← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

Chapter 583 သေချင်နေတာကိုး

ချွင်!

ယဲ့ဖန်က စားပွဲပေါ် အမိန့်ပြားတစ်ခု ပစ်တင်လိုက်သဖြင့် သတ္တုချင်း ပွတ်တိုက်မိသံ ထွက်ပေါ်လာသည်။ ထိုအမိန့်ပြားသည် ရွှေနှင့်သံတို့ဖြင့် ပြုလုပ်ထားသည်ဟု ထင်မှတ်မှားရသည်။ ထိုအသံကြောင့် ခေါက်ဆွဲဆိုင်ထဲမှ လူများအားလုံး မှင်တက်သွားကြသည်။

ထိုလူငယ်လေးက ဘာကြောင့် အမိန့်ပြားတစ်ခုကို ပစ်တင်လိုက်တာလဲဆိုတာကို သူတို့ နားမလည်ကြချေ။

“ဟမ့်၊ မောက်မာတဲ့ ပုရွက်ဆိတ်ကောင်”

မဟာစစ်သူကြီး ရှောက်ထျန်းသည် လှောင်ပြုံးပြုံးလိုက်မိသည်။ သူသည် အမိန့်ပြားကို တစ်ချက်ကလေးပင် မကြည့်ဘဲ ယဲ့ဖန်အား တစ်ချက်ကြည့်ပြီးနောက် အင်မော်တယ်ဘုရင်များကို လှမ်းပြောလိုက်သည်။

“ခဏလေး စောင့်ပေးကြပါ၊ ဒီကိစ္စကို ပြီးအောင်လုပ်ပြီးတာနဲ့ ခင်ဗျားတို့ကို ကျုပ် ဧည့်ခံပါ့မယ်”

ထိုသို့ပြောပြီးနောက် ရှောက်ထျန်းက လက်ဝှေ့ယမ်းလိုက်သည်။

“သွား … သူ့ကိုသတ်”

ထိုသို့သောအချိန်၌ သူ့ဘေးမှ တစ်ထောင်သော အင်မော်တယ်ဘုရင် အစောင့်အရှောက်များက လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်ထံသို့ လူသတ်လိုသော အငွေ့အသက်များဖြင့် ပြေးဝင်သွားကြသည်။

အင်မော်တယ်ဘုရင် အစောင့်အရှောက်များ၏ အရှိန်က ဓားတစ်ချောင်းနီးပါး လျင်မြန်လှပြီး ယဲ့ဖန်ထံသို့ ဝိုင်းလာလေသည်။

*သေပြီပဲ*

ဘေးပတ်လည်မှလူများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် မသေနိုင်သေးသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပြီး ယခုအခါတွင် အသားစအဖြစ် ခုတ်ပိုင်းခံရတော့မည်ဟု တွေးထင်နေလေသည်။

“ပွဲသိမ်းပြီလား”

မိန်းကလေးနှင့် အဘိုးအိုတို့က ခေါင်းခါလိုက်ကြသည်။ သူတို့ ကြည့်မနေလျင်တောင်မှ ယဲ့ဖန်၏ အဆုံးသတ်ကို ခန့်မှန်းမိနေသည်။

အင်မော်တယ်ဘုရင် အစောင့်အရှောက်များ နီးကပ်လာသောအချိန်၌ ယဲ့ဖန်၏ စားပွဲပေါ်မှ အမိန့်ပြားမှနေ၍ ရောင်စုံအလင်းတန်းများ ဖြာထွက်လာသည်။ ထိုအလင်းတန်းသည် အလွန်လှပလှပြီး လူရှိန်လောက်သည့် အရှိန်အဝါများ ပါဝင်နေပုံရပြီး အနားသို့ ကပ်လာသော အင်မော်တယ်ဘုရင် အစောင့်အရှောက်များအားလုံး လေထဲ၌ တန့်ခနဲ ဖြစ်သွားကြသည်။

အားလုံးက ကြောက်စရာကောင်းသော တစ်စုံတစ်ခုနှင့် ရင်ဆိုင်နေဟန်ဖြင့် ကြက်သေသေနေကဲ့သို့ ဖြစ်နေသည်ကိုမြင်ပြီး ရှောက်ထျန်း ရင်တုန်သွားသည်။

ရှောက်ထျန်းသာမက ခေါက်ဆွဲဆိုင်ထဲမှ အင်မော်တယ်မျိုးနွယ် သိုင်းပညာများအားလုံး ခုနှစ်ရောင် အလင်းတန်းအောက်၌ ခြေထောက်များ ပျော့ခွေလာပြီး ဒူးထောက်လာကြသည်။

တစ်ယောက်၊ ဆယ်ယောက်၊ တစ်ရာ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါက်ဆွဲဆိုင်တစ်ဝိုက်မှ အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များအားလုံး ဒူးထောက်လာသည်. ဤမြင်ကွင်းကြောင့် မဟာစစ်သူကြီး ရှောက်ထျန်းနှင့် အင်မော်တယ်ဘုရင် သိုင်းပညာရှင်အဖွဲ့တို့ မျက်လုံးပြူးသွားကြသည်။

ခုနစ်ရောင်အလင်းတန်းမှနေ၍ ပြင်းထန်သော ဖိအားကို အားလုံး ခံစားမိသဖြင့် လူတိုင်း မျက်နှာပျက်သွားသည်။

“အင်မော်တယ် ခုနစ်ရောင်၊ ဒါ … ဒါက အင်မော်တယ်ဘုရင် အမိန့်ပြားပဲ”

*ရာချီသော နယ်မြေများမှ အင်မော်တယ်ဘုရင်များကို အမိန့်ပေးနိုင်တဲ့ အမိန့်ပြား၊ အင်မော်တယ်ဘုရင် အမိန့်ပြားပဲ*

အင်မော်တယ်ဘုရင် အမိန့်ပြားသည် သာမန်အမိန့်ပြားနှင့် အပြင်ပန်းအရ ပုံစံတူသည်။ သို့သော် အထဲတွင် အင်မော်တယ် ခုနစ်ရောင် ပါဝင်နေ၏။

အင်မော်တယ် သူတော်စင် အလင်းတန်း။

ယခုအခါတွင် … ထိုခုနစ်ရောင် အလင်းတန်းကိုကြည့်ပြီး ရာချီသော ဂြိုဟ်စုနယ်မြေများမှ အင်မော်တယ်များသည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း အားလုံး ကြက်သီးထလာကြသည်။

ချက်ချင်းဆိုသလိုပင် ရာကျော်သော အင်မော်တယ်ဘုရင်များနှင့် ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များသည် ယဲ့ဖန်ကို ဦးညွှတ်၍ ဒူးထောက် အရိုအသေပေးလာပြီး သံပြိုင် ကြွေးကြော်လာသည်။

“ဂြိုဟ်စုနယ်မြေ တစ်ရာကျော်ရဲ့ အရှင်သခင်အသစ်ကို အရိုအသေ ပေးပါတယ်”

“ဂြိုဟ်စုနယ်မြေ တစ်ရာကျော်ရဲ့ အရှင်သခင်အသစ်ကို အရိုအသေ ပေးပါတယ်”

“…”

ခေါက်ဆွဲဆိုင်ထဲမှ ကြွေးကြော်သံသည် လမ်းတစ်ခုလုံးမှနေ၍ ကောင်းကင်ထက်သို့ ပဲ့တင်ထပ်သွားသည်။ ကျယ်လောင်သော အသံများက အတောမသတ်နိုင်ချေ။

ထိုအခိုက်တွင် မဟာစစ်သူကြီး ရှောက်ထျန်းသာမက ဆရာတပည့်နှစ်ယောက်လုံးတို့သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေကြသည်။

အင်မော်တယ်ဘုရင် အမိန့်ပြားသည် အင်မော်တယ်ဘုရင် လင်ထျန်း၏ အသက်သွေးကြော ဖြစ်သည်။ အင်မော်တယ်ဘုရင် လင်ထျန်း သေဆုံးသွားမှုနှင့်အတူ အမိန့်ပြားသည် ရက်စက်ခြင်းဂြိုဟ်ကို ဖျက်ဆီးခဲ့သော ကြောက်မက်ဖွယ်ပုဂ္ဂိုလ်၏ လက်ထဲသို့ ရောက်သွားခဲ့သည်။

*အခု ယဲ့ဖန်က ထိုကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်များ ဖြစ်နေတာလား*

*ဒါ … ဘယ်လိုလုပ် ဖြစ်နိုင်မှာလား*

“မောက်မာလိုက်တဲ့ ရှောက်ထျန်း၊ မင်းက အင်မော်တယ်ဘုရင်ကို မြင်တာတောင်မှ ဒူးမထောက်ဘဲ နေရဲတယ်ပေါ့လေ”

မဟာစစ်သူကြီး ရှောက်ထျန်း မှင်တက်နေစဉ်တွင် အင်မော်တယ်ဘုရင်တစ်ယောက်က သူ့ကို ထအော်လေသည်။

ထိုသူသာမက ဒူးထောက်နေသော အခြား ရာကျော်သည့် အင်မော်တယ်ဘုရင်များကလည်း ရှောက်ထျန်းအား မကောင်းသော အကြည့်များဖြင့် ကြည့်လာသည်။

အင်မော်တယ်ဘုရင် အမိန့်ပြားသည် အင်မော်တယ်ဘုရင် လင်ထျန်း၏ သင်္ကေတဖြစ်သည်။ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ရာချီသော ဂြိုဟ်စုနယ်မြေမှ လူများအားလုံး အမိန့်နာခံရသည်။ မလေးမစား ပြုလုပ်ခြင်း မရှိရချေ။

ယခုအခါတွင် ရှောက်ထျန်းက ဒူးမထောက်သဖြင့် အင်မော်တယ် အမိန့်ပြားကို ဆန့်ကျင်သည့် ရန်သူသာ ဖြစ်သည်။

သူ့ဘေးပတ်လည်မှ လူသတ်လိုသော အငွေ့အသက်များကို ခံစားမိပြီး မဟာစစ်သူကြီး ရှောက်ထျန်း တုန်ယင်သွားသည်။ ထို့နောက် ဒေါသတကြီး ပြန်ပြောလိုက်သည်။

“မိတ်ဆွေတို့ ခင်ဗျားတို့အားလုံး ဒီလူ လှည့်စားတာ ခံနေရတာ”

“သူက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လေးပဲ ရှိတာလေ၊ ပြီးတော့ တော်ဝင် အင်မော်တယ်ဘုရင် အမိန့်ပြားက အင်မော်တယ်ဘုရင် လင်ထျန်းနဲ့ အခြားသူတွေကို သတ်သွားတဲ့ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်လက်ထဲကို ရောက်သွားပြီလေ”

“ဒီလူက အဲ့ဒီကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်လို့ ခင်ဗျားတို့ ယုံနေတာလား”

မဟာစစ်သူကြီး ရှောက်ထျန်း၏ စကားကြောင့် အရိုအသေပေးနေသော ရာကျော်သည့် ဂြိုဟ်စုနယ်မြေမှ အင်မော်တယ်မျိုးနွယ်များ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည်လည်း မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

သို့သော် အမိန့်ပြားက အစစ်ဖြစ်သဖြင့် သူတို့ မလေးမစား လုပ်ရမည်ကို ကြောက်ရွံ့နေသည်။ အင်မော်တယ်ဘုရင်များ၏ တွေဝေနေသော အမူအရာကိုမြင်ပြီး မဟာစစ်သူကြီး ရှောက်ထျန်း၏ လှောင်ပြုံးက ပို၍ပီပြင်လာသည်။

“အဲ့ကောင်က ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ် ဟုတ်လား မဟုတ်လား ဆုံးဖြတ်ရ လွယ်ပါတယ်”

“တကယ်လို့ သူက ကျုပ် သတ်လို့ သေမယ်ဆိုရင် သူက အတုပဲ”

အင်မော်တယ်ဘုရင်များ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ရှောက်ထျန်းက ခြေဆောင့်၍ လက်သီးကို ဝင့်ကာ ယဲ့ဖန်ထံ ခုန်ဝင်ထိုးနှက်လာသည်။

ဝုန်း!

လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ အက်ကွဲလာပြီး ပြင်းထန်လာသည့် အဖျက်စွမ်းအင်က ယဲ့ဖန်ထံ ကျရောက်လာသည်။ ထိုအချိန်တွင် ရှောက်ထျန်း၏ ရင်ထဲ၌ ဝမ်းသာလုံး ဆို့နေ၏။

*ဒါ ဘုရားကပေးတဲ့ အခွင့်အရေးပဲ*

သူ့အတွက်ကမူ ဤသည်မှာ ကောင်းကင်မှ ကျလာသည့် အခွင့်အရေးကောင်းပင်။ ထိုအမိန့်ပြားသည် အစစ်ဖြစ်ပါ၏။ သို့သော် ထိုအမိန့်ပြားကို ကိုင်ထားသူက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်သာ ရှိနေသည်။ ထိုသေးနုပ်သော အင်မော်တယ်ဂိုဏ်းချုပ်အဆင့်ကောင်ကို သတ်နိုင်သည်နှင့် အင်မော်တယ်ဘုရင် အမိန့်ပြားကို သူ ယူနိုင်ပြီ ဖြစ်သည်။ ထိုသို့ဆိုလျင် သူသည် ရာချီသော ဂြိုဟ်စုနယ်မြေများ၏ အရှင်သခင် ဖြစ်လာပေလိမ့်မည်။

ထိုသို့တွေးမိပြီးနောက် ရှောက်ထျန်း၏ ပါးစပ်သည် နားရွက်တက်ချိတ်မတတ် ပြုံးလာသည်။ လူသတ်နိုင်သည့် လက်သီးချက်သည်လည်း ပို၍ ပြင်းထန်လာ၏။

“ဟေ့ကောင် မင်း သေလိုက်တော့”

ယဲ့ဖန်ကို သတ်နိုင်ပါက အမိန့်ပြားကို လုယူနိုင်ပြီး လှပလှသည့် ကလေးမလေးကို သိမ်းပိုက်နိုင်ပြီ ဖြစ်ကာ ပိုက်ဆံလည်း အများအပြား ရလာတော့ပေမည်။ ရှောက်ထျန်း၏ အပြုံးက ပို၍ ပီပြင်လာသည်။

လက်သီးချက်သည်လည်း ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ပြင်းထန်စွာ ကျရောက်လာ၏။ ဤမြင်ကွင်းကြောင့် အားလုံး မျက်လုံးပြူးသွားသည်။ ရှောက်ထျန်း၏ အတွေးကို သတိထားမိပြီး သူတို့ သတိထားမိပြီး တားဆီးချင်သော်လည်း အချိန်နှောင်းသွားလေပြီ။

“သတိထား”

အင်မော်တယ်ဘုရင်တိုင်း အကြီးအကျယ် မျက်နှာပျက်ကာ ချက်ချင်းလှုပ်ရှား၍ ဂြိုဟ်နယ်မြေတို့၏ အရှင်သခင်ကို ကယ်ရန် ပြင်လာသည်။

ထိုစဉ် သူတို့၏ ခြေလှမ်းများ ရုတ်ချည်းဆိုသလို ရပ်တန့်သွားသည်။ အရှေ့သို့ ကြည့်နေကြသည့် အားလုံး၏ မျက်လုံးများ၌ သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်ဟန်များ ဖြစ်ပေါ်လာ၏။

မျက်စိရှေ့၌ ရှောက်ထျန်း၏ လက်သီးသည် ယဲ့ဖန်၏ ဦးခေါင်းနှင့် တစ်လက်မသာ ကွာတော့သည်။ သို့သော် ထိုတစ်လက်မအား ဖိနှိပ်ရန် ခက်ခဲနေပုံရသည်။

ယဲ့ဖန်က ရုတ်တရက် လက်ကိုဆန့်၍ ရှောက်ထျန်းအား ကြက်ကလေး ငှက်ကလေးကို ဖမ်းသကဲ့သို့ လည်မျိုကို ဖမ်းဆုပ်လိုက်သည်။

ထိုအပြုအမူကြောင့် အားလုံး ထိတ်လန့်သွားသည်။ အင်မော်တယ်ဂိုဏ်းချုပ်အဆင့်က အင်မော်တယ်ဘုရင်အဆင့်တစ်ယောက်ရဲ့ လည်ပင်းကို ကြက်လည်ကို ညှစ်သကဲ့သို့ ညှစ်ထားသည်က အားလုံးအား အကြီးအကျယ် ထိတ်လန့်သွားစေသည်။

အထူးသဖြင့် ရှောက်ထျန်းပင်။ သူ၏ လှောင်ပြုံးသည်လည်း အေးခဲသွားသည်။ ယဲ့ဖန်၏ လက်ဝါးက သူ့လည်ပင်းကို ပြုတ်တူကဲ့သို့ ဖျစ်ညှစ်ထားသဖြင့် သူ လည်ပင်းအစ်၍ သေမတတ် ခံစားမိနေသည်။

“ချီးတဲ့မှပဲ”

ရှောက်ထျန်း ဖျစ်ညှစ်၍ ကျိန်ဆဲကာ ယဲ့ဖန်လက်ထဲမှ အသည်းအသန် ရုန်းကန်လေသည်။ သို့သော် သူ မည်မျှ ရုန်းကန်ပါစေ၊ ယဲ့ဖန်၏ လက်ထဲမှ လွတ်မြောက်ရန် ခက်ခဲနေ၏။ ယဲ့ဖန်၏ လက်ဝါးက မရဏ လက်ဝါးကဲ့သို့ သူ့အား သေသည်အထိ ဖမ်းဆုပ်ထားသည်။

“မင်းက သေချင်နေတာကိုး”

ထိုစကားသံက ရှောက်ထျန်းအား ခြောက်ခြားသွားစေသည်။ ယဲ့ဖန်၏ လက်ဝါးက ပို၍ သန်မာလာသည်ကို သူ ခံစားမိလာသည်။

“မလုပ်နဲ့”

ရှောက်ထျန်းထံမှကြောက်လန့်၍ အသည်းအသန် အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများ ပြူးကျယ်လာ၏။

ဂျွတ်!

ထိုအသံ ထွက်ပေါ်လာပြီးနောက် သူ၏ဦးခေါင်းသည်လည်း ဇတ်ကျိုးကျသွားလေတော့သည်။

Chapter 584 နှင်းပွင့်နတ်သမီး

ရှောက်ထျန်း၏ လည်ပင်းမှနေ၍ သွေးများ ဆက်တိုက် ပန်းထွက်လာသည်။ ပူနွေး၍ ငန်ကျိကျိ အရသာရှိသော သွေးစက်များက အင်မော်တယ်များ၏ မျက်နှာပေါ်သို့ လွင့်စဉ်လာလေသည်။

အားလုံးသည် ခေါင်းပြတ်သွားသော ရှောက်ထျန်း၏ ခန္ဓာကိုယ်ကို ငေးကြည့်ရင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေလေ၏။

*သေ…သေပြီလား*

လူတိုင်း ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်မှတ်ပြီး ကိုယ့်မျက်လုံးကိုယ် ပြန်ပွတ်မိကြသည်။

အင်မော်တယ်ဂိုဏ်းချုပ်အဆင့်က အင်မော်တယ်ဘုရင်အဆင့်ရဲ့ လည်ပင်းကို လိမ်ချိုး လိုက်သည်တဲ့လား။ ဤသည်မှာ မည်သူမျှ ထင်မထားမိသည့် အရာတစ်ခုပင် ဖြစ်လေသည်။ သို့သော် ထိုအရာက အားလုံးရှေ့၌ အမှန်တကယ် ဖြစ်ပေါ်လာခဲ့လေပြီ။

ကြောက်မက်ထိတ်လန့်ဖွယ်ကောင်းလှသည်။

ရာချီသော အင်မော်တယ်ဘုရင်အဆင့်များ၊ ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ်များနှင့် ခေါက်ဆွဲဆိုင်မှ လူများအားလုံး ကြက်သေသေ၍ ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်နေကြသည်။

ရှောက်ထျန်း၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်က မြေကြီးပေါ် ပြုတ်ကျသွားချိန်တွင် အားလုံး တုန်လှုပ်သွားကြသည်။ အားလုံး မြေကြီးပေါ်၌ ဝပ်တွား၍ တုန်ယင်နေကြသည်။

“နယ်မြေတစ်ရာတို့ရဲ့ အရှင်သခင်၊ အင်မော်တယ်ဘုရင် လင်ထျန်းနဲ့ အခြားသူတွေက အရှင့်လက်ထဲမှာ သေသွားတာလားဆိုတာကို ကျွန်တော် မေးလို့ရမလား”

အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်က ဟန်ကိုယ့်၍ ယဲ့ဖန်ကို မေးလိုက်သည်။ သူ့မေးခွန်းကြောင့် ယဲ့ဖန်က တစ်ချက်ဝေ့ကြည့်၍ တစ်ခဏမျှ ဘာမျှမပြောချေ။

“မင်း ဘာပြောချင်လို့လဲ”

ယဲ့ဖန်က ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။ ထိုစကားကြောင့် မေးလိုက်သည့် အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင် ကြောက်လန့်သွားသည်။ သူသည် ခေါင်းတခါခါနှင့် အထိတ်တလန့် ပြန်ပြောလိုက်သည်။

“ဟင့်အင်း … အရှင် ကျွန်တော့်ကို အထင်မလွဲပါနဲ့”

“နယ်မြေတစ်ရာကျော်မှာ အင်မော်တယ်အမိန့်ပြားကိုပဲ လူသတိထားမိကြလို့ပါ။ တကယ်လို့ အရှင်က အင်မော်တယ်အမိန့်ပြားကို ကိုင်ထားတဲ့သူဆိုရင် အရှင်က နယ်မြေတစ်ရာရဲ့ အရှင်သခင်အသစ် ဖြစ်လာမှာပါ”

ထိုသို့ပြောပြီးနောက် ထိုအင်မော်တယ်ဘုရင်အဆင့် မြေကြီးပေါ် ဝပ်တွားလိုက်ပြီး ဘာမှထပ်မမေး ရဲတော့ချေ။

ယခုအခါတွင် ခေါက်ဆွဲဆိုင်ထဲသာမက အပြင်ဘက်မှ လမ်းတစ်ခုလုံးရှိ လူများအားလုံး ဒူးထောက် ဝပ်တွားနေကြသည်။ ဤအင်မော်တယ်ဂိုဏ်းချုပ်အဆင့် လူငယ်လေးက အင်မော်တယ်ဘုရင် လင်ထျန်းကို သတ်လိုက်သည့် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း အားလုံး သိလိုက်ကြလေသည်။

တောက်! တောက်!

အားလုံး၏ နဖူးမှနေ၍ ချွေးစေးများ တဒီးဒီး စီးကျလာပြီး အားလုံး ဒူးထောက်ရင်းနှင့် ကြက်သီး တဖြန်းဖြန်း ထလာကြသည်။

ထိုစဉ် ယဲ့ဖန်ကမူ အားလုံး၏ သွေးပျက်နေမှုကို ဂရုမစိုက်ချေ။ သူ့လက်ထဲ၌ ဦးခေါင်းတစ်လုံးသာ ရှိနေသည်။

ရှောက်ထျန်း၏ ဦးခေါင်းပြတ်မှနေ၍ သွေးများ တစက်စက် စီးကျနေသည်။ ငြိမ်သက်နေသော မျက်နှာထက်တွင် အလွန်တရာ ကြောက်ရွံ့သွေးပျက်ဟန်များ ထင်ဟပ်နေ၏။

ရှောက်ထျန်းသည် သေဆုံးသွားသည့်အချိန်ထိ အင်မော်တယ်ဂိုဏ်းချုပ် အဆင့်တစ်ယောက်က သူ့ခေါင်းအား ဖြတ်သွားသည်ကို မယုံနိုင်သေးပုံရသည်။

ဖောက်!

ထိုစဉ် ယဲ့ဖန်က ရှောက်ထျန်း၏ ဦးခေါင်းထဲသို့ လက်တစ်ဖက်ဖြင့် ထိုးဖောက်၍ အင်မော်တယ် အမြုတေကို ထုတ်ယူ၍ ပါးစပ်ထဲ ကောက်ထည့်ကာ အဆာပြေမုန့်ကို စားသကဲ့သို့ စားနေလေသည်။

ဂျွတ်! ဂျွတ်!

အင်မော်တယ် အမြုတေကို ကိုက်ဝါးပြီးနောက် လက်ကိုလှုပ်၍ ရှောက်ထျန်း၏ ဦးခေါင်းကို မြေကြီးပေါ် လွှင့်ပစ်လိုက်သည်။

“လာကြ၊ အင်မော်တယ်ဘုရင် စံအိမ်ကို သွားမယ်”

ယဲ့ဖန်၏ မျက်လုံးများသည် ထူးမခြားနားဟန်နှင့် အနက်ရောင်မီးတောက်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ရှောက်ထျန်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့အား လောင်ကျွမ်းသွားစေသည်။

ထို့နောက် ဟွမ်အာနှင့်အတူ အပြင်ထွက်သွားသည်။ ဤမြင်ကွင်းကိုကြည့်ပြီး အားလုံး ထပ်၍ မှင်တက်သွားပြန်သည်။ ယဲ့ဖန်က အင်မော်တယ်ဘုရင်အဆင့် အမြုတေကို စားလောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

အထူးသဖြင့် ထိုအနက်ရောင် မီးတောက်ကိုမြင်ပြီးနောက် အားလုံး မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားကြသည်။

*ငရဲမီးပါလား*

အားလုံး၏ မျက်နှာထက်၌ အလွန် ကြောက်လန့်နေဟန်များ ထင်ဟပ်လာသည်။ အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများ အဘယ်ကြောင့် သူ့လက်ထဲ၌ သေဆုံးသွားရသလဲ ဆိုတာကို သူတို့ နားလည်သွားကြသည်။

အင်မော်တယ်ဘုရင်အဆင့် ရှောက်ထျန်း ခေါင်းပြတ်သွားရသည့် အကြောင်းရင်းကိုလည်း သူတို့ နားလည်သွားကြသည်။

*လတ်စသက်တော့ သူက … အဲ့ဒီလူ ဖြစ်နေတာကိုး*

ဤသည်ကို တွေးမိပြီးနောက် အင်မော်တယ်ဘုရင်အဆင့်များသည် ယဲ့ဖန်အကြောင်းကို ထပ်မမေးတော့ချေ။ ယဲ့ဖန်နောက်မှ ခပ်သုတ်သုတ် လိုက်၍ ခေါက်ဆွဲဆိုင်ထဲမှ ထွက်လာခဲ့သည်။

အားလုံး ထွက်သွားသည့်အခါ၌ ဆိုင်ထဲမှ သိုင်းပညာရှင်များအားလုံး ပုံလျက်သား လဲကျသွားကြသည်။ အားလုံး အသက်ကို မနည်းရှူနေရလေသည်။ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး ရင်တုန်ပန်းတုန် ဖြစ်နေကြသည်။

“နတ်ဆိုးဧကရာဇ်၊ မြတ်စွာဘုရား၊ ဒီကြောက်စရာကောင်းတဲ့လူက ပြန်လည်မွေးဖွားလာပြီးတော့ အင်မော်တယ်ဘုရင် လင်ထျန်းကိုတောင်မှ သတ်ခဲ့ပြီးတော့ ရာကျော်တဲ့ ဂြိုဟ်နယ်မြေရဲ့ အရှင်သခင် ဖြစ်လာပြီပဲ”

လူတိုင်းသည် ယခင်က အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများကို သတ်သွားသည့် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်အကြောင်း ပြောဆိုခဲ့ကြသော်လည်း ထိုပုဂ္ဂိုလ်က သူတို့ဘေး၌ ရှိနေလိမ့်မည်ဟု ထင်မထားမိခဲ့ကြချေ။

ဤသည်ကို တွေးမိပြီးနောက် လူတိုင်းသည် သေမင်းခံတွင်းဝမှ လွတ်မြောက်လာသကဲ့သို့ ခံစားမိသဖြင့် သူတို့ ကျောချမ်းကာ ကတုန်ကယင် ဖြစ်လာကြသည်။

အထူးသဖြင့် အဘိုးအိုနှင့် မိန်းကလေးတို့ပင်။ နှစ်ယောက်သား နားဝေတိမ်တောင် ဖြစ်နေကြသည်။ သူတို့၏ ခြေထောက်ကြားမှနေ၍ ကျင်ငယ်ရည်များ စီးကျနေပြီး သူတို့ သတိမထားမိခင်မှာပင် ကြောက်လွန်း၍ ဆီးထွက်ကျနေလေပြီ။

….

လျပ်တစ်ပြက်အတွင်းမှာပင် နောက်ထက် သုံးရက် ကုန်လွန်သွားလေ၏။

အင်မော်တယ်ဘုရင် စံအိမ်။ အင်မော်တယ်ဘုရင်စံအိမ်သည် လင်ထျန်းတောင်ထိပ်၌ တည်ရှိပြီး တောင်ထိပ်မှနေ၍ ဧရာမ သားရဲကြီးကဲ့သို့ ဂြိုဟ်များကို ငုံ့မိုးကြည့်နေပုံနှင့် သဏ္ဌာန်တူနေသည်။

တောင်နံဘေးရှိ ကျေက်တုံးကြီးပေါ်၌ အနီရောင်ဝတ်စုံနှင့် ကလေးမလေးတစ်ယောက် တင်ပုလ္လင်ချိတ်၍ ထိုင်နေလေ၏။

ကလေးမလေး၏ နှလုံးမှနေ၍ ပြင်းထန်သည့် နှလုံးခုန်သံများ ထွက်ပေါ်နေသည်။ ထိုနှလုံးခုန်သံသည် မိုးခြိမ်းသံနှင့် ဆင်တူလှသည်။ တောင်နံရံဘေးမှ အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး တောင်နံရံတစ်ခုလုံး အက်ကွဲလာတော့မည့်ပုံ ပေါ်နေသည်။

ထိုသည်သာမကေချေ။ ထိုကလေးမလေးသည် ထိုနေရာ၌ ထိုင်ရုံသာ ထိုင်နေသော်လည်း သူမ၏ နှလုံးခုန်သံသည် ထိုနေရာမှ ဖြတ်သွားသည့် သားရဲများနှင့် ငှက်များအတွက် ထိတ်လန့်ဖွယ် အသံလှိုင်းတစ်ခုသဖွယ် ဖြစ်နေပြီး ငှက်များနှင့် သားရဲများအား နှလုံးပေါက်ကွဲ၍ အရိုးများ အက်ကွဲသွားစေသည်။

များစွာသော ငှက်များနှင့် သားရဲများ ကောင်းကင်ထက်မှ တဘုတ်ဘုတ် ကျဆင်းလာသည်။ ထိုကလေးမလေး ထိုင်နေသော နေရာသည် တားမြစ်နယ်မြေတစ်ခုကဲ့သို့ ဝင်ရောက်မိသည့် မည်သူမဆို သေဆုံးရလေသည်။ သွေးပျက်ဖွယ်ကောင်းလှပေသည်။

ကလေးမလေးသည် ထိုင်နေရင်းနှင့် မိုးကောင်းကင် တာအိုသဘောတရားများကို နားလည်ဆင်ခြင်နေပုံရပြီး သူမထံမှ ကောင်းကင်ဘုံ တာအို၏ ဧကရာဇ် အငွေ့အသက်မျိုး ဆက်တိုက် ထွက်ပေါ်နေသည်။

“ကြည့်ရတာ ဟွမ်အာက နှလုံးသား အစိတ်အပိုင်းကို လုံးဝ သန့်စင်ပြီးသွားတဲ့ပုံပဲ”

ယဲ့ဖန်၏ မျက်လုံး၌ အလွန်ပျော်ရွှင်နေဟန်များ ထင်ဟပ်နေသည်။ ထိုအချိန်တွင် ဟွမ်အာ၏ မျက်နှာလေးကို လှမ်းကြည့်ရင်း သူ့စိတ်ထဲ၌ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု ခံစားမိနေ၏။

ဒေါက် ဒေါက် ဒေါက်။

ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာပြီး အင်မော်တယ်ဘုရင်အဆင့်တစ်ယောက် ခပ်သွက်သွက် လှမ်းလာသည်။

ရာချီသော ဂြိုဟ်နယ်မြေများမှ အင်မော်တယ်များသည် နတ်ဆိုးအဖြစ် ခံယူပြီးသွားပြီဖြစ်သလို သူတို့နှလုံးသား၌ အနက်ရောင် မှော်စာလုံးတစ်လုံး ရှိနေ၏။

ထိုအင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်သည် အနားသို့ရောက်သည်နှင့် ချက်ချင်း ဒူးတစ်ဖက် ထောက်လာသည်။

“သခင်ကြီး၊ တိမ်ပျံဂြိုဟ်စုနယ်မြေက သတင်းစကား ပါးလိုက်ပါတယ်။ တိမ်ပျံသခင်လေးက လဝက်နေရင် လက်ထပ်ပွဲ ကျင်းပပါမယ်တဲ့”

*ဟမ်*

ထိုစကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ တိမ်ပျံဂြိုဟ်စုနယ်မြေသည် အင်မော်တယ်နယ်မြေထဲတွင် ကြီးမားသော ဂြိုဟ်နယ်မြေတစ်ခု ဖြစ်သည်။

ထိုဂြိုဟ်စုနယ်မြေပေါ်မှ တိမ်ပျံဂိုဏ်းသည် နှစ်ထောင်ချီ၍ အရှိန်အဝါကြီးသော ထိပ်တန်း အင်မော်တယ်ဂိုဏ်းတစ်ခု ဖြစ်သည်။

ထိုသူတို့ကြားထဲတွင် ထူးချွန်သည့် ပါရမီရှင်များက တိမ်ကဲ့သို့ ပေါများလှပြီး အင်မော်တယ် သူတော်စင်အဆင့်ပင် မြို့ထဲ ငုတ်တုပ်ထိုင်နေရသည်ဟု ကောလာဟလ ပြောဆိုကြသည်။

လင်ထျန်းဂြိုဟ်နှင့် ဘေးပတ်လည်မှ ဂြိုဟ်ခုနစ်ခုလုံးသည် တိမ်ပျံဂိုဏ်း၏ စီရင်ပိုင်ခွင့်ထဲတွင် တည်ရှိနေသည်။

အန်းရှီကို နောက်ဆုံးခြေရာခံမိသည့်နေရာက တိမ်ပျံဂြိုဟ်စုနယ်မြေ ဖြစ်မှန်း ယဲ့ဖန် သိနေသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်သည် ထိုသတင်းကြားပြီး စိုးရိမ်မကင်း ဖြစ်လာရသည်။ ထိုသတင်းက သူ့အား အလွန် ဝေခွဲမရ ဖြစ်စေသည်။

“သတို့သမီးက ဘယ်သူလဲ မင်း သိလား”

“သခင်ကြီး သတို့သမီးက တိမ်ပျံဂိုဏ်းက မျိုးဆက်သစ် ဖြစ်ပြီးတော့ စကြဝဠာထဲက ထိပ်တန်းခန္ဓာကိုယ် ဆယ်မျိုးထဲက တစ်ခုဖြစ်တဲ့ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပိုင်ရှင် နှင်းပွင့် နတ်သမီးပါ”

အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်က တလေးတစား ပြန်ဖြေလေသည်။ ထိုစကားကြောင့် ယဲ့ဖန် အကြီးအကျယ် မျက်နှာပျက်သွားသည်။

*ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်တဲ့*

*ဒါဆို ဒီနှင်းပွင့် နတ်သမီးက …*

ထိုမျှနှင့် မပြီးသေးဘဲ အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်က ဆက်ပြောလေသည်။

“နှင်းပွင့်နတ်သမီး ပေါ်လာတာ တစ်နှစ်မပြည့်သေးပါဘူး၊ ဒါပေမဲ့ သူက ကြယ်တံခွန်လိုမျိုး တိမ်ပျံဂိုဏ်းထဲမှ ထွန်းတောက်လာပါတယ်။ ပြီးတော့ နတ်သမီးအဖြစ် သတ်မှတ်ခံရဖို့ စာရင်းဝင်ခဲ့တဲ့ မိန်းကလေးအားလုံးကို အနိုင်ယူခဲ့ပြီးတော့ နတ်သမီး ဖြစ်လာခဲ့တာပါ”

“တိမ်ပျံသခင်လေးကို သူ လက်ထပ်ရတဲ့ အကြောင်းရင်းက တစ်စုံတစ်ယောက်ကို အသက်သွင်းချင်လို့ တိမ်ပျံဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းကျမ်းဖြစ်တဲ့ အင်မော်တယ် အသက်သွင်းသိုင်းကျမ်းနဲ့ လဲလှယ်တဲ့အနေနဲ့ လက်ထပ်တာလို့ ကောလာဟလ ထွက်နေပါတယ်”

ထိုစကားသည် လျှပ်စီးလက်သွားသကဲ့သို့ ယဲ့ဖန်၏မျက်လုံးအား လင်းလက်သွားစေသည်။ ထိုနှင်းပွင့်နတ်သမီးက အန်းရှီဖြစ်လိမ့်မည်ဟု သူ သေချာလုနီးပါး ဖြစ်သွားသည်။

ယခင်အချိန်တုန်းက အန်းရှီ ကမ္ဘာဂြိုဟ်မှ တည်နေရာရွှေ့ပြောင်းခံရစဉ်တွင် အားလုံးက ယဲ့ဖန် သေပြီဟုသာ သိထားကြသည် မဟုတ်ပါလား။

ယခု သူမက လျှို့ဝှက်သိုင်းကျမ်းကို ငှားရမ်း၍ လူတစ်ယောက်ကို အသက်သွင်းချင်နေ၏။ ထိုသူက … သူကိုယ်တိုင်ပင် ဖြစ်နေပေသည်။

Chapter 585 တိမ်ပျံသခင်လေး

အင်မော်တယ်နယ်မြေ၏ နက်နဲသော တစ်နေရာ၌ တိမ်ပျံဂြိုဟ်စုနယ်မြေဟု ခေါ်တွင်သည့် ဂြိုဟ်နယ်မြေကြီးတစ်ခု ရှိလေသည်။

ဖေးယွင်ဂြိုဟ်စုနယ်မြေကြီး၌ လက်အောက်ခံ ဂြိုဟ်စုနယ်မြေ ရှစ်ရာရှိသည်။ တိမ်ပျံဂိုဏ်းသည် ဂြိုဟ်နယ်မြေများကို လွှမ်းမိုးသည့် ဩဇာကြီးသော ဂိုဏ်းတစ်ခု ဖြစ်သည်။

တိမ်ပျံဂိုဏ်း၏ အမျိုးသမီးဆောင်တစ်ခုတွင်း၌ မိန်းမပျိုလေး တစ်ယောက်သည် ခုံ၌ထိုင်ရင်း လက်ထဲ၌ ပန်းပုထုသော ဓားဖြင့် သစ်သားတစ်ခုအား ဖြည်းဖြည်းချင်း ပန်းပုထုနေလေသည်။

သူမ၏ လှုပ်ရှားမှုများက အလွန် ပျော့ပျောင်း၍ သိမ်မွေ့လှသည်။ သူမသည် နှလုံးသားထဲ စွဲထင်နေသည့်လူတစ်ယောက်ကို ပန်းပုထုနေပုံရသည်။

အချိန်အတော်ကြာပြီးနောက် လွှစာများ လွင့်ပြယ်သွားချိန်တွင် အမျိုးသားတစ်ယောက်ပုံ ပေါ်လာသည်။ ထိုသစ်သားပန်းပုထဲမှ အမျိုးသားသည် အသက်ရှိနေသကဲ့သို့ နတ်ဆိုးဆန့်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဤမြင်ကွင်းကိုမြင်ပြီး အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုလေး၏ လှပသော မျက်ဝန်းလေးမှနေ၍ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။

“ကမ္ဘာဂြိုဟ်ကနေ ဝေးကွာခဲ့ရတာ ၃၄၂ ရက် ရှိနေပြီ၊ ဒါပေမဲ့ ဘာလို့ နှစ်ပေါင်း ၃၄၂ နှစ် ကြာသလို ခံစားနေရတာလဲ”

ထိုမိန်းမပျိုလေးသည် သူမအခန်းကို ဝေ့ဝဲကြည့်လိုက်သည်။ စားပွဲပေါ်၊ အဝတ်ဘီရိုပေါ်၊ ကုတင်ဘေးတို့၌ သစ်သားပန်းပုရုပ်တို့ဖြင့် ပြည့်နှက်နေသည်ကို သူမ တွေ့လိုက်ရသည်။

တစ်နေ့ တစ်ရုပ်နှုန်းဖြင့် ထွင်းထုလာသည်မှာ ယခုအခါတွင် ၃၄၂ ရုပ် ရှိနေလေပြီ။ သစ်သားပန်းပုရုပ်တိုင်းသည် တစ်ပုံစံတည်း ဖြစ်သည်။ ထိုပန်းပုပုံမှာ သူမ နှလုံးသားထဲ စွဲထင်တည်ရှိနေသည့် အမျိုးသား၏ ပုံပင်။

“နတ်သမီး ရှင် ဘာလို့ ဒီလိုလုပ်ရတာလဲ”

မိန်းမပျိုလေး၏ ဝမ်းနည်းသော အမူအရာကိုကြည့်ပြီး သူမဘေးမှ အစေခံမလေးက သက်ပြင်းမချဘဲ မနေနိုင် ဖြစ်သွားရသည်။ သူမသည် ဤဂြိုဟ်စုနယ်မြေသို့ ရောက်လာပြီးနောက် ဤမိန်းမပျိုလေးနှင့် ဆုံတွေ့ခဲ့သည်။

သူမ သိကျွမ်းခဲ့သည့် တစ်လျောက်လုံးတွင် သူမရှေ့မှ မိန်းမပျိုလေးသည် နေ့ရောညပါ အပြင်းအထန် ကျင့်ကြံခဲ့သည်။

ဂြိုဟ်ပေါ်များ၊ ချောက်နက်များ၊ တားမြစ်နယ်မြေများနှင့် သေမင်းနယ်မြေများ၌ မိန်းကလေးများစွာ ယှဉ်ပြိုင်ခဲ့ဖူးသည်။ ဤမိန်းမပျိုလေးကတော့ သန်မာလှသည်။ တားမြစ်နယ်မြေထဲ၌ ဤနတ်သမီး သေလုမျောပါး ဖြစ်ခဲ့ပြီး သေခြင်းရှင်ခြင်းအား ရုန်းကန်ခဲ့ရသည်ကို သူမ အကြိမ်ကြိမ် မြင်ခဲ့ဖူးသည်။

သေလုမျောပါး ဖြစ်ခဲ့သည့် အကြိမ်တိုင်း သူမ ထပ်ခါထပ်ခါ အဆင့်တက်ခဲ့သည်။ ဤမျှ ရူးသွပ်ဖွယ်ကောင်းသည့် လူမျိုး အစေခံမလေး မမြင်ခဲ့ဖူးပါ။

ထိုမိန်းမပျိုလေးအတွက် ဤဂြိုဟ်စုနယ်မြေ၏ အားအနည်းဆုံးသူအဖြစ်မှ မြင့်မြတ်သော တိမ်ပျံနတ်သမီးနေရာရောက်၌ အချိန် တစ်နှစ်ပင် မယူလိုက်ရချေ။ ဤမိန်းကလေးက မည်မျှသော အခက်အခဲများကို တောင့်ခံ၍ မည်မျှ များပြားလှသည့် စွန့်စားမှုများနှင့် ကြုံတွေ့ခဲ့ရသလဲဆိုတာကို ဘယ်သူမျှ တွေးမကြည့်နိုင်ချေ။

အစေခံမလေး၏ စကားကို ကြားပြီးနောက် လှပ၍ စွဲမက်ဖွယ်ကောင်းသော မိန်းကလေးက ဖျတ်ခနဲ ပြန်ကြည့်လိုက်သည်။

“ရှောင်ဟွမ်း နင် သိလား၊ ငါ ငယ်ငယ်လေးကတည်းက တစ်နေ့ သူနဲ့ လက်ထပ်နိုင်ရမယ်လို့ စိတ်ကူးယဉ်ခဲ့တာ။ သူ့ဘေးနားမှနေပြီး သူနဲ့အတူ မင်္ဂလာဝတ်စုံလေး ဝတ်မယ်ပေါ့လေ”

“ငါ့ခေါင်းကို သူ ပွတ်ပေးတာလေးကို ငါ သဘောကျတယ်၊ သူ့ကိုယ်နံ့၊ သူ့ရူးသွပ်မှုနဲ့ သူ့ရက်စက်မှုတွေကို ငါ သဘောကျတယ်။ သူနဲ့ ပတ်သက်တဲ့ အရာရာတိုင်းက ငါ သူ့ကို လက်ထပ်ချင်တဲ့ အကြောင်းပြချက်လိုပဲ”

“ဒါပေမဲ့ ရှောင်ဟွမ်း ရက်နည်းနည်းကြာရင် ငါ … တစ်ခြားသူနဲ့ လက်ထပ်ရတော့မယ် …”

ထိုသို့ပြောပြီး မိန်းမပျိုလေးက ပြိုတောမည့် မိုးသဖွယ် ငိုယိုလေသည်။ သူမမျက်နှာပေါ်၌ ဝမ်းနည်းမှုများ ထင်ဟပ်နေပြီး လှပသော မျက်ဝန်းလေးမှ မျက်ရည်များကြောင့် ကြည့်လိုက်မိသည့်သူများအား ရင်ကွဲမတတ် ဖြစ်စေသည်။

“မမလေး၊ သူ့ကို ပြန်အသက်သွင်းဖို့အတွက်နဲ့ ရှင် ဒီလိုလုပ်ဖို့ တန်ရဲ့လား”

ရှောင်ဟွမ်းသည် အသည်းအသန် ငိုထားမိသဖြင့် ထပ်မငိုနိုင်တော့ချေ။ ဤမျှ ရူးသွပ်သည့် မိန်းကလေးမျိုး သူမ မမြင်ဖူးပါ။ ထိုမိန်းမပျိုလေးသည် သူ့အတွက် အသည်းအသန် ကျင့်ကြံခဲ့သည်။ သူ့အတွက်နှင့် သေခြင်းရှင်ခြင်းတွေကို ရင်ဆိုင်ကျော်လွှားခဲ့သည်။ ယခုအခါတွင်လည်း သူ့အတွက်နှင့် လက်ထပ်ပေတော့မည်။ ဤသို့သော ရူးသွပ်မှုက သူမအား ထိတ်လန့်၍ ဝမ်းနည်းသွားစေသည်။

“ထိုက်တန်တယ်”

မိန်းမပျိုလေး၏ မျက်နှာထက်၌ အလွန်တရာ မျှော်လင့်ထားဟန်နှင့် နာကြည်းဟန်များ ထင်ဟပ်လာသည်။

“သူက ငါ့မျှော်လင့်ချက်တင် မကဘူး၊ ကမ္ဘာဂြိုဟ်ပေါ်က လူပေါင်းများစွာရဲ့၊ မရေတွက်နိုင်တဲ့ နတ်ဆိုးမျိုးနွယ်တွေ အသက်ပြန်ရှင်လာဖို့ စောင့်ဆိုင်းနေတဲ့သူပဲ”

“သူ့အသက်အတွက် ငါ့ဘဝကို စတေးတာ ထိုက်တန်တယ်”

*ဘာ*

သူမစကားကြောင့် အစေခံမလေး အကြီးအကျယ် မျက်နှာပျက်သွားသည်။

“နတ်သမီး ရှင် တွေးနေတာက”

ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိပြီးနောက် ရှောင်ဟွမ်း၏ မျက်နှာက စက္ကူကဲ့သို့ ဖြူရော်လာသည်။ မိန်းမပျိုလေးက ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြလိုက်သည်။

“တိမ်ပျံဂိုဏ်းရဲ့ အင်မော်တယ် အသက်သွင်းသိုင်းကျမ်းက ပြန်အသက်သွင်းဖို့အတွက် သေသွားတဲ့ အလောင်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုကို သုံးဖို့လိုအပ်တယ်”

“ပြီးတော့ ငါ့မှာ သူ့ကိုယ်ထဲက အစိတ်အပိုင်းတစ်ခု ရှိနေတယ်၊ အဲ့ဒါက … ငါ့အသက်ပဲ”

သူမ၏ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ် နိုးထလာသည့်အချိန်က သူမ သေလုမျောပါး ဖြစ်ခဲ့ရသည်။ သူသာလျင် သူ၏ နှလုံးသား အစိတ်အပိုင်းကို ဓားဖြင့်ခွဲကာ သူမကို စားသုံးစေပြီး သေမင်းကို ကျော်လွှားစေခဲ့သည်။

ထိုသူ၏ နှလုံးသားက သူမကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ သူ၏ အသက်ဖြင့် သူမအသက်ကို ကယ်တင်ခဲ့သည်။

ထိုမိန်းမပျိုလေး၏ ဆုံးဖြတ်ချက် ပြတ်သား၍ ဝမ်းနည်းဖွယ် အမူအရာကို ကြည့်ပြီး ‌ရှောင်ဟွမ်း၏ ကိုယ်ရောစိတ်ပါ တုန်ခါသွားရသည်။ သူမ ဖျောင်းဖျချင်ပါသော်လည်း သူမ ပြောချင်သည့် စကားများကို မျိုချလိုက်ရသည်။

ထိုစဉ် တံခါးအပြင်ဘက်မှ အစောင့်တစ်ယောက်၏ အသံ ထွက်လာသည်။

“နတ်သမီး၊ သခင်လေးက တွေ့ခွင့်တောင်းနေပါတယ်”

*သခင်လေး*

တိမ်ပျံသခင်လေး၊ တိမ်ပျံဂြိုဟ်စုနယ်မြေ၏ နံပါတ်တစ် ပါရမီရှင်။

ထိုစကားကြောင့် မိန်းမပျိုလေး မျက်မှောင်ကြုတ်သွားသည်။

“ငါ မတွေ့ချင်ဘူး”

သူမက ဂရုမစိုက်ဟန်ဖြင့် ပြတ်သားစွာ ပြောလိုက်သည်။ တံခါးအပြင်ဘက်မှ အစောင့်သည် တစ်ခဏမျှ တွေဝေနေသော်လည်း နောက်ဆုံးတွင် အားတင်း၍ ပြန်ထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင် ခြံဝန်းအပြင်ဘက်၌ လူငယ်တစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေသည်။ သူသည် ထူးဆန်းသော အရှိန်အဝါဖြင့် ရုပ်တုကဲ့သို့ ခံစားချက်မဲ့စွာ ရပ်နေသည်။ သို့သော် မြေကြီးပေါ်မှ တွားသွားသတ္တဝါများ သာမက ကောင်းကင်ထက်မှ ငှက်များပင်ဖြစ်စေ သူနှင့် ဆယ်မီတာ ပတ်လည်အတွင်း ရှိနေသော သက်ရှိများအားလုံးသည် ဓားဖြင့် အခုတ်ခံလိုက်ရသကဲ့သို့ သေဆုံးသွားကြသည်။ ထိုလူငယ်လေး၏ ဘေးပတ်လည်မှ မရဏ အငွေ့အသက်များ တည်ရှိနေပုံရသည်။

အစောင့် ပြန်ထွက်လာသည်ကိုမြင်ပြီး ထိုလူငယ်၏ ဒေါသများ ပျောက်ကွယ်သွားသည်။

“ဘယ်လိုလဲ၊ နတ်သမီးက ငါနဲ့ တွေ့မယ်တဲ့လား”

သူ့စကားကြောင့် အစောင့်၏နဖူး၌ ချွေးများ စို့လာပြီး အသည်းအသန် ဒူးထောက်လာသည်။

“သခင်လေး၊ နတ်သမီးက … မတွေ့ချင်ဘူးတဲ့”

ထိုစကားကြောင့် လူငယ်လေး၏ မျက်နှာထားက အေးစက်လာပြီး ဒေါသများ ထွက်လာသည်။ ထိုအစောင့်သည် အော်ချိန်ပင် မရလိုက်ဘဲ ကိုယ်နှစ်ခြမ်းကွဲ၍ သေဆုံးသွားလေတော့သည်။

အသားစများနှင့် သွေးစက်များသည် မြေကြီးပေါ် ပြုတ်ကျလာပြီးနောက် မျက်တောင်တစ်ခတ်အတွင်း၌ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဖုန်မှုန့်များ ဖြစ်သွားလေသည်။

ထိုအခါမှသာ လူငယ်လေးက ခြံဝန်းထဲသို့ စူးစိုက်ကြည့်၍ လှောင်ပြုံး ပြုံးလေသည်။

“အန်းရှီ၊ မင်းက ငါ့ကို မနှစ်မြို့ဘူးဆိုရင်တောင်မှ မင်း ငါ့ကို လက်ထပ်ရဦးမှာပဲ။ မင်း သူ့ကို ထပ်ကြိုက်နေမယ်ဆိုရင် သူ သေကိုသေရမယ်”

“အသက်ပြန်သွင်းချင်တယ်တဲ့လား၊ ဟားဟား …”

ထို့နောက် ထိုလူငယ်လေးသည် ဖျတ်ခနဲ လှုပ်ရှား၍ ပျောက်ကွယ်သွားလေသည်။

သခင်လေး၏ စံအိမ်တော်၌ တိမ်ပျံဂိုဏ်း၏ သိုင်းပညာရှင်များနှင့် ပြည့်နှက်နေ၏။ ထိုလူငယ်လေး စံအိမ်ထဲ ပြန်ပေါ်လာသောအခါ တိမ်ပျံဂိုဏ်း၏ ရာထူးမြင့်သော လူတစ်စုက ဒူးတစ်ဖက်ထောက်၍ ကြိုဆိုလေ၏။

“သခင်လေးကို ဂါဝရပြုပါတယ်”

ထိုသိုင်းပညာရှင်များထဲ၌ အားအနည်းဆုံးသူပင် အင်မော်တယ်ဘုရင်အဆင့် ရှိလေပြီး သူတို့ထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လျက် ရှိသည်။ သို့သော် သူတို့သည် ထိုလူငယ်လေးနှင့် ရင်ဆိုင်ရသောအခါ ခြောက်ခြားနေကြသည်။

ထိုလူငယ်လေး၏ မျက်လုံး၌ ကြောက်မက်ဖွယ် အငွေ့အသက်များ ဖြတ်ပြေးနေသည်။ ထိုလူငယ်လေးသည် အားလုံးကို မထခိုင်းဘဲ ခုံ၌ တစ်ယောက်တည်း အရင်ထိုင်၍ သိုင်းပညာရှင်များကို ခြုံကြည့်လိုက်သည်။

“ဘယ်လိုလဲ၊ သေချာ စုံစမ်းခဲ့ရဲ့လား”

သူ့အမေးကြောင့် အင်မော်တယ်ဘုရင်အအဆင့်တစ်ယောက်သည် တုန်ယင်သွားပြီး လူငယ်လေးအား‌ သစ်သားသေတ္တာတစ်လုံးကို အလျင်အမြန် ဆက်သလေသည်။

“သခင်လေး နှစ်ဝက်လောက် စုံစမ်းပြီးနောက်ပိုင်း ကျွန်တော်တို့ နတ်သမီးရဲ့ ဇာတိဂြိုဟ်ကို သိရှိရပါပြီ”

“အဲ့ဂြိုဟ်ကို ကမ္ဘာလို့ခေါ်ပြီးတော့ နတ်ဘုရားမျိုးနွယ်အတွင်း တည်ရှိနေတာပါ။ နတ်သမီး နေ့တိုင်း တွေးနေတဲ့သူကို ယဲ့ဖန်လို့ ခေါ်ပါတယ်”

*ယဲ့ဖန်တဲ့လား*

ထိုနာမည်ကိုကြားပြီးနောက် ထိုလူငယ်လေးက လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက် လက်ထဲက သေတ္တာကို ဖွင့်ကြည့်လေသည်။ ချက်ချင်းဆိုသလိုပင် သေတ္တာထဲမှ ထူးဆန်းသော အငွေ့အသက်ကို ခံစားတွေ့မြင်လိုက်ရသည်။

“သခင်လေး ဒါ ကျွန်တော်တို့ စုဆောင်းခဲ့တဲ့ ကမ္ဘာဂြိုဟ်က ယဲ့ဖန်ရဲ့ အငွေ့အသက် လက်ကျန်ပါ”

“ဒီအငွေ့အသက်နဲ့ဆို သခင်လေး မျက်နှာမဲ့လူသားကို ယဲ့ဖန်အတုပုံသွင်းပြီး နတ်သမီးကို လှည့်စားပြီးတော့ နတ်သမီးကို ရင်ကွဲအောင် လုပ်နိုင်ပါပြီ”

စာစဉ် (၃၉) ဤတွင် ပြီးပါပြီ။

All Chapters