက်ရှာမှာ”

ထို့နောက် သူမ မျက်လုံးကိုမှိတ်၍ မျက်ခုံးကြားကို လက်ညှိုးဖြင့် ဖိလိုက်သည်။ ထိုအခါ မှတ်ဉာဏ်မျိုးစေ့က သူမကိုယ်ထဲမှ ထွက်ပေါ်လာပြီး အခြားသို့ အရှိန်အဟုန်နှင့် လွင့်ထွက် သွားလေသည်။ အနီရောင်ဝတ်စုံနှင့် သူမကတော့ မှောင်မိုက်နေသည့် ကမ္ဘာဦးချောက်နက်ထဲသို့ ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားရှာသည်။

“ဟွမ်အာ”

ယဲ့ဖန်သည် အလင်းကန့်လန့်ကာ တစ်ခုပြီးတစ်ခုကို ကြည့်ရင်း သူ့မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ သူ သေဆုံးသွားပြီးနောက် ဟွမ်အာ၌ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို သူ နားလည်သွားခဲ့သည်။ ဤမျိုးစေ့သည် သူမ ကမ္ဘာဦးချောက်နက်ထဲ မကျခင် ချန်ထားရစ်ခဲ့သည့် မှတ်ဉာဏ်မျိုးစေ့သာ ဖြစ်သည်။ တစ်နေ့ ပြန်လည်မွေးဖွားလာနိုင်ပြီး သူ ပြန်အလာကို စောင့်နေခဲ့ခြင်း ဖြစ်သည်။

“အရူးမလေး၊ မင်း ဘာလို့ … ဒီလောက်တောင် ရူးမိုက်ရတာလဲ”

ယဲ့ဖန် ဝမ်းနည်း၍ ရူးမတတ် ဖြစ်လာသည်။ ထိုစဉ် အလင်းကန့်လန်ကာ၏ လှုပ်ရှားမှုက ပျံ့နှံ့လာသည်။ ထိုမှတ်ဉာဏ်မုန်တိုင်းက ပို၍ ကြောက်စရာကောင်းလာ၏။ အလင်းကန့်လန့်ကာရှေ့မှ အင်မော်တယ် မျိုးနွယ်များ အပြင်းအထန် ရှင်းလင်းခံရသည်။

“အား….”

အင်မော်တယ် သိုင်းပညာရှင်တစ်ယောက်သည် ဤကြောက်မက်ဖွယ် မှတ်ဉာဏ်များကို လုံးဝ ခံနိုင်ရည် မရှိတော့ချေ။ သူ နာကျင်စွာ အော်ဟစ်လာပြီး တစ်ကိုယ်လုံး အက်ကွဲလာသည်။ သူ့ကိုယ်ထဲမှ သွေးများ စိမ့်ထွက်လာသည်။

နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး ပေါက်ကွဲ၍ သွေးမြူခိုးဖြစ်ကာ စကြဝဠာထဲ၌ လွင့်မျောသွား လေတော့သည်။

သေခြင်းတရား ကျရောက်လာသည်။ ထို့နောက်တွင် ဒုတိယလူ၊ တတိယလူ၊ ဆယ်ယောက်မြောက်လူ။

….

မှတ်ဉာဏ်မျိုးစေ့၏ အစွမ်းက ပို၍ ပြင်းထန်လာပြီး အင်မော်တယ်မျိုးနွယ်များ ပို၍သေဆုံးလာကြသည်။

အချိန်တိုအတွင်းမှာပင် ရာနှင့်ချီသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထိုသို့သောအချိန်၌ အားလုံး အေးစက်တောင့်တင်း၍ ကြောက်လန့်နေကြသည်။ မှတ်ဉာဏ်မုန်တိုင်းတစ်ခုလုံးသည် တစ်စုံတစ်ခုနှင့် ထိတွေ့လိုက်ရသကဲ့သို့ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသဖြင့် သူတို့ ခြောက်ခြားသွားရသည်။

*မကောင်းတော့ဘူး*

ထိုအခိုက်တွင် ယဲ့ဖန်ဘေးနားမှ အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်တစ်ဖွဲ့က နောက်ဆုတ်ရန် ပြင်လာသည်။ သို့သော် သူတို့ မြန်မြန် နောက်ဆုတ်လေ၊ မှတ်ဉာဏ်မုန်တိုင်းက ပို၍မြန်လာလေ ဖြစ်သည်။

ရဲရဲတောက်သော သွေးများ ဆက်တိုက်ပန်းထွက်လာပြီး များစွာသော သိုင်းပညာရှင်များသည် ကြောက်မက်ဖွယ် မှတ်ဉာဏ်များကြောင့် ပေါက်ကွဲ၍ သေဆုံးသွားကြသည်။

ထို့အတူ ပြင်းထန်သော မှတ်ဉာဏ်မုန်တိုင်းသည် ဟာရီကိန်းအသွင်ပြောင်း၍ ယဲ့ဖန်ထံသို့ ဦးတည်လာသည်။

“အဲ့ပုရွက်ဆိတ်လိုကောင်တော့ သေမှာပဲ”

ယဲ့ဖန်၏ ခွန်အားကို အာရုံခံစားမိသော လူတိုင်းက ယဲ့ဖန်အတွက် သနားနေကြသည်။ သူတို့သည် ယဲ့ဖန် ပေါက်ကွဲတော့မည်ဟု မြင်ယောင်နေကြလေသည်။ အားလုံး၏ အကြည့်အောက်မှာပင် မှတ်ဉာဏ် မုန်တိုင်းက ပို၍ ပြင်းထန်လာသည်။

“ဟွမ်အာ”

ယဲ့ဖန် ကျယ်လောင်စွာ ဟစ်ကြွေးလာသည်။ ထိုအသံသည် ရပ်တန့်သည့် ခလုတ်ကို နှိပ်လိုက်သကဲ့သို့ မှတ်ဉာဏ်မုန်တိုင်းအား ရပ်တန့်သွားစေသည်။

မှတ်ဉာဏ်မုန်တိုင်းထဲမှ တုန်ယင်၊အက်ကွဲ၍ ကြောက်လန့်အံ့ဩပြီး ဝမ်းနည်းကာ ဝေခွဲမရသော အသံတစ်သံ ထွက်ပေါ်လာသည်။

“အစ်ကိုကြီး … အစ်ကိုကြီး”

ထိုအသံသည် အလွန်အံ့ဩသည့်ပုံပေါ်နေသည်။ ချက်ချင်းဆိုသလိုပင် အားလုံး၏ မှင်တက်နေသော အကြည့်အောက်၌ မှတ်ဉာဏ်မုန်တိုင်းက မသိမသာ တုန်ခါ၍ သေးကွေးလာပြီး ကလေးမလေး တစ်ယောက်အသွင် ပြောင်းသွားသည်။

သူမသည် ယခင်ဘဝကကဲ့သို့ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ထိုအဝတ်၌ အပေါက်ရာများ၊ ဖာထေးရာများနှင့် ပြည့်နှက်နေ၏။ သို့ရာတွင် သူမ၌ ခြေတစ်ဖက်သာလျင် ရှိပြီး ကျန်တစ်ဖက်က အဖြတ်ခံထားရသည်။

ထို့အတူ လက်တစ်ဖက်သာလျင်ရှိပြီး ကျန်လက်တစ်ဖက်လည်း အဖြတ်ခံထားရသည်။ ပို၍ ထိတ်လန့်စရာကောင်းသည်က သူမဦးခေါင်း ပျောက်ဆုံးနေခြင်းပင်။ သူမခန္ဓာကိုယ်ထဲမှ တွေဝေ၍ ဝမ်းနည်းနေသော အသံ ထွက်လာခြင်း ဖြစ်သည်။

“အစ်ကိုကြီး … ဟွမ်အာရဲ့ အစ်ကိုကြီး”

ဤမြင်ကွင်းက ယဲ့ဖန်အတွက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အလွန် မှင်တက်သွားစေခဲ့သည်။ သူ့မျက်လုံးမှ သွေးမျက်ရည်များက ဆက်၍ စီးကျနေသည်။ သူသည် လက်ကိုဆန့်၍ တုန်ယင်စွာ ပြောလိုက်သည်။

“ဟွမ်အာ၊ ငါက အစ်ကိုကြီးလေ”

ဤနူးညံ့သိမ်မွေ့သော စကားလုံး၌ မဖော်ပြနိုင်လောက်သော လွမ်းဆွတ်တမ်းတမှုများနှင့် ပြည့်နှက်နေသည်။ ထိုအခါ ကလေးမလေး ကတုန်ကယင် ဖြစ်သွားပြီး ငိုယိုလေသည်။

“အစ်ကိုကြီး … ဟွမ်အာက ရှင့်ကို စောင့်နေခဲ့တာ၊ နောက်ဆုံးတော့ ဟွမ်အာ ရှင်နဲ့ တွေ့ရပြီ”

ဦးခေါင်းမဲ့ မိန်းကလေးသည် အရူးတစ်ယောက်သဖွယ် ယဲ့ဖန်၏ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။ သူမသည် ကြောက်လန့်နေသော ယုန်ပေါက်လေးကဲ့သို့ တုန်ယင်နေ၏။ သူမ၏ ဝမ်းနည်းနေသော အသံက ရင်ကို ကွဲကြေစေသည်။

“အီးဟီးဟီး … ဟွမ်အာက အစ်ကိုကြီးကို သတိရနေတာ။ အစ်ကိုကြီးက ဟွမ်အာကို နောက်ထပ် အလိုမရှိတော့ဘူးလို့ ဟွမ်အာ ထင်နေခဲ့တာ”

“အစ်ကိုကြီး၊ ဟွမ်အာကို ထပ်မထားခဲ့ပါနဲ့တော့ … နော် …”

ဦးခေါင်းမဲ့ မိန်းကလေး၏ ကိုယ်ထဲမှနေ၍ ဝမ်းနည်းစွာ ငိုကြွေးပြောဆိုသံ ထွက်ပေါ်လာသည်။ ထိုဝမ်းနည်းသံက အလွန် သနားစရာ ကောင်းလှသည်။

တောက်!

ယဲ့ဖန်၏သွေးမျက်ရည်များက အောက်သို့ စီးကျလာသည်။ သူသည် ဦးခေါင်းမဲ့ မိန်းကလေးကို တင်းကျပ်စွာ ပွေ့ဖက်၍ လူသတ်လိုသော အရိပ်အယောင်များဖြင့် ကြုံးဝါးလိုက်သည်။

“မင်းကို ငါကလွဲပြီး ဘယ်သူမှ အနိုင်မကျင့်နိုင်ဘူးလို့ ဒီအစ်ကိုကြီး ပြောခဲ့တယ်လေ”

“ဘယ်သူမှ … အဲ့လိုလုပ်ခွင့် မရစေရဘူး”

All Chapters