← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

Chapter 577 သူ အသက်ရှင်ဖို့အတွက် မင်း သေမှရမယ်

ချီယန်။

ယဲ့ဖန်ထံမှ ထိုနာမည်ထွက်လာသည်နှင့် အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများ မျက်နှာပျက် သွားကြသည်။

“ဒါ … ဒါက အနီရောင်မီးလျှံ ချီယန် နတ်ဆိုးဘုရင်လား”

ဤသည်ကိုတွေးမိပြီးနောက် အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အင်မော်တယ်မျိုးနွယ်များအားလုံး မီးလျှံဦးခွံကို ကြည့်လိုက်မိကြသည်။ အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

“မဟုတ်ဘူး၊ အနီရောင်မီးလျှံ ချီယန် နတ်ဆိုးဘုရင်က သေပြီလေ”

“အဲ့ဒီဦးခွံထဲမှာ ဝိညာဉ်အသစ် မွေးဖွားလာတာ။ သူက ချီယန်မဟုတ်ဘူး။ သူ ချီယန် ဖြစ်လို့မရဘူး။ မဟုတ်ရင် ငါတို့ အင်မော်တယ်မျိုးနွယ် ဒုက္ခရောက်လိမ့်မယ်”

အင်မော်တယ်ဘုရင် လင်ထျန်းသည် ချီယန်နတ်ဆိုးဘုရင်အကြောင်း ကြားခဲ့ဖူးသည်။ ထိုအချိန်က အနီရောင်မီးလျှံ ချီယန်နတ်ဆိုးဘုရင်သည် အင်မော်တယ် နယ်မြေတစ်ခုလုံးကို မီးလောင်တိုက် သွင်းခဲ့သည်။

မရေတွက်နိုင်သော အင်မော်တယ်ဘုရင်များ အမှုန့်ဖြစ်သွားကြသည်။ ယခုအခါတွင် ချီယန်သာ ပြန်လည်မွေးဖွားလာပါက သူတို့အားလုံးအတွက် အတောမသတ်နိုင်သော ငရဲဘုံပင်။ ဤသည်ကို တွေးမိပြီးနောက် အင်မော်တယ်ဘုရင် လင်ထျန်း ကြက်သီးမွေးညင်း ထလာသည်။ ထို့နောက် သူသည် မီးလျှံဦးခွံအား အသည်းအသန် မော့ကြည့်၍ အော်ပြောလိုက်သည်။

“အရှင် ဒီလူက အန္တရာယ်များပါတယ်။ သူက အရှင့်ရဲ့ဝိညာဉ်ကို ဖျက်ဆီးပြီး အရှင့်ဦးခေါင်းကိုယူပြီး သူ့နောက်လိုက်ငယ်သားကို ပြန်အသက်သွင်းချင်နေတာပါ”

အင်မော်တယ်ဘုရင် လင်ထျန်း၏ စကားကြောင့် မီးလျှံဦးခွံမှ မီးတောက်များ ရုတ်တရက် ထတောက်လာသည်။ သူ၏ မျက်လုံးများက ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။

“ငါ နားလည်ပြီ၊ လတ်စသက်တော့ ဒါက ဒီအလောင်းရဲ့ အကြွင်းအကျန် ခံစားချက်ကိုး”

ဟေ့ကောင်၊ ဒီဦးခွံပိုင်ရှင်က ဘယ်သူလဲ ငါ မသိဘူး၊ အခု ဒါက ငါ့ဟာမို့ ငါ့အပိုင်ပဲ”

“မင်း သွားသေလိုက်တော့”

ထိုအသံနှင့်အတူ မီးလျှံဦးခွံက နတ်ဆိုးမျိုးနွယ်ထံသို့ မီးတောက်များ ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် ပူပြင်းသော အပူချိန်က အားလုံးကို အရည်ပျော်လုမတတ် ဖြစ်စေကာ ဂြိုဟ်များကို တောက်လောင်လုမတတ် ဖြစ်လာ၏။

အောက်ခြေမှ နတ်ဆိုးများသည်လည်း သူတို့ခန္ဓာကိုယ်များ အက်ကွဲလုနီးပါး ဖြစ်လာသလို ခံစားမိသည်။

“သခင်ကြီးကို ကာကွယ်ကြ”

မဟာနတ်ဆိုးရှစ်ကောင်လုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ထိုသို့သောအချိန်၌ သူတို့၏ ခန္ဓာကိုယ်များကို လှစ်ခနဲ လှုပ်ရှား၍ မီးလျှံဦးခွံအား အပြင်းအထန် ဝိုင်း၍တိုက်ခိုက်နေသည်။

ဝုန်း! ဝုန်း! ဝုန်း!

မဟာနတ်ဆိုးရှစ်ကောင်လုံး စုပေါင်းတိုက်ခိုက်ကြသည်။ ပြင်းထန်သော တိုက်ခိုက်မှုက မီးလျှံဦးခွံထံ ကျရောက်လာ၏။

“သေချင်နေတဲ့ ပုရွက်ဆိတ်တွေ”

မီးလျှံဦးခွံသည် သူ၏ပါးစပ်ကို ဟ၍ မီးလုံးများကို မှုတ်ထုတ်လိုက်သည်။ ပြင်းထန်သော မီးလျှံများက မဟာနတ်ဆိုးရှစ်ယောက်ပေါ်သို့ ကျရောက်လာသည်။

မီးလျှံသည် စကြဝဠာအား လောင်ကျွမ်းနိုင်ပုံရသည်။ ပြင်းထန်သော တိုက်ခိုက်မှုက မဟာနတ်ဆိုး ရှစ်ယောက်ပေါ်သို့ ကျရောက်လာပြီး လောင်ကျွမ်းလုမတတ် ဖြစ်နေသည်။

ထို့နောက် မရဏအငွေ့အသက်များက မဟာနတ်ဆိုးရှစ်ကောင်အား ချက်ချင်း လွှမ်းခြုံလာသည်။ နတ်ဆိုးရှစ်ယောက်လုံး မချိပြုံး ပြုံးလိုက်မိသည်။ သူတို့အားလုံး မရဏ အငွေ့အသက်ကို ခံစားမိသည်။

သို့သော် သူတို့သည် အင်မော်တယ်များ၏ လက်ချက်ကြောင့် မသေရဘဲ ချီယန်၏ လက်ထဲ၌ သေရလိမ့်မည်ဟု ထင်မထားမိကြချေ။

ထိုသို့သောအချိန်၌ အင်မော်တယ် လင်ထျန်းနှင့် အခြားသူများ စိတ်လှုပ်ရှားနေကြသည်။

“ဟားဟားဟား … နောက်ဆုံးတော့ မင်းတို့ သေတော့မှာလား။ ဒီနတ်ဆိုးခေါင်းဆောင်တွေက ဟိုအရင်ကတည်းက သေသွားသင့်တာ”

“ဟုတ်တယ်၊ မီးလျှံဦးခွံက နတ်ဆိုးတွေနဲ့ နတ်ဆိုးဧကရာဇ်တွေကို သတ်တာက တော်‌တော် စိတ်လှုပ်ရှားစရာ ကောင်းတာပဲ”

“….”

ထိုသို့သောအချိန်၌ အင်မော်တယ်မျိုးနွယ်တိုင်း လှောင်ပြုံးပြုံးနေကြသည်။ ယဲ့ဖန်နှင့် နတ်ဆိုးများ အားလုံး မီးလျှံဦးခွံအောက်၌ ပြာဖြစ်သွားသည်ကို မြင်ယောင်နေပုံရသည်။

အားလုံး၏ စောင့်ကြည့်နေသော အကြည့်အောက်၌ ပြင်းထန်သော မီးလျှံက မဟာနတ်ဆိုး ရှစ်ယောက်လုံးကို လွှမ်းခြုံသွားသည်။

ထိုသို့သောအချိန်၌ ကောင်းကင်ထက်တွင် မီးပင်လယ်တစ်ခု ဖြစ်ပေါ်လာပြီး မိုးကောင်းကင်ကို အုပ်မိုး၍ ဆက်တိုက် မီးလောင်နေလေသည်။

*သေမှာပဲ*

အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များအားလုံး ထခုန်လုမတတ် ဖြစ်နေကြသည်။ ထောင်နှင့်ချီသော နတ်ဆိုးများအားလုံး သေမတတ် မျက်နှာဖြူရော်နေကြလေသည်။

“သခင်ကြီး၊ နတ်ဆိုးဘုရင်”

နတ်ဆိုးတိုင်း၏ မျက်နှာထက်တွင် ဝမ်းနည်းမှုများ ရောပြွမ်းလာသည်။ သူတို့၏ နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်များက နတ်ဆိုးဘုရင်၏ အကြွင်းအကျန် လက်အောက်၌ သေရလိမ့်မည်ဟု သူတို့ မယုံနိုင်ချေ။

“နတ်ဆိုးဧကရာဇ် မင်းရဲ့ လက်အောက်ငယ်သားတွေ သေကုန်ပြီ။ အခု မင်း အလှည့်ပဲ၊ ဟားဟားဟား …. အမ်”

အင်မော်တယ်ဘုရင် လင်ထျန်း၏ စကားများသည် အလွန်အမင်း မောက်မာလှသည်။ သို့သော် သူ၏ အားပါးတရ ရယ်မောနေသံသည် ရုတ်တရက် ရပ်တန့်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် ရပ်နေခဲ့သော နေရာ၌ မည်သူမျှ ရှိမနေသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင်။

*ဒါက …*

*ထွက်ပြေးသွားတာလား*

အင်မော်တယ်မျိုးနွယ်များအားလုံး ထိတ်လန့်ဒေါသထွက်သွားပြီး ဘေးပတ်လည်သို့ လှည့်ကြည့်ကြ သော်လည်း ယဲ့ဖန် အရိပ်အယောင်ဟူ၍ လုံးဝ မတွေ့ချေ။ ဤသည်က အားလုံးကို သုန်မှုန်သွားစေခဲ့သည်။

*နတ်ဆိုးဧကရာဇ်က ပိုပြီး အထင်သေးစရာ ကောင်းတာပဲ*

“ထူးဆန်းလိုက်တာ၊ မဟာနတ်ဆိုးရှစ်ယောက်က မီးလောင်လို့ ပြာဖြစ်သွားပြီ မဟုတ်ဘူးလား၊ အရှင်ရှန်းဟော် ဘာလို့ သူတို့က ဆက်လောင်နေသေးတာလဲ”

ထိုစကားသံအဆုံး၌ အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများသည် ကောင်းကင်ထက်မှ မီးပင်လယ်က အရှိန်ပြင်းပြင်းနှင့် တောက်လောင်နေသေးသည်ကို တွေ့နေရသည်။ သို့သော် မီးလျှံဦးခွံက သည်းကြီးမည်းကြီး မီးလွှတ်နေဆဲပင်။

ဟူး ဟူး ဟူး

ပြင်းထန်သော မီးတောက်များက တောက်လောင်နေဆဲပင်။ သို့သော် မီးတောက်များက ပိုပြင်းလာလေ မီးလျှံဦးခွံ၏ မျက်လုံးများက ပို၍ ထိတ်လန့်လာသည်။

“သေစမ်း၊ မင်း … မင်းမှာ ဆန်းကြယ်ရေခဲချီဓာတ် ရှိနေတာပဲ”

နောက်ဆုံးတွင် မီးလျှံဦးခွံသည် တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်ပြီး ထိတ်လန့်ဒေါသထွက်နေသော အကြည့်များဖြင့် ကြုံးဝါးလိုက်သည်။

*ဘာ*

ထိုစကားကြောင့် အားလုံး အံ့ဩသွားကြသည်။ သူတို့၏ စောင့်ကြည့်နေသော အကြည့်အောက်မှာပင် ကောင်းကင်ထက်မှ မီးပင်လယ်က ချက်ချင်း ပျောက်ကွယ်သွားပြီး အရာအားလုံး ရှင်းလင်း ပျောက်ကွယ်သွားသည်။

လေထုထဲ၌ ဆန်းကြယ်ရေခဲနံရံတစ်ချပ် ဖြစ်ပေါ်နေ၏။ ထိုရေခဲနံရံအနောက်၌ ယဲ့ဖန်သည် ဟွမ်အာကို ကျောပေါ်တင်၍ ချီပိုးထားပြီး သူ့နောက်၌ မဟာနတ်ဆိုးရှစ်ယောက် ရပ်နေကြသည်။

အင်မော်တယ်မျိုးနွယ်များအားလုံး ထိတ်လန့်နေကြလေသည်။

*မသေသေဘူးလား*

*မဟာနတ်ဆိုးရှစ်ယောက်လုံး ဘာဒဏ်ရာမှမရပါလား*

*နတ်ဆိုးဧကရာဇ် ထူးထူးဆန်းဆန်း ပျောက်သွားပြီးတော့ မီးလျှံကို ခုခံလိုက်တယ်တဲ့လား*

*ဒါက ...*

အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများသည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် ရေခဲနံရံကြီးကို စိုက်ကြည့်ပြီးနောက် ယဲ့ဖန်ကို တစ်လှည့်ပြန်ကြည့်မိကာ ထိတ်လန့်ဖွယ်အတွေးတစ်ခုက အားလုံး၏ စိတ်ထဲသို့ ရောက်လာကြသည်။

“လတ်စသက်တော့ သူက ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေတာကိုး၊ ချီးတဲ့မှပဲ”

ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်သည် စကြဝဠာထဲရှိ ထိပ်တန်း ခန္ဓာကိုယ်ဆယ်ခုထဲမှ တစ်ခု ဖြစ်လေသည်။ ပြန်လည်မွေးဖွားလာသော နတ်ဆိုးဧကရာဇ်၌ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိသဖြင့် အားလုံး အံ့ဩကာ အလွန်အမင်း ဒေါသထွက်လာကြသည်။

သို့သော် အကယ်၍ ယဲ့ဖန်၌ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်သာမက မသေမျိုးခန္ဓာကိုယ်နှင့် ထိပ်တန်းအဆိပ် ခန္ဓာကိုယ်တို့ပါ ရှိနေသည်ကို သူတို့ သိသွားပါက သူတို့ မျက်နှာအမူအရာများ မည်သို့ ဖြစ်သွားမလဲ မသိပေ။

ယခုအချိန်တွင် အင်မော်တယ်များသည် အလွန် ကြောက်လန့်နေကြသည်။ ယဲ့ဖန်၏ မျက်လုံးများက မီးလျှံဦးခွံကိုသာ စူးစိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးနေသည်။

“ချီယန်ရဲ့ ဦးခေါင်းကို ပို့ပေးတဲ့အတွက် ကျေးဇူးပဲ”

“သူ အသက်ရှင်ဖို့အတွက် မင်း သေရမယ်”

*ဘာ*

ထိုစကားက အင်မော်တယ်များအားလုံးကို ထိတ်လန့်သွားစေသည်။ ယဲ့ဖန်၌ ဤမျှ မိမိကိုယ်မိမိ ယုံကြည်ချက် မြင့်နေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

*သူ အရှင်ရှန်းဟော်ကို သတ်နိုင်လိမ့်မယ်လို့ တကယ် ထင်နေတာလား*

အင်မော်တယ်ဘုရင် လင်ထျန်း ထိတ်လန့်ခြောက်ခြားသွားသည်။ ထို့အတူ မီးလျှံဦးခွံသည်လည်း အလွန်အမင်း ဒေါသထွက်နေ၏။

“ဟေ့ကောင် မင်းမှာ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ် ရှိတာနဲ့ပဲ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတာလား”

“မင်းက တော်တော်ပိန်းတာပဲ”

ထိုစကားသံအဆုံး၌ ကောင်းကင်ထက်မှ မီးလျှံဦးခွံ၏ မျက်လုံးအိမ်ထဲမှ မျက်လုံးများ ပေါက်ကွဲသွားသည်ကို အားလုံး တွေ့လိုက်ရသည်။

စကြဝဠာ၌ မီးလောင်ကျွမ်းသွားပြီး မီးလျှံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရက်စက်ခြင်းဂြိုဟ် တစ်ခုလုံး အရည်ပျော်စပြုလာ၏။

“ဒါ ... ဒါက အနီရောင်မီးလျှံ သလင်းကျောက်ပဲ။ မြတ်စွာဘုရား ... အရှင်ရှန်းဟော်က အနီရောင်မီလျှံ သလင်းကျောက်ကို ဖွဲ့စည်းနေတာပဲ။ နှစ်တစ်ထောင်အတွင်း သူက အနီရောင်မီးလျှံ သလင်းကျောက်ကို အသုံးပြုပြီးတော့ အရိုးစု ခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့တယ်။ ပြီးတော့ အဲ့ဒါကို မီးလျှံခန္ဓာကိုယ်အဖြစ် ပြောင်းလဲခဲ့တာလေ”

အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများ အံ့ဩကာ ပျော်ရွှင်သွားလေသည်။ အနီရောင်မီးလျှံ သလင်းကြောက်၏ ကြောက်စရာ အရှိန်အဝါကို သူတို့ ရှင်းလင်းစွာ ခံစားမိသည်။ ထိုသလင်းကျောက် နှစ်ခုသည် ဂြိုဟ်များကို သေချာပေါက် လောင်ကျွမ်းစေနိုင်၏။

“ဟေ့ကောင် ငါ့ရဲ့ အနီရောင်မီးလျှံ သလင်းကျောက်အောက်မှာ သေရမှာမို့ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်”

ထိုစကားအဆုံး၌ မီးတောက်နှစ်ခု ထွက်ပေါ်လာ၏။ အနီရောင်မီးလျှံ သလင်းကျောက်နှစ်ခုသည် ယဲ့ဖန်ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။

အနီးသို့ ရောက်ရှိလာသည်နှင့် ဆန်းကြယ်ရေခဲ နံရံသည် တစ်စစီ အက်ကွဲ၍ ပျက်စီးသွားသည်။ မရဏ အငွေ့အသက်များက ယဲ့ဖန်နှင့် အခြားသူများကို လွှမ်းခြုံလာ၏။

Chapter 578 နောက်ကို မင်းတို့အလှည့်ပဲ

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ကောင်းကင်ထက်မှနေ၍ ဆင်းသက်လာသည်။ ထို အနီရောင်မီးလျှံ သလင်းကျောက်၏ အပူချိန်က ကြောက်စရာ ကောင်းလွန်းလှသည်။

သူတို့အနားသို့ ရောက်မလာခင်မှာပင် နတ်ဆိုးရှစ်ယောက်လုံး သူတို့၏ နတ်ဆိုးခန္ဓာကိုယ်များ တောင့်မခံနိုင်သလို ခံစားမိသည်။ သူတို့၏နဖူးထက်မှ ချွေးစေးများ စီးကျလာ၏။

“သခင်ကြီး သတိထား”

သူတို့ရှစ်ယောက်လုံး ယဲ့ဖန်ကို အလွန် ယုံကြည်သော်လည်း သလင်းကျောက်များက အလွန် ကြောက်စရာကောင်းသောကြောင့် သူတို့ ထိတ်လန့်ခြောက်ခြားနေကြသည်။

မြေကြီးပေါ်ရှိ အင်မော်တယ်မျိုးနွယ်များကမူ အားလုံး အလွန်အငမ်း စိတ်လှုပ်ရှားနေကြလေသည်။ အထူးသဖြင့် အင်မော်တယ်ဘုရင် လင်ထျန်းပင်။ သူသည် နှုတ်ခမ်းကိုသပ်၍ သွေးဆာဟန် ပြုံးလာသည်။

“ဒီပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်မှာ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ် ရှိပင်မယ့် သနားစရာက သူ့သိုင်းအဆင့်က နိမ့်လွန်းတယ်၊ အင်မော်တယ်ဂိုဏ်းချုပ် အဆင့်လေးပဲ ဖြစ်နေတာကိုး”

“ဒီအနီရောင်မီးလျှံ သလင်းကျောက်အောက်မှာဆိုရင် သူ အသည်းအသန် ဆန်းကြယ်ရေခဲစွမ်းအင်ကို ထုတ်သုံးမယ်ဆိုရင်တောင်မှ အမှုန့်ဖြစ်မယ့်အချိန်ကို လျော့နည်းအောင်ပဲ လုပ်နိုင်မှာ”

ထိုသို့တွေးမိပြီးနောက် အင်မော်တယ်ဘုရင် လင်ထျန်းနှင့် ဘေးပတ်လည်မှ အင်မော်တယ်များအားလုံး ပို၍စိတ်လှုပ်ရှားလာကြသည်။

သူတို့သည် နတ်ဆိုးဧကရာဇ် သေသည်အထိ မီးမြိုက်ခံရမည့် အဖြစ်ဆိုးကို မျှော်လင့်နေဟန်ဖြင့် ကောင်းကင်အား သည်းကြီးမည်းကြီး မော့ကြည့်နေမိသည်။

ထိုစဉ် အားလုံး အံ့အားသင့်သွားရသည့် မြင်ကွင်းတစ်ခု ဖြစ်လာသည်။ ယဲ့ဖန်သည် အားလုံး ထင်ထားသကဲ့သို့ ဆန်းကြယ်ရေခဲချီဓာတ်ကို ထုတ်မသုံးချေ။ ထိုအစား လက်ကိုသာ ဆန့်လာသည်။ လက်တစ်ဖက်ကိုဆန့်၍ အနီရောင်မီးလျှံ သလင်းကျောက်ကို လှမ်းဖမ်းလိုက်သည်။

ဤမြင်ကွင်းကြောင့် အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများ အလွန် အံ့အားသင့်သွားကြသည်။

*အရူး*

*ဒီလူ ရူးနေတာလား*

သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ အနီရောင်မီးလျှံ သလင်းကျောက်များက မီးလျှံဦးခွံ၏ ကြောက်စရာကောင်းသော အဆီအနှစ်ဖြစ်မှန်း အားလုံး သိကြသည်။ ထိုအရာသည် ဂြိုဟ်များကို လောင်ကျွမ်းနိုင်ပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။

ဆန်းကြယ်ရေခဲချီဓာတ်၏ စွမ်းအင်ဆိုလျင်တောင်မှ တားဆီးနိုင်မည် မဟုတ်ချေ။ သို့သော် ယခုအခါတွင် သူက လက်ချည်းဗလာနှင့် ဖမ်းဆုပ်ရန် ကြိုးပမ်းနေ၏။ ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းမှ မဟုတ်လျင် အခြား ဘာဖြစ်နိုင်ဦးမည်နည်း။

“ဟားဟားဟား … နတ်ဆိုးဧကရာဇ်က လက်လျော့လိုက်ပြီလား။ တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ”

အောက်ဘက်မှ အင်မော်တယ်မျိုးနွယ်များက ယဲ့ဖန်သည် ဆန်းကြယ်ရေခဲချီဓာတ်ကို သုံး၍ ခုခံခြင်းအား လက်လျော့လိုက်ပြီဟု ထင်နေကြသည်။

အားလုံး၏ လှောင်ပြုံးများက ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။ ထို့အတူ ကောင်းကင်ထက်မှ မီးလျှံဦးခွံသည်လည်း မသိမသာ အံ့ဩသွားလေ၏။

“အရူး”

မီးလျှံဦးခွံက ပါးစပ်ကိုဟ၍ သလင်းကျောက်အား မှုတ်ထုတ်လိုက်သည်။ သလင်းကျောက်နှစ်ခု၏ အပူချိန်က ထပ်မံ၍ ပြင်းထန်လာပြီး ယဲ့ဖန်၏ လက်ဝါးအား အပြင်းအထန် လွှမ်းမိုးသွားသည်။

မီးတောက်လာသည့်အချိန်၌ ယဲ့ဖန်၏ လက်ဝါးတစ်ဖက်နှင့် သလင်းကျောက်နှစ်ခုတို့က ချက်ချင်း ထိတွေ့သွားသည်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ လက်ဝါးမှ အနက်ရောင် မီးတောက်များ ထွက်ပေါ်လာ၏။

ကြွပ်ဆတ်ဆတ် အသံနှစ်သံ ထွက်ပေါ်လာပြီး အနီရောင်မီးလျှံ သလင်းကျောက်နှစ်ခုသည် ယဲ့ဖန်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရလေသည်။

အပေါ်ဘက်ကမှ အနီရောင်မီးလျှံသည် အနက်ရောင် ငရဲမီးအောက်၌ ကြွက်က ကြောင်ကို တွေ့လိုက်သကဲ့သို့ ချက်ချင်း ငြိမ်ကုပ်သွားသည်။ ထို့နောက် ယဲ့ဖန်က သလင်းကျောက်တစ်ခုကို ပါးစပ်ထဲ ပစ်ထည့်ကာ တစ်ကိုက် ကိုက်လိုက်သည်။

ဂျွတ်!

ထိုအခိုက်တွင် တစ်လောကလုံး တိတ်ဆိတ်သွား၏။ အောက်ဘက်ရှိ ရယ်မောနေသော အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများ၏ အပြုံးများက အေးခဲသွားပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်၍ ကျွတ်ကျမတတ် ဖြစ်နေ၏။

အထူးသဖြင့် ကောင်းကင်ထက်မှ တဂျွတ်ဂျွတ်သံကို ကြားပြိး အင်မော်တယ်မျိုးနွယ်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့သည်သာမက ကောင်းကင်ထက်ရှိ မီးလျှံဦးခွံသည်လည်း မျက်လုံးပြူးနေ၏။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

မီးလျှံဦးခွံသည် ယဲ့ဖန်၏ လက်ဝါးပေါ်မှ အနက်ရောင်မီးတောက်ကို စိုက်ကြည့်ရင်း ထိုအနက်ရောင် မီးတောက်ထဲမှ မရဏ အငွေ့အသက်များ ထွက်ပေါ်လာသလို ခံစားမိသဖြင့် သူ ကြောက်လန့်သွားလေသည်။

“ဘယ်လိုဖြစ်ရတာလဲ၊ ဒီအနက်ရောင်မီးတောက်ကို မြင်တာနဲ့ ငါ ဘာလို့ လေးစားကြည်ညိုသလို ခံစားချက်မျိုး ဖြစ်လာရတာလဲ”

“အဲ့ဒါက မီးဧကရာဇ်လိုပဲ၊ ဒါက … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မီးလျှံဦးခွံ၏ ဦးခေါင်းထက်တွင် မီးလျှံများက အရူးအမူး ဝေ့ဝဲနေပြီး ဦးခွံတစ်ခုလုံး၌ မယုံနိုင်ဟန်များနှင့် ပြည့်နှက်နေသည်။

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲဖ့န်က ဒုတိယ အနီရောင်မီးလျှံ သလင်းကျောက်ကို ပါးစပ်ထဲ ကောက်ထည့်၍ နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

“ငါ မင်းကို ပြောဖို့မေ့သွားတယ်”

“ချီယန်ရဲ့ မီးလျှံက ငါ ပေးထားတဲ့ လက်ဆောင်ပဲ၊ အဲ့ဒါရဲ့ မူလစွမ်းအင်က ငါ့ငရဲမီးရဲ့ အခွဲတစ်ခုပဲ”

ထိုသို့ပြောပြီး ယဲ့ဖန်က သူ့လက်ဝါးကို လှုပ်ခါလိုက်သည်။ အနက်ရောင်မီးတောက်တစ်ခုက သူ့လက်ဝါးပေါ်မှ ရုတ်တရက် ထတောက်၍ လင်းဖြာလာသည်။

ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုငရဲမီး၏ အပူချိန်သည် ယဲ့ဖန်၏ စိတ်အခြေအနေအတိုင်း ပြောင်းလဲနေပုံရသည်။ သူ ပူစေချင်လျင် ပူပြီး သူသာ အေးခဲစေချင်ပါက အေးခဲသွားသည်။ သူ့စိတ်အလိုကျ ပြောင်းလဲ၍နေ၏။

*ဒါက*

မီးလျှံဦးခွံ မှင်တက်နေပြီး အောက်ဘက်ရှိ အင်မော်တယ်များအားလုံး ကြက်သေသေနေကြသည်။ သူတို့ တစ်ခါမှ တွေးထင်မထားမိချေ။ သူတို့စိတ်ထဲ၌ ကြောက်စရာကောင်းသည်ဟု သတ်မှတ်ထားသော အနီရောင်မီးလျှံသည် တကယ်တမ်းတွင် ယဲ့ဖန်၏ ငရဲမီးမှ ဆင်းသက်လာသော မျိုးဆက်တစ်ခုသာ ဖြစ်နေလေ၏။

“မကောင်းတော့ဘူး”

သူ၏ လူသတ်သိုင်းကွက် ပျက်သုဉ်းသွားသဖြင့် မီးလျှံဦးခွံသည် သေမတတ် ကြောက်လန့်လာလေသည်။ ထိုအခိုက်တွင် သူ ဘာကိုမှ ဂရုမစိုက်နိုင်ဘဲ အော်ဟစ်၍ စကြဝဠာထဲသို့ ထွက်ပြေးချင်လာသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်က ရယ်လေသည်။

“သူ့အတွက် မင်း သေရမယ်လို့ ငါ ပြောခဲ့သားပဲ”

အေးတိအေးစက် စကားအသံနှင့်အတူ ယဲ့ဖန်သည် သူ့လက်ဝါးပေါ်မှ ငရဲမီးအား ကောင်းကင်ထက်ရှိ မီးလျှံဦးခွံထံသို့ ပစ်လွှတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအနက်ရောင်မီးတောက်သည် အသက်ရှိသကဲ့သို့ ကောင်းကင်ထက်ရှိ မီးလျှံဦးခွံထံသို့ ပြေးဝင်သွားသည်။ ထို့နောက် စီးဆင်းနေသော ရေကဲ့သို့ မီးလျှံဦးခွံအား လွှမ်းမိုးသွားလေသည်။

“မလုပ်နဲ့”

မီးလျှံဦးခွံထံမှ ကျယ်လောင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ အတွင်းထဲမှ စိတ်ဝိညာဉ်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုနှင့် ကြုံတွေ့နေရပုံပေါ်ပြီး အသံက တုန်ယင်၍နေသည်။

ထိုသည်သာမက၊ ကောင်းကင်ထက်မှ အနီရောင်မီးလျှံ၏ အပူချိန်က တစ်ဟုန်ထိုး ထိုးကျလာသည်ကို အားလုံး ခံစားမိကြသည်။

တောက်လောင်နေသော မီးလျှံသည်လည်း ငရဲမီး၏ လောင်မြိုက်ခြင်း ခံနေရပြီး အရွယ်အစားက ကျုံ့သထက် ကျုံ့လာသည်။ နောက်ဆုံးတွင် ပြင်းထန်သော အနီရောင်မီးလျှံများအားလုံး သုတ်သင်ခြင်း ခံလိုက်ရသည်။

“အရှင် … ကျွန်တော့်ကို ညှာတာပေးပါ။ ကျွန်တော်က ဒီအတိုင်း စိတ်ဝိညာဉ် အသစ်လေးပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် ဒီဦးခွံကို လိုလိုလားလားနဲ့ ထားခဲ့ပြီး အဝေးကို ထွက်သွားပါ့မယ်။ ကျွန်တော့်ကိုသာ အသက်ချမ်းသာပေးပါ”

ထိုဦးခွံထံမှ အလွန် ကြောက်ရွံ့နေသော အသံ ထွက်ပေါ်လာသည်။

*အသနားခံနေတာလား*

အင်မော်တယ်ဘုရင် လင်ထျန်းသည် ဘုန်းခနဲ လဲကျသွားပြီး မျက်နှာက အသက်မရှိတော့သကဲ့သို့ ဖြူရော်လာသည်။ အရာအားလုံးကို လောင်မြှိုက်နိုင်သည့် ကြောက်စရာကောင်းသည်ဟု သူ ထင်ထားမိသော မီးလျှံဦးခွံက အသနားခံနေလိမ့်မည်ဟု သူ ထင်မထားမိချေ။ သို့သော် ထိုတုန်ယင်နေသော အသံကြောင့် ယဲ့ဖန်က အမူအရာ ပြောင်းလဲသွားခြင်း မရှိချေ။ ငရဲမီးကိုသာ အပြင်းအထန် လောင်မြိုက်နေစေ၏။

ငရဲမီး၏ အရှိန်က ပို၍ ပြင်းထန်လာသည်။ အောက်ဘက်ရှိ အင်မော်တယ်မျိုးနွယ်များအားလုံး ခန္ဓာကိုယ် ပျော့ခွေ၍ အားမရှိတော့သလို ဖြစ်ကာ စိတ်ဓာတ်ကျ၍ မျှော်လင့်ချက် ပျက်ပြားလာကြသည်။

နောက်ဆုံးတွင် ကောင်းကင်ထက်ရှိ ဦးခွံက သေးသထက် သေးလာကာ မျက်စိတစ်မှိတ်အတွင်း၌ သာမန်ဦးခွံအရွယ်အစားသို့ ရောက်ရှိသွားသည်။ ထို့နောက် ၎င်းအား ငရဲမီးက ရစ်ပတ်၍ ယဲ့ဖန်ထံ သယ်ဆောင်လာသည်။

“ချီယန် ငါ မင်းကို အိမ်ပြန်ခေါ်သွားမယ်”

ယဲ့ဖန်သည် ထိုဦးခွံက အလွန်တရာ ဝမ်းနည်းသော မျက်နှာဖြင့် ကြည့်နေသည်။ ပင့်သက်ရှိုက်လိုက်ပြီးနောက် ဦးခွံကို ပြန်ရုပ်သိမ်းလိုက်သည်။ ထိုအချိန်တွင် စိတ်ဝိညာဉ်အသစ်သည် လုံးဝဥဿုံ သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။

ကောင်းကင်ထက်မှ အနီရောင်မီးလျှံ၏ ဦးခွံကို ကိုင်ထားသည့် ယဲ့ဖန်ကို မော့ကြည့်ရင်း အောက်ဘက်ရှိ အင်မော်တယ်မျိုးနွယ်များအားလုံး မှင်တက်၍ ကြက်သေသေနေကြသည်။

အထူးသဖြင့် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့ပင်။ သူတို့နှစ်ယောက်သည် ယခင်က မောက်မာခဲ့သော မြင်ကွင်းများကို ပြန်သတိရလာပြီး တုန်ယင်လာကြကာ ဆီးထွက်ကျမတတ် ကြောက်ရွံ့လာလေ၏။

ထိုအချိန်တွင် ယဲ့ဖန်၊ မဟာနတ်ဆိုးရှစ်ယောက်နှင့် နတ်ဆိုးမျိုးနွယ်အားလုံး၏ အကြည့်များက သူတို့ထံ ကျရောက်လာသည်။ သူတို့ကို ငုံ့ကြည့်၍ သတိပေးလိုက်သည်။

“အခု မင်းတို့ အလှည့်ပဲ”

Chapter 579 နှလုံးသား အစိတ်အပိုင်း

“အခု မင်းတို့အလှည့်ပဲ”

ထိုစကားကိုကြားသည်နှင့် အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများအားလုံး မျက်နှာပျက်ယွင်း သွားကြသည်။

တောက်! တောက်!

သူတို့၏နဖူးမှ ချွေးစေးများ တတောက်တောက် စီးကျလာသည်။ အားလုံး၏ နှလုံးသားထဲ၌ ကြောက်စိတ်များ စိုးမိုးလာသည်။

*သေသွားပြီ*

ကြောက်စရာကောင်းသော မီးလျှံဦးခွံတောင်မှ ယဲ့ဖန်၏ သုတ်သင်ခြင်း ခံရသည်ဆိုပါက သူတို့ဆိုလျင် …

ဤသည်ကို တွေးမိပြီးနောက် အင်မော်တယ်ဘုရင် လင်ထျန်းသည် ခြေထောက်များ ပျော့ခွေလာပြီး ယဲ့ဖန်ရှေ့ ဒူးထောက်ကျသွားသည်။ သူသည် စက္ကူစကဲ့သို့ ဖြူရော်နေပြီး ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့ကို လက်ညှိုးထိုး၍ ယဲ့ဖန်အား အခိုင်အမာ ပြောလိုက်သည်။

“အရှင် နတ်ဆိုးဧကရာဇ်၊ ကျွန်တော့်ကို လှည့်စားပြီးတော့ ကျွန်တော့်ကို တအံ့တဩနဲ့ မှတ်ဉာဏ်မိန်းကလေးကို လုယူအောင် ပြောခဲ့တာက အဲ့လူနှစ်ယောက်ပါ”

“အရှင် ခွင့်လွှတ်ပေးပါ၊ လင်ထျန်းက နတ်ဆိုးမျိုးနွယ်ထဲ ဝင်ရောက်ပြီး နတ်ဆိုးအဖြစ် တစ်သက်လုံး နေသွားပါ့မယ်”

ထိုစကားကြောင့် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့ အလွန် ကြက်သေ သေနေကြသည်။

လျပ်တစ်ပြက်အတွင်း၌ လင်ထျန်း အင်မော်တယ်ဘုရင်၏ ထိုးကျွေးခြင်း ခံရလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ သို့သော် သူတို့ မှင်တက်နေသည့်အချိန်၌ အင်မော်တယ်ဘုရင် လင်ထျန်းက သင်္ကေတတစ်ခုကို ထုတ်ယူ၍ တရိုတသေနှင့် လက်နှစ်ဖက်ဖြင့် ပေးလာသည်။

“အရှင်နတ်ဆိုးဧကရာဇ်၊ ဒါက အင်မော်တယ်ဘုရင်ရဲ့ အမိန့်သင်္ကေတပါ”

“အမိန့်တစ်ချက် ပေးလိုက်တာနဲ့ ဂြိုဟ်စုနယ်မြေ တစ်ရာက နာခံမှာပါ။ ခင်ဗျားမှာ ဒီသင်္ကေ ရှိတာနဲ့ ဂြိုဟ်စုနယ်မြေ တစ်ရာကို အမိန့်ပေးနိုင်ပြီးတော့ အင်မော်တယ်မျိုးနွယ်အားလုံးကို စည်းရုံးနိုင်ပါပြီ။ ဘယ်သူမှ မနာခံပဲ နေရဲပါမှာ မဟုတ်ပါဘူး”

“ကျွန်တော် လင်ထျန်းက ဒီအမိန့်ပြားကို အရှင့်ထက် ပေးအပ်ဖို့ ဆန္ဒရှိပါတယ်”

ထိုသို့ပြောပြီးနောက် အင်မော်တယ်ဘုရင် လင်ထျန်းက မြေကြီးပေါ် ဝပ်တွားလိုက်သည်။ ထိုမြင်ကွင်းကြောင့် ရက်စက်ခြင်း အင်မော်တယ်ဘုရင်၊ မီးအင်မော်တယ်ဘုရင်နှင့် အခြားသူများကြား၌ အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။

အင်မော်တယ်ဘုရင် အမိန့်ပြားသည် အင်မော်တယ်ဘုရင် လင်ထျန်း၏ အသက်သွေးကြောပင်။ သူ၏ ဘဝလည်း ဖြစ်ပေ၏။

အင်မော်တယ်ဘုရင် လင်ထျန်းက အသက်ရှင်ရန်အတွက် ထိုသို့လုပ်လိမ့်မည်ဟု အင်မော်တယ် မျိုးနွယ်များ ထင်မထားမိကြချေ။ ထိုအခိုက်တွင် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့က ဟွမ်အာ၏ လက်မောင်းနှင့် ဦးခေါင်းတို့ကို လက်နှစ်ဖက်ဖြင့် ဆက်သကာ တရိုတသေ ပြောလေသည်။

“အရှင် နတ်ဆိုးဧကရာဇ် အသက်ချမ်းသာပေးပါ၊ ကျွန်တော်တို့ မှတ်ဉာဏ်မိန်းကလေးရဲ့ လက်မောင်းနဲ့ ဦးခွံကို ပေးအပ်ပါတယ်၊ ကျေးဇူးပြုပြီး နတ်ဆိုးဧကရာဇ် ခွင့်လွှတ်ပေးပါ”

ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့သည် မြေကြီးပေါ် ဝပ်တွားရင်း တုန်ယင်နေကြသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်၏ အပြုံးက ပို၍ အေးစက်လာသည်။

သူ လက်တစ်ဖက်ကို လှုပ်လိုက်သောအခါ မမြင်ရသော ဆွဲငင်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ရာချီသော အင်မော်တယ်ဘုရင်တို့၏ ဦးခေါင်းများ ငုံ့နေချိန်တွင် ဟွမ်အာ၏ ဦးခေါင်းနှင့် လက်မောင်းတစ်ဖက်ကို လှမ်းယူလိုက်သည်။ ထို့နောက် အသံတစ်သံ ထွက်လာသည်။

“ဒါပဲလား”

ရိုးစင်းသော စကားလုံးသုံးလုံးက အင်မော်တယ်ဘုရင် လင်ထျန်းအား ပို၍တောင်မှ တုန်ယင် သွားစေသည်။ ပြောစရာဟူ၍ ထိုစကားများသာ ရှိပါက သူ သေသွားလောက်သည်ဟု ခံစားမိနေသည်။ ထို့ကြောင့် သူ အသည်းအသန် ပြောလိုက်သည်။

“ပြီးတော့ … အရှင် နတ်ဆိုးဧကရာဇ် အဲ့ထက် ပိုတာ ရှိပါသေးတယ်၊ ကျွန်တော့်အသက်နဲ့ တစ်စုံတစ်ခုကို လဲလှယ်ချင်ပါတယ်”

*ဟမ်*

သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးများက လင်းလက်သွားပြီး စဉ်းစား၍ ပြောလိုက်သည်။

“ပြော”

“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက အရှင် ကမ္ဘာဦးချောက်နက်ထဲ ကျသွားပြီးနောက်ပိုင်း ဧကရီက သွေးကြွေးဆပ်ဖို့အတွက် အင်မော်တယ်နယ်မြေကို သန့်စင်ခဲ့ပါတယ်”

အင်မော်တယ်ဘုရင် လင်ထျန်းက ချွေးပြန်ကာ ကြောက်လန့်၍ တုန်လှုပ်နေသော အသံဖြင့် ပြောလာသည်။

“အဲ့ဒီအချိန်တုန်းက အင်မော်တယ်နယ်မြေက ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ပါတယ်။ နောက်တော့ လောကသခင် သုံးပါးကို ထွက်လာအောင် ဖိအားပေးနိုင်ခဲ့ပြီးတော့ ဧကရီနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်”

ထိုသို့ပြောပြီးနောက် အင်မော်တယ်ဘုရင် လင်ထျန်းက ယဲ့ဖန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ယဲ့ဖန်၏ လူသတ်လိုသောပုံစံကိုမြင်ပြီး အင်မော်တယ်ဘုရင် ကြက်သီးမွေးညင်း ထသွားသည်။

“အဲ့တိုက်ပွဲအတွင်းမှာပဲ ဧကရီရဲ့ နှလုံးသားက လောကသခင်သုံးပါးရဲ့ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ သူရဲ့ နှလုံးသား အစိတ်အပိုင်းတစ်ခုက အင်မော်တယ်နယ်မြေထဲ ကျသွားခဲ့တာပါ။ အဲ့ဒါကို ကျွန်တော် ရထားပါတယ်”

*နှလုံးသား အစိတ်အပိုင်း*

ထိုစကားကြောင့် ယဲ့ဖန်၏ အကြည့်များက လင်းလက်လာသည်။

“အခု အဲ့ဒါ ဘယ်မှာလဲ”

“အရှင်၊ အဲ့နှလုံးသား အစိတ်အပိုင်းက …”

အင်မော်တယ်ဘုရင်က ပြောရင်းနှင့် ချွေးပြန်လာသည်။

“လင်ထျန်းဂြိုဟ်ရဲ့ အင်မော်တယ်ဘုရင် အိမ်တော်မှာပါ။ နှစ်ရာချီပြီး သန့်စင်ခဲ့တာတောင်မှ ဆယ်ပုံတစ်ပုံပဲ သန့်စင်လို့ ရပါသေးတယ်”

*ဘာ*

အင်မော်တယ်ဘုရင် လင်ထျန်း၏ စကားကြောင့် ယဲ့ဖန် မျက်နှာပျက်သွားရုံသာမက ဘေးပတ်လည်မှ အင်မော်တယ်မျိုးနွယ်များသည်လည်း မသိမသာ အံ့ဩသွားကြသည်။

*ဧကရီရဲ့ နှလုံးသား အစိတ်အပိုင်းကို သန့်စင်တယ်တဲ့လား*

ထိုအခါမှ အင်မော်တယ်ဘုရင် လင်းထျန်က အမည်မသိ ခြေသလုံးအိမ်တိုင် သိုင်းသမားမှနေ၍ နှစ်ရာချီအတွင်း ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်အဖြစ်သို့ အဘယ်ကြောင့် ရောက်သွားသလဲ ဆိုတာကို သူတို့ နားလည်သွားကြသည်။

*လတ်စသက်တော့ သူက ဧကရီရဲ့ နှလုံးသာ အစိတ်အပိုင်းကို ရခဲ့ပြီးတော့ သန့်စင်ခဲ့လို့ကိုး*

*အဆင့်တက်တဲ့နှုန်းက တော်တော် ကြောက်စရာကောင်းတာပဲ*

နောက်နှစ်တစ်ထောင်သာဆိုလျင် သူသည် ဧကရီ၏ နှလုံးသား အစိတ်အပိုင်းကို လုံးဝ သန့်စင်သွားနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျင် အင်မော်တယ်ဘုရင် လင်ထျန်းသည် စကြဝဠာထဲ၌ အမှန်တကယ် လွှမ်းမိုးနိုင်ပေတော့မည်။

ထိုအခိုက်တွင် ယဲ့ဖန်၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။

“ငါ နားလည်ပြီ”

“မင်း သေလို့ရပြီ”

ထိုစကားသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ အင်မော်တယ်ဘုရင် လင်ထျန်းအား အလွန် မှင်တက်သွားစေသည်။

ဧကရာဇ် အမိန့်ပြားနှင့် ဧကရီ၏ နှလုံးသား အစိတ်အပိုင်းတို့ကို အပ်နှံခဲ့သော်လည်း ယဲ့ဖန်က သူ့ကို သတ်ချင်နေလိမ့်ဦးမည်ဟု သူ ထင်မထားမိချေ။

“မလုပ်နဲ့”

ထိုအချိန်တွင် အင်မော်တယ်ဘုရင် လင်ထျန်းက အင်မော်တယ် စွမ်းအင်အရင်းအမြစ်ကို လောင်ကျွမ်း စေကာ ဟင်းလင်းပြင်ကို စုတ်ဖြဲ၍ ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုစဉ် ကောင်းကင်မှနေ၍ ငရဲမီးတောက်တစ်ခု ကျဆင်းလာပြီး သူ့ပေါ် ကျလာလေ၏။

“အား”

အင်မော်တယ်ဘုရင် လင်ထျန်း၏ ပါးစပ်မှနေ၍ သေခါနီးဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

သူ၏အင်မော်တယ် ခန္ဓာကိုယ်သည် တစ်ခုလုံး လောင်ကျွမ်းခံနေရပြီး အရေပြားများ မီးသင့်၍ အသားများ မီးဟပ်နေကာ မရဏ အငွေ့အသက်များက သူ့ကို လွှမ်းခြုံလာသည်။

ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းသော အင်မော်တယ်ဘုရင် လင်ထျန်းသည် မီးလောင်ကျွမ်း၍ ပြာဖြစ်ကာ ပျောက်ကွယ်သွားလေသည်။

ထိုသည်သာမကချေ။ ငရဲမီးသည် အသက်ရှိနေသကဲ့သို့ အင်မော်တယ်ဘုရင် လင်ထျန်းကို သုတ်သင်ပြီးသည်နှင့် ကျန်ရှိသော အင်မော်တယ်မျိုးနွယ်များကို မီးမြှိုက်လေတော့သည်။

ကြောက်လန့်တကြား အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။ ရက်စက်ခြင်းဂြိုဟ်တစ်ခုလုံး အက်ကွဲရာထင်၍ အရည်ပျော်ကျလာသည်။ အချိန်တိုအတွင်း၌ ရက်စက်ခြင်း အင်မော်တယ်ဘုရင်၊ မီးအင်မော်တယ်ဘုရင်နှင့် ကျန်ရှိနေသော အင်မော်တယ်မျိုးနွယ်များအားလုံး မီးလောင်ကျွမ်း၍ ပြာဖြစ်သွားသည်။

ထိုအခါမှ ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် လေဟာနယ်အား လက်တစ်ချောင်းဖြင့် ထိုးညွှန်လိုက်သည်။

လေဟာနယ်အတွင်း၌ ထူးခြားဆန်းကြယ်သော မှော်စာလုံးများ ဖြစ်ပေါ်လာပြီး များပြားသော နတ်ဆိုးစွမ်းအင်နှင့်အတူ နတ်ဆိုးစာတစ်စောင်ကို ဖွဲ့စည်းလာသည်။

ထိုနတ်ဆိုးစာစောင်၌ ကြောက်မက်ဖွယ် ဦးခွံပုံတစ်ခု ထွင်းထုထားသည်။ ယဲ့ဖန် လက်တစ်ချက် လှုပ်လိုက်သည်နှင့် ထိုနတ်ဆိုးစာစောင်များသည် မဟာနတ်ဆိုး ရှစ်ယောက်နှင့် ထောင်ချီသော နတ်ဆိုးများ၏ လက်ထဲသို့ ပျံသန်းသွားသည်။

“သွားကြ၊ အင်မော်တယ် နယ်မြေတစ်ခုလုံးကို သွားပြီး နတ်ဆိုးတွေကို လိုက်ရှာကြ”

“သူတို့ကို … အိမ်ပြန်ခေါ်လာခဲ့”

ယဲ့ဖန်၏ ကိုယ်မှ နတ်ဆိုးစွမ်းအင်များ ဖြာထွက်နေသည်။ ထိုစကားကို ကြားသည်နှင့် မဟာနတ်ဆိုး ရှစ်ယောက်နှင့် ထောင်ချီသော နတ်ဆိုးများသည် အလွန် စိတ်လှုပ်ရှားပြီး ကတုန်ကယင် ဖြစ်လာကြသည်။

အင်မော်တယ်နယ်မြေထဲ၌ မရေတွက်နိုင်သော နတ်ဆိုးမျိုးနွယ် ညီအစ်ကိုများက ဆင့်ခေါ်သည်ကို စောင့်ဆိုင်းနေပြီး အိမ်ပြန်ရန် မျှော်လင့်နေကြောင်း သူတို့ သိသည်။

လက်ရှိတွင် မဟာနတ်ဆိုး ရှစ်ယောက်နှင့် ထောင်ချီသော နတ်ဆိုးများက ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ ယဲ့ဖန်အား နှုတ်ဆက်လိုက်ကြသည်။

“သခင်ကြီးကို အရိုအသေပေးပါတယ်”

ထို့နောက် မဟာနတ်ဆိုး ရှစ်ယောက်နှင့် ထောင်ချီသော နတ်ဆိုးများသည် နတ်ဆိုးချီမျှင်စုအဖြစ် အသွင်ပြောင်းကာ လျှပ်စီးကဲ့သို့ ကောင်းကင်ထက်ရှိ စစ်သင်္ဘောများထံသို့ ဝင်ရောက်သွားကြသည်။

ထို့နောက် စစ်သင်္ဘောများ၏ စက်သံများ ထွက်ပေါ်လာပြီး နတ်ဆိုးများသည် ဤနေရာမှ ထွက်ခွာ၍ နတ်ဆိုးများ ရှာဖွေခြင်း ခရီးစဉ်ကို စတင်လေတော့သည်။

ထိုအခါကျမှ ယဲ့ဖန်သည် ဦးခေါင်းမဲ့နေသော ဟွမ်အာကို အောက်သို့ ချလိုက်သည်။ ဟွမ်အာက အိပ်ပျော်နေဆဲပင်။ သို့သော် သူမ အိပ်ပျော်နေချိန်၌ ယဲ့ဖန်ကို ထပ်မံ၍ ဆုံးရှုံးရမည်ကို စိုးရိမ်ဟန်ဖြင့် သူမ၏ လက်လေးက ယဲ့ဖန်၏ အင်္ကျီစကို ဆုပ်ကိုင်ထားလေသည်။

“အစ်ကိုကြီး … ကျွန်မကို မထားခဲ့ပါနဲ့။ ဟွမ်အာကို မထားခဲ့ပါနဲ့”

ဟွမ်အာ၏ စိတ်ထဲ၌ အိပ်မက်ဆိုးတစ်ခု မက်နေပုံရသည်။ သူမ ဝမ်းနည်းစွာ ရေရွတ်နေလေသည်။ သူမ စကားသံကို ကြားပြီး ယဲ့ဖန် စိတ်ထိခိုက်သွားရသည်။

“အရူးမလေး အစ်ကိုကြီးက မင်းကို ထားမသွားပါဘူး”

“မင်းရဲ့ကိုယ်ကို ပြန်ဖွဲ့စည်းပေးပြီးတော့ အစ်ကိုကြီးက မင်းရဲ့ … နှလုံးသားကို ပြန်ရှာဖို့ မင်းကို ခေါ်သွားမှာပါ”

All Chapters