အခန်း (၅၉၂-၅၉၄)
Vol. 40 Ch. 592-594
Chapter 592 သူ့ကို … အရှက်ခွဲလို့ မရနိုင်ဘူး
“သခင်ကြီးကို ဂါဝရပြုပါတယ်”
ထိုနှုတ်ဆက်သံသည် ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားပြီး တိမ်ပျံတောင်တစ်ခုလုံး တုန်ခါသွားသည်။ ဒူးထောက်နေသော လူအုပ်ကြီးကိုကြည့်ပြီး အားလုံး မှင်တက်သွားကြသည်။
*သခင်ကြီး*
*ဒါ ဘယ်လိုဖြစ်သွားရတာလဲ*
နယ်မြေခုနစ်ရာ၏ အရှင်သခင်များနှင့် ရာချီသော အင်မော်တယ်ဘုရင်အဆင့်များအပြင် ထောင်ချီသော အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်များက ယဲ့ဖန်ကို ဒူးထောက်နေသည်ကိုကြည့်ပြီး အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ချက်ချင်းဆိုသလိုပင် တိမ်ပျံတောင်ထိပ်၌ ပွက်လောရိုက်သွားပြီး အားလုံး၏ မျက်လုံးများက ကျွတ်ကျမတတ် ဖြစ်လာသည်။
အန်းရှီနှင့် ခရမ်းပြာ နတ်သမီးတို့တောင်မှ တအံတဩနှင့် ပါးစပ်ကို လက်ဖြင့်အုပ်ထားမိသည်။
“သခင်ကြီး … သခင်ကြီးတဲ့လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လင်ဖေးယွီနှင့် စီနီယာအစ်ကိုကောတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။ တောင်ပေါ်မှ လူတိုင်းသည် ယဲ့ဖန်အား အလွန်အထင်သေး၍ အဖက်မလုပ်ခဲ့ချေ။ သို့သော် ယခုအခါတွင် အင်မော်တယ် ဘုရင်များစွာတို့က ယဲ့ဖန်ရှေ့ ဒူးထောက်နေကြသည်ကို မြင်လိုက်ရသည်။
သူတို့မျက်စိနှင့် တပ်အပ်မမြင်ခဲ့ရပါက သူတို့ အသတ်ခံရမည်ဆိုလျင်တောင်မှ ယုံနိုင်မည် မဟုတ်ပါ။
“ချီးတဲ့မှ တစ္ဆေသွေးဆိုး၊ လောလောရှန်း မင်းတို့ ခုနစ်ယောက် ဘာလုပ်နေတာလဲ”
ထိုသို့သောအချိန်၌ တိမ်ပျံသခင်လေး၏ အံ့ဩဒေါသထွက်နေသောအသံ ထွက်ပေါ်လာသည်။ သူသည် အင်မော်တယ်ဘုရင်အဆင့်များနှင့် အခြားသူများကိုကြည့်ပြီး အိပ်မက်မက်နေသည်ဟု ခံစားနေမိသည်။
*သူတို့က အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်တွေလေ၊ ဘယ်လိုလုပ် သူတို့က အင်မော်တယ်ဂိုဏ်းချုပ်အဆင့်ကို ကျေးကျွန်လို ဒူးထောက်နေတာလဲ၊ အံ့ဩစရာပဲ*
တိမ်ပျံသခင်လေး၏ စကားကြောင့် နယ်မြေခုနစ်ရာ၏ အရှင်သခင်များနှင့် ရာချီသော အင်မော်တယ်ဘုရင်အဆင့်များက သူ့ကို ပြန်လှည့်ကြည့်လာကြသည်။
အေးစက်လွန်းသည်။ ခက်ထန်လွန်း၏။ သူတို့၏ အကြည့်များက သေလူတစ်ယောက်ကို ကြည့်နေသလိုပင်။
အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်ဖြစ်သည့် တိမ်ပျံသခင်လေးတောင်မှ ကြက်သီးထသွားရသည်။ ထိုမျှနှင့် မပြီးသေးချေ။
“သူ့ကိုသတ်လိုက်”
ယဲ့ဖန်၏ အမိန့်သံအဆုံး၌ တိမ်ပျံတောင်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားလေသ်။ များစွာသော အင်မော်တယ်ဘုရင်အဆင့်များစွာက တိမ်ပျံသခင်လေးထံသို့ ပြေးဝင်သွားကြသဖြင့် မိုးကောင်းကင်နှင့် မြေကြီးတို့ တုန်ခါသွားရသည်။
“သတ်”
ပြင်းထန်သည့် လူသတ်လိုသော အငွေ့အသက်များက တိမ်ပျံသခင်လေးအား လွှမ်းခြုံလာသည်။ ဤမြင်ကွင်းကိုကြည့်ပြီး တိမ်ပျံဂိုဏ်း၏ ထိပ်ပိုင်းအကြီးအကဲများက ဒေါသထွက်သွားပြီး အော်ဟစ်လာကြသည်။
သို့သော် နယ်မြေခုနစ်ရာ၏ အရှင်သခင်များနှင့် အခြားသူများသည် နတ်ဆိုးများသာ ဖြစ်ကြပြီး ပြင်းထန်သည့် လူသတ်သိုင်းကွက်များဖြင့် တိမ်ပျံဂိုဏ်း၏ အကြီးအကဲတစ်ယောက်ကို သုတ်သင်လိုက်သည်။ ခြောက်သွေ့နေသော ပေါင်းပင်များနှင့် ဆွေးမြည့်နေသော သစ်သားများကို ရှင်းသကဲ့သို့ သတ်ဖြတ်လာသည်။
ကောင်းကင်၌ သွေးရောင်များဖြင့် ပြည့်နှက်နေ၏။ တိမ်ပျံဂိုဏ်း၏ သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်ကိုကြည့်ပြီး တိမ်ပျံသခင်လေး၏ မျက်လုံး၌ ဒေါသနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်လာသည်။
“သစ္စာဖောက်အဖွဲ့တွေ၊ ဒီလိုဆိုမှတော့ မင်းတို့အားလုံး သေလိုက်တော့”
ထိုသို့ပြောပြီး တိမ်ပျံသခင်လေးသည် ကြမ်းပြင်ကို ခြေဆောင့်ကန်၍ ခုန်ဝင်သွားသည်။ တိမ်ပျံတောင်တစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်လာရသည်။ တောင်ထိပ်ပေါ်၌ ညာသံပေး၍ တိုက်ခိုက်သံများက တိမ်ပျံသခင်လေးထံသို့ ပျံ့နှံ့လာသည်။
ကောင်းကင်တစ်ခုလုံး ရုတ်တရက် မှောင်မည်းလာသည်။ သားရဲတစ်ကောင် ဒေါသထွက်နေသကဲ့သို့ တစ်လောကလုံး အရောင်ပြောင်းလာသည်။ တိမ်ပျံသခင်လေးထံမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာ၏။
“မိုးစက်မုန်တိုင်း လောကကြီးကို တိတ်ဆိတ်သွားအောင် လုပ်လိုက်စမ်း”
မိုးခြိမ်းသံကဲ့သို့သော အသံအဆုံး၌ အားလုံး၏စိတ်ထဲသို့ မရဏအငွေ့အသက်များ ဝင်ရောက်လာသလို ခံစားလိုက်ရသည်။
အားလုံး၏ အံ့ဩနေသော အကြည့်အောက်၌ ကောင်းကင်ထက်ရှိ တိမ်တိုက်များထံမှ လေသံများ ထွက်ပေါ်လာပြီး မိုးစက်များ တဖွဲဖွဲ ကျဆင်းလာသည်။
မိုးစက်တစ်စက်တိုင်း၌ မရဏ အငွေ့အသက်များ ပါဝင်နေသည်။ ထိုမိုးစက်များသည် နတ်ဘုရားအဆင့် လက်နက်တစ်ခုကဲ့သို့ ထက်ရှလှသည်။ ထိုမိုးစက်များ ကောင်းကင်ထက်မှ ကျဆင်းလာသောအခါ အော်ဟစ်သံများက အတောမသတ်နိုင်အောင် ထွက်ပေါ်လာသည်။
ကောင်းကင်တစ်ခုလုံး မိုးစက်များကြောင့် စုတ်ပြဲလာပုံရသည်။ ပြင်းထန်သော အဖျက်စွမ်းအင်ပါဝင်သည့် မိုးစက်များက နယ်မြေခုနစ်ရာ၏ အရှင်သခင်များ၊ ရာချီသော အင်မော်တယ်ဘုရင်အဆင့်များနှင့် အခြားသူများထံသို့ ကျဆင်းလာသည်။
ထိုအခါ အားလုံး ကြက်သီးထရသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ မိုးစက်များသည် လူ့ကိုယ်ပေါ်သို့ ကျဆင်းလာသည်နှင့် ချက်ချင်းဆိုသလို အင်မော်တယ်ဘုရင်အဆင့်တစ်ယောက်၏ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားပြီး သွေးများ ပန်းထွက်လာသည်။
ထို့နောက် အော်သံများ ထွက်ပေါ်လာပြီး အင်မော်တယ်ဘုရင်အဆင့်တစ်ယောက် အော်ဟစ်ပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ ထို့အတူ အခြားသူများလည်း မိုးစက်များကြောင့် သူတို့၏ ခန္ဓာကိုယ်များ ထိုးခွင်းခံလိုက်ရပြီး သွေးများက ရေသဖွယ် ပန်းထွက်လာလေသည်။
တိမ်ပျံတောင်ကြီးတစ်ခုလုံးတောင်မှ မိုးစက်များကြောင့် ဖျက်ဆီးခံနေရသည်။ မိုးစက်တစ်စက် ကျလာသည်နှင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရကြသည်။
ရာချီသော အင်မော်တယ်ဘုရင်အဆင့်များနှင့် တစ်ထောင်နီးပါးရှိသော အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်များသည် တစ်ယောက်ပြီးတစ်ယောက် သွေးထွက်သံယိုဖြစ်ပြီး သေလုနီးပါး ဖြစ်နေကြသည်။
နယ်မြေခုနစ်ရာ၏ အရှင်သခင်များတောင်မှ တိုက်ပွဲဝင်ပြီးနောက် မောပန်းကာ သွေးအလိမ်းလိမ်း ဖြစ်နေကြသည်။
ယခုအချိန်၌ တောင်ထိပ်ပတ်လည်မှ လူများအားလုံး မှင်တက်၍ ထိတ်လန့်နေသည်။ အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်သို့ ရောက်နေသော တိမ်ပျံသခင်လေးက ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
“ဟားဟားဟား … သုံးစားမရတဲ့လူတွေ”
ထိုစဉ် တိမ်ပျံသခင်လေးက တောင်ထိပ်၌ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေသည်။ သူသည် အပြင်းအထန် ဒဏ်ရာရနေသော အင်မော်တယ်ဘုရင်အဆင့်များကို အထင်သေးသလို တစ်ချက်ကြည့်ပြီးနောက် ယဲ့ဖန်အား ပျက်ရယ်ပြုသလို ပြုံး၍ စူးစိုက်ကြည့်လာသည်။
“ဟေ့ကောင် နယ်မြေခုနစ်ရာက အရှင်သခင်တွေ မင်းကို ထောက်ပံ့ပေးတာနဲ့ပဲ မင်း ငါ့ကို သတ်နိုင်မယ်လို့ တကယ် ထင်နေတာလား။ အရူး စောက်ရူး”
“ငါက မင်း ထင်မထားလောက်အောင် သန်မာတယ်ကွ။ ငါ့မျက်လုံးထဲမှာ မင်းက ပုရွက်ဆိတ်သာသာပဲ။ အဲ့လောက်ပဲကွ”
မောက်မာလွန်းသည်။ ဖိနှိပ်လွန်း၏။
တိမ်ပျံသခင်လေးသည် ယဲ့ဖန်ထံသို့ တစ်လှမ်းချင်းလှမ်းလာသည်။ တစ်လှမ်းလှမ်းလိုက်တိုင်း သူ၏လှောင်ပြုံးက ပို၍ ပီပြင်လာလေသည်။
“စိတ်မပူပါနဲ့၊ ငါ မင်းကို မြန်မြန်မသေခိုင်းပါဘူး။ ငါ မင်းကြွက်သားကို ဆန့်ငင်ဆန့်ငင် ဖြစ်အောင်လုပ်မယ်၊ မင်းအရေပြားကို နွှာပစ်မယ်၊ မင်းအရိုးကို ချိုးမယ်။ မင်း ခေါင်းကိုဖြတ်ပြီး အန်းရှီ ငါနဲ့ ပျော်ပါးနေတာကို ကြည့်ခိုင်းမယ်ကွ။ ဟားဟားဟား …”
တိမ်ပျံသခင်လေး၏ အပြုံးက ပို၍ပီပြင်လာ၏။ ဤသည်ကိုမြင်သော်လည်း ယဲ့ဖန်က သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ အေးအေးဆေးဆေး ကြည့်နေသည်။
“မင်း သေချာလား”
*ဟမ်*
တည်ငြိမ်နေသော ယဲ့ဖန်၏ အမူအရာကိုကြည့်ပြီး တိမ်ပျံသခင်လေး မျက်မှောင်ကြုတ်သွားသည်။ သေးနုပ်သော အင်မော်တယ်ဂိုဏ်းချုပ်က နည်းနည်းလေးတောင် မကြောက်ဘဲ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိချေ။
ဘေးနားမှ လင်ဖေးယွီနှင့် အခြားသူများအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။ အမှန်အတိုင်း ပြောရလျင် တိမ်ပျံသခင်လေးသည် အင်အားကြီး၍ ကြောက်စရာကောင်းသည်။ ယဲ့ဖန်နှင့် သူ၏ကြားမှ အဆင့်ကွာခြားချက်သည် အလွန် ကြီးမားလှပေ၏။ အားလုံး ထိတ်လန့်နေချိန်တွင် ယဲ့ဖန်က ပခုံးအသာတွန့်၍ ပြုံးတုံ့တုံ့ လုပ်နေသည်။
“စိတ်မကောင်းပါဘူး၊ ငါ မင်းကို မကယ်နိုင်ဘူး”
*ဘာ*
အားလုံး ကြားလိုက်ရသည့်စကားကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။
*ဒီလိုအချိန်မျိုးမှာ ဒီကောင်က ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ*
*သေရမှာတောင် မသိပါလား*
တိမ်ပျံသခင်လေးသည် အံကိုကျိတ်၍ ပျက်ရယ်ပြုချင်နေသည်။ ထိုအချိန်တွင် သေးငယ်သော ပုံရိပ်လေးတစ်ခုက ယဲ့ဖန်ရှေ့ ပိတ်ရပ်လာသည်။
ကလေးမလေးတစ်ယောင်ပင်။ အရုပ်မလေးကဲ့သို့ ဖြူဝင်း၍ သေးသွယ်သော ခန္ဓာကိုယ်ရှိပြီး မျက်နှာသေးသေးလေးက အလွန်လှပ၍ စွဲမက်ဖွယ်ကောင်းလွန်းလှကာ အန်းရှီနှင့် အတော်လေး ဆင်တူသည်။ အန်းရှီ အသေးစားလေးလိုပင်။
*ဒါက …*
တိမ်ပျံသခင်လေး တန့်ခနဲ ဖြစ်သွားသည်။ သူ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
*တူလိုက်တာ*
*အန်းရှီနဲ့ တစ်ထေရာတည်းပဲ*
ဤသည်က သူ့ရင်ကို တဒိန်းဒိန်း ဖြစ်သွားစေပြီး သူ့မျက်နှာအား နီမြန်းသွားစေသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်။ အန်းရှီရယ်၊ အန်းရှီ အသေးစားလေးရယ်။ ဒါ ဘုရားသခင်က ပေးတဲ့လက်ဆောင်ပဲ”
သူ့စကားအဆုံး၌ ရေခဲချွန်တစ်ခုက သူ့ရင်ကို လာစိုက်သကဲ့သို့ ခံစားလိုက်မိသည်။ သူ့ရှေ့မှ ကလေးမလေးက သူ့အား ရေခဲတမျှ အေးစက်လှသည့် အကြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို သူ မြင်လိုက်ရသည်။
“လူတော်တော်များများက အစ်ကိုကြီးကို အဲ့လို ပြောခဲ့ဖူးကြတယ်။ ကံမကောင်းတာက သူတို့ ငရဲ ရောက်သွားပြီး ပြန်တောင် မဝင်စားနိုင်တော့ဘူး”
“မှတ်ထား၊ နင် ကောင်းကင်ကို ဖျက်ဆီးလည်းရတယ်၊ မြေကမ္ဘာကို ဖျက်ဆီးလိုက်လည်း ရတယ်၊ ဒါပေမဲ့ နင် … သူ့ကို အရှက်ခွဲလို့ မရဘူး”
Chapter 593 ကြောက်စရာကောင်းသော ဖီးနစ်
*သူ့ကို အရှက်ခွဲလို့ မရဘူးတဲ့လား*
ကလေးမလေး၏ ပါးစပ်မှ ထွက်လာသော ထိုစကားသံက ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်မျိုးကို ပေးစွမ်းလာသည်။
သို့သော် အားလုံးသည် သူတို့၏ ကျောပြင်၌ အေးစိမ့်မှုတစ်မျိုး ဖြတ်သန်းသွားလိုသလို ခံစားရပြီး ချမ်းစိမ့်စိမ့် ဖြစ်လာကြသည်။
ထိုကလေးမလေးသည် သာမန် ကလေးမလေးတစ်ယောက် မဟုတ်ဘဲ ထိပ်တန်း ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ပုံရသည်။
“ဟားဟားဟား …”
တိမ်ပျံသခင်လေး တစ်ယောက်တည်းသာ အရယ်ရဆုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည်ဟု ထင်မှတ်နေ၏။ သူသည် ဟွမ်အာအား ဖုံးဖိမရနိုင်သည့် လောဘတက်၍ ရမက်ကြွနေသော အကြည့်များဖြင့် စူးစိုက်ကြည့်နေသည်။
“ညီမလေး အဲ့ကောင်က ဘာမဟုတ်တဲ့ကောင်ပါကွာ၊ မင်းက ဘာလို့ သူ့အတွက် ကာပေးနေရတာလဲ”
“ကဲ … ငါ့နောက်သာ လိုက်ခဲ့၊ ငါ မင်းကို သခင်မလေး ဖြစ်အောင် လုပ်ပေးနိုင်တယ်၊ မင်းကို သန်းပေါင်းများစွာသော လူတွေ ဦးညွှတ်လာအောင် လုပ်ပေးမယ်”
“ဘယ်လိုလဲ”
တိမ်ပျံသခင်လေး အထင်သေးသလို ပြုံးနေသည်။ ယဲ့ဖန်က ဘာကိုမျှမလုပ်ခဲ့ဟု သူ တွေးမိသဖြင့် ကလေးမလေးတစ်ယောက်က ယဲ့ဖန်အတွက် ရှေ့ထွက်လာလိမ့်မည်ဟု သူ ထင်မထားမိချေ။
ဤသည်မှာ လက်ခံချင်စရာမကောင်းပေ။ ယခုအချိန်၌ တိမ်ပျံသခင်လေးသည် ယဲ့ဖန်ကို အလွန်အမင်း အထင်သေးလျက် ရှိသည်။
လင်ဖေးယွီနှင့် စီနီယာအစ်ကိုကောတို့တောင်မှ ခေါင်းတခါခါနှင့် ဟွမ်အာကို သနားသလို ကြည့်နေကြသည်။
“အစ်ကိုကြီး ယဲ့ဖန်၊ သူ … သူက အစ်မဟွမ်အာလား”
အန်းရှီသည် ဟွမ်အာအား အလွန် အံ့ဩနေသော အကြည့်များဖြင့် ကြည့်နေမိသည်။ သူမ ဟွမ်အာအကြောင်း ကြားဖူးပြီး သူမက ဟွမ်အာနှင့် တူမှန်း သိနေသော်လည်း ဤမျှတူနေလိမ့်မည်ဟု သူမ ထင်မထားမိချေ။ ရွှံ့စေးဖြင့် ပုံတူရုပ်တု ထုထားလေသလား ထင်မှတ်ရသည်။
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
“အင်း သူက ဟွမ်အာလေ၊ စိတ်မကောင်းစရာက သူက မှတ်ဉာဏ်ခန္ဓာကိုယ်သက်သက်ပဲ”
*မှတ်ဉာဏ်ခန္ဓာကိုယ်တဲ့လား*
အန်းရှီသည် တစ်ခဏမျှ မှင်တက်နေပြီးနောက် စိုးရိမ်လာသည်။
“အစ်ကိုကြီးယဲ့ဖန်၊ အစ်မဟွမ်အာက တိမ်ပျံသခင်လေးကို ခုခံနိုင်ပါ့မလား။ အဲ့ဒီတိမ်ပျံသခင်လေးက တအားကြောက်ဖို့ကောင်းတာ၊ အထင်သေးလို့မရဘူး”
*တိမ်ပျံသခင်လေးက တအားကြောက်ဖို့ကောင်းတယ်တဲ့လား*
သူမစကားကြောင့် ခရမ်းပြာ နတ်သမီးနှင့် ဘေးပတ်လည်မှလူများအားလုံး မျက်နှာဖြူရော်သွားသည်။ အစောပိုင်းတုန်းက မိုးစက်မုန်တိုင်းသည် သူ၏သိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်။
သို့သော် နယ်မြေခုနစ်ရာ၏ အရှင်သခင်နှင့် ရာချီသော အင်မော်တယ်ဘုရင်အဆင့်များ အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားကြသည်။ မြင်တွေ့နေရသည့် အခြေအနေမှ အလွန် သွေးပျက်ဖွယ်ကောင်းလှသည်။
အံ့ဩစရာကောင်းသည်မှာ ယဲ့ဖန်က လုံးဝစိတ်မပူပဲ အသာပြုံးနေ၏။
“လောကသခင်သုံးပါးကလွဲရင် ဘယ်သက်ရှိလူသားကမှ ဟွမ်အာကို အနိုင်မယူနိုင်ဘူး”
*ဘာ*
ထိုစကားကြောင့် အန်းရှီနှင့် ခရမ်းပြာ နတ်သမီးသာမက အခြားသူများပါ အထိတ်တလန့် ဖြစ်သွားရသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့သည် အရှေ့မှ ဟွမ်အာအား မယုံသင်္ကာဟန်ဖြင့် ဝိုင်းကြည့်လာကြသည်။ ထိုအချိန်တွင် ဟွမ်အာက တိမ်ပျံသခင်လေးကို သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
“ကြွက်သားကို ဆန့်ငင်ဆန့်ငင် ဖြစ်အောင်လုပ်မယ်၊ အရေခွံနွှာမယ်၊ အရိုးချိုးမယ်၊ ခေါင်းဖြတ်မယ်ပေါ့”
“နင်က အစ်ကိုကြီးကို အဲ့လိုသတ်ချင်တယ်ဆိုမှတော့ ငါကလည်း တတ်နိုင်သလောက် ထပ်တူဖြစ်အောင် လုပ်ပေးရတာပေါ့”
ခက်ထန်သော အသံအဆုံး၌ ဟွမ်အာသည် တိမ်ပျံသခင်လေးထံသို့ တစ်လှမ်းချင်း လှမ်းသွားသည်။ ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ လူများအားလုံး ဆူညံပွက်လောရိုက်သွားကြသည်။
အားလုံး၏အမြင်တွင် နူးညံ့သော ကလေးမလေးတစ်ယောက်က ကြောက်စရာကောင်းသော တိမ်ပျံသခင်လေးကို ယှဉ်၍တိုက်ခိုက်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်။
တိမ်ပျံသခင်လေးတောင်မှ ခက်ထန်သော မျက်လုံးများဖြင့် ညစ်ကျယ်ကျယ် ပြုံးနေ၏။
“တော်တော် မဆင်မခြင်လုပ်တတ်တဲ့ ကလေးမလေးပဲ”
“ဒီလိုဆိုမှတော့ ဒီသခင်လေးက မင်းကို သိမ်းပိုက်ရတာပေါ့”
ထို့နောက် တိမ်ပျံသခင်လေးက သူ့လက်ကို လှုပ်လိုက်သည်။ ကောင်းကင်ထက်မှနေ၍ မိုးစက်များက ဟွမ်အာပေါ်သို့ သည်းကြီးမည်းကြီး ကျဆင်းလာသည်။
ဤမြင်ကွင်းက အားလုံးကို သွေးပျက်သွားစေသည်။ ဤသို့ လှပသည့် ကလေးမလေးက မိုးစက်မုန်တိုင်းထဲ သေရတော့မည်ဟု တွေးမိပြီး အားလုံး ခေါင်းခါရင်း သက်ပြင်းချလိုက်မိကြသည်။
ဟွမ်အာသာလျင် ထိုအရာကိုမမြင်သကဲ့သို့ တိမ်ပျံသခင်လေးထံသို့သာ လှမ်းသွားမြဲသွားနေ၏။
မီတာ ငါးဆယ်၊ မီတာသုံးဆယ်၊ မီတာနှစ်ဆယ်။ တဖြည်းဖြည်း နီးသထက် နီးလာသည်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် ကောင်းကင်ထက်မှနေ၍ မိုးစက်များ ရွာသွန်းလာသည်။ ထိုစဉ် ဟွမ်အာက လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သည်။
ထို့နောက် မိုးစက်များသည် အေးခဲသွားသကဲ့သို့ လေထဲမှာပင် ရပ်တန့်သွားသည်။ မိုးစက်များက တလက်လက်တောက်၍ ကြည်လင်နေသော မိုးစက်များက လေထဲမှာပင် ရပ်နေလေသည်။ မြေကြီးပေါ်သို့ နည်းနည်းလေးမျှ ကျမလာချေ။
*ဒါက*
လူတိုင်း မှင်တက်သွားကြပြီး မျက်လုံးပြူးကျယ်သွားသည်။ အထူးသဖြင့် တိမ်ပျံသခင်လေးပင်၊ သူသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
သူ၏ မိုးကြိုးမုန်တိုင်းသည် အထွတ်အထိပ်သို့ ရောက်ထားပြီးသား ဖြစ်သည်။ သူ့ကဲ့သို့ အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်တောင်မှ ရှောင်တိမ်းရုံမျှသာ တတ်နိုင်သည်။ ယခုအခါတွင် လေထဲတွင် တန့်နေသည်က မယုံနိုင်စရာကောင်းလှ၏။
*အန္တရာယ်များတဲ့ ရန်သူပဲ*
တိမ်ပျံသခင်လေးသည် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး ဟွမ်အာအား ထိတ်လန့်ဒေါသထွက်နေသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။
“လေခွင်းဓားချက်”
သူ၏အော်သံနှင့်အတူ ကောင်းကင်ထက်မှနေ၍ လေတိုက်သံထွက်ပေါ်လာပြီး ထိုလေတိုးသံက ထက်ရှသော ဓားတစ်လက်အသွင်သို့ ပြောင်းသွားသည်။ တိမ်စိုင်များက ရုတ်တရက် ဓားတစ်လက်အသွင် ပြောင်းလာပြီး ဟွမ်အာထံသို့ သည်းကြီးမည်းကြီး သက်ဆင်းလာ၏။
လေတိုးသံကပင် လေဟာနယ်အား အက်ကွဲသွားစေသည်။ ထိုအရာသည် မိုးစက်များကဲ့သို့ပင် ကြောက်စရာ ကောင်းလှပေသည်။
လေခွင်းဓားချက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို အားလုံး ခံစားမိပြီး ကြက်သီးထလာကြသည်။ အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် ဆိုလျင်တောင်မှ အပြင်းအထန် ဒဏ်ရာရသွားလောက်သည်။
ထိုအခါ ဟွမ်အာက ခေါင်းကိုမော့၍ ကောင်းကင်ထက်မှ လေခွင်းဓားချက်ကို မော့ကြည့်လာသည်။ သူမမျက်ဝန်းများက အရာဝတ္ထုတစ်ခုကို ဖန်တီးနေသလိုပင်။
ဂျွတ်။
ထိုစဉ် ကောင်းကင်ထက်မှ လေခွင်းဓားချက်သည် ရုတ်တရက် အက်ကွဲလာ၏။ နောက်ဆုံးတွင် တစ်စစီဖြစ်၍ ပျောက်ကွယ်သွားလေသည်။
ထိုအခါ တိမ်ပျံတောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။
*ဒါ … ဒါ ဒဏ္ဍာရီလာ ကျင့်စဉ်ပဲ*
“မဟုတ်ဘူး … ဒါ အမှန်မဟုတ်ဘူး”
တိမ်ပျံသခင်လေး အလွန် မျက်နှာပျက်ကာ ထိတ်လန့်၍သွေးပျက်နေသည်။ ချွေးစေးများက သူ့နဖူးပေါ်မှ တဒီးဒီး စီးကျနေသည်။
ယခုအခါတွင် သူသည် ဟွမ်အာအား မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြည့်နေသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် အားတင်းထားရုံသာ တတ်နိုင်သည်။ ထို့နောက် သူသည် တိုက်ကွက်အားလုံးကို ထုတ်သုံးလာ၏။
“မိုးသက်မုန်တိုင်း”
“ခက်ထန်သော သတ်ဖြတ်ခြင်း”
“…”
ထိုသို့သောအချိန်၌ အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်၌ ပြင်းထန်သည့် လူသတ်စွမ်းအင်များက ကောင်းကင်ထက်မှနေ၍ ဟွမ်အာထံသို့ ကျရောက်လာသည်။
မိုးကောင်းကင်နှင့် မြေကြီးအား တုန်ခါစေ၍ ဂြိုဟ်များကိုပင် ဖျက်ဆီးနိုင်သည်ဟု ထင်မှတ်မှားရသည်။ လူတိုင်းသည် ထိုစွမ်းအင်ကို ခံစားမိပြိးနောက် ချောက်နက်ထဲ ကျသွားသလို ခံစားလိုက်မိသည်။
ဟွမ်အာကတော့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လက်ကိုသာ ဝှေ့ယမ်းသွားသည်။ ထိုအခါ ထိုလူသတ်စွမ်းအင်များက ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေသည်။
သူမသည် သေမင်းတမန်သဖွယ် တိမ်ပျံသခင်လေးထံသို့ တစ်စထက်တစ်စ နီးကပ်သွားသည်။ ဤသည်က သူ့အား ပို၍ ထိတ်လန့်သွားစေသည်။ နောက်ဆုံးတွင် ဟွမ်အာသည် နောက်ဆုံးခြေလှမ်း လှမ်းလိုက်ပြီးနောက် သူမခြေဖဝါးအောက်မှနေ၍ ထိတ်လန့်ဖွယ် လှိုင်းတစ်ခု ပျံ့နှံ့လာသည်။
ဘေးပတ်လည်မှ လေထုသည် ပြင်းထန်သည့် အဖျက်စွမ်းအင်များ ပါဝင်သကဲ့သို့ သတ်ဖြတ်နိုင်သည့်ဟန်ဖြင့် တိုက်ခတ်လာသည်။
“မကောင်းတော့ဘူး”
ဤမြင်ကွင်းကိုကြည့်ပြီး တိမ်ပျံသခင်လေး သေမတတ် ကြောက်လန့်သွားပြီးနောက် လှစ်ခနဲ လှုပ်ရှား၍ ထွက်သွားရန် ပြင်လေတော့သည်။ ထိုစဉ် ဖြူဝင်းသော လက်သေးသေးလေးတစ်ဖက်က သူ့လက်မောင်းကို လှမ်းဆွဲလာ၏။
“ကြွက်သားတွေကို ဆန့်ငင်ဆန့်င် ဖြစ်အောင် လုပ်မယ်”
*ဘာ*
တိမ်ပျံသခင်လေး တောင့်ခနဲ ဖြစ်သွားပြီး ထိုလက်လေးတစ်ဖက်၌ သန်းပေါင်းများစွာသော တိုက်ပွဲဝင်ခွန်အားများ ပါဝင်နေသည်ဟု ခံစားမိပြီး သူ အသည်းအသန် ရုန်းပါသော်လည်း လွတ်မြောက်ရန် ခက်ခဲနေ၏။
ထိုလက်လေးက အားအနည်းငယ် ထည့်လိုက်ချိန်တွင် လက်သည်းက သူ့လက်မောင်းထဲသို့ ထိုးစိုက်လာ၏။ ထို့နောက် စုတ်ပြဲသံ ထွက်ပေါ်လာသည်။
တိမ်ပျံသခင်လေးသည် သူ့ကြွက်သားများ ဆွဲဖြဲခံလိုက်ရသလို ခံစားမိသည်။ ပြင်းထန်သော နာကျင်မှုအား သူ့အား အသည်းအသန် အော်ညည်းမိစေသည်။
“အား…”
တိမ်ပျံသခင်လေး အလွန်အမင်း မှင်တက်နေသည်။ သူသည် အားမရှိသကဲ့သို့ ကြက်သေသေနေမိပြီး သူ့ရှေ့၌ ဟွမ်အာက အေးအေးလူလူရပ်၍ သွေးတံသရဲရဲနှင့် သူ့ကိုယ်ထဲမှ ကြွက်သားစိုင်ကို တင်းနေအောင် ဆုပ်ကိုင်ထား၏။
သူမပုံစံက နတ်ဆိုးအမျိုးသမီးတစ်ယောက်နှင့် တူနေလေသည်။ သွေးသံတရဲရဲနှင့် တုန်လှုပ်ဖွယ် ကောင်းလှ၏။
Chapter 594 မင်းကိုလွှတ်ပေးရမယ် ဟုတ်လား
ထိတ်လန့်သွားသည်။ ထိုသို့သောအချိန်၌ တိမ်ပျံတောင်ထိပ်ပေါ်တွင် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်နေသံမှလွဲ၍ တိတ်ဆိတ်လျက် ရှိသည်။
လူတိုင်းသည် ကြမ်းတမ်းသော တိမ်ပျံသခင်လေးနှင့် ကြွက်သားများကို ဆွဲစုတ်နေသော ဟွမ်အာကိုကြည့်ပြီး အလွန်အမင်း မှင်တက်နေကြသည်။
ထိုလှပသော ကလေးမလေးက ဤမျှ ရက်စက်တတ်လိမ့်မည်ဟု ထင်မထားမိသဖြင့် အံ့အားသင့်နေသည်။ တိမ်ပျံသခင်လေး၏ အဖြစ်ဆိုးကိုကြည့်ပြီး အားလုံး ကတုန်ကယင် ဖြစ်လာကြသည်။
“မဟုတ်ဘူး၊ မင်း … မင်း ဘယ်လိုလုပ် ငါ့တိမ်ပျံဂိုဏ်းက သိုင်းကွက်တွေကို ချိုးဖျက်နိုင်တာလဲ”
ထိုသို့သောအချိန်၌ အထိတ်လန့်ဆုံးသောသူမှာ တိမ်ပျံသခင်လေးပင်။ သူသည် မြေကြီးပေါ်ပစ်လဲကျသွားပြီး သူ့ကြွက်သားများ ဆွဲထုတ်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကြောင့် တုန်ယင်နေသည်။ သူသည် ဟွမ်အာအား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
ဟွမ်အာ၏မျက်လုံးများကမူ အေးစက်မြဲ အေးစက်နေ၏။
“ငါ့အစ်ကိုကြီးကို စော်ကားမော်ကား ပြောခဲ့တယ်။ နင် ငရဲရောက်မှ နောင်တရလိုက်တော့”
“အရေခွံနွှာမယ်”
ထိုစကားကြောင့် တိမ်ပျံသခင်လေး အလွန်အမင်း ကြောက်လန့်သွားသည်။ သူသည် နတ်ဘုရားစွမ်းအင်ကို လည်ပတ်စေလိုက်ပြီးနောက် ကမန်းကတမ်း ထွက်ပြေးရန် ပြင်လေသည်။
ထိုသို့သောအချိန်၌ ချွန်ထက်သော လက်သည်းများက သူ၏အရေပြားထဲသို့ လျင်မြန်စွာ စိုက်ဝင်လာသည်။ ထို့နောက် ဟွမ်အာသည် သူမ၏ လက်လေးများဖြင့် ရုတ်တရက် ဆွဲဖြဲလေတော့သည်။
တိမ်ပျံသခင်လေး၏ အရေပြားမှနေ၍ အသားလန်သွားသည့် အသံများ ထွက်ပေါ်လာ၏။ တိမ်ပျံသခင်လေး၏ နောက်ကျော၌ အရေပြားများ စုတ်ပြဲနေပြီး ပြင်းထန်သည့် နာကျင်မှုကြောင့် သူ ခံရခက်နေသည်။
“မလုပ်နဲ့”
ယခုအချိန်၌ တိမ်ပျံသခင်လေးသည် ထင်မှတ်မထားလောက်အောင် ကြောက်လန့်နေသည်။ သူ မလူးသာမလွန့်သာ အခြေအနေမျိုး ရောက်လာလိမ့်မည်ဟု ထင်မထားမိသဖြင့် သူ သွေးပျက်ကာ နောင်တရနေ၏။ အကယ်၍ ဤသို့ဖြစ်လာမည်မှန်းသာ သူ သိခဲ့ပါက ဤရူးမိုက်သော ကလေးမလေးကို သူ ရန်စမိမည် မဟုတ်ပါ။ သို့သော် ဤသည်မှာ အစသာ ရှိချေသေးသည်။
“အရိုးကိုချိုးမယ်”
ထိုအသံအဆုံး၌ ဟွမ်အာသည် သူမ၏ ခြေထောက်သေးသေးလေးဖြင့် တိမ်ပျံသခင်လေး၏ ကျောကို နင်းခြေလိုက်သည်။
ဂျွတ်! ဂျွတ်!
တိမ်ပျံသခင်လေးထံမှနေ၍ အရိုးကျိုးသံများက တဖြောက်ဖြောက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက တိမ်ပျံသခင်လေး၏ အရိုးများကို ကျိုးကြေသွားစေသည်။
ကျောရိုးကျိုးသွားသည်၊ နံရိုးများ ကျိုးလာသည်။ လက်မောင်းရိုးနှင့် ခြေထောက်မှ အရိုးများ ကျိုးကြေလာ၏။
ခံရခက်လှသည့် နာကျင်မှုကြောင့် တိမ်ပျံသခင်လေးသည် ငရဲကျခံနေသကဲ့သို့ ငယ်သံပါအောင် အော်ဟစ်နေရသည်။
“နာတယ်၊ ငါ့ကို သတ်လိုက်ပါ၊ ငါ့ကိုသာ သတ်လိုက်ပါတော့”
တိမ်ပျံသခင်လေး သွေးအလိမ်းလိမ်း ဖြစ်နေသည်။ အရိုးကျိုးသွားသည့် နာကျင်မှုက သူ့အား မခံမရပ်နိုင် ဖြစ်စေသည်။ သို့သော် ဟွမ်အာက သူ့အော်သံများကို မကြားသကဲ့သို့ ပြုမူနေသည်။
“ခေါင်းဖြတ်ပစ်မယ်”
ရွှစ်!
ထိုစကားအဆုံး၌ တိမ်ပျံသခင်လေး၏ လည်ပင်းမှနေ၍ သွေးများ ပန်းထွက်လာသည်။ သူ့ဦးခေါင်းတစ်ခုလုံးသည် တိမ်ပျံသခင်လေးကြောင့် ပြတ်ထွက်သွားလေသည်။ ထိုဦးခေါင်းမှနေ၍ ရဲရဲနီသော သွေးစက်များက တတောက်တောက် စီးကျနေ၏။ သွေးသံတရဲရဲနှင့် ခြောက်ခြားဖွယ်ကောင်းလှသည်။
ယခုအချိန်၌ တောင်ထိပ်ပေါ်ရှိ လူများအားလုံး ကတုန်ကယင် ဖြစ်နေကြသည်။ သူတို့သည် အဖြစ်ဆိုးလှသည့် တိမ်ပျံသခင်လေးကိုတစ်လှည့် လှပသော ဟွမ်အာကို တစ်လှည့် ကြည့်နေမိသည်။
ယခုအချိန်ထိ ဤသို့ သွေးစွန်း၍ ရက်စက်သော နည်းလမ်းများက လှပသော ကလေးမလေးထံမှ ထွက်လာခြင်းဖြစ်ကြောင်း သူတို့ လက်မခံနိုင်သေးချေ။
“တော်တော် … ရက်စက်တာပဲ”
လင်ဖေးယွီနှင့် စီနီယာအစ်ကိုကောတို့၏ နဖူးမှနေ၍ ချွေးစေးများ စိးကျလာသည်။ သူတို့သည် ထိတ်လန့်ခြောက်ခြားနေသော အကြည့်များဖြင့် ဟွမ်အာကို လှမ်းကြည့်နေကြသည်။ တစ်ဖက်လူသည် တကယ့် နတ်ဆိုးတစ်ကောင် ဖြစ်ပုံပေါ်ပြီး သူတို့အား တုန်ယင်သွားစေသည်။
“ငါ့ … ငါ့ အင်မော်တယ် အသက်သွင်းကျင့်စဉ်”
သို့သော် ထိုသို့သောအချိန်၌ တိမ်ပျံသခင်လေး၏ ဦးခေါင်းပြတ်မှနေ၍ ရှင်းလင်းကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများ ပြူးကျယ်နေသည်။ အစောပိုင်းအခါက သူသည် အင်မော်တယ် အသက်သွင်းကျင့်စဉ်ကို ဖော်ထုတ်ချင်သော်လည်း သူ၏ အင်မော်တယ်စွမ်းအင်များက ချိပ်ပိတ်ခံထားလိုက်ရပြီး တစ်စက်လေးမျှ မထုတ်ဖော်နိုင်သည်ကို တွေ့လိုက်ရသည်။
*မဟုတ်ဘူး*
သူသည် အင်မော်တယ်စွမ်းအင်ကို ထပ်ခါထပ်ခါ ထုတ်ဖော်သော်လည်း အကြိမ်တိုင်း သူ မအောင်မြင်ချေ။
“မင်း … မင်း ဘယ်လိုလုပ်လိုက်တာလဲ”
တိမ်ပျံသခင်လေး၏ သွေးသံတရဲရဲနှင့် ဦးခေါင်းသည် မယုံနိုင်ဟန်ဖြင့် ခြောက်ခြားနေသည်။ သူ၏ အင်မော်တယ်စွမ်းအင်ကို ချိပ်ပိတ်ထားနိုင်သည့် အစွမ်းရှိသဖြင့် ဤကလေးမလေးက အလွန်သန်မာ၍ ကြောက်စရာကောင်းသည်မှာ သေချာလှသည်။
“ငါ ဘယ်လိုလုပ်လိုက်လဲဆိုတာကို နင် သိဖို့မလိုဘူး”
“နင် ဘယ်လိုသေရမလဲဆိုတာကိုပဲ နင် သိဖို့လိုတယ်”
ဟွမ်အာ၏ ပြတ်သားသော စကားသံအဆုံး၌ သူမလက်လေးတစ်ဖက်ကို အသာလှုပ်လိုက်သည်။
ဝုန်း!
တိမ်ပျံသခင်လေး၏ ဦးခေါင်းမဲ့သော အလောင်းသည် ရုတ်တရက် ပေါက်ကွဲသွားပြီး သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။
“မလုပ်နဲ့”
တိမ်ပျံသခင်လေး၏ ဦးခေါင်းပြတ်ထံမှ ဝမ်းခေါင်းသံဖြင့် အော်လိုက်သံ ထွက်ပေါ်လာသည်။ သူ၏ အင်မော်တယ် အသက်သွင်းကျင့်စဉ်သည်လည်း ချိတ်ပိတ်ခံထားရသည်။ သူ၏ ဦးခေါင်းမဲ့ခန္ဓာကိုယ် သည်လည်း လုံးဝ ဖျက်ဆီးခံလိုက်ရသည်။
တစ်ဖက်လူက သူ၏ဦးခေါင်းနှင့် သူ၏ အင်မော်တယ် စိတ်ဝိညာဉ်ကိုသာ ဖျက်ဆီးလိုက်ပါက သူ အပြီးတိုင် သေသွားပြီး ပြန်လည်ဝင်စားခြင်း မပြုနိုင်တော့သည်မှာ အသေအချာပင်။ ထိုအဖြစ်မှာ သူ့အတွက် အိပ်မက်ဆိုးပင် ဖြစ်ချေသည်။
“ရပ်လိုက်၊ ငါ … ငါ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ”
“ပြီးတော့ ငါ့အဖေ ထူရီရှုံးက မကြာခင် ပြန်လာတော့မှာ မင်း သူနဲ့ ရင်မဆိုင်ချင်လောက်ဘူးလို့ ငါ ထင်တယ်”
“ငါ့ကို လွှတ်ပေး၊ မင်း ငါ့ကို လွှတ်ပေးသရွေ့ ငါ ဒါကို ဘယ်တုန်းကမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်။ ဘယ်လိုလဲ”
တိမ်ပျံသခင်လေး၏ ဦးခေါင်းပြတ်မှနေ၍ ထိတ်လန့်သွေးပျက်နေသော အသံများ ထွက်ပေါ်လာသည်။ ယခုအချိန်၌ သူသည် သူ၏ဖခင် ထူရီရှုံးနာမည်ကိုသာ ထုတ်သုံးနိုင်တော့သည်။ ထူရီရှုံး ဟူသည့် နာမည်ကို ကြားသည်နှင့် အားလုံး မျက်နှာပျက်သွားကြသည်။ နယ်မြေခုနစ်ရာ၏ အရှင်သခင်များက ယဲ့ဖန်ကို ကြောက်လန့်တကြား ပြောလာသည်။
“သခင်ကြီး ထူရီရှုံးက တိမ်ပျံဂြိုဟ်စုနယ်မြေတစ်ခုလုံးရဲ့ ထိပ်သီးပုဂ္ဂိုလ်ပါ။ သူက အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် ရောက်နေပါပြီ။ တိမ်ပျံဂြိုဟ်စုနယ်မြေမှာ အဲ့အဆင့်ကိုရောက်နေတဲ့ တစ်ဦးတည်းသော သူပါ။ သူသာ ပြန်လာရင် ဒီကိစ္စက အခြေအနေ မကောင်းနိုင်ပါဘူး”
အင်မော်တယ်ဘုရင်အဆင့်တစ်ယောက်က ဖြူစုတ်နေသော မျက်နှာထားနှင့် ပြောပြလာသည်။ “ထူရီရှုံး” ဟူသည့် နာမည်အား သူတို့ အရိုးထဲထိ ကြောက်ပုံပေါ်သည်။
*အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်တဲ့လား*
ထိုသို့သောအချိန်၌ အခြားနယ်မြေများ၏ အရှင်သခင်များကပါ ထူရီရှုံးကို ကြောက်စိတ်ဖြင့် ဝင်ပြောလာသည်။
“သခင်ကြီး တိမ်ပျံသခင်လေးကို သတ်ပြီး ဒီက မြန်မြန်ထွက်သွားရအောင်ပါ။ ဒီထူရီရှုံးက ထူယန်လို့လည်း နာမည်ကြီးပါတယ်၊ သူက ရန်စလို့ကောင်းတဲ့သူ မဟုတ်ပါဘူး”
“ဟုတ်ပါတယ်၊ ထူရီရှုံးရဲ့ တိုက်ပွဲဝင်ခွန်အားက ကြောက်စရာကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်တုန်းက တိမ်ပျံဂိုဏ်းရဲ့ ဘိုးဘေး ကျင့်ကြံရင်း သေသွားပြီးတော့ တိမ်ပျံဂြိုဟ်စုနယ်မြေရဲ့ နယ်မြေရှစ်ရာလုံး ဆူပူအုံကြွမှုဖြစ်ခဲ့ပါတယ်။ ဒါကို ထူရီရှုံးတစ်ယောက်တည်းက အားလုံးကို သတ်ဖြတ်ခဲ့တာပါ။ နယ်မြေရှစ်ရာလုံးက အင်မော်တယ်မျိုးနွယ် တစ်သိန်းနီးပါးကို သတ်ခဲ့တာပါ”
“အဲ့တိုက်ပွဲကို အင်မော်တယ်မျိုးနွယ်ရဲ့ သမိုင်းမှာ ရေးထိုးမှတ်တမ်းတင်ထားပါတယ်။ ထူရီရှုံးကိုလည်း ထူယန်လို့ ခေါ်ဝေါ်ခဲ့ပါသေးတယ်”
ယခုအချိန်၌ နယ်မြေခုနစ်ရာ၏ အရှင်သခင်များက ယဲ့ဖန်ကို ကြောက်လန့်တကြား ပြောနေကြသည်။ သူတို့သည်သာမက အန်းရှီနှင့် ခရမ်းပြာ နတ်သမီးပါ စက္ကူကဲ့သို့ ဖြူရော်လာသည်။
တိမ်ပျံဂြိုဟ်စုနယ်မြေထဲ၌ လူအနည်းငယ်သာ ထူယန်ဟူသော ရက်စက်ကြမ်းကြုတ်သည့် နာမည်ကို မသိကြချေ။
ထိုနာမည်သည် အမှန်တကယ် ရက်စက်သော အာဏာရှင် အင်မော်တယ်ဘုရင် ဖြစ်လေသည်။ အထူးသဖြင့် ထိုအချိန်အခါက သူသည် ဓားတစ်လက်တည်းဖြင့် အင်မော်တယ်မျိုးနွယ် တစ်သိန်းနီးပါးကို သတ်ဖြတ်ခဲ့ပြီး သွေးချောင်းစီးစေခဲ့သည်။ ဤသည်မှာ အလွန် ရူးချင်စရာကောင်းလှသည်။
ထူရီရှုံး၏ ကျော်ကြားမှုကို ကြားပြီးသည်နှင့် လူအုပ်ကြီးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့် လာကြသည်။
အားလုံး၏ ကြောက်နေဟန် အမူအရာများနှင့် ထိုစကားများကို နားထောင်ပြီး ယဲ့ဖန် မရွှင်မပျဖြစ်လာသည်။ ထို့နောက် တိမ်ပျံသခင်လေး၏ ဦးခေါင်းပြတ်ထံသို့ တစ်လှမ်းချင်း လှမ်းသွားသည်။
“ယဲ့ … ယဲ့ဖန် မင်း ငါ့ကို လွှတ်ပေးလိုက်၊ မဟုတ်လို့ကတော့ ငါ့အဖေ ရောက်လာရင် မင်း မလွယ်ဘူး”
တိမ်ပျံသခင်လေးက ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။ နယ်မြေခုနစ်ရာတို့၏ အရှင်သခင်တို့မှ ဘုရင်ထူယန်အကြောင်း ပြောပြပြီးနောက် အရူးသာလျင် သူ့ကို သတ်ရဲပေလိမ့်မည်။
မဟုတ်ပါက သူ့ဖခင်သည် မိုးကောင်းကင်နှင့် မြေကြီးတို့အား ကပြောင်းကပြန်ဖြစ်အောင်လုပ်၍ ထိုသူကို သတ်ပေလိမ့်မည်။
“မင်းကို လွှတ်ပေးရမယ် ဟုတ်လား”
ယဲ့ဖန်၏ နှုတ်ခမ်းစများ တွန့်ကွေးသွားပြီး သူ၏အမူအရာက ပြုံးစစ ဖြစ်လာလေသည်။
“ဟုတ်တယ်၊ မင်း ငါ့ကို လွှတ်ပေး၊ မင်း အန်းရှီကို ခေါ်သွားလို့ရတယ်။ ငါတို့ကြားက ရန်ကြွေးကို ချေလိုက်ကြတာပေါ့ ဘယ်လိုလဲ”
တိမ်ပျံသခင်လေးက ယဲ့ဖန်ကို ဝမ်းသာအားရ စိုက်ကြည့်နေသည်။
“မင်း နားလည်မှာပါ ငါ့အဖေက အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်မို့ မင်းတို့အားလုံး ပေါင်းတိုက်ရင်တောင်မှ သူ့ကို မယှဉ်နိုင် …”
ဖောက်!
သို့သော် တိမ်ပျံသခင်လေး စကားမဆုံးခင်မှာပင် လက်တစ်ဖက်က သူ့နဖူးတည့်တည့်သို့ ထိုးဖောက်သွားသည်။