← Chapters

အခန်း (၅၈၉-၅၉၁)

Vol. 40 Ch. 589-591

အခန်း (၅၈၉-၅၉၁)

Vol. 40 Ch. 589-591

Chapter 589 သူက အတုပဲ

လျှပ်တစ်ပြက်အတွင်းမှာပင် ရက်တစ်ချို့ ကုန်လွန်းသွားပြန်၏။ ယနေ့တွင်မူ တိမ်ပျံဂြိုဟ်တစ်ခုလုံး၌ အလင်းတန်းများနှင့် ပြည့်နှက်နေသည်။ အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်များလည်း ပြည့်နှက်နေ၏။

ယနေ့သည် တိမ်ပျံသခင်လေး၏ မင်္ဂလာပွဲ ကျင်းပမည့်နေဖြစ်လေသည်။ များစွာသော အင်မော်တယ် မျိုးနွယ်များက ဂုဏ်ပြုစကား ဆိုကြသည်။

တိမ်ပျံဂြိုဟ်တစ်ခုလုံး၌ လူအုပ်များ၊ တီးမှုတ်ကခုန်သံများနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် အလွန် သက်ဝင်လှုပ်ရှားလျက် ရှိသည်။

တိမ်ပျံတောင်ထိပ်၌ အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်က အခြားသူများနှင့်အတူ ထိုင်၍ မင်္ဂလာပွဲ စတင်မည်ကို စောင့်ဆိုင်းနေသည်။

ခန်းမအနောက်ဘက်၌ တိမ်ပျံသခင်လေးသည် မျက်မှောင်ကို တင်းနေအောင် ကြုတ်ထားပြီး ခန်းမအပြင်ဘက်သို့ မရည်ရွယ်ဘဲ ကြည့်နေမိသည်။

“ဘာဖြစ်နေတာလဲ၊ နယ်မြေရှစ်ရာက အရှင်သခင်တွေ ဘာလို့ ရောက်မလာသေးတာလဲ”

ယဲ့ဖန်ကို သတ်ပြီးပါက နယ်မြေရှစ်ရာလုံးမှ အရှင်သခင်များနှင့် တိမ်ပျံဂိုဏ်းမှ လူများသည် အစောပိုင်းကတည်းက တိမ်ပျံဂြိုဟ်သို့ ရောက်နေသင့်သည်။ သို့သော် ယခုအချိန်ထိ ဘာမှမဖြစ်သေးချေ။ ဤသည်က တိမ်ပျံသခင်လေးက စိတ်မသက်မသာ ဖြစ်စေသည်။

“သခင်လေး စိတ်မလောပါနဲ့၊ အခု နယ်မြေရှစ်ရာက အရှင်သခင်တွေက မင်္ဂလာပွဲနေ့မှာ သူ့ခေါင်းကို ဆက်သမယ်လို့ သတင်းပို့ထားမှတော့ သူတို့ သူ့ခေါင်းကို ပေးမှာပါ။ သူတို့ကတိကို သူတို့ မဖျက်နိုင်ပါဘူး”

အင်မော်တယ်ဘုရင်အဆင့်တစ်ယောက်က သူ့ကို ဖျောင်းဖျပြောဆိုလေသည်။ သူ့စကားကြောင့် တိမ်ပျံသခင်လေးက ခေါင်းသာညိတ်ပြလိုက်သည်။

ထိုသို့သောအချိန်၌ သတင်းပို့သံများ ထွက်ပေါ်လာသည်။

“တစ္ဆေသွေးဆိုး နယ်မြေတစ်ရာရဲ့ တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင် ရောက်လာပါပြီ”

“ရွှမ်ထျန်း ဂြိုဟ်နယ်မြေရဲ့ အရှင်သခင် ရွှမ်ထျန်း အင်မော်တယ်ဘုရင် ရောက်လာပါပြီ”

“လောလောရှန်း ဂြိုဟ်နယ်မြေရဲ့ လောလောရှန်း အင်မော်တယ်ဘုရင် ရောက်လာပါပြီ”

“…”

သတင်းပို့သံများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် တိမ်ပျံသခင်လေး ချက်ချင်း တက်ကြွသွားသည်။

“လာကြပြီပဲ”

ထိုသို့ပြောပြီးနောက် တိမ်ပျံသခင်လေးသည် သတို့သားဝတ်စုံကိုဝတ်ဆင်၍ အားလုံးကို ဦးဆောင်ကာ ဖြည်းဖြည်းချင်း ထွက်လာလိုက်သည်။

သူ ရှေ့သို့ လျှောက်လာသောအခါ လင်ထျန်း အင်မော်တယ်ဘုရင်မှလွဲ၍ ကျန်နယ်မြေခုနစ်ရာ၏ အရှင်သခင်များ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းက သူ့အား စိတ်အေးသွားစေသည်။

“အားလုံးပဲ”

ထိုစဉ် တိမ်ပျံဂိုဏ်း၏ အကြီးအကဲတစ်ယောက်က စင်မြင့်ပေါ်ရပ်၍ အင်မော်တယ်ဘုရင်အဆင့် များစွာတို့အား စကားစလိုက်သည်။

“လူကြီးမင်းတို့ရဲ့ အလုပ်များနေတဲ့ အချိန်ထဲကနေ သခင်လေးရဲ့ မင်္ဂလာပွဲကို တက်ရောက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

“ဒီနေ့ သခင်လေးက တိမ်ပျံဂိုဏ်းရဲ့ နတ်သမီးနဲ့ လက်ထပ်တော့မှာပါ”

ထိုသို့ပြောပြီးနောက် တိမ်ပျံဂိုဏ်း၏ အကြီးအကဲသည် အပိုစကားများ မပြောတော့ဘဲ ထပ်ပြောလိုက်သည်။

“ကဲ … လူကြီးမင်းတို့ သတို့သား တိမ်ပျံသခင်လေးနဲ့ သတို့သမီး နှင်းပွင့်နတ်သမီးတို့ကို ဖိတ်ကြားပါရစေ”

ထိုစကားအဆုံး၌ တိမ်ပျံတောင်တစ်ခုလုံးတွင် လက်ခုပ်တီးသံများနှင့် ပြည့်နှက်သွားလေသည်။ အင်မော်တယ်ဘုရင်အဆင့်တစ်ယောက်၏ အကြည့်များက စင်နောက်မှ အဝင်ဝသို့ အကြည့်ရောက်နေသည်။

သူတို့ စောင့်ဆိုင်းနေစဉ်တွင် ဘယ်ဘက်အဝင်ဝမှနေ၍ တိမ်ပျံသခင်လေးက အလွန် ဂုဏ်ယူဟန်ဖြင့် ခေါင်းကိုမော့၍ လှမ်းလာသည်။ ညာဘက်အဝင်ဝမှနေ၍ အနီရောင်ဝတ်စုံနှင့် နတ်သမီးလေးက ခပ်ရွရွ လှမ်း၍ ဖြည်းညှင်းစွာ လျှောက်လာ၏။

သို့သော် နှင်းပွင့်နတ်သမီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အနီရောင် ဇာပုဝါအောက်ရှိ သူမမျက်ဝန်းမှ မျက်ရည်တစ်စက် စီးကျလာသည်ကို လူတိုင်း တွေ့နေရသည်။

တောက် တောက်။

သူမ အသည်းကွဲနေသည့်ပုံပင်။ အနီရောင်ဝတ်စုံအောက်မှ ပုံရိပ်လေးသည် အလွန်လှပလေးသည်။ ဆူးပါသော နှင်းဆီပန်းသဖွယ် လေယူရာယိမ်းကာ မွှေးရနံ့ သင်းပျံ့နေသကဲ့သို့ သိပ်ကို လှပ၍ ဆွဲဆောင်မှုရှိလေသည်။

“သူက နှင်းပွင့်နတ်သမီးလား၊ မြတ်စွာဘုရား … တော်တော်လှတာပဲ …”

လူအုပ်ကြားထဲမှ ခရမ်းပြာ နတ်သမီးသည် အန်းရှီ၏ပုံရိပ်ကိုကြည့်ပြီး သူမစိတ်ထဲ၌ အလွန် ပိုင်နိုင်သော ဆုံးဖြတ်ချက်တစ်ခု ဝင်ရောက်လာသည်။

လောကကြီးကို ကိုင်လှုပ်နိုင်သော အမျိုးသမီးတစ်ဦးကသာ ထိုသူနှင့် ထိုက်တန်ပုံရသည်။

“ယဲ့ဖန် ကျွန်မ အသက်သေရမယ်ဆိုရင်တောင်မှ ကျွန်မ ရှင့်ရန်သူ အကြံအောင်ခွင့် မပေးနိုင်ဘူး”

ခရမ်းပြာ နတ်သမီး၏ မျက်ဝန်းများက တလက်လက်တောက်လာသည်။ ထိုအချိန်တွင် တိမ်ပျံသခင်လေးနှင့် နှင်းပွင့်နတ်သမီးတို့က စင်မြင့်ပေါ်သို့ ရောက်ရှိသွားလေ၏။

“အနီရောင် ဇာပုဝါအောက်ရှိ အန်းရှီ၏ မျက်ဝန်းများက ဘေးဘီကို တစ်ချက်ဝေ့ကြည့်လာသည်။ သူမမျက်နှာပေါ်မှ မိတ်ကပ်များကမူ မျက်ရည်များနှင့် စိုစွတ်နေလေသည်။

“နောက်ဆုံးတော့ ဒီလိုနေ့ကို ရောက်လာပါလား”

သူမ စောင့်ဆိုင်းနေခဲ့သည်။ သူမ စိတ်ဓာတ်ကျခဲ့၇သည်။ သူမ အရာအားလုံးကို ပေးဆပ်ခဲ့သည်။ ယခုလိုနေ့အတွက် ထိုသူကို အသက်ရှင်စေပြီး သူမဘဝအား သေဆုံးစေတော့မည်။

“အစ်ကိုကြီး ယဲ့ဖန် … တစ်နေ့ ကျွန်မ ရှင့်အတွက် မင်္ဂလာဝတ်စုံကို ဝတ်ခွင့်ရမယ်ဆိုရင် … ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲနော်”

အန်းရှီ နင့်နင့်သီးသီး ပြုံးလိုက်မိသည်။ သူမ သူ့ကို လွမ်းပါသည်။ သူမ ထိုသူနောက်လိုက်၍ ငရဲအထိ ခရီးဆန့်ချင်မိသည်။ သို့သော် သူမ အသက်ပေးနိုင်သော်လည်း ထိုသူက အသက်ရှင်ကိုရှင်ရမည်ဟု သူမ သိနေ၏။

သူမအတွက်သာမက သူ့ကို စောင့်နေသည့် လူများစွာ ရှိနေ၏။ လူများစွာတို့က သူ့ကို ချစ်ခင်နေကြသည်။ ဤသည်ကို တွေးမိပြီးနောက် အန်းရှီသည် ပင့်သက်ရှိုက်၍ ရင်ထဲမှ ဝမ်းနည်းစိတ်ကို မျိုသိပ်လိုက်သည်။ ထို့နောက် တိမ်ပျံသခင်လေးအား အေးတိအေးစက် မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

“ရှင် ကျွန်မကို ကတိပေးခဲ့တယ်၊ အခု ကတိတည်ဖို့ အချိန်ကျပြီ”

သူမစကားလုံးများက အေးစက်၍ မာကြောလှသည်။ တိမ်ပျံသခင်လေးက အရေးမစိုက်ဟန် ပေါ်နေသည်။ သူသည် အန်းရှီအား အလွန် ရမက်သွေးကြွ၍ တပ်မက်သော မျက်လုံးများဖြင့် ကြည့်နေ၏။

*ဆွဲဆောင်မှုရှိလိုက်တာ*

*ဆန်းကြယ်ရေခဲခန္ဓာကိုယ်*

*ငါ့နှလုံးသားထဲက နတ်ဘုရားမလေး*

*အခုတော့ သူက ငါ့သတို့သမီး ဖြစ်လာပြီ*

ဖြောင်း ဖြောင်း။

တိမ်ပျံသခင်လေး လက်ခုပ်တီးလိုက်သောအခါ တိမ်ပျံတောင်တစ်ခုလုံး တိတ်ကျသွားသည်။ အားလုံးက တိမ်ပျံသခင်လေးကိုသာ စိုက်ကြည့်လာသည်။

ဤသည်ကိုမြင်ပြီး တိမ်ပျံသခင်လေးက တစ်ဖက်လှည့်၍ အားလုံးက အသာပြုံးပြကာ ပြောလိုက်သည်။

“အားလုံးပဲ၊ ဒီနေ့က ကျုပ် ထူဖေးရဲ့ ဘဝမှာ အပျော်ဆုံးနေ့ပဲ။ ဘာလို့လဲဆိုတော့ ကျုပ်က ကျုပ်အချစ်ဆုံး နတ်သမီးလေးနဲ့ လက်ထပ်ရတော့မှာမို့လို့ပဲ”

“ပြီးတော့ နတ်သမီးအပေါ် ထားတဲ့ ကျုပ်အချစ်ကို ပြသဖို့အတွက် ကျုပ် သူ့ကို လက်ဆောင်တစ်ခု ပေးမယ်”

ထိုသို့ပြောပြီး တိမ်ပျံသခင်လေးက အန်းရှီဘက်သို့ လက်ညှိုးထိုးလာသည်။

“အန်းရှီ ဒါ မင်းအတွက် ငါ့ရဲ့ အကြီးမားဆုံး မင်္ဂလာလက်ဖွဲ့ပဲ”

*ဟင်*

အန်းရှီ တစ်ခဏမျှ မှင်တက်သွားပြီးနောက် တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။

ဒေါက် ဒေါက် ဒေါက်။

သူမ ကြည့်နေစဉ်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဖြည်းဖြည်းချင်း ထွက်လာသည်။ သူ၏ မျက်နှာက ဓားကဲ့သို့ ထက်ရှ၍ မျက်လုံးများက ကြယ်တာရာများကဲ့သို့ လင်းလက်နေ၏။ သူ့ထံမှ ထူးဆန်း၍ နတ်ဆိုးဆန်သော အငွေ့အသက်များ ဖြာထွက်နေသည်။

ထိုသူကိုမြင်သည်နှင့် အန်းရှီ၏ ကိုယ်လေးက ကတုန်ကယင် ဖြစ်သွားပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားရသည်။

“ယဲ့ … အစ်ကိုကြီး ယဲ့ဖန်”

သူမ အံ့ဩနေသည်။ အန်းရှီ ခေါင်းထဲ ဟာလာဟင်းလင်း ဖြစ်နေ၏။ အစပိုင်းက သူမသည် အင်မော်တယ် အသက်သွင်းသိုင်းကျမ်းဖြင့် သူမအသက်ကို ရင်း၍ ထိုသူကို ပြန်အသက်သွင်းချင်ခဲ့သည်။ သို့သော် တစ်ဖက်လူက သူမရှေ့သို့ ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပါ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အန်းရှီက ပါးစပ်လေးကို လက်ဖြင့်အုပ်၍ တအံ့တဩ ငေးကြည့်နေမိသည်။ သူမမျက်ဝန်းမှ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။ ဤသည်ကိုကြည့်ပြီး တိမ်ပျံသခင်လေးက အသာပြုံးလိုက်၏။

“အန်းရှီ ငါ မင်းအကြောင်း သိပြီးနောက်ပိုင်း ကမ္ဘာဂြိုဟ်ကို တစ်ယောက် လွှတ်လိုက်တယ်”

“ထင်မထားဘဲ အဲ့ကနေ ယဲ့ဖန်ရဲ့ အသားစတစ်စ ရလာတယ်လေ။ မင်းအတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ ငါ သူ့ကို အောင်အောင်မြင်မြင်နဲ့ အသက်သွင်းလိုက်တာပဲ”

တိမ်ပျံသခင်လေးက အန်းရှီ၏ စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ပြီး သူ့ရင်ထဲ ပန်းတွေပွင့်နေလေ၏။

“အစ်ကိုကြီး ယဲ့ဖန်၊ ဒါ … ဒါ ရှင်လားဟင်”

အန်းရှီက သူမရှေ့မှလူအား မယုံသင်္ကာဟန်ဖြင့် ကြည့်နေသည်။ သူမစကားကြောင့် အနက်ရောင်ဝတ်စုံနှင့်လူက အသာပြုံးလိုက်သည်။

“အန်းရှီ ငါပါ၊ ယဲ့ဖန်လေ။ ငါ့ကို အသက်ပြန်သွင်းပေးလို့ တိမ်ပျံသခင်လေးကို ကျေးဇူးတင်ရမယ်။ သူက မင်းကို ချစ်ချစ်ခင်ခင်နဲ့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်မယ်လို့ ငါ ဆုတောင်းပါတယ်။ မင်း အကောင်းဆုံးအရာတွေပဲ ရရှိဖို့ ငါ မျှော်လင့်ပါတယ်”

အနက်ရောင်ဝတ်စုံနှင့် လူငယ်လေး၏ စကားက ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ အန်းရှီ၏ရင်အား မွှန်းသွားလေသည်။ သူမ နောက်သို့ဆုတ်လိုက်မိပြီး ဝမ်းနည်းသွားသည်။

*ဘာသဘောလဲ*

*ပျော်စရာကောင်းတဲ့ ဘဝလေး ရပါစေ ဟုတ်လား*

*မဟုတ်ဘူးလေ*

*ဘယ်လိုလုပ်*

သူမ၏ အစ်ကိုကြီး ယဲ့ဖန်က အဘယ်ကြောင့် သူမကို ဤမျှ နာကျင်အောင် သူမနှလုံးသားအား ဓားဖြင့် ထိုးနှက်ရလေသနည်း။

တောက် တောက်။

အန်းရှီ၏ မျက်နှာပေါ်မှ ပဲစေ့အရွယ် မျက်ရည်များက စီးကျလာပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။ အန်းရှီ တစ်ခုခု ပြောရန် ပြင်လိုက်ချိန်တွင် မကျေမနပ် ပြောလာသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

“သူ့ကို မယုံနဲ့။ သူက အတုပဲ”

Chapter 590 သူ့ဦးခေါင်း

“သူ့ကို မယုံနဲ့။ သူက အတုပဲ”

ထိုပစ်ပစ်ခါခါ ပြောလိုက်သည့် စကားသံကြောင့် တိမ်ပျံတောင်ထိပ်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။ ထိုစကားကြောင့် အားလုံး အမူအရာ တစ်မျိုးဖြစ်သွားကြသည်။

*အတုတဲ့လား*

အန်းရှီသည် သူမရှေ့မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို ငေးကြည့်နေမိသည်။ သူ၏မျက်နှာထားနှင့် သူ၏အငွေ့အသက်တို့သည် ယဲ့ဖန်နှင့် တစ်ထေရာတည်းပင်။ ဘယ်လိုလုပ် သူက အတု ဖြစ်နိုင်မည်နည်း။

ထိုအခိုက်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေး၏ မျက်နှာထားက မသိမသာ ပြောင်းလဲသွားသည်။ ထို့နောက် သူက အန်းရှီအား အသည်းအသန် ပြန်ပြောလေသည်။

“အန်းရှီ အခြားသူတွေ မဟုတ်တမ်းတရား ပြောတာတွေကို နားမထောင်နဲ့၊ ငါတို့ အတူတူ ကြီးပြင်းလာခဲ့တာကို မေ့သွားပြီလား။ မင်း နတ်ဆိုးခြင်ရဲ့ အဆိပ်ကို မေ့သွားပြီလား။ မင်း ဆန်းကြယ်ရေခဲ ခန္ဓာကိုယ် နိုးထလာတဲ့အချိန်ကို မေ့သွားပြီလား။ ငါ မင်းအတွက် ဆေးရှာဖို့ ကျန်းနန်ကို ကိုယ်တိုင် သွားခဲ့တာလေ”

“မင်း ဒါတွေအားလုံးကို မေ့သွားပြီလား”

အနက်ရောင်ဝတ်စုံနှင့် လူငယ်လေး၏ စကားတိုင်းက အန်းရှီ၏ ကိုယ်လေးအား တုန်ခါသွားစေသည်။ ထိုအဖြစ်အပျက်များသည် သူမ၏ အဖိုးတန်ဆုံးသော မှတ်ဉာဏ်များ ဖြစ်သည်။ သို့သော် ဘယ်လိုလုပ် ဒီအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက သိနေသနည်း။

*သူက တကယ်ပဲ အစ်ကိုကြီး ယဲ့ဖန်လား*

*ဒါပေမဲ့ သူက ဘာလို့ ငါ့ကို အသက်ရှည်ရှည်နေရပြီး ပျော်စရာကောင်းတဲ့ ဘဝလေး ရပါစေလို့ ဆုတောင်းပေးရတာလဲ*

*အဓိပ္ပာယ်မရှိလိုက်တာ*

ထိုအခိုက်တွင် အန်းရှီ၏အတွေးထဲ၌ ဗလာဖြစ်နေပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလျက် ရှိသည်။

သူမ ရူးမတတ် ချစ်ရပါသောသူက သူမက အခြားသူတစ်ယောက်နဲ့ လက်ထပ်မှာကို ကြည်ဖြူပြီး ဆုတောင်းပေးနေသည်တဲ့လား။ နာကျင်ရပါသည်။

ယခုလိုအချိန်၌ အန်းရှီသည် သူမရင်အား ဓားတစ်ချောင်းဖြင့် မွှေနှောက်နေသကဲ့သို့ ခံစားနေရပြီး သူမကိုယ်လေးက ကတုန်ကယင်ဖြစ်ကာ မျက်နှာလေးက အလွန် ဖြူရော်နေလေ၏။

ဤသည်ကိုကြည့်ပြီး အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက အသာပြုံး၍ ထပ်ပြောလိုက်သည်။

“တိမ်ပျံသခင်လေးက ငါ့အသက်ကို ကယ်ခဲ့တာ။ သူက မင်းကို တကယ် ချစ်မြတ်နိုးနေတာ ပြီးတော့ သူတစ်ယောက်တည်းကပဲ မင်းနဲ့ ထိုက်တန်တာလေ”

“အန်းရှီ မင်း သူ့အပေါ် ကောင်းရမယ်နော်။ ငါ့ကို မေ့လိုက်၊ အတိတ်ကိုမေ့လိုက်ပါ။ ကမ္ဘာဂြိုဟ်ပေါ်က အရာအားလုံးကို မေ့လိုက်ပါ”

*မေ့ရမယ် ဟုတ်လား*

အန်းရှီ၏ နှုတ်ခမ်း၌ နာကျည်း၍ ခါးသီးသလို အပြုံးမျိုး ဖြစ်ပေါ်လာသည်။

သူမရင်ထဲက သေခြင်းရှင်ခြင်း ကဲ့သို့သော အဖြစ်အပျက်များကို သူမ မည်သို့ မေ့နိုင်ပါမည်နည်း။ အလွန်တရာ ဝမ်းနည်းအားလျော့မှုများက အန်းရှီကို လွှမ်းခြုံလာသည်။

သူမသည် မျက်စိရှေ့မှာ ယဲ့ဖန်ကို ကြည့်နေပြီး သူ့ပါးစပ်မှ ထိုစကားမျိုး ပြောထွက်လာသည်ကို ယခုထိ မယုံနိုင်သေးချေ။

အန်းရှီ၏ ဝမ်းနည်းစိတ်ကို ခံစားမိပြီးနောက် တိမ်ပျံသခင်လေးက အားပါးတရ ပြုံးလိုက်သည်။ ထို့နောက် သူက အန်းရှီရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ပျော်ရွှင်၍ သနားဟန်ဖြင့် ပြောလာသည်။

“အန်းရှီ မင်းက ကိုယ့်ရဲ့ နတ်ဘုရားမလေးပါ။ ကိုယ် မင်းကို စတွေ့တဲ့အချိန်ကစပြီး မင်းကို ကိုယ် မချစ်ဘဲ မနေနိုင်ခဲ့တာပါ”

“ကိုယ့်ကို လက်ထပ်ပါ၊ ကိုယ့်ကို မင်းဘဝရဲ့ ကာကွယ်ခြင်း နတ်ဘုရားလေး ဖြစ်ခွင့်ပေးပါ။ စကြဝဠာကြီး ပြိုလဲပျက်စီးသွားရင်တောင်မှ၊ အရာအားလုံး သေဆုံးသွားရင်တောင်မှ မင်းရဲ့ ဘဝကို စောင့်ရှောက် ပေးပါရစေ”

တိမ်ပျံသခင်လေးက ပျော်ရွှင်နေသော မျက်နှာထားဖြင့် ပြောနေသည်။ ဤမြင်ကွင်းကိုကြည့်ပြီး ဘေးပတ်လည်မှ အင်မော်တယ်ဘုရင်အဆင့် များစွာကပါ အလိုက်သင့် ပြောဆိုလာသည်။ ထိုစဉ် ရုတ်တရက် ခြေသံတစ်သံ ထွက်ပေါ်လာသည်။ မိန်းကလေးတစ်ယောက်သည် လင်ဖေးယွီနှင့် စီနီယာ အစ်ကိုကောတို့ အတင်းထိန်းချုပ်နေရာမှ အတင်းရုန်းထွက်လာပြီး ချက်ချင်း‌ ရှေ့ထွက်၍ ပြောလာ၏။

“မမလေး အန်းရှီ၊ သူ့ကို မယုံပါနဲ့၊ သူက လူလိမ်၊ သူက ကြောင်သူတော် ကြွက်သူခိုးကောင်”

*ဘာ*

ထိုအဖြစ်ကြောင့် အားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ အစောပိုင်းက တစ်စုံတစ်ယောက်မှနေ၍ အတုဟု အော်ခဲ့သော်လည်း မည်သူမျှ ဂရုမစိုက်ခဲ့ကြချေ။ ယခုအခါတွင် ခရမ်းပြာ နတ်သမီးက ကိုယ်တိုင်လူလုံးထွက်ပြလာသဖြင့် တောင်ထိပ်တစ်ခုလုံး ပွက်လောရိုက်သွားသည်။

ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးသော အဖြစ်မျိုးဖြစ်သဖြင့် လူတစ်ချို့သာလျင် ထိုသို့ လုပ်ရဲကြသည်။

“ဂျူနီယာ ညီမလေး”

လင်ဖေးယွီနှင့် စီနီယာအစ်ကိုကောတို့သည် ယခုအခါ၌ ရှက်ရွံ့၍ မျက်နှာပြာနှမ်းနေကြသည်။ နောက်ဆုံးရလဒ်က ဘာပဲဖြစ်နေပါစေ ခရမ်းပြာ နတ်သမီး ပြေးမလွတ်နိုင်တော့မှန်း သူတို့ သိလိုက်သည်။

သို့သော် ခရမ်းပြာ နတ်သမီးက သေခြင်းရှင်ခြင်း အခြေအနေကို ဖန်တီးလိုက်ပြီးသား ဖြစ်နေသည်။ သူမသည် ရှေ့ထွက်၍ အန်းရှီအား အော်ပြောလိုက်သည်။

“မမလေး အန်းရှီ၊ အဲ့ဒီယဲ့ဖန်က အတုပါ။ တိမ်ပျံသခင်လေးက ကမ္ဘာဂြိုဟ်ကို လူလွှတ်ပြီး ယဲ့ဖန်ရဲ့ အငွေ့အသက်ကို စုဆောင်းခိုင်းပြီးတော့ မျက်နှာမဲ့လူသားကို အယောင်ဆောင်ခိုင်းခဲ့တာပါ”

“တကယ့်ယဲ့ဖန်အစစ်က အစက မသေသေးပါဘူး။ ရှင့်ကိုရှာဖို့ သူ အင်မော်တယ်နယ်မြေထဲကို လာခဲ့ပါတယ်။ ဒါပေမဲ့ တိမ်ပျံသခင်လေးက သွေးအကျဉ်းထောင် အမိန့်ထုတ်ပြီး သတ်ခိုင်းခဲ့လို့ သူ ကောင်းကင်ထက်မှာပဲ သေဆုံးသွားရတာပါ”

ခရမ်းပြာ နတ်သမီး၏ စကားသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားစေပြီး တောင်ထိပ်ပေါ်မှ အင်မော်တယ်မျိုးနွယ်မျာအားလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

ထို့အတူ အန်းရှီသည်လည်း နားဝေတိမ်တောင် ဖြစ်သွားရသည်။

*သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်းအမိန့်လား*

*ဘယ်လိုဖြစ်ရတာလဲ*

*ငါ့အစ်ကိုကြီးယဲ့ဖန်က အိပ်မက်ဆိုး ချောက်ကမ်းပါးထဲမှာ သေသွားတာ မဟုတ်ဘူးလား*

*ဘယ်လိုလုပ် သူက သွေးအကျဉ်းထောင်အမိန့်ထဲမှာ သေရမှာလဲ*

အန်းရှီ၏ မျက်လုံး၌ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်လာသည်။ ဤသည်ကိုကြည့်ပြီး အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ မျက်နှာထားက အလွန် ပျက်ယွင်းလာသည်။

“သေချင်နေတာပဲ”

ထိုသို့ပြောပြီး သူသည် ခရမ်းပြာနတ်သမီးအား နေရာမှာတင် သတ်ဖြတ်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်၌ မသဲမကွဲအသံ ထွက်ပေါ်လာပြီး ကျောက်စိမ်းကဲ့သို့ ဝင်းပသည့် လက်တစ်ဖက်က သူ၏နောက်ကျောမှနေ၍ နှလုံးသားနေရာအား ထိုးဖောက်လာသည်။

တောက် တောက်။

ရဲရဲနီသော သွေးများက အနက်ရောင်ဝတ်စုံနှင့် လူငယ်လေး၏ ကျောပြင်မှနေ၍ စိမ့်ထွက်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး နောက်လှည့်၍ အန်းရှီအား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။

“အန်းရှီ မင်း …”

သူ့စကားသံ ထွက်လာနေဆဲအချိန်မှာပင် ယဲ့ဖန်၏ လက်ကျန်အငွေ့အသက်များက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏ပုံပန်းသွင်ပြင်က မျက်နှာမဲ့လူသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲ သွားသည်။ ဤသည်ကိုမြင်ပြီး အန်းရှီ ဒေါသထွက်သွားလေသည်။

“ဟုတ်နေတာပဲ”

သူမမျက်ဝန်းများ မျက်ရည်များ ဆက်လက် စီးကျလာသည်။ သူမ လက်တစ်ဖက် လှုပ်လိုက်သည်။ ထိုအခါ ထိုမျက်နှာမဲ့လူသား၏ ခန္ဓာကိုယ်က အန်းရှီ၏ လက်ဝါးချက်ကြောင့် အက်ကွဲ၍ တစ်စစီ ဖြစ်သွားသည်။

ရဲရဲနီသော သွေးများက ပန်းထွက်လာသည်။ အန်းရှီ၏ခေါင်းပေါ်မှ အနီရောင် ဇာပုဝါလေး ပြုတ်ကျလာပြီးနောက် လောကထဲမှ စွဲမက်ဖွယ်ကောင်းသော အလှတရားတစ်ခု ထွက်ပေါ်လာ၏။

သို့သော် ထိုလှပသော မျက်နှာထက်၌ မုန်းတီးခြင်းနှင့် လူသတ်လိုသောဟန်ပန်များ ပြည့်နှက်နေသည်။ သူမသည် တိမ်ပျံသခင်လေးအား စိုက်ကြည့်၍ ရူးမတတ် အော်ဟစ်လာသည်။

“ကျွန်မအစ်ကိုကြီး ယဲ့ဖန်ကို ဘာလို့ သတ်ပစ်တာလဲ၊ ဘာကြောင့်လဲ”

ထိုအော်သံနှင့်အတူ အန်းရှီ၏ ကိုယ်တွင်းမှ အအေးဓာတ်များက အထွတ်အထိပ်သို့ ရောက်လာသည်။ တောင်ထိပ်တစ်ခုလုံး အေးခဲလုနီးပါး ဖြစ်လာသည်။ ဤနေရာတစ်ခုလုံးအား ရေခဲများ လွှမ်းမိုးလာသည်။

အင်မော်တယ်ဘုရင်အဆင့်များအားလုံး တုန်ယင်လာပြီး တစ်ကိုယ်လုံး အေးခဲမတတ် ခံစားလာရသည်။

*ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပါလား*

အားလုံး၏ မျက်နှာထက်၌ ထိတ်လန့်ကြောက်ရွံ့ဟန်များ ထင်ဟပ်လာသည်။ တိမ်ပျံသခင်လေး တစ်ယောက်တည်းသာ မျက်နှာ မည်းမှောင်နေ၏။ သူ့အလိမ်များ ပေါ်သွားပြီးနောက် သူ၏ပုံစံအမှန်ကို သူ ဆက်မဖုံးကွယ်တော့ချေ။

“ဘာလို့လဲ ဟုတ်လား”

တိမ်ပျံသခင်လေးသည် သရော်ပြုံးပြုံး၍ အန်းရှီအား သိုးငယ်ကို ကြည့်နေသော ကျားတစ်ကောင်ကဲ့သို့ ကြည့်လာသည်။

“ဘာလို့လဲဆိုတော့ သူက စောက်လုပ်ရှုပ်လို့ပေါ့။ ဒီလောကထဲမှ မင်းနဲ့ ထိုက်တန်တဲ့သူ၊ မင်းရဲ့ တမ်းတမှုတွေနဲ့ ထိုက်တန်တဲ့သူဆိုလို့ ငါ တစ်ယောက်တည်းပဲ ရှိတယ်ကွ”

“လူတစ်ယောက်က မင်းကို လာလုရင် ငါ အဲ့တစ်ယောက်ကို သတ်မယ်။ ဂြိုဟ်တစ်ခုလုံးက မင်းကိုလိုချင်ရင် ငါ အဲ့ဂြိုဟ်ကို ဖျက်ဆီးပစ်မှာပဲ”

*ရူးနေပြီ*

ထိုအခိုက်တွင် တိမ်ပျံသခင်လေး၏ အန်းရှီအပေါ် အလွန် ပိုင်ဆိုင်လိုစိတ်ပြင်း၍ ထိန်းချုပ်လွန်းလိုသည့် စိတ်သဘောထားကို အားလုံး ခံစားလိုက်မိသည်။ သူမအား သူ အကျဉ်းချထားသော အရာတစ်ခုကဲ့သို့ သတ်မှတ်နေသည်။ လာထိသည့် ဘယ်သူမဆို သေပွဲဝင်ရလိမ့်မည်။

သူ့စကားက အန်းရှီ၏မျက်နှာလေးအား ပို၍ ဖြူရော်သွားစေသည်။

“အစ်ကိုကြီး ယဲ့ဖန်ကို ငါ သတ်ခဲ့တာ … ငါပဲ၊ ငါ သတ်ခဲ့မိတာ”

အန်းရှီ ရူးမတတ် ဖြစ်လာသည်။ သူမ သူ့ကို ပြန်အသက်သွင်းရန်အတွက် ဘာမဆို ပေးဆပ်ခဲ့သော်လည်း သူ့အား သေအောင် လုပ်မိသွားလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

အန်းရှီ၏မျက်ဝန်းမှ သွေးမျက်ရည်များ စီးကျလာသည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ ဝင်းပသော လက်လေးသည် တုန်ယင်နေပြီး တိမ်ပျံသခင်လေးထံသို့ သတ်ဖြတ်တော့မည့်ဟန်ဖြင့် ချဉ်းကပ်သွားသည်။

“နင်လုပ်လို့ ငါ့အစ်ကိုကြီးယဲ့ဖန် သေရတာ”

ပြင်းထန်သော ရေခဲငွေ့များက တိမ်ပျံသခင်လေးအား ချက်ချင်း လွှမ်းခြုံမတတ် ဖြစ်သွားသည်။ သို့သော် တိမ်ပျံသခင်လေးက ဂရုမစိုက်ဟန်ဖြင့် အထင်သေးသလို ပြုံးလာသည်။

“မင်းက ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေပင်မယ့် စိတ်မကောင်းစရာက အားနည်းလွန်း သေးတာပဲ”

ထိုသို့ပြောပြီး တိမ်ပျံသခင်လေးက သူ့လက်ကို အသာလှုပ်လိုက်သည်။ ထိုအခါ ပြင်းထန်သည့် အရှိန်အဝါတစ်ခုက ဆန်းကြယ်ရေခဲချီဓာတ်ကို ချက်ချင်း ဖယ်ရှားသွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍ ပြင်းထန်လွန်းသည့် ဖိအားတစ်ခု ထွက်ပေါ်လာသည်။

*အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်ပါလား*

*ဒီဂြိုဟ်နယ်မြေထဲမှာ အသန်မာဆုံး သိုင်းပညာရှင်ပဲ*

ထိုသည်သာမ သူသည် အန်းရှီ၏ တိုက်ခိုက်မှုကို တွန်းလှန်ပြီးနောက် သူ၏ လှောင်ပြောင်သရော်ပြုံးက ပို၍ ပီပြင်လာသည်။

“အန်းရှီ ငါ မင်းကို ပေးတဲ့ လက်ဆောင်ကို မင်း သဘောမကျဘူးထင်တယ်”

“ဒီလိုဆိုမှတော့ ငါ မင်းကို ဒုတိယလက်ဆောင် ပေးရတာပေါ့”

“သူ့ဦးခေါင်းလေ”

Chapter 591 သခင်ကြီးကို အရိုအသေ ပေးပါတယ်

*သူ့ဦးခေါင်း ဟုတ်လား*

ထိုစကားကို ကြားသည်နှင့် အန်းရှီနှင့် ခရမ်းပြာ နတ်သမီးတို့၏ ခန္ဓာကိုယ်လေးက ပြင်းထန်စွာ တုန်ယင်သွားလေသည်။

*ယဲ့ဖန်ရဲ့ ဦးခေါင်းတဲ့လား*

*မဖြစ်နိုင်ပါဘူး*

နှစ်ယောက်လုံး၏ မျက်ဝန်း၌ မယုံနိုင်ဟန်နှင့် ဝမ်းနည်းအားငယ်ဟန်များ စွန်းထင်းလာသည်။ သူတို့ ကြောက်နေကြသည်။ ယဲ့ဖန် တကယ် သေသွားမှာကို သူတို့ ကြောက်နေကြသည်။ ယဲ့ဖန် လုံးဝ အသတ်ခံလိုက်ရမှာကို သူတို့ ကြောက်နေကြသည်။

အန်းရှီ၏ စိတ်ခံစားချက်ကို ရိပ်မိသည့်ဟန်ဖြင့် တိမ်ပျံသခင်လေးက ပို၍ ညစ်ကျယ်ကျယ် ရယ်မောလေသည်။

“ဟားဟား … အန်းရှီ၊ ဒီည မင်း လုံးဝကို ငါ့မိန်းမ ဖြစ်လာစေရမယ်ကွ။ ပြီးတော့ ငါ မင်းကို သိမ်းပိုက်နေတဲ့အချိန်မှာ သူ့ခေါင်းကို ငါ့ဘေးနားမှာ ထားပြမယ်”

“ငါ မင်းကို ဘယ်လို ရယူနေသလဲဆိုတာကို ငါ့ပြိုင်ဘက်ကို ကြည့်ခိုင်းထားမယ်ကွ။ ဟားဟားဟား …”

ထိုသို့ပြောပြီးနောက် တိမ်ပျံသခင်လေး၏ မျက်နှာထားက အလွန် လှောင်ပြောင်သရော်လိုဟန်များနှင့် ပြည့်နှက်လာသည်။ ထို့နောက် ဂြိုဟ်နယ်မြေ ခုနစ်ရာတို့မှ အရှင်သခင်များကို လှမ်းကြည့်၍ အချက်ပြလိုက်သည်။

“လာကြစမ်း၊ ငါ့ကို လက်ဆောင် လာပေးကြ”

ထိုသို့ပြောပြီးနောက် တိမ်ပျံသခင်လေးက အားပါးတရ ပြုံးလာသည်။ ထိုစဉ် ရွှေရောင် အလင်းတန်းတစ်ခုက ရုတ်တရက် ဖြတ်ပြေးလာပြီး လျှပ်စီးကဲ့သို့ တိမ်ပျံသခင်လေး၏ လည်ပင်းကို ထိုးခွင်းလာ၏။

ရွှစ်!

သွေးများ ပန်းထွက်လာလေသည်။ တိမ်ပျံသခင်လေး၏ အပြုံးသည်လည်း ရုတ်ချည်းဆိုသလို အေးခဲသွားပြီး သူ့မျက်နှာ၌ အံ့ဩ၍ မယုံနိုင်ဟန်များ ပေါ်ပေါက်လာသည်။

သူ့ဦးခေါင်း ပြတ်ကျသွားပြီး မြေကြီးပေါ် ပြုတ်ကျတော့မည့်အချိန်၌ လက်တစ်ဖက်က သူ့ဆံပင်ကို ရုတ်တရက် ဆောင့်ဆွဲလာလေသည်။ ဓားကဲ့သို့ ထက်ရှ၍ နတ်ဆိုးဆန်သော မျက်နှာက တိမ်ပျံသခင်လေး၏ ခေါင်းကို ကြည့်၍ ပြုံးနေသည်။

“ဒီလက်ဆောင်ကို မင်း ကျေနပ်ရဲ့လား”

ထိုအချိန်တွင် တစ်လောကလုံး တိတ်ဆိတ်သွားလေသည်။ ရဲရဲနီသော သွေးစက်များက တိမ်ပျံသခင်လေး၏ ဦးခေါင်းမှ ဆက်လက် စီးကျလျက် ရှိသည်။ သွေးစက်တစ်စက်တိုင်းက အားလုံး၏စိတ်ထဲသို့ ရိုက်ခတ်သွားပြီး သူတို့အား ထိတ်လန့်ကြောက်ရွံ့၍ မယုံနိုင်သလို ဖြစ်သွားစေသည်။

*ခေါင်းဖြတ်လိုက်တာပဲ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဝုန်းခနဲ ပြန်လည် ဆူညံလာသည်။ တောင်ထိပ်ပေါ်ရှိ မရေတွက်နိုင်သော အင်မော်တယ်ဘုရင်အဆင့်များ အကြီးအကျယ် မျက်နှာပျက်သွားသည်။ ဤသို့ ရုတ်တရက် ပြောင်းလဲခြင်းက မြန်ဆန်လွန်းသဖြင့် သူတို့ မယုံကြည်နိုင် ဖြစ်နေကြသည်။

“မင်း … မင်း ဘယ်သူလဲ”

ခေါင်းပြတ်သွားသော်လည်း တိမ်ပျံသခင်လေး၏ အင်မော်တယ်စိတ်ဝိညာဉ်က ရှိနေသေးသည်။ သူ၏စိတ်ဝိညာဉ်သည် ပြတ်သွားသည့် ဦးခေါင်းထက်မှနေ၍ ထိတ်လန့်အံ့ဩပြီး ဒေါသထွက်နေသော အမူအရာဖြင့် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို ကြည့်နေကြသည်။

“မင်း … မင်းက ယဲ့ဖန်ပဲ”

*မဖြစ်နိုင်လိုက်တာ*

တိမ်ပျံသခင်လေး နားဝေတိမ်တောင် ဖြစ်နေသည်။

*ယဲ့ဖန်က သေသွားပြီ မဟုတ်ဘူးလား*

*သူက ဘယ်လိုလုပ် ဒီမှာ ရုတ်တရက်ကြီး ပေါ်လာပြီး ငါ့ခေါင်းကို ဓားနဲ့ ခုတ်သွားနိုင်တာလဲ*

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

တိမ်ပျံသခင်လေး၏ မျက်နှာထက်၌ အလွန် မယုံကြည်နိုင်ဟန်များ ထင်ဟပ်နေသည်။ သူသည်သာမက အနီးအနားမှ အန်းရှီနှင့် ခရမ်းပြာ နတ်မိမယ်တို့လည်း ကတုန်ကယင် ဖြစ်နေကြသည်။

“အစ်ကိုကြီး ယဲ့ဖန် …”

“စစ် … စစ်နတ်ဘုရား”

ခရမ်းပြာ နတ်သမိးသည် သူမမြင်နေရသည့် မြင်ကွင်းကို မယုံနိုင်သေးချေ။ ရင်းနှီးသော မျက်နှာ၊ ရင်းနှီးသော အငွေ့အသက်၊ ရင်းနှီးနေသော ရက်စက်ဟန်၊ သက်ရှိထင်ရှား ရှိနေသေးသည့် ယဲ့ဖန်က သူမ မျက်စိရှေ့၌ ယခင်အတိုင်း ပေါ်လာနေသည်။

တောက် တောက်။

အန်းရှီ၏မျက်နှာလေးမှနေ၍ မျက်ရည်များ စီးကျလာသည်။ သူမသည် ပါးစပ်ကို လက်ဖြင့်အုပ်၍ ဝမ်းသာနေသော အကြည့်များဖြင့် ငိုယိုနေသည်။

ထိုအချိန်၌ ယဲ့ဖန်သည် တိမ်ပျံသခင်လေး၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့်ကိုင်၍ အန်းရှီကို လှမ်းကြည့်ကာ ပြုံးပြလိုက်သည်။

“ကောင်မလေး၊ ငါ မင်းကို အိမ်ပြန်ဖို့ လာခေါ်ပြီလေ”

ထိုရိုးရှင်းသော စကားလေးတစ်ခွန်းက အန်းရှီ၏ အရှိုက်အား ထိမှန်သွားပြီး သူမသည် မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချ၍ ကျယ်လောင်စွာ အော်ငိုလေတော့သည်။ မျက်ရည်များက တာကျိုးသွားသော ရေလှောင်တမံကဲ့သို့ ဆက်တိုက် စီးကျလာသည်။

အန်းရှီသည် ထိုသူ သူမဘေးသို့ ပြန်လာပြီး “ကောင်မလေး ငါ မင်းကို အိမ်ပြန်ဖို့ လာခေါ်ပြီလေ” ဟု ပြောလာဟန်အား ညပေါင်းများစွာ အိပ်မက်မက်ခဲ့သည်။ သို့သော် သူမ နိုးလာသည့်အချိန်၌ ခေါင်းအုံး၌ မျက်ရည်များဖြင့် ရွှဲနစ်နေခဲ့သည်။ ယခုအခါတွင်မူ … ထိုအိပ်မက်မှာ အမှန်တကယ် ဖြစ်လာလေ၏။

တစ်နှစ်မကသော ဝမ်းနည်း၍ တမ်းတစိတ်များ၊ သေခြင်းရှင်ခြင်း အခြေအနေများကြောင့် အချိန် အတော်ကြာ အေးခဲနေသော အန်းရှီ၏ နှလုံးသားသည် ယဲ့ဖန်၏ စကားလုံးအောက်၌ လုံးဝ အရည်ပျော်ကျသွားသည်။

“အစ်ကိုကြီး ယဲ့ဖန်၊ ကျွန်မ … ကျွန်မ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား။ ဒါတွေအားလုံးက တကယ်မလား”

အန်းရှီက မျက်ရည်လည်ရွဲဖြင့် ယဲ့ဖန်ကို လှမ်းကြည့်နေသည်။ သူမ ကြောက်နေ၏။ သူမ တစ်ဖက်လှည့်လိုက်သည်နှင့် အိပ်မက်ကဲ့သို့ ပျက်ပြယ်သွားမည်ကို သူမ ကြောက်နေမိသည်။

ငိုယိုနေသော မိန်းမလှလေး၏ မျက်နှာနှင့် လှပသော မျက်ဝန်းထဲမှ မျှော်လင့်တောင့်တရိပ်များကို မြင်ပြီး ယဲ့ဖန် ရင်နာသွားရသည်။ သူသည် အန်းရှီထံသို့ လှမ်းသွားပြီး သူမခေါင်းလေးကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။

“အရူးမလေး၊ ဒါတွေအားလုံးက တကယ်ပါ။ ငါ မင်းကို စောင့်နေတာ။ ငါ့မိသားစုက မင်းကို စောင့်နေတယ်”

“ဝါး ဝါး ဝါး …”

အန်းရှီသည် သူမစိတ်ထဲမှ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပဲ အချစ်ရဆုံးသောသူကို ပြန်ရတွေ့သော ကလေးမလေးကဲ့သို့ ယဲ့ဖန်၏ရင်ခွင်ထဲ တိုးဝင်ကာ ချုံးပွဲချ ငိုကြွေးလေတော့သည်။

“အစ်ကိုကြီး ယဲ့ဖန်၊ ကျွန်မ ရှင့်ကို လွမ်းတယ်။ ကျွန်မ ရှင်ကို သိပ်လွမ်းတာပဲ”

“ကျွန်မ ရှင့်ကို ထပ်ပြီး ချန်မထားခဲ့ချင်တော့ဘူး။ မသေပါနဲ့တော့”

မျက်ရည်များကြောင့် ယဲ့ဖန်၏အင်္ကျီ စိုရွှဲလာသည်။ ဤမြင်ကွင်းကိုကြည့်ပြီး အနားမှ ခရမ်းပြာ နတ်သမီးလည်း ငိုမိသည်။ သူမသည် အန်းရှီအား အားကျသော မျက်ဝန်းများဖြင့် ကြည့်နေသည်။

*ဒီမိန်းမလှလေးကပဲ သူနဲ့ ထိုက်တန်တယ်တူပါရဲ့*

“ယဲ့ဖန် အန်းရှီ မင်းတို့ သိပ်ပျော်နေတယ်ပေါ့လေ”

သို့သော် ထိုသို့သောအချိန်၌ ခက်ထန်၍ မကျေမချမ်းဖြစ်နေသော အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံပိုင်ရှင်မှာ ခေါင်းဖြတ်ခံလိုက်ရသည့် တိမ်ပျံသခင်လေးပင်။ သူ၏သွေးစွန်းနေသော ဦးခေါင်း၌ လှောင်ပြောင်သရော်၍ ရက်စက်ဟန်များ ထင်ဟပ်နေသည်။

“ဟားဟားဟား … သွေးအကျဉ်းထောင် သတ်ဖြတ်ခြင်းအမိန့်ကတောင်မှ မင်းကို မသတ်နိုင်ခဲ့ဘူးပဲ”

“မင်းက ငါ့ခေါင်းကိုတောင်မှ ဖြတ်လိုက်သေးတယ်”

“ငါ မသေနိုင်ဘူးကွ ချီးတဲ့မှပဲ”

ထိုအသံနှင့်အတူ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ တိမ်ပျံသခင်လေး၏ ဦးခေါင်းက ရုတ်တရက် အက်ရာထင်လာသည်။ ထို့နောက် ဝုန်းခနဲအသံနှင့်အတူ ပေါက်ကွဲ၍ အမှုန့် ဖြစ်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ခေါင်းပြတ်နေသော အလောင်းမှနေ၍ သွေးသံတရဲရဲနှင့် ဦးခေါင်းတစ်လုံးက လျင်မြန်စွာ ပြန်ထွက်လာ၏။

“အင်မော်တယ် အသက်သွင်းကျင့်စဉ်”

ဤမြင်ကွင်းကြောင့် ခရမ်းပြာ နတ်သမီးနှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ အင်မော်တယ် အသက်သွင်းကျင့်စဉ်က ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ဦးခေါင်းက အဖြတ်ခံလိုက်ရသော်လည်း အသစ် ပြန်ထွက်လာသည်။ တိမ်ပျံသခင်လေးက မကျေမချမ်းနှင့် လှောင်ရယ်လာ၏။

“ယဲ့ဖန် မင်းက အရူးပဲ။ အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လေးနဲ့ မင်း တိမ်ပျံတောင်ပေါ်ကနေ အသက်ရှင်လျက် ဆင်းခွင့်ရမယ်လို့ ထင်နေတာလား”

*ဘာ*

သူ့စကားကြောင့် အန်းရှီနှင့် ခရမ်းပြာ နတ်မိမယ်တို့ အလွန် စိုးရိမ်သွားကြသည်။ တိမ်ပျံသခင်လေးသည် အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် ဖြစ်သည်။ ထို့အပြင် အင်မော်တယ်ဘုရင်အဆင့်များ‌ ထောင်ချီ၍ ရှိနေသလို၊ မရေတွက်နိုင်သော အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်နှင့် အင်မော်တယ် သူတော်စင်အဆင့်များစွာ ရှိနေသေးသည်။

တိမ်ပျံတောင်ပေါ်၌ လူတစ်ယောက်ကို သတ်ရန် ခက်ခဲလှသည်။ ထိုစဉ် တိမ်ပျံသခင်လေးက လက်တစ်ဖက် လှုပ်လိုက်သည်။ ထိုအခါ များစွာသော အင်မော်တယ်ဘုရင်အဆင့်များက ထရပ်လာပြီး သူတို့၏ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

“နယ်မြေခုနစ်ရာက အရှင်သခင်တွေ သူ့ကိုသတ်။ ငါ သူ့ခေါင်းကိုဖြတ်ပြီး ငါ့မင်္ဂလာပွဲကို ပိုဂုဏ်တင့်အောင် လုပ်မယ်”

ထိုစကားအဆုံး၌ တစ္ဆေသွေးဆိုး အင်မော်တယ်ဘုရင်၊ လောလောရှန်း အင်မော်တယ်ဘုရင်နှင့် အခြား သိုင်းပညာရှင်များစွာက ယဲ့ဖန်ထံသို့ လှမ်းလာကြသည်။

လူရှိန်လောက်သည့် အရှိန်အဝါကြောင့် အန်းရှီနှင့် ခရမ်းပြာ နတ်သမီးတို့ ကြက်သီးထလာကြသည်။ ယဲ့ဖန်တစ်ယောက်တည်းသာ ထီမထင်ဟန်ဖြင့် ပြုံးစိစိ လုပ်ကာ ဟာသကို ကြည့်သကဲ့သို့ ကြည့်နေ၏။

ထိုသို့သောအချိန်၌ နယ်မြေခုနစ်ရာမှ အရှင်သခင်တို့သည် မရေတွက်နိုင်သော အင်မော်တယ်ဘုရင်များကို ဦးဆောင်၍ ယဲ့ဖန်က ဝိုင်းထားပြီး ပိတ်ဆို့လာသည်။

ထိုမြင်ကွင်းကြောင့် တိမ်ပျံသခင်လေး စိတ်ထဲ၌ အူမြူးလာသည်။ သူသည် ယဲ့ဖန် ခေါင်းပြတ်၍ ခန္ဓာကိုယ် တစ်စစီ ဖြစ်တော့မည်ကို မြင်ယောင်သကဲ့သို့ အပြုံးကြီး ပြုံးနေ၏။ သို့သော် ရှေ့ဆက် ဖြစ်လာသည့် မြင်ကွင်းကြောင့် သူ့အပြုံး အေးခဲသွားရသည်။

နယ်မြေခုနစ်ရာတို့မှ အရှင်သခင်များနှင့် မရေတွက်နိုင်သော အင်မော်တယ်ဘုရင်အဆင့်များသည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက် ထောက်လာကြသည်။

“သခင်ကြီးကို အရိုအသေပေးပါတယ်”

All Chapters