အခန်း (၆၃၉-၆၄၀)
Vol. 52 Ch. 639-640
အခန်း ၆၃၉ အမတဧကရာဇ် မျက်လုံးနှင့် ကျီဝေ့ ဧကရာဇ်တို့၏ တိုက်ပွဲ
ကျီဝေ့ ဧကရာဇ်က ကျူရှီးကို စိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ မဟချေ။ သူ၏ အကြည့်က အလွန်တရာ ခံစားချက်ကင်းမဲ့နေပြီး မှိုင်းညို့နေသော ဟင်းလင်းပြင်ကြီးက တိတ်ဆိတ်သွားကာ အသက်ရှူကျပ်မတတ် ဖိစီးမှုကြီးက အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွား၏။
လျှို့ဝှက်ချက်သူခိုးနတ်မိမယ်၏ အရှိန်အဝါများ လုံးဝ ပျောက်ကွယ်သွားသည်ကို ကျူရှီး ခံစားလိုက်ရပြီး သူမ၏ ရင်တမမ ဖြစ်သွားရသည်။
လျှို့ဝှက်ချက်သူခိုးနတ်မိမယ်က မသေဆုံးမီတွင် ဤသူ၏ အစစ်အမှန် မည်သူမည်ဝါ ဖြစ်ကြောင်းကို ထုတ်ဖော်သွားခဲ့၏။
ကျီဝေ့ ဧကရာဇ်။
အစောက ထိုကြောက်မက်ဖွယ်ကောင်းသော တာအိုကျောင်း၏ အရှင်သခင်ပင် ဖြစ်သည်။
ဧကရာဇ် တစ်ပါးဟု အခေါ်ခံရခြင်းက မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူမ သိပေသည်။ သူမက ထိုလမ်းစဉ်ကိုပင် လိုက်လံ ရှာဖွေနေခြင်း ဖြစ်သော်လည်း တာအို ဧကရာဇ် တစ်ပါး ဖြစ်လာရန် ခရီးကြမ်းက အလွန်တရာ ခက်ခဲကြမ်းတမ်းလှ၏။ ထိုဘွဲ့နာမကို ရယူနိုင်သူတိုင်းက ပြိုင်ဘက်ကင်း ပါရမီနှင့် ကြီးမားလှသော ကံကြမ္မာ အထောက်အပံ့တို့ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။
အပြည့်အဝ အောင်မြင်ထားသော တာအို ဧကရာဇ် တစ်ပါးက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းပြီး အမတနတ်ဘုရားများကိုပင် မကြောက်ရွံ့သည့် စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထား၏။
"တာအို သီးသန့်အထွတ်အထိပ် ကျင့်စဉ်ကို မင်းကို ဘယ်သူ သင်ပေးခဲ့တာလဲ..." ကျီဝေ့ ဧကရာဇ်က မေးလိုက်ရာ သူ၏ အသံက ရေခဲတမျှ အေးစက်နေပြီး အဆုံးအစမဲ့သော သတ်ဖြတ်လိုစိတ် အဟုန်များက ကျူရှီးကို လွှမ်းမိုးသွားသည်။
ကျူရှီးက သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ စကားလုံး အချို့ကို ဗြုန်းခနဲ ဖွင့်ဟလိုက်မိ၏။ "အမတရှာဖွေသူ..."
စကားပြောပြီးနောက် သူမ၏ စိတ်နှလုံးမှာ ကယောက်ကယက် ဖြစ်သွားရသည်။
မည်သို့ ဖြစ်ပျက်နေသနည်း။ ဘာကြောင့် သူမက အမှန်တရားကို ပြောမိခြင်းမှ ကိုယ့်ကိုယ်ကိုယ် မတားဆီးနိုင်ရသနည်း။
ကျီဝေ့ ဧကရာဇ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်၏။ "သူပဲကိုး... အရင်လိုပဲ ဂနာမငြိမ် ဖြစ်နေတုန်းပဲ"
သူက ကျူရှီးကို ဆက်မေးလိုက်သည်။ "သူ့အပြင် မင်းမှာ တခြား ဆရာ ရှိသေးလား... သူ့နာမည်က ဘယ်သူလဲ..."
အမတရှာဖွေသူ၏ ကျူရှီးအပေါ် လွှမ်းမိုးမှုက သိပ်မကြီးမားကြောင်းနှင့် ကျူရှီးတွင် ထို့ထက် ပို၍ ကြီးမားသော အကြောင်းအကျိုး ဆက်စပ်မှုများ ရှိနေကြောင်းကို သူ ခံစားသိရှိနိုင်ပေသည်။
ကျူရှီး၏ မျက်နှာ အမူအရာက အလွန်အမင်း ပြောင်းလဲသွား၏။ သူမက ပါးစပ်ကို ဟ၍ စကားပြောချင်စိတ်ကို အစွမ်းကုန် ဖိနှိပ်ထားရန် ကြိုးစားသော်လည်း မထိန်းချုပ်နိုင်ခဲ့ချေ။
"ဟုတ်တယ်... သူက ကု..."
ကျူရှီး၏ အသံက ရုတ်တရက် ရပ်တန့်သွားပြီး သူမပတ်လည်ရှိ အနှောင်အဖွဲ့များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူမက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လှည့်ကာ ထွက်ပြေးလိုက်၏။
သူမ၏ အရှိန်က အံ့မခန်း မြန်ဆန်လှပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြီးမားကျယ်ဝန်းသော အကွာအဝေး တစ်ခုကို ဖြတ်ကျော်သွားသည်။ သို့သော်လည်း ဟင်းလင်းပြင်ထဲတွင် မည်သည့်နေရာသို့ ပျံသန်းသွားစေကာမူ ပတ်ဝန်းကျင်က အလွန်တရာ ဆင်တူနေပြီး သူမ လုံးဝ မရွေ့လျားခဲ့ရသကဲ့သို့ ဖြစ်နေ၏။
ကျီဝေ့ ဧကရာဇ်က ကျူရှီးနောက်သို့ လိုက်မသွားဘဲ သူမ ထွက်ပြေးသွားသော အရပ်မျက်နှာသို့ ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူက ညာဘက်လက်ကို မြှောက်လိုက်ရာ သူ၏ ဝတ်ရုံက လေထဲတွင် လွင့်ဝဲသွားပြီး တစ်ခုလုံးသော ဟင်းလင်းပြင်ကြီးက အရောင်ပြောင်းသွား၏။
အစွမ်းကုန် အရှိန်ဖြင့် ထွက်ပြေးနေသော ကျူရှီးက တစ်စုံတစ်ခုကို ခံစားမိသွားပုံ ရသည်။ သူမက ခေါင်းကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွား၏။
သူမ၏ အနောက်ဘက် ဟင်းလင်းပြင်ထဲတွင် ဧရာမ နဂါးပုံရိပ်ကြီး ဆယ့်ရှစ်ခုက ထွက်ပေါ်လာပြီး ဟင်းလင်းပြင် တစ်ခုလုံးကို နေရာယူထားသကဲ့သို့ မျက်စိကျိန်းမတတ် ဖြစ်သွားစေသည်။ ၎င်းတို့က လွတ်လပ်စွာ လိမ်ယှက်နေကြပြီး အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်ထားကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေ၏။
ကျူရှီးက ရပ်တန့်သွားသည်။ သူမက မထွက်ပြေးချင်တော့သောကြောင့် မဟုတ်ဘဲ သူမ ပတ်ဝန်းကျင်ရှိ နေရာလွတ်က ရုတ်တရက် အစိုင်အခဲအဖြစ် ပြောင်းလဲသွားပြီး သူမကို လှုပ်ရှား၍ မရအောင် ပြုလုပ်လိုက်သောကြောင့် ဖြစ်၏။
အကြောက်မက်ဖွယ် အကောင်းဆုံးမှာ မျက်စိဖြင့် မမြင်နိုင်သော အင်အားတစ်ခုက သူမကို နောက်သို့ လှည့်ကြည့်ရန် အတင်းအကျပ် ဖိအားပေးနေခြင်းပင် ဖြစ်သည်။ လက်တစ်ဖက်က သူမကို ဆုပ်ကိုင်၍ နောက်သို့ လှည့်ပစ်လိုက်သကဲ့သို့ ရှိနေ၏။
မူလဘူတအနှောင်ဖွဲ့ကင်းအမတ အဆင့်ရှိသော ကျူရှီးမှာ ဤစွမ်းအားကို ခုခံရန် မည်သည့် နည်းလမ်းမျှ မရှိချေ။
သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားသည်။
ကွာဟချက်က ကြီးမားလွန်းလှ၏။ အလွန် ကြီးမားလွန်းသဖြင့် သူမက မည်သည့် လျှို့ဝှက်နည်းစနစ်များ သို့မဟုတ် နတ်ဘုရား စွမ်းရည်များကိုမျှ အသုံးပြု၍ မရနိုင်ချေ။
ကြောက်မက်ဖွယ်ကောင်းသော နဂါးပုံရိပ် ဆယ့်ရှစ်ခုက နီးကပ်လာသောအခါ ကျူရှီးက သူမ၏ ကိုယ်ပိုင် အသက်ကို အဆုံးသတ်ချင်သော်လည်း သူမ ထိုသို့ ပြုလုပ်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
"မင်းက သူမကို ကာကွယ်ပေးချင်နေမှတော့ ဘာလို့ ကိုယ်ထင်မပြရတာလဲ..." ကျီဝေ့ ဧကရာဇ်က ပြောလိုက်ရာ ကျူရှီးမှာ အံ့အားသင့်သွားရ၏။
တစ်ယောက်ယောက်က သူမကို ကာကွယ်ပေးနေတာလား။
အစောက သူမ လွတ်မြောက်သွားခြင်းမှာ ကျီဝေ့ ဧကရာဇ် အာရုံလွဲသွားသောကြောင့် မဟုတ်ဘဲ အခြား စွမ်းအားတစ်ခုက သူမကို လျှို့ဝှက်စွာ ကူညီပေးနေသောကြောင့် ဖြစ်နိုင်သလော။
သူမက သူမ၏ အနောက်ဘက်တွင် မည်သည့်အရာ ရှိနေသနည်း ဟူသည်ကို မြင်နိုင်ရန် ခေါင်းကို လှည့်ဖို့ ရုန်းကန်လိုက်၏။
သူမ၏ မျက်လုံးထောင့်တွင်မူ ဟင်းလင်းပြင်ကြီးက ချောက်နက်ကြီး တစ်ခုကဲ့သို့ အမည်းရောင် အတိ ပြီးနေပြီး မျက်စိဖြင့် မမြင်နိုင်ချေ။
ဤအရာက ပို၍ မှန်ကန်လာလေလေ ကျူရှီးမှာ ပို၍ ဂနာမငြိမ် ဖြစ်လာလေလေ ဖြစ်၏။
သူမ၏ ကိုယ်ပိုင် အတိတ်ကို သူမ အလွန် ရှင်းလင်းစွာ သိပေသည်။ ကျီဝေ့ ဧကရာဇ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော မည်သည့် နောက်ခံမျိုး သူမတွင် ရှိနိုင်မည်နည်း။ အခြားသော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှု တစ်ခုက သူမကို ခြယ်လှယ်နေခြင်း ဖြစ်ဖို့ ပိုများကြောင်း သူမ ခံစားလိုက်ရသည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာမှ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်း သောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူမ အပြည့်အဝ နားမလည်နိုင်သော အကြောင်းအကျိုး ဆက်စပ်မှု များစွာတွင် သူမ တကယ်ပင် ပါဝင်ပတ်သက်နေခဲ့ပြီး ဖြစ်၏။
ကျူရှီးက ကျီဝေ့ ဧကရာဇ်ဘက်သို့ ပြန်ကြည့်လိုက်ရာ သူမ၏ အကြည့်များတွင် စိတ်ပျက်အားငယ်မှုများ မရှိတော့ဘဲ ပုံမှန် တည်ငြိမ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
အဆိုးဆုံး အခြေအနေ ရောက်လာလျှင်လည်း သူမ သေရုံသာ ရှိတော့မည်။
"အမတဧကရာဇ် မျက်လုံး ဟုတ်လား... တကယ့်ကို ရှားပါးတာပဲ... မင်း သူမကို ကာကွယ်ပေးချင်နေတာ အံ့ဩစရာ မရှိပါဘူးလေ..."
ကျီဝေ့ ဧကရာဇ်၏ အသံက တစ်ဖန် ထပ်မံ ထွက်ပေါ်လာပြီး သူ၏ အသံက ပို၍ပင် အေးစက်လာကာ စိတ်ကြိုက် လိမ်ယှက်နေသော ဧရာမ နဂါးပုံရိပ်ကြီး ဆယ့်ရှစ်ခုကလည်း ရပ်တန့်သွားကြ၏။
ဤသည်ကို ကြားသောအခါ ကျူရှီးက ခေါင်းလှည့်၍ ထပ်မံ ကြည့်လိုက်ရာ ယခုတစ်ကြိမ်တွင်မူ သူမ၏ သူငယ်အိမ်များက အလိုအလျောက် ကျယ်လာသည်။
သူမက မျက်လုံး တစ်စုံကို မြင်လိုက်ရ၏။
ထူးကဲ ခမ်းနားပြီး ကြောက်မက်ဖွယ် ကောင်းသော မျက်လုံး တစ်စုံ ဖြစ်ကာ ၎င်း၏ အမြင်အာရုံ လွှမ်းမိုးမှုက ကျီဝေ့ ဧကရာဇ်၏ နဂါးပုံရိပ် ဆယ့်ရှစ်ခုထက် မလျော့နည်းချေ။
ထိုမျက်လုံးများ အတွင်းတွင် နက်မှောင်သော ခရမ်းရောင် သူငယ်အိမ်များက တောက်ပနေပြီး ထူးဆန်းကာ ဆန်းကြယ်လှ၏။ မျက်လုံးများက စကြဝဠာ၏ မျက်လုံးများကဲ့သို့ အလွန်တရာ ကြီးမားကျယ်ဝန်းလှသဖြင့် ကျူရှီး၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။
ဤသည်က မည်သို့သော မျက်လုံးမျိုးနည်း။
ကျူရှီး အနေဖြင့် ဤမျက်လုံးများ ပိုင်ရှင်၏ ကျင့်ကြံခြင်း အဆင့်ကို စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်ချေ။
"ဒီခန္ဓာကိုယ်က သိပ်မကောင်းပေမဲ့ မင်းက သူ့ကို ငါ့လက်ထဲက ကယ်တင်ချင်တယ်ဆိုရင် မင်းမှာ ဘယ်လောက် စွမ်းရည်ရှိလဲ ကြည့်ကြတာပေါ့..."
ကျီဝေ့ ဧကရာဇ်၏ အသံက ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာပြီး သူ၏ စကားများ ဆုံးသွားသည်နှင့် ဧရာမ နဂါးပုံရိပ် ဆယ့်ရှစ်ခုက လှုပ်ရှားလာ၏။
၎င်းတို့က မိုးကြိုးများကဲ့သို့ ရွေ့လျားလာပြီး ဟင်းလင်းပြင် တစ်ခုလုံးက တစ်ပြိုင်နက်တည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသကဲ့သို့ ဖြစ်သွားသည်။ တာအို နိယာမများက ပြင်းထန်သော လေကြမ်းတစ်ခုကို ဖန်တီးလိုက်ပြီး ကျူရှီးထံသို့ တစ်ဟုန်ထိုး ဝင်ရောက်လာရာ သူမကို အလိုအလျောက် မျက်လုံးများ မှိတ်သွားစေပြီး သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ လွန်ကဲစွာ မသက်မသာ ဖြစ်သွားရ၏။
ဤအခိုက်အတန့်တွင် သူမက ရေနစ်နေသော သာမန် လူသားတစ်ဦးကဲ့သို့ ခံစားရပြီး နာကျင်ခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်း၊ ထိတ်လန့်ခြင်းများ ရှိသော်လည်း စွမ်းအားကင်းမဲ့စွာဖြင့် ဤသို့သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရုံသာ တတ်နိုင်ပေသည်။
ကံကောင်းစွာဖြင့် ထိုညှဉ်းပန်းနှိပ်စက်မှုက ရုတ်တရက် ရောက်လာသကဲ့သို့ လျင်မြန်စွာပင် ပျောက်ကွယ်သွား၏။
ကျူရှီးကို ဝင်ရောက် တိုက်ခိုက်နေသော ရိုင်းစိုင်းသည့် စွမ်းအားများက တစ်မုဟုတ်ချင်းပင် ပျောက်ကွယ်သွားပြီးနောက် သူမကို နွေးထွေးသော စွမ်းအားတစ်ခုက လွှမ်းခြုံလာကြောင်း ခံစားလိုက်ရသည်။
ဘုတ်
သူမ၏ ပခုံးကို ရုတ်တရက် အပုတ်ခံလိုက်ရသဖြင့် သူမ လန့်ဖျပ်သွားပြီး မျက်လုံးများကို ဖွင့်လိုက်၏။
သူမ၏ မျက်လုံးများထဲတွင် အလင်းတန်း အသစ်တစ်ခု တောက်ပသွားပြီး တစ်ချိန်က ပြိုင်ဘက်ကင်း ဖြစ်ခဲ့သော နဂါးပုံရိပ်များက မျက်စိဖြင့် မမြင်နိုင်သော မီးတောက်တစ်ခု၏ လောင်ကျွမ်းခြင်းကို ခံရသကဲ့သို့ ပျောက်ကွယ်စပြုလာသည်ကို မြင်လိုက်ရသည်။
ဤမြင်ကွင်းက သူမကို အံ့အားသင့်မှုများ ပြည့်နှက်သွားစေ၏။ သူမက အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်သော်လည်း အခြား မည်သူ့ကိုမျှ မမြင်ရချေ။
သူမ၏ ပခုံး အပုတ်ခံရသည့် ခံစားချက်မှာ ထင်ယောင်ထင်မှား တစ်ခုသာ ဖြစ်ပုံရသည်။
သို့သော်လည်း အမတဧကရာဇ် မျက်လုံးဟု သိကြသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဧရာမ မျက်လုံးကြီးကမူ ကျန်ရှိနေဆဲ ဖြစ်၏။ ၎င်းတို့က အလွန် တည်ငြိမ်နေပြီး ကျီဝေ့ ဧကရာဇ်၏ နဂါးပုံရိပ်များ ပျက်စီးသွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
အမတဧကရာဇ် မျက်လုံးကို ထပ်မံ ကြည့်လိုက်သောအခါ ကျူရှီးက မျှော်လင့်မထားဘဲ ရင်းနှီးကျွမ်းဝင်သည့် ခံစားချက် တစ်ခုကို ရရှိလိုက်၏။ ဤမျက်လုံးများကို ယခင်က တစ်နေရာရာတွင် သူမ မြင်ဖူးခဲ့သကဲ့သို့ ဖြစ်နေသည်။
နေဦး။
ဖြစ်နိုင်တာက...
ကျူရှီး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်သွားပြီး သူမ၏ ခန္ဓာကိုယ်က ထိန်းမရအောင် တုန်ယင်လာ၏။
သူမရဲ့ ဆရာပဲ။
လွန်ခဲ့သော အချိန်များစွာက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် သူမက ကုအန်၏ ကျင့်ကြံခြင်း အဆင့်ကို တစ်ခါမျှ ဖောက်ထွင်း မမြင်နိုင်ခဲ့ချေ။ သူမ၏ ဆရာက အခြား မဟာကမ္ဘာ တစ်ခုမှ လာခဲ့သည်ဟု သူမ အမြဲတမ်း ထင်မှတ်ထားခဲ့သော်လည်း ဆရာဖြစ်သူက ဤမျှလောက် အစွမ်းထက်နေလိမ့်မည်ဟု သူမ တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးသလို သူမကို လာရောက် ကယ်တင်နိုင်လိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
ကြီးမားလှသော အံ့အားသင့်မှုက သူမကို လွှမ်းမိုးသွားပြီး သူမက အိပ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရ၏။
နဂါးပုံရိပ်များ ပျောက်ကွယ်သွားသည် အထိ ကျီဝေ့ ဧကရာဇ်၏ အသံက ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
ဘာတွေ ဖြစ်ပျက်သွားမှန်း ကျူရှီး နားမလည်သော်လည်း သူမ၏ ဆရာ အနိုင်ရသွားကြောင်းက ရှင်းလင်းနေပေသည်။
"သွားပါ... မဟာတာအို လမ်းစဉ်ကို ဆက်ပြီး လိုက်ရှာပါ..."
ကုအန်၏ အသံက ကျူရှီး၏ နားထဲသို့ ဝင်ရောက်လာပြီး သူမကို သတိဝင်သွားစေကာ သူမက အမတဧကရာဇ် မျက်လုံးဆီသို့ ချက်ချင်း ပျံသန်းသွားလိုက်၏။
လမ်းတစ်လျှောက်တွင် မြင်ကွင်းက မျက်စိကျိန်းမတတ် ဖြစ်နေပြီး ကြယ်တာရာ မြူတိမ်များက နဂါးများကဲ့သို့ လှိုင်းထန်နေကာ သူမ မျက်စိရှေ့ရှိ ရှုခင်းက စွဲမက်ဖွယ် ကောင်းနေပေသည်။
ကျူရှီးက အစွမ်းကုန် အရှိန်ဖြင့် ပျံသန်းနေသော်လည်း အမတဧကရာဇ် မျက်လုံး အနားသို့ မကပ်နိုင်သေးကြောင်း တွေ့ရှိလိုက်ရသည်။
သူတို့ကြားရှိ အကွာအဝေးက ထာဝစဉ် ကျော်ဖြတ်၍ မရနိုင်သကဲ့သို့ ဖြစ်နေ၏။
သူမက လမ်းပျောက်နေသည်ဟု မခံစားရချေ။ ယင်းအစား သူမ၏ ဆရာက သူမကို လမ်းပြပေးနေသည်ဟု ခံစားရသည်။
အဝေးမှ ခမ်းနားထည်ဝါသော အမတဧကရာဇ် မျက်လုံးကို ကြည့်ရင်း ကျူရှီး၏ မျက်လုံးများထဲတွင် တမ်းတမှုများ ပြည့်နှက်နေ၏။
ဤသို့သော အဆင့်မျိုးသို့ ရောက်ရှိရန် သူမ နှစ်ပေါင်း မည်မျှ ကြာအောင် ကျင့်ကြံရမည်နည်း။
ထိုအချိန်တွင်။
အဝေးရှိ လူသားကမ္ဘာတောင်ထိပ်တွင် ကုအန်က တောင်ကမ်းပါးစွန်း၌ ရပ်နေပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ငေးကြည့်နေကာ သူ၏ မျက်လုံးများထဲတွင် ကျူရှီး၏ ပုံရိပ်က ထင်ဟပ်နေ၏။
ယခုတစ်ကြိမ်တွင် သူက ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် စွက်ဖက်ခဲ့ခြင်း မရှိသော်လည်း ၎င်းက ကျီဝေ့ ဧကရာဇ်ကို ရင်ဆိုင်ရန် လုံလောက်ခဲ့ပေသည်။
ဤကျီဝေ့ ဧကရာဇ်မှာ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်သော်လည်း ဟန်ထျန်းရွှေအမတအဆင့်၏ အထွတ်အထိပ် ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဝိညာဉ် နတ်ဘုရားထက်ပင် ပို၍ အစွမ်းထက်နေ၏။
ဝမ်းနည်းစရာ ကောင်းသည်မှာ ကျီဝေ့ ဧကရာဇ်ကို အနိုင်ယူခြင်းက သူ့ကို သက်တမ်း တိုးမပေးခဲ့ချေ။ ထို့ကြောင့် သူက ကျီဝေ့ ဧကရာဇ်နှင့် ပတ်သက်၍ ပိုမို ခန့်မှန်း တွေးတောမိသွားစေသည်။
အခန်း ၆၄၀ ရွှေရောင်အထွတ်အထိပ် နတ်ဘုရား
ကုအန်က ကျူရှီး တစ်ယောက် ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီး စကြဝဠာကို ဖြတ်သန်းနိုင်သော လမ်းကြောင်းတစ်ခုကို သူမအတွက် ဖော်ဆောင်ပေးရန် သူ၏ ကိုယ်ပိုင် တာအို အလိုဆန္ဒကို အသုံးပြုခဲ့၏။
ကျူရှီးက သူ့ကို ဆရာအဖြစ် အရိုအသေ မပေးမီကပင် ရှန်ထျန်း၏ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူတို့က နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းခဲ့ကြသည် ဖြစ်ရာ သူမကို ကူညီပေးရန် သူက ဝန်လေးနေမည် မဟုတ်ပေ။
သူ ကိုယ်တိုင် ကိုယ်ကျ ဝင်ပါရဲခြင်း၏ အကြောင်းရင်းမှာ ကျီဝေ့ ဧကရာဇ်ကို သူ မကြောက်ရွံ့သောကြောင့်ပင် ဖြစ်သည်။
ကျီဝေ့ ဧကရာဇ်ကိုသာမက ကျီဝေ့ ဧကရာဇ်နှင့် ဆက်စပ်နေသော အကြောင်းအကျိုးများကို လိုက်လံ ကြည့်ရှုရာတွင်လည်း မည်သည့် အန္တရာယ်ကိုမျှ ကုအန် မခံစားခဲ့ရချေ။
သို့သော်လည်း သူက ကောင်းကင်နန်းတော်ကိုမူ လေးစားကြောက်ရွံ့မှု ရှိနေဆဲ ဖြစ်သဖြင့် ကျီဝေ့ ဧကရာဇ်ကို တိုက်ရိုက် မရင်ဆိုင်ခဲ့ခြင်း ဖြစ်၏။
သူ၏ ကံကြမ္မာဆုံးဖြတ်ကလောင်တံနှင့် အန္တိမဓားစာအုပ်တို့ကို အဝေးမှ ရန်သူများကို တိုက်ခိုက်ရန် အသုံးပြုနိုင်ပြီး လွန်ခဲ့သော နှစ်သောင်းချီ ကာလများ အတွင်း တာအို ရတနာများကို သန့်စင်ခြင်း အပြင် ကံကြမ္မာဆုံးဖြတ်ကလောင်တံနှင့် အန္တိမဓားစာအုပ်တို့ကိုလည်း သူက အဆက်မပြတ် အားဖြည့်ပေးနေခဲ့သည်။
အချို့သော အရာများကို အသုံးပြုရန် မလိုအပ်သော်လည်း အလွန်အမင်း အားနည်းနေ၍တော့ မဖြစ်ပေ။
သူ၏ ပြိုင်ဘက်ကင်း နှစ်ကာလများ အတွင်း ကုအန်က သူ့ကိုယ်သူအတွက် ရန်သူများကို ဖန်တီးရခြင်းကို သဘောကျ နှစ်သက်ခဲ့၏။
ကောင်းကင်နန်းတော် တစ်ခုလုံးကို ရင်ဆိုင်ရမည်ဟုပင် သူ စိတ်ကူးယဉ်ဖူးသည်။
ကုအန်၏ ဘေးသို့ ပုံရိပ်တစ်ခု ရောက်ရှိလာ၏။ ထိုသူကား လူသားကမ္ဘာတောင်ထိပ်၏ ပင်မတောင်ထွတ်မှ သူ၏ ထိပ်တန်း တပည့်ဖြစ်သူ ကျူရှင်းလန် ဖြစ်၏။
နှစ်သောင်းချီ အချိန်ကာလက သာမန် လူသားများအတွက် ရှည်လျားလှသည်ဟု ထင်ရသော်လည်း လူသားကမ္ဘာတောင်ထိပ် ကဲ့သို့သော ဂိုဏ်းကြီး တစ်ခုမှ တပည့်များအတွက်မူ အလွန် ရှည်လျားသည်ဟု မသတ်မှတ်နိုင်ချေ။ ဤနှစ်များ တစ်လျှောက်လုံး ကျူရှင်းလန်က ကုအန်အပေါ် အမြင့်ဆုံးသော ရိုသေလေးစားမှုကို ထိန်းသိမ်းထားခဲ့ပြီး ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အလွန် စနစ်ကျသဖြင့် ကုအန်က သူ့ကို အခါအားလျော်စွာ လမ်းညွှန်မှု အချို့ ပေးလေ့ရှိသည်။
သို့သော်လည်း သူတို့ နှစ်ယောက်က အစစ်အမှန် ဆရာနှင့် တပည့် ဆက်ဆံရေးမျိုး မဟုတ်ဘဲ ကုအန်က သူ့ကို တပည့်အဖြစ် အမှန်တကယ် လက်ခံရန် ဆန္ဒမရှိပေ။
"ဆရာ... တာအိုခုံရုံးက လူသားကမ္ဘာတောင်ထိပ်ကို ဒုတိယအကြိမ် တာအိုဟောကြားအတွက် ဖိတ်ကြားထားပါတယ်... ပင်မတောင်ထွတ်ကလည်း ဆရာ့ကို တက်ရောက်စေချင်ပါတယ်..." ကျူရှင်းလန်က ရိုသေစွာ ပြောလိုက်၏။
ကုအန်က လူသားကမ္ဘာတောင်ထိပ်၏ ပထမအဆင့် ကျင့်ကြံခြင်း အဆင့်ကို အမြဲတမ်း ထိန်းသိမ်းထားခဲ့သည်။ သူက ရာထူးမြင့်မားပြီး ကြီးမားသော ဩဇာအာဏာကို ကိုင်စွဲထားရုံသာမက ကောင်းကင်သတ်မှတ်ခြင်း တောင်ထွတ်ကလည်း ပင်မတောင်ထွတ်ပြီးလျှင် ဒုတိယ အရေးအပါဆုံး တောင်ထွတ် ဖြစ်လာခဲ့၏။
"ငါ ခရီးထွက်ပြီး လောကကြီးကို လေ့လာဖို့ လိုသေးတယ်... အချိန်တန်ရင် ကြည့်ကြတာပေါ့... တာအိုခုံရုံးဆီ သွားလို့လည်း ရတာပဲ... သွားနိုင်ရင်တော့ ကောင်းတာပေါ့... မသွားဖြစ်ရင်လည်း သူတို့က ငါ မရှိလို့ ဆိုပြီး လွမ်းနေကြမှာမှ မဟုတ်တာ..." ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ကျူရှင်းလန်က ဘာမှ မတတ်နိုင်စွာဖြင့် ပြုံးလိုက်သော်လည်း ထပ်မံ၍ တိုက်တွန်းရန် မရဲချေ။
ဤမျှလောက် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်လည်း ကုအန်က အမြဲတမ်း ဤအတိုင်းပင် ဖြစ်ပြီး မည်သည့် ကိုယ်ကျိုးရှာမှုမှ ကင်းစင်နေပေသည်။ ကုအန်က လူသားကမ္ဘာတောင်ထိပ်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ခြင်းမှာ ပိုင်ကျီယ၏ ဖိတ်ကြားမှုကြောင့် ဖြစ်နိုင်ပြီး သူ၏ ပေါ့ပေါ့ပါးပါး စရိုက်ဖြင့် လက်ခံခဲ့ခြင်း ဖြစ်မည်ဟု သူ တွက်ဆထား၏။
ကျူရှင်းလန်က အခြား ကိစ္စရပ်များ အကြောင်းကို စတင် ပြောဆိုလာသည်။ လက်ရှိ ခေတ်ကာလတွင် ပေါ်ထွက်လာသော ပါရမီရှင်များဖြင့် ပြည့်နှက်နေပြီး ရှေးဟောင်း ကျင့်ကြံသူကြီးများကပင် မျိုးဆက်သစ်များ၏ တောက်ပမှုကို မလွှမ်းမိုးနိုင်တော့ချေ။ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ချင်းစီ ထွက်ပေါ်လာတိုင်း ကောင်းကင်နန်းတော်မှ ဆင်းသက်လာသော အမတနတ်ဘုရားများကဲ့သို့ အမျိုးမျိုးသော ဒဏ္ဍာရီများ ထွက်ပေါ်လာကြ၏။
ဥပမာအားဖြင့် ထျန်ဟောင်ကို ကြည့်ပါ။ ကောင်းကင်တာအို လမ်းစဉ်ကို လိုက်နာသူများက သူသည် လူသားကမ္ဘာသို့ စမ်းသပ်မှု ခံယူရန် ဆင်းသက်လာသော အကြမ်းတမ်းဆုံး အမတနတ်ဘုရား ဖြစ်သည့် ဆန်းကြယ်ကြယ်တာရာ အမတအရှင် ဝင်စားသူ ဖြစ်သည်ဟု ဆိုကြသည်။
ကျူရှင်းလန် ကိုယ်တိုင်လည်း ထိုပြိုင်ဘက်ကင်း ပါရမီရှင်များ၏ ခမ်းနားမှုကို အားကျနေမိ၏။ မကြာသေးမီ ထောင်စုနှစ်များ အတွင်း သူက ကောင်းကင်သတ်မှတ်ခြင်း တောင်ထွတ်အတွက် ပြိုင်ဘက်ကင်း ပါရမီရှင်များကို တက်ကြွစွာ ရှာဖွေနေခဲ့သည်။
ကံမကောင်းစွာဖြင့်။
သူက ပါရမီရှင် များစွာကို တွေ့ရှိခဲ့သော်လည်း လောကရှိ ပထမတန်းစား ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်သူ မရှိချေ။
ကုအန်က နားထောင်နေရုံသာ ဖြစ်ပြီး လူသားကမ္ဘာတောင်ထိပ်အတွက် ပြိုင်ဘက်ကင်း ပါရမီရှင်များကို ပျိုးထောင်ပေးရန် သိပ်စိတ်ဝင်စားမှု မရှိပေ။
ကျူရှီး တစ်ယောက် လုံးဝ ဘေးကင်းသွားသည်နှင့် သူက သူ၏ အတွေးများကို ရုပ်သိမ်းလိုက်ပြီး တောင်အောက်သို့ ဆင်းသွား၏။ ကျူရှင်းလန်က သူနှင့်အတူ လိုက်ပါလာပြီး စကားတွေ ဆက်ပြောချင်နေသေး၏။
နှစ်သောင်းချီ ကြာမြင့်ခဲ့သော်လည်း ကျူရှင်းလန်မှာ ကုအန်၏ ဇာစ်မြစ်နှင့် ပတ်သက်၍ ဘာမျှ မသိရသေးချေ။ လူသားကမ္ဘာတောင်ထိပ်သို့ မဝင်ရောက်မီ ကုအန်က မည်သည့် ဂိုဏ်းမှ လာခဲ့သနည်း။ ဤသည်က သူ့အတွက် စူးစမ်းလိုစိတ် တစ်ခု အဖြစ် ကျန်ရစ်နေဆဲ ဖြစ်၏။ ဤစူးစမ်းလိုစိတ်ကပင် သူ့ကို ကုအန်အား မျှော်လင့်လာစေခဲ့ခြင်း ဖြစ်၏။
ကုအန်က လူသားကမ္ဘာတောင်ထိပ်အတွက် အံ့အားသင့်စရာများ ယူဆောင်လာပေးမည်ဟု မျှော်လင့်နေမိသည်။ ကံမကောင်းစွာဖြင့် သူက တစ်ဖန် စိတ်ပျက်ခဲ့ရပြန်၏။လူသားကမ္ဘာတောင်ထိပ်တွင် တစ်ဝက်ခန့် အချိန်ဖြုန်းပြီးနောက် ကုအန်က သက်တမ်းတာအိုနယ်မြေသို့ ပြန်လာခဲ့သည်။
...
စကြဝဠာ၏ နက်ရှိုင်းသော နေရာရှိ ကမ္ဘာဂိတ်တံခါးဝတွင်။
ကမ္ဘာဂိတ်တံခါးဝရှေ့တွင် တရားထိုင်နေသော ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး ဂိတ်တံခါးဘက်သို့ မျက်နှာမူကာ မတ်တတ်ရပ်လိုက်၏။
ကမ္ဘာဂိတ်တံခါးက မျက်စိကျိန်းမတတ် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကြီးမားလှသော ကောင်းကင်တာအို အရှိန်အဝါများက လွင့်စင်သွားသော မြူခိုးများကဲ့သို့ စီးဆင်းလာကာ အလွန်အမင်း ခမ်းနား လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။
ကျယ်ပြောလှသော ကောင်းကင်တာအို မီးတောက်များ အလယ်တွင် ကမ္ဘာဂိတ်တံခါး အတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုသူကား ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ခမ်းနားထည်ဝါသည့် ပုံရိပ်တစ်ခု ဖြစ်ပြီး သူ၏ အရှိန်အဝါက ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားထက် မလျော့နည်းချေ။
သူ ဝတ်ဆင်ထားသော သံချပ်ကာက ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ငွေရောင် သံချပ်ကာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပြီး သူတို့ နှစ်ဦးစလုံးထံမှ ထွက်ပေါ်နေသော အလင်းတန်းများက တူညီစွာ တောက်ပနေကြကာ အချင်းချင်း ရင်ဆိုင်နေကြ၏။
"မတွေ့ရတာ ကြာပြီနော်... ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား" ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသားက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူက ကမ္ဘာဂိတ်တံခါးရှေ့တွင် ရပ်နေရင်း ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ကြည့်ကာ မိုးခြိမ်းသံကဲ့သို့ အသံဖြင့် ပြောလိုက်၏။ သူ၏ အသံက ပတ်ဝန်းကျင်ရှိ ကောင်းကင်တာအို မီးတောက်များကိုပင် တုန်ခါသွားစေ၏။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် မေးလိုက်သည်။ "ရွှေရောင်အထွတ်အထိပ် နတ်ဘုရား... မင်းစောင့်ရှောက်ရတဲ့ မဟာကမ္ဘာကနေ ဘာလို့ ထွက်လာပြီး ငါ့ကမ္ဘာဆီ လာရတာလဲ"
ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ညာဘက်လက်ကို မြှောက်လိုက်ရာ စာလုံး နှစ်လုံး ထွင်းထုထားသော ရွှေရောင် အမှတ်အသားပြား တစ်ခု သူ၏ လက်ဖဝါးထဲတွင် ပေါ်လာ၏။
ဆန်းကြယ် စံအိမ်။
ကောင်းကင်ဝိညာဉ်နတ်ဘုရား၏ အကြည့်များက မပြောင်းလဲဘဲ ဆက်ပြောလိုက်သည်။ "ဆန်းကြယ်ကြယ်တာရာ အမတအရှင်က တကယ့်ကို ရဲတင်းတာပဲ..."
ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက အေးစက်စွာ နှာမှုတ်လိုက်၏။ "အဲဒါ မင်းအလုပ် မဟုတ်ဘူး... မင်းရဲ့ ဆရာဟောင်း ကျီဝေ့ ဧကရာဇ်တောင် အမတအရှင် တစ်ပါးရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ခွင့် မရှိဘူး..."
ကောင်းကင်ဝိညာဉ်နတ်ဘုရားက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားကို လမ်းဖယ်ပေးရန် ဘေးသို့ ဖြည်းညင်းစွာ ရှောင်ပေးလိုက်သည်။
ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ရှေ့သို့ လှမ်းလာပြီး ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ဖြတ်ကျော်သွားရာ ရွှေရောင်နှင့် ငွေရောင် အလင်းတန်းများ ပေါင်းစပ်သွားပြီး မီးတောက်များက တစ်ဟုန်ထိုး တက်လာ၏။
ခြေလှမ်း ဆယ်လှမ်းခန့် လျှောက်ပြီးနောက် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ရပ်တန့်သွားပြီး ခေါင်းကို အနည်းငယ် စောင်းကာ မျက်လုံးထောင့်မှနေ၍ ကောင်းကင်ဝိညာဉ်နတ်ဘုရားကို လှမ်းကြည့်လိုက်သည်။ "အမတအရှင်က မင်းကို သဘောကျနေတယ်... ဟိုအရင်က ကျီဝေ့ ဧကရာဇ်ရဲ့ အမတနန်းတော်မှာတုန်းက မင်းရဲ့ အလားအလာက ကောင်းကင်နတ်ဘုရား တစ်ပါးထက် အများကြီး သာလွန်ပြီး မင်းက အများကြီး ပိုပြီး ခရီးပေါက်နိုင်မယ် ဆိုတာကို သူ မြင်ခဲ့တယ်..."
"ဒီကိစ္စ ပြီးသွားတာနဲ့ ငါက ကောင်းကင်တာအို ကြယ်တာရာအရှင် အဖြစ် တက်လှမ်းတော့မယ်... မင်း စဉ်းစားဖို့ အချိန် ရပါသေးတယ်... ငါ ဒီနေရာကို ပြန်လာတဲ့အခါ မင့်ဆီက အဖြေတစ်ခု ရဖို့ မျှော်လင့်တယ်..."
ထိုသို့ပြောပြီးနောက် သူက လေထဲတွင် ပျောက်ကွယ်သွားပြီး ရွှေရောင် မီးတောက် အမျှင်တန်းများသာ လွင့်မျော ကျန်ရစ်ခဲ့၏။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက ရွှေရောင်အထွတ်အထိပ် နတ်ဘုရား ထွက်ခွာသွားသော အရပ်မျက်နှာကို ကြည့်နေရင်း သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် ပြုမှုများက လင်းလက်သွားပြီးနောက် သူ၏ တရားထိုင်ရာ နေရာသို့ ပြန်သွားခဲ့သည်။
...
အချိန်များက ငြိမ့်ညောင်းသော မြစ်ရေပြင်ကဲ့သို့ စီးဆင်းနေပြီး နှစ်ပေါင်း တစ်ရာက နေ့တစ်နေ့ကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွား၏။
သက်တမ်းတာအိုနယ်မြေ အတွင်း၌ တောင်ခါးပန်းတွင် ကုအန်က သစ်ကိုင်း တစ်ကိုင်းပေါ်တွင် ထိုင်နေပြီး အန်ရှင်းကို နတ်ဘုရား စွမ်းရည်များ ကျင့်ကြံရန် လမ်းညွှန်မှုများ ပေးနေ၏။ သူ၏ အကြည့်များကမူ လွန်ခဲ့သော ရာစုနှစ် တစ်ခုက လူသားကမ္ဘာသို့ ဆင်းသက်လာခဲ့သော ရွှေရောင်အထွတ်အထိပ် နတ်ဘုရား အပေါ်တွင် ရစ်ဝဲနေ၏။
ဤရွှေရောင်အထွတ်အထိပ် နတ်ဘုရားမှာ ဟန်ထျန်းရွှေအမတအဆင့် နှောင်းပိုင်း ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ထားပြီး အထွတ်အထိပ် အဆင့်သို့ ချိုးဖျက် ဝင်ရောက်ရန် နီးစပ်နေပြီ ဖြစ်သည်။
လူသားကမ္ဘာသို့ ရောက်လာပြီးနောက် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ကြီးမားသော အနှောင့်အယှက်များ မပေးခဲ့ချေ။ သူက လူသားကမ္ဘာ အနှံ့ လှည့်လည်သွားလာပြီး လျှို့ဝှက်နယ်မြေများ၊ နတ်ဘုရား ရုပ်တုများ ဖန်တီးကာ အမွေအနှစ်များ ချန်ထားခဲ့ပြီး ထူးခြားသော ပါရမီရှင် အချို့ကိုပင် လမ်းညွှန်မှုများ ပေးခဲ့သဖြင့် သက်ရှိများက ကောင်းကင်တာအို ကံကြမ္မာကို ရရှိသွားကြ၏။
ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက မကောင်းမှုများ ကျူးလွန်နေခြင်း မဟုတ်သဖြင့် ကုအန် အနေဖြင့် သူ့ကို ဆန့်ကျင်ရန် အကြောင်းပြချက် မရှိပေ။
ဤအရာ၏ နောက်ကွယ်တွင် ကောင်းကင်နန်းတော်၏ အကြံအစည် အချို့ ရှိနေနိုင်သော်လည်း ဤသတ္တဝါများ အတွက်မူ ၎င်းက သူတို့၏ ဘဝများကိုပင် ပြောင်းလဲသွားစေနိုင်သော ကြီးမားသည့် အခွင့်အရေး တစ်ရပ် ဖြစ်နေပေသည်။
ဆန်းကြယ်ကြယ်တာရာ အမတအရှင်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို သူ့အား ကိုးကွယ်ယုံကြည်သော ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲချင်နေပုံ ရ၏။
ကိုယ်ထင်မပြရခြင်း၏ အကြောင်းရင်းမှာ ကောင်းကင်နန်းတော်၏ မကျေနပ်မှုကို ကြောက်ရွံ့သောကြောင့် ဖြစ်နိုင်ပေသည်။
"ကောင်းကင်နန်းတော်က အမတနတ်ဘုရားတွေလည်း သူတို့ရဲ့ ကံကြမ္မာကို အားဖြည့်ဖို့ လူအများကြီး လိုအပ်တာပဲလား..." ဤအချက်က အတော်လေး ရယ်စရာကောင်းသည်ဟု ကုအန် ခံစားလိုက်ရသည်။
ကံကြမ္မာ လမ်းစဉ်က ရှေးခေတ်ကာလများကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ လူအများစု၏ ကံကြမ္မာများကို စုစည်းထားခြင်းက ပိုမို ကြီးမားသော ကာကွယ်မှု စွမ်းအားကို ဖြစ်ပေါ်စေနိုင်၏။
ကုအန်က ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ အနာဂတ်ကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူသာ ဝင်မပါလျှင် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက မာနကြီးမှုကြောင့် ဤကမ္ဘာ၏ အစွမ်းအထက်ဆုံး သူ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။ အကြိမ်ကြိမ် ဖိနှိပ်ခံရပြီးနောက် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ပို၍ စိတ်မရှည် ဖြစ်လာကာ သူ၏ ဆက်ဆံရေးများတွင် ရက်စက်ကြမ်းကြုတ် လာသဖြင့် သတ္တဝါ အားလုံး၏ နှလုံးသားထဲတွင် သူ၏ ပုံရိပ်ကို ကျဆင်းသွားစေပြီး ဆန်းကြယ်ကြယ်တာရာ အမတအရှင်ကိုပါ ထိခိုက်လာစေမည် ဖြစ်သည်။
အဆုံးတွင် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ပြင်ပကောင်းကင်မှ အင်အားစု တစ်ခု၏ ဖမ်းဆီးခြင်းကို ခံရမည်ဖြစ်ပြီး သက်ရှိများအတွက် ဖြေရှင်းချက် တစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်၏။
ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၊ ကျီဝေ့ ဧကရာဇ်၊ ဆန်းကြယ်ကြယ်တာရာ အမတအရှင်...
ကောင်းကင်နန်းတော်၏ လျှို့ဝှက်ဆန်းကြယ်မှုများက သူ့ရှေ့တွင် တဖြည်းဖြည်း ပေါ်လွင်လာသည်ဟု ကုအန် ခံစားရသော်လည်း ကောင်းကင်နန်းတော်က အမှန်တကယ် မည်မျှ အစွမ်းထက်သနည်း ဆိုသည်ကို သူ နားမလည်နိုင်သေးချေ။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားနှင့် ရွှေရောင်အထွတ်အထိပ် နတ်ဘုရားတို့ ကဲ့သို့သော ကောင်းကင်နတ်ဘုရားများမှာ ကောင်းကင်တာအို အမတရာထူး၏ အနိမ့်ဆုံး အဆင့်တွင် ရှိရမည်ဟု သူ ခံစားလိုက်ရ၏။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကဲ့သို့သော စကြဝဠာ တစ်ခုကို အနိမ့်ဆုံးအဆင့် အမတနတ်ဘုရားက ထိန်းချုပ်ထားခြင်း ဖြစ်ရာ မဟာကမ္ဘာ သုံးထောင် ပူးပေါင်းလျှင်ပင် ကောင်းကင်နန်းတော်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ ဖြစ်လာမည် မဟုတ်ချေ။
"ဆရာ... ဒီကပ်ဘေး အန္တိမမျက်လုံး ကျင့်စဉ်က ဘာလို့ ဒီလောက် ခက်နေရတာလဲ... အဲဒါက ကံကြမ္မာ လမ်းစဉ်ရဲ့ အစိတ်အပိုင်းလား၊ ဒါမှမဟုတ် အကြောင်းအကျိုး လမ်းစဉ်ရဲ့ အစိတ်အပိုင်းလား..."
အန်ရှင်း၏ အသံက အောက်ဘက်မှ ထွက်ပေါ်လာသဖြင့် ကုအန်က သူမကို လှည့်ကြည့်လိုက်၏။
ကုအန်က ပြန်ဖြေလိုက်သည်။ "မင်း ဖြစ်စေချင်တဲ့ မဟာတာအို လမ်းစဉ် ဖြစ်လာမှာပါ"
သူ သင်ပေးခဲ့သည်မှာ ကပ်ဘေး အန္တိမမျက်လုံး သာမကဘဲ အမတဧကရာဇ် မျက်လုံးကို ကျင့်ကြံသည့် နည်းလမ်းများလည်း ပါဝင်ပြီး အန်ရှင်း တစ်ယောက် ၎င်းတို့ကို အောင်မြင်စွာ ကျင့်ကြံနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရန် ဖြစ်ပေသည်။