← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

Chapter 562 မင်းတို့အသက်ကို နုတ်ယူမယ်

ထိတ်လန့်ခြင်း။

ထိုသို့သောအချိန်၌ ဘေးပတ်လည်မှ အင်မော်တယ်မျိုးနွယ်များအားလုံးသည် မှတ်ဉာဏ်မုန်တိုင်းက ယဲ့ဖန်ကို မသတ်ရုံသာမက ကလေးမလေး အသွင်ပြောင်းသွားပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်သွားလိမ့်မည်ဟု ထင်မထားမိကြချေ။

*ဒါက … ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ*

လူတိုင်း မှင်တက်အံ့ဩနေပြီး မျက်ခုံးလှုပ်လာကြသည်။ ထို့နောက် သူတို့စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာပြီး အားလုံး အံ့အားသင့်သွားကြသည်။

“သူ … သူက မှတ်ဉာဏ်မုန်တိုင်းထဲက ကလေးမလေး စောင့်နေတဲ့ … အစ်ကိုကြီးဆိုတာလား”

ထိုအခိုက်တွင် အားလုံး မျက်နှာပျက်လာကြသည်။ အားလုံး လောဘတက်၍ ရူးသွပ်မတတ် ဖြစ်လာကြသည်။

“မဟုတ်ဘူး၊ အဲ့လူက မှတ်ဉာဏ်မုန်တိုင်းစောင့်နေတဲ့သူ ဖြစ်နေတယ်ဆိုရင်တောင်မှ မင်း သူ့ကို ဒီအတိုင်း ခေါ်သွားလို့မရဘူး

“ဟုတ်တယ်၊ အဲ့ဒီဦးခေါင်းမဲ့ မိန်းကလေးမှာ အင်အားကြီးပြီး ကြောက်စရာကောင်းတဲ့သူရဲ့ အမွေအနှစ်တွေ ရှိနေတယ်၊ အဲ့ဒါကို သူ့လို ပုရွက်ဆိတ်လိုလူစားမျိုးရဲ့ လက်ထဲ ထည့်မပေးလိုက်နိုင်ဘူး”

“…”

ထိုသို့သောအချိန်၌ အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များအားလုံး ရူးသွပ်မတတ် ဖြစ်နေကြသည်။ အားလုံးက လက်ထဲ၌ ဓားကိုယ်စီကိုင်၍ ယဲ့ဖန်ကို သတ်ချင်နေကြလေသည်။

ထိုအချိန်တွင် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ မှတ်ဉာဏ် အလင်းကန့်လန့်ကာပေါ်၌ အက်ရာတစ်ခုက ထွက်ပေါ်လာသည်။ ထို့နောက်တွင် မှတ်ဉာဏ်အလင်းကန့်လန့်ကာတစ်ခုလုံး တစ်စစီ ဖြစ်သွားလေသည်။

လူပေါင်းများစွာကို ထင်းခနဲ မြင်လိုက်ရသည်။ မှတ်ဉာဏ် အလင်းကန့်လန့်ကာ အပြင်ဘက်မှ ထောင်ချီသော သိုင်းပညာရှင်များသည် အလင်း ကန့်လန့်ကာက ရုတ်တရက် ပေါက်ကွဲသွားလိမ့်မည်ဟု ထင်မထားကြသဖြင့် ထိတ်လန့်နေကြသည်။

အထဲမှ ထူးဆန်းသော အခြေအနေကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး တွေဝေသွားသည်။

“စီနီယာအစ်ကိုကြီးဟောင်၊ ဘယ်လိုလဲ၊ ခင်ဗျား အမွေအနှစ်ကို ရခဲ့လား”

“ငါ့သား ရွှမ်ယု၊ မင်း မှတ်ဉာဏ် အမွေအနှစ်ကို ရခဲ့လား”

“အလင်းကန့်လန့်ကာက ဘယ်လိုလုပ် ပျက်စီးသွားတာလဲ၊ ဘာဖြစ်ခဲ့တာလဲ”

“….”

အလင်းကန့်လန့်ကာ အပြင်ဘက်မှ ထောင်ချီသော အင်မော်တယ်မျိုးနွယ်များသည် အထဲမှ သူတို့လူများကို တစ်ယောက်ပြီးတစ်ယောက် မေးနေကြသည်။

ထိုမေးခွန်းများကြောင့် အားလုံးက ယဲ့ဖန်ရင်ခွင်ထဲမှ ဟွမ်အာကို လက်ညှိုးထိုးပြ၍ လောဘစိတ်များဖြင့် ပြောလာကြသည်။

“အဲ့ဦးခေါင်းမဲ့ မိန်းကလေးက မှတ်ဉာဏ်မုန်တိုင်းပဲ”

*ဘာ*

ထိုစကားကြောင့် အနီးအနားမှ အင်မော်တယ်မျိုးနွယ်များအားလုံး မျက်နှာပျက်သွားကြသည်။ ထိုအခါမှ အင်မော်တယ် ဂိုဏ်းချုပ်အဆင့်သာ ရှိသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်၏ ရင်ခွင်ထဲ၌ ဦးခေါင်းမပါဘဲ လက်တစ်ဖက်၊ ခြေတစ်ဖက်သာ ရှိသော ကလေးမလေးတစ်ယောက်က ငိုယိုနေသည်ကို သူတို့ သတိထားမိသွားကြသည်။

*ဒါက …*

“အဲ့ဒီ အင်မော်တယ်ဂိုဏ်းချုပ်အဆင့် လူငယ်လေးက ကလေးမလေး စောင့်နေတဲ့သူပဲ”

ထိုစကားက အားလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

*အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လား*

ဤကြောက်မက်ဖွယ်ကောင်းသော မှတ်ဉာဏ်မုန်တိုင်းထဲမှ ကလေးမလေး စောင့်နေသည့်သူက အင်မော်တယ်ဂိုဏ်းချုပ်အဆင့် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိကြချေ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုစဉ် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်က ရှေ့ထွက်လာပြီးနောက် ပြုံးလိုက်ပြီး ယဲ့ဖန်ကို လက်ညှိုးထိုး၍ အားလုံးကို အော်ပြောလေသည်။

“အားလုံးပဲ၊ ဒီအင်မော်တယ်ဂိုဏ်းချုပ်အဆင့် ကောင်လေးက ဒီလူအိုကြီးရဲ့ တပည့်ရင်းပဲ၊ အဲ့တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြပါ”

*ရွှမ်ထုံ အင်မော်တယ်ဘုရင်*

ထိုအဘိုးအို၏ စကားအဆုံး၌ အားလုံးက မျက်နှာရှုံ့မဲ့၍ စိတ်ထဲ၌ ကျိန်ဆဲနေကြသည်။

*အရှက်မရှိလိုက်တာ*

ဤအင်မော်တယ်ဂိုဏ်းချုပ်အဆင့် လူငယ်လေးက ရွှမ်ထုံ အင်မော်တယ်ဘုရင်နှင့် ဘာပတ်သက်မှုမရှိမှန်း အားလုံး သိနေကြသည်။ တစ်ဖက်လူက ဤသို့ ရှေ့ထွက်ပြောလာရခြင်းမှာ သူတစ်ယောက်တည်း အပိုင်သိမ်းချင်၍သာ ဖြစ်သည်။

“လူလိမ်”

ရွှမ်ထုံ အင်မော်တယ်ဘုရင်၏ စကားအဆုံး၌ အခြား အင်မော်တယ်ဘုရင်တစ်ယောက်က ထွက်လာသည်။ ထိုသူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်လေသည်။

သွေးစွန်းအင်မော်တယ်ဘုရင်။ သူသည် အင်မော်တယ်ဘုရင် စဦးအဆင့်ရှိသူ ဖြစ်လေ၏။ သူသည် အင်မော်တယ် ဓားတစ်လက်ဖြင့် ဂြိုဟ်စုနယ်မြေများစွာ၌ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။

သူ့လက်ထဲ၌ သေဆုံးခဲ့သော အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်များက မရေတွက်နိုင် လောက်အောက်ပင်။ သွေးစွန်း အင်မော်တယ်ဘုရင်တောင်မှ ဝင်ပါလာလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ကြမ်းကြုတ်သော သွေးစွန်း အင်မော်တယ်ဘုရင်ကိုကြည့်ပြီး ရွှမ်ထုံ အင်မော်တယ်ဘုရင် တောင့်ခနဲ ဖြစ်သွားပြီးနောက် ဟန်ကိုယ့်၍ နှုတ်ဆက်လိုက်သည်။

“သွေးစွန်းဘုရင် နေကောင်းပါရဲ့လား”

*နေကောင်းပါရဲ့လားတဲ့လား*

သွေးစွန်း အင်မော်တယ်ဘုရင်က သရော်ပြုံး ပြုံးနေသည်။ သူသည် ယဲ့ဖန်နှင့် ဟွမ်အာအား ရတနာပစ္စည်းတစ်ခုကို ကြည့်သကဲ့သို့ လောဘစိတ်ဖြင့် ပူလောင်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

“အဲ့နှစ်ယောက်ကို လိုချင်တယ်၊ ငါနဲ့ လာယှဉ်ရဲတဲ့သူတိုင်းကို ငါ သတ်ပစ်မယ်”

ထိုစကား၌ အလွန် အထက်စီးဆန်သည့်ဟန်များ ပါဝင်နေသည်။ လူတိုင်း ကတုန်ကယင် ဖြစ်လာကြသည်။ ကြမ်းကြုတ်သော သွေးစွန်းအင်မော်တယ်ဘုရင်ထံမှ လူသတ်လိုသော အငွေ့အသက်များကို သူတို့ ရှင်းလင်းစွာ ခံစားမိနေသည်။

ကြမ်းကြုတ်သော အင်မော်တယ်ဘုရင်က မှတ်ဉာဏ်မုန်တိုင်း၏ အမွေအနှစ်ကို လုယူ၍ လူသတ်ချင်နေမည်ဟု ထင်မထားမိကြချေ။

ရွှမ်ထုံက အင်မော်တယ်ဘုရင်၏ အကြည့်ကြောင့် တွေဝေနေသည်။ ထိုစဉ် ဘေးပတ်လည်မှ လူများထဲမှ နောက်ထပ် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်နှင့် အင်မော်တယ်ဘုရင် စဦးအဆင့်များ ရှေ့ထွက်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် ခြောက်ယောက်နှင့် အင်မော်တယ်ဘုရင် စဦးအဆင့် တစ်ယောက်တို့ ထွက်ပေါ်လာသည်။

အင်မော်တယ်ဘုရင် ခုနစ်ပါး။

အင်မော်တယ်ဘုရင် ခုနစ်ပါးကိုမြင်ပြီး အားလုံး ခြောက်ခြားသွားကြသည်။ ထိုအင်မော်တယ် ဘုရင်များသည် အင်မော်တယ်ဂြိုဟ်စုနယ်မြေ၏ ထိပ်သီး ဘုရင်ခုနစ်ပါး ဖြစ်ကြလေသည်။

ဘုရင်ခုနစ်ပါးသည် ဤသို့ရောက်လာပြီး လူအုပ်ကြားထဲ ပုန်းကွယ်နေပြီးမှ ယခု လူလုံးထွက် ပြလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြချေ။

“အဲ့ဒီ ဦးခေါင်းမဲ့ မိန်းကလေးကို ငါတို့ လိုချင်တယ်”

“အဲ့ဒီ အင်မော်တယ်ဂိုဏ်းချုပ်အဆင့်ကိုလည်း လိုချင်တယ်”

အင်မော်တယ်ဘုရင် ခုနစ်ပါး၏ စကားကြောင့် ရွှမ်ထုံ အင်မော်တယ်ဘုရင်နှင့် သွေးစွန်း အင်မော်တယ် ဘုရင်တို့သာမက ထောင်ချီသော အင်မော်တယ်မျိုးနွယ်များအားလုံး မျက်နှာပျက်သွားကြသည်။

*မောက်မာပြီး ဗိုလ်ကျလွန်းတယ်*

အင်မော်တယ်ဘုရင် ခုနစ်ပါးသည် ဦးခေါင်းမဲ့မိန်းကလေးကို စားသောက်ချင်နေပုံရပြီး သူမကိုသာ လိုချင်ပါက ကျန်သူများ ကျားပါးစပ်တွင်းမှ သွားနှိုက်ရမည့်ပုံ ပေါ်နေသည်။

ထိုအခိုက်တွင် အခြေအနေက ရုတ်တရက် ပြောင်းလဲလာသည်။ တစ်ယောက်ထွက်လာသည့်နှင့် ထိုသူကို သတ်ပစ်ရန် စောင့်နေသည့် လူအုပ်အလယ်၌ ရပ်နေသော အင်မော်တယ်ဘုရင် ခုနစ်ပါးကိုသာ အားလုံး စိုက်ကြည့်နေကြသည်။

အားလုံး အသက်ကိုအောင့်၍ လက်ထဲမှ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။ အားလုံး တိုက်ပွဲအတွက် အသင့်ပြင်ထားကြသည်။ သို့သော် အားလုံး ရင်ဆိုင်ဖြေရှင်းရန် ပြင်လာချိန်တွေ အလွန် ထီမထင်သော အသံတစ်သံ ထွက်လာသည်။

“မင်းတို့အားလုံးက ငါ့ဟွမ်အာရဲ့ အသားကို လိုချင်နေကြတာလား”

အေးစက်၍ ပြင်းထန်လွန်းသည်။ အားလုံး၏ နားထဲသို့ ထိုအသံက အေးစက်စွာ ဝင်ရောက်လာသည်။ ထိုအသံသည် ငရဲမှ ထွက်ပေါ်လာသည်ဟု ခံစားမိပြီး လူတိုင်း ကတုန်ကယင် ဖြစ်လာကြသည်။

ထို့နောက် အားလုံး တစ်ဖက်လှည့်၍ အသံလာရာကို လှမ်းကြည့်ကြသည်။ ထိုအခါ ထိုစကားကို ပြောသူက အင်မော်တယ် ဂိုဏ်းချုပ်အဆင့်သာ ရှိသော အနက်ရောင်ဝတ်စုံနှင့် လူငယ်လေး ဖြစ်မှန်း တွေ့လိုက်ရသည်။

*ဟမ်*

သွေးစွန်း အင်မော်တယ်ဘုရင်က မသိမသာ တောင့်ခနဲ ဖြစ်သွားပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။

“ဟွမ်အာတဲ့လား၊ လတ်စသက်တော့ အဲ့ခေါင်းမပါတဲ့ မိန်းကလေးကို ဟွမ်အာလို့ ခေါ်တာကိုး”

“ဒါပေမဲ့ သူ့နာမည်က ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး၊ ကောင်လေး မင်း အခု ငါ့ကို အရိုအသေပေးတာနဲ့ ဒီလူအိုကြီးက မင်းကို တပည့်အဖြစ် လက်ခံမယ်”

သွေးစွန်းအင်မော်တယ်ဘုရင်က မက်လုံးပေးနေခြင်း ဖြစ်သည်။ လူတိုင်း သူ့စကား၏ အဓိပ္ပာယ်ကို နားလည်ကြသည်။ သူသာ ယဲ့ဖန်ကို တပည့်အဖြစ် လက်ခံလိုက်ပါက ထိုကလေးမလေးကို သူ ပိုင်သွားပေတော့မည်။

သူ့စကားကြောင့် ရွှမ်ထုံ အင်မော်တယ်ဘုရင်ကလည်း အလျင်အမြန် ဝင်ပြောလာသည်။

“ကောင်လေး သူ့စကားကို နားမထောင်နဲ့။ သူက ဉာဏ်များတယ်၊ မင်းသာ သူ့နောက်လိုက်လို့ကတော့ သူက မင်းကိုသတ်ပြီး ကောင်မလေးကို ယူသွားမှာ”

“အင်း … မင်းသာ ငါ့ကို အရိုအသေပေးလိုက်၊ ငါက လျှို့ဝှက်ကမ္ဘာဦးဂိုဏ်းက အကြီးအကဲပဲ။ ငါ မင်းကို လျှို့ဝှက်ကမ္ဘာဦးဂိုဏ်းဆီခေါ်သွားပြီး အတွင်းစည်း တပည့်အဖြစ် အသိအမှတ်ပြုပေးမယ်”

“ဘယ်လိုလဲ”

*လျှို့ဝှက်ကမ္ဘာဦးဂိုဏ်းရဲ့ အတွင်းစည်း တပည့်တဲ့လား*

လျှို့ဝှက်ကမ္ဘာဦးဂိုဏ်းသည် အနီးအနားမှ ဂြိုဟ်စုနယ်မြေများကြားထဲ၌ ကြီးမားသော အင်မော်တယ် ဂိုဏ်းတစ်ခု ဖြစ်လေသည်။ အကယ်၍ သာမန်လူတစ်ယောက်သာ ဝင်ရောက်ခွင့်ရပါက အတွင်းစည်း တပည့်ဟူသော နေရာသည် အလွန် တပ်မက်စရာကောင်းသော နေရာပင် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်က တဖြည်းဖြည်း ခေါင်းမော့လာသည်။ သူ၏ မျက်လုံးများသည် သွေးမျက်ရည်များနှင့် မီးဝင်းဝင်းတောက်နေ၏။ သူ ရူးမတတ် ဒေါသပေါက်ကွဲနေသည်။

“သိပ်ကောင်းတဲ့ ကြောင်သူတော် အင်မော်တယ်တွေ”

“မင်းတို့က ဟွမ်အာ့အသက်ကို လိုချင်မှတော့ ငါက မင်းတို့ကို သတ်ပစ်ရတာပေါ့”

Chapter 563 မင်းတို့ သေသင့်တယ်

*ဘာ*

ယဲ့ဖန်၏ စကားအဆုံး၌ ထိုနေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။ အင်အားကြီးသော အင်မော်တယ် မျိုးနွယ် သိုင်းပညာရှင်တစ်ယောက်သည် သူ့နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည့်စကားကို မယုံနိုင် လောက်အောင် ဖြစ်နေသည်။

*ငါတို့ကို သတ်ပစ်မယ်တဲ့လား*

*ဒီပုရွက်ဆိတ်လိုကောင်လေးက ဒီကလူတွေကို ဒီလိုစကားမျိုး ပြောတယ်ပေါ့လေ*

*ဒါ ကိုယ့်သေတွင်းကိုယ်တူးတာပဲ*

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူညံပွက်လောရိုက်လာသည်။ လူတိုင်းသည် တအံ့တဩနှင့် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။

“ဟာသပဲ၊ ဒီအင်မော်တယ်ဂိုဏ်းချုပ်အဆင့်လေးက ကြောက်နေတာလား၊ သူက ငါတို့အားလုံးကို သတ်ချင်နေတယ်ပေါ့လေ”

“အရူး၊ မှတ်ဉာဏ်မုန်တိုင်းက သူ့လက်ထဲရောက်နေလို့ သူ့ကိုယ်သူ အမွေအနှစ်ကို ဆက်ခံခွင့်ရတဲ့သူလို့ ထင်နေတာလား၊ တကယ် မသိတတ်တာပဲ”

“ရိုးသားတဲ့လူတစ်ယောက်က ကျောက်စိမ်းလက်စွပ်ကို တန်ဖိုးထားတာက ပြစ်မှုတစ်ခု ဖြစ်လာတာပဲ၊ သူက အင်မော်တယ်ဂိုဏ်းချုပ်အဆင့် ပုရွက်ဆိတ်လေးကို၊ ငါတို့အားလုံး မပြောနဲ့၊ ငါတို့ထဲက ဘယ်သူမဆို သူ့ကို အကြိမ်ပေါင်းများစွာ နှိပ်စက်ညှင်းဆဲလို့ ရတယ်”

“…”

ထိုသို့သောအချိန်၌ အားလုံးက ယဲ့ဖန်အား အေးတိအေးစက်နှင့် အထင်သေးသလို ကြည့်လာသည်။

*အရူး*

အားလုံး၏ စိတ်ထဲတွင် ယဲ့ဖန်သည် အသိစိတ်လွတ်နေသော အရူးတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ထင်နေကြသည်။ ထိုစဉ် အင်မော်တယ်ဘုရင် ခုနစ်ပါးထဲမှ အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်က အေးတိအေးစက် ပြုံး၍ ထွက်လာသည်။ သူသည် ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။

“ရူးလိုက်တဲ့ ပုရွက်ဆိတ်လိုကောင်၊ ဒီလိုဆိုမှတော့ မင်းကို အရင်သတ်ပြီးမှ သူ့ကို ယူသွားမယ်”

လူသတ်လိုသည့် အရိပ်အငွေ့များ ပျံ့လွင့်လာသည်။ ထိုအင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်၏ စကားကို ကြားပြီး ဘေးပတ်လည်မှလူများက ပြန်ချေပခြင်း မပြုကြချေ။

အားလုံး၏ အမြင်တွင် ယဲ့ဖန်သည် အင်မော်တယ်ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်သာ ဖြစ်ပြီး သူတို့အတွက် လုံးဝ ခြိမ်းခြောက်နိုင်သည့်သူ မဟုတ်ချေ။

*ဒီကောင်က သေချင်နေမှတော့ သူ့ကို သတ်ပြီးမှ မှတ်ဉာဏ်မိန်းကလေးကို လုယူတာက ပြဿနာကြီး မဟုတ်ဘူးလေ*

ထိုအချိန်တွင် အားလုံး၏ စိတ်ဝင်တစား စောင့်ကြည့်နေသော အကြည့်အောက်၌ ထိုအင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်က လက်ကို လှုပ်၍ ဓားလက်ဝါးသိုင်းကွက်ကို ထုတ်ဖော်လာသည်။

“ဟေ့ကောင်လေး သေလိုက်တော့”

သူသည် လှောင်ပြုံးပြုံး၍ တွေဝေမနေဘဲ လက်ကိုဝင့်၍ ယဲ့ဖန်အား အားနှင့် ထိုးခွင်းလိုက်သည်။ ဤလက်ဝါးသိုင်းကွက်သည် အလွန်အမင်း ကြောက်စရာကောင်းလှပေသည်။

ဟင်းလင်ပြင် အက်ကွဲသွားပြီး ထိုနေရာမှ ကျောက်တုံးကျောက်ဆောင်များ ဟက်တက်ကွဲသွားလေသည်။ ထိုထိတ်လန့်ဖွယ် လှိုင်းချက်သည် မြေကြီးပေါ်၌ နက်နဲသည့် အနက်ရောင် လျိုမြောင်တစ်ခု ဖြစ်ပေါ် သွားလေသည်။

ထိတ်လန့်၍ ဖိနှိပ်နိုင်လွန်းသည်။ ထိုလက်ဝါးချက်အောက်၌ သူတော်စင် အထွတ်အထိပ်အဆင့်ကိုပင် အမှုန့်ဖြစ်သွားစေလောက်သည်။

*ပွဲသိမ်းပြီပဲ*

အားလုံးသည် ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ်ကို ကြိုမြင်နေဟန်ဖြင့် ယဲ့ဖန်အား အထင်သေး၍ အေးတိအေးစက် မျက်နှာထားဖြင့် ကြည့်နေကြသည်။ ထိုသို့သောအချိန်တွင် ရွှေရောင်အလင်းတန်း တစ်ခုက ရုတ်တရက် ဖြတ်ပြေးသွားသည်။

အားလုံး အဆုံးသတ်လုနီးပါး ဖြစ်နေချိန်တွင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုအခိုက်တွင် သေစေနိုင်သော လက်ဝါးသိုင်းက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။ အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီးနောက် ချက်ချင်း တောင့်တင်းသွားသည်။

*ဒါက …*

*ဘာဖြစ်သွားတာလဲ*

လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ ထိုရွှေရောင်အလင်းတန်းက ဘာလဲဆိုတာကို သူတို့ သေချာ မမြင်လိုက်ကြချေ။

ထိုစဉ် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်၏ နဖူးမှ သွေးစင်းကြောင်းတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်တွင် ထိုအင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်၏ ခန္ဓာကိုယ်သည် မျက်ခုံးကြားမှနေ၍ နှစ်ခြမ်းကွဲ ထွက်သွားလေသည်။ ရဲရဲနီသော သွေးစက်များနှင့် ကိုယ်တွင်းကလီစာများက နေရာအနှံ့သို့ လွင့်စဉ် သွားသည်။

ထိုအခိုက်တွင် ထိုနေရာတစ်ခုလုံးမှ လေထုဖိအားသည် အလွန်အမင်း ဖိနှိပ်လာပြီး အသက်ရှူမဝ ဖြစ်လာစေသည်။ ထောင်ချီသော သိုင်းပညာရှင်တိုင်း ကိုယ့်နှလုံးခုန်သံကို ကိုယ် ပြန်ကြားရလုနီးပါး ဖြစ်နေသည်။

ဒုတ်! ဒုတ်! ဒုတ်!

တဒိတ်ဒိတ် ခုန်နေသည့် နှလုံးသည် လည်ချောင်းဝမှနေ၍ အချိန်မရွေး ခုန်ထွက်လာနိုက်လောက်သည်ဟု ခံစားမိနေကြသည်။

*သေသွားပြီလား*

လူသတ်ရန် ပြင်နေသည့် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်က တိုက်ပွဲစသည်နှင့် ချက်ချင်း အသတ်ခံလိုက်ရလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။

“ဘယ်သူလုပ်တာလဲ”

ကျန်ရှိနေသော အင်မော်တယ် ဘုရင် ခုနစ်ပါး၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းနေသည်။ သူတို့အားလုံး ထိတ်လန့်၍ ဒေါသထွက်နေကြသည်။ အားလုံးက ဘေးဘီကို ဝေ့ဝဲ၍ ကြည့်လာကြသည်။

ထိုအချိန်တွင် သူတို့သည် တစ်စုံတစ်ယောက်က အင်မော်တယ် ဘုရင်တစ်ပိုင်းအဆင့်အား သတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် ချောင်းမြောင်းတိုက်ခိုက်သည့်နည်းဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာဖြစ်မည်ဟု ထင်နေကြလေသည်။

အင်မော်တယ်ဘုရင် ခြောက်ယောက်သာမက ကျန်ရှိနေသော သွေးစွန်း အင်မော်တယ်ဘုရင်၊ ရွှမ်ထုံ အင်မော်တယ်ဘုရင်နှင့် အခြားသူများပါ အကြီးအကျယ် မျက်နှာပျက်နေကြသည်။

ဘယ်သူက အောင်အောင်မြင်မြင်နှင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်သလဲဆိုတာကို သူတို့ သေချာ မမြင်လိုက်ရချေ။

ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာပြီး အားလုံးအား အကြီးအကျယ် တုန်ယင်သွားစေသည်။ အားလုံး လှည့်ကြည့်လိုက်သောအခါ လူတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရပြီး ထိုလူကြောင့် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်သွားရသည်။

*အင်မော်တယ် ဂိုဏ်းချုပ်အဆင့်ကလား*

*လတ်စသက်တော့ ဒီအင်မော်တယ် ဂိုဏ်းချုပ်အဆင့်ပဲ ရှိတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူငယ်လေးကိုး*

“ချီးတဲ့မှပဲ၊ မင်း ငါ့ဂျူနီယာညီလေးကို သတ်လိုက်တာလား”

အင်မော်တယ်ဘုရင် ခြောက်ပါးလုံး ယဲ့ဖန်အား စိုက်ကြည့်ရင်း မျက်ခုံးလှုပ်နေကြသည်။ မှင်တက်၍ အံ့အားသင့်နေကြ၏။ သူတို့သာမက ဘေးပတ်လည်မှ ထောင်ချီသော အင်မော်တယ်မျိုးနွယ်များလည်း အံ့ဩနေကြလေသည်။

*အင်မော်တယ်ဂိုဏ်းချုပ်အဆင့်က အင်မော်တယ်ဘုရင်ကို ချက်ချင်း သတ်နိုင်လိုက်နိုင်တဲ့လား*

*မယုံနိုင်စရာ ကောင်းလိုက်တာ*

အားလုံး၏ စိတ်ထဲ၌ ကြောက်စိတ်များ စိုးမိုးလာပြီး ရင်တုန်လာကြသည်။

သို့သော် ယဲ့ဖန်က ထိုမေးခွန်းကို မကြားချင်ယောင်ဆောင်ထားပြီး သူ့စိတ်ထဲ၌ ဝမ်းနည်းရိပ်များသာ သန်းနေလေသည်။ သူ ပြန်မဖြေဘဲ ခေါင်းလေးငုံ့၍ ရင်ခွင်ထဲမှ ဦးခေါင်းမဲ့မိန်းကလေးကို ကြည့်ပြီး သွေးမျက်ရည်များ ဆက်၍ စီးကျလာသည်။

“အရူးမလေး၊ သူတို့က မင်းကို သတ်ချင်နေတယ်”

“သူတို့ … သေသင့်တယ်”

*ဘာ*

ယဲ့ဖန်သည် အင်မော်တယ်ဘုရင် ခြောက်ပါး၏ မေးခွန်းကို လျစ်လျူရှုရုံသာမက ထိုသို့မောက်မာစွာ ပြောဆိုလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။

ထို့နောက် အားလုံး၏ သတိထားနေသော အကြည့်အောက်၌ ယဲ့ဖန်က ဟွမ်အာကို ကြည့်နေရာမှ ခေါင်းပြန်မော့၍ အားလုံးကို ဝေ့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်၌ ရူးသွပ်၍ သွေးဆာနေဟန်များ ထင်ဟပ်နေသည်။

“မင်းတို့အားလုံးက ဟွမ်အာရဲ့ အသွေးအသားကို လုယက်ချင်နေကြတာပဲ၊ မင်းတို့အားလုံးက သောက်ရေးမပါတဲ့ အကောင်တွေ”

“သေလိုက်တော့”

ထိုခက်ထန်သော စကားသံအဆုံး၌ ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ရုတ်တရက် သူ့အင်္ကျီအောက်မှ အနက်ရောင် ဖားလောင်းတစ်ကောင် ထွက်လာသည်။ ထိုအကောင်သည် ကောင်းကင်ယံ၌ ပျံသန်းနေပြီးနောက် ရုတ်တရက် ခန္ဓာကိုယ်က ပြောင်းလဲသွားပြီး ကြောက်စရာကောင်းသော နဂါးနက်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။

ဂါး!

နဂါးနက်၏ အော်သံအောက်၌ ဂြိုဟ်စုနယ်မြေတစ်ခုလုံး ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။

*ကြီးလိုက်တာ*

ဤမျှ ကြီးမားသော ဧရာမနဂါးမျိုး မည်သူမျှ မမြင်ဖူးကြချေ။ ထိုနဂါးခန္ဓာကိုယ်သည် ကြယ်စုကြယ်ဝေးတစ်ခုကိုပင် ဖုံးလွှမ်းသွားစေနိုင်သည်။

နဂါးကြီး၏ ဦးခေါင်းနှင့် သွေးစွန်းနေသော အစွယ်များက တလက်လက် တောက်ပြောင်လျက် ရှိသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ထောင်ချီသော အင်မော်တယ်မျိုးနွယ်များကို ဖုံးလွှမ်းသွားသည်။

သို့သော် ဤသည်မှာ အစသာရှိသေးသည်။ နဂါးနက် ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်၏ အင်္ကျီလက်ထဲမှ အနက်ရောင် ပုရွက်ဆိတ်များ ပျံသန်းထွက်ပေါ်လာပြန်သည်။

ချက်ချင်းဆိုသလိုပင် ပုရွက်ဆိတ်များက တိမ်မည်းများကဲ့သို့ ကောင်းကင်ထက်၌ ပြည့်နှက်လာ၏။ ထိုပုရွက်ဆိတ်များထံမှ အလွန် ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

လူတိုင်းသည် နဂါးနက်ကိုမြင်ပြီး မှင်တက်နေကြပြီးနော် အမည်းရောင် ပုရွက်ဆိတ်များကို မြင်ပြီးနောက် အားလုံး ခြောက်ခြားလာကြသည်။

“ဒါ … ဒါ ဝိညာဉ်စား ပုရွက်ဆိတ်ပဲ”

“မြတ်စွာဘုရား၊ ဘယ်လိုလုပ် ဒီလောက် များတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေ ရှိနေတာလဲ”

“အရူး၊ အဲ့ကောင်က အင်မော်တယ် ဂိုဏ်းချုပ်အဆင့် အရူးပဲ၊ သူ့မှာ ဧရာမ နဂါးနက်ကြီးတင်မကဘဲ ဝိညာဉ်စားပုရွက်ဆိတ်ပါ ရှိနေတယ်။ သူ … သူ ဘယ်သူလဲ”

“…”

ထောင်ချီသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များ ကြက်သီးထလာကြသည်။ အင်မော်တယ် ဘုရင်များတောင်မှ ကြောက်လန့်၍ တုန်ယင်လာသည်။

“ချီးပဲ၊ ပြေးကြဟေ့”

အင်မော်တယ်ဘုရင်များက အလွန် လျင်မြန်စွာ ပြေးကြလေသည်။ ရန်သူကို မယှဉ်နိုင်မှန်း သိပြီးနောက် ချက်ချင်း သုတ်ခြေတင်၍ စကြဝဠာ၏ အဝေးတစ်နေရာသို့ ထွက်ပြေးရန် ပြင်ကြလေသည်။ ထိုအခိုက်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲကြီး စတင်လာလေတော့သည်။

Chapter 564 မင်း ဘယ်လိုလုပ် အသက်ရှင်နေတာလဲ

“အား….”

အင်မော်တယ်နယ်မြေထဲရှိ ကမ္ဘာဦး ချောက်နက် အစွန်း၌ ပျက်စီးကိန်း ဆိုက်ကပ်နေလေ၏။ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ပြည့်နှက်နေပြီး ထိုပုရွက်ဆိတ်များက အောက်ဘက်ရှိ ထောင်ချီသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များကို သည်းကြီးမည်းကြီး ကိုက်ဖြတ်စားသောက်နေကြသည်။

သူတို့၏ ကြောက်မက်ဖွယ် တုနှိုင်းမဲ့လှသည့် အရှိန်ကြောင့် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု ဝါးမျိုခံလိုက်ရသည်။

ဂျွတ်! ဂျွတ်! ဂျွတ်!

ကောင်းကင်ထက်၌ သွေးစက်များ ဖြန်းပက်လျက် ရှိသည်။ အော်သံများက အတောမသတ် ဆက်တိုက် ထွက်ပေါ်နေ၏။ ဤမြင်ကွင်းသည် သားသတ်ရုံမှ မြင်ကွင်းနှင့် မထူးခြားနားပင်။

မရေတွက်နိုင်သော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များသည် ပုရွက်ဆိတ်များကြောင့် မုန့်သဖွယ် စားသောက်ခံနေရသည်။ တစက်စက်ကျလာသော သွေးစက်များကြောင့် မြေကြီးသည်လည်း သွေးရောင်ပြောင်းလာသည်။

ဂါး!

တစ်ဖက်တွင်မူ ဧရာမ နဂါးနက်ကြီးက ထပ်ခါထပ်ခါ ဟစ်ကြွေးလျက် ရှိသည်။ ၎င်း၏ နေနှင့်လကိုပင် ဝါးမျိုနိုင်ပုံရသည့် သွေးစွန်းနေသော ပါးစပ်ကြီးကို ခပ်ကျယ်ကျယ် ဟလိုက်သည်။ ၎င်း၏ပါးစပ်ကို ပြန်ပိတ်လိုက်ချိန်တွင် အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်တစ်ရာနီးပါး ဝါးမျိုခံလိုက်ရသည်။ ၎င်း၏ ချွန်ထက်သော အစွယ်များဖြင့် ရာချီသော အင်မော်တယ်မျိုးနွယ်များကို ကိုက်ဝါးနေ၏။

ဂျွတ်! ဂျွတ်! ဂျွတ်!

ဧရာမ နဂါးနက်ကြီး၏ ပါးစပ်မှနေ၍ ရဲရဲနီသော သွေးများ တစက်စက် စီးကျလျက် ရှိသည်။ လူ့ခန္ဓာကိုယ်ကို ဝါးစားသံ၊ အစားခံရသည့်သူများ၏ အော်သံများက နဂါးကြီး၏ ပါးစပ်ထဲမှ ဆက်တိုက် ထွက်ပေါ်လာလျက် ရှိသည်။

ကြက်သီးတဖြန်းဖြန်းထ၍ ခြောက်ခြားသွားစေသည်။ သေဆုံးခြင်းက ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။

ထိုသို့သောအချိန်၌ များစွာသော အင်မော်တယ်ဘုရင်များသည် အသတ်ခံလိုက်ရသည့် အင်မော်တယ် မျိုးနွယ်များကို ကြည့်ပြီး အချင်းချင်း ပြန်ကြည့်မိကာ ကြောက်လန့်လာကြလေသည်။ ထို့နောက် ပိုမြန်သော နှုန်းများဖြင့် ထွက်ပြေးကြလေသည်။

ထိုစဉ် အနက်ရောင်အရိပ်တစ်ခုတစ်ခုက သူတို့ရှေ့သို့ လှစ်ခနဲ ရောက်ရှိလာသည်။ ထိုသူကား ယဲ့ဖန်ပင်။ သူ့မျက်လုံးများက သုန်မှုန်နေသည်။ ဟွမ်အာကို ရင်ခွင်ထဲ ထွေးပွေ့ထားရင်း အင်မော်တယ်ဘုရင်များကို စူးစိုက်ကြည့်နေ၏။

“မင်းတို့အသက်တွေကို မထားခဲ့သရွေ့ မင်းတို့ ထွက်သွားလို့မရဘူး”

*ဘာ*

အင်မော်တယ်ဘုရင်များ အံ့အားသင့်သွားကြသည်။ အင်မော်တယ်ဂိုဏ်းချုပ်အဆင့်သာရှိသောသူက အလွန် အတင့်ရဲ၍ အင်မော်တယ်ဘုရင်များကို ကိုယ်တိုင် သတ်ချင်နေလိမ့်မည်ဟု သူတို့ ထင်များမိချေ။

“သေချင်နေတာပဲ”

ရွှမ်ထုံ အင်မော်တယ်ဘုရင်၏ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး ကျနန်အင်မော်တယ်ဘုရင်များနှင့် အခြားသူများကို လှမ်းပြောလိုက်သည်။

“ကိုယ့်လူတို့၊ ဒီပုရွက်ဆိတ်လိုကောင်ကက သူ့သေတွင်း သူ တူးနေတာပဲ။ သူ့နဂါးနဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက ဒီနားမှာ မရှိဘူး။ သူ့ကို အရင် သတ်ပစ်မှ ဖြစ်မယ်။ ဧရာမနဂါးကြီးနဲ့ ပုရွက်ဆိတ်တွေက သူတို့ဘာသာ သူတို့ တိုက်ခိုက်မှာတော့ မဟုတ်ဘူး”

ရွှမ်ထုံအင်မော်တယ်ဘုရင်၏ စကားက အားလုံးအား အတွေးတစ်ခု တွေးမိသွားစေသည်။ ယဲ့ဖန်၌ ဧရာမ နဂါးနက်ကြီးနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ ရှိသော်လည်း သူတို့ ယဲ့ဖန်ကို မသတ်နိုင်လောက်ဟု မယုံကြည်နိုင်ပါ။ သူသည် သေးငယ်သော အင်မော်တယ်ဂိုဏ်းချုပ်အဆင့်သာ ဖြစ်ပြီး ထိတ်လန့်ဖွယ် ကောင်းသော အင်မော်တယ်ဘုရင် ရှစ်ယောက်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ပါ။

ထိုအခိုက်တွင် အားလုံး၏ မျက်လုံးများက လင်းလက်လာပြီး ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ပြေးဝင် သွားကြသည်။

“သေလိုက်တော့”

တစ်ယောက်ပြီးတစ်ယောက်က လက်ဝါးသိုင်းနှင့် လက်သီးသိုင်းများကို ထုတ်ဖော်၍ ယဲ့ဖန်ကို သတ်ဖြတ်ရန် ပြင်လာကြသည်။ ထိုတိုက်ခိုက်မှုသည် အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင် တစ်ယောက်ကိုတောင်မှ တစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရသွားစေနိုင်သည်။

ကြောက်မက်ဖွယ်ကောင်း၍ ဖိနှိပ်နိုင်လွန်းသည်။ အင်မော်တယ်ဘုရင် ရှစ်ယောက်၏ စုပေါင်းခွန်အားအောက်၌ ဂြိုဟ်များကို ပေါက်ကွဲစေနိုင်လောက်သည်အထိ ပျက်စီးသွားနိုင်စေသည်။

သို့သော် ယဲ့ဖန်ကတော့ ဂရုမစိုက်ဘဲ အားလုံးအား သေလူများကို ကြည့်သကဲ့သို့သာ ကြည့်နေလေသည်။ ထို့နောက် သူ့လက်သီးကိုဆုပ်လိုက်သောအခါ လျှပ်စီးများက သူ့လက်သီးတစ်ဝိုက်၌ ထွက်ပေါ်လာသည်။ ထို့နောက် ကျရောက်လာသော အင်မော်တယ်ဘုရင် ရှစ်ယောက်၏ တိုက်ကွက်ကို ပြန်၍ ခုခံတိုက်ခိုက် လိုက်၏။

ထိုအခါ ပြင်းထန်သော ဖိအားတစ်ခုသည် ယဲ့ဖန်၏ လက်သီးချက်အောက်၌ ပြိုကွဲသွားလေတော့သည်။ ရွှမ်ထုံအင်မော်တယ်ဘုရင်၏ လက်မောင်းတစ်ဖက် ပြတ်ထွက်သွားသည်။ ကြောက်စရာကောင်းသော တစ်စုံတစ်ရာက သူ့အား ချေမှုန်းဖျက်စီးသွားသလိုပင်။

ထိုသည်သာမက ပြင်းထန်သော ဖိအားသည် သူ့လက်မောင်းကို ပြတ်ထွက်သွားအောင် ပြုလုပ်သွားရုံသာမက သူ့တစ်ကိုယ်လုံးကိုပါ ဖိအားပေးလာသည်။

“မလုပ်နဲ့”

ရွှမ်ထုံ အင်မော်တယ်ဘုရင်သည် သူ့အား မရဏ အငွေ့အသက်များ လွှမ်းခြုံလာသည်ကို သတိထားမိလာသည်။ သူ ရှောင်တိမ်းထွက်ပြေးချင်သော်လည်း မရနိုင်တော့ချေ။ သူ အသည်းအသန် အော်ဟစ်နေစဉ်မှာပင် သူ့တစ်ကိုယ်လုံး အက်ရာထင်လာပြီး ပေါက်ကွဲသွားလေတော့သည်။

ဤသည်မှာ အစသာ ရှိသေးသည်။ ချက်ချင်းဆိုသလိုပင် ဒုတိယ၊ တတိယ၊ စတုတ္တ၊ ပဉ္စမ။ မျက်တောင်တစ်ခတ်အတွင်း၌ အင်မော်တယ်ဘုရင် ခြောက်ပါး၌ အင်မော်တယ်ဘုရင် လေးပါးနှင့် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် တစ်ယောက်တို့သည် ယဲ့ဖန်၏ လက်သီးချက်ကြောင့် ပေါက်ကွဲ၍ သေဆုံးသွားလေသည်။

ကောင်းကင်ထက်၌ သွေးများ ဖြန်းပက်လျက် ရှိသည်။ အင်မော်တယ်ဘုရင်များ၏ သွေးများက မိုးစက်သဖွယ် ရွာသွန်းလာသည်။

သေရမည်ကို ကြောက်သည့်စိတ်က အားလုံး၏ ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာသည်။ သွေးစွန်း အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဘုရင်နှစ်ပါးတို့ အကြီးအကျယ် မျက်နှာပျက်နေကြသည်။

သူတို့ အသည်းအသန် နောက်ဆုတ်ကြသော်လည်း ထိုလက်သီးချက် ထိမှန်သွားသေးသည်။ သုံးယောက်လုံး မြေကြီးပေါ် ပြုတ်ကျသွားပြီး သွေးအန်ကြလေသည်။ မျက်နှာထားက အတော်လေး ပျက်ယွင်းနေ၏။

အားလုံး၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့နေဟန်များ စွန်းထင်းနေ၏။ သူတို့ မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေသည်။

*လက်သီးတစ်ချက်တည်းနဲ့ အင်မော်တယ်ဘုရင် ငါးပါးကို သတ်နိုင်တယ်တဲ့လား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

တောက်! တောက်! တောက်!

သုံးယောက်လုံး ချွေးတဒီးဒီး ကျနေကြသည်။ သူတို့ မျက်ခုံးတဆတ်ဆတ် လှုပ်၍ သည်းခြေပျက်မတတ် တုန်လှုပ်နေကြလေသည်။

“ဘယ်လိုဖြစ်တာလဲ၊ ဒီကောင်က ဘယ်လို မကောင်းဆိုးဝါးလဲကွာ”

ထိုအင်မော်တယ်ဘုရင် ကြက်သီးတဖြန်းဖြန်း ထလာသည်။ အင်မော်တယ်ဘုရင် စဦးအဆင့်သည် ယဲ့ဖန်၏ လက်ထဲ၌ ကြက်ကလေး ငှက်ကလေးကဲ့သို့ အားနည်းလှသည်ဟု သူ ခံစားမိနေသည်။ ဤသည်က သူ့အား ကြောက်လန့်ပြီးရင်း ကြောက်လန့်လာစေသည်။ သူ နောက်လှည့်၍ ထွက်ပြေးလေတော့သည်။

*မြန်မြန်ပြေးရမယ်*

ထိုအချိန်တွင် ထိုအင်မော်တယ်ဘုရင်၏ အလျင်က အလွန် မြန်ဆန်းလွန်းလှပြီး မျက်စိတစ်မှိတ် အတွင်း၌ လျှပ်စီးကဲ့သို့ မီတာတစ်ထောင်ခန့်သို့ ရောက်ရှိသွားလေ၏။

သူ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ကျန်ရစ်ခဲ့သော အင်မော်တယ်ဘုရင် ခုနစ်ပါးထဲမှ နှစ်ယောက်တွင် တစ်ယောက်က ယဲ့ဖန်ကြောင့် ပေါက်ကွဲသေဆုံးသွားပြီး ကျန်တစ်ယာက်က လည်မျိုကို အညှစ်ခံထားရသည်။ ထို့နောက် သူ့လည်ပင်းမှနေ၍ ခေါင်းကို ဆွဲဖြုတ်ခံလိုက်ရသည်။

ဤမြင်ကွင်းသည် ဗုံးပေါက်ကွဲသွားသည်ကို မြင်လိုက်ရသကဲ့သို့ သွေးစွန်းအင်မော်တယ်ဘုရင်အား မျက်ဖြူလန်သွားစေသည်။

*နတ်ဆိုး*

ယခုအချိန်တွင် “နတ်ဆိုး” ဟူသည့်စကားဖြင့်သာ ယဲ့ဖန်၏ အသွင်အပြင်ကို တင်စားနိုင်တော့သည်။ သွေးစွန်း အင်မော်တယ်ဘုရင် အကြောက်အကန် ထွက်ပြေးနေသည်။ ထိုစဉ် သူ့ကျောဘက်မှ လေတိုးသံကို ကြားလိုက်ရသည်။ ယဲ့ဖန်၏ ခက်ထန်သော အသံက သူ့နောက်ကျောမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ငါ မင်းကို သတ်မယ်ဆိုမှတော့ ဘယ်လိုလုပ် အလွတ်ပေးလို့ရမလဲ”

ထိုစကားအဆုံး၌ ယဲ့ဖန်၏ လက်တစ်ဖက်က ရုတ်တရက် သွေးစွန်း အင်မော်တယ်ဘုရင်၏ လည်ပင်းကို ဖမ်းဆုပ်လာ၏။

“မလုပ်နဲ့”

သွေးစွန်း အင်မော်တယ်ဘုရင် အသည်းအသန် ရုန်းကန်လေသည်။ သူ ယဲ့ဖန်၏ ခန္ဓာကိုယ်အား ဆက်တိုက် ထိုးနှက်လိုက်သည်။ သို့သော် သူ တစ်ချက်ထိုးလိုက်တိုင်း ယဲ့ဖန်၏ခန္ဓာကိုယ်က ဖျက်ဆီးမရနိုင်သည့် နှစ်ထောင်ချီ၍ တည်ရှိနေသော သံမဏိကို ထိုးနှက်လိုက်ရသကဲ့သို့ ခံစားမိနေသည်။ ထိုအစား သူ၏လက်သီးသာ ထိခိုက်နာကျင်၍ အရိုးများ ကျိုးကြေလာသည်။

စုတ်ဖြဲသံ ထွက်ပေါ်လာပြီးနောက် သွေးစွန်းအင်မော်တယ်ဘုရင်၏ လည်ပင်းမှနေ၍ သွေးများ ပန်းထွက်လာသည်။ သူ့ဦးခေါင်းတစ်ခုလုံးသည် ယဲ့ဖန်၏ စုတ်ဖြဲခြင်းကို ခံလိုက်ရလေသည်။

ယခုအချိန်တွင် အင်မော်တယ်ဘုရင် ရှစ်ယောက်လုံး ဖျက်စီးခံလိုက်ရပြီး ကောင်းကင်ထက်မှနေ၍ သွေးများက မိုးသဖွယ် ကျဆင်းလာပြီး မြေကြီးပေါ်မှ အင်မော်တယ်မျိုးနွယ်များပေါ်သို့ ကျသွားလေသည်။

“ဒါ … ဒါ အင်မော်တယ်ဘုရင်ရဲ့ သွေးပဲ”

အသက်ရှင်နေသေး‌သော အင်မော်တယ်မျိုးနွယ်များ မော့ကြည့်လာကြသောအခါ ရုတ်တရက် နတ်ဆိုးဆန်သော လူငယ်တစ်ယောက်က ဦးခေါင်းမဲ့မိန်းကလေးကို ထွေးပွေ့ထားရင်း ကောင်းကင်ထက်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် အရာအားလုံး၏ အရှင်သခင်သဖွယ် စကြဝဠာထဲမှ အရာအားလုံးကို ငုံ့၍ ကြည့်နေသည်။

“တ … တကယ် သန်မာတာပဲ”

အသက်ရှင်နေသေး‌သော အင်မော်တယ်မျိုးနွယ်များအားလုံး အလွန် ကြောက်လန့်သွားသည်။ သို့သော် ထိတ်လန့်မှုက မပြီးသေးချေ။

ဂါး!

နဂါးအော်သံ ထွက်ပေါ်လာပြီးနောက် နဂါးနက်ကြီး ရောက်ရှိလာသည်။ ပုရွက်ဆိတ်များ၏ အသံ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်စား ပုရွက်ဆိတ်များ ရောက်လာပြန်သည်။

မြေကြီးပေါ်၌ ကပ်ဆိုးတစ်ခု ကူးစက်လာသကဲ့သို့ သေဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ သိုင်းပညာရှင်တစ်ယောက်သည် နဂါးနက်ကြီးကြောင့် တစ်စစီဖြစ်သွားပြီး ဝါးမျိုခံလိုက်ရသည်။

ကျန်ရှိသော အင်မော်တယ်မျိုးနွယ်များသည် ဝိညာဉ်စား ပုရွက်ဆိတ်များကြောင့် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ခဏအတွင်းမှာပင် ကမ္ဘာဦး ချောက်နက်ပတ်လည်မှ မည်သူမျှ မရှိတော့ချေ။

ရဲရဲနီသော သွေးများကြောင့် မြေကြီးသည် သွေးရောင်လွှမ်းနေ၏။ ထောင်ချီသော အင်မော်တယ်များ အားလုံး သုတ်သင်ခံလိုက်ရလေသည်။

ထိုအခါမှ ယဲ့ဖန်သည် ဦးခေါင်းမဲ့နေသော ဟွမ်အာကို ပို၍ တင်းနေအောင် ဖက်ထားလိုက်ပြီး ခပ်လှမ်းလှမ်းမှ အင်မော်တယ်နယ်မြေအား စူးစိုက်ကြည့်နေလိုက်သည်။ ထို့နောက် မီးဝင်းဝင်း တောက်နေသော မျက်လုံးများဖြင့် ကြိမ်းဝါးလိုက်သည်။

“ငါ့ဟွမ်အာရဲ့ ခြေထောက်ကို ဖြတ်သွားတဲ့သူ”

“ငါ့ဟွမ်အာရဲ့ လက်မောင်းတစ်ဖက်ကို ဖြတ်သွားတဲ့သူ”

“ငါ့ဟွမ်အာရဲ့ ဦးခေါင်းကို ဖြတ်သွားတဲ့သူ”

“မင်းတို့ သေဖို့ အဆင်သင့်ပဲလား”

All Chapters