အခန်း (၅၇၄-၅၇၆)
Vol. 39 Ch. 574-576
Chapter 574 အရူးအမူး သတ်ဖြတ်ခြင်း
“အင်မော်တယ် စားသောက်ပွဲက အခုမှစမှာ”
ယဲ့ဖန်၏ စကားအဆုံး၌ ဂြိုဟ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြသည်။
သာမန် တိုက်ပွဲခွန်အားချင်းယှဉ်ရမည်ဆိုလျင် ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ်များက နတ်ဆိုး အယောက်တစ်သောင်းကို အသာလေး နင်းချေနိုင်သည်။
အင်မော်တယ်ဘုရင်၏ ခွန်အားချင်း ယှဉ်ရမည်ဆိုလျင်လည်း အင်မော်တယ်မျိုးနွယ်ဘက်တွင် အင်မော်တယ်ဘုရင် စဦးအဆင့် အယောက်ငါးဆယ်ကျော် ရှိပြီး အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်က အယောက်တစ်ရာကျော် ရှိသည်။
ပို၍ ကြောက်စရာကောင်းသည်က သူတို့ဘက်တွင် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်တစ်ယောက်ပင် ရှိသေးသည်။
တစ်ဖက်တွင်မူ အင်မော်တယ်ဘုရင် စဦးအဆင့် နတ်ဆိုး ဆယ့်ရှစ်ယောက်သာ ရှိလေသည်။ ဤသည်မှာ တစ်ဖက်သတ် အခြေအနေပင်။ သို့သော် ယဲ့ဖန်၏ ပါးစပ်ဖျားတွင်မူ အင်မော်တယ်ဘုရင် လင်ထျန်းတို့သည် ငါးများသာ ဖြစ်ပြီး ယဲ့ဖန်တို့ဘက်ကသာ ဓားဖြစ်ဟန် ပြောဆိုနေလေသည်။
ဤသည်က အင်မော်တယ်ဘုရင် လင်ထျန်းတို့အား မယုံနိုင်လောက်အောင် အံ့အားသင့်သွားစေသည်။
“ဟားဟားဟား”
ထိုသို့သောအချိန်၌ ရက်စက်ခြင်း အင်မော်တယ်ဘုရင်က အားပါးတရ ရယ်မောလိုက်ပြီး ယဲ့ဖန်အား အလွန် မကျေမချမ်းဖြစ်၍ ဒုက္ခပေးလိုဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
“မင်းက နတ်ဆိုးဧကရာဇ် အရူးလား။ မင်းမှာ မဟာနတ်ဆိုးအရှင် လေးယောက်၊ မဟာ နတ်ဆိုးနတ်ဘုရား ခြောက်ယောက်နဲ့ မဟာနတ်ဆိုးဘုရင် ရှစ်ယောက်ရှိတာနဲ့ပဲ ဟုတ်လှပြီ ထင်နေသေးတာလား”
ထို့အတူ မီးအင်မော်တယ်ဘုရင်ကလည်း ဟွမ်အာ၏ ဦးခေါင်းကိုကိုင်၍ ယဲ့ဖန်အား ခပ်ယဲ့ယဲ့ ပြုံးပြလေသည်။
“နတ်ဆိုးဧကရာဇ် ဒီနေ့က မင်း ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း ဒုက္ခအရောက်ဆုံးနေ့ ဖြစ်စေရမယ်”
“မင်း တစ်ယောက်တည်း သေရမှာတင် မဟုတ်ဘဲ မင်းနောက်လိုက်တွေလည်း သေရတော့မှာ။ မင်း ဂရုစိုက်တဲ့ မှတ်ဉာဏ်မိန်းကလေးလည်း ငါတို့ အင်မော်တယ်မျိုးနွယ်ရဲ့ သန့်စင်တာကို ခံရတော့မှာ ပြီးတော့ သူ့ရဲ့ သွေးတစ်စက်၊ အသားတစ်ဖက်တောင် မကျန်အောင် သန့်စင်ခံရမှာကွ။ ဟားဟားဟား …”
ထိုသို့သောအချိန်၌ မီးအင်မော်တယ်ဘုရင်နှင့် ရက်စက်ခြင်း အင်မော်တယ်ဘုရင်တို့၏ စကားများကြောင့် ဘေးပတ်လည်မှ အင်မော်တယ်မျိုးနွယ်များက ဟားတိုက်ရယ်မောလေ၏။
အားလုံး၏ မျက်နှာထက်တွင် အလွန်အမင်း ရက်စက်၍ သွေးဆာဟန်များ ထင်ဟပ်နေသည်။ နတ်ဆိုးမျိုးနွယ်များကို သတ်ဖြတ်ရန် စောင့်နေသည့် ပါးကွက်သားများဟုပင် ထင်မှတ်မှားရလေသည်။
ထိုစကားများကို ကြားပြီးနောက် ယဲ့ဖန်၏ လှောင်ပြုံးက ပို၍ပီပြင်လာသည်။ သူသည် တစ်ခွန်းမှ ပြန်မပြောဘဲ လက်ကိုလှုပ်လိုက်သည်။
သူ့နောက်မှ ထောင်သောင်းချီသော နတ်ဆိုးများသည် ယဲ့ဖန်၏အမိန့်ကို သံသယတစ်ချက်ပင် မဝင်ဘဲ လှစ်ခနဲ လှုပ်ရှား၍ သောင်းချီသော အင်မော်တယ်မျိုးနွယ်များထံ ပြေးဝင်သွားသည်။ များပြားသော လူများက အပြင်းအထန် တိုက်ခိုက်လာကြသည်။
သတ်၊ သတ်၊ သတ်။
နတ်ဆိုးတို့၏ သွေးများက ကောင်းကင်ထက်၌ ဖြန်းပက်နေသလို အင်မော်တယ်မျိုးနွယ်တို့၏ အလောင်းများကလည်း မြေကြီးပေါ်သို့ တဖုတ်ဖုတ် ကျသွားသည်။ နတ်ဆိုးတို့၏ သွေးများက ကောင်းကင်ထက်မှနေ၍ ဆက်တိုက် စီးကျနေသည်။
သို့သော် အရေအတွက် ကွာခြားခြင်း၏ ဆိုးကျိုးက ချက်ချင်း ပေါ်လာသည်။ အင်မော်တယ်မျိုးနွယ် ငါးယောက် သို့မဟုတ် ခြောက်ယောက်က နတ်ဆိုးတစ်ကောင်ကို ဝိုင်း၍ တိုက်ခိုက်ကြသည်။
နတ်ဆိုးတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ခွန်အားနှင့် ရက်စက်မှုတို့ကို အားပြု၍ အသည်းအသန် တွန်းလှန်တိုက်ခိုက်ကြသဖြင့် ထိခိုက်ဒဏ်ရာရမှု များလာသည်။
ဤမြင်ကွင်းကိုကြည့်ပြီး အင်မော်တယ်ဘုရင် လင်ထျန်းက အားပါးတရ ပြုံးလိုက်သည်။ အလားအလာကောင်းသော ဖိနှိပ်မှုပင်။ ယဲ့ဖန်၏ ဆိုးရွားလှသော အဆုံးသတ်ကို သူ ကြိုမြင်ယောင်နေပုံ ပေါ်သည်။
ထို့အတူ ဘေးပတ်လည်မှ ရာချီသော ဂြိုဟ်နယ်မြေများ၏ အင်မော်တယ်မျိုးနွယ်များကလည်း ဟက်ဟက်ပက်ပက် ရယ်မောကြလေသည်။
ဝီ!
ထိုစဉ် ဝီခေါ်နေသော အသံကြောင့် အင်မော်တယ်ဘုရင်တို့၏ ရယ်သံများ ချက်ချင်း အေးခဲသွားသည်။ မည်းနက်နေသော ပုရွက်ဆိတ်များက သောင်းချီသော အင်မော်တယ်မျိုးနွယ်များထံ ပျံသန်းလာသည်ကိုမြင်ပြီး သူတို့ ခြောက်ခြားသွားသည်။
ပုရွက်ဆိတ်များ၏ အလျင်က အလွန် မြန်ဆန်လှသည်။ သူတို့သည် လျှပ်စီးကဲ့သို့ အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်ထံသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။
“အား…”
ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ အင်မော်တယ်မျိုးနွယ်တို့၏ သွေးစက်များ ရွာသွန်းလာသည်။ သောင်းချီသော အင်မော်တယ်မျိုးနွယ်များ သွေးပျက်လာကြသည်။
“ဒါ … ဒါက ဝိညာဉ်စား ပုရွက်ဆိတ်ပဲ”
ဝိညာဉ်စား ပုရွက်ဆိတ်ဟူသော ရိုးစင်းသော စကားလုံးသည် ကမ္ဘာပျက်ကိန်း ဆိုက်ကပ်လာသကဲ့သို့ အင်မော်တယ်မျိုးနွယ်များကို သွေးပျက်သွားစေခဲ့သည်။
၎င်းတို့သည် အင်မော်တယ်မျိုးနွယ်များအတွက် သဘာဝကပ်ဘေးပင်။ ဤ ကြောက်စရာကောင်းသော သတ္တဝါသည် ဂြိုဟ်များကို ဝါးမျိုနိုင်လေသည်။
*သူတို့က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ*
အင်မော်တယ်ဘုရင်အဆင့်အောက် ရှိသောသူများအားလုံး သတိလက်လွတ် ဖြစ်လာကြသည်။ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြလေသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်၊ နတ်ဆိုးဧကရာဇ်က ဝိညာဉ်စား ပုရွက်ဆိတ်တွေနဲ့အတူ တကယ် ပြန်လာတာပဲ၊ သေစမ်း”
ချက်ချင်းဆိုသလိုပင် အင်မော်တယ်ဘုရင်တိုင်း ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ ထို့နောက် ယဲ့ဖန် ပြောခဲ့သည့် အင်မော်တယ် စားသောက်ပွဲကြီးဆိုသည်က ဝိညာဉ်စား ပုရွက်ဆိတ်များကို ပြောခြင်းဖြစ်မှန်း သူတို့ သတိပြုမိသွားသည်။
ဂျွတ်! ဂျွတ်!
ထိုသို့သောအချိန်၌ ကောင်းကင်ယံ၌ ကြေးချွတ်သန့်စင်ဘုံမှ ထွက်လာသော အသံများကဲ့သို့ အော်သံများနှင့်အတူ ကိုက်ဖြတ်စားသောက်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။
အင်မော်တယ်မျိုးနွယ်တစ်ယောက်၏ ခန္ဓာကိုယ်သည် ဝိညာဉ်စားပုရွက်ဆိတ်များ၏ ဝါးမျိုခြင်း ခံနေရသည်။ ကြောက်စရာကောင်းသော မြင်ကွင်းသည် အမှန်ပင် ဝိညာဉ်စားပုရွက်ဆိတ်များအတွက် စားသောက်ပွဲကြီး ဖြစ်နေပြီး မယုံနိုင်စရာ ကောင်းလှသည်။
“သတ်ကြဟေ့”
ထိုအခိုက်တွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားလေသည်။ ထောင်ချီသော နတ်ဆိုးများ စိတ်အား တက်ကြွလာသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အကူအညီနှင့်ဆိုလျင် သူတို့သည် အင်မော်တယ်မျိုးနွယ်များအား သေနေသော မြက်ပင်များနှင့် ဆွေးမြည့်နေသော သစ်သားတို့ကို ရှင်းလင်းရသကဲ့သို့ လွယ်ကူနေပေတော့မည်။
ကောင်းကင်ထက်မှနေ၍ အင်မော်တယ်မျိုးနွယ် အလောင်းများက တဖြုတ်ဖြုတ် ကျဆင်းလာပြီး အလောင်းများက တောင်လိုပုံ၍ သွေးများက ပင်လယ်ကဲ့သို့ စီးဆင်းလာသည်။
“မင်းတို့အားလုံး”
ထိုသို့သောအချိန်၌ အင်မော်တယ်ဘုရင် လင်ထျန်းသည် အလွန်အမင်း မျက်နှာပျက်နေလေသည်။ သူ့စိတ်ထဲတွင် ပြင်းထန်သော မုန်တိုင်း ဝင်နေလေ၏။
သူသည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း အင်မော်တယ်နယ်မြေ၌ အလောင်းများ တောင်လိုပို၍ သွေးပင်လယ်စီးကာ ပျက်စီးကိန်း ဆိုက်ကပ်လာသည်ကို မြင်ယောင်လာသဖြင့် သူ့မျက်လုံးကို ပြန်ပွတ်လိုက်မိသည်။
“တိုက်ခိုက်ဖို့ အချိန်ပဲ၊ နတ်ဆိုးဧကရာဇ်က မသန်မာပင်မယ့် သူက သားလေင်းအရွယ် ဝိညာဉ်စား ပုရွက်ဆိတ်တွေကို ထိန်းချုပ်နိုင်တယ်”
“သူ့ကို ဒီနေ့ မသတ်နိုင်ဘူးဆိုရင် အင်မော်တယ်မျိုးနွယ် ကျဆုံးသွားလိမ့်မယ်”
ထိုသို့ပြောပြီးနောက် အင်မော်တယ်ဘုရင် လင်ထျန်းသည် ဘေးဘီကိုဝေ့ကြည့်လိုက်ပြီးနောက် အင်မော်တယ်ဘုရင်အဆင့် တစ့်ရာငါးဆယ်ကျော် ရှင်နေသေးသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက လက်သီးလက်မောင်းတန်း၍ အော်ပြောလိုက်သည်။
“အင်မော်တယ်တွေ နတ်ဆိုးဧကရာဇ်ကို သတ်ကြမယ်။ သူ့ကို သတ်မှပဲ အင်မော်တယ်နယ်မြေတစ်ခုလုံး ငြိမ်းချမ်းနိုင်မှာ”
သူ့စကားကြောင့် အင်မော်တယ်ဘုရင်အဆင့် တစ်ရာ့ငါးဆယ်ကျော်က ယုံကြက်ချက်ရလာပြီး အားလုံး ကြွေးကြော် လာကြသည်။
“နတ်ဆိုးဧကရာဇ်ကို သတ်ပြီး ငြိမ်းချမ်းရေး ရအောင်ယူမယ်”
“နတ်ဆိုးဧကရာဇ်ကို သတ်ပြီး ငြိမ်းချမ်းရေး ရအောင်ယူမယ်”
“…”
ထိုကြွေးကြော်သံနှင့်အတူ အင်မော်တယ်ဘုရင် လင်ထျန်းဦးဆောင်သော အင်မော်တယ်ဘုရင်အဆင့် တစ်ရာ့ငါးဆယ်ကျော်လုံးသည် ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။ ပြင်းထန်သော ဖိအားတစ်ခုကြောင့် ဂြိုဟ်များ တုန်ယင်လာသည်။ လေဟာနယ်များ အက်ကွဲလာသည်။
မျက်တော်တစ်ခတ်အတွင်းမှာပင် အင်မော်တယ်များသည် ယဲ့ဖန်ထံသို့ ရောက်ရှိလာသည်။ ထိုအခိုက်တွင် ယဲ့ဖန်သည် ထွက်မပြေးဘဲ မျက်နှာထားက အေးစက်နေ၏။ အင်မော်တယ်များအား သေလူတစ်ဖွဲ့ကိုသာ ကြည့်သကဲ့သို့ ကြည့်နေလေသည်။
“ငါ့သခင်ကြီးကို သတ်ချင်တယ်ပေါ့လေ၊ ကိုယ့်သေတွင်းကိုယ်တူးတာပဲ”
ထိုစဉ် လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ နတ်ဆိုးရှစ်ယောက်က ယဲ့ဖန်နားသို့ ရုတ်တရက် ပြေးဝင်လာသည်။ ထိုသူများသည် မဟာနတ်ဆိုးအရှင် ရှစ်ယောက်ပင်။
သူတို့အားလုံးက နှုတ်ခမ်းသတ်၍ ရူးသွပ်နေသော မျက်လုံးများဖြင့် အင်မော်တယ်များကို ဝင်တိုက်ခိုက်လာသည်။
“သေလိုက်တော့”
မဟာနတ်ဆိုးအရှင် ရှစ်ယောက်က ချက်ချင်းတိုက်ခိုက်လာသည်။ မဟာနတ်ဆိုးအရှင် နှစ်ယောက်က အင်မော်တယ်ဘုရင် လင်ထျန်းကို ဝိုင်းထားလိုက်သည်။ ကျန်နတ်ဆိုးရှစ်ယောက်က အင်မော်တယ်ဘုရင်အဆင့် အယောက် တစ်ရာ့ငါးဆယ်ကျော်ကို အရူးအမူး တိုက်ခိုက်လေတော့သည်။
ထိုအခိုက်တွင် နတ်ဆိုးရှစ်ယောက်သည် အင်မော်တယ်များထံသို့ သေမင်းကဲ့သို့ ရောက်ရှိလာသည်။ သူတို့ တိုက်ခိုက်သည်နှင့် အကုန် သုတ်သင်ခံလိုက်ရသည်။ ထို့နောက် အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အင်မော်တယ်ဘုရင်အဆင့် အယောက်တစ်ရာ့ငါးဆယ်ကျော်လုံး ဖိနှိပ်ခံလာရသည်။
“အား…”
အင်မော်တယ်အားလုံး မှင်တက်သွားကြသည်။ သွေးစွန်းရှောင်ဟူ တစ်ယောက်တည်းနှင့် အင်မော်တယ်ဘုရင်အဆင့် နှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့သည်ကို ရက်စက်ခြင်း အင်မော်တယ်ဘုရင် မြင်ခဲ့ပါသည်။ ယခုအခါတွင် ကျန်မဟာနတ်ဆိုးအရှင် ခုနစ်ယောက်ကလည်း ခွန်အားအရာ၌ သွေးစွန်းရှောင်ဟူထက် မနိမ့်ဘဲ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
“မလုပ်နဲ့”
အင်မော်တယ်ဘုရင် စဦးအဆင့် အင်မော်တယ်ဘုရင်တစ်ယောက် အသည်းအသန် အော်ဟစ်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ်သည် သွေးစွန်းရှောင်ဟူ၏ စုတ်ဖြဲခြင်း ခံလိုက်ရသည်။ သွေးစွန်းကျားလက်သီးချက်များကြောင့် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် လေးယောက် ပေါက်ကွဲ၍ သေဆုံးသွားသည်။
ထိုအခိုက်တွင် အင်မော်တယ်ဘုရင်များ၏ သွေးစက်များက ကောင်းကင်ထက်၌ ဝေ့ဝဲနေသည်။ တုယိုထျန်းမိုက ပို၍ ကြောက်စရာကောင်းသည်။ သူ၏ တစ်ကိုယ်တော် နတ်ဆိုးစွမ်းရည်များသည် မဟာပြီးမြောက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် ခန္ဓာကိုယ်အား နတ်ဆိုးချီမျှင်စုအသွင် ပြောင်း၍ အင်မော်တယ်ဘုရင်အဆင့် ဆယ်ယောက်ကို ချုပ်နှောင်ထားနိုင်သည်။
နတ်ဆိုးချီမျှင်စုအတွင်း၌ သူတို့၏ အော်ဟစ်သံများက ပဲ့တင်ထပ်လျက် ရှိသည်။ တုယိုထျန်းမို၏ နတ်ဆိုးချီမျှင်စုများ လွင့်ပြယ်သွားသောအခါ အရိုးစု ဆယ်ခုသာ ကျန်ရစ်ခဲ့ပြီး အသားနှင့်သွေးများအားလုံး စုပ်ယူခြင်း ခံလိုက်ရလေသည်။ သူတို့နှစ်ယောက်အပြင် ကျန်နတ်ဆိုးများကလည်း အင်မော်တယ်များကို သည်းကြီးမည်းကြီး သတ်ဖြတ်ကြလေသည်။
Chapter 575 မီးတောက်ဦးခွံ
ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် အင်မော်တယ်မျိုးနွယ်များအားလုံး ကြောက်လန့် နေကြသည်။ သူတို့သည် နတ်ဆိုးများ လက်ထဲ၌ အင်မော်တယ်ဘုရင်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြသည်ကို မြင်ပြီး သွေးပျက်သွားကြသည်။
အင်မော်တယ်မျိုးနွယ်များအားလုံး အလွန် ကြောက်လန့်နေကြသည်။ အထူးသဖြင့် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့ပင်။ သူတို့သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။
*သန်မာလိုက်တာ*
လက်ရှိ နတ်ဆိုးများသည် ယခင်နှစ်ရာပေါင်းများစွာကထက် ပို၍တောင်မှ သန်မာနေသေးသည်။ သူတို့အတွက် အင်မော်တယ်ဘုရင်များကို သတ်ဖြတ်ခြင်းက ကြက်ကလေး ငှက်ကလေးကို သတ်ရသကဲ့သို့ လွယ်ကူလှသည်။
ထိုသို့သောအချိန်၌ မဟာနတ်ဆိုးအရှင်နှင့် မြေကမ္ဘာနတ်ဆိုးတို့၏ စုပေါင်းလက်သီးချက်က အင်မော်တယ်ဘုရင် လင်ထျန်း၏ကိုယ်ပေါ်သို့ ကျရောက်လာသည်။
အင်မော်တယ်ဘုရင် လင်ထျန်းသည် ရုတ်တရက် မီတာတစ်ထောင်ခန့် လွင့်ထွက်သွားသည်။ မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာပြီးနောက် သူ သွေးတစ်လုပ်မျှ အန်မိသွားလေသည်။ သူ၏ အမူအရာက စက္ကူကဲ့သို့ အလွန် ဖြူရော်နေသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
အင်မော်တယ်ဘုရင် လင်ထျန်း၏ နဖူးမှနေ၍ ချွေးစေးများ တစက်စက် စီးကျလာသည်။ အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်နှင့် အင်မော်တယ်ဘုရင် စဦးအဆင့်တို့၏ ခွန်အားကွာခြားချက်က အတော်လေး ကြီးမားသည်။
ယခုအခါတွင်မူ မဟာနတ်ဆိုးအရှင် သို့မဟုတ် မြေကမ္ဘာနတ်ဆိုးတို့သည် အင်မော်တယ်မျိုးနွယ်တို့၏ အင်မော်တယ်ဘုရင် စဦးအဆင့်မျှသာ ရှိသောသူများ ဖြစ်လေသည်။
သူတို့ထဲက နှစ်ယောက်အတူ တိုက်ခိုက်သည်နှင့် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် တစ်ယောက်ကို ဖိနှိပ်နိုင်သည်က အံ့ဩစရာ ကောင်းလှသည်။
ထိုမျှနှင့် မပြီးသေးချေ။ အင်မော်တယ်ဘုရင် လင်ထျန်း လဲကျသွားသည်နှင့် မဟာနတ်ဆိုးအရှင်နှင့် မြေကမ္ဘာနတ်ဆိုးတို့က အသားစားအကောင်များကဲ့သို့ ချက်ချင်း ပြေးဝင်လာသည်။ သူတို့နှစ်ယောက်လုံး၏ နတ်ဆိုးလက်သီးများက မိုးစက်များကဲ့သို့ အဆက်မပြတ် ကျဆင်းလာသည်။
*နောက်ဆုတ်ရမယ်၊ နောက်ဆုတ်၊ နောက်ဆုတ်*
အင်မော်တယ်ဘုရင် လင်ထျန်း နောက်သို့ ဆုတ်နေရသော်လည်း ဘယ်ညာ အညှပ်ခံထားရသဖြင့် ဖိအားများ၍ မောပန်းနေသည်။
သူ၏အရိုးများ ကျိုးကြေ၍ အက်ကွဲလာသည်။ ဒဏ်ရာများက အရိုးထဲထိ နက်ရှိုင်းလာကာ သွေးများက ဆက်တိုက် စိမ့်ထွက်လာသဖြင့် သူ ရူးမတတ် ဖြစ်နေ၏။
“သတ်”
ထွက်ပြေးနေသော အင်မော်တယ်ဘုရင် လင်ထျန်းသည် ရုတ်တရက် နတ်ဆိုးများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူ့ရင်ဘတ် ထိုးဖောက်ခံလိုက်ရသည်။
အင်မော်တယ်ဘုရင်၏ ကိုယ်ထဲမှ သွေးများ ပန်းထွက်လာပြီး လူတစ်ကိုယ်လုံး တုန်ယင်နေသည်။ အင်မော်တယ်ဘုရင် လင်ထျန်း မျက်ခုံးတဆတ်ဆတ် လုပ်နေသည်။ ထိုအခိုက်တွင် သူသည် မရဏ အငွေ့အသက်များကို ခံစားမိနေပြီး သူ ဆက်တိုက်နေပါက နတ်ဆိုးများ၏ လက်ထဲ၌ မုချ သေသွားလိမ့်မည်ဟု ခံစားမိနေ၏။
သို့သော် ကောင်းကင်ထက်မှ နတ်ဆိုးများ၏ တိုက်ပွဲက ပြီးဆုံးလုနီးပါး ဖြစ်နေသည်။ ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ်သည် ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် နတ်ဆိုးများ၏ လက်ထဲတွင် အသတ်ခံရပြီး လူနည်းသထက် နည်းလာသည်။
ဂြိုဟ်၏မြေကြီးပေါ်တွင် အင်မော်တယ်မျိုးနွယ်တို့၏ အလောင်းအပိုင်းအစများဖြင့် ပြည့်နှက်နေ၏။ ကျန်ရှိနေသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များကြားထဲတွင် တစ်ခြား မဟာနတ်ဆိုး ခြောက်ယောက်က သိုးအုပ်ကို ကျားဆွဲသကဲ့သို့ ပြုမူနေပြီး လက်သီးချက် တစ်ချက်စီတိုင်း၌ အင်မော်တယ်ဘုရင်များ အသတ်ခံနေရသည်။
ဤမြင်ကွင်းမှာ အင်မော်တယ်မျိုးနွယ်တို့၏ အဆုံးသတ်ဟု ထင်မှတ်ရသည်။
*သွားပြီ*
*အားလုံး ပွဲသိမ်းပြီ*
ကျန်ရှိနေသော အင်မော်တယ်မျိုးနွယ်များ အလွန်အမင်း စိတ်ဓာတ်ကျနေကြသည်။ သူတို့ မရဏ အရိပ်အယောင်များကို မြင်နေရသည်။
“သေစမ်း”
“ငါ အဲ့ပုဂ္ဂိုလ်ကို မဆင့်ခေါ်ချင်ဘူး၊ ဒါပေမဲ့ အဲ့လိုဖြစ်လာအောင် မင်းက ငါ့ကို အတင်းဖိအား ပေးနေတာပဲ”
“မင်းတို့အားလုံးကြောင့်”
ထိုသို့သောအချိန်၌ အင်မော်တယ်ဘုရင် လင်ထျန်း ရူးမတတ် ဖြစ်နေ၏။ သူ၏ဆံပင်များက လေထဲ လွင့်နေပြီး အလွန်အမင်း လူသတ်လိုသော အငွေ့အသက်များက ပျံ့နှံ့ထွက်ပေါ်လျက် ရှိသည်။
သူသည် လက်မောင်းကြားမှနေ၍ မီးတောက်ပုံ အရိုးခွံတစ်ခုကို ထုတ်ယူလိုက်ပြီး တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။
“ကျွန်တော့်ရဲ့ ကြီးမြတ်သော အင်မော်တယ်မီးလျှံ၊ ကျွန်တော် လင်းထျန်က သင့်ရဲ့ဦးခွံကနေ ဆင့်ခေါ်ပါတယ်”
“ကျေးဇူးပြုပြီး ဒီကိုလာပြီးတော့ နတ်ဆိုးတွေကို သတ်ဖြတ်ပြီး ကျွန်တော့် အင်မော်တယ်နယ်မြေကို အေးချမ်းအောင် လုပ်ပေးပါ”
ထို့နောက် အင်မော်တယ်ဘုရင် လင်ထျန်းက မီးတောက်ပုံ ဦးခွံကို ခေါင်းပေါ်မြောက်၍ လေဟာနယ်ကို လှမ်းကြည့်ကာ အသည်းအသန် ဦးညွတ်ဂါဝရပြုလေတော့သည်။
ဤမြင်ကွင်းကြောင့် နတ်ဆိုးများ တိုက်ခိုက်ရာမှ ရပ်တန့်သွားသလို အင်မော်တယ်များလည်း ထိတ်လန့်သွားကြသည်။
အင်မော်တယ်ဘုရင် လင်ထျန်း၌ နောက်ခံတစ်ခု ရှိနေလိမ့်မည်ဟု အင်မော်တယ်မျိုးနွယ်များအားလုံး ထင်မထားမိကြချေ။
*သူက အရှင်သခင်တစ်ယောက်ကို ဂါဝရပြုနေတယ်တဲ့လား*
*အံ့ဩစရာပဲ*
*အင်မော်တယ် မီးလျှံလား*
ရက်စက်ခြင်း အင်မော်တယ်ဘုရင်သည် တစ်ခါမှ မှင်တက်နေပြီးနောက် ထိတ်လန့်ကြောက်ရွံ့လာပြီး မျက်လုံးပြူးလာလေသည်။
“ခက်ပြီ … အင်မော်တယ်ဘုရင် လင်ထျန်းက မီးလျှံတောင်ထဲက ကြောက်စရာကောင်းတဲ့အရာကို ဆင့်ခေါ်နေတာလား”
သူ၏စကားကြောင့် ဘေးပတ်လည်မှ အင်မော်တယ်များအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။
မီးလျှံတောင်။ ထိုတောင်သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ပေါ်လာခဲ့သော အင်မော်တယ်တောင် ဖြစ်လေသည်။ ထိုတောင်ပေါ်၌ မီးတောက်များက တစ်နှစ်ပတ်လုံး တောက်လောင်လျက် ရှိသည်။
ထိုမီးလျှံများကြောင့် ဘေးပတ်လည်မှ ဂြိုဟ်များ လောင်ကျွမ်း၍ အမှုန့်ဖြစ်သွားသည်။ လေဟာနယ်ထဲ၌ ဘာမှမရှိသလို ပြင်းထန်လှသည့် အပူရှိန်ကို တောင့်ခံရန် ခက်ခဲလှသည်။
ပြောရမည်ဆိုလျင် ထိုနေရာအား ဘေးပတ်လည်မှ ဂြိုဟ်စုနယ်မြေများက တားမြစ်နယ်မြေဟု ခေါ်ဝေါ်ကြသည်။
အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်တောင်မှ ထိုနေရာသို့ ခြေချသည်နှင့် လောင်ကျွမ်း၍ ပြာဖြစ်သွားနိုင်သည်။
ထိုအချိန်က မီးလျှံတောင်၏ ဆန်းကြယ်မှုကို လေ့လာချင်သော အင်မော်တယ်ဘုရင်များစွာ ရှိခဲ့သည်။ သို့သော် ဝင်လိုက်သည်နှင့် အပြင်မှလူများအားလုံး နှစ်ရာပေါင်းများစွာ အော်ဟစ်နေသည့် အသံများကို ကြားလိုက်ရသည်။
ထိုအင်မော်တယ်ဘုရင်များ၏ စိတ်ဝိညာဉ်မီးအိမ်များ ငြိမ်းသက်သွားသည်။ ခန္ဓာကိုယ်သည်လည်း လောင်ကျွမ်း၍ ပျောက်ဆုံးသွားသည်။
ထိုနေရာသည် တောင်မဟုတ်ဘဲ ဟေးဟယ် စကြဝဠာထဲမှ ထွက်လာသော ဦးခွံဖြစ်သည်ဟူသည့် ကောလာဟလလည်း ရှိသည်။
မီးလျှံဦးခွံ၊ ထိုဦးခွံက မည်မျှအင်အားကြီးမှန်း ဘယ်သူမှ မသိကြချေ။ သို့သော် တောက်လောင်နေသော မီးလျှံများကြောင့် အားလုံးကို နည်းနည်းလေးမှ အနားမကပ်နိုင်တော့ပေ။ သို့သော် ယခုအခါတွင်မူ …
အသက်ရှင်နေသော အင်မော်တယ်မျိုးနွယ်များက ကြောက်လန့်နေသော ယုန်များကဲ့သို့ အင်မော်တယ်ဘုရင် လင်ထျန်းနှင့် ဝေးရာသို့ ထွက်ပြေးလေသည်။
ထိုစဉ် အင်မော်တယ်ဘုရင် လင်ထျန်း၏ ဘေးပတ်လည်မှ လေဟာနယ်သည် အရည်ပျော်လာပြီး လေဟာနယ်ထဲမှနေ၍ ရေများ စီးကျလာသည်။ ပူပြင်းသော အပူချိန်က ပျံ့နှံ့လာသည်။
ရက်စက်ခြင်းဂြိုဟ်ပေါ်မှ တောင်ကုန်းများ၊ သစ်ပင်များနှင့် ပန်းပင်များ အပါအဝင် အားလုံး အရည်ပျော်သွားသည်။ ပန်းပွင့်များသည့် ပူပြင်းသော အပူချိန်ကြောင့် လောင်ကျွမ်းကာ အမှုန့်ဖြစ်သွားလေသည်။ အရာအားလုံး ပျောက်ဆုံးသွားလေ၏။
“တော်တော်ပြင်းတဲ့ အပူချိန်ပဲ”
ထိုလူများသာမက မဟာနတ်ဆိုးအရှင် ရှစ်ယောက်ပါ အရည်ပျော်မတတ် ခံစားမိ၍ နောက်ဆုတ်သထက် ဆုတ်လိုက်မိသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ လေဟာနယ်တစ်ခုလုံး အက်ကွဲ၍ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအရာမှာ တောင်တစ်လုံး ဖြစ်သည်။ ထိုတောင်ပေါ်၌ မီးလျှံများက အဆက်မပြတ် တောက်လောင်လျက် ရှိသည်။ ထိုအရာက ကောင်းကင်ထက်၌ ဝဲပျံ၍ တည်ရှိနေ၏။ ၎င်း၏ ပြင်းထန်သော အပူချိန်က ပျက်သုဉ်းခြင်းဂြိုဟ်ကို အရည်ပျော်၍ တစ်စစီ ဖြစ်မတတ် ဖြစ်လာသည်။
ထိုသည်သာမကချေ။ မီးလျှံတောင် ပေါ်လာသည်နှင့် ပြင်းထန်သော အပူရှိန်က ဆက်တိုက် ပျံ့နှံ့လာသည်။ အင်မော်တယ်မျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ ဝိညာဉ်စားပုရွက်ဆိတ်နှင့် အင်မော်တယ်ဘုရင်များပင် ထိုမီးလျှံကြောင့် အသည်းအသန် ထွက်ပြေးကြရသည်။
မီးလျှံတောင်က အားလုံး၏အထက်သို့ ရောက်လာမှသာ အားလုံး သေချာ မြင်လိုက်ရသည်က မီးလျှံတောက်လောင်နေသော ဦးခေါင်းတစ်လုံးပင်။ အသားဟူ၍ တစ်စက်မျှမရှိဘဲ ဦးခွံတစ်ခုသာ ရှိနေသည်။
မီးလျှံမျက်လုံးတစ်စုံက အားလုံးကို သေးငယ်သော ပုရွက်ဆိတ်များကို ကြည့်သကဲ့သို့ ကြည့်နေသည်။
“ငါ့ကို ဘယ်သူ ထပ်ခေါ်တာလဲ”
ကြောက်စရာကောင်းသော မီးလျှံက ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်၍ စကားပြောလာသောအခါ မိုးခြိမ်းသံကဲ့သို့ အော်သံ ထွက်ပေါ်လာသည်။
သူ့စကားကို ကြားသည်နှင့် အင်မော်တယ်ဘုရင် လင်ထျန်းသည် အပေါ်ကို မော့ကြည့်၍ တုန်ယင်နေဟန်ဖြင့် သူ့ခေါင်းထက်မှ ဦးခွံအပိုင်းအစကို မြှောက်ပြလေ၏။
“အရှင်ရှန်းဟော်၊ ကျွန်တော်မျိုး ရှောင်လင်ထျန်းပါ”
“အရှင်ရှန်းဟော် ကျေးဇူးပြုပြီး နတ်ဆိုးတွေကို သတ်ပေးပါ”
Chapter 576 သူ သေပြီး မင်း မွေးလာတာကိုး
“အရှင်ရှန်းဟော် ကျေးဇူးပြုပြီး ဒီနတ်ဆိုးတွေကို သတ်ဖြတ်ပေးပါ”
အင်မော်တယ်ဘုရင် လင်ထျန်းက ထိုသို့ကြွေးကြော်လိုက်သောအခါ အင်မော်တယ်မျိုးနွယ်များအားလုံး အလွန်အမင်း တက်ကြွသွားသည်။ အင်မော်တယ်ဘုရင် လင်ထျန်း၏ ကျောထောက်နောက်ခံက ဤကြောက်စရာကောင်းသော မီးလျှံဝိညာဉ် ဖြစ်နေသည်ကိုး။
ထိုသို့သောအချိန်၌ ရက်စက်ခြင်း အင်မော်တယ်ဘုရင်၊ မီးအင်မော်တယ်ဘုရင်နှင့် ကျန်အင်မော်တယ် မျိုးနွယ်များအားလုံး မီးလျှံဦးခွံရှိရာ ကောင်းကင်ထက်သို့ မျက်နှာမူ၍ ဒူးထောက်ကာ ကြွေးကြော် လိုက်ကြသည်။
“အရှင်ရှန်းဟော် ကျေးဇူးပြုပြီး နတ်ဆိုးအားလုံးကို သတ်ပေးပါ”
ထိုစကားများက ရက်စက်ခြင်းဂြိုဟ်အား တုန်ခါသွားစေသည်။ ထို့အတူ နတ်ဆိုးများအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
သူတို့သည် ယဲ့ဖန်ရှေ့သို့ စုဝေးလာပြီး တစ်ယောက်နှင့်တစ်ယောက် ပူးကပ်၍ ကောင်းကင်ထက်မှ မီးလျှံဦးခွံကို စောင့်ကြည့်နေကြသည်။ သူတို့ အလွန်အမင်း ကြောက်ရွံ့နေသည်။
အထူးသဖြင့် မဟာနတ်ဆိုး ရှစ်ယောက်ပင်။ သူတို့သည် အလွန်အမင်း ဖြူရော်နေသော မျက်နှာထားဖြင့် ယဲ့ဖန်ကို အကြံပေးလိုက်သည်။
“သခင်ကြီး သွားပါတော့။ မီးလျှံရဲ့ ပြင်းထန်မှုကို ကျွန်တော်တို့ မခုခံနိုင်ဘူး”
မဟာနတ်ဆိုးရှစ်ယောက်သည် သန်မာသော်လည်း မီးလျှံဦးခွံ၏ မီးလျှံများနှင့် အပစ်ခံရပါက သူတို့ ခြွင်းချက်မရှိ သေရလိမ့်မည်ဟု ခံစားမိနေသည်။ ထိုအခိုက်တွင် ယဲ့ဖန်သည် ခံစားချက်ကင်းမဲ့နေသည်။
သူ့မျက်လုံးများက ကောင်းကင်ထက်မှ မီးလျှံဦးခွံကို မယုံနိုင်ဟန်ဖြင့် ငေးကြည့်နေ၏။
“သခင်ကြီး ခင်ဗျား …”
သွေးစွန်းရှောင်ဟူက ဆက်၍ နားချရန် ပြင်လိုက်သည်။ ထိုစဉ် ယဲ့ဖန်က လက်ကာပြ၍ အနည်းငယ် အက်ကွဲနေသော လေသံနှင့် စကားစလာသလို သူ့အမူအရာကလည်း မသိမသာ ပျက်ယွင်းလာသည်။
“အဲ့ဒီ မီးလျှံကို မင်းတို့ ရင်းနှီးသလို မခံစားမိဘူးလား”
*ဘာ*
မဟာနတ်ဆိုးရှစ်ယောက်လုံး အံ့ဩသွားသည်။ သူတို့သည် ယဲ့ဖန်ကို ကာကွယ်ရန် ကြိုးစားနေသဖြင့် မီးလျှံဦးခွံကို လုံးဝ မလေ့လာမိချေ။ ယဲ့ဖန်၏ သတိပေးစကားကြောင့် အားလုံး မီးလျှံဦးခွံကို လှမ်းကြည့်မိလိုက်သည်။
အရိုးထဲမှ မသိမသာ ရင်းနှီးနေသော ခံစားချက်က မဟာနတ်ဆိုးရှစ်ယောက်အား အပြင်းအထန် တုန်ယင်သွားစေသည်။
“ဒါ …. ဒါက ချီယန်နဲ့ နည်းနည်းဆင်သလိုပဲ”
“အနီရောင် မီးလျှံ၊ မဟုတ်ဘူး … ဒါက သန္ဓေပြောင်းမီးလျှံပဲ။ ဒါက အနီရောင်မီးလျှံထက် ပိုပြီး ပြင်းထန်သေးတယ်”
“သီးသန့်အနီရောင်မီးလျှံ၊ ချီယန်နတ်ဆိုးဘုရင်လား၊ ဒါပေမဲ့ ချီယန်နတ်ဆိုးဘုရင်က လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်ကတည်းက သခင်ကြီးကို ကာကွယ်ဖို့အတွက် ဟေးဟယ် စကြဝဠာထဲကို ကျဆင်းသွားပြီလေ၊ ဘယ်လိုလုပ် …”
ချီယန်နတ်ဆိုးဘုရင်။ သူသည် အမှောင်သခင် နတ်ဆိုးဘုရင်ကဲ့သို့ ရှေးကျသောသူတစ်ယောက် ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်၏ ရှေးကျသော သမိုင်းကြောင်း၌ မဟာနတ်ဆိုးဘုရင် ရှစ်ပါး ရှိခဲ့သည်။ သို့သော် ထိုမဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် နှစ်ပေါင်းများစွာကတည်းက ကျဆုံးသွားခဲ့လေသည်။
ပြောရမည်ဆိုလျင် လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က နတ်ဆိုးနှင့် နတ်ဘုရားတို့၏ စစ်ပွဲကြောင့် အမှောင်သခင် နတ်ဆိုးဘုရင် ကျဆုံး၍ ကမ္ဘာဦးချောက်နက်ထဲ ကျသွားခဲ့သည်။
လွန်ခဲ့သည့် နှစ်ခြောက်ထောင်ခန့်က နတ်ဆိုးဂြိုဟ်ပေါ်၌ ကပ်ဆိုးတစ်ခု ကျရောက်ခဲ့ပြီး ထိုကပ်ဆိုးကြောင့် မရေတွက်နိုင်သော နတ်ဆိုးများ သေဆုံးခဲ့ရသည်။
နတ်ဆိုးမျိုးနွယ်ကို ကယ်တင်ရန်အတွက် ယဲ့ဖန်သည် ချီယန် နတ်ဆိုးဘုရင်ကိုခေါ်၍ ဟေးဟယ်စကြဝဠာထဲသို့ သွား၍ မြစ်နက် အောက်ခြေသို့ ငုပ်လျှိုး၍ စိတ်ဝိညာဉ် နတ်သစ်သီးကို ယူဆောင်ခဲ့သည်။
သို့သော် သူ ဟေးဟယ်စကြဝဠာနှင့် မြစ်နက်ထဲမှ ထွက်လာသည်နှင့် လောကသခင်သုံးယောက်နှင့် မျိုးနွယ်သုံးခု၏ ဝန်းရံလုပ်ကြံခြင်းကို ခံရလေသည်။
ထိုအချိန်တွင် ချီယန်တစ်ယောက်တည်းသာ ရှိခဲ့သည်။ ယဲ့ဖန်ကို ကာကွယ်ရန်အတွက် ချီယန် နတ်ဆိုးဘုရင်သည် မျိုးနွယ်သုံးခု၏ စစ်တပ်ထဲသို့ အပြင်းအထန် တိုးဝင်သွားခဲ့သည်။
နောက်တုံးတွင် သူသည် သူ၏နတ်ဆိုးခန္ဓာကိုယ်ကို ဖောက်ခွဲ၍ မီးလျှံအသွင်ပြောင်း၍ မျိုးနွယ်သုံးခု၏ စစ်တပ်ကြီးအား လောင်ကျွမ်းစေခဲ့သည်။
ယဲ့ဖန် လွတ်မြောက်ရန်နှင့် နတ်ဆိုးမျိုးနွယ်အား အန္တရာယ်ထဲမှ လွတ်မြောက်နိုင်စေရန်အတွက် ချီယန် နတ်ဆိုးဘုရင်သည် မိမိခန္ဓာကိုယ်ကို ဖောက်ခွဲလိုက်ပြီး ဟေးဟယ်စကြဝဠာထဲသို့ ထာဝရ ပြုတ်ကျသွားကာ အစအနမရှိ ပျောက်ကွယ်သွားလေသည်။
ထိုအခါမှစ၍ အနီရောင်မီးလျှံ ချီယန်နတ်ဆိုးဘုရင် ကျဆုံးသွားခဲ့လေသည်။ သို့သော် ယခုအခါတွင် ကောင်းကင်ထက်မှ မီးလျှံဦးခွံကိုကြည့်ပြီး အားလုံး ထိတ်လန့်နေကြသည်။
“ဟုတ်တယ် ... ဦးခွံကတော့ ချီယန်နတ်ဆိုးဘုရင်ရဲ့ ဦးခွံပဲ၊ ဒါပေမဲ့ အထဲက စိတ်ဝိညာဉ်ကတော့ အရှင်ချီယန် မဟုတ်ဘူး”
နတ်ဆိုး သွေးစွန်းရှောင်ဟူသည် ချီယန်နတ်ဆိုးဘုရင်နှင့် ရင်းနှီးသည်။ ချီယန်နတ်ဆိုးဘုရင်၏ အငွေ့အသက်ကို သူ အရင်းနှီးဆုံး ဖြစ်သည်။
ထိုအခိုက်တွင် သူသည် အငွေ့အသက်ကို ခံစားမိပြီး အလွန်အမင်း မျက်နှာပျက်သွားလေသည်။ ယဲ့ဖန်သည်လည်း မျက်မှောင်ကြုတ်နေ၏။ ထိုစိတ်ဝိညာဉ်က ချီယန်၏ စိတ်ဝိညာဉ် မဟုတ်ဘဲ စိတ်ဝိညာဉ် အသစ်တစ်ခုဖြစ်နေသည်ကို သူ ချက်ချင်း သတိထားမိသွားသည်။
အင်မော်တယ်ဘုရင် လင်ထျန်း၏ စကားသံများက ဆက်တိုက် ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်ထက်မှ မီးလျှံဦးခွံကို တရိုတသေ လှမ်းကြည့်၍ ပြောလိုက်သည်။
“အရှင်ရှန်းဟော်၊ အဲ့လူက နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးဧကရာဇ်ပါ။ သူ့ကို သတ်လိုက်တာနဲ့ အင်မော်တယ်မျိုးနွယ်တွေ ဆုချီးမြှင့်ခံရမှာပါ။ ပြောရရင် သူ ချီထားတဲ့ ကောင်မလေးက မှတ်ဉာဏ်မိန်းကလေး ဖြစ်ပြီးတော့ လူတိုင်း လိုချင်နေတဲ့ စွမ်းအားကြီးတဲ့ အမွေအနှစ်တွေ ရှိနေပါတယ်”
အင်မော်တယ်ဘုရင် လင်ထျန်းသည် စကြဝဠာ အမွေအနှစ်များကို စုဆောင်းရန် အပတ်တကုတ် ကြိုးစားအားထုတ်လျက် ရှိသည်။ သူသည် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများအား အမွေအနှစ်ကို ရအောင်လုပ်ပေးပါက ဂြိုဟ်စုနယ်မြေများကို ထိန်းချုပ်ခွင့် ပေးမည်ဟုတောင်မှ ပြောခဲ့သည်။
ထိုအရာများအားလုံးသည် မီးလျှံ ကျေနပ်အောင် လုပ်ခြင်းသာ ဖြစ်လေသည်။ သို့သော် ရှန်းဟော်၏ ကြောက်စရာကောင်းပုံကို သူ အသိဆုံးသာ ဖြစ်သည်။ သူသည် ထိုဦးခွံကြောင့် သေမတတ် မီးမြှိက်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော် မီးလျှံဦးခွံက သူ့အား အမွေအနှစ်ကို လိုက်မရှာခိုင်းခဲ့ချေ။ ယခုအခါတွင် အင်မော်တယ်ဘုရင် လင်ထျန်း ထိတ်လန့်နေသည်။
အင်မော်တယ်ဘုရင် လင်ထျန်း၏ စကားကြောင့် မီးလျှံဦးခွံ၏ မျက်လုံးမှ မီးများ ပေါက်ကွဲလာသည်။
“မှတ်ဉာဏ်မိန်းကလေး၊ အမွေအနှစ်စွမ်းအားတဲ့လား”
ထိုသို့ရေရွတ်ပြီးနောက် သူ၏ မီးလျှံမျက်လုံးများသည် ယဲ့ဖန်နှင့် ဦးခေါင်းမဲ့နေသော ဟွမ်အာအား လှမ်းကြည့်လိုက်သည်။
လှမ်းကြည့်လိုက်သည်နှင့် ဦးခွံတစ်ခုလုံးမှ မီးတောက်များ တုန်ခါလာသည်။ ရင်းနှီးနေသလိုပင်။ ထိုလူကို သူ တစ်နေရာရာ၌ မြင်ဖူးသလို ခံစားမိနေသဖြင့် မီးလျှံဦးခွံသည် အံ့ဩနေသည်။
“ကောင်လေး မင်း ဘယ်သူလဲ၊ ဘာလို့ မင်းဆီက ထွက်လာတဲ့ အငွေ့အသက်က ငါနဲ့ တအားရင်းနှီးသလို ခံစားနေရတာလဲ”
မီးလျှံဦးခွံ အံ့ဩနေသည်။ ဟေးဟယ်၌ သူ၏စိတ်ဝိညာဉ် မွေးဖွားလာချိန်မှစ၍ အင်မော်တယ် နယ်မြေအထိ သိုင်းပညာရှင်များကို သတ်ဖြတ်၍ အမွေအနှစ်ကို စုဆောင်းခဲ့သည်။
သူ မရေတွက်နိုင်သော လူပေါင်းများစွာနှင့် တွေ့ခဲ့သော်လည်း အင်မော်တယ် လင်ထျန်းမှလွဲ၍ အားလုံးနီးပါးသည် သူ့ကြောင့် ပြာဖြစ်သွားလေသည်။
သို့သော် သူ ယဲ့ဖန်ကို မြင်သောအခါ၌ သူ တစ်ခုခုကို မှတ်မိသလို ဖြစ်လာသည်။ ထိုရင်းနှီးမှုသည် အရိုးထဲမှ စိမ့်ဝင်ပျံ့နှံ့လာပုံရသည်။
ချစ်ရသောသူများကို မှတ်မိနေသည့် ခံစားချက်မျိုး ဖြစ်သည်။ ဤခံစားချက်သည် အချိန်အတော်ကြာ လျှောက်သွားပြီးနောက် အရင်းနှီးဆုံး ဆွေမျိုးတစ်ယောက်နှင့် ပြန်ဆုံရသဖြင့် အရိုးထဲမှနေ၍ အားကိုးသလို ခံစားလာရသဖြင့်သူ ထိတ်လန့်ကာ ဒေါသထွက်သွားသည်။
*ဘာ*
သူ့စကားကြောင့် အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အင်မော်တယ်မျိုးနွယ်များအားလုံး အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူတို့စိတ်ထဲ၌ အံ့ဩသလို ခံစားလာရသည်။
ထိုအခိုက်တွင် ယဲ့ဖန်က မီးလျှံဦးခွံကို ဝမ်းနည်းမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အနီရောင် အသားအရေနှင့် လူတစ်ယောက်ကို မတွေးမိဘဲ မနေနိုင်အောင် ဖြစ်နေ၏။
ထိုသူသည် မီးလျှံလူသား ဖြစ်သည်။ သူ၏ အသားအရေ၊ ဆံပင်နှင့် မျက်လုံးများက မီးကဲ့သို့ နီမြန်းနေ၏။ သူ လမ်းလျှောက်လာရုံနှင့် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ သူသည် မီးအဖြစ်မှ လူဝင်စားခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင့်ခြောက်ရာတုန်းက ဟေးဟယ်စကြဝဠာ ပတ်လည်၌ ဂြိုဟ်နယ်မြေတစ်ခု ရှိခဲ့သည်။ ထိုနယ်မြေများထဲမှ တစ်ခုတွင် မျိုးနွယ်လေးတစ်ခု ရှိခဲ့သည်။ ထိုလူများသည် ဟေးဟယ် ရေနတ်ဘုရားကို ယုံကြည်သက်ဝင်ကြသည်။ သို့သော် ထိုမျိုးနွယ်၌ ကလေးတစ်ယောက်အဖြစ် မီးအဖြစ် မွေးဖွားလာခဲ့သည်။ သူသည် လူ့လောကထဲသို့ ဝင်လာသည်နှင့် ဂြိုဟ်တစ်ခုလုံးပေါ်မှ မြစ်များကို မီးသင့်စေ၍ ခမ်းခြောက်သွားစေသည်။
ထိုကလေးအား မျိုးနွယ်တစ်ခုလုံးက ကြောက်ရွံ့သွားပြီး “ကပ်ဆိုးကလေးငယ်” ဟု သမုတ်ခဲ့ကြသည်။ ထို့နောက် မျိုးနွယ်ဝင်များက ထိုကလေးကို ဟေးဟယ်မြစ်နက်ထဲ၌ ပစ်ထားခဲ့ကြပြီး သူ့ဘာသာသူ ရှင်သန်ခိုင်းသည်။ ထိုစဉ် လူတစ်ယောက်က ကလေးကို ကောက်ချီခဲ့သည်။ ထိုသူကား ယဲ့ဖန်ပင်။
ထိုအချိန်တုန်းက ယဲ့ဖန်သည် စကြဝဠာထဲ၌ သွားလာရင်း မြစ်နက်တွင် ရေ၏သဘောတရားကို နားလည်သဘောပေါက်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ ဝင်လာလိုက်သည့်အကြိမ်တိုင်း ပူပြင်းသော ရေသဘာဝ တာအိုဓာတ်တစ်မျိုးက သူ၏ ရေသဘာဝ နတ်ဆိုးတာအိုကို ဖျက်ဆီးခဲ့သည်။
ထိုအခိုက်တွင် ယဲ့ဖန် တွေဝေသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် မြစ်အောက်ခြေမှ မီးလူသား ကလေးငယ်ကို ရှာတွေ့ခဲ့သည်။ ထိုအချိန်တွင် ထိုမီးလူသားကလေးငယ်သည် သေလုမျောပါး ဖြစ်နေခဲ့သည်။
ယဲ့ဖန်ကပင် သူ့ကို စကြဝဠာ မီးနယ်မြေအတွင်းထဲထိ ခေါ်သွားပြီး ကိုးသက်တိုင်တိုင် ငရဲမီးကြောကို ထုတ်ယူ၍ ငရဲမီးဖြင့် အနီရောင်မီးလျှံကို ပုံသွင်းခဲ့သည်။ ထိုငရဲမီးကြောသည် ငရဲမီး၏ အရင်းအမြစ်လည်း ဖြစ်သည်။
နောက်ပိုင်းတွင် ထိုကလေးသည် ကြီးပြင်းလာပြီး ယဲ့ဖန်၏ နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့သည်။ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်စေ အင်မော်တယ် သင်္ချိုင်း၌ ဖြစ်စေ ယဲ့ဖန်ရှိသည့်နေရာတိုင်း၌ မီးတောက်များ ထုတ်လွှတ်၍ မီးလောင်တိုက် သွင်းတတ်သော ကောင်လေးတစ်ယောက် ရှိသည်ကို လူတိုင်း သိကြသည်။
ထိုကောင်လေးသည် ကြီးပြင်းလာသောအခါ ချီယန် နတ်ဆိုးဘုရင်ဟု ခေါ်တွင်လေသည်။ နတ်ဆိုးမျိုးနွယ်များအတွက် တိုက်ခိုက်ရန် မွေးဖွားလာပြီး နတ်ဆိုးမျိုးနွယ်များအတွက်ပင် သေဆုံးကြလေသည်။
ထိုအချိန်က သူသည် မီးတောက်များနှင့် စကြဝဠာထဲတွင် မီးလောင်တိုက်တွင်း၍ မရေတွက်နိုင်သော အင်မော်တယ်နှင့် နတ်ဘုရားများကို သတ်ဖြတ်ခဲ့သည်။ သေဆုံးချိန်အထိ ယဲ့ဖန်ကို ကာကွယ်ပေးခဲ့လေသည်။
ချီယန်။ ယဲ့ဖန်ကြောင့် ဟေးဟယ်၌ မွေးဖွားလာခဲ့ပြီး ယဲ့ဖန်ကြောင့်ပင် ဟေးဟယ်၌ သေဆုံးခဲ့ရသည်။
ထိုကောင်လေးကို တွေးမိပြီးနောက် ယဲ့ဖန်သည် ခါးသီးသလို အသံပြုလိုက်သည်။
“မင်း သိမ်းပိုက်ထားတဲ့ ဦးခွံနဲ့ မင်း လောင်ကျွမ်းထားတဲ့ မီးလျှံအားလုံးက ချီယန်ရဲ့အရာပဲ”
“စိတ်မကောင်းစရာက သူ သေသွားပြီး မင်း မွေးလာခဲ့တာပဲ”