အခန်း (၅၈၆-၅၈၈)
Vol. 40 Ch. 586-588
Chapter 586 သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်းအမိန့်
*ယဲ့ဖန် အတုတဲ့လား*
*ဟုတ်သားပဲ*
တိမ်ပျံသခင်လေးသည် သူ၏ အချစ်ပြိုင်ဘက်အတွက် အင်မော်တယ် အသက်သွင်းသိုင်းကျမ်းကို တကယ် အသုံးပြုချင်စိတ် မရှိပါ။
မျက်နှာမဲ့လူသား အပြင်ကိုမှ ယဲ့ဖန်၏ လက်ကျန် အငွေ့အသက်။ ထိုအရာများနှင့်ဆိုလျင် ယဲ့ဖန်အတုကို ဖန်တီး၍ အန်းရှီအား လိမ်လည်နိုင်ပြီ ဖြစ်သည်။
ထိုသို့တွေးမိပြီးနောက် တိမ်ပျံသခင်လေး၏ အပြုံးက ပို၍ပီပြင်လာသည်။ ထိုစဉ် အင်မော်တယ်ဘုရင်အဆင့် တစ်ယောက် ထပ်ပြောလိုက်သည့် စကားကြောင့် တိမ်ပျံသခင်လေး၏ အပြုံးက အေးခဲသွားလေသည်။
“သခင်လေး နောက်တစ်ခု ရှိပါသေးတယ်”
“အဲ့ဒီ ယဲ့ဖန်က မသေသေးပါဘူး”
*ဘာ*
ထိုစကားကြောင့် တိမ်ပျံသခင်လေး၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်မိသည်။ သူ့မျက်လုံးထဲတွင် အလွန် လူသတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်လာသည်။
“သေချာလား”
“ဒီလက်အောက်ငယ်သားတွေ စုံစမ်းတာ သေချာပါတယ်။ သတင်းအရ အဲ့ဒီယဲ့ဖန်က မသေရုံတင်မကဘဲ နဂါးငွေ့တန်း အင်ပါယာရဲ့ စစ်နတ်ဘုရား ဖြစ်လာပါတယ်။ မရေတွက်နိုင်တဲ့ လူပေါင်းများစွာရဲ့ လေးစားကြည်ညိုတာကိုပါ ခံနေရတာပါ”
ထိုအင်မော်တယ်ဘုရင်အဆင့်က လူငယ်လေးကို တစ်ချက်လှမ်းကြည့်၍ ပြောလိုက်သည်။
“ပြီးတော့ တစ်စုံတစ်ယောက်က သူ့ကို အင်မော်တယ်နယ်မြေထဲက တစ်နေရာရာမှာ တွေ့ခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ တိမ်ပျံဂြိုဟ်စုနယ်မြေကို လာနေတဲ့ပုံပါပဲ”
စကားကြောင့် တိမ်ပျံသခင်လေး၏မျက်လုံးများ နီမြန်းသွားသည်။
“ချီးတဲ့မှပဲ၊ အဲ့သတင်းကို လုံးဝ ဖုံးပစ်လိုက်၊ နတ်သမီး မသိစေနဲ့”
“ပြီးတော့ သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်း အမိန့်ပါ ထုတ်လိုက်။ အဲ့လူကို သတ်နိုင်တဲ့ ဘယ်သူမဆို အမွေအနှစ် ခန္ဓာကိုယ်ရပြီးတော့ ဂြိုဟ်နယ်မြေတစ်ရာရဲ့ အရှင်သခင် ဖြစ်ခွင့်ရမယ်လို့ ကြေညာလိုက်”
သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်း အမိန့်။
ထိုစကားကို ကြားသည်နှင့် ခန်းမထဲမှ သိုင်းပညာရှင်များအားလုံး မျက်နှာပျက်ယွင်းသွားသည်။ ထိုအမိန့်သည် တိမ်ပျံဂြိုဟ်စုနယ်မြေ၏ အမြင့်ဆုံး သတ်မိန့် ဖြစ်သည်။
အမိန့်ထုတ်လိုက်သည်နှင် သေရမည်ပင်။ ကလေးမှစ၍ သိုင်းပညာရှင်အဆုံး ထိုပစ်မှတ်အား သတ်ဖြတ်ခဲ့ခြင်း အပေါ် ဂုဏ်ယူလေ့ရှိသည်။
ဂြိုဟ်နယ်မြေတစ်ခုလုံး၌ အမဲလိုက်ပွဲကြီး ကျင်းပသလို ဖြစ်လာနိုင်ပြီး အသန်မာဆုံးသော သူတောင်မှ ထွက်ပြေးနိုင်မည် မဟုတ်ချေ။
သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်းအမိန့်ကို မထုတ်ခဲ့သည်မှာ နှစ်ထောင်ချီ ကြာခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် ပြန်အမိန့်ထုတ်လာပြီး အမွေအနှစ် ခန္ဓာကိုယ်ကို ရမည်ဖြစ်သလို ဂြိုဟ်နယ်မြေတစ်ရာ၏ အရှင်သခင်လည်း ဖြစ်လာပေဦးမည်။
ဤဆုလာဘ်ကြောင့် ခန်းမထဲရှိ ရာထူးကြီးသော အဖွဲ့ဝင်များပင် လောဘတက်လာရသည်။ အားလုံး၏ လောဘတက်နေသော အမူအရာကိုကြည့်ပြီး တိမ်ပျံသခင်လေးက မာရေကြောရေဖြင့် ပြုံးလိုက်သည်။
“ယဲ့ဖန်တဲ့လား၊ မင်းမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိတယ်ဆိုရင်တောင်မှ အန်းရှီကို ငါ လက်ထပ်တာကို မင်း တားလို့ မရဘူးကွ”
“သူက ငါ့အပိုင်ပဲ၊ လာတားတဲ့ ဘယ်သူမဆို သေရမယ်”
….
တစ်ချိန်တည်းမှာပင် ယဲ့ဖန်နှင့် ဟွမ်အာတို့က ဂြိုဟ်တစ်လုံးပေါ်သို့ ရောက်နေလေ၏။ ဤဂြိုဟ်သည် တိမ်ပျံဂြိုဟ်စုနယ်မြေသို့ သွားနိုင်သည့် နေရာဖြစ်သည်။ လူအုပ်ကြီးက ကူးလူးသွားလာလျက် ရှိသည်။ ထိုလူများသည် တိမ်ပျံဂြိုဟ်စုနယ်မြေ၏ နယ်မြေရှစ်ရာမှ သိုင်းပညာရှင်များ ဖြစ်ကြသည်။
“အစ်ကိုကြီး အန်းရှီက တကယ်ပဲ ကျွန်မနဲ့ တူတာလား”
ဟွမ်အာသည် ယဲ့ဖန်၏ ကျောပေါ်၌ မှီရင်း လိုက်ပါလာပြီး သူမနှုတ်ခမ်း၌ စပ်စုချင်သော အပြုံးလေးတစ်ပွင့် ရှိနေသည်။
သူမသည် ယဲ့ဖန်၏ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း ဘဝဇာတ်လမ်းကို နားထောင်ခဲ့ပြီးပြီ ဖြစ်သည်။ အန်းရှီ၊ လင်းလန်၊ ယဲ့ရွှင်းအာ၊ ဖန့်ယင်းနှင့် ဖျောင်ကျိုးဝမ် … စသည့်သူတို့အကြောင်းကိုလည်း သိထားပြီးပြီ ဖြစ်သည်။ သူမ စိတ်ထဲ၌ ထိုအချစ်ပြိုင်ဘက်များနှင့် ပတ်သက်၍ သိချင်စိတ်များ ပြည့်နှက်နေသည်။
သူမစကားကြောင့် ယဲ့ဖန်က မချိပြုံး ပြုံးလိုက်သည်။
“အင်း၊ အန်းရှီက မင်းရဲ့အရင်ဘဝနဲ့ တစ်ထေရာတည်းတူတယ်၊ အချိန်အတော်ကြာတာတောင် ငါ မတူတာကို မပြောတတ်ဘူး”
ထိုရိုးစင်းလှသည့် ကောင်မလေးကို တွေးမိပြီးနောက် ယဲ့ဖန် ရင်ထဲ၌ မသိမသာ နွေးထွေးသလို ခံစားလိုက်ရသည်။
“ကျွန်မ အန်းရှီနဲ့ တကယ် ဆုံချင်တယ်။ ကျွန်မတို့ အရင်ဘဝက ရေစက်ရှိလို့ဖြစ်မယ်၊ ကျွန်မတို့ ရုပ်ချင်းတူနေတော့ ဒီဘဝမှာ အချင်းချင်း ပြန်တွေ့နိုင်မယ်ထင်တယ်”
ဟွမ်အာက မသိမသာ နောက်လိုက်သော်လည်း ယဲ့ဖန် အပြင်းအထန် တုန်ယင်သွားရသည်။
*ကံတရားက ကြိုတင်ပြဠာန်းပြီးသားတဲ့လား*
ထိုစကားကြောင့် ယဲ့ဖန် အတွေးထဲ နစ်မျောနေမိသည်။ သူသည် တစ်ခုခုကို တွေးနေပုံပေါ်သော်လည်း ရေးရေးမျှသာ တွေးမိလေသည်။
ဝုန်း!
သို့သော် ယဲ့ဖန် ငြိမ်နေစဉ်တွင် ကောင်းကင်တစ်ခွင်၌ သွေးရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။ ထို သွေးအလင်းတန်းသည် အလွန်ထင်ရှားစွာ တောက်ပနေသည်။
တိမ်ပျံဂြိုဟ်စုနယ်မြေ လက်အောက်မှ ဂြိုဟ်နယ်မြေရှစ်ရာလုံး၏ ကောင်းကင်၌ တံလျှပ်ကဲ့သို့ ထွက်ပေါ်နေပြီး ကောင်းကင်၌ သွေးရောင်လွှမ်းနေလေ၏။
“အဲ့ဒါက ဘာလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားရသည်။ ထိုသို့သောအချိန်၌ ဘေးပတ်လည်မှ လူများကြားတွင် အုတ်အော်သောင်းတင်း ဖြစ်လာပြီး လူတိုင်း ခြောက်ခြားသွားကြသည်။
“သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်း အမိန့်ပဲ။ မြတ်စွာဘုရား တိမ်ပျံဂိုဏ်းက ဒီအမိန့်မထုတ်တာ နှစ်ထောင်ချီကြာနေပြီ။ အခုတော့ ပြန်ထုတ်နေပါလား”
“ဒီတစ်ခေါက် ဘယ်သူ့ကို လိုက်ဖမ်းရမလဲဆိုတာကို ငါ မသိဘူး။ ဒါပေမဲ့ တိမ်ပျံဂြိုဟ်က အဓိက နယ်မြေ ရှစ်ခုကို ဆော်ဩစည်းရုံးပြီးပြီ”
“သွားပြီပဲ၊ လိုက်ဖမ်းခံရမယ့်သူတော့ အသေဆိုးနဲ့ သေရတော့မှာပဲ၊ တိမ်ပျံဂြိုဟ်နယ်မြေမိုင်းမှာ သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်းအမိန့်ကနေ လွတ်ဖူးတဲ့သူ တစ်ယောက်မှ မရှိဘူး”
“...”
ထိုအချိန်တွင် ဂြိုဟ်တိုင်းမှ သိုင်းပညာရှင်များက ကောင်းကင်ကို မော့ကြည့်နေကြသည်။ ထိုစဉ် ကောင်းကင်ထက်မှ သွေးအလင်းတန်းမှနေ၍ မိုးခြိမ်းသံကဲ့သို့သော အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“လိုက်ဖမ်းရမယ့်သူက ယဲ့ဖန်ပဲ၊ သူက ကမ္ဘာဂြိုဟ်ကနေ လာတယ်”
“အဲ့လူကို သတ်လိုက်တဲ့ ဘယ်သူမဆို အမွေအနှစ် ခန္ဓာကိုယ်ကို ရရှိပြီးတော့ နယ်မြေတစ်ရာကို အပိုင်စား ပေးမယ်”
ထိုစကားသံ ပဲ့တင်ထပ်သွားသောအခါ တိမ်ပျံဂြိုဟ်စုနယ်မြေထဲမှ ဂြိုဟ်များအားလုံးနှင့် ဂြိုဟ်စုနယ်မြေ ရှစ်ရာမှ ဂြိုဟ်များအားလုံး၌ ပွက်လောရိုက်သွားလေသည်။
“နယ်မြေတစ်ရာကို အပိုင်စားပေးမယ်တဲ့လား။ ဒါ တော်တော် ရက်ရောတဲ့ ဆုလာဘ်ပဲကွ”
“အဲ့လူကို သတ်လိုက်တာနဲ့ နယ်မြေတစ်ရာရဲ့ အရှင်သခင် ဖြစ်လာမယ်ဆိုတော့ မယုံနိုင်စရာပဲကွာ”
“…”
ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်များအားလုံးနီးပါး စိတ်အားထက်သန်လာကြသည်။ သူတို့မျက်နှာပေါ်တွင် အလွန် လောဘတက်နေဟန်နှင့် တက်ကြွဟန်များ ထင်ဟပ်လာ၏။
အမွေအနှစ်ကို ရရှိဦးမည့်အပြင် နယ်မြေတစ်ရာကိုပါ အပိုင်စားရမည်ဆိုခြင်းသည် သိုင်းပညာရှင်များ အိပ်မက်ပင် မမက်နိုင်သည့် မက်လုံးတစ်ခုပင်။ သူတို့ သေရမည်ဆိုလျင်တောင်မှ တိုက်ခိုက်ကြမှာ အသေအချာပင်။
ယခုအခါတွင် အားလုံး အသက်ကိုအောင့်ထားမိကြသည်။ ကောင်းကင်ကို မော့ကြည့်နေသည့် အင်မော်တယ်မျိုးနွယ်များ၏ အကြည့်များအောက်၌ ကောင်းကင်ထက်မှနေ၍ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ ယဲ့ဖန်၏ အကြွင်းအကျန် အငွေ့အသက်ပင်။ ထိုအငွေ့အသက်သည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီးသည်နှင့် ချက်ချင်းဆိုသလို ချီမျှင်စုအဖြစ် ဖွဲ့စည်းလာပြီးနောက် သွေးအကျဉ်းထောင်တစ်ခု အသွင်ပြောင်းသွားလေသည်။
ထိုသွေးအကျဉ်းထောင်ကိုမြင်ပြီး ဂြိုဟ်ပေါ်မှ ယဲ့ဖန် အကြီးအကျယ် မျက်နှာပျက်သွားသည်။
“မကောင်းတော့ဘူး”
ထိုအခိုက်တွင် သူသည် လူအုပ်ထဲ ထင်းနေသဖြင့် ရှောင်ရှားချင်နေသည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်ထက်မှ သွေးအကျဉ်းထောင်သည် တည်နေရာ ရွှေ့ပြောင်းခြင်းကဲ့သို့ ဖျတ်ခနဲ လှုပ်ရှားလာ၏။
ထိုသွေးအကျဉ်းထောင်သည် ပြန်ပေါ်လာသည်နှင့် ယဲ့ဖန်၏ခန္ဓာကိုယ်၌ တွယ်ကပ်လာသည်။ ယဲ့ဖန်၏ ကိုယ်ပေါ်မှ သွေးအကျဉ်းထောင်မှနေ၍ အလင်းတန်းများက ဂြိုဟ်များစွာထံသို့ ဖြာထွက်သွားလေသည်။
*ဟမ်*
ထိုအချိန်တွင် ယဲ့ဖန်ဘေးနားမှ သိုင်းပညာရှင်များ ထိတ်လန့်သွားကြသည်။
“သူ … သူက သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်းအမိန့်ရဲ့ ပစ်မှတ်ပဲ”
“မြန်မြန်လုပ်၊ သူ့ကို သတ်ကြ၊ သူ့ကို သတ်ရင် အမွေအနှစ်နဲ့ နယ်မြေတစ်ရာကို ရမှာကွ”
“ကံကောင်းတာပဲဟေ့၊ ဟားဟားဟား … ယဲ့ဖန် မင်းတော့ သေပြီသာမှတ်”
“…”
ချက်ချင်းဆိုသလိုပင် ဂြိုဟ်တစ်ခုလုံးမှ သိုင်းပညာရှင်များအားလုံး ဆူပူအုံကြွလာသည်။ ကောင်းကင်ထက်၌ လူရိပ်များစွာတို့ဖြင့် ပြည့်နှက်လာ၏။ အားလုံးက လောဘတက်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်နေကြသည်။
သွေးအကျဉ်းထောင်ဖြင့် အအုပ်ခံထားရသည့်သူသည် သူတို့ လိုက်ဖမ်းရမည့်သူ ဖြစ်သည်။ ယဲ့ဖန်၏ ကိုယ်ပေါ်မှ သွေးအလင်းတန်းက သူ့အား တစ်လောကလုံး၏ ရန်သူဖြစ်ကြောင်း သိသာနေစေ၏။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
ဝုန်း ဝုန်း ဝုန်း။
စကြဝဠာအတွင်းမှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ လူတစ်စုကြောင့် လေဟာနယ် အက်ကွဲလာပြီးနောက် ထိတ်လန့်ဖွယ် သိုင်းပညာရှင်များ ရောက်လာကြသည်။
“ငါတို့ ရွှမ်ထျန်းနယ်မြေက နံပါတ်တစ် လူသတ်သမား ရွှမ်ထျန်း အင်မော်တယ်ဘုရင် ဒီကိုရောက်လာတာပဲ”
“ငါတို့နယ်မြေက နံပါတ်တစ် လူသတ်သမား လောလောရှန်း အင်မော်တယ်ဘုရင်လည်း ဒီကိုရောက်လာတယ်”
“သွေးဆိုးတစ္ဆေ အင်မော်တယ်ဘုရင်လည်း ရောက်လာတာပဲ”
“…”
အားလုံး၏ ကြောက်လန့်နေသော အကြည့်များအောက်၌ နောက်ထပ် အင်မော်တယ်ဘုရင်အဆင့်တစ်ယောက် ရောက်လာသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ထက်၌ ထောင်သောင်းချီသော သိုင်းပညာရှင်များနှင့် ပြည့်နှက်သွားသည်.
ယခုအချိန်၌ ကောင်းကင်ယံနှင့် ဂြိုဟ်ပေါ်တွင် စုစုပေါင်း သိုင်းပညာရှင် ငါးသန်း သို့မဟုတ် ခြောက်သန်း ရှိနေ၏။ ရာချီသော ဂြိုဟ်စုနယ်မြေများမှ အရှင်သခင်များနှင့် မရေတွက်နိုင်သော အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်များပါ ရှိနေသည်။
အားလုံးသည် ဂြိုဟ်ပေါ်မှ သွေးအကျဉ်းထောင်အောက်ရှိ ယဲ့ဖန်အား လောဘတက်၍ သွေးဆာနေသော အပြုံးများဖြင့် စိုက်ကြည့်ကာ သတ်ဖြတ်ချင်နေကြသည်။
ဤသည်မှာ … သေမင်းခံတွင်းဝသို့ ရောက်နေသည်ဟုပင် ထင်မှတ်ရသည်။
Chapter 587 ဖြူနက်မြူခိုး
ထိုအချိန်တွင် ကောင်းကင်ထက်၌ ကျိုင်းကောင်များကဲ့သို့ လူပေါင်းများစွာတို့ဖြင့် ပြည့်နှက်နေသည်။ ဂြိုဟ်ပေါ်၌ အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင်များ ရာကျော်ရှိနေပြီး အင်မော်တယ် ဘုရင်တစ်ပိုင်းအဆင့် သိုင်းပညာရှင် ထောင်ချီရှိနေကာ အင်မော်တယ် သူတော်စင် အဆင့်များက မရေတွက်နိုင်လောက်အောင် ရှိနေ၏။
အားလုံး၏ တောက်လောင်နေသော မျက်လုံးများက သွေးအကျဉ်းထောင်အောက်၌ ပိတ်မိနေသော ယဲ့ဖန်အား တင်းမာခက်ထန်စွာ ကြည့်နေကြသည်။
ထိုသည်သာ မကချေ။ ပိုမိုများပြားသော သိုင်းပညာရှင်များက ဤဂြိုဟ်ထံသို့ တဖွဲဖွဲရောက်လာကြသည်။ ထိုသူတို့ကြောင့် တိမ်ပျံဂြိုဟ်စုနယ်မြေတစ်ခုလုံး တုန်ခါလာပုံရသည်။
“ယဲ့ဖန်ကိုဖမ်း”
“ယဲ့ဖန်ကိုဖမ်း”
“…”
အင်မော်တယ်ဘုရင်များထံမှ ကြွေးကြော်သံများ ထွက်ပေါ်လာပြီး အားလုံး၏မျက်နှာထက်၌ သားရဲကဲ့သို့ ခက်ထန်ဟန်နှင့် ဝမ်းသာအားရ ဖြစ်နေဟန်များ ပေါ်လွင်နေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ဂြိုဟ်ပေါ်ရှိ ယဲ့ဖန်၏မျက်နှာထားက ပို၍ အေးစက်လာသည်။
ဘာအကြောင်းပြချက်မှမရှိဘဲ သွေးအကျဉ်းထောင်ထဲ အထည့်ခံရလိမ့်မည်ဟု သူ ထင်မထားမိချေ။
“ငါ့ကို ဘယ်သူ သတ်မှာလဲဆိုတာကို ပြောပြစမ်း”
ယဲ့ဖန်သည် ရာချီသော ဂြိုဟ်နယ်မြေများမှ သိုင်းပညာရှင်များကို စိုက်ကြည့်၍ အေးစက်စွာ မေးလိုက်သည်။ သူ့အမေးကြောင့် ရာချီသော ဂြိုဟ်နယ်မြေများမှ သိုင်းပညာရှင်များက အားပါးတရ ပြုံးလိုက်သည်။
“ဟေ့ကောင်လေး တိမ်ပျံဂြိုဟ်စုနယ်မြေသမိုင်းမှာ သွေးအကျဉ်းထောင်နဲ့ သတ်မိန့်ပေးခံရတဲ့ အင်မော်တယ် ဂိုဏ်းချုပ်အဆင့်က မင်း ပထမဆုံးပဲ။ မင်း သေတော့မယ်ဆိုရင်တောင်မှ ငါတို့ တိမ်ပျံ သခင်လေးကို ကျေးဇူးတင်သင့်တယ်”
“သူ့ကြောင့် ငါက မင်းကို ဒီလိုဂုဏ်ယူစရာမျိုး ပေးရမှာကွ”
*တိမ်ပျံသခင်လေးလား*
ထိုနာမည်ကိုကြားသည်နှင့် ယဲ့ဖန် ချက်ချင်း နားလည်သွားသည်။ တစ်ဖက်လူသည် သူနှင့် အန်းရှီ၏ ပတ်သက်မှုကို သိကိုသိနေပေလိမ့်မည်။ ထို့ကြောင့်ပင် သူက မင်္ဂလာပွဲမတိုင်ခင် ယဲ့ဖန်ကို အရင်ရှင်းပစ်ချင်နေတာ ဖြစ်မည်။
အားလုံးကို အံ့ဩသွားစေသည့်အချက်မှာ ယဲ့ဖန် ကြောက်လန့်နေမည်ဟု သူတို့ ထင်ထားသော်လည်း ယဲ့ဖန်က … ရယ်နေလေ၏။
မထီမဲ့မြင်နှင့် မခိုးမခန့် ရယ်သံကြောင့် အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားရသည်။
*ရူးနေတာလား*
*ဒီကောင် ဒီလောက်များတဲ့လူတွေနဲ့ တိုက်ရမှာမို့ ကြောက်သွားတာလား*
အားလုံး မျက်မှောင်ကြုတ်နေကြသည်။
“ဟေ့ကောင် မင်းကိုဘ်မင်း သက်သေမယ်ဆိုရင် ငါ တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင်က မင်းကို အလောင်းအပြည့်အစုံ ထားပေးမယ်လို့ ကတိပေးတယ်”
ထိုအချိန်တွင် တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင်က ယဲ့ဖန်အား အေးတိအေးစက် ပြောလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က ပို၍ရယ်မောလေသည်။
သူသည် တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင်ကို မမြင်သည့်ဟန်ဖြင့် ဟွမ်အာကိုသာ ငှဲ့ကြည့်၍ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဘယ်လောက်ကြာပြီလဲ”
*အမ်*
ထိုစကားကြောင့် အားလုံး မှင်တက်သွားသည်။ ယဲ့ဖန် ဘာကိုပြောချင်တာလဲ ဆိုတာကို အားလုံး နားမလည်ကြချေ။
*ဒီကောင် လမ်းဆုံးနေတာကို မမြင်တာလား*
ပို၍ အံ့ဩစရာကောင်းသည်မှာ ဟွမ်အာက ချိုသာစွာပြုံး၍ လက်ကလေးကိုမြှောက်ကာ မေ့တေ့တေ့ဟန်ဖြင့် ပြန်ပြောလာသည်။
“စုစုပေါင်းဆိုရင် နှစ်သုံးထောင်လောက် ရှိပြီထင်တယ်”
“နောက်ဆုံးတစ်ခေါက်တုန်းက ကျွန်မတို့ သွေးလရောင် မိသားစုကို သိမ်းပိုက်ဖို့ အင်အားစုပေါင်းခဲ့တယ် ထင်တယ်”
ထိုသို့ပြောပြီး နှစ်ယောက်သား အတိတ်ကို သတိရလာဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်သည်။
“ဒီလိုဆိုရင် နှစ်သုံးထောင် ကြာပြီးနောက်ပိုင်း ကိုယ် မင်းလက်ရည်ကို လေ့ကျင့်ပေးရတာပေါ့”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်က ကောင်းကင်ထက်မှ ထောင်သောင်းချီသော သိုင်းပညာရှင်များကို စိုက်ကြည့်လိုက်သည်။
“လာကြစမ်းပါ”
ထိုစကားကြောင့် ကောင်းကင်ထက်မှ လူများအားလုံး အံ့အားသင့်သွားကြသည်။
*မောက်မာလိုက်တာ*
မည်သူမျှ မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်ကြချေ။
*ဒီကောင်က အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ရာကျော်၊ အင်မော်တယ်ဘုရင်အဆင့် ရာကျော်၊ အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် ထောင်ကျော်နဲ့ မရေတွက်နိုင်လောက်တဲ့ အင်မော်တယ် သူတော်စင်အဆင့်တွေနဲ့ ရင်ဆိုင်ရတာတောင်မှ နည်းနည်းလေးတောင် မကြောက်ဘဲ စိတ်လှုပ်ရှားသလိုနဲ့ မောက်မာဟန် ပြနေသေးတယ်*
*ဒီလူ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ*
ထိုအချိန်တွင် ကောင်းကင်ထက်မှ လူများအားလုံး အလွန် ဒေါသထွက်နေကြသည်။
“ကောင်းပြီလေ၊ ဒီကောင်က သေချင်နေမှတော့ ငါတို့က သူ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင်၏ မျက်လုံးများက စူးလက်လာပြီး တစ်ဖက်သို့ လှည့်ကြည့်၍ စကားစလိုက်သည်။
“သူ့ခေါင်းကို အရင်ဖြတ်နိုင်တဲ့ ဘယ်သူမဆို ဆုလာဘ်ရမှာဟေ့”
ထိုစကားကြောင့် ထောင်သောင်းချီသော သိုင်းပညာရှင်များကြား၌ ဆူညံ ပွက်လောရိုက်လာသည်။ အားလုံးက ညာသံပေး၍ ယဲ့ဖန်နှင့် ဟွမ်အာထံသို့ ပြေးဝင်လာကြသည်။
ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များ ရူးမတတ် ဖြစ်နေကြသည်။ အင်မော်တယ်ဘုရင်အဆင့်များနှင့် ဂြိုဟ်သခင်များ အပါအဝင် အားလုံးသည် စိတ်ပါလက်ပါဖြင့် ယဲ့ဖန်ကို သတ်ရန် ဦးတည်လာသည်။
ထိုစဉ် ကောင်းကင်ထက်မှ လူအုပ်ကြီးက သူတို့ကို အုပ်မိုးလာသည်။ သို့သော် ယဲ့ဖန်နှင့် ဟွမ်အာတို့၏ အပြုံးက ပို၍ပီပြင်လာ၏။
နှစ်ယောက်လုံးသည် မျက်လုံးများကို ပြိုင်တူမှိတ်လိုက်ပြီးနောက် ယဲ့ဖန်၏ကိုယ်ထဲမှ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး ဟွမ်အာ၏ကိုယ်ထဲမှ အဖြူရောင်မြူခိုးများ ထွက်ပေါ်လာသည်။
ထို့နောက် အဖြူရောင်နှင့် အနက်ရောင်မြူခိုးများက သူတို့၏ ခန္ဓာကိုယ်ပတ်လည်၌ ရစ်ဝဲလာပြီး ပို၍ပေါင်းစပ်လာသည်။ ထိုအခါ ဖြူနက်မြူခိုးများထံမှ ထူးဆန်းသော အငွေ့အသက်များ ထွက်ပေါ်လာ၏။
“သွား”
ယဲ့ဖန်နှင့် ဟွမ်အာတို့ မျက်လုံး ပြန်ပွင့်လာပြီး ပြင်းထန်သည့် အနက်နှင့် အဖြူရောင်ချီမျှင်စုများက ဘေးပတ်လည်သို့ ပျံ့နှံ့သွားသည်။
နတ်ဆိုးဦးခွံများက ထိုအင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်တိုင်း၏ ကိုယ်ထဲသို့ တိုးဝင်သွားသည်။ သိုင်းပညာရှင်တိုင်းအား အနက်ရောင်နှင့် အဖြူရောင်ချီမျှင်စုများက ဖုံးအုပ်သွားလေသည်။ ထိုအနက်ရောင်နှင့် အဖြူရောင် ချီမျှင်စုများသည် မြွေများကဲ့သို့ သူတို့၏နဖူးအလယ်ထဲသို့ တိုးဝင်သွားလေ၏။
အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်တိုင်း မချိမဆံ့သော နာကျင်မှုကို ခံစားရလေတော့သည်။ သူတို့၏ စိတ်ဝိညာဉ်များ ချုပ်နှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ထိုအခိုက်တွင် နာကျင်စွာ အော်ဟစ်နေသံများ ပဲ့တင်ထပ်လာသည်။ အနက်ရောင်နှင့် အဖြူရောင် ချီမျှင်စုများက လျင်မြန်သထက် လျင်မြန်စွာ ပျံ့နှံ့လျက် ရှိသည်။ သိုင်းပညာရှင်များသည် အနက်ရောင်နှင့် အဖြူရောင် ချီမျှင်စုများ၏ ရစ်ပတ်ခြင်းကို ပို၍ ခံလာရသည်။
ဆယ်ယောက်၊ အယောက် တစ်ရာ၊ အယောက်တစ်ထောင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတော်တော်များများသည် အနက်ရောင်နှင့် အဖြူရောင် ချီမျှင်စုတို့၏ ဝါးမျိုခြင်းကို ခံလာရလေသည်။
လူရိပ်များကို မမြင်ရဘဲ အထူးတဆန်း အော်ဟစ်နေသံများသာ ဆက်လက်၍ ထွက်ပေါ်လာသည်။
“သေစမ်း၊ ဒါ ... ဒါ ဘာကြီးလဲ”
တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင်နှင့် ကျန်ရာချီသော အင်မော်တယ်ဘုရင်များ သွေးပျက်လာကြသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ဤအနက်ရောင်နှင့် အဖြူရောင် ချီမျှင်စုများကြောင့် သူတို့ ရင်တုန်လာသည်။
“ဘာလို့ ဒါက နတ်ဆိုးမျိုးနွယ်ရဲ့ ဖြူနက်မြူခိုးနဲ့ သွားတူနေတာလဲ”
ထိုစဉ် အင်မော်တယ်ဘုရင်အဆင့်တစ်ယောက် ပြောလိုက်သည့်စကားကြောင့် ကျန်သိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
*ဖြူနက်မြူခိုးလား*
ထိုအချိန်အခါက နတ်ဆိုးဧကရာဇ်နှင့် ဧကရီတို့သည် ကောင်းကင်ထက်၌ ရပ်တန့်ရင်း နတ်ဆိုးဂြိုဟ်အား ရွှေကဲ့သို့ အမြတ်တနိုး ကြည့်ရှုခဲ့သည်။
မရေတွက်နိုင်သော သိုင်းပညာရှင်များသည် လောကသခင်သုံးပါး၏ ကြီးမားသော ဆုလာဘ်များကြောင့် နတ်ဆိုးဂြိုဟ်သို့ ခရီးဆန့်၍ နတ်ဆိုးမျိုးနွယ်များကို သတ်ချင်ခဲ့ကြသည်။
သို့သော် နတ်ဆိုးဂြိုဟ်သို့ သွားရောက်ခဲ့သည့် အင်မော်တယ်မျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်များနှင့် မကောင်းဆိုးဝါးမျိုးနွယ် အဖွဲ့များသည် ဘယ်သောအခါမှ ပြန်မလာနိုင်ခဲ့ကြချေ။
နတ်ဆိုးဂြိုဟ်ပတ်လည်၌ အနက်ရောင်နှင့် အဖြူရောင် မြူခိုးများ ဝေ့ဝဲနေသည်ဟု ဆိုကြသည်။ ဂြိုဟ်ထဲသို့ ဝင်ရောက်လာသည့် သိုင်းပညာရှင်တိုင်းကို ကျွန်ပြုခဲ့သည်ဟု ဆိုစမှတ် ပြုကြလေသည်။ ယခုအခါတွင်မူ ...
“ဒါ ... ဒါ ဖြူနက်မြူခိုးပဲကွ၊ မြန်မြန်လုပ် ... ပြေးကြ”
ထိုအချိန်တွင် အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်က အတည်ပြုပြီးသည်နှင့် အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ထို့နောက် သူ လှစ်ခနဲ လှုပ်ရှား၍ ထွက်ပြေးရန် ပြင်လေသည်။
သူ့စကားကြောင့် ဘေးနားမှ အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်များ ဆီးထွက်ကျမတတ် ကြောက်လန့်ကာ လမ်းဘေးခွေးကဲ့သို့ ထွက်ပြေးကြလေသည်။
သို့သော် သူတို့၏အရှိန်က လျင်မြန်သော်လည်း မြူခိုးများ၏ အရှိန်က သူမတူအောင် မြန်ဆန်လွန်းလှသည်။
မီတာတစ်သောင်း၊ မီတာငါးသောင်း၊ မီတာ တစ်သိန်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဂြိုဟ်များ၏ ကောင်းကင်ယံမှနေ၍ စကြဝဠာထဲရှိ အနီးအနား ပတ်ဝန်းကျင်သို့ ပျံနှံ့သွားလေသည်။ သိုင်းပညာရှင်များအားလုံး လွှမ်းမိုးခံလိုက်ရသည်။
သူတော်စင်အဆင့်နှင့် အင်မော်တယ်ဘုရင်အဆင့်သာမက ဂြိုဟ်နယ်မြေသခင်များပင် ပဲ့တင်ထက်မတတ် အော်ဟစ်နေရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များအားလုံးသည် ဖြူနက်မြူခိုးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။ အော်သံများက တိခနဲ ရပ်တန့်သွားသည်။
အချိန် တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့် ဖြူနက်မြူခိုးများသည် ဧရာမမြူခိုးကြီးတစ်ခုအသွင်သို့ ပြောင်းသွားလေသည်။
အထဲ၌ သွေးအလင်းတန်း ရှိနေပြီး ရောက်လာသော သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်ကို ဆွဲဆောင်နေသည်။
သို့သော် မြူခိုးထဲသို့ ဝင်သွားပြီး ယဲ့ဖန်ကို သတ်ရန် ကြိုးစားသည့်သူတိုင်း ငယ်သံပါအောင် အော်ဟစ်နေရပြီးနောက် ပြန်လည်၍ တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြိးနောက် လိုက်ဖမ်းသည့် အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များ နည်းပါးလာပြီး ဖြူနက်မြူခိုးသည်လည်း ပို၍ပါးသထက် ပါးလာသည်။
ထို့နောက်တွင် မြူခိုးသည် လုံးဝ ပျောက်ကွယ်သွားလေသည်။ မြူခိုင်းထဲမှ ထောင်သောင်းချီသော သိုင်းပညာရှင်များ၏ ပုံရိပ်များ ထွက်ပေါ်လာ၏။
သူတို့ မအော်ကြသလို သေလည်း မသေသွားကြချေ။ သူတို့သည် မျက်လုံးများကိုသာ မှိတ်ထားပြီး အဖြူနှင့်အနက်ရောင် မှော်စာလုံးတစ်ခုက သူတို့၏ နဖူးအလယ်၌ ဖြစ်တည်လာသည်။ ထိုအဖြူနှင့် အနက်ရောင် မှော်စာလုံးများ ပျောက်ကွယ်သွားသည်နှင့် ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များက ပြိုင်တူ မျက်လုံးဖွင့်လာကြလေသည်။
Chapter 588 သေသွားပြီလား
တစ်ချိန်တည်းမှာပင် တိမ်ပျံဂိုဏ်း၏ သခင်လေးစံအိမ်၌ တိမ်ပျံသခင်လေးသည် ထိုင်ခုံ၌ ထိုင်ရင်း လက်ဘက်ရည်တစ်ခွက်ကိုကိုင်၍ အေးအေးဆေးဆေး အရသာခံ၍ သောက်နေသည်။
ဒေါက် ဒေါက် ဒေါက်။
လက်အောက်ငယ်သားတစ်ယောက်က ခပ်သွက်သွက်လျှောက်လာပြီးနောက် ဒူးတစ်ဖက် ထောက် လာသည်။
“သခင်လေး၊ ယဲ့ဖန်ရဲ့ အရိပ်အယောင် ပေါ်လာပါတယ်။ တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင်နဲ့ အင်မော်တယ်နယ်မြေတစ်ရာက အရှင်သခင်တွေအားလုံး သူ့ကို သတ်ဖို့အတွက် ထွက်သွားပါပြီ”
*တစ္ဆေသွေးဆိုးလား*
ထိုစကားကိုကြားသည်နှင့် တိမ်ပျံသခင်လေးက ကျေနပ်အားရသလို ပြုံးလိုက်သည်။ ထိုသည်သာ မကချေ၊ နောက်ထပ် လက်အောက်ငယ်သားများက တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။
“သခင်လေး လောလောရှန်းဘုရင်လည်း သူ့နယ်မြေက အင်မော်တယ်မျိုးနွယ်တွေကို ဦးဆောင်ပြီး သတ်ဖို့အတွက် ထွက်သွားပါပြီ”
“ရွှမ်ထျန်း အင်မော်တယ်ဘုရင်လည်း သူ့နယ်မြေက သူရဲကောင်းစစ်သည်တွေကို ဦးဆောင်ပြီး တိုက်ခိုက်ဖို့ ထွက်သွားပါပြီ”
“သွေးသိမ်းငှက် ခုနစ်ကောင် အင်မော်တယ်ဘုရင်လည်း တိုက်ခိုက်ဖို့ ထွက်သွားပါပြီ”
“…”
ပဲ့တင်ထပ်၍ ထွက်ပေါ်လာသော အသံများက တိမ်ပျံသခင်လေး၏ အပြုံးကို ပို၍ပီပြင်လာစေသည်။ သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်းကို ထုတ်လိုက်သည့် ခဏလေးအတွင်းမှာပင် ရာချီသော ဂြိုဟ်နယ်မြေများ၏ အရှင်သခင်သုံးယောက်က သူ့လူများကို ဦးဆောင်၍ ယဲ့ဖန်ကို သတ်ရန် ထွက်သွားလေပြီ။
အချိန်ကြာလာသည်နှင့်အမျှ သိုင်းပညာရှင်များ ပိုများလာမှာဖြစ်ပြီး ယဲ့ဖန်သည်လည်း သေရမည် ဖြစ်လေသည်။
*ဒီကောင် သေကိုသေတော့မှာပဲ*
ထိုသို့တွေးမိပြီးနောက် တိမ်ပျံသခင်လေးသည် ပို၍တောင်မှ ဂုဏ်ယူနေလေ၏။ နာရီဝက်ကြာပြီးနောက် လက်အောက်ငယ်သားတစ်ယောက်က တက်ကြွစွာ ဝင်ရောက်လာသည်။ ထို့နောက် တိမ်ပျံသခင်လေးရှေ့၌ ဒူးထောက်၍ ခပ်သွက်သွက် ပြောလိုက်သည်။
“သခင်လေး၊ ဂြိုဟ်နယ်မြေက လူတွေဆီကနေ သတင်းရလာပါတယ်။ သွေးအကျဉ်းထောင် အလင်းတန်းက စကြဝဠာကောင်းကင်ယံကနေ ပျောက်ကွယ်သွားပါတယ်တဲ့”
“ယဲ့ဖန်က သေသွားပြီပဲ၊ မင်္ဂလာပွဲပြီးတာနဲ့ သူ့ခေါင်းက တိမ်ပျံဂြိုဟ်ဆီ ရောက်လာပါလိမ့်မယ်”
“ကောင်းတယ်”
ထိုစကားများကြောင့် တိမ်ပျံသခင်လေးသည် သူ့ရင်ထဲ၌ အလုံးကြီးတစ်လုံး ကျသွားသလို ခံစားမိပြီး သူ့မျက်နှာ၌ အလွန် ပျော်နေဟန်များ ထင်ဟပ်လာသည်။
*အဲ့ကောင် သေပြီဆိုတော့ ငါ အေးအေးလူလူ အနားယူပြီး အန်းရှီနဲ့ လက်ထပ်နိုင်ပြီပဲ*
ဤသည်ကို တွေးရင်း တိမ်ပျံသခင်လေး၏ အပြုံးက ပို၍ ဝင်းလက်လာသည်။ ဘေးဘီကို တစ်ချက်ဝေ့ကြည့်ကာ အနားမှ အင်မော်တယ်ဘုရင်အဆင့်တစ်ယောက်ကို မေးလိုက်သည်။
“ငါ့အဖေကို သတင်းပို့ပြီးပြီဠား၊ သူ ဘယ်တော့ ပြန်လာမယ် ပြောလဲ”
*အဖေ*
တိမ်ပျံသခင်လေး၏ ဖခင်ဖြစ်သူသည် တိမ်ပျံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး တိမ်ပျံဂြိုဟ်စုနယ်မြေတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ထူရီရှုံး ဖြစ်လေသည်။
သူသည် ဂြိုဟ်နယ်မြေရှစ်ရာကို ထိန်းချုပ်၍ အမိန့်ပေး စေခိုင်းနိုင်သည့် အင်မော်တယ်မျိုးနွယ် မဟာမိစ္ဆာတစ်ကောင် ဖြစ်ပေ၏။
သူ့အမေးကြောင့် အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင် တုန်ယင်သွားပြီးနောက် ခပ်သွက်သွက် ပြန်ဖြေလေသည်။
“ဂိုဏ်းချုပ်က အကြောင်းပြန်ပြီးပါပြီ။ သခင်လေး မင်္ဂလာဆောင်တဲ့နေ့မှာ သူ သေချာပေါက် တိမ်ပျံဂြိုဟ်ကို ပြန်လာမယ်လို့ ပြောထားပါတယ်”
ထိုစကားကြောင့် တိမ်ပျံသခင်လေး၏ မျက်နှာ၌ အပြုံးရိပ်များနှင့် ပို၍ပီပြင်လာသည်။ သူ့ဖခင်သည် ပြန်မလာသည်မှာ နှစ်ရာချီခဲ့ပြီ ဖြစ်သည်။ သူ၏သားဖြစ်သူက စကြဝဠာထဲရှိ ထိပ်တန်းခန္ဓာကိုယ်ထဲက တစ်ခုဖြစ်သော ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပိုင်ရှင် မိန်းကလေးနှင့် လက်ထပ်တော့မည်ဖြစ်သဖြင့် သူ့သားအပေါ် သူ ပိုအာရုံစိုက်လာသည်။
“မကြာတော့ဘူး၊ အန်းရှီက မကြာခင် ငါ့မိန်းမ ဖြစ်လာတော့မှာ”
ထိုသို့တွေးရင်း တိမ်ပျံသခင်လေးသည် စိတ်လှုပ်ရှား၍ ရမက်စိတ်များ နိုးကြွလာ၏။
….
တိမ်ပျံဂြိုဟ်၏ လက်ဘက်ရည်စံအိမ်အတွင်း၌ အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်တစ်ယောက်က သွေးအကျဉ်းထောင် အမိန့်အကြောင်း ပြောဆိုနေသည်။
ထိုလက်ဘက်ရည်စံအိမ်၏ ထောင့်တစ်နေရာ၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထိုင်နေကြသည်။ ထိုအမျိုးသားသည် ချောမော၍ ခေတ်ဆန်ခံ့ညားပြီး သူ၏ မောက်မာသော အရှိန်အဝါက ပျံ့နှံ့လျက် ရှိသည်။ အမျိုးသမီးကမူ လှပ၍ အလွန်အမင်း စွဲမက်ဖွယ်ကောင်းသည်။ သို့သော် ယခုအချိန်တွင် သူမမျက်ခုံးများက ကြုတ်နေပြီး အလွန် ဝမ်းနည်းနေပုံပေါ်သည်။
အကယ်၍ ယဲ့ဖန်သာ ဒီနေရာ၌ ရှိနေပါက သူတို့ကို မှတ်မိလောက်သည်။ ထိုအမျိုးသားလေးသည် ဓားတစ်သောင်းဂိုဏ်း၏ စီနီယာ အစ်ကိုကြီး လင်ဖေးယွီ ဖြစ်ပြီး အမျိုးသမီးကမူ ခရမ်းပြာ နတ်သမီး ဖြစ်လေသည်။
ယခင်က သူတို့ရှိခဲ့သည့် ဓားတစ်သောင်းဂိုဏ်းအား ယဲ့ဖန်၏ ဝိညာဉ်စား ပုရွက်ဆိတ်များက ဝါးမျိုသွားပြီးနောက်ပိုင်း သူတို့သည် တိမ်ပျံဂြိုဟ်စုနယ်မြေသို့ ရောက်လာခဲ့ကြသည်။
သို့သော် တိမ်ပျံဂြိုဟ်သို့ ခြေချပြီးသည်နှင့် သွေးအကျဉ်းထောင်အမိန့်ကို မြင်ရလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ထို့အပြင် လိုက်ဖမ်းရမည့်သူကလည်း ယဲ့ဖန် ဖြစ်နေသည်။
ယခုအချိန်တွင် ခရမ်းပြာ နတ်သမီး၏ မျက်နှာထက်တွင် အလွန်အမင်း စိုးရိမ်ပူပန်နေဟန်များ ထင်ဟပ်နေ၏။ သူမသည် ပျာယာခတ်စွာဖြင့် လင်ဖေးယွီကို မေးလိုက်သည်။
“စီနီယာအစ်ကိုကြီး ယဲ့ဖန် တစ်ခုခုဖြစ်လိမ့်မယ်လို့ ရှင် ထင်လား”
သူမစကားကြောင့် လင်ဖေးယွီ၏ မျက်နှာထားက အလွန် ပျက်ယွင်းသွားသည်။ သူသည် ယဲ့ဖန်ကို အလွန်အမင်း လေးစားအားကျသသည်။ သူသည် ယဲ့ဖန်ကြောင့်ပင် ဂျူနီယာညီလေ ဟူရွှမ်ကို သတ်၍ ဓားတစ်သောင်းဂိုဏ်းကို ဆန့်ကျင်ခဲ့သည်။ ယခုအခါတွင်မူ …
“ဂျူနီယာ ညီမလေး၊ ငါ တိမ်ပျံဂိုဏ်းက စီနီယာအစ်ကိုကောနဲ့ ဆက်သွယ်ပြီးပါပြီ၊ မကြာခင် သူ ငါတို့ကို သတင်းပြန်ပို့ပါလိမ့်မယ်”
ထိုစကားကြောင့် ခရမ်းပြာ နတ်သမီးသည် အလွန်စိုးရိမ်နေသော်လည်း စောင့်နေရုံသာ တတ်နိုင်တော့သည်။
ဒေါက် ဒေါက် ဒေါက်။
တစ်ခဏအကြာ၌ ခြေသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် တရုတ်ရိုးရာဝတ်စုံနှင့် လူငယ်လေးတစ်ယောက် ရောက်လာပြီး ခရမ်းပြာ နတ်သမီးဘေး၌ ဝင်ထိုင်လေသည်။
“စီနီယာအစ်ကိုကော ဘာသတင်းရလဲ”
ခရမ်းပြာ နတ်သမီးက ထိုလူငယ်လေးကို ကမန်းကတန်း မေးလိုက်သည်။ သူမအပြုအမူကြောင့် ထိုလူငယ်လေးက ပြုံးလာသည်။
“ဂျူနီယာညီမ၊ ဂျူနီယာညီလေး မင်းတို့ ပြောတာကို စုံစမ်းကြည့်ပြီးပြီ၊ လိုက်ဖမ်းခံရတဲ့သူက သေသွားပြီ။ သူ့ခေါင်းကို တိမ်ပျံဂြိုဟ်ဆီ ဆက်သလာတော့မှာ”
*ဘာ*
သူ့စကားကြောင့် ခရမ်းပြာ နတ်သမီးနှင့် လင်ဖေးယွီတို့ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
*သေသွားပြီလား*
ထိုအခိုက်တွင် ခရမ်းပြာ နတ်သမီးသည် မျက်နှာ မည်းမှောင်သွားပြီး သတိလစ်လုနီးပါး ဖြစ်သွားသည်။ လင်ဖေးယွီသည်လည်း အံ့ဩနေ၏။
ဝမ်ရှင်းဂြိုဟ်ပေါ်မှာ ရှိစဉ်တုန်းက အချိန်ကို သူ သတိရနေပါသေးသည်။ ထိုအခါက ယဲ့ဖန်သည် ဓားတစ်သောင်းဂိုဏ်းတစ်ခုလုံးကို တိတ်တဆိတ် ဖျက်ဆီးခဲ့သည်။
*အဲ့လူရဲ့ ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ဆို ဘယ်လိုလုပ် …*
“စီနီယာအစ်ကို အဲ့သတင်းက အမှန်ပဲလား”
ခရမ်းပြာ နတ်သမီးက လက်မခံချင်ဟန်ဖြင့် မေးနေသေးသည်။ သူမအမေးကြောင့် စီနီယာအစ်ကိုကောဆိုသူက သရော်ပြုံး ပြုံးလာသည်။
“ဟ … ဂျူနီယာညီမနဲ့ ဂျူနီယာညီလေး၊ မင်းတို့ လိုက်ဖမ်းခံရတဲ့လူကို တော်တော် အထင်ကြီးတာပဲ”
“တိမ်ပျံဂြိုဟ်ရဲ့ သမိုင်းအကြောင်း ငါ မင်းကို ပြောပြမယ်၊ သွေးအကျဉ်းထောင်အမိန့်ကနေ ဘယ်သူမှ မလွတ်နိုင်ဘူးကွ”
သူ၏ အကျယ်တဝင့် ပြောဆိုချက်ကြောင့် သူတို့၏ မျက်နှာထားက ပို၍ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ အထူးသဖြင့် ခရမ်းပြာ နတ်သမီး၏ မျက်ဝန်း၌ ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်လာပြီး နှလုံးသားအား ဓားနှင့်ခွဲသလို ခံစားလိုက်ရသည်။
နဂါးငွေ့တန်း အင်ပါယာထဲ၌ ထိုလူ၏ ဂုဏ်သတင်း ကျော်ကြားချိန်မှစ၍ သူမသည် သူ့အား တိတ်တခိုး စိတ်ဝင်စားခဲ့ပြီး သူမ၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့သည်။
ခင်ပွန်းလောင်း ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး ထိုသူက သူမနား၌ ရှိနေခဲ့သော်လည်း သူမ မသိဘဲ နှိမ်ချခဲ့သဖြင့် သူမ နောင်တရခဲ့ရသည်။
ထို့နောက် သူမကိုယ်သူမ သန်မာပြီဟု သူမ ထင်ထားခဲ့သည့်အချိန်တွင် တစ်ဖက်လူက ဝမ်ရှင်းဂြိုဟ်၌ ထပ်ပေါ်လာပြီး လင်ဖေးယွီကို အညံ့ခံအောင် လုပ်ခဲ့ကာ ဓားတစ်သောင်းဂြိုဟ်အား ဖျက်ဆီးခဲ့ပြန်သည်။
တစ်ဖက်လူ၏ ထူးချွန်မှုကြောင့် သူမအား တွေးမတတ်လောက်အောင် ထိတ်လန့်သွားစေခဲ့သည်။
*ဒါပေမဲ့ အခု သူက … သေသွားပြီတဲ့လား*
*ငါ့ရဲ့ စံပြပုဂ္ဂိုလ်ကလေ*
*ငါ အချိန်အတော်ကြာ လေးစားခဲ့ရပြီး နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့တဲ့သူက ဘယ်လိုလုပ် သေသွားရမှာလဲ*
ထိုသို့သောအချိန်၌ ခရမ်းပြာ နတ်သမီး၏ မျက်လုံး၌ သွေးမျက်ရည်များ ရစ်ဝဲလာပြီး ရူးမတတ် ဖြစ်လာသည်။
“စီနီယာအစ်ကိုကော ဘာကြောင့်လဲ၊ ဘာလို့ တိမ်ပျံသခင်လေးက အဲ့လူကို သတ်ချင်နေရတာလဲ”
ခရမ်းပြာ နတ်သမီးက လက်သီးကို တင်းနေအောင် ဆုပ်ထားမိပြီး သူမလက်သည်းများက လက်ဝါးထဲသို့ စူးနစ်နေသော်လည်း သူမ သတိထားမိချေ။
စီနီယာအစ်ကိုကောဆိုသူပင် သူမစကားကြောင့် သတိဝင်သွားပြီး ခပ်တိုးတိုး ပြောလေသည်။
“ဂျူနီယာညီမ ဒီအကြောင်းကို လူနည်းနည်းပဲ သိကြတာ”
“ငါ့ဝမ်းကွဲက သခင်လေးနားမှာ အစောင့်လုပ်ရတာလေ၊ ငါ သူ့ဆီကနေ ကြားခဲ့တာ။ တိမ်ပျံဂိုဏ်းရဲ့ နတ်သမီးက အဲ့လူကို သိပ်ချစ်တာတဲ့၊ သခင်လေးနဲ့ လက်ထပ်ဖို့ သူ သဘောတူလိုက်ရတဲ့ အကြောင်းကလည်း သူ့အတွက်ပဲတဲ့”
“သခင်လေးက သူ့ကို သတ်ပစ်လိုက်တော့ သူ ဘယ်တော့မှ ပြန်မရှင်နိုင်တော့ဘူးလေ”
*ဒါကြောင့်ကိုး*
ထိုအခိုက်တွင် ခရမ်းပြာ နတ်သမီး၏ မျက်လုံးများက နီမြန်းလာသည်။ သူမ အံကိုကြိတ်၍ ခပ်အက်အက် အသံဖြင့် မေးလိုက်သည်။
“နှင်းပွင့်နတ်သမီးကရော ဒီအကြောင်း သိလား”
စီနီယာအစ်ကိုကောက ခေါင်းတွင်တွင်ခါပြလေသည်။
“အဲ့သတင်းကို နှင်းပွင့်နတ်သမီးနား မပေါက်ကြားအောင် သခင်လေးက လုံးဝပိတ်ထားတယ်။ နတ်သမီးက အခုထိ အဲ့လူကို ပြန်အသက်သွင်းဖို့ ရူးရူးမိုက်မိုက်နဲ့ ဆက်စောင့်နေတုန်းပဲ၊ စိတ်မကောင်းစရာပဲ …”
ထိုစကားကြောင့် ခရမ်းပြာ နတ်သမီး၏ မျက်လုံး၌ ဒေါသများ ပို၍ ပြင်းထန်လာသည်။
“တကယ့် မင်္ဂလာပွဲနေ့ ရောက်လာရင် အဲ့အကြောင်း ပေါ်လာလိမ့်မယ်”
ခရမ်းပြာ နတ်သမီး၏ မျက်နှာထက်၌ အလွန် လူသတ်ချင်ဟန်များ ထင်ဟပ်လာသည်။ ထိုစကားကြောင့် လင်ဖေးယွီနှင့် စီနီယာအစ်ကိုကောတို့ မျက်နှာပျက်သွားကြသည်။