← Chapters

အခန်း (၆၃၃-၆၃၄)

Vol. 52 Ch. 633-634

အခန်း (၆၃၃-၆၃၄)

Vol. 52 Ch. 633-634

အခန်း ၆၃၃ သက်တမ်း ၁ ဘီလီယံ၊ သက်တမ်း ပုံရိပ်ယောင်ဖန်တီးခြင်း

လနတ်ဘုရား ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လီယသည် စိတ်မသက်မသာ ဖြစ်နေဆဲပင်။ သူသည် ထိုနေရာ၌ပင် သူ၏ ခန္ဓာကိုယ်ကို အချိန်ကြာမြင့်စွာ စစ်ဆေးနေပြီး သူ၏ ကိုယ်တွင် ပုံမှန်မဟုတ်သည်များ မရှိကြောင်း သေချာသွားသောအခါ လမင်းနတ်ဘုရားမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ် ရုတ်တရက် သူ့ပခုံးပေါ်သို့ ခုန်တက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ခုနက အဲဒီလူရဲ့ ကျင့်ကြံမှုအဆင့်ကို မင်း မြင်နိုင်လား..."

လီယ သတိပြန်ဝင်လာပြီး မျက်မှောင်ကြုတ်လျက် "ငါ မမြင်နိုင်ဘူး..."

"တကယ်လို့ သူက ခုနက မင်းကို တကယ် ကူညီပေးခဲ့တာဆိုရင်... ကောင်လေး... မင်းရဲ့ ကံကောင်းမှုက တကယ့်ကို အတိုင်းအဆမရှိ ကြီးမားလွန်းတယ်... လမ်းဘေးမှာတောင် ဒီလောက်ကြီးမားတဲ့ အခွင့်အရေးမျိုးနဲ့ ကြုံတွေ့ရတယ်ဆိုတော့..." ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်က မှတ်ချက်ချလိုက်၏။

လနတ်ဘုရား၏ စကားများကို ကြားပြီးနောက် ၎င်းက အမှန်တကယ် ယုံကြည်သွားခဲ့သည်။

အမှန်တကယ်ပင် လီယ၏ နောက်ကွယ်တွင် အစွမ်းထက်သော ကျောထောက်နောက်ခံ တစ်ခုရှိပြီး အမှောင်ထုထဲတွင် ပုန်းအောင်းကာ လီယကို အမြဲတမ်း စောင့်ကြည့်နေခြင်း မရှိသော်လည်း လီယသည် အခွင့်အရေး အမျိုးမျိုးနှင့် အဆက်မပြတ် ကြုံတွေ့နေရသဖြင့် လီယ၏ ကံတရားပုံစံကို ၎င်းက သံသယဝင်လာမိသည်။

လီယရဲ့ ကံတရားပုံစံက အခု အရမ်း အစွမ်းထက်လာတာများလား။

လီယကမူ လမင်းနတ်ဘုရား၏ မည်သူမည်ဝါဖြစ်ကြောင်းကို စဉ်းစားနေသည်။ ယခုနှစ်များအတွင်း မဟာကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုများကို သူ ပိုမိုခံစားလာရပြီး ထူးချွန်သော ပုဂ္ဂိုလ်များနှင့် တန်ခိုးရှင်များ ပိုမို ပေါ်ထွက်လာသဖြင့် သူသည် သာမန်သေမျိုးတစ်ယောက်ကဲ့သို့ ခံစားလာရကာ လုံခြုံမှုမရှိသလို ဖြစ်နေရ၏။

လီယ အသက်ပြင်းပြင်း ရှူလိုက်ပြီး ခုန်တက်ကာ ပင်လယ်ပြင်ဆီသို့ ပျံသန်းသွားတော့သည်။

ပင်လယ်လေပြင်းများ တိုက်ခတ်နေပြီး ဆန်းကြယ်အမတဝိညာဉ်သည် သူ၏ ပခုံးပေါ်တွင် ရပ်လျက် နားရွက်ကို ဆွဲကာ မေးလိုက်သည်။ "လီယ... မင်း တကယ်ပဲ တာအိုခုံရုံးကို သွားမလို့လား... တာအိုခုံရုံးကို မတူညီတဲ့ မဟာကမ္ဘာတွေက ထိပ်တန်း ကျင့်ကြံသူတွေ ဖန်တီးထားတာလို့ ကြားတယ်... အဲဒီမှာ ပြဿနာသွားရှာရင် အရမ်း ဒုက္ခရောက်လိမ့်မယ်..."

"မင်း ဘာပြောချင်တာလဲ... ငါက ပြဿနာရှာရတာ ကြိုက်တဲ့လူမို့လို့လား..."

"ဘယ်လိုဖြစ်ရမလဲ... မင်းကိုယ်မင်း မသိဘူးလား"

"ငါ ဘယ်တော့မှ မဆင်မခြင် မလုပ်ဘူး... အဲဒီလူတွေက အရမ်း အနိုင်ကျင့်လွန်းလို့ပါ"

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... မင်းက အမြဲတမ်း မှန်ပါတယ်... မင်းက တခြားလူတွေ အနိုင်ကျင့်ခံရတာကို မကြည့်ရက်ဘူး... ဒါပေမဲ့ မင်း ဒုက္ခရောက်နေတုန်းကရော ဘယ်သူက မင်းကို ကူညီပေးခဲ့လို့လဲ"

"ဒီနေ့ ရခဲ့တဲ့ အခွင့်အရေးက အဲဒီအတွက် ပြန်လည်ပေးဆပ်တာပဲ မဟုတ်ဘူးလား... အနာဂတ်ကို မကြည့်ဘဲ ကောင်းတဲ့အလုပ်တွေ လုပ်ပါ..."

လီယ ညည်းတွားလိုက်ပြီး ဤစကားဝိုင်းကို ဆက်မပြောလိုတော့ချေ။ သူ စကားလမ်းကြောင်း လွှဲလိုက်ပြီး "ထျန်ဟောင်က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တယ်လို့ မင်း ထင်လား... လူမသိသူမသိ ဂိုဏ်းလေးတစ်ခုကနေ ပေါ်လာတာကို ကမ္ဘာအနှံ့ နာမည်ကြီးသွားတယ်... နှစ်တစ်ထောင် အချုပ်အနှောင်မဲ့အမတတဲ့... အဲဒါ အရမ်း မယုံချင်စရာကောင်းလွန်းတယ်"

"သူက အခု အချုပ်အနှောင်မဲ့အမတ မဟုတ်တော့ဘူး...ကမ္ဘာဦးအမတ ဖြစ်နေပြီ..." ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်က စနောက်လိုက်သည်။

"အန်ဟောင်သာ ရှိနေသေးရင် ဒီထျန်ဟောင်ကို ဒီလောက် ဂုဏ်ယူဝင့်ကြွားခွင့် ပေးပါ့မလား..." လီယက သက်ပြင်းချလိုက်၏။

သူသည် အန်ဟောင်ကို ဘဝ၏ အကြီးမားဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည်။ ကံဆိုးစွာဖြင့် အန်ဟောင်သည် ဤလောကတွင် မရှိတော့ပေ။ ဤအကြောင်းကို တွေးမိတိုင်း သူ၏ နှလုံးသားမှာ နာကျင်ရပြီး နောင်တရမိ၏။

ဆန်းကြယ်အမတဝိညာဉ် တိတ်ဆိတ်သွားပြီး တွေးတောနေမိ၏။

အန်ဟောင်... ထျန်ဟောင်...နှစ်ယောက်လုံး ဟောင်ဆိုတဲ့ နာမည် ပါနေတယ်... ဒီလောက် တိုက်ဆိုင်နိုင်လို့လား။

အခြားတစ်ဖက်တွင် လီယ ဘေးကင်းသွားသည်ကို မြင်သောအခါ ကုအန်သည် ရှောင်လန်၏ ခါးကို ဖက်ကာ သူမ၏ ချစ်ခင်ယုယမှုများကို စတင် တုံ့ပြန်လိုက်သည်။

ခဏအကြာတွင် ကုအန်က ရှောင်လန်ကို ရုတ်တရက် တွန်းဖယ်လိုက်ပြီး "ဒီလို နေ့ခင်းကြောင်တောင်ကြီး... မသင့်တော်ဘူး မဟုတ်လား..."

ရှောင်လန်က သူ၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး မျက်လုံးများက ဆွဲဆောင်မှုအပြည့်ဖြင့် သူမ၏ နှုတ်ခမ်းကို သပ်ကာ တိုးညှင်းစွာ ပြောလိုက်သည်။ "အစ်ကိုကု... မကြောက်ပါနဲ့... ဒါက ကျမရဲ့ ကမ္ဘာငယ်လေးပါ... ရှင့်နဲ့ ကျမ နှစ်ယောက်တည်း ရှိတာ... နေရောင်ရှိတော့ ကျမ ခံစားနေရတာတွေ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့..."

ထိုသို့ပြောပြီးနောက် သူမသည် ကုအန်ကို ထပ်မံ နမ်းရှိုက်လိုက်သည်။

တင်းတင်းဆုပ်ထားသော ကုအန်၏ လက်များ အလိုအလျောက် ပွင့်သွားတော့သည်။

ဖြစ်ချင်ရာဖြစ်တော့

လီယကို တွေ့ပြီးနောက် လနတ်ဘုရားသည် ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာမှ ထွက်ခွာသွားပြီး နယ်နမိတ်တံခါးသို့ ပျံသန်းကာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားနှင့် ခေတ္တမျှ စကားပြောပြီးနောက် နယ်နမိတ်တံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။

ကုအန်သည် ထိုလုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီး ကောင်းကင်နန်းတော်၏ ခြိမ်းခြောက်မှုမှာ ယာယီအားဖြင့် ပြီးဆုံးသွားပြီဖြစ်ကာ အေးချမ်းသော အချိန်ကာလ ရှည်လျားစွာ ရရှိတော့မည်ဟု ခံစားလိုက်ရသည်။

အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်ခဲ့သည်။

လောကီရေးရာများသည် ဒီရေလှိုင်းများကဲ့သို့ အတက်အကျ ရှိသော်လည်း ထိုဒီရေလှိုင်းများက ကုအန်ကို မလှုပ်ခါနိုင်ပေ။ သူ၏ အချိန်များမှာ သဘာဝကျကျပင် ပိုမို လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း ခြောက်ထောင်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဒီနေ့တွင် ကုအန်သည် သက်တမ်းတာအိုနယ်မြေ၌ ဆေးဖက်ဝင်အပင်များ ခူးဆွတ်နေစဉ် သူ၏ ရှေ့တွင် အချက်ပြစာသား သုံးခု ပေါ်လာသဖြင့် သူ၏ လက်များ ရပ်တန့်သွား၏။

[သင်သည် ဒန်သဲလိုင်းယွင်မြက် (အဆင့် ၄) ကို အောင်မြင်စွာ ခူးဆွတ်လိုက်သဖြင့် သက်တမ်း ၃၀ နှစ် ထပ်တိုးသွားသည်။]

[သင်၏ သက်တမ်းသည် ပထမဆုံးအကြိမ်အဖြစ် သက်တမ်း ၁ ထရီလီယံသို့ ကျော်လွန်သွားသဖြင့် သက်တမ်း ပုံရိပ်ယောင်ဖန်တီးခြင်း လုပ်ဆောင်ချက်ကို စတင်လိုက်သည်။]

[သက်တမ်း ပုံရိပ်ယောင်ဖန်တီးခြင်း - မတူညီသော မဟာတာအိုများကို လေ့လာလိုက်စားရန်အတွက် မဟာတာအိုကမ္ဘာများအတွင်းသို့ ပုံရိပ်ယောင်ကိုယ်ခွဲ ၃,၀၀၀ အထိ ဖန်တီးပို့လွှတ်ရန် သက်တမ်းကို အသုံးပြုနိုင်သည်။ ပုံရိပ်ယောင် မဖန်တီးမီ လိုက်စားမည့် မဟာတာအို တစ်ခုကိုသာ ရွေးချယ်နိုင်သည်။ ပုံရိပ်ယောင်များကို တွက်ချက်၍ မရနိုင်သလို သူတို့၏ မှတ်ဉာဏ်များကို သင် ထိန်းသိမ်းထား၍ မရနိုင်သော်လည်း သူတို့၏ မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုများကို သင် ရရှိနိုင်မည် ဖြစ်သည်။]

ဒီလုပ်ဆောင်ချက်က...

သက်တမ်း ပြန်လည်ဝင်စားခြင်းနှင့် အနည်းငယ် ဆင်တူသော်လည်း ကွဲပြားခြားနားနေသည်။ သက်တမ်း ပြန်လည်ဝင်စားခြင်းသည် ကုအန် ကိုယ်တိုင် တွေ့ကြုံခံစားရသကဲ့သို့ ဖြစ်ပြီး ၎င်း၏ ရလဒ်များမှာ ကြိုတင် မသိရှိနိုင်ပေ။ သို့သော် သက်တမ်း ပုံရိပ်ယောင်ဖန်တီးခြင်းမှာမူ မဟာတာအိုကို နားလည်သဘောပေါက်ရန်အတွက် ပြန်လည်ဝင်စားသည့် နည်းလမ်းတစ်ခုနှင့် ပိုမို တူညီနေသည်။

ပုံရိပ်ယောင်များကို တွက်ချက်၍ မရနိုင်သဖြင့် ဤလုပ်ဆောင်ချက်ကို အသုံးပြုခြင်းသည် မည်သည့် ပြဿနာမျှ ဖြစ်ပေါ်စေမည် မဟုတ်ဟု ကုအန် တွေးလိုက်ပြီး နောက်မှ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူသည် ဆေးဖက်ဝင်အပင်များကို ဆက်လက် ခူးဆွတ်ရင်း သူ ဖွင့်လှစ်ထားခဲ့သော သက်တမ်း လုပ်ဆောင်ချက်များကို ပြန်လည် စစ်ဆေးကြည့်လိုက်သည်။

သက်တမ်း ထောက်လှမ်းခြင်း၊ သက်တမ်း အတားအဆီး၊ သက်တမ်း တွက်ချက်ခြင်း၊ သက်တမ်း ဟောကိန်းထုတ်ခြင်း၊ သက်တမ်း ပေါင်းစပ်ခြင်း၊ သက်တမ်း ပြန်လည်ဝင်စားခြင်း၊ သက်တမ်း ပုံရိပ်ယောင်လေ့ကျင့်ခြင်း၊ သက်တမ်း နယ်မြေ၊ သက်တမ်း အဆင့်ချိုးဖျက်ခြင်း၊ သက်တမ်း ပုံရိပ်ယောင်ဖန်တီးခြင်း။

ဤလုပ်ဆောင်ချက်များ၏ ထက်ဝက်ခန့်ကို သူ ရှားရှားပါးပါးသာ အသုံးပြုလေ့ရှိသော်လည်း သက်တမ်း လုပ်ဆောင်ချက်များ ပိုမို များပြားလာခြင်းကို သူ မငြင်းဆန်ပေ။

မသုံးရင်သာ နေမယ်... မရှိလို့တော့ မဖြစ်ဘူးလေ...

ကုအန်၏ စိတ်အခြေအနေ ပိုမို ကောင်းမွန်လာခဲ့သည်။ လက်ရှိအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံခြင်းဆိုသည်မှာ ရိုးရှင်းစွာ ချီစုပ်ယူရုံဖြင့် မလုံလောက်တော့ဘဲ မဟာတာအိုကို နားလည်သဘောပေါက်ရန် ဖြစ်သည်။ သူ၏ တာအိုဆန္ဒ ပိုမို အားကောင်းလေလေ၊ သူ၏ ကျင့်ကြံမှုအဆင့် ပိုမို မြင့်မားလေလေ ဖြစ်လာမည် ဖြစ်သည်။

ဤသည်မှာ သေမျိုးဝိညာဉ်များ နားလည်နိုင်စွမ်းမရှိသော မမြင်ရသည့် ကျင့်ကြံခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။

ကုအန် စိတ်ကြည်လင်နေသည်ကို မြင်သောအခါ သူ၏ နောက်သို့ လိုက်လာသော ဖူယို သရဲမယ်တော်က သတိထား၍ မေးလိုက်၏။ "ဆရာ... တကယ်လို့ ထျန်ဟောင်သာ အပြင်မှာ ပြဿနာကြီးကြီးမားမား ကြုံတွေ့ရရင် ဆရာ ဝင်ပါပေးမလားဟင်..."

နှစ်ပေါင်း ခြောက်ထောင်အတွင်း ထျန်ဟောင်သည် ကမ္ဘာဦးအမတအဆင့်၌သာ ရှိနေသေးသော်လည်း အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်းရှိသဖြင့် သူ၏ ဂုဏ်သတင်းမှာ အလွန် ကြီးမားလာခဲ့ပြီ ဖြစ်သည်။

တစ်ခါက ချမ်ခွန်းဂိုဏ်းနှင့်အတူ စူးစမ်းရှာဖွေရေး ခရီးထွက်စဉ် သူသည် ဆန်းကြယ်နတ်ဘုရားအမတ၏ ရုပ်ခန္ဓာကို အမှန်တကယ်ပင် ချေမှုန်းနိုင်ခဲ့သည်။ ထိုတိုက်ပွဲက သူ၏ ဂုဏ်သတင်းကို ကျယ်ပြန့်စွာ ပျံ့နှံ့စေခဲ့ပြီး ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း ထိပ်တန်း ပါရမီရှင်အဖြစ် လူသိများလာခဲ့သည်။

ကြီးမားသော ဂုဏ်သတင်းသည် ပိုမိုများပြားသော ပြဿနာများကို ယူဆောင်လာသည်မှာ မလွဲမသွေပင်။ ထျန်ဟောင်ကို စိန်ခေါ်ရန် ပါရမီရှင်များ ပိုမို လာရောက်ကြသော်လည်း အားလုံး အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ကြသည်။ ထျန်ဟောင်ကို သိမ်းသွင်းလိုသော အင်အားစုများလည်း ရှိကြပြီး ထျန်ဟောင် ငြင်းပယ်လိုက်သောအခါ မလွဲမသွေ ရန်သူများ ဖြစ်လာခဲ့ကြသည်။

မကြာသေးမီက ဖူယို သရဲမယ်တော်သည် စိတ်မငြိမ်မသက် ဖြစ်နေခဲ့သည်။ သူမသည် နယ်မြေအတွင်း၌ အလွန် လုံခြုံသည်ဟု ခံစားရသော်လည်း ထျန်ဟောင်များ အန္တရာယ် ကြုံနေရမလားဟုသာ တွေးတောနေမိ၏။

ကုအန် ရယ်မောလိုက်ပြီး "ပြဿနာကြီးကြီးမားမား ဟုတ်လား... အဲဒီလောက်ကြီးတဲ့ ပြဿနာဆိုတာ မရှိပါဘူး..."

"တကယ်လို့ ရှိခဲ့ရင်ရော..."

"စိတ်မပူပါနဲ့... သူက မင်း မြင်ဖူးတဲ့ ပါရမီရှင်တွေနဲ့ မတူဘူး... သူ ငယ်ငယ်ရွယ်ရွယ်နဲ့ သေမှာ မဟုတ်ဘူး... သူ့ရဲ့ ကံတရားပုံစံက သူ့ကို အသန်မာဆုံး ဖြစ်လာအောင် ဖန်တီးပေးထားတယ်... သူ ဘာကို ကိုယ်စားပြုလဲဆိုတာ မင်း နားမလည်လို့ပါ... ငါမပါရင်တောင် သူ့ရဲ့ တောက်ပမှုက ထွန်းလင်းနေမှာပါ"

ဖူယို သရဲမယ်တော်သည် ထျန်ဟောင်နှင့် အရင်းနှီးဆုံး ဆက်ဆံရေးရှိပြီး မိခင်တစ်ဦးကဲ့သို့ သဘောထားကြောင်း သိရှိထားသဖြင့် ကုအန်က ရှင်းပြလိုက်ခြင်း ဖြစ်သည်။ အကြောင်းနှင့်အကျိုး အချို့ကို သူမအား ထုတ်ဖော်ပြောပြရန် သူ ဝန်မလေးပေ။

ထိုစကားကို ကြားသောအခါ ဖူယို သရဲမယ်တော် ချက်ချင်း စိတ်သက်သာရာ ရသွား၏။ ထျန်ဟောင်၏ ကံတရားပုံစံ မည်မျှ အစွမ်းထက်သည်ကို အပြည့်အဝ နားမလည်သော်လည်း ကုအန်၏ စကားများကြောင့် သူမ စိတ်အေးသွားရသည်။

"ပုံမှန်အားဖြင့် နယ်မြေကို စီမံခန့်ခွဲရာမှာ အရမ်း အလုပ်ကြိုးစားနေစရာ မလိုပါဘူး... မင်း ဉာဏ်အလင်းပွင့်ဖို့လည်း အချိန်လိုသေးတယ်လေ... မင်းကို ငါပေးထားတဲ့ တာအိုရတနာက မင်းရဲ့ ကျင့်ကြံမှုမှာ အကောင်းဆုံး အထောက်အကူပါပဲ..."

ကုအန်က ရိုးသားစွာ ပြောလိုက်သည်။

သူသည် မြေအောက်ကမ္ဘာကိုးထပ် ကောင်းကင်ပြောင်းပြန် အလံဟု ခေါ်သော တာအိုရတနာတစ်ခုကို ဖူယို သရဲမယ်တော်အတွက် သွန်းလုပ်ပေးခဲ့သည်။ ဤအလံသည် ယင်နှင့် ယန် လမ်းစဉ်ကို ပေါင်းစပ်ထားပြီး ကောင်းကင်နှင့် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိကာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိ၏။

"ကျွန်မ ကျင့်ကြံဖို့ မမေ့ပါဘူး..."

ဖူယို သရဲမယ်တော်က လေးလေးနက်နက် ပြန်ဖြေလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ...'နယ်မြေကို စီမံခန့်ခွဲဖို့လည်း မမေ့ပါဘူး' ဟု ထပ်လောင်း ပြောလိုက်မိသည်။

သူမသည် ယခု ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို မည်သည့်အတွက်ကြောင့် ရရှိထားသနည်း ဆိုသည်ကို ကောင်းစွာ သဘောပေါက်ထားသည်။ သူမ စိတ်လျှော့၍ မရသလို လျှောက်လှမ်းခဲ့သော လမ်းစဉ်ကိုလည်း စွန့်လွှတ်၍ မရဘဲ ပိုမို ကြိုးစားရမည်သာ ဖြစ်သည်။

အခန်း ၆၃၄ ပုံရိပ်ယောင်ဖန်တီးခြင်းကို အဆုံးသတ်ခြင်း

ရင့်မှည့်နေသော ဆေးဖက်ဝင်အပင်များကို ခူးဆွတ်ပြီးနောက် ကုအန်သည် တစ်ယောက်တည်း ထွက်ခွာသွားခဲ့ပြီး ဖူယို သရဲမယ်တော်ကမူ ပုံမှန်အတိုင်း မျိုးစေ့များ စတင် ကြဲချနေခဲ့သည်။

ကုအန်သည် သူ၏ ခြံဝင်းထဲသို့ မပြန်ဘဲ ကျပန်းအရပ်မျက်နှာတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

လမ်းလျှောက်ရင်း သူသည် ကံကြမ္မာစုတ်တံကို လှည့်ကစားနေ၏။

သူသည် လမ်းတစ်လျှောက် ရှုခင်းများကို ခံစားနေပုံရသော်လည်း အမှန်တကယ်တွင်မူ ထိုက်ကျယ် မဟာကမ္ဘာရှိ အဝေးတစ်နေရာမှ ကျန်းပုကူကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

ကျန်းပုခုသည် ထိုက်ကျယ် မဟာကမ္ဘာတွင် ခြေကုတ်ယူနိုင်ခဲ့ပြီး မိစ္ဆာမျိုးနွယ်စု အင်အားစုတစ်ခုကိုပင် တည်ထောင်ခဲ့သည်။

ကောင်းကင်နန်းတော်မှ ဝင်စားသူ ရွှီယိုသည် သူ့ကို ကူညီပံ့ပိုးပေးပြီး ချီကံတရား နည်းစနစ်ကို သင်ကြားပေးခဲ့ရာ သူ၏ မိစ္ဆာအင်အားစုကို ပိုမို အစွမ်းထက်လာစေပြီး သူ၏ လက်အောက်ငယ်သားများအတွက် ကျင့်ကြံရာတွင် ပိုမို လွယ်ကူစေကာ ကံကောင်းမှုများ ရရှိစေခဲ့သည်။

ကျန်းပုခု၏ လက်ရှိ အောင်မြင်မှုများကို မြင်တွေ့ရသောအခါ ကုအန် အလွန် ဝမ်းသာသွားသည်။

အနည်းဆုံးတော့ ကျန်းပုကူသည် နေရာအနှံ့ လှည့်လည်သွားလာနေစရာ မလိုတော့ဘဲ သူ၏ ကိုယ်ပိုင် ဘဝရည်မှန်းချက်ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

စီနီယာအစ်ကိုကျန်းသာ အသက်ရှင်လျက် ရှိနေပြီး သူ၏သားက လေနဲ့မိုးကို ခေါ်ယူနိုင်လောက်အောင် ကြီးစိုးနေတာကို မြင်ရရင် ဘယ်လို ခံစားရမလဲ…

ဤအကြောင်းကို တွေးမိသောအခါ ကုအန် ပို၍ပင် စိတ်ချမ်းသာသွားရသည်။

လူ့လောကတွင် နေထိုင်ရခြင်း၏ အားသာချက်မှာ အမြဲတမ်း မတူညီသော အဖြစ်အပျက်များ ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။ ဤသည်မှာ အမတနတ်ဘုရားများပင်လျှင် မကြုံတွေ့နိုင်သော အရာဖြစ်သည်။

အရာများစွာက ဆင်တူနေပုံရသော်လည်း မတူညီသော လူများက တွေ့ကြုံခံစားရသောအခါ အမြဲတမ်း ကွဲပြားခြားနားစွာ ပေါ်လွင်နေတတ်သည်။

တစ်နာရီခန့် ကြာပြီးနောက် ကုအန်သည် ရေတံခွန်တစ်ခုသို့ ရောက်ရှိလာပြီး မြစ်ကမ်းဘေးရှိ ကျောက်တုံးများပေါ်တွင် ထိုင်ကာ သက်တမ်း ပုံရိပ်ယောင်ဖန်တီးခြင်းကို စတင် လုပ်ဆောင်လိုက်သည်။

[သင် လိုက်စားလိုသော မဟာတာအိုကို ရွေးချယ်ပါ။]

အကြောင်းနှင့်အကျိုး လမ်းစဉ်…

ဤသည်မှာ ကုအန် အကျွမ်းကျင်ဆုံးဖြစ်သော မဟာတာအို ဖြစ်သည်။

[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ကျမည် ဖြစ်သည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]

ဘာသောက်ကျိုးနည်းလဲ…

သက်တမ်း ၁၀၀ ဘီလီယံတောင်…

ကုအန် စိတ်ထဲတွင် ဆဲဆိုလိုက်မိသည်။ လုပ်ဆောင်ချက် အသစ်များသည် အသုံးပြုရ လွယ်ကူမည် မဟုတ်ကြောင်း သူ သိထားသည်။

လုပ်ဆောင်ချက်အသစ်တွေ နောက်ကျမှ ထွက်လာလေလေ သက်တမ်း ကုန်ကျမှု ပိုများလေလေပဲ…

သူ အလိုအလျောက် ငြင်းဆိုရန် ရွေးချယ်ချင်ခဲ့သော်လည်း သေချာ ပြန်စဉ်းစားကြည့်သောအခါ ဤမျှ ကြီးမားသော ကုန်ကျစရိတ် နောက်ကွယ်တွင် အကြောင်းပြချက် တစ်ခု ရှိရမည်ဟု တွေးမိလိုက်သည်။

အနည်းဆုံးတော့ ဘယ်လောက်တောင် အကျိုးရှိလဲဆိုတာ သူ ကြည့်ချင်သေးသည်လေ။ အကယ်၍ မကျေနပ်ရင် ဒီလုပ်ဆောင်ချက်ကို ထာဝရ ပိတ်ထားလိုက်လို့ ရတာပဲ။

ဆက်လုပ်မယ်…

[သက်တမ်း ပုံရိပ်ယောင်ဖန်တီးခြင်းကို စတင်ရန် သက်တမ်း ၁၀၀ ဘီလီယံ အသုံးပြုရန် သင် ရွေးချယ်လိုက်ပါသည်။]

[ပုံရိပ်ယောင်ဖန်တီးခြင်းကို စတင်နေသည်။]

[ထိုက်ဝေ မဟာကမ္ဘာသို့ ပုံရိပ်ယောင် ပို့လွှတ်လိုက်သည်။]

[ထိုက်ချင်း မဟာကမ္ဘာသို့ ပုံရိပ်ယောင် ပို့လွှတ်လိုက်သည်။]

[မြေအောက်ကမ္ဘာကိုးထပ် မဟာကမ္ဘာသို့ ပုံရိပ်ယောင် ပို့လွှတ်လိုက်သည်။]

...

အချက်ပြစာသားများသည် ကုအန်၏ မျက်စိရှေ့တွင် တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်လာပြီး သူ၏ စူးစမ်းလိုစိတ်ကို နိုးဆွပေးနေ၏။

ပုံရိပ်ယောင် ပို့လွှတ်နေသည့် သီးခြားကမ္ဘာများကို သူ တကယ် မြင်တွေ့နေရသည်။

ကျန်းပုခု ရှိနေသော ထိုက်ကျယ် မဟာကမ္ဘာကိုလည်း ကုအန် မြင်တွေ့ခဲ့ရပြီး လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် သွားရောက်ခဲ့သော ရွှမ်ချင်း မဟာကမ္ဘာကိုလည်း သူ မြင်တွေ့ခဲ့ရသည်။

မဟာကမ္ဘာများအဖြစ် အမည်မပေးထားသော ကမ္ဘာများကိုပင် သူ တွေ့မြင်ခဲ့ရသည်။

အမည်များကိုသာ မြင်တွေ့ရသော်လည်း ၎င်းက သူ၏ အတွေးများကို ကျယ်ပြန့်သွားစေရန် လုံလောက်ပေသည်။

မကြာမီ အချက်ပြစာသားများအားလုံး ငြိမ်သက်သွား၏။

ကမ္ဘာသုံးထောင်သို့ တကယ်ပဲ ပုံရိပ်ယောင်

ပို့လွှတ်လိုက်တာလား…

ကုအန် ဤအကြောင်းကို စဉ်းစားနေမိသော်လည်း မကြာမီ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

ပုံရိပ်ယောင် ပို့လွှတ်ပြီးပြီဆိုတော့... ပြီးရင် ဘာဆက်ဖြစ်မှာလဲ…

ကုအန် မျက်မှောင်ကြုတ်လိုက်သည်။ သူ ဇဝေဇဝါ ဖြစ်သွားသော်လည်း အလျင်မလိုဘဲ ကျောက်တုံးပေါ်တွင် ထိုင်ကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်၏။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

နာရီဝက်ခန့် ကြာပြီးနောက်…

သူ့ရှေ့တွင် အချက်ပြစာသား နှစ်ခု ပေါ်လာသည်။

[ပုံရိပ်ယောင်များကို စတင် စုစည်းနေသည်။]

[မဟာတာအို၏ နားလည်သဘောပေါက်မှုများကို စတင် ပို့လွှတ်နေသည်။]

သက်တမ်းတာအိုနယ်မြေအတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက် ရပ်တန့်သွားသဖြင့် နယ်မြေအတွင်းရှိ လူတိုင်း မျက်လုံးများကို ဖွင့်လိုက်ကြသည်။

ကုအန် ထပ်မံ မစဉ်းစားနိုင်မီမှာပင် မဟာတာအို၏ အဆုံးမဲ့ နားလည်သဘောပေါက်မှုများသည် သူ၏ စိတ်ထဲသို့ လှိမ့်ဝင်လာပြီး သူ၏ အသိစိတ်ကို ကမောက်ကမ ဖြစ်သွားစေသည်။

သက်တမ်းတာအိုနယ်မြေ၏ အစွန်းဖျား၊ နယ်မြေအဝင်ဝတွင် အန်ရှင်း တည်ဆောက်ထားသော ကျောက်တံခါးတစ်ခု ရှိသည်။

ကျောက်တံခါး၏ အပြင်ဘက်တွင် ထူထပ်သော မြူခိုးများ ရှိနေပြီး အလွန် လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်နေ၏။

ထူထပ်သော မြူခိုးများထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျောက်တံခါးကို ဖြတ်ကျော်ဝင်ရောက်လာသည်။ ထိုသူမှာ ထျန်ဟောင် ဖြစ်သည်။

ထျန်ဟောင်သည် နဂါးတစ်ကောင်၊ ကျားတစ်ကောင်ကဲ့သို့ ခန့်ညားသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး သူ၏ နောက်ကျောဘက်တွင် ပုံသဏ္ဌာန် မတူညီသော ပေဆယ်ခန့်စီ ရှည်လျားသည့် လှံရှည်သုံးလက်က ယပ်တောင်ပုံသဏ္ဌာန် လွင့်မျောနေသည်။

သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ရှိနေပြီး "ဒီတစ်ခါတော့ ဆရာ့ကို သေချာပေါက် အံ့အားသင့်သွားစေရမယ်..." ဟု တီးတိုးရေရွတ်နေသည်။

သို့သော် စကားဆုံးသည်နှင့် သူ ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လျက် အဝေးမှ တောင်တန်းများဆီသို့ အံ့ဩမှုနှင့် သံသယများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

နယ်မြေထဲက ဝိညာဉ်စွမ်းအင်တွေက ဘာလို့ မလှုပ်ရှားတော့တာလဲ…

ထို့အပြင် စိတ်မသက်မသာ ဖြစ်စေသော ပုံမှန်မဟုတ်သည့် စွမ်းအားတစ်ခုလည်း ရှိနေသည်။

သူ ချက်ချင်း ခုန်တက်လိုက်ပြီး သက်တံ့ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံသန်းသွားပြီး တောင်တန်းများ၏ အခြားတစ်ဖက်သို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင်…

လူတိုင်းသည် မြစ်ငယ်လေးတစ်ခုဘေးတွင် စုရုံးရောက်ရှိနေကြပြီး မြစ်တစ်ဖက်ကမ်းရှိ ကျောက်တုံးပေါ်တွင် တရားထိုင်နေသော ကုအန်ကို ကြည့်ရင်း အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

ထျန်ဟောင်လည်း ထိုနေရာတွင် ရှိနေပြီး ကုအန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေ၏။

သူ၏ ဆရာသခင် ရုတ်တရက် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိသွားသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

သူ့အမြင်တွင် ဆရာသခင်သည် အစွမ်းအထက်ဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်နေပြီ ဖြစ်ရာ ဤကဲ့သို့သော ကျင့်စဉ်အဆင့်မျိုးတွင် ဉာဏ်အလင်းပွင့်နိုင်သေးသလား။

ဆရာသခင်က အဆင့်တက်တော့မလို့လား…

"စီနီယာအစ်ကိုတို့၊ စီနီယာအစ်မတို့... ဆရာက ဘယ်အဆင့်ကို ရောက်နေပြီလဲ... သူက မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့် ရောက်နေပြီလား..." ထျန်ဟောင်က မနေနိုင်ဘဲ မေးလိုက်သည်။

မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့် ဆိုသည်မှာ ပြီးခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း သူ ကြားဖူးခဲ့သော အဆင့်တစ်ခု ဖြစ်ပြီး တာအိုခုံရုံးမှ တန်ခိုးကြီး ကျင့်ကြံသူတစ်ဦး၏ အဆင့်ဖြစ်ကာ တောင်များကို ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို မှောက်လှန်နိုင်စွမ်း ရှိသည်။

အခြားသူများလည်း ကုအန်၏ အဆင့်ကို မသိကြသဖြင့် မည်သူမျှ ပြန်မဖြေကြပေ။

သွေးကျဉ်းထောင်သူတော်စင်က နှာခေါင်းရှုံ့ပြီး "ကောင်လေး... ဆရာသခင်က မင်းတွေ့ဖူးသမျှ လူတွေအားလုံးထက် ပိုသန်မာတယ်ဆိုတာ သိထားဖို့ပဲ လိုတယ်... ဒီကမ္ဘာကြီးကို ဖန်ဆင်းခဲ့တဲ့ သူတွေတောင်မှ ဆရာသခင်ထက် အများကြီး နိမ့်ကျသေးတယ်..."

ထိုစကားကြောင့် စိတ်လှုပ်ရှားသွားသော ထျန်ဟောင်က "ဆရာ တိုက်ခိုက်တာကို ခင်ဗျားတို့ မြင်ဖူးလား... သာမန် ယှဉ်ပြိုင်တာမျိုး မဟုတ်ဘဲ တကယ့် တိုက်ပွဲမျိုးကို ပြောတာ..."

သူသည် ချမ့်ခွန်းဂိုဏ်း၏ ထိပ်တန်း တပည့်တစ်ဦးဖြစ်ပြီး မျိုးဆက်သစ်များ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ မကြာခဏ တာဝန်များ ထမ်းဆောင်ရန် ထွက်ခွာလေ့ရှိပြီး ချမ့်ခွန်းဂိုဏ်းအတွက် ကြီးမားသော အောင်မြင်မှုများစွာကို တည်ဆောက်ပေးခဲ့သည်။ သူသည် သေရေးရှင်ရေး တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ရပြီး ထိုခံစားချက်ကို စွဲလမ်းနှစ်သက်နေ၏။

ကြမ်းတမ်းသော ရန်သူများသည် သာမန် ယှဉ်ပြိုင်တိုက်ခိုက်ဖော်များထက် ပိုမို အစွမ်းထက်သော စိန်ခေါ်သူများ ဖြစ်စေသည် မဟုတ်ပါလား။

လုရှန်က ရယ်မောလိုက်ပြီး "ငါ မြင်ဖူးတယိလေ... ဒါပေမဲ့ ဘယ်သူကမှ မင်းဆရာရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် မခံနိုင်ကြဘူး..."

ဖူယို သရဲမယ်တော်ကလည်း "ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... မင်းဆရာနဲ့ ရင်ဆိုင်ရရင် ဓားတစ်ချက်တည်းနဲ့ အဆုံးသတ်သွားရတာချည်းပဲ..."

လုရှန် စိတ်အားထက်သန်လာပြီး ဆက်ပြောလိုက်သည်။ "မင်းဆရာရဲ့ အတိတ်က အဖြစ်အပျက်တချို့ကို မင်း သိသင့်တဲ့အချိန် ရောက်ပြီ..."

သူသည် အဓိပတိဂိုဏ်းမှ ဇာတ်လမ်းများကို စတင် ပြောပြလေသည်။ ပုံမှန်အားဖြင့် ထျန်ဟောင်နှင့် စကားပြောခဲသော အန်ရှင်းနှင့် ရှန်ကျန်းတို့ကလည်း ရံဖန်ရံခါ ဝင်ရောက် ပြောဆိုကြပြီး

သွေးကျဉ်းထောင်သူတော်စင်ကလည်း အားဖြည့်ပေးသဖြင့် ကုအန်၏ အတိတ်ဇာတ်ကြောင်းများ ပေါ်လွင်လာတော့သည်။

ကျန်းရှီ၊ အန်ရှန့်ထျန်၊ ကောင်းကင်မိစ္ဆာကလေး၊ ထျန်ချင်း၊ ထျန်ပိုင်၊ ချန်ချွမ်းနှင့် ဖူယို သရဲမယ်တော်တို့ပင်လျှင် ယခင်က မကြားဖူးခဲ့သော အဖြစ်အပျက်များကို သိရှိလာကြရသည်။

ဂိုဏ်းငယ်လေးများကို ဖြောင့်မတ်သော တာအိုလမ်းစဉ် တည်ထောင်ရန် ကူညီပေးခြင်းမှသည် တိုက်ကြီးများ၊ သမုဒ္ဒရာများနှင့် ကမ္ဘာကြီးကိုပင် ကယ်တင်ခဲ့ခြင်းများအထိ... အားလုံးက ကုအန်၏ နှလုံးသားသည် နက်ရှိုင်းသော ကောင်းမြတ်မှုဆီသို့ ဦးတည်နေကြောင်း ခံစားလိုက်ကြရသည်။

သက်ရှိအားလုံးကို ကယ်တင်ပြီးနောက် ကုအန်သည် အဓိပတိဂိုဏ်းမှ ထွက်ခွာကာ ဤနေရာတွင် တံခါးပိတ် နေထိုင်ရန် ရွေးချယ်ခဲ့ပြီး ချမ့်ခွန်းဂိုဏ်းကို ထောက်ပံ့ပေးခဲ့ခြင်းက သူတို့၏ လေးစားအားကျမှုကို ပိုမို တိုးပွားစေခဲ့သည်။

ချမ့်ခွန်းဂိုဏ်းသည် ယနေ့တိုင်အောင် တရားဝင် ဖြောင့်မတ်လမ်းစဥ် ​တာအိုဂိုဏ်းတစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။ ရံဖန်ရံခါ အမှားအယွင်းများ ကျူးလွန်မိတတ်သော်လည်း တပည့်အများစုမှာ သူရဲကောင်းဆန်သော စည်းမျဉ်းများအတိုင်း ပြုမူနေထိုင်ကြဆဲဖြစ်ပြီး တာအိုခုံရုံးပင်လျှင် ချမ့်ခွန်းဂိုဏ်းကဲ့သို့သော တာအိုဂိုဏ်းကို အလွယ်တကူ စစ်မကြေညာရဲပေ။

ထျန်ဟောင်သည် စိတ်ဝင်တစား နားထောင်နေရင်း သူ၏ စိတ်နေစိတ်ထား တဖြည်းဖြည်း ပြောင်းလဲလာသည်။

ကုအန်သည် သူ့ကို ငယ်စဉ်ကတည်းက တိုက်ရိုက် သင်ကြားပေးမှု သိပ်မရှိခဲ့သော်လည်း သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သော ဆရာသခင်အပေါ် အမြဲတမ်း လေးစားအားကျခဲ့သည်။ သူ၏ ငယ်ရွယ်စဉ်ကာလက ကုအန်၏ အပြောအဆိုနှင့် လုပ်ရပ်တိုင်းက သူ့ကို စိတ်အားထက်သန်စေခဲ့ပြီး သူသည် ကုအန်ကဲ့သို့ ဖြစ်လာချင်ခဲ့သည်။

'သန်မာဖို့အတွက် သက်သက် ပိုသန်မာလာအောင် မကြိုးစားသင့်ဘူး ထင်တယ်...'

ထျန်ဟောင်သည် မြစ်တစ်ဖက်ကမ်းတွင် တရားထိုင်နေဆဲဖြစ်သော ကုအန်ကို ကြည့်ရင်း တိတ်ဆိတ်စွာ ဆင်ခြင်တွေးတောနေမိသည်။

အခြားသူများမှာမူ အတိတ်က အဖြစ်အပျက်များကို အံ့ဩချီးကျူးနေဆဲပင်။ ထိုအဖြစ်အပျက်များမှာ ယခုအခါ အလွန် ဝေးကွာသွားသကဲ့သို့ ထင်ရပြီး လက်တွေ့မဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။

ရုတ်တရက်…

ကုအန် မျက်လုံးများကို ဖွင့်လိုက်ရာ သက်တမ်းတာအိုနယ်မြေ တစ်ခုလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ဝိညာဉ်စွမ်းအင်များ ပြန်လည် စီးဆင်းလာပြီး အကြောင်းနှင့်အကျိုး လမ်းစဉ်များလည်း ဖရိုဖရဲ မဖြစ်တော့ချေ။

သူ မျက်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ မြစ်တစ်ဖက်ကမ်းရှိ ထျန်ဟောင် ဖြစ်သည်။

ဆရာနှင့် တပည့် မျက်လုံးချင်း ဆုံသွားကြသည်။ ထျန်ဟောင်၏ အကြည့်များမှာ စူးရှနေ၏။ ဆရာသခင်၏ မျက်လုံးများ ပွင့်လာသည်ကို မြင်သောအခါ သူ၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တစ်ချက် ခုန်သွားရသည်။

ကုအန်သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး တစ်ချက်ကြည့်ရုံဖြင့် ထျန်ဟောင်၏ သက်တမ်း သန်း ၁၀၀ တစ်ခုလုံးကို မြင်တွေ့လိုက်ရတော့သည်။

All Chapters