← Chapters

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

Chapter 565 အင်မော်တယ်များကို စီးနင်း တိုက်ခိုက်ခြင်း

ပျက်သုဉ်းခြင်းဂြိုဟ်။ ထိုဂြိုဟ်သည် ပျက်သုဉ်းခြင်းဂြိုဟ်၏ ပင်မဂြိုဟ်ဖြစ်လေသည်။ ဂြိုဟ်စုနယ်မြေ တစ်ခုလုံး၏ အရှင်သခင်အား ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်ဟု ခေါ်ဝေါ်ကြလေသည်။ ယနေ့ စည်ပင်ဝဖြိုးသော ဂြိုဟ်စုနယ်မြေ၏ ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်သည် မှတ်ဉာဏ်မိန်းကလေး၏ ခြေထောက်တစ်ဖက်ကို ရရှိခဲ့သည်။

မှတ်ဉာဏ်မိန်းကလေးသည် ကြောက်မက်ဖွယ်ကောင်းသော ဆရာသခင်တစ်ယောက်၏ အရာတစ်ခုသာ ဖြစ်သည်။ သူမသည် ထိုပုဂ္ဂိုလ် ချောက်ထဲမကျခင်က ထုတ်ထားခဲ့သော မှတ်ဉာဏ်မျိုးစေ့ထဲမှ ဆင်းသက်လာခြင်း ဖြစ်သည်။

နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီးနောက် ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။ ယခုအခါတွင် ပျက်သုဉ်းခြင်း ဘုရင်က သူမခြေထောက်တစ်ဖက်ကို ဖြတ်ယူလာခဲ့သည်။

စကြဝဠာတစ်ခွင်ရှိ ပျက်သုဉ်းခြင်းဂြိုဟ်စုနယ်မြေ၏ မရေတွက်နိုင်သော ကလေးများ ဝမ်းသာအားရ ဖြစ်သွားကြသည်။ ပျက်သုဉ်းခြင်းဘုရင်က ယနေ့ တစ်ယောက်ချင်းစီကို သွေးတစ်စက် တိုက်မည်ဟု ကြေညာထားသည်။ ထိပ်တန်း သိုင်းပညာရှင်၏ သွေးစက်ပင်။

အကယ်၍ တိုက်တိုက်ဆိုင်ဆိုင် အခွင့်အရေးသာ ရလာပါက ရှေးဟောင်းအမွေအနှစ်တစ်ချို့ကို ရနိုင်ချေရှိသဖြင့် လူတိုင်း စိတ်လှုပ်ရှားမိကြသည်။

ပျက်သုဉ်းခြင်းဂြိုဟ်၏ ကလေးငယ်များသာမက ပျက်သုဉ်းခြင်းဂြိုဟ်ဘုရင်နှင့် ရင်းနှီးသော သိုင်းပညာရှင်များစွာတို့က ဂုဏ်ပြုရန် ရောက်လာကြသည်။ ရုတ်တရက် ဂြိုဟ်သည် အလွန် ပျာပန်းခပ်လာ၏။ လူထူ ပို၍ ထူထပ်လာသည်။

ပျက်သုဉ်းခြင်းဘုရင် ထျန်းရှန်က အရင် ထိုင်လိုက်သည်။ သူ၏ ဆံပင်များက မီးခိုးရောင်သန်းနေပြီး မျက်လုံးများက ဓားတစ်လက်သဖွယ် စူးရှသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ခြောက်ခြားဖွယ် အရှိန်အဝါကို ထုတ်လွှတ်လျက် ရှိသည်။

သူသည် အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လေသည်။ သူ့အောက်၌ ပျက်သုံးခြင်း ကောင်းကင်ဘုံဂိုဏ်း၏ ရာထူးကြီးသောလူများ ထိုင်ရာ စားပွဲတန်းတစ်ခု ရှိသည်။ ခပ်ဝေးဝေးအောက်၌ နာမည်ကြီး ဧည့်သည့်များနှင့် ပျက်သုဉ်းခြင်းဂြိုဟ်၏ တပည့်များ ထိုင်ရာ နေရာတန်းများ ရှိပြီး တက်ရောက်လာသော လူဦးရေသည် တောင်ခြေအထိ တန်းစီလျက် ရှိသည်။

“အားလုံးပဲ”

ထိုစဉ် ပျက်သုဉ်းခြင်းဘုရင်က မတ်တပ်ထရပ်လာပြီး အောက်ခြေမှ လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်၍ ပြုံးလိုက်သည်။

“ဒီနေ့က ကျုပ်တို့ ပျက်သုဉ်းခြင်း ဂြိုဟ်စုနယ်မြေအတွက် ကြီးမြတ်တဲ့ နေ့တစ်နေ့ပဲ၊ ပြီးတော့ မင်းတို့အတွက်လည်း ကြီးမြတ်တဲ့နေပဲ”

“ငါ မှတ်ဉာဏ်မိန်းကလေးရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ယူလာခဲ့တယ်၊ ဒီတော့ အားလုံး သွေးတစ်စက်စီ သောက်လို့ရတာပေါ့”

ထိုစကားက အားလုံး၏ စိတ်အား တက်ကြွပျော်ရွှင်သွားစေသည်။ ပျက်သုဉ်းခြင်းဂြိုဟ်၏ ကလေးငယ်များနှင့် ဧည့်သည်များသာမက အကြီးအကဲများပါ မတ်တပ်ထရပ်၍ စိတ်လှုပ်ရှား လာကြသည်။

“ပြိုင်ဘက်ကင်း ပျက်သုဉ်းခြင်းဘုရင်”

“ပျက်သုဉ်းခြင်းဘုရင် ထျန်းရှန် အမြဲ ပြိုင်ဘက်ကင်းပါစေ”

“...”

ဤမြင်ကွင်းကြောင့် ပျက်သုဉ်းခြင်းဘုရင်သည် ကျေနပ်သွားသလို ပြုံးလိုက်သည်။ သူ ပို၍ နာမည်ကြီးလာပြီး အားလုံးက သူ့ကို အရူးအမူး လေးစားကြည်ညိုလာသဖြင့် သူ့အား အလွန် ပျော်ရွှင်သွားစေ၏။ ထို့နောက် သူက လက်ကိုလှုပ်၍ အချက်ပြလိုက်သည်။

“ကဲ … အဲ့ကောင်မလေးရဲ့ခြေထောက်ကို သယ်လာခဲ့”

“ဟုတ်ကဲ့ပါ အရှင်”

အင်မော်တယ် သိုင်းပညာရှင်တစ်ယောက်က ပြန်ဖြေလာသည်။ ထို့နောက် သူသည် ချက်ချင်းဆိုသလို သစ်သားသေတ္တာတစ်လုံးကို သယ်၍ ပြန်လာလေသည်။

ထိုသေတ္တာကို စားပွဲပေါ် တင်လိုက်ပြီးနောက် တောင်ပေါ်မှ များစွာသော သိုင်းပညာရှင်များက ထကြည့်လာသည်။ လူတိုင်း အသက်ရှူရမည်ကို မေ့လျော့နေပြီး မျက်နှာထက်၌ လောဘရိပ်နှင့် ဝမ်းသာရိပ်များဖြင့် ပြည့်နှက်နေသည်။

အားလုံး၏ စိတ်ဝင်စားနေသော အကြည့်များအောက်၌ သေတ္တာပွင့်လာပြီး သွေးသံတရဲရဲနှင့် ကျောက်စိမ်းသဖွယ် ဝင်းပွ၍ သေးသွယ်သော ခြေထောက်လေးတစ်ဖက် ပေါ်လာသည်။ ထိုအရာသည် အားလုံးစိတ်ထဲမှ လိုချင်တောင့်တနေသော အရာ ဖြစ်လေသည်။

“မြတ်စွာဘုရား၊ အဲ့ဒါက မှတ်ဉာဏ်မိန်းကလေးရဲ့ ခြေထောက်လား။ ငါ အဲ့ခြေထောက်ထဲမှာ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေလိုမျိုး အမွေအနှစ်တစ်ခုကို ငါ ခံစားမိနေတယ်”

“မယုံနိုင်စရာပဲ၊ မှတ်ဉာဏ်မိန်းကလေးက လွှမ်းမိုးနိုင်တဲ့ သိုင်းပညာရှင်တစ်ယောက်က မသေဆုံးခင် ထုတ်ယူလိုက်တဲ့ မှတ်ဉာဏ်မျိုးစေ့ကနေ ထွက်ပေါ်လာတာလေ၊ အဲ့ဒါကို ငါ တစ်နေ့ မြင်ရလိမ့်မယ်လို့ ထင်မထားမိဘူး”

“ကောင်းတယ်၊ ပျက်သုဉ်းခြင်းဘုရင်က အဲ့ခြေထောက်ကို သန့်စင်ပြီးတာနဲ့ ငါ အဲ့သွေးတစ်စက်ကို သောက်နိုင်ပြီ”

“…”

ပျက်သုဉ်းခြင်းဂြိုဟ်တစ်ခုလုံးရှိ ထောင်သောင်းချီသော သိုင်းပညာရှင်များသည် ထိုခြေထောက် ပိုင်ရှင်အပေါ် နည်းနည်းလေးမျှ မသနားကြချေ။ လောဘတက်၍ ခက်ထန်နေကြသည်။ ဤသည်မှာ သူတို့၏ သဘာဝပင်။

လူအုပ်ကြီး၏ တက်ကြွနေသော အကြည့်များကို ခံစားမိပြီး ပျက်သုဉ်းခြင်းဘုရင်က အသာ ပြုံးလိုက်သည်။

“အားလုံး မျှော်လင့်နေတယ်ဆိုတာကို ကျုပ် သိတယ်။ ဒီတော့ အခုပဲ အားလုံး မျှော်လင့်နေတဲ့အရာကို သန့်စင်လိုက်မယ်”

အားလုံး အရူးအမူး ဟစ်အော်လာသည်။

“ပျက်သုဉ်းခြင်းဘုရင် အသက်ရှည်ပါစေ”

ထိုအသံသည် ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားလေသည်။ ထိုသို့သောအချိန်၌ ပျက်သုဉ်းခြင်းဘုရင်က သူ့လက်ကို လှုပ်လိုက်ပြီး သူ့လက်ဝါးပေါ်၌ အင်မော်တယ်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုခြေထောက်က သန့်စင်လေတော့သည်။

အားလုံးသည် အသက်အောင့်၍ ဤမြင်ကွင်းကို ကြည့်နေမိသည်။ သန့်စင်ခြင်းစတင်သည်နှင့် အားလုံး၏ အသက်ရှူသံက ပြင်းထန်လာသည်။

အားလုံး နှုတ်ခမ်းတပြင်ပြင်နှင့် မှတ်ဉာဏ်မိန်းကလေး၏ သွေးတစ်စက်ကို သောက်ရန် မစောင့်နိုင်ကြတော့ချေ။

သို့သော် ပျက်သုဉ်းခြင်းဂြိုဟ်ပေါ်ရှိ တိတ်ဆိတ်နေသော ထျန်းရှန်တောင်ပေါ်၌ ခြေသံတစ်သံ ထွက်ပေါ်လာသဖြင့် အားလုံး မှင်တက်သွားကြသည်။

*အမ်*

အားလုံး တစ်ဖက်လှည့်ကြည့်လိုက်သည်။ ထိုအခါ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ကျောပေါ်ပိုး၍ ထျန်းရှန်တောင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လာသည်ကို အားလုံး တွေ့လိုက်ရသည်။

တစ်လှမ်း၊ နောက်တစ်လှမ်း။

လူတိုင်းသည် ထိုကောင်မလေးကို စိတ်ဝင်စားသွားကြသည်။ ထိုကောင်မလေးသည် ဦးခေါင်းမရှိသလို၊ ခြေတစ်ဖက်နှင့် လက်တစ်ဖက်သာ ရှိလေသည်။ သူမ၏ သေးငယ်သော ကိုယ်လေးက ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်လေး၏ ကျောပေါ်၌ အလောင်းသဖွယ် ခံစားချက်ကင်းမဲ့စွာ လဲလျောင်းနေသည်။

*ဒါက …*

လူတိုင်း ထိတ်လန့်သွားကြသည်။ ဤသို့သော နေ့ထူးနေ့မြတ်၌ ထိုကောင်လေးက တောင်ပေါ်သို့ အလောင်းတစ်လောင်း သယ်၍ ဘာလာလုပ်သလဲဆိုတာကို သူတို့ တွေးမရချေ။

“ရပ်စမ်း”

ရုတ်တရက် များစွာသော ပျက်သုဉ်းခြင်းဘုရင်၏ တပည့်များက အော်ဟစ်၍ ယဲ့ဖန်အား လှမ်းတားလာသည်။ သူတို့သည် မျက်မှောင်ကြုတ်၍ ယဲ့ဖန်အား ခက်ထန်စွာ စိုက်ကြည့်နေကြသည်။

သို့သော် ယဲ့ဖန်က တစ်ခွန်းမှမပြောဘဲ ဦးခေါင်းမဲ့မိန်းကလေးကို ပိုး၍ ဆက်လျှောက်လာသည်။

ဒေါက်! ဒေါက်! ဒေါက်!

ခြေသံသည် အလွန်နှေးကွေးသော်လည်း အရှိန်က ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤမြင်ကွင်းကြောင့် ပျက်သုဉ်းခြင်းဘုရင်၏ တပည့်များ မျက်နှာပျက်သွားကြသည်။

ထိုစဉ် လူတစ်ယောက်က ယဲ့ဖန်ကို လှမ်းဆွဲ၍ ပြောလာသည်။

“ဟေ့လူ ကျုပ် ခင်ဗျားကို ငြိမ်ငြိမ်ရပ်နေဖို့ ပြောနေတယ်လေ၊ ခင်ဗျား စကား နားမထောင်ဘူးဆိုရင် …”

ထိုသူသည် စကားဆုံးအောင် မပြောရသေးခင်မှာပင် သူ၏အသံက ရုတ်တရပ် ရပ်တန့်သွားသည်။ လူတစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားလေသည်။

သူ ရပ်မြဲတိုင်း ရပ်နေသော်လည်း ယဲ့ဖန်က သူ့ကို မမြင်သကဲ့သို့ ဖြတ်ကျော်သွားသည်။ အားလုံး ထိတ်လန့်သွားကြသည်။ ကျန်ပျက်သုဉ်းခြင်းဂြိုဟ် ဂိုဏ်းသားများက ထိုသူကို လှမ်းပြောလိုက်သည်။

“အစ်ကိုဖုန်း ခင်ဗျား ဘာဖြစ်တာလဲ”

ထိုသို့ပြောပြီး သူက ထိုသူအား လှမ်းတို့လိုက်သည်။ ထိုအခါ သူ့လက်ဖြင့် ထိသွားသည့်အခိုက်တွင် ထိုသူ၏ ကိုယ်ပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထွက်ပေါ်လာသည်။

သူသည် ခေါင်းစခြေဆုံး အက်ရာများ ထွက်လာသဖြင့် ကျိုးပဲ့သွားသော ကြွေထည်တစ်ခုနှင့် တူနေသည်။ လေတိုက်လာသောအခါ ထိုသူသည် အမှုန့်ဖြစ်သွားပြီး လေနှင့်အတူ မျောလွင့်သွားလေသည်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

မျက်စိရှေ့မှ မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်တကြား ဖြစ်သွားကြသည်။

*သေသွားပြီလား*

*သူတော်စင် အထွတ်အထိပ်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်က ငြိမ်ကျသွားပြီးတော့ အမှုန့်ဖြစ်ပြီး ပျောက်ကွယ်သွားတယ်တဲ့လား*

အားလုံး ကြက်သီးမွေးညင်း ထသွားကြသည်။

“မကောင်းတော့ဘူး၊ ရန်သူ တိုက်ခိုက်တာပဲ”

ထိုအော်သံအဆုံး၌ ပျက်သုဉ်းခြင်းဂြိုဟ်ဂိုဏ်းသားတစ်ဖွဲ့သည် ယဲ့ဖန်ထံသို့ အရူးအမူး ပြေးဝင် သွားကြလေသည်။

“သေစမ်း၊ သေစမ်း၊ သေစမ်း”

အင်မော်တယ်ဓားရောင်များက ကောင်းကင်ယံ၌ တလက်လက် တောက်ပနေပြီး ယဲ့ဖန်ထံသို့ ကျရောက်လာသည်။ သို့သော် ယဲ့ဖန်ကတော့ ဘာမှမတုံ့ပြန်ချေ။ သူသည် တစ်ကိုယ်တော် ခရီးသွားကဲ့သို့ အေးစက်မြဲ အေးစက်နေ၏။

သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အနက်ရောင်ချီမျှင်စုများက ဘေးပတ်လည်မှ ပျက်သုဉ်းခြင်း ဂိုဏ်းသားများထံသို့ လျှပ်စီးသဖွယ် တိုးဝင်သွားသည်။

သူနှင့်နီးကပ်လာသော ပျက်သုဉ်းခြင်း ဂိုဏ်းသားတိုင်း ချက်ချင်း အမှုန့်ဖြစ်သွားကြသည်။ တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။

မရဏကျိန်စာကဲ့သို့ တောင်ခြေမှ တောင်၏ဆင်ခြေလျော၊ ထိုမှနေရ တောင်ထိပ်ပေါ်အထိ အလောင်း ပြာများက မျောလွင့်နေသည်။ ထို့အတူ ယဲ့ဖန်သည် ထိုအလောင်းများ၏ အောက်မှနေ၍ ထျန်းရှန်တောင်ထိပ်ပေါ်သို့ ရောက်လာလေသည်။

Chapter 566 သန့်စင်ခြင်း

တောင်ခြေမှစ၍ တောင်ထိပ်အထိ ကောင်းကင်ယံ၌ တပည့်ဂိုဏ်းသားများ၏ ပြာများ မျောလွင့်နေပြီး လေနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။ ထိတ်လန့်၊ တုန်လှုပ်ဖွယ်ကောင်းလှသည်။

ထိုသို့သောအချိန်၌ ထျန်းရှန်တောင်တစ်ခုလုံး သုတ်သင်ခံနေရသည်။ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ ထိုထောင်ချီသောလူများအား မည်သည့်နည်းလမ်းဖြင့် အဆင်ပြေစွာ သတ်ဖြတ်လိုက်သလဲဆိုတာကို သူတို့ မယုံနိုင် ဖြစ်နေကြသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုသို့သောအချိန်၌ အားလုံး မျက်နှာပျက်နေကြသည်။ အထူးသဖြင့် ပျက်သုဉ်းခြင်းဂြိုဟ်၏ အကြီးအကဲများသည် ထျန်းရှန်တောင်ပေါ်သို့ ပြဿနာလာရှာရဲမည့်သူ တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု ထင်မထားမိကြချေ။

*ချီးတဲ့မှ*

“ဟေ့ကောင် မင်း ဘယ်သူလဲ၊ မင်းကများ ထျန်းရှန်တောင်ကို လာဖျက်ဆီးရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာလား”

အကြီးအကဲတစ်ယောက်က သုန်မှုန်နေသော မျက်နှာထားဖြင့် ဟစ်အော်လာသည်။ အဖြစ်အပျက်သည် အလွန် မြန်ဆန်လှပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်တောင်မှ ပြာနှမ်းနေသော အမူအယာနှင့် အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထိုစဉ် ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင် မသိမသာ တောင့်ခနဲ ဖြစ်သွားသည်။

“ဒါက …”

သူ့အကြည့်များက ယဲ့ဖန်၏ ကျောပေါ်မှ ဦးခေါင်းမဲ့ မိန်းကလေးပေါ် ကျရောက်နေပြီးနောက် ချက်ချင်းဆိုသလို ဝမ်းသာအားရ ဖြစ်သွားသော မျက်နှာထားမျိုး ပေါ်လွင်လာသည်။

*မှတ်ဉာဏ်မိန်းကလေးပဲ*

*လတ်စသက်တော့ မှတ်ဉာဏ်မိန်းကလေး ဖြစ်နေတာကိုး*

“ဟေ့ကောင် မင်းနဲ့ မှတ်ဉာဏ်မိန်းကလေးက ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်က ယဲ့ဖန်ကို စိုက်ကြည့်၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူ့စကားက မီးစကို ညှိပေးလိုက်သကဲ့သို့ တောင်တစ်ခုလုံးအား အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

*မှတ်ဉာဏ်မိန်းကလေးတဲ့လား*

လူတိုင်း ယဲ့ဖန်၏ကျောပေါ်မှ ဦးခေါင်းမဲ့မိန်းကလေးဖြစ်သူ ဟွမ်အာအပေါ်သို့ အာရုံရောက် သွားလေသည်။ ပြောရမည်ဆိုလျင် အားလုံး၏ ဟွမ်အာ၏ ပြတ်နေသော ခြေတစ်ဖက်ကို ကြည့်ပြီး အလွန် ဝမ်းသာလာကြသည်။

“ထောင်ချောက်ထဲ တည့်တည့်တိုးတာပဲ၊ ဟားဟား … ဒီကောင်က မှတ်ဉာဏ်မိန်းကလေးကို ပျက်သုဉ်းခြင်းဂြိုဟ်ဆီ ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး”

“နတ်ဘုရားတွေက ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်ကို ကောင်းချီးပေးတာပဲ။ ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်က တကယ်ကို ကောင်းကင်ဘုံရဲ့ ချီးမြှင့်မှုတွေ ပြည့်နှက်နေတဲ့သူ တစ်ယောက်ပါလား။ ခြေထောက်တစ်ဖက်ကို ဖြတ်နိုင်ရုံတင်မကဘဲ ဒီလူက သူကိုယ်တိုင် လာပို့ပေးတယ်ဆိုတော့ စိတ်လှုပ်ရှားစရာပဲ”

“မြတ်စွာဘုရား ကြည့်ရတာ ငါတို့ မှတ်ဉာဏ်မိန်းကလေးရဲ့သွေးတစ်စက်တင်မကဘဲ နှစ်စက် သုံးစက်အထိ သောက်လို့ရပြီနဲ့ တူတယ်”

“….”

ချက်ချင်းဆိုသလိုပင် ပျက်သုဉ်းခြင်းဂြိုဟ်တစ်ခုလုံး အလွန်အမင်း ရူးသွပ်လာကြသည်။ သိုင်းပညာရှင် တစ်ယောက်က စိတ်လှုပ်ရှားစွာ လှစ်ခနဲ ပြေးတက်လာပြီး ယဲ့ဖန်နှင့် ဦးခေါင်းမဲ့နေသော ဟွမ်အာအား ရတနာတစ်ခုကို ကြည့်သကဲ့သို့ ကြည့်လာသည်။

ထိုအချိန်၌ ယဲ့ဖန်ထံမှ ရေခဲတမျှ အေးစက်သည့် အသံထွက်ပေါ်လာ၏။

“မင်းက လူသား စားရတာကို ကြိုက်တာလား။ မင်းက လူသွေးသောက်ရတာကို ကြိုက်တယ်လား”

*ဘာ*

ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်နှင့် ကျန်လူများအားလုံး မျက်မှောင်ကြုတ် သွားကြသည်။

“ဟေ့ကောင် မင်း ဘာပြောချင်တာလဲ၊ ပြောစမ်း၊ မင်း ဘယ်သူလဲ”

*ဘယ်သူလဲ ဟုတ်လား*

ထိုစကားကြောင့် ယဲ့ဖန် ထရယ်လေသည်။ သူသည် တလက်လက်တောက်နေသော မျက်လုံးများဖြင့် တောင်ထိပ်ပေါ်ရှိ ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်၊ အကြီးအကဲများနှင့် မရေတွက်နိုင်သော သိုင်းပညာရှင်များကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလေသည်။

“ငါက လူသတ်သမားလေ”

ထိုစကားကြောင့် အားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

*သူက ပျက်သုဉ်းခြင်းဂြိုဟ်ကို ဖျက်ဆီးဖို့လာတာလား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်း မနေဘူးလား*

*မင်းမှာ ထူးဆန်းတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုရင်တောင်မှ မင်းက ပျက်သုဉ်းခြင်း အင်မော်တယ် ဘုရင်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ၊ မင်း ထောင်သောင်းချီတဲ့ လူတွေကို ဘယ်လို အနိုင်ယူမှာလဲ*

သို့သော် အားလုံး အထင်သေးနေကြချိန်တွင် ယဲ့ဖန်က လက်ဝါးကို တစ်ချက်လှုပ်လိုက်သဖြင့် အင်မော်တယ် မီးပွားက ချက်ချင်း ငြိမ်းသက်သွားသည်။

မှတ်ဉာဏ်မိန်းကလေး၏ ပြတ်သွားသော ခြေထောက်သည်လည်း ကြိုးတစ်ချောင်းနှင့် ဆွဲယူခံလိုက်ရသကဲ့သို့ မသိမသာ လှုပ်သွားပြီး ယဲ့ဖန်ထံသို့ ရောက်ရှိသွားလေသည်။ ထိုအခိုက်တွင် ယဲ့ဖန်က ခြောက်ခြားဖွယ်ကောင်းလောက်အောင် ရယ်မောလာသည်။

“မင်းတို့က အခြားသူတွေကို သန့်စင်ရတာ သိပ်ကြိုက်မှတော့ သန့်စင်ခံရတဲ့ အရသာကို မြည်းစမ်းကြည့်ပေါ့”

*ဘာ*

လူတိုင်း ယဲ့ဖန်၏ စကားကို နားမလည်ကြချေ။ သို့သော် ယဲ့ဖန်ကတော့ ဂရုမစိုက်ဘဲ လက်ထိပ်ကိုကိုက်၍ လေထဲ၌ တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။ ထိုအခါ ထူးခြားဆန်းကြယ်သော မှော်စာလုံးတစ်လုံးက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမှော်စာလုံးက ပျက်သုဉ်းခြင်းဂြိုဟ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ထိုမျှနှင့် မပြီးသေးချေ။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ လက်ဝါးထက်မှ အနက်ရောင် မီးတောက်တစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် ထိုမီးတောက်ကို မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထိုအခါ မြေကြီးပေါ် ကျသွားသော မီးတောက်သည် ဂြိုဟ်၏ မြေဆီလွှာထဲသို့ စိမ့်ဝင်သွားသကဲ့သို့ ပျောက်ကွယ်သွားသည်။

*ထူးဆန်းလိုက်တာ*

လူတိုင်းသည် ယဲ့ဖန် ပြုလုပ်နေသည့် အရာများကို နားမလည်သည့်ဟန်များဖြင့်သာ ကြည့်နေကြသည်။ ထိုစဉ် ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်က ခက်ထန်သော မျက်နှာနှင့် ပြောလိုက်သည်။

“ဟေ့ကောင်လေး မင်းလက်ထဲက ခြေပြတ်နဲ့ အဲ့ကောင်မလေးကို ငါတို့လက်ထဲ ထားခဲ့စမ်း”

“မဟုတ်လို့ကတော့ မင်းကို ဒုက္ခရောက်အောင် လုပ်ပစ်မယ်”

ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်၏ မျက်လုံး၌ သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေသည်။ ယဲ့ဖန် ဘာလုပ်သလဲဆိုတာကို သူ ဂရုမစိုက်ပါ။ သူ သိထားသည့် တစ်ခုတည်းသော အရာမှ ထိုသူသည် မှတ်ဉာဏ်မိန်းကလေးကို ယနေ့ ဤနေရာ၌ ထားခဲ့ရမည်ဖြစ်ပြီး သူ့အသက်ကိုလည်း ထားခဲ့ရမည်ဟုသာ သတ်မှတ်ထားသည်။

ယဲ့ဖန်သည် သူ့စကားကို မကြားဟန်ဖြင့် လှောင်ပြုံးပြုံးနေသည်။

“ပျော်ကြပါ၊ သေရတဲ့ အရသာကို ပျော်ပျော်ကြီး ခံစားလိုက်ပါဦး၊ သန့်စင်ခံရတဲ့ ခံစားချက်ကို ခံစားကြည့်လိုက်ပါဦး”

ထိုသို့ပြောပြီးနောက် သူသည် ကျောပေါ်မှ ဦးခေါင်းမဲ့နေသော ဟွမ်အာကို ဆက်ပိုး၍ လက်တစ်ဖက်ဖြင့် ခြေပြတ်တစ်ခုကို ကိုင်၍ လေပေါ် ပျံတက်သွားသည်။

“ထွက်သွားချင်တယ်ပေါ့လေ”

ဤသည်ကိုကြည့်ပြီး ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်နှင့် သိုင်းပညာရှင်များက ပျက်ရယ်ပြုလိုက်သည်။ ထို့နောက် သူ လှစ်ခနဲ ခုန်တက်လိုက်သည်။ သူသည် လေထဲ ပျံဝဲ၍ ယဲ့ဖန်အား ခုတ်ပိုင်းချင်နေသည်။

ထိုအခိုက်တွင် ပျက်သုဉ်းခြင်း ဂြိုဟ်တစ်ခုလုံး အပြင်းအထန် တုန်ခါလာသည်။ ပျက်သုဉ်းခြင်းဂြိုဟ် တစ်ခုလုံးမှနေ၍ မှော်စာလုံးတစ်ခု ထွက်ပေါ်လာသည်။ ဂြိုဟ်တစ်ခုလုံး ပေါက်ကွဲသွားပြီး ဆွဲအားတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်းကင်ပေါ် ခုန်တက်နေသည့် ပျက်သုဉ်းခြင်းဘုရင်နှင့် အခြားသူများသည် ရုတ်တရက် ထိုဆွဲအား၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ပြန်ပြုတ်ကျလာကြသည်။

*အမ်*

*ပြန်ပြုတ်ကျလာတာလား*

*ဘယ်လိုဖြစ်တာလဲ*

ထိုအခိုက်တွင် အားလုံး မှင်တက်သွားရသည်။ သူတို့အားလုံးသည် များပြားလှသော မှော်စာလုံးများကို မော့ကြည့်လိုက်ပြီးနောက် ထိုမှော်စာလုံးများက ဆွဲအား ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သတိထားမိသွားသည်။

“ဂြိုဟ်ကမ္ဘာ ချုပ်နှောင်ခြင်း။ မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် အင်မော်တယ်ဂိုဏ်းချုပ်အဆင့်က ဂြိုဟ်ကမ္ဘာ ချုပ်နှောင်ခြင်းကို တတ်နေရတာလဲ”

ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်သည် ဂြိုဟ်ကမ္ဘာ ချုပ်နှောင်ခြင်း အစီအရင်ကို ကြည့်ပြီး ကြက်သီးမွေးညင်း ထသွားသည်။

ဂြိုဟ်ကမ္ဘာ ချုပ်နှောင်ခြင်းသည် ဂြိုဟ်များကို ချုပ်နှောင်၍ အရာအားလုံးကို စုပ်ယူနိုင်မှန်း သူ သိနေသည်။ ချုပ်နှောင်ခံလိုက်ရသည်နှင့် ထိုဂြိုဟ်ပေါ်မှ မည်သည့် သက်ရှိမှ ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။ လေဟာနယ်တောင်မှ မလွတ်နိုင်ပေ။

ယခုအခါတွင် လူအုပ်ကြီးသည် သွေးပျက်၍ လိပ်ပြာလွင့်မတတ် ခြောက်ခြားနေကြသည်။

“ဂြိုဟ်ကမ္ဘာ ချုပ်နှောင်ခြင်း လျှို့ဝှက်အစီအရင်က နတ်ဆိုးမျိုးနွယ်ကပဲ။ ဘယ်လိုလုပ် ဒီမှာ ပေါ်လာရတာပဲ”

“ချီးတဲ့မှပဲ၊ အဲ့ကောင်က ခုနလေးတုန်းက ထောင်ချီနေတဲ့ တပည့်တွေကို ဘယ်လိုသတ်လိုက်တာလဲ၊ အဲ့ဒါက ဘယ်လိုလုပ် သေမင်း နတ်ဆိုးဆုဒြာနဲ့ တူနေရတာလဲ”

“ဂြိုဟ်ကမ္ဘာချုပ်နှောင်ခြင်း … သေမင်း နတ်ဆိုးဆုဒြာ၊ ဒါက …”

ဖြစ်နိုင်ချေများကို တွေးပြီးနောက် ထောင်သောင်းချီသော သိုင်းပညာရှင်အားလုံး ကြောက်လန့်သွားသည်။

*နတ်ဆိုးဧကရာဇ်*

လူတိုင်း ထိုနာမည်ကို တွေးမိသွားကြသည်။ အားလုံး ယဲ့ဖန်၏ မျက်နှာကို ပြန်ပုံဖော်ကြီးပြီးနောက် လဲကျမတတ် လန့်သွားပြန်သည်။

သို့သော် ဤမျှနှင့် မပြီးသေးချေ။ ကြောက်စရာအကောင်းဆုံးအရာက အခုမှ စတင်မှာ ဖြစ်သည်။ ဂြိုဟ်ပေါ်၌ မီးများ တောက်လောင်၍ ပျံ့နှံ့လာသည်။ မြေကြီးထဲမှနေ၍ အနက်ရောင် မီးပွားများ ပေါက်ကွဲထွက်ပေါ်လာသည်ကို အားလုံး တွေ့လိုက်ရသည်။

ပူလောင်ပြင်းပြလွန်းသည်။ အနက်ရောင် မီးပွားသည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သကဲ့သို့ အားလုံးအား ကြက်သီးထသွားစေသည်။

“ငရဲမီး၊ မြတ်စွာဘုရား ဒါ နတ်ဆိုးဧကရာဇ်ရဲ့ ငရဲမီး”

“မလုပ်နဲ့”

ကြောက်လန့်တကြား အော်ဟစ်သံများက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။ ထိုစဉ် ငရဲမီးများက မြေကြီးထဲမှနေ၍ ဆက်တိုက် ထွက်ပေါ်လာသည်။ မြေကြီးပေါ်မှ သိုင်းပညာရှင်များကို အရူးအမူး သတ်ဖြတ်သွားလေသည်။

သိုင်းပညာရှင်များ အရေပြားများ လောင်ကျွမ်း၍ အရိုးများ မီးသင့်သွားသည်။ အသားကို မီးညှော်သည့်အနံ့နှင့် အော်သံများက ငရဲခန်းကဲ့သို့ ဆက်တိုက် ထွက်ပေါ်လျက် ရှိသည်။ ထိုအခိုက်တွင် ပျက်စီးကိန်း ဆိုက်ကပ်နေလေ၏။

Chapter 567 တုယိုထျန်းမို

အနက်ရောင်မီးတောက်များသည် ပျက်သုဉ်းခြင်းဂြိုဟ်ပေါ်၌ ဆက်တိုက် လောင်ကျွမ်းလျက် ရှိသည်။ မီးတောင် ပေါက်ကွဲသကဲ့သို့ ပူလောင်လှပေသည်။

အနက်ရောင်မီးတောက်များအောက်၌ တိမ်ထုများထက် ထိုးတက်နေသည့် တောင်များသည် ရုတ်ရက် အရည်ပျော်သွားလေသည်။ အရည်ပျော်နေသော ချော်ရည်များအသွင်ပြောင်းသွားပြီး မြေပြင် တစ်လျောက် စီးဆင်းသွားလေတော့သည်။

ရေအိုင်များနှင့် များစွာသော ပင်လယ်သမုဒ္ဒရာများအားလုံး ချက်ချင်း ခမ်းခြောက်သွဦးသည်။ အနက်ရောင်မီးတောက်များအောက်၌ ရှေးယခင်ကတည်းက စိမ်းလန်းစိုပြည်ခဲ့သော တောတောင်များ ချက်ချင်းဆိုသလို ခြောက်သွေ့၍ အငွေ့ပျံကာ ပျောက်ဆုံးသွားလေသည်။

မြေဆီလွှာများ အက်ကွဲလာပြီး အရာအားလုံး ပျက်စီးသွားလေတော့သည်။ ဤမြင်ကွင်းသည် ပျက်သုဉ်းခြင်းဂြိုဟ်၏ အဆုံးသတ်ပင် ဖြစ်လေသည်။

ကြောက်လန့်နေကြသည်။ ဤအဖြစ်အပျက်ကြောင့် ပျက်သုဉ်းခြင်းဂြိုဟ်ပေါ်မှ ထောင်ချီသော သိုင်းပညာရှင်များအားလုံး စိတ်ဓာတ်ကျလာကြသည်။

သူတို့၏ ခန္ဓာကိုယ်များသည် ဂြိုဟ်ကမ္ဘာ ချုပ်နှောင်ခြင်း အစီအရင်ကြောင့် ဂြိုဟ်ထဲ၌ ပိတ်မိနေသည်။ သူတို့ မည်မျှကြိုးစားပါစေ ကောင်းကင်ထက်သို့ ပျံတက်ခြင်း မပြုနိုင်ကြချေ။

အနက်ရောင်မီးတောက်များက သူတို့ကို တိုက်စားနေပြီး သူတို့၏ စိတ်ဝိညာဉ်များကို လောင်မြိုက်နေသည်။ ငယ်သံပါအောင် အော်ဟစ်သံများက အတောမသတ်အောင် ထွက်ပေါ်လျက် ရှိသည်။

“မလုပ်နဲ့”

အင်မော်တယ် သူတော်စင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်သည် ငရဲမီးကြောင့် ချက်ချင်း အရိုးစု ဖြစ်သွားကျသွားသည်။ ထို့နောက် အရိုးများအားလုံး အက်ကွဲ၍ ပြာကျသွားလေတော့သည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက်တစ်သောင်း။

သေမင်းအတိတ်နိမိတ်များက ပျံ့နှံ့လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သိုင်းပညာရှင်များ အားလုံး သေဆုံးသွားကြသည်။ ပျက်သုဉ်ခြင်းတောင်ထိပ်ပေါ်၌ တောင်တစ်ခုလုံး အရည်ပျော်ကျ၍ ဆွေးမြည့်သွားလေသည်။ တောင်ပေါ်မှ သိုင်းပညာရှင်များအားလုံး မီးမြှိုက်ခံလိုက်ရသည်။

“ငါ့လက်၊ ငါ့ခြေထောက်၊ ငါ့ခေါင်း”

“အား …. နာတယ်”

“…”

နောက်ဆုံးသော နေ့ရက်များကဲ့သို့ အော်ဟစ်နေကြသည်။ ထိတ်လန့်ဖွယ်ကောင်းသော ပျက်သုဉ်းခြင်း အင်မော်တယ်ဘုရင်တောင်မှ ငရဲမီးအောက်မှ ဝမ်းနည်း စိတ်ပျက်စွာ အော်ဟစ် လောင်မြိုက်ခံရပြီး လူးလိမ့်နေသည်။

ဝုန်း!

ထိုအခိုက်တွင် ပျက်သုဉ်းခြင်းဂြိုဟ်တစ်ခုလုံး အရည်ပျော်သွားပြီး ကြိတ်ခြေထားသည့် ဂြိုဟ်အသားစကဲ့သို့ ဖြစ်သွားကာ အာကာသတွင်း၌ ကျဆင်းသွားလေတော့သည်။

ဂြိုဟ်ကမ္ဘာ သန့်စင်ခြင်းပင်။

တစ်ချိန်တည်းမှာပင် ပျက်သုဉ်းခြင်းဂြိုဟ်ပတ်လည်၌ များစွာသော စစ်သင်္ဘောများက ရှေ့သို့ဆက်၍ မောင်းနှင်နေကြသည်။ သို့သော် ထိုအခိုက်တွင် အလွန် ပူပြင်းသည့် အရှိန်အဝါကို ခံစားမိသွားသည်။ ထို့နောက် ထိုအပူရှိန်သည် ခပ်ဝေးဝေးမှ ထွက်လာပုံရသဖြင့် သူတို့ စစ်သင်္ဘောများကို လမ်းကြောင်းပြောင်းလိုက်ကြသည်။

“မြတ်စွာဘုရား၊ ဒါ ... ဒါ ပျက်သုဉ်းခြင်းဂြိုဟ်ပဲ”

“အရည်ပျော်နေတာပါလား၊ ဂြိုဟ်တစ်ခုလုံး သန့်စင်ခံနေရတာပဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...”

“မင်းတို့ ကြားကြလား၊ ဂြိုဟ်ပေါ်က သိုင်းပညာရှင်တွေ အော်ဟစ်ညည်းညူနေကြတာ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲ့ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ”

“....”

စစ်သင်္ဘောများစွာပေါ်မှ သိုင်းပညာရှင်များ ထိတ်လန့်နေကြသည်။ ဂြိုဟ်များကို သန့်စင်နိုင်သည့် တစ်စုံတစ်ယောက်အား သူတို့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

ဤသို့ ပြင်းထန်သည့် အရှိန်အဝါကြောင့် အားလုံး ကြက်သီးထလာသည်။

“သွားကြမယ် မဟုတ်လို့ကတော့ အဲ့သိုင်းပညာရှင် စိတ်ဆိုးသွားရင် ငါတို့အားလုံး ဒီမှာ သေသွားလိမ့်မယ်”

ထို့နောက် ဂြိုဟ်ပတ်လည်မှ စစ်သင်္ဘောများအားလုံးသည် နတ်ဆိုးတစ်ကောင်၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသကဲ့သို့ ထွက်ပြေးကြလေသည်။

တစ်ချိန်တည်းမှာပင် ပျက်သုဉ်းခြင်းဂြိုဟ် သန့်စင်ခံလိုက်ရသည့် သတင်းက ထိုစစ်သင်္ဘောများမှနေ၍ ဆက်လက် ပျံ့နှံ့သွားသည်။

အချိန်တိုအတွင်း၌ ပျက်သုဉ်းခြင်းဂြိုဟ်ပတ်လည်မှ ရာနှင့်ချီသော ဂြိုဟ်နယ်မြေများအားလုံး ထိုသတင်းကို ရရှိသွားပြီး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

ဂြိုဟ်များသန့်စင်ခံလိုက်ရသည့် သတင်းက တောမီးသဖွယ် ပျံ့နှံ့သွားပြီး ဆီအိုးထဲ ရေတစ်စက် ချလိုက်သကဲ့သို့ ဂြိုဟ်နယ်မြေများတွင် ပွက်လောရိုက်သွားသည်။

မရေတွက်နိုင်သော သိုင်းပညာရှင်များ စုဝေး၍ ပျက်သုဉ်းခြင်းဂြိုဟ်အကြောင်း ပြောဆိုကြလေသည်။ မည်သူ့လက်ချက်လဲဟု သူတို့ ထင်မြင်ချက် ပေးနေကြသည်။

....

တစ်ချိန်တည်းမှာပင် ဂြိုဟ်တစ်လုံးပေါ်၌ သူတောင်းစားအိုကြီးတစ်ယောက်သည် ဒယီးဒယိုင်ဖြင့် လမ်းလျှောက်နေသည်။

သူ့အဝတ်အစားများက အလွန် စုတ်ပြတ်နေပြီး အရေပြားများလဲ စုတ်ပြတ်နေ၏။ လောကဓံ အနိမ့်အမြင့်များ အတော်လေး ကြုံတွေ့ဖူးပုံရသည်။

“နှစ်ရာချီနေပြီ၊ ညီအစ်ကိုတွေ အဆင်ပြေပါ့မလား ငါ မသိဘူး”

သူတောင်းစားကြီး၏ မျက်လုံးများသည် ခပ်ဝေးဝေးမှ ကျယ်ပြောသော စကြဝဠာကို ဖြတ်သန်း၍ ရာစုနှစ်နှင့်ချီ၍ ဝေးနေသော အိမ်ကို မြင်နေရသကဲ့သို့ အဝေးအား ငေးကြည့်နေလေသည်။

နတ်ဆိုးဂြိုဟ်ကြီးကို သူ လွမ်းသည်။ နတ်ဆိုးဂြိုဟ်သည် သူ၏အိမ်သာ ဖြစ်သည်။

“သခင်ကြီး၊ ညီအစ်ကိုတို့၊ ကျုပ် ပင်ပန်းနေပြီ။ ကျုပ် ခင်ဗျားတို့အားလုံးကို သတိရတယ်”

သူတောင်းစားအိုကြီးသည် လမ်းထောင့်တစ်ခု၌ ဆောင့်ကြောင့်ထိုင်ချကာ ခေါင်းကိုငုံ့၍ မျက်ရည်များ ကျလာသည်။ သူ၏ စုတ်ပြတ်နေသော အင်္ကျီအောက်၌ အမာရွတ်များသာ ပြည့်နှက်နေ၏။

ထိုအမာရွတ်သည် ယောက်ျားသားတို့၏ အထိမ်းအမှတ်တံဆိပ်များလိုပင်။ သူသည် ဝံပုလွေအုပ်ထဲမှ သင်းကွဲလာသည့် သင်းကွဲဝံပုလွေကဲ့သို့ ဝမ်းနည်း၍ အထီးကျန်နေသည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ် လူရိပ်လေးခုက လမ်းကြားထဲသို့ ဆင်းလာကြပြီး ထိုသူတောင်းစားအိုကြီးကို ဝိုင်းထားကြသည်။

ထိုသူတို့သည် အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်လေးယောက်ပင်။ သူတို့ထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါက တစ်လောကလုံးသို့ ပျံ့နှံ့နေသည်။

“ဟားဟားဟား ... တုယိုထျန်းမို၊ နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ”

အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင်တစ်ယောက်က ပြုံး၍ ပြောလေသည်။ သူသည် သူတောင်းစားအိုကြီးက သားကောင်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေပြီး အေးစက်၍ သွေးဆာဟန် အမူအရာများ ပြသနေသည်။

တုယိုထျန်းမို။ ထိုစာလုံးလေးလုံးကို ကြားသည်နှင့် သူတောင်းစားအိုကြီး၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ့မျက်နှာပေါ်၌ ဝမ်းနည်းရိပ်များ စွန်းထင်းလာသည်။

“တုယို ... ငါ ဒီနာမည်ကို မကြားရတော့တာ အ‌တော်ကြာပြီပဲ”

သူတောင်းစားအိုကြီးက ခါးသီးစွာ ရယ်မောလေသည်။ ထို့နောက် သူ့မျက်လုံးများက စူးလက်လာပြီး အင်မော်တယ်ဘုရင် လေးယောက်အား အေးတိအေးစက် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။

“မင်းတို့က သေဖို့လာတာလား”

*ဘာ*

အင်မော်တယ်ဘုရင် လေးယောက်သည် ထိုသူတောင်းစားအိုကြီးက လေးယောက်တစ်ယောက် အဝိုင်းခံထားရတာတောင်မှ ဤမျှမောက်မာလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

“ဟဲဟဲ ... နတ်ဆိုး တုယို၊ မင်း အရင်တုန်းကလို ပြိုင်ဘက်ကင်းတဲ့သူ ဖြစ်နေတုန်းပဲလို့ ထင်နေတာလား”

“မင်းက အခု လမ်းဘေးခွေးသာသာပဲကွ”

“အင်မော်တယ်မိစ္ဆာက နတ်ဆိုးတစ်ကောင်ကို ဖမ်းနိုင်တာနဲ့ အင်မော်တယ်ဆေးပုလင်းနဲ့ ဂြိုဟ်တွေကို ဆုချမယ်လို့ အမိန့်စာ ထုတ်တားတယ်ကွ”

“မင်း သေလိုက်တော့”

ထိုသို့ပြောပြီး အင်မော်တယ်ဘုရင် လေးယောက်က သူတောင်းစားအိုကြီးအား ကြောင်ကို ကြွက်က ဖမ်းထားသကဲ့သို့ လှောင်ပြောင်သလို ကြည့်နေသည်။ ထိုစဉ် သူတောင်းစားအိုကြီးက ထရယ်လေ၏။

“ဟားဟားဟား ...”

သူ၏ကိုယ်တွင်းမှ စိတ်ဓာတ်ကျနေသည့် စိတ်များ ပျောက်ကွယ်သွားပြီး မာနတရားတို့က အစားထိုး ဝင်ရောက်လာသည်။ ဖိနှိပ်နိုင်လွန်းသည်။

“ကောင်းပြီလေ၊ မက်လောက်တဲ့ ဆုကြေးပဲ၊ မင်းတို့ အင်မော်တယ်မျိုးနွယ်က ငါ့ကို နှစ်ရာနဲ့ချီပြီး လိုက်ဖမ်းနေပြီးတော့ အခုထိ ငါ့ကို မသတ်နိုင်သေးဘူး။ မင်းတို့တွေကလည်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

ထို့နောက် သူတောင်းစားအိုကြီးသည် မားမားမတ်မတ်ရပ်၍ ရုတ်တရက် အင်မော်တယ်ဘုရင် လေးယောက်ထံသို့ ပြေးဝင်သွားသည်။

“ဒီလိုဆိုမှတော့ ငါက မင်းတို့ကို လိုက်ပို့ပေးရမှာပေါ့”

တုယို နတ်ဆိုးလက်သီးက အပြင်းအထန် ကျဆင်းလာသည်။ ဤသည်ကိုကြည့်ပြီး အင်မော်တယ်ဘုရင် လေးယောက်သည် လျစ်လျူမရှုရဲဘဲ ချက်ချင်း သတိထား၍ အထီးကျန်နေသော နတ်ဆိုးအား အပြင်းအထန် ပြန်၍ တိုက်ခိုက်လေသည်။

ဝုန်း ဝုန်း ဝုန်း။

တိုက်ပွဲသံများ အပြင်းအထန် ဆက်လက် ထွက်ပေါ်လာလျက် ရှိသည်။ အင်အားကြီးသော သိုင်းပညာရှင် ငါးယောက်၏ အောက်ခြေရှိ ဂြိုဟ်တစ်ခုလုံးသည် အချိန်မရွေး ပေါက်ကွဲလာတော့မည့်ဟန်ဖြင့် အက်ကွဲလာသည်။

တိုက်ပွဲစသည်နှင့် အင်မော်တယ်ဘုရင် လေးယောက်လုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

“မကောင်း‌တော့ဘူး”

ရုတ်တရက် လေးယောက်လုံး ထိုလက်သီးထံမှ တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ မိစ္ဆာတစ်ကောင်၏ သုတ်သင်ခြင်းကို ခံရတော့မည်ဟု တွေးထင်လိုက်မိသည်။

“သေစမ်း၊ သူက ထပ်ပြီးတော့ သန်မာလာတာပဲ”

အင်မော်တယ်ဘုရင် လေးယောက်လုံး နောက်သို့ မီတာတစ်ရာခန့် ဆုတ်လိုက်ရပြီးနောက် အင်အားချင်း ပူးပေါင်းချင်နေကြသည်။

ဤသည်မှာ တုယိုထျန်းမို ခန့်မှန်းထားသည့် အရာပင်။ သူသည် ခန္ဓာကိုယ်အား နတ်ဆိုးချီမျှင်စု အသွင်ပြောင်း၍ အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်ထံသို့ တိုးဝင်သွားသည်။

ထို့နောက် ထိုနတ်ဆိုးချီမျှင်စုသည် အင်မော်တယ်ဘုရင်အား ခြေထောက်မှစတင်၍ ခြေလက်များနှင့် ခန္ဓာကိုယ်တစ်ခုလုံးအား စုတ်ဖြဲလေတော့သည်။

“အား”

နားကွဲမတတ် အော်သံ ထွက်ပေါ်လာသည်။ နတ်ဆိုးချီမျှင်စုများ လွင့်ပြယ်သွားပြီးနောက် ထိုအင်မော်တယ်ဘုရင်၌ အရိုးစုသာ ကျန်ရစ်တော့သည်။

“နတ်ဆိုး တုယို၊ မင်း ... မင်း မဟာ ပြီးမြောက်ခြင်းကျင့်စဉ်ကို တကယ် ကျင့်ကြံပြီးပြီပဲ”

“ချီးပဲကွာ … ပြေးကြမယ်”

ဤမြင်ကွင်းကြောင့် ကျန်ရှိနေသေးသော အင်မော်တယ်ဘုရင် သုံးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။

အင်မော်တယ်မျိုးနွယ်များက တုယိုကို နှစ်ပေါင်းများစွာ လိုက်လံဖမ်းဆီးခဲ့သော်လည်း သူက သန်မာသထက် သန်မာလာလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။ ယခုအခါတွင် ပို၍ ခြောက်ခြားဖွယ် ကောင်းနေသည်။

*မြန်မြန်၊ မြန်မြန်၊ မြန်မြန်ပြေး*

ထိုစဉ် တုယို နတ်ဆိုးချီမျှင်စုများက လျှပ်စီးသဖွယ် လှုပ်ရှားနေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အင်မော်တယ်ဘုရင် သုံးယောက်လုံးအား နတ်ဆိုးချီမျှင်စုများဖြင့် ရစ်ပတ်၍ သူတို့ခန္ဓာကိုယ်အား သည်းကြီးမည်းကြီး စုတ်ဖြဲလေတော့သည်။

“အား…”

ထိုစူးရှသော အော်သံ၌ ဖော်မပြတတ်လောက်အောင် ကြီးမားသည့် ကြောက်စိတ်များ ပါဝင်နေသည်။ အင်မော်တယ်ဘုရင် သုံးယောက်လုံး၏ အသွေးအသားများ စုပ်ယူ၊ စုတ်ဖြဲခြင်း ခံလိုက်ရပြီးနောက် အရိုးစု သုံးခုက ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။

ယခုအချိန်၌ အင်မော်တယ်ဘုရင်များအားလုံး သေဆုံးသွားလေတော့သည်။

နတ်ဆိုးချီမျှင်စုများ ပြန်စုစည်းပြီးလာပြီးနောက် ချက်ချင်းဆိုသလို နတ်ဆိုးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူတောင်းစားအိုကြီးအဖြစ် ပြောင်းလဲသွားသည်။

“ဒီလူလေးယောက်ပါဆိုရင် စုစုပေါင်း သုံးဆယ့်ခြောက်ယောက် ရှိနေပြီ။ အင်မော်တယ်မျိုးနွယ်တွေ မင်းတို့ ငါ့ကို မသတ်နိုင်ပါဘူး၊ တစ်နေ့ကျရင် ငါက နတ်ဆိုးတွေကို ပြန်စုစည်းပြီး မင်းတို့ အင်မော်တယ် နယ်မြေကို ဖျက်ဆီးပစ်မှာ”

တုယိုထျန်းမို၏ မျက်နှာထက်၌ အလွန် မကျေမချမ်း ဖြစ်နေဟန်များ ပါဝင်နေ၏။ ထိုစဉ် သူ့ရင်ဘတ်၌ အနက်ရောင်မီးတောက်တစ်ခု လင်းဖြာလာသည်။ ထိုအရာမှာ အနက်ရောင်ဦးခေါင်းခွံပုံ ဖြစ်နေ၏။

နတ်ဆိုးဆန်၍ ကြောက်စရာကောင်းလှသည်။

ထိုအခိုက်တွင် အနက်ရောင်မီးတောက်များက ဦးခေါင်းခွံထက်၌ တောက်လောင်လျက် ရှိသည်။ ဤမြင်ကွင်းကြောင့် တုယိုထျန်းမို ထိတ်လန့်သွားသည်။

“ဒါ … ဒါက ငရဲမီးပဲ”

All Chapters