← Chapters

အခန်း (၆၂၉-၆၃၀)

Vol. 51 Ch. 629-630

အခန်း (၆၂၉-၆၃၀)

Vol. 51 Ch. 629-630

အခန်း ၆၂၉ ထျန်ဟောင်၏ အမတကျင့်စဉ်ခရီး

သက်တမ်းတာအိုနယ်မြေတွင် ဂျူနီယာညီလေးအသစ်တစ်ဦး ရောက်ရှိလာခြင်းသည် နှစ်ရှည်လများ ကြိုးစားကျင့်ကြံနေကြသော တပည့်များအတွက် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ လူတိုင်းသည် ထျန်ဟောင်ကို သွားရောက်ကြည့်ရှုကြပြီး အလှည့်ကျ ကစားပေးကြ၏။

ထျန်ဟောင်နှင့် အချိန်အများဆုံး ကုန်ဆုံးသူမှာ ဖူယို သရဲမယ်တော် ဖြစ်သည်။ မူလက သူမသည် ကုအန်အတွက် ထျန်ဟောင်ကို ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် ဝန်ထုတ်ဝန်ပိုးကို ကူညီမျှဝေပေးလိုခြင်းသာ ဖြစ်သော်လည်း ဤကလေးငယ် ကြီးပြင်းလာသည်ကို ကြည့်ရင်း သူမ၏ နှလုံးသား လှုပ်ရှားလာခဲ့သည်။

အထူးသဖြင့် အသက်နှစ်နှစ်အရွယ် ထျန်ဟောင်က သူမကို "အမေ" ဟု ခေါ်လိုက်သောအခါ သူမနေရာတွင်ပင် မှင်သက်သွားခဲ့ရ၏။

ဤမြင်ကွင်းကို ကုအန် မြင်တွေ့ခဲ့သော်လည်း တားဆီးခြင်း မပြုခဲ့ပေ။

ဖူယို သရဲမယ်တော်သည် သက်တမ်းတာအိုနယ်မြေ၏ အစွန်းဖျားတွင် အမြဲနေထိုင်ခဲ့ပြီး အခြားတပည့်များနှင့် ရောနှောနိုင်ခြင်း မရှိခဲ့ချေ။ သို့သော် နှစ်များတစ်လျှောက် သူမ၏ လုပ်ဆောင်ချက်များကြောင့် ကုအန်က သူမကို မိသားစုဝင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ထျန်ဟောင် ရှိနေခြင်းသည် သူမနှင့် သက်တမ်းတာအိုနယ်မြေကြားမှ အတားအဆီးများကို ချိုးဖျက်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

ထျန်ဟောင် ရောက်ရှိလာခြင်းကြောင့် သက်တမ်းတာအိုနယ်မြေအတွင်းရှိ အချိန်ကာလများသည် ပိုမို နှေးကွေးသွားသကဲ့သို့ ရှိနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထျန်ဟောင်သည် အသက် ၁၇ နှစ်အရွယ်သို့ ရောက်ရှိလာခဲ့၏။

မည်သည့် ကျင့်ကြံခြင်းမှ မပြုလုပ်ဘဲနှင့် ထျန်ဟောင်သည် မဟာယနအဆင့် ကျင့်ကြံမှုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် အသက်ရှူလိုက်ရုံဖြင့် သူ၏ ကျင့်စဉ်စွမ်းအားများ တက်လာသဖြင့် လုရှန်၊ ချန်ချွမ်းနှင့် အခြားသူများကို အားကျစေပြီး စိတ်ဓာတ်တက်ကြွစေခဲ့သည်။

ရှန်ကျန်းကမူ ၎င်းကို ပုံမှန်ဟုသာ ထင်မြင်သည်။ နယ်မြေတစ်ခုလုံးတွင် ကုအန်မှလွဲ၍ ထျန်ဟောင်သည် မူလဘူတ အမတနတ်ဘုရားတစ်ပါး ဖြစ်ကြောင်း သိရှိသူမှာ သူမတစ်ဦးတည်းသာ ရှိသည်။

အမတမင်းဆက်မှ အမတဝိညာဉ်များသည် မွေးဖွားလာကတည်းက နိဗ္ဗာနအဆင့်တွင် ရှိကြရာ မူလဘူတ အမတနတ်ဘုရားများဆိုလျှင် ပို၍ပင် ထူးခြားသင့်သည် မဟုတ်ပါလား။

ထျန်ဟောင်၏ ကြီးထွားမှုနှုန်းသည် အနည်းငယ် နှေးကွေးနေသည်ဟုပင် သူမ ခံစားမိသေးသည်။

တစ်နေ့တွင် ထျန်ဟောင်သည် ကုအန်၏ ခြံဝင်းထဲသို့ ရောက်လာပြီး လူကို မမြင်ရသေးမီ သူ၏ အသံကို ကြားလိုက်ရသည်။

"ဆရာ... ဆရာ... ဆရာ"

ရတနာသွန်းလုပ်သည့် မီးဖိုရှေ့တွင် တရားထိုင်နေသော အန်ရှင်း လှည့်ကြည့်လိုက်ရာ ခေတ္တမျှ ငေးငိုင်သွားမိသည်။

နေရောင်အောက်တွင် ထျန်ဟောင်သည် ရွှေရောင်ချည်မျှင်များဖြင့် ပန်းထိုးထားသော အဖြူရောင် ဝတ်ရုံကို ကျပ်ကျပ်ရပ်ရပ် ဝတ်ဆင်ထားသဖြင့် ပိုမို ခန့်ညားနေသည်။ သူသည် ချောမောသော မျက်နှာထားရှိပြီး ဆံပင်ကို မြင့်မားစွာ စည်းနှောင်ထားကာ ရှေ့တွင် ဆံနွယ်နှစ်ခုသည် မိုးမခပန်းပွင့်များကဲ့သို့ လွင့်မျောနေ၏။

သူ့ကို ကြည့်ရင်း အန်ရှင်းသည် အန်ဟောင်ကို မြင်ယောင်လာမိသဖြင့် ခံစားချက်များ ရောပြွန်းလာခဲ့သည်။

ကုအန်သည် ကုလားထိုင်ပေါ်တွင် မှီလျက် တစ်ရေးအိပ်နေသည်။ သူသည် မျက်လုံးမဖွင့်ဘဲ မေးလိုက်သည်။ "ဘာတွေ ဆူညံနေတာလဲ... အသံကလည်း ကျယ်လိုက်တာ"

ထျန်ဟောင်သည် စိတ်လှုပ်ရှားစွာဖြင့် အနားသို့ ရောက်လာပြီး "ဆရာ... သိလား...ဒီမနက် အိပ်ရာနိုးတော့ ကျွန်တော့်မှာ အစွမ်းအသစ်တစ်ခု ရနေတာ တွေ့လိုက်ရတယ်​"

အသက် ၁၇ နှစ်အရွယ် ထျန်ဟောင်သည် ကလေးဆန်မှု မကုန်သေးသော်လည်း သူ၏ မျက်နှာအသွင်အပြင်များမှာ ရင့်ကျက်လာပြီး အလွန် ချောမောလှပနေပြီ ဖြစ်သည်။

ကုအန် စကားမပြောနိုင်မီ အနီးနားရှိ အန်ရှင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "ဘာအစွမ်းလဲ..."

ရှန်ကျန်းကလည်း ထျန်ဟောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် နယ်မြေအတွင်း ထျန်ဟောင်နှင့် ထိတွေ့ဆက်ဆံမှု အနည်းဆုံးလူ ဖြစ်သည်။ သူမသည် သူ့ကို စကားပြောခဲသဖြင့် ထျန်ဟောင်သည် ငယ်စဉ်ကတည်းက သူမကို အနည်းငယ် ကြောက်ရွံ့ပြီး ပေါ့ပေါ့ဆဆ ဆက်ဆံ၍ မရသောသူဟု ခံစားမိနေသည်။

ထျန်ဟောင် လှည့်လိုက်ပြီး ညာဘက်လက်ကို မြှောက်ကာ လက်ဖဝါးကို အာရုံစိုက်လိုက်ရာ အန်ရှင်းနှင့် ရှန်ကျန်းတို့၏ အကြည့်အောက်တွင် တစ်စုံတစ်ရာ စုစည်းလာသည်။

ရွှေရောင် မီးတောက်များသည် လျင်မြန်စွာ လှည့်ပတ်ပြီး မီးလုံးတစ်လုံးအဖြစ် ပုံဖော်လာကြသည်။ ထိုမီးလုံးထဲမှ အလင်းရောင်များ ထွက်ပေါ်နေပြီး ကြည့်လိုက်လျှင် နေလုံးငယ်လေး တစ်လုံးကဲ့သို့ပင်။

အန်ရှင်းနှင့် ရှန်ကျန်းတို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ထျန်ဟောင် ဆင့်ခေါ်လိုက်သော မီးတောက်များမှာ သာမန်မဟုတ်ကြောင်း သူတို့ ခံစားမိသောကြောင့် ဖြစ်၏။

"ဒီမီးက ဘယ်တော့မှ မငြိမ်းဘူး... ကျွန်တော် စမ်းကြည့်ပြီးပြီ... လွှတ်လိုက်ရင် လေထဲမှာ ပျံဝဲပြီး ဆက်တောက်လောင်နေတာ" ထျန်ဟောင်က ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြောလိုက်သည်။

သူသည် အမတကျင့်စဉ်ကို တရားဝင် မကျင့်ကြံရသေးသော်လည်း ၎င်းတည်ရှိမှုကို သိရှိထားပြီး ဖြစ်သည်။

အမတကျင့်စဉ် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သူ သိပ်ပြီး အလေးမထားပေ။ အကြောင်းမှာ သူသည် အချိန်တိုင်း ပိုမို သန်မာလာနေသောကြောင့် ဖြစ်၏။

ထျန်ဟောင်သည် ကုအန်ကို ကြည့်လိုက်ပြီး ဆရာ၏ တုံ့ပြန်မှုကို သိချင်နေသော်လည်း ဆရာမှာ မျက်လုံးမှိတ်လျက် ကုလားထိုင်ပေါ်တွင် လှဲနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဆရာ..."

ထျန်ဟောင် ကျယ်လောင်စွာ အော်ခေါ်လိုက်သဖြင့် တောထဲမှ ငှက်များ လန့်ပျံသွားကြသည်။

ကုအန်သည် နားကို ကလော်လိုက်ပြီး လှိမ့်ကာ ထထိုင်လိုက်သည်။ သူသည် ထျန်ဟောင်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ရာ ထျန်ဟောင်က ရတနာတစ်ခုကို ဆက်သသကဲ့သို့ လက်ကို မြှောက်၍ နေလုံးငယ်လေးကို ပြသလိုက်သည်။

"ဒါပဲလား..."

ကုအန်၏ အသံတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။

ထျန်ဟောင် ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ကုအန်သည် လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို ကောင်းကင်ယံသို့ မူလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကမ္ဘာလောကကြီး တစ်ခုလုံး အနီရောင် သမ်းသွားပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ အပူချိန်မှာ အလွန်အမင်း မြင့်တက်လာသည်။

ထျန်ဟောင် အလိုအလျောက် မော့ကြည့်လိုက်ရာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာသည်။

အန်ရှင်းနှင့် ရှန်ကျန်းတို့ မော့ကြည့်လိုက်ရာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသော ဧရာမ နေလုံးကြီးတစ်ခုကို တွေ့လိုက်ရပြီး မည်သည့်အရပ်မျက်နှာတွင်မှ အနားသတ်များကို မမြင်ရပေ။

ဖိစီးမှု၊ ကြောက်ရွံ့ရိုသေမှု။

ဤသည်မှာ ထျန်ဟောင်အတွက် ထိုကဲ့သို့သော ခမ်းနားထည်ဝါသည့် မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသည် ၁၇ နှစ်လုံးလုံး သက်တမ်းတာအိုနယ်မြေအတွင်း၌သာ နေထိုင်ခဲ့ပြီး မည်သည့်တပည့်မျှ တိုက်ခိုက်ခြင်း မပြုကြသဖြင့် ဤသည်မှာ အမတလမ်းစဉ်၏ စွမ်းအားကို သူ ပထမဆုံးအကြိမ် အမှန်တကယ် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

သူ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီး လှည့်ပတ်ကြည့်ရှုလိုက်ရာ တဖြည်းဖြည်း စိတ်လှုပ်ရှားလာကာ ခန္ဓာကိုယ်ပင် တုန်ရီလာတော့သည်။

ကုအန်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ညာဘက်လက်ကို ဆုပ်လိုက်ရာ ကောင်းကင်ယံမှ ပူပြင်းသော နေလုံးကြီးမှာ တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ သို့သော် ဘေးပတ်လည်တွင် ကျန်ရှိနေသေးသော အပူရှိန်က သူ ယခုလေးတင် မြင်တွေ့ခဲ့ရသည်မှာ ပုံရိပ်ယောင် မဟုတ်ကြောင်း ထျန်ဟောင်ကို ပြောပြနေ၏။

ထျန်ဟောင် ကုအန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ရုတ်တရက် အလွန်ပျော်ရွှင်သွားကာ ကုအန်၏ ဘေးတွင် ဒူးထောက်၍ လက်မောင်းကို ဆွဲကိုင်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဆရာ...ဆရာ... သင်ပေးပါ... ကျွန်တော် အမတကျင့်စဉ် ကျင့်ချင်တယ်"

ကြီးပြင်းလာပြီဖြစ်၍ ဆရာနှင့် ဖခင်ကြားက ကွာခြားချက်ကို သူ သဘာဝကျကျပင် နားလည်ထားသည်။ ဆရာက သူ့ကို တပည့်အဖြစ် လက်ခံထားပြီးဖြစ်၍ သေချာပေါက် ကျင့်ကြံနည်း သင်ပေးလိမ့်မည်။

"အမတကျင့်စဉ် ကျင့်ဖို့အတွက် ချမ်ခွန်းဂိုဏ်းကို သွားလိုက်..."

ကုအန်သည် လက်ကို မြှောက်၍ ထျန်ဟောင်၏ ခေါင်းကို ပွတ်သပ်ပေးရင်း နူးညံ့သောအပြုံးဖြင့် ပြောလိုက်သည်။

"ချမ်ခွန်းဂိုဏ်း..." ထျန်ဟောင် ဇဝေဇဝါ ဖြစ်သွားသည်။

ကုအန် အန်ရှင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သတိပြန်ဝင်လာသော အန်ရှင်းက "အခု သွားရမှာလား..."

"အင်း... သူ မေးလာတာနဲ့ ငါတို့ ပို့ပေးသင့်တယ်... သူမကို သူ့နဲ့ တွေ့ခွင့်ပေးပြီး ရင်ထဲက နောင်တတွေကို ဖယ်ရှားပေးလိုက်တာ အကောင်းဆုံးပဲ..." ဟု ကုအန်က ပြောပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ထျန်ဟောင် ကြောင်အကာ ကျန်ရစ်ခဲ့ပြီးနောက် မတ်တတ်ထရပ်ကာ အန်ရှင်းကို ကြည့်လိုက်သည်။

အန်ရှင်းသည် စိတ်ခံစားမှုများကို ငြိမ်သက်အောင် လုပ်လိုက်ပြီး ပုံမှန် တည်ငြိမ်မှုအတိုင်း ပြန်လည်နေထိုင်ကာ ခြံဝင်းတံခါးဝသို့ လျှောက်သွားလိုက်သည်။ ထျန်ဟောင်က ရှန်ကျန်းကို ကြည့်ပြီး နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ရှန်ကျန်း၏ ဂရုမစိုက်သော အကြည့်ကို မြင်သောအခါ ခေါင်းပြန်လှည့်လိုက်ပြီး အန်ရှင်းကို မီအောင် အမြန် လိုက်သွားတော့သည်။

စကြဝဠာ၊ နယ်နမိတ်တံခါး...

အဆုံးမဲ့ နတ်ဘုရားအလင်းရောင်များ ထွက်ပေါ်နေသော ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်လုံးသူငယ်အိမ်များထဲတွင် ထျန်ဟောင်နှင့် အန်ရှင်းတို့၏ ပုံရိပ်များ ထင်ဟပ်နေသည်။

"နောက်ဆုံးတော့ သူ ထွက်လာပြီပဲ... မင်း ဘာလုပ်ချင်နေတာလဲ"

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား တီးတိုးရေရွတ်လိုက်သည်။ ထျန်ဟောင်ကို အန်ရှင်း ခေါ်သွားကတည်းက သူသည် ထျန်ဟောင်၏ အခြေအနေ အတိအကျကို မကြည့်ရှုနိုင်တော့ပေ။ ၎င်းမှာ ကုအန်နှင့် သက်ဆိုင်နေကြောင်း ခန့်မှန်းရန် မခက်ခဲလှချေ။

မူလက ကုအန်သည် ထျန်ဟောင်ကို ဖုံးကွယ်ထားမည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ထျန်ဟောင်ကို လွှတ်ပေးလိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထျန်ဟောင်က အန်ရှင်းကို မေးခွန်းထုတ်နေပုံကို ကြည့်ရင်း သူ၏ ရင်ထဲတွင် တိတိကျကျ မပြောပြနိုင်သော ခံစားချက်တစ်ခု ပေါ်လာသည်။

အမှန်တကယ်တွင် သူသည် ထျန်ဟောင်ကို သိပ်ဂရုမစိုက်ပေ။ သူက ထျန်ဟောင်ကို မူလဘူတ အမတနတ်ဘုရား ဖြစ်လာအောင် ကူညီပေးခဲ့ခြင်းမှာ စုကျင်းကို အသက်ရှင်ခွင့် ပေးလိုသောကြောင့်သာ ဖြစ်သည်။

ယခုကြည့်ရသည်မှာ ကုအန်က စုကျင်းကို ထိခိုက်စေမည် မဟုတ်သော်လည်း မူလဘူတ အမတနတ်ဘုရားတစ်ပါး ဖန်ဆင်းလိုက်ခြင်းက ကပ်ဘေးတစ်ခု၏ မျိုးစေ့ကို ချလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူသည် မရေမတွက်နိုင်သော သံသရာများကို ဖြတ်သန်းခဲ့ရပြီး ကုအန် ဦးဆောင်ခဲ့သော သံသရာများမှာ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။ သူသည် အမျိုးမျိုးသော ဆက်ဆံရေးများ၊ ဆွေမျိုးသားချင်း တော်စပ်မှုများကို ကြုံတွေ့ခဲ့ရပြီးဖြစ်၍ သူ၏ စိတ်နှလုံးမှာ ငြိမ်သက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူသည် ထျန်ဟောင်ကို အေးစက်စွာ ငုံ့ကြည့်နေပြီး ရင်ထဲတွင် သနားခြင်း အလျဉ်းမရှိချေ။ သူ ဖန်ဆင်းလိုက်သော မူလဘူတ အမတနတ်ဘုရားများ မည်သည့်အမြင့်သို့ ရောက်ရှိနိုင်မည်ကိုသာ သူ မြင်တွေ့လိုပေသည်။

စကြဝဠာကြီးတွင် တိတ်ဆိတ်ငြိမ်သက်မှု လွှမ်းမိုးနေပြီး သူသည် ထျန်ဟောင်ကို မလှုပ်မယှက် စိုက်ကြည့်နေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိပေ။

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ ရွှေရောင်အမိန့်တော် ပြားတစ်ခု ပျံထွက်လာပြီး အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား... မင်းလည်း ပေါ့ပေါ့နေတတ်မယ်လို့ မထင်ထားဘူး... ငါ မကြာခင် ရောက်လာတော့မယ်... ပြင်ဆင်ထားပါ... အနည်းဆုံးတော့ ငါ့ကို ပြဿနာတွေ မမြင်ပါစေနဲ့”

အခန်း ၆၃၀ ကြီးမားသော အခွင့်အလမ်း

နံနက်ခင်းအချိန်တွင် တောင်ထိပ်များမှာ ဓားသွားများသဖွယ် မြူခိုးများကြားမှ ထိုးထွက်နေကြပြီး သေမျိုးလောကရှိ အမတနယ်မြေတစ်ခုကဲ့သို့ လှပတင့်တယ်နေ၏။

တောင်ထိပ်တစ်ခုပေါ်ရှိ ခြံဝင်းအတွင်း၌ အပင်များ ဝေဆာနေပြီး ခြေတံရှည်သော ခွေးဖြူကြီးတစ်ကောင်သည် မြေကြီးပေါ်တွင် အိပ်မောကျနေ၏။

ရုတ်တရက် တံခါးပွင့်လာပြီး အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လီရွှမ်ယု ထွက်လာ၏။ နေရောင်ခြည်သည် အဝေးမှ တောင်ထိပ်များကို ဖြတ်ကျော်ပြီး သူမအပေါ် ကျရောက်လာ၏။

သူမ ညာဘက်လက်ကို မြှောက်လိုက်ရာ ပန်းပွင့်ဖတ်လေးတစ်ဖတ် လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။ သူမသည် ထိုပန်းပွင့်ဖတ်လေးကို အေးစက်သော အကြည့်ဖြင့် ငုံ့ကြည့်လိုက်၏။

အမျိုးသမီး တပည့်တစ်ဦးသည် တိမ်ပင်လယ်ကို ဖြတ်ကျော်၍ ဓားပျံတစ်ချောင်းစီးလျက် ခြံဝင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။ မြေကြီးပေါ်သို့ မရောက်မီမှာပင် သူမ၏ ဓားပျံသည် ကျုံ့သွားပြီး ဝတ်ရုံလက်ထဲသို့ ဝင်ရောက်သွား၏။

မြေကြီးပေါ်သို့ ရောက်သောအခါ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးပြီး ပြုံးလျက် ပြောလိုက်သည်။

"ဆရာသခင်... ချမ်ခွန်းဂိုဏ်းမှာ မကြုံစဖူး ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာတယ်... ဌာနခွဲအားလုံးက သူ့ကို လိုချင်နေကြတယ်... ဆရာသခင်... ကျွန်မတို့ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူးနော်"

တာအိုခုံရုံး၏ ကျော်ကြားမှု မြင့်တက်လာသည်နှင့်အမျှ ချမ်ခွန်းဂိုဏ်းသည်လည်း တာအိုခုံရုံးကို အတုယူကာ ယှဉ်ပြိုင်နှင့် အာဏာကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန်အတွက် ဌာနခွဲအမျိုးမျိုးကို စတင် တည်ထောင်ခဲ့သည်။

ဌာနခွဲခေါင်းဆောင်တစ်ဦးနှင့် ချမ်ခွန်းဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်နေပြီဖြစ်သော လီရွှမ်ယုသည် ထန်ချိုင် ထွက်ခွာသွားပြီးနောက် ဆက်လက်နေထိုင်ခဲ့သူ ဖြစ်သည်။

တပည့်မလေး၏ စကားကို ကြားသောအခါ လီရွှမ်ယွီက ဂရုမစိုက်ဟန်ဖြင့် "ပါရမီရှင်တွေ အများကြီး ရှိတာပဲ... ဘာလို့ ပြိုင်ဆိုင်နေရမှာလဲ..."

"ဒီတစ်ယောက်က မတူဘူး... သူက တားမြစ်နယ်မြေက လာတာ... အမတကိုယ်တိုင် ချမ်ခွန်းဂိုဏ်းကို ခေါ်လာခဲ့တာ..." တပည့်မလေးက ကမန်းကတန်း ရှင်းပြလိုက်၏။

တားမြစ်နယ်မြေ

လီရွှမ်ယွီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် တားမြစ်နယ်မြေအကြောင်း ကောင်းစွာ သိရှိထားပြီး အမတဆိုသည်မှာ အန်ရှင်းဖြစ်ကြောင်း သိရှိထားသည်။

"ဘာလို့ အမတက သူ့တပည့်ကို ချမ်ခွန်းဂိုဏ်းဆီ ခေါ်လာရတာလဲ..." လီရွှမ်ယွီ မေးလိုက်၏။

"ကျွန်မလည်း အဲဒါကို စဉ်းစားနေတာ... ဒါပေမဲ့ အခု နားလည်သွားပြီ... ထျန်ဟောင်လို့ခေါ်တဲ့ အဲဒီတပည့်က တကယ်ကို ထူးခြားတယ်... ဂိုဏ်းချုပ်ကြီးက သူ့ကို နောက်တက်မယ့် ဂိုဏ်းချုပ်အဖြစ်တောင် သတ်မှတ်ထားပြီးပြီ..."

တပည့်မလေးသည် စိတ်လှုပ်ရှားနေပြီး ထျန်ဟောင်အကြောင်း ပြောပြရာတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။

လီရွှမ်ယွီ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်"သူက တကယ်ပဲ အဲဒီလောက် တော်လို့လား..."

တပည့်မလေးက ခေါင်းညိတ်ပြီး "သူ ဂိုဏ်းထဲ ရောက်တာနဲ့ အမွေအနှစ်ကျောက်တိုင်မှာရှိတဲ့ မဟာနတ်ဘုရားစွမ်းရည်ကို တစ်ခါကြည့်ရုံနဲ့ တတ်မြောက်သွားတယ်လို့ ပြောကြတယ်... မယုံနိုင်စရာပဲ..."

လီရွှမ်ယွီ တွေးတောလိုက်၏။

ထျန်ဟောင်

သူမသည် ကုအန်နှင့် ဆက်ဆံရေး ပိုမို ခိုင်မာအောင် လုပ်ဆောင်သင့် မလုပ်ဆောင်သင့် တွန့်ဆုတ်နေမိသည်။ ကုအန်ကို အနှောင့်အယှက် ပေးမိမည်ကိုလည်း စိုးရိမ်နေမိ၏။

သူမတွင် ကုအန်ကို တောင်းဆိုစရာ အထူးတလည် မရှိသော်လည်း သူ့အကြောင်းကို နားလည်ချင်စိတ် ပြင်းပြနေမိသည်။

ကုအန်သည် ဤမျှ ဝေးလံသော နေရာသို့ မည်သို့ ရောက်ရှိလာသနည်း။ ဤမျှ စွမ်းအားကြီးမားသော ကျင့်ကြံမှုအဆင့်ကို မည်သို့ ပိုင်ဆိုင်ထားသနည်း။ မည်သို့သော အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသနည်း။

တပည့်မလေးက ထျန်ဟောင်ကို သူတို့၏ ဌာနခွဲသို့ လက်ခံခြင်း၏ အကျိုးကျေးဇူးများကို ဆက်လက် ရှင်းပြနေသော်လည်း လီရွှမ်ယု နားထောင်နေရင်း သူမ၏ အတွေးများက အခြားတစ်နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ထောင် ကုန်ဆုံးသွားခဲ့၏။

ချမ်ခွန်းဂိုဏ်းအထက်တွင် မိုးတိမ်တိုက်များ ကွဲလွင့်သွားပြီးနောက် ကုအန်နှင့် လီရွှမ်ယုတို့သည် စားသောက်ဆိုင်တစ်ခု၏ ဒုတိယထပ်တွင် ထိုင်လျက် ပြတင်းပေါက်ကို မှီကာ ဝိုင်သောက်နေကြသည်။ အောက်ဘက် လမ်းမပေါ်တွင် ကောင်းကင်ယံကို မော့ကြည့်နေသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။

"ထျန်ဟောင်က လူရော ဟုတ်ရဲ့လား... နှစ်တစ်ထောင်အတွင်း မဟာယနအဆင့်ကနေ အချုပ်အနှောင်မဲ့အမတအဆင့်ကို ရောက်လာတာက သိပ်ပြီး လွန်လွန်းတယ်..."

"သူက အမတနတ်ဘုရားတစ်ပါး ဝင်စားထားတာများလား..."

"ဖြစ်နိုင်တယ်... အမတတစ်ပါး ကိုယ်တိုင် ဂိုဏ်းထဲကို ခေါ်လာတာဆိုတော့"

"ဘာပဲဖြစ်ဖြစ် ဒီလို ပါရမီရှင်မျိုးက ငါတို့အတွက် အကျိုးရှိပါတယ်... သူက ချမ်ခွန်းဂိုဏ်းကို မကြုံစဖူး အမြင့်တစ်ခုဆီ ခေါ်ဆောင်သွားနိုင်တယ်..."

"ဟုတ်တယ်... မနာလို ဖြစ်နေမယ့်အစား ပိုပြီးမျှော်လင့်နေသင့်တယ်"

အခြားစားပွဲဝိုင်းများမှ ဆွေးနွေးသံများကို နားထောင်ရင်း လီရွှမ်ယုသည် ကုအန်ကို လှမ်းကြည့်လိုက်သည်။ သူမ မေးသင့် မမေးသင့် တွန့်ဆုတ်နေမိ၏။

ကုအန်က ဝိုင်ခွက်ကို လှည့်ကစားရင်း ရယ်မောကာ ပြောလိုက်သည်။

"ငါ သူ့ကို စတွေ့တုန်းက တခြားလူတွေနဲ့ မတူဘူးလို့ ခံစားမိတယ်... တကယ်ပဲ ငါတောင် မယုံနိုင်စရာပဲ..."

လီရွှမ်ယွီက တိုးညှင်းစွာ ပြောလိုက်၏။

"ဟုတ်လို့လား... တိုက်ဆိုင်မှုတွေ အများကြီး ရှိတယ်ဆိုတာ ငါ မယုံဘူး"

အန်ရှင်း၏ စွမ်းအားကို ကြည့်ခြင်းအားဖြင့် ကုအန်သည် တပည့်များကို သင်ကြားပေးရာတွင် ကျွမ်းကျင်ကြောင်း ထင်ရှားနေသည်။ ထို့ကြောင့် လီရွှမ်ယုက ထျန်ဟောင်၏ ပါရမီများအားလုံးကို ကုအန်ကြောင့်ဟု ယူဆပြီး ကုအန်က ထျန်ဟောင်ကို လျှို့ဝှက်စွာ လမ်းညွှန်ပေးနေသည်ဟု ယုံကြည်ထားသည်။

သူမ ထိုသို့ပြောဆိုပိုင်ခွင့် ရှိသည်။ ထျန်ဟောင် သူမ၏ တပည့်ဖြစ်လာပြီးနောက် သူမသည် စေတနာအပြည့်ဖြင့် စတင်သင်ကြားပေးခဲ့သော်လည်း မကြာမီ ထျန်ဟောင်၏ တာအိုနားလည်သဘောပေါက်မှုသည် နတ်ဘုရားအကူအညီ ရရှိထားသကဲ့သို့ သူမထက် သာလွန်သွားခဲ့သည် မဟုတ်ပါလား။

ထိုအကြောင်းကို တွေးမိသောအခါ သူမ စိတ်လှုပ်ရှားမိသည်။

ရီချင်းရှန်က ထျန်ဟောင်ကို သူမထံ အပ်နှံစဉ်က မျက်နှာအမူအရာကို သူမ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။

ထျန်ဟောင်ကို ရရှိလိုက်ရုံသာမက သူမ၏ ဌာနခွဲသည်လည်း ပိုမိုကောင်းမွန်သော ဆက်ဆံမှုကို ရရှိခဲ့သည်။ နှစ်တစ်ထောင်အတွင်း သူမ စီမံခန့်ခွဲသော ဌာနခွဲသည် ဂိုဏ်းအဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၁၀ နေရာသို့ ရောက်ရှိခဲ့ပြီး ပါရမီရှင် တပည့်များကို ဆွဲဆောင်နိုင်ရုံသာမက တန်ခိုးကြီး ကျင့်ကြံသူများ စေလွှတ်ပေးသော မြင့်မြတ်သော မိသားစုများထံမှ အကူအညီများကိုလည်း ရရှိခဲ့သည်။

သူမ ခံစားနေရသော အခွင့်အရေးများအားလုံးကို ကုအန် ယူဆောင်လာပေးခြင်း ဖြစ်ကြောင်း သူမ သိရှိထားသည်။

"ဘာလို့ သူ့ကို ငါ့ဂိုဏ်းဆီ ပို့လိုက်တာလဲ... ငါ သူ့ကို တကယ် မသင်ပေးနိုင်မှန်း နင် သိသားနဲ့" လီရွှမ်ယု နောက်ဆုံးတွင် မေးလိုက်၏။

ကုအန်က ဝိုင်ကို မော့သောက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"ဘယ်သူပဲ ယူယူ အတူတူပါပဲ... ဘယ်သူမှ သူ့ကို တကယ် မသင်ပေးနိုင်ပါဘူး... ဒါက ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးကြီးတစ်ခုပဲ... သူ ချမ်ခွန်းဂိုဏ်းကို ဝင်ရောက်သရွေ့ ဂိုဏ်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေမှာပါ... သူ့ကို ဘယ်သူ သင်ပေးသင့်လဲ ဆိုတာကတော့ ငါ ယုံကြည်ရတဲ့သူကို ရွေးချယ်မှာ သဘာဝကျပါတယ်... ငါတို့ရဲ့ မိတ်ဆွေဟောင်း သံယောဇဉ်ကြောင့်တင် မဟုတ်ဘူး... စီနီယာအစ်ကိုလီအတွက် ကောင်းမွန်တဲ့ ကံတရားအချို့ ထားခဲ့ချင်လို့ပါ"

ကုအန်က လီယအကြောင်း ပြောလိုက်သဖြင့် လီရွှမ်ယွီ စိတ်သက်သာရာ ရသွားသည်။

ထို့နောက် လီရွှမ်ယုက "ငါ့ရဲ့ တာအိုတောင်ကို ဘာလို့ လာမလည်တာလဲ..."

ကုအန်က ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ပြီး ပြောလိုက်သည်။

"ငါက ဒီလို စည်ကားတဲ့ နေရာမျိုးကို သဘောကျလို့ပါ... မင်းက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတာ... မမွန်းကြပ်ဘူးလား"

ပြောနေရင်း သူသည် ဘယ်လက်ဖြင့် ပါးကို ထောက်ထားပြီး မျက်လုံးများက ပျင်းရိနေသည်။

လီရွှမ်ယုလည်း ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပြီး လမ်းမပေါ်တွင် သွားလာနေသော လူများကို ကြည့်ရှုနေ၏။ သူမ၏ စိတ်ထင်လို့လား မသိပေမယ့် တစ်စုံတစ်ရာ ခံစားချက်ကို ရရှိနေသည်။

ကုအန်သည် လမ်းမကို ကြည့်နေသော်လည်း သူ၏ စိတ်ကမူ ပြင်ပကောင်းကင်သို့ ရောက်ရှိနေသည်။

နယ်နမိတ်တံခါး လှုပ်ရှားနေ၏။

ပြင်းထန်သော အလင်းရောင်များကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား... ဒီ မဟာကမ္ဘာတစ်ထောင်ကို ရှာတွေ့ဖို့ မလွယ်ပါလား... မင်း လုပ်ထားတာလား... ဒါမှမဟုတ် ကောင်းကင်စိတ်ဝိညာဉ်အမတအရှင်က လုံးဝ မကျဆုံးသေးတာလား"

ရယ်မောသံတစ်ခု နယ်နမိတ်တံခါးမှ ထွက်ပေါ်လာပြီး မီးခိုးရောင်ဝတ် တာအိုဆရာတစ်ဦး ထွက်လာသည်။ သူသည် ဆံပင်ဖြူ ကလေးငယ်တစ်ဦး၏ ပုံစံရှိပြီး လက်တစ်ဖက်တွင် မြင်းမြီးယပ်တောင်နှင့် အခြားလက်တစ်ဖက်တွင် အဖြူရောင် ကျောက်စိမ်းပုလင်းကို ကိုင်ထားသည်။ သူ၏ ကိုယ်ခန္ဓာကို အမတအရှိန်အဝါများ ဝန်းရံထားပြီး ကြယ်များ ပါဝင်နေသကဲ့သို့ ငွေရောင်အလင်းတန်းများ မှိန်ပျပျ တောက်ပနေ၏။

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မတ်တတ်ထရပ်လိုက်ပြီး အသစ်ရောက်ရှိလာသူဘက်သို့ လှည့်လိုက်သည်။ သူ၏ ဘေးပတ်လည်မှ နတ်ဘုရားအလင်းရောင်များ ပျောက်ကွယ်သွားပြီး ပိုင်ရှန့်၏ မျက်နှာဖြင့် သူ၏ ပုံစံအစစ်အမှန် ပေါ်လာသည်။

"နှုတ်ခွန်းဆက်ပါတယ်... လနတ်ဘုရား"

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ လေသံမှာ အေးစက်နေသော်လည်း လနတ်ဘုရားကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ယ

လနတ်ဘုရား ပြုံးလိုက်သည်။ သူသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား အနားသို့ ချဉ်းကပ်လာပြီးရယ်မောကာမေးလိုက်သည်။ "ဘယ်နှနှစ် ရှိသွားပြီလဲ... မင်း အဲဒီ ရတနာကို ရှာမတွေ့သေးဘူးလား"

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက ပြန်ဖြေလိုက်သည်။

"ဘာရတနာလဲ... ငါ မသိဘူး... ငါ ဒီကမ္ဘာကို မဖျက်ဆီးရတဲ့ အကြောင်းရင်းက ဒီမှာ ကောင်းကင်နန်းတော်အတွက် အကျိုးရှိတဲ့ ကံတရားကို မြင်နေရလို့ပါ..."

လနတ်ဘုရားက စကြဝဠာ၏ နက်ရှိုင်းရာသို့ လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

"ကောင်းကင်တာအို ကံတရားက တကယ်ပဲ မြင့်တက်လာနေတာပဲ... ကောင်းကင်နန်းတော်ရဲ့ နာမည်လည်း ပျံ့နှံ့နေတယ်... ဒါပေမဲ့ မင်း တကယ်လိုချင်တာ ဘာလဲဆိုတာ ငါ သိပါတယ်..."

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ မျက်နှာထား ပြောင်းလဲခြင်း မရှိဘဲ လနတ်ဘုရားကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

ခဏကြာပြီးနောက် လနတ်ဘုရား အကြည့်လွှဲလိုက်သည်။ သူက ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ကြည့်ပြီး ပြောလိုက်၏။

"မင်းရဲ့ ပါရမီနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဒီလောက် နိမ့်မနေသင့်ဘူး... ဘယ်တော့ အဆင့်တက်မှာလဲ..."

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက ပြန်ဖြေလိုက်သည်။

"ကောင်းကင်တာအိုက ဆုံးဖြတ်ပါလိမ့်မယ်... ငါက ငါ့ရဲ့ အမတရာထူးမှာ နေပြီး ကောင်းကင်တာအိုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းရုံပါပဲ..."

"ဟားဟား... မင်း ခေါင်းမငုံ့ရင် သူက ဘယ်လိုလုပ် ကောင်းကင်တာအိုကို မင်းအပေါ် ကျရောက်စေမှာလဲ" လမင်းနတ်ဘုရားက လှောင်ပြောင်လိုက်သည်။

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ထပ်မံ တိတ်ဆိတ်သွားပြန်သည်။

လနတ်ဘုရား၏ မျက်နှာထား အေးစက်သွားပြီး ပြောလိုက်၏။

"ငါ့အတွက် တစ်ခုခု လုပ်ပေးရင် မင်းရဲ့ ပြစ်မှုတွေကို ဖုံးကွယ်ပေးပြီး မင်းနဲ့ ဒီမဟာကမ္ဘာတစ်ထောင်ကို ဆက်လက် တည်ရှိခွင့် ပေးမယ်"

All Chapters