အခန်း (၆၂၅-၆၂၆)
Vol. 51 Ch. 625-626
အခန်း ၆၂၅ မူလဘူတ အမတနတ်ဘုရား
တာအိုမဲ့အမတသည် ကုအန် စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေ၏။
ဤသည်မှာ အစစ်အမှန်ကိုယ် မဟုတ်သောကြောင့် တာအိုမဲ့အမတသည် စိတ်ပျက်အားငယ်ခြင်း မရှိပေ။ သူသည် ကုအန်ကို စူးစိုက်ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။"မင်း အသက်ရှင်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
ကုအန်က သူ့ကို ဖိနှိပ်ထားရင်း "ငါလည်း မင်း အသက်ရှင်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
ရှန်ကျန်းနှင့် ပိုင်ရှန့်တို့ တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိပြီး သတိထားနေလိုက်ကြသည်။
တာအိုမဲ့အမတက အေးစက်စွာ မေးလိုက်သည်။
"မင်း ငါ့ကို သက်သက် လာရှာတာလား... ဒါမှမဟုတ် သူ့အတွက်လား..."
ကုအန်က ပြုံးပြီးပြောလိုက်၏။ "သူက မင်းရှေ့ကို ရောက်နေပြီလေ..."
ထိုစကားကို ကြားသောအခါ တာအိုမဲ့အမတ မှင်သက်သွားပြီး ရှန်ကျန်းဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။
ဒီလောက် ကျင့်ကြံမှုအဆင့် နိမ့်တဲ့ ရှန်ကျန်းက ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ဝင်စားထားတာ ဖြစ်နေမလား။
ရှန်ကျန်းမှာ အမျိုးသမီး ဖြစ်နေသော်လည်း ဗဟုသုတကြွယ်ဝသော တာအိုမဲ့အမတအတွက် အမျိုးသားတစ်ယောက်က အမျိုးသမီးအဖြစ် ပြန်လည်ဝင်စားခြင်းမှာ မထူးဆန်းလှပေ။
ကုအန် ခေါင်းခါလိုက်ပြီး ပိုင်ရှန့်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။"အဲဒီတုန်းက ငါ့ကို သတ်ခဲ့တဲ့ နတ်ဘုရားက သူပဲ..."
တာအိုမဲ့အမတက ပိုင်ရှန့်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ သူ၏ မျက်မှောင်များ တွန့်ချိုးသွား၏။ သူ့အမြင်တွင် ပိုင်ရှန့်မှာ သာမန်လူတစ်ယောက်သာ ဖြစ်သည်။
ပိုင်ရှန့်လည်း အံ့အားသင့်သွားပြီး ကုအန်ကို အလိုအလျောက် ကြည့်လိုက်မိသည်။
ကုအန်က အတိတ်ဘဝတုန်းက သူ့လက်ချက်နဲ့ သေခဲ့တာလား။ဒါဆိုရင် နက်ရှိုင်းတဲ့ အငြိုးအတေး ရှိနေမှာပေါ့။ ဒီလို အခြေအနေမျိုးမှာ ဘာလို့ ကုအန်က သူ့ကို ကူညီချင်နေရတာလဲ။
ကုအန်တွင် ဤကဲ့သို့သော အတိတ်မျိုး ရှိလိမ့်မည်ဟု ရှန်ကျန်း မထင်မှတ်ထားခဲ့ပေ။ ပြိုင်ဘက်ကင်းခြင်း၏ နောက်ကွယ်တွင် ခက်ခဲကြမ်းတမ်းသော လမ်းခရီးတစ်ခု ရှိနေသည်မှာ အမှန်ပင်ဟု သူမ သက်ပြင်းချလိုက်မိ၏။
တာအိုမဲ့အမတ တိတ်ဆိတ်သွားသည်။ သူသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ဝင်စားသူထက် ကုအန် ဘာလုပ်မည်ကို ပိုမို စိုးရိမ်နေသည်။
ဤခန္ဓာကိုယ်မှာ အားနည်းလွန်းသဖြင့် ကုအန်၏ ဖိနှိပ်မှုကို မခုခံနိုင်ပေ။
တာအိုမဲ့အမတ စိတ်အနှောင့်အယှက် ဖြစ်လာပြီး နှစ်ပေါင်းများစွာ ခံစားခဲ့ရသော မကျေနပ်မှုများကို တွေးမိကာ ဒေါသများ ထိန်းချုပ်မရ ဖြစ်လာ၏။
တစ်ချိန်က သူသည် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်အပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်က သူ့ကို ပြန်လည်ခုခံခဲ့သည့်အပြင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ကွပ်မျက်ခြင်းကို ခံရစေခဲ့သည်။ သူ၏ အစစ်အမှန်ကိုယ်မှာ ယနေ့အထိ ဒဏ်ရာများ ပြန်လည်မကောင်းမွန်သေးပေ။
ကုအန်က သူ ဘာတွေးနေသည်ကို သိမြင်နေပြီး ပြောလိုက်သည်။"နောက်ဆက်တွဲ ပြပွဲကောင်းလေးကို အတူတူ ကြည့်ကြရအောင်..."
စကားဆုံးသည်နှင့် ကုအန် လက်ပြန်ရုပ်လိုက်သော်လည်း တာအိုမဲ့အမတမှာ သူ၏ ကျင့်စဉ်စွမ်းအားများ ပိတ်ဆို့ခံထားရကြောင်း ခံစားလိုက်ရသည်။ ယခုအခါ သူသည် သေမျိုးတစ်ယောက်ကဲ့သို့ လုံးဝ အားနည်းနေပြီ ဖြစ်၏။
ထွက်ပြေး၍ မရနိုင်ကြောင်း သိသောအခါ တာအိုမဲ့အမတ မဆင်မခြင် မလုပ်တော့ချေ။ သူသည် ပိုင်ရှန့်ကို ကြည့်ပြီး ပြောလိုက်သည်။"ငါ ရှာနေတဲ့ အမတနတ်ဘုရားက သူ မဟုတ်ဘူး"
ကုအန်က "ဒီကမ္ဘာထဲမှာ တခြား အမတနတ်ဘုရားတွေ ရှိနေသေးလို့လား..."
အခြား အမတနတ်ဘုရားများ၏ ခြေရာခံများကို သူ ရှာမတွေ့သော်လည်း တာအိုမဲ့အမတ၏ စကားကို သံသယမဝင်ပေ။ ယင်းအစား သူ ပို၍ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။
အမတနတ်ဘုရားများ၏ ခြေရာများ မရှိသော်လည်း အမတနတ်ဘုရားများ၏ အမွေအနှစ်များ ရှိနေသည်။ လုရှန်သည် အမတနတ်ဘုရားတစ်ပါး၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နှင့်မြေကြီး ပြန်လည်မဖွဲ့စည်းမီက အမတနတ်ဘုရားများ၏ နောက်လိုက်များသည် သေမျိုးလောကတွင် လှည့်လည်သွားလာကာ ကောင်းကင်တာအို၏ ဂုဏ်သတင်းကို ပျံ့နှံ့စေခဲ့သည်။
ဤအချက်များက အမတနတ်ဘုရားတစ်ပါး အချိန်မရွေး ပေါ်လာနိုင်ကြောင်း သက်သေပြနေသည်။
"ဟုတ်တယ်... ဒီနတ်ဘုရားက ကောင်းကင်တက်လှမ်းတဲ့ နတ်ဘုရား မဟုတ်ဘူး... ကောင်းကင်တာအို ကံတရားကနေ မွေးဖွားလာတဲ့ မူလဘူတ အမတနတ်ဘုရားတစ်ပါးပဲ..."
တာအိုမဲ့အမတက ပြန်ဖြေလိုက်သည်။ ကုအန်၏ ဖမ်းဆီးခြင်းကို ခံထားရသော်လည်း ဤသတင်းအချက်အလက်ကို မျှဝေရန် သူ ဝန်မလေးပေ။
သူတို့နှစ်ဦးကြားတွင် ကြီးမားသော အငြိုးအတေး ရှိသော်လည်း နှစ်ဦးစလုံး ကောင်းကင်နန်းတော်ကို ဆန့်ကျင်နေသူများ ဖြစ်ကြသည်။
ကုအန်သည် ယောင်ရွှမ်နတ်မိမယ်ကို သတိရသွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် ခန့်မှန်းမိလိုက်သဖြင့် စုကျင်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ဟုတ်တာပေါ့...
စုကျင်း ကိုယ်ဝန်ရှိနေတာပဲ...
သူမက ကလေးကို တမင် ဖုံးကွယ်ထားပြီး ကြီးထွားမှုကို ရပ်တန့်ထားသဖြင့် မဟာလျန် မိစ္ဆာဧကရာဇ်ပင် မသိရှိခဲ့ပေ။
ပိုင်ရှန့်သည် အကြိမ်ကြိမ် ဝင်စားခဲ့ပြီး ကလေးများ ရရှိခဲ့ဖူးသော်လည်း မူလဘူတ အမတနတ်ဘုရားတစ်ပါးကို မမွေးဖွားပေးနိုင်ခဲ့ချေ။
ဘာကြောင့် ဒီတစ်ကြိမ်ကျမှ ရနိုင်တာလဲ။
ကုအန် သေချာ ကြည့်ရှုလိုက်ရာ စုကျင်း၏ ဝမ်းဗိုက်ထဲမှ ကလေးတွင် ကောင်းကင်တာအို ကံတရား မရှိသည်ကို တွေ့ရသည်။
နောက်ပိုင်းကျမှ ပြောင်းလဲသွားမှာလား။
ကုအန် တွေးတောနေရင်း သူ၏ အကြည့်က ရှေ့ရှိ ပေတစ်ရာ ကျောက်တိုင်ကြီးဆီသို့ ရောက်ရှိသွားသည်။ သူသည် ကောင်းကင်နှင့်မြေကြီး အကြောင်း၊ ကျောက်တိုင်၏ ဇစ်မြစ်အကြောင်းများကို တာအိုမဲ့အမတနှင့် စကားစမြည် ပြောဆိုနေလိုက်သည်။
ပိုင်ရှန့်သည် ဘေးပတ်လည်ရှိ လူများက အမတနတ်ဘုရားများအကြောင်း ပြောဆိုနေမှုကို မကြားရသကဲ့သို့ တုံ့ပြန်မှု မရှိကြသည်ကို သတိပြုမိလိုက်၏။
သူသည် ပြဿနာကြီးတစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်လိုက်သော်လည်း စုကျင်းကို ကယ်တင်နိုင်မည်ဆိုလျှင် သေမင်းကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။
အတိတ်ဘဝ၊ ကံတရား... သူ ဘာကိုမှ မယုံကြည်ပေ။
သူသည် သူသာ ဖြစ်သည်။ နတ်ဘုရားတစ်ပါး မဟုတ်ချေ။
အကယ်၍ သူ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လျှင် ထိုနတ်ဘုရားသည် သူ၏ လက်ရှိ စိတ်ဆန္ဒအတိုင်း ဖြစ်လာမည် မဟုတ်ကြောင်း သေချာသည်။
"မင်းက ဘယ်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်နေပါစေ... ငါ့ရဲ့ ပေးဆပ်မှုကြောင့် မင်း ပြန်လည်အသက်ရှင်လာတာ... မင်း သူမကို ကယ်တင်ပေးရမယ်... တခြားဘယ်သူ့ကိုမှ မထိခိုက်စေဘဲ သူမကို ကယ်တင်ပေးရုံလေးပဲ..."
ပိုင်ရှန့် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး မိမိ၏ ဝိညာဉ်နှင့် စကားပြောနေသကဲ့သို့ ဖြစ်နေသည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ မင်္ဂလာပွဲ ကျင်းပမည့်အချိန် နီးကပ်လာသည်။
မိစ္ဆာမြို့တော်၏ အလယ်ဗဟိုတွင် ခမ်းနားထည်ဝါသော စားသောက်ပွဲကြီး စတင်နေပြီ ဖြစ်သည်။ မဟာလျန် မိစ္ဆာဧကရာဇ်သည် ဧည့်သည်များနှင့် စကားစမြည် ပြောဆိုနေပြီး အမျိုးသမီး မိစ္ဆာများက ကခုန်သီဆိုနေကြကာ ဝိညာဉ်သစ်သီးများနှင့် ဝိညာဉ်ဝိုင်များကို တည်ခင်းဧည့်ခံနေသဖြင့် အရာအားလုံးက ဇိမ်ကျကျနှင့် စည်ကားနေသည်။
ပိုင်ရှန့်သည် မင်္ဂလာပွဲ အခမ်းအနား အသေးစိတ်ကို မမြင်ရသော်လည်း ဖြတ်သွားဖြတ်လာများ၏ စကားသံများကို ကြားနေရသဖြင့် ပိုမို စိုးရိမ်ပူပန်လာခဲ့သည်။
မိစ္ဆာမြို့တော်အတွင်း၌ သူ၏ စိတ်အာရုံသည် နေရာတိုင်းတွင် ပိတ်ဆို့ခံနေရသဖြင့် သူ တွေးချင်ရာတွေးကာ စိတ်ကူးယဉ်နေရသည်။
သူသည် ကုအန်ကို မကြာခဏ လှမ်းကြည့်လိုက်သော်လည်း ကုအန်က တာအိုမဲ့အမတနှင့် စကားပြောနေပြီး သူ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ဖြစ်လာမည့် ကိစ္စကို မေ့လျော့နေသကဲ့သို့ ရှိနေ၏။
ဤအချက်က သူ့ကို ပိုမို စိတ်မသက်မသာ ဖြစ်စေပြီး စိုးရိမ်ပူပန်စေသည်။
"ဒီနေ့က ငါ မဟာလျန် မိစ္ဆာဧကရာဇ်နဲ့ ငါရဲ့ ချစ်သူ စုကျင်းတို့ရဲ့ မင်္ဂလာပွဲနေ့ပဲ.. ဒီပွဲကို လာရောက်အားပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့ရဲ့ ခရီးစဉ်ကို အကျိုးရှိစေဖို့အတွက် ကောင်းကင်နှင့်မြေကြီး အထွတ်အထိပ် ရတနာတစ်ခုကို ပြသပြီး မဟာတာအိုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ခံစားခွင့် ပေးပါ့မယ်... ကျင့်ကြံမှုအဆင့် နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ အားလုံး တာအိုနဲ့ ချိတ်ဆက်နိုင်ကြပါစေ..."
မဟာလျန် မိစ္ဆာဧကရာဇ်၏ အသံသည် မြို့တော်တစ်ခုလုံးတွင် ရုတ်တရက် ပဲ့တင်ထပ်သွားပြီး ကုအန်နှင့် တာအိုမဲ့အမတတို့၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။
ပိုင်ရှန့် ချက်ချင်း စိတ်ပျက်အားငယ်သွားပြီး မနေနိုင်ဘဲ ပြောလိုက်၏။
"အစ်ကိုကု... ငါတို့ မစသေးဘူးလား"
ကုအန်က သူ့ကို လှည့်ကြည့်ပြီး "မင်း သေချာ စဉ်းစားပြီးပြီလား..."
ပိုင်ရှန့် အသက်ပြင်းပြင်း ရှူလိုက်ပြီး "ငါ စဉ်းစားပြီးပြီ... ငါ့ကို သူဖြစ်ခွင့် ပေးပါ... ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ဖြစ်ခွင့် ပေးပါ..."
မဟာလျန် မိစ္ဆာဧကရာဇ်၏ အသံကို ကြားလိုက်ရသဖြင့် သူသည် ဆင်ခြင်တုံတရား ကင်းမဲ့သွားပြီး စုကျင်းကို ကယ်တင်ရန်သာ စိတ်စောနေတော့သည်။
တာအိုမဲ့အမတသည်လည်း ပိုင်ရှန့်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်မှုများ ပေါ်လာ၏။
တန်ခိုးကြီးပြီး ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက အချစ်ကြောင့် ဒုက္ခရောက်နေတာလား။
သူ ကုအန်ကို ပြန်ကြည့်လိုက်၏။ 'ဒီကောင်လေးက မကောင်းတာ တစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမယ် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ကစားနေတာပဲ ဖြစ်ရမယ်'ဟု တွေးလိုက်မိသည်။
ပိုင်ရှန့်၏ စကားကို ကြားသောအခါ ကုအန်၏ မျက်လုံးများ ပြောင်းလဲသွားသည်။ ပိုင်ရှန့်သည် သူ၏ အကြည့်နှင့် ဆုံမိသောအခါ ကမ္ဘာကြီးမှာ ပြောင်းပြန် လည်နေသကဲ့သို့ ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် မိစ္ဆာမြို့တော်၏ အလယ်ဗဟိုရှိ လှေကားထစ်တစ်ထောင်ပေါ်တွင် စုကျင်းသည် အနီရောင် မျက်နှာဖုံးအောက်တွင် မဟာလျန် မိစ္ဆာဧကရာဇ်၏ ဘေး၌ ကျက်သရေရှိစွာ ရပ်နေ၏။ နဂါးပုံထိုးထားသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သွေးရောင်ဆံပင်များကြားတွင် ဦးချိုနှစ်ချောင်း ပါရှိကာ မြင့်မားသော အရပ်အမောင်းရှိသည့် မဟာလျန် မိစ္ဆာဧကရာဇ်သည် မတ်တတ်ရပ်နေရုံဖြင့် ပြိုင်ဘက်ကင်း အရှိန်အဝါကို ထုတ်လွှတ်နေ၏။
မဟာလျန် မိစ္ဆာဧကရာဇ်သည် အောက်ဘက်ရှိ ကျယ်ဝန်းသော ရင်ပြင်ကို ကြည့်ရှုလိုက်ရာ ပတ်လည်တွင် မြင့်မားသော စင်မြင့်များ ရှိနေပြီး စင်မြင့်တစ်ခုစီတွင် သူ့အဆင့်အောက် မနိမ့်ကျသော ပုဂ္ဂိုလ်များ နေရာယူထားကြသည်ကို တွေ့ရသည်။
သူ၏ ဆွဲဆောင်နိုင်စွမ်းကို သူ အလွန် ကျေနပ်နေမိ၏။ ယနေ့ အခမ်းအနားပြီးလျှင် သူ၏ ဂုဏ်သတင်းမှာ ကမ္ဘာအနှံ့ ပျံ့နှံ့သွားပေလိမ့်မည်။
ကမ္ဘာပေါ်ရှိ မိစ္ဆာအားလုံး သူ့အမည်ကို သိရှိစေရန် ဦးစွာ ရည်ရွယ်ထားပြီး ထိုမှတစ်ဆင့် မိစ္ဆာမျိုးနွယ် တစ်ခုလုံးကို စုစည်းရန် လမ်းခင်းပေးမည် ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး အထွတ်အထိပ် ရတနာ သတင်းကြောင့် စင်မြင့်များပေါ်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ မိစ္ဆာများနှင့် ကျင့်ကြံသူများစွာသည် မဟာလျန် မိစ္ဆာဧကရာဇ်က ထိုရတနာကို တိုက်ရိုက် ထုတ်ပြလိမ့်မည်ဟု မထင်မှတ်ထားကြချေ။
မဟာလျန် မိစ္ဆာဧကရာဇ်သည် သူတို့၏ ဆွေးနွေးမှုများကို နှစ်သက်သဘောကျနေသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု အဝေးမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်လာ၏။
ဘုန်း
မိစ္ဆာမြို့တော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသဖြင့် မိစ္ဆာကြီးများနှင့် တန်ခိုးကြီး ကျင့်ကြံသူများ၏ မျက်နှာထား ပြောင်းလဲသွားပြီး အားလုံး ထိုနေရာသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
မဟာလျန် မိစ္ဆာဧကရာဇ်၏ မျက်နှာပေါ်မှ အပြုံး အေးခဲသွားပြီး မျက်မှောင်ကြုတ်လိုက်ကာ မျက်ဝန်းများ အေးစက်သွား၏။
တစ်ယောက်ယောက်က သူ့အာဏာစက်ကို စိန်ခေါ်ရဲတယ်ပေါ့။
တကယ်ပဲ သေလမ်းရှာနေတာပဲ။
အခန်း ၆၂၆ နတ်ဘုရားနှင့် သွားရောက်တွေ့ဆုံခြင်း
ပေတစ်ရာကျောက်တိုင်ရှိရာနေရာတွင် ရာပေါင်းများစွာသော ကျင့်ကြံသူများနှင့် မိစ္ဆာများသည် ပိုင်ရှန့်ကို အံ့အားသင့်စွာ ကြည့်ရှုနေကြ၏။
ပိုင်ရှန့်၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာပြီး သူ၏ ချီစွမ်းအင်မှာ မီးတောက်များကဲ့သို့ တောက်လောင်နေသည်။ သူ၏ ဝတ်ရုံမှာ လေထဲတွင် တဖျပ်ဖျပ် လှုပ်ခါနေပြီး အလင်းရောင်က သူ၏ မျက်နှာကို ဖုံးကွယ်ထားသဖြင့် သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ပြည့်နှက်နေ၏။
ရှန်ကျန်း၏ ပါးပြင်ပေါ်မှ ဆံနွယ်များသည် လေတိုက်၍ လွင့်ပျံနေပြီး သူမ၏ မျက်လုံးများ ပြူးကျယ်ကာ ပိုင်ရှန့်ကို အံ့အားသင့်စွာ ကြည့်ရှုနေသည်။
ပိုင်ရှန့်သည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားမည်ကို သူမ ကြိုတင်သိရှိထားသော်လည်း လက်တွေ့ မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားရသည်။
ပိုင်ရှန့်၏ ဝိညာဉ် ပြောင်းလဲသွားသည်ကို သူမ ခံစားနေရ၏။ သူမ၏ တာအိုနှလုံးသားကို တုန်ခါသွားစေသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မည်သည့်အရာကမှ တားဆီး၍မရနိုင်ပေ။
ဤမျှ အစွမ်းထက်သော အရှိန်အဝါသည် ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် အမှန်တကယ် ထိုက်တန်လှသည်။
ရှန်ကျန်းသည် ကုအန်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို သံသရာထဲသို့ တွန်းပို့နိုင်သော ကုအန်၏ စွမ်းအားမှာ မည်မျှ ကြီးမားလိမ့်မည်နည်းဟု သူမ တွေးတောနေမိသည်။
တာအိုမဲ့အမတသည်လည်း အံ့အားသင့်သွားသည်။ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် သံသရာထဲသို့ မိမိဆန္ဒအလျောက် ဝင်ရောက်သွားခြင်း မဟုတ်ကြောင်း သူ ပြောနိုင်၏။
လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းက မဟာကမ္ဘာတစ်ထောင် ပြန်လည်ဖွဲ့စည်းစဉ် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ပျောက်ကွယ်သွားခြင်းမှာ လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်၏ လက်ချက်များလားဟု သူ တွေးတောနေမိသည်။
သူသည် ကုအန်ကို ကြည့်လိုက်ရာ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဒီကောင်လေး ဘယ်လို လုပ်လိုက်တာလဲ။
ကျင့်ကြံမှုအဆင့် ပြန်လည်ရရှိနေသော ပိုင်ရှန့်သည် ဖြည်းညင်းစွာ အထက်သို့ ပျံတက်သွားရာ ပိုမိုများပြားသော သက်ရှိများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ အရပ်မျက်နှာအနှံ့ရှိ အဆောက်အအုံများ၏ အထက်တွင် ပုံရိပ်များ ပေါ်လာပြီး ၎င်းတို့မှာ မဟာလျန် မိစ္ဆာဧကရာဇ်၏ မိစ္ဆာစစ်သည်များ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်များမှာ မနိမ့်ကျသော်လည်း ပိုင်ရှန့်ကို မြင်သောအခါ အားလုံး ကြောက်ရွံ့နေကြ၏။
ပိုင်ရှန့်၏ အရှိန်အဝါ ပိုမို အားကောင်းလာသည်နှင့်အမျှ စွမ်းအားကြီးမားသော ပုံရိပ်များ ကောင်းကင်ယံတွင် အဆက်မပြတ် ပေါ်ထွက်လာကြသည်။
အထက်ရှိ လှေကားထစ်များပေါ်တွင် စုကျင်းသည် သူမ၏ မျက်နှာဖုံးကို မနေနိုင်ဘဲ မလိုက်မိသည်။ ပန်းချီကားထဲမှ နတ်သမီးတစ်ပါးကဲ့သို့ လှပသော သူမ၏ မျက်နှာတွင် မျက်မှောင်များ တွန့်ချိုးနေ၏။
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဤအရှိန်အဝါကို ရင်းနှီးနေသကဲ့သို့ သူမ ခံစားလိုက်ရသည်။
သူမ ပြန်လည်အမှတ်ရရန် ကြိုးစားသော်လည်း ဤအရှိန်အဝါမျိုးကို မည်သည့်နေရာ၊ မည်သည့်အချိန်က ခံစားခဲ့ရဖူးသည်ကို မမှတ်မိတော့ချေ။
"ချစ်လေး... မကြောက်နဲ့... ကိုယ် ခဏနေရင် ပြန်လာခဲ့မယ်"
မဟာလျန် မိစ္ဆာဧကရာဇ်က တိုးညှင်းစွာ ပြောလိုက်သည်။ သူ၏ မျက်နှာထားမှာ စိတ်ထဲတွင် ခံစားနေရသကဲ့သို့ တည်ငြိမ်မနေပေ။ အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာနေပြီး သူ ဆက်လက် ထိုင်မနေနိုင်တော့သောကြောင့် ဖြစ်သည်။
ပြောပြီးသည်နှင့် သူ ပျောက်ကွယ်သွားတော့သည်။
စုကျင်းသည် အရှိန်အဝါ မြင့်တက်လာရာ ကောင်းကင်ယံသို့ မော့ကြည့်နေဆဲဖြစ်ပြီး ရုတ်တရက် သူမ၏ မျက်လုံးသူငယ်အိမ်များ ကျယ်သွားကာ တစ်စုံတစ်ရာကို သတိရသွားပုံရသည်။
ဘုန်း
ပြင်းထန်သော လေတစ်ချက် တိုက်ခတ်လာသဖြင့် စုကျင်း၏ ဝတ်ရုံများ လှုပ်ခါသွားပြီး အချိန် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။ သူမ အလိုအလျောက် လှည့်ကြည့်လိုက်ရာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည့် ပုံရိပ်တစ်ခု သူမ၏ ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုပုံရိပ်၏ လက်ထဲတွင် မိစ္ဆာတစ်ကောင်ကို ကိုင်ထားသည်။
မဟာလျန် မိစ္ဆာဧကရာဇ်...
မဟာလျန် မိစ္ဆာဧကရာဇ်သည် တောက်ပသော ပုံရိပ်၏ ညာဘက်လက်ဖြင့် လည်ပင်းကို ညှစ်ထားခြင်း ခံရပြီး လေထဲသို့ မြှောက်ထားခြင်း ခံနေရ၏။ သူသည် ရုန်းထွက်၍ မရနိုင်ဘဲ မျက်နှာတွင် နာကျင်မှုနှင့် ဒေါသများ ပေါ်လွင်နေသည်။
စုကျင်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လှုပ်နေပြီး စဉ်းစားရန်ပင် အချိန်မရလိုက်ချေ။
မဟာလျန် မိစ္ဆာဧကရာဇ်သည် အခုလေးတင် ပျံသန်းထွက်ခွာသွားပြီး ချက်ချင်း ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ နှစ်ပေါင်း နှစ်သောင်းကျော် အသက်ရှင်ခဲ့သော သူမပင်လျှင် ထိုအခိုက်အတန့်တွင် မှင်သက်သွားခဲ့ရသည်။
"ရိုင်းစိုင်းလိုက်တာ..."
ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ပူပင်မဲ့အမတအဆင့်ရှိ တန်ခိုးရှင်တစ်ဦး မဟာလျန် မိစ္ဆာဧကရာဇ်၏ ဘေးတွင် ပေါ်လာကာ ကယ်တင်ရန် ကြိုးစားလိုက်သည်။
နားကွဲလုမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ထိုတန်ခိုးရှင်သည် နောက်သို့ လွင့်စဉ်သွားပြီး နန်းတော်တစ်ခုနှင့် အခြား အဆောက်အအုံများကို ဖြတ်ကျော်ကာ အဝေးသို့ ပျောက်ကွယ်သွားတော့သည်။
စုကျင်း၏ မျက်နှာပေါ်မှ အလင်းရောင်များ မှေးမှိန်သွားပြီး သူမ၏ ဘေးနားရှိ လူ၏ မျက်နှာအစစ်အမှန်ကို တဖြည်းဖြည်း မြင်တွေ့လာရသဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။
ဤလူမှာ ပိုင်ရှန့် ဖြစ်သည်။
ပိုင်ရှန့်သည် ယခင်ကနှင့် မတူညီဘဲ ဆံပင်များ ရှုပ်ပွနေပြီး လေထဲတွင် လွင့်မျောနေသည်။
သူ၏ မျက်နှာထားမှာ အလွန် အေးစက်နေပြီး မဟာလျန် မိစ္ဆာဧကရာဇ်ကို လူသေကောင်တစ်ကောင်အား ကြည့်နေသကဲ့သို့ ကြည့်နေ၏။
"မင်း... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
မဟာလျန် မိစ္ဆာဧကရာဇ်သည် တုန်ရီသော အသံဖြင့် ပြောလိုက်ရာ သူ၏ လေသံတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
သူသည် ပိုင်ရှန့်ကို သဘာဝကျကျပင် မှတ်မိနေ၏။ ယခင်က စုကျင်းသည် ပိုင်ရှန့်အတွက် အသနားခံခဲ့စဉ်က ပိုင်ရှန့်သည် သူ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားနားခဲ့ပေ။
အချိန်ဘယ်လောက်မှ မကြာသေးဘူးလေ။
ပိုင်ရှန့်သည် သူ့ကို ခုခံနိုင်စွမ်း မရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ပိုင်ရှန့်သာ အားစိုက်လိုက်လျှင် သူ ကြေမွသွားမည်ဟုပင် ခံစားနေရ၏။
သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုး တစ်ခါမျှ မကြုံဖူးသဖြင့် ရင်ထဲတွင် အလွန် ကြောက်ရွံ့နေမိသည်။
"ပိုင်..."
စုကျင်းသည် အေးစက်နေသော ပိုင်ရှန့်ကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။
ယခုအချိန်တွင် ပိုင်ရှန့်သည် အရင်ပိုင်ရှန့် မဟုတ်တော့ဘဲ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ဖြစ်နေပြီ ဖြစ်သည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ရာ သူ၏ မျက်ဝန်းထဲမှ အေးစက်မှုက စုကျင်း၏ နှလုံးသားကို နက်ရှိုင်းစွာ နာကျင်သွားစေသည်။
ပိုမိုများပြားသော တန်ခိုးရှင်များ ဘေးပတ်လည်တွင် ပေါ်လာကြသည်။ သူတို့သည် မဟာလျန် မိစ္ဆာဧကရာဇ်နှင့် မဟာမိတ်ဖွဲ့ထားသူများ မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီး အထွတ်အထိပ် ရတနာအတွက် ရောက်လာကြသူများ ဖြစ်သည်။
"မင်းက ဘယ်သူလဲ..."
"ကောင်းကင်နှင့်မြေကြီး အထွတ်အထိပ် ရတနာတောင် မပေါ်လာသေးဘူး... ဘာလို့ တာအိုမိတ်ဆွေတို့ အလောတကြီး လုပ်နေကြတာလဲ..."
"ဒီလူက ဘယ်သူလဲ... ငါ တစ်ခါမှ မမြင်ဖူးဘူး..."
"ဒီအရှိန်အဝါက အမတလမ်းစဉ် ကိုးဆင့်ကို ကျော်လွန်နေပြီ... ပြီးတော့ ဆက်တက်နေတုန်းပဲ..."
"သူက ကောင်းကင်နှင့်မြေကြီး အထွတ်အထိပ် ရတနာအတွက် လာတာ မဟုတ်လောက်ဘူး... သံသရာကပ်ဘေးကနေ အခုမှ ပြန်နိုးလာတဲ့ပုံပဲ..."
တန်ခိုးရှင်တစ်ဦးစီတိုင်း မိမိတို့၏ မှော်ရတနာများကို ထုတ်ယူလိုက်သောအခါ မိစ္ဆာမြို့တော်တစ်ခုလုံး အဆက်မပြတ် တုန်ခါနေပြီး ကျောက်တုံးများပင် လေထဲသို့ လွင့်စဉ်သွားကာ ကောင်းကင်ယံတွင် မိုးတိမ်တိုက်များ စုစည်းလာပြီး မိစ္ဆာမြို့တော်ကို အမှောင်ချလိုက်သည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် ဘေးပတ်လည်မှ ဆွေးနွေးသံများကို လျစ်လျူရှုထားပြီး ခေါင်းကို အနည်းငယ် စောင်းကာ မျက်လုံးထောင့်ဖြင့် အဝေးသို့ လှမ်းကြည့်လိုက်၏။
ကုအန်နှင့် တာအိုမဲ့အမတတို့ကို သူ မြင်တွေ့ပြီး ဖြစ်သည်။
သူ ထိန်းချုပ်ခံထားရဆဲဖြစ်သဖြင့် ထွက်ပြေး၍ မရနိုင်ကြောင်း သိရှိထားသည်။
သူသည် ကုအန်ကို လက်စားချေလိုစိတ် မရှိဘဲ ဤဘဝ၏ အတွေ့အကြုံများကို ခံစားနေခြင်း ဖြစ်သည်။
အမှန်တကယ်တွင် သူသည် ပိုင်ရှန့်အဖြစ် ရှိနေဆဲဖြစ်ပြီး ဤဘဝကို ကိုယ်တိုင် ဖြတ်သန်းခဲ့သကဲ့သို့ ခံစားနေရသော်လည်း သူ၏ စိတ်နေစိတ်ထားမှာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်သည်။ ဤခံစားချက်မှာ သိမ်မွေ့သော်လည်း လုံးဝ ဆန့်ကျင်ဘက် မဖြစ်ပေ။
စုကျင်း သတ္တိမွေးပြီး "ဘာတွေ ဖြစ်နေတာလဲ..."
"ငါ ဆန္ဒသိစိတ်ကို နိုးထလာရုံ... အရင်က မင်း တွေ့ခဲ့တဲ့လူက သံသရာလည်နေတဲ့ ငါပဲ... သူက ငါ့ကို မင်းကိုကယ်တင်စေချင်လို့ သူ့ကိုယ်သူ စတေးလိုက်တာ..."
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး သူ၏ အသံတွင် မည်သည့် ခံစားချက်မှ မပါဝင်ချေ။
ထိုစကားကို ကြားပြီးနောက် စုကျင်း၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။
မဟာလျန် မိစ္ဆာဧကရာဇ်သည် ထိုစကားကို ကြားပြီးနောက် ပိုမို ကြောက်ရွံ့သွားသည်။ သူသည် သံသရာသဘောတရားကို ကောင်းစွာ သိရှိထားသဖြင့် စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်သွား၏။
ပိုင်ရှန့်နှင့် အငြိုးအတေး ရှိထားသဖြင့် တစ်ဖက်လူက သူ့ကို လွှတ်ပေးမည် မဟုတ်ဟု ကြောက်ရွံ့နေမိသည်။ မဟာလျန် မိစ္ဆာဧကရာဇ် မျက်လုံးများကို မှိတ်လိုက်ပြီး သေမင်းကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် သူ၏ လည်ပင်းပေါ်မှ ဖိအား ပျောက်ကွယ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် အလိုအလျောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ အေးစက်သော အကြည့်နှင့် ဆုံတွေ့လိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
သူတို့နှစ်ဦးကြားမှ ကျင့်ကြံမှုအဆင့် ကွာခြားချက်ကြီးမားလွန်းသဖြင့် သူ လှည့်မပြေးရဲပေ။
"ထာဝရကာလပတ်လုံး မင်း သူမနဲ့ ဘယ်တော့မှ မတွေ့ဆုံရဘူး... မဟုတ်ရင် ဒီသံသရာစက်ဝန်းကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ဒီလောကမှာ ဘယ်သူကမှ မင်းကို မကယ်နိုင်ဘူး"
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ အသံသည် မဟာလျန် မိစ္ဆာဧကရာဇ်၏ နားထဲသို့ ရောက်ရှိလာပြီး မျက်နှာကို ဖြူဖျော့သွားစေသည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက စုကျင်းဘက်သို့ လှည့်ကြည့်လိုက်သောအခါ မဟာလျန် မိစ္ဆာဧကရာဇ်သည် ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။
သူ ထွက်ပြေးသွားသောအခါ ကောင်းကင်မှ စောင့်ကြည့်နေကြသော မိစ္ဆာဘုရာလည်း တုန်လှုပ်သွားကြပြီး နောက်ဆုံးတွင် သူ့နောက်သို့ လိုက်ပါသွားကြသည်။
သူတို့ လာရောက်ရခြင်း ရည်ရွယ်ချက်ကို မမေ့ကြပေ။ ကောင်းကင်နှင့်မြေကြီး အထွတ်အထိပ် ရတနာကို လိုချင်ကြခြင်း ဖြစ်သည်။
ကောင်းကင်ယံတွင် တန်ခိုးရှင်များနှင့် မိစ္ဆာများ ထွက်ခွာသွားကြပြီးနောက် ပြင်းထန်သော လေတစ်ချက် တိုက်ခတ်လာကာ စုကျင်းနှင့် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားတို့၏ ဝတ်ရုံများကို လှုပ်ခါသွားစေသည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် မေးစေ့ကို ဖြည်းညင်းစွာ မော့လိုက်ပြီး စုကျင်းကို ငုံ့ကြည့်ကာ ပြောလိုက်၏။
"ငါ့ကို အဲဒီလို မျက်လုံးတွေနဲ့ မကြည့်နဲ့... မင်းက ငါ့ရဲ့ သံသရာခရီးစဉ်မှာ တွေ့ကြုံခဲ့ရတဲ့ စမ်းသပ်မှုတစ်ခုပဲ... မင်း ငါ့နောက်ကို မလိုက်သင့်ဘူး... ငါက ရုပ်သေးရုပ်တစ်ရုပ်လို ကစားခံနေရတာကိုတောင် မင်း သိချင်မှ သိလိမ့်မယ်... ငါတို့ကြားက ပတ်သက်မှုမှန်သမျှ အတုအယောင်တွေချည်းပဲ..."
စုကျင်း၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာပြီး အံကြိတ်၍ မေးလိုက်သည်။
"ငါတို့ ချစ်ခဲ့ကြတုန်းက ခံစားချက်တွေကရော... အဲဒါတွေကလည်း အတုအယောင်တွေပဲလား..."
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။
"မဟာတာအိုရဲ့ ရှေ့မှောက်မှာ ခံစားချက်အားလုံးက အတုအယောင်တွေပဲ... အခု ထွက်သွားတော့..."
သူ လှည့်ထွက်လိုက်ပြီး ကုအန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
စုကျင်း စကားဆက်ပြောချင်သော်လည်း ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက လက်ပြန်ရိုက်လိုက်ရာ သူမသည် မိုးကုပ်စက်ဝိုင်းဆီသို့ လွင့်စဉ်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
မိစ္ဆာမြို့တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီး မရေမတွက်နိုင်သော မိစ္ဆာများ ကောင်းကင်ပေါ်သို့ ပျံတက်ကာ ဘာဖြစ်ပျက်ခဲ့သည်ကို ကြည့်ရှုနေကြသလို အများအပြားလည်း ကြောက်လန့်တကြား ထွက်ပြေးနေကြသည်။
ကုအန်၊ ရှန်ကျန်းနှင့် တာအိုမဲ့အမတတို့သည် ဘေးပတ်လည်မှ ပုံရိပ်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
"သွားကြစို့... နတ်ဘုရားနဲ့ သွားတွေ့ရမယ့်အချိန် ရောက်ပြီ"
ကုအန်က ပြုံး၍ ပြောလိုက်ပြီး ကောင်းကင်ပေါ်သို့ တက်လှမ်းလိုက်၏။ ရှန်ကျန်းနှင့် တာအိုမဲ့အမတတို့လည်း နောက်မှ လိုက်ပါလာကြသည်။
တာအိုမဲ့အမတသည် မလှုပ်ရှားနိုင်ဘဲ ကုအန်၏နောက်မှ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားဆီသို့ လိုက်ပါသွားရသည်။
အဝေးမှနေ၍ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာထား ပျက်ယွင်းသွားပြီး ခေါင်းများပင် အလိုအလျောက် လှုပ်ခါသွားမိသည်။