← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

Chapter 595 သူ မင်းကို ငရဲမှာ စောင့်နေတယ်

တောက်! တောက်!

ရဲရဲနီသော သွေးများက တိမ်ပျံသခင်လေး၏ နဖူးမှနေ၍ စီးကျလာသည်။ သူ ပြောနေသည့်စကားများက တစ်ဝက်တစ်ပျက်နှင့် ရပ်သွားပြီး သူ့မျက်လုံးထဲ၌ မယုံနိုင်ဟန်များနှင့် ပြည့်နှက်နေသည်။ လက်ရှိအချိန်ထိ သူ လက်မခံနိုင်သေးပုံပေါ်သည်။ သူ့ဖခင်၏ ကျော်ကြားမှုကို သိပြီးတာတောင်မှ ယဲ့ဖန်က သူ့ကို သတ်ရဲသေးသည်တဲ့လား။

ယဲ့ဖန်က သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သောအခါ တိမ်ပျံသခင်လေး၏ အင်မော်တယ် အမြုတေ ပါလာသည်။ ထို့နောက် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ငါ ရန်သူကို အလွတ်မပေးတတ်ဘူး”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ ငရဲမီးတောက်တစ်ခုက တိမ်ပျံသခင်လေး၏ ဦးခေါင်းပြတ်အား ဝါးမျိုသွားလေ၏။

“အား….”

ငရဲမီးထဲမှနေ၍ အင်မော်တယ်စိတ်ဝိညာဉ်၏ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။ တိမ်ပျံသခင်လေး၏ အင်မော်တယ် စိတ်ဝိညာဉ်သည် အလွန်ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာနှင့် ကြုံတွေ့နေရပုံ ပေါ်သည်။

“ယဲ့ဖန် မင်းကများ ငါ့ကို သတ်ရဲတယ်ပေါ့လေ။ မင်းတော့ သေပြီသာမှတ်၊ ငါ့အဖေက မိုးကောင်းကင်နဲ့ မြေကြီး ပျက်ဆီးသွားရင်တောင် မင်းကို သတ်လိမ့်မယ်”

မကျေမချမ်း အော်ဟစ်နေသံက ဆက်လက်၍ ထွက်ပေါ်နေသည်။ ယဲ့ဖန်၏ အပြုံးက ပို၍ ထင်ရှားလာလေသည်။

“စိတ်မပူပါနဲ့၊ ငါ သူ့ကို မကြာခင် မင်းနောက်လိုက်ဖို့ ပို့ပေးလိုက်မှာပါ။ အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်က အရသာရှိမယ့်ပုံပဲ”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်က သရော်ပြုံး ပြုံးနေသည်။ ထို့နောက် သူသည် တိမ်ပျံသခင်လေး၏ အင်မော်တယ် အမြုတေကို ပါးစပ်ထဲ ပစ်ထည့်၍ တဂျွတ်ဂျွတ် ဝါးနေလိုက်သည်။

တိမ်ပျံသခင်လေး၏ ဦးခေါင်းပြတ်နှင့် အင်မော်တယ် စိတ်ဝိညာဉ်တို့သည် ငရဲမီးကြောင့် သုတ်သင်ခံလိုက်ရပြီးနောက် ပြာဖြစ်သွားကာ အဝေးသို့ လွင့်မျောသွားသည်။

ဤမြင်ကွင်းကိုကြည့်ပြီး နယ်မြေခုနစ်ရာ၏ အရှင်သခင်များနှင့် မရေတွက်နိုင်သော သိုင်းပညာရှင်များ အားလုံး မတွေးတတ်လောက်အောင် ဖြစ်သွားကြသည်။

ယဲ့ဖန် ဤမျှ ဆုံးဖြတ်ချက် ပြတ်သားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ တိမ်ပျံသခင်လေး၏ နောက်ကွယ်၌ ကြောက်စရာကောင်းသော ထူယန်ဘုရင် ရှိနေသည်ကို သိပြီးတာတောင်မှ သူသည် တစ်ဖက်လူ၏ အင်မော်တယ် အမြုတေကို ဆွဲထုတ်သည့်အပြင် စိတ်ဝိညာဉ်ကိုပါ ပျောက်ကွယ်အောင် ပြုလုပ်၍ ခန္ဓာကိုယ်ကို ပြာချလိုက်သေးသည်။

တိမ်ပျံသခင်လေး၏ အော်သံများကို ကြားခဲ့ပြီးနောက် အားလုံးသည် ယဲ့ဖန်အား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြည့်နေလေတော့သည်။ သို့သော် ယဲ့ဖန်က အားလုံး၏ ထိတ်လန့်နေမှုကို အဖက်မလုပ်ချေ။ သူ့မျက်လုံးများက ကောင်းကင်ကိုသာ စူးစိုက်ကြည့်၍ ညစ်ကျယ်ကျယ် ရယ်နေ၏။

“အသင့်ပြင်ထား၊ သားကောင် လာတော့မယ်”

….

တစ်နာရီကြာပြီးနောက် A အဆင့် စစ်သင်္ဘောတစ်စီးသည် တိမ်ပျံဂြိုဟ်၏ လေဟာနယ်ကို ထိုးခွင်း၍ ဝင်ရောက်လာသည်။ ကောင်းကင်ယံ၌ ထိုစစ်သင်္ဘောကြီးက နေရာယူသွားပြီးနောက် ဂြိုဟ်တစ်ခုလုံး အမှောင်ကျသွားလေ၏။

စစ်သင်္ဘော၏ တံခါးဝမှနေ၍ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က တိမ်ပျံဂိုဏ်း၏ အစောင့် လေးယောက်နှင့်အတူ ထွက်လာသည်။

သူသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ရှိသော တိမ်ပျံဂြိုဟ်စုနယ်မြေ၏ အရှင်သခင် ထူရီရှုံး ဖြစ်လေသည်။ ထူရီရှုံး၏ ခန္ဓာကိုယ်သည် သံမဏိကဲ့သို့ မာကြောကာ သန်မာပြီး ကြွက်သားများနှင့် ပြည့်နှက်နေသည်။ အထူးသဖြင့် သူ့မျက်နှာထားက အလွန် မာကြောခက်ထန်လှသဖြင့် ကြောက်စရာ ကောင်းလှသည်။

သူ့နောက်မှ တိမ်ပျံဂိုဏ်း၏အစောင့် လေးယောက်လုံးသည် အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်များ ဖြစ်ကြသည်။

“အဲ့ဒီ နတ်ဆိုးတွေကို ထုတ်လာခဲ့”

ထူရီရှုံးက လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။ အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်များက အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ချင်းစီကို ထိန်းချုပ်၍ ထွက်လာသည်။

ထိုအနက်ရောင်ဝတ်စုံနှင့် လူများအား အင်မော်တယ် ချုပ်နှောင်ခြင်း အစီအရင်ဖြင့် ချုပ်နှောင်ထားပြီး အားလုံးက သွေးသံတရဲရဲနှင့် ဒဏ်ရာဗလပွ ဖြစ်နေသည်။

ထူရီရှုံးသည် စစ်ပွဲကြီးတစ်ခု ဆင်နွှဲလာပြီး အားလုံးကို အရှင်ဖမ်းလာပုံရသည်။ စုစုပေါင်း အယောက်တစ်ရာ နီးနီး ရှိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော လူများကို ချုပ်နှောင်၍ ဆွဲထုတ်လာကြသည်။ အရှေ့မှ လူဆယ့်ရှစ်ယောက်သည် အင်မော်တယ်ဘုရင်အဆင့်များ ဖြစ်ကြပြီး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေပြီး ကြည့်ရဆိုးလှသည်။

“ဟဲဟဲ … တိမ်ပျံဂြိုဟ်ကို ပြန်လာတဲ့လမ်းမှာ မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်ကို ဖမ်းနိုင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ထူရီရှုံး၏ အပြုံးက ပီပြင်လွန်းလှသည်။ အိမ်ပြန်လမ်းတွင် သူသည် မထင်မှတ်ဘဲ နတ်ဆိုးအရိပ်အယောင်ကို ရှာတွေ့မိသဖြင့် အချိန်ပေး၍ နတ်ဆိုးဆယ့်ရှစ်ယောက်ကို မရရအောင် ဖမ်းချုပ်ခဲ့သည်။

ထိုသို့မလုပ်မိပါက သူ တိမ်ပျံဂိုဏ်းသို့ ပြန်ရောက်ရန် အချိန်ဤမျှ ကြာမည်မဟုတ်ပါ။ ထိုနတ်ဆိုးများကို ကြည့်ပြီး ထူရီရှုံး၏ အပြုံးက ပို၍ပီပြင်လာသည်။

“ဟမ့်၊ ဒီလောက်များတဲ့ နတ်ဆိုးတွေက ငါတို့ရဲ့ မြင့်မြတ်တဲ့ အင်မော်တယ်နယ်မြေထဲမှာ ပုန်းနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဒါပေမဲ့ ဒီကောင်တွေကို အင်မော်တယ်ကလန်ရဲ့ အရှင်သခင်ကို ဆက်သလိုက်ရင် အဲ့လူအိုကြီး သဘောကျမှာ သေချာတယ်”

ထူရီရှုံး စိတ်ထဲ၌ ကျေနပ်ပီတိဖြစ်နေ၏။ အင်မော်တယ်မျိုးနွယ်မှ ထိပ်သီးပိုင်းများ၏ မျက်လုံးထဲတွင် ဤနတ်ဆိုးများအားလုံးသည် ရတနာများသာ ဖြစ်ပြီး သူတို့ကိုသာ ဆက်သလိုက်ပါက အင်မော်တယ်နယ်မြေထဲ၌ ထူရီရှုံးတို့၏ ကျော်ကြားမှုက အနေအထားတစ်ခုအထိ ထိုးတက်သွားမှာ အသေအချာပင်။

“ဘုရင်ထူယန် ဂုဏ်ယူနေလိုက်။ တစ်ယောက်ယောက်ကတော့ ငါတို့အတွက် ထာဝရ လက်စားချေပေးမှာပဲ”

နတ်ဆိုးတစ်ယောက်က နှုတ်ခမ်းကိုတွန့်၍ မုန်းတီးစွာ ပြောလိုက်သည်။ သူတို့ အဖမ်းမခံရင်အခါက ယဲ့ဖန်သည် သူတို့အား ပျောက်ကွယ်နေသော နတ်ဆိုးများကို စုစည်းရန် အမိန့်ပေးခဲ့သည်။ မဟာနတ်ဆိုး ဆယ်ယောက်ကို ပြန်ရှာတွေ့ပြီးနောက် စုစုပေါင်း မဟာနတ်ဆိုး ဆယ့်ရှစ်ယောက် ပြန်စုမိသော်လည်း မထင်မှတ်ဘဲ လမ်းတစ်ဝက်၌ ထူရီရှုံးနှင့် ထိပ်တိုက်တွေ့ခဲ့သည်။

“လက်စားချေမယ် ဟုတ်လား၊ ဟားဟား … ငါ စောင့်နေပါတယ်”

ထိုသို့ပြောပြီး ထူရီရှုံး အချက်ပြလိုက်သောအခါ တိမ်ပျံဂိုဏ်း၏ အစောင့်လေးယောက် ဦးဆောင်၍ ရာချီသော နတ်ဆိုးများကို ထိန်းချုပ်၍ တိမ်ပျံတောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

တောင်ထိပ်ပေါ် ဆင်းလိုက်ပြီးနောက် သူ မသိမသာ တောင့်ခနဲ ဖြစ်သွားသည်။ တိတ်ဆိတ်နေ၏။ တိမ်ပျံတောင်ထိပ်တစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်နေ၏။ မည်သူမျှ မရှိသကဲ့သို့ ငြိမ်သက်နေသည်။

တောင်ထိပ်ပေါ်ရှိ မြေကြီးပေါ်မှ သွေးစက်အချို့ကြောင့် ထူရီရှုံး ပို၍ သံသယဝင်မိသွားသည်။

“သေစမ်း၊ တစ်ခုခုဖြစ်ခဲ့တာလား”

ထူရှီရှုံး မသိမသာ မျက်နှာပျက်သွားသည်။ သူသည် လူအုပ်ကြီးကို ဦးဆောင်၍ ခြံဝန်းထဲသို့ လျှောက်လာလိုက်သည်။

သူတို့ ခြံထဲမရောက်ခင်၌ အဘိုးအိုတစ်ယောက်နှင့် ကလေးမလေးတစ်ယောက်က မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်၍ ငါးရှဉ့်တစ်ကောင်နှင့် ဆော့နေသည်ကို တွေ့လိုက်ရသည်။

*ဟမ်*

ဤမြင်ကွင်းကြောင့် ထူရီရှုံး မျက်မှောင်ကြုတ်သွားသည်။ သူသည် ထိုအဘိုးအို၊ ကလေးမလေးနှင့် ငါးရှဉ့်တစ်ကောင်တို့ထံမှ အင်မော်တယ်စွမ်းအင်တစ်ချို့ကို မသိမသာ ခံစားမိနေသည်။

ထိုသူတို့မှာ သာမန် အင်မော်တယ်မျိုးနွယ်ဝင်များမှန်း သိသာလှသည်။ သေချာ အတည်ပြုပြီးနောက် ထူရီရှုံးသည် ရှေ့သို့လှမ်းလိုက်ပြီး အဘိုးအို၏ အင်္ကျီကော်လံကို လှမ်းဆွဲ၍ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ဒီမှာ ဘာဖြစ်ခဲ့တာလဲ ငါ့ကိုပြောစမ်း၊ ငါ့သား ထူဖေး ဘယ်မလဲ”

ထူရီရှုံး၏ မျက်နှာထားက တင်းမာနေ၏။ သူ့စကားကြောင့် အဘိုးအို မသိမသာ တောင့်ခနဲ ဖြစ်သွားသည်။ ထို့နောက် ချက်ချင်း ထရယ်လေသည်။ ထိုရယ်သံက လူတိုင်းအား ခေါင်းမွေးထောင်၍ အေးစိမ့်သွားစေသည်။

“ထူဖေးလား၊ သူက ငရဲမှာလေ … မင်းကို စောင့်နေတယ်”

ထိုအသံအဆုံး၌ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအဘိုးသည် သူ့ခန္ဓာကိုယ်ကို အသာလှုပ်လိုက်သည်နှင့် ထူရီရှုံး၏ လက်ထဲမှ လွတ်သွားသည်။ ထို့နောက် သူ၏လက်ဝါးက လျှပ်စီးကဲ့သို့ အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် သိုင်းပညာရှင်တစ်ယောက်၏ နဖူးထဲသို့ ဖောက်ဝင်သွားသည်။

သွေးများပန်းထွက်လာပြီး ထိုအင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် အစောင့်သည် မည်သို့မျှပင် မတုံ့ပြန်နိုင်ပဲ နဖူးပေါက်သွားလေ၏။

ထိုလက်ကို ပြန်ဆွဲထုတ်လိုက်သောအခါ အင်မော်တယ် အမြုတေတစ်ခု ပါလာသည်။ တိမ်ပျံဂိုဏ်း၏ အစောင့်ဖြစ်သူ အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်သို့ ရောက်နေသူက နေရာမှာတင် အသတ်ခံလိုက်ရသည်။

သို့သော် ဤမျှနှင့် မပြီးသေးချေ။ ထိုတိမ်ပျံဂိုဏ်း၏ အစောင့် သေသွားသည်နှင့် အဘိုးအိုဘေးမှ ကလေးမလေးသည် လှစ်ခနဲ လှုပ်ရှား၍ တိမ်ပျံဂိုဏ်း၏ ဒုတိယအစောင့်ထံသို့ လျှောက်သွားပြီး သူမလက်လေးကို အသာလှုပ်လိုက်သည်။

ထိုအစောင့်၏ ဦးခေါင်း ချက်ချင်း ပြတ်ထွက်သွားသည်။ သူ့မျက်နှာထဥက်၌ အံ့ဩ၍ မယုံနိုင်ဟန်များ ပြည့်နှက်နေသေးပြီး သူ သေသွားချိန်အထိ ဘာဖြစ်ခဲ့သလဲဆိုတာကို မယုံနိုင်ပုံ ပေါက်သည်။

ဤသည်မှာ အစသာ ရှိသေးသည်။ မြေကြီးပေါ်မှ ငါးရှဉ့်လေးသည်လည်း ရုတ်တရက် ကောင်းကင်ပေါ် ထိုးတက်သွားပြီးနောက် ဧရာမ နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။

ဂါး!

၎င်း၏ ဧရာမ ပါးစပ်ကြီးကိုဟ၍ တိမ်ပျံဂိုဏ်း၏ တတိယမြောက် အစောင့်ကို ချက်ချင်း မျိုချလိုက်သည်။ ထို့နောက် တဂျွတ်ဂျွတ်ဝါး၍ စားမြုံ့ပြန်နေ၏။

တိမ်ပျံဂိုဏ်း၏ စတုတ္ထမြောက် အစောင့်သည် အံ့ဩဒေါသထွက်နေပြီး မရဏ အငွေ့အသက်များက သူ့ကို ဖုံးအုပ်လာသလို ခံစားမိသည်။

“ချီးတဲ့မှပဲ”

သူ အကြီးအကျယ် မျက်နှာပျက်သွားပြီး ထိတ်လန့်ကာ နောက်ဆုတ်ရန် ပြင်လိုက်သည်။ ထိုသို့သောအချိန်၌ မြေကြီးထဲမှနေ၍ မည်းနက်နေသော ပုရွက်ဆိတ်များ ပျံတက်လာပြီး သူ့အား လွှမ်းခြုံလာ၏။ ဆိုးရွားလှသော အော်သံများ ရုတ်တရက် တိတ်ကျသွားပြီးနောက် အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် ရောက်နေသော တိမ်ပျံဂိုဏ်း၏ အစောင့်လေးယောက်လုံး သေဆုံးသွား လေတော့သည်။

Chapter 596 တိမ်ပျံဂိုဏ်း၏ ဝှက်ဖဲ

*သေပြီ … သေသွားပြီ*

ဤမြင်ကွင်းက ထူရီရှုံးကို ထိတ်လန့်သွားစေခဲ့သည်။ ဤအဖြစ်အားလုံးသည် လျှပ်တပြက်အတွင်း ဖြစ်သွားသဖြင့် သူ ထင်မှတ်မထားမိချေ။ သူ၏တိမ်ပျံဂိုဏ်းမှ အစောင့်လေးယောက်လုံး ချက်ချင်း အသတ်ခံလိုက်ရလေပြီ။

ထိုမျှနှင့်မကသေးဘဲ ဘေးပတ်လည်မှနေ၍ လူရိပ်များ ရုတ်တရက် ထွက်ပေါ်လာကြသည်။ များစွာသော လူသတ်သိုင်းကွက်များက တိမ်ပျံဂိုဏ်းအဖွဲ့သားများထံသို့ ရုတ်ချည်းဆိုသလို ကျရောက်လာသည်။

နတ်ဆိုးများကို ဖမ်းဆီးထားသည့် တိမ်ပျံဂိုဏ်းသားများသည် သူတို့ တစ်ချက်မှ မတုံ့ပြန်နိုင်ခင်မှာပင် အားလုံး၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရဲရဲနီသော သွေးအိုင်များဖြင့် ပြည့်နှက်သွားသည်။ နတ်ဆိုးများကို ဖမ်းဆီးထားသည့် ရာချီသော တိမ်ပျံဂိုဏ်းသားများအားလုံး အသတ်ခံလိုက်ရလေ၏။

ထိတ်လန့်သွားကြသည်။ ရာနှင့်ချီသော တိမ်ပျံဂိုဏ်းသားများ အသတ်ခံလိုက်ရခြင်းက ထူရီရှုံးအား အလွန် အံ့အားသင့်၍ ဒေါသထွက်သွားစေသည်။

နယ်မြေခုနစ်ရာ၏ အရှင်သခင်များနှင့် ရာချီသော အင်မော်တယ်ဘုရင်များက သူ့ကို ပုန်ကန်နေသည်ကိုမြင်ပြီး သူ ဒေါသူပုန်ထကာ သတ်ဖြတ်ချင်လာတော့သည်။

“တစ္ဆေသွေးဆိုး၊ မင်းတို့ကောင်တွေ ငါ့ကို သစ္စာဖောက်တယ်ပေါ့လေ”

နယ်မြေခုနစ်ရာတို့၏ အရှင်သခင်များသည် သူကိုယ်တိုင် ရွေးချယ်ထားသည့် သူများဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ထိုသူများက ပူးပေါင်း၍ သူ့ကို ပုန်ကန်လာသည်။

ထိုမျှတင် မကသေးဘဲ ကြောက်စရာကောင်းသော ဧရာမ နဂါးကြီးကိုကြည့်ပြီး ထူရီရှုံး မျက်ခုံးလှုပ် သွားသည်။ ထိုနဂါးကြီးထံမှ ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်ဟု သူ ခံစားမိသည်။

ထို့နောက် များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များကို မြင်ချိန်တွင် သူ ရုတ်တရက် ခေါင်းမွေးထောင်ကာ ဇောချွေးပြန်လာရသည်။

“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ဒီအကောင်တွေ ဘယ်လိုလုပ် ပြန်ပေါ်လာတာလဲ”

ထူရီရှုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။ ရှေးဟောင်း နဂါးကြီးနှင့် အင်မော်တယ်မျိုးနွယ်တို့၏ ဘုံရန်သူဖြစ်သော ဝိညာဉ်စား ပုရွက်ဆိတ်များ ပြိုင်တူ ပေါ်လာသည်တဲ့လား။

“ချီးတဲ့မှပဲ၊ မင်းတို့က ဘယ်သူတွေလဲ”

ထူရီရှုံးသည် အဘိုးအိုအား မျက်ခုံးတလှုပ်လှုပ်နှင့် လူသတ်မတတ် စူးစိုက်ကြည့်နေသည်။ တစ်စုံတစ်ယောက်က တိမ်ပျံတောင်ကို ချုံခိုတိုက်ခိုက်ရဲလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားမိပေ။ ထို့အပြင် သူ့လက်အောက်ငယ်သားများ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။ ဤသည်မှာလည်း သူ့မျက်စိရှေ့မှာပင် ဖြစ်သွားခြင်း ဖြစ်သည်။

အဘိုးအို၏ မျက်နှာက ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး လူငယ်တစ်ယောက်အသွင်သို့ ပြောင်းသွားသည်။ ထိုသူကား ယဲ့ဖန်ပင်။ သူသည် ပြုံးတုံ့တုံ့ဖြင့် ထူရီရှုန်းကို စိုက်ကြည့်နေသည်။

“မင်းကို သတ်မဲ့လူတွေလေ”

*ဟင်*

ယဲ့ဖန်၏ ရုပ်အမှန်ကိုမြင်ပြီးနောက် အင်မော်တယ် ချုပ်နှောင်ခြင်း အစီအရင်ဖြင့် ဖမ်းဆီးခံထားရသည့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်နှင့် နတ်ဆိုးမျိုးနွယ်များအားလုံး ကတုန်ကယင်ဖြစ်ကာ ဝမ်းသာပျော်ရွှင် သွားကြသည်။

သူတို့သည် မြေကြီးပေါ် ပြိုင်တူဒူးထောက်၍ အလွန် ဝမ်းသာသော လေသံဖြင့် နှုတ်ဆက်လာသည်။

“သခင်ကြီးကို အရိုအသေပေးပါတယ်”

လူရှိန်လောက်သည့် သံပြိုင်ဟစ်ကြွေးသံက တိမ်ပျံတောင်ထိပ်ပေါ်၌ အတောမသတ်နိုင်အောင် ပဲ့တင်ထပ်သွားလေသည်။ တိမ်ပျံတောင်ကြီးတစ်ခုလုံး တုန်လှုပ်သွားပုံရသည်။ ဤမြင်ကွင်းကြောင့် ထူရီရှုံး မျက်ခုံးလှုပ်သွားသည်။

*သ … သခင်ကြီးတဲ့လား*

ထူရီရှုံး ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။

*နတ်ဆိုးတွေရဲ့ သခင်ကြီးဆိုတော့၊ ဒါဆိုရင် … နတ်ဆိုးဧကရာဇ်ပေါ့*

ထူရီရှုံး မှင်တက်သွားသည်။ သူသည် ယဲ့ဖန်၏ မျက်နှာကိုကြည့်ပြီး အင်မော်တယ်မျိုးနွယ်ကို တုန်လှုပ်စေခဲ့သည့် ကြောက်စရာကောင်းပုံကို တွေးမိပြီး ကြက်သီးမွေးညင်း ထလာသည်။

“နတ် … နတ်ဆိုးဧကရာဇ်၊ မင်း မသေသေးဘူးပေါ့”

ထိုသို့သောအချိန်၌ ထူရီရှုံးသည် ခေါင်းစခြေဆုံး အေးစိမ့်သွားသလို ခံစားလိုက်ရ၏။

နတ်ဆိုးဧကရာဇ်သည် ပြန်လည်မွေးဖွားလာသည့်အပြင် ဧရာမနဂါးကြီးနှင့် သက်ရှိအားလုံး၏ အိပ်မက်ဆိုးဖြစ်သော ဝိညာဉ်စား ပုရွက်ဆိတ်များကိုပါ အတူခေါ်လာခဲ့သေးသည်။ ဤသည်က ထူရီရှုံးကို ပို၍ တုန်လှုပ်သွားစေသည်။

ယဲ့ဖန်နှင့် ဝိညာဉ်စား ပုရွက်ဆိတ်များအပြင် အခြားသက်ရှိများပါ အတူ ကြီးထွားလာပါက နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်များအားလုံး အခက်အခဲနှင့် ရင်ဆိုင်ရပြီး မျိုးသုဉ်းသတ်ဖြတ်ခြင်း ဖြစ်ပေါ်လာနိုင်သည်။

ထိုသို့သောအချိန်၌ ယဲ့ဖန်၊ ဟွမ်အာ၊ နယ်မြေခုနစ်ရာတို့၏ အရှင်သခင်များ၊ ရာချီသော အင်မော်တယ်ဘုရင်အဆင့်များအပြင် အချုပ်အနှောင်မှ လွတ်သွားသည့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်နှင့် အခြားသူများအားလုံးက ထူရီရှုံးကို ဝိုင်းထားလာကြသည်။

သူ့ဘေးပတ်လည်မှ လူသတ်လိုသော အငွေ့အသက်များကို ခံစားမိပြီး ထူရီရှုံး၏မျက်လုံးများက လင်းလက်သွားသည်။

“ကြည့်ရတာ ငါ့သား ထူဖေးက မင်း သတ်တာကို ခံလိုက်ရပြီနဲ့ တူတယ်”

“ကောင်းပြီလေ၊ နတ်ဆိုးဧကရာဇ် မင်း ပေါ်မလာရင်တောင် အဆင်ပြေဦးမယ်။ အခု မင်းက လူလုံးထွက်ပြတဲ့အပြင်ကိုမှ ငါ့သားကိုတောင် သတ်လိုက်သေးတယ်၊ ဒီလိုဆိုရင်တော့ မင်း သေလိုက်တော့”

ထူရီရှုံး၏ခန္ဓာကိုယ်မှနေ၍ အရူးအမူး လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာ၏။ ထိုသို့ပြောပြီးနောက် သူက လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထို့နောက် အင်မော်တယ် ဓားတစ်လက် ထွက်ပေါ်လာပြီး ထိုဓားဖြင့် ယဲ့ဖန်ကို ရုတ်တရက် ခုတ်ပိုင်းလာသည်။

ထူရီရှုံး၏ အလျင်က အလွန်အမင်း မြန်လှပေသည်။ သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ထက်ရှသော ဓားသွားက ယဲ့ဖန်ထံသို့ ကျရောက်လာသည်။ ရုတ်တရက် ယဲ့ဖန်၏လည်ပင်းအား ခုတ်ပိုင်းလာ၏။ သူ့အကြည့်အောက်မှာပင် ယဲ့ဖန်၏ဦးခေါင်းက သူ့ဓားကြောင့် ပြတ်ထွက်သွားသည်။

*ဟမ်*

ဤမြင်ကွင်းကြောင့် ထူရီရှုံး မှင်တက်သွားသည်။ သူ တစ်ချက်တည်းဖြင့် သတ်လိုက်နိုင်လိမ့်မည်ဟု ထင်မထားမိချေ။ သို့သော် ယဲ့ဖန်၏ ပြတ်ထွက်သွားသော ဦးခေါင်းက လှစ်ခဲ ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသည်။ ဦးခေါင်းနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးပါ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။

*ဒါ … ပုံရိပ်ယောင်ပဲ*

“သေစမ်း”

ထူရီရှုံး ထိတ်လန့်သွားသည်။ ထို့နောက် သူ့နောက်၌ ရိပ်ခနဲ မြင်လိုက်ရ၍ လက်နောက်ပြန်ကာ ဓားဖြင့်လှမ်းထိုးလိုက်သည်။

ဒေါင်။

သူ၏ ထိတ်လန့်နေသော အကြည့်အောက်၌ သတ္တုချင်း ထိခတ်သံ ထွက်ပေါ်လာပြီး သူ၏အင်မော်တယ်ဓားအား လက်နှစ်ချောင်းဖြင့် ထိန်းချုပ်ထားသည်ကို တွေ့လိုက်ရသည်။

*ဘယ်လိုလုပ်*

ထူရီရှုံး အံ့ဩသွားသည်။ သူသည် ယဲ့ဖန်ထက် အဆင့် ဆယ့်ခုနစ်ဆင့် ပိုမြင့်သည့်အပြင် အစွမ်းကုန် တိုက်ခိုက်ထားသော်လည်း တစ်ဖက်လူက သူ့အား အလွယ်တကူ ခုခံနိုင်နေသဖြင့် သူ မယုံနိုင်လောက်အောင် ဖြစ်နေသည်။

*ဒီလူရဲ့ တိုက်ပွဲဝင်ခွန်အားက သူ့အရင်ဘဝတုန်းကထက် ပိုသာနေပါလား။ သူ့ကိုသာ အခု မသတ်နိုင်ဘူးဆိုရင် ကပ်ဘေးတစ်ခု ရောက်လာမှာပဲ*

ဤသို့တွေးမိပြီးနောက် ထူရီရှုံးသည် ရူးသွပ်နေသကဲ့သို့ ယဲ့ဖန်အား သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။

ဓားရောင်များ လက်ခနဲ လက်ခနဲ ဖြစ်သွားပြီး ယဲ့ဖန်၏ ကိုယ်ပေါ်သို့ ဓားချက်များ ဆက်တိုက် ကျရောက်လာသည်။ သို့သော် ယဲ့ဖန်ကမူ ဓားချက်များကို လမ်းလျှောက်နေသကဲ့သို့ အေးအေးလူလူ ရှောင်တိမ်းနေသည်။ သူ၏ ခြေလှမ်းတိုင်း၌ စကြဝဠာကြီး၏ ဆန်းကြယ်မှုများ ပါဝင်နေပုံရသည်။

သူသည် ဓားချက်များကြား၌ မြွေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။

“ဒါ … ဒါ ဘာကြီးလဲ”

ထူရီရှုံး ပိုတိုက်ခိုက်လေ ပို၍ ကြောက်လန့်လာလေ ဖြစ်လာသည်။ သူ အားကုန်‌၍ မောသွားလျင်တောင်မှ သူ ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်မှန်း သိလာရသည်။

ဓားချက်တစ်ချက်တိုင်း ကျရောက်မလာခင်၌ တစ်ဖက်လူသည် ဓားကွက်ကို ကြိုမြင်နေဟန်ဖြင့် အလွယ်တကူ ကြိုမြင်နေသဖြင့် သူ ပို၍တောင်မှ ထိတ်လန့်လာရသည်။

နောက်ဆုံးဓားချက် ကျရောက်လာချိန်တွင် ယဲ့ဖန်က လှစ်ခနဲ ရှောင်တိမ်းသွားပြီး အထင်သေးသလို လှောင်ပြုံးပြုံးနေသည်။

“အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ရဲ့ တိုက်ကွက်ကလည်း ဒီလောက်ပဲလား၊ ဒီလိုဆိုရင် မင်းရဲ့ အင်မော်တယ် အမြုတေကို ငါ လိုချင်တယ်”

ယဲ့ဖန်သည် လက်နှစ်ဖက်လုံးဖြင့် ထူရီရှုံးကို စုတ်ဖြဲရန် ဟန်ပြင်လာသည်။ ထိုလက်နှစ်ဖက်အောက်၌ လေဟာနယ်သည် တစ်ရှူးစကဲ့သို့ စုတ်ပြဲလာ၏။ မရဏ အငွေ့အသက်များက ထူရီရှုံးအား လွှမ်းခြုံလာသည်။

“မကောင်းတော့ဘူး”

ထူရီရှုံး ခြောက်ခြားသွားသည်။ ယခုအချိန်၌ သူသည် ကိုယ့်ကိုယ်ကိုယ် အားတင်း၍ လက်ထဲမှ အင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်သည်။

သူ၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ လက်များကြောင့် အင်မော်တယ် ဓားတစ်လက်လုံးသည် ဆွေးမြည့်နေသော သစ်သားချောင်းကဲ့သို့ ကျိုးကြေသွားလေသည်။ ထို့နောက် ထိုလက်နှစ်ဖက်လုံးက ထူရီရှုံး၏ ရင်ဘတ်ကို ရိုက်ခတ်လာ၏။

သွေးများ ပန်းထွက်လာပြီးနောက် ထူရီရှုံး တစ်ကိုယ်လုံး တုန်ယင်သွားသလို သူ့ရင်ဘတ်မှနေ၍ အသားတစ်စ ပဲ့ထွက်သွားလေသည်။

ယဲ့ဖန်သည် သူ့ဘဝတစ်လျှောက်လုံးတွင် ကြုံတွေ့ခဲ့သည့် ကြောက်စရာအကောင်းဆုံးသော ရန်သူများထဲမှ တစ်ယောက်ဖြစ်ကြောင်း သူ သေချာပြောနိုင်လာသည်။

တစ်ဖက်လူက သူ့အား တစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်နေသဖြင့် သူသာ ဆက်တိုက်နေပါက သေချာပေါက် သေပွဲဝင်ရပေလိမ့်မည်။

“သိပ်ဟုတ်နေတယ်ပေါ့လေ၊ နတ်ဆိုးဧကရာဇ်၊ ငါ့တိမ်ပျံဂိုဏ်းက အင်မော်တယ်မျိုးနွယ်ကြားထဲမှာ နှစ်ထောင်ပေါင်းများစွာ မကျရှုံးဘဲ ရပ်တည်နေနိုင်ခဲ့မှတော့ ငါ့မှာ ဘာဝှက်ဖဲမှ မရှိဘူးလို့ မင်း ထင်နေတာလား”

ထူရီရှုံး၏မျက်လုံးထဲ၌ ရူးသွပ်မှုများနှင့် ပြည့်နှက်လာသည်။ ထို့နောက် သူသည် အခြားသူများ မည်သို့မျှ မတုံ့ပြန်နိုင်ခင်တွင် တိမ်ပျံတောင်အား ခြေထောက်ဖြင့် သုံးကြိမ်ဆက်တိုက် ဆောင့်ချလိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

တိမ်ပျံတောင်ကြီးတစ်ခုလုံး တုန်ခါလာသည်။ ထို့နောက် ဆက်လက်ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် အားလုံး တုန်လှုပ်သွားကြသည်။

ဂျွတ်!

တိမ်ပျံတောင်တစ်ခုလုံး ရုတ်တရက် အက်ကွဲသွားလေသည်။

Chapter 597 အင်မော်တယ် အရှင်သခင် တစ်ပိုင်းအဆင့်

တိမ်ပျံတောင်တစ်ခုလုံး ရုတ်တရက် အက်ကွဲလာပြီး တောင်ပေါ်ရှိ သစ်တောများကြားထဲ၌ အက်ကွဲရာများက လျှိုမြောင်များကဲ့သို့ ဖြစ်ပေါ်လာသည်။ ထိုအက်ရာကြားထဲမှနေ၍ အလွန် ပြင်းထန်သည့် အပူလှိုင်းတစ်ခု ဆက်၍ ပျံ့နှံ့လာသည်။

ဝုန်း!

ရူးသွပ်ဖွယ် အနီရောင်မီးတောက်များ ဆက်တိုက် တောက်လောင်၍ ထွက်ပေါ်လာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ ကျောက်ဆောင်ကြီးတစ်ခု အရည်ပျော်ကျ၍ ချော်ရည် ဖြစ်သွားသည်။ တိမ်ပျံတောင်တစ်ခုလုံး သိသာလှသည့် လျင်မြန်သော အရှိန်ဖြင့် အရည်ပျော် ကျလာသည်။

အပူပွေ့များကပင် အားလုံး၏ ခန္ဓာကိုယ်ကို ချွေးပြန်လာစေသည်။ တိမ်ပျံတောင်တစ်ခုလုံး အရည်ပျော်ကျသွားသဖြင့် သိုင်းပညာရှင်များအားလုံး နောက်ဆုတ်လိုက်ကြပြီးနောက် ထိုမီးတောင် ချော်ရည်များ ကြားထဲ၌ ဧရာမ အရိုးစုကြီးတစ်ခုကို မြင်လိုက်ရသည်။

ထိုအရာသည် အရိုးပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော အရိုးခေါင်းတလားတစ်ခု ဖြစ်နေပြီး ၎င်း၏ လက်မောင်းရိုး၊ လက်ဖျံရိုး၊ ခြေထောက်အရိုးများနှင့် နံရိုးများမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။

မီးတောက်များက ၎င်း၏ကိုယ်ထက်မှ အဆက်မပြတ် တောက်လောင်နေပြီး ပူပြင်းသော လေများက သူ့ကို ကြက်သီးထသွားစေသည်။

ထိုအရိုးစုကြီးကို မြင်ပြီး ယဲ့ဖန်သာမက မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်နှင့် နတ်ဆိုးမျိုးနွယ်များ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားကြသည်။

“ဒါ … ဒါ ချီယန်ရဲ့ အရိုးစုပဲ”

ယဲ့ဖန်နှင့် အခြားများ ခေါင်းထဲ ထူပူသွားသည်။ သူတို့မျက်လုံးများက ချင်းချင်းနီနေပြီး သွေးရောင်လွှမ်းလာသည်။

*အဲ့အရိုးစုကြီးက ချီယန်ရဲ့ အရိုးစု ဖြစ်နေပါလား*

ထိုအရိုးစုထံမှ ရင်းနှီးနေသော အငွေ့အသက်ကို ရနေသဖြင့် ယဲ့ဖန်နှင့် အခြားသူများ ရူးမတတ် ဖြစ်နေသည်။ သို့သော် ထူရီရှုံးသည် ယဲ့ဖန်နှင့် အခြားသူများ၏ အမူအရာကို လုံးဝ ဂရုမစိုက်ချေ။

သူသည် အရိုးစုကိုကြည့်ပြီး စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။ ထို့နောက် သူက ဒူးထောက်၍ ဟစ်ကြွေးလိုက်သည်။

“ထူရီရှုံးက အကူအညီတောင်းစရာ ရှိလို့ ဘိုးဘေးကို နှိုးလိုက်မိပါတယ်။ ကျေးဇူးပြုပြီး အင်အားကြီးတဲ့ ရန်သူကို သတ်ပေးပါ”

ထူရီရှုံး၏ စကားသံ ပဲ့တင်ထပ်သွားပြီးနောက် လေပြင်းတိုက်ခတ်သံနှင့်အတူ အရိုးစု၏ ကိုယ်ထက်မှ မီးတောက်များက အရှိန်ပြင်းပြင်းနှင့် တောက်လောင်လာပြန်သည်။

ထို့နောက် တဖျစ်ဖျစ် တဖြောက်ဖြောက်မြည်သံနှင့်အတူ ချီယန်၏ အရိုးများ တဖြည်းဖြည်း ပွင့်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အထဲမှနေ၍ အေးစိမ့်စိမ့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

“နှစ်ခြောက်ထောင် ကြာခဲ့ပြီ၊ နောက်ဆုံးတော့ ငါ ပြန်မွေးဖွားလာရပြီပဲ”

အရိုးစုတွင်းမှနေ၍ အလွန် အေးစက်၍ ခက်ထန်သော အသံနှင့်အတူ အဘိုးအိုတစ်ယောက် မတ်တပ်ရပ် လာသည်။ သူ့ကိုယ်ထဲမှ အပူဓာတ်နှင့် အအေးဓာတ်တို့ စိမ့်ထွက်နေသဖြင့် လူတိုင်းအား ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

“တိမ်ပျံဂိုဏ်း ဘိုးဘေး၊ ခင်ဗျား … ခင်ဗျား မသေသေးဘူးပေါ့”

ထိုသို့သောအချိန်၌ နယ်မြေခုနစ်ရာမှ အရှင်သခင်များအားလုံးသည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်သည် လွန်ခဲ့သော နှစ်ခြောက်ထောင်က တည်ရှိခဲ့သော တိမ်ပျံဂြိုဟ်နယ်မြေ၏ မကောင်းဆိုးဝါးအိုကြီး တိမ်ပျံဘိုးဘေး ဖြစ်နေသောကြောင့်ပင်။

တိမ်ပျံဂိုဏ်း၏ ဘိုးဘေး ကျင့်ကြံရင်း သေဆုံးသွားသည်ဟူသော သတင်းထွက်လာသည့်နှစ်မှာပင် တိမ်ပျံဂြိုဟ်စုနယ်မြေ၏ လက်အောက်ခံ နယ်မြေရှစ်ရာ၌ ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ထိုလူအိုကြီးက မသေဘဲ တစ်သက်လုံး ပုန်းကွယ်၍ ကျင့်ကြံခြင်း လုပ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

နယ်မြေခုနစ်ရာ၏ အရှင်သခင်များ ကြောက်လန့်သွားသည်ကိုမြင်ပြီး ထူရီရှုံးက အားပါးတရ ထရယ်လာသည်။

“ဟားဟားဟား … မင်းတို့ကောင်တွေ ထင်မထားမိဘူး မဟုတ်ဘား။ ငါတို့ဘိုးဘေးက ကျင့်ကြံရင်းနဲ့ လုံးဝ မသေဘူးကွ”

“လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်တုန်းက ငါ စကြဝဠာထဲက ဟေးဟယ်မြစ်ကနေ ချီယန်နတ်ဆိုးဘုရင်ရဲ့ အရိုးစုကို မထင်မှတ်ဘဲ ရခဲ့တယ်၊ အဲ့ဒါကို အရိုးခေါင်းတလားအဖြစ် သန့်စင်ပြီးတော့ ပုန်းကွယ်ပြီး ရေခဲမီး သူတော်စင် ခန္ဓာကိုယ်ကို ကျင့်ကြံနေခဲ့တာ”

*ဘာ*

*ရေခဲမီး သူတော်စင် ခန္ဓာကိုယ်တဲ့လား*

သူ့စကားကြောင့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်နှင့် အခြားသူများ အလွန်အမင်း မျက်နှာပျက် သွားကြသည်။ ယဲ့ဖန်တောင်မှ မသိမသာ တွေဝေသွားရသည်။

လွန်ခဲ့သော နှစ်ခြောက်ထောင်သည် ချီယန်နတ်ဆိုးဘုရင် ကျဆုံးခဲ့ရသော အချိန်လည်း ဖြစ်သည်။ ပြောရမည်ဆိုလျင် ဟေးဟယ်မြစ်ထဲသို့ ချီယန် ကျသွားပြီးနောက် သူ၏အရိုးများကို တိမ်ပျံဘိုးဘေးက ရရှိခဲ့ပြီး တိမ်ပျံဂြိုဟ်စုနယ်မြေထဲသို့ သယ်လာခဲ့ပြီး ခေါင်းတလားအသွင် ဖန်တီး၍ ရေခဲမီး သူတော်စင် ခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့သည်။

ထို့အတူ ချီယန်၏ ဦးခွံသည်လည်း ဟေးဟယ်စကြဝဠာထဲ၌ ပျောက်ဆုံးသွားခဲ့သည်။ နောက်ပိုင်းတွင် မီးဝိညာဉ်က ချီယန်၏ဦးခွံကို ယူ၍ တိမ်ပျံဂြိုဟ်စုနယ်မြေလက်အောက်မှ လင်ထျန်းဂြိုဟ်သို့ ရောက်လာခဲ့ပြီး လင်ထျန်း အင်မော်တယ်ဘုရင်ကိုတောင်မှ အညံ့ခံလာအောင် လုပ်နိုင်ခဲ့သည်။

ယခုအချိန်၌ ယဲ့ဖန်သည် တိမ်ပျံဂြိုဟ်စုနယ်မြေ လက်အောက်ရှိ လင်ထျန်းဂြိုဟ်တွင် အဘယ်ကြောင့် မီးလျှံဦးခွံ ထွက်ပေါ်လာရသလဲဆိုတာကို နားလည်သွားလေသည်။

*လတ်စသက်တော့ ဒီလိုကိုး*

“လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်က ချီယန်နတ်ဆိုးဘုရင်က ငါ့ကို အရိုးစု ပေးခဲ့တယ်၊ နှစ်ခြောက်ထောင်လည်း ကြာပြီးရော နတ်ဆိုးဧကရာဇ်က ပြန်မွေးဖွားလာတယ်ဆိုတော့ ဘုရားသခင်က ငါ့ကို တကယ် ကူညီနေတာပဲ”

ထိုသို့သောအချိန်၌ တိမ်ပျံဘိုးဘေးက ယဲ့ဖန်ကို အထင်သေး လှောင်ပြောင်ဟန်ဖြင့် ကြည့်နေသည်။

“နတ်ဆိုးဧကရာဇ်၊ ငါ့ဆီလာပြီး သေပေးလို့ ကျေးဇူးတင်တယ်”

ထိုသို့ပြောပြီးနောက် တိမ်ပျံဘိုးဘေးသည် အရိုးစုထဲမှ ထွက်လာပြီး လူအုပ်ထံသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်တိုင်း မြေကြီးပေါ်၌ ရေခဲဓာတ်နှင့် မီးဓာတ်တို့၏ အလွှာနှစ်ခု အခြားသူများထံသို့ ပျံ့နှံ့လာသည်။ ထိုအခိုက်တွင် နတ်ဆိုးတစ်ယောက်နှင့် အင်မော်တယ်ဘုရင် အဆင့် သိုင်းပညာရှင်တစ်ယောက်တို့သည် တစ်ယောက်က အေးခဲသွားပြီး ကျန်တစ်ယောက်က မီးလောင်မြိုက်သွားလေ၏။ တစ်ချက်ကလေးမှပင် မအော်လိုက်ရဘဲ ပြာဖြစ်သွားကြသည်။

“ချီးတဲ့မှပဲ”

ဤမြင်ကွင်းကြောင့် နယ်မြေခုနစ်ရာ၏ အရှင်သခင်များနှင့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်တို့ အကြီးအကျယ် မျက်နှာသုန်မှုန်သွားကြသည်။ သူတို့ အတူပြေးထွက်၍ တိမ်ပျံဘိုးဘေးထံသို့ ချဉ်းကပ်သွားကြသည်။ ပြင်းထန်သည့် လူသတ်သိုင်းကွက်များကို ဆက်တိုက် ထုတ်ဖော်၍ တိုက်ခိုက်လာသည်။

ဤအပြုအမူကိုကြည့်ပြီး တိမ်ပျံဘိုးဘေးက လှောင်ရယ်၍ လက်တစ်ဖက်အား ရှေ့ဆန့်၍ အသာ ဝှေ့ယမ်းလိုက်သည်။

ရေခဲနှင့် မီးတို့က လျှပ်စီးများကဲ့သို့ နယ်မြေခုနစ်ရာ၏ အရှင်သခင်များနှင့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်ကို တရစပ် ထိုးနှက်တိုက်ခိုက်လာသည်။

နှစ်ဆယ့်ငါးယောက်သော အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်များသည် သစ်ရွက်များကဲ့သို့ သုတ်သင်ခံ လိုက်ရသည်။ အားလုံးသည် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး ခန္ဓာကိုယ်မှ အရိုးများအားလုံး ကျိုးကြေသွားသည်။

*တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာပါလား*

မျက်စိရှေ့မှ မြင်ကွင်းက အားလုံးကို ကြက်သီးမွေးညင်း ထသွားစေသည်။ ယဲ့ဖန်သည်လည်း မျက်မှောင်ကြုတ်သွားသည်။

“အင်မော်တယ် အရှင်သခင် တစ်ပိုင်းအဆင့်ပဲ”

တိမ်ပျံဘိုးဘေး၏ ဖိအားကို သူ အသေအချာ ခံစားမိနေသည်။ တစ်ဖက်လူသည် ရေခဲမီး သူတော်စင် ခန္ဓာကိုယ်ကို သန့်စင်မွမ်းမံနိုင်ရုံသာမက အင်မော်တယ် အရှင်သခင် တစ်ပိုင်းအဆင့်သို့ပါ ရောက်ရှိနေသည်။ သူ၏ခွန်အားက ထူရီရှုံးထက် ဆယ်ဆမက ပို၍မြင့်မားလေသည်။

“မင်းတို့အားလုံး သေလိုက်တော့”

တိမ်ပျံဘိုးဘေးက လှောင်ပြုံးပြုံးလိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်လုံး ရှိသည့်နေရာသို့ လှစ်ခနဲ ရောက်ရှိသွားသည်။

လေဟာနယ်တစ်ခုလုံး ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ထိုပြင်းထန်သည့် ဖိအားကြောင့် ဂြိုဟ်တစ်ခုလုံး အက်ရာထင်လာ၏။ ခြေလှမ်းတစ်လှမ်းတစ်လှမ်းတည်းနှင့် ဂြိုဟ်များကို နင်းချေနိုင်ပုံ ပေါ်သည်။

“မကောင်းတော့ဘူး”

ယဲ့ဖန် အကြီးအကျယ် မျက်နှာပျက်သွားပြီး ထိုခြေဖဝါးသာ ကျရောက်လာပါက မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်လုံး သေသွားနိုင်သည်ကို သူ တပ်အပ်သိနေသည်။

သူသည် ဖျပ်ခနဲ လှုပ်ရှား၍ မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်ထံသို့ ချက်ချင်း ပြေးဝင်သွားသည်။ ထို့နောက် လက်သီးကိုဝင့်၍ ကောင်းကင်ထက်မှ ကျဆင်းလာသည် ဧရာမ ခြေဖဝါးတစ်ဖက်ကို ထိုးနှက်လိုက်သည်။

ဝုန်း!

ယဲ့ဖန်၏ လက်သီးချက်နှင့် ထိုဧရာမ ခြေဖဝါးတစ်ဖက်တို့ ထိပ်တိုက် တွေ့သွားကြပြီးနောက် အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ ခန္ဓာကိုယ်သည် မြေကြီးထဲသို့ နစ်ဝင်သွားပြီး ဧရာမ ချိုင့်နက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

“သခင်ကြီး”

“အစ်ကိုကြီး”

ဤမြင်ကွင်းက ဟွမ်အာ၊ မဟာနတ်ဆိုး ဆယ့်ရှစ်ယောက် သာမက နယ်မြေခုနစ်ရာ၏ အရှင်သခင်များနှင့် အခြားသူများကို အကြီးအကျယ် မျက်နှာပျက်သွားစေသည်။

All Chapters