အခန်း (၆၃၇-၆၃၈)
Vol. 52 Ch. 637-638
အခန်း ၆၃၇ ကံကြမ္မာကို ခြယ်လှယ်ခြင်း
ထျန်ဟောင် အကြောင်းအကျိုး တွက်ချက်ခြင်းတွင် ဝေဝါးစွာ ပေါ်လာသော တည်ရှိမှုကို အနိုင်မယူနိုင်ခဲ့သော်လည်း ကုအန်က သူ၏ နှလုံးသားမျက်စိဖြင့် ထိုအရာကို မြင်နိုင်စွမ်း ရှိ၏။
ထိုတည်ရှိမှု၏ ပုံပန်းသဏ္ဌာန်မှာ သူနှင့် မတူညီသော်လည်း ထိုအရာက သူ၏ ပုံရိပ်ထင်ဟပ်နေသော ကိုယ်ပွားဖြစ်ကြောင်း သူ့အလိုလို သိမြင်နေသည်။
ထျန်ဟောင်ထံမှ လွတ်မြောက်သွားပြီးနောက် ထိုပုံရိပ်ထင်ဟပ်သော ကိုယ်ပွားက လှည့်ကာ ယင်ယန် အမတနယ်မြေရှိ ဝင်စားခြင်း ပင်လယ်အတွင်းသို့ ခုန်ချသွားပြီး ဝင်စားခြင်း လမ်းစဉ်ထဲ ဝင်ရောက်ကာ မျက်စိအောက်မှ ပျောက်ကွယ်သွား၏။
[ပုံရိပ်ထင်ဟပ်သော ကိုယ်ပွားကို စတင် ရုပ်သိမ်းနေပါသည်]
[မဟာတာအို သိမြင်နားလည်မှုများကို စတင် ဆက်ခံနေပါသည်]
အသိပေးချက် နှစ်ခု ထွက်ပေါ်လာပြီး ကုအန်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ သူက ထိုနေရာမှ ပျောက်ကွယ်သွားပြီးနောက် စံကျောင်းတော် အစွန်အဖျားတွင် ပေါ်လာကာ မဟာတာအို သိမြင်နားလည်မှုများကို စတင် ဆက်ခံလိုက်၏။
မကြာမီမှာပင် သက်တမ်းတာအိုနယ်မြေ အတွင်း၌ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီး လူတိုင်းကို အလန့်တကြား ဖြစ်သွားစေသည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးက ယခင်ကလည်း ဖြစ်ဖူးသောကြောင့် နယ်မြေအတွင်းရှိ တပည့်များက ကုအန် ရှိရာဘက်သို့ တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး သူတို့၏ ကျင့်ကြံခြင်းကို ဆက်လုပ်ကြကာ ကုအန်ကို အနှောင့်အယှက် မပေးကြချေ။
ကြယ်တာရာ ကောင်းကင်အောက်တွင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထျန်ဟောင်က ပင်လယ်ကမ်းစပ်၌ ရပ်နေပြီး ရှေ့မှ မှောင်မိုက်နေသော လှိုင်းတံပိုးများကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်၍ တွေးတောနေ၏။
ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာပြီး သူ့ဘေးတွင် ရပ်တန့်သွား၏။ ထိုသူကား နေလမြေအောက်ကမ္ဘာဧကရာဇ် ဖြစ်သည်။
သူတို့ နှစ်ယောက်က အကြိမ်ပေါင်းများစွာ ဆက်ဆံဖူးကြပြီး အတော်အသင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြ၏။
နေလမြေအောက်ကမ္ဘာဧကရာဇ်က မေးလိုက်သည်။ "မင်း အဲဒီလူအကြောင်း တွေးနေတုန်းပဲလား..."
ထျန်ဟောင်က လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ရှေ့သို့ ကြည့်ကာ ပြောလိုက်၏။ "ဟုတ်တယ်... အဆင့်တူ ကျင့်ကြံသူဆီက ဖိအားကို ငါ ပထမဆုံးအကြိမ် ခံစားလိုက်ရတယ်..."
နေလမြေအောက်ကမ္ဘာဧကရာဇ်က နှစ်သိမ့်လိုက်သည်။ "အဆင့်တူ ဖြစ်ရင်တောင် သူက မင်းထက် အသက်အများကြီး ပိုကြီးမှာပါ... ပြီးတော့ သူက မင်းကို အနိုင်ယူသွားတာမှ မဟုတ်တာ... ဘာလို့ ခေါင်းထဲ ထည့်နေမှာလဲ"
သူ၏ အမြင်တွင် ထျန်ဟောင်သာ အကောင်းဆုံးသော ပါရမီကို ပိုင်ဆိုင်ထားသူဖြစ်၏။ သူက အစောပိုင်းက တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး တစ်ဘက်လူက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ထျန်ဟောင် ရှုံးနိမ့်သွားခြင်း မရှိပေ။ မည်သူက ပိုသာသည်ကို ဆုံးဖြတ်ရန် ခက်ခဲရုံသာ ဖြစ်၏။
သူတို့ နှစ်ယောက်၏ တိုက်ပွဲက နေလမြေအောက်ကမ္ဘာဧကရာဇ်ကို ဘဝနှင့် ပတ်သက်၍ သံသယ ဝင်သွားစေခဲ့သည်။
အံ့ဖွယ်ဓမ္မအမတများ၏ တိုက်ပွဲက သူကဲ့သို့ နတ်တွေးစစ်မှန်အမတ တစ်ပါးကိုပင် ထိတ်လန့်သွားစေခဲ့၏။
ခေတ်ဟောင်းမှ ဤပါရမီရှင်မှာ သူများနောက် ကောက်ကျကျန်ရစ်ခဲ့ပြီလောဟု သူ တွေးမိသည်။
ထျန်ဟောင်က သူ့ကို မကြာမီ ကျော်တက်သွားတော့မည် ဖြစ်ပြီး သူ မျှော်မှန်းထားသည်ထက်ပင် များစွာ ပိုမြန်ဆန်လိမ့်မည်ဟု သူ ခံစားလိုက်ရ၏။
ထျန်ဟောင်က အလွန် စိတ်အားထက်သန်စွာဖြင့် ရိုးသားစွာ မှတ်ချက်ချလိုက်သည်။ "ငါ မေ့ပစ်လို့ မရဘူး... ငါ စိတ်လှုပ်ရှားနေမိတယ်... သူ့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို ပြန်စဥ်းစားကြည့်နေတာ... သူက နတ်ဘုရား စွမ်းရည်တွေ၊ ဂါထာတွေ သိပ်မသုံးခဲ့ဘူး... သူက ငါ့ကို သန့်စင်တဲ့ ကျင့်စဉ်စွမ်းအင်နဲ့ ချီစွမ်းအင်ကိုပဲ သုံးပြီး တန်ပြန်သွားခဲ့တာ... အဲဒါက တကယ့်ကို ခွန်အားသက်သက်က နိယာမ တစ်သောင်းကို ချိုးဖျက်နိုင်တယ်ဆိုတဲ့ ပြသမှုပဲ..."
အမှန်ပင် ဆရာ့စကားက မှန်ပေသည်။ လောကကြီးကို ဘယ်တော့မှ အထင်မသေးသင့်ဘဲ ကြီးမားသော ကံကြမ္မာ အထောက်အပံ့ ရှိသည့် အစွမ်းထက်သူ တစ်ယောက် ဘယ်နေရာမှ ထွက်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။
သူ၏ ပါရမီက အကောင်းဆုံး ဖြစ်နိုင်သော်လည်း သူ အသက်ရှင်ခဲ့ရသည့် အချိန်က တိုတောင်းလွန်းသေးပြီး သူ၏ တာအိုနည်းစနစ်များကို အဆက်မပြတ် အားဖြည့်နေရန် လိုအပ်သေး၏။
ထျန်ဟောင်၏ စကားများကို ကြားသောအခါ နေလမြေအောက်ကမ္ဘာဧကရာဇ်မှာ ဘာပြောရမှန်း မသိဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ထျန်ဟောင်၏ အတွေးများကို နားမလည်နိုင်အောင် ဖြစ်ရသည်။
နေလမြေအောက်ကမ္ဘာဧကရာဇ်က မေးလိုက်၏။ "မင်း နောက်ထပ် ဘာအစီအစဉ် ရှိသေးလဲ... မင်း လိုချင်တာကိုလည်း ရခဲ့ပြီပြီးပဲလေ"
ထျန်ဟောင်ကဲ့သို့သော ပါရမီရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူက ခိုင်မာသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ရွေးချယ်ခဲ့သည်။ တစ်နေ့နေ့တွင် ဤဆက်ဆံရေးက သူ၏ အသက်ကို ကယ်တင်ပေးနိုင်လိမ့်မည်ဟု ကြိုတင် ခံစားမိသောကြောင့် ဖြစ်၏။
ထျန်ဟောင်က အကြည့်လွှဲ၍ နေလမြေအောက်ကမ္ဘာဧကရာဇ်ကို ကြည့်ကာ ပြုံးလိုက်သည်။ "ငါ ပြန်တော့မယ်... အဆင့်တူ ကျင့်ကြံသူတွေကို အပြတ်အသတ် မဖိနှိမ်နိုင်တာက ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည် မလုံလောက်သေးတာကို ပြနေတာပဲ... ငါ တစ်ချိန်လောက် တံခါးပိတ် ကျင့်ကြံပြီးမှ ပြန်ထွက်လာတော့မယ်... မင်း ဝိညာဉ်ကိုးပါး တိုက်ကြီးဆီ ရောက်လာရင် ငါ့ကို လာရှာလှည့်ပါ... မင်းကို ငါ စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..."
နေလမြေအောက်ကမ္ဘာဧကရာဇ်က ပြုံးလိုက်၏။ ထျန်ဟောင်ထံမှ ဤကဲ့သို့သော ကတိတစ်ခု ရရှိခြင်းကပင် သူ လိုချင်သောအရာ ဖြစ်သည်။ အနည်းဆုံးတော့ ထျန်ဟောင်က သူတို့၏ မိတ်ဆွေသံယောဇဉ်ကို ဆက်လက် ထိန်းသိမ်းထားလိုသေးကြောင်း သက်သေပြနေပေသည်။
ထို့နောက် ထျန်ဟောင်က နေလမြေအောက်ကမ္ဘာဧကရာဇ်ကို အရိုအသေပေး၍ အလွန် မြန်ဆန်သော အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ခုန်တက်၍ မိုးကုတ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
နေလမြေအောက်ကမ္ဘာဧကရာဇ်က သူ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း မျက်နှာပေါ်တွင် အားကျသည့် အမူအရာများ ပေါ်လာ၏။
ဤမျှလောက် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း သူက ထျန်ဟောင်ကဲ့သို့ တစ်ခါမျှ လွတ်လပ်မှု မရှိခဲ့ချေ။
ကျင့်ကြံသူဆိုသည်မှာ ဤသို့ပင် ဖြစ်သင့်သည်။ အနှောင်အဖွဲ့ ကင်းမဲ့စွာဖြင့် ကောင်းကင်နှင့် မြေကြီး အနှံ့ လှည့်လည် သွားလာနိုင်ရမည်။
ချက်ချင်းပင် နေလမြေအောက်ကမ္ဘာဧကရာဇ်က သူ့ကိုယ်သူ သရော်သည့် ရယ်မောသံ တစ်ချက် ထွက်လာ၏။ သူက ယင်ယန် အမတနယ်မြေ၏ အနှောင်အဖွဲ့ကို ခံနေရခြင်းမှာ သူ၏ ပါရမီကြောင့် မဟုတ်ဘဲ ကျင့်ကြံခြင်း အရင်းအမြစ်များကို စုဆောင်းရန် အမတနယ်မြေ၏ စွမ်းအား လိုအပ်သောကြောင့် ဖြစ်သည်။
ယခင်က သူ့ကျင့်ကြံမှု အရှိန်မှာ မြန်ဆန်သည်ဟု သူ ထင်ခဲ့သော်လည်း ယခုအခါတွင်မူ နှေးကွေးနေသည်ဟု ခံစားလာရသည်။ သူက လွတ်ငြိမ်းရာအမတ အဆင့်သို့ အရောက်လှမ်းချင်စိတ်များ ပြင်းပြနေ၏။ ယခုအခါ သူ၏ ရင်ထဲတွင် ရယ်စရာကောင်းသော ခန့်မှန်းချက် တစ်ခု ကိန်းအောင်းနေသည်။
ထျန်ဟောင်က သူ့ထက်ပို၍ လွတ်ငြိမ်းရာအမတ အဆင့်သို့ မြန်မြန် ရောက်ရှိသွားမည်ဟု သူ ခံစားနေရ၏။ အတန်ကြာပြီးနောက် နေလမြေအောက်ကမ္ဘာဧကရာဇ်၏ ဘေးတွင် ပုံရိပ်တစ်ခု ဆင်းသက်လာ၏။ မည်းမှောင်သော မြူခိုးများ ရစ်ပတ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး ဩရှရှ အသံဖြင့် ပြောလိုက်သည်။ "ဧကရာဇ်... အရှင်မကတော့ ထွက်သွားပါပြီ... သူက မဟာတာအိုကို ရှာဖွေဖို့ ပြင်ပကောင်းကင်ဆီ သွားမယ်လို့ ပြောပါတယ်... ပြီးတော့ ဝင်စားခြင်းနယ်မြေကို ဦးဆောင်ဖို့ သင့်ကို တာဝန်ပေးခဲ့ပါတယ်"
နေလမြေအောက်ကမ္ဘာဧကရာဇ်၏ အတွေးများ ပြတ်တောက်သွားပြီး ဤစကားကို ကြားလိုက်ရသောအခါ သူ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။
"မဟာတာအိုကို ရှာဖွေဖို့ ပြင်ပကောင်းကင်ကို သွားမယ် ဟုတ်လား..."
...
သက်တမ်းတာအိုနယ်မြေ အတွင်း၌။
ကုအန်က မျက်လုံးများ ဖွင့်လိုက်ရာ သူ၏ အကြည့်များတွင် အားကောင်းသော အရှိန်အဝါများ ပြည့်နှက်နေ၏။ သူက ပုံရိပ်ထင်ဟပ်သော ကိုယ်ပွား သုံးထောင်၏ စွမ်းအား လမ်းစဉ်အပေါ် သိမြင်နားလည်မှုများကို ဆက်ခံခြင်း ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ချီစွမ်းအင်နှင့် ကျင့်စဉ်စွမ်းအင်တို့က လျင်မြန်စွာ အားကောင်းလာပြီး သိသာထင်ရှားသော အသွင်ကူးပြောင်းမှု တစ်ခုကို ဖြတ်သန်းလိုက်ရသည်။ ဤအားကောင်းလာမှုက ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် မလိုအပ်ဘဲ မျက်စိဖြင့် မမြင်နိုင်သော၊ အရောင်အသွေး ကင်းမဲ့သော စွမ်းအား လမ်းစဉ်၏ အထောက်အပံ့ဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ဝင်စားခြင်း လမ်းစဉ်ထဲ ဝင်ရောက်သွားသည့် ပုံရိပ်ထင်ဟပ်သော ကိုယ်ပွားသည် တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားကြောင်း သူ ခံစားလိုက်ရသည်။
ဤသည်က သူ့ကို လုံးဝ စိတ်အေးသွားစေ၏။ ပုံရိပ်ထင်ဟပ်သော ကိုယ်ပွားများစွာ ရှိခဲ့သော်လည်း အမှန်တကယ်ပင် မည်သည့် ခြေရာလက်ရာမျှ ချန်ထားခဲ့ခြင်း မရှိပေ။
သူက စွမ်းအား လမ်းစဉ်ကို သေချာစွာ အာရုံခံလိုက်သည်။
စွမ်းအား လမ်းစဉ်ကို တွေးတောလိုက်ရုံဖြင့် ကောင်းကင်ဖွင့် တာလော့အမတ အဆင့်အတွင်းရှိ သူ၏ ကျင့်စဉ်စွမ်းအင်များက ဆူပွက်လာပြီး သူ၏ ခွန်အားများက တစ်ရှိန်ထိုး တိုးတက်လာ၏။
သန့်စင်သော ကျင့်စဉ်စွမ်းအင် တိုးတက်မှုက သူ့ကို ဖော်မပြနိုင်လောက်အောင် ကောင်းမွန်သည့် ခံစားချက်ကို ပေးစွမ်းနိုင်ပြီး ယခုတစ်ကြိမ် သူ၏ ရွေးချယ်မှုက မှန်ကန်ခဲ့သည်။
နေဝင်သွားပြီး လထွက်လာသည်။
နေ့ရက်များက လျင်မြန်စွာ ကုန်ဆုံးသွား၏။
ဆယ်ရက် အကြာတွင် ကုအန် ထရပ်လိုက်သည်။ သူက ဦးစွာ နေရာအနှံ့ သွားရောက်၍ ရင့်မှည့်နေသော ဆေးပင်များကို ခူးဆွတ်လိုက်ပြီး စုဆောင်းပြီးမှသာ ရှန်ကျန်းအနားသို့ ပြန်လာခဲ့၏။
ရှန်ကျန်းက ပန်းချီကား အသစ်တစ်ချပ် ရေးဆွဲထားပြီး ကောင်းကင်ဝိညာဉ်နတ်ဘုရားက အမတနတ်ဘုရား တစ်ပါး၏ ရှေ့တွင် ဒူးထောက်နေသည့် မြင်ကွင်းကို သရုပ်ဖော်ထား၏။
ထိုအမတနတ်ဘုရားမှာ တာအိုဆရာအို တစ်ပါးဖြစ်ပြီး အမတတာအို အရှိန်အဝါနှင့် နတ်ဘုရား အရိုးစုများ ပါရှိကာ သူ၏ ကျောဘက်တွင် နှင်းဆီရောင် အလင်းတန်းများ လွှမ်းခြုံနေ၏။ သူ၏ ရှေ့မှောက်တွင်မူ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားမှာ ပုံမှန်ရှိနေကျ လွှမ်းမိုးနိုင်သော စွမ်းအားများ ကင်းမဲ့နေသည်။
ကုအန်က မျက်ခုံးပင့်လိုက်၏။ ရှန်ကျန်းက ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မှတစ်ဆင့် သူ၏ အကြောင်းအကျိုး ဆက်စပ်မှုကို တူးဖော်နိုင်နေပြီ ဖြစ်သည်။
ကုအန်က ပြောလိုက်သည်။ "လျှောက်မဆွဲနဲ့... ငါတောင် တောင့်မခံနိုင်တဲ့ တည်ရှိမှုမျိုးကို မဆွမိအောင် သတိထား..."
ရှန်ကျန်းက လက်တွေ့ကမ္ဘာသို့ ပြန်လည် သတိဝင်လာပြီး သူမ ဆွဲထားသည့် အရာကို သေချာစွာ မြင်လိုက်ရသောအခါ မျက်နှာက ဖြူရော်သွား၏။ သူမက ချက်ချင်းပင် လက်ကို မြှောက်လိုက်ရာ လက်ချောင်းများထံမှ မီးတောက်များ ထွက်ပေါ်လာပြီး ပန်းချီကားကို လျင်မြန်စွာ မီးရှို့ပစ်လိုက်သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်၏။
သူမက ကုအန်ဘက်သို့ ခေါင်းလှည့်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။ "စောစောက ကျွန်မ အရမ်း အာရုံနစ်ဝင်သွားလို့ပါ... တမင်တကာ လုပ်တာ မဟုတ်ရပါဘူး..."
သူမကိုယ်တိုင်လည်း ကြောက်ရွံ့မှုကို ခံစားနေရ၏။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကပင် ဤမျှလောက် အစွမ်းထက်နေပြီ ဖြစ်ရာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ဒူးထောက်စေနိုင်သော တည်ရှိမှုက မည်မျှ ကြောက်မက်ဖွယ် ကောင်းနေမည်နည်းဟု သူမ တွေးမိသည်။
ကုအန်အတွက် ဘေးဒုက္ခတစ်ခု ယူဆောင်လာပေးမိနိုင်သည် ဟူသော အတွေးက သူမကို ဂနာမငြိမ် ဖြစ်စေပြီး သူမ၏ မျက်လုံးများထဲတွင် အပြစ်ရှိစိတ်များ ပြည့်နှက်နေ၏။
ကုအန်က သူမကို ခြောက်လှန့်ရုံသာ ဖြစ်သည်။ သူက သူ၏ ကိုယ်ပိုင် တာအိုနယ်မြေကို ယုံကြည်မှု ရှိ၏။
အကယ်၍ သူ၏ တာအိုနယ်မြေက လုံလောက်အောင် မစွမ်းအားပါက ရှန်ကျန်းက ထိုတာအိုဆရာအိုကို ဆွပေးလိုက်ပြီ ဖြစ်သည်။ ကောင်းကင်ဝိညာဉ်နတ်ဘုရားထက် များစွာ သာလွန်သော တာအိုကျင့်စဉ် ရှိသူတစ်ဦး အနေဖြင့် သူက စိတ်ကူးတစ်ချက်လေးနှင့်ပင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ ဆင်းသက်လာနိုင်ပေသည်။
ကုအန်က ပြုံး၍ ပြောလိုက်သည်။ "နောင်ကျရင် မင်းကိုယ်မင်း အရင် တွေးပါ... မင်းပါရမီက စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ ကြီးမားလှတဲ့ အကြောင်းအကျိုး ဆက်စပ်မှုကို ဖုံးကွယ်ထားနိုင်တယ်"
စွမ်းအား လမ်းစဉ်က သူ၏ ခွန်အားကို တစ်ရှိန်ထိုး တိုးတက်သွားစေခဲ့ပြီး အဆင့်ချိုးဖျက်ရန် ပြင်ဆင်ဖို့ကိုလည်း သူ စီစဉ်ထား၏။
ယောင်ရွှမ် နတ်မိမယ်ကို ကယ်တင်ရန် နည်းလမ်း ရှာရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။ ဤသည်က ယုံရှန်းဧကရာဇ်၏ စွဲလမ်းမှု တစ်ခုဖြစ်ပြီး မူလပိုင်ရှင် တစ်ယောက်အနေဖြင့် ကုအန်က သူ့ကို ကူညီပေးရမည် ဖြစ်၏။
ဝင်စား ခန္ဓာကိုယ်များနှင့် ဆက်စပ်နေသည့် စွဲလမ်းမှုများ အကြောင်း ပြောရလျှင် လုဟန်တွင်လည်း တစ်ခု ရှိလေသည်။ ထိုအရာက သူ၏သား လုချိုးရှန်း ဖြစ်၏။
မဟူရာဆန်းကြယ် ဧကရာဇ်၏ စွဲလမ်းမှုမှာ သူ၏ စီနီယာအစ်မတော် ပိုင်ရှန်နတ်မိမယ် ဖြစ်သည်။
ကုအန်က ဤလူများနှင့် အလွန် နက်ရှိုင်းသော အကြောင်းအကျိုး ဆက်စပ်မှုမျိုး မဖန်တီးချင်ပေ။ လုံ မိသားစုကပင် လုံလောက်အောင် ဒုက္ခပေးနေပြီ ဖြစ်သော်လည်း သူက သူတို့ကို လျှို့ဝှက်စွာ ကူညီပေးနိုင်၏။
၎င်းကို သူတို့၏ တစ်သက်တာ အဖော်ပြုပေးမှုအတွက် ကျေးဇူးဆပ်ခြင်းဟုသာ သဘောထားလိုက်သည်။
ရှန်ကျန်းက နက်ရှိုင်းသော အတွေးထဲသို့ နစ်ဝင်သွား၏။ "ငါ့ရဲ့ ကြီးမားတဲ့ အကြောင်းအကျိုး ဆက်စပ်မှုလား"
သူမ ထပ်မံ၍ ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားသည်ကို မြင်သောအခါ ကုအန်က သဘောကျစွာဖြင့် ခေါင်းယမ်းလိုက်သည်။
အလွယ်တကူ ဉာဏ်ပွင့်သွားခြင်းက အမြဲတမ်းတော့ ကောင်းမွန်သောအရာ မဟုတ်ချေ။
ကုအန်က ထိုင်ချ၍ ပန်းချီ ဆက်ဆွဲလိုက်၏။ ကျိရှောင်ယု တစ်ယောက် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သူ ခံစားသိရှိလိုက်သော်လည်း သူ၏ စုတ်တံကို မရပ်တန့်ခဲ့ပေ။
သူက ကျိရှောင်ယု၏ အနာဂတ်ကို ကြိုမြင်ထားသည်မှာ ကြာပြီ ဖြစ်သည်။ စမ်းသပ်မှုများနှင့် ဒုက္ခပေါင်းများစွာကို ဖြတ်သန်းပြီးနောက် ကျိရှောင်ယုက အခြား မဟာကမ္ဘာများဆီသို့ ဆင်းသက်သွားမည်ဖြစ်ပြီး ပိုမိုများပြားသော အခွင့်အရေးများကို ကြိုဆိုရလိမ့်မည်။ သူမ၏ ရွေးချယ်မှုက မှန်ကန်ခဲ့ပြီး အနာဂတ်တွင် သူမက ပို၍ ခရီးပေါက်လိမ့်မည် ဖြစ်၏။
ကံမကောင်းစွာဖြင့် ၎င်းက ခရီးပေါက်ရုံသာ ဖြစ်သည်။
ကုအန်က သူမ ဘဝ၏ နိဂုံးချုပ်ကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူမက ရုန်းကန် တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားလိမ့်မည် ဖြစ်၏။ သူက စိုးရိမ်ပူပန်ခြင်း မရှိပေ။ အချိန်တန်လျှင် သူ ဝင်ပါမည်သာ ဖြစ်သည်။
ကံကြမ္မာကို ကြိုတင် မြင်တွေ့ရခြင်းက ကုအန်ကို အရာအားလုံးအပေါ် စိတ်ပျက်အားငယ်မှု မဖြစ်စေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူက ကြိုတင် မြင်တွေ့နိုင်ရုံသာမက ပြောင်းလဲပစ်နိုင်ပြီး ခြယ်လှယ်နိုင်စွမ်းပင် ရှိသောကြောင့် ဖြစ်၏။
အောက်ခြေအဆင့်မှ သတ္တဝါများက ဤခြယ်လှယ်မှုကို သတိမပြုမိနိုင်ဘဲ ကံကြမ္မာ၏ ချာချာလည်ထဲတွင်သာ နစ်မွန်းသွားကြမည် ဖြစ်သည်။
အမွှေးတိုင် တစ်တိုင်စာ အချိန် ကြာပြီးနောက် ကုအန်က ကျိရှောင်ယု၏ ပန်းချီကားကို ရေးဆွဲပြီးစီးသွား၏။
ရှန်ကျန်း တစ်ယောက် ကိုယ့်ကိုယ်ကိုယ် မေ့လျော့နေဆဲ ဖြစ်သည်ကို မြင်သောအခါ သူက အခြား ကမ္ဘာများဆီသို့ အကြည့်လွှဲလိုက်မိသည်။
ကျန်းပုခုက ယာယီ ဘေးကင်းနေပြီး နောင်လာမည့် နှစ်ပေါင်းများစွာအတွင်း ထိုက်ကျယ် မဟာကမ္ဘာ၏ နတ်ဆိုးဧကရာဇ် ဖြစ်လာသည်အထိ သူ၏ စွမ်းအားများက အဆက်မပြတ် ကြီးထွားလာလိမ့်မည် ဖြစ်၏။
သူနှင့် နှိုင်းယှဉ်လျှင် ကုအန်က အခြား လူတစ်ယောက်ကို ပို၍ အာရုံစိုက်နေမိသည်။
ထိုသူကား ကျူရှီး ဖြစ်၏။ မြင့်မြတ်ခုံရုံး၏ အရှင်သခင်ဟောင်းဖြစ်သော ရှန်းထျန်း ဝင်စားသူပင် ဖြစ်သည်။
အမတရှာဖွေသူမှ သူမကို ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အပြင်ဘက်သို့ ပို့ဆောင်ပေးပြီးနောက် သူမက မဟာကမ္ဘာတစ်ထောင်၏ အစိတ်အပိုင်း မဟုတ်သော နယ်မြေတစ်ခုဆီသို့ ရောက်ရှိလာပြီး လမ်းကြောင်းရှာခဲ့၏။ ထိုနေရာတွင် ကောင်းကင်နှင့် မြေကြီး ရှိသော်လည်း မဟာကမ္ဘာ၏ စည်းမျဉ်းများ မရှိပေ။
ကုအန်က ပြီးခဲ့သည့် နှစ်ပေါင်း တစ်သောင်းအတွင်းမှသာ ကျူရှီး၏ ခြေရာကို ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူမက တာအို ဧကရာဇ် တစ်ပါး၏ စံကျောင်းဟု ဆိုကြသော ရှေးဟောင်း လျှို့ဝှက်နယ်မြေ တစ်ခုအတွင်း ဖြတ်သန်းသွားလာနေပြီး ထိုနေရာတွင် ယန္တရားများနှင့် ၎င်း၏ ကိုယ်ပိုင်ကမ္ဘာက ပြည့်နှက်နေ၏။
ထို တာအို ဧကရာဇ်က ကုအန်ကို ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။ ကျီဝေ့ ဧကရာဇ် ဖြစ်၏။ ဤဧကရာဇ်က မဟူရာဆန်းကြယ် ဧကရာဇ်၏ ဘဝတွင် ပေါ်ပေါက်ခဲ့ဖူးပြီး သူ တွေ့ကြုံဖူးသမျှထဲတွင် ပါရမီ အကောင်းဆုံး သူ ဖြစ်သည်။
ယခု ပြန်လည် တွေးတောကြည့်သောအခါ ဤကျီဝေ့ ဧကရာဇ်က အလွန် ထူးခြားလွန်းသည်ဟု ကုအန် ခံစားလာရ၏။
အခန်း ၆၃၈ ကောင်းကင်ခိုးယူအမတဂိုဏ်းနှင့် ကျီဝေ့ ဧကရာဇ်
အမှောင်ယံ ညအချိန်၌ တောင်ကုန်းများနှင့် လွင်ပြင်များထက်တွင် အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော သရဲတစ္ဆေ ပုံရိပ်များက လွင့်မျောနေကြပြီး သူတို့၏ ပုံပန်းသဏ္ဌာန်များမှာ တစ္ဆေများကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်ဖွယ်ကောင်းကာ မည်သည့် အသံမျှ ထွက်မလာချေ။
တောအုပ်ထဲတွင် ကျူရှီးက ဤမြင်ကွင်းကို ကြည့်ရင်း သူမ၏ မျက်မှောင်များက တင်းကျပ်စွာ ကုတ်နေ၏။ သူမက အရိပ်များထဲသို့ ဖြည်းညင်းစွာ ဆုတ်ခွာသွားပြီးနောက် လှည့်ကာ တောအုပ်၏ နက်ရှိုင်းသော အပိုင်းများဆီသို့ လျှောက်သွားလိုက်သည်။
လရောင်က သစ်ရွက်များကြားရှိ နေရာများမှတစ်ဆင့် စိမ့်ဝင်လာပြီး သူမ၏ နက်ရှိုင်းသော ခရမ်းရောင် ဝတ်ရုံရှည်ကို လင်းလက်သွားစေကာ ခေါင်းပေါ်တွင် ထုံးဖွဲ့ထားသော ဆံပင်များနှင့်အတူ သူမထံမှ ဩဇာအာဏာနှင့် စိတ်ဓာတ်ခိုင်မာမှု အငွေ့အသက်များ ထွက်ပေါ်နေ၏။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာမှ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်း သောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူမ၏ အတွေ့အကြုံများက သူမကို ပြောင်းလဲသွားစေခဲ့ပြီ ဖြစ်သည်။
သူမက တောအုပ်ထဲရှိ ကျောက်ဆင်းတု တစ်ခုအနားသို့ ချဉ်းကပ်သွားပြီး ထိုကျောက်ဆင်းတုကို သူမ၏ လက်ဖြင့် ညင်သာစွာ ပွတ်သပ်ရင်း နက်နဲရှုပ်ထွေးသော ဂါထာတစ်ခုကို ရေရွတ်လိုက်၏။
ခဏအကြာတွင် ကျောက်ဆင်းတု အတွင်းမှ တောက်ပနေသော အစိမ်းရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာရာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အဘွားအို တစ်ဦး ဖြစ်ပြီး ဝိညာဉ်ခန္ဓာကိုယ် တစ်ခုကဲ့သို့ ဖြစ်နေကာ သူမ၏ မျက်နှာပေါ်တွင် အမည်းစက်များ ပြည့်နှက်နေသဖြင့် အထူးသဖြင့် ကြောက်မက်ဖွယ် ကောင်းနေသည်။
သူမက ကျူရှီးကို ကြည့်၍ ရယ်မောလိုက်၏။ "မင်း ဘာလုပ်ရမှန်း မသိ ဖြစ်နေပြန်ပြီလား"
ကျူရှီးက နောက်သို့ ဆုတ်လိုက်ပြီး မေးလိုက်သည်။ "ပြောလေ... ငါတို့ ဘယ်လို ပူးပေါင်းကြမလဲ... ငါ့ဘက်က ဘာပေးရမလဲ..."
အဘွားအိုက ကျူရှီးကို စိုက်ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် သရော်လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။ "ရိုးရှင်းပါတယ်... မင်းကိုယ်ထဲကို ငါ့ကို ယာယီ ဝင်ပူးခွင့်ပြု... ငါတို့ အပြင်ရောက်တာနဲ့ မင်းခန္ဓာကိုယ်ထဲကနေ ထွက်သွားပေးမယ်..."
ဤစကားကို ကြားသောအခါ ကျူရှီး၏ မျက်မှောင်ကုတ်မှုက ပိုမို နက်ရှိုင်းသွားသည်။
"လမ်းဝိညာဉ်ပျောက် တစ်ခုစီတိုင်းက ကျင့်ကြံခြင်း အဆင့်မှာ မင်းထက် သာလွန်တယ်... သူတို့က ဒီတောအုပ်ထဲကို ဝင်လာလို့ မရတာပဲ ရှိတာ... မင်း ဒီနေရာမှာ ထာဝရ နေချင်တာ မဟုတ်ရင် ငါ့ကို ယုံကြည်သရွေ့ မင်းအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ" အဘွားအိုက ကျူရှီးကို စိုက်ကြည့်ရင်း ဆက်ပြောလိုက်၏။
သူမက ခဏရပ်လိုက်ပြီး ထပ်ပြောလိုက်သည်။ "မမေ့နဲ့... ငါသာ မရှိရင် မင်း သေနေလောက်ပြီ"
ကျူရှီး၏ မျက်လုံးများက တလက်လက် တောက်ပသွားပြီး ချီတုံချတုံ ဖြစ်နေ၏။ အချိန် အတော်ကြာသည် အထိပင်။
ကျူရှီးက အဘွားအိုကို မော့ကြည့်၍ ပြောလိုက်သည်။ "မင်းသတ်မှတ်ချက်တွေကို ငါ လက်ခံနိုင်တယ်... အခု မင်းနာမည်နဲ့ ဒီတာအိုကျောင်းရဲ့ ဇာစ်မြစ်ကို ငါ့ကို ပြောပြ..."
အဘွားအိုက အပြုံးတစ်ခု ပြသလိုက်၏။
"ငါ့နာမည်က လျှို့ဝှက်ချက်ခိုးယူနတ်မိမယ် လို့ ခေါ်တယ်... ဒီတာအိုကျောင်းက ကျီဝေ့ ဧကရာဇ် ချန်ထားခဲ့တာ... သူက ဒီနေရာကို အတားအဆီး တစ်ခုအနေနဲ့ သတ်မှတ်ခဲ့တယ်... ဒီနေရာမှာ အကြောက်ရဆုံး အရာက လမ်းဝိညာဉ်ပျောက်တွေ မဟုတ်ဘူး... သူက ပြန်လည် ရှင်သန်ဖို့ ရည်ရွယ်ပြီး ဒီနေရာမှာ သူ့ကိုယ်ပွား တစ်ခုကို ချန်ထားခဲ့တာလို့ ငါ မြင်တယ်..."
ကျီဝေ့ ဧကရာဇ်။
ကျူရှီးက ထိုအမည်ကို တိတ်တဆိတ် မှတ်သားလိုက်ပြီးနောက် ပြောလိုက်သည်။ "စကြရအောင်..."
လျှို့ဝှက်ချက်ခိုးယူသော နတ်မိမယ်က သရော်ပြုံး ပြုံး၍ မေးလိုက်၏။ "အခွင့်အရေး တချို့ကို လုယူဖို့ ငါ့အကူအညီ လိုသေးလား... ရတနာကောင်းတွေ ဘယ်မှာ ဝှက်ထားလဲဆိုတာ ငါ သိတယ်..."
ကျူရှီးက ခေါင်းယမ်းလိုက်သည်။ "မလိုဘူး... ဒီနေရာမှ မြန်မြန် ထွက်သွားကြတာပေါ့..."
လျှို့ဝှက်ချက်ခိုးယူသော နတ်မိမယ်၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားပြီးနောက် ကျူရှီး၏ ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်သွား၏။ တစ်မုဟုတ်ချင်းပင် ကျောက်ဆင်းတုထံမှ အစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူမကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။
ကျူရှီးက မျက်လုံးများကို မှိတ်လိုက်ပြီး ဖြစ်ပျက်နေသမျှ အားလုံးကို လက်ခံလိုက်၏။
အဝေးရှိ သက်တမ်းတာအိုနယ်မြေ အတွင်းမှ ကုအန်က မျက်ခုံးများ အနည်းငယ် ပင့်လိုက်သည်။ ဤလျှို့ဝှက်ချက်ခိုးယူ နတ်မိမယ်က ကောင်းကင်ခိုးယူအမတဂိုဏ်းမှ ဖြစ်ပေသည်။
ကောင်းကင်ခိုးယူအမတဂိုဏ်းက ယုံရှန်းဧကရာဇ်နှင့် သက်ဆိုင်၏။ သူက တည်ထောင်သူ မဟုတ်သော်လည်း ယုံရှန်းဧကရာဇ်က ကောင်းကင်ခိုးယူအမတဂိုဏ်း၏ အကြောင်းအကျိုး ဆက်စပ်မှုနှင့် ကံကြမ္မာ အတွင်း၌ သူ၏ အမှတ်အသားကို ချန်ထားခဲ့သည်။
ကုအန်က အမတဧကရာဇ် မျက်လုံးကို ကျင့်ကြံနိုင်စွမ်း ရှိခြင်းမှာ ကောင်းကင်ခိုးယူသော အမတဂိုဏ်း၏ ယခင် ဂိုဏ်းချုပ် တစ်ဦး ချန်ထားခဲ့သည့် အမွေအနှစ်ကြောင့် ဖြစ်၏။ အမတဧကရာဇ် မျက်လုံးတွင် အဆုံးအစမဲ့သော ဆန်းကြယ်သည့် အသုံးဝင်မှုများ ရှိပြီး အနည်းဆုံးတော့ သူ၏ အမတဧကရာဇ် မျက်လုံး နတ်ဘုရား စွမ်းရည်က အရာအားလုံးကို ပြောင်းပြန် လှန်ပစ်နိုင်၏။
လျှို့ဝှက်ချက်ခိုးယူနတ်မိမယ်၏ အကြောင်းအကျိုး ဆက်စပ်မှု တစ်စိတ်တစ်ပိုင်းက ယုံရှန်းဧကရာဇ်နှင့် သက်ဆိုင်နေကြောင်း ကုအန် ခံစားနိုင်ပေသည်။
ကောင်းကင်ခိုးယူသော အမတဂိုဏ်းမှ မထွက်ခွာမီ ယုံရှန်းဧကရာဇ်က အမွေအနှစ် များစွာကို ချန်ထားခဲ့ပြီး လျှို့ဝှက်ချက်ခိုးယူ နတ်မိမယ်က တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်၏။
ဤတာအိုစံကျောင်း အတွင်းရှိ ဝိညာဉ်ပျောက်များ အားလုံးက ကောင်းကင်ခိုးယူသော အမတဂိုဏ်းမှ ဖြစ်နေနိုင်သလော။
ထို့ပြင် ဆန်းကြယ် မိစ္ဆာဧကရာဇ် တစ်ယောက် ဘေးကင်းသေးရဲ့လား ဆိုသည်ကိုလည်း မသိရပေ။
ယုံရှန်းဧကရာဇ်ကို အမြဲတစေ ကူညီပေးခဲ့သော ထိုတည်ရှိမှုအပေါ် ကုအန်က နက်ရှိုင်းသော မှတ်မှတ်ရရ ရှိနေ၏။
ဆန်းကြယ် မိစ္ဆာဧကရာဇ်က ကောင်းကင်ခိုးယူသော အမတဂိုဏ်းကို ပြန်လည် တည်ထောင်ရန် သူ၏ တစ်သက်တာလုံး အချိန်ကုန်ခံ ကြိုးစားခဲ့သဖြင့် အသစ္စာအရှိဆုံး တပည့်ဟု ဆိုနိုင်ပေသည်။
စကားမစပ် ကောင်းကင်ခိုးယူသော အမတဂိုဏ်းက ကောင်းကင်နန်းတော်ကို ပြစ်မှားမိသောကြောင့် သူတို့က နေရာအနှံ့ ထွက်ပြေးပုန်းရှောင် နေခဲ့ရပြီး ယခုအခါ ကျီဝေ့ ဧကရာဇ်၏ ဖိနှိပ်မှုကို ခံနေရခြင်းမှာ ကောင်းကင်နန်းတော်၏ အလိုဆန္ဒကြောင့် ဖြစ်နိုင်သလော။
ကုအန် မှတ်မိသလောက် ကျီဝေ့ ဧကရာဇ်မှာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားနှင့် ကောင်းကင်စိတ်ဝိညာဉ်အမတအရှင်တို့ တွေ့ဆုံခဲ့စဉ်က အမတနန်းတော်၏ အရှင်သခင်၊ ကောင်းကင်နန်းတော်၏ နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။
ကုအန်က ကျူရှီး၏ လှုပ်ရှားမှုများကို ဆက်လက် စောင့်ကြည့်နေလိုက်၏။
သူ၏ မှတ်ဉာဏ်ထဲတွင် ကျူရှီးက အလွန် သတိကြီးသူ ဖြစ်ပြီး ပုံမှန်အားဖြင့် သူမ၏ ကံကြမ္မာကို အခြားသူများ၏ လက်ထဲသို့ အပ်နှင်းထားလိမ့်မည်ဟု သူ မထင်ပေ။
လျှို့ဝှက်ချက်ခိုးယူနတ်မိမယ်၏ ဝင်ပူးခြင်းကို ခံရပြီးနောက် ကျူရှီးက တောအုပ်ထဲမှ တိတ်တဆိတ် ထွက်ခွာရန် ထူးခြားသော လျှို့ဝှက်နည်းစနစ် တစ်ခုကို အသုံးပြုလိုက်သည်။
လမ်းတစ်လျှောက်တွင် သူမက အလွန် အစွမ်းထက်သော ဝိညာဉ်ပျောက် များစွာနှင့် ဆုံတွေ့ခဲ့ရပြီး အချို့မှာ ရွှေအမတ အဆင့်ပင် ရှိသော်လည်း မည်သူကမျှ သူမကို သတိမပြုမိကြချေ။
မျက်တောင် တစ်ခတ်အတွင်းမှာပင် အချိန်က နောက်တစ်နေ့ မွန်းတည့်ချိန်သို့ ရောက်ရှိသွားပြီး ရှန်ကျန်းက နောက်ဆုံးတွင် နိုးထလာခဲ့၏။
ကုအန်က မတ်တတ်ရပ်လိုက်ပြီး သူမ ဘာတွေ သိမြင်နားလည်သွားသလဲ ဟူသည်ကို မေးမနေတော့ဘဲ ဤစကားကို ချန်ထားရစ်ကာ ထွက်ခွာသွားသည်။
"အချိန်တိုင်း အရမ်းကြီး စွဲလမ်းမနေပါနဲ့... တစ်ခါတလေကျရင် ခဏလောက် အနားယူလိုက်တာက ပိုပြီး အထောက်အကူ ဖြစ်စေတယ်..."
ရှန်ကျန်း သတိပြန်ဝင်လာချိန်တွင် သူမက သူ၏ ပုံရိပ်ကို မမြင်ရတော့ချေ။
"တကယ်ပဲ ငါက မကြာသေးခင်က အရမ်းကို စွဲလမ်းနေမိပုံ ရတယ်... အမြဲတမ်း ဉာဏ်ပွင့်ဖို့ကိုပဲ လိုက်ရှာနေမိတာ... ဒီကလေး ထျန်ဟောင်ကြောင့် ငါ စိတ်ဓာတ် လှုံ့ဆော်ခံလိုက်ရပုံပဲ..." ရှန်ကျန်းက ပန်းချီစင်ကို ရှင်းလင်းရန် မတ်တတ်ရပ်ရင်း သူမဘာသာ ရေရွတ်လိုက်၏။
သူမ၏ စိတ်အခြေအနေက အတော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။ သူမက မည်သည့် အဆင့်ချိုးဖျက်မှုမျှ မလုပ်နိုင်သေးသော်လည်း သိမြင်နားလည်ရန်အတွက် လုံလောက်သော အချိန်များစွာ ရှိနေပေသည်။
သက်တမ်းတာအိုနယ်မြေ အတွင်း၌ သူမက အန္တရာယ်အတွက် တစ်ခါမျှ စိုးရိမ်ပူပန်စရာ မလိုဘဲ အချိန်များက ထူးထူးခြားခြား ရှည်လျားနေသည်ဟု ခံစားရ၏။
သူမက စာအုပ် တစ်အုပ် ရေးရမလား သို့မဟုတ် ချန်းခွန်းဂိုဏ်းသို့ သွားရောက် ဈေးဝယ်ထွက်ရမလားဟု စဉ်းစားနေချိန်တွင် ကျူရှီး တစ်ယောက်ကမူ ရှင်ခြင်းနှင့် သေခြင်းကြား တိုက်ပွဲတစ်ခု အလယ်တွင် ရောက်ရှိနေလေသည်။
စကြဝဠာ ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေရင်း ကျူရှီးက သူမ၏ လက်ထဲတွင် ဓားရှည်တစ်လက် ကိုင်ဆောင်ကာ ရပ်နေပြီး သူမရှေ့ရှိ လျှို့ဝှက်ချက်ခိုးယူသော နတ်မိမယ်ကို ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် စိုက်ကြည့်နေ၏။
ထိုနတ်မိမယ်က ယခင်ကထက် ပိုမို နုပျိုသွားပြီး သူမ၏ အသွင်အပြင်များက ဆွဲဆောင်မှု ရှိစွာ လှပနေကာ သူမ၏ မျက်နှာပေါ်တွင် အမည်းစက် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။
သူမက ကျူရှီးကို စိုက်ကြည့်ကာ သွားကြိတ်၍ မေးလိုက်၏။ "မင်း ဘာကျင့်စဉ်ကို ကျင့်ထားတာလဲ... အဲဒါက မင်းရဲ့ နတ်ဝိညာဉ်ကို ဘယ်လို ဒီလောက်တောင် ကာကွယ်ပေးထားတာလဲ..."
ကျူရှီးက သူမထံသို့ ဓားကို မြှောက်လိုက်ပြီး ပြောလိုက်သည်။ "တာအို သီးသန့်အထွတ်အထိပ် ကျင့်စဉ်လေ(တာအိုအရှင်သခင်ကျင့်စဥ်)... မင်း ကြားဖူးလား"
လျှို့ဝှက်ချက်ခိုးယူ နတ်မိမယ်၏ မျက်နှာမှ သွေးရောင်များ ဆုတ်ယုတ်သွား၏။ တစ်မုဟုတ်ချင်းပင် သူတို့ပတ်လည်ရှိ ဟင်းလင်းပြင်က အရောင်ပြောင်းသွားပြီး လိမ်ယှက်နေသော အစိမ်းရောင် အလင်းတန်းများက အရပ်မျက်နှာ အနှံ့အပြားတွင် ပေါ်လာကာ ဟင်းလင်းပြင်ကို ပုံရိပ်ယောင် နယ်မြေတစ်ခုကဲ့သို့ ဖြစ်သွားစေခဲ့သည်။
"မင်းက ကောင်းကင်နန်းတော်က ဘယ်သူ့ရဲ့တပည့်လဲ..." လျှို့ဝှက်ချက်ခိုးယူ နတ်မိမယ်က မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဩရှရှ အသံဖြင့် မေးလိုက်၏။
ကျူရှီးက အေးစက်စွာ နှာမှုတ်လိုက်သည်။ "ငါက ကောင်းကင်နန်းတော်နဲ့ ဘာမှ မသက်ဆိုင်ဘူး... ငါက သာမန် လူသားကမ္ဘာက သာမန် လူတစ်ယောက်ပဲ... မင်းက ငါ့ခန္ဓာကိုယ်ကို ယူဖို့ အတင်းအကြပ် လုပ်နေမှတော့ သေတဲ့အထိ တိုက်ကြတာပေါ့... မင်းဝိညာဉ် လွင့်စင်သွားမလား၊ ငါ့ခန္ဓာကိုယ်နဲ့ တာအို ပျက်စီးသွားမလား ဆိုတာက စွမ်းရည်ပေါ်မှာပဲ မူတည်တယ်..."
သူမ ဤစကားများကို ပြောလိုက်သောအခါ သူမထံမှ မြင့်မြတ်ခုံရုံး၏ ရှန်းထျန်း အရှိန်အဝါများ ထွက်ပေါ်လာ၏။ ၎င်းက နှစ်ပေါင်းများစွာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့မှုမှ ပျိုးထောင်ရရှိလာသော၊ မည်သည့်အရာကိုမျှ မကြောက်ရွံ့သော အရှိန်အဝါမျိုး ဖြစ်ပေသည်။
လျှို့ဝှက်ချက်ခိုးယူ နတ်မိမယ်က ရုတ်တရက် သူမ၏ လက်များကို ဖြန့်ကားလိုက်ရာ တစ်မုဟုတ်ချင်းပင် လိမ်ယှက်နေသော အစိမ်းရောင် အလင်းတန်းများ အလယ်တွင် ပုံရိပ်များစွာ ပေါ်လာပြီး မရေမတွက်နိုင်သော မြားများကဲ့သို့ ကျူရှီးထံသို့ မိုးရွာချလာ၏။
ကျူရှီးက ဤပုံရိပ်များကို မရင်ဆိုင်နိုင်မီမှာပင် ကောင်းကင်ယံမှ အစိမ်းရောင် အလင်းတန်းတစ်ခု ဆင်းသက်လာပြီး သူမကို လွှမ်းခြုံသွားသည်။
အရာအားလုံးက လျင်မြန်လွန်းစွာ ဖြစ်ပျက်သွားရာ ကျူရှီး အနေဖြင့် အချိန်မီ မရှောင်တိမ်းနိုင်လောက်အောင် မြန်ဆန်လှ၏။
"ငါ့ရှေ့မှာ မင်းက ဒီလောက် ရိုင်းစိုင်းရဲတယ်ပေါ့လေ..." လျှို့ဝှက်ချက်ခိုးယူ နတ်မိမယ်က သရော်လှောင်ပြောင်လျက် ပြောလိုက်သည်။
ကျူရှီးထံသို့ ရွေ့လျားလာသော ပုံရိပ်များက အစိမ်းရောင် အလင်းတိုင်ကို လျင်မြန်စွာ ဝန်းရံသွားကြပြီး ဝင်္ကပါတစ်ခုနှင့် ဆင်တူသော အစီအစဉ်တစ်ခုအဖြစ် အလွှာလိုက် ဖွဲ့စည်းသွားကြ၏။
သေချာစွာ ကြည့်လိုက်သောအခါ ဤပုံရိပ်များက သူမ ယခင်က ကြုံတွေ့ခဲ့ရသော လျှို့ဝှက်နယ်မြေမှ ဝိညာဉ်ပျောက်များနှင့် များစွာ ဆင်တူနေပေသည်။
ကျူရှီးမှာ လှုပ်ရှား၍ မရတော့ဘဲ မရေမတွက်နိုင်သော ပုရွက်ဆိတ်များ၏ ကိုက်ခဲစားသောက်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။
သူမက စိတ်ပျက်အားငယ်သွားခြင်း မရှိချေ။ သူမ၏ ခန္ဓာကိုယ်မှ ရွှေရောင် ချီစွမ်းအင်များ ထွက်ပေါ်လာပြီး သူမကို ရစ်ပတ်သွား၏။ တဖြည်းဖြည်းနှင့် သူမ၏ နဖူးပေါ်တွင် ရွှေရောင် မျဉ်းကြောင်းများ ပေါ်လာကာ အချင်းချင်း ယှက်နွယ်သွားပြီး သူမ၏ မျက်ခုံးကြားတွင် ပွင့်လန်းနေသော ရွှေကြာပန်း တစ်ပွင့်နှင့် ဆင်တူနေပေသည်။
လျှို့ဝှက်ချက်ခိုးယူသော နတ်မိမယ်၏ သူငယ်အိမ်များက ရုတ်တရက် ကျယ်လာ၏။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျူရှီး၏ နဖူးပေါ်ရှိ ရွှေကြာပန်းထံမှ မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အစိမ်းရောင် အလင်းတန်းကို ဖောက်ထွင်းကာ ၎င်း၏ လမ်းကြောင်း တစ်လျှောက်ရှိ ဝိညာဉ်အရိပ်များကို ဖျက်ဆီးပစ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် လျှို့ဝှက်ချက်ခိုးယူသော နတ်မိမယ်က ဘေးသို့ ရှောင်တိမ်းသွားပြီး အခြား နေရာတစ်ခုတွင် ပေါ်လာ၏။
သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမက အကြည့်ကို စူးစိုက်လိုက်ရာ သူမ ဖန်တီးထားသော ဝင်္ကပါ အတွင်း၌ ကျူရှီး၏ ပုံရိပ် မရှိတော့ကြောင်း တွေ့လိုက်ရသည်။
ဘုန်း...။
ဓားအလင်းတန်း တစ်ခုက ရုတ်တရက် တိုက်ခိုက်လာပြီး ကျူရှီးက သူမ၏ နောက်ကွယ်တွင် ဘယ်ကမှန်းမသိ ပေါ်လာကာ ဓားတစ်ချက်တည်းနှင့် သူမ၏ ခေါင်းကို ဖြတ်ပစ်လိုက်၏။ ဓားအလင်းတန်းက ခုတ်ပိုင်းပြီးနောက် အဆုံးအစမဲ့ ရှည်ထွက်သွားကာ ဟင်းလင်းပြင်ထဲရှိ လိမ်ယှက်နေသော အစိမ်းရောင် အလင်းတန်းများကို ဖယ်ရှားပစ်လိုက်ပြီး အရာအားလုံးကို အမှောင်ထုဆီသို့ ပြန်လည် ရောက်ရှိသွားစေသည်။
လျှို့ဝှက်ချက်ခိုးယူ နတ်မိမယ်၏ ခေါင်းက ဟင်းလင်းပြင်ထဲတွင် လည်ထွက်သွားပြီး ဓားကိုင်ထားသော ကျူရှီး၏ ပုံရိပ်နှင့် မျက်လုံးချင်း ဆုံသွား၏။
"မင်း..."
လျှို့ဝှက်ချက်ခိုးယူသော နတ်မိမယ်မှာ ဒေါသထွက်သွားပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့သွားသည်။
သူမက တန်ပြန် တိုက်ခိုက်ရန် ကြိုးစားလိုက်စဉ်မှာပင် လက်တစ်ဖက်က သူမ၏ ခေါင်းကို ရုတ်တရက် လှမ်းဆွဲလိုက်ရာ သူမမှာ လှုပ်မရတော့ချေ။
သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်၏။
"ဘယ်သူလဲ..."
ကျူရှီးက ရပ်တန့်သွားပြီး လျှို့ဝှက်ချက်ခိုးယူသော နတ်မိမယ်၏ ခေါင်းကို ဆုပ်ကိုင်ထားသည့် ပုံရိပ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
ထိုသူကား နဂါးပုံစံ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပုတီးစေ့များ တွဲလောင်းကျနေသည့် ဧကရာဇ် သရဖူကို ဆောင်းထားသော အမျိုးသား တစ်ဦး ဖြစ်သည်။ သူ၏ ဝတ်စားဆင်ယင်မှုက အလွန် သေသပ်လှပပြီး သူ၏ နောက်ကွယ်တွင် ခရမ်းရောင်အကြေးခွံ နဂါး ဆယ့်ရှစ်ကောင်က လေထဲတွင် လိမ်ယှက်နေကြကာ သူ၏ မျက်နှာက လုံးဝကို ခံစားချက် ကင်းမဲ့နေ၏။
"ကျီဝေ့ ဧကရာဇ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်း.." လျှို့ဝှက်ချက်ခိုးယူနတ်မိမယ်က အထိတ်တလန့် အော်ဟစ်လိုက်သော်လည်း သူမ စကားမဆုံးမီမှာပင် ကျီဝေ့ ဧကရာဇ်က သူမ၏ ဝိညာဉ်ခေါင်းကို ခြေမွပစ်လိုက်၏။သူမ၏ ဝိညာဉ်ခန္ဓာကိုယ်ကပါ ပျောက်ကွယ်သွားပြီး မည်သည့် ခြေရာလက်ရာမျှ မကျန်တော့ချေ။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ကျီဝေ့ ဧကရာဇ်၏ ခံစားချက် ကင်းမဲ့သော အကြည့်များက ကျူရှီးအပေါ်သို့ ကျရောက်လာရာ သူမကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေ၏။
သူမက လွတ်မြောက်ရာလမ်း မရှိတော့ကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားပြီး သူမသာ လှုပ်ရှားရဲပါက ချက်ချင်း ဖျက်ဆီးခံရမည်ဟု သူမ၏ အလိုအလျောက် သိစိတ်က ပြောပြနေပေသည်။